Monday, 31 December 2018

မဲလုံး 🔷🔷🔷 ဖေမြင့်

မဲလုံး 


🔷🔷🔷


ဖေမြင့်


လူတွေဟာ ငါ့မျက်နှာကိုချည်း ကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့မကြည့်ကြတာလဲ။ ခြေထောက်တွေကိုကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့် နေမိသည်။ သူတစ်ခါမျှမမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။


 

မဲလုံးက ဆရာဝန်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်း မသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ် မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက် ရှင်သန်နိုင်လောက်သည့်ခွန်အား မရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓာတ်ပင် မရှိတော့။ တစ်သက်လုံး မတ်တတ် မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင် တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လှဲ၍နေ ချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြ သည်ပဲဟု မဲလုံးတွေးမိသည်။


သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ်သက်လုံး သူ့ကိုခိုင်းစေလာကြသူများ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံ ခန့်ခွဲလာကြသူများ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင် ခြယ် လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံးအံ့သြမိမည် မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် သည်လူတွေကို တစ်ခုလောက် မဲလုံးတောင်းပန်ချင်သည်။ သူ့ရှေ့ ခြေထောက် နှစ်ချောင်းမှာ ချည်နှောင် ထားသည့် သံကြိုးကို သူမသေမီ တဒင်္ဂကလေး ဖြစ်ဖြစ် ဖြေပေးပါဟူ၍ပဲဖြစ်သည်။


သံကြိုး အတုပ်အနှောင်ကင်းသောဘ၀၊ တစ်သက်လုံး မျှော်မှန်းတမ်းတခဲ့ရသည့် လွတ်လပ်သော ဘ၀ကို ယခုနောက်ဆုံးအချိန်ကျမှပင် သူအမွတ်သိပ်ကြီး မွတ်သိပ်နေမိတော့သည်။ သို့သော် စင်စစ်တော့လည်း နှောင်ကြိုးမဲ့သောဘ၀၏ အရသာ၊ လွတ်လပ်သောဘ၀၏ အရသာဆိုသည်ကို သူသေသေချာချာပင် မှန်းဆမိတော့သည်မဟုတ်။


သည်ဘ၀မျိုးနှင့်ဝေးနေတာကြာခဲ့ပြီ။


တောထဲမှာဆွေအုပ်မျိုးအုပ်နှင့် လွတ်လပ်စွာ လှည့်လည်သွားလာနေထိုင်ခဲ့ရသည့်ဘ၀။ တစ်နေကုန်တစ်နေခန်း စားလိုက် ၀ါးလိုက် မြူး တူးပျော်ပါးလိုက်နှင့် နေထိုင်ခဲ့ရသည့် ဘ၀။ ကိုယ့်ခြေလေးခြောင်းလုံးကို ကိုယ်ပိုင်ပြီး ကိုယ့်ကျောပေါ်မှာလည်း ဘယ်သူ့ကိုမှ တင်ခေါ်စရာ မလို၊ ဘယ်အလေးအလံတွေကိုမှလည်း တွန်းထိုးဆွဲငင်နေစရာမလိုသည့်ဘ၀။ ယခုတော့ သည်ဘ၀သည် သူမည်မျှပင် တမ်းတသည်ဆိုစေ အာရုံထဲတွင်ကား ၀ိုးတ၀ါးမျှသာ ရှိတော့ပြီ။ သို့သော် နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် ယနေ့ကာလတိုင် သူ့ခေါင်း ထဲတွင် ပြက်ပြက် ထင် ထင် မြင်နေဆဲ အဖြစ်အပျက်တစ်ခုကား ရှိနေသည်။


လွတ်လပ်သော ဘ၀နိဂုံးချုပ်သောနေ့။


ကျွန်ဘ၀သို့ကျရောက်ခဲ့သည့်နေ့။


******************************


သူတို့ဆင်အုပ်ကျက်စားရာအနီးတ၀ိုက်မှာ လူသတ္တ၀ါအချို့ရောက်ရှိနေတာ သူတို့သတိပြုမိကြသည်။ တောထဲမှာရှိသည့် အခြားသတ္တ၀ါမျိုးစုံ၏ သဘောကို သူတို့သိကြသည်။ သို့သော် လူဆိုသော သတ္တ၀ါ၏သဘောသဘာဝကိုမူ သူတို့မသိကြ။ ထိုသူတို့၏အလေ့အထကို သူတို့ နားမလည်။ မကျွမ်းကျင်။


မကျွမ်းကျင်သည့်အတွက်ကြောင့် သူတို့သည် ထိုလူဆိုသော သတ္တ၀ါကို သတိထားကြသည်။ ကြောက်ကြသည်။ ရှောင်ကျဉ်ကြသည်။ သို့သော် ထိုသို့ကြောက်ရင်း ရှောင်ကြဉ်ရင်းပင် လူ၏ထောင်ခြောက်တွင်းသို့ သူတို့သက်ဆင်းခဲ့ကြခြင်း ဖြစ်ချေသည်။


ထိုနေ့က တောထဲမှာ အ၀ီစိပွက်လေသည်။


ပတ်ပတ်လည် တောတခွင်လုံးမှာ ကြောက်မက်ဘွယ် ဆူညံသံများ ရုတ်တရက် အဆက်မပြတ် ထွက်ပေါ်သည်။ သည်အသံတွေသည် လူတို့ဖန်တီးသည့် သေနတ်သံ၊ ဗျောက်အိုးဖောက်သံ၊ တုံးခေါက်သံ၊ သံပုံးတီးသံ၊ အော်သံဟစ်သံများဖြစ်ကြောင်း မဲလုံးတို့မသိနိုင်။ သူတို့သိသည်မှာ ကြောက်မက်ဘွယ် တစ်ခဲနက်အသံကြီးများ အဆက်မပြတ်ပေါ်ထွက်နေခြင်းသာ ဖြစ်သည်။


သည်အသံဗလံများနှင့်အတူ မီးတောက်မီးလျှံတွေလည်း အရပ်မျက်နှာအနှံ့အပြားမှာ ခြောက်ခြားစရာ မြင်တွေ့ကြရသည်။ တုန်လှုပ်ခြောက်ခြား ရသည့်အချိန်အခါမျိုး၌ သူတို့အားကိုးရာသည် အဘ စွယ်စုံကြီး ဖြစ်၏။ အဘစွယ်စုံကြီးပြေးရာနောက်သို့ သူတို့အားလုံး ထပ်ကြပ်မကွာ လိုက်ကြလေသည်။ သစ်ပင် သစ်ကိုင်းနှင့် ချုံနွယ်ပိတ်ပေါင်းတို့သည် သူတို့ဆင်အုပ်ကြီးအောက်တွင် ပြားပြားဝပ်၍ ကျန်ရစ်သည်။ တစ်တောလုံးသည်လည်း လူတို့လုပ်သော အသံများထက်ပင် ပို၍ဆူညံ ပို၍ခြောက်ခြားဖွယ်ကောင်းသည့်ဆင်အုပ်ကြီး၏ ထိတ်လန့် တကြား အော်သံဟစ်သံ ပြေးလွှားသံများကြောင့် ကမ္ဘာပျက်သည့်နှယ် ပွက်ပွက်ညံလျက်ရှိလေသည်။


ကျုံး …


ရှေ့ လည်း မတိုးနိုင်၊ နောက်လည်းမဆုတ်နိုင်သောအနေအထားမျိုး တောထဲမှာမဲလုံး တစ်ခါမျှ မကြုံစဖူးခဲ့။ ရှိသမျှ အဆီးအတားကို အုပ်စုကြီး၏အင်အားဖြင့် တရကြမ်းဖယ်ရှားကာ ကမူးရှုးထိုးပြေးလွှားခဲ့ရာက ရုတ်တရက် ရှေ့ မတိုးနိုင် နောက်မဆုတ်နိုင်ဘေးဘီပင် မလှည့်နိုင်သည့် ထူးဆန်းသော အကျဉ်းအကျပ်တစ်ခုထဲသို့ လျှပ်တပြက်ရောက်သွားသောအခါ မဲလုံး သွေးပျက်မတတ် ထိတ်လန့်သွားမိသည်။


ကျုံးထဲမှာပိတ်မိနေကြပြီ။


ထုံးစံအတိုင်း အဘစွယ်စုံကြီးကို အားကိုတကြီး လိုက်ရှာကြည့်သည်။ အဘစွယ်စုံကြီးသည် နံဘေးနံရံရှိ သစ်လုံးတိုင်ကြီးများကို တအားတို့ဝှေ့ ကာ ဖြိုဖျက်နိုင်ရန် ကြိုးပမ်းနေသည်။ သစ်လုံးတိုင်တွေ ယိုင်၍ယိုင်၍သွားသည်။ သည်တိုင်တွေယိုင်လဲသွားလျှင် သူတို့အားလုံး ထွက်ပြေး လွတ်မြောက်နိုင်ကြမည်။ မဲလုံးတို့မျှော်လင့်တကြီးကြည့်နေဆဲ ရုတ်တရက်အလွန်ပြင်းထန် ကျယ်လောင်ပေါက်ကွဲသောအသံကြီး တစ်ခု အနီးကပ်ကြားလိုက်ရသည်။ အဘစွယ်စုံကြီး တုံ့ခနဲဖြစ်သွားပြီး တဖြည်းဖြည်း ဖင်ထိုင်ကျသည်။ အဘ၏နားသယ်စပ်ဆီမှ နီရဲသော သွေး စီးကြောင်းတစ်ခု စီးဆင်းကျလာသည်။ ထို့နောက် စွယ်စုံကြီးဘေးတိုက်လဲကျသွားပြီး နာကျင်စွာ ညည်းညူအော်မြည်သည်။ သို့သော် ခဏမျှသာကြာသည်။ အသံတိတ်သွားပြီး ခန္ဓာကိုယ်ကြီးလည်း မလှုပ်မယှက် ငြိမ်သက်သွားလေသည်။


အဘစွယ်စုံကြီးကျဆုံးသွားခြင်းနှင့်အတူ မဲလုံးတို့လွတ်လပ်သောဘ၀လည်း နိဂုံးချုပ်ခဲ့ရလေသည်။


******************************


 


သို့သော် မမှန်းဆနိုင်သောအကြောင်းတစ်ခုခုကြောင့် တစ်နေ့သောအခါ မိမိအလိုအလျောက် လွတ်မြောက်လေမလား ဟူသော မျှော်လင့်ချက် ကလေးတစ်ခုကမူ သူ့ရင်ထဲတွင်ကိန်းအောင်း၍ နေခဲ့သည်။ စင်စစ် သည်မျှော်လင့်ချက်ကြောင့်ပင် မဲလုံးသည် ….


သူ့ခန္ဓာကိုယ် အသွေးအသားထဲ သူ့ဦးနှောက်နှင့် သူ့နှလုံး သားထဲမှ အရိုင်းစိတ်ကို လေ့ကျင့်ခန်းအမျိုးမျိုး သင်တန်း အမျိုးမျိုးဖြင့် ချိုးဖျက်ဖောက် ထုတ်ခဲ့ကြသည့် ရှည်လျားသော ငရဲခန်းကာလကိုကား မဲလုံးပြန်မတွေးချင်။ သူ့လည်ကုပ်ပေါ် လူတစ်ယောက်ပထမဆုံး ခွစီးခံရသည့် အဖြစ်ကို သတိရ လျှင်ပင် သူမျက်ရည် လည်လာသည်။


တကယ်တော့ မဲလုံးသည် ခွန်အားဗလကြီးမားသော် လည်း ဒေါသ အာဃာတနည်းပါးသူ၊ အစွယ်နှစ်ချောင်း ပြိုင်းပြိုင်းရှိသော်လည်း တိုက်လို ခိုက်လိုစိတ် ကင်းမဲ့ သူဖြစ်ခဲ့သည်။ လူသခင်များကို တော်လှန်ဖောက်ဖျက်ကာ ကျွန်ဘ၀မှလွတ်မြောက်ထွက်ပြေးဖို့ မဲလုံးတစ်ခါမျှ မကြိုးစားဘူး ခဲ့။ လွတ်မြောက်နိုင်သည်ဟူသော ယုံကြည် ချက်ရော၊ လွတ်မြောက်အောင်ကြိုးပမ်းမည် ဟူသော စိတ်ဓာတ်ပါ သူ့ရင်ထဲမှာ တစ်ကြိမ် တစ်ခါမျှပင် ပီပြင် ထင်ရှားစွာ မဖြစ်ပေါ်ဘူးခဲ့။ သူ့တစ်သက်လုံး လူတို့ခိုင်းသမျှ စေသမျှကိုသာ ကျေပွန်စွာထမ်းဆောင်ကာ သဘောကောင်းသော ဆင်ကြီးဘ၀၌ ကျိုးနွံစွာနေထိုင်ခဲ့သည်။ စင်စစ်လည်း အဘစွယ်စုံကြီးကျဆုံးချိန်တွင် သူ၏အရိုင်းစိတ်ဓာတ်နှင့် ရိုင်းသတ္တိများ တစ်ဝက်ကုန်ခဲ့၍ လေ့ကျင့် သင်တန်းဆင်းကာလတွင် လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သည်ဟု ဆိုရပေမည်။ ထိုကာလမှစ၍ မဲလုံးရင်ထဲ၌ အနှောင်အတည်းမှ ကင်းလွတ်လိုသောဆန္ဒနှင့် အနှောင်အတည်းခံဘ၀တွင်နေရခြင်းအတွက် ၀မ်းနည်းကြေကွဲခြင်း ခံစားမှု များမှတပါး အခြားမရှိတော့။


သို့သော် မမှန်းဆနိုင်သောအကြောင်းတစ်ခုခုကြောင့် တစ်နေ့သောအခါ မိမိအလိုအလျောက် လွတ်မြောက်လေမလား ဟူသော မျှော်လင့်ချက် ကလေးတစ်ခုကမူ သူ့ရင်ထဲတွင်ကိန်းအောင်း၍ နေခဲ့သည်။ စင်စစ် သည်မျှော်လင့်ချက်ကြောင့်ပင် မဲလုံးသည် လူတို့လက်တွင်သည်မျှ အသက်ရှည်ရှည် နေနိုင်ခဲ့ခြင်း ဖြစ်သည်။ သူနှင့်အတူ အဖမ်းဆီးခံရသည့်အထဲမှ မဲမကြီးဆိုလျှင် လေ့ကျင့်သင်တန်းပေးခံရစကာလမှာပင် ရင်ကွဲနာဖြင့်ကွယ်လွန်သွားခဲ့သည်။ တမှိုင်မှိုင် တတွေတွေနှင့် စိတ်ပျက်အားလျော့စွာအလုပ်လုပ်ရင်း သူ့ထက်စောစီးစွာ သေဆုံးခဲ့ကြသူတွေ ကိုလည်း မဲလုံး မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။


အဆိုးဆုံးကတော့ ဘညို ဖြစ်သည်။ ဘညိုသည် ဆင်သမားတွေ ၀ိုင်းဝန်းရိုက်ပုတ်အော်ဟစ်နေ ကြသည့်ကြားကပင် ကိုယ့်နှာမောင်းကို ကိုယ်တက်နင်းကာ အဆုံးစီရင်သွားခဲ့သည်။ ဘညို၏လုပ်ရပ် ကို ချီးမွမ်းရမလား၊ အပြစ်တင်ရမည်လား မဲလုံးမဝေခွဲတတ်။ သို့သော် ဘညို လုပ်သွားပုံကို ပြန်လည်မြင်ယောင်မိတိုင်း အကြီးအကျယ်တုန်လှုပ်ချောက်ချားရစမြဲ။ သည်မြင်ကွင်းကို ချက်ချင်းပြန်လည်မေ့ပစ်နိုင်ရန် သူအတင်းကြိုးစားစမြဲဖြစ်သည်။


*******************************


စင်စစ် မဲလုံးမျှော်လင့်ထားခြင်းသည် လူတို့၏စိတ်သဘောနှင့်ပတ်သက်၍အကဲခတ်မှားခြင်းကြောင့် လည်း ဖြစ်သည်။ မဲလုံး၏စိတ်၌ မိမိသည် လူတို့ခိုင်းသမျှစေသမျှကို မညည်းမညူဆောင်ရွက်ပေးလျှင် တစ်နေ့သောအခါ မိမိအပေါ် စေတနာတုံ့ပြန်လိမ့်မည်၊ မဲလုံးကြီး သွားလိုရာ သွားတော့ဟု ကြိုးဖြေပေး လိမ့်မည်ဟူ၍ တစ်ခါတစ်ရံ မျှော်လင့်နေမိသည်။ တစ်ခါတစ်ရံလည်းလူတွေမှာ တစ်နေ့သောအခါ လုပ်စရာကိစ္စ ၀ိစ္စတွေပြီးစီးသွားပြီး သူတို့အရပ်သို့ သူတို့ပြန်သွားကြကာ မိမိတို့အား မိမိတို့သဘာဝ အတိုင်း တောထဲတွင် လွတ်လွတ်လပ်လပ် နေကြရန် ထားပစ်ခဲ့ကြလိမ့်မည်ဟုလည်း မရေမရာ မျှော်လင့်နေမိတတ်သေးသည်။


သို့သော် လူတို့၏ကိစ္စ၀ိစ္စများမှာ ပြီးဆုံးသည်ဟူ၍ မရှိခဲ့ချေ။ လူတွေလက်ထဲရောက်ရှိပြီး သူတို့ အမိန့်ပေးစကားများကို နားလည်အောင် သင်ကြားပြီးသည့်အချိန်ကစ၍ သစ်လုံးတွေကို ဦးခေါင်းနှင့် တွန်းရွှေ့သည့်အလုပ်၊ သစ်လုံးရှည်ကို ကြိုးနှင့်ဆွဲသည့်အလုပ်များကို သင်ရင်းလုပ် လုပ်ရင်းသင်ရ သည်။ အလုပ်သင်ဘ၀မှာပဲ နှစ်ပေါင်းအတန်ကြာခဲ့သည်။ စင်စစ် လမ်းမရှိသည့် လျှိုမြောင် ချောက်ကမ်းတောတောင်တန်းများ ကိုဖြတ်သန်းကာ သစ်လုံးများကို မြစ်ဆိပ်အရောက် သယ်ရဆွဲရ သည့်အလုပ်သည် အန္တရာယ်များသလောက် ကျွမ်းကျင်မှုလည်း အထူးလို အပ်သော အလုပ်ဖြစ်သည်။


မဲလုံးက သဘောကောင်းရုံ ၀ီရိယနှင့် ခွန်အားဗလရှိရုံသာမက ဉာဏ်ပညာလည်း ထက်မြက်သူ ဖြစ်သည်။ ထို့ကြောင့် သစ်လုပ်ငန်းပညာကို သူတကာထက် လျင်မြန်စွာတတ်မြောက်သည်။ အားတက်သရော ကျွမ်းကျွမ်းကျင်ကျင်လုပ်သည်။ မဲလုံးနှင့်လုပ်ရလျှင် အလုပ်တွင်သည်ဟု လူတိုင်းက မှတ်ချက်ချကြသည်။


စင်စစ် အသက်နှစ်ဆယ်အရွယ်လောက်မှာပင် မဲလုံးသည် တကယ်ခန့်ညား၍ ဥပဓိရုပ်ကောင်းသော ဆင်ကြီးတစ်ကောင်ဖြစ်ခဲ့သည်။ ဦးခေါင်းကြီးသည်။ နဖူးပြင်ကျယ်သည်။ နားရွက်ဖားသည်။ မျက်လုံးများကြည်လင်၍ တကယ်စိတ်နှလုံးကောင်းရှိသော အသွင်အပြင် မျိုးဖြစ်သည်။ ကျောကုန်းက ရှေ့ ပိုင်းညီညာကာ နောက်သို့ပြေလျောကျဆင်းသွားသည်။ လည်ပင်းကတိုသော်လည်း ဗြက်ကျယ်သဖြင့် ဆင်ဦးစီးအတွက် အထိုင်ကောင်းသည်။ ထို့ပြင် ရင်အုပ်ကျယ်သည်။ ရှေ့ ခြေနှစ်ချောင်းကားပြီး မြင့်လည်းမြင့်သည်။ နောက်ခြေနှစ်ချောင်းက တိုတုတ်သလောက် တောင့်တင်းခိုင်မာဟန်ရှိသည်။ ခြုံ၍ပြောရလျှင် မဲလုံးသည် ဆင်အကြောင်းနားမလည်သူများ ပင် မြင်ရုံနှင့် နှစ်သက်ကြ မည့် ဆင်ခန့် ဆင်လှကြီး တစ်ကောင်ဖြစ်သည်။


သဘောကောင်းသော မဲလုံးကြီးကို ဆင်ဦးစီးများ၊ ဆင်ခေါင်းများသဘောကျသကဲ့သို့ ခံ့ညား တည်ကြည်သောဥပဓိရုပ်နှင့် သူမတူသော လုပ်ရည်ကိုင်ရည်များကြောင့် ဆင်ပိုင်ရှင်များအတွက် လည်း ဂုဏ်ယူဝင့်ကြွားစရာဖြစ်ခဲ့သည်။ မက်ဂရီကာကုမ္ပဏီမှ ဖာဂူဆင်တို့ စမစ်တို့ဆို လျှင် ကုမ္ပဏီဌာနချုပ်မှဧည့်သည်အသစ်ရောက်တိုင်း မဲလုံးကို တခမ်းတနား ပွဲထုတ်ပြလေ့ရှိသည်။ သူနှင့်တွဲ၍ ဓာတ်ပုံရိုက်ကြသည်။ သူ့တစ်ကိုယ်တည်းကိုလည်း ဓာတ်ပုံတွေ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကြသည်။ သူ့ကိုကကြိုးတန်ဆာတွေ အမျိုးမျိုးဆင်ယင်ကာ စီးကြည့်ကြသည်။ သစ်တုံးကြီးများကိုတွန်းကြည့်ခိုင်း ဆွဲကြည့်ခိုင်းကြသည်။ လေးတန်လောက်လေးသော သစ်တုံးကြီးကို မဲလုံးဆွဲပြသည်ကိုကြည့်ကာ လက်ခုပ် သြဘာပေးကြသည်။ သူ့ကို ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လိုတစိမ့်စိမ့်ကြည့်ကာ သူ့အမူအရာအမျိုးမျိုး၊ သူ့ဟန်ပန်အမျိုးမျိုးကို ရိုက်ကူး မှတ်တမ်းတင်ကြသည်။


တစ်ခါတစ်ခါတော့လည်း မဲလုံး၏စိတ်တွင် ဒီလူတွေသည်သူ့ကို တကယ်ပင် ချစ်ခင်တွယ်တာကြလေ သလား၊ တပ်မက်၍များပင်နေလေလား ဟု တွေးမိသည်။ သို့သော် ဘယ်လောက်ပင်ချစ်ယောင် ခင်ယောင်ပြုကြသော်လည်း အလုပ်ခိုင်းသည့်နေရာ၌ကား လျော့ပါးသွားသည်ဟူ၍ မရှိခဲ့ချေ။


နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့သည့် မဲလုံး၏ကျွန်ဘ၀သက်တမ်းအတွင်း ပိုင်ရှင်အဆက်ဆက် ပြောင်းခဲ့သည်။ ရှမ်းလူမျိုးဆင်ဖမ်းသမား များထံမှနေ၍ ဖာဂူဆင်တို့ မက်ဂရီကာ ကုမ္ပဏီသို့ ရောက်သည်။ မက်ဂရီကာမှတဆင့် မြန်မာဆင်သူဌေးတစ်ဦးလက်သို့ရောက်သည်။ သူဌေးက ကိုယ်ပိုင်သစ်လုပ်ငန်းတွင် ခိုင်းသည်။ ထို့နောက် အခြားမြန်မာဆင်သူဌေးတစ်ဦးထံသို့ ရောင်းချသည်။ ပထမတွင် ကိုယ်ပိုင်အလုပ်။ ထို့နောက်တွင် အစိုးရ သစ်လုပ်ငန်းသို့ငှားရမ်းသည်။ နောက်ပိုင်းလုပ်အားကျလာသောအခါ အစိုးရအလုပ်မှနှုတ်ထွက်ကာ သူဌေး ထံမှာ ဘောက်အလုပ်တွေလုပ်ပြီးနေခဲ့ရသည်မှာ ယခုကွယ်လွန်ခါနီး အချိန်အထိ။


ယင်းနှစ်ကာလများအတွင်း သူ့လည်ကုပ်ပေါ်စီးနင်းခဲ့သည့်ဆင်ဦးစီးတွေလည်း မနည်းတော့။ သူ့ကို အလုပ်အတူ လုပ်ဖော်တစ်ယောက်လို ညီနောင်သားချင်းတစ်ယောက်လို ညှာညှာတာတာ ဆက်ဆံဖော်ရသည့် ရွှေထီးတို့ ဖိုးခတို့လို ဦးစီးများနှင့်လည်း ကြုံခဲ့ရဖူးသည်။ ဘမုန်းတို့လို အလကားနေရင်း စိတ်တိုနေတတ်သော ဦးစီးများ၊ မညှာမတာ မစာနာတတ်သူများထံမှလည်း ဒုက္ခကြီးစွာ ခံခဲ့ရဖူးသည်။


ဘမုန်းအကြောင်းတွေးမိသောအခါ ဘမုန်းကို ချေမှုန်းခဲ့သည့် လရောင်ကြီးကို သတိရသည်။ လရောင်ကြီး ငါးနှစ်အတွင်း ဦးစီးလေးယောက် အပါအ၀င် လူကိုးယောက်ကို သုတ်သင်ရှင်းလင်း ပစ်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။


လရောင်ကြီး၏ပြင်းထန်သောစိတ်ဓာတ်မျိုး မဲလုံးတွင် မရှိပါ။ သူ့တစ်သက်လုံး လူကိုအန္တရာယ် ဖြစ်အောင်မလုပ်ဘူးခဲ့။ မတော်တဆ အထိတ်တလန့်ဖြစ်စေဖူးတာပင် တစ်ကြိမ်တစ်ခါပဲ ရှိခဲ့ဖူးသည်။ အဲသည်တုန်းက သူနေမကောင်း။ တစ်ကိုယ်လုံးမအီမသာ နာကျင်ကိုက်ခဲနေ သည်။ သူနေမကောင်းမှန်းသိသဖြင့် ပိုင်ရှင်တွေက သူ့ကိုအလုပ်မခိုင်း။ နေမကောင်းဖြစ်နေတာ မသိဘဲ အတင်းအလုပ်လုပ်ခိုင်းသည့် အခါမျိုးတွင် သူ့မှာ အလွန်ဒုက္ခကြီးမားလှသည်။ ယခု အလုပ်မခိုင်းသည့် အတွက် သူကျေးဇူးတင်နေမိသည်။ သစ်ပင်ရိပ်မှာရပ်ကာ အဖျားဝေဒနာကို ခံစားရင်း သူ့အတွေးများ ကို ငယ်စဉ်ဘ၀ဆီသို့ လွှင့်မျောနေသည်။


မပီသသော ကြည်နူးမှု ပုံရိပ်များ။


သို့သော် ကြည်နူးမှုက တာရှည်မခံ။


ထုံးစံအတိုင်း ကံဆိုးမိုးမှောင်ကျသော ထိုတစ်နေ့ဆီက အိပ်မက်ဆိုးများ သူ့ခေါင်းထဲ တိုးဝင်လာသည်။ သေနတ်သံ၊ ဗျောက်အိုး ပေထုပ်တို့. . ပေါက်ကွဲသံ၊ လူတွေ ညာသံပေးအော်ဟစ်သံများ။ ချောက်ချားစဖွယ်တောမီးရောင်များ။ ထို့နောက် အနီးကပ်ပေါက်ကွဲသည့် ဆင်ပစ်သေနတ် သံနှင့်အတူ အဘစွယ်စုံကြီးညည်းညူ လဲကျသေဆုံးသွားရပုံ။


ရင်တုန်လှိုက်မောစွာ အတိတ်အိပ်မက်ဆိုးကိုမြင်မက်နေဆဲ ညာဘက်နံဘေးမှ ထူးခြားသော လှုပ်ရှားမှု တစ်ခုကိုရုတ်တရက်မြင်လိုက်ရ ပြီး နှာမောင်းနှင့်ဆတ်ကနဲယမ်းကာ ကာကွယ်လိုက်မိသည်။ အခြေအနေမှန်ကို သူသတိပြုမိသည့်အချိန်တွင် သူ့အားဆေးကုရန်လာသော တိရစ္ဆာန်ဆေးကု ဆရာဝန်သည် မြေပေါ်တွင်တလိမ့်ခေါက်ကွေးဖြစ်သွားရာက လူးလဲထကာ နောက်သို့လေးငါးလှမ်း ဆုတ်ပြေးသည် ကို မြင်လိုက်ရသည်။


