ခွေးလိုလူ
📘📘📘
ကျော်ရင်မြင့်
စူးစူးဝါးဝါး ထိုးဟောင်တဲ့ ခွေးဟောင်သံကြောင့် ဦးဘစိုးတင် အိပ်မောကျနေရာက လန့်နိုးသွား တယ်။ ခွေးဟောင်သံတွေက သိပ်နီးလွန်းတာပဲ။ ဒီလို ခွေးဟောင်သံမျိုး သူမကြားဖူးဘူး။
‘‘ဒေါက်ဒေါက် ဒေါက်ဒေါက် ဒေါက်ဒေါက် ဒေါက်ဒေါက်’’
အဆက်မပြတ် ခေါက်နေတဲ့တံခါးခေါက်သံက မာလွန်း၊ မြည်လွန်းတယ်။ တစ်ချိန်တစ်ခါက ထောက်လှမ်းရေးတွေ ညဥ့်သန်းခေါင်မှာ အိမ်တံခါးခေါက်လေ့ရှိတဲ့ အသံမျိုး။ သူအကြိမ်ကြိမ်ကြားဖူးလို့ နားယဉ်နေတဲ့ တံခါး ခေါက်သံမျိုး။ အခု သူအိပ်နေတဲ့ အိမ်တံခါးကို ခေါက်နေပြီ။
‘‘ဒေါ်ခင်မေသက်၊ ဒေါ်ခင်မေသက်’’
ဒီအသံကို သူသိပါတယ်။ ရပ်ကွက်လူကြီးရဲ့ အသံပဲ။ ရပ်ကွက်လူကြီးတွေနဲ့ သူနဲ့ အစည်းအဝေးမှာ ဆုံနေကျ။ ရင်းနှီးပြီးသား။ သူ ခေါင်းနားပန်းကြီးသွားတယ်။ စစ်ဆေးရေးအဖွဲ့တွေပါလား။
အိပ်ခန်းမီးရောင်ပြာလဲ့လဲ့ အလင်းရောင်နဲ့ သူ့ဘေးမှာ အိပ်နေတဲ့ မေသက်ကိုလှမ်းကြည့်တော့ သူလည်းခေါ်သံတွေကြောင့် နိုးသွားပြီ။ မေသက်က သူ့ကို မျက်စပစ်ပြီး ဘာလဲ၊ ဘယ်လိုလဲလို့ မေးတယ်။ သူက မေသက်ရဲ့ နားအနီးကို တိုးတိုးလေးကပ်ပြောတယ်။ ‘‘အထူးစစ်ဆေးရေး အဖွဲ့တွေ၊ ကိုယ်ပုန်းနေမှဖြစ်မယ်’’။ မေသက်က ခေါင်းညိတ်ပြပြီး ‘‘လာပြီ လာပြီ’’ လို့ ပြန်အော်တော့ တံခါးခေါက်သံ ရပ်သွားတယ်။
သူလည်း အိပ်ရာခုတင်ပေါ်က လူးလဲထပြီး ညကချွတ်ထားတဲ့ စပို့ရှပ်ကိုကောက်စွပ်တယ်။ ခြေ ရင်းမှာ လုံးထွေးနေတဲ့ ပုဆိုးကို ကပျာကယာ ယူဝတ်ပြီး အိပ်ရာခုတင်အောက်ကို လေးဖက် ထောက်ဝင်လိုက်တယ်။ ခုအချိန်မှ အိပ်ခန်းထဲကထွက်ပြီး တစ်နေရာရာကို ပြောင်းပုန်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒီအိမ်က ကိုယ့်အိမ် လည်းမဟုတ်တော့
ဘယ်နေရာ ဘယ်လိုပုန်းရင် လုံခြုံမှာလဲဆိုတာ ဦးဘစိုးတင် မသိဘူး။
