ရီကွန်ဒီးရှင်း
🎀🎀🎀🎀
မစန္ဒာ
‘‘သူတို့ဆီက သုံးပြီးသား ကားတွေ တာယာပြန်လဲ၊ ဆေး ပြန်မှုတ်၊ လိုအပ်ရင်လည်း အင် ဂျင်ပါ လဲပေးလိုက်တယ်တဲ့။ အ သစ်မဟုတ်ပေမယ့် အသစ်နီးပါး ကောင်းအောင် ပြုပြင်ပေးလိုက် တယ်ဆိုပါတော့ကွာ။ အသစ်နဲ့ ဈေးကကွာလေတော့ အဲဒီရီကွန် ဒီးရှင်း (Recondition) တွေကိုပဲ ငါတို့ဆီမှာ သင်္ဘောသားလေး တွေက ဝယ်ဖြစ်ကြတာများတယ်။ ဒီတော့လည်း မြန်မာပြည်ကို ရီ ကွန်ဒီးရှင်းတွေ လှိမ့်ဝင်လာတာ ပေါ့။ ဒီမှာ ကားဈေးကလည်း သိပ်ကောင်းတာမဟုတ်လား’’ဟု ဝေ မာ၏ ဒယ်ဒီက ပြောဖူးလေသည်။
×××××
‘‘မိကြည်ကြည်၊ ညည်းသမီး ကို ညည်းနည်းနည်းမှ ကြည့် မပြောတော့မိဘူးလား’’
‘‘ဘာဖြစ်လို့လဲ ဒေါ်လေးရဲ့’’
ဘွားလေး၏ အသံက ခပ် မာမာ၊ မာမီ့အသံကခပ်ပျော့ ပျော့။ အခန်းထဲမှ ထွက်တော့ မည်ပြုသော ဝေမာသည် ထိုအသံ တွေကိုကြားတော့ အသာလေး နောက်ဆုတ်ပြီး ကိုယ်ရှိန်သတ် လိုက်သည်။
‘‘အနေအထိုင်ကလည်း ရဲ တင်းလိုက်တာ မပြောနဲ့တော့၊ ပျံတံတံ နန့်တန့်တန့်နဲ့’’
‘‘ဩော်... ကလေးပဲဟာ ဒေါ်လေးကလဲ’’
‘‘ဘာ ကလေးလဲ၊ ဒီအရွယ် လား ကလေး၊ အသက်ပဲ (၂၀) ကျော်နေပြီဟာ၊ ငါတို့ခေတ်တုန်း ကဆို ဒီအရွယ်မှာ ကလေးနှစ် ကောင်၊ သုံးကောင်လောက် မွေး ပြီးပြီ’’
ဘွားလေးက ကွမ်းသီးစိတ် မာမာကို သံကွမ်းညှပ်နှင့် ဖိညှပ် နေသည်။ မာမီကတော့ ဘွားလေး၏ ဖက်ထုပ်လက်စွပ်ကြီးကို ငေး ကြည့်နေသည်။ ဘွားလေးက ကွမ်းသီးညှပ်၍ မရသောကြောင့် ကွမ်းညှပ်ကြီးကို စိတ်တိုတိုနှင့် ပစ်ချလိုက်သော ချွင်ခနဲကျသွား အသံနှင့်အတူ လက်စွပ်ကြီးကို ဖိတ်ဖိတ်လက်သွားသည်။
‘‘ဝတ်တာစားတာကျတော့ လည်း ငါတော့ နည်းနည်းမှ ကြည့်မရပါဘူးအေ။ အင်္ကျီက ဟိုက်ဟိုက်ပြီး ဆင်းလာတယ်။ ထဘီကျတော့ တိုတိုပြီး အပေါ် တက်လာတယ်။ ကြာရင် အထက်ရော၊ အောက်ရော ပေါ်တော့ မယ်’’
‘‘ခေတ်ကိုး ဒေါ်လေးရဲ့... ခေတ် ခေတ်’’
မာမီက ဝေမာ့ဘက်က ကာ ကွယ်ပြီး ခေတ်ပေါ်ပုံချသည်။ ဝေ မာလည်း အခန်းထဲမှ မထွက်ရဲ သေးသဖြင့် မှန်တင်ခုံရှေ့ ပြန် လျှောက်လာသည်။ ‘‘အလကား အဘွားကြီး အားအားနေ သူများ အိမ်ကိုလာလာပြီး ဆရာလုပ်နေ တာပဲ။ ဟွန်း... ပိုက်ဆံသာ မချမ်း သာဘူးဆိုရင် မောင်းချပစ်တာ ကြာလှပြီ’’ဟု ဒေါသနှင့် တွေး သည်။