မဲလုံးရုတ်တရက်ထိတ်လန့်ပြီးလုပ်လိုက်မိခြင်းဖြစ်ကြောင်းရိပ်မိသည့် ဆင်သမားတစ်ယောက်က ဆရာဝန်၏ဆေးထိုးအပ်နှင့် ရွှေကိုင်းမျက်မှန် ကို လိုက်ကောက်နေသည်။ ဘေးလူများဝိုင်းရယ်ကြပြီးနောက် ကတုန်ကယင်ဖြစ်နေသောဆရာဝန်အား ဆေးပုလင်းတစ်လုံးထဲမှ အရည် တစ်ခွက်ငှဲ့တိုက်တာတွေ့ရသည်။


” မဲလုံးက ဒေါသမကြီးတတ်ပါဘူးဗျာ၊ မတော်တဆဖြစ်သွားတာပါ ”   ဟု သူ့အား မဲလုံးကိုယ်စား တောင်ပန်ကြလိမ့်မည်ထင်သည်။


*****************************


လူတွေဟာ ငါ့မျက်နှာကိုချည်း ကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့မကြည့်ကြတာလဲ။ ခြေထောက်တွေကိုကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့် နေမိသည်။ သူတစ်ခါမျှမမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။


ခြေလေးချောင်းလုံးခွေကာ မြေမှာဝပ်စင်းလျက်ရှိသည့် မဲလုံး၏အနီးတွင် လူတွေ တဖြည်းဖြည်း များလာသည်။ ဒီလူတွေ၏ မျက်နှာတွေသည် မကောင်းကြ။ အထူးသဖြင့် ပိုင်ရှင်၏မျက်နှာသည် မကောင်း။ သူ့အလုပ်ကို နှစ်ရှည်လများလုပ်ကိုင်ပေးခဲ့သည့်မဲလုံးကြီးအတွက် စိတ်မကောင်း ခြင်းကြီးစွာ ဖြစ်နေဟန်တူသည်ဟု မဲလုံးတွေးမိသည်။


ကျွန်တော့်အတွက် စိတ်မကောင်းမဖြစ်ပါနဲ့တော့၊ ကျွန်တော့်ကိုချစ်ရင် သံကြိုးကလေးသာ ခဏဖြေ ပေးပါ၊ တောထဲတောင်ထဲမှာ လည်း ပြေးလွှားခုန်ပေါက်မနေနိုင်တော့ပါဘူး၊ သံကြိုးမပါတဲ့ ခြေနဲ့ တစ်လှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ရရင်ပဲ ကျွန်တော်သေပျော်ပါပြီဟု သူ့စိတ်ထဲပြောနေမိသည်။


လူတွေဟာ ငါ့မျက်နှာကိုချည်း ကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့မကြည့်ကြတာလဲ။ ခြေထောက်တွေကိုကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့် နေမိသည်။ သူတစ်ခါမျှမမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။ ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းကို ပွတ်သပ်သည်။ သူဝမ်းနည်းသွားသည်။


သူ့အပေါ် ကြင်နာရှာသည်ပဲ။


ခိုင်းစေလွန်းသည့်အခါများတွင် တစ်ခါတစ်ရံငြူစူခဲ့ဖူးသည့်အတွက်ပင် သူအားနာသွားမိသည်။ လူစိမ်းက သူ့မျက်နှာကို တစ်ချက်မျှကြည့် လိုက်ပြီးနောက် သူ့အစွယ်ကို ပွတ်သပ်ကြည့်သည်။ အရှည်အလျားကြီးမဟုတ်သော်လည်း ညီညာဖြောင့်စင်း၍ အလွန်လှပသည့် စွယ်ငှက်ပျောဖူး နှစ်ချောင်း။ အစွယ်နှစ်ချောင်းကိုပွတ်သပ်နေရာက အစွယ်ရင်းရှိ အသားပျော့ထဲသို့ ထိုးကြည့် ဖိကြည့်သည်။


ရုတ်တရက် မဲလုံးသိလိုက်သည်။ ငါသေလျှင် ငါ့အစွယ်ကို ယူကြမည်ပဲ။ ငါသေလျှင်ဖြတ်ရောင်းမည့် အစွယ်ကို ငါမသေသေးခင်မှာပင် အားမနာပါးမနာ တိုင်းတာ ကြည့်ရှုနေကြသည်ပဲ။


သေသည့်နောက်မှာ ယူကြငင်ကြပါ။ အစွယ်သာမက အရိုးရောအသားပါ သူတို့ကြိုက်ရာ စီရင်ကြပါ။ မသေခင်လည်း ခိုင်းစေခဲ့ပြီး ပြီ။ သေသည့်နောက်တွင်လည်း ကျန်သမျှကို ယူကြငင်ကြဦးမည်။ ယူကြပါ။ သူတို့အတွက်လုပ်ကြပါ။ သို့သော် ငါ့ကို သံကြိုးဖြေပေးဖို့ ကလေးလောက်ကိုပင် သူတို့ လုပ်မပေးနိုင်ကြပြီလား။


တသက်လုံးမှာ ငါအတောင့်တဆုံး၊ အငတ်မွတ်ဆုံးဖြစ်ခဲ့သည့် ဒီဟာလေးတစ်ခုကို ငါသေခါနီး အချိန်လေးမှာပင် သူတို့လုပ်ပေးရကောင်းမှန်း မသိကြပြီလား။ ဒီလူတွေ ကျေးဇူးကန်းလွန်းလှသည် တကား။


မဲလုံး ဒေါသမထွက်စဘူး အကြီးအကျယ်ထွက်သွားသည်။ လရောင်ကြီးတို့ ဘညိုတို့ကို သူမြင်ယောင် သည်။ ရုတ်တရက် ကုန်းရုန်းထဖို့ သူကြိုးစားသည်။ မရ။ သူ့ခြေထောက်များမှာ အားမရှိတော့သလို ဖြစ်နေသည်။ မဲလုံးမလျှော့။ တအားအော်ဟစ်ကာ ရှိသမျှအားကို ညှစ်ထုတ်သည်။ မဲလုံးခန္ဓာကိုယ်ကြီး တဖြည်းဖြည်းကြွတက်လာသည်။ ခြေလေးချောင်းက တဖြည်းဖြည်း မတ်လာသည်။ လူတွေရုတ်တရက် နောက်ဆုတ်သွားကြသည်။ အားလုံးအံ့အားသင့်နေကြသည်။


တစ်သက်လုံးသဘောကောင်းပုံရခဲ့သော မဲလုံး၏မျက်နှာနှင့်မျက်လုံးတွင် ကြီးမားသော ဒေါသနှင့် အာဃာတကို သူတို့မြင်တွေ့နေကြရသည်။ လူတွေ နောက်ဘက် ထပ်ဆုတ်သွားကြသည်။ မဲလုံးခြေလေးချောင်းပေါ်တွင် မတ်မတ်ရပ်ကာ စူးစူးစိုက်စိုက်ကြီး ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ကြီးကို အားစိုက်ပြီး တောင့်ထားသည်။ ရှေ့သို့တိုးဖို့ သူမကြိုးစား။ ကြိုးစားလျှင်လည်း မရနိုင်မှန်း သူသိနေ သည်။


နေရာမှာပင် တောင့်မတ်ကာ ခပ်လှမ်းလှမ်းမှရပ်ကြည့်နေသည့်လူစုကို အပြင်းထန်ဆုံးဒေါသဖြင့် စိုက်ကြည့်နေရင်း တဖြည်းဖြည်း ယိုင်လာသည်။ ခြေထောက်များကလည်း ခွေညွတ်ကျလာသည်။ တောင့်ထား၍မရတော့။


ဘေးဘက်သို့ ယိုင်သွားသည်။


မဲလုံးအသံအကျယ်ကြီးတစ်ချက် ကြွေးကြော်အော်ဟစ်ပြီးနောက် ဗုန်းကနဲ လဲကျသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ငြိမ်သက် သွားလေသည်။


****************************


မဲလုံးသေဆုံးပြီးသည့်နောက်တွင် သူ့ခြေထောက်မှသံကြိုးကို ဖြုတ်ကြသည်။ မဲလုံးကား သံကြိုးအတုပ်အနှောင်ကင်းမဲ့သောဘ၀ကို ခံစားနိုင်ခြင်းမရှိတော့။


သို့သော် မည်သည့်ဆင်ပိုင်ရှင် ဆင်ဦးစီးမျှလည်း သူ့အား နှိပ်စက်ခိုင်းစေခြင်းမပြုနိုင်ကြတော့။


 ----------------


ဖေမြင့်


( ရင်ခုန်ပွင့် မဂ္ဂဇင်း ၊ သြဂုတ် ၊ ၁၉၉၀ – မှ ကူးယူဖော်ပြပါသည်။)


မဲလုံး


ပန်းချီ ၀ဏ္ဏဇော်


 {ရှုခင်းသစ်ဝက်ဘ်ဆိုဒ်မှ ကူးယူပါသည်။ ဝက်ဘ်ဆိုဒ်အား ကျေးဇူးတင်ပါသည်။ }


ပန်ဒိုရာစိန်ဝင်းမောင် 🔰 မောင်ကျပ်ခိုး

ပန်ဒိုရာစိန်ဝင်းမောင်


🔰🔰🔰🔰🔰🔰


မောင်ကျပ်ခိုး 


(၁)


ဂရိဒဏ္ဍာရီ အလိုမူကား အခါတစ်ပါး၌ ဖန်ဆင်းရှင် နတ်ဘုရင်ကြီး “ဇု” (Zeus) သည် ဗိသုကာနတ်မင်း “ဟီဖားစတပ်” (Hephaestus) ကို သမီးတော်တစ်ပါး ဖန်ဆင်းပေးရန် စေခိုင်းတော်မူပြီး၊ ဖွားမြင်ရရှိလာသည့် သတို့သမီးငယ်ကို “ပန်ဒိုရာ” ဟု အမည်ပေးကာ သမီးအဖြစ် မွေးစားတော်မူလေသည် ဟူသတတ်။ “ပန်ဒိုရာ” သတို့သမီးငယ်သည် အလှနတ်ဘုရားမ “အာဖရိုဒိုက်တိ” (Aphrodite) ၏ စောင်မမှုကြောင့် အဆင်းလှ၏။ နတ်တမန်တော် “ဟားမိစ်” (Hermes) ၏ ပြုစုမှုကြောင့် နှုတ်ရေးနှုတ်ရာ သွက်လက် ချက်ချာ၏။ စစ်မက်နှင့်  ဉာဏ်ပညာ နတ်ဘုရားမ “အသီးနာ” (Athena) ၏ ကြည့်ရှုမှုကြောင့် ညဏ်ပညာနှင့်လည်း ပြည့်စုံလေ၏။


တစ်ခါသော် “ပရိုးမီသီးယပ်စ်” (Prometheus) သည် ကောင်းကင်ဘုံမှ အဂ္ဂိတေဇောဓာတ်ကို လူ့ပြည်သို့ ခိုးယူသွားလေ၏။ မီးကို ကောင်းမွန်စွာ အသုံးချနိုင်သဖြင့် လူ့ပြည်ရပ်ရွာ စည်ပင်လာသည်ကို မရှုစိမ့်သော နတ်ဘုရင်ကြီး “ဇု” သည် လူသားတို့ကို ဒဏ်ခတ်ရန် အလို့ငှာ “ပန်ဒိုရာ” သတို့သမီးငယ်အား ပဉ္စလက် တကောင်း တစ်ခု ပေး၍ လူ့ပြည်သို့ ဥပါယ်တံမျည်ဖြင့် စေလွှတ်ပြီးလျှင် “ပရိုးမီသီးယပ်စ်” ၏ အစ်ကိုတော် “အက်ပီမက်သီးယပ်စ်” (Epimetheus) နှင့် လက်ထပ် ထိမ်းမြားစေသည်။


ပဉ္စလက် တကောင်း ပေးစဉ် အခါက နတ်ဘုရင်ကြီး “ဇု” သည် “ပန်ဒိုရာ” သတို့သမီးငယ်အား “မည့်သည့် အကြောင်းကြောင့် မဆို   ဤတကောင်းကို မည်သည့် အခါတွင်မှ မဖွင့်လေနှင့်” ဟု သေချာစွာ မှာလိုက်သေးသော ဟူ၏။ ထိုသို့ အတန်တန် မှာကြားလင့်ကစား လက် အငြိမ် မနေနိုင်သည့် “ပန်ဒိုရာ” သတို့သမီးငယ်သည် တစ်နေ့တွင် ပဉ္စလက် တကောင်းကို ကမြင်းကြောထပြီး ဖွင့်ကြည့်လိုက်လေ၏။ ထိုသော် ပဉ္စလက် တကောင်း အတွင်းမှ ရောဂါဘယ၊ ဒုက္ခဆင်းရဲ အစရှိသည့် အနိဌ သဘောတို့ကို စောင့်ကြပ်သော နတ်ဆိုးတို့ ရုတ်ခြည်း ထွက်ပြူလာလေ၏။


“ပန်ဒိုရာ” သတို့သမီးငယ်သည် ပဉ္စလက် တကောင်းကို ပိတ်ရန် အလျင်အမြန် ကြိုးစားသော်လည်း အချိန် မမီတော့ချေ။ တကောင်း အဖုံးကို ပိတ်လိုက်နိုင်ချိန်ဝယ် ခပ်သိမ်းသော နတ်ဆိုးတို့ ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်ရကား တကောင်း အတွင်း၌ မျှော်လင့်ခြင်းကို စောင့်သည့် နတ်သူငယ် “အဲလ်သီးစ်” (Elpis) သာ ပိတ်လှောင်ပြီး ကျန်ရစ်တော့သည်။ ထိုအချိန်မှစ၍ လူ့ပြည်ရပ်ရွာတွင် နတ်ဘုရင်ကြီး “ဇု” ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော ရောဂါဘယ၊ ဒုက္ခဆင်းရဲ စသည့် အနိဌ သဘောတို့ ပျံ့နှံ့သွားပြီးလျှင် လူ့ဘုံနှင့် သက်ဆိုင်ခြင်း မရှိ၊  လူသားတို့ မရနိုင်သည့် အရာဟူ၍ “မျှော်လင့်ခြင်း” တစ်ခုသာ ကျန်တော့သည်ဟု ရှေးဟောင်း ဂရိလူမျိုးတို့က ဆိုစမှတ် ပြုကြလေ၏။


ဆိုလတ္တံ့သော ပုံဝတ္ထုမှာ ဂန္ထ၀င်ကျမ်းလာ ဂရိဒဏ္ဍာရီများနှင့် လားလားမျှ မဆိုင်သော -- ဘိုကလေး အောက်ဘက်ရှိ ဖျာပုံ အပိုင် အမာဒိုင်နယ်၊ ပုဂံပုံကျေးရွာမှ “စိန်ဝင်းမောင်” ဟု အမည်တွင်သူ -- ဘဲကျောင်းသား တစ်ယောက်၏ အကြောင်းသာ ဖြစ်ပါသည်။ သို့ကလို ဆိုလိုက်သဖြင့် “ညောင်ဦးကမ်းပါးပြို စမ္ပာနဂိုရ်က နွားမပေါင်ကျိုး” ဖြစ်ရပ်ပေလောဟု ထင်မြင်စရာ ရှိကောင်း ရှိပေလိမ့်မည်။ အကယ်၍ မိတ်ဆွေ နားထောင်လိုပါက ကျွန်ုပ်သည် ပန်ဒိုရာ တကောင်း အတွင်း၌ နောက်ဆုံး ကြွင်းကျန်ရစ်သည့် မျှော်လင့်ခြင်းနှင့် ဘဲကျောင်းသား စိန်ဝင်းမောင်တို့ တစ်နည်းတစ်ဖုံ ပတ်သက်ကြပုံ အကြောင်းစုံကို အိတ်သွန် ဖာမှောက် ပြောပြလိုပါသည်။


(၂)


လွန်ခဲ့သော ခုနှစ်နှစ် ရှစ်နှစ်ခန့်က ကျွန်ုပ်သည် ဘိုကလေး အောက်ဘက်ရှိ ဖျာပုံအပိုင် အမာဒိုင်နယ်သို့ အလုပ်တာဝန်ဖြင့် ပြောင်းရွှေ့ခဲ့ရလေ၏။ အမာကျေးရွာသည် ဘင်္ဂလားပင်လယ်အော်နှင့် မနီးမဝေးတွင် တည်ရှိပြီး မှိုင်းညို့ညို့ အုန်းတောကြီးများ ၀န်းရံ သိုင်းခြုံထားသော ပင်လယ်ရွာကြီး တစ်ရွာ ဖြစ်သည်။ ပင်လယ်ပြင်ကို အမှီပြု၍ တည်နေသဖြင့် ရေလုပ်ငန်း ဖွံ့ဖြိုး၏။ လယ်ယာ ချောင်းမြောင်း လုပ်ငန်းလည်း အထိုက်အလျောက် ရှိသည်။


ကျေးရွာဟု ဆိုလိုက်သဖြင့် အနုပ်စုတ် ဂုတ်စုတ် ဇနပုဒ် ဖြစ်လိမ့်မည်ဟု မတွေးလင့်။ အမာကျေးရွာသည် ရွာသိမ်ရွာမွှား မဟုတ်။ အခြွေအရံ ရွာပေါင်း (၃၀) ခန့်ကို ဗဟိုပြု၍ စွာကျယ်စွာကျယ် လုပ်တတ်သော တကယ့် ရွာကြီး ဖြစ်သတည်း။


အမာကျေးရွာတွင် လက်ဘက်ရည်ဆိုင် ရှိသည်။ ရဲစခန်း ရှိသည်။ တယ်လီဖုန်း အိတ်ချိန်ရုံး ရှိသည်။ ဘောလုံးကွင်း ရှိသည်။ မီးစက်ရှိသည်။ ဆိုင်ကြီး ကန္နားကြီး များစွာ ရှိသည်။ အမိန့်ရ အပေါင်ဆိုင် ရှိသည်။ ဘုံဆိုင် ရှိသည်။ ဘုန်းကြီးကျောင်း (၂) ကျောင်းရှိသည်။ ထိုမျှသာမက ငါးပုစွန်ရွဲဒိုင် လာဖွင့်နေသော “ကိုးကန့်ရှမ်းတရုတ်” နှစ်ယောက်လည်း ရှိသေးသည်။


ကျေးရွာဘုံဆိုင်တွင် ၀ီစကီ၊ ရမ် အစရှိသည့် ယမကာ စုံလင်စွာ ရနိုင်သည်။ အမြည်းကလည်း ပေါလိုက်သည့် ဖြစ်ချင်း။ ငါးလင်ပန်း၊ ငါးမုတ်၊ ကင်းမွန် အစရှိသည့် တန်ဖိုးကြီး ပင်လယ်စာများကို အဖိုးနှုန်းထား ချိုသာစွာဖြင့် ၀ယ်ယူ၍ ပင်လယ်အူနာ ဖြစ်ပြီး အိပ်ယာထဲ လဲသည်အထိ စိတ်တိုင်းကျ သုံးဆောင်နိုင်သည်။


မြို့ကြီးသားတို့ အထွဋ်အမြတ်ထား၍ စားသုံးကြသော ဂဏန်း အရေပျော့ကို ကမ်းနဖူးရှိ ရွဲဒိုင်များတွင် အလကား နှိုက်ယူနိုင်ပါ၏။ သားငါးပုစွန်တို့ လတ်ဆတ်မှု ရှိကြောင်းကို မြုံးထဲတွင် ထည့်ထားသည့် ဂဏန်းများ၊ အိုးထဲတွင် လှောင်ထားသည့် ငါးလင်ပန်းများက ကောင်းကောင်းကြီး သက်သေခံပါလိမ့်မည်။


အသားစားကျူးသူ ကျွန်ုပ်သည် အမာသို့ ရောက်ရှိပြီး တစ်လခန့် ကြာသော် ပင်လယ်စာ စားရလွန်း အားကြီးသောကြောင့် ငါးပုစွန် မြင်လျှင် “တောက်”သလိုလို ဘာလိုလို ဖြစ်လာသဖြင့် ပင်လယ်စာနှင့် လမ်းခွဲလိုက်ရလေ၏။ သို့သော် ကျွန်ုပ်နှင့် ၀ီစကီကား အလွန် ဓာတ်တည့်လှ၏။ ၀ီစကီ တောက်ခြင်း တစ်ရံတစ်ဆစ်မျှ မဖြစ်ဖူး။ အလွန် ထူး၏။


ထိုအခိုက်ဝယ် ထမင်း လပေးစားသည့် စားသောက်ဆိုင်မှ ဆိုင်ရှင် တရုတ်မကြီး “ရီကျိ” က “မောင်ကျပ်ခိုးရယ် .. နင့်နှယ် သားငါး မစားချင်လို့ ဘဲဥကြော်ကို အမြည်းလုပ်ပြီး အရက်သောက်နေတယ် ဆိုတာ မဟုတ်သေးပါဘူး။ အခု အချိန်ဆိုရင် သင်ပေါင်းပိုး ပေါ်ပြီ။ နင် ရွာဆင်းရင်း သင်ပေါင်းပိုး ၀ယ်ခဲ့ချေ။ နင် အမြည်း လုပ်ရအောင် ရီကျိ ကိုယ်တိုင် သင်ပေါင်းပိုးကို အုန်းနို့ တိုက်ပြီး ဆီနဲ့ပျားနဲ့ သေသေချာချာ ကြော်ပေးပါ့မယ်” ဟု လောကွတ်ပြုလေ၏။


အသက် (၂၀) ပြည့်သည့် အချိန်အထိ ကျွန်ုပ် “သင်ပေါင်းပိုး” မစားဖူးသေး။ ကံငါးပါးမြဲအောင် စောင့်ထိန်းလေ့ရှိသူ အမသည် အိမ်ပေါ်သို့ “သင်ပေါင်းပိုး” အတင် မခံ။ ပိုးလောင်း ဘ၀တွင်သာ ရှိနေသေးသော်လည်း အသက်ဇီဝိန် စွဲကပ်နေပြီ ဟု သူ ယူဆသဖြင့် အကုသိုလ်ဖြစ်လိမ့်မည် ဟု သဘောထားကာ အတင် မခံခြင်း ဖြစ်သည်။


“သင်ပေါင်းပိုး ဆိုတာ ပံ့သကူသား မဟုတ်ပါဘူး ငါ့သားရယ်။ ဒီ သင်ပေါင်းပိုး အရှင်လတ်လတ်ကို အမ ကြော်လိုက်ရင် အကုသိုလ် များမှာပေါ့ကွဲ့။ ငါ့သား မစားချင်စမ်းပါနဲ့” ဟု အမြဲ ပြောလေ့ရှိသည်။ သင်ပေါင်းဖူး ကိုသာ ဟင်းချက်၍ ကျွေးသည်။


သို့ဖြစ်၍ ကျွန်ုပ်နှင့် သင်ပေါင်းပိုးမှာ နီးလျက် ဝေးခဲ့ရလေသည်။ ယခုမူကား ကျွန်ုပ်သည် အမနှင့် ဝေးရာသို့ ရောက်နေလေပြီ။ ထို့ကြောင့် သင်ပေါင်းပိုးနှင့် နီးရချေတော့မည်။ ဖြူဖြူလွလွ၊ ၀၀ကစ်ကစ် သင်ပေါင်းပိုးကောင်ကို အုန်းနို့ဇလုံထဲ ပစ်ထည့်ပြီး၊ ထမင်း ဦးပေါင်းတွင် ထည့်၍ ပေါင်းလိုက်လျှင် အရသာထူးသော အမြည်း တစ်မယ် ရချေလိမ့်မည်။ ချိုအီဆိမ့်သက်သော အရသာထူးသည် လျှာ အကြောပေါင်း တစ်ထောင်သို့ ပျံ့နှံ့ပေလိမ့်မည်။ ထို့သို့ တွေးမိသဖြင့် ကျွန်ုပ်သည် အမာရွာနှင့် မလှမ်းမကမ်းရှိ ဘ၀သစ်၊ လေးအိမ်တန်း စသော ကျေးရွာ တစ်ကြောသို့ သင်ပေါင်းပိုး ရှာပုံတော် ဖွင့်ရန် ဆိုင်ကယ် လီဗာကို ခပ်ဆတ်ဆတ် ပုတ်၍ ဒုန်းစိုင်း ထွက်ခဲ့လေ၏။


(၃)


ပင်စည်ထိပ်ပိုင်းတွင် အရွက်များ စုပြုံ ထွက်ပြီး ဆူးခက်၊ ဆူးလက်များဖြင့် အတိပြီးသည့် ထန်းမျိုးဝင် သင်ပေါင်းပင်သည် မြစ်ဝကျွန်းပေါ်သားတို့ အတွက် နတ်သိကြားတို့ ဖန်ဆင်းပေးထားသော ပဒေသာပင် ဖြစ်သည်ဟု ဆိုသော် ဆိုရကောင်းသည်။ စလေဦးပုညသာ အောက်ဗမာပြေသို့ ရောက်ခဲ့ပါမူ သင်ပေါင်း တစ်ပင်လုံး အသုံးချနည်း တေးထပ်ဖွဲ့မည်မှာ မချွတ်တည်း။


သင်ပေါင်းပင်၏ အဖူးကို ဟင်းချက်၍ စားနိုင်သည်။ သင်ပေါင်းသားကို အိမ်ကြမ်းခင်း လုပ်နိုင်၏။ သင်ပေါင်းတိုင်ကို ခြံတိုင်၊ အိမ်တိုင် လုပ်နိုင်သည်။ တံတားခင်းနိုင်သည်။ သင်ပေါင်းဆူးကို ခြံစည်းရိုးတွင် ချထားလိုက်လျှင် ဘီလူး ယက္ခိုက်တို့ စောင့်ကြပ်သည့် အလား လုံခြုံသွားလေ၏။ သူခိုး၊ ဂျပိုး မဆိုထားဘိ၊ ခွေးပင် မတိုးနိုင်။


ထိုမျှသာမကသေး သင်ပေါင်းပင်သည် ကြက်သားနှင့် မလဲနိုင်လောက်အောင် ကောင်းမွန်သည့် ဟင်းလျာကိုလည်း ပေးသေးသည်။ ဆူးခက်၊ ဆူးလက်တို့ဖြင့် ဖုံးလွှမ်းသည့် သင်ပေါင်းပင်၏ အဖူးထဲသို့ ကြံကြံဖန်ဖန် ၀င်ရောက်ပြီး ဥ ဥချလေ့ ရှိသော ပိုးကောင် တစ်မျိုး ရှိလေ၏။ ကြမ်းတမ်း ခက်ထရော်သော သင်ပေါင်းပင်၏ ဖြူလွလွ အဖူးကို ၀မ်းကြာတိုက်ပြု၍ သန္ဓေတည်သည့် ပိုးလောင်းကောင်သည် အလွန် နူးညံ့ပြီး အရသာနှင့် ပြည့်စုံသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၏ နာမည်ကျော် ရာသီစာ ဟင်းလျာ တစ်မျိုး ဖြစ်သွားသည်။


ကျွန်ုပ်လည်း သင်ပေါင်းပင် အကြောင်းကို သောင်စဉ် ရေမရ စဉ်းစားရင်း ဆိုင်ကယ်ကို တရကြမ်း မောင်းနှင်လာခဲ့ရာ ဘ၀သစ်ကျေးရွာသို့ ရောက်မှန်းမသိ ရောက်သွားလေ၏။ ဘ၀သစ်ရွာ အတွင်း ၀င်၍ စုံစမ်းရာ ထွက်သမျှ သင်ပေါင်းပိုးကို ရန်ကုန်ဒိုင်သို့ ပို့လိုက်ပြီး ဖြစ်သဖြင့် တစ်ကောင် တစ်လေမျှပင် မရှိတော့ ဟု ဆို၏။ သို့သော် ရွာသားတစ်ဦးက “ပုဂံပုံ ဘက်ကို သွားကြည့်ပါလား။ အဲသမှာ ဦးအောင်ဒင် ဆိုတာ ရှိတယ်။ သူက ဒိုင်ဖွင့်ပြီး သင်ပေါင်းပိုး ကောက်နေတယ်” ဟု လမ်းညွှန်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ဘ၀သစ်ကျေးရွာမှ တပ်ခေါက်ပြန်ပြီး ပုဂံပုံကျေးရွာဘက်သို့ ထွက်ခဲ့ရပြန်သည်။ အမာနှင့် ပုဂံပုံကျေးရွာမှာ မဝေး။ ဆိုင်ကယ်ဖြင့် သွားလျှင် (၁၅) မိနစ်ခန့်သာ ကြာသည်။ သို့နှင့်ပင် ပုဂံပုံရွာသို့ ကျွန်ုပ် ရောက်ခဲ့လေ၏။


