ပန်ဒိုရာစိန်ဝင်းမောင်
🔰🔰🔰🔰🔰🔰
မောင်ကျပ်ခိုး
(၁)
ဂရိဒဏ္ဍာရီ အလိုမူကား အခါတစ်ပါး၌ ဖန်ဆင်းရှင် နတ်ဘုရင်ကြီး “ဇု” (Zeus) သည် ဗိသုကာနတ်မင်း “ဟီဖားစတပ်” (Hephaestus) ကို သမီးတော်တစ်ပါး ဖန်ဆင်းပေးရန် စေခိုင်းတော်မူပြီး၊ ဖွားမြင်ရရှိလာသည့် သတို့သမီးငယ်ကို “ပန်ဒိုရာ” ဟု အမည်ပေးကာ သမီးအဖြစ် မွေးစားတော်မူလေသည် ဟူသတတ်။ “ပန်ဒိုရာ” သတို့သမီးငယ်သည် အလှနတ်ဘုရားမ “အာဖရိုဒိုက်တိ” (Aphrodite) ၏ စောင်မမှုကြောင့် အဆင်းလှ၏။ နတ်တမန်တော် “ဟားမိစ်” (Hermes) ၏ ပြုစုမှုကြောင့် နှုတ်ရေးနှုတ်ရာ သွက်လက် ချက်ချာ၏။ စစ်မက်နှင့် ဉာဏ်ပညာ နတ်ဘုရားမ “အသီးနာ” (Athena) ၏ ကြည့်ရှုမှုကြောင့် ညဏ်ပညာနှင့်လည်း ပြည့်စုံလေ၏။
တစ်ခါသော် “ပရိုးမီသီးယပ်စ်” (Prometheus) သည် ကောင်းကင်ဘုံမှ အဂ္ဂိတေဇောဓာတ်ကို လူ့ပြည်သို့ ခိုးယူသွားလေ၏။ မီးကို ကောင်းမွန်စွာ အသုံးချနိုင်သဖြင့် လူ့ပြည်ရပ်ရွာ စည်ပင်လာသည်ကို မရှုစိမ့်သော နတ်ဘုရင်ကြီး “ဇု” သည် လူသားတို့ကို ဒဏ်ခတ်ရန် အလို့ငှာ “ပန်ဒိုရာ” သတို့သမီးငယ်အား ပဉ္စလက် တကောင်း တစ်ခု ပေး၍ လူ့ပြည်သို့ ဥပါယ်တံမျည်ဖြင့် စေလွှတ်ပြီးလျှင် “ပရိုးမီသီးယပ်စ်” ၏ အစ်ကိုတော် “အက်ပီမက်သီးယပ်စ်” (Epimetheus) နှင့် လက်ထပ် ထိမ်းမြားစေသည်။
ပဉ္စလက် တကောင်း ပေးစဉ် အခါက နတ်ဘုရင်ကြီး “ဇု” သည် “ပန်ဒိုရာ” သတို့သမီးငယ်အား “မည့်သည့် အကြောင်းကြောင့် မဆို ဤတကောင်းကို မည်သည့် အခါတွင်မှ မဖွင့်လေနှင့်” ဟု သေချာစွာ မှာလိုက်သေးသော ဟူ၏။ ထိုသို့ အတန်တန် မှာကြားလင့်ကစား လက် အငြိမ် မနေနိုင်သည့် “ပန်ဒိုရာ” သတို့သမီးငယ်သည် တစ်နေ့တွင် ပဉ္စလက် တကောင်းကို ကမြင်းကြောထပြီး ဖွင့်ကြည့်လိုက်လေ၏။ ထိုသော် ပဉ္စလက် တကောင်း အတွင်းမှ ရောဂါဘယ၊ ဒုက္ခဆင်းရဲ အစရှိသည့် အနိဌ သဘောတို့ကို စောင့်ကြပ်သော နတ်ဆိုးတို့ ရုတ်ခြည်း ထွက်ပြူလာလေ၏။
“ပန်ဒိုရာ” သတို့သမီးငယ်သည် ပဉ္စလက် တကောင်းကို ပိတ်ရန် အလျင်အမြန် ကြိုးစားသော်လည်း အချိန် မမီတော့ချေ။ တကောင်း အဖုံးကို ပိတ်လိုက်နိုင်ချိန်ဝယ် ခပ်သိမ်းသော နတ်ဆိုးတို့ ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်ရကား တကောင်း အတွင်း၌ မျှော်လင့်ခြင်းကို စောင့်သည့် နတ်သူငယ် “အဲလ်သီးစ်” (Elpis) သာ ပိတ်လှောင်ပြီး ကျန်ရစ်တော့သည်။ ထိုအချိန်မှစ၍ လူ့ပြည်ရပ်ရွာတွင် နတ်ဘုရင်ကြီး “ဇု” ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော ရောဂါဘယ၊ ဒုက္ခဆင်းရဲ စသည့် အနိဌ သဘောတို့ ပျံ့နှံ့သွားပြီးလျှင် လူ့ဘုံနှင့် သက်ဆိုင်ခြင်း မရှိ၊ လူသားတို့ မရနိုင်သည့် အရာဟူ၍ “မျှော်လင့်ခြင်း” တစ်ခုသာ ကျန်တော့သည်ဟု ရှေးဟောင်း ဂရိလူမျိုးတို့က ဆိုစမှတ် ပြုကြလေ၏။
ဆိုလတ္တံ့သော ပုံဝတ္ထုမှာ ဂန္ထ၀င်ကျမ်းလာ ဂရိဒဏ္ဍာရီများနှင့် လားလားမျှ မဆိုင်သော -- ဘိုကလေး အောက်ဘက်ရှိ ဖျာပုံ အပိုင် အမာဒိုင်နယ်၊ ပုဂံပုံကျေးရွာမှ “စိန်ဝင်းမောင်” ဟု အမည်တွင်သူ -- ဘဲကျောင်းသား တစ်ယောက်၏ အကြောင်းသာ ဖြစ်ပါသည်။ သို့ကလို ဆိုလိုက်သဖြင့် “ညောင်ဦးကမ်းပါးပြို စမ္ပာနဂိုရ်က နွားမပေါင်ကျိုး” ဖြစ်ရပ်ပေလောဟု ထင်မြင်စရာ ရှိကောင်း ရှိပေလိမ့်မည်။ အကယ်၍ မိတ်ဆွေ နားထောင်လိုပါက ကျွန်ုပ်သည် ပန်ဒိုရာ တကောင်း အတွင်း၌ နောက်ဆုံး ကြွင်းကျန်ရစ်သည့် မျှော်လင့်ခြင်းနှင့် ဘဲကျောင်းသား စိန်ဝင်းမောင်တို့ တစ်နည်းတစ်ဖုံ ပတ်သက်ကြပုံ အကြောင်းစုံကို အိတ်သွန် ဖာမှောက် ပြောပြလိုပါသည်။
(၂)
