Sunday, 26 July 2020

သနပ်ခါးရေကျဲကျဲ #သုမောင်

#သနပ်ခါးရေကျဲကျဲ 

#သုမောင်

သူတို့အသိုင်းအဝိုင်း သင်းတို့ပတ်ဝန်းကျင်ကဖြင့် ကဲကိုကဲသည်။ အိုးကမပူ စလောင်းကပူသည်။ ကောက်ညှင်းကမစေး၊ ဆန်ကြမ်းက စေးနေသည်။ ကာယကံရှင် ငမောင်နှင့် မိဆက်တို့ကဖြင့် ဘယ်အခြေအနေ ရှိနေသည်မသိသေး၊ သူတို့သတင်းက ဟိုးလေးကျော်နေပြီ။

"ဟဲ့၊ ငမောင်ကလေးနဲ့ ဆက်ဆက်တို့က သည်လိုသာဆို ဟန်ကျပါ့တော် ..."

အမှန်မှာ ဤသည်ပင်လျှင် ချစ်စရာကောင်းသော သူတို့အသိုင်းအဝိုင်း၏ စရိုက်ကလေးဖြစ်သည်။ ရှေ့နေရှေ့ရပ်ကြီးတွေ စုမိလျှင် တရားစကားတို့ကို ဆိုကြလိမ့်မည်။သို့ စျေးရောင်းသမများဆုံကြလျှင် ပါးစပ်သတင်းကလေးများ ဆိုတတ်ပြောတတ်ကြသည်။ သူတို့ရင်ထဲရှိသည်တို့ကို သည်အတိုင်း သိုသိပ်မထားတတ်ကြ။ ဖွင့်ဟလိုက်ချင်ကြသည်။

 ငမောင်နှင့် မိဆက်တို့ သတင်းသည်လည်း သူတို့ကလေးတွေ၏ ရင်ထဲမှ ပီတိကို လှိုင်းထသွားစေသည် ထင်ရ၏။ သင့်၏ မသင့်၏မဟူ၊ တော်၏ မတော်၏မချင့်၊ သည်လိုတဲ့အေ့ဟု ပြောလိုက်ရမှ သူတို့ကျေနပ်တတ်ကြ၏။ သည်တော့ အီကြာကွေးသည် ကိုဘကျော်ကြီးမှအစ၊ ရေခဲခြစ်သည် ဒေါ်စိန်တို့အထိ သိနေကြသည်မှာ ဆန်းလှသည်တော့ မဟုတ်။

ငမောင်သည် အကြော်သည် ဒေါ်ညက်၏ သားဖြစ်သည်။ သူ့အလုပ်က မနက်စောစော အကြော်တောင်း တဖက်စာကြီးရွက်ပြီး ရပ်ကွက်အတွင်းရှိ
 မုန့်ဟင်းခါးဆိုင်မှန်သမျှသွား၍ အကြော်ပို့ရသော အလုပ်ဖြစ်သည်။ သူတို့အကြော်တဲနှင့် အနီးဆုံးဆို၍ မိဆက်တို့ မုန့်ဟင်းခါးဆိုင်ရှိသည်။ သည်တော့ မနက်လေးနာရီခွဲလောက် မိဆက်ဆိုင်ပြင်နေချိန်မှာပင် ငမောင် ရောက်နှင့်နေတတ်သည်။ စကားတွေ ဖောင်ဖွဲ့သည်။ မိဆက်ကို လှောင်သည်။ ပြီးတော့ ... ရယ်သည်။ ငမောင်ကလည်း ရယ်သည်။ မိဆက်ကလည်း ရယ်သည်။ နှစ်ယောက်စလုံး ပြိုင်တူလည်း ရယ်ကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍လည်း ရယ်ကြသည်။

သည့်ပြင်ဆိုင်တွေ ပို့ပြီးလောက်ပြီဆိုလျှင်၊ ငမောင် မိဆက်တို့ဆိုင် ပြန်ရောက်သည်။ ရေနွေးကြမ်းသောက်သည်။ မုန့်ဟင်းခါး အခမဲ့ စားသည်။ သို့ပေမယ့် မိဆက်ဆိုင်က ရောင်းကောင်းတတ်သည်မို့ တစ်ခါတစ်ရံ ငတ်သည်။ သည်အခါ ငမောင် ရေနွေးကြမ်းသာ သောက်ရသည်။ မောလှပမ်းလှသည်မို့ ရေနွေးကြမ်းပူပူသည် ငမောင့်အဖို့ ကျောက်ကျစမ်းရေနှယ် ...။

ဘယ်သို့ဆိုဆို စလောင်းပူပြီဆိုမှ အိုးလည်းပူရတော့သည်။ ဆန်ကြမ်းကပင် စေးနေပြီ။ အဘယ်ကောက်ညှင်းသည် နှမ်းမနဲမဖြစ် ခံနိုင်မည်နည်း။ သစ်ငုတ်ပင်လျှင် ခလုပ်တိုက်ပါများတော့ နဲ့သေးသည်။ တုတ်နှင့်လွှဲ၍ လွှဲ၍ ရိုက်ပြီဆိုမှ မပြုတ်ခံနိုင်ပါတော့မည်လား။

အစတွင်တော့ မိဆက်ရင်၌ ဘာလိုလိုရယ်မသိ၊ ခံစားရသည်။ ရေခဲခြစ်သည် ဒေါ်စိန်ကနောက်၊ တိုရှည်သည် မတူးမကစ၊ လက်ဖက်ရည်ဆိုင်က ဦးပြားကလှောင်နှင့် ကြာတော့ မိဆက်မခံနိုင်ဖြစ်ရသည်။ မိမိကိုယ်မိမိလည်း ခုမှသိတော့သည်။ အရင်က မတွေးတတ်ခဲ့သည့်အဖြစ်ကို ခုတော့ ရေးရေးမြင်ပြီ။ ညအိပ်ရာဝင်တိုင်း မနက်မြန်မြန်ရောက်ချင်ခဲ့ရသည်ကိုလည်း ခုတော့ သိသလိုလိုရှိပြီ။

"ငမောင်ရယ် ... နင်လာရင် ငါဘာရယ်ကြောင့် ပျော်ရပါလိမ့်ဟယ် ..."

                               * * * * *

သည့်နောက်ပိုင်းတွင် ငမောင်သည် မိဆက် ဆိုင်မခင်းတတ်သေးသည့် အချိန်မှာပင် ရောက်လာတတ်သည်။ အကြော်တောင်းချ၊ အကြော်ရေတွက်၊ ပြီးလျှင် ချက်ချင်းထွက်သွားတတ်သည်။ မိဆက်ကလည်း သည်အခါမျိုးတွင် ခေါင်းသာ တွင်တွင်ငုံ့နေတတ်သည်။ ဘာမှလည်းမပြော၊ ဘာမှလည်းမမေး၊ ယခင်ကနှယ် အကြော်ညှက်သည်၊ ပုသည်၊ အကျိုးတွေများသည်ဟုလည်း အထွန့်မတက်၊ ငမောင်ကလည်း မစ၊ ရယ်လည်း မရယ်တော့။ မိဆက်လည်းမရယ်မိ၊ ငမောင်လည်း မရယ်မိ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍လည်း မရယ်မိတော့။

ငမောင်ထွက်သွားမှ မသိမသာ ငမောင့်ကို မိဆက်က ခိုးကြည့်တတ်သည်။ ငမောင်ကလည်း ခပ်လှမ်းလှမ်းရောက်မှ အကြော်တောင်းနှင့်ကွယ်၍ ခိုးကြည့်သည်။ တစ်ခါတစ်ရံ ခိုးကြည့်ရင်းက ဆုံမိကြလျှင်၊ တဖက်သို့ လှည့်ပစ်လိုက်ကြသည်။ ပြီးတော့ ခိုး၍ပင် ရယ်ကြသည်။

"သိပ်ဆိုးတဲ့ ငမောင်ပဲဟယ် ..."

ထူးခြားသည်တော့ တစ်ခုရှိတယ်။ ယခင် ... ငမောင် အကြော်ပို့ပြီးအပြန် မိဆက်ဆိုင်ရောက်လျှင်၊ မုန့်ကျန်နေသေးလျှင် စားရတတ်သည်။ ယခုမူ မုန့်ကုန်သည်ဖြစ်စေ၊ ကျန်သေးသည်ဖြစ်စေ ငမောင်စားရသည်။ ဖက်နှင့်ထုပ်ထားသော မုန့်ဖတ်တစ်ပန်းကန်စာနှင့် ဂျိုင့်ကလေးဖြင့် နွှေးထားသော ဟင်းရည်တစ်ခွက်စာကို ငမောင်ပြန်ရောက်လာတိုင်း မိဆက်က ထုတ်၍ကျွေးသည်။ ပြီးတော့ တစ်ခါတစ်ရံ ပြုံးကြသည်။

တစ်နေ့ ငမောင် အကြော်လာအပို့ "မန္တလေးပဲကြော် ပါသလား" ဟု မိဆက်က မေးမိသည်။ ငမောင်က မဖြေ၊ ခေါင်းခါပြသည်။ အကြော်ရေတွက်ချပေးခဲ့ပြီး၊ လှည့်ထွက်သွားသည်။ မိဆက် ဒေါသဖြစ်ရသည်။ အံကြိတ်သည်။ ငမောင့်ကျောပြင်မဲမဲကို မျက်စောင်းခဲလိုက်သည်။ နောက်နေ့တွင်မူ မိဆက်ကြေအေးလိုက်ရသည်။ ငမောင်ယူလာသော မန္တလေးပဲကြော် ပူပူနွေးနွေးနှစ်ခုကြောင့် ဖြစ်သည်။ အဲသည်နေ့မှစ၍ ငမောင် အကြော်လာပို့တိုင်း မိဆက်ဖို့ မန္တလေးပဲကြော် ပါလာတတ်တော့သည်။

"နတ်သုဒ္ဓါ ဆယ်ပြန်ကဲစေတော့ လဲရက်နိုင်ဘူး ငမောင် ..."

                              * * * * *

မယုံဘူးတော့လည်း မဟုတ်၊ ယုံရမည်ဆိုတော့လည်း မယုံရက်နိုင်။ စျေးသည်တွေရဲ့ ပါးစပ်ကို အခြားသူတို့ ယုံကြည်ခဲပေမည့် စျေးသည်ချင်းကတော့ ယုံတတ်ကြသည်။ သူတို့ အသိုင်းအဝိုင်းကလည်း မဟုတ်သည်ကို အဟုတ်လုပ်မပြောတတ်ကြ။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ထင်သည်ကို ထင်သည့်အတိုင်း ပြောတတ်ကြသည်။ ပြီးမှ လွဲနေရင်လည်း ခြေထောက်ဖက်၍ တောင်းပန်တတ်သည်။ ဟုတ်နေပြီဆိုရင်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ရသည်။

သည်သတင်းကို ငမောင်ကြားနေခဲ့ရသည်မှာ ကြာပြီ။ ငမောင်ရွာသို့ မပြန်ခင်ကပင် ကြားနေခဲ့ရသည်။ သို့ကြောင့်လည်း ရွာပြန်ခါနီးက ငမောင် အတော်ခြေလှမ်းနေးခဲ့သည်။ မိဆက်ကို စိတ်မချနိုင်။ 
ဖွင့်၍လည်း မပြောရက်။ မပြောရဲ၊ ကက်ကက်လန်အောင် မိဆက်ရန်တွေ့လိုက်လျှင် ငမောင်ပို၍ အခံရခက်မည်။ "အေး ဟုတ်တယ် ဘာဖြစ်လဲ" ဟုများ မိဆက်က ပြောလိုက်မှဖြင့်၊ ငမောင့်အခက်။ အကယ်ဟုတ်သည့်တိုင် သည်လိုပြောသည်ကိုဖြင့် ငမောင် မကြားလို၊ သည်လိုနှင့်ပင် 'အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်' ဖြင့် ငမောင် ရွာပြန်သွားရသည်။

                               * * * * *

ရွာကပြန်ရောက်တော့ ပို၍ဆိုးနေပြီ။ မိဆက်သတင်းကို နားမခံသာ ကြားရသည်။ "ကျွန်တော်နဲ့မိဆက်ကတော့ သေချာနေပြီ အမေရေ့ ..." ဟု ငမောင် ကြွားခဲ့စဉ်က ထ၍ပင် ကတော့မတတ် ဝမ်းသာသွားရသော ရေခဲခြစ်သည် ဒေါ်စိန်ကိုယ်တိုင်ကပင် ပြောလာပြီဆိုတော့ ငမောင်ယုံချင်ချင် ဖြစ်လာသည်။ သို့ပေမယ့် တဖက်ကလည်း ငမောင် လှည့်တွေးမိသည်။ သင်းတို့ရပ်ကွက်ဆိုသည်ကလည်း မုန့်ဟင်းခါးသည် အလွန်ပေါသောရပ်ကွက်၊ သည်တော့မိဆက်ခမြာ စျေးပြိုင်သူတွေနှင့် ဖြစ်သည်။ မိဆက်က ဆေးလိပ်သမလည်း မဟုတ်။ ရွှေပေးမရ အတန်းအစား၊ တက္ကသိုလ်ကျောင်းသူလည်း မဟုတ်။ မုန့်ဟင်းခါးသည်။ သည်တော့ ဆက်ဆံရေးက အလိုလိုနှောနွယ်လာသည်။ လူတကာနှင့် ရယ်လား မောလား စကားပြော လမ်းတွေ့သူတိုင်း နှုတ်ဆက်လုပ်ရသည်။ မိဆက်မှားသလော။ ငမောင်တော့ မထင်ချင်၊ မထင်ရက်။ မထင်ရက်ပေမည့် ထင်ရမလို ဖြစ်နေသည်။ တလောက သည်ကိစ္စနှင့် ပတ်သက်၍ မိဆက်ကို "ဗျိုင်းမ" က "မျက်နှာများတဲ့ကောင်မ" ဟု စသလိုလို အတည်လိုလို ပြောမိသဖြင့် ရန်ဖြစ်ကြသေးသည်တဲ့။ ခုထိ သူတို့ မခေါ်ကြသေးတဲ့။ အနာပေါ် မီးဖွားကျသည်ဆိုသည်မှာ သည်အတိုင်းပင် ဖြစ်မည်ဟု ငမောင် ထင်တော့သည်။

"နင် သိပ်ရက်စက်တယ် ဆက်ဆက် ..."

                                 * * * * *

သည်နေ့ပဲ ပြန်ရောက်သည်။ သည်နေ့ပဲ သတင်းဆိုးက ရင်ဝဆောင့်ကန်ခံရသည်သို့ ရှိနေသည်။ သည်တော့ ညက ငမောင် အိပ်မရခဲ့။ ဘယ်လူးလည်း မိဆက်၊ ညာလှဲ့လည်း မိဆက်ဖြင့် ငမောင် မိုးလင်းခဲ့ရသည်။ နေမကောင်း၍ အကြော်မပို့နိုင်ဟု ငမောင် အမေ့ထံ ခွင့်တောင်း၍ မိဆက်တို့ဆိုင်သို့ ထွက်လာခဲ့သည်။ ညက ငမောင် ဆုံးဖြတ်ပြီးပြီ။ မိဆက်ကို သည်မနက် ထိုင်၍ အကဲခတ်မည်။ ပြီးတော့ မည်သို့ပင်ရှိစေ၊ ရင်ဖွင့်တော့မည်။ ငမောင် မအောင့်အီးနိုင်တော့၊ ကြာခဲ့ပြီ။ မနက်စောစော ထ အကြော်ပို့၊ ပြုံးပြနှုတ်ဆက်၊ ပါလာသည့် မန္တလေးကြော် ပူပူနွေးနွေးထုတ်၍ မိဆက်ကိုကျွေး၊ ပြန်လှည့်ထွက်လာ၊ အကြော်ပို့ပြီးပြန်ဝင်၊ မိဆက်ထည့်ကျွေးသော မုန့်ဟင်းခါး ပူပူနွေးနွေးကိုစား၊ ရေနွေးဆူဆူကြီးသောက်၊ ရင်မှာ အေးမြသွား၊ ပြီးပြုံးပြ၊ မိဆက်ကို ပြုံးပြတော့ ရင်ဖို၊ ဘာမျှမပြောဘဲ ရှက်ကိုးရှက်ကန်းကြီးဖြစ်၊ ဆိုင်ထဲက ပြန်ထွက်၊ ခြေလှမ်းတွေ မှား၊ တစ်နေ့လုံးပျော်၊ သူငယ်ချင်းတွေ လျှောက်ကြွား၊ ညအိပ်တော့ အိပ်မက်တွေမက်၊ ခေါင်းအုံးကို ဖက်၊ မနက်မိုးလင်းတော့ အကြော်တောင်းထမ်း၊ မိဆက်တို့ ဆိုင်လာ၊ မန္တလေးပဲကြော်ထုတ်ကြွေး ပြုံးပြ၊ သည်လိုနှင့်ပင် ကြာခဲ့ပြီ။ ဘာမျှ ထိထိရောက်ရောက် မဖြစ်ခဲ့။ သည့်အတွက်ပင် မိဆက် ဖောက်ပြန်သွားသလောဟု ကိုယ့်ကိုကိုယ် ငမောင်မကျေနပ်၊ အားမရ၊ သည်တော့ သည်မနက် မိဆက် အခြေအနေဘယ်သို့ပင်ရှိစေ၊ ငမောင် ဖွင့်ပြောတော့မည်။ မိဆက် တုံ့ပြန်သည် မတုံ့ပြန်သည်ထက်၊ ငမောင်ရင်ဖွင့်ဖို့သာ ဆန္ဒပြင်းနေသည်။ ဆရာဝန် မရှိ ဆေးမရှိသည်ကို ဘေးချိတ်၊ အနားမှာရှိသည့်လူနာကို ကိုယ့်ရောဂါအကြောင်း ဖွင့်ပြောလိုက်ရလျှင်ပင် နေသာထိုင်သာ ရှိသွားတတ်သည် မဟုတ်ပါလား။

                               * * * * *

မမြင်၍လည်း မဟုတ်နိုင်။ မြင်တော့ ကောင်းကောင်းကြီး မြင်နိုင်သည်။ ငမောင်ရောက်ကတည်းက ဟင်းရည်အိုးနားမှာ ထိုင်နေခဲ့သည်မို့ ဟင်းရည်စပ်တိုင်း ငမောင့်ကိုမြင်သာသည်။ သို့ပေမယ့် မိဆက်က လုံးဝမကြည့်ခဲ့။ သည်တော့ အိမ်ကထွက်လာစဉ်၊ "ကောင်မတော့ ငါ့ကိုစပြီး စကားပြောချင်လာအောင် နေပြလိုက်မယ်" ဟု ခဲလာခဲ့သော ငမောင်တစ်ယောက် မိဆက်ကို အရှုံးပေးနေရသည်။ ဣန္ဒြေကြီးတစ်ခွဲသားနှင့် ဆိုင်ထဲဝင်လာသည့် ငမောင် ခုတော့ မျက်နှာငယ်ကလေးနှင့် ဖြစ်နေပြီ။ မိဆက်က မကြည့်တော့ သူက ကြည့်ရသည်။ မိဆက် ဟိုဖက် လှည့်နေတော့ နောက်ကျောကိုကြည့်သည်။ သည်ဖက် လှည့်လာတော့ မျက်နှာကိုကြည့်သည်။ အကယ်၍များ မိဆက်ပြန်ကြည့်ပါက အဆင်သင့်ဖြစ်နေစေရန် မျက်နှာကို ပြုံး၍ထားသည်။ ဝမ်းနည်းပြုံးဖြစ်သည်။

ငမောင် အလူးအလိမ့်ခံနေရပြီ။ သူ့ကို လှည့်၍ပင် မကြည့်သော မိဆက်တစ်ယောက် ဆိုင်တွင်း ဝင်လာသူတိုင်းကို ရယ်လားမောလားဆိုသည်။ ခနဲ့သည်။ လှောင်သည်။ သူတို့က တုံ့ပြန်တော့ မိဆက်ရယ်သည်။ အားရပါးရရယ်သည်။ မျက်ရည်များပင်ထွက်အောင် ရယ်သည်။ လှောင်သူကို ပြန်၍ လှောင်သည်။ ခနဲ့သူကို ပြန်၍ ခနဲ့သည်။ ယိသူကို ပြန်၍ ယိသည်။ ပြီးတော့ သူသည် ခရာသည်။ မိဆက်ရယ် ဒါတွေနင်ဘယ်တုန်းက တတ်တာပါလိမ့်ဟယ်။

ဖင်မလီယာကားပြာလေးတစ်စင်း ဆိုင်ရှေ့တွင် ထိုးရပ်သည်။ ဒေါ်စိန်တို့ ပြောပြောနေသော အကောင်မှာ သည်အကောင်ပင်ဖြစ်ရမည်ဟု ငမောင်ထင်သည်။ သည်အကောင် ဆိုင်ထဲဝင်လာတော့ မိဆက်ကို ပြုံးပြသည်။ မိဆက်က မျက်စောင်းပြန်ခဲသည်။ "သိပ်နောက်ကျပါလား" ဟူသည့် သဘောမျိုးဖြစ်သည်။ သည်ကောင်က တက်ထရွန်အကွက်နှင့် တက်ထရက်နှင့်၊ လက်တွင် ဆီကိုနာရီနှင့်။ ငမောင် ကိုယ့်ကိုကိုယ်ပင် ရှက်မိသည်။ လုံချည်ကြမ်းကို ခေတ်ဆန်ဆန် ချုပ်ထားသော သူ့ကိုယ်သူ ဟုတ်လှပြီထင်နေသော ငမောင် ကောင်းကောင်းခံရပြီ။ ကျောက်ကျစမ်းနှင့် မြောင်းပုတ်နှယ်သို့ ကွာနေသည်။

"အသည်းနှလုံးနဲ့ တစ်ပန်းကန်" သည်လူက ပါးစပ်အလွန်ရဲသည်။

"အသည်းနှလုံးက ပေးပြီးပြီပဲ" မိဆက်က ပြန်ပြော၍ မုန့်ဟင်းခါးကို လှမ်းပေးတော့ မိဆက်လက်ကိုပါ သိမ်းကြုံး၍ ထိုသူက ကိုင်ပြီးမှ ယူသည်။

"ဘယ်သူ့ကိုလဲဟေ့၊ ငါ့ကိုလား" သွားများပင် ကျိုးနေပြီဖြစ်သော တရုတ်ကြီးတစ်ယောက်က လှမ်းနောက်သည်။

"ရှင်တော့ နံရိုးပဲရမယ်"

ပြီးတော့ သူတို့အသိုက် ရယ်ကြသည်။ မိဆက်ကလည်း ရယ်သည်။ မော်တော်ကားနှင့် အကောင်ကလည်း ရယ်သည်။ ငမောင် ဒေါသထွက်နေပြီ၊ ပွက်ပွက်ဆူနေသော ဟင်းအိုးကြီးကို ကန်၍ သွန်ချလိုက်ချင် စိတ်များပင် ပေါက်လာတော့သည်။ ငမောင် ငိုချင်နေပေပြီ။

ဆိုင်တွင်လည်း လူရှင်းသွားပြီ။ မုန့်ဟင်းခါး ကုန်သွားပြီ။ မိဆက်သည် အိမ်အပြန် သယ်သွားရမည့် ပစ္စည်းများကို တောင်းထဲထည့်ပြီးလေပြီ။ ငမောင့်ကိုမူ လှည့်မကြည့်သေး။

"မိဆက်" ... ငမောင်က ပြတ်တောင်းတောင်း ခေါ်လိုက်သည်။

မိဆက် လှည့်မကြည့်သေး။ လုပ်လက်စအလုပ်ကိုမူ ရပ်လိုက်သည်။ မိဆက် အခြေအနေ ဘယ်သို့ပင်ရှိစေ၊ ဘာကိုမျှ ငမောင် မပြောဘဲ မေတ္တာတောင်းခံရုံသာ ရင်ဖွင့်မည်ဟု ကြံခဲ့သည့် ငမောင် ခုတော့ စိတ်တစ်မျိုး ပြောင်းသွားလေပြီ ထင်၏။

"နင် ငါ့ ... ငါ့ကို ဘာလို့ စကားမပြောတာလဲ"

"နင့် ကို ငါဘယ်တုံး ... ဘယ်တုံးကများ စကားကြာကြာ ပြောဖူးလို့လဲ"

 မိဆက် အသံတွေ တုန်နေသည်။

"ဟိုလူကျတော့ ဘာပြုလို့ အကြောင်းမရှိ အကြောင်းရှာပြီး ဗာရာဏသီ ဖွဲ့နေရသတုန်း" 

ငမောင် ဒေါသကြီးပြီဆိုလျှင် ကြောက်စရာကောင်းတတ်သည်။

မိဆက် ဘာမှ ပြန်မပြောတော့၊ ငမောင့်ဘက်လည်း လှည့်မလာ၊ ခေါင်းသာ တွင်တွင်ငုံ့နေတော့သည်။ ငမောင် ပို၍ ဒေါသ ဖြစ်ရလေပြီ။

"နင် အလကားကောင်မပဲ၊ မျက်နှာသိပ်များတယ် ငါကတော့ ရိုးလှပြီထင်ခဲ့တာ နင်က ယောက်မမြင်းစီးထွက်ပြတယ်။ နင့်မှာ အရှက်မရှိဘူးလား၊ နင့်ကို အရင်ကတော့ ... အေးလေ၊ တော်ပြီ ဖွင့်မပြောတာပဲ ကောင်းတယ်။ နင့်ဆိုင်လည်း ငါနောက်မလာတော့ဘူး ငါတို့အကြော်လည်း နင်မယူချင်တော့ဘူး မဟုတ်လား၊ နင်မယူတော့ဘူးဆိုရင် ငါမနက်ဖြန်ကစပြီး ပိုမကြော်တော့ဘူး။"

မိဆက် တုတ်တုတ်မျှပင်မလှုပ်၊ ခေါင်းကိုသာ တွင်တွင်ကြီး ငုံ့ထားသည်။ ငမောင်စိတ်သည် တစ်မျိုးဖြစ်ရပြန်ပြီ။ အလွန်ဒေါသကြီးနေသော ငမောင်သည် မထုံတက်တေးဖြစ်နေသော မိဆက်ကို အားမလိုအားမရ ဖြစ်လာသည်။ သည်တော့ ငမောင် မိမိကိုယ်မိမိပင် ဘာလုပ်မိမှန်းမသိတော့။ မိဆက်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍၊ သူနှင့် မျက်နှာချင်းဆိုင်သို့ ဆွဲလှည့်လိုက်သည်။

"ဟင်"

 ငမောင် ဤမျှသာ စကားဆိုနိုင်တော့သည်။ အံ့ဩခြင်း၊ ဝမ်းနည်းခြင်း၊ တုန်လှုပ်သွားခြင်းတို့ကို ငမောင် တစ်ပြိုင်တည်း ခံစားလိုက်ရသည်။

မျက်ဝန်းနှစ်ခုလုံး မျက်ရည်များဖြင့် ပြည့်သိပ်နေသော မိဆက်၏လက်ထဲတွင်မူ၊ ဖက်နှင့် ထုပ်ထားသော မုန့်ဖတ်တစ်ပန်းကန်စာ၊ ဂျိုင့်နှင့်နွှေးထားသော ဟင်းရည်တစ်ခွက် စာ ...။

"ရော့ ငမောင် ... နင့်ဖို့၊ နင်ဒီနေ့ ပြန်ရောက်မယ်ကြားလို့ ချန်ထားတာ ...နင်သွားပြီးစ တစ်ရက်နှစ်ရက်လည်း ငါဒီလိုပဲ မေ့မေ့ပြီး ချန်ထားနေမိသေးတယ်။ သိလား" 

မိဆက်က ရှိုက်၍ ရှိုက်၍ ဆိုသည်။

ငမောင် ရင်မောရပြီ။ ခုမှလည်း သတိရသည်။ မိဆက်ဖို့ မန္တလေးပဲကြော် ယူမလာမိခဲ့ ...။

"ငါ ... ငါနင့်ဖို့ပဲကြော်ပို ... မေ့လာခဲ့ပြီ ဆက်ဆက် . . ." 