ပုဂံပုံ ရွာအ၀င်လမ်းမှာ အတော် ဆိုး၏။ သင်ပေါင်းတိုင်များကို ၀ါးခြမ်းဖြင့် ဖောင်ကွပ်၍ ဗွက်ပေါက်နေသော ရွာလမ်းကို ချခင်းထားသဖြင့် ဆိုင်ကယ် မောင်းရန် အဆင် မပြေ။ ရွာကို လှမ်းမြင်ရသည့် နေရာတွင် ဆိုင်ကယ် ရပ်ထားပြီး၊ ဗွက်တောကြီးကို ရုန်းရတော့သည်။ အစားတစ်လုပ် အတွက် ခရီးကြမ်းကို နှင်ရသည်မှာ ဆင်းရဲလွန်းလှသည်။ ရွာထဲသို့ ၀င်လိုက်သည်နှင့် နှာခေါင်းထဲသို့ လတာပုပ်နံ့တို့ တိုးဝင်လာ၏။ အစာတောင်း နေသော ၀က်တစ်အုပ်၏ တကြီကြီ အော်မြည်သံကို ကြားရ၏။ ရွာနှင့် မလှမ်းမကမ်းရှိ ဗျိုက်တော အစပ်တွင် လမ်းသလားနေသော ဘဲအုပ်ကြီး တစ်အုပ်ကို မြင်ရ၏။


သွပ်ရောင် တဖွေးဖွေး လက်နေသည့် နက်မှောင်မှောင် ပျဉ်ထောင်အိမ်ကြီးကို အဖီဆွယ်၍ ဖွင့်ထားသော ကုန်စုံဆိုင်၏ အရှေ့တွင် “သင်ပေါင်းပိုး ရောင်း / ၀ယ်သှ်” ဟု ကို့ရိုးကားယား သတ်ပုံဖြင့် ရေးသားထားသော မြေဖြူဆိုင်းဘုတ်ကို မြင်ရသည့်အခါ ကျွန်ုပ် အမော ပြေသွားလေ၏။ 


“သင်ပေါင်းပိုး ဘယ်လို ရောင်းတုန်း” ဟု ကျွန်ုပ် မေးလိုက်သော် “သင်ပေါင်းပိုးကို အလေးချိန်နဲ့ ရောင်းတာ မြင်ဖူးသလား” ဟူသည့် ဘုတောသံ စာခနဲ ထွက်လာ၏။ ကျွန်ုပ် အောင့်သက်သက် ဖြစ်သွားသည်။ ဤလောက် ဆိုးရွားသော ဈေးသည်မျိုးနှင့် တစ်ခါမျှ မတွေ့ဖူး။ သို့သော် ရသာတဏှာကြောင့် ဒေါသကို ချွန်းအုပ်ပြီး “မဟုတ်ပါဘူး ဦးလေးရယ် .. သင်ပေါင်းပိုး တစ်ကောင်ကို ဘယ်ဈေးတုန်းလို့ မေးတာပါ” ဟု လေပြည်ထိုးလိုက်ရသည်။


ထိုသို့ ဆိုလိုက်ခါမှ ပို၍ ဆိုးသွားသည်ထင့်။ “အင်း .. ဈေးကတော့ ရောင်းသူတစ်ဆယ် ၀ယ်သူတစ်ကျပ် ဆိုသလိုပေါ့ကွာ။ ဒါပေမယ့် နှစ်ဦးနှစ်ဘက် ဈေးတည့်ရင်တော့ ““ရော့ ပတ္တမြား ရော့ နဂါး”” ဆိုတဲ့ အတိုင်းဖြစ်သွားမှာပေါ့။ ဒီတော့ကာ မောင်ရင် .. ဈေး အရင် စပြောကြည့်လေ” ဟု ဂွစကား ဆိုပြန်သည်။ ကျွန်ုပ် စိတ် ထောင်းခနဲ ထသွားသဖြင့် “ဒီမယ် ဦးလေး၊ ရောင်းချင်ရောင်း မရောင်းချင်နေ။ သင်ပေါင်းပိုး ဆိုတာ ရွှေ မဟုတ်ဘူး။ ရောင်းချင်တဲ့သူတွေ ပေါလွန်းလို့ ရိုက်သတ်လို့တောင် မကုန်ဘူး။ သင်ပေါင်းပိုး တစ်ကောင်ကို (၉၀) ရရင် အကောင် (၅၀) ယူမယ်။ ၀ယ်တဲ့ အခါမှာ သောင်းဗျောင်း (သောင်းပြောင်း) မ၀ယ်ဘူး။ ကျွန်တော် ကြိုက်တဲ့ အဖူးကို ““ခေါင်”” ရွေးပြီး ယူမယ်။ အဆစ် မတောင်းဘူး” ဟု ဆိုကာ အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးလိုက်၏။


ထိုသို့ အငေါ်တူး စကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်ကြီး နေသာထိုင်သာ ဖြစ်သွားဟန် တူသည်။ “အေး ဟုတ်ပြီ။ စကားပြောတယ်ဆိုတာ ဒီလိုမှပေါ့ကွဲ့။ တစ်ကောင်ကို (၉၀) ဈေး ပေးတယ်ဆိုတာ သင့်ပါတယ်။ ပေါက်ဈေးပါပဲ။ ဒါပေမယ့် သင်ပေါင်းပိုးဟာ ရွှေ မဟုတ်ဘူး ဆိုတာကိုတော့ ငါ လက်မခံဘူး။ ရွှေကို ရာသီမရွေး ၀ယ်လို့ ရတယ်။ သင်ပေါင်းပိုး ဆိုတာက တစ်နှစ်မှာ တစ်ခါပဲ ရတာ။ ဒီတော့ကာ လူလေး ပြောတဲ့ စကား မှားနေတယ်” ဟု ရှည်လျားစွာ ဆိုပြန်သည်။


ကျွန်ုပ် အတော်ပင် စိတ်ညစ်သွား၏။ ဤကဲ့သို့ ပြောရဆိုရ ခက်ခဲလှသော လူ့ခွစာမျိုး တစ်ခါမျှ မကြုံဖူးသေး။ အဘိုးကြီးကို ကဏ္ဍကောဇတိုက်ရန် နှုတ်ပြင်ခိုက်မှာပင် “ကဲ ကဲ .. ဟုတ်ပါပြီ။ ဟဲ့ ဘယ်သူတို့ ဘယ်ဝါတို့။ သင်ပေါင်းပိုး အကောင် (၅၀) ထည့်ပေးလိုက်။ အဆစ် (၂) ကောင် ထည့်ပေးလိုက်။ ဒီသူငယ့်ကို ကြည့်ရတာ အမာကနေ လာတာ ဖြစ်မယ်။ ဒီတော့ကာ ခြင်းတောင်းပါ ထည့်ပေးလိုက်” ဟု လူ့ခွစာကြီးက စေတနာ ဗရပွဖြင့် ဆိုလိုက်သဖြင့် ကျွန်ုပ် အာစေး မိသွားလေ၏။


ဤသည်ကား ဘဲကျောင်းသား စိန်ဝင်းမောင်၏ ဘ၀ဇာတ်လမ်းတွင် အရေးကြီး ဇာတ်ဆောင် တစ်ဦး ဖြစ်လာမည့် လူ့ခွစာ ဦးအောင်ဒင်နှင့် ကျွန်ုပ် စတင် တွေ့ဆုံပုံ ဖြစ်သတည်း။


(၄)


လူ့ဂွစာ ဦးအောင်ဒင်၏ ဇာတာအမည်မှာ အောင်တင် ဟူ၍ ဖြစ်သော်လည်း ဗိုလ်အောင်ဒင် ရုပ်ရှင် ကြည့်ပြီးနောက်တွင် အောင်ဒင် ဟု သူ့ဖာသာ ကင်ပွန်းတပ်လိုက်သော ဟူ၏။ ဗိုလ်အောင်ဒင် သရုပ်ဆောင် ခင်မောင်ရင် ကဲ့သို့ ရုပ်ရည်ရူပကာ ပြေပြစ်ခြင်း မရှိသော်လည်း အသား ညိုစိမ့်စိမ့်၊ အရပ် ထောင်ထောင် မောင်းမောင်း၊ နှုတ်ခမ်းမွှေး ခပ်သဲ့သဲ့နှင့် မြန်မာဆန်သော ရုပ်ရည်ပိုင်ရှင် ဖြစ်ပါသည်။ ဦးအောင်ဒင်၏ ပင်ကိုယ်စိတ်သဘောမှာ အလွန် နူးညံ့သော်လည်း လူတကာကို အရွဲ့တိုက်၍ ကဏ္ဍကောဇလုပ်တတ်ခြင်းမှာ သူ၏ မွေးရာပါ ၀သီဆိုး ဖြစ်သည်။ ကဏ္ဍကောဇ တိုက်သော်လည်း သူ စိတ်ရင်းကောင်းမှန်း လူတိုင်း သိကြသဖြင့် ဦးအောင်ဒင် ဘာပြောပြော ခွင့်လွှတ်ကြမြဲပင် ဖြစ်၏။


ဦးအောင်ဒင်သည် မိရိုးဖလာ လယ်ယာလုပ်ငန်းကို လက်ဖ၀ါး၊ ခြေဖ၀ါး ဘ၀မှ စတင်၍ အပတ်တကုပ် လုပ်ကိုင်ခဲ့ရာ စီးပွားရေး ကောင်းမွန်လာပြီး ရွာတွင် ကုန်စုံဆိုင်ကြီး တစ်ဆိုင် တည်နိုင်သည် ကြီးပွားလာလေ၏။ ငယ်စဉ်က ပညာ သင်ကြားခွင့် ကောင်းစွာ မရခဲ့သောကြောင့် စီးပွားရေး ချောင်လည် လာချိန်တွင် စာကို အတိုးချ၍ ဖတ်သည်။ မြန်မာရိုးရာ တိုင်းရင်း ဆေးပညာကို ဆရာမှဲ့၏ ခြောက်လုံးဋီကာ စာအုပ်ဖတ်၍ လေ့လာခဲ့သူ ဖြစ်၏။ ကိုယ်တိုင် လျက်ဆားဖော်သည်။ ငန်းဆေးဖော်သည်။ တောင်သာ ဆေးပညာကို ရေကုန်ရေခန်း မဟုတ်သော်လည်း အထိုက်အလျောက် တတ်ပွန်သည်။ သူ့ရပ်သူ့ရွာတွင် အတော်ပင် အောင်မြင်သော ဆေးဆရာကြီး တစ်ဆူ ဖြစ်လေ၏။


သင်ပေါင်းပိုး ရှာပုံတော် ဖွင့်ရာမှ စတင်ခဲ့သော ကျွန်ုပ်တို့၏ ရင်းနှီးမှုသည် တစ်စထက် တစ်စ ပို၍ ခိုင်မြဲလာ၏။ ဦးအောင်ဒင် ပြောသမျှကို အလိုက်သင့် အလျားသင့် နားထောင်ပေးသူ ဟူ၍  ကျွန်ုပ် တစ်ဦးတည်းသာ ရှိလိမ့်မည် ဟု သူ့ သားမက်က ဆိုဖူးသည်။ “ဒီ အဘိုးကြီးဟာ ဘာမှန်းကို မသိပါဘူးဗျာ။ ကျွန်တော်နဲ့ သူ့ သမီး အိမ်ထောင်ကျတာ အခုဆို ကလေးနှစ်ယောက် ရပြီ။ သူ့ သမီးနဲ့ သူ့ မြေးတွေဖို့ ၀မ်းစာ စပါး ထည့်ပေးတယ်။ ကျွန်တော့်ကိုကျတော့ သားမက် ဖြစ်လို့ ဆိုပြီး ၀မ်းစာ ထည့် မပေးဘူး။ လိုချင် မျက်စိရှိလို့ ပြောတာ မဟုတ်ပါဘူး။ သူ လုပ်ပုံက ဘယ်လောက် မဟုတ်သလဲ ဆိုရင် အဲဒါကိုသာ ကြည့်ပေတော့” ဟု ကွယ်ရာတွင် ရှုးရှုးရှားရှား ဆိုဖူးသည်။ မည်သူတို့ မည်သို့ပင် ဆိုစေကာမူ ဦးအောင်ဒင်ကား နည်းနည်းမျှ ဂရုမစိုက်။ သူ လုပ်ချင်သည်ကို မဖြစ် ဖြစ်အောင် လုပ်ပြီး ဘ၀ကို နေပျော်အောင် နေတတ်သူ ဖြစ်၏။


ဦးအောင်ဒင်သည် စီးပွားရေး အကွက်မြင်သူ ပီပီ ခွင်ကောင်းသည့် လုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ် လုပ်ကိုင်ထားလေ၏။ ပုဂံပုံ - တည်ပင်ကိုင်း ချောင်းတွင်းသွား လိုင်းသင်္ဘော ဆွဲသည်။ တာဝန်ကျေ စပါး မသွင်းနိုင်သူတို့ ရုံးရောက်၊ ဂါတ်ရောက် ဖြစ်ကြသည့် ခေတ်တွင် ဦးအောင်ဒင်က လယ်မြေကို ကျင်းတူး၍ အုတ်ဖို တည်လိုက်၏။ မြေတိုင်းစာရေးများနှင့် သင့်မြတ်လေသောကြောင့် ပုစွန်ကန် တစ်ဖြစ်လဲ မြေကျင်းကြီးမှာ ပုဂံပုံ တစ်ဝိုက်တွင် ဟိုးဟိုးကျော်သည့် စံပြငါးမွေးမြူရေးလုပ်ငန်း ဖြစ်သွားလေ၏။


သစ်တောဌာနမှ တောခေါင်း ကိုဖိုးထောင်က “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်” ဟူသည့် ကြွေးကြော်သံဖြင့် သစ်ခုတ်သမားတို့ကို ဖမ်းဆီးနေချိန်တွင် ဦးအောင်ဒင် မီးသွေးဒိုင် ဖွင့်လိုက်လေ၏။ စကားမစပ် ပြောပြချင်သည်မှာ သစ်တောဌာနမှ ၀န်ထမ်းတို့၏ ထူးခြား ဆန်းကျယ်သော အမြင်အာရုံ အကြောင်း ဖြစ်ပါသည်။ သစ်တောဌာန ၀န်ထမ်းတို့သည် အမည်းရောင်ကို မြင်နိုင်စွမ်း မရှိ၊ အဖြူရောင်ကိုသာ မြင်နိုင်ကြသည်။ သို့ဖြစ်၍ ဦးအောင်ဒင်၏ အိမ်ရှေ့တွင် ပုံထားသည့် မြင့်မိုရ်တောင် နီးပါး မြင့်မားသော မီးသွေးပုံကြီးကို သူတို့ မမြင်၊ ဦးအောင်ဒင် မွေးထားသည့် ဘဲငန်းကြီးများကိုသာ မြင်သည်။ (ငန်းသားနှင့် တောအရက်မှာ အတော်ပင် လိုက်ဖက်သည့် စုံတွဲ ဖြစ်၏။ ဤကား စကားချပ်တည်း။)


“ဒီလိုပဲပေါ့ ဆရာလေးရယ်။ ကျွန်တော်က ငယ်ဘ၀ ကြမ်းတမ်းခဲ့တော့ ပြန်ပြီး ဆင်းရဲမှာကို သိပ်ကြောက်တယ်။ ဒီတော့ကာ ကိုယ် လုပ်နေတာတွေက တရားဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတာ သိပေမယ့် သမ္မာ အာဇီဝ ဖြစ်ရင် ပြီးတာပဲလို့ သဘောထားပြီး လုပ်နေရတာပဲ။ မီးသွေးဖုတ်တာ တရားဥပဒေနဲ့ ငြိတယ်ဆိုပေမယ့် ကျွန်တော် ကံငါးပါး ကျူးလွန်တာ မဟုတ်ဘူးလေ။ နောက်ပြီး ဒီလိုမှ မလုပ်ရင်လည်း ဒီအရပ်မှာ ကြီးပွားဖို့ရာ အကြောင်း မမြင်ဘူး။ လုပ်ဖန်များတော့ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ဆိုသလို ဖြစ်လာတယ်။ မိုးခါးရေသောက်ရတဲ့ ခေတ်မှာ သူများတွေလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ မစို့မပို့ မသောက်ဘဲ တ၀သောက်မယ်ဆိုတဲ့ စိတ်ရိုင်း ၀င်တာလည်း ပါမှာပေါ့ဗျာ” ဟု ဦးအောင်ဒင် ရင်ဖွင့်ဖူးသည်။


(၅)


တစ်နေ့သော် ဦးအောင်ဒင်နှင့် ကျွန်ုပ်သည် အိမ်ခေါင်းရင်းရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ရင်း မိမိတို့နှင့် လားလားမျှ မဆိုင်သည့် တိုင်းရေးပြည်ရေး မင်းစိုးရာဇာတို့ အကြောင်းကို ရောက်တတ်ရာရာ ဆွေးနွေးနေရာမှ စီမံခန့်ခွဲမှုအရေးပါပုံကို ရောက်သွား၏။ တိုင်းရေးပြည်ရာ စီမံရာတွင် ခရေစေ့တွင်းကျ မဟုတ်သော်လည်း လုပ်ငန်းသဘာဝကို ခြေခြေမြစ်မြစ် သိရှိထားမှ ဖြစ်မည်ဟု ကျွန်ုပ်က ယူဆသည်။ ထိုသော် ဦးအောင်ဒင်က “တစ်ချို့ ကိစ္စတွေကို ကိုယ်တိုင် နှိုက်နှိုက်ချွတ်ချွတ် သိဖို့ တတ်ဖို့ မလိုဘူး။ အနည်းအကျဉ်း ခြုံငုံပြီး လေ့လာထားလိုက်ရင် ကျန်တဲ့ ကိစ္စတွေကို မီးစဉ် ကြည့်ကလို့ ရတာပဲ မဟုတ်လား ဆရာလေးရဲ့” ဟု ဆိုသည်။ ထို့အပြင် သူ့ ဘ၀ အဘိဓမ္မာ ဖြစ်သည့် “အုတ်ဖိုတည်တာလည်း ထိုနည်းလည်းကောင်း၊ လိုင်းကောင်ဆွဲတာလည်း ထိုနည်းလည်းကောင်း၊ မီးသွေးဖိုတည်တာလည်း ထိုနည်းလည်းကောင်းပဲ။ အဓိကကျတာ သြဇာ အာဏာ ရှိဖို့ပဲ မဟုတ်လား” ဟု ပြောပြန်သည်။


သူ့ စကားကို ကျွန်ုပ် လက်သင့် မခံနိုင်။ “ဒီလိုဆိုရင် ကိုယ် စီးတဲ့ မြင်း အထီးမှန်း အမမှန်း မသိဘဲ စီးနေသလို ဖြစ်ချင်သလို ဖြစ်သွားမှာပေါ့” ဟု ဒေါနှင့်မောနှင့် ဆိုလိုက်မိတော့သည်။ ထိုသော် ဦးအောင်ဒင်က “အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ခရီးရောက်ဖို့က ပဓာနက ကျတာပဲ မဟုတ်လား” ဟု စကားကော် စကားကပ် ဆို၍ အနိုင်ပိုင်းလိုက်လေ၏။ “ဆရာလေး .. လက်သင့်ခံဖို့ ခဲယဉ်းမယ် ဆိုတာ ဦးလေး သိပါတယ်။ ဒီတော့ကာ ဆရာလေးကို လက်တွေ့ ဥပမာနဲ့ ပြမှ ဖြစ်တော့မယ်” ဟု ဆိုကာ အိမ်တိုင်တွင် ချိတ်ထားသည့် သံဝီစီကို ဖြုတ်၍ ရွှီခနဲ မြည်အောင် မှုတ်ထည့်လိုက်လေ၏။  ၀ီစီကို တစ်ချက် တုတ်သည်။ ဘာမျှ မတွေ့ရ၊ နှစ်ချက် တုတ်သည်။ ဘာမျှ မထူး။ သုံးချက် ဘာမှ ပေါ်မလာ။ ထို့နောက် ဦးအောင်ဒင်သည် သံဝီစီကို အိမ်တိုင်တွင် တရိုတသေ ပြန်၍ ချိတ်လိုက်လေ၏။


ကျွန်ုပ်မှာ ဦးအောင်ဒင်၏ အူကြောင်ကြောင် လုပ်ရပ်ကို ကြည့်ပြီး ရယ်ချင်သလိုလို ဖြစ်လာသဖြင့် “ဦးလေးရဲ့ ဥပမာက ၀ီစီမှုတ်တာနဲ့ ပြီးသွားပြီလား။ ကြည့်လုပ်ဦး မကြီးမငယ်နဲ့ လိပ်ခေါင်းထွက်လို့ သားရေပင်နဲ့ အပစ်ခံရဦးမယ်” ဟု ခပ်ထေ့ထေ့ ဆိုလိုက်မိသည်။ ထိုအခိုက်တွင် ကျွန်ုပ်၏ ကျောဘက်မှ နှပ်ချေးရှုံ့သံလိုလို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ မည်းမည်းကွကွ ၀၀ပုပု သူငယ်တစ်ဦးကို တွေ့ရလေ၏။


စိန်ဝင်းမောင်ဟု အမည်ရသော ထိုငနဲကလေး၏ ရုပ်ဆင်းသဏ္ဌာန်မှာ ဘုရားတန်ဆောင်းများရှိ ကြေးစည်ထမ်း သူငယ်တော်ရုပ်နှင့် ခပ်ဆင်ဆင် တူသည်ဟု ကျွန်ုပ် ထင်မိသည်။ အသားအရေမှာ ညစ်ထေးထေး၊ နှပ် တရှုံ့ရှုံ့၊ တလက်လက် ထနေသည့် သူ့ ဦးပြည်းမှာ သပိတ်ကို နေလှန်း ထားသည့် အလား နက်မှောင် လက်ပြောင် နေလေ၏။ သမန်းဆီ တက်နေသည့် ခြေထောက်တို့ကို ပြောက်တိပြောက်ကြား ရွှံ့စက်များဖြင့် ဆေးခြယ်သထား၏။ သိုင်းလွယ်ထားသည့် လွယ်အိတ်စုတ်ထဲတွင် လောက်စာလုံး အပြည့်နှင့်၊ လက်တစ်ဖက်တွင် တောသားတို့၏ လက်နက်ဖြစ်သည့် ကျွဲချိုလေးခွကို စွဲကိုင်ထားပြီး၊ ကျန် လက်တစ်ဖက်ဖြင့် ဘဲကျောင်းသားတို့၏ အသုံးအဆောင်ဖြစ်သော ဂဏန်းချိတ်ကို စွဲကိုင်ထားသည်။ ကျွန်ုပ်က သူ့ကို စူးစူးဝါးဝါး ကြည့်လိုက် သဖြင့် ငတိကလေး ရှိုးတိုးရှန့်တန့် ဖြစ်သွားလေ၏။


"ဘိုးလေး ကျွန်တော့်ကို ဘာခိုင်းမလို့လဲ” ဟု ငနဲကလေး မေးတော့မှ ဦးအောင်ဒင် ဘာကြောင့် ၀ီစီမှုတ်သည်ကို ကျွန်ုပ် ရိပ်စားမိတော့သည်။ “လာပါဦးကွဲ့ စိန်ဝင်းမောင်ရဲ့” ဟု ဦးအောင်ဒင်က ဆိုပြီး ပဲလှော်တစ်ဆုပ်ကို ထိုသူငယ်လေး၏ ညစ်ပေနေသော လက်ထဲသို့ ထည့်ပေးလိုက်သည်။ “နေပါဦး ဦးလေးရဲ့ ကျွန်တော်ကို လက်တွေ့ပြမယ် ဆိုတာနဲ့ ဒီကောင်လေးကို လှမ်းခေါ်ပြီး ပဲလှော် ပေးတာနဲ့က ဘာဆိုင်လို့လဲဗျာ” ဟု ကျွန်ုပ် မေးမိသည်။  ဦးအောင်ဒင်က “ဆိုင်တာပေါ့ ဆရာလေးရယ်။ ဆရာလေးကို ဦးလေးက ကိုယ်တိုင် ခရေစေ့တွင်းကျ လုပ်တတ်ဖို့ မလိုဘူး၊ မီးစဉ် ကြည့်ကရင် ပြီးတာပဲလို့ ပြောတာကို ဆရာလေး လက်သင့် မခံချင်ဘူး မဟုတ်လား။ အဲဒါကို ရှင်းသွားအောင် ပြောပြဖို့ရာ ဦးလေးရဲ့ ဘဲအုပ်ကို ကျောင်းတဲ့ စိန်ဝင်းမောင်ကို ခေါ်လိုက်တာပဲ” ဟု ဆိုလေ၏။ သူ့ စကားမှာ ရှင်းလေရှုပ်လေ ဖြစ်လာ၏။ ကျွန်ုပ်လည်း ဒေါပွလာသဖြင့် “ဒါဖြင့်ရင်လည်း ပြဗျာ … ပြ … ပြ” ဟု ဆောင့်ကြီးအောင့်ကြီး ဆိုလိုက်တော့သည်။


ထိုသော် ဦးအောင်ဒင်သည် ကျွန်ုပ်ကို ပြုံး၍ ကြည့်ပြီးနောက် စိန်ဝင်းမောင် ဘက်သို့ လှည့်ကာ “စိန်ဝင်းမောင် ဒီနေ့ ဘဲဥ ဘယ်နှလုံး ရလဲ ဘိုးလေးကို ပြောစမ်းပါဦး” ဟု ဆိုလေ၏။


စိန်ဝင်းမောင်          ဒီနေ့တော့ ၆၂ လုံးပဲ ရတယ် ဘိုးလေ။


ဦးအောင်ဒင်          မနေ့တုန်းက ဘယ်နှလုံး ရသလဲ။


စိန်ဝင်းမောင်          မနေ့တုန်းက ၈၈ လုံး ရတယ်။


ဦးအောင်ဒင်          ဒါဖြင့် တနေ့ကရော ဘယ်နှလုံး ရသလဲ။


စိန်ဝင်းမောင်          တနေ့က အလုံး ၉၀ ရတယ်။  


ဦးအောင်ဒင်          ဒါဆို တမြန်မနေ့ကရော။


စိန်ဝင်းမောင်          အဲဒီနေ့တုန်းက ၈၉ လုံး။ တစ်လုံးကွဲ ကွဲသွားလို့။


ဦးအောင်ဒင်          ဒါဖြင့်ရင် ဘယ်လိုဖြစ်လို့ ဥ ကျ သွားတာလဲ။


စိန်ဝင်းမောင်          ဘဲခြံနားကို တောကြောင် ကပ်တာ နှစ်ရက် သုံးရက် ရှိနေပြီ အဲဒါကြောင့် ဘဲတွေ လန့်ပြီး ဥ ကျ သွားတာ။


ဦးအောင်ဒင်          တောကြောင် ကပ်တာ မင်းက ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေသလား။


စိန်ဝင်းမောင်          ကျွန်တော်လည်း စောင့်တာပဲ။ တောကြောင်က လင်းအားကြီးမှ လာတာ။ နောက်ပြီးတော့ ဘဲခြံနားမှာ ခြုံတွေ ထူတော့ ဘယ်ချောင်မှာ ခိုနေမှန်း မသိဘူး။


ဦးအောင်ဒင်          ဘွားလေးဆီကနေ သုံးထောင့်ထိုး ဓာတ်မီးတစ်လက် ယူသွား။ နောက်ပြီးတော့ မင်း အဖေကို ဘဲခြံနားက ခြုံတွေကို မနက်ဖြန် ပြီးအောင် ရှင်းထားဖို့ ငါ မှာတယ်လို့ ပြောလိုက်ချေ။ မသန်းရင်ရေ စိန်ဝင်းမောင် စားရအောင် ကြံသကာ ပေးလိုက်ဟေ့။