အခုတော့ မောင်းချ၍ မဖြစ် သည်မှာ အမှန်ပင်။ အဘွားလေး က သိန်း ၃၀ လောက်ချမ်းသာလေ တော့ ပိဿာလေးနှင့် ဘေးပစ် သလို ပြောတတ်ဆိုတတ်သော သူ့အပြောများကို စိတ်ဆိုးမည် ကြံတိုင်း ထိုငွေထုပ်ကြီးက မျက် စိရှေ့ လာလာပြီး ကာတတ်၊ ဆီး တတ်လေသည်။ အဘွားလေး ချမ်းသာမှုကို အမွေရလိမ့်နိုးနှင့် ဝိုင်းပြီး မျှော်လင့်နေကြသော တူ တွေ၊ တူမတွေထဲတွင် မာမီက လည်း ရှေ့တန်းမှ ပါလေတော့ သူကိုယ်တိုင် ချိုရုံ ပျော့ရုံမျှမက ဝေမာ့ကိုပါ ‘‘အဘွားလေးကို ကလန်ကဆန်မပြောနဲ့၊ မလုပ်နဲ့ နော် သမီး’’ဟု အခါခါ သတိပေး တတ်လေသည်။ အခုလည်း ကြည့်၊ ဝေမာ၏ အနေအထိုင်၊ အ ဆင်အပြင်ကို အတန်ငယ်မျက်စိ နောက်ဟန်တူသော ဒယ်ဒီ့ကိုပင် မာမီက သည်းခံသည်မဟုတ်။ ‘‘အဖေအရင်းခေါက်ခေါက်လုပ် နေပြီး ကျုပ်သမီးကိုများ ပျံ သလေး၊ နန့်သလေးနဲ့ လာမပြော နဲ့နော်။ ကိုဘကျော် မိန်းမတို့ ဥစ္စာ အဆင်းတဲ့ ရှင်ရဲ့။ ခေတ်နဲ့အညီဝတ်ရစားရ ဆင်ရပြင်ရမှာပဲ။ တော်တာ သင့်တာလေးတွေ့ရင်လည်း အရောတဝင် ပြောရ၊ ဆိုရ ဆက် ဆံရမှာပဲ။ ဘိုးတော်ဘုရားလက် ထက်တုန်းကလို အိမ်တွင်းပုန်း လုပ်နေလို့ကတော့ ဘယ်သူကမှ ရှာရှာဖွေဖွေ လာကြိုက်မှာမဟုတ် ဘူး။ ဣနြေ္ဒကြီးတစ်ခွဲသားနဲ့ ရွှေ စင်ဆယ်တင်းလုပ်နေတဲ့ တစ်အိမ်ကျော်က ကောင်မလေးကြည့်ပါ လား။ ယောက်ျားအဖိုးတန်လေးရ ချင်လျက်သားနဲ့ မလှုပ်တချောက် လုပ်နေတာ့ ဆတ်ကော့လတ် ကော့နောက် ပါသွားပြီး ကျန်ရစ် ဖြစ်ကရောမဟုတ်လား’’ဟု ဝေမာ့ကို အဆိုအပြောမခံဘဲ ကဲကဲ ဆတ် ကာကွယ်ပြောဆိုခဲ့သော် လည်း အဘွားလေးနဲ့ကျတော့ ‘‘ခေတ်ကိုး ဒေါ်လေးရဲ့... ခေတ် ခေတ်’’ ဟု လေပျော့လေးနဲ့ ဖြစ် သွားသည်။
‘‘ခေတ်ကလည်း ခေတ်ပေါ့ အေရယ်၊ ဒါပေမဲ့ ညည်းသမီးက ခေတ်နဲ့အညီမကပါဘူး။ ရှေ့ကို ဘယ်နှလမ်းများကျောနေသလဲ မပြောတတ်ဘူး’’