သည်တော့မှ ဆက်ဆက် ပြုံးဖော်ရသည်။ နှုတ်ခမ်းစူပြလိုက်သည်။ ငမောင်သည် မိဆက်ပခုံးကို ခုထိ မလွှတ်သေး။ မိဆက်ကို စိုက်၍ကြည့်နေသည်။ မိဆက်ကလည်း မျက်ရည်အပြည့်ဖြင့် ပြန်၍ ကြည့်နေသည်။ မိဆက်သည် ပါးစပ်ကိုမဖွင့်ဘဲလျှက် ရှိုက်သံရော၍ ရယ်လိုက်သည်။ ငမောင်ကလည်း အားရပါးရ ရယ်လိုက်သည်။ နှစ်ယောက်စလုံး မရပ်တန်း ရယ်နေကြသည်။

သည်အချိန် ဆက်ဆက်၏ မျက်နှာပေါ်တွင် မိတ်ကပ်ကိုလည်း မတွေ့ရ၊ နှုတ်ခမ်းနီကိုလည်း မတွေ့ရ၊ ပါးနီလည်း မရှိ၊ မျက်ခုံးမွှေးလည်း ဆွဲမထား ...။

မိဆက်ပါးပြင်မှာ သနပ်ခါးရေကျဲကလေးသာလျှင် မျက်ရည်ဖြင့်ရော၍ ညစ်ထေးထေး ဖြစ်နေသည်ကို မြင်ရလေသည်။

-------------
သုမောင်

ဝတ်မုံ မဂ္ဂဇင်း ၁၉၇၁ မတ်လ
(စတိုင်သစ် မဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၄)

THURSDAY, 5 AUGUST 2010

 [အင်း .. ဪ.. ဟုတ်လား ..ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]

ပြန်လည်မျှဝေပါသည်။

#ZawOo

Photo...crd

ပိတ်ကားပေါ်တွင်_ဆက်လက်ရှု့စားပါ #မင်းလူ

#ပိတ်ကားပေါ်တွင်_ဆက်လက်ရှု့စားပါ

#မင်းလူ

                                   ( ၁ )

 ခါတိုင်းနေ့များလိုပင် မနက်ခုနစ်နာရီ အိပ်ရာမှ နိုးသည်။မျက်နှာသစ်ပြီး ကော်ဖီပူပူကို တစ်ဝက်လောက်သောက်သည်။ပြီးတော့ လေ့ကျင့်ခန်းလုပ်သည်။အထူးသဖြင့် ခါးလေ့ကျင့်ခန်း၊
ခါးမထွက်အောင်၊ ဗိုက်ခေါက်မထွက်အောင်။
လေ့ကျင့်ခန်းပြီးတော့ ရေချိုးသည်။ အနည်းငယ် အလှပြင်သည်။ အဝတ်အစားလဲသည်။ ပြီးတော့ ဒေါ်လေးပြင်ဆင်ထားသော မုန့်ဟင်းခါးစားသည်။ ကော်ဖီတစ်ခွက် ထပ်သောက်သည်။ရှစ်နာရီခွဲတွင် အဆင်သင့်ဖြစ်နေ၏။ကိုးနာရီ ကားလာကြိုမည်။

 အိမ်ရှေ့ခန်းမှာထိုင်စောင့်သည်။ရုပ်ရှင်မဂ္ဂဇင်းကို ယူ၍ သူ့အကြောင်း ရေးထားသော ဆောင်းပါး
တတိယအကြိမ်ဖတ် သည်။ပြီးခဲ့သော ဇာတ်ကားနှစ်ကားတွင် ဒုတိယမင်းသမီးအဖြစ် သူ သရုပ်ဆောင်ကောင်းခဲ့ပုံအကြောင်း၊ ယခု ရိုက်ကူးဆဲ “ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားပါ” ဇာတ်ကားတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်မည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဖြစ်၍ အောင်မြင်မည်မှာ သေချာကြောင်း ပါဝင်၏။ 

သူ ကျေနပ်နှစ်သိမ့်နေဆဲ ....

တယ်လီဖုန်းခေါင်းလောင်းသံ မြည်လာသောကြောင့် သူ ဆတ်ခနဲ လန့်သွားသည်။ ခေါင်းလောင်းသံ'နောက်တစ်ကြိမ် ထပ်မြည်လာသည်။ တယ်လီဖုန်းရှိရာသို့ ခပ်ဖြည်းဖြည်းလျှောက်သွားသည်။ ဒေါ်လေးပြေးထွက်လာပြီး သူ့ကိုမြင်မှ နောက်ဖေးသို့ ပြန်ဝင်သွားသည်။

“ဟဲလို..”

“အတင့်လား . ."

“ဟုတ်ကဲ့”

“အစ်ကိုကြီးပါ”

“ဟုတ်ကဲ့”

"အစ်ကိုကြီး ဒီနေ့ရှူတင်ကို မလာနိုင်ဘူး၊ လေလံကိစ္စတွေ ရှိနေလို့၊ အဲ...”

သူ ဘာမျှပြန်မပြောဘဲ နားထောင်နေလိုက်၏။
တစ်ဖက်မှ ဆက်ပြောသည်။

“အဲဒါ ခြံထဲကို လာခဲ့မလား”

“ရှူတင်က စောစောပြီးပါ့မလား”

“ပြီးပါတယ်... မင်းသားက ခြောက်နာရီအထိပဲ ရမယ်လို့ ပြောထားတယ်”

သူ ပြန်မဖြေ။

“ဟင်.. ဘယ်လိုလဲကွယ်"

“ဟုတ်ကဲ့.. အဆင်ပြေရင် လာခဲ့ပါ့မယ်”

“အိုကေနော်၊ (အသံကိုနှိမ့်၍) စောစောကတည်းက ဖုန်းဆက်မလို့ဟာ အိမ်ကဟာကြီး ရှိနေလို့၊ ခု သူသွားလို့ ဆက်တာ၊ဒီနေ့ ဝိုင်းရှိတယ်ထင်တယ်၊ သူ ဖဲရိုက်တတ်တာပဲ ကောင်းကောင်းရယ်.. ဟေ.. ဟေ့”

သူလည်း နည်းနည်းရယ်သည်။

“ညနေစောင့်နေမယ်နော် ဪ... ဒါနဲ့ ညနေကျရင်
အတင့်ကို ပြစရာတစ်ခုရှိတယ်” 

“ဘာလဲ”ဟု လွှတ်ခနဲမေးမိ၏။

“အိုဟို. . ခုပြောလို့ ဘယ်ဖြစ်မလဲ၊ ညနေကျမှ အံ့ဩသွားအောင်ပြမယ်၊ အတင့်ကလဲ. . အေး. . အေး. . ချလိုက်”

“ရှင်.." 

“ဪ..မဟုတ်ပါဘူး၊ ဒီမှာ ပစ္စည်းတွေလာချလို့၊ ဒါပဲနော်.. ဘိုင်. .ပြွတ်.."

ပြွတ်ဆိုသောအသံမှာ တယ်လီဖုန်းထဲမှနေ၍ အနမ်းသံ လုပ်ပြခြင်းဖြစ်သည်။

သူ နားလည်လိုက်၏။ ညနေကျလျှင် ဆွဲကြိုး၊ နားကပ်၊ .လက်စွပ် တစ်ခုခုကို သူ ရလိမ့်မည်။

“အကျိုးပြု ရုပ်ရှင်ဖြန့်ချိရေးပိုင်ရှင်” ဦးကျင်တီဖြစ်ပါသည်။ အသက်ငါးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း သန်မာဖျတ်လတ်တုန်း။ စီးပွားရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်သည်။
မော်တော်တွေ ရှိသည်။ အဝေးပြေးကုန်တင်ကား ထောင်ထားသည်။ လေလံဆွဲသည်။ရိုက်ပြီးသား ရုပ်ရှင်ဇာတ်ကားတွေကို ဝယ်ယူဖြန့်ချိသကဲ့သို့
ကိုယ်တိုင်ငွေရင်းစိုက် ထုတ်လုပ်ဖြန့်ချိခြင်းကိုလည်း ပြုလုပ်သည်။

“ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားပါ"... ဇာတ်ကား
အတွက် ငွေရင်းစိုက်ထုတ်သူမှာလည်း ဦးကျင်တီပင်။ထိုဇာတ်ကားတွင် သူ့ကို ခေါင်းဆောင်မင်းသမီးအဖြစ် တင်ရိုက်ရန် ဆုံးဖြတ်ခဲ့သူမှာလည်း ဦးကျင်တီပင်။ ထိုမျှမကသေး၊ ခု သူနေနေရသော အိမ်ကလေးသည်ပင် ဦးကျင်တီက ငှားပေးထားခြင်း ဖြစ်၏။ဒီလောက်ဆိုလျှင် သူတို့နှစ်ယောက်၏အခြေအနေကို နားလည်လောက်ပြီ ထင်ပါသည်။တစ်ခုတော့ ကျန်သေးသည်။
ခုန တယ်လီဖုန်းပြောစဉ်က ခြံကို လာခဲ့မလားဆိုသော ဦးကျင်တီ၏စကား။

ခြံဆိုသည်မှာ ကမာရွတ်ဘက်ရှိ ခြံဝင်းတစ်ခု။
ယင်းအတွင်းမှ အိမ်ကလေးတစ်လုံး။
ခြံစောင့်တစ်ယောက်မှလွဲ၍ ဘယ်သူမျှမရှိ။
မှန်၏။ သူတို့နှစ်ယောက် ချိန်းတွေ့နေကျနေရာ။

                                  ( ၂ )

အိမ်ရှေ့မှ ကားဟွန်းသံ ကြားရသည်။

“မမ ကားရောက်ပြီ”ဟု လာမပြောဘဲ ဟွန်းတီး၍ခေါ်သောကြောင့် ဒရိုင်ဘာကောင်ကလေး မဟုတ်ကြောင်း သိသည်။ဦးကျင်တီ၏သား အကြီးကောင်ဖြစ်ရမည်။

“ဒေါ်လေး ကားရောက်ပြီ”ဟု လှမ်းပြောလိုက်၏။
ဒေါ်လေးက ဆံပင်ကိုပတ်ရင်း သုတ်သီးသုတ်ပျာထွက်လာသည်။ သူ ကိုင်ထားသော အဝတ်အစားသေတ္တာကို ဒေါ်လေးက လာဆွဲသည်။

“နေပါစေ ဒေါ်လေး၊ ကျွန်မဖာသာ ကိုင်မယ်”

သူ ထင်ထားသည့်အတိုင်းပင် ဦးကျင်တီ၏သား လာကြိုခြင်း ဖြစ်သည်။ ကားရှေ့ခန်းတံခါးကို အဆင်သင့်ဖွင့်ထားသောကြောင့် ရှေ့မှာပင် ထိုင်စေလိုကြောင်း သိသာသည်။

သူ ရှေ့မှာ ဝင်ထိုင်လိုက်၏။ ဒေါ်လေးက အနောက်ခန်းမှာ အလိုက်သိစွာ ဝင်ထိုင်လိုက်သည်။ 
ဒေါ်လေးဆိုသည်ကား ရုပ်သေးအုပ်ထိန်းသူမျှသာ။

“သေတ္တာကို နောက်ခန်းထဲ ထားလိုက်ပါလား”

ပြောပြောဆိုဆို သေတ္တာလက်ကိုင်ကို ကိုင်ထားသော သူ့လက်ပေါ်သို့ အုပ်ဖွဲ့၍ကိုင်သည်။ သူ မသိချင်ယောင်ဆောင်၍ လက်ကို ရုပ်လိုက်၏။ ဒီလောက်တော့ ကိစ္စမရှိ ။ရိုက်ကွင်းပေါ်ရောက်လျှင် မင်းသား၏ပွေ့ဖက်ခြင်းကိုပင် ခံရဦးမည်။
အလုပ်သဘောပဲထားပါတော့။ 

မြမြတင့် (ခေါ်) ရုပ်ရှင်မင်းသမီးဒေဝီ။

                                  ( ၃ )

စတူဒီယိုသို့ ရောက်သွားသောအချိန်တွင် တစ်ယောက်သောသူမှလွဲ၍ လူစုံနေပြီး၊ သူနှင့်တွဲဖက်သရုပ်ဆောင်ရမည့် မင်းသမီးကြီးပင် ရောက်နေပြီ။ ဒါရိုက်တာ ကိုကျော်စိန်ကား စက်အဖွဲ့သားများနှင့် ရေနွေးကြမ်းသောက်ရင်း စကားပြောနေကြ
သည်။ .

မင်းသမီးကြီးကို ပြုံးပြနှုတ်ဆက်ပြီးနောက် ကိုကျော်စိန်ဆီသို့ လျှောက်သွားသည်။

“ကျွန်မ ရောက်ပြီဆရာ” .

“ဪ.. ဟုတ်ကဲ့၊ မင်းသား သွားခေါ်နေပြီ
သူရောက်ရင် စကြတာပေါ့"

“ကျွန်မ မိတ်ကပ်လိမ်းတော့မယ် ဆရာ”

ကိုကျော်စိန်က ခေါင်းညိတ်ပြသည်။
စောစောက မင်းသမီးကြီးနားသို့ သွားထိုင်သည်။

“မမမိ ရောက်နေတာ ကြာပြီလား”

“မကြာသေးပါဘူးကွယ်၊ ရှေ့ဆင့်နောက်ဆင့်ပါပဲ”

သို့ရာတွင် မင်းသမီးကြီးမမမိသည် မိတ်ကပ်လိမ်းပြီးနေပြီ။ အိမ်ကတည်းက လိမ်းထားတာဖြစ်မည်။ 
မမမိသည် တစ်ချိန်က နာမည်ကျော်မင်းသမီးဖြစ်သည်။ခုချိန်မှာတော့ နာမည်ကျစပြုနေပြီ။ အသက်ကလည်း လေးဆယ်နီးနေပြီကိုး။ နောက် ငါးနှစ်ဆိုလျှင် အဒေါ်ခန်း၊ အမေခန်းတို့လောက်သာ သရုပ်ဆောင်နိုင်ပေတော့မည်။ 

အတင့် မိတ်ကပ်လိမ်းသည်။ သူ့ဖာသာ လိမ်းခြင်းမဟုတ်ပါ။ မိတ်ကပ်ဆရာတစ်ယောက်က လိမ်းပေးခြင်းဖြစ်မည်။ မိတ်ကပ်လိမ်းနေတုန်း ဦးကျင်တီ၏ သားအကြီးကောင် ရောက်လာပြန်သည်။ လိမ္မော်ရည်သောက်မလားဟု မေးသည်။မမမိ ရှိနေလျက်နှင့် သူတစ်ယောက်တည်းကို ကွက်၍မေး
သောကြောင့် မမမိကို အားနာသွားသည်။

“မမမိ သောက်မလား”ဟု အတင့်က လှမ်းမေးသည်။
မမမိက ပြုံးပြီးခေါင်းခါပြသည်။သူလည်း ခေါင်းခါလိုက်သည်။

                                   ( ၄ )

နောက်ဆုံး ကျန်ရှိနေသောသူ ရောက်လာသည်။
သူ မရှိလျှင် ဘာမျှလုပ်လို့မရနိုင်လောက်အောင် အရေးပါသောသူ။

အားလုံးက “ကိုထက်”ဟု ခေါ်ကြသော နိုင်ငံကျော်ရုပ်ရှင်မင်းသား သူထက်သူ။ သူသည် အတန်ငယ် ပွေ၏။ သို့ရာတွင် ရိုက်ကွင်းပေါ်၌ စည်းကမ်းရှိသည်။ သူ့တာဝန် သူကျေပွန်သည်။
နောက်မှ ရောက်တတ်ခြင်းနှင့် စောစောပြန်လိုခြင်းတို့ကိုတော့ “နိုင်ငံကျော်မင်းသားမို့ ခွင့်လွှတ်နိုင်စရာ ရှိပါသည်။ 

သူသည်လည်း ကိုကျော်စိန်ကို အရင်ဦးစွာ သွားရောက် နှုတ်ဆက်သည်။ နာမည်ကျော်ရုပ်ရှင်မင်းသား မင်းသမီးတို့သည် မာနကြီးသည်။ ဒါရိုက်တာကို ဂရုဓမ္မမပြုဟု ထင်နေကြသည်မှာ
တချို့တစ်ဝက်တော့ မှန်ပါသည်။ 

နာမည် မရသေးသော၊ နာမည်ရသော်လည်းအရည်အချင်း သိပ်မရှိသော၊ အရည်အချင်းရှိသော်လည်း သဘောကောင်းလွန်း အားကြီးသော ဒါရိုက်တာများအပေါ်၌ အထက်ပါသဘောမျိုး
ဆက်ဆံလေ့ရှိကြသည်။

 ကိုကျော်စိန်တို့လို အရည်အချင်းလည်းရှိပြီး ထက်လည်းထက်သော ဒါရိုက်တာများကိုမူ သူတို့ တလေးတစား ဆက်ဆံ တတ်ကြသည်။

ကိုထက်သည် မမမိနှင့် အတင့်ကိုပါ နှုတ်ဆက်ပြီးနောက် မိတ်ကပ်လိမ်းသည်။ သူ မိတ်ကပ်လိမ်းတာ သိပ်မကြာလှပါ။ လိမ်းသည်ဆိုရုံမျှသာဖြစ်သည်။
သူ့မျက်နှာပေါ်မှာ လွန်ကဲနေသော နေရာများ၊ ဥပမာ ..(နှာခေါင်း)ကို မိတ်ကပ်ဖြင့် ဖြေပေးခြင်းလောက်သာဖြစ်၏။

ထိုအချိန်တွင် ကိုကျော်စိန်နှင့်စက်အဖွဲ့သားများ အလုပ်များနေကြလေပြီ။ ကင်မရာရှုထောင့် ရွေးချယ်ခြင်း၊ မီးချိန်ခြင်း၊ ယခု အခန်းတွင်ပါဝင်မည့် ပရိဘောဂပစ္စည်းများနေရာချခြင်း၊ အားလုံး
အဆင်သင့်ဖြစ်သောအခါ ဆယ့်တစ်နာရီထိုးပြီ။

                                   ( ၅ )

“ယုယုရယ် ခုလို ခိုးကြောင်ခိုးဝှက် ချစ်နေရတာ အားမရနိုင်တော့ဘူးကွယ်၊ လွတ်လွတ်လပ်လပ် နေချင်လှပြီ”

“ယုယုကလဲ ဒီလိုပဲပေါ့မောင်ရယ်၊ ဒါပေမယ့် အငယ်
အနှောင်း ဘဝနဲ့တော့ မဖြစ်နိုင်ဘူးထင်တယ်”

“အို.. ယုယုကလဲ ဘယ်သူက အငယ်အနှောင်းလိုထားမယ်ပြောလို့လဲ”

“မောင်နဲ့ မခင်မိနဲ့က ပြတ်မှ မပြတ်သေးဘဲ”

“မောင်လဲ အချိန်အခါကို စောင့်နေတာပါ၊ အဆင်သင့်တာနဲ့ ကိစ္စပြတ်အောင်လုပ်မှာပါ”

“ကတ်”

ကိုထက်နှင့် အတင့်တို့၏ အခန်းများကို အရင်ရိုက်သည်။မောင် (ကိုထက်)နှင့် ယုယု (အတင့်)တို့ အိမ်ရှေ့ခန်းတွင် စကားပြောနေကြပုံကို သုံးလေးကတ်လောက် ရိုက်သည်။ .နေ့လယ် တစ်နာရီလောက်မှ ထမင်းစားချိန် ခဏနားသည်။အများအတွက်က ဝက်သားဟင်း။မင်းသား၊ မင်းသမီးတွေ
အတွက်ကတော့ ဝက်သားက တစ်ခွက်၊ ကြက်သားက တစ်ခွက်၊ငါးကြော်၊ အစိမ်းကြော်၊ ဟင်းချို၊ မရန်းသီးသုပ် .. စသည်။ထမင်းစားပြီးလျှင် စားဖို့.. လက်ဖက်သုပ်လည်း ပါသည်။

ဒါရိုက်တာကိုကျော်စိန်တစ်ယောက်ကတော့ သူတို့နှင့် အတူတူမစား။စက်အဖွဲ့သားများနှင့်ပင် ဝိုင်းဖွဲ့၍ စားသည်။မည်သို့ပင်ဖြစ်စေ အလုပ်သမားများအဖို့ ဒီနေ့ ဖောဖောသီသီ စားရသည်ဟု ဆိုရပါမည်။ အကြောင်းမှာ ဒီနေ့ ဦးကျင်တီ မလာသောကြောင့် ဖြစ်လေသည်။ ပြီးတော့လည်း သူ မရှိသော
ကြောင့် ထမင်းစားပြီးချိန်တွင် ခဏတဖြုတ်နားနေခွင့်ရသည်။

ရိုက်ကွင်းပေါ်မှာ သူရှိနေသောအချိန်ဆိုလျှင် အစဉ်အမြဲလောဆော်နေတတ်၏။သူ့အဖို့ သရုပ်ဆောင်ကောင်းခြင်း၊ မကောင်းခြင်းထက် ဖလင်ပေများများ ကျဖို့သာ ပဓာနဖြစ်သည်။ ကိုကျော်စိန်နှင့် မကြာခဏ စကားများတတ်၏။ဒီနေ့ သူ့သားအကြီးကောင်နှင့် လွှဲထားသောကြောင့်သာ အတန်ငယ် သက်သာနေခြင်းပင်။ ဒီအကြီးကောင်ကတော့ ငပေါ။အတင့်နားကပ်နေရလျှင်၊ ရိသဲ့သဲ့လုပ်နေရလျှင် ကျေနပ်နေတတ်၏။ ကိုကျော်စိန်ကလည်း နောက်ရိုက်မည့် အခန်းများသည် အရေးကြီးသောကြောင့် နားနားနေနေ နေပြီးမှ ဆက်ရိုက်ချင်
သည်။ 

ကိုထက်သည်လည်းကောင်း၊ အတင့်သည်လည်းကောင်း၊မမမိသည်လည်းကောင်း ထမင်းကိုများများမစားကြ။ကိုယ်ကာယ ပုံပျက်မည်စိုးသောကြောင့်လည်း ဖြစ်သည်။ ပြည့်အင့်နေလျှင်
သရုပ်ဆောင်ရာတွင် အခက်အခဲတွေ့မည် စိုးသောကြောင့်လည်း ဖြစ်သည်။

                                   ( ၆ )

နှစ်နာရီလောက်တွင် ပြန်စသည်။
မောင်က ယုယု၏ခါးကိုဖက်၍ အတွင်းခန်းထဲသို့ ခေါ်သွားသည်။ ယုယုက ငြင်းဆန်ရင်းကပင် လိုက်ပါသွားသည်။အတွင်းခန်း နှစ်ယောက်အိပ်ခုတင်ပေါ်မှာ ထိုင်နေသည်။ မောင်က ယုယု၏ လက်မောင်းနှစ်ဖက်ကို ကိုင်ထားသည်။
ယုယု မျက်လွှာချထား၏။

 ယုယု၏ကျောဘက်မှ အမြင်။
မောင်က ယုယုကို သိုင်းဖက်ထားသည်။
 မောင့်ကျောဘက်မှ အမြင်။
 ယုယုသည်လည်း မောင့်ကို ပြန်ဖက်ထားသည်။
 ဖက်ထားရာမှ ရုတ်တရက်ခွာလိုက်၊ အပေါက်ဝဘက်သို့ (ကင်မရာဘက်သို့) အထိတ်တလန့် လှည့်ကြည့်။

ထိုအခန်းများအပြီးတွင်.. သူတို့နှစ်ယောက် ခဏနားကြသည်။ မမမိအလှည့် ရောက်လာ၏။ အခန်းပေါက်ဝတွင် မမမိ ခါးထောက်၍ရပ်ရင်း ဒေါသမျက်နှာနှင့်ကြည့်နေသည်။ 

နောက်တစ်ကတ်။

မမမိ သရော်ပြုံး ပြုံးလိုက်ပြီး “ဪ.. ဒီလိုတောင် ဖြစ်နေကြမှကိုး”ဟု ပြောသည်။

မမမိ ကင်မရာဘက်သို့ လျှောက်လာသည်။ 

 မောင် (ကိုထက်)က “မောင် ရှင်းပြပါရစေဦး” ဆိုပြီး မမမိ၏လက်ကို ကိုင်သည်။ ။
မမမိက ကိုထက်၏လက်ကို ခါထုတ်လိုက်၏။
 ယုယု (အတင့်) နားသို့ မမမိ တိုးကပ်သွားသည်။ အတင့် နောက်သို့ ဆုတ်လိုက်၏။ နံရံထောင့်သို့ ကပ်သွားသည်။

မမမိ မျက်နှာ အနီးကပ်။ ဝင်းဝင်းတောက်နေသော မျက်လုံးများ၊ နှုတ်ခမ်းကို ကိုက်လိုက်သည်။
မမမိနှင့် ယုယု နှစ်ယောက်တွဲ။ ။မမမိ၏လက်သည် အပေါ်သို့ မြောက်တက်သွားသည်။

“ကတ်”

                                   ( ၇ )

အရေးအကြီးဆုံး ကတ်(အခန်း)။

ယုယုနှင့် မမမိ ကိုယ်တစ်ပိုင်း။ မမမိက ဘေးတိုက်ခပ်စောင်းစောင်း။ ယုယုမျက်နှာ အတည့်။
မမမိသည် ယုယု၏ပါးကို ချိန်ဆ၍ ရိုက်လိုက်သည်။ဒီလိုနေရာမျိုးတွင် မမမိက ဝါရင့်ပြီးသား။ ကင်မရာထဲက မြင်ကွင်းတွင် တကယ်ရိုက်လိုက်သည်ဟုထင်အောင် အတင့်၏ပါးကိုလည်း အဖျားခတ်၍ ထိသည်ဆိုရုံမျှဖြစ်အောင် ချိန်ဆ၍
ရိုက်လိုက်ခြင်း ဖြစ်သည်။

သို့ရာတွင်...

ကိုကျော်စိန်၏အသံ ထွက်လာသည်။
ကင်မရာရော အသံဖမ်းစက်ပါ ရပ်သွားသည်။ 
-ယမီးတွေ ပိတ်လိုက်ကြသည်။ 
အတင့်နှင့် မမမိတို့သည် သူတို့ ဘာမှားသွားမှန်း မသိကြ။
သူတို့နားရောက်လာသော ကိုကျော်စိန်ကို ပြိုင်တူကြည့်သည်။
မမမိက မေး၏။

“ကိုကျော်စိန် ဘာမကြိုက်လို့လဲ”

“ကောင်းပါတယ်၊ မမမိရိုက်တာ ကောင်းပါတယ် ဒါပေမယ့် အတင့်က အခံမကောင်းဘူး၊ ပြန်ရိုက်ရမယ်”

ကိုကျော်စိန်က “အတင့်.. ခဏလေး နားလိုက်ဦး၊ စိတ်ကို ဇာတ်လမ်းထဲမှာ မြှုပ်ထားလိုက်”ဟုပြောပြီး မမမိကို ခပ်လှမ်းလှမ်း သို့ခေါ်သွားသည်။
ကိုကျော်စိန်က တစ်စုံတစ်ရာကို ခပ်တိုးတိုးပြောသည်။

မမမိက “ဖြစ်ပါ့မလား”ဟု ပြန်မေးသည်။ 

“ဖြစ်ပါတယ်၊ ကျွန်တော် ခိုင်းတာလို့ပြော၊ ပြီးတော့ ဟိုဒိုင်ယာလော့ကို ခပ်ကျယ်ကျယ်လေး ပြောပေးပါ”

“ကဲ.. ပြန်စမယ်ဟေ့”

                                   ( ၈ )

စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်နေသည်။
မီးမောင်းကြီးများသည် သူတို့နှစ်ယောက်အပေါ်သို့ အချိန်အဆမှန်ကန်စွာ ထိုးထားကြသည်။ မမမိသည် အတင့်ကို အနေခက်လောက်အောင် တစ်ချိန်လုံး စိုက်ကြည့်နေ၏။

အတင့်သည် မမမိ၏အကြည့်ကို တဖြည်းဖြည်းကြောက်လာသည်။ သူ့မျက်လုံးထဲ၌ အားငယ်မှု အရိပ်အယောင်များကို မြင်ရသည်နှင့်တစ်ပြိုင်နက် ကိုကျော်စိန်က လက်ပြအချက်ပေးလိုက်သည်။ 

“မောင်းပါ”

အသံဖမ်းဆရာ၏အသံကို ကြားရသည်။
ကင်မရာမင်းသည် ခလုတ်ကို နှိပ်လိုက်၏။

“ဆင်း... တွမ်တီဝမ်း၊ ကတ် နိုင်တင်း”

မမမိ၏မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်သွားသည်။မမမိ၏ နှုတ်မှ စကားတစ်ခွန်းသည် ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသည်။

“လင်ခိုးမ”

အတင့် ဆတ်ခနဲတုန်သွား၏။
ထိုအချိန်မှာပင် မမမိ၏ လက်ဝါးသည် အတင့်ပါးပေါ်သို့ဖြန်းခနဲ အရှိန်ပြင်းစွာ ကျရောက်လာသည်။

အတင့်၏မျက်နှာသည် ချာခနဲလည်ထွက်သွား၏။
ဆံပင်များသည် ပါးတစ်ခြမ်းပေါ်သို့ ဖရိုဖရဲဝံကျလာသည်။

အတင့်သည် ဒီဘက်သို့ တဖြည်းဖြည်းပြန်လှည့်လာသည်။သူ့ပါးပြင်ပေါ်တွင် လက်ဝါးရာ ရဲရဲထင်နေသည်။မျက်နှာ တဖြည်းဖြည်း မော်လာသည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာ၏ အလိုအလျောက်ကျလာသော မျက်ရည်။ သူ့အကြည့်သည် ထိတ်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ နာ
ကျင်ခြင်း၊ အသနားခံခြင်းတို့ ရောထွေးလျက်။ ။
သူ့နှုတ်ခမ်းတို့သည် တရွရွလှုပ်နေသော်လည်း စကားသံ ထွက်ပေါ်၍မလာခဲ့။ သူ့ရင်ထဲ၌ တကယ်ပင် နာနာကျင်ကျင် ခံစားနေရသည်။

“လင်ခိုးမ”ဆိုသော စကားသံသည် သူ့ဦးနှောက်ထဲတွင် ပြည့်သိပ်ဆူဝေ၍နေဆဲ။ ရုပ်ရှင်ရိုက်နေရသည်ဟူသော အသိကို သူမေ့သွားလေပြီ။

“ကတ်"

ကင်မရာ၊ အသံဖမ်းစက်ခလုတ်များ ပိတ်လိုက်သည်။ မီးတွေ ပိတ်လိုက်သည်။ စတူဒီယိုထဲ၌ ပြန်၍ဆူညံလာပြန်သည်။

ခုရိုက်ခဲ့သော အခန်းနှင့်ပတ်သက်၍ ဝေဖန်မှုများ။
အတင့်သည် သူ့နေရာတွင် ရပ်မြဲရပ်နေသည်။
မမမိကို သူ ကြည့်နေတုန်း။
မျက်ရည်တို့သည် မတိတ်သေး။
ရင်ထဲက ဆို့ဆို့နှင့်နှင့် ခံစားနေရဆဲပင်။
အိပ်မက်ဆိုးမှ ရုတ်တရက် လန့်နိုးလာသလို ထင်နေသည်။
မမမိသည် သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ သူ ဟန်မဆောင်နိုင်တော့ဘဲ မမမိကို ဖက်၍ငိုမိသည်။

မမမိသည် သူ့ ကို ပွတ်သပ်ရင်း...

. “မမမိကို ခွင့်လွှတ်ပါကွယ်၊ မမမိလေ...".

“ဟုတ်ပါတယ်၊ ကျွန်တော် ရိုက်ခိုင်းတာပါ။ ပိုပြီး သဘာဝကျအောင် မမမိကို တကယ်ရိုက်ခိုင်းတာပါ”

ကိုကျော်စိန်ကပါ ဝင်ပြောသည်။ 

အတင့်သည် စကားတစ်ခွန်းမျှပင် ပြန်မပြောနိုင်။
တလှိုက်လှိုက် ဝမ်းနည်းနေတုန်း။
တရှိုက်ရှိုက် ငိုနေတုန်း။ ။
မမမိသည် အတင့်၏မေးစေ့ကလေးကိုဆွဲ၍ မျက်နှာကို မော့စေသည်။ ပြီးတော့ ပြောသည်။

“အတင့်လေ.. အဲဒါ အကယ်ဒမီရှော့ပဲ သိလား”

ထိုအခါကျမှပင် ပို၍ ငိုချင်လာသည်။

                                   ( ၉ )

အတင့်သည် ကားပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာ လိုက်ပါလာသည်။ဒေါ်လေးသည် ဘာစကားမျှမပြောဘဲ ကားအပြင်သို့ ကြည့်နေသည်။
အတင့်၏စိတ်ထဲတွင် နောက်ဆုံးရိုက်ခဲ့သော အခန်းကို စွဲလမ်းနေဆဲ။ .

ကားမောင်းသော ကောင်လေးက “မမ အိမ်ပြန်မှာလား”ဟုမေးသည်။
သူ ခဏမျှတွေ၍ စဉ်းစားသည်။
ခေါင်းကို ဖြည်းညင်းစွာခါသည်။
သက်ပြင်းတစ်ချက်ကို စိတ်မသက်သာစွာချသည်။

သူ ပြန်ပြော၏။ 

“ခြံကို မောင်းကွယ်”

ပါးပေါ်မှ အရိုက်ခံထားရသော နေရာကို ကိုင်ကြည့်မိသည်။ ခုထိ စပ်ဖျဉ်းဖျဉ်းဖြစ်နေတုန်းပင်။

“အဲဒါ အကယ်ဒမီရှော့”..ဟု ပြောလိုက်သော မမမိ၏ စကားကို သတိရသောအခါ ကျိတ်၍ပြုံးမိပြန်၏။

----------------

မင်းလူ

(ရုပ်ရှင်မဂ္ဂဇင်း၊ ၁၉၈ဝ ခု၊ မေလ)

#Typing_crd_ZawOo

မြွေနှစ်ကောင်ခေါင်းပေါင်း #လင်္ကာရည်ကျော်

#မြွေနှစ်ကောင်ခေါင်းပေါင်း

#လင်္ကာရည်ကျော်
 
                              ( ၁ )

လွန်ခဲ့သောအနှစ် နှစ်ဆယ်ကျော်။ ကရင်ပြည်နယ် ဒေါနတောင် အရှေ့ခြမ်း စစ်ဆင်ရေးနယ်မြေ။ ည ၁ဝ နာရီ။

ခပ်ဝေးဝေး အမှောင်ထုမှ သေနတ်သံတစ်ချက် သဲ့သဲ့ကြားရသည်။ဆက်သွယ်ရေးစက်ဖွင့်ဖို့ အချက်ပြတာပဲဟု ဗိုလ်ရဲ ချက်ချင်း သဘောပေါက်သည်။

မောင်ရဲကနေ ဒေါက်တာရဲဖြစ်၊ ဒေါက်တာရဲကနေ ဗိုလ်ရဲဖြစ်ခဲ့တာ နှစ်နှစ် ကြာပြီမို့ ဒေါက်တာရဲ ပြန်ဖြစ်ဖို့ပင် တစ်နှစ်ပဲ လိုတော့သည်။

သည်စခန်းကုန်းမှာ ရောက်နေတာလည်း ခြောက်လ ကျော်နေပြီ။ရောက်ခါစကတော့ အင်အား ရှစ်ဆယ်လောက်ရှိသော စစ်ကြောင်းတစ်ကြောင်းနှင့် အတူပါ။ အဲသည် ရဲဘော်တွေကို လူနာလုပ်၍ ငှက်ဖျား
သုတေသနလုပ်ငန်းများ ဆောင်ရွက်နေတာပါ။
လွန်ခဲ့သည့် တစ်လကစပြီး သည်စခန်းကုန်းနှင့် မနီးမဝေးမှာ သမိုင်းဝင် မဲသဝေါတိုက်ပွဲ ဖြစ်ခဲ့သည်။ သည်ဒေသ တစ်ခုလုံး အခြေအနေ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ နံနက် ငါးနာရီဆို လက်နက်ကြီးတွေ
စပစ်ပြီ။ ကတုတ်ကျင်း ထဲမှာ အိမ်သာတက်၍ မရသဖြင့် နံနက်လေးနာရီလောက် အမြဲထ၍ အိမ်သာ လုတက်ရသည်။

တိုက်ပွဲတွေ ပိုပြင်းထန်လာတော့ တပ်ရင်းမှူး အဘ ဗိုလ်မှူးကြီးစိုးအောင် ဦးစီးသည့် စစ်ကြောင်းတစ်ခုလုံး ကုန်းအောက်ကို ဆင်းသွားသည်။

“ဆရာဝန် ဗိုလ်ကြီးရယ်၊ ခင်ဗျားကို ကျွန်တော်က ထားခဲ့ရမှာလည်း စိတ်မချ၊ ခေါ်ခဲ့ရမှာကလည်း စိတ်မချ၊ သတိဝီရိယနဲ့တော့ နေပါ။အထူးသဖြင့် ကျွန်တော် ပြန်မလာမချင်း ရေဆင်းမချိုးပါဘူးလို့
ကတိပေးစမ်းပါ”

သူ ပြောတာလည်း မှန်သည်။
သူ သွားရမည့်နေရာက ရန်သူ့စခန်း စည်းရိုးသို့။ အခွင့်အလမ်းကို စောင့်ကြည့်၍ အခွင့်သာလျှင် တက်ရောက် သိမ်းပိုက်ရန်၊ကိုယ် ကျန်နေခဲ့သည့် နေရာက နောက်မှာ ဘယ်ဘက်ကမှ စိုးမိုးမထားသောနေရာ၊ နေ့တစ်ဝက်ခရီး လမ်းလျှောက်စာလောက် ကျယ်သည်။တာကုန်း သုံးကုန်းစလုံးက ကင်းတွေလည်း မကျန်တော့။ ရေဆင်း
ခပ်ရသည့် တောင်အောက် စမ်းချောင်းကလေး ဘေးမှာ ရဲဘော်သုံးယောက် ချထားသည်။

တောင်ပေါ်မှာက ဆယ်ယောက်ကျော်ကျော်။ လူနာတွေလည်း နည်းနည်း ရှိသည်။ အဘက ကုန်းကို တက်မှာဆိုတော့ စိတ်မပူ။သူ့နေရာကနေ ဗိုလ်ရဲ ရှိရာအထိ တပ်ကို နာရီဝက်အတွင်း ပြန်ဆုတ်လာ
နိုင်သည်ဟု ဆိုသည်။ စိတ် ပူတာက ရေဆိပ်အဆင်းမှာ ချောင်းပစ်မှာကိုပါပဲ။ ဒါကြောင့် ဆရာဝန်ကို ရေဆိပ်ကို ဆင်းပြီး ရေမချိုးစေချင်ခြင်း
ဖြစ်သည်။

အဘကို ပေးလိုက်ရသော ကတိ တကယ်ထိန်းရတော့ သိပ်မလွယ်ပါ။ အဲသည်အတိုင်း ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေသည့် အခြေအနေကို ဆက်သွယ်ရေးစက်ဘေးက ထိုင်နားထောင်ရသည်မှာ တစ်ပတ်
ကနေ နှစ်ပတ် ဖြစ်လာသည်။ ဆောင်းတွင်းပေမယ့် ရေမချိုး အဝတ်မလျှော်ရတော့ စစ်သားက နေတတ်သော်လည်း ဆရာဝန်ကမနေတတ်
မထိုင်တတ် ဖြစ်လာသည်။

အဲသည်လို အချိန်မျိုးမှာ အဘ စိတ်ပူထားသည့် သတင်းကို ည ၁၀ နာရီမှာ ရသည်။ အင်အားက နှစ်ရာ။ ဗိုလ်ရဲတို့ ရေကင်းနားမှာ ကပ်ထားပြီးပြီတဲ့။ အရုဏ်တက်မှာ ၀င်စီးမတဲ့။

သတင်းကို လက်ခံရချိန်မှာ ဗိုလ်ရဲနှင့် ဗိုလ်မျိုးမော်ဦးတို့ ရှိနေသည်။ဗိုလ်မျိုးမော်ဦးက ရန်ကုန်တက္ကသိုလ်ဆင်း ဘွဲ့ရခြေလျင် အရာရှိငယ်
တစ်ဦးပေါ့။ စခန်းကုန်းနှင့် ဆရာဝန် လုံခြုံရေးကို စောင့်ရှောက်ရန် ကျန်နေခဲ့ခြင်း ဖြစ်သည်။

“အစ်ကို စိတ်မပူနဲ့၊ ကျွန်တော် စီစဉ်လိုက်မယ်”

သူတို့အားလုံး ဆရာဝန်ကို အစ်ကို ခေါ်ကြသည်။

“ကိုအောင်နိုင်ကို ခေါ်ဦးလေ"

ဗိုလ်အောင်နိုင်က လက်နက်ကြီး အရာရှိဖြစ်သည်။ အသည်းအသန် ဖျားနေပြီး မျက်စိ နှစ်ဖက်လုံး ရောင်ကိုင်းနေသဖြင့် စခန်းကုန်းပေါ်မှာ
လူနာအဖြစ် ကျန်ခဲ့ခြင်းဖြစ်သည်။နေမကောင်းပေမယ့်သာ မကောင်းသည်၊ နေကောင်းစဉ်က
ဗိုလ်အောင်နိုင်က သည်တပ်၏ လက်ရွေးစင် ကျားတက်သမား ဖြစ်သည်။ သွေးအေးသည်။ သတ္တိကောင်းသည်။ဗိုလ်အောင်နိုင်က လူနာတွေကိုပါ အားလုံး နှိုးလိုက်သည်။

"ဒီအချိန်မှာ သေနတ်မောင်း ဆွဲနိုင်တဲ့လူတွေ အကုန်လိုအပ်တယ်”

တာကင်း အားလုံးအပြင် စစ်ကြောင်းရုံးကုန်းကိုပါ စွန့်လွှတ်လိုက်သည်။ စစ်ကြောင်းမှူး ကတုတ်ကျင်း၊ ဆရာဝန် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေးစက် ရှိရာ ကတုတ်ကျင်းတို့ ခွဲထားသည့် တောင်ကုန်း
ကျဉ်းကျဥ်းလေး ပတ်လည်မှ ဆက်သွယ်ရေးလမ်းကြောင်းခေါ် သေနတ်ပစ်ကျင်း အရှည်ထဲတွင် ရှိသမျှ လူအင်အား အားလုံးကို နေရာချသည်။

တောင်စောင်းမှာ ထားသော လက်နက်ဂိုထောင်ထဲတွင် ရှိသမျှကျည်ဆန်၊ ခဲယမ်း မီးကျောက်များကို တောင်ထိပ်သို့ ရွှေ့ သည်။ကတုတ်ကျင်းထဲတွင် ထိုင်နေသော ရဲဘော်အားလုံး၏ ဘေးတွင်
ကျည်ဆန်အပိုများ အလျှံအပယ် ချထားပေးသည်။

“အားလုံး ခေါင်းမော့ပြီး ကြည့်နေ၊ ငါက ပစ်လို့ မပြောမချင်း တစ်တောင့်မှ မထွက်စေနဲ့၊ ပစ်လို့ ပြောတာနဲ့ တရစပ် ဆော်၊ ရန်သူတက်လို့ ရတဲ့လမ်းက ကျဉ်းကျဉ်းလေးပဲ ရှိတာ၊ မင်းတို့ တစ်တောင့်ချင်း
အေးအေးဆေးဆေး ထိုင်ပစ်နေရင်တောင် နာရီဝက်အတွင်း တစ်ယောက်မှ ကျင်းနား ကပ်နိုင်မှာ မဟုတ်ဘူး၊ စပစ်သံ ကြားတာနဲ့ အဘတို့ ပြန်လှည့်လာရင် ဒီကောင်တွေ နောက်က ပတ်မိဖို့ နာရီဝက်တောင်
မလိုဘူး၊ နားလည်လား”

ဗိုလ်ရဲ ကတုတ်ကျင်းထဲမှ မော့ကြည့်သည်။ လကွယ်ညမို့ ကြယ်ရောင်ပျပျသာရှိသော ကောင်းကင်နောက်ခံမှာ တုတ်ရှည်ကြီး
တစ်ချောင်း တယမ်းယမ်းနှင့် ကတုတ်ကျင်းပေါင်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော ဗိုလ်အောင်နိုင်မှာ မည်းမည်းအရိပ်ကြီး အဖြစ်သာ မြင်ရသည်။

“ခေါင်းငုံ့ပစ်ရင်တော့ ငါရိုက်မှာနော်၊ ငါတောင် ဘောင်ပေါ်မှာ ရပ်နေနိုင်သေးတာ ခေါင်းမော့ထား ဒါပဲ”

“အစ်ကို ကျွန်တော် ကျည်ဂိုဒေါင် တစ်ချက် သွားကြည့်ဦးမယ်”

ဗိုလ်မျိုးမော်ဦးက လှမ်းပြောသည်။

“အေး အေး ဆရာစိုးနိုင်တို့လည်း ကုန်ရင် ပိတ်ပြီး အပေါ် တက်ခဲ့တော့လို့ ပြောလိုက်၊ ဆရာဝန်ဗိုလ်ကြီးက ဆက်သွယ်ရေးစက်နားမှာနေပါလား၊ တစ်ခုခု လှမ်းပြောရင် အကြီးတစ်ယောက် ချက်ချင်း ဖြေနိုင်အောင်” 

အမှောင်ထဲတွင် ခိုးပြုံးမိသည်။
ဆက်သွယ်ရေးစက် ထားသော ကတုတ်ကျင်းက အခိုင်ခံ့ဆုံးနှင့် အလုံခြုံဆုံးပါ။ ဘယ်လို လက်နက်ကြီးကျည်ဆန်မှ အဲသည်လောက်
ထူသော ကျောက်တုံးတွေကို ဖောက်မဝင်နိုင်။

ဗိုလ်အောင်နိုင်က တိုက်ပွဲ တကယ်ဖြစ်လာရင် ဆရာဝန် ကျည်မသင့်စေချင်သော စေတနာကို ဥပါယ်တံမျဉ်နှင့် ပြောလိုက်တာပါ။

အဲသည် အချိန်မှာ အချက်ပြ သေနတ်သံကို ကြားရခြင်းဖြစ်သည်။ဗိုလ်ရဲ ဆက်သွယ်ရေးစက် ထားရာ ကတုတ်ကျင်းထဲ ဝင်ခဲ့ပါသည်။