အိမ်ရှေ့တံခါးမကြီးရဲ့ ကန့်လန့်မင်းတုပ်ကို ဖြုတ်သံကြားရ တယ်။ ဦးဘစိုးတင် ရင်တွေ တဒုန်းဒုန်း ခုန်နေပြီ။ ခုတင်အောက်မှာ လေးဖက်ထောက် ၀ပ်ပြီး ပုပုလေးကုပ်နေရင်း ချွေးစေးတွေ ပြန် လာတယ်။ သူ့အသက်ရှူသံက ကျယ်လွန်းနေသလိုပဲ။
‘‘ဆောရီးပါ မမေသက်’’လို့အရပ်လူကြီး ပြောသံကြားရ တယ်။ ‘‘အိပ်နေရောပေါ့’’ လို့ သူကဆက်ပြောတယ်။ မေသက်က ‘‘ဟုတ်ကဲ့ရှင့်’’ ပြန်ပြောတယ်။အချိန်က ညဥ့်သန်းခေါင်ကျော်နေ ပြီလေ။ အိပ်ချိန်ပဲ ။ အိမ်ထဲဝင်လာကြတဲ့ ခြေသံတွေ ကြားနေရတယ်။ ‘‘ကျွန်တော်တို့က တာဝန်အရ စစ်ဆေးရတာပါ’’ လို့ပြောတာ ရဲတပ်ဖွဲ့မှူးအသံပဲ။ ဦးဘစိုးတင် အသက်တောင်မှ ပြင်းပြင်းမရှူဝံ့ဘူး။ စစ်ဆေးရေးအဖွဲ့တွေက အိပ်ခန်းထဲအထိ ၀င်ပြီး ခုတင်အောက်အထိ လှန်လှောမရှာတန်ကောင်းပါဘူးလို့ သူတွေးရင်း ဆုတောင်းနေတယ်။ စေ့စေ့စပ်စပ်မရှာကြပါစေနဲ့။ မရှာကြပါစေနဲ့။
တကယ်လို့များ စစ်ဆေးရေးအဖွဲ့က အိပ်ခန်းထဲအထိ ၀င်ပြီး စေ့စေ့စပ်စပ် ခုတင်အောက်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်ရင် လေးဖက်ထောက် လျက်ဝပ်နေတဲ့ ဦးဘစိုးတင်ကို သေချာပေါက်တွေ့မှာပဲ။ တွေ့ပါပြီတဲ့။ သူဆက်မစဉ်းစားရဲဘူး။ နေ့လယ်နေ့ခင်းမှာတော့ စတစ်ကော်လာအင်္ကျီ အဖြူဆွတ်ဆွတ်နဲ့၊ ရခိုင်လုံချည်နဲ့၊ တိုက်ပုံအင်္ကျီ မချွတ်တမ်းဝတ်နေတဲ့သူ၊ သူတို့အားလုံးက ‘‘ဆရာကြီး၊ ဆရာကြီး’’နဲ့ လေးလေးစားစား ခေါ်ရတဲ့သူက အခုတော့ လင်ယောက်ျား အကျဉ်းကျနေချိန်မှာ သူ့မယားရဲ့ အိပ်ရာခုတင်အောက်မှာ ခွေးတစ်ကောင်လို ၀ပ်နေပါလား။ အိပ်ခန်းထဲမှာ ထွန်းထားတာက ဖိုက်ဝပ်မီးလုံးလေးပါ။ ဒါပေမဲ့ လင်းလွန်းနေတယ်လို့ ဦးဘစိုးတင် ထင်တယ်။ ခုတင်အောက်မှာ မှောင်ရိပ်ခိုပြီးဝပ်နေတဲ့ သူ့ကိုယ်သူ ပြန်မြင်နေရတယ်။ ဒုက္ခပါပဲ။