လွန်ခဲ့သော ခုနှစ်နှစ် ရှစ်နှစ်ခန့်က ကျွန်ုပ်သည် ဘိုကလေး အောက်ဘက်ရှိ ဖျာပုံအပိုင် အမာဒိုင်နယ်သို့ အလုပ်တာဝန်ဖြင့် ပြောင်းရွှေ့ခဲ့ရလေ၏။ အမာကျေးရွာသည် ဘင်္ဂလားပင်လယ်အော်နှင့် မနီးမဝေးတွင် တည်ရှိပြီး မှိုင်းညို့ညို့ အုန်းတောကြီးများ ၀န်းရံ သိုင်းခြုံထားသော ပင်လယ်ရွာကြီး တစ်ရွာ ဖြစ်သည်။ ပင်လယ်ပြင်ကို အမှီပြု၍ တည်နေသဖြင့် ရေလုပ်ငန်း ဖွံ့ဖြိုး၏။ လယ်ယာ ချောင်းမြောင်း လုပ်ငန်းလည်း အထိုက်အလျောက် ရှိသည်။
ကျေးရွာဟု ဆိုလိုက်သဖြင့် အနုပ်စုတ် ဂုတ်စုတ် ဇနပုဒ် ဖြစ်လိမ့်မည်ဟု မတွေးလင့်။ အမာကျေးရွာသည် ရွာသိမ်ရွာမွှား မဟုတ်။ အခြွေအရံ ရွာပေါင်း (၃၀) ခန့်ကို ဗဟိုပြု၍ စွာကျယ်စွာကျယ် လုပ်တတ်သော တကယ့် ရွာကြီး ဖြစ်သတည်း။
အမာကျေးရွာတွင် လက်ဘက်ရည်ဆိုင် ရှိသည်။ ရဲစခန်း ရှိသည်။ တယ်လီဖုန်း အိတ်ချိန်ရုံး ရှိသည်။ ဘောလုံးကွင်း ရှိသည်။ မီးစက်ရှိသည်။ ဆိုင်ကြီး ကန္နားကြီး များစွာ ရှိသည်။ အမိန့်ရ အပေါင်ဆိုင် ရှိသည်။ ဘုံဆိုင် ရှိသည်။ ဘုန်းကြီးကျောင်း (၂) ကျောင်းရှိသည်။ ထိုမျှသာမက ငါးပုစွန်ရွဲဒိုင် လာဖွင့်နေသော “ကိုးကန့်ရှမ်းတရုတ်” နှစ်ယောက်လည်း ရှိသေးသည်။
ကျေးရွာဘုံဆိုင်တွင် ၀ီစကီ၊ ရမ် အစရှိသည့် ယမကာ စုံလင်စွာ ရနိုင်သည်။ အမြည်းကလည်း ပေါလိုက်သည့် ဖြစ်ချင်း။ ငါးလင်ပန်း၊ ငါးမုတ်၊ ကင်းမွန် အစရှိသည့် တန်ဖိုးကြီး ပင်လယ်စာများကို အဖိုးနှုန်းထား ချိုသာစွာဖြင့် ၀ယ်ယူ၍ ပင်လယ်အူနာ ဖြစ်ပြီး အိပ်ယာထဲ လဲသည်အထိ စိတ်တိုင်းကျ သုံးဆောင်နိုင်သည်။
မြို့ကြီးသားတို့ အထွဋ်အမြတ်ထား၍ စားသုံးကြသော ဂဏန်း အရေပျော့ကို ကမ်းနဖူးရှိ ရွဲဒိုင်များတွင် အလကား နှိုက်ယူနိုင်ပါ၏။ သားငါးပုစွန်တို့ လတ်ဆတ်မှု ရှိကြောင်းကို မြုံးထဲတွင် ထည့်ထားသည့် ဂဏန်းများ၊ အိုးထဲတွင် လှောင်ထားသည့် ငါးလင်ပန်းများက ကောင်းကောင်းကြီး သက်သေခံပါလိမ့်မည်။
အသားစားကျူးသူ ကျွန်ုပ်သည် အမာသို့ ရောက်ရှိပြီး တစ်လခန့် ကြာသော် ပင်လယ်စာ စားရလွန်း အားကြီးသောကြောင့် ငါးပုစွန် မြင်လျှင် “တောက်”သလိုလို ဘာလိုလို ဖြစ်လာသဖြင့် ပင်လယ်စာနှင့် လမ်းခွဲလိုက်ရလေ၏။ သို့သော် ကျွန်ုပ်နှင့် ၀ီစကီကား အလွန် ဓာတ်တည့်လှ၏။ ၀ီစကီ တောက်ခြင်း တစ်ရံတစ်ဆစ်မျှ မဖြစ်ဖူး။ အလွန် ထူး၏။
ထိုအခိုက်ဝယ် ထမင်း လပေးစားသည့် စားသောက်ဆိုင်မှ ဆိုင်ရှင် တရုတ်မကြီး “ရီကျိ” က “မောင်ကျပ်ခိုးရယ် .. နင့်နှယ် သားငါး မစားချင်လို့ ဘဲဥကြော်ကို အမြည်းလုပ်ပြီး အရက်သောက်နေတယ် ဆိုတာ မဟုတ်သေးပါဘူး။ အခု အချိန်ဆိုရင် သင်ပေါင်းပိုး ပေါ်ပြီ။ နင် ရွာဆင်းရင်း သင်ပေါင်းပိုး ၀ယ်ခဲ့ချေ။ နင် အမြည်း လုပ်ရအောင် ရီကျိ ကိုယ်တိုင် သင်ပေါင်းပိုးကို အုန်းနို့ တိုက်ပြီး ဆီနဲ့ပျားနဲ့ သေသေချာချာ ကြော်ပေးပါ့မယ်” ဟု လောကွတ်ပြုလေ၏။
အသက် (၂၀) ပြည့်သည့် အချိန်အထိ ကျွန်ုပ် “သင်ပေါင်းပိုး” မစားဖူးသေး။ ကံငါးပါးမြဲအောင် စောင့်ထိန်းလေ့ရှိသူ အမသည် အိမ်ပေါ်သို့ “သင်ပေါင်းပိုး” အတင် မခံ။ ပိုးလောင်း ဘ၀တွင်သာ ရှိနေသေးသော်လည်း အသက်ဇီဝိန် စွဲကပ်နေပြီ ဟု သူ ယူဆသဖြင့် အကုသိုလ်ဖြစ်လိမ့်မည် ဟု သဘောထားကာ အတင် မခံခြင်း ဖြစ်သည်။
“သင်ပေါင်းပိုး ဆိုတာ ပံ့သကူသား မဟုတ်ပါဘူး ငါ့သားရယ်။ ဒီ သင်ပေါင်းပိုး အရှင်လတ်လတ်ကို အမ ကြော်လိုက်ရင် အကုသိုလ် များမှာပေါ့ကွဲ့။ ငါ့သား မစားချင်စမ်းပါနဲ့” ဟု အမြဲ ပြောလေ့ရှိသည်။ သင်ပေါင်းဖူး ကိုသာ ဟင်းချက်၍ ကျွေးသည်။