ဝေမာက မှန်တင်ခုံရှေ့တွင် ခပ်ဆောင့်ဆောင့်လေး ပြန်ထိုင် ချလိုက်သည်။ အခန်းထဲက မထွက်တာဘဲ ကောင်းမည်။ သူ့ ကိုရှေ့မှာထားပြီး ဆူလာပြော လာလျှင်တော့ နှုတ်ခမ်းစူမိမည်။ မျက်စောင်းထိုးမိမည်။ ဒါမှမဟုတ်ခြေဆောင့်မိမည်။ ဒါဆိုလျှင် မာမီကနီးလာပြီဟု ထင်မှတ်နေသော ငွေထုပ်ကြီး ဝေးသွားနိုင်သည်။
‘‘သင့်တော်တာလေး ဘာ လေးတွေ့လည်း ပေးစားလိုက်ပါ လားအေရယ်’’
ဝေမာသည် မှန်ထဲတွင် ထင် ဟပ်နေသော သူ၏ ရုပ်သွင်ကို သူ ခပ်စူးစူးလေးလှမ်းကြည့်ရင်း
‘‘လင်ဆိုတာ လိုချင်တိုင်းမရဘူး အဘွားလေးရဲ့’’ဟု စိတ်တွင်းမှ ပြောလိုက်မိသည်။ ထို့နောက် ‘ကိုကို့’ ကို နာကြည်းစိတ်တစ်ဝက် လွမ်းမောစိတ်တစ်ဝက်နှင့် တမ်း တမိသည်။ ကိုကို့အတွက် ဝေမာ သည် အချစ်ဦးမဟုတ်သလို ဝေ မာ့အတွက်လည်း ကိုကိုသည် အချစ်ဦးမဟုတ်ပေ။ ဝေမာ၏ သူငယ်ချင်း ဟေမာ၏ မွေးနေ့ပွဲ တွင် အမှတ်မထင်ဆုံစည်းပြီး တစ်စားပွဲတည်းထိုင်မိကြသူများဖြစ် သည်။ နှုတ်ခမ်းထူထူလေးကို စုကာ မခို့တရို့ပြုံးတတ်သော ဝေ မာ၏ အပြုံးကို ကိုကိုက စွဲလမ်း သွားသလို နှုတ်ခမ်းဖျားတွင် စီး ကရက်ကို မထိတထိခဲထားပြီး ခပ်စူးစူး ခပ်စိုက်စိုက်ကြည့်တတ် သော ကိုကို၏ အကြည့်ကို ဝေမာ က ရင်ခုန်နှစ်သက်ခဲ့သည်။ ကိုကို ၏ မိခင်က အထူးကုဆရာဝန်မ ကြီးဖြစ်ပြီး ဖခင်က ဌာနဆိုင်ရာ အကြီးအကဲဟု သိရတော့ ပိုပြီး ကြိုက်သွားသည်။ မောင်နှမသား ချင်းလည်းမရှိ၊ တစ်ဦးတည်း သောသားဟု သိရချိန်တွင် ဝေမာ သည် သူ၏ အချစ်နံပါတ် (၂) ကို ‘‘မေ့လိုက်ပါတော့ မောင်ရယ်၊ မာမီ့မှာ နှလုံးရောဂါရှိတယ်။ ဝေ မာ ရှေ့ဆက်မတိုးရဲတော့ဘူး’’ ဟူသောစကားကို ပြောဖြစ်ခဲ့ သည်။ ထို့နောက် နံပါတ် (၃) အချစ်ဆုံးကိုကိုနှင့် တွဲဖြစ်ခဲ့လေ သည်။
‘‘ဟုတ်ပါတယ်၊ ကိုကို့ကို ဝေမာအချစ်ဆုံးပါ’’
ဝေမာက သက်ပြင်းကို မသိ မသာရှိုက်သွင်းလိုက်သည်။ ဝေ မာက ကိုကို့ကို အချစ်ဆုံးဖြစ် သော်လည်း ကိုကိုကတော့ ဝေမာ့ ကို အချစ်ဆုံးမဟုတ်သည်မှာ သေချာသည်။ ဘာပဲဖြစ်ဖြစ် ချစ်လျှင် လက်ထပ်ရဲရမည်ပေါ့။
‘‘ကိုကို သိပ်ရက်စက်တယ်’’