‘‘ထိုင်ကြပါဦး၊ ကျွန်မ ဘာဆောင်ရွက်ပေးရမလဲ’’ လို့ မေသက်က ပြောသံကြားရတယ်။ အိပ်ခန်းနဲ့ ဧည့်ခန်းက နည်းနည်းလှမ်းပေမယ့် သူတို့တွေ ဧည့်ခန်းဆက်တီမှာ ထိုင်ကြတဲ့အသံမျိုး ဦးဘစိုးတင်ကြားရတယ်။ ဒီကောင်မလေး ဘာလုပ်နေပါလိမ့်၊ မြန်မြန်စစ် မြန်မြန်ပြန်ပြီးတာကိုလို့ သူတွေးနေမိတယ်။ ဧည့်ခန်းမှာ ဒီလို ခဏတစ်ဖြုတ်ထိုင်ပြီး ပြန်သွားလည်း ကောင်းတာပါပဲလေလို့ သူ့အတွေးပြောင်းပြန်တယ်။ ဒါပေမဲ့ အဲဒီလို ပေါ့ပေါ့တန်တန်တော့ လုပ်မယ်မထင်ဘူး။ စီမံချက်က အထူးစီမံချက်။ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး။ စေ့စေ့စပ်စပ် စစ်ဆေးကြရမှာ။ ‘‘အခါးရေသောက် ကြပါဦး’’ ဆိုတဲ့ မေသက်ရဲ့ အသံကိုလည်း ကြားရပြန်တယ်။ ကြွေကရားအိုးထဲကို ဓာတ်ဘူးထဲက ရေနွေးထည့်သံ၊ ရေနွေးငှဲ့သံ အတိုင်းသား ကြားနေရတယ်။ မေသက် ဘယ်လိုများ ၀တ်သွားပါလိမ့်။ ခုတင်ခြေရင်း ထဘီတန်းပေါ်က ချည်သား ဘောင်းဘီရှည်ကို ကောက်စွပ်၊ တန်းမှာ ချိတ်နဲ့ ချိတ်ထားတဲ့ အင်္ကျီတစ်ထည်ကို အလွယ်ဝတ်ထွက်သွားတာ ပြန်သတိရပြီ။ အရေးထဲ ရုပ်ရှင်မင်းသမီး သင်ဇာဝင့်ကျော်ကို သတိရ
လိုက်မိသေး။ ဒီလူတွေလည်း မေသက်ရဲ့ အလှကျော့ကွင်းမှာ မိနေကြပုံရပါတယ်။ မေသက်ရဲ့ အလှကျော့ကွင်းမှာ ဒီလူတွေ မိလို့လည်း အပြစ်မတင်ပါဘူး။ ဦးဘစိုးတင် ကိုယ်တိုင်လည်း ရှောင်မှမရှောင်နိုင်ခဲ့ပဲ။ ဦးဘစိုးတင်က မိသားစုနဲ့ ခွဲနေရတာမို့ မိသားစု ငတ်နေတာ။ သား၊သမီးတွေ ပညာရေးအတွက် မိသားစုကို ရန်ကုန်မှာထားပြီး ဒီမြို့မှာ တစ်ကိုယ်တည်းနေရတာ။
မေသက်ရဲ့ ယောက်ျားက သစ်မှုနဲ့ အဖမ်းခံထားရတယ်။ သူ့ယောက်ျား အမှုပေါ့ရေးအ တွက် ဦးဘစိုးတင်ရဲ့ ရုံးခန်းကို မေသက်လာတယ်။ မေသက်နဲ့ ပထမဆုံးတွေ့ရတဲ့နေ့ကို ဦးဘစိုးတင် မမေ့ဘူး။ ဦးဘစိုးတင်ရဲ့ ရုံးခန်းက နှစ်ထပ်။ အတွင်း၊အပြင် တိုးလျှိုပေါက် မမြင်နိုင်တဲ့ မှန်အ နောက်နဲ့ အခန်းကန့်ထားတာ။ သူ့စားပွဲက အတွင်းခန်းမှာ သတ်သတ်။ အပြင်ခန်းမှာ လက်ထောက်စာရေးမ နှစ်ယောက်ထိုင်တယ်။ အဲဒီနေ့က ဦးဘစိုးတင်လည်း ပျင်းပျင်းရှိတာနဲ့ ဂျာနယ်တွေရောက်ပြီလားမေးဖို့ အပြင်ခန်းကို ထအလာ၊ အပြင်ခန်းမှာ ထိုင်စောင့်နေ တဲ့ မေသက်ကို စတွေ့တာပါပဲ။ စာရေးမလေးတွေက ဦးဘစိုးတင်ရဲ့ အခန်းထဲကို ၀င်ခွင့်မပေးသေးဘဲ ထိုင်စောင့်ခိုင်းထားတာ။ ဦးဘစိုးတင် အားနေပျင်းနေတာ ရယ်၊ မိန်းကလေးက စိတ်ဝင်စားဖို့ ကောင်းတာရယ်ကြောင့် မေသက်ကို သူ့ရုံးခန်းထဲ ၀င်ခွင့်ပေးလိုက် တယ်။
အခန်းထဲရောက်ရင် ရောက်ချင်း မေသက်က ကြမ်းပြင်မှာ ထိုင်လိုက်ပြီး ဦးဘစိုးတင်ကို ဦးသုံးကြိမ် ချကန်တော့တယ်။ ပြီးမှ ကုလားထိုင်မှာထိုင်၊ စာရွက်စာတမ်းတွေ ထုတ်ပြပြီး သူ့ယောက်ျားအမှု အကြောင်းပြောတာ။ အကူအညီတောင်းတာ။ အမှုက အမှုကြီး။ အမှုသည်များ ထုံးစံအတိုင်း မတရားခံရတာပါ၊ ကူပါ ကယ်ပါပေါ့။ နောက်တော့ မေသက်က ဦးဘစိုးတင်အခန်းကို တံခါးမရှိ ဓားမရှိ စာရေးမလေးတွေရဲ့ အတားအ
ဆီး မရှိဝင်တယ်။ အဲဒီ နောက်တော့ ဦးဘစိုးတင် တစ်ယောက်တည်းနေတဲ့ အိမ်ကိုမေသက် မကြာမကြာ ရောက်လာပြီး စားစရာ သောက်စရာလေးတွေ လာပို့တယ်။ သူ့အခက်အခဲတွေ ပြောပြရင်း ငိုတယ်။ နှလုံးသား ပျော့ပျောင်းတဲ့ ဦးဘစိုးတင်က မေသက်ကို နှစ်သိမ့်အားပေးတယ်။ နှစ်သိမ့်ပေးရင်း နှစ်သိမ့်ပေးရင်းနဲ့ မစွန်းရင်းရှိတဲ့ ဦးဘစိုးတင်ကန်စွန်းခင်းမှာ ငြိတော့တာပါ ပဲ။ ငြိပြီဆိုမှတော့ ရုန်းရခက်ခက်။ ဦးဘစိုးတင် လွတ်မြောက်ရာလမ်းကို ရှာပါတယ်။ အကျွမ်းတ၀င် လေ့လာမိတာကတော့ ပုဒ်မ ၄၉၇ မယားခိုးမှု။ ဥပဒေမှာဘယ်လို ပျော့ကွက်၊ ဟာကွက်တွေရှိသလဲရှာတယ်။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာပေါ့။ ကယ်ပေါက်လေးတွေလည်း တွေ့ထားပါတယ်။ ဒီတော့လည်း မေသက်တို့အိမ်ကို ဦးဘစိုးတင်လည်း ညလူခြေတိတ်ချိန်မှာ ချောင်းပေါက်အောင် ရောက်တော့တာပဲ။