သို့ဖြစ်၍ ကျွန်ုပ်နှင့် သင်ပေါင်းပိုးမှာ နီးလျက် ဝေးခဲ့ရလေသည်။ ယခုမူကား ကျွန်ုပ်သည် အမနှင့် ဝေးရာသို့ ရောက်နေလေပြီ။ ထို့ကြောင့် သင်ပေါင်းပိုးနှင့် နီးရချေတော့မည်။ ဖြူဖြူလွလွ၊ ၀၀ကစ်ကစ် သင်ပေါင်းပိုးကောင်ကို အုန်းနို့ဇလုံထဲ ပစ်ထည့်ပြီး၊ ထမင်း ဦးပေါင်းတွင် ထည့်၍ ပေါင်းလိုက်လျှင် အရသာထူးသော အမြည်း တစ်မယ် ရချေလိမ့်မည်။ ချိုအီဆိမ့်သက်သော အရသာထူးသည် လျှာ အကြောပေါင်း တစ်ထောင်သို့ ပျံ့နှံ့ပေလိမ့်မည်။ ထို့သို့ တွေးမိသဖြင့် ကျွန်ုပ်သည် အမာရွာနှင့် မလှမ်းမကမ်းရှိ ဘ၀သစ်၊ လေးအိမ်တန်း စသော ကျေးရွာ တစ်ကြောသို့ သင်ပေါင်းပိုး ရှာပုံတော် ဖွင့်ရန် ဆိုင်ကယ် လီဗာကို ခပ်ဆတ်ဆတ် ပုတ်၍ ဒုန်းစိုင်း ထွက်ခဲ့လေ၏။
(၃)
ပင်စည်ထိပ်ပိုင်းတွင် အရွက်များ စုပြုံ ထွက်ပြီး ဆူးခက်၊ ဆူးလက်များဖြင့် အတိပြီးသည့် ထန်းမျိုးဝင် သင်ပေါင်းပင်သည် မြစ်ဝကျွန်းပေါ်သားတို့ အတွက် နတ်သိကြားတို့ ဖန်ဆင်းပေးထားသော ပဒေသာပင် ဖြစ်သည်ဟု ဆိုသော် ဆိုရကောင်းသည်။ စလေဦးပုညသာ အောက်ဗမာပြေသို့ ရောက်ခဲ့ပါမူ သင်ပေါင်း တစ်ပင်လုံး အသုံးချနည်း တေးထပ်ဖွဲ့မည်မှာ မချွတ်တည်း။
သင်ပေါင်းပင်၏ အဖူးကို ဟင်းချက်၍ စားနိုင်သည်။ သင်ပေါင်းသားကို အိမ်ကြမ်းခင်း လုပ်နိုင်၏။ သင်ပေါင်းတိုင်ကို ခြံတိုင်၊ အိမ်တိုင် လုပ်နိုင်သည်။ တံတားခင်းနိုင်သည်။ သင်ပေါင်းဆူးကို ခြံစည်းရိုးတွင် ချထားလိုက်လျှင် ဘီလူး ယက္ခိုက်တို့ စောင့်ကြပ်သည့် အလား လုံခြုံသွားလေ၏။ သူခိုး၊ ဂျပိုး မဆိုထားဘိ၊ ခွေးပင် မတိုးနိုင်။
ထိုမျှသာမကသေး သင်ပေါင်းပင်သည် ကြက်သားနှင့် မလဲနိုင်လောက်အောင် ကောင်းမွန်သည့် ဟင်းလျာကိုလည်း ပေးသေးသည်။ ဆူးခက်၊ ဆူးလက်တို့ဖြင့် ဖုံးလွှမ်းသည့် သင်ပေါင်းပင်၏ အဖူးထဲသို့ ကြံကြံဖန်ဖန် ၀င်ရောက်ပြီး ဥ ဥချလေ့ ရှိသော ပိုးကောင် တစ်မျိုး ရှိလေ၏။ ကြမ်းတမ်း ခက်ထရော်သော သင်ပေါင်းပင်၏ ဖြူလွလွ အဖူးကို ၀မ်းကြာတိုက်ပြု၍ သန္ဓေတည်သည့် ပိုးလောင်းကောင်သည် အလွန် နူးညံ့ပြီး အရသာနှင့် ပြည့်စုံသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၏ နာမည်ကျော် ရာသီစာ ဟင်းလျာ တစ်မျိုး ဖြစ်သွားသည်။
ကျွန်ုပ်လည်း သင်ပေါင်းပင် အကြောင်းကို သောင်စဉ် ရေမရ စဉ်းစားရင်း ဆိုင်ကယ်ကို တရကြမ်း မောင်းနှင်လာခဲ့ရာ ဘ၀သစ်ကျေးရွာသို့ ရောက်မှန်းမသိ ရောက်သွားလေ၏။ ဘ၀သစ်ရွာ အတွင်း ၀င်၍ စုံစမ်းရာ ထွက်သမျှ သင်ပေါင်းပိုးကို ရန်ကုန်ဒိုင်သို့ ပို့လိုက်ပြီး ဖြစ်သဖြင့် တစ်ကောင် တစ်လေမျှပင် မရှိတော့ ဟု ဆို၏။ သို့သော် ရွာသားတစ်ဦးက “ပုဂံပုံ ဘက်ကို သွားကြည့်ပါလား။ အဲသမှာ ဦးအောင်ဒင် ဆိုတာ ရှိတယ်။ သူက ဒိုင်ဖွင့်ပြီး သင်ပေါင်းပိုး ကောက်နေတယ်” ဟု လမ်းညွှန်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ဘ၀သစ်ကျေးရွာမှ တပ်ခေါက်ပြန်ပြီး ပုဂံပုံကျေးရွာဘက်သို့ ထွက်ခဲ့ရပြန်သည်။ အမာနှင့် ပုဂံပုံကျေးရွာမှာ မဝေး။ ဆိုင်ကယ်ဖြင့် သွားလျှင် (၁၅) မိနစ်ခန့်သာ ကြာသည်။ သို့နှင့်ပင် ပုဂံပုံရွာသို့ ကျွန်ုပ် ရောက်ခဲ့လေ၏။
ပုဂံပုံ ရွာအ၀င်လမ်းမှာ အတော် ဆိုး၏။ သင်ပေါင်းတိုင်များကို ၀ါးခြမ်းဖြင့် ဖောင်ကွပ်၍ ဗွက်ပေါက်နေသော ရွာလမ်းကို ချခင်းထားသဖြင့် ဆိုင်ကယ် မောင်းရန် အဆင် မပြေ။ ရွာကို လှမ်းမြင်ရသည့် နေရာတွင် ဆိုင်ကယ် ရပ်ထားပြီး၊ ဗွက်တောကြီးကို ရုန်းရတော့သည်။ အစားတစ်လုပ် အတွက် ခရီးကြမ်းကို နှင်ရသည်မှာ ဆင်းရဲလွန်းလှသည်။ ရွာထဲသို့ ၀င်လိုက်သည်နှင့် နှာခေါင်းထဲသို့ လတာပုပ်နံ့တို့ တိုးဝင်လာ၏။ အစာတောင်း နေသော ၀က်တစ်အုပ်၏ တကြီကြီ အော်မြည်သံကို ကြားရ၏။ ရွာနှင့် မလှမ်းမကမ်းရှိ ဗျိုက်တော အစပ်တွင် လမ်းသလားနေသော ဘဲအုပ်ကြီး တစ်အုပ်ကို မြင်ရ၏။