ဝေမာက ပြန်တွေးရင်း မျက် ရည်လည်လာသည်။ ပထမတော့ တက္ကသိုလ်မှ အတွဲများပုံစံအ တိုင်း လှေကားအောက်ထိုင်လိုက်၊ ဦးချစ်ဆိုင် ထိုင်လိုက်နှင့် ပျော်ခဲ့ သည်။ နောက်တော့ အင်းလျား စောင်းမှာ လျှောက်၊ ပြီးတော့ ရုပ် ရှင်ရုံ အပေါ်ထပ် နောက်ဆုံးတန်း ကိုရောက်၊ ထိုမှတစ်ဆင့် ရှစ်မိုင် မှ ကိုကို့သူငယ်ချင်းတစ်ဦးအိမ်သို့ ရောက်ခဲ့သည်။ ဒီလိုနှင့်ပင် ဝေမာ၏ ဘဝကလေး ဆုံးရှုံးခဲ့ရသည်။ ‘‘အတူတူနေကြပါစို့ ဝေမာရယ်’’ ဟူသောစကားကို မျှော်လင့် စောင့်စားရင်း တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လကြာမြင့်ခဲ့သော် လည်း ကိုကိုက ဝေမာကြားချင် လှသော စကားကို မပြောခဲ့ပေ။ ဝေမာ၏ မျက်ရည်ကိုလည်း ကောင်း၊ ဒေါသကိုလည်းကောင်း ကိုကို ဥပေက္ခာပြုနိုင်ခဲ့သည်။ ထို့ နောက်တော့ ကမ္ဘာစတည်သည် မှစ၍ ပျက်သည်အထိ လုပ်လေ့ လုပ်ထရှိသည့် သစ္စာမတည်သော ယောက်ျားတို့၏ လုပ်ထုံးလုပ် နည်းအတိုင်းပင် ဝေမာ့ကို ရင်ဆိုင်အတွေ့မခံတော့ဘဲ ရှောင်တိမ်း နေလေတော့သည်။ ယောက်ျား ကမကြိုက်တော့၍ ဆိုက်ဆိုက် မလာတော့သောအခါ မိန်းကလေး က ဘယ်နေရာကို ခြေဆန့်ပြီး ဘယ်လိုလိုက်ရှာရတော့မည် နည်း။ ဒီတော့လည်း ဝေမာက သစ္စာဖျက်ခံရသော မိန်းကလေး တို့၏ ထုံးစံအတိုင်း ‘‘သမီးမိုက်မိ ပါတယ် မာမီရယ်’’ဟု မာမီ့ကို ဖက်ငိုခဲ့လေသည်။
‘‘လင်ဆိုတာ ချက်ချင်း ကောက်ယူလို့ ရတာမှတ်လို့ ဘွား လေးရယ်။ ညားတာသာလွယ် တာ၊ လက်ထပ်ဖို့ကျတော့ မလွယ်ဘူး’’
ကိုကို အခါခါ နမ်းမွှေးခဲ့ သော သူ့မျက်နှာလေးကို သူမှန် ထဲတွင် စူးစိုက်ကြည့်ရင်း ဝေမာ က ခပ်မဲ့မဲ့ပြုံးသည်။ ‘‘မိုက်လိုက် တာ သမီးရယ်၊ သမီးကို ချစ်သူ မရှာရဘူးလို့ မာမီမတားပါဘူး။ ဒါပေမဲ့ ကိုယ့်ဘဝကို ဘာလို့အ ဆုံးရှုံးခံရသလဲ’’ဟု မာမီက ရင်ထု မနာပြောရင်း ကိုကို့မိဘဆီသို့ မျက်နှာအောက်ချကာ သွားခဲ့သေးသည်။ သို့သော်လည်း အဆင်ပြေ ခဲ့ပုံမရဘဲ အံကြိတ်ပြီး ပြန်လာခဲ့ရ သည်။ နောက်တစ်နေ့ကျတော့ ကိုကိုတို့အိမ်မှ စက္ကူအိတ်တစ် အိတ်လာပို့သည်။ ဖွင့်ကြည့်လိုက် တော့ ငွေစက္ကူများကို အထပ် လိုက်တွေ့ရသည်။