ခုတော့ မေသက်တို့အိမ်က အိပ်ရာခုတင်အောက်မှာ လေးဖက်ထောက်ဝပ်နေရင်း သူနောင်တရနေပြီ။ ဒီကလေးမနဲ့ ငြိစွန်းမိတာ မှားတယ်။ အထူးစစ်ဆေး ရေးအဖွဲ့က သူ့ကို ပြူးပြူးကြီးမိရင် ရှင်းရတော်တော်ခက်မယ်။ တွေးရင်း အသက်ရှူကျပ်လာပါတယ်။ မောတာ။ သူများသားမယားနဲ့ မပတ်သက်ဘဲ စင်တင်က ကောင်မလေးတွေနဲ့ ပတ်သက်ချင်ရင် လွယ်သားနဲ့ ဦးဘစိုးတင်ကလည်း ခက်တာကိုမှပတ်သက်မိခဲ့ပြီ။ ဦးဘစိုးတင်တို့လောကမှာ စင်တင်သွားတာ၊ စင်တင်က မရွှေချောတွေနဲ့ လုံးလားထွေးလားနေ တာက ထူးတဲ့ကိစ္စမဟုတ်ဘူး။ သမားရိုးကျ အပန်းဖြေကြတာလို့ လက်ခံထားတာ။ ဟိုတစ်ဖက် ကလည်း သူတို့ကို သပြေပန်းနဲ့ တောင် ကြိုနေဦးမှာ။ လူကြီးလာ
ရင်လည်း ကာရာအိုကေသွားနေ ကျ၊ စင်တင်ပို့နေကျမို့ စင်တင်နဲ့ ငြိတယ်ဆိုရင် လူကြီးက ပြုံးရုံပဲပြုံးနေမှာ။ အားလုံးက နားလည်ခွင့်လွှတ်ပြီးသား။ ဒါမှမဟုတ် ဂေါက်ကွင်းမှာလည်း မိန်းကလေးပေါသလားမမေးနဲ့။ ခုတော့မှားပြီ။ နောင်တနောင်တ နောင်မှရ ဆိုတာ တယ်မှန်တာပဲလို့ ခုတင်အောက်မှာ ၀ပ်နေရင်း ဦးဘစိုး တင် တွေးမိတယ်။
စစ်ဆေးရေးအဖွဲ့ဝင် ရပ်ကွက်လူကြီးက ‘‘အထူးစီမံချက်မို့ မမေသက်တို့ အိမ်ကိုလည်း ၀င်ကြည့်ရတာပါ’’လို့ လေချိုသွေးနေတယ်။ အထူးစီမံချက်။ ဟုတ်ပါ့။အထူးစီမံချက်ကို ဦးဘစိုးတင် မေ့သွားတယ်။ လုံခြုံရေး အစည်းအဝေးတုန်းက မသမာသူ အဖျက်သမား အဖွဲ့ဝင်တစ်ယောက် အမှတ်(၃)ရပ်ကွက်ထဲ ခိုနေတယ်လို့ သတင်းရတဲ့ကိစ္စ ဆွေးနွေးခဲ့ကြတယ်။ ဦးဘစိုးတင်ကတောင်မှ အမှတ်(၃)ရပ်ကွက်ဆိုတာ မေသက်တို့ ရပ်ကွက်ပဲဆိုပြီး မေသက်အတွက် ပူပန်လိုက်မိသေးတယ်။ အထူးစီမံချက်အရ တစ်အိမ်တက်ဆင်း ရှောင်တခင် ရှာဖွေစစ်ဆေးဖို့ ဆုံးဖြတ်ထားတာ မေ့သွားတယ်။ မေ့ရင်ခံပေါ့။ ဦးဘစိုးတင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မဆုံးပါ ဘူး။
ဧည့်ခန်းမှာထိုင်နေတဲ့ စစ် ဆေးရေးတွေက မေသက်ရဲ့ ညှို့ချက်မိနေပုံရတယ်။ ရယ်မောသံ တွေ ကြားနေရတယ်။ အခုလိုအချိန်မှာ ဦးဘစိုးတင် ခုတင်အောက်က အသာလျှိုထွက်ပြီး နောက်ဖေးပေါက်က လစ်ရင်ကော။ ကောင်းလိုက်တဲ့အကြံ။ မေသက်တို့အိမ် နောက်ဖေးပေါက်က သူဝင်နေကျ။ လမ်းကျွမ်းပြီးသား။ နောက်ဖေးပေါက်မှာ စစ်ဆေးရေးအဖွဲ့က