                                 ( ၂ )

“မြွေနှစ်ကောင် ခေါင်းပေါင်း ရှိလား”

“ရှိတယ် အနားမှာပဲ"

ဆက်သွယ်ရေး တပ်ကြပ်က စကားပြောခွက်ကို ဗိုလ်ရဲကို ထိုးပေးသည်။ ဗိုလ်ရဲ၏ စစ်ဝတ်စုံ လက်မောင်းတွင် တပ်ဆင်ထားသော
ဆေးတံဆိပ်မှာ တောင်ဝှေးကို မြွေနှစ်ကောင် ပတ်ထားသည့် ပုံပါ။ဒီတော့ မြွေနှစ်ကောင် ခေါင်းပေါင်းဆိုတာ ဆေးအဖွဲ့ခေါင်းဆောင်ဟု အဓိပ္ပာယ်ရသည်။ သည် ငှက်ဖျားသုတေသန မစခင်ကတော့
“မြွေနှစ်ကောင် ခေါင်းပေါင်း” ဆိုတာ လက်ထောက်အရာခံဗိုလ်ကြီးဖြစ်သည်။ ယခုတော့ ဗိုလ်ရဲပေါ့။

"ဘယ်သူလဲ”

“ဦးပါ”

ဗိုလ်ရဲ ပြုံးလိုက်သည်။ အဘအနားတွင် အမြဲရှိနေသော စစ်ကြောင်း ထောက်လှမ်းရေးအရာရှိ ဗိုလ်ဝင်းတင့်။ ခြောက်လလောက် အတူနေကြစဉ် ကာလအတွင်း ညီအစ်ကို အရင်းတွေလို ပြောမနာ ဆိုမနာ ဖြစ်နေကြပြီမို့ ဗိုလ်ရဲက သူ့ကို မခံချင်အောင် တမင်သက်သက် စသောနာမည်။

“ပြောပါ"

“အခြေအနေ ကောင်းလားလို့”

“လူအခြေအနေ ကောင်း"

ဗိုလ်ဝင်းတင့်က တိုးတိုးရယ်သည်။ ဆိုလိုတာက စိတ်ကတော့“လန့်” နေသည်ဟု ပြောတာကို သူ သဘောပေါက်သည်။

“အာလူးနဂါးရှိရင် စိတ်ချရပါတယ်”

ဗိုလ်အောင်နိုင်ကို ဆိုလိုတာ။ အာလူး .. အ၊ နဂါး . .န ။ အန..အောင်နိုင်။ ဆရာဝန်လည်း ဒါတွေ တတ်နေပြီ။

“လုပ်မနေနဲ့၊ ခင်ဗျားနဲ့ ကျား ထိုးချင်တယ်”

အတူနေစဉ်က ညတိုင်း ကျားထိုးနေကျမို့ သည်စကားက "ပြန်လာခဲ့"ဟု အဓိပ္ပာယ်ရသည်။

“ထိုးမှာပါ။ နည်းနည်းလေး သေချာချင်လို့”

“ဘာ သေချာချင်တာလဲ”

“ခင်ဗျား သူငယ်ချင်းဆီလည်း ဖြစ်နိုင်တယ်”

သူငယ်ချင်း ဆရာဝန် ဗိုလ်အောင်ဆန်းဦးက နေ့ဝက် ခရီးမျှဝေးသော တောင်ကုန်း တစ်ကုန်းပေါ်တွင် အခြား တပ်တစ်တပ်နှင့် အတူ ရှိနေသည်။ ဒီတော့ သူတို့ ရထားသော ဆရာဝန်ကို အရှင်ရအောင်
ဖမ်းခဲ့ဆိုသည့် သတင်းသည် ဗိုလ်ရဲကို ဆိုလိုသည်ဟု လည်းကောင်း၊လူနှစ်ရာက ဗိုလ်ရဲတို့ တောင်ကုန်း အောက်မှာဟု လည်းကောင်း
အပိုင်တွက်၍ မရ၊ ဗိုလ်ဝင်းတင့်တို့က ကြားထဲတွင် အရှင်ထား၍ စောင့်ရမည်။ ဖြစ်ရာကို လိုက်ရမည်။

'အင်းလေ"

                                  ( ၃ )

နံနက် ငါးနာရီတွင် စပစ်သည်။
ပလောက်... ဂျိမ်း.. အသံတွေ ကြားရတာနဲ့ ဗိုလ်ရဲ
ဆက်သွယ်ရေး စက်ဘေးသို့ ပြေးလာသည်။ ဗိုလ်မျိုးမော်ဦးက ရောက်နှင့်နေပြီ။ ခြောက် ငါးတွေ၊ သုံးငါးတွေ ရွတ်နေပြီ။

“ဝေးတယ် ထင်တယ်ဗျ”

“ဟုတ်တယ်.. အစ်ကို၊ အောက်က မဟုတ်ဘူး”

“ဘယ်ကလဲ'

“ရှာနေတုန်းပဲ၊ အစ်ကို့ သူငယ်ချင်းကုန်းကလည်း ရှင်းတယ်တဲ့၊ကြားထဲက အသေးတစ်ခု ဒီကောင်တွေ မှားဝင်တာ ထင်တယ်”

နံနက် ကိုးနာရီလောက်မှာတော့ သည်ကုန်းကို ဝင်တိုက်နေတာ မဟုတ်တာ သေချာသွားပြီ။ သက်ပြင်းချ၍မှ မပြီးသေး။ ခပ်လှမ်းလှမ်းဆီမှ ဆူညံသော ပစ်ခတ်သံတွေ တရစပ် ထွက်လာသည်။

“ဒါက ဘယ်ကလဲ”

'ဒါက ကျွန်တော်တို့ အဖွဲ့ တစ်ဖွဲ့ သူတို့ဘက် တက်လုံးနေတာ၊သည် စစ်ကြောင်းက မဟုတ်ဘူး”

ညနေစောင်းတော့ အဲသည်အဖွဲ့က လှမ်းဆက်သွယ်သည်။ လူနာလာပို့ချင်သည်။ ရမလားတဲ့။
ပို့ပေါ့ ငှက်ဖျားသုတေသနအဖွဲ့ဆိုပေမယ့် ရှေ့တန်း လာကတည်းက ပတ်တီး၊ ဂွမ်းလိပ် အပြည့်အစုံ ပါပြီးသား။

ည ဆယ်နာရီတွင် ရောက်လာသည်။
လူနာက ခြောက်ဆယ့်ကိုးဦးတဲ့။

                                     ( ၄ )

မိုးက ဖွဲဖွဲရွာသည်။
ပထမဦးဆုံး လုပ်ရသည့် အလုပ်က လူနာ ခြောက်ဆယ့်ကိုးဦးစလုံးကို အမိုးအကာအောက် ရောက်အောင် ရွှေ့ရတာ ဖြစ်သည်။

“အစက ခုနစ်ဆယ့်နှစ်၊ လမ်းမှာ မရတော့တာက သုံးယောက်”

သယ်လာသည့် ဗိုလ်ကလေးက ရှင်းပြသည်။

“အေးဗျာ တော်သေးတာပေါ့၊ လောလောဆယ်တော့ ရင်ဘတ်မှန်တဲ့ နှစ်ယောက်ပဲ စိုးရိမ်ရတယ်"

“ရပါ့မလား အစျကို”

‘ထူးဆန်းတာက ဘယ်ဘက် မှန်ထားတဲ့လူက ကောင်းနေတယ်၊နှလုံးရော၊ သွေးကြောကြီးတွေရော လွတ်သွားပုံ ရတယ်၊ ညာဘက်မှန်တဲ့ တစ်ယောက်က အထဲမှာ သွေးထွက်နေလား မသိဘူး၊ သွေးပေါင်တအားကျနေတယ်”

ဗိုလ်ရဲမှာ သူနာပြု မရှိပါ။
တပ်ရင်း ဆေးသူနာပြု ရဲဘော်ကလေး တစ်ယောက်ကို ခေါ်၍ တစ်တဲ့ဝင် တစ်တဲထွက် လူနာတွေကို လိုက်ကြည့်။ သွေးစိမ့်နေသော ပတ်တီးများ ပြန်စည်းပေး။ ဆေးထိုးတန် ထိုးလုပ်ရာ နံနက် ရှစ်နာရီ
လောက်မှ ပြီးသည်။ခွဲထောက် တပ်ကြပ်ကြီးက လိုက်ခေါ်သည်။

“အဘတို့၊ ဗိုလ်ကြီးဝင်းတင့်တို့ လှမ်းပြောနေတယ်၊ မြွေနှစ်ကောင်ခေါင်းပေါင်းကို ဆက်သွယ်ရေးစက် ဘေးမှာပဲ ရှိနေပါစေတဲ့”

“ဘာတွေ ဖြစ်နေလို့လဲ”

“ပစ်တော့မှာလေ ဗိုလ်ကြီးရဲ့၊ ဒီကုန်းပေါ် လူနာတွေ တင်သွားမှာပဲ။အားလုံးလည်း ကတုတ်ကျင်းထဲ ဆံ့မှာ မဟုတ်ဘူးလို့ သူတို့ တွက်မှာပဲ။အဲဒီတော့ ဒီည အဝေးကြားလေး နှိပ်တော့မှာ'

ဗိုလ်ရဲ ပခုံးတွန့်၍ ဆက်သွယ်ရေးစက်ဆီ ပြန်ဝင်ခဲ့သည်။

                                ( ၅ )

နဲ. ရှိ..ရှိ.. ရှဲ..ရှဲ.. ကလောက်.. ဂျိန်း..
ကတုတ်ကျင်း တစ်ခုလုံး သွက်သွက်ခါ၍ ဗိုလ်ရဲတို့ ခေါင်းပေါ်ကို သဲများ အထွေးလိုက် ကျလာသည်။

“သုံးကျပ် မတ်တင်းဗျ"

ဗိုလ်မျိုးမော်ဦးက မှတ်ချက်ချသည်။

“ဘာလဲ သုံးကျပ် မတ်တင်း”

“တူးပွိုင့် ဆဲဗင်းဖိုက် လောင်ချာလေ၊ သေးသေးလေးနဲ့ အဝေးကြီးရောက်တာ၊ ကိုက် ၇ဝဝဝ ကနေ ပစ်လို့ ရတယ်”

ဘုရား ဘုရား။

စက်ပေါ်မှာ ဗိုလ်ဝင်းတင့်အသံ ပြန်ပေါ်လာသည်။

“မာလာမင်းသား အုန်းသီး ရှိလား”

“ရှိ"

ဗိုလ်မျိုးမော်ဦးက ဖြေသည်။

“မြွေနှစ်ကောင် ခေါင်းပေါင်း”

“အေးဆေး ဒီနားမှာပဲ”

'ထိလား"

“မတင်ဘူး၊ ချောက်ထဲ”

“အိုကေ ဆက်စောင့်”

ဗိုလ်မျိုးမော်ဦးက စကားပြောခွက်ကို ချသည်။ ဗိုလ်ရဲက ချောက်ထဲလို့ ဘယ်လိုလုပ် သေချာတာလဲဟု မေးသည်။

“ချောက်ထဲမို့ အစ်ကိုနဲ့ ကျွန်တော် အခုရှိနေ စကားပြော နေနိုင်တာပေါ့”

ဟုတ်သားဟု ရေရွတ်မိသည်။ ဗိုလ်ရဲ တစ်ခု တွေးမိပြီး လောဆော်သည်။

“နောက်က အသယ်အဖွဲ့ တော့ ခေါ်ကွာ၊ လူနာတွေ ရွှေ့ရအောင်"

“ ဝေးနေတယ်ဗျ”

“ ဝေး ကွာ၊ ဒီအတိုင်း ဆက်ထားရတာ အန္တရာယ် ရှိတယ်၊မြန်မြန် ထုတ်နိုင်ရင် ကောင်းမယ်”

“အိုကေ ကျွန်တော် ကြိုးစားမယ်”

                                ( ၆ )

ညာဘက် ရင်ဘတ် ထိထားသူ နံနက်ပိုင်းတွင် သွေးရူးသွေးတန်း ဖြစ်လာသည်။ သွေးပေါင်ချိန် မရ။ ဗိုလ်ရဲ အစွမ်းကုန် ကြိုးစား ကုသသော်လည်း
ကျဆုံးသွားသည်။

ဘယ်ဘက်ရင်ဘတ်ကို ထိထားသူ အပါအဝင် ၆၈ ဦးစလုံး အခြေအနေ ကောင်းလျက် ရှိနေသည်။ နေ့လယ် သုံးနာရီလောက်တွင် ရေဆိပ်ဘက်မှ တက်လာသော အသံများ ကြားရသည်။

“ဟေး တို့ လာတယ်”

အော်သံ ကြားရသည်။ သွားကြည့်ကွာဟု ရဲဘော်တစ်ယောက်လွှတ် ချောင်းခိုင်းသည်။ ဗိုလ်စိုးမိုးကျော် ပါသည်တဲ့။ ကိုယ့်လူတွေပဲ။သေချာ
ပြီပေါ့။ ဝမ်းသာအားရ တံခါး ဖွင့်ပေးကြသည်။

“လူနာတွေ လာသယ်တာ အစ်ကို”

“လူနာက ၆ဝ ကျော်ဟ၊ မင်းအဖွဲ့က ၁၀ ယောက်လောက် ရှိတာ”

ဗိုလ်စိုးမိုးကျော်က ရယ်သည်။ "ဒါ အသားကုန်ပဲ.. အစ်ကို။အရေးကြီးတဲ့ လူသာ ရွေးထည့်ပေးပေတော့"ဟု ပြောသည်။

“နေပါဦးကွာ၊ ငါ ကြံပါဦးမယ်”

အခြေအနေ ကောင်းသောလူနာက မကောင်းသော လူနာကို သယ်သည့် နည်းသာ ရှိတော့သည်။ လက်တစ်ဖက်တည်း ထိသူနှစ်ယောက်ရလျှင် ခြေထောက် ထိသူတစ်ယောက် ပုခက်ထဲ ထည့်နိုင်
သည်။ လမ်းလျှောက်နိုင်သူ အားလုံး လျှောက်။ အားလုံးကလည်း မညည်းမညူ သူ ခိုင်းတိုင်း လုပ်ကြသည်။အရေးထဲ ဘယ်ဘက်ရင်ဘတ် ထိထားသည့် ရဲဘော်က သူပါ ဆင်းလျှောက်မည် လုပ်နေသဖြင့် “မရှည်နဲ့ မင်းက ပုခက်ပေါ်တက်”ဟု
ငေါက်ရသည်။ လူနာ ၆၈ ဦးစလုံး ပါသော လူတန်းရှည်ကြီး ထွက်သွားတော့မှ ဗိုလ်ရဲ လေးကန်စွာ သက်ပြင်းချ၍ စခန်းကုန်းပေါ် ပြန်တက်ခဲ့သည်။

သူ တွက်တာ မှန်ပါသည်။
အဲဒီ ညကလည်း ထပ်ပစ်ခံရသည်။

                                 ( ၇ )

နောက်နှစ်ရက်ကြာတော့ မမျှော်လင့်ဘဲ အဘတို့ ပြန်ရောက်လာသည်။ဗိုလ်ရဲ ဝမ်းသာအယ်လဲ ထွက်ကြိုသည်။

“မနက်က အသံတွေကြားတော့ လုံးနေကြပြီ ထင်တာ'

အဘက ရယ်သည်။

“တစ်ဖွဲ့ ကို လက်နှိပ်ဓာတ်မီးတွေ ဖွင့်ဆင်းသွားခိုင်း၊ အနားကပ်မှ မီးပိတ်ပြီး မှောင်ထဲ ပြန်လာခိုင်း၊ အဝေးက ယောင်ပြပစ်ပြီး လှည့်လာခဲ့တာလေ၊ ကိုယ့်လှုပ်ရှားမှု သူတို့ ရိပ်မိလို့ ဘယ်ဖြစ်မလဲ”

နှစ်ပတ်လောက် ထပ်ကြာတော့ ဗိုလ်ရဲအတွက် အနောက်တန်းမှ ကြေးနန်း ဝင်လာသည်။ စစ်ဆင်ရေး အခြေအနေများကြောင့်
သုတေသန လုပ်ငန်းများ ပြီးစီးသည်အထိ ဆောင်ရွက်နိုင်ခြင်း မရှိပါက လုပ်ငန်းသိမ်း၍ ပြန်ခဲ့ပါ တဲ့။

“မပြန်ဘူး အဘ၊ ကျွန်တော် ပြီးအောင် ဆက်လုပ်မယ်၊ ကြေးနန်းပြန်ပေးပါ”

အဘက မျက်လုံး ပြူးပြသည်။

“ကျွန်တော်တို့ပါ မပြန်ရလို့၊ ခင်ဗျား အားနာစရာမလိုဘူး၊ ကိုယ်ပြန်ခွင့်ရရင် ပြန်၊ ဒီမှာ ဆေးလက်ထောက် အရာခံဗိုလ်ကြီး ကျန်ခဲ့တာပဲ”

“သိပါတယ်.. အဘ၊ တကယ့်ကို ကိုယ့်အလုပ်ကို နှမြောလို့ မပြန်တာပါ"

ဗိုလ်ရဲ ငြင်းလိုက်သော သတင်းက ရှေ့တန်းမှာရော
နောက်တန်းမှာပါ လူတော်တော်များများကို အံ့အားသင့်စေခဲ့သည်။

သို့သော် သုတေသန လုပ်ငန်းများက တကယ့်ကို အပြီးသတ်နိုင်ခဲ့သည်။နှစ်လလောက် ထပ်ကြာတော့ အဘရော၊ ဗိုလ်ရဲပါ နောက်တန်းသို့
ပြန်ခဲ့ရသည်။

                                  ( ၈ )

နှစ်ဆယ့်နှစ်နှစ်တိတိ ကြာပြီးခဲ့ပြီ။
ဗိုလ်ရဲက ရှေ့တန်းမှ ပြန်ရောက်ပြီး တစ်နှစ်အကြာတွင် ဒေါက်တာရဲဘဝကို ပြန်ခံယူသည်။ ပြည်တွင်းပြည်ပ ဘွဲ့လွန်များ ဆက်တိုက်ရခဲ့ပြီး
ယခုတော့ ပါမောက္ခရဲ ဖြစ်နေပြီ။

အသက်ပေါင်း များစွာကို ကယ်ခဲ့ဖူးပြီး ဖြစ်နေသော်လည်း မိမိအသက်ကိုပါ ဆက်၍၊ ရင်း၍၊ စွန့်စား၍ ကယ်ခဲ့ရသည့် အတွေ့အကြုံ တွေကို
တော့ တစ်သက်လုံး မမေ့နိုင်ခဲ့ပါ။

အဘက အငြိမ်းစား ယူပြီးပြီ၊ အသက်လည်း ခုနစ်ဆယ်ကျော်ပြီ။ကျန်းမာနေတုန်း၊ ကားမောင်းနေတုန်း။ မရောက်တာ ကြာပြီဖြစ်သော်လည်း ရောက်နိုင်သည့် အခေါက်တွေမှာတော့ ဗိုလ်ရဲ အဘရှိရာ ရွှေပြည်သာသို့ သွားကန်တော့ ဖြစ်သည်။

ဗိုလ်မျိုးမော်ဦး၊ ဆရာစိုးနိုင်တို့ အဲသည့်အခေါက် မပြန်ခင်မှာ ကျဆုံးကြ ရှာသည်။ ဗိုလ်အောင်နိုင်က မိုင်းပေါ်ဝပ် ပစ်နေမိရာမှ ဒူးထောက်ထမိသဖြင့် ခြေတစ်ဖက် ပြတ်ရှာသည်။ ရှေ့တန်းမှာ ဗိုလ်အောင်နိုင့် အသက်ကိုကယ်ခဲ့သည့် ဆရာဝန်က ဗိုလ်အောင်ဆန်းဦး။

ဗိုလ်ရဲကလည်း နောက်တန်းမှ စောင့်ကြို၍ ပြုစုခဲ့သေးသည်။ ယခုတော့ ဗိုလ်အောင်နိုင်လည်း နားနေပြီ။ ဗိုလ်ဝင်းတင့်က ကျန်းမာစွာဖြင့် အရပ်ဘက် တာဝန် ပြောင်းရွှေ့ ထမ်းဆောင်ဖြစ်သည်။ ဗိုလ်စိုးမိုးကျော် ဒဏ်ရာ ရသည်။

ဗိုလ်အောင်ဆန်းဦးလည်း ဗိုလ်ရဲနှင့်အတူ အရပ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ရာမှ ဘွဲ့လွန်များ ဆက်တိုက်ရရှိပြီး ယခုအခါ ပြင်ဦးလွင် ဆေးရုံ၏ တာဝန်ခံသမားတော်ကြီး ဖြစ်နေခဲ့ပြီ။

အဲသည်တုန်းက လုပ်ခဲ့သည့် သုတေသန စာတမ်းကလေးကလည်း ထန်ဒန် တော်ဝင် အပူပိုင်းဆေးပညာနှင့် ကျန်းမာရေးကောလိပ်တွင်
ငှက်ဖျားကာကွယ်ဆေး သုတေသနလုပ်ငန်း၏ နောက်ဆုံး စာတမ်းကလေးအဖြစ် မှတ်ကျောက် တင်နိုင်နေဆဲ။

ဒဏ္ဍာရီဆန်ကောင်း ဆန်နေမည်ဖြစ်သော အဲသည် စွန့်စားခန်းများကို ဗိုလ်ရဲ လူငယ်ဆရာဝန်များကို သိပ်မပြောပြဖြစ်။ သူတို့ ယုံကြည်ကြမည် မထင်ပါ။ အဲသည်ကြားထဲမှာမှ အဲဒါကလေးတွေ
ရေးပြပေးပါဟု တောင်းဆိုသူက ရှိလာသည်။
သရပါ မဂ္ဂဇင်းပေါ့။
ခက်ရချည့်ရဲ့လေး။

--------------

လင်္ကာရည်ကျော်

သရပါမဂ္ဂဇင်း
(၂၀၁၀၊ စက်တင်ဘာလ )

#Typing_crd_ZawOo

ကောက်ကြောင်းများ #သန်းမြင့်အောင်

#ကောက်ကြောင်းများ

#သန်းမြင့်အောင်

“အချိန် ဆိုတာ ကုန်ဆုံးသွားတဲ့ကာလတွေ၊ စောင့်ဆိုင်းရတဲ့ ကာလတွေ၊ စက္ကန့်ခြောက်ဆယ် တစ်မိနစ်၊ မိနစ်ခြောက်ဆယ် တစ်နာရီဆိုတဲ့ ကာလသတ်မှတ်ချက်မျိုးနဲ့ပဲ သက်ဆိုင်နေတဲ့ ဝေါဟာရတော့ မဟုတ်သေးဘူး။အချိန်ဆိုတဲ့စကားဟာ လူသားတစ်ယောက်အတွက် အတော်ကလေး တာသွားတယ်။

ကုသိုလ်ကံများကတော့ ပြော... မပြောချင်ပေါင်။ လူဆိုတာ ပြောတတ်၊ ဆိုတတ်၊ ငိုတတ်မှနော့။ လှေကြီးထိုး ရိုးရိုးသွားနေလို့ကတော့လား..။ ကျုပ်တို့အိမ်က ကိုရင်ပြားနဲ့ ဟိုဘက်ခန်းက ဦးဘကြွား
တို့ ကိုပဲကြည့်။သူလည်း သူဌေးကားမောင်းတာ၊ ကိုယ်လည်း သူဌေးကားမောင်းတာ။ ဟော... သူ့ ကျတော့ ခုမှ ကားပေါ်တက်ခါစရှိသေး၊တောက်တောက်ကိုမှ ပြောင်လို့ရယ်။ ကျုပ်တို့ ကိုရင်ပြားဖြင့် လုပ်သက် ငါးနှစ်ရှိရော့မယ် ၊ကျုပ်တို့မှာ ဖလယ်ကျွန်ရုပ် ပေါက်မြဲပဲ။

သူ့မိန်းမ မအိမ်မြဲကလည်း နာမည်နဲ့လိုက်အောင် အိမ်မြဲသလား မမေးနဲ့။ ဦးဘကြွားနဲ့ အိမ်ထောင်ကျပြီးကတည်းက ရွှေတိဂုံဘုရားတောင်
တစ်ခါမှ မရောက်တော့ဘူးဆိုဘဲ။ ပြီးခဲ့တဲ့သင်္ကြန်တုန်းက ကျုပ်တို့လိုင်းထဲက အလုပ်သမား မိသားစုတွေ ရွှေစက်တော်ဘုရားဖူးသွားကြဖို့
အဖော်စပ်မိတယ်။ သူ့ယောက်ျားကပြောတယ်တဲ့၊ အိမ်က ဘုရားလည်း ဘုရားပဲ၊ ဟိုးအဝေးကြီးက ဘုရားလည်း ဘုရားပဲ၊ ဓာတ်ပုံထဲက ဘုရား
လည်း ဘုရားပဲ၊ ပြက္ခဒိန်ထဲက ဘုရားလည်း ဘုရားပဲ။ အကြောင်းမရှိ အကြောင်းရှာပြီး ကားသမားတွေကို လုပ်ကျွေးမနေကြနဲ့ဆိုလို့ ကျုပ်တို့ပါ
မကောင်းဖြစ်ရပါရောလား။

မအိမ်မြဲကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် ဘယ်သူတွေ ဘာကြီးပြောနေနေ သူ့ယောက်ျားစကားမှ နားဝင်တာ။ လင်သားကို စုံမက်ပုံကလည်း ပွဲထဲကလူရွှင်တော်တွေ ပျက်သလို သူတို့လင်မယား ချစ်လိုက်ကြပုံများ ထမင်းပွဲမှာ ဟင်းချိုသောက်ရင်း ဇွန်းကွယ်လို့ လွမ်းရတယ်ဆိုပြီး ငိုကြတာ ခုနစ်ရက် ဆိုတဲ့ အစားထဲကပေါ့ ။ သူ့အိမ်မှာတော့ သူ့
ယောက်ျားဟာ ဘုရားပဲ။

“ပညာရှိဆိုတာ တက်စရာအတန်းတွေ မကျန်တော့မှ၊ ဘွဲ့ တွေ တသီကြီး ချိတ်ထားနိုင်မှ ပညာရှိမဟုတ်ဘူး။ ကိုယ်မိသားစုထဲမှာ ပြဿနာ
တစ်ခုခုပေါ်လာပြီဆိုရင် အဲဒီပြဿနာကို အချိန်တိုတိုနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့နည်းစနစ်နဲ့ စိတ်ကူးစိတ်သန်းရှိရင် အဲဒီလူဟာ ပညာရှိပဲ”
ဆိုတဲ့ ဦးဘကြွေးရဲ့ သြဝါဒကို သူတို့သိပ်သဘောကျတာ။ ကျမယ်ဆိုလည်း ကျလောက်တယ်။ သူ့အိမ်မှာ ပေါ်လာတဲ့ ပြဿနာပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖြေရှင်းပေးလေ့ရှိတာ သူတို့ကိုယ်တွေ့ပဲ။ဒါကြောင့် မအိမ်မြဲက သားသမီးတွေကို အခွင့်သင့်တိုင်း...