‘‘ရုပ်ရှင်ထဲမှာ၊ ဝတ္ထုထဲမှာ လိုဆိုရင်တော့ ဒီငွေတွေနဲ့ သူတို့ မျက်နှာကိုပေါက်ပြီး ကြဲပစ်လိုက် ရမှာပေါ့ သမီးရယ်။ ဒါပေမဲ့ အခု ဟာက ရုပ်ရှင်ရိုက်နေတာမဟုတ် ဘူး။ ငွေနှစ်သောင်းဆိုတာ သမီး ရဲ့ဘဝနဲ့ မလဲလောက်ပေမယ့် သိပ်တော့ မနည်းပါဘူး။ သမီးရဲ့ ကျန်းမာရေးအတွက်လည်း ငွေ က လိုသေးတယ်လေ’’
မာမီက ဝေမာ့လက်ကို တင်းတင်းဆုပ်ကာ အားပေးခဲ့သည်။ ဝေမာ့ရှေ့တွင် မားမားရပ်ခဲ့သည်။
‘‘ငါ့သမီးကို ငါအပျိုပြန်လုပ် မယ်။ သင်းထက်သာတာ ရှာပေး စားပြမယ်’’
ကိုကို၏ လက်ထပ်ပြီးစီး ကြောင်း သတင်းကို ဖတ်ရတော့ မာမီက အံတကြိတ်ကြိတ်နှင့် ဖြစ်နေသည်။ ဝေမာကတော့ နာ ကြည်းစိတ်၊ ဝမ်းနည်းကြေကွဲစိတ်၊ မခံချင်စိတ်တို့ ရောမွှေကာ မျက် ရည်ကျရသည်။
‘‘သူ့မှာကော ရည်းစားသနာ လေး ဘာလေးမရှိဘူးလား’’
ဘွားလေး၏ အသံကိုကြား ရပြန်သည်။
‘‘အင်း... ဒီအဘွားကြီးတော့ ဒီနေ့ပြန်မှပြန်ပါတော့မလား မသိ ပါဘူး’’ဟု ဝေမာက တွေးရင်း မာမီ ဘာပြန်ဖြေမည်နည်း၊ နား စွင့်နေမိသည်။
‘‘ခင်ကြမင်ကြတာလေးတွေ တော့ ရှိတာပေါ့ ဒေါ်လေးရယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ၊ သမီးက ကလေးစိတ်ရယ်’’
မာမီ့အသံကြားတော့ ဝေမာ ရယ်ချင်သွားသည်။ ဝေမာ့ကို မာ မီက ဘာမျှမသိနားမလည်သော၊ အပြစ်ကင်းစင်သော အပျိုစင် အ ပျိုရိုင်းကလေးအဖြစ် အမြဲပင် အ မွှမ်းတင်လေ့ရှိလေသည်။
‘‘ကလေး... ကလေးနဲ့ တော် ကြာ မအုန်းရီသမီးလို ဗိုက်ကြီး လာဦးမယ်နော်’’
ဘွားလေး၏ စကားသံက ဝေမာ၏ ရင်ခေါင်းကို ဒိုင်းခနဲ ဝင် ဆောင့်လိုက်သလို အောင့်သွား သည်။
‘‘အို... ဒေါ်လေးကလည်း မဦးမချွတ်’’
‘‘ကာလကြီးက ကောင်းတာ မဟုတ်ဘူးအေ့။ ‘အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်း’ တဲ့။ မိဘဝတ္တရားထဲမှာ ပါတယ်နော်။ ဘွဲ့လည်း ရတော့မည်မဟုတ် လား။ သင့်တာတော်တာလေး တွေ့ရင် စပ်ဟပ်ထားပေါ့’’
‘‘ဒေါ်လေးရယ် ဒီခေတ်က တစ်မျိုး။ လူကြီးပြောတိုင်း ခေါင်း ညိတ်ကျတော့တာမဟုတ်ဘူး။ သူတို့ဟာ သူတို့ တွေ့ကြကြိုက် ကြမှ ပြောလို့ဆိုရတာ’’