သွပ်ရောင် တဖွေးဖွေး လက်နေသည့် နက်မှောင်မှောင် ပျဉ်ထောင်အိမ်ကြီးကို အဖီဆွယ်၍ ဖွင့်ထားသော ကုန်စုံဆိုင်၏ အရှေ့တွင် “သင်ပေါင်းပိုး ရောင်း / ၀ယ်သှ်” ဟု ကို့ရိုးကားယား သတ်ပုံဖြင့် ရေးသားထားသော မြေဖြူဆိုင်းဘုတ်ကို မြင်ရသည့်အခါ ကျွန်ုပ် အမော ပြေသွားလေ၏။
“သင်ပေါင်းပိုး ဘယ်လို ရောင်းတုန်း” ဟု ကျွန်ုပ် မေးလိုက်သော် “သင်ပေါင်းပိုးကို အလေးချိန်နဲ့ ရောင်းတာ မြင်ဖူးသလား” ဟူသည့် ဘုတောသံ စာခနဲ ထွက်လာ၏။ ကျွန်ုပ် အောင့်သက်သက် ဖြစ်သွားသည်။ ဤလောက် ဆိုးရွားသော ဈေးသည်မျိုးနှင့် တစ်ခါမျှ မတွေ့ဖူး။ သို့သော် ရသာတဏှာကြောင့် ဒေါသကို ချွန်းအုပ်ပြီး “မဟုတ်ပါဘူး ဦးလေးရယ် .. သင်ပေါင်းပိုး တစ်ကောင်ကို ဘယ်ဈေးတုန်းလို့ မေးတာပါ” ဟု လေပြည်ထိုးလိုက်ရသည်။
ထိုသို့ ဆိုလိုက်ခါမှ ပို၍ ဆိုးသွားသည်ထင့်။ “အင်း .. ဈေးကတော့ ရောင်းသူတစ်ဆယ် ၀ယ်သူတစ်ကျပ် ဆိုသလိုပေါ့ကွာ။ ဒါပေမယ့် နှစ်ဦးနှစ်ဘက် ဈေးတည့်ရင်တော့ ““ရော့ ပတ္တမြား ရော့ နဂါး”” ဆိုတဲ့ အတိုင်းဖြစ်သွားမှာပေါ့။ ဒီတော့ကာ မောင်ရင် .. ဈေး အရင် စပြောကြည့်လေ” ဟု ဂွစကား ဆိုပြန်သည်။ ကျွန်ုပ် စိတ် ထောင်းခနဲ ထသွားသဖြင့် “ဒီမယ် ဦးလေး၊ ရောင်းချင်ရောင်း မရောင်းချင်နေ။ သင်ပေါင်းပိုး ဆိုတာ ရွှေ မဟုတ်ဘူး။ ရောင်းချင်တဲ့သူတွေ ပေါလွန်းလို့ ရိုက်သတ်လို့တောင် မကုန်ဘူး။ သင်ပေါင်းပိုး တစ်ကောင်ကို (၉၀) ရရင် အကောင် (၅၀) ယူမယ်။ ၀ယ်တဲ့ အခါမှာ သောင်းဗျောင်း (သောင်းပြောင်း) မ၀ယ်ဘူး။ ကျွန်တော် ကြိုက်တဲ့ အဖူးကို ““ခေါင်”” ရွေးပြီး ယူမယ်။ အဆစ် မတောင်းဘူး” ဟု ဆိုကာ အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးလိုက်၏။
ထိုသို့ အငေါ်တူး စကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်ကြီး နေသာထိုင်သာ ဖြစ်သွားဟန် တူသည်။ “အေး ဟုတ်ပြီ။ စကားပြောတယ်ဆိုတာ ဒီလိုမှပေါ့ကွဲ့။ တစ်ကောင်ကို (၉၀) ဈေး ပေးတယ်ဆိုတာ သင့်ပါတယ်။ ပေါက်ဈေးပါပဲ။ ဒါပေမယ့် သင်ပေါင်းပိုးဟာ ရွှေ မဟုတ်ဘူး ဆိုတာကိုတော့ ငါ လက်မခံဘူး။ ရွှေကို ရာသီမရွေး ၀ယ်လို့ ရတယ်။ သင်ပေါင်းပိုး ဆိုတာက တစ်နှစ်မှာ တစ်ခါပဲ ရတာ။ ဒီတော့ကာ လူလေး ပြောတဲ့ စကား မှားနေတယ်” ဟု ရှည်လျားစွာ ဆိုပြန်သည်။
ကျွန်ုပ် အတော်ပင် စိတ်ညစ်သွား၏။ ဤကဲ့သို့ ပြောရဆိုရ ခက်ခဲလှသော လူ့ခွစာမျိုး တစ်ခါမျှ မကြုံဖူးသေး။ အဘိုးကြီးကို ကဏ္ဍကောဇတိုက်ရန် နှုတ်ပြင်ခိုက်မှာပင် “ကဲ ကဲ .. ဟုတ်ပါပြီ။ ဟဲ့ ဘယ်သူတို့ ဘယ်ဝါတို့။ သင်ပေါင်းပိုး အကောင် (၅၀) ထည့်ပေးလိုက်။ အဆစ် (၂) ကောင် ထည့်ပေးလိုက်။ ဒီသူငယ့်ကို ကြည့်ရတာ အမာကနေ လာတာ ဖြစ်မယ်။ ဒီတော့ကာ ခြင်းတောင်းပါ ထည့်ပေးလိုက်” ဟု လူ့ခွစာကြီးက စေတနာ ဗရပွဖြင့် ဆိုလိုက်သဖြင့် ကျွန်ုပ် အာစေး မိသွားလေ၏။
ဤသည်ကား ဘဲကျောင်းသား စိန်ဝင်းမောင်၏ ဘ၀ဇာတ်လမ်းတွင် အရေးကြီး ဇာတ်ဆောင် တစ်ဦး ဖြစ်လာမည့် လူ့ခွစာ ဦးအောင်ဒင်နှင့် ကျွန်ုပ် စတင် တွေ့ဆုံပုံ ဖြစ်သတည်း။
(၄)
လူ့ဂွစာ ဦးအောင်ဒင်၏ ဇာတာအမည်မှာ အောင်တင် ဟူ၍ ဖြစ်သော်လည်း ဗိုလ်အောင်ဒင် ရုပ်ရှင် ကြည့်ပြီးနောက်တွင် အောင်ဒင် ဟု သူ့ဖာသာ ကင်ပွန်းတပ်လိုက်သော ဟူ၏။ ဗိုလ်အောင်ဒင် သရုပ်ဆောင် ခင်မောင်ရင် ကဲ့သို့ ရုပ်ရည်ရူပကာ ပြေပြစ်ခြင်း မရှိသော်လည်း အသား ညိုစိမ့်စိမ့်၊ အရပ် ထောင်ထောင် မောင်းမောင်း၊ နှုတ်ခမ်းမွှေး ခပ်သဲ့သဲ့နှင့် မြန်မာဆန်သော ရုပ်ရည်ပိုင်ရှင် ဖြစ်ပါသည်။ ဦးအောင်ဒင်၏ ပင်ကိုယ်စိတ်သဘောမှာ အလွန် နူးညံ့သော်လည်း လူတကာကို အရွဲ့တိုက်၍ ကဏ္ဍကောဇလုပ်တတ်ခြင်းမှာ သူ၏ မွေးရာပါ ၀သီဆိုး ဖြစ်သည်။ ကဏ္ဍကောဇ တိုက်သော်လည်း သူ စိတ်ရင်းကောင်းမှန်း လူတိုင်း သိကြသဖြင့် ဦးအောင်ဒင် ဘာပြောပြော ခွင့်လွှတ်ကြမြဲပင် ဖြစ်၏။