“နင့်အဖေက တကယ့်ပညာရှိ၊ နင့်အဖေပြောစကားသာ တစ်သဝေမတိမ်း နားထောင်၊ တို့ ဘယ်တော့မှ မဆင်းရဲဘူး” တဲ့။

ပြီးတော့ နင့်အဖေလောက် မိသားစုအပေါ် သံယောဇဉ်ရှိတာ၊ နင့်အဖေလောက် အဖေပီသတာ ဘယ်မှာမှ ရှာလို့မရနိုင်ဘူး၊ ဒီဘဝမှာ
သူနဲ့ရေစက်ဆုံရတာ ငါတို့ကံကောင်းလို့မှတ်”တဲ့။

 ဟုတ်ပါ့၊ အဲဒါတော့ ကျုပ်လည်း ထောက်ခံတယ်။ ကြည့်ပါလား။ တစ်နေ့က သူ့သူဌေးက
သူတို့ကို အလုပ်ပင်ပန်းလို့ဆိုပြီး ငါးသေတ္တာတစ်ဘူးစီနဲ့ ကျွဲရိုင်းတစ်ဘူးစီ ပေးလိုက်တယ်။ ကိုရင်ပြားက ပြန်ပြန်လာချင်း ဘူးတွေကို ကျုပ်လက်ထဲ
ထည့်ပြီး “မဖောက်နဲ့ဦးနော်၊ သိမ်းထား။ အိမ်ကို ဧည့်သည်၊ စောင်သည်လာမှ ဖောက်ရအောင်”တဲ့။ အဲဒါကို ဦးဘကြွားး ကြားသွားတော့ ဘာ
ပြောတယ်မှတ်သလဲ။

“ဟေ့ကောင် ငပြား၊ မင်းကတော့ တစ်သက်လုံး နာမည်နဲ့လူနဲ့ လိုက်နေတော့မယ့်ကောင်ပဲ၊ တစ်ခါတလေ ကံကောင်းထောက်မလို့
ဆီဦးထောပတ်ကလေး ဘာလေးရတာ ကိုယ့်သားသမီး၊ သားမယားတွေကို လူဖြစ်ရကျိုးနပ်အောင် ကျွေးမယ်စိတ်မကူးဘူး၊ ဧည့်သည်ဆိုတာ
ကိုယ့်အိမ်မှာ အချောင်လာကပ်စားတဲ့လူကွ၊ မင်း နားလည်ရဲ့လား"တဲ့။

အဲဒါကြောင့် သူ့မိန်းမက သူ့ကို ပညာရှိလို့ ပြောတာနေမှာ။မနေ့ကလည်း ဦးဘကြွားမရှိတုန်း အိမ်မှာ သူ့သမီးအငယ်မနဲ့ မအိမ်မြဲ ဝုန်းဒိုင်းကြဲနေပါရော့လား။ အဲဒီအငယ်မက သူတို့အသည်းလေး။
ဘာကဲသလဲ မမေးနဲ့။ ခုတော့ မအေလည်း မနိုင်တော့ဘူး။ အော်ဟစ် ပြောဆိုဆူညံ နေလိုက်ကြတာ ထိန်းလို့သိမ်းလို့ကို မရတော့ဘူး။ ဖြစ်ပုံက
ဒီလို...

သူတို့အခန်းက ကြောင်အိမ်ပေါ်မှာ မိဘဘိုးဘွားလက်ထက်ကတည်းက ကျန်ခဲ့တဲ့ ဖန်ပုလင်းကြီး သုံးလုံးရှိတယ်။ အဲဒီပုလင်းတွေက ခုချိန်မှာ တွေ့ရခဲတဲ့ အဝိုင်းလည်းမဟုတ်၊ လေးထောင့်လည်းမဟုတ်။အချို့ အောက်လင်းမီးတွေမှာ ရှိတတ်တဲ့ ဖန်ပြောင်းလို အမြှောင်းအမြှောင်း
ထောင့်ချိုးလေးတွေနဲ့ အတော့်ကိုလှတယ်။ အဖုံးပေါ်မှာလည်း လက်ကိုင် ဘုသီးအလုံးကလေးနဲ့ ။ အဲဒီပုလင်းအဖုံးကလေးကို သူ့သမီးက လိုချင်
တယ်။ မအိမ်မြဲကလည်း အဖုံးအပိုမရှိလို့ မပေးနိုင်ဘူး။ ကလေးက အပေါ်က ဘုသီးကလေးကိုကိုင်ပြီး မှောက်ထားတဲ့အဖုံးဝကို ခဲတံနဲ့ လိုက်ခြစ်ပြီး ကမ္ဘာလုံးပုံဆွဲလို့ ကောင်းတယ်ဆိုပြီး အတင်းအဓမ္မလုယူဖို့ ကြိုးစားတယ်။ အမှန်တော့ ဖန်သီးကလေးကို မျက်စိကျပြီး ကလေးပီပီ ကစားချင်နေတာ။ ဆိုးမှန်းကောင်းမှန်း သိလို့မဟုတ်ဘူး။ မအေကလည်း
ဒီအဖုံးကို ဖြုတ်ပေးပြီး ပေးလိုက်ရင် ပြန်တောင်းလို့ ရမှာမဟုတ်တော့ဘူး။

ပြီးတော့ အဲဒီပုလင်းကလည်း အခြားအဖုံးတွေနဲ့ မတော်ဘူး။ သူက ရှေးဟောင်းပစ္စည်းလေ။ ဒီလို မအေနဲ့ သမီး အကြီးအကျယ် ပြဿနာ
တက်နေတုန်း ဦးဘကြွား ပြန်ရောက်လာတော့မှ ပြဿနာက ချက်ချင်း ပြေလည်သွားတယ်။
သမီးကလည်း ဒီအဖုံးကိုရမှ ဖြစ်မယ်။ မအေကလည်း အဖုံးအပိုမရှိလို့ မပေးနိုင်ဘူးဆိုတော့ နှစ်ယောက်စလုံးရဲ့ ဆန္ဒပြည့်သွားအောင်
ဦးဘကြွားဟာ မိနစ်ပိုင်းအတွင်းကလေးမှာပဲ ဖြည့်ဆည်းပေးလိုက်တယ်။အဲဒါဟာ ဦးဘကြွားရဲ့ ကိုယ်စွမ်းကိုယ်စပဲ။

မအိမ်မြဲဟာ အဖုံးအပိုတစ်ခု ထွက်လာဖို့အတွက် အဲဒီပုလင်းရဲ့ ကိုယ်ထည်ကို ရိုက်ခွဲပစ်လိုက်ရမယ်ဆိုတဲ့ သူ့ယောက်ျားရဲ့ လျှပ်တစ်ပြက်
အတွေးအခေါ်နဲ့ လှုပ်ရှားမှုကို တစ်အားအထင်ကြီးသွားပြန်တယ်။

                                * * * * *

ကြားဖူးလားတော့ မသိဘူး။ ကောက်ညှင်းပေါင်းကို ဆီနဲ့ ပြန်ကြော်စားတာ၊ ဆီထမင်းလည်း မဟုတ်၊ ပြန်ပေါင်းလည်း မဟုတ်တဲ့ မုန့်တစ်မျိုးလေ...။

စနေနံနက် ရပ်ကွက်သန့်ရှင်းရေးဆိုပြီး တစ်အိမ်တစ်ယောက်ထွက်တော့ ဦးဘကြွားနဲ့ ကိုရင်ပြားလည်း ပါသပေါ့ ။ အဲဒီနေ့က လုပ်အားပေးတဲ့လူတွေအတွက် တစ်အိမ်ငါးကျပ်ကောက်ပြီး ကောက်
ညှင်းပေါင်းနဲ့ ဧည့်ခံတယ်။ အဲဒီမှာ လူကြီးလူငယ်တွေ အစုလိုက်တာဝန်ခွဲတော့ ဦးဘကြွားက ကောက်ညှင်းပေါင်းဝေတဲ့နေရာမှာ ကျတယ်။
သူ့ရဲ့ အသက်အရွယ်အနေအထားနဲ့ လူမှုရေးအရ ပင်ပန်းတဲ့နေရာမှာ မထားဘဲ ရေမြောင်းထဲဆင်းပြီး အမှိုက်ဆယ်တာတို့၊ တံမြက်စည်း လှည်းတာတို့ကို ကိုရင်ပြားတို့အုပ်စုနဲ့ ကလေးတွေပဲ လုပ်ကြတယ်။

ကျုပ်ကတော့ အဲဒီထဲက ကျိတ်ပြီးပြုံးမိပါတယ်။ လိုင်းထဲကလူတွေ၊အရပ်ထဲကလူတွေ သူ့အကြောင်းကို ထဲထဲဝင်ဝင်မသိကြဘူး။သူကလည်း
ပြောတတ်၊ ဆိုတတ်၊ ပေါင်းတတ်၊ သင်းတတ်သကိုး။ ကျုပ်ကတော့ ထရံတစ်ချပ်ခြားဆိုတော့ အစင်းသိပေါ့။ ထရံတစ်ချပ် ခြားခြင်းအတူတူ
ကိုရင်ပြားတောင် ကျုပ်လောက်မသိဘူး၊ သိလည်း သူက စိတ်ဝင်စားမယ့်လူ မဟုတ်ဘူး။ ကျုပ်ကိုတောင် စပ်စုရမလားလို့ ဆူဦးမှာ။ အဲ..
ဒါနဲ့ ဆက်ပြောရဦးမယ်။ လမ်းထဲက လူကြီးလူငယ်တွေ ချွေးသံတရွှဲရွှဲနဲ့ ကြဲလို့ကောင်းနေတုန်းမှာ သူ့သားလေးက အမေစားဖို့ဆိုပြီး ကောက်ညှင်း
ပေါင်းတွေ ကျွတ်ကျွတ်အိတ်နဲ့ တစ်လုံးကြီးသယ်ပြီး ကုပ်ချောင်းချောင်းနဲ့ ဝင်သွားတာတွေ့လိုက်တော့ ကျုပ်ဖြင့် ကိုရင်ပြားကို မျှော်မိသေး။ ကျုပ်
ကလည်း တောသူပီပီ ကောက်ညှင်းဆို အသေကြိုက်မို့လား။

လား.. လား... ကိုယ်တော်မြတ်က နာရီပြန်နှစ်ချက်တီးလောက်မှ အူယားဖားယားနဲ့ မီးဖိုထဲတန်းဝင်ပြေးပြီး ‘ထမင်း...ထမင်း... မြန်မြန်ခူးစမ်းပါကွ၊ ဒီမှာ ဆာလို့ သေတော့မယ်” ဆိုပြီး
ပလုတ်ပလောင်း တွယ်ပါရောလား။ ဒါနဲ့တောင် ကျုပ်က သဘောမပေါက်သေးဘူး။

“ကျုပ်ဖို့များ ကောက်ညှင်းပေါင်းလေး နည်းနည်းလောက်များ ဆွဲခဲ့ပါတော့လားတော်” ဆိုတော့ “မင်းအတွက် ဆွဲခဲ့ဖို့နေနေသာသာ ငါတောင် မစားလိုက်ရဘူး၊ ကောက်ညှင်းပေါင်းက အစောကြီးပြတ်
သွားတယ်”တဲ့။

အဲဒီနေ့ ညဆယ်နာရီလောက်မှာ ကျုပ် နောက်ဘေးထွက်တော့ ဟိုဘက်ခန်း မီးဖိုချောင်ထဲက ခပ်အုပ်အုပ်ထွက်လာတဲ့ အသံတစ်သံနဲ့
မမျှော်လင့်ဘဲ သွားတိုးတယ်။

‘ကောက်ညှင်းပေါင်းက နှစ်ပြည်ချက်လောက်ရှိတာ။ ဒီအတိုင်းထားရင် သိုးကုန်မယ်။ ဆီနဲ့ပြန်ကြော်ပြီး ဖွင့်ထား။ နှစ်ရက်လောက် ကလေးမုန့်ဖိုး သက်သာတော့ နည်းလား”

ဆန်းတော့ဆန်းတယ်။ လူတွေရဲ့ စိတ်ဓာတ်ကို တစ်သမတ်တည်း ပုံသေကားချပ် တွက်ထားလို့တော့လည်း မရပြန်ဘူး။ အသက်အရွယ်လေး ရလာတာနဲ့အမျှ စိတ်နေစိတ်ထားတွေလည်း ပြောင်းလဲတည့်မတ် လာတတ်ကြတယ်ဆိုတာကို တော်တို့ယုံသလား။ မယုံမရှိနဲ့ အဟုတ်ပြောတာ၊ ကျုပ်ဖြင့် အံ့သြမိတယ်။ ဟိုဘက်ခန်းက ဦးဘကြွားလေ..။

အရင်လို မဟုတ်တော့ဘူးတော့။ ဘုရားနဲ့တရားနဲ့ အတော်လေးတည်ငြိမ်လာပြီး ပြောတာဆိုတာကအစ နူးညံ့သိမ်မွေ့ လို့ သိပ်ကိုလူကြီးဆန်လာ
တယ်။ ဒီတော့လည်း ကျုပ်တို့က လေးစားရပြန်သပေါ့။ ရိုသေရပြန်သပေါ့။

မကြာခင်က အလုပ်ရှင်သူဌေးရဲ့ အမေကြီး ဆုံးသွားတယ်။သူဌေးက သူ့အမေတစ်ဦးတည်း နေခဲ့တဲ့ ရပ်ကွက်ထဲက တစ်ထပ်တိုက်ကလေးကို သူ့အမေအတွက်ရည်စူး ကုသိုလ်ပြုပြီး ဝိပဿနာစခန်းလေး
တစ်ခုအဖြစ် ထူထောင်လိုက်တယ်။ သူဌေးရဲ့ အစီအစဉ်ကို ဦးဘကြွားတို့၊ကိုရင်ပြားတို့လို သူ့အလုပ်သမားတွေနဲ့ ရပ်ကွက်ထဲက တရားသမားတွေက ဝိုင်းပြီးတက်တက်ကြွကြွ ဆောင်ရွက်ပေးကြရတာပေါ့။ ဦးဘကြွားတို့လို လူကြီးတွေက ရိပ်သာရဲ့ မျက်နှာဖုံးတွေအဖြစ် အတိုင်ပင်ခံတွေ
ဖြစ်ပြီး လူငယ်ပိုင်းကတော့ ဝေယျာဝစ္စ အောက်ခြေသိမ်းတွေဖြစ်ပေမယ့်
ကူညီတော့လည်း စိတ်ချမ်းသာစရာ၊ ဝမ်းမြောက်ကြည်နူးစရာ တရားရိပ်သာလေးတစ်ခု နေ့ချင်းညချင်း ဖြစ်သွားတယ်။
ဦးဘကြွားဆိုရင် ရိပ်သာရဲ့ ဘုရားခန်းမှာ တင်ပျဉ်ခွေထိုင်ပြီး ကွမ်းယာလေးတမြုံ့မြုံနဲ့။ ဟိုက “အကြွား' ဒီက “အဘကြွား'နဲ့ ကျက်သရေကိုရှိလို့။ တရားဓမ္မ စကားဝိုင်းတွေကလည်း ညတိုင်းပဲ။
အဲဒီမှာ သက်ကြီးရွယ်အိုတွေ တတ်သမျှ၊ မှတ်သမျှ အတွေ့အကြုံတွေ ဖလှယ်ကြ၊ ဆွေးနွေးငြင်းခုံကြပေါ့။ တခြားသူတွေ အယူအဆ၊ ဓမ္မသဘာဝတွေ ဘယ်လိုငြင်းငြင်း သူကတော့ ဘာမှဝင်မငြင်းဘဲ ပြုံးပြုံးပြုံးပြုံးနဲ့ သဘောကြီးကြီးထားပြီး သူ့ရင်ထဲမှာပဲ အမှားအမှန်ကို ဝေဖန်ပိုင်းခြားကြည့်နေပုံပေါ်တယ်။ အဲဒီလို လိုက်လျောညီထွေရှိနေတဲ့ သူ့ကို
အရပ်ထဲကလူတွေက ဆရာတော်ကြီးတစ်ပါးလောက်နီးနီးကို ကြည်ညိုကြတယ်။ ဘာမှဝင်မပြောတာကိုက တန်ဖိုးတက်နေသလိုပဲ။တစ်နေ့နေ့
သူဝင်ပြောလာတဲ့အခါကျရင် မှတ်လောက်သားလောက်ရှိတဲ့ စကားမျိုးပဲ ဖြစ်ရမယ်ဆိုတာလည်း အလိုလိုသိနေကြတယ်။

အဲဒီလိုနဲ့ ရိပ်သာရေစက်ချတဲ့နေ့မှာပဲ ဝိပဿနာဆယ်ရက်အဓိဋ္ဌာန်စခန်း စဖွင့်တယ်။ တရားပြတဲ့ဆရာတော်ကတော့ ကျုပ်တို့ ဝိပဿနာနဲ့ နာယကဆရာတော်ကိုယ်တိုင်ပဲ။ဒကာကြီး ဦးဘကြွားတို့လို လူကြီးတွေက ရှေ့ကလုပ်ပြတော့ နောက်က လူငယ်လူရွယ်တွေက လိုက်လုပ်ကြရကောင်းမှန်း သိတာပေါ့။

ဒီလိုနဲ့ပဲ ကိုယ့်ပတ်ဝန်းကျင်မှာ သူတော်ကောင်းတွေ တိုးတိုးလာတော့ မင်္ဂလာရှိတာပေါ့။ ဒါကြောင့် "အားကြိုးမာန်တက် ကုသိုလ်ဖက်ကြစို့”ဆိုတဲ့ ဆရာတော်ရဲ့ မိန့်မှာချက်အတိုင်းပဲ။ ရိပ်သာမှာ အဘကြွားတို့လို ကမကထလုပ်တဲ့ လူကြီးတွေက ရှေ့က၊ ကျုပ်တို့လို အရပ်ထဲက မိန်းမတွေ၊ လူရွယ်လူလတ်တွေက နောက်ကပေါ့။ တကယ့်ကို ချမ်းမြေ့စရာပါပဲ။

ညစဉ်ခုနစ်နာရီကနေပြီး ရှစ်နာရီအထိ တရားထိုင်ရတယ်။ဝိပဿနာရှုပုံရှုနည်းနဲ့ အမှတ်တရားတွေကို အခြေခံကနေပြီး ဆရာတော်က ပထမဆုံးညကတည်းက သေသေချာချာရှင်းပြတယ်။ ပြီးတော့...

“ခုနစ်နာရီကနေစပြီးတော့ ထိုင်နေတုန်းမှာ ဒကာတို့ ကို ဘုန်းကြီးက လိုတာလေးတွေကို ထောက်ပေးမယ်။ တစ်နာရီခွဲဆိုတဲ့အချိန် ဟာ ထိုင်ကျင့်ရသွားရင် ဘာမှတောင် ကြာတယ်မထင်ရတော့ဘူး၊ စနစ်တကျ အားထုတ်တတ်ဖို့ပဲလိုတယ်၊ ရှစ်နာရီခွဲတာနဲ့ ဟောဒီစားပွဲပေါ်က နာရီသံပတ်ကလေး မြည်လာလိမ့်မယ်၊ အဲဒီအချက်ပေးဘဲ(လ်)သံကြားမှ တဖြည်းဖြည်း ညင်ညင်သာသာနဲ့ တရားဖြုတ်ရမယ်”

ဆရာတော်ဘုရားနဲ့ သူဌေးရဲ့ ကျေးဇူးတွေကဖြင့် ကြီးပါပေ့တော်။ နို့မို့ဆို ကျုပ်တို့မှာ တစ်နေ့တစ်နေ့ ဒီလိုနဲ့ အချိန်တွေကုန်ပြီး လုံးလည်လိုက်နေတော့မှာ။ အခုတော့ ညနေခင်း ချက်ပြုတ်စားသောက်
ပြီးတာနဲ့ အလုပ်ကလေးတွေ လက်စသတ်၊ ရေမိုးချိုးပြီး တဘက်ကလေး ပခုံးပေါ်တင်လို့ ထွက်လာရတဲ့ ခြေလှမ်းတွေက အရသာရှိလိုက်တာ။
ကျုပ်တို့သေရင် ဒါပဲပါမှာ။

အဲဒါနဲ့ ပြောရဦးမယ်။ ဘယ်တော့မှအချိုးမပြေတဲ့ အိမ်ကလူအကြောင်း... ။ အဘကြွားကို အားကျမလားလို့ တရားဝင်ဖို့ ကျုပ်ကတိုက်တွန်းတော့...