ဝေမာက သူ့ကိုယ်သူ မှန်ထဲ တွင် စူးစူးစိုက်စိုက်ပြန်ပြီး ကြည့် မိသည်။ မျက်နှာလေးက ပြည့် ပြည့်၊ မျက်ခုံးက သေးမျှင်မျှင်၊ မျက်လုံးက ဝိုင်းဝိုင်း၊ မျက်တောင် လေးများက ရှည်ပြီးကော့နေ သည်။ နှာတံလုံးလုံး၊ နှုတ်ခမ်းက ထူထူ၊ ရယ်လိုက်လျှင် ညာဘက် ပါးမှ ပါးချိုင့်လေးက မသိမသာ ချိုင့်ဝင်သွားတတ်သေးသည်။ ခါး ကျဉ်ကျဉ်ကလေးကိုနွဲ့ပြီး ရင်ကလေးချီကာ လမ်းလျှောက် တတ်သော သူ့ဟန်ကို ‘ပုရိသ’ ယောက်ျားတို့ လည်ပြန်ကြည့်ကြ ကြောင်းလည်း သူသိသည်။
‘‘ကဲ ငါ့ကို ဘယ်သူက ဘဝ ပျက်ခဲ့တယ်လို့ ပြောမှာလဲ’
ဝေမာက သူ့ကိုယ်သူ ယုံ ကြည်အားကိုးစွာနှင့် ခပ်ရဲရဲကြည့် သည်။
‘‘ငါ့ကို ဘယ်ယောက်ျားက မကြိုက်ဘဲ နေမှာလဲ’’
ချစ်ပါရစေ၊ ကြိုက်ပါရစေ နှင့် သူ့ပတ်လည်တွင် ဝိုင်းနေကြ သောသူများကို ဝေမာက စိတ် တွင်းမှ ရေတွက်နေမိသည်။ ဝေ မာက အခုတော့ ပါးသွားပြီမို့ နံပါတ် (၄)၊ (၅)၊ (၆)၊ (၇) တွေ ကို တစ်ပြိုင်တည်း ဖြန့်ပစ်လိုက် သည်။ အပြုံးတွေကို အကုန်လုံး အားပေးလိုက်သည်။ မေဆွိ သီချင်းထဲကလို ‘ရည်းစားတစ် ဝမ်းကွဲဘဝနဲ့ ချစ်တာပဲကောင်းပါ တယ်’ဟု ဆိုညည်းကာ ရွေးချယ် ရန် ကြိုးစားနေဆဲဖြစ်သည်။
‘‘ငါ ကောင်လေးတစ်ကောင်တော့တွေ့ထားတယ်’’
ဘွားလေးက ခပ်တိုးတိုး လေးပြောသော်လည်း ဝေမာ့နား ထဲတွင် အကျယ်ကြီးကြားလိုက်ရ သည်။
‘‘ဩော်... ဒါကြောင့်မို့လို့ ဒီအဘွားကြီးက ဒီလောက်သိုင်း ဝိုင်းပြီး ချီနေတာကိုး’’
ဝေမာက ခပ်မဲ့မဲ့လေးပြုံး လိုက်သည်။
‘‘ဘယ်သူများလဲ ဒေါ်လေး ရဲ့’’
‘‘မမြခင်သားလေးလေ၊ ဟို သင်္ဘောလိုက်တဲ့ ကောင်က လေး’’
‘‘ဩော်... ဩော် မောင်မျိုး လွင်လေးလား’’
‘‘အေး အေး’’
ဝေမာက နှာခေါင်းလေး မသိမသာရှုံ့လိုက်သည်။
‘‘အလကား ဘဝင်မြင့်နေတဲ့ ငကြောင်နဲ့မှ အဘွားလေးက တွေ့လာတော့တယ်’’ဟု စိတ် တွင်းမှ ရေရွတ်မိသည်။ ထိုသူကို ဝေမာသိသည်။ ကိုကိုနှင့်လည်း သိကျွမ်းပုံရသည်။ သင်္ဘောလိုက် သည်သာဆိုသည်၊ အများတကာ သင်္ဘောသားတွေလို ကြော့ကြော့ မော့မော့မနေတတ်ဘဲ ခပ်ကုပ် ကုပ် ခပ်ကိုင်းကိုင်းဖြစ်သည်။ ကိုကိုကတော့ ‘ခပ်ကြောင်ကြောင် လူပါကွာ’ဟု ပြောဖူးလေသည်။