ဦးအောင်ဒင်သည် မိရိုးဖလာ လယ်ယာလုပ်ငန်းကို လက်ဖ၀ါး၊ ခြေဖ၀ါး ဘ၀မှ စတင်၍ အပတ်တကုပ် လုပ်ကိုင်ခဲ့ရာ စီးပွားရေး ကောင်းမွန်လာပြီး ရွာတွင် ကုန်စုံဆိုင်ကြီး တစ်ဆိုင် တည်နိုင်သည် ကြီးပွားလာလေ၏။ ငယ်စဉ်က ပညာ သင်ကြားခွင့် ကောင်းစွာ မရခဲ့သောကြောင့် စီးပွားရေး ချောင်လည် လာချိန်တွင် စာကို အတိုးချ၍ ဖတ်သည်။ မြန်မာရိုးရာ တိုင်းရင်း ဆေးပညာကို ဆရာမှဲ့၏ ခြောက်လုံးဋီကာ စာအုပ်ဖတ်၍ လေ့လာခဲ့သူ ဖြစ်၏။ ကိုယ်တိုင် လျက်ဆားဖော်သည်။ ငန်းဆေးဖော်သည်။ တောင်သာ ဆေးပညာကို ရေကုန်ရေခန်း မဟုတ်သော်လည်း အထိုက်အလျောက် တတ်ပွန်သည်။ သူ့ရပ်သူ့ရွာတွင် အတော်ပင် အောင်မြင်သော ဆေးဆရာကြီး တစ်ဆူ ဖြစ်လေ၏။
သင်ပေါင်းပိုး ရှာပုံတော် ဖွင့်ရာမှ စတင်ခဲ့သော ကျွန်ုပ်တို့၏ ရင်းနှီးမှုသည် တစ်စထက် တစ်စ ပို၍ ခိုင်မြဲလာ၏။ ဦးအောင်ဒင် ပြောသမျှကို အလိုက်သင့် အလျားသင့် နားထောင်ပေးသူ ဟူ၍ ကျွန်ုပ် တစ်ဦးတည်းသာ ရှိလိမ့်မည် ဟု သူ့ သားမက်က ဆိုဖူးသည်။ “ဒီ အဘိုးကြီးဟာ ဘာမှန်းကို မသိပါဘူးဗျာ။ ကျွန်တော်နဲ့ သူ့ သမီး အိမ်ထောင်ကျတာ အခုဆို ကလေးနှစ်ယောက် ရပြီ။ သူ့ သမီးနဲ့ သူ့ မြေးတွေဖို့ ၀မ်းစာ စပါး ထည့်ပေးတယ်။ ကျွန်တော့်ကိုကျတော့ သားမက် ဖြစ်လို့ ဆိုပြီး ၀မ်းစာ ထည့် မပေးဘူး။ လိုချင် မျက်စိရှိလို့ ပြောတာ မဟုတ်ပါဘူး။ သူ လုပ်ပုံက ဘယ်လောက် မဟုတ်သလဲ ဆိုရင် အဲဒါကိုသာ ကြည့်ပေတော့” ဟု ကွယ်ရာတွင် ရှုးရှုးရှားရှား ဆိုဖူးသည်။ မည်သူတို့ မည်သို့ပင် ဆိုစေကာမူ ဦးအောင်ဒင်ကား နည်းနည်းမျှ ဂရုမစိုက်။ သူ လုပ်ချင်သည်ကို မဖြစ် ဖြစ်အောင် လုပ်ပြီး ဘ၀ကို နေပျော်အောင် နေတတ်သူ ဖြစ်၏။
ဦးအောင်ဒင်သည် စီးပွားရေး အကွက်မြင်သူ ပီပီ ခွင်ကောင်းသည့် လုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ် လုပ်ကိုင်ထားလေ၏။ ပုဂံပုံ - တည်ပင်ကိုင်း ချောင်းတွင်းသွား လိုင်းသင်္ဘော ဆွဲသည်။ တာဝန်ကျေ စပါး မသွင်းနိုင်သူတို့ ရုံးရောက်၊ ဂါတ်ရောက် ဖြစ်ကြသည့် ခေတ်တွင် ဦးအောင်ဒင်က လယ်မြေကို ကျင်းတူး၍ အုတ်ဖို တည်လိုက်၏။ မြေတိုင်းစာရေးများနှင့် သင့်မြတ်လေသောကြောင့် ပုစွန်ကန် တစ်ဖြစ်လဲ မြေကျင်းကြီးမှာ ပုဂံပုံ တစ်ဝိုက်တွင် ဟိုးဟိုးကျော်သည့် စံပြငါးမွေးမြူရေးလုပ်ငန်း ဖြစ်သွားလေ၏။
သစ်တောဌာနမှ တောခေါင်း ကိုဖိုးထောင်က “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်” ဟူသည့် ကြွေးကြော်သံဖြင့် သစ်ခုတ်သမားတို့ကို ဖမ်းဆီးနေချိန်တွင် ဦးအောင်ဒင် မီးသွေးဒိုင် ဖွင့်လိုက်လေ၏။ စကားမစပ် ပြောပြချင်သည်မှာ သစ်တောဌာနမှ ၀န်ထမ်းတို့၏ ထူးခြား ဆန်းကျယ်သော အမြင်အာရုံ အကြောင်း ဖြစ်ပါသည်။ သစ်တောဌာန ၀န်ထမ်းတို့သည် အမည်းရောင်ကို မြင်နိုင်စွမ်း မရှိ၊ အဖြူရောင်ကိုသာ မြင်နိုင်ကြသည်။ သို့ဖြစ်၍ ဦးအောင်ဒင်၏ အိမ်ရှေ့တွင် ပုံထားသည့် မြင့်မိုရ်တောင် နီးပါး မြင့်မားသော မီးသွေးပုံကြီးကို သူတို့ မမြင်၊ ဦးအောင်ဒင် မွေးထားသည့် ဘဲငန်းကြီးများကိုသာ မြင်သည်။ (ငန်းသားနှင့် တောအရက်မှာ အတော်ပင် လိုက်ဖက်သည့် စုံတွဲ ဖြစ်၏။ ဤကား စကားချပ်တည်း။)