သို့နှင့် ဦးအောင်ဒင်နှင့် စိန်ဝင်းမောင်တို့၏ အမေး အဖြေ ပြီးဆုံးသွားလေ၏။ သူတို့ အချီအချ ပြောနေဆိုနေသည်ကို ကျွန်ုပ် နားမလည်နိုင်။ ဦးအောင်ဒင်သည် အောင်ပွဲရ စစ်သူကြီး၏ အကြည့်မျိုးဖြင့် ကျွန်ုပ်ကို ကြည့်လိုက်ပြီနောက် “တွေ့ပြီ မဟုတ်လား ဆရာလေး။ ကျွန်တော် ဘဲမွေးထားတာ အကောင် (၂၀၀) ကျော်တယ်။ ဒါပေမယ့် ဘဲစာ ဘယ်လို စပ်ရတယ်၊ ကျွေးရတယ်။ ဘဲ ဘယ်လို ကျောင်းရတယ် ဆိုတာ ကျွန်တော် မသိဘူး။ အဲသလိုပဲ ဘဲတွေ ဥ အထွက် ကျတာ ဘာကြောင့်လဲ။ ဘယ်လို လုပ်ရမလဲ ဆိုတာလည်း ကျွန်တော် မသိဘူး။ ဒါပေမယ့် ဘဲ အကြောင်းကို အူမချေးခါး မကျန် သိတဲ့ စိန်ဝင်မောင်တို့ မိသားစုကို လူငှား ခေါ်ထားလိုက်ရင် ပြီးတာပဲလေ။ အခုပဲကြည့် ပြဿနာ တစ်ခု ရှင်းပြီးသွားပြီ မဟုတ်လား” ဟု ဆိုလိုက်လေ၏။ ကျွန်ုပ်လည်း ဦးအောင်ဒင်၏ အဘိဓမ္မာကို အောင့်သက်သက်နှင့် ခေါင်းညိတ်လိုက်ရတော့သည်။ စင်စစ် ဦးအောင်ဒင်၏ စကားကို ကျွန်ုပ် စိတ်ဝင်စားခြင်း မရှိတော့ပါ။ အတွေးထဲသို့ ဘဲကျောင်းသား စိန်ဝင်းမောင် ၀င်ရောက်လာသောကြောင့် ဦးအောင်ဒင်ကို တုံ့ပြန် စကား မဆိုတော့ဘဲ စကားနည်း ရန်စဲ နေလိုက်ခြင်း ဖြစ်ပါသည်။


ဗျိုက်တောထဲသို့ ငိုက်စောင်း ငိုက်စောင်းနှင့် ဆင်းသွားလေသော စိန်ဝင်းမောင်ကို ကြည့်၍ ကျွန်ုပ် အတွေး နယ်ချဲ့မိတော့သည်။ ဤသူငယ်ကလေး၏ အသက်မှာ (၇) နှစ် (၈) နှစ် ခန့်မျှသာ ရှိပေဦးမည်။ သို့သော် သူ လုပ်ရသည့် အလုပ်မှာ အရွယ်နှင့် မမျှ။ မိုးလင်းကတည်းက “ဒီးဒီး … ဒီးဒီ .. ဒီးဒီး” ဟု အသံ တစာစာ ဟစ်၍ ဘဲတစ်အုပ်ကို ကွင်းကြိုကွင်းကြား၊ ချောင်းကြိုမြောင်းကြားသို့ မ၍ ကျောင်းရသည်။ ကွင်းထဲတွင် ဥချထားသော ဘဲဥများကို မျက်စိလျင်လျင် ထား၍ ကောက်ရသည်။ မဟုတ်လျှင် ကျီးကန်းစာ ဖြစ်သွားပေလိမ့်မည်။ ကျီးကန်းတို့ အလွန်အမင်း သောင်းကျန်းလာပါက လေးခွနှင့် ဆော်တန်က ဆော်ရသည်။ စူးစူးဝါးဝါး ဟစ်အော်၍ ခြောက်တန်က ခြောက်ရသည်။ ထိုကဲ့သို့ ဘဲအုပ်ကို မျက်ခြည်မပြတ် စောင့်ရှောက်ကြည့်ရှုနေရင်းမှာပင် မိသားစုအတွက် ဟင်းစားရရန် ချောင်းရိုးတစ်လျှောက် စုံဆန်လှည့်ပြီး ရင်တွန်းပိုက်ဖြင့် ငါးနုပ်၊ ငါးဖွဲ၊ ပုစွန်၊ ခရု ဖမ်းဆီးရသည်။ ရင်တွန်းပိုက်ကို ရင်ကွဲလုမတတ် တွန်းနိုင်ပါမှ ဟင်းစား တစ်နပ်စာ ရလေသည်။


သိုး မကျောင်းဘူးသော ဥရောပတိုက်သား စာရေးဆရာ၊ နွား မကျောင်းဘူးသော မြန်မာလူမျိုး စာရေးဆရာ၊ ကဗျာဆရာတို့ ရေးဖွဲ့သည့် -- သိုးကျောင်းသားဘ၀ဖွဲ့၊ နွားကျောင်းသားဘ၀ဖွဲ့ -- ကျေးလက် ကဗျာ လင်္ကာ စာပေ ၀တ္ထု မြောက်မြားစွာကို ကျွန်ုပ် ဖတ်ဖူးပါ၏။ စာရေးဆရာတို့ ဖန်ဆင်းအပ်သော နွားကျောင်းသားငယ်၏ ဘ၀မှာ အလွန်ပင် ကြည်နူးဖွယ်ရာ ကောင်းလှပါ၏။ ပုလွေတို တစ်စင်းနှင် တေးသီကျူး နေသည့် သိုးထိန်းသူငယ်၏ ဘ၀မှာ လွတ်လပ်လှပါပေ၏။ စာပေမွေ့လျော်သူ ကျွန်ုပ်သည် ထိုကဲ့သို့သော ပေါ့ပါးခြင်းမျိုးကို အစဉ် တောင့်တခဲ့ဖူးပါ၏။ ယခုမူကား ကျွန်ုပ်၏ စိတ်ကူးယဉ် ကမ္ဘာမှ လွတ်လပ် ပေါ့ပါးခြင်းမှာ ငနဲသားလေး စိန်ဝင်းမောင်ကြောင့် အလျဉ်း ကွယ်ပျောက်သွားလေပြီ။


“ဒါနဲ့ နေပါဦး .. ဦးလေးရဲ့ … စိန်ဝင်းမောင်က ကျောင်း မနေရဘူးလား” ဟု ကျွန်ုပ် ရုတ်တရက် မေးလိုက်မိသည်။ ဦးအောင်ဒင်က “ဒီကောင်လေးကို ကျွန်တော် ကျောင်းထားပေးဖူးတယ် ဆရာလေးရဲ့။ ကျောင်းဝတ်စုံ၊ စာအုပ်ဖိုး သေသေချာချာ ပေးပြီးတော့ကို ကျောင်းထားခဲ့တာပဲ။ ဒါပေမယ့် ဒီကောင့်မှာ ပညာပါရမီ မပါဘူးဗျ။ ဘယ်လောက် သင်သင် သုံးတန်းကနေ မတက်တော့ဘူး။  ရွာက ကျောင်းဆရာလေးတောင် ညည်းရှာတယ်။  ““ကကြီးကို ပုတ်လောက် ရေးပြတာတောင် ဗျိုင်းပျံတာလား”” လို့ မေးတဲ့ မိဘတွေက ပေါက်ဖွားလာတော့ မျိုးရိုးလိုက်ပြီး ဉာဏ်ပညာ နုံနဲ့သွားရှာတယ် ထင်ပါတယ်။ ဒါနဲ့ မထူးပါဘူး ဆိုပြီး ကျောင်းနှုတ်ပြီး ဘဲကျောင်းခိုင်းလိုက်ရတာပဲ” ဟု ဆိုလေ၏။ ကျွန်ုပ်လည်း ဘာမှ ပြန် မပြောမိတော့ချေ။

{ ကောင်းကင်အနုပညာ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။ }

ပန်ဒိုရာစိန်ဝင်းမောင် 🔰 ( ဇာတ်သိမ်းပိုင်း)

ပန်ဒိုရာစိန်ဝင်းမောင်


🔰🔰🔰🔰🔰🔰


( ဇာတ်သိမ်းပိုင်း)


မောင်ကျပ်ခိုး 


(၆)


ဤသို့ဖြင့် ကာလအတန်ငယ် ကြာမြင့်သွားလေ၏။ ဦးအောင်ဒင်၌ ချဉ်ခြင်း တစ်မျိုး စွဲကပ်လာ၏။ ယင်းကား အခြား မဟုတ်၊ တရုတ်ပြည်ဖြစ် သံစုံနှိုးစက် နာရီ ဖြစ်ချေ၏။


ကြက်တွန်သံကို ပဟိုရ်ပြုကြသော ရှေးမြန်မာလူမျိုးတို့၏ ဓလေ့ဟောင်းကို ဂန္ဓလရာဇ်ပြည်သား မြန်မာမှုထိန်းသိမ်းသူတို့က ခေတ်သစ်နည်းပညာနှင့် ပေါင်းစပ်၍ အရိုးပေါ် အယဉ်ဆင့်လိုက်သည့်အခါ “အောက်အီအီးအွတ် .. မြန်မာစံတော်ချိန် မနက် / ည ဘယ်နှနာရီ ချိဘာဘီချင်” ဟု မပီကလာ ပီကလာ မြန်မာစကားကို သာသာချိုချို ဆိုမြည်တတ်သော တရုတ်ပြည်ဖြစ် အပေါစား နှိုးစက်နာရီကလေးများ ပေါ်ထွက်လာလေ၏။  


ထိုနာရီကို အမာကျေးရွာရှိ သင်္ဘော ဆလင်ကြီး တစ်ဦးက စတင် ၀ယ်ယူ သုံးစွဲပြီးနောက်တွင် “အောက်အီအီးအွတ်” သံစုံနှိုးစက်နာရီ ရောဂါသည် အမာတစ်ရွာလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး၊ “အောက်အီအီးအွတ် .. မြန်မာစံတော်ချိန် မနက် / ည ဘယ်နှနာရီ ချိဘာဘီချင်” ဟူသော နှိုးစက်မြည်သံသည် အမာကျေးရွာရှိ ၀ိညာဏ သက်ရှိ ကြက်သတ္တ၀ါတို့၏ တွန်သံကို ဖုံးလွှမ်းလိုက်လေ၏။


“အောက်အီအီးအွတ်” သံစုံနှိုးစက်နာရီ ရောဂါသည် အမာရွာမှ တစ်ဖန် အခြားရွာများသို့ ပျံ့နှံ့သွားပြန်သည်။ ဂန္ဓလရာဇ်ပြည်သားတို့က သူတို့၏ ထုတ်ကုန်ကို မြန်မာပြည်သို့ မရောက် ရောက်အောင် ပို့ပြီး စီးပွားရေး လုပ်ကိုင်တတ်သော်လည်း၊ အမာကျေးရွာရှိ မြန်မာလူမျိုးပိုင် စတိုးဆိုင်ကြီးတွင် “အောက်အီအီးအွတ်” တင်ရောင်းရန် စိတ်ကူး မရ။ သို့ဖြစ်၍ “အောက်အီအီးအွတ်” ရောဂါ စွဲကပ်လာလျှင် ဘိုကလေးသို့ လူကြုံမှာ၍ ၀ယ်ရသည်။


“အကျည်းတန်” ဟု အမည်ရသည့် အမာနှင့် ဘိုကလေး ခုတ်မောင်း ပြေးဆွဲသော လိုင်းသင်္ဘောကလေး၏ ဆလင်ကြီး ဦးသာစိန်မှာ ဦးအောင်ဒင်နှင့် “ပဆစ်”ကစားကြစဉ် အခါက အငြင်းအခုံ ဖြစ်ပွားပြီး အခေါ်အပြော မရှိတော့။ သို့ဖြစ်၍ ဦးအောင်ဒင်သည် အောက်အီအီးအွတ် ရောဂါ စွဲကပ်လာသော်လည်း သဘောင်္ဆလင်နှင့် နာရီ လူကြုံမှာရန် မဖြစ်နိုင်သဖြင့် ဝေဒနာကို အောင့်အည်းသည်းခံ၍ နေရတော့သည်။


နောက်ဆုံးတွင် ဦးအောင်ဒင်သည် ကျွန်ုပ်၏ အလုပ်ဌာနသို့ ပေါက်ချလာပြီး “ဆရာလေး ဒီတစ်ခေါက် မြို့ကို လစာထုတ် သွားရင် ကျွန်တော့်ဖို့ နှိုးစက်နာရီ ၀ယ်ခဲ့စမ်းပါ” ဟု အပူကပ်လေ၏။ တစ်ရွာလုံး တစ်နယ်လုံး အောက်အီအီးအွတ် နေကြသဖြင့် အောက်အီအီးအွတ် နာရီကို ကျွန်ုပ် မြင်ပြင်းကပ်မိသည်မှာ အတော် ကြာနေပါပြီ။ သို့သော်လည်း ယခုမူကား ကျွန်ုပ် ကြည့်မရသော အောက်အီအီးအွတ်ကို ဦးအောင်ဒင် အတွက် ၀ယ်ပေးရန် ကတိခံလိုက်ရလေပြီ။


လကုန်ရက် မြို့တက်ခိုက်တွင် ကျွန်ုပ်သည် ဘိုကလေးတွင် အောက်အီအီးအွတ် ရှာပုံတော် ဖွင့်ရလေ၏။ လိုချင်လျှင် လွယ်လွယ်နှင့် မရတတ်သည့် လောက သဘာဝကြောင့် အောက်အီအီးအွတ်ကို လွယ်လွယ်နှင့် ရှာမတွေ့။ ဈေးကြီးကို သုံးပတ်ခန့် ပတ်မိပြီးမှ အောက်အီအီးအွတ်နှင့် အခြား တရုတ်ပစ္စည်းများ ရောင်းချရာ စတိုးဆိုင်ကြီးကို ဘွားခနဲ တွေ့လိုက်ရသဖြင့် ကျွန်ုပ် ၀မ်းသာလုံး ဆို့လုမတတ် ဖြစ်သွားသည်။ ထို့နောက်တွင် ကျွန်ုပ်သည် ဦးအောင်ဒင်အတွက် အောက်အီအီးအွတ် ၀ယ်ယူပြီး အမာသို့ ညနေ သင်္ဘောဖြင့် ပြန်စုန်ခဲ့လေ၏။


ဘိုကလေးမှ အမာသို့ ပြေးဆွဲသည့် သင်္ဘောသည် မြသိန်းတန်၊ မြစ်တန်း အစရှိသည့် ကျေးရွာတို့ကို ဖြတ်သန်း၍ ခရီးနှင်ခဲ့ရာ ရေငန်ပိုင်ဦးရှင်ကြီး ကွန်းခိုရာ ကျွန်းညိုကြီးကို လှမ်း၍ မြင်ရလေပြီ။ ရေးရေးမှုန်မှုန် မလင်းတလင်း ညအရောင်အောက်တွင် ဧကစာရီ ကျင့်နေသော ကျွန်းညိုကြီးကို မြင်ရသည်မှာ တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းလှသည်။ တ၀ီဝီ မြည်ဟီးနေသည့် ညလေတိုးသံသည် မိစ္ဆာကောင်တို့ အော်ဟစ် ညည်းတွားနေသည့် အလား။ ရံဖန်ရံခါတွင် ကျွန်းညိုကြီးဆီမှ မီးရောင် လက်ခနဲ လက်ခနဲ မြင်ရသည်။ ဦးရှင်ကြီး၏ တပြည့်လက်သားတို့ အရိပ်အရောင် ပြခြင်းပေလော၊ ထင်းခုတ်သမားတို့ပေလော၊ ကျားပိုက်သမားတို့ မီးရောင်ပြခြင်းပေလော ကျွန်ုပ် အတွေးပိုမိသည်။


ထိုအခိုက်တွင် ကျွန်ုပ် လက်ဆွဲ အိတ်အတွင်း ထည့်ထားသည့် သံစုံနှိုးစက်နာရီသည် ရုတ်တရက် အသက်ဝင်လာပြီး ကျယ်လောင် စူးရှသော မြည်သံကို ဟစ်ကြွေးလိုက်လေ၏။ ငိုက်မျဉ်း၍ လိုက်ပါလာသော သဘောင်္စီး ခရီးသည် အားလုံး လန့်နိုးသွားလေ၏။ ကျွန်ုပ်လည်း အတွေး ရေယဉ်ကြောတွင် မှေးငိုက် စီးမျောနေရာမှ ဗြုန်းခနဲ လန့်နိုးလာသဖြင့် ဦးအောင်ဒင်၏ အောက်အီအီးအွတ် နာရီကို မအေ နှမ ကလော်တုပ် မိတော့သည်။ နှိုးစက်ပိတ်ရန် ခလုတ်ရှာသော်လည်း ခလုတ် အားလုံးကို တရုတ်ဘာသာဖြင့် ရေးထားသဖြင့် ဘယ်ခလုတ်ကို နှိပ်ရမှန်း မသိ။ နောက်ဆုံးတွင် ဓာတ်ခဲကို ဖြုတ်ထားလိုက်တော့မှ အောက်အီအီးအွတ် ကိုယ်တော်မြတ် အသံတိတ်သွားလေ၏။


မနက် ဝေလီဝေလင်း အချိန်ရောက်သော် သဘောင်္သည် အမာဆိပ်ကမ်းသို့ ဆိုက်ကပ်လေသတည်း။


(၇)


အမာသို့ ပြန်ရောက်လျှင် ရောက်ချင်း အလုပ်များနေသဖြင့် ပုဂံပုံကျေးရွာသို့ သွား၍ ဦးအောင်ဒင်ကို နှိုးစက်နာရီ မပေးဖြစ်သေး။ သို့သော် ဤအောက်အီအီးအွတ် နာရီသတ္တ၀ါကို ကျွန်ုပ် အနားတွင် တစ်ဗီဇနာမျှပင် မထားချင်။ ညနေစောင်း အလုပ်သိမ်းပြီးချိန် ရောက်ပါမှ ပုဂံပုံကျေးရွာသို့ ဆိုင်ကယ်ဖြင့် ခရီးနှင်ရလေ၏။


ဦးအောင်ဒင်၏ အလိုဆန္ဒ ပြည့်ဝတော့မည်ကို နတ်သိကြားတို့ နိမိတ်ပြသည်ထင့်။ လောကဓာတ် တစ်ခုလုံး သာယာ ကြည်လင် နေ၏။ ပုဂံပုံကျေးရွာသို့ သွားရာ တောလမ်းကလေး၏ တစ်ဘက်တစ်ချက်မှ ဓနိတောတန်းသည် ညနေစောင်း နေရောင်ခြည်ကြောင့် လှချင်တိုင်း လှနေလေ၏။  ရေကျချိန်ဖြစ်သဖြင့် ဘုတ်ငှက်မြည်သံ တပူပူ ကို ကြားရသည်။ လေနုအေးကလည်း သာတောင့်သာယာ တိုက်ခတ်နေ၏။ ကျွန်ုပ်သည် ကွင်းပြင်ကို ဖြတ်သန်း၍ တိုက်ခတ်လာသည့် လေနုအေးကို တ၀တပြဲ ရှုရှိုက်လိုက်တော့သည်။ ဒွန္နယာကြီးကား တင့်တယ် သာယာလှပေစွ။


အိမ်ရှေ့တွင် ဆိုင်ကယ် ရပ်လိုက်သည်နှင့် တစ်ပြိုက်နက် ကျွန်ုပ်၏ နံဘေးသို့ ဦးအောင်ဒင် ရောက်လာလေ၏။ နှိုးစက်နာရီ ရသွားသည်နှင့် သူ့ မျက်နှာ ၀င်းခနဲ ဖြစ်သွားလေ၏။ မျောက် အုန်းသီးရသလို ဖြစ်သွားသည်။ အောက်အီအီးအွတ် မြည်သံကို နားခါးလှကြောင်း ကျွန်ုပ် ဆိုခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အောက်အီအီးအွတ် မြည်သံကြောင့် ဦးအောင်ဒင် ပျော်ရွှင်နေသည် မြင်ရသည့်အခါ၊ နာရီနှိုးစက်မြည်သံသည် ကျွန်ုပ်၏ နားဝသို့ ပဉ္စသိခ နတ်စောင်းသံ အလား သုတိသြဘာ ပြည့်စုံစွာဖြင့် ညင်သာစွာ ပျံ့လွင့်လာလေ၏။ ပီတိဓာတ်၏ အကျိုးကျေးဇူး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ လူ့စိတ်ကား ထူးဆန်းပေစွ။ မလိုတစ်မျိုး လိုတစ်မျိုးဟု ဆိုသော် သင့်နိုးအံ့သည်။


ဦးအောင်ဒင့် အိမ်ရှေ့တွင် အောက်အီအီးအွတ် သံစုံနှိုးစက်နာရီကို လာကြည့်သော လူအုပ်ကြီးမှာ မနည်းလှ။ ကလေး လူကြီး အားလုံး ရွပိုးထိုးနေ၏။ ဦးအောင်ဒင်ကို ကြောက်သောကြောင့် အော်ကျယ်အော်ကျယ် မလုပ်ဝံ့။ “ဟော ဘိုးလေးကို ကြည့်။ သူ ခလုတ်နှိပ်လိုက်ရင် ကြက်က ထတွန်ရော။ တော်တော် ဟုတ်တဲ့ နာရီပဲ။ ဓာတ်ခဲထည့်ရတယ်ကွ” စသည်ဖြင့် တစ်ယောက်တစ်မျိုး တွတ်ထိုးနေကြလေ၏။ အတန်ကြာလျှင် ဦးအောင်ဒင်သည် အောက်အီအီးအွတ် နာရီသတ္တ၀ါကို ယူလာပြီး အိမ်ရှေ့တွင် ရပ်ကြည့်နေသည့် လူထုကို ကြည့်ကာ သံစုံနှိုးစက်နာရီအမွှန်းကို အောက်ပါအတိုင်း ဆိုလေ၏။


“ဒီနာရီက တစ်နာရီခြား တစ်ခါ အသံမြည်တယ်။ အသံမြည်တာတော့ မင်းတို့ ကြားပြီးပါပြီ။ ““အောက်အီအီးအွတ် .. မြန်မာစံတော်ချိန် မနက် / ည ဘယ်နှနာရီ ရှိပါပြီရှင်”” ဆိုပြီး ပြောတဲ့ အသံလေးက အင်မတန် နားထောင်လို့ ကောင်းတယ်။ သာယာနာပျော်ဖွယ်ရှိတယ်။ အသံမြည်ရုံတင် မကသေးဘူး။ နာရီကို အင်္ဂလိပ် ဂဏန်းနဲ့ ပြတယ်။ ဒီတော့ကာ အင်္ဂလိပ် ဂဏန်း ဖတ်တတ်ရင် ရပြီ။ ရှေးတုန်းကလို နာရီကြည့်တတ်ဖို့ သင်စရာတောင် မလိုတော့ဘူး။ တယ်ကောင်းတဲ့ အစီအမံပဲကွဲ့။ ဒါနဲ့ ငါ စဉ်းစားကြည့်တာ ဒီလို အသံမြည်အောင် လုပ်တဲ့ နေရာမှာ မနက် ည မမှားရအောင် သူတို့ ဘယ်လို လုပ်ထားသလဲ ဆိုတာပဲ။ အသံမြည်တာနဲ့ ပေါ်လာတဲ့ ဂဏန်းနဲ့က ကွက်တိ ဖြစ်နေတာ အင်မတန် ထူးဆန်းတယ်။ ဒီကောင်တွေ ထွင်လည်း ထွင်တတ်ပ။ အံ့ရော။”


ဦးအောင်ဒင်၏ စကားအဆုံး၌ စိန်ဝင်းမောင်သည် လူအုပ်ကို တိုးဝှေ့ပြီး ရှေ့သို့ ထွက်လာလေ၏။ ဦးအောင်ဒင်၏ လက်ထဲမှ နာရီကို ပြူးတူးပြဲတဲ စိုက်ကြည့်သည်။ ထိုသော် ဦးအောင်ဒင် စိတ်ကြီးဝင်သွားလေ၏။ “ဟေ့ စိန်ဝင်းမောင် ဒီမှာ ကြည့်ကွဲ့” ဟု ဆိုရင်း နာရီ ခလုတ်ကို နှိပ်လိုက်သည်။ အောက်အီအီးအွတ် မြည်သံ ထွက်လာလေ၏။ စိန်ဝင်းမောင် မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ဦးအောင်ဒင် နာရီ ခလုတ်ကို နောက်ထပ် တစ်ချက် နှိပ်လိုက်ပြန်သည်။ အောက်အီအီးအွတ်။ စိန်ဝင်းမောင် မျက်နှာ လင်းခနဲ။ သို့နှင့် အောက်အီအီးအွတ် မြည်သံသည် များစွာ မကျယ်ပြန့်သော ပုဂံပုံရွာကလေးကို လွှမ်းခြုံလိုက်လေသတည်း။


(၈)


သံစုံနှိုးစက်နာရီသည် ဦးအောင်ဒင်ကဲ့သို့ အသက် (၆၀) ကျော် လူကြီးတစ်ဦးကိုပင် ဆွဲဆောင်နိုင်သည် ဖြစ်ရကား စိန်ဝင်းမောင်ကဲ့သို့သော မအူမလည် တောသားငယ် အနေဖြင့် ဤနာရီ၏ လွှမ်းမိုးဖမ်းစားမှုကို အဘယ်မှာလျှင် အံတုနိုင်ပါမည်နည်း။


ခလုတ်နှိပ်လိုက်လျှင် ထွက်ပေါ်လာသည့် အောက်အီအီးအွတ် မြည်သံသည် စိန်ဝင်းမောင်၏ အသည်းဆိုင်ကို ဆွဲကိုင်လှုပ်ခါနိုင်စွမ်း ရှိ၏။ လက်တစ်ဝါး ခန့်မျှသာ ရှိသော နာရီထဲတွင် ဘာတွေများ ရှိနေပါလိမ့် ဟု သူ တွေးမိသည်။ ဖြစ်နိုင်လျှင် ဘိုးလေးဦးအောင်ဒင်၏ နာရီကို တစ်ခါလောက် နှိပ်ကြည့်လိုက်ချင်သေးသည်။ ထိုအခွင့်အရေး ရရန်မှာ မလွယ်ကူ။ သို့သော် “ဆန္ဒတော ကိံနာမ ကမ္မံ နသိဇ္ဈတိ၊ ဆန္ဒပြင်းပြလာလျှင် မအောင်မြင်သော အမှုကိစ္စဟူ၍ မရှိ”” ဟု ရှင်တော်မြတ်ဘုရား ဟောကြားခဲ့ဖူးသည် မဟုတ်လော။


နောက်တစ်နေ့ နံနက်ခင်းတွင် စိန်ဝင်းမောင်သည် ဦးအောင်ဒင်ထံသို့ ပေါက်ချလာပြီး “ဘိုးလေးရဲ့ ကြက်ဖနာရီကို ကျွန်တော် တစ်ချက်လောက် နှိပ်ကြည့်ချင်လို့” ဟု မဆိုင်းမတွ ဆိုလေ၏။ စိန်ဝင်းမောင်၏ စကားကြောင့် ဦးအောင်ဒင် အတော်ပင် စိတ်မကောင်း ဖြစ်သွားရသည်ဟု ဆိုသည်။ ဦးအောင်ဒင်မှာ စိတ်ရင်းကောင်းသူ ဖြစ်ရကား စိန်ဝင်မောင်ကို နာရီ ခလုတ် နှိပ်ခွင့် ပေးလိုက်၏။ စိန်ဝင်းမောင်၏ ညစ်ထေးထေး လက်ချောင်းကလေးနှင့် နာရီခလုတ် ထိတွေ့သည့် အခါ “အောက်အီအီးအွတ်” မြည်သံ ပီသ ကြည်မြစွာ ထွက်ပေါ်လာ၏။ စိန်ဝင်းမောင် ၀မ်းသာ၍ မဆုံးတော့ပြီ။ တပြုံးပြုံး ဖြစ်သွားလေ၏။ စိန်ဝင်းမောင်ကား အလိုက်ကန်းဆိုး မသိသူ သူငယ်မိုက် မဟုတ်။ အလိုလိုက်သည်ကို အခွင့်အရေး မယူ၊ ရောင့် မတက်။ သူ့ ကတိအတိုင်း တစ်ချက်သာ နှိပ်ကြည့်ပြီး ဦးအောင်ဒင်အား နာရီ ပြန်အပ်သည်။


“ဒီ ကြက်ဖနာရီကို ၀ယ်တာ ဘယ်လောက်တောင် ပေးလိုက်ရတုန်း ဘိုးလေး” ဟူသော စိန်ဝင်းမောင်၏ အမေးကြောင့် ဦးအောင်ဒင် အတော်ပင် စိတ်မကောင်း ဖြစ်သွား၏။ “ဟာကွာ ဘာမှ မတန်ပါဘူးကွာ။ ဘာဖြစ်လို့တုန်းကွဲ့ စိန်ဝင်းမောင်ရဲ့” ဟု ဦးအောင်ဒင် ဆိုမိသည်။  