 "တစ်နေကုန် ကားမောင်းလို့ ညောင်းရတဲ့ကြားထဲကွာ၊မင်းဘာသာ ဝင်ပါလား"တဲ့။

 ကြည့်စမ်း၊ လူကြားရင် ရှက်ဖို့ကောင်းလိုက်တာ 
သူ့ကိုကြည့်ပြီး ကျုပ်ဒေါသတွေ ဖြစ်မှဖြစ်ပဲ။ ဒီတော့ ကျုပ်က အဘကြွားကို သူ့ထက်ပိုပြီး အထင်ကြီးတာ ဆန်းသလား။ ဒါပေမဲ့
ရလိုရငြား တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး၊ ချော့လိုက်လိုက်နဲ့ အမျိုးမျိုးဆွယ်တရားဟောတော့ သူက ဘာပြောတယ်မှတ်သလဲ။

“ငါက စိတ်မပါဘဲ ဘာအလုပ်မှမလုပ်ဘူးကွ”တဲ့။ ပြီးတော့...ငါးပါးသီလဆိုတာ ကိုယ်ချင်းစာတရားပဲ။ ငါက ကံငါးပါး အမြဲလုံတယ်။ စိတ်သာချ။ အရက်သောက်တဲ့ ကောင်မဟုတ်ဘူး။ တရား
အားထုတ်ချင်တဲ့အချိန်ကျရင်လည်း ထုတ်မှာပဲ။ မင်းမပူနဲ့။ အခုလောလောဆယ်တော့ ငါနိုင်သလောက်ပဲ လုပ်ဦးမယ်။ ငါ့ကို အတင်းအကျပ်
မတိုက်တွန်းနဲ့” ဆိုတော့ ကျုပ် လက်လျှော့လိုက်ရတာပေါ့။ အတော် ခွကျတဲ့လူ။ သူ့အတွက် ကျုပ်ဘယ်လောက် ဂုဏ်ယူချင်နေတယ်ဆိုတာ
သူသဘောမပေါက်ဘူး။

ရပ်ကွက်ရိပ်သာလေးပေမယ့် တရားအားထုတ်တဲ့လူက အတော်များသား။ အရပ်ထဲက သက်ကြီးရွယ်အို အားလုံးနီးပါးနဲ့ ကျုပ်တို့လို တဘက်ကလေးပခုံးပေါ်တင်ပြီး တဖြုတ်ဖြုတ်ရောက်လာကြတဲ့
အိမ်ရှင်မတွေနဲ့ ပေါင်းလိုက်တော့ ရိပ်သာလေးပြည့်လျှံလာတယ်။ဒါတောင် ကလေးသားငယ်ရှိတဲ့လူတွေ မလာနိုင်ကြလို့။

ဒီလိုနဲ့ ဆယ်ရက်စခန်းစရောဆိုပါတော့။ ထုံးစံအတိုင်း အရပ်မျက်နှာဖုံး အဘကြွားက ရှေ့ဆုံးကပေါ့။ ကျုပ်တို့မှာ ကိုယ့်အရပ်၊ကိုယ့်အလှူ၊ ကိုယ်ရိပ်သာကလေးနဲ့ဆိုတော့ ပီတိတွေပွားပြီး ဆယ်ရက်
တာကာလကို ဘယ်လိုကျော်ဖြတ်သွားမှန်းတောင် မသိလိုက်ပါဘူးတော်။

အဲ... နောက်ဆုံး ဆယ်ရက်ပြည့်တဲ့နေ့ကျမှ တရားဖြုတ်တော့ အတွေ့ အကြုံတွေ ဖလှယ်ဖို့အတွက် ဆရာတော်က တရားစစ်တယ်။

'ကဲ.. ဆယ်ရက်စခန်းလည်း ပြည့်ပြီ၊ ဒကာ၊ ဒကာမတွေလည်း အတန်အသင့် အကျိုးရှိသွားကြရောပေါ့၊ ဒါနအကျိုးဟာလည်း အကျိုးများပါတယ်၊ ဒါပေမဲ့ သီလနဲ့ ဘာဝနာကတော့ သံသရာအတွက်
ပိုတာသွားသကွဲ ၊ ဒီတော့ ခင်ဗျားတို့ကို ဘုန်းကြီး တရားနည်းနည်း စစ်ကြည့်ရအောင်၊ ဒီထဲမှာ သက်ကြီးရွယ်အိုလည်းဖြစ်၊ အရပ်မျက်နှာဖုံး
လည်းဖြစ် တရားဓမ္မအပေါ်လည်း အလေးအနက် စိတ်ဝင်စားတဲ့ ဒကာကြီးဦးဘကြွားကိုပဲ ဘုန်းကြီး စစစ်ပါရစေ” ဆိုတော့ ကျုပ်တို့အားလုံးရဲ့ မျက်လုံးတွေဟာ ရှေ့ဆုံးက ပုံ့ပုံ့ကြီးထိုင်နေတဲ့ အဘကြွားရဲ့
ကျောပြင်ပြည့်ပြည့်ကြီးကို ငေးကြည့်မိလျက်သား ဖြစ်သွား တယ်။

“ဒကာကြီးကတော့ လူကြီးလည်း ပီသပါပေရဲ့ ၊ ဒကာကြီးရဲ့ ဝီရိယကလည်း ချီးကျူးထိုက်ပါပေတယ်၊ ဒီတော့ သက်ကြီးစကား သက်ငယ်ကြားဆိုသလိုပဲ နောက်ကလူငယ်တွေလည်း ကြားရအောင်
ဘုန်းကြီးမေးတာကို ကျယ်ကျယ်ကလေး ဖြေပေးလိုက်ပါ”

“တင်ပါ့ ဘု ရား"

အဘကြွားဟာ ဆရာတော့်စကားကို ဦးထိပ်ထားပြီး တင်ပါ့ဘုရားက စအော်တော့တာပါပဲ...။

"အခု ဝိပဿနာတရား အားထုတ်တဲ့အခါမှာ ပွားများလိုက်ရတဲ့ အချိန်ကလေးအတွင်း အစ၊ အလယ်၊ အဆုံး ဘယ်နေရာအကောင်း
ဆုံးလဲ”

အဘကြွားဆီကထွက်လာမယ့်အဖြေကို ကျုပ်တို့အားလုံး စူးစိုက်နားစွင့်နေလိုက်ကြတယ်။ အတွေ့အကြုံချင်း တူ၏၊ မတူ၏ပေါ့နော်။ ကျုပ်တို့က နုသေးတဲ့ဟာကိုး။

အဲဒီအချိန်မှာ အဘကြွားက စောစောက လေသံအတိုင်း မဆိုင်းမတွ ခပ်သွက်သွက် ဖြေချလိုက်တယ်။

နောက်ဆုံးက ကလင်... ကလင်.. ဟာ အကောင်းဆုံးပါဘုရားတဲ့။ ဆရာတော်ဟာ ရုတ်တရက် ငြိမ်သက်သွားပြီးမှ အတန်ကြာတော့ ရယ်လည်းမရယ်၊ ပြုံးလည်းမပြုံး၊ တည်ငြိမ်တဲ့မျက်နှာထားနဲ့
ဦးဘကြွားရဲ့ တစ်ကိုယ်လုံးကို အချိန်အတော်ကြာကြာ ခြုံငုံကြည့်နေပြီးတော့မှ ခေါင်းတဆတ်ဆတ်ညိတ်နေလေရဲ့.…. ။ ။

-----------------

သန်းမြင့်အောင်

#Typing_crd_ZawOo

#နွံအိုင်ထဲမှကြာပန်းလေးများ #ပုညခင်

#နွံအိုင်ထဲမှကြာပန်းလေးများ

#ပုညခင်

ဝေ့ခနဲ တိုက်ခတ်လိုက်သော နွေလေရူးက ပြွတ်ခဲနေသော တဲစုလေးများအကြားမှ ဖြတ်သန်းလျက် ပုပ်အဲ့အဲ့ အနံ့တချို့ကို သယ်ဆောင်လာသည်။ ပူပြင်းသော နေရောင်အောက်မှာ တဲစုလေးများက တစ်မျှော်တစ်ခေါ်။ ကျွန်မရှေ့တည့်တည့်မှာတော့ နောက်ကျိသော ရေမြောင်းတစ်ခု။ ထိုရေမြောင်းကိုဖြတ်ဖို့ ခနော်ခနဲ့ တံတားလေးတစ်ခုထိုးထားသည်။ ထိုတံတားလေးကို ကျော်လိုက်လျှင် ကျူးကျော်နယ်မြေကို ခြေချမိပြီ။ ထိုတဲစုလေးများကြားက တစ်ခုသော တဲတစ်လုံး မှာတော့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုရှိနေပါသည်။ ကျွန်မ၏ ''အရှေ့တံခါးအဝင်'' ဝတ္ထုကို ရိုက်ကူးသည့် ''ရွှေကြာ'' ရုပ်ရှင်ရိုက်ကွင်းဖြစ်သည်။ ကျွန်မဝတ္ထုထဲက ဇာတ်ကောင် အမည်မှာ ရွှေကြာဖြစ်သဖြင့် ထိုနာမည်ကို ရုပ်ရှင်နာမည် အဖြစ်ယူလိုက်ခြင်းပင်။

ထိုဝတ္ထုကိုမရေးခင်က ဒီလိုကျူးကျော်တဲတန်းတွေကို ကျွန်မရောက်ခဲ့ဖူးပြီ။ ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။ စာရေးဖို့က တစ်ကြိမ်၊ အခုရုပ်ရှင်ရိုက် တော့တစ်ကြိမ်။

မညီညာသောမြေသားများကိုနင်းကာ တဲစုလေးများကြားရှိ လူသွားလမ်းလေးအတိုင်း ကျွန်မလျှောက်လာခဲ့ရင်း ပတ်ဝန်းကျင်ကိုလေ့လာ စူးစမ်းလာခဲ့သည်။ အလို .. ကလေးတွေကများလှပါလား။ တဲငယ်လေးတွေ၏ တံခါးဝမှာ။ လမ်းပေါ်မှာ။ ကလေးတွေ ကလေးတွေ။ တချို့က ရုပ်မလှ။ တချို့က ရုပ်သန့်သန့်။ သို့သော် အနည်းငယ်ညစ်နွမ်းပေရေလျက်။ သူတို့၏ မျက်လုံးတွေကတော့ အသွင်သဏ္ဌာန်နှင့် ကွဲပြားစွာ ကြည်လင်တောက်ပလျက်။

ရိုက်ကွင်းတည်ရာ တဲတစ်ဝိုက်မှာတော့ ကလေးတွေရော လူကြီးတွေပါ စုဝေးရောက်ရှိနေခဲ့ကြသည်။ သူတို့မဆူညံကြပါ။ သူတို့မတိုးဝှေ့ကြပါ။ သူတို့အလိုက် သိစွာပင် ရိုက်ကွင်းကို စိတ်ဝင်တစားကြည့်နေခဲ့ကြသည်။ ကျွန်မကတော့ သူတို့ကိုသာ စိတ်ဝင်တစားကြည့်နေခဲ့မိ ပါသည်။ ကျူထရံကွက်ကျဲ၏ အနောက်ဘက်ဆီမှ ချောင်းကြည့်နေသော မျက်လုံးလေးများ။ ရယ်မောနေသော မျက်နှာလေးများ။ ကျွန်မက ဆံပင်ဆေးဆိုး ထားသည့် ကလေးတစ်ယောက်ကို ပြုံးပြပြီး လက်ယပ် ခေါ်လိုက်သည်။ သူကခပ်ရဲရဲပင် ကျွန်မရှေ့သို့ရောက်လာသည်။ သူ့ဆံပင်က ခရမ်းရောင်တစ်ရစ်၊ ရွှေဝါရောင် တစ်ရစ်။ အသားအရည်က ညိုညစ်ညစ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးဆိုတာကတော့ နှစ်လိုဖွယ်ရှိမြဲ။ ကျွန်မ သူ့ကို မေးခွန်းထုတ်လိုက်သည်။

''သား မင်းဆံပင်က ဘယ်မှာဆိုးတာလဲ''

''ကိုယ့်ဘာသာဆိုးတာ''

''ဟုတ်လား။ ဆေးက ဘယ်ကရလဲ''

''ဝယ်တာပေါ့။ တစ်ရောင် သုံးရာ၊ နှစ်ရောင် ခြောက်ရာ။ ခြောက်ရာဖိုးဆိုးထားတာ''

''ပိုက်ဆံဘယ်ကရလဲ''

''မုန့်ဖိုးစုထားတာပေါ့''

''မုန့်ဖိုးကဘယ်လောက်ရလို့လဲ''

''တစ်ရာ''

''သားကျောင်းနေလား''

''နေတယ်''

''ဘယ်ကျောင်းမှာလဲ''

''အမှတ် (၇) ကျောင်းမှာ''

ကျွန်မသူ့ကို မေးခွန်းတွေဆက်မေးနေမိသည်။ သူကလည်း သွက်သွက်လက်လက်ပင် ဖြေသည်။ သူ့အဖေက ပန်းရန်လုပ်သည့်အကြောင်း၊ ဧရာဝတီတိုင်း ဘက်ကနေ ပြောင်းရွှေ့လာသည့်အကြောင်း၊ သူ့နာမည်မေးတော့ 'ချစ်ရင်ထူး'ဟုဆိုသဖြင့် ကျွန်မပြုံးလိုက်မိသည်။

နောက်တစ်ယောက်က 'ကျော့ကျော့ဝေ'တဲ့။ ဆယ်နှစ်သမီး၊ စတုတ္ထတန်းကျောင်းသူဖြစ်သည်။ သူကတော့ မုန့်ဖိုးလေးရာရသည်ဟုဆိုသည်။ သူ့အဖေက ကျောက်ထမ်းသမား။ သူက အနည်းငယ်ပိန်လှီသော်လည်း မျက်လုံးတွေကတော့လှပသည်။

နောက်တစ်ယောက်ကတော့ 'စွဲမက်ဖြိုး'တဲ့။ နာမည်က အလန်း။ လူကလည်း လန်းဆန်းသွက်လက် စကား ကြွယ်သည်။

''သမီးတို့က မောင်နှမသုံးယောက်၊ နို့မို့ လေးယောက် ဖြစ်မှာ။ တစ်ယောက်ကအဖတ်မတင်လို့''

အံမယ် .. ကိုးနှစ်သမီးစကားပြောတာက အသက်ထက်ပိုပြီး ရင့်ကျက်သလိုပါပဲလား။ ကျွန်မသူ့ကို သဘော ကျသွားသည်။ ကျွန်မသူ့ကို မေးခွန်းတွေထုတ်နေဆဲမှာ ကလေးတစ်ယောက်က ဖုန်းလေးကိုင်ကာ ကျွန်မကိုဓာတ်ပုံ လာရိုက်သဖြင့် ကျွန်မမျက်ခုံးပင့်သွားမိသည်။ သူဖုန်းကိုင် ပုံက အသားတကျရှိလှသည်။ ကျွန်မ သူ့ကို မေးခွန်းထုတ်မိ ပြန်သည်။ သူကလည်း သွက်သွက်လက်လက်ပင်ဖြေသည်။ သူ့အသက်က ၁၄ နှစ်။ စတုတ္ထတန်းနှစ်မှာ ကျောင်းထွက် ထားသည်။ သူတို့ရပ်ကွက်နှင့် မဝေးလှသော စက်မှုဇုန် ထဲက ဗလာစာအုပ်စက်ရုံမှာ အလုပ်လုပ်သည်။ တစ်နေ့ လုပ်ခ သုံးထောင်ရသည်။ သူကိုင်ထားသည့်ဖုန်းကို သုံးသောင်းနှင့် ဝယ်ခဲ့သည်ဟု ဆိုသည်။

ခဏကြာတော့ အမျိုးသမီးတစ်ယောက် ကျွန်မကို စကားလာပြောသည်။

''အစ်မတို့ ဒီအချိန်မို့ ရိုက်လို့ရတာ။ ညနေဆို တစ်ရပ်ကွက်လုံး ကက်ဆက်သံ၊ တီဗွီသံတွေ ဆူညံနေတာ။ အစ်မတို့ ရိုက်လို့ အဆင်ပြေမှာမဟုတ်ဘူး''

''ဟုတ်လား။ အိမ်တိုင်းမှာ တီဗွီရှိတာလား''

''ရှိတယ်လေ''

သူက တီဗွီရှိတယ်သာပြောသော်လည်း ကျွန်မ မျက်စိထဲမှာတော့ ဘာတီဗွီမှမမြင်။ ကျွန်မတို့ထိုင်နေသည့် တဲထဲကို ဝေ့ဝဲကြည့်မိတော့ ဘာပစ္စည်းမှ မည်မည် ရရမရှိလှ။ သို့သော် ဘုရားစင်လေးကိုတော့ ကျကျနန လုပ်ထားသည်။ ပြီးတော့မြင်းဖြူရှင်နတ်စင်တစ်ခု။ အိမ်ပြင်မှာ ပဲခူးမယ်တော်နတ်စင်တစ်ခုကိုလည်း တွေ့ခဲ့ရသည်။ အိမ်တစ်အိမ် ဘုရားစင်တစ်ခု၊ နတ်စင်နှစ်ခု၊ အိမ်တိုင်း အိမ်တိုင်းမှာ နတ်စင်တွေရှိကြသည်ဟု ဆိုပါသည်။

''ဟိုမှာလေ အဲဒါတီဗွီပေါ့''

သူလက်ညှိုးညွှန်ရာကို ကြည့်မိတော့မှ portable တီဗွီ အပြားလေးကို သွားတွေ့သည်။ သူတို့ခေတ်မီကြသားပဲ။

''ကျွန်မတို့ရပ်ကွက်က ညနေ ၅ နာရီကနေ ၁၁ နာရီ အထိ မီးစက်မောင်းပေးတယ်လေ။ မီးထွန်းရုံပဲဆို တစ်နေ့ တစ်ရာပေးရတယ်။ ဖုန်းအားသွင်းရင် တစ်နေ့ ၂ဝဝ၊ တီဗွီကြည့်၊ ကက်ဆက်ပါဖွင့်မယ်ဆို တစ်နေ့ လေးရာပေး ရတယ်။ ပိုက်ဆံရှိတဲ့သူတွေက မီးစက်ဝယ်ပြီး မောင်းကြတာပေါ့။ တစ်ရပ်ကွက်လုံးအတွက် မီးပေးဖို့ မီးစက် လေးလုံးရှိတယ်''

''ဒီရပ်ကွက်က အိမ်ခြေဘယ်လောက်ရှိတာလဲ''

''သုံးထောင်လောက်ရှိတယ်''

အိမ်ခြေသုံးထောင်ရှိသော ကျူးကျော်ရပ်ကွက်ကြီး တစ်ခု။ မီးစက်လေးလုံး၊ ရေတိုင်က သုံးတိုင်၊ ရေတစ်တိုင်ကီကို ငါးရာကျပ်။ မီးဖိုးက တစ်ရက်တစ်အိမ် ၄ဝဝ တော့ အသာလေး။ ကျူးကျော်များနှင့် စီးပွား ရှာတတ်သူများလည်း အဆင်ပြေကြသားပင်။

''ကျွန်မတို့က ဧရာဝတီတိုင်း ဖျာပုံဘက် ရွာက ပြောင်းလာကြတာလေ။ ရွာမှာစပါးအပြင် တခြားဘာ စိုက်လို့မှ အဆင်မပြေဘူး။ ဒီရောက်တော့ အိမ်တစ်နေရာအတွက် တစ်သိန်းနှစ်သောင်းကို ရပ်ကွက်လူကြီးကို သွင်းလိုက်တယ်။ ပိုက်ဆံသုံးသိန်းနဲ့ အိမ်တစ်လုံး ဆောက်လိုက်တော့ အဆင်ပြေပါတယ်။ တချို့ဆို ငှားနေ ကြတာအစ်မရဲ့။ ဟိုဘက်မှာတွေ့လား၊ အဲဒီအိမ်တွေက အိမ်ငှားတွေ၊ ပိုက်ဆံရှိတဲ့လူတွေက နေရာဝယ်၊ အိမ်ဆောက် ပြီး ငှားစားထားတာလေ။ တစ်လ နှစ်သောင်းခွဲတဲ့''

ကျူးထဲမှာတောင် သူ့ခွင်နှင့်သူ ရှိနေတတ်သည်။ သို့သော် သူတို့ကျူးတွေအားလုံး ဧပြီလမှာ ပြောင်းရွှေ့ ရတော့မည်ဟုလည်း ဆိုသည်။ အန်အယ်လ်ဒီ အစိုးရတက် လာပြီးနောက်မှာ ကျူးကျော်တဲတွေမှာနေသည့် အိမ်ထောင်စုတွေကို စာရင်းကောက်ပြီး စမတ်ကတ်တွေ ထုတ်ပေးသွားသည်ဟုဆိုသည်။ ငှားနေရသည့် အိမ်ထောင် စုတွေလည်း စမတ်ကတ်ရသည်။ သူတို့ စမတ်ကတ် တွေကို ကျွန်မကိုထုတ်ပြသည်။ ထိုစမတ်ကတ်ပြပြီး လက်ဗွေနှိပ်လျှင် သူတို့အိမ်ထောင်စုဝင်တွေ၏ ဓာတ်ပုံတွေ ပေါ်လာမည်ဟုဆိုသည်။ နေရာအစားပေးပြီးမှ ပြောင်းရွှေ့စေမည်ဆို၏။ သူတို့အနည်းငယ်စိတ်အေးပုံ ရလေသည်။

''နင် လုပ်စားစရာရှားလို့ ဒီအလုပ်ကိုမှ လုပ်ရသလား ဟဲ့။ နင့်ကြောင့် ငါသေချင်တယ်ဟဲ့''

တစ်ဖက်တဲရှိ ရိုက်ကွင်းပေါ်မှ သရုပ်ဆောင် အမျိုးသမီးကြီး၏ အသံက ဒေါသတကြီးလွင့်လာသည်။ ကလေးအားလုံးက ထိုမြင်ကွင်းကို မမှိတ်မသုန်ငေးကြည့် နေကြသည်။

ပြည့်တန်ဆာမိန်းကလေးအဖြစ် သရုပ်ဆောင်နေသော ဖွေးဖွေး၏ အသံကတိုးရှိုက်ရှိုက်။ ဆင်းရဲမွဲတေမှု၏သားကောင်ဖြစ်ခဲ့ရသော မိန်းမငယ်လေး၏ ဇာတ်ရုပ်ကို သရုပ်ဆောင်နေသည့် ဖွေးဖွေးကို ကျွန်မငေးကြည့်ရင်းက ကလေးများဆီသို့ အကြည့်ရောက်မိတော့ ဘာကြောင့်မှန်း မသိ ကြက်သီးစိမ့်ဖြာသွားရသည်။ ကျွန်မဘာကို စိုးရိမ်နေမိပါလိမ့်။

ဟိုအဝေးက မလုံ့တလုံ ကျူးကျော်တဲငယ်လေးထဲမှာ ငါးနှစ်အရွယ်ကလေးက သုံးနှစ်အရွယ်ကလေးကို ထိန်းနေသည်။ လူကြီးတွေမရှိ။ သူတို့ရပ်ကွက်မှာ လူကြီး ဦးရေထက် ကလေးဦးရေက ပိုများသည်။ အိမ်တစ်အိမ်တွင် ပျမ်းမျှကလေးသုံးယောက်လောက်တော့ ရှိမည် ထင်သည်။ မွေးဖွားနှုန်းမြင့်သည်ဟုဆိုသည်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာတော့ ကလေးတစ်ယောက်သာ ယူမည်ဟု ဆုံးဖြတ်ထားသူများ၊ ဖန်ပြွန်သန္ဓေနည်းဖြင့် ကလေးရရန် ငွေကုန်ကြေးကျခံ၍ နိုင်ငံခြားဆေးရုံများသို့ သွားရောက် ကြိုးပမ်းကြရသူများ။ ကျွန်မကိုယ်တိုင်၌ပင် ကလေး မရှိပါ။

ကျွန်မသည် ကျွန်မအနီးတွင်ရှိနေသည့် ကလေး တစ်ဦးချင်းစီ၏ မျက်နှာလေးတွေကို စူးစူးစိုက်စိုက် လိုက်ကြည့်နေခဲ့မိသည်။ အနာဂတ်အတွက် မျှော်လင့် စရာပန်းကလေးတွေပါလား။ လှပသော ရုပ်ရည်လေး များ၊ တောက်ပသောမျက်လုံးလေးများ၊ သွက်လက် ချက်ချာသော၊ သူစိမ်းတွေကို မကြောက်သော၊ ရဲရင့် ဖျတ်လတ်သူလေးများ။ သူတို့သည် ဆင်းရဲသော်လည်း ထူးပြီး ထုံထိုင်းမနေ။ ဉာဏ်ရည်နိမ့်သည်ဟုလည်း ထင်စရာမရှိ။ စုတ်ချာသော ကျူးကျော်တဲလေး များအကြားတွင် သွားလာဆော့ကစားရင်း၊ ရယ်မောရင်း အချိန်တန်ထမင်းစားကာ ညဆို တီဗွီကြည့်ရင်း သူတို့၏ကလေးဘဝကို ပေါ့ပါးစွာ ဖြတ်သန်းနေခဲ့ကြသည်။ သူတို့လည်း လူသားကလေးငယ်တွေပဲလေ။ တခြား ကလေးတွေလိုပဲ သူတို့မှာလည်း အနာဂတ်ရှိသည်။

သူတို့ ရုပ်ရှင်မင်းသားမင်းသမီးတွေကိုသိသည်။ စာရေးဆရာတွေကိုတော့ မသိပါ။ သူတို့ တီဗွီကြည့်ကြသည်။ သို့သော် စာမဖတ်ကြပါ။ အနီးအနားမှာ စာကြည့်တိုက်မရှိပါ။ ကျောင်းများတွင် စာကြည့်တိုက် ရှိသည်ဆိုသော်လည်း ဆရာမကိုကြောက်၍ စာအုပ် မငှားရဲဟုဆိုသည်။ ဘာကြောင့်ကြောက်သလဲဆိုတာ ကျွန်မစဉ်းစားမရပါ။ ကျောင်းစာကြည့်တိုက်တွေကို ကလေးတွေက ကောင်းကောင်းအသုံးမချနိုင်တာလား။ ဆရာဆရာမတွေက ကောင်းကောင်းအသုံးမချနိုင် တာလား။ အသုံးချဖို့အတွက် ဘာအခက်အခဲရှိသလဲ။ ကျွန်မ ဆက်တွေးနေခဲ့မိသည်။ သူတို့ရပ်ကွက်ထဲမှာ စာအုပ်အငှားဆိုင်လေးတစ်ဆိုင်ရှိသည် ဆိုသဖြင့် ဝမ်းသာရသေးသည်။

တဖြည်းဖြည်းနှင့်ပင် နေရောင်ခြည်သည် ဖျော့တော့လာကာ ညနေစောင်းချိန်သို့ ရောက်ရှိလာခဲ့သည်။ ရိုက်ကွင်းသည် ကျူးကျော်ရပ်ကွက်ထဲတွင် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေခဲ့သည်။ နောက်မှလိုက်ကြည့်နေသည့် ကလေးတွေ ပိုမိုများ လာသည်ဟု ထင်ရသည်။