“ဒီလိုပဲပေါ့ ဆရာလေးရယ်။ ကျွန်တော်က ငယ်ဘ၀ ကြမ်းတမ်းခဲ့တော့ ပြန်ပြီး ဆင်းရဲမှာကို သိပ်ကြောက်တယ်။ ဒီတော့ကာ ကိုယ် လုပ်နေတာတွေက တရားဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတာ သိပေမယ့် သမ္မာ အာဇီဝ ဖြစ်ရင် ပြီးတာပဲလို့ သဘောထားပြီး လုပ်နေရတာပဲ။ မီးသွေးဖုတ်တာ တရားဥပဒေနဲ့ ငြိတယ်ဆိုပေမယ့် ကျွန်တော် ကံငါးပါး ကျူးလွန်တာ မဟုတ်ဘူးလေ။ နောက်ပြီး ဒီလိုမှ မလုပ်ရင်လည်း ဒီအရပ်မှာ ကြီးပွားဖို့ရာ အကြောင်း မမြင်ဘူး။ လုပ်ဖန်များတော့ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ဆိုသလို ဖြစ်လာတယ်။ မိုးခါးရေသောက်ရတဲ့ ခေတ်မှာ သူများတွေလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ မစို့မပို့ မသောက်ဘဲ တ၀သောက်မယ်ဆိုတဲ့ စိတ်ရိုင်း ၀င်တာလည်း ပါမှာပေါ့ဗျာ” ဟု ဦးအောင်ဒင် ရင်ဖွင့်ဖူးသည်။
(၅)
တစ်နေ့သော် ဦးအောင်ဒင်နှင့် ကျွန်ုပ်သည် အိမ်ခေါင်းရင်းရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ရင်း မိမိတို့နှင့် လားလားမျှ မဆိုင်သည့် တိုင်းရေးပြည်ရေး မင်းစိုးရာဇာတို့ အကြောင်းကို ရောက်တတ်ရာရာ ဆွေးနွေးနေရာမှ စီမံခန့်ခွဲမှုအရေးပါပုံကို ရောက်သွား၏။ တိုင်းရေးပြည်ရာ စီမံရာတွင် ခရေစေ့တွင်းကျ မဟုတ်သော်လည်း လုပ်ငန်းသဘာဝကို ခြေခြေမြစ်မြစ် သိရှိထားမှ ဖြစ်မည်ဟု ကျွန်ုပ်က ယူဆသည်။ ထိုသော် ဦးအောင်ဒင်က “တစ်ချို့ ကိစ္စတွေကို ကိုယ်တိုင် နှိုက်နှိုက်ချွတ်ချွတ် သိဖို့ တတ်ဖို့ မလိုဘူး။ အနည်းအကျဉ်း ခြုံငုံပြီး လေ့လာထားလိုက်ရင် ကျန်တဲ့ ကိစ္စတွေကို မီးစဉ် ကြည့်ကလို့ ရတာပဲ မဟုတ်လား ဆရာလေးရဲ့” ဟု ဆိုသည်။ ထို့အပြင် သူ့ ဘ၀ အဘိဓမ္မာ ဖြစ်သည့် “အုတ်ဖိုတည်တာလည်း ထိုနည်းလည်းကောင်း၊ လိုင်းကောင်ဆွဲတာလည်း ထိုနည်းလည်းကောင်း၊ မီးသွေးဖိုတည်တာလည်း ထိုနည်းလည်းကောင်းပဲ။ အဓိကကျတာ သြဇာ အာဏာ ရှိဖို့ပဲ မဟုတ်လား” ဟု ပြောပြန်သည်။
သူ့ စကားကို ကျွန်ုပ် လက်သင့် မခံနိုင်။ “ဒီလိုဆိုရင် ကိုယ် စီးတဲ့ မြင်း အထီးမှန်း အမမှန်း မသိဘဲ စီးနေသလို ဖြစ်ချင်သလို ဖြစ်သွားမှာပေါ့” ဟု ဒေါနှင့်မောနှင့် ဆိုလိုက်မိတော့သည်။ ထိုသော် ဦးအောင်ဒင်က “အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ခရီးရောက်ဖို့က ပဓာနက ကျတာပဲ မဟုတ်လား” ဟု စကားကော် စကားကပ် ဆို၍ အနိုင်ပိုင်းလိုက်လေ၏။ “ဆရာလေး .. လက်သင့်ခံဖို့ ခဲယဉ်းမယ် ဆိုတာ ဦးလေး သိပါတယ်။ ဒီတော့ကာ ဆရာလေးကို လက်တွေ့ ဥပမာနဲ့ ပြမှ ဖြစ်တော့မယ်” ဟု ဆိုကာ အိမ်တိုင်တွင် ချိတ်ထားသည့် သံဝီစီကို ဖြုတ်၍ ရွှီခနဲ မြည်အောင် မှုတ်ထည့်လိုက်လေ၏။ ၀ီစီကို တစ်ချက် တုတ်သည်။ ဘာမျှ မတွေ့ရ၊ နှစ်ချက် တုတ်သည်။ ဘာမျှ မထူး။ သုံးချက် ဘာမှ ပေါ်မလာ။ ထို့နောက် ဦးအောင်ဒင်သည် သံဝီစီကို အိမ်တိုင်တွင် တရိုတသေ ပြန်၍ ချိတ်လိုက်လေ၏။
ကျွန်ုပ်မှာ ဦးအောင်ဒင်၏ အူကြောင်ကြောင် လုပ်ရပ်ကို ကြည့်ပြီး ရယ်ချင်သလိုလို ဖြစ်လာသဖြင့် “ဦးလေးရဲ့ ဥပမာက ၀ီစီမှုတ်တာနဲ့ ပြီးသွားပြီလား။ ကြည့်လုပ်ဦး မကြီးမငယ်နဲ့ လိပ်ခေါင်းထွက်လို့ သားရေပင်နဲ့ အပစ်ခံရဦးမယ်” ဟု ခပ်ထေ့ထေ့ ဆိုလိုက်မိသည်။ ထိုအခိုက်တွင် ကျွန်ုပ်၏ ကျောဘက်မှ နှပ်ချေးရှုံ့သံလိုလို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ မည်းမည်းကွကွ ၀၀ပုပု သူငယ်တစ်ဦးကို တွေ့ရလေ၏။