“ကျွန်တော်လည်း အဲဒီ ကြက်ဖနာရီ လိုချင်လို့ မေးကြည့်တာ” ဟူသော စိန်ဝင်းမောင်၏ စကားသည် လူ့ခွစာကြီး ဦးအောင်ဒင်၏ နူးညံ့သော နှလုံးသားကို မြှားဖြင့် ခွင်းလိုက်သည့် အလား။ ဦးအောင်ဒင် ကိုယ်တိုင် ခြေဖ၀ါး၊ လက်ဖ၀ါး ဘ၀မှ စတင် ရုန်းကန်ခဲ့ရသူ ဖြစ်သဖြင့် ဆင်းရဲနွမ်းပါသူတို့၏ သိမ်ငယ်စိတ်ကို ကောင်းကောင်းကြီး နားလည်သည်။ အထူးသဖြင့် ကံမကောင်း အကြောင်းမလှရှာသော ကလေးငယ်တစ်ဦး၏ အားငယ်စိတ် သိမ်ငယ်စိတ်ကို စာနာမိသည်။


“ဘာမှ မပေးရပါဘူးကွာ။ မင်း ကြက်ဖနာရီ လိုချင်ရင် ဘိုးလေးရဲ့ ဘဲတွေကို သေသေချာချာ ကျောင်း။ မင်းကို ဘိုးလေး ဒီနာရီ ဆုချမယ်” ဟု ဦးအောင်ဒင် ဖြေသိမ့်လိုက်သည်။ “တကယ်လား ဘိုးလေးရဲ့” ဟု စိန်ဝင်းမောင်က အားတက်သရော  မေးလိုက်သည်။ “ဘိုးလေးက ဘကြီးအောင် မဟုတ်ပါဘူးကွာ” ဟု ဦးအောင်ဒင် ဆိုလိုက်သည်။ ထို့နောက် သူ့ ဒိုင်ယာလော့ကို သူ ဖာသာ သဘောကျသွားဟန်ဖြင့် တဟားဟား ရယ်လိုက်လေ၏။  


စိန်ဝင်းမောင်မှာ မင်းသုဝဏ် ပရိသတ် မဟုတ်ရကား ဦးအောင်ဒင်၏ စကားကို နားမလည်။ သို့သော် သဘောပေါက်သလိုလို ရှိသည်။ “ဒါဆို ကျွန်တော် ဘဲတွေ ကောင်းကောင်း ကျောင်းရင် ဘိုးလေးက ဒီနာရီ ဆုပေးမယ်ပေါ့ ဟုတ်လား” ဟု အလောတကြီး မေးလိုက်လေ၏။ “ဒါပေါ့ကွ စိန်ဝင်းမောင်ရဲ့။ အခု ဘိုလေး ဘဲတွေ ထပ်ဝယ်ပြီး ဘဲခြံကို ချဲ့မယ်။ အဲဒီ ဘဲတွေကို မင်း သေသေချာချာ ကျောင်းရမယ်။ ဟိုဘက်ရွာက ဘဲအုပ်နဲ့ ရောပြီး ဘဲတွေ ပျောက်တာမျိုး ထပ်ပြီး မဖြစ်စေနဲ့။ ဘဲခြံကို ညဘက်ကျရင် သေသေချာချာ စောင့်။ တောကြောင်ကိုလည်း စောင့်ဖမ်း။ နောက်ပြီးတော့ ဘဲတွေကို မြေကြွက်တွေ ၀င် ၀င်ကိုက်တယ် ကြားတယ်။ အဲဒါမျိုး ထပ်ပြီး မဖြစ်စေနဲ့။ ဘဲဥ ဥနှုန်း တိုးလာရင် မင်းကို ဘိုးလေး ဒီနာရီ ဆုချမယ်” ဟု ဦးအောင်ဒင်က ဆိုလေ၏။ ဤသို့ဖြင့် ဦးအောင်ဒင်နှင့် စိန်ဝင်းမောင်သည် နှစ်ဦးသဘောတူကတိတစ်ခုကို အောင်မြင်စွာ ချုပ်ဆိုလိုက်လေ၏။


မျှော်လင့်ခြင်းသည် ခပ်သိမ်းသော အရာတို့ကို ဖြစ်စေကုန်၏။ စိန်ဝင်းမောင်၏ ရင်တွင်း၌ မျှော်လင့်ခြင်းတည်း ဟူသော သစ်ပင်ကလေး အညှောင့် ပေါက်လာချေပြီ။ ထိုနေ့မှစ၍ စိန်ဝင်းမောင်သည် အလုပ်ကို အားကြိုး မာန်တက် လုပ်တော့သည်။ မြောင်းထဲ ဆင်း၍ ခရုဖော်ပြီး အစာစိမ်းနှင့် ခရုများကို စပ်ကာ ဘဲများကို ကျွေးသည်။ ဘဲအုပ်မှာ တစ်ရာ နှစ်ရာ မက သုံးရာ၊ သုံးရာ့ငါးဆယ်ခန့် ရှိသဖြင့် နိစ္စဓူဝ အစာစိမ်း ရှာရသည်မှာ မထောင်းတာ။ သို့သော်လည်း စိန်ဝင်းမောင်သည် မျှော်လင့်ခြင်းကြောင့် တစ်ချက်ကလေးမှ မညည်းညူ။


ဘဲခြံတစ်ဝိုက်ရှိ ခြုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင် ရှင်းလင်းပြီး မီးတိုက်သည်။ ရေ၀ပ်နေသော ချိုင့်၊ ကျင်း၊ ခလုတ် ကန်သင်းများကို မြေဖို့သည်။ ကြွက်အန္တရာယ်ကို နှိမ်နှင်းရန် ကိုယ်တိုင် ၀ါးခုတ်ပြီး ဘိ (ကြွက်ထောင်ချောက်) လုပ်ကာ ကြွက်လာနိုင်သော နေရာများတွင် ချထားသည်။ ထိုမျှသာ မကသေး ထောင်ချောက်ကို ရှောင်ကွင်း သွားတတ်သော ဉာဏ်ကြီးရှင် မြေကြွက်များကို နှိမ်နှင်းရန် မြေကြီးကို ကျင်းတူး၍ ရေအိုးဟောင်းများကို ထည့်ကာ မြေအိုးထောင်ချောက် လုပ်လိုက်သေးသည်။ မျှော်လင့်ခြင်း၏ တန်ခိုး အာနုဘော်ကြောင့် စိန်ဝင်းမောင်၏ မြေကြွက်နှိမ်နှင်းရေး စစ်ပွဲ အောင်မြင်သည်ကို ၀မ်းမြောက်ဖွယ် ကြားရ၏။


တောကြောင်ဆိုးကို နှိမ်နှင်းရန် အလို့ငှာ ငါးကို မီးဖုတ်၍ ကြွက်သတ်ဆေး သွတ်ကာ အဆိပ်ချသည်။ ထိုသို့ ဆောင်ရွက်နေခိုက်တွင် မိသားစု တာဝန်ကိုလည်း မလစ်ဟင်းစေရ။ ချောင်းထဲမြောင်းထဲ ဆင်း၍ ငါးရှာ ဖားရှာ လုပ်ကာ မိသားစု ၀မ်းစာကို ထောက်ပံ့ရပြန်သေးသည်။ အတော်ပင် ဇွဲကောင်းသော စိန်ဝင်းမောင် ဖြစ်ချေ၏။ ကျွန်ုပ်သည် သံစုံနှိုးစက်နာရီကို မျှော်လင့်ပြီး အလုပ်နှင့် လက် ဇယ်ဆက်သလို လုပ်နေသော စိန်ဝင်းမောင်ကို မြင်ရသည့် အခါ ဤသူငယ်ကလေး၏ မျှော်လင့်ခြင်းတို့ လျင်မြန်စွာ ထမြောက် အောင်မြင်ပါစေ ဟု မေတ္တာရင်းဖြင့် ဆုတောင်းမိပါသည်။


(၉)


နှစ်လခန့် ကြာမြင့်ပြီးနောက်တွင် ဦးအောင်ဒင်၏ ဘဲခြံမှ ဘဲဥ အထွက်နှုန်းသည် ဒီရေအလား တရိပ်ရိပ် တိုးတက်လာလေ၏။ ဘဲ ကောင်ရေ (၃၅၀) ခန့် ရှိသော ဘဲခြံမှ တစ်နေ့လျှင် ဘဲဥ အလုံးရေ (၃၃၀ -- ၃၄၀) ကျော် နေ့စဉ် ထွက်ခြင်းမှာ ဘဲခြံ ထိန်းသိမ်းသူ၏ အစွမ်းကြောင့် ဖြစ်ချေ၏။


ဦးအောင်ဒင်ကား ကတိတရားကို တန်ဖိုးထားသူ ဖြစ်သည်။ မှတ်မှတ်ရရ ထိုညနေစောင်းတွင် ကျွန်ုပ်သည် ဦးအောင်ဒင်နှင့် အတူ အိမ်ခေါင်းရင်းရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ထုံးစံအတိုင်း အလပ္ပသလာပ္ပ ပြောဟောနေကြလေ၏။ ထိုအခိုက်တွင် ရွာနှင့် မလှမ်းမကမ်းရှိ လယ်ပြင်ကို ဖြတ်၍ ဘဲအုပ်ကို “မ” လာသော စိန်ဝင်းမောင်ကို မြင်ရလေ၏။ ထိုသော် ဦးအောင်ဒင်သည် သူ့ ထုံးစံအတိုင်း အိမ်တိုင်တွင် ချိတ်ထားသည့် သံဝီစီကို ဖြုတ်ကာ ခရာတစ်ချက် တုတ်လိုက်သည်။ ဤခရာတုတ်သံကို ကျွန်ုပ် မနှစ်မြို့။ အလုပ်ရှင် အလုပ်သမား အကြားရှိ ကြိုးမဲ့ဆက်သွယ်ရေး ဖြစ်သော်လည်း အာဏာရှင်ဆန်လွန်းအားကြီးသည်ဟု ယူဆမိသောကြောင့် ဖြစ်သည်။


ခရာတုတ်သံ အဆုံးတွင် စိန်ဝင်းမောင်သည် ကျွန်ုပ်တို့ အပါးသို့ ရောက်ရှိလာလေ၏။ သူ့ မျက်နှာတွင် ရွှံ့စက်တို့ စွန်းထင်းနေ၏။ ၀တ်ထားသည့် စွပ်ကျယ်အကျီင်္မှာ ရွှံ့နှစ်ရောင် ပေါက်နေ၏။ ထိုစွပ်ကျယ်၏ မူလအရောင်အဆင်းကို ကမ္ဘာကျော်ဓာတ်ခွဲခန်းများမှ သိပ္ပံပညာရှင်တို့အား ဓာတ်ခွဲစစ်ဆေးခိုင်းလျှင် အဖြေပေါ်ထွက်နိုင်ဖွယ် အကြောင်း မမြင်။ ချောင်းကြိုမြောင်းကြား ဆင်း၍ ခရုနှိုက်ရသောကြောင့် သူ့ကိုယ်တွင် ငါးညှီနံ့လိုလို၊ သမန်းပုပ်နံ့လိုလို စွဲကပ်နေ၏။ ခြေချောင်တို့တွင်လည်း ရေ၀ဲ သဲဝဲ စားနေလေ၏။ သို့သော်လည်း စိန်ဝင်းမောင်၏ မျက်နှာမှာ မျှော်လင့်ခြင်း၏ တန်ခိုးကြောင့် ကြည်လင် ၀င်းပနေလေ၏။


စိန်ဝင်းမောင်က "ဘိုးလေး ကျွန်တော့်ကို ဘာခိုင်းမလို့လဲ” ဟု ထုံးစံအတိုင်း အောက်ကျနောက်ကျ ဆိုရှာသည်။ ထိုသော် ဦးအောင်ဒင်သည် နံဘေးတွင် ချထားသည့် "အောက်အီအီးအွတ်" ကို ယူလိုက်ပြီး စိန်ဝင်းမောင်၏ လက်ထဲသို့ ထည့်ပေးလိုက်လေ၏။ စိန်ဝင်းမောင် ပါးစပ် အဟောင်းသား၊ မျက်လုံး အပြူးသား ဖြစ်သွားလေ၏။ "ဘိုးလေးက မင်းကို ဒီနာရီ ဆုချလိုက်ပြီ။ မင်းဖာသာ သဘောရှိ ကရောဟိ လုပ်ပေတော့" ဟု ဦးအောင်ဒင် ဆိုလိုက်သည်။ အတော်ပင် ကြည်နူးဖွယ်ကောင်းသော မြင်ကွင်း ဖြစ်၏။ "ဘိုးလေးက ဘကြီးအောင် မဟုတ်ပါဘူးကွာ" ဟု ဆိုရင်း ဦးအောင်ဒင် တဟားဟား ရယ်လိုက်သေးသည်။ ကျွန်ုပ်လည်း ရောယောင်ပြီး ရယ်မိတော့သည်။ စိန်ဝင်းမောင်၏ မျက်နှာမှာ သကာရည် ဆမ်းထားသည့်နှယ် ဖြစ်သွားပြီး တဒင်္ဂမျှ မိန်းမောသွားလေသည်။


“ဟေ့ကောင် ဘာ ကျီးကြည့်ကြောင်ကြည့် ကြည့်နေတာလဲကွ။ မင်းကို ဘိုးလေးက အပိုင် ပေးလိုက်ပြီလေ။ မင်းပဲ အောက်အီအီးအွတ် ခလုတ်ကို နှိပ်ချင်လှချည့်ဆို။ နှိပ်ပါတော့လား” ဟု ဦးအောင်ဒင် ဆိုလိုက်၏။ ထိုသော်မှ စိန်ဝင်းမောင် တစ်ယောက် လူနှင့် သတိ ပြန်ကပ်တော့သည်။ ကျွန်ုပ်နှင့် ဦးအောင်ဒင်မှာ ခြေမကိုင်မိ၊ လက်မကိုင် ဖြစ်နေသော စိန်ဝင်းမောင်၏ အဖြစ်ကို ကြည့်ရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိတော့သည်။ အလွန်သနားဖွယ် ကောင်းလှသော သူငယ် ဖြစ်ချေ၏။ ယခုမူကား သူ၏ မျှော်လင့်ခြင်း အထမြောက်လေပြီ။


စိန်ဝင်းမောင်သည် သူ့ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော နာရီကို ကြည့်၍ ဇဝေဇ၀ါ ဖြစ်နေလေ၏။ အတန်ကြာမှ နာရီခလုတ်ကို ခပ်ဖွဖွ နှိပ်လိုက်သည်။ အောက်အီအီးအွတ် ဟူသည့် မြည်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလေ၏။ နောက်တစ်ချက်၊ အောက်အီအီးအွတ်။ နောက်တစ်ချက်၊ အောက်အီအီးအွတ်။ နောက်တစ်ချက် … နောက်တစ်ချက် …  နောက်တစ်ချက် … အချက်ပေါင်းများစွာ တရစပ် နှိပ်လိုက်သဖြင့် အောက်အီအီးအွတ် မြည်သံမှာ မပီသ၊ မပြတ်သားတော့။ “အောက်အိအီးအ .. အောက်အီအီး .. အောက်အီအိ .. အောက်အီး .. အော့အီး .. အော့အီ” စသည်ဖြင့် ပြောင်းလဲ သွားလေ၏။ ကျွန်ုပ်၏ နားတွင်မူ “အောင့်အည်း” ဟု ကြားမိပြီး စိန်ဝင်းမောင် အောင့်အည်းသည်းခံ စောင့်စားခဲ့ရသော မျှော်လင့်ချက်ကြီး အကြောင်းကို ပြန်ပြောင်း စဉ်းစားနေမိတော့သည်။ မျှော်လင့်ချက် ဟူသည့် အရာတစ်ခု အတွက် စိန်ဝင်းမောင် အောင့်အည်းသည်းခံ၍ ပေးဆပ်ခဲ့ရသည့် အချိန်ခွန်အားတို့နှင့် သူ ပြန်ရလိုက်သည့် ကျေနပ်ပျော်ရွှင်မှုကို နှိုင်းရှည့်ကြည့်လျှင် တန်ပါ၏လော၊ မျှတပါ၏လော .. ကျွန်ုပ် မဝေခွဲတတ်ချေ။


ထိုသို့ စဉ်းစားနေခိုက်တွင် အောက်အီအီးအွတ် မြည်သံ တိခနဲ ရပ်တန့်သွားလေ၏။ ဘယ့်နှာကြောင့်ပါလိမ့်။ စိန်ဝင်းမောင် တစ်ယောက် လက်ညောင်းသွားသည်ထင့်။ စိန်ဝင်းမောင်သည် လက်ထဲတွင် ကိုင်ထားသည့် သံစုံနှိုးစက်နာရီကို ဦးအောင်ဒင်၏ နံဘေးတွင် အသာအယာ ပြန်ချထားလိုက်သည်။ ထို့နောက် “ဘိုးလေး နာရီကို အဟုတ်မှတ်လို့ ကျွန်တော်က လိုချင်တာ။ အခု သေသေချာချာ နှိပ်ကြည့်တော့မှ ကြက်ဖတွန်သံ တစ်မျိုးပဲ ထွက်တာကို သိရတော့တယ်။ ဒီလိုမှန်းသိရင် ဘိုးလေးဆီကနေ ကျွန်တော် မတောင်းပါဘူးဗျာ။ ကျွန်တော်က ကြက်ပေါက်စလေးတွေ အသံ ပါမယ် ထင်ထားတာ။ အခုတော့ အလကားပဲ။ ခါးချိတာပဲ အဖတ်တင်ပါတယ်။ ကျွန်တော် မယူတော့ဘူး” ဟု ဆို၍ သူ့ ဒွါရယာများ ဖြစ်သည့် ကျွဲချိုလေးခွ၊ လောက်စာလုံးအိတ်၊ ဂဏန်းချိတ်တို့ကို ကောက်ယူပြီး ကွင်းထဲသို့ ပြန်ဆင်းရန် လုပ်လေ၏။ မျှော်လင့်ခြင်းကြောင့် ကြည်လင်နေသော စိန်ဝင်းမောင်၏ မျက်နှာပေါ်သို့ တိမ်မည်းညိုတို့ ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားပြီးနောက် တောက်ပသည့် အပြုံးလည်း ကွယ်ပျောက်သွားလေပြီ။


“ဟေ့ စိန်ဝင်းမောင် နေဦးလေ။ မင်းကို ဘိုးလေးက ဒီနာရီ အပိုင် ပေးလိုက်တာ။ ယူသွားလေ” ဟု ဦးအောင်ဒင် ကယောင်ကတမ်း အော်ပြောလိုက်သော်လည်း စိန်ဝင်းမောင် နားမ၀င်တော့။ "ကျွန်တော် မလိုချင်တော့ဘူး ဘိုးလေး။ အဲဒါက အလကားပဲ။ ကြက်ပေါက်စလေးတွေ အသံ မပါဘူး။ နောက်ပြီး ကျွန်တော် ဘဲလည်း မကျောင်းချင်တော့ဘူး။ အလုပ်ထွက်တော့မယ်” ဟု ဆိုကာ ကွင်းထဲသို့ ငိုက်စောင်း ငိုက်စောင်းဖြင့် ဆင်းချသွားလေ၏။ ဦးအောင်ဒင်နှင့် ကျွန်ုပ် ပါးစပ် အဟောင်းသား ဖြစ်သွားလေ၏။


ဒွန္နယာကြီးကား ဆန်းကျယ်ပေစွ။ လူသားတို့သည် မိမိတို့ လက်ဝယ်တွင် မရှိသည့် အရာကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရရှိရန် မျှော်လင့် တောင့်တ ကြကုန်၏။ လက်ဝယ်သို့ ရလာလျှင် ထိုအရာမှာ မိမိတို့အတွက် အသုံးမ၀င် သို့မဟုတ် မိမိတို့ မျှော်လင့်ထားသလို မဟုတ်ပြန်။ ဤသို့နှင်နှင် လည်ပတ် လှုပ်ရှားပြီး ဖြစ်ပျက်သဘောကို ဆောင်နေသည် မဟုတ်လော။ ကျွန်ုပ်မှာ စိန်ဝင်းမောင်၏ အဖြစ်ကို ကြည့်ပြီး ဘာကို သံဝေဂ ယူရမှန်း မသိသော်လည်း တရားကျသလိုလို တောထွက်ချင်သလိုလို ဘာလိုလို ညာလိုလို ဖြစ်သွားလေ၏။ ထို့နောက် ကျွန်ုပ်သည် စိတ်မကောင်း ဖြစ်ပြီး အမာကျေးရွာသို့ တပ်ခေါက် ပြန်ခဲ့လေ၏။  


(၁၀)


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ထွန်းနေသော လေဖိအားနည်းရပ်ဝန်း၏ နှိပ်စက်မှုကြောင့် အမာကျေးရွာသို့ မိုးသက်လေပြင်း ၀င်လေပြီ။ မိုးကြီး သည်းထန်စွာ ရွာ၏။ လေပြင်းတိုက်ခတ်၍ လျှပ်စီးများလက်၏။ မုတ်သုန်နတ်ဆိုး ရွာတွင်းသို့ ရောက်လာလေပြီ။ မိုးကလည်း ရွာ၊ လေကလည်း တိုက်နှင့် တစ်ရွာလုံး ဗွက်ပေါက်နေ၏။ ခုနစ်ရက် ခုနစ်လီ တိုက်ခတ်နေသည့် မိုးသက်လေ အရှိန်ကြောင့် တံငါတို့ ချောင်းထဲ မဆင်းဝံ့၊ ပင်လယ်သို့ မထွက်ဝံ့။


အိမ်ရှေ့တွင် ကာရံထားသည့် သံဇကာကြားမှ လောကဓာတ်ကို ချောင်းကြည့်လိုက်ရာ အိမ်နှင့် မလှမ်းမကမ်းရှိ လမုတောတန်းကလေး သိမ့်သိမ့်တုန် နေသည်ကို တွေ့ရသည်။ ချမ်းရှာလွန်းသောကြောင့် ဖြစ်ပေလိမ့်မည်။ တောတန်းကလေးကို လွန်၍ တစ်ဖန် ရှုပြန်သော် အမာချောင်းရိုးအတွင်းသို့ ၀င်၍ မုန်တိုင်းရှောင်နေသော ဂျုပ်ကောင် (ငါးဖမ်းစက်လှေကြီး) များကို တွေ့ရပြန်သည်။ ပိုက်သူကြီး လှေသား တစ်ယောက်မျှ  မမြင်ရ။ အရက်ဝိုင်းဖွဲ့နေလေသလား ဖဲရိုက်နေလေသလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ ထိုစဉ် ပင်လယ်ဘက်မှ လှိုင်းလုံးကြီးများ ချောင်းရိုးအတွင်းသို့ တအိအိ ၀င်ရောက်လာပြီး မုန်တိုင်းရှောင်နေသည့် ဂျုပ်ကောင်ကြီးများ၏ လှေဝမ်းကို ၀င်ဆောင့်သည်။ ဂျုပ်ကောင်ကြီးများ သိမ့်ခနဲ တုန်လှုပ်သွားသည်။ သို့သော် မဖြုံရေးချ မဖြုံ။ အာဂ ဂျုပ်ကောင်ကြီး ဖြစ်ချေ၏။


ကျွန်ုပ်လည်း ပျင်းပျင်းရှိသည်နှင့် အိမ်ခေါ်မိုးပေါ်သို့ ပြင်းထန်စွာ ကျဆင်းနေသော မိုးရေစက်တို့၏ သံပြိုင်တေးသီသံကို နားဆင်ရင်း ၀ီစကီ တစ်ကျိုက်၊ ငါးမန်းခြောက်ဖုတ် တစ်ကိုက်နှင့် ဇိမ်ကျကျ နေလိုက်တော့သည်။ မိုး တိတ်စေချင်လှပါပြီ။ ရွာထဲ လှည့်ပြီး အပေါင်းအသင်းများနှင့် ပဆစ်ပစ်ရင်း အာလာပသလ္လာပ ပြောချင်လှပါပြီ။ ပုဂံပုံရွာဘက်သို့ ထွက်၍ ဦးအောင်ဒင်နှင့် စကားမမြည် ဆိုချင်လှပါပြီ။


“မိုးရယ် သည်းပဲ သည်းနိုင်ကော။ နေတစ်ချက်လောက် ပွင့်သင့်ပြီ” ဟု ကျွန်ုပ် ကြိမ်းမောင်း ရေရွတ်မိသည်။ အငြိုးကြီးသော မိုးကား ကျွန်ုပ်၏ ကြိမ်းမောင်းမှုကို လျစ်လျူရှု၍ စွေကောင်းနေဆဲ ဖြစ်၏။ ပိန်းပိတ်ဖုံးနေသည့် တိမ်မည်းညိုတို့ကို ထွင်းဖောက်၍ ထွက်ပေါ်လာမည့် နေရောင်ခြည်ကို ကျွန်ုပ် မျှော်လင့်မိတော့သည်။


ကျွန်ုပ်၏ မြည်တွန် တောက်တီးသံကို လေနတ်သားက နေမင်းကြီးထံ ဖောက်သည်ချလိုက်သည်ထင့်။ မကြာမီတွင် တဗြုန်းဗြုန်း ရွာသွန်းနေသော မိုးသည် သည်းရာမှ စဲစ ပြုလာလေ၏။ တဗြုန်းဗြုန်းမှ တဖြောက်ဖြောက်၊ တစ်ဖန် တဖြောက်ဖြောက်မှ တဖွဲဖွဲ၊ နောက်ဆုံးတွင်မူ မိုး လုံးဝ စဲသွားလေ၏။ ရောင်ခြည် တစ်ထောင်ကို ဆောင်သော နေမင်းကြီးသည် တိမ်စိုင်မည်းများကို ဖောက်ထွင်း၍ ဘွားခနဲ ထွက်ပေါ်လာပြီးလျှင် လောကဓာတ် အ၀ှန်းကို နွေးထွေး လင်းလက်သော ရောင်ခြည်တန်းတို့ဖြင့် ထွေးပွေ့လိုက်လေ၏။


အမာကျေးရွာကို ဆိုင်ကယ်ဖြင့် တစ်ပတ် ပတ်၍ ကြည့်လိုက်သည်။ မိုးသက်လေ၏ နှိပ်စက်မှုကြောင့် အချို့အိမ်များ ခေါင်မိုးပွင့်နေသည်ကို မြင်ရ၏။ လမ်းမပေါ်တွင် သစ်ကိုင်းများ သစ်ရွက်ကြွေများ အတုံးအရုံး လဲလျောင်းနေ၏။ အတော်ပင် ဆိုးသွမ်းသော မိုးသက်လေရိုင်း ဖြစ်တော့သည်။ ထို့နောက်တွင် ကျွန်ုပ်သည် ပုဂံပုံ ကျေးရွာဘက်သို့ ခြေဦး လှည့်လိုက်လေ၏။


နေရောင်ခြည်သည် ရေထိထားသဖြင့် စိမ်းလဲ့ရွှန်းစိုနေသော သစ်ပင်၊ သစ်ခက်တို့ အပေါ်သို့ စူးရှစွာ ကျရောက်နေသဖြင့် မြစိမ်းရောင်သစ်ရွက်တို့ တဖိတ်ဖိတ် လင်းလက် တောက်ပနေ၏။ မိုးရေစီးကြောင်းသည် သဲလမ်းကလေးကို ဟိုတစ်နေရာ သည်တစ်နေရာ ဖြတ်သန်း၍ စီးဆင်းနေလေ၏။ ဤမိုးရေစီးကြောင်းသည် ရိုးချောင်းကလေးကို ကျော်လွန်ဖြတ်သန်း၍ အမာချောင်းမကြီးထဲသို့ စီးဝင်ရပေလိမ့်မည်။ ထိုမှတစ်ဖန် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ ဆက်လက်ပြီး စီးဆင်းရပေဦးမည်။ သူ့ ခရီးကား ရှည်လျားလှပါဘိ။


သို့နှင်ပင် ပုဂံပုံ ရွာထိပ်သို့ ရောက်သွားလေ၏။ လယ် ရေသွင်းမြောင်းထဲသို့ စီးဆင်းနေသော ရေစီးကြောင်းကလေးသည် တဟဲဟဲ ရယ်သံကို ပြု၍ ကျွန်ုပ်ကို ခရီးဦးကြို ပြုရှာသည်။ ရွာအ၀င်ရှိ လယ်ပြင်တွင် လယ်သမားတို့ “ဇိုးဟဲ့ နွား” ဟစ်အော်ပြီး လယ်ထွန်နေကြ၏။ မိုးရွာသဖြင့် လယ်သမားတို့ ပျော်ကြ၏။ ဖား အပေါင်းလည်း အုံးအင် သံပြိုင်တေး ဆိုကြလေပြီ။ ဤသို့ နှစ်သက် ကြည်နူးဖွယ် ကောင်းလှသော လောကဓာတ် အ၀ှန်းကို ကျွန်ုပ် ရပ်ကြည့်နေခိုက်တွင် ချောင်ရိုးဘက်မှ တက်လာသော ဘဲအုပ်ကြီးသည် တဂတ်ဂတ် တရှဲရှဲ မြည်သံကို ပြု၍ လယ်ပြင်ကို ဖြတ်ပြေးလေ၏။ ထို ဘဲအုပ်ကြီး၏ နောက်တွင် သူငယ်တစ်ဦးသည် တုတ်တစ်ချောင်းကို ကိုင်မြှောက်၍ ခုန်ဆွ ခုန်ဆွ လုပ်၍ ပြေးလိုက်လာသည်ကို တွေ့ရ၏။ “အလို စိန်ဝင်းမောင်” ပါကလား။