‘‘သင်္ဘောက ဘယ်နှခေါက် လိုက်ပြီးပြီတဲ့လဲ... ဟင် ဒေါ်လေး’’
‘‘ဘယ်နှခေါက်လဲတော့ မသိပါဘူးအေ၊ ကားကတော့ နှစ်စီး ပို့ပြီးပြီမဟုတ်လား။ အမေတစ်ခု သားတစ်ခုနော် အေရဲ့’’
‘‘အင်း... တစ်လောကပဲ ဘောက်ထော်ဘက်မှာ မြေလေး တစ်ကွက် ဝယ်တယ်ဆိုလား ကြားလိုက်သေးတယ်။ အခု ကောင်လေးက စာမေးပွဲပြန်ဖြေ နေတာနော်’’
‘‘မာမီတို့ကတော့ သင်္ဘော သားဆိုတာနဲ့ ကြိုက်နေပြီလား မသိဘူး။ ဒီကြားထဲ ဘွားလေးစပ် တာဆိုတော့ ပိုကြိုက်သွားမယ် ထင်ပါရဲ့ဟယ်’’
ဝေမာက မှန်တင်ခုံရှေ့မှ ထသည်။ ထဘီကို အတန်ငယ် ရှည်အောင် ပြင်ဝတ်ရင်း ‘‘အင်း.. ဘွားလေးက သူဝတ်ထားတဲ့ လက်စွပ်ကြီးကို လက်ဖွဲ့မယ်ဆိုရင်တော့ ယူလိုက်ရရင် ကောင်းမလားမသိ ဘူး’’ဟု စဉ်းစားရင်း ပြုံးမိသည်။ ဘာမျှမသိသောပုံစံနှင့် အခန်းထဲ မှ ထွက်သွားမည်။ မာမီ့ဘေးတွင် အရိုးခံမျက်နှာထားလေးနှင့် ဝင် ထိုင်မည်။ ဘွားလေးက ပြောလာ လျှင် ‘‘ဟင်... ဘွားလေးကလည်း သမီး ငယ်ငယ်လေးရှိသေးတာ။ ယောက်ျားမယူချင်သေးပါဘူး’’ ဟု ရှက်စိတ်တွေ တဝေဝေနှင့် ခေါင်းခါမည်။
‘‘သင်္ဘောသားသာဆိုတယ်။ ကောင်လေးက အရက်တောင် သောက်တာမဟုတ်ဘူး။ အားရင် ပုတီးစိပ်နေတတ်တာတဲ့။ ကာလ လူငယ်သာဆိုတယ်။ ပရိတ်ကြီး တွေ၊ ဓမ္မစကြာတွေလည်း ရတယ်တဲ့’’
‘‘ဩော်... ဩော် တော်တယ် နော်’’
မာမီက အလိုက်သင့်ပြော သည်။ ဓမ္မစကြာ ရတာ၊ မရတာ ထက် နောက်ထပ်ကားတစ်စီး ဘယ်တော့ ထပ်ရမည်ဆိုတာသာ မာမီ့အတွက် ပိုပြီးအရေးကြီး ကြောင်း အဘွားလေးကတော့ သိမည်မထင်။
‘‘ဟာ... ဟ၊ သူများတွေက ဘွိုင်းဂျော့တို့၊ မက်ဒေါနားတို့ လုပ်နေကြတယ်။ သူက ဓမ္မ စကြာတဲ့။ ဒါကြောင့်မို့ ကိုကိုက ကြောင်တယ်ပြောတာ’’
ဝေမာက တစ်ဦးတည်းပြုံးမိ ပြန်သည်။ မှန်ရှေ့မှ လှည့်ထွက် သွားတော့မည်ပြုပြီးမှ နှုတ်ခမ်းနီ က တော်တော်လေးရဲနေကြောင်း သတိပြုမိပြီး ပြန်ထိုင်ချသည်။ နှုတ်ခမ်းကို တို့ပတ်ပဝါနှင့်ပွတ် ပြီးဖျက်သည်။ အရောင်တော် တော်လေး ဖျော့သွားမှ ပန်းရောင် နုနုကလေးကို မသိမသာဆိုးလိုက် သည်။