စိန်ဝင်းမောင်ဟု အမည်ရသော ထိုငနဲကလေး၏ ရုပ်ဆင်းသဏ္ဌာန်မှာ ဘုရားတန်ဆောင်းများရှိ ကြေးစည်ထမ်း သူငယ်တော်ရုပ်နှင့် ခပ်ဆင်ဆင် တူသည်ဟု ကျွန်ုပ် ထင်မိသည်။ အသားအရေမှာ ညစ်ထေးထေး၊ နှပ် တရှုံ့ရှုံ့၊ တလက်လက် ထနေသည့် သူ့ ဦးပြည်းမှာ သပိတ်ကို နေလှန်း ထားသည့် အလား နက်မှောင် လက်ပြောင် နေလေ၏။ သမန်းဆီ တက်နေသည့် ခြေထောက်တို့ကို ပြောက်တိပြောက်ကြား ရွှံ့စက်များဖြင့် ဆေးခြယ်သထား၏။ သိုင်းလွယ်ထားသည့် လွယ်အိတ်စုတ်ထဲတွင် လောက်စာလုံး အပြည့်နှင့်၊ လက်တစ်ဖက်တွင် တောသားတို့၏ လက်နက်ဖြစ်သည့် ကျွဲချိုလေးခွကို စွဲကိုင်ထားပြီး၊ ကျန် လက်တစ်ဖက်ဖြင့် ဘဲကျောင်းသားတို့၏ အသုံးအဆောင်ဖြစ်သော ဂဏန်းချိတ်ကို စွဲကိုင်ထားသည်။ ကျွန်ုပ်က သူ့ကို စူးစူးဝါးဝါး ကြည့်လိုက် သဖြင့် ငတိကလေး ရှိုးတိုးရှန့်တန့် ဖြစ်သွားလေ၏။
"ဘိုးလေး ကျွန်တော့်ကို ဘာခိုင်းမလို့လဲ” ဟု ငနဲကလေး မေးတော့မှ ဦးအောင်ဒင် ဘာကြောင့် ၀ီစီမှုတ်သည်ကို ကျွန်ုပ် ရိပ်စားမိတော့သည်။ “လာပါဦးကွဲ့ စိန်ဝင်းမောင်ရဲ့” ဟု ဦးအောင်ဒင်က ဆိုပြီး ပဲလှော်တစ်ဆုပ်ကို ထိုသူငယ်လေး၏ ညစ်ပေနေသော လက်ထဲသို့ ထည့်ပေးလိုက်သည်။ “နေပါဦး ဦးလေးရဲ့ ကျွန်တော်ကို လက်တွေ့ပြမယ် ဆိုတာနဲ့ ဒီကောင်လေးကို လှမ်းခေါ်ပြီး ပဲလှော် ပေးတာနဲ့က ဘာဆိုင်လို့လဲဗျာ” ဟု ကျွန်ုပ် မေးမိသည်။ ဦးအောင်ဒင်က “ဆိုင်တာပေါ့ ဆရာလေးရယ်။ ဆရာလေးကို ဦးလေးက ကိုယ်တိုင် ခရေစေ့တွင်းကျ လုပ်တတ်ဖို့ မလိုဘူး၊ မီးစဉ် ကြည့်ကရင် ပြီးတာပဲလို့ ပြောတာကို ဆရာလေး လက်သင့် မခံချင်ဘူး မဟုတ်လား။ အဲဒါကို ရှင်းသွားအောင် ပြောပြဖို့ရာ ဦးလေးရဲ့ ဘဲအုပ်ကို ကျောင်းတဲ့ စိန်ဝင်းမောင်ကို ခေါ်လိုက်တာပဲ” ဟု ဆိုလေ၏။ သူ့ စကားမှာ ရှင်းလေရှုပ်လေ ဖြစ်လာ၏။ ကျွန်ုပ်လည်း ဒေါပွလာသဖြင့် “ဒါဖြင့်ရင်လည်း ပြဗျာ … ပြ … ပြ” ဟု ဆောင့်ကြီးအောင့်ကြီး ဆိုလိုက်တော့သည်။
ထိုသော် ဦးအောင်ဒင်သည် ကျွန်ုပ်ကို ပြုံး၍ ကြည့်ပြီးနောက် စိန်ဝင်းမောင် ဘက်သို့ လှည့်ကာ “စိန်ဝင်းမောင် ဒီနေ့ ဘဲဥ ဘယ်နှလုံး ရလဲ ဘိုးလေးကို ပြောစမ်းပါဦး” ဟု ဆိုလေ၏။
စိန်ဝင်းမောင် ဒီနေ့တော့ ၆၂ လုံးပဲ ရတယ် ဘိုးလေ။
ဦးအောင်ဒင် မနေ့တုန်းက ဘယ်နှလုံး ရသလဲ။
စိန်ဝင်းမောင် မနေ့တုန်းက ၈၈ လုံး ရတယ်။
ဦးအောင်ဒင် ဒါဖြင့် တနေ့ကရော ဘယ်နှလုံး ရသလဲ။
စိန်ဝင်းမောင် တနေ့က အလုံး ၉၀ ရတယ်။
ဦးအောင်ဒင် ဒါဆို တမြန်မနေ့ကရော။
စိန်ဝင်းမောင် အဲဒီနေ့တုန်းက ၈၉ လုံး။ တစ်လုံးကွဲ ကွဲသွားလို့။
ဦးအောင်ဒင် ဒါဖြင့်ရင် ဘယ်လိုဖြစ်လို့ ဥ ကျ သွားတာလဲ။
စိန်ဝင်းမောင် ဘဲခြံနားကို တောကြောင် ကပ်တာ နှစ်ရက် သုံးရက် ရှိနေပြီ အဲဒါကြောင့် ဘဲတွေ လန့်ပြီး ဥ ကျ သွားတာ။
ဦးအောင်ဒင် တောကြောင် ကပ်တာ မင်းက ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေသလား။
စိန်ဝင်းမောင် ကျွန်တော်လည်း စောင့်တာပဲ။ တောကြောင်က လင်းအားကြီးမှ လာတာ။ နောက်ပြီးတော့ ဘဲခြံနားမှာ ခြုံတွေ ထူတော့ ဘယ်ချောင်မှာ ခိုနေမှန်း မသိဘူး။
ဦးအောင်ဒင် ဘွားလေးဆီကနေ သုံးထောင့်ထိုး ဓာတ်မီးတစ်လက် ယူသွား။ နောက်ပြီးတော့ မင်း အဖေကို ဘဲခြံနားက ခြုံတွေကို မနက်ဖြန် ပြီးအောင် ရှင်းထားဖို့ ငါ မှာတယ်လို့ ပြောလိုက်ချေ။ မသန်းရင်ရေ စိန်ဝင်းမောင် စားရအောင် ကြံသကာ ပေးလိုက်ဟေ့။