“ဟေ့ စိန်ဝင်းမောင် ဘဲတွေ ကျောင်းနေတာလားကွ” ဟု ကျွန်ုပ် ကျုံးအော်ပြီး နှုတ်ဆက်လိုက်သည်။ “ဟုတ်တယ် ဦးလေးကျပ်ခိုး စောနတုန်းက မိုးသည်းနေလို့ ချောင်းရိုးထဲ ၀င်ပြီး မိုးခိုနေတာ။ အခုမှ နေပြန်ပွင့်တာနဲ့ ချောင်းထဲကနေ ဘဲအုပ်ကို ပြန်ပြီး မ လာတာ” ဟု စိန်ဝင်းမောင်က ဆိုသည်။ “သွားလိုက်ဦးမယ်။ ဦးလေးကျပ်ခိုးရေ .. ဘိုးလေးက ဦးလေးကို မျှော်နေတာ ကြာပြီ” ဟု ဆိုရင်း စိန်ဝင်းမောင်သည် ဘဲအုပ်ကြီးနောက်သို့ ခုန်ဆွခုန်ဆွဖြင့် ပြေးလိုက်သွားလေ၏။ စိန်ဝင်းမောင်နှင့် ဘဲအုပ်ကြီးမှာ တစ်မုဟုတ်ချင်း အဝေးသို့ ရောက်သွားလေ၏။


အိမ်ဝိုင်းထဲသို့ ၀င်လိုက်သည်နှင့် “ဆရာလေးရယ် မျှော်လိုက်ရတာ ကြာပြီ။ ဘယ်ပျောက်နေတာတုန်း” ဟု ဦးအောင်ဒင်က ပဋိသန္ဓရ ပြုသည်။ ကျွန်ုပ်လည်း အကျိုးအကြောင်း ပြောပြရင်း ဦးအောင်ဒင် ဧည့်ခံသည့် ငါးရံ့ခြောက်ဖုတ်ကို ရေနွးကြမ်းနှင့် မြည်းနေလိုက်သည်။ စကားစမြည် ပြောရင်း စိန်ဝင်းမောင် အကြောင်းကို ဖျတ်ခနဲ သတိရမိသည်။ “စကားမစပ် စိန်ဝင်းမောင်ကို ရွာအ၀င်မှာ ဘဲကျောင်းနေတာ တွေ့လိုက်တယ်” ဟု ကျွန်ုပ် ဆိုလိုက်မိသည်။ “ဟုတ်တယ် ဆရာလေးရေ .. ဒီကောင် ကျွန်တော့်ဆီမှာ အလုပ် ပြန်ဆင်းနေပြီ”  ဟု ဦးအောင်ဒင် ၀မ်းသာအားရ ပြန်ပြောလေ၏။  


“ဘယ်လို ဖြစ်ရတာလဲ ဦးလေးရဲ့။ သူ့ မိဘတွေ နဗန်ကျင်းလိုက်လို့ အလုပ် ပြန်ဝင်နေတာလား” ဟု ကျွန်ုပ် မေးမိသည်။ ထိုသို့ မေးလိုက်သော် ဦးအောင်ဒင်က ဘာမှ ပြန် မပြော၊ ကျွန်ုပ်ကို ပြုံးတုံးတုံး လုပ်၍ ကြည့်ရင်း ကျေနပ်သွားဟန်ဖြင့် ခေါင်း တဆတ်ဆတ် ညိတ်လေ၏။ ထို့နောက် စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး ကုလားထိုင် နံဘေးတွင် ချထားသော လက္ခဏာ ဆရာသုံး မှန်ဘီလူး အ၀ိုင်းကို နေရောင်တွင် ပြ၍ စီးကရက်ကို နေရောင်ခြည်ဖြင့် မီးညှိရန် လုပ်နေလေ၏။ “ဦးလေးရယ် ကလေးမဟုတ် သူငယ်မဟုတ်ဗျာ။ နောက်ပြီးတော့ အခုမှ မိုးရွာပြီးစ ရှိသေးတာ။ ဒီတော့ကာ မှန်ဘီလူးနဲ့ မီးညှိလဲ တော်ရုံနဲ့ မီးစွဲမှာ မဟုတ်ဘူး” ဟု ကျွန်ုပ် ဆို၍ မီးခြစ် လှမ်းပေးလိုက်သည်။


ဦးအောင်ဒင်က “ဟုတ်တာပေါ့ ဆရာလေးရယ်။ ကျွန်တော်ကလည်း နေရောင်ခြည်နဲ့ မီးညှိရင် မီးတောက်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ မှန်ဘီလူး သုံးပြီး မီးညှိကြည့်လိုက်တာပါ” ဟု ဆိုပြီး မှန်ဘီလူးကို အသာချ၍ စီးကရက်ကို မီးညှိလိုက်သည်။ ဦးအောင်ဒင်၏ စကားမှာ ကပေါက်တိ ကပေါက်ချာ ဖြစ်နေ၏။ နားလည်ရ ခက်လှသည်။ သို့သော် သူ့ အမူအရာကား လေးနက် တည်ငြိမ်နေ၏။


“ဒီလိုဗျ … တစ်လောတုန်းက မြစ်ရိုးတစ်လျှောက် လှေနဲ့ လှည့်ပြီး ဈေးရောင်းတဲ့ ကုန်သည်တွေ ရွာထဲကို ရောက်လာတယ်။ ဒါနဲ့ ကျွန်တော်လည်း သူတို့ဆီကနေ ဒီမှန်ဘီလူးကို နှစ်ထောင့်ငါးရာ ပေးပြီး ၀ယ်လိုက်တယ်။ ကျွန်တော်ကလည်း ဘာရယ် မဟုတ်ဘူး စီးကရက်ကို မှန်ဘီလူးနဲ့ မီးညှိ ကြည့်လိုက်တယ်။ အဲဒါကို စိန်ဝင်းမောင် မြင်သွားတော့ ဖျတ်ဖျတ်လှုပ် ဖြစ်ပြီး ဘိုးလေး ဆီမှာ ဘဲ ပြန်ကျောင်းရင် ဒီမှန်ဘီလူး ပေးမလား ဆိုပြီး ရောဂါထတော့တာပဲ။ တကယ်တော့ ဒီမှန်ဘီလူးဟာ သူ့ အတွက် ဘာမှ အသုံး မ၀င်ပါဘူး။ အင်္ကျီလေး ဘာလေး လိုချင်တယ် ဆိုရင်တောင် ဟုတ်သေးရဲ့။ ဒါပေမယ့် မရဘူး … ဒီမှန်ဘီလူးကို သူ မရမနေ လိုချင်နေတာကိုး။ လိုအပ်တဲ့ အရာကို လိုချင်ရကောင်းမှန်း မသိဘဲ မလိုအပ်တဲ့ အရာကို လိုချင်ကြတာဟာ လူ့ သဘောပဲ မဟုတ်လား …  ဆရာလေးရဲ့။ ဒါနဲ့ပဲ ဒီမှန်ဘီလူးကို မျှော်လင့်ပြီး စိန်ဝင်းမောင် ဘဲ ပြန်ကျောင်းနေတာ” ဟု ရှည်လျားစွာ ဆိုပြီးနောက် ဦးအောင်ဒင်သည် စီးကရက်မီးခိုးကို အကွင်းကလေးများ ပေါ်အောင် မှုတ်ထုတ်နေလေ၏။


“ဒီလိုပဲပေါ့ ဦးလေးရာ … လူတွေဟာ မျှော်လင့်ချက် တစ်ခု မဟုတ် တစ်ခု တမင် ဖန်တီးပြီး အသက်ရှင် နေရတာပဲ မဟုတ်လား။ ဒီတော့မှ ဘ၀ဟာ ပျော်စရာ ကောင်းတော့မှာပေါ့” ဟု ကျွန်ုပ် ဆိုမိသည်။ ကျွန်ုပ် စကားကို သဘောတူဟန်ဖြင့် ဦးအောင်ဒင် ခေါင်း တစ်ချက် ညိတ်ပြသည်။


အဝေးဆီမှ ဘဲအော်သံ တဂတ်ဂတ် ကြားရလေ၏။ “ဒီးဒီး … ဒီးဒီ .. ဒီးဒီး” ဟု အသံ တစာစာ ဟစ်အော်၍ ခုန်ဆွခုန်ဆွ ပြေးလွှားရင်း ဘဲတစ်အုပ်ကို မ လာသူမှာ စိန်ဝင်းမောင် မဟုတ်ဘဲ ပန်ဒိုရာ တကောင်း အတွင်း ပိတ်လှောင်ကျန်ခဲ့သော မျှော်လင့်ခြင်းကို စောင့်သည့် နတ်သူငယ် “အဲလ်သီးစ်” (Elpis) ဖြစ်နေသည်ကို ကျွန်ုပ် ထူးဆန်းစွာ မြင်လိုက်ရလေ၏။


-----------------


မောင်ကျပ်ခိုး


မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ စနေနေ့။ ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်။


 သရုပ်ဖေါ်ပုံ ထိန်လင်း


{ ကောင်းကင်အနုပညာ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။ }


Sunday, 30 December 2018

စာရေးဆရာနှင့် လွတ်လပ်မှု ( မြုံးမိတဲ့ငါး) 🔰 ဗန်းမော်တင်အောင်

စာရေးဆရာနှင့် လွတ်လပ်မှု ( မြုံးမိတဲ့ငါး) 


🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰


ဗန်းမော်တင်အောင်


(၁)


“ဦးလေး ကိုမင်းရှင်ကြီးက ဦးလေးကို အရေးကြီးတဲ့ ကိစ္စတခုအတွက် တိုင်ပင်ချင်တယ်ဆိုပြီး တိုက်ကလာလာ စောင့်နေတာ သုံးလေးရက်တောင် ရှိသွားပြီ။”


“ဟေ.......ဟုတ်လား......”


ကျွန်နော်သည် အလန့်တကြား အာမေဋိတ်ပြုလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် .... ဦးလေးကိုမင်းရှင်ကြီးနှင့် အရေးကြီးတဲ့ ကိစ္စတခု ဆိုသောအကြောင်းအရာများ ပါရှိလာသောကြောင့် ဖြစ်လေသည်။


စာရေးဆရာ မင်းရှင်သည် ကျွန်နော်နှင့် စာရေးဖော် ရေးဖက် မိတ်ဆွေတဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးလောက်မှစ၍ အတူတကွ စတင်စာရေးသူများလည်း ဖြစ်လေသည်။ ကျွန်နော်တို့ နှစ်ဦး၏ မိတ်ဆွေသက်တမ်းသည် ဆယ့်ငါးနှစ်ကျော်ကျော် ဆယ့်ခြောက်နှစ် နီးပါးခန့်မျှ ရှည်လျားကြာမြင့် ခဲ့ပေပြီ။


ထိုကဲ့သို့ စာရေးဖော်ရေးဖက်နှင့် အလွန်တရာ ခင်မင်ရင်းနှီးသော မိတ်ဆွေတဦးက အရေးကြီးတဲ့ ကိစ္စတခုအတွက် တိုင်ပင်ချင်၍ ကျွန်နော့်အား လူချင်းတွေ့ဆုံနိုင်ရန် ရှုမ၀မဂ္ဂဇင်းတိုက်သို့ သုံးလေးရက်မျှပင် အပင်ပန်းခံ အချိန်ကုန်ခံကာ လာရောက်စောင့်သည်ဟု ကြားသိရသောအခါ ကျွန်နော်သည် အလန့်တကြား အာမေဋိတ်ပြုလိုက်မိခြင်းမျှသာ ဖြစ်လေသည်။


စာရေးဆရာ မင်းရှင်၌ အဘယ်ကဲ့သို့သော အကြောင်းကိစ္စများ ပေါ်ပေါက်လျက်ရှိသနည်း။ ထိုမိတ်ဆွေ တယောက်ကို ကျွန်နော်အနေနှင့် အဘယ်ကဲ့သို့ ကူညီရမည်နည်း။ ထိုအတွေးများသည် ကျွန်နော်၏ ဦးခေါင်းထဲသို့ အစီအရီ ၀င်လာကြလေသည်။


“ကနေ့ညနေ ငါးနာရီလောက် တိုက်ကိုလာခဲ့ဦးမယ်လို့ ကျွန်တော့်ကို ပြောသွားသေးတယ်။ ဦးလေးလာရင်လည်း သူနဲ့တွေ့အောင် ဆက်ဆက်စောင့်ခိုင်းထားပါလို့ တတွတ်တွတ်


မှာသွားသေးတယ်။”


ရှုမ၀မဂ္ဂဇင်းတိုက်၏ စာတည်းအဖွဲ့ဝင်တဦးလည်းဖြစ်သော ကဗျာဆရာ မောင်ဆွေတင့်က စာရေးဆရာနှစ်ဦးတို့၏ အကြားတွင် ထမ်းဆောင်ပေးရန် ၄င်းယူဆောင်ထားဟန်ရှိသော တာဝန်ကို စေ့စေ့စပ်စပ်နှင့် ပြေလည်ပြီးဆုံးအောင် ထမ်းဆောင်နေလေသည်။


ရှုမ၀မဂ္ဂဇင်းတိုက်သို့ ကျွန်နော်သည် တနေ့လျှင် တခေါက်လောက်တော့ ရောက်နေကြဖြစ်သည်။ သို့ရာတွင် ထိုရက်များအတွင်းက ကျွန်တော်သည် ရက်သတ္တပတ်မျှ မရောက်အားနိုင်ခဲ့ချေ။ အခြား ကိုယ်ရေးကိုယ်တာ ကိစ္စများက ကျွန်နော်၏ အာရုံကို တောင်းဆိုနေကြသောကြောင့် ဖြစ်လေသည်။


ကျွန်နော်သည် မောင်ဆွေတင့်ကို ဦးခေါင်းညိတ်ပြလိုက်ပြီးနောက် ရှုမ၀မဂ္ဂဇင်းတိုက်၏ ဧည့်ခန်းဆောင်၌ ရောက်ရှိနှင့်နေကြသော စာရေးဆရာ - ပန်းချီဆရာတသိုက်နှင့် သွားရောက် ပူးပေါင်းလိုက်သည်။


ထို့နေ့ ညနေခင်းက စာရေးဆရာနှင့် ပန်းချီဆရာများ အသိုက်တွင် စာရေးဆရာ ဂုဏ်ဝင်း၊ သန်းဆွေ၊ ၀င်းဦး နှင့် ငွေဥဒေါင်းတို့အပြင် ပန်းချီဆရာ ကိုအောင်စိုး တယောက်လည်း ပါရှိလေသည်။


ကျွန်နော်သည် ၄င်းတို့လူသိုက်နှင့်သာ ရော၍ ထိုင်လိုက်ရသော်လည်း ၄င်းတို့နှင့် အာလာပ သလ္လာပ စကားများကို ပြောဆိုခြင်း မပြုနိုင်သေးဘဲ “ရဲဘော်အောင်ဒင်” ဝတ္ထု၏ စက်ပရုများကို ရှုမ၀ဖိုမင်များက လာ၍ ပေးနေသဖြင့် ကြည့်ရှုနေရသေးသည်။


စက်ပရုများကို မလွှဲသာ မကင်းသာ၍ ကြည့်ရှုခြင်းပြုနေရသော်လည်း တဖက်သော ကျွန်နော်၏ နားသည် ထိုမိတ်ဆွေများ ပြောနေကြသော အကြောင်းအရာများကို စွင့်လျက်ရှိလေသည်။


ငွေဥဒေါင်းသည် ရှုမ၀မဂ္ဂဇင်းတိုက်ရှင် ဒါရိုက်တာ ဦးကျော်နှင့် ကြေးမုံသတင်းစာ အကြောင်းကို ပြောဆိုနေသည်။ ငွေဥဒေါင်းသည် ကြေးမုံသတင်းစာတွင် အယ်ဒီတာ အဖွဲ့ဝင် တဦးဖြစ်ပေသည်။


စာရေးဆရာသန်းဆွေသည် ဗဂျီအောင်စိုးနှင့် စကားပြောဆိုနေသည်။ သန်းဆွေသည် ရှုမ၀မဂ္ဂဇင်း၏ တာဝန်ခံစာတည်းတဦး ဖြစ်၍ သူဖတ်ရှုစစ်ဆေးနေသော စာမူများကို လက်တဖက်တွင် ကိုင်ရင်း အချိန်ပိုင်းနှင့် သူအလုပ်လုပ်ပေးနေရသော မိုးကြိုးသတင်းစာ အကြောင်းကို ပြောဆိုနေသည်။


ဗဂျီအောင်စိုးကလည်း ၄င်း၏ ပန်းချီကားများအကြောင်းကို မပြောနိုင်ရှာချေ။ သူ မင်းသားအဖြစ်နှင့် ပါဝင်သရုပ်ဆောင်နေရသော စာရေးဆရာသုခ၏ မိုးလုံးပတ်လည် ရုပ်ရှင်ကား အကြောင်းကို ပြောဆိုနေသည်။ ထို့အတူ စာရေးဆရာ ၀င်းဦးနှင့် ဂုဏ်ဝင်းတို့သည်လည်း စာပေ အကြောင်းကို ပြောဆိုခြင်း မပြုနိုင်ကြရှာဘဲ ၀င်းဦးက ရုပ်ရှင်လုပ်ငန်းအကြောင်းကို၎င်း၊ ဂုဏ်ဝင်းက ဓါတ်ဆီ အကြောင်းကို ၄င်း ပြောဆိုခြင်း ပြုနေကြပေသည်။


ဝင်းဦးသည် နာမည်ရ စာရေးဆရာ တဦးမျှသာ မဟုတ်သေး။ ရုပ်ရှင် ကုမ္ပဏီများက သူ့ထက်ငါ အလုအယက် အဆွဲခံနေရသော ရုပ်ရှင်ပညာသည် တဦးဖြစ်နေသေးသည်။ ထို့အတူ အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်၏ အရိုင်းခေါ်သံ ဝတ္ထုကြီးကို မြန်မာဘာသာသို့ မိမိရရနှင့် ပိုင်ပိုင်နိုင်နိုင် ပြန်ဆိုခြင်းပြုခဲ့သော စာရေးဆရာ ဂုဏ်ဝင်းတယောက်သည်လည်း ရေနံ ကုမ္ပဏီကြီး တခုတွင် အရာရှိကြီးတဦး ဖြစ်နေသေးသည်။


ရဲဘော်အောင်ဒင် ၏ စက်ပရုများသည် တပုံတခေါင်းကြီးပင် ဖြစ်နေသည်။ ရက်သတ္တပတ်ကြာမျှ ၄င်းတို့ကို ပစ်ထားသော စာရေးဆရာအား အပြစ်ဒဏ်ပေးသည့်အနေနှင့် တပုံတခေါင်းကြီး လာချပေးသွားဟန်တူသည်။


မိမိ၏ အပြစ်နှင့် မိမိဖြစ်နေ၍ ကျွန်နော်သည် မိတ်ဆွေ စာရေးဆရာများ၊ ပန်းချီဆရာများနှင့် စကားပြောဆိုခြင်း မပြုနိုင်ဘဲ စက်ပရုများကို တရွက်ပြီးတရွက် ဂရုတစိုက် ပြင်ဆင်ပေးရတော့သည်။ သို့နှင့် ကျွန်နော်၏ အပြစ်ဒဏ်ကို ထမ်းဆောင်ပြီးစီးသွားသောအခါ ခပ်စောစောက စာရေးဆရာနှင့် ပန်းချီဆရာများသည် ရှုမ၀ မဂ္ဂဇင်းတိုက်၏ ဧည့်ခန်းဆောင်၌ တယောက်တလေမျှ မရှိကြတော့ချေ။ အိမ့်ရှင်ဖြစ်သော ရှုမ၀ဦးကျော်သည်ပင် အလုပ်များနေသော စာရေးဆရာ ဧည့်သည်ကို သည်းညည်းခံနိုင်ဟန် မရှိတော၍ မည်သည့်အချိန်က အဘယ်သို့ ထွက်သွားလေပြီမသိ။


ပြင်ဆင်ပြီးစီးသွားပြီဖြစ်သော ရဲဘော်အောင်ဒင် ဝတ္ထု၏ စက်ပရုများကို သက်ဆိုင်ရာ ဖိုမင်လူကြီးများအား ပေးကမ်းလိုက်ပြီးနောက် ဧည့်ခန်းလယ်မှ တိုင်ကပ်နာရီကြီးကို မော့်၍ ကြည့်သောအခါ ငါးနာရီ ထိုးနေလေပြီ။ သည်တော့မှပင် စာရေးဆရာ မင်းရှင်ကို သတိရလာသည်။


ထိုသို့ သတိရချိန်တွင်ပင် သုံးဘီးကားကလေးနှင့် ကတိုက်ကရိုက် ရောက်ရှိလာသော စာရေးဆရာ မင်းရှင်သည် ကျွန်နော်ထိုင်နေသော ရှုမ၀ မဂ္ဂဇင်းတိုက်၏ ဧည့်ခန်းအတွင်းသို့ ပျာရိပျာရာ ၀င်လာလေသည်။


(၂)


“ကနေ့လည်း တွေ့မှ တွေ့ပါမလားလို့ဗျာ” 

မင်းရှင်သည် သူ၏ ထုံးစံအတိုင်း ၀မ်းသာအားရ ပြောဆိုလေသည်။ ကျွန်နော်သည် ထိုင်ဖို့ရန် မေ့နေဟန်ရှိသော ထိုမိတ်ဆွေ စာရေးဆရာကို အထိုင်ခိုင်းရလေသည်။ 

“မောင်ဆွေတင့်က သတင်းပေးလို့ သိတန်သလောက်တော့ သိထားပြီးပါပြီဗျ။ ခင်ဗျား ကိစ္စကိုသာ ပြောစမ်းပါဦး”

ကျွန်နော်သည် ရှုမ၀တိုက်ရှင်က စာပွဲပေါ်တွင် မေ့ကျန်ထားခဲ့ဟန်တူသော နိုင်ငံခြားဖြစ် အကောင်းစားစီးကရက်ဗူးအတွင်းမှ စီးကရက်တလိပ်ကို ထုတ်ယူကာ မီးညှိရင်း တိုက်တွန်း ပြောဆိုလိုက်ရသည်။

“ခင်ဗျား အချိန်တော့ ပေးနိုင်ပါတယ်နော်...ကိုအေးသွင်”

လူတဖက်သားကို လွန်စွာ အားနာတတ်ပုံရသော မင်းရှင်က ၄င်းတိုင်ပင်ပြောဆိုလိုသော အကြောင်းအရာကို ပြောဆိုခြင်း မပြုသေးဘဲ ကျွန်နော်၏ အနေအထားကို ရှေးဦးစွာ စုံစမ်းမေးမြန်းလေသည်။ ထို့နောက် မိမိသည် အလွန်တရာ လွတ်လပ်သည့် လူတယောက် ဖြစ်သည့်အကြောင်းကို မိတ်ဆွေ စာရေးဆရာပေါ်၌ ဂုဏ်ယူကြွားဝါသကဲ့သို့ ကျွန်နော်သည် ပြန်လည် ပြောဆိုလိုက်သည်။

“ဒီလိုဆိုရင်တော့ ခင်ဗျားကို ကျွန်နော် အေးအေးဆေးဆေး တိုင်ပင်ချင်တာ တခုကို တိုင်ပင်ရဦးမယ်ဗျာ”

“ပြောချင်တာသာ ပြောပါလေ.. ခင်ဗျားနဲ့ ကျွန်နော်ဆိုတာ တယောက်နဲ့တယောက် စကားပလ္လင် ခံနေရမယ့် လူချင်းတွေမှ မဟုတ်တာဘဲဗျ”

အားနာတတ်ပုံရသော မင်းရှင်ကို ကျွန်နော်သည် အားနာခြင်း ကင်းသွားအောင် ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း ပြုလိုက်သည်။ မင်းရှင်၏ နဖူးပြင်တွင် ချွေးသီးချွေးပေါက်များကို ကျွန်နော်သည် သတိပြုမိသည်။ သူ့ကို ကြည့်ရသည်မှာ တစုံတရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်းပြုနိုင်ရန် အတွက် အရေးတကြီး စဉ်းစားချိန်ဆ နေပုံလည်း ရလေသည်။ ထို့ကြောင့် သူပြောဆိုမည့် စကားကို ကျွန်နော်သည် ရင်တမမနှင့် နားစွင့်နေမိသည်။

“ဒါထက် ကိုအေးသွင်ရဲ့ နေရေးထိုင်ရေး အခြေအနေကော ဘယ်လိုနေသေးသလဲ”


မင်းရှင်သည် သူ၏ ကိစ္စကို မပြောသေးဘဲ ကျွန်နော်၏ ကိစ္စကိုပင် မေးမြန်းနေပေသည်။ မင်းရှင်သည် ကျွန်နော်၏ အကြောင်းကို သိရှိတန်သလောက် သိရှိထားသော မိတ်ဆွေတယောက် ဖြစ်လေသည်။ စာရေးဆရာ တယောက်၏ ဘ၀ကို ထူထောင်ရာတွင် ကျွန်နော် အဘယ်မျှနှင့် အဘယ်အထိ ဆင်းရဲ ဒုက္ခခံခဲ့ရသည်များကိုလည်း သူသည် သိရှိထားသူ ဖြစ်သည်။ ချို့ငဲ့ရခြင်း၊ ခြိုးခြံရခြင်းနှင့် မင်းပြစ်မင်းဒဏ် ခံရခြင်းများသည် ကျွန်နော်၏ ညီအကိုများ ဖြစ်လေသည်ကိုလည်း သူသည် သိရှိထားပေသည်။


“ဒီလို....ဒီလိုပါဘဲဗျ....”


ကျွန်နော်သည် ထုတ်ဝေသူ ဦးကျော်၏ စီးကရက်ကို အားရပါးရ ရှိုက်ဖွာရင်း ပြန်လည်ဖြေကြားလိုက်ရသည်။


“သစ်သစ်တယောက် ကျောင်းဆရာမ ၀င်လုပ်နေပြီဆိုတော့ အရင့် အရင်ကထက် ချောင်ပါလိမ့်မယ်နော်...”


မနှစ်က ဆရာဖြစ်သင်အောင်၍ ကျောင်းတကျောင်းတွင် ကျောင်းဆရာမ ၀င်လုပ်နေပြီဖြစ်သော ကျွန်နော်၏ သမီးအကြီး သစ်သစ်ကို အကြောင်းပြု၍ မင်းရှင်က မေးခွန်းဆက်ထုတ်ပြန်သည်။


“ခင်ဗျားတူမ သစ်သစ်က ကောလိပ်ကို ဆက်သွားချင်တာဗျ၊ ကိုမင်းရှင်။ ဒါပေမယ့်.... ကျွန်နော်ဘ၀က ရေရာစိတ်ချရတာ မဟုတ်တော့ ဆရာဖြစ်သင်ဖို့ ချော့မော့ လွှတ်လိုက်ရပြီး ဆရာမ အလုပ်ခိုင်းရတော့တာပေါ့ဗျာ....”


ကျွန်နော်က စာရေးဆရာ မိတ်ဆွေကို ရှင်းလင်းပြောကြားခြင်း ပြုရလေသည်။


“မြိုင်တယောက်ကော အလုပ် လုပ်နေရသေးသလားဟင်...”