ကျွန်မသည် ဆည်းဆာရောင်အောက်တွင် အပြစ်ကင်းစင်စွာ လှနေကြသော ကလေးတစ်ယောက် ချင်းစီ၏ မျက်နှာလေးတွေကိုကြည့်ရင်း ဒီကလေးတွေ ထဲကရော နွံထဲမှာကြာပေါက်သလို တစ်နေ့မှာ ထွန်းပေါက်အောင်မြင်သူတွေ ပေါ်ပေါက်မလာနိုင် ဘူးလားဟု တွေးသည်။ မျှော်လင့်သည်။ ပြီးတော့ အငဲ၏ သီချင်းစာသားတစ်ပိုင်းတစ်စကို သတိရလာမိသည်။

''နွံအိုင်တွေအလယ်မှာ မနစ်မြုပ်နဲ့ ကလေးလေး ××× နွံအိုင်တွေကို ဖောက်ထွက်ခဲ့ ကလေးလေး''

ကျွန်မ မျှော်လင့်ခြင်းများစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။

-----------

ပုညခင်

ကြေးမုံသတင်းစာ (၁၃.၃.၂၀၁၇)

Published on Thursday, 30 March 2017 11:21

[ မေက္ခပညာရေး မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်မှ ကူးယူပါသည်။ဆိုဒ်အား ကျေးဇူးတင်ပါသည်။]


ခွေးသရဲ #နုနုရည် ( အင်းဝ )

#ခွေးသရဲ

#နုနုရည် ( အင်းဝ )

ကျွန်မ ခွေးစကား ပြောမလို့ မဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ များပြားလှတဲ့ ခွေးအုပ်ကြီးနဲ့အတူ “ခွေးသရဲ” ဆိုတာ မကြာသေးမီကပဲ အမှန်တကယ် ပေါ်ပေါက်ခဲ့လို့ပါ။

                                 * * * * *

ကျွန်မတို့ တိုက် (၄) မှာ ခွေးငယ်ကလေးတွေ များလှပေမယ့်၊ ကလေးငယ်လေးတွေကတော့ နည်းပါတယ်။ အခန်းပေါင်း နှစ်ဆယ့်လေးခန်း ရှိတဲ့ တစ်တိုက်လုံးမှာမှ ငါးယောက်ပဲ ရှိတယ်။ ယောကျ်ားလေး နှစ်ယောက်နဲ့ မိန်းကလေးသုံးယောက်။ အသက်အကြီးဆုံးက ငါးနှစ်ပဲ ရှိဦးမယ်။ အသက်အငယ်ဆုံးက သုံးနှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့။ မောင်စွမ်းပြည့်တဲ့။ မောင်ရှင်းသန့်တဲ့၊ မြတ်ပန်းပွင့်သော်တဲ့၊ မဒေးတဲ့၊ ခန့်ခန့်တဲ့။ ဒီဟာလေး ငါးယောက်ထဲက အသက်အကြီးဆုံး သုံးယောက်ဟာ ကလေးမြေးငယ် မရှိတဲ့ ကျွန်မတို့ အခန်းမှာ အမြဲ စတည်းချတတ်တယ်။ မောင်စွမ်းပြည့်ရယ်၊ သော်သော်ရယ်၊ မဒေးရယ်ပေါ့။ ကစားကြ၊ ရန်ဖြစ်ကြ၊ ငိုယိုကြပေါ့။ ကျွန်မက ဖျန်ဖြေရ၊ ရေတိုက်ရ၊ မုန့်ကျွေးရပေါ့။

 သူတို့ သုံးယောက်ထဲမှာ (မိန်းကလေးတွေက စကားမကြွယ်ရဘဲ) စကားအကြွယ်ဆုံးနဲ့ အမေးအမြန်းအထူဆုံးက အောက်နှုတ်ခမ်း အလယ်တည့်တည့်မှာ မှဲ့နက်နဲ့ မောင်စွမ်းပြည့်ပဲ။ ဒီကောင်က ကျွန်မတို့ ဒီတိုက်ရောက်ခါစ၊ သူ့ကိုယ်ဝန်ကြီးနဲ့ကတည်းက မြင်တွေ့နေရပြီး ကျွန်မတို့ မျက်စိအောက်မှာ မွေးဖွားကြီးပြင်းလာတဲ့ဟာလေး ဆိုတော့ ကျွန်မတို့ကို ပိုရင်းနှီးတယ်။ ဒီကောင်က ချစ်စရာလည်း ကောင်းတော့ အသက်လေးဆယ်ကျော်မှ ကံပေါ်တဲ့ သူ့မိဘတွေ၊ ဦးမျိုးသန့်နဲ့ တီတီစီဆရာမ ဒေါ်ရွှေအိတို့ သည်းသည်းလှုပ် ချစ်သလိုပဲ အားလုံးက ဝိုင်းချစ်ကြတယ်။ ကျွန်မတို့ နှစ်ယောက်ကိုတော့ သူက ရိုက်စားပဲ။ အမေးအမြန်းကလည်း ထူသလား မမေးနဲ့။ သူမေးလွန်းလို့ သူ့အဖေက စိတ်မရှည်တော့ စိတ်ရှည်လက်ရှည် ဖြေတဲ့ သူ့ဘဘတိုး (ကျွန်မတို့ နှစ်ယောက်ကို ဒီတိုက်မှာ ရှိတဲ့ ကလေးအားလုံးနဲ့ သူတို့ မိဘတွေက “ဘဘတိုးနဲ့ အန်တီနု” တဲ့) ကိုပဲ မေးခွန်းပေါင်းများစွာ မေးလေ့ရှိတယ်။ မေးခွန်းတော်တော် များများကတော့ ယောကျ်ားလေးတွေ စိတ်ဝင်စားတတ်တဲ့ သေနတ်တို့၊ ဓါးတို့၊ သိုင်းတို့ အကြောင်းပေါ့။ အထူးသဖြင့် ဒီကောင့် အသက်နဲ့အမျှ မြဝတီ တရုတ်သိုင်းကားများနဲ့ အတူတကွ ကြီးပြင်းလာတာဆိုတော့ သိုင်းဟာ သူ့ဖေးဘရိတ်ပဲ။ အလကားနေရင်း ခုန်ပျံနေတာပဲ။
တစ်ခါကျတော့ သူ့ဘဘတိုးကို မေးတယ်။

 “ဘဘတိုး သားတို့ တိုက်အပေါ်ဆုံးကနေ အောက်ဆုံးကို သိုင်းကားတွေထဲကလို ခုန်ချင်တယ်။ သားခြေထောက် ကျိုးမှာလား” တဲ့။ 

“ဟာ ကျိုးတာပေါ့ကွ” လို့ သူ့ဘဘတိုးက အမြန်ဖြေရတယ်။ ဒီကောင် ဘယ်ကျေနပ်မလဲ။ ဇာတ်လမ်းက ဆက်တော့တာပေါ့။

“သိုင်းကားတွေထဲမှာကျတော့ ဘာလို့ မကျိုးလဲ။ သားတို့ တိုက်ထက်တောင် မြင့်သေးတယ်”

“ဟာ… သူတို့က ကိုယ်ဖော့သိုင်း တတ်တယ်ကွ။ မင်းကမှ မတတ်ဘဲ”

“ဒါဖြင့် သားကို သင်ပေးပေါ့။ ဘဘတိုး သင်ပေးပေါ့။ ဘဘတိုး သင်ပေး”

“ဘဘတိုးက မတတ်ဘူးကွ၊ မင်းကြီးတော့မှ ဆရာနဲ့ အပ်ပေးမယ်လေကွာ”

“ဒါဆိုရင် သားကို ဆေးထိုးပေးပေါ့။ ခြေထောက် မကျိုးအောင်လေ။ သားအဖေလို ဆေးမျိုး ဘဘတိုး ထိုးတတ်လား”

“ဘာဆေးလဲကွ မင်းက”

“သားဖေကြီးရဲ့ လက်မောင်းမှာ ရှိတယ်လေ။ အရုပ်လေးတွေလေ။ အဲဒါ သားဖေကြီးကို သေနတ်နဲ့ ပစ်ရင်တောင် ဖေကြီးက မသေဘူးတဲ့။ ဓါးနဲ့ထိုးရင်လည်း မသေဘူးတဲ့။ အဲဒီဆေး ဘဘတိုး ထိုးတတ်လား ”

“အေး.. အေး ထိုးတတ်တယ်။ မင်းကြီးလာတော့ ထိုးပေးမယ်ကွာ.. ဟုတ်လား”

“ဟင့်အင်း ဟင့်အင်း အခုထိုးပေးပါ။ ဘဘတိုး အခု”

“ဟာ မင်းကလည်း ဆေးဆိုတာ ဒီအတိုင်း ထိုးလို့ မရဘူးကွ။ ကန်တော့ပွဲနဲ့ ထိုးမှ စွမ်းတာ။ မင်းမှာ ကန်တော့ပွဲဖိုး ပိုက်ဆံရှိလို့လား”

“အောင်မာ ဘဘတိုးကလည်း သားမှာ ပိုက်ဆံရှိတာပေါ့။ မုန့်ဖိုးတွေ အများကြီးရှိတယ်”

“အေး… အဲလိုဆိုရင် ထိုးပေးမယ်။ ဘဘတိုးဆေးက မင်းအဖေထက် စွမ်းတယ်သိလား။ မင်း အဲဒီဆေးထိုးပြီးတာနဲ့ မင်းနဲ့ သော်သော်နဲ့ ရန်ဖြစ်တယ် ဆိုပါစို့ကွာ။ သော်သော်က မင်းကို ရိုက်မလို့ လက်ရွယ်လိုက်တာနဲ့၊ မင်းက လက်ညှိုးထိုးပြီး “အာ၊ဒိ၊ပု” “ပု၊ ဒိ၊ အာ” လို့ ဆိုလိုက်ရင် သော်သော်က ရိုက်လို့ မရတော့ဘူး။ လေထဲမှာ လက်ကြီးက ဟောဒီလိုကြီး ရပ်နေရော”

“တကယ်လား ဘဘတိုး”

“တကယ်ပေါ့ကွ၊ မင်းအဖေတို့၊ အမေတို့ မင်းကျူရှင် ဆရာမတို့ ရိုက်မလို့ ဒုတ်နဲ့ မင်းကို ရွယ်လိုက်တာနဲ့ မင်းက အာဒိပု၊ ပုဒိအာ ဆိုလိုက်ရင် သူတို့ရဲ့ ဒုတ်ကြီးက ရိုက်လို့ မရတော့ဘဲ လေထဲမှာ ဟောဒီလိုကြီး ရပ်နေရော”

“ဟာ… ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”

ဒီနေရာ အရောက်မှာ မောင်စွမ်းပြည့်ဟာ တကယ့်ကို ဟတ်ထိသွားပြီး အလွန်တရာ သဘောကျ ရွှင်မြူးစွာနဲ့ ခုန်ပေါက်တောင် ကလိုက်သေးတယ်။ ပြီးတော့မှ သူ့ဘဘတိုးကို “ခုထိုးပေး၊ ခုထိုးပေး” လုပ်တော့တာပေါ့။ ဘဘတိုးမှာ ဘယ်လို ရှောင်ရှားရလဲဆိုတော့ ကန်တော့ပွဲ ပစ္စည်းစုံမှ ထိုးလို့ရမယ်ဆိုတဲ့ နည်းနဲ့ပေါ့။ ကန်တော့ပွဲထဲမှာ အရေးကြီးဆုံး ပစ္စည်းက ဘာလဲဆိုတော့ ကလေး ဘယ်လိုမှ မတတ်နိုင်တဲ့ ဘလက်လေဘယ် ဝီစကီအကြီးတစ်လုံးတဲ့လေ။ “မင်း မုန့်ဖိုးတွေ စုဦးကွာ” ဆိုတော့ ဒီကောင့်မှာ မချင့်မရဲနဲ့ “သား မုန့်ဖိုးတွေ စုပြီးရင် ထိုးပေးရမယ်နော်” ဆိုပြီး ငြိမ်ရတော့တာပေါ့။

ဒါပေမယ့် အာ၊ဒိ၊ပု၊ပု၊ဒိ၊အာ ထိုးဆေးကို ဒီကောင့်စိတ်ထဲမှာ ဘယ်လောက် စွဲလန်းနေလဲဆိုတော့ ဆို၊က၊ရေး၊တီး ပြိုင်ပွဲချိန် တစ်ညသားမှာ မဟာဇနက ဇာတ်တော်ကြီးကို ကျွန်မတို့ သွားကြည့်ကြတော့ ဝါသနာပါတဲ့ သူ့အမေနဲ့ သူနဲ့ သားအမိနှစ်ယောက် လိုက်လာကြတယ်။ ပွဲမစခင်မှာတော့ အမျိုးသား ဇာတ်ရုံကြီးထဲမှာ ဒီကောင်တအား ပျော်မြူးတတ်ကြွနေတာပေါ့။ ပွဲလည်း စရော၊ ဒီကောင် ဆယ့်ငါးမိနစ်တောင် မခံဘူး။ စိတ်ညစ်တွန့်လိမ် လာတော့တာပဲ။ ငါးနှစ်သားနဲ့ နောက်ပိုင်းဇာတ်တွေ့ကြတော့တာကိုး။

 ခဏနေတော့ ကျွန်မနားကပ်ပြီး ကိုယ်တော်ချောလေးက စိတ်ပျက်လက်ပျက် ဘယ်လိုများ ညည်းညူလိုက်တယ် မှတ်လဲ။ “သူတို့ကဗျာ စကားပြောရင် ဘာဖြစ်လို့ ငို ငို ပြောကြတာလဲဗျာ” တဲ့။ ကဲ… ကျွန်မမှာ ရှင်းပြလို့လည်း မဖြစ်နဲ့ နောက်တစ်ခန်းကျ သင်္ဘောကြီးလာမှာကွ။ လေမုန်တိုင်းတွေလည်း လာလိမ့်မယ်။ ကြည့်၊ ကြည့် လိမ္မာတယ်” ပဲ လုပ်ရတော့တာပေါ့။ ဒီကောင်ခမျာမှာတော့ အာလူးကြော်ထုတ်တွေ၊ မုန့်ထုတ်တွေကို တကြွပ်ကြွပ် ဖောက်စား၊ စိတ်ညစ်တွန့်လိမ်နေရာက ဇနကမင်းသား၊ သူ့မယ်တော်နဲ့ ကုန်ရောင်း ကုန်ဝယ်ထွက်ခါနီး ခွင့်ပန်နှုတ်ဆက် ငိုယိုကြပြီး မယ်တော့ကို ကန်တော့ပြီးအထွက် “သား” “သား” ဆိုပြီး လိုက်ရင်း လက်ကို ဆန့်တန်းလိုက်တာကို (Freeze) ဖမ်းပြီး ရုပ်သေလည်း လုပ်လိုက်ရော မောင်စွမ်းပြည့်ဟာ မုန့်ထုတ်ကို လွှတ်ချပြီး အားရပါးရ ထအော်တော့တာပဲ။

“ဟာ… ဟိုမှာ ကြည့် အန်တီနု၊ သူ့သားက သူ့အမေကို “အာဒိပု ပုဒိအာ” လုပ်လိုက်တော့ သူ့အမေကြီး လက်ကြီးတန်းလန်းနဲ့ ရပ်သွားပြီ။ မိုက်တယ်ဟေ့”

အသံကြီးကလည်း အကျယ်ကြီးပဲ။ ကျွန်မတို့မယ် ရယ်လိုက်ရတာလည်း မပြောနဲ့။ သူ့မှာလည်း နောက်ရက်တွေထိ ပြောလို့ မဆုံးတော့ဘူး။ ဒီကောင်က စကားကြွယ်ကြွယ်နဲ့ ပုံပြောတာကလည်း ဝါသနာ အလွန်ပါတာကိုး။ ဒီအရွယ်ဆိုတော့ ပုံနားထောင်ရမယ်ဆိုရင်လည်း ကြိုက်မှကြိုက်။ ကျွန်မကိုကျတော့ သူက မေးခွန်း သိပ်မမေးဘူး။ ပုံပဲတွင်တွင် ပြောခိုင်းတော့တာပဲ။ ကျွန်မ ပြောပြတဲ့ ပုံပြင်တွေနဲ့ သူပြောပြတဲ့ ပုံပြင်တွေဟာ လုံးဝမတူဘူး။ ဆန့်ကျင်ခြားနားကြပြီး တစ္ဆေသရဲပုံပြင်တောင်မှ သူက “စက်ရုပ်သရဲ” တဲ့။ “ပါဝါရိန်းဂျား” ဆိုတာကတော့ ဒီကောင့်ပါးစပ်ဖျားက ဘယ်တော့မှ မချတဲ့နာမည်ပေါ့။

တစ်ညနေ၊ မိုးချုပ်စပြုတဲ့ နေဝင်ရီတရော အချိန်လေးမှာတော့ ကျွန်မတို့ အခန်းတံခါးကို တဘုံးဘုံးထုနှက်၊ အော်ဟစ်သံတွေနဲ့ အတူ ကျွန်မတံခါး ဖွင့်လိုက်တာနဲ့ တစ်ဟုန်ထိုး ပြေးဝင်လာတဲ့ လူကြီးလူကောင်းလေး သုံးယောက်ဟာ ကြောက်လန့်နေတဲ့ အသံတုန်လေးတွေနဲ့ “ခွေးသရဲ… ခွေးသရဲ” တဲ့။ မောင်စွမ်းပြည့်ရယ်၊ သော်သော်ရယ်၊ မဒေးရယ်လေ။ ကျွန်မကိုလည်း အားကိုးတကြီး ဝိုင်းဖက်တွယ်ထားလိုက်တာမှ။

“ဘာလဲကွ၊ ဖယ်စမ်းပါဦး၊ အန်တီနုကို ပြောစမ်းပါ။ ဘာဖြစ်တာလဲ”

“ခွေးသရဲ အန်တီနုရဲ့၊ သားတို့ တွေ့ခဲ့တယ်”

“ဟုတ်တယ်။ ခွေးသရဲ သော်တို့ တိုက်အောက်မှာ…”

“ဟုတ်တယ်၊ မီးကြောက်တယ်”

သုံးယောက်သား ငိုမဲ့မဲ့လေးတွေနဲ့၊ တကယ့်ကို ကြောက်နေလိုက်တာများ ယောကျ်ားဘသားကြီး မောင်စွမ်းပြည့်တောင် မျက်ရည်တွေ ဝိုင်းလို့။ မဖြစ်တော့ဘူး။ မေးစမ်းမှုပြုပြီး ချော့မော့နှစ်သိမ့်တဲ့ အလုပ်ကို လုပ်ရတော့မယ်။

“ကဲ… ခွေးသရဲကို ဘယ်မှာတွေ့လာလဲ။ ပြောပါဦး”

“သားတို့ တိုက်အောက်က၊ သစ်ပင်တွေ ကြားထဲမှာ… ခွေးသရဲက ဘယ်လိုပုံစံရှိလဲ… ကဲ”

“ဟို … ခွေးသရဲက အသားမည်းတယ်၊ မျက်လုံးပြူးတယ်၊ အစွယ်ကြီးတွေလည်း ပါတယ်။ သားတို့ကို ကိုက်မလို့ လိုက်တယ်”

“ဟုတ်တယ်… ကြောက်ဖို့ ကောင်းတယ်…”

“အဲဒါ ခွေးသရဲ မဟုတ်ဘူးကွ။ ဒီတိုက်မှာ သားတို့ မမြင်ဘူးတဲ့ ခွေးအမည်းတစ်ကောင် ဖြစ်မှာပါ။ နောက်ကို ခွေတွေနားကို သွားမဆော့နဲ့ ဟုတ်ပြီလား”

“ဟင့်အင်း… အန်တီနုကလည်း ခွေးအစစ်မဟုတ်ဘူး။ ခွေးသရဲ၊ သူက ခွေးအစစ်တွေကြားထဲမှာ ရောနေတော့ သူက ခွေးသရဲ”

“မဟုတ်ပါဘူးကွ၊ သားတို့ စိတ်ထင်တာပါ။ ကဲ ဒါဖြင့်လာ၊ အန်တီနုကို လိုက်ပြ ဘယ်နားမှာလဲ”

“ဟင့်အင်း သားတို့ မလိုက်ရဲဘူး၊ အန်တီနုဘာသာ သွားကြည့်၊ တိုက်အောက်မှာ”

ပြောရင်းဆိုရင်း မဒေးက ဝါးခနဲ ငိုချလိုက်တော့ မဖြစ်ချေတော့ဘူး။ ချော့မော့ပြီး သုံးကောင်စလုံး သူတို့ မိဘတွေဆီ ပြန်ပို့လိုက်ရတယ်။ သူတို့ မိဘတွေလည်း ရယ်မော ချော့မော့ကြပေါ့။ ဒါပေမဲ့ နောက်တစ်နေ့ မနက်ကတော့ မောင်စွမ်းပြည့်အမေ တီချယ်အိက “အန်တီနုရေ စွမ်းပြည့်တော့ဖျားနေပြီ။ ခွေးသရဲ၊ ခွေးသရဲနဲ့ ညက လန့်အော်တယ်” တဲ့။ လူကြီးတွေ ဦးနှောက်ခြောက်ကြတော့တာပေါ့။

 တကယ်တော့ ဒီကလေးသုံးကောင်ဟာ ဒီလောက်ကြောက်တတ်တဲ့ ကလေးတွေမှ မဟုတ်ဘဲ။ ဘယ်လို ခွေးမျိုးကိုများ မြင်ခဲ့လို့ပါလိမ့်ပေါ့။ နေဝင်ရီတရောအချိန် တိုက်အောက်ထပ် သူတို့ပြောတဲ့ သစ်ပင်တွေကြားမျာ ကြည့်တော့လည်း ခွေးအနက်၊ ခွေးအမည်းဆိုလို့ တစ်ကောင်မှ မတွေ့၊ တိုက်အောက်ကို လုံး၀ မဆင်းရဲတော့ဘဲ၊ သူတို့တွေဆီကနေ “ခွေးသရဲ” ဆိုတာ တခြားတိုက်တွေက ကလေးတွေဆီပါ ပျံ့နှံ့ ကူးစက်သွားပြီး နေဝင်ရီတရော ကလေးတွေ ကစားပွဲတွေ သိမ်းတာနဲ့ “ခွေးသရဲ၊ ခွေးသရဲ” ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ချောက်လှန့်သံတွေ တိုက်တွေကြားမှာ ထွက်ပေါ်လာတတ်တယ်။

ဒီလိုနဲ့ တစ်ခုသော နေဝင်ရီတရော အချိန်မှာတော့ သူ့ဘဘတိုး စိတ်ဓါတ်မြှင့်တင်ပေးလိုက်တဲ့ “အာ၊ဒိ၊ပု၊ ပု၊ဒိ၊အာ” အားကိုးနဲ့ တိုက်အောက်ဆင်းဆော့တဲ့ မောင်စွမ်းပြည့်တစ်ယောက် “ခွေးသရဲ၊ ခွေးသရဲ” ဆိုတဲ့ အသံကုန် အော်သံနဲ့အတူ ကျွန်မတို့ အခန်းထဲကို ဒရောသောပါး ဝင်ပြေးလာပြန်ပါလေရော။ “သား.. ဘယ်မှာလဲ ဘယ်မှာလဲ” ဆိုတော့ ငှက်ပျောပင်တွေ ကြားထဲမှာ ဆိုပြီး ငိုပါလေရော။ ဒီကောင့်ကို သူ့ဘဘတိုး လက်ထဲထားပြီး တိုက်အောက်ကို ကျွန်မ ကပျာကရာ ပြေးဆင်းလာခဲ့တယ်။ ကျွန်မတို့ တိုက်ရှေ့မှာ သစ်ပင်အုပ်တွေထဲကို ကျွန်မ တိုးဝင်ခဲ့တယ်။ မောင်စွမ်းပြည့် ပြောတဲ့ ငှက်ပျောပင်အုပ်နား ကျွန်မ အရောက်မှာတော့ “ဂဲ” ခနဲ ကြားလိုက်ရတဲ့ ခွေးမာန်ဖီသံတစ်သံ၊ ပြောက်တိပြောက်ကျား တိုးဝင်နေတဲ့ မီးရောင်တွေ ကြားမှာ ခွေးအနက်ရောင်ကို ကျွန်မရှာပေမယ့် ဘယ်လိုမှ မတွေ့ရဘဲ၊ ငှက်ပျောပင်အုပ်ကြားမှာ ကျွန်မ လှမ်းတွေ့ရတာက ပေါက်နေတာ ရက်တော်တော်ကြာပြီ ဖြစ်တဲ့ အညိုရောင် ခွေးသားအုပ်မ မိသားစုနဲ့၊ တခြားခွေးတွေ။ မာန်ဖီချင်သေးတဲ့ ခွေးသားအုပ်မကို လေချွန်၊ လက်ဖျောက်တီး ချော့မော့ရင်း ကျွန်မ အနားတိုးကပ် ကြည့်လိုက်တော့ တွေ့ပါပြီ။ လူကြီးကိုတောင်မှ ထိတ်ခနဲ ဖြစ်သွားစေတဲ့ “ခွေးသရဲ”နဲ့ ကျွန်မ ရင်ဆိုင်လို့ တွေ့ကြပါပြီ။ ခွေးညိုမရဲ့ နို့ကို ခွေးပေါက်လေးတွေနဲ့အတူ လုယက်တိုးဝှေ့ စို့နေတဲ့၊ ညစ်ထေး မည်းမှောင်လှတဲ့ အသားအရေနဲ့ လူမျက်နှာလေးတစ်ခုကို ကျွန်မ မယုံနိုင်သလို ကြည့်နေမိပါတယ်။