သို့နှင့် ဦးအောင်ဒင်နှင့် စိန်ဝင်းမောင်တို့၏ အမေး အဖြေ ပြီးဆုံးသွားလေ၏။ သူတို့ အချီအချ ပြောနေဆိုနေသည်ကို ကျွန်ုပ် နားမလည်နိုင်။ ဦးအောင်ဒင်သည် အောင်ပွဲရ စစ်သူကြီး၏ အကြည့်မျိုးဖြင့် ကျွန်ုပ်ကို ကြည့်လိုက်ပြီနောက် “တွေ့ပြီ မဟုတ်လား ဆရာလေး။ ကျွန်တော် ဘဲမွေးထားတာ အကောင် (၂၀၀) ကျော်တယ်။ ဒါပေမယ့် ဘဲစာ ဘယ်လို စပ်ရတယ်၊ ကျွေးရတယ်။ ဘဲ ဘယ်လို ကျောင်းရတယ် ဆိုတာ ကျွန်တော် မသိဘူး။ အဲသလိုပဲ ဘဲတွေ ဥ အထွက် ကျတာ ဘာကြောင့်လဲ။ ဘယ်လို လုပ်ရမလဲ ဆိုတာလည်း ကျွန်တော် မသိဘူး။ ဒါပေမယ့် ဘဲ အကြောင်းကို အူမချေးခါး မကျန် သိတဲ့ စိန်ဝင်မောင်တို့ မိသားစုကို လူငှား ခေါ်ထားလိုက်ရင် ပြီးတာပဲလေ။ အခုပဲကြည့် ပြဿနာ တစ်ခု ရှင်းပြီးသွားပြီ မဟုတ်လား” ဟု ဆိုလိုက်လေ၏။ ကျွန်ုပ်လည်း ဦးအောင်ဒင်၏ အဘိဓမ္မာကို အောင့်သက်သက်နှင့် ခေါင်းညိတ်လိုက်ရတော့သည်။ စင်စစ် ဦးအောင်ဒင်၏ စကားကို ကျွန်ုပ် စိတ်ဝင်စားခြင်း မရှိတော့ပါ။ အတွေးထဲသို့ ဘဲကျောင်းသား စိန်ဝင်းမောင် ၀င်ရောက်လာသောကြောင့် ဦးအောင်ဒင်ကို တုံ့ပြန် စကား မဆိုတော့ဘဲ စကားနည်း ရန်စဲ နေလိုက်ခြင်း ဖြစ်ပါသည်။
ဗျိုက်တောထဲသို့ ငိုက်စောင်း ငိုက်စောင်းနှင့် ဆင်းသွားလေသော စိန်ဝင်းမောင်ကို ကြည့်၍ ကျွန်ုပ် အတွေး နယ်ချဲ့မိတော့သည်။ ဤသူငယ်ကလေး၏ အသက်မှာ (၇) နှစ် (၈) နှစ် ခန့်မျှသာ ရှိပေဦးမည်။ သို့သော် သူ လုပ်ရသည့် အလုပ်မှာ အရွယ်နှင့် မမျှ။ မိုးလင်းကတည်းက “ဒီးဒီး … ဒီးဒီ .. ဒီးဒီး” ဟု အသံ တစာစာ ဟစ်၍ ဘဲတစ်အုပ်ကို ကွင်းကြိုကွင်းကြား၊ ချောင်းကြိုမြောင်းကြားသို့ မ၍ ကျောင်းရသည်။ ကွင်းထဲတွင် ဥချထားသော ဘဲဥများကို မျက်စိလျင်လျင် ထား၍ ကောက်ရသည်။ မဟုတ်လျှင် ကျီးကန်းစာ ဖြစ်သွားပေလိမ့်မည်။ ကျီးကန်းတို့ အလွန်အမင်း သောင်းကျန်းလာပါက လေးခွနှင့် ဆော်တန်က ဆော်ရသည်။ စူးစူးဝါးဝါး ဟစ်အော်၍ ခြောက်တန်က ခြောက်ရသည်။ ထိုကဲ့သို့ ဘဲအုပ်ကို မျက်ခြည်မပြတ် စောင့်ရှောက်ကြည့်ရှုနေရင်းမှာပင် မိသားစုအတွက် ဟင်းစားရရန် ချောင်းရိုးတစ်လျှောက် စုံဆန်လှည့်ပြီး ရင်တွန်းပိုက်ဖြင့် ငါးနုပ်၊ ငါးဖွဲ၊ ပုစွန်၊ ခရု ဖမ်းဆီးရသည်။ ရင်တွန်းပိုက်ကို ရင်ကွဲလုမတတ် တွန်းနိုင်ပါမှ ဟင်းစား တစ်နပ်စာ ရလေသည်။
သိုး မကျောင်းဘူးသော ဥရောပတိုက်သား စာရေးဆရာ၊ နွား မကျောင်းဘူးသော မြန်မာလူမျိုး စာရေးဆရာ၊ ကဗျာဆရာတို့ ရေးဖွဲ့သည့် -- သိုးကျောင်းသားဘ၀ဖွဲ့၊ နွားကျောင်းသားဘ၀ဖွဲ့ -- ကျေးလက် ကဗျာ လင်္ကာ စာပေ ၀တ္ထု မြောက်မြားစွာကို ကျွန်ုပ် ဖတ်ဖူးပါ၏။ စာရေးဆရာတို့ ဖန်ဆင်းအပ်သော နွားကျောင်းသားငယ်၏ ဘ၀မှာ အလွန်ပင် ကြည်နူးဖွယ်ရာ ကောင်းလှပါ၏။ ပုလွေတို တစ်စင်းနှင် တေးသီကျူး နေသည့် သိုးထိန်းသူငယ်၏ ဘ၀မှာ လွတ်လပ်လှပါပေ၏။ စာပေမွေ့လျော်သူ ကျွန်ုပ်သည် ထိုကဲ့သို့သော ပေါ့ပါးခြင်းမျိုးကို အစဉ် တောင့်တခဲ့ဖူးပါ၏။ ယခုမူကား ကျွန်ုပ်၏ စိတ်ကူးယဉ် ကမ္ဘာမှ လွတ်လပ် ပေါ့ပါးခြင်းမှာ ငနဲသားလေး စိန်ဝင်းမောင်ကြောင့် အလျဉ်း ကွယ်ပျောက်သွားလေပြီ။
“ဒါနဲ့ နေပါဦး .. ဦးလေးရဲ့ … စိန်ဝင်းမောင်က ကျောင်း မနေရဘူးလား” ဟု ကျွန်ုပ် ရုတ်တရက် မေးလိုက်မိသည်။ ဦးအောင်ဒင်က “ဒီကောင်လေးကို ကျွန်တော် ကျောင်းထားပေးဖူးတယ် ဆရာလေးရဲ့။ ကျောင်းဝတ်စုံ၊ စာအုပ်ဖိုး သေသေချာချာ ပေးပြီးတော့ကို ကျောင်းထားခဲ့တာပဲ။ ဒါပေမယ့် ဒီကောင့်မှာ ပညာပါရမီ မပါဘူးဗျ။ ဘယ်လောက် သင်သင် သုံးတန်းကနေ မတက်တော့ဘူး။ ရွာက ကျောင်းဆရာလေးတောင် ညည်းရှာတယ်။ ““ကကြီးကို ပုတ်လောက် ရေးပြတာတောင် ဗျိုင်းပျံတာလား”” လို့ မေးတဲ့ မိဘတွေက ပေါက်ဖွားလာတော့ မျိုးရိုးလိုက်ပြီး ဉာဏ်ပညာ နုံနဲ့သွားရှာတယ် ထင်ပါတယ်။ ဒါနဲ့ မထူးပါဘူး ဆိုပြီး ကျောင်းနှုတ်ပြီး ဘဲကျောင်းခိုင်းလိုက်ရတာပဲ” ဟု ဆိုလေ၏။ ကျွန်ုပ်လည်း ဘာမှ ပြန် မပြောမိတော့ချေ။
{ ကောင်းကင်အနုပညာ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။ }
No comments:
Post a Comment