ကိုမင်းရှင်သည် ကျွန်နော့်ကို ရင်းရင်းနှီးနှီး မေးမြန်းနေပြန်သည်။ ထိုမေးခွန်းကို သူ မေးထိုက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်နော် မင်းပြစ်မင်းဒဏ် ခံနေရသော ကာလများတွင် မြိုင်သည် ကလေးများ ပညာသင်ကြားရေး မပျက်ရဖို့အရေးနှင့် အိမ်စရိတ်အတွက် အလုပ် လုပ်ရရှာသောကြောင့် ဖြစ်လေသည်။


“နိုင်ငံတော် အစိုးရမင်းများက ကျွန်နော့်ကို အငြိမ်းစားခွင့် ပေးတဲ့အခါကျမှသာ မြိုင် အလုပ် လုပ်ရတာပါ ကိုမင်းရှင်၊ ကျွန်နော်အငြိမ်းစားခွင့်က လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အချိန်တွေမှာတော့ မြိုင် အလုပ်မလုပ်ရပါဘူး။”


“သစ်သစ်က တဖက်က ၀င်ငွေကလေးရှိလာတော့ ချောင်ချောင်လည်လည် ရှိပါလိမ့်မယ်နော်”


ကိုမင်းရှင်သည် ကျွန်နော့်ကို လူချင်းတွေဆုံ၍ အရေးကြီးသော ၄င်း၏ ကိစ္စတခုကို တိုင်ပင်ရန် သုံးလေးရက်မျှ အချိန်ကုန်ခံပြီးနောက် ကျွန်နော်နှင့် လူချင်းတွေ့သောအခါ သူ၏ အရေးကြီးသော ကိစ္စအကြောင်းကို ဘာတခွန်းမျှ မပြောသေးဘဲ ကျွန်နော်၏ ကိစ္စများကို စိုးရိမ်ပူပန်လှစွာ မေးမြန်းနေလေသည်တကား...။


သူ၏ မေးခွန်းများကို ကျွန်နော်သည် ပြန်၍ မပြောတော့ဘဲ ပြုံးနေလိုက်မိသည်။ စာရေးဆရာ တယောက်၏ ဘ၀တွင် ကျွန်နော်၏ ၀င်ငွေသည် ဂဏန်းသုံးလေးလုံးမျှပင် မပြည့်ဘဲနှင့် ကုန်ဆုံးသွားရသော လများ ရှိလေသည်။ ထို့အတွက် ကျွန်နော်သည် ပူပန်ခြင်း မဖြစ်မိ၊ မြိုင် ချက်ကျွေးသော ပဲဟင်းတခွက်တည်းနှင့် မြိန်မြိန်ရှက်ရှက် စားနိုင်လေသည်။ တခါတရံတွင် “ကံစွပ် ၍” ကျွန်နော်၏ ၀င်ငွေသည် တလမကုန်တတ်မီ ဂဏန်းလေးလုံးကျော်၍ ငါးလုံးအနီးသို့ပင် ကပ်လာတတ်သည်။ ထိုအခါများ၌လည်း ကျွန်နော်သည် ၀မ်းမသာလှချေ။ မြိုင်က ဖွယ်ဖွယ်ရာရာ ချက်ပြုတ်လုပ်ကိုင်၍ တည်ခင်းကျွေးမွေးသော ဆနိုင်ကြော်၊ ဘဲပေါင်းဟင်းချို၊ အာလူးကက်တလိပ်နှင့် ပဲသီး သနပ်များကို စားရသည်။ထိုသို့ ဖွယ်ဖွယ်ရာရာ စားသောက်ရသောအခါများ၌လည်း ယခင် ပဲဟင်း တခွက်တည်းနှင့် ကျွေးမွေးစဉ်ကထက် ပို၍ကား မစားနိုင်ချေ။ ၀မ်းအပြင် အိတ်မရှိဆိုသော စကားတရပ်ရှိသည် မဟုတ်လော...။


ကိုမင်းရှင်သည် ကျွန်နော်၏ အဖြေကို မရရှိသောကြောင့် နောက်ထပ် မေးမြန်းပြောဆိုခြင်း မရှိတော့ချေ။ ကျွန်နော့်ကိုသာ အားနာသော အမူအရာများဖြင့် ကြည့်နေသောကြောင့်..


“ကျွန်နော့် ကိစ္စနဲ့ အကြောင်းတွေကို ထားပါဦးဗျာ။ ခင်ဗျား တိုင်ပင်ချင်တယ်ဆိုတဲ့ ကိစ္စအကြောင်းများကို ပြောစမ်းပါဦးဗျာ။” ဟု ကျွန်နော်ကပင် သူတိုင်ပင်လိုသည်ဆိုသော ကိစ္စ အကြောင်းကို မေးမြန်းပြောဆိုလိုက်ရလေသည်။


“တခြားတော့ မဟုတ်ပါဘူးဗျာ.....”


သူသည် ထိုမျှသာ ပြောဆိုပြီးနောက် သူ၏ စကားကို အဆုံးမသတ်ဘဲ ထားပြန်လေသည်။ ထို့နောက် သူ ပြောဆိုလိုသော စကား အကြောင်းအရာအတွက် ဝေါဟာရကို ရှာဖွေနေသကဲ့သို့ ငိုင်နေပြန်လေသည်။


ထုတ်ဝေသူ မေ့ကျန်နေရစ်ခဲ့ဟန်ရှိသော စီးကရက်ဗူး အတွင်းမှ ကျွန်နော်သည် စာရေးဆရာ တယောက်အနေနှင့် အခွင့်အရေးယူကာ နောက်ထပ်စီးကရက် တလိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြန်သည်။ ထို့နောက် ထိုသူ ပြောဆိုသော စကားကို နားစွင့် နေမိသည်။


စာရေးဆရာ မင်းရှင်သည် အလွန်တရာ စာအရေးအသား ပိရိတိကျလှသူတယောက် ဖြစ်လေသည်။ သူသည် အထူးသဖြင့် ဝေါဟာရများကို စေ့စေ့စပ်စပ် နှင့် တိတိကျကျ သုံးစွဲတတ်ရုံမျှသာမဟုတ်သေး၊ လှလှပပနှင့် ပိုင်ပိုင်နိုင်နိုင်လည်း သုံးစွဲတတ်သူတဦး ဖြစ်လေသည်။ သို့ရာတွင် ကျွန်နော်အား ထုတ်ဖော် တိုင်ပင်လိုသော အကြောင်းအရာအတွက် ထိုစာရေးဆရာသည် ၄င်း အသုံးပြု လိုသော ဝေါဟာရကို အတန်ကြာမျှ ငိုင်၍ စဉ်းစားရှာဖွေနေပြီးမှ...


“ကျွန်နော် စာရေးဆရာလုပ်ဖို့ စဉ်းစားနေတယ်ဗျ...” ဟု ပြောဆိုလိုက်လေသည်တကား။


(၃)


ဒုတိယ ကမ္ဘာစစ်ကြီး အပြီးလောက်မှစ၍ “ရွက်ဝါ၊ မေ့ဘူးကွဲ့ သက်လယ်ရယ်” စသော ဝတ္ထုများကို ရေးသားကာ ဤတိုင်းပြည်၌ များစွာထင်ရှားကျော်ကြားနေသော စာရေးဆရာ မင်းရှင်ကဲ့သို့ ပုဂ္ဂိုလ်တဦးက “ကျွန်နော် စာရေးဆရာလုပ်ဖို့ စဉ်းစားနေတယ်” ဟု စဉ်းစဉ်းစားစား ထုတ်ဖော်ပြောဆိုလိုက်ခြင်းကို တစုံတယောက်သာ ကြားသွားလျှင် ထိုစကားကို နားလည်နိုင်စရာ အကြောင်း မရှိချေ။ ထိုကဲ့သို့ ကျွန်နော်ထင်လေသည်။

သို့ရာတွင် ဝေါဟာရကို စေ့စေ့စပ်စပ်နှင့် တိတိကျကျ ရွေးချယ်၍ စဉ်းစဉ်းစားစား ပြောဆိုလိုက်သော စာရေးဆရာ၏ စကားကို ကျွန်နော်သည် ကောင်းစွာ နားလည်နိုင်ပေသည်။ ကိုယ်ချင်းလည်း စာနိုင်ပေသည်။

မင်းရှင်သည် အထက်တန်း အရာရှိတဦး၏ သားတယောက်ဖြစ်လေသည်။ နေအိမ်တွင် အကောင်းစား ပီယာနိုကို ထားရှိနိုင်သူ တဦးလည်းဖြစ်သည်။ ကလောင်တံကို မကိုင်မီက သူသည် အမျိုးသားလွတ်လပ်ရေးအတွက် တိုက်ခိုက်ရန် ခက်ခက်ခဲခဲ ထူထောင်ဖွဲ့စည်းခြင်း ပြုခဲ့ရသော မြန်မာ့ သေနတ်ကိုင် တပ်ရင်း တရင်းတွင် သေနတ်ကို ကိုင်စွဲဘူးသော ရဲဘော်တဦးလည်း ဖြစ်လေသည်။

ကန္ဒီစာချုပ်နောက်ပိုင်းတွင် သူသည် သေနတ်ကို ပြန်ချကာ ကလောင်ကို ကိုင်စွဲသူ ဖြစ်လေသည်။ ကလောင်တံကို ၀ါသနာအလျောက် အပျော်တမ်း သဘောအနေနှင့် ကိုင်စွဲရင်း ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သေးသည်။

ထို့နောက် သူသည် ဗမာ့တပ်မတော်ကို ပြန်လည် ၀င်ရောက်ကာ ဗိုလ်ကြီးတာဝန်ကို နှစ်အတန်ကြာမျှ ထမ်းဆောင်ခဲ့သည်။ မြ၀တီ မဂ္ဂဇင်းကို ကြီးကြပ်ခဲ့ရသည်။ ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်တောင်းပြန်ကာ မြန်မာ့အသံတွင် အရာရှိတဦးအနေနှင့် ဆက်လက် အမှုထမ်းပြန်လေသည်။


သူသည် အိမ်ထောင့်ရှင်တဦးလည်း ဖြစ်ပေသည်။ သူ၏ အမျိုးသမီးသည် ဘွဲ့ရပြီး ကျောင်းဆရာမ လုပ်ကိုင်နေသော ခေတ်ပညာတတ် အမျိုးသမီး တဦးလည်း ဖြစ်လေသည်။ လူအများ၏ မေ့လျော့ထားခြင်းကို ခံနေရသော လမ်းပေါ်မှ လူများ၏ အကြောင်းကို ဂရုတစိုက် ရှာဖွေရေးသားလျက် ဤတိုင်းပြည်၌ ထင်ရှားကျော်ကြားနေသော မင်းရှင်ကဲ့သို့ စာရေးဆရာကြီး တဦးသည် ၄င်း၏ ကိုယ်ကိုယ် စာရေးဆရာ စစ်စစ် ဖြစ်လေပြီဟု သဘောမထားချေ။

သူသည် သူ၏ ကိုယ်ကိုယ် စာရေးဆရာတပိုင်းလောက်အနေနှင့်သာ သဘောထားပုံရလေသည်။ သူသည် စာရေးဆရာစစ်စစ် တဦး တယောက်ဘ၀ကို အလွန်တရာ တပ်မက်လိုချင်ပုံလည်း ရလေသည်။ သို့ရာတွင် တဖက်၌ သူ့အိမ်ထောင်ကြီး၏ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရန်အတွက် စာရေးဆရာ ဘ၀နှင့် မည်သို့မျှ ဆက်စပ်၍ မဖြစ်နိုင်သော လခစားအလုပ်ကြီး တခုကို လုပ်ကိုင်နေရပေသည်။ လုပ်ကိုင်ခဲ့ရလေသည်။

စာရေးဆရာ တယောက်ဖြစ်ဖို့အတွက် လွတ်လပ်မှုသည် လိုအပ်လှပေသည်။ လွတ်လပ်မှု မရှိသော လူတဦးတယောက်သည် စာရေးဆရာစစ်စစ် မဖြစ်နိုင်ဟု ထင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် စာရေးဆရာ တယောက်သည် ၄င်း၏ အလုပ်တွင် သစ္စာရှိရှိနှင့် ရဲရဲရင့်ရင့် လုပ်ကိုင်ခြင်းပြုရာတွင် မည်သည်ကိုမျှ ငဲ့ကွက်ထောက်ထားနေ၍ မဖြစ်ချေ။ ကြောက်ဖို့ လန့်ဖို့ကား ဝေလာဝေး...။

မိမိ၏ တိုင်းပြည်နှင့် အမျိုးသားများအတွက် အကျိုးများလိမ့်မည်ဟု မိမိယုံကြည်သော ကိစ္စကို ထုတ်ဖော်ရေးသားခြင်း ပြုရသော အမှု၌ စာရေးဆရာသည် မင်းပြစ်မင်းဒဏ်၊ အလုပ်ပြုတ်သည့် အရေး၊ ဆင်းရဲငတ်မွတ်ရခြင်းနှင့် ခြိမ်းခြောက်မှုများကို ထောက်ထားငဲ့ကွက်နေ၍လည်း မဖြစ်ချေ။ ကြောက်လန့်နေ၍လည်း မဖြစ်ချေ။

သူ့အဖို့ လွတ်လပ်မှုသည် အင်မတန်အရေးကြီးလေသည်။ လွတ်လပ်မှု ရှိမှသာလျှင် သူသည် ရဲရင့်ခြင်း ရှိမည်ဖြစ်သည်။ လွတ်လပ်မှု မရှိ၍ ရဲရင့်ခြင်း မရှိသောသူသည် မိမိယုံကြည်သော အလုပ်ကို အဘယ်သို့ လုပ်ကိုင်နိုင်ပါမည်နည်း။

ကျွန်နော်သည် ပြင်သစ်စာရေးဆရာကြီး အီမိုင်လ်ဇိုလာ၏ ဝတ္ထုများ အားလုံးလိုလို ဖတ်ဖူးလေသည်။ သို့ရာတွင် ကျွန်နော်သည် ဇိုလာကို ဘောလ်ဇက်၊ မော့ပါဆွန်၊ ရိုမင်ရိုလင်နှင့် အနာတိုလ်ဖရန့် စသော အခြား၊ အခြားသော ပြင်သစ်စာရေးဆရာကြီးများလောက် မနှစ်ခြိုက်လှချေ။

သို့ရာတွင် ဇိုလာ့အပေါ်၌ စာရေးဆရာ တဦးတယောက်အနေနှင့် အလွန်တရာ အံ့သြလေးစားသော အချက်တချက် ရှိလေသည်။ ထိုအချက်မှာ အခြားတော့ မဟုတ်၊ ပြင်သစ်ပြည် အာဏာရှင် လူးဝစ်စ်ဘိုနာပက် အစိုးရကို “ဒါစွဲချက်တင်တယ်ဟေ့.....” ဟူ၍ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် ကျေညာချက်ထုတ်ပြန်သော အမှုအတွက်ပင် ဖြစ်လေသည်။

ဇိုလာသည် စာရေးဆရာ တဦးတယောက်အနေနှင့် လွတ်လပ်မှုကို တပ်မက်မြတ်နိုးရုံမျှသာ မဟုတ်သေး၊ ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်းပြုခဲ့သော အာဏာရှင်ကြီးတဦးလည်းဖြစ်သည်။ ထိုသို့ လွတ်လပ်မှုကို နှစ်သက်လျက် လွတ်လပ်မှုအတွက် ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်း ပြုခဲ့သောကြောင့် ဆုလာဘ်အဖြစ်ဖြင့် သူသည် ဗြိတိန်ကျွန်းသို့ ၀ါရမ်းပြေးအဖြစ် ခိုလှုံခြင်း ပြုခဲ့ရသည်။

လွတ်လပ်မှုသည် အလကားမရချေ။ သူ့အလိုလိုလည်း မရနိုင်ချေ။ အနာခံ တိုက်ခိုက်နိုင်မှ ရသည်။ ဖိလစ်ပိုင်စာရေးဆရာကြီး ရီမင်သည် လွတ်လပ်မှုအတွက် စပိန်ကိုလိုနီသမားများကို တိုက်ခိုက်ရင်း ကြိုးပေးခံခဲ့ရသည် မဟုတ်လော။ မြန်မာ့စာဆိုတော်ကြီး ဒေါက်တာ ကိုယ်တော်မှိုင်း တယောက်သည်လည်း ကိုလိုနီခေတ် တလျှောက်လုံး လွတ်လပ်မှုအတွက် ခုခံတိုက်ရင်း ဆင်းရဲငတ်ပြတ်ခဲ့ရသည်ပင် မဟုတ်လော။


(၄)


ရှုမ၀ မဂ္ဂဇင်းတိုက်တွင် စာရေးဆရာ မင်းရှင်နှင့် လူချင်းခွဲလာခဲ့ကြပြီးနောက် ဗိုလ်ချုပ်ဈေးကို ဖြတ်ကာ ည ၇ နာရီခန့်အထိ ဆိုင်ဖွင့်ထားသော ဗိုလ်ချုပ်ဈေးကြီးအတွင်းရှိ ပြည်သူ့အလင်း စာပေဖြန့်ချိရေး တိုက်ဖက်သို့ လျှောက်လာခဲ့သည်။

အိမ်မှ အထွက်တွင် မန်းတင်ရေးသော မြို့ပိုင်မောင်ပြုံးချို ဝတ္ထုတိုများကို ဆွဲလာရန် ဇနီး မြိုင် ကမှာလိုက်သောကြောင့် ယခုအခါတွင် မြို့ပိုင်မျှသာ မဟုတ်တော့ဘဲ အရေးပိုင်နှင့် အတွင်းဝန်များပင် ဖြစ်နေပြီဖြစ်သော မိတ်ဆွေ စာရေးဆရာမန်းတင်၏ ဝတ္ထုတိုကလေးများကို ယူငင်ရန်အတွက် ကျွန်နော်သည် စာအုပ်ဆိုင်ဖက်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

စာရေးဆရာဘ၀ကို တပ်မက်လှသော်လည်း ၄င်း၏ ၀မ်းစာအတွက် အဆုံးအဖြတ် ပြုလိုသေးဟန်မရှိသော မင်းရှင်၏ အကြောင်းကို တွေးတောရင်း မီးရထား ဂုံးကျော်ရထားကို တယောက်တည်း ဖြတ်လျှောက်လာစဉ် မြိုင်ကမှာလိုက်သော မြို့ပိုင်မောင်ပြုံးချို ဝတ္ထုတိုကလေးများ အကြောင်းကို အတွေးဆက်သွားရာမှ စာရေးဆရာ မန်းတင်၏ အကြောင်းကို စဉ်းစားမိပြန်သည်။

မန်းတင်သည်လည်း ကျွန်နော်နှင့် အလွန်တရာခင်မင်သော မိတ်ဆွေ စာရေးဆရာ တယောက်ပင်ဖြစ်သည်။ သူနှင့် ဆက်စပ်၍ သူ၏ဇနီး ဒေါ်ခင်မကြီးနှင့်ပါ ခင်မင်ခွင့် ရရှိခဲ့ပေသည်။

စာရေးဆရာမန်းတင်သည် မြန်မာစကားပြေ အရေးအသားနှင့် ၀ါကျဖွဲ့စည်းပုံတွင် ကျွန်နော်တို့ ကိုယ်တိုင်စံပြုထားရသော ပုဂ္ဂိုလ်ကြီး တဦးဖြစ်လေသည်။ အလွန်တရာ စာအရေးအသား ညက်ညော ထက်မြက်လှပေသည်။ သူသည် စာပြောင်များကို ရေးလေ့ရှိတတ်သည်။ အမြင်မတော်သော ကိစ္စများကို သဲသဲမဲမဲ ဝေဖန်တတ်သည်။ သရော်တတ်သည်။ သူသည် တက္ကသိုလ် ကျောင်းသားဘ၀မှ စ၍ ထင်ရှားလာသော စာရေးဆရာ တယောက်ဖြစ်လေသည်။


သူ၏ ဆိတ်မြည်သံ ဝတ္ထုတိုကို ဖတ်ဖူးသူတိုင်း မမေ့နိုင်ကြချေ။ ဂျပန့်ခေတ်ကြီး တခေတ်လုံးကို ထိုသုံးနှစ် အမည်ရှိ စာအုပ်ဖြင့် ကွက်ကွက်ကွင်းကွင်း ရေးသားဖော်ပြနိုင်စွမ်းသော စာရေးဆရာ တဦးပင်ဖြစ်ပေသည်။

မြိုင်သည် စာရေးဆရာ မန်းတင်ကို အနှစ်သက်ဆုံးဖြစ်သည်။ ဂျပန့်ခေတ် ကျွန်နော်က ၀ါရမ်းပြေးလျှက် သစ်သစ်နှင့် ၄င်းကို ကရင်ရွာတရွာတွင် ၀ှက်ထားရစဉ် ကာလများကပင် ထိုမိန်းမသည် မန်းတင်၏ ဝတ္ထုများကို မှာ၍, မှာ၍ နေတတ်သဖြင့် ဂျပန့်ခေတ်က ခက်ခက်ခဲခဲ ထုတ်ဝေရသော စာရေးဆရာ မဂ္ဂဇင်း တစောင်ကို သူရိယ ဦးသိန်းမောင်ထံမှ ငှားရမ်း၍ ၄င်းအား နှစ်သိမ့်ခြင်း ပြုခဲ့ရဖူး၏။

ဂျပန့်ခေတ်တွင် အထည်အ၀တ်များ ရှားပါးခက်ခဲလှသည့် အကြောင်းကို လှလှပပသရော်ထားသော မန်းတင်၏ စေတနာတွေပိုတယ် အမည်ရှိ ဝတ္ထုတိုကို ထိုမိန်းမသည် ဆယ်ခါလောက် ပြန်ဖတ်ကြောင်း ကျွန်နော့်ကို ပြောပြဘူးလေသည်။

မည်ကဲ့သို့ပင်ဖြစ်စေ စာရေးဆရာ မန်းတင်သည် ဤတိုင်းပြည်အတွက် အလွန်တရာ အဖိုးထိုက်တန်၍ အသုံးဝင်လှသော စာရေးဆရာကြီးတယောက် ဖြစ်မလာရရှာချေ။ နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ကြီးလေးများပြားလှသော တာဝန်များကိုသာ နေ့မအား ညမအား ထမ်းဆောင်နေရရှာလေသည်။

သူ့တွင်လည်း သားသမီးများသာမက မြေးများပါ တွဲလဲတွဲလောင်းနှင့် ဖြစ်နေရရှာလေပြီ။ ဆံပင်များလည်း တော်တော်ပင် ဖြူကုန်လေပြီ။ စာလည်း ရေးသားခြင်း ပြုတော့သည်ကို မတွေ့ရ။ မဖတ်ရသလောက်ဖြစ်သည်။ စေတနာတွေပိုတယ် ကဲ့သို့သော စာပြောင်များကိုကား ထားဘိဦး။


(၅)


ပြည်သူ့အလင်း စာပေဖြန့်ချိရေးမှ မန်းတင်၏ မြို့ပိုင်မောင်ပြုံးချို စာအုပ်သာမက ရန်ကုန်မှ မော်စကိုသို့ နှင့် ပြုံးတမဲ့မဲ့ စာအုပ်များကိုပါ မြိုင်အတွက် ဆွဲလာပြီးနောက် ဘားလမ်းတွင် ကိစ္စတခု ရှိသေးသဖြင့် ကျွန်နော်သည် ဗိုလ်ချုပ်ဈေးမှ ဘတ်စ်ကားကို မစီးသေးဘဲ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး၏ လက်ျာဖက် စင်္ကြံအတိုင်း ခြေလျင်လျှောက်လာခဲ့သည်။

ထိုကဲ့သို့ လျှောက်လာခဲ့ရစဉ် ကျွန်နော်သည် ကျွန်နော်ကဲ့သို့ ခရီးသွားကြသော လူများကို မမြင်ချေ။ မန်းတင်ကဲ့သို့ မြင်းကုန်းနှီးပေါ်သို့ ရောက်ရှိနေကြရသော ဘ၀တူလှေထိုးသား မိတ်ဆွေ စာရေးဆရာများကို မြင်နေရသည်။

တက္ကသိုလ်ထင်ကြီးကို ကျွန်နော် မြင်၏ ။ သူသည် မန်းတင်ကဲ့သို့ ထက်မြက်သော စာရေးဆရာကြီး တဦးတယောက်ပင်ဖြစ်လေသည်။ စစ်ပြီးခေတ်က သူရေးသားခဲ့သော အပ္ပနား၏ အမျိုးသားနေ့ အစီရင်ခံစာ ဝတ္ထုတိုကို ဖတ်ရှုဘူးသူတိုင်း မေ့နိုင်ကြဘွယ်ရာမရှိ။ မန်းတင်ကဲ့သို့ ဝေါဟာရကြွယ်၍ အသုံးအစွဲနှင့် နေရာချထားရေးများတွင် ပိရိသေချာလှသူတဦးပင် ဖြစ်လေသည်။ စစ်ကြီး မဖြစ်မီက သူသည် စာရေးဆရာလုပ်ရန် အားထုတ်ခဲ့ဘူးသည်။

သို့ရာတွင် ထိုတက္ကသိုလ် စာရေးဆရာကြီးသည် ဆရာ့ဆရာကြီးများ ဖြစ်ကြကုန်သော ပီမိုးနင်းနှင့် မဟာဆွေတို့ကဲ့သို့ အငတ်မွတ် အဆင်းရဲခံနိုင်စွမ်း ရှိပုံမရချေ။ စာရေးဆရာလောကမှ တိတ်တဆိတ် ထွက်ပြေးကာ ရေတာရှည်တွင် လက်ထောက်မြို့ပိုင် သွားလုပ်လေသည်။ သတင်းစာဆရာ လုပ်သည်။ ယခု စာပေဗိမာန်ရုံးထက်တွင် စားပွဲထိုင်ကာ အုပ်ချုပ်ရေး အရာရှိကြီးတဦး လုပ်နေရှာသည်။ စာမရေးတော့ချေ။

သိပ္ပံစိုးရင် တယောက်လည်း ထင်ကြီး အတိုင်းသာ ဖြစ်နေသည်။ သူသည် ဝတ္ထုအရေးအသား ကောင်းမွန်စေ့စပ်သော စာရေးဆရာကြီး တဦးဖြစ်လေသည်။ သူသည် စာရေးဆရာ ဘ၀ကိုလည်း တပ်မက်ပုံ ရလေသည်။ သို့ရာတွင် သူသည် လှေထိုးသား မလုပ်ဘဲ ကျိုက္ကဆံမြင်းကွင်း အနီးတွင် သွား၍ နေလေသည်။

မနှစ်က ဗိုလ်မှူးချုပ်ကျော်ဇောနှင့် ကျွန်နော်သည် တိုင်းပြည်၏ တာဝန်တရပ်နှင့် ပြည်မြို့သို့ ရောက်ရှိခဲ့လေသည်။ သို့ရာတွင် ပြည်မြို့၏ ခရိုင်ဝန်မင်း ဖြစ်နေရှာသော ဦးစိုးရင်ကို ကျွန်နော်သည် လူချင်းပင် မတွေ့ခဲ့ရချေ။ ကျွန်နော်တို့ နှစ်ဦးသည် ငယ်သူငယ်ချင်းကဲ့သို့ ခင်မင် ရင်းနှီးကြသူများ ဖြစ်လေသည်။ သို့ရာတွင် သိပ္ပံစိုးရင်ဆိုသော စာရေးဆရာသည် ပြည်မြို့ မင်းကြီးတောင်ထိပ်ပေါ်တွင် ဆောက်လုပ်ထားသော ခရိုင်ဝန်မင်း၏ နေအိမ်၌ ပုန်းအောင်း နေတန်ရာသည်။ ၄င်း၏ ပီစီဖြစ်သော ကိုလှနှင့်တော့ တွေ့သည်။

“ပြောလိုက်စမ်းပါဗျ.. ခင်ဗျား ခရိုင်ဝန်မင်းကို.... စာကလေး ဘာကလေးများ ရေးပါဦးလို့....” ပြည်မြို့မှ ခရိုင်ဝန်ရုံးချုပ် စာရေးကြီး ဦးလှကို ကျွန်နော်က ပြောဆိုလိုက်သောအခါ ကျွန်နော်နှင့် ကိုစိုးရင်တို့ နှစ်ယောက်အပေါ်တွင် ၄င်း၏ ညီငယ်များကဲ့သို့ ခင်မင်သော ဦးလှက ဘာမျှတော့ ပြန်မပြောဘဲ ပြုံး၍သာ နေလေသည်။

ထိုသို့ ထင်ကြီးနှင့် စိုးရင်တို့ အကြောင်းများကို တွေးတောရင်း လျှောက်လာရာမှ စစ်ကဲမောင်ထော်လေးလမ်းကို ကျော်လွန်လာသောအခါ ကျွန်နော်သည် တာဝါဘားပေါ်မှ အပေါင်းအသင်း နှစ်ယောက်သုံးယောက်နှင် ခပ်ယိုင်ယိုင်ကလေး ဆင်းချလာသော စာရေးဆရာ တင့်တယ်ကို လှမ်း၍ မြင်လိုက်ရသည်။

သို့ရာတွင် ကျွန်နော်ထက် မျက်စိလျင်သော တင့်တယ်က “ဟေ့ အစ်ကို....” ဟု သူ၏ ထုံးစံအတိုင်း လှမ်း၍ နှုတ်ဆက်နေသဖြင့် ကျွန်နော်သည် ထိုမိတ်ဆွေ စာရေးဆရာအား အရိုအသေ ပြုရလေသည်။

“အစ်ကိုက မသောက်တတ်တော့ ကျွန်နော်နဲ့ တခုခု လိုက်စားပါဦးလား”