ကင်းပုန်းချထားရင် ကော။ ကမ္မသကာ ကံသာအားကိုး ရတော့မှာပဲလို့ သူစဉ်းစားတယ်။ ဒါကြောင့် ခုတင်အောက်ကနေ လေးဖက်ထောက်ပြီး သူထွက် တယ်။ အိပ်ခန်းတံခါးဝကနေ စစ်ဆေးရေး အဖွဲ့တွေထိုင်နေတဲ့ ဧည့်ခန်းကို လှမ်းကြည့်တယ်။ နည်းနည်းဝေးတယ်။ သူရှိတဲ့နေ ရာက မှောင်ရိပ်ကျနေတယ်။ ဦးဘစိုးတင်က အမှောင်အားကိုးနဲ့ လေးဖက်ထောက်ပြီး နောက်ဖေး ပေါက်ဆီ ခွေးသွားသွားတယ်။ အရေးထဲမှ ၀တ်ထားတဲ့ပုဆိုးက တုပ်ပြီး လှမ်းရတာ တုံ့နေသေးတယ်။ နှေးနေလို့ မဖြစ်ဘူး။ ဦးဘစိုးတင် ခပ်သွက်သွက်လှမ်းတယ်။ နောက်ဖေးတံခါးမကြီးကို ရောက်ပြီ။ ဧည့်ခန်းကို လှမ်းကြည့်တော့ တော်တော်ဝေးပြီး သူ့နေရာက အမှောင်ရိပ်ကျတယ်။ ဒါကြောင့်မတ်တတ်ထပြီး တံခါးချက်ကို အသံမမြည်အောင် ကျိတ်ဖွင့်လိုက် တယ်။ အပြင်ကို ခြေလှမ်းလှမ်းထွက်တယ်။ မှောင်ရိပ်ကိုခိုပြီး ကင်းပုန်းရှိ၊မရှိ ကြည့်တယ်။ မမြင်ဘူး။ ဒါကြောင့် ခပ်သွက်သွက်လှမ်းတယ်။ ခပ်သုတ်သုတ်လျှောက်တော့ ခြေလှမ်းက တုံ့နေပြန်တယ်။ ပုဆိုးကို ပြင်ဝတ်ရင်းငုံ့ကြည့်လိုက်တော့ သူဝတ်ထားတာ သူ့ပုဆိုးမဟုတ်ဘဲ မေသက်ရဲ့ ထဘီ ဖြစ်နေတယ်။ ဒါကြောင့် ကွင်းက ကျဉ်းပြီး တုံ့နေတာ။ အလျင်စလိုနဲ့ သူ့ပုဆိုးထင်ပြီး ကောက်ဝတ်မိခဲ့တာ ခုနေမှ ပြန်လဲလို့လည်း မဖြစ်တော့ဘူး။
ဦးဘစိုးတင် နောက်ဖေးလမ်းကြားလေးအတိုင်း အပြေးတစ်ဝက်နဲ့ ထွက်လာခဲ့တယ်။ ခုနေများ သူ့ကိုသိတဲ့လူတွေနဲ့ တွေ့ရင် ဘယ်လိုထင်မှာလဲ။ ရခိုင်လုံချည်၊ စတစ်ကော်လာ အင်္ကျီဖြူနဲ့ တိုက်ပုံအင်္ကျီ မချွတ်တမ်းဝတ်ပြီး စားပွဲအကြီးကြီးနောက်မှာ ဆုံလည်ကုလားထိုင်နဲ့ ခံ့ခံ့ကြီးထိုင်နေတတ်တဲ့ လူကြီးမင်းက သူများအိမ်နောက်ဖေးလမ်းကြားမှာ မိန်းမထဘီကြီးဝတ်လို့ မှောင်ရိပ်ခိုနေပါရောလား။ ။
{ 7Day News မှ ကူးယူပါသည်။ }
့်On Fri, 2018-11-30 20:53Issue No.No.1996 Saturday, December 1, 2018
No comments:
Post a Comment