‘‘အဲဒီလို သင်္ဘောသားမျိုးရ လည်း သိပ်တော့မဆိုးပါဘူး။ ဘုရားနဲ့ တရားနဲ့ ပုတီးစိပ်နေ တတ်တာဆိုတော့ အေအိုင်ဒီ အက်စ်ဖြစ်လာမှာကို မစိုးရိမ်ရ ဘူးပေါ့’’
မျက်ခွံပေါ်တွင် တင်ထား သော အပြာရောင်ကာချယ်များ ကိုပါ တစ်လက်စတည်း ပွတ်ပြီး ဖျက်လိုက်သည်။ ဘွားလေးက လွန်ကဲသော အဆင်အပြင်များ ကို မကြိုက်တတ်ပေ။
‘‘မမြခင်ကလည်း အန်တီ ရယ် သင့်တင့်တာလေးထဲက ရှာ ပေးပါတဲ့။ သူ့သားအတွက် သူအာမခံပါတယ်တဲ့။ ရည်းစား သနာလည်း မရှိပါဘူးတဲ့’’
‘‘အင်း... ကောင်လေးက တော့ ရိုးပုံရိုးပန်းလေးပါပဲ’’
မာမီက မယုတ်မလွန်ပြော သည်။ သူ့ပုံစံကုပ်ကိုင်းကိုင်းကို ဝေမာမပြောနှင့်၊ မာမီပင် သိပ်ပြီး ကြိုက်ချင်ပုံမရ၍ ဝေမာပြုံးမိပြန် သည်။
‘‘အောင်မယ်။ ဒါပေမဲ့ ကောင်လေး တစ်ခုတော့ပြော တယ်တဲ့’’
ဘွားလေးက ကွမ်းသီးစိတ် ကလေးများကို ပါးစပ်ထဲပစ်ထည့် ရင်း တဟင်းဟင်းရယ်သည်။
‘‘အမေ... ကျွန်တော့်အ တွက် မိန်းမရှာတာတော့ ရှာပေါ့ ဗျာတဲ့။ ဒါပေမဲ့ အခုကာလ ကောင်မလေးတွေအကြောင်း ကျွန်တော်သိတယ်နော်တဲ့’’
‘‘အမယ်... သူက’’
မာမီကလည်း ပြုံးသည်၊ ဝေမာကလည်း ပြုံးမိသည်။ ခေါင်းကိုမော၍ အခန်းတွင်းမှ ထွက်ရန် ဟန်ပြင်သည်။
‘‘ကားကိုသာ အသစ်စက် စက် မတတ်နိုင်လို့ ရီကွန်ဒီးရှင်း ဝယ်ရတာ။ မိန်းမဆိုရင် ရီကွန်ဒီး ရှင်းမလိုချင်ဘူးတဲ့။ အမေတို့ ရီ ကွန်ဒီးရှင်းတော့ ရှာမလာပါနဲ့ တဲ့... ဟင်း... ဟင်း... ဟင်း’’
‘‘ဩော်... ကောင်ကလေးက လည်း ကြံကြံဖန်ဖန်’’
မာမီက ဟန်မပျက်လိုက်၍ ရယ်သည်။ ဝေမာကတော့ လှမ်း တော့မည်ပြုသော ခြေထောက်ကို အရှိန်သတ်ကာ နောက်ပြန်ဆုတ် သည်။ အခန်းတွင်းသို့ ပြန်ဝင် သည်။ ခုတင်ပေါ်တွင် လေးကန် စွာ ထိုင်ချလိုက်ရင်း အဘွားလေး မပြန်မချင်း အခန်းထဲမှ မထွက်ဘဲ နေရန် ဆုံးဖြတ်လိုက်သည်။
(ကလျာ၊ ၁၉၈၈၊ ဇန်နဝါရီ)
On Sat, 2017-12-23 06:30Issue No.No.1665 Saturday, December 23, 2017
{ 7 Day News Page မှ ကူးယူပါသည်။ }
No comments:
Post a Comment