စာရေးဆရာ တင့်တယ် တယောက်သည် အလွန်တရာ သဘောကောင်းလှသော ပုဂ္ဂိုလ်တဦး ဖြစ်လေသည်။ သူ့တွင် ပိုက်ဆံကလေးများရှိလျှင် လူတဖက်သားကို အင်မတန်တိုက်ချင် အင်မတန် ကျွေးချင်သည်။

“ကနေ့ ညစာအတွက် ကျွန်နော်ကြိုက်တဲ့ ဟင်းရွက်ကြော်ကို ချက်ထားပေးမယ်လို့ မြိုင်က သေသေချာချာ မှာလိုက်လို့ပါ အကို”

ကျွေးမွေးရန် ဖိတ်ခေါ်နေသော ထိုမိတ်ဆွေကို စားရမည့် သူကပင် ပြန်၍ တောင်းပန်ပြောဆိုခြင်း ပြုလိုက်ရသည်။ တင့်တယ်နှင့် တာဝါဘားရှေ့တွင် လူချင်း ခွဲခဲ့ရပြီးနောက်တွင် စာရေးဆရာ တယောက်အကြောင်းကို ဆက်လက်စဉ်းစားလာမိသည်။ တင့်တယ်သည် ဒီဂရီ နှစ်ခုမျှ ရယူထားသော တက္ကသိုလ် ပညာတတ်ကြီး တဦးဖြစ်လေသည်။

သူကြီးဂေဇက် ဦးခင်မောင် မကွယ်လွန်မီက သူသည် စာရေးဆရာ ဇေယျ၊ တက်တိုးတို့နှင့်အတူ ပြန်ကြားရေးဌာနတွင် အလုပ် လုပ်ကိုင်ဘူးလေသည်။ ထို့နောက် အင်္ဂလန်သို့ပင် သွားရောက်ကာ ဘီဘီစီတွင် လုပ်ကိုင်ရင်း နောက်ထပ် ဒီဂရီတခု ယူငင်နိုင်ရန် အားထုတ်ဘူးလေသည်။

သို့ရာတွင် သူသည် စာရေးဆရာ ဘ၀ကိုသာ တပ်မက်သောကြောင့် သူ့ကို ဖမ်းဆီး ချုပ်နှောင်ထားသော ရာထူးရာခံနှင့် လုံခြုံမှုများကိုပင် ဖောက်ဖျက်ကာ စာရေးဆရာ ဘ၀ကို ဖက်တွယ်နေသော ပုဂ္ဂိုလ် တဦး ဖြစ်လေသည်။

စာရေးဆရာ ဘ၀သည် လုံခြုံမှု မရှိသေးသောကြောင့် သူသည် ဘိုင်ကျသော အခါများ၌ နိုင်ငံတော် ချက်အရက်ဖြူကို သောက်ရလေသည်။ ဖောဖောသီသီ ရှိသောအခါများ၌လည်း တပုလင်း တရာနီးပါးခန့်မျှ ပေးရသည်ဆိုသော နိုင်ငံခြားဖြစ် အရက်ကို တခွက်တည်းနှင့် ဖင်ထောင်သွားအောင် သောက်ပစ်လိုက်လေသည်။ ချက်အရက်ကို သောက်ရသည့်အတွက် ထိုစာရေးဆရာသည် ၀မ်းနည်းမိခြင်း ဖြစ်ပုံမရသကဲ့သို့ မြင်းဖြူတံဆိပ် ၀ီစကီကို သောက်ရသည့် အတွက်လည်း ၀မ်းနည်းဝမ်းသာ ဖြစ်ဟန်မရှိ။ ချဉ်ချဉ်တူးတူး မူးရင်ပြီးရော ဆိုသော မြန်မာစကားပုံ တခု ရှိသည်မဟုတ်လော။


(၆)


ဘားလမ်း၌ ဆောင်ရွက်စရာရှိသော ကိစ္စ တရပ်ကို ဆောင်ရွက်ပြီးစီး၍ အိမ်သို့ ပြန်ရန် ထွက်အလာတွင် မမြှော်လင့်သော ပေါင်းဟောင်းသင်းဟောင်း စာရေးဆရာတဦးကို မြှော်လင့်ခြင်း မပြုထားသော ပုံစံနှင့် ဗြုံးကနဲ တိုးလိုက်ရပြန်လေသည်။ ထိုသူကား ညိုမြပင်တည်း။

ညိုမြသည် ဘားလမ်းတွင် ရှိသော စက္ကူဆိုင်တဆိုင်တွင် ၄င်းထုတ်ဝေနေသော အိုးဝေ နေ့စဉ် သတင်းစာအတွက် စက္ကူထုပ်များကို အကြွေးဆွဲနေပုံရသည်။

“ကိုယ့်လူ .. ဒါ ဘယ်က ပြန်လာတာလဲ...” သူ၏ ထုံးစံအတိုင်းသာ ဖြစ်သည်။ လျှာလေး အာလေးကြီးနှင့် မေးလေသည်။

“ကိုယ်လူကကော ဒီမှာ ဘာလာလုပ်နေတာလဲ” ကျွန်နော်သည် သူ၏ မေးခွန်းကို မဖြေဘဲ ပြန်၍သာ မေးခွန်း ထုတ်လိုက်လေသည်။

“နယ်ကိုယ်စားလှယ်တွေဆီက ပိုက်ဆံမလာလို့ မနက်ဖြန်ထွက်ဘို့ သတင်းစာအတွက် စက္ကူထုပ် အကြွေးလာဆွဲနေတာ..”

ညိုမြသည် အညာသား ပီပီ ကြွားဝါခြင်း မပြုတတ်ဘဲ ရိုးရိုးသားသားသာလျှင် ပြောဆိုတတ်လေသည်။ ဤတိုင်းပြည်၌ သတင်းစာ အတတ်ပညာနှင့် ပတ်သက်၍ “အမ် အက်စ် ဂျေ” ဘွဲ့ကို ပထမဆုံး ရရှိခဲ့သော ညိုမြတယောက် ၄င်းကိုယ်တိုင် ထုတ်ဝေနေသော သတင်းစာ၌ အောင်မြင်ခြင်း မရှိသည့်အတွက် ကျွန်နော်သည် အံ့သြခြင်း မဖြစ်မိချေ။ အဘယ်ကြောင့်ဆိုသော် ညိုမြသည် သတင်းစာဆရာ တဦးမဟုတ်ဘဲ စာရေးဆရာ တဦးမျှသာ ဖြစ်သောကြောင့် ဖြစ်လေသည်။

၁၉၅၀ ခုနှစ်လောက်က ကျွန်နော်ထုတ်ဝေသော လင်းယုန်ဂျာနယ်တွင် ညိုမြသည် “မိုက်ဦးမည်” ဆောင်းပါးကို ထည့်သွင်းဖော်ပြစဉ်က “ကိုယ့်လူ ရေလိုက်လွှဲနေပြီ....” ဟု ကျွန်နော်သည် အကြံပေး ပြောဆိုဘူးလေသည်။ ညိုမြသည် ကျွန်နော့်ကို တွေတွေကြီးသာ စိုက်ကြည့်နေသည်။ ဘာမျှတော့ ပြန်မပြောချေ။ သူသည် လေးလေးနက်နက် စဉ်းစားနေသလော၊ သို့မဟုတ် ၀မ်းနည်းနေသလော၊ ညိုမြကို အကဲခတ်ရန် အလွန်ခက်သည်။ သူ၏ အိမ်သူသက်ထား နွယ်က ထိုကဲ့သို့ ညည်းတွား ပြောဆိုဘူးလေသည်။

ညိုမြအတွက် ကျွန်နော်သည် ၀မ်းနည်းမိသည်။ သူသည် လူ့လောကကြီးနှင့် လူသဘာဝတို့ကို ပိုင်းခြား ကြည့်ရှုတတ်သော အဘိဓမ္မာ ဆရာတဦးလည်း ဖြစ်သည်။ ထိုသို့ ပိုင်းခြားကြည့်ရှု၍ ရသမျှကိုလည်း ကွက်ကွက်ကွင်းကွင်းနှင့် မိမိရရ ဖော်ပြနိုင်စွမ်းသော စာရေးဆရာတဦးလည်း ဖြစ်လေသည်။

တက္ကသိုလ်ကျောင်းသား ဘ၀နှင့်တုန်းက ညိုမြ ရေးသောခဲ့သော စာပြောင်များကို ကျွန်နော်သည် ဘယ်တော့မှ မမေ့ချေ။ ၁၉၃၆ ခုနှစ်က ညိုမြရေးလိုက်သော “နွားနှင့် သပိတ်” ကို အဘယ်သူ မေ့နိုင်သနည်း။ သူ၏ “နန်းကြာညို” ကိုလည်း ယခုတိုင် စွဲလန်းနေတုန်းဖြစ်သည်။ ကုန်ကုန်ပြောရလျှင် ကျွန်နော်တို့ လူသိုက်က အင်မတန် လေးစားခင်မင်နေကြသော ကိုဗဟိန်း ကို “အရူးကလေး ဗဟိန်း” ဟူ၍ တွယ်သော်လည်း ငယ်စဉ်ကပင် ကျွန်နော်သည် ညိုမြကို အခင်မင် မပျက်ခဲ့ချေ။

သူသည် တဖက်သားကို တွယ်ရာ၌ပင် လှလှပပနှင့် သိမ်သိမ်မွေ့မွေ့ တွယ်တတ်သော စာရေးဆရာ ဖြစ်သည်။ သို့ရာတွင် ညိုမြ တယောက်သည် သူ၏ ဘ၀ကို နေရာမှန်အောင် မချထားခဲ့ချေ။ အမေရိကန် တက္ကသိုလ်မှ အပ်နှင်းခြင်း ခံရသော အမ် အက်စ် ဂျေ ဘွဲ့သည် ညိုမြ တယောက်တည်းကိုသာ ဂျောက်ချခဲ့သည် မဟုတ်သေး။ ဤတိုင်းပြည်အတွက် အလွန်တရာ ထက်မြက်၍ တန်ဖိုးရှိလှသော စာရေးဆရာကြီး တယောက်ကိုပါ ဆုံးရှုံး နစ်နာစေခဲ့လေသည် တကား...။

ညိုမြနှင့် လူချင်းခွဲ၍ ထွက်လာခါနီးတွင် မိတ်ဆွေတို့၏ ၀တ္တရားရှိသည့်အတိုင်း...

“ကိုယ့်လူကတော့ ရေလိုက်လွှဲလက်စနဲ့ ရေစုန်မျောတော့မယ်နဲ့ တူပါတယ်...” ဟု ကျွန်နော်က စိတ်မသက်မသာနှင့် ထပ်ပြောဆိုလိုက်သည်။

သို့ရာတွင် ညိုမြသည် ၄င်း၏ ဘ၀ကို ကောင်းစွာ နားလည်ထားသကဲ့သို့ ဘာမျှ ပြန်လည် ပြောဆိုခြင်းမပြု၊ အားကျလှသော မျက်လုံးကြီးများဖြင့် ကလေးကြီး တယောက်လို ငေးမော ကြည့်ရှုရင်း စက္ကူထုပ် အကြွေးဆွဲခံနေရသော ဘားလမ်း စက္ကူဆိုင် တဆိုင်အတွင်း၌ ငုတ်တုတ်ကလေး ကျန်ခဲ့ရှာလေသည်။


----------------------


ဗန်းမော်တင်အောင်


{ မင်္ဂလာပါ ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။ }


Saturday, 29 December 2018

မီးတောက်ရစ်သမ်

......မီးတောက်ရစ်သမ်......


(၁)


အခုလို…

လှပအေးစက်နေတဲ့ ညမှာပဲ

ငါ….ပျိုးထားတဲ့ မြနှင်းဆီဟာ

ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။


တိမ်လွှာမျဉ်းကောက်တွေကလည်း

ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ

ရွှေမျက်ရည်တွေ စိုလက်လာပြီလို့

မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို

တီးတိုးပြောလိုက်ကြတယ်။


‘ချစ်ခြင်းမေတ္တာ’…..ဟာ

မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို

နောက်ဆုံးမှာ…

မီးခိုးလုံးများဖြစ်သွားရော့မလား….လို့

နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။


လူငယ်တစ်ယောက်ကိုပြုစားဖို့

နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလား…..

ငါ့ရာဇ၀င် ခပ်ကျဲကျဲကို

ငရဲမီးထဲ တွန်းချလိုက်ချင်တယ်

သံယောဇဉ် ဆိုတာ

အရောဝင်လို့မကောင်းတဲ့ခွေးကလေးပါပဲ…..


လောကဓံဦးတုန်းက

အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်

ခုမှ စံပယ်ရွက်ပေါ်မူးလဲ

အသည်းကွဲတယ် ဆိုတာ

သီချင်းလေးတွေ တိုးတိုးညည်းရင်းက

ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့

နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက

ငါ့ကို စီးမိုးထားတယ်။


စက်ရုပ်ကိုဒူးထောက်ကျစေတဲ့

နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ

ငါ ဘယ်လိုမှမေ့မရတဲ့

မဟာလင်္ကာ တစ်ပိုင်းတစ်စ ရှိနေလေရဲ့။


အဲဒီလိုနဲ့ပဲ

ငါပြန်လည် ချည်နှောင်ခဲ့ပါမယ်

ချစ်သောဖဲကြိုးဝါကလေးရယ်

(လက်နက်မပါဘဲ စစ်ဝင်္ကပါမှာ ငါ….မတိုက်ရဲဘူး)

ညံ့တယ်လို့ဘဲ

လက်ညှိုးထိုးပြီးပြောလိုက်ပါတော့။


လျှပ်စစ်မျှင်တန်းလို...

ပူလင်းပြင်းထန်လွန်းတဲ့

သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ...

ခု...ရထားတို့ ဥသြဆွဲလိုက်ကြပီ...

"...ပြီးဆုံးသွားပါပြီ...

...အားလုံး ပြီးဆုံးသွားပါပြီ..." တဲ့။


(၂)


အရှေ့လေတွေတိုက်တုန်းက

ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ

တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။

ကျောင်းတော်ရဲ့စည်းအပြင်

နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့

ထင်ယောင်ထင်မှား

လမ်းပေါ်မှာ ငါစဉ်းစားတာ

နင့်အကြောင်းခေါင်းစဉ်များစွာပါပဲ။


ထိပ်ထားရယ်….

အီဂျစ် ပြက္ခဒိန်ထဲက

မိုးတိမ်တွေရွာမယ့်နေ့

နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်

ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။


ငါကဆပ်ပြာပူဖောင်းကို ခိုစီးပြီး

မြင့်မိုရ်တောင်ကြီးနဲ့ တိုက်မိမှာ

စိုးရိမ်ရှာသူ မဟုတ်ခဲ့..

ဒါပေမဲ့

လေပွေလမ်းကြောင်းများမှ

တုန်ဝါးဖျော့အေး

‘သစ္စာ’ ကိုပဲ့တင်သံနဲ့ပဲပြန်ပေးနိုင်ခဲ့သူ..။


ငါ့ကိုသတ်…ငါ့ရင်ဘတ်ကိုထိုးခွဲဖောက်လှန်ကြည့်

ငါ့လက်သီးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့

သုညတစ်လုံးပဲရှိလိမ့်မယ်…။


ဝိုင်ယာကြိုးတွေ

‘ထောင်း’ ခနဲ မီးပွင့်ပြတ်တောက်သွားပြီး

ရုတ်ချည်းမှောင်အတိကျသွားတဲ့

‘အန္ဓ’ တို့ရဲ့အိမ်အိုမှာ

တေလေပီသစွာ…ငါနေတယ်…။


တိတ်ဆိတ်…ပြာလဲ့နေတဲ့ည..

ရေတွင်းထဲ ခေါင်းငုံ့ပြီး..

‘….’ ကို ချစ်တယ်..လို့

ဘယ်ဆီဘယ်ဝယ်..ဟစ်အော်တမ်းတရတာ..

ဘာကြောင့်ပါလဲ…။


‘အုံ့ပုန်းချစ်’ သီချင်းကို

မဆိုချင်ဘဲဆိုရတာ

ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို

ကိုက်မျိုရသလိုပါပဲ..လို့

အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက

ငါ့ကိုပြောပြတယ်။


အဲဒီလိုနဲ့..

မိုးကိုဆန့်မြှောက်ထားတဲ့

မမှီနိုင်သော ကမ်းလက်တွေဟာ

ဟိုး………..တုန်းကလိုပဲ

ငါ့ဆီမှာ မြေမှုန်တွေစွန်းထင်လျက်ပါပဲလေ…။


(၃)


‘လူ’ ဆိုတာ..

လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်

သရဲခြောက်ရာ ညတစ်ညကို ပိုသတိရတတ်တယ်…။


ငါသေသွားခဲ့လို့ရှိရင်

ငါ့ရဲ့ သင်္ချိုင်းဂူမှာ …

ကြက်ခြေခတ်တစ်ခုကိုသာ

မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။

တကယ်တော့..အဲဒါဟာ

ငါသိသမျှ လောကဓမ္မကို

အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။


ဟိုး..ငယ်ငယ်..ကျောင်းမပြေးတတ်ခင်တုန်းက

ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်

ငါ့အပေါ်ခုန်အုပ်ပြီး

မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။


ငါ … သတ္တိကောင်းကင်မှာ….နီလွင်ထစ်ချုန်း

တစ်..နှစ်..သုံး

အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။

ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ….


ကြောက်မက်ဖွယ်ရာ လူတွေရဲ့

မဟာဘုတ် ဗေဒင်ထဲမှာမှ

ငါကလည်း ‘ အဓိပတိဘွား ‘ ဖြစ်ချက်ခဲ့တာကိုး….


အိမ်အပြန်ညများစွာမှာ

ဘယ်သူမှမပြောချင်တဲ့စကားတွေပွေ့ပိုက်

ကိုယ့်ကိုယ်ကို ‘ လူမိုက် ‘ လို့ပြန်ခေါ်ခဲ့ရတယ်…


၁၉၉၃..၁၉၉၄..

ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ

လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…


နှင်းမြှားတစ်လက်ရဲ့ အဆိပ်နဲ့

နိမိတ်မကောင်းတဲ့ပုံပြင်

မမြင်ဘူးသော နေ့များ…ညများ………

ပိတောက်ပိုင်းဖျားမှာ……၀ပ်တွားစုရုံး

ငါ့ကိုချည်ထုံးခဲ့တာ…….

ခု…………အချိန်တိုင်အောင်

အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။


(၄)


မြို့ပြင်လမ်းကွေ့က

တွေ့ခဲ့ဖူးသမျှ ဂျစ်ပစီတွေလို

ဖြစ်ခဲ့သမျှကို

ရယ်ကာမောကာပြန်ပြောနိုင်တဲ့ အကျင့်လေး

သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။


ဘာဘဲဖြစ်ဖြစ်

ကျောက်ခေတ်၊ ကြေးခေတ်

နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်

အားလုံးအတွက်

သေချာတဲ့ ငါ့…….ကြေငြာချက်ကတော့

နင့်ကိုထာဝရချစ်နေမယ် ဆိုတာပါပဲ..။


ထိပ်ထားရယ်..

ဖြစ်နိုင်မယ်ဆိုရင်

ဂန္တ၀င် ပန်းပုရုပ်မှာ..

နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း

နင့်နာမည်လေး စာသုံးလုံးကို

စီရီသီကုံးပေးချင်တယ်..။

နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ

မိုးပေါ်ကိုဦးမော့ပြီး

ဝင်းပစွာ လင်းမြတုန်ခါနေတဲ့

ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။


ကျောင်းရှေ့ကစံပယ်ရုံမှာ

ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း

ကျောင်းခန်းတွင်းမှာ..

လမင်းကလေးသာခဲ့ဖူးတယ်..။


ချစ်သောကျောင်းသွားဖော်ရဲ့

ပန်းရုပ်လွှာကို မျှော်တွေးရင်း

ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္ထိ

မြရာပင်ကြီးသိပါတယ်။


ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)

ငယ်ကျွမ်းမျက်နှာေ၀၀ါး

ပညာရှင်ကြီးများရယ်..

ပါဠိစာလုံးတွေနဲ့

ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။


‘ချစ်သူကိုတောင်

ချစ်တယ်လို့မပြောရဲတဲ့ကောင်..

ရာစုတစ်ထောင်မှာနေရစ်ခဲ့

ထိုသို့ဖြင့် စကားမဲ့စေသတည်း…’


မြရာပင်ကြီးရဲ့

ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ

ငှက်ဆိုးအုပ်နဲ့အတူ

ရုတ်တရက်ထပြန်သွားတယ်..။

ချို့တဲ့သော ကျောင်းသားဘဝ

ဆန္ဒရဲ့ မပြေလည်မှု

အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာ

သြော်…ငါ့ကိုလေ

နားလည်ပါ…နားလည်ပါ..

နားလည်စမ်းပါ..။


(၅)


အဲဒီနေ့ရက်တွေမှာ

မာရ်နတ်ရဲ့ ဘယ်ဘက်လက်က

အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ

ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့

မြင်းကကြိုးတို့ကိုပြင်လို့ ‘ သ ‘ လို့နေခဲ့ပေါ့။


ဘာဘဲပြောပြော

ရွှေနဲ့စက်ဝယ်လို့မရတဲံ

နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ..

သံမှုန်တွေကပ်ပါနေရဲ့

ငါ………..ဘာကိုမှ မကြောက်ခဲ့ဘူး။


ဟောဒီလောကတောက်လျှောက်

‘ ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်

ဗလာစာအုပ်ပေါ်က သုညကမြတ်တယ် ‘ တဲ့

အဲဒီအော်သံကို ငါရယ်နေခဲ့တယ်..။


‘ မင်းကကော ဘာလဲ ‘ လို့

အနန္တတွေ က ၀ိုင်းမေးတော့

၁..၂..၃..၄..၅

ငါ အကုန်စဉ်းစားတယ်

၆..၇..၈..၉..၀..

တစ်ခုမှမဟုတ်ဘူး

ငါ့အတွက် ဂဏန်းမရှိဘူး..။


သွေးနဲ့ယက်တဲ့ ကတ္တီပါစလို

နီလွရှင်းတောက်

ကြောက်ခမန်းလိလိ လှပတဲ့

နှလုံးသားက ဂီတသံစဉ်

နှင်းဝိဥာဉ်မှာ တင်တဲ့ကမ္ဗည်း

လကွယ်ညရောက်တိုင်း…………..ငါ

ဂစ်တာတီးနေမယ်….။


ကျဆုံးတော့မဲ့ စစ်သူရဲအိုက

ငယ်ဘ၀က ဓါးနဲ့ချစ်သူကို

ပြင်းရှစွာ သတိရလိုက်သလိုမျိုး

နင့်ကိုငါ သတိရနေတယ်။


ထိပ်ထားရေ…

ထိပ်ထားရေ…

ထိပ်ထားရေ…

သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ

ငါ…လယ်သမားဖြစ်ချင်တယ်

နင်….ဘုရင်မ……လာမလုပ်ရဘူးနော်။


တော်တော်ကြာ

တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ

သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…..

ရွာဇနပုဒ်နဲ့  မိုးရေထဲ

ငါ……..တစ်ယောက်တည်း

မျက်ရည်ဝဲနေရပါဦးမယ်…..။


ငါကလည်းခက်တယ်..

ကဗျာတစ်ပုဒ်နဲ့

နေမ၀င်အင်ပါယာ

ဘယ်ဟာယူမလဲလို့ မေးလာရင်

ဒုတိယအရာကို ငါ……….ငြင်းတယ်…။

အဲဒီလိုနဲ့ပဲ

မှောက်ထားတဲ့

ငါ့ရဲ့ ကံ့ကော်ရွက် ဖဲချပ်ကလေးတွေ

လောကကြီးကိုအမျှဝေရင်း

ကာလများစွာ……..ကြာပြီကောလေ။


(၆)


တောင်ညိုမှာပျိုတဲ့မိုးတွေ

နင့်မျက်လုံးကို တိုးသက်တဲ့အခါ

တောင်ပင်လယ်က ဗေဒါတွေဟာ

ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။


ဟေး………ငါပြောမယ်

…….အက်ဆစ်တိမ်ခိုး………တို့

မုတ်သုန်ကိုနှိုးပါ

ဒီလူဆိုးအတွက်လည်း

မိုးကြမ်းတို့တစ်စက်စက်ရွာပါ…….။


‘ မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါဘဲ ‘

ခွဲခွာခြင်းဟာ

ခရမ်းပြာကျည်ဖူကို

အဆိပ်ချိုတွေလိမ်းသုတ်

နှလုံးသားတည့်တည့်ဆီ

ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်။


သက်ပြင်းဝေေ၀

ခရေတို့ နှင်းစက်ဖားလျား

မျက်ရည်ကိုစားတဲ့

ချောက်ချားဖွယ် စကားမဲ့ည

ငါဟာ……..ထက်ပိုင်းချိုးခံရတဲ့

တစ်ခြမ်းပဲ့ ‘ လ ‘ ပဲ ဖြစ်တယ်။


အိပ်မက်ထဲက ကမ္ဘာစစ်လို

အရိုးပြိုင်းပြိုင်း ညနေအိုက…

မြေကိုရှိခိုး..

မြူအိုးတို့ ပျောင်းအိညွတ်တွဲ

လူငယ်ဘ၀ရဲ့

ညရိပ်တို့မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။


အခင်ဆုံးမဖြစ်ခဲ့ပေမဲ့

အခင်ဆုံးတွေအကြောင်းပြောတိုင်း

သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ

ငါ…..မရောက်ရောက်အောင်သွားမယ်..။


ပြီးတော့

ခရိုးခရိုင် လက်ဖက်ရည်ဆိုင်လေးမှာ

ကဗျာအကြောင်း စာအကြောင်းပြောရင်း

ကိုယ့်ကိုယ်ကို ပြန်လည်ဖန်ဆင်းပစ်မယ် ……….ကွယ်။


အရက်သမားက

သူတစ်ပါးကိုလွမ်းဆွတ်တာ

ရယ်စရာမဟုတ်ပါဘူး

တစ်ရံတစ်ခါရဲ့

ပြန်မလာသူတို့

သိကြဖို့ကောင်းတယ်….။


လေညင်းကလေးရေ

ငါချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို

သူ့ဆံနွယ်ခက်လေးတွေ

ဖွားခနဲ လွင့်ဝဲသွားရုံ

တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ…။


လေစီးထဲမှာ

ဖွာကြဲလှပနေရှာမဲ့

သူ့ရဲ့ကေသာဆံမြကို

အဝေးကနေ ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦးနော်..။


(၇)


အထီးကျန်တောင်ကို အုပ်စိုးဖို့

နတ်ပြည်ကရွာချတဲ့

ငါ့အတွက်……..အညတရမိုး..ရေ

နေပါစေတော့….။


အဲဒီညဟာ

တစ်ခြမ်းပဲ့ ‘ လ ‘ က

အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့

အလံမလဲမီ ‘ ည ‘ ဖြစ်တယ်။


မြက်ရိုင်းက..

မိုးကုပ်စက်ဝိုင်းကိုနမ်းမရသလိုမျိုး

နေနဲ့လက….

တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်ကြသလိုမျိုး

ရိုးသားစွာ ..တို့ ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့

အရာရာကိုလက်ဖြန့်မိုးစောင့်ရှောက်ချင်တဲ့လူငယ်

ခု……ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။


တေလေဘ၀ရဲ့

ပထမဆုရအမှားတွေကို

လွယ်အိတ်ညိုထဲထည့်ပြီး

မီးအိမ်လက်ဆွဲ..

ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။


ထိပ်ထားရေ……….

ကချေသည်တို့ရဲ့ တေးတွေနဲ့

ငြိမ်းအေးပျော်ရွှင် ထာဝစဉ် ချမ်းမြေ့စေသား..

ကောင်းသောမိုးသောက်ချိန်၌လည်း

ငြိမ်သက်တည်ကြည်ပါစေ..

ငါ…ဆုတောင်းပေးနေမယ်..။


ပန်းခူးရင်း

သူငယ်ချင်းတွေနဲ့နေရင်း

စကားပြောရင်း

သီချင်းလေးတွေ ဆိုရင်း

မင်း…….ငါ့ကို……..မေ့သွားမှာပါ။


ခုတော့….သွားတော့နော်

ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို

‘ ဘ၀ ‘ ဆိုတဲ့ မာယာနိုင်ငံအိုက…

စောင့်ကြိုလို့နေရော့မယ်..

သာမညလမ်းခွဲမှာ..

ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်

မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ

မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ

မနက်ဖြန်ခါတိုင်းမှာ…အောင်မြင်ပါစေ……..

ထိပ်ထားရေ……………။


.................................OာာရာမC်းဝေ

တာရာမင်းဝေ fan group.  .  .