တကယ်တော့ “ခွေးသရဲ” ဟာ မောင်စွမ်းပြည့်တို့ထက် နှစ်နှစ်လောက်ပဲ ကြီးမယ့် လူမမယ်၊ ကလေးငယ်လေး တစ်ယောက်ပါ။

                                  * * * * *

“သားက ဘယ်မှာ နေတာလဲ”

“ဒီအုတ်နံရံကြီးရဲ့ ဟိုးဘက် အဝေးကြီးမှာ”

“သားမှာ အဖေတို့ အမေတို့ ရှိလား”

“အဖေရှိတယ်၊ အမေမရှိဘူး။ သေသွားပြီ”

“အော်.. သားမှာ ညီအစ်ကို မောင်နှမတွေရော ရှိလား”

“ရှိတယ်”

“ရှိရင် သားက သူတို့နဲ့ ကစားလို့ရတာပဲ။ ခွေးတွေနဲ့ အကြာကြီး မကစားရဘူးနော်။ နေမကောင်း ဖြစ်တတ်တယ်”

“ခွေးတွေက ကျွန်တော့်ကို ချစ်တယ်။ လူတွေက ကျွန်တော်နဲ့ မကစားဘူး”

“ပြီးတော့ ခွေးရဲ့ နို့ကိုလည်း မစို့ရဘူး သိလား”

“ကျွန်တော့်အမေရဲ့ နို့ကိုမှ မစို့ရပဲ”

ငှက်ပျောပင်ကြားက ဆွဲထုတ်ပြီး ကျွန်မတို့ လူကြီးတွေ မေးသမျှ မေးခွန်းတွေကို ကလေးကတော့ အေးအေးလေး ဖြေသွားခဲ့ပါတယ်။ ကျွန်မတို့မှာသာ ဆက်မမေးနိုင်ကြတော့ဘဲ မုန့်ကျွေးရမလို၊ ရေတိုက်ရမလို ဖြစ်ကုန်ကြတုန်း နှုတ်သွက်လျှာသွက် မောင်စွမ်းပြည့်က သူသိချင်တဲ့ မေးခွန်းကို ဝင်မေးတယ်။ “ကိုကြီး နာမည် ဘယ်သူလဲ” တဲ့။ အားလုံး သူ့ကို ဝိုင်းကြည့်ကြတယ်။ သူကတော့ မောင်စွမ်းပြည့်ကိုပဲ ပြုံးစိစိကြည့်လို့။ “ခွေးသရဲ”တဲ့လေ။ ကြည့်စမ်း၊ ဒီနာမည်ကို သူသိနေတာပဲ။ မောင်စွမ်းပြည့် တစ်ယောက်ကတော့ သူ့အမေ ရင်ခွင်ထဲ တိုးဝင်ပုလို့။ ကျွန်မတို့ အားလုံး ရယ်မောကြရင်း အဲဒီနေ့ကစလို့ သူကလေးဟာ ကျွန်မတို့ တိုက်တွေကြားမှာ “ခွေးသရဲ” လို့ပဲ အမည်တွင်တော့တယ်။

“ကလေးက Isolation ဖြစ်နေတာ။ သူ့ကို ဂရုစိုက်မယ့်သူ၊ အရေးတယူ လုပ်တဲ့သူ မရှိတော့ အထီးကျန် ဖြစ်နေတာ၊ ဒီအရွယ်တွေမှာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံနိုင်ဖို့ ရွယ်တူ ကစားဖော် စကားပြောဖော် ပြောဖက် သူငယ်ချင်းလိုတယ်။ ရွယ်တူ အုပ်စုလေးတွေ ကစားကြ၊ စကားပြောကြ၊ နေထိုင်ကြရင်းနဲ့မှ စည်းကမ်းဆိုတာကို အလိုလို နားလည်လိုက်နာ သဘောပေါက်လာကြတာကိုး။ ဒီကလေးမှာ သူ့ကို ဘယ်သူကမှ အရေးတယူ မဆက်ဆံတော့ ခွေးတွေနဲ့ သွားနေတော့တာပေါ့။ ခွေးတွေနဲ့ ကစားမယ်၊ စကားပြောမယ်၊ သူ့အတွက် ကြာရင် ဘယ်ကောင်းမလဲ။ ကိုယ်တို့အားလုံး ဝိုင်းပြီး မေတ္တာပေးနိုင်ရင် အရေးတယူ လုပ်ပေးနိုင်ရင် မဆိုးပါဘူး”

မောင်စွမ်းပြည့်တို့ရဲ့ ဘဘတိုးကတော့ သူ့ရဲ့ဆိုက်ကိုလိုဂျီ ရှုထောင့်ကနေ သုံးသပ်ရှုမြင်ပြီး သူတတ်နိုင်သမျှ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။

ခွေးသရဲလေးနဲ့ မောင်စွမ်းပြည့်တို့အဖွဲ့ ရင်းနှီးအောင် စကားပြောခိုင်းတာမျိုး၊ သူ့ကို အရေးတယူ မုန့်ကျွေးတာမျိုးတို့ပေါ့။ တခြားသူတွေ တော်တော်များများကလည်း မုန့်ကျွေးကြ၊ အဝတ်အစားလေးတွေ ပေးကြနဲ့ ဖြည်းဖြည်းချင်း ခွေးသရဲလေးက ကျွန်မတို့တစ်တွေကို ဘယ်လို တုန့်ပြန်လာတယ်မှတ်လဲ။

သူ့ကို ခုချိန်ထိ ရွံ့တွန့်တွန့် ဖြစ်နေသေးတဲ့ မောင်စွမ်းပြည့်တို့ ကလေးအုပ်စုကို တစ်မနက်မှာ အံ့သြဖွယ်ရာ သူတည်ဆောက်ထားတဲ့ ကစားစရာ ကားအဝေးပြေး စခန်းလေးကို ခေါ်ပြရှာတယ်။ မောင်စွမ်းပြည့်တို့တွေ အံ့သြသဘောကျ ပျော်ရွှင်သွားစေတဲ့ ကားအဝေးပြေးစခန်းလေးကို ခွေးသရဲလေးက အမှိုက်ပုံထဲက ရေသန့်ဗူးဟောင်းတွေနဲ့ လုပ်လို့၊ လမ်းတွေကို အစီအရီ သပ်သပ်ရပ်ရပ်၊ စက္ကူအဝိုင်းအတွန့်လေးတွေ ချိုးထားတဲ့ လေရဟတ်လေး တစ်ခုတောင် ပါသေးတယ်။ သူ့ရဲ့ ဉာဏ်ကောင်းမှုကို ကျွန်မတို့ တအံ့တသြ တွေ့ကြရတာပါပဲ။ ချက်ချင်း မောင်စွမ်းပြည့်တို့ အဖွဲ့က “ကိုကြီးခွေးသရဲ” ဖြစ်သွားကြတော့တယ်။

ကျွန်မတို့ လူကြီးတွေကို ခွေးသရဲလေး တုန့်ပြန်ပုံကတော့ တိုက်ပေါ်ကနေ အမှိုက်သွားပစ်ဖို့ ဆင်းလာတဲ့ဆရာ၊ ဆရာမတွေရဲ့ လက်ထဲက အမှိုက်ခြင်း၊ အမှိုက်အိတ်တွေကို အတင်းဆွဲယူပြီး အမှိုက်ပုံမှာ သွားပစ်ပေးတော့တာပဲ။ တဖြည်းဖြည်းနဲ့ ခွေးသရဲလေးကို တိုက်ရဲ့ တရားဝင် အမှိုက်ပစ်သမားလေးအဖြစ် သတ်မှတ်ကြရပြီး သူအမှိုက်တစ်ခါ ပစ်ပေးတိုင်း မုန့်ဖိုးနှစ်ဆယ်၊ ငါးဆယ်ထိ ပေးကြတယ်။ သူ့အတွက် မုန့်တို့၊ ဟင်းတို့၊ ထမင်းတို့လည်း ချန်ထားကြတယ်။ ခွေးတွေကိုတော့ သူက ချစ်ခင်နေမြဲ၊ ခွေးတွေကလည်း အံ့သြဖို့ကောင်းအောင် သူ့ကို ချစ်ကြတာများ။ သူ့နောက်ကို တကောက်ကောက် လိုက်နေတဲ့ ခွေးအုပ်တစ်အုပ် အမြဲတမ်းရှိတယ်။ အမှိုက်ပစ်ဖို့ တစ်ခန်းဝင် တစ်ခန်းထွက် သူလာပြီဆိုရင် သူ့နောက်မှာ “ရန်လုံ” ဆိုတဲ့ အင်မတန် ကြီးမားထွားကျိုင်းတဲ့ ခွေးကြီးတစ်ကောင်က အမြဲ ပါလာတတ်တယ်။ သူ့ကို စောင့်ရှောက်ပြီး လိုက်လာသလိုပဲ။ သူကလည်း သူ စားရသမျှတွေကို ဝေမျှပေးလို့။ ကျွန်မတို့မှာ သူ့ကို တကြည့်ကြည့်နဲ့ အကဲခတ်ရင်း၊ မောင်စွမ်းပြည့်တို့အတွက် သူလုပ်ပေးတဲ့ ကစားစရာ တီထွင်ဉာဏ်တွေက တဖြည်းဖြည်း ပိုကောင်းလာတာကို သဘောကျရင်း နောက်နှစ်နှစ်လောက်နေရင် ကျွန်မတို့နားက ကားဝပ်ရှော့မှာ ခွေးသရဲလေးကို အလုပ်သင်အဖြစ် အပ်ပေးမယ်လို့ တိုင်ပင်ထားကြတယ်။

“ကကြီး… လိုက်ဆိုလေကွာ.. ကိုကြီးခွေးသရဲကလဲ”

“ကကြီး….”

“ဟုတ်ပြီ… ခခွေး”

“ခခွေး”

“ကျယ်ကျယ်ဆိုနော် သားက ဆရာကြီးဗျ။ ဆရာကြီး ဦးစွမ်းပြည့်၊ တီတီကျောင်းက သိလား”

“ဟေ့ ငါက ဆရာမကြီး ဒေါ်သော်သော်။ ငါက တက္ကသိုလ်က ဆရာမ။ ငါ့အမေလိုပဲ။ ငါက ကိုကြီးခွေးသရဲကို အင်္ဂလိပ်စာ သင်ပေးမယ်။ အေလို့ ဆိုလေ။ လိုက်ဆိုလေ ကိုကြီးခွေးသရဲ”

“အေ”

“ဘီ”

“ဘီ”

“နေဦးဟာ ငါသင်ဦးမယ်။ ကိုကြီးခွေးသရဲ ကကြီး၊ ခခွေး ဆိုဦး”

ကျွန်မတို့ လူကြီးတွေ ကြည့်ပြီး ရယ်မောကြည်နူးရတဲ့ ဆရာ၊ ဆရာမ လုပ်တမ်းကစားရင်း သူတို့ ကိုကြီးခွေးသရဲကို စာသင်ပေးကြတဲ့ ကလေးများရဲ့ တစ်ခုသော တနင်္ဂနွေနေ့ နံနက်ခင်းရဲ့ အဖြစ်အပျက်လေး တစ်ခုကို ကျွန်မတို့တတွေ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပါဘူး။

အဲဒီနေ့ဟာ ကျွန်မတို့ဆီမှာ အလွန်တရာ များပြားနေတဲ့ ခွေးတွေကို စည်ပင်သာယာက အမဲလုံးနဲ့ သန့်ရှင်းရေးလုပ်တဲ့နေ့ ဖြစ်နေခဲ့ပါတယ်။ စည်ပင်သာယာကားကြီး ထိုးဆိုက်လာပြီး ဝန်ထမ်းတွေက ချောင်ကြို ချောင်ကြားက ခွေးသေတွေကို စုဆောင်းကောက်ယူပုံကြတဲ့ အချိန်မှာပဲ ဝိုင်းကြည့်နေကြတဲ့ လူတွေနဲ့ ကျွက်စီကျွက်စီလည်း ဖြစ်လာရော မောင်စွမ်းပြည့်တို့ ကလေးအုပ်စုကြီး ခွေးသရဲကို စာသင်နေရာက ကျွက်စီကျွက်စီ ဖြစ်တဲ့နေရာကို ပြေးကြတော့တယ်။

ပြေးလာတဲ့ ခွေးသရဲဟာ ခွေးသေပုံကြီးရဲ့ ရှေ့မှာ တုန့်ကနဲ ရပ်တန့်သွားပြီး မမှိတ်မသုံ ရပ်ကြည့်နေတာဟာ နည်းနည်းလေးတောင်မှ မလှုပ်ခဲ့ဘဲ သူလှုပ်လာတဲ့ အချိန်ဟာ ဘယ်အချိန်လည်းဆိုတော့ ခွေးသေပုံရဲ့ အောက်ဆုံးက ပေါ်လာတဲ့ သူ့ “ရန်လုံကြီး” ကို စည်ပင်သာယာ ဝန်ထမ်းတွေက ကားထဲဆွဲတင် ပစ်လိုက်တဲ့ အချိန်နဲ့ ကားတံခါးကို “ဂျိန်း” ကနဲ ပိတ်လိုက်တဲ့ အချိန်မှာပေါ့။

ခွေးသရဲဟာ အသံကုန် စူးစူးဝါးဝါး ဟစ်အော်လိုက်တယ်။ ပြီးတော့ ခုန်ပေါက်တယ်။ ပြီးတော့ ထွက်သွားတဲ့ ကားနောက်ကနေ ပြေးလိုက်တော့တာပဲ။ သူ့ပါးစပ်က တတွတ်တွတ် အော်သွားတာက… “ကျွန်တော့်အမျိုးတွေ သေသွားပြီ…၊ ကျွန်တော့် သူငယ်ချင်းတွေ သေသွားပြီ” တဲ့။

မမျှော်လင့်တဲ့ အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားတဲ့ ဒီအဖြစ်အပျက်လေးပြီးတဲ့ အချိန်ကစပြီး ခွေးသရဲလေးဟာ ပျောက်ချင်းမလှ ပျောက်လို့ ကျွန်မတို့ဆီကို ပေါ်မလာတော့ပါဘူး။

                                   * * * * *

နေ့လယ်တစ်နာရီတိတိ၊ အပြင်က ပြန်လာတဲ့ ကျွန်မတို့ ကားလေး တအိအိနဲ့ ကျွန်မတို့ရဲ့ ဆရာများ ရိပ်သာထဲကို ဝင်လာတဲ့ အချိန်ဟာ ထုံးစံအတိုင်း ငြိမ်သက်တိတ်ဆိတ်လို့။

ကားထဲက ပစ္စည်းပစ္စယတွေကို မနိုင်မနင်း သယ်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ ကျွန်မတို့ကား ဆိုက်တာနဲ့ မြင်တဲ့နေရာကနေ အပြေးလာကြိုတတ်တဲ့ ခွေးသရဲလေးကို ကျွန်မမယ် သတိရပြန်ရော။ ပစ္စည်းတွေကို သယ်ပေး၊ ကားတံခါးကိုလည်း သိပ်ပိတ်ချင်တာပဲ။

ခုဆိုရင် ခွေးသရဲလေး ပေါ်မလာတာ သုံးလေးလတောင် ရှိခဲ့ပါပြီ။ ညနေစောင်းရင် “ဒေါက်… ဒေါက်” ဆိုပြီး “အမှိုက်ရှိလား” လို့ စကားမပြောဘဲ အချက်ပေးတတ်တဲ့ ခွေးသရဲရဲ့ တံခါးဘောင် ခေါက်သံလေးကို ကျွန်မတို့ အားလုံး လွမ်းကြရပါတယ်။

မောင်စွမ်းပြည့်ဆို သူ့အမေကို ဂျေဒိုးနတ် မုန့်ဘူးနဲ့ ကျောင်းသားတွေ လာကန်တော့ပြီဆိုရင် “ကိုကြီး ခွေးသရဲအတွက်” ဆိုပြီး ချန်ရတာ အမော။ ကျွန်မလည်း လှည်းတန်းဈေးက ဦးထုပ်လေးတစ်လုံး ဝယ်ထားမိပါတယ်။ ပစ္စည်းတွေိကု ကျွန်မတို့နှစ်ယောက် မျှတသယ်ရင်း တိုက်ပေါ်ကို အတက်၊ လှေခါးတဆစ်ချိုး ထောင့်ကွေးလေးကို အရောက်မှာတော့….။

“ဟာ… ခွေးသရဲလေး”

ကျွန်မရဲ့ ဝမ်းသာအားရ လွှတ်ခနဲ အော်သံ၊ ကျွန်မခင်ပွန်းသည်ကလည်း “ဒီကောင် ပြန်လာပြီ” တဲ့။

ဒါပေမယ့် ခွေးသရဲဟာ ကျွန်မတို့ကို လုံး၀ မော့မကြည့်ပါဘူး။ မကြည့်အားဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်။ ခွေးသရဲဟာ အလုပ်တစ်ခုကို အလွန်တရာ အာရုံစိုက်ပြီး လုပ်နေလို့ပါ။ သူ့ဘေးမှာ သေချာနယ်ထားတဲ့ ရွှံ့ပုံကြီးတစ်ခု ရှိပါတယ်။ ရွှံ့ပုံကြီးဘေးမှာတော့ အလွန်လက်ရာမြောက်လှတဲ့ ရွှံ့ရုပ်လေးများစွာ၊ ဘာရုပ်လေးတွေလည်းလို့ မေးစရာလိုမယ် မထင်ပါဘူး။ ခွေးရုပ်ကလေးတွေပေါ့။ အရွယ်အစား အမျိုးမျိုးနဲ့ ခွေးရုပ်ပေါင်းများစွာ၊ တချို့ ရွှံ့ခြောက်စ၊ တချို့က စိုနေဆဲ။ အကြီးဆုံး ခွေးရုပ်ကလေး တစ်ရုပ်ကတော့ နားရွက်ဖားဖား၊ အမြီးကြီးကြီး သေချာပါတယ်။ ဒါ ခွေးသရဲရဲ့ “ရန်လုံကြီး” ပဲပေါ့။ သူ့လက်ထဲမှာလည်း လုပ်လက်စ ခွေးရုပ်လေးဟာ တဖြည်းဖြည်း ပီပြင်ထင်ရှားလာလို့၊ သူဘယ်လောက်များ စိတ်ဝင်စားနေလဲဆိုရင် မျက်နှာတစ်ခုလုံး ချွေးတွေတောင် သီးပြီး တတောက်တောက်ကျလို့။

“ခွေးသရဲ သား ဟေ့ကောင်”

သူ့လုပ်လက်စ ခွေးရုပ်လေး အပြီးသတ်တဲ့ အချိန်ကို စောင့်ပြီးမှ ကျွန်မ ခေါ်တာပါ။ ဒါပေမယ့် သူ ကျွန်မကို လုံး၀ မကြည့်ပါဘူး။

“ခွေးသရဲ မင်း ဘယ်လျှောက်သွားနေတာလဲကွာ ပြောပါဦး”

ကျွန်မ ခင်ပွန်းရဲ့ တရင်းတနှီး လေသံကိုလည်း သူက ဂရုမစိုက်ပါဘူး။ သူ ဂရုတစိုက် စူးစိုက်ကြည့်နေတာက သူ့ရှေ့က ခွေးရုပ်ကလေးတွေကိုပါ။ ရုတ်တရက် ခွေးသရဲဟာ ဝမ်းသာအားရ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။ ပြီးတော့ ခွေးလေးတွေကို သိမ်းကြုံးပွေ့ဖက်လို့။

“ကျွန်တော့အမျိုးတွေ ပြန်လာပြီ။ ကျွန်တော့ သူငယ်ချင်းတွေ မသေတော့ဘူး”

အော်ရင်း ဟစ်ရင်းကပဲ ခွေးသရဲဟာ သူ့ခွေးရုပ်လေးတွေကို အကြမ်းပတမ်း ချေမွ ဖျက်ဆီးလိုက်တော့တယ်။

“မလုပ်နဲ့လေ၊ ခွေးသရဲ မလုပ်နဲ့”

ခွေးသရဲဟာ ကျွန်မကို လုံး၀ ဂရုမစိုက်တော့ပါဘူး။ ခွေးရုပ်လေးတွေကိုသာ အငြိုးတကြီး ချေပွရိုက်ပုတ်ရင်း သူ… ငိုနေတာပါ။

မျက်စိမျက်နှာပျက်စွာနဲ့ ကျွန်မခင်ပွန်းကို အားကိုးတကြီး ကြည့်လိုက်မိတော့… ကလေးစိတ်ပညာ အထူးပြုနဲ့ ဘွဲ့ရ၊ သင်ကြားနေသူဟာ မျက်စိမျက်နှာ ပျက်စွာနဲ့ ကျွန်မကို ပြန်ကြည့်လို့။ ကျွန်မတို့ ဘယ်လိုလုပ်ရမှာလဲ။

---------------

နုနုရည်( အင်းဝ )

Friday, 25 November 2011

[ ဆရာမ နုနုရည်ဘလော့ဂ်မှ ကူးယူပါသည်။ဆရာမအား ကျေးဇူးတင်ပါသည်။ ]

ပြန်လည်မျှဝေပါသည်။

#ZawOo

Friday, 17 July 2020

ရာသီမိုး ( ဇာတ်သိမ်း ) #ကြည်အေ

#ရာသီမိုး

( ဇာတ်သိမ်း )

#ကြည်အေး

                                  ( ၃ )

"မိအေးနော် ... တင်ဆွေနဲ့ တော်တော်ရော... တော်ကြာမှ ရီဟ ရီဟနဲ့ နွားပြာကြီး အောက်သွားမရှိဘဲ ဖြစ်နေဦးမယ်"

ဤသို့အမေက မျက်နှာတိ မျက်နှာထားနှင့် ပြောသော် အေးအေးသည် ထိတ်လန့်အံ့အားသင့်ကာ
ဘာကိုနားလည်ရမလဲဟု စဉ်းစား၍မရဖြစ်လေ၏။ အမေ့ စကားလုံးကိုလည်း စက်ဆုပ်ရွံရှာသည်။
ကိုကိုမောင်ဆွေဘက်ကလည်း နာသည်။ မိမိအတွက်တော့ ကြောင်တိကြောင်တောင် ဖြစ်ရအောင်ကို ရှက်ကြောက်တုန်လှုပ်၏။ ဒေါသလည်း ပြင်းစွာထွက်၏။ ဝမ်းနည်းငိုချင်ကြီးလည်းဖြစ်၏။ အမေ့ကို မုန်း၍သွား၏။ ရန်သူလို သဘောထားမိလေသည်။အမေသည်သမီးငယ်၏ ရပ်တည်ရာမရအောင် ထိခိုက်သွားပုံကို ရိပ်မိဟန်ဖြင့်
အသံအနည်းငယ်ပျော့လာသည်။

"တင်ဆွေဆိုတာ အနုမရ၊ အကြမ်းမရ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား အကောင်မျိုး... မအေးရဲ့ ...။
ဆွေမျိုးစပ်ပေမယ့် သစ္စာစောင့်တတ်တဲ့ လူမျိုးမဟုတ်ဘူး၊ ကိုယ်လဲအရွယ်ရောက်လာပြီပဲ၊
ပွတ်သီးပွတ်သပ် နေလို့ဘယ်ဖြစ်မလဲ၊ မိန်းကလေးနဲ့ ယောက်ျားလေး..."

အေးအေးကမူကား နောက်ဆက်တွဲစကားများ နားမဝင်တော့ပြီ။ နှုတ်ခမ်းကိုကိုက်ပြီးသာ ကြိတ်ပြီးနေသည်။ ပါးစပ်ကဘာမှလည်း မရှင်းချင်တော့၊ ဘဝသည် ကြမ်းကြုတ်၍လာလေပြီ။

အိမ်မှာနေချင်စိတ်များ ပျောက်လျက်ရှိ၏။ ကိုကိုမောင်ဆွေဆီလည်း အရင်လောက်အခါခါ မသွား၊
စိတ်တွေညစ်လှ၏။ ထွက်ပြေးချင်၏။ စိတ်အမြဲဆိုး နေမိ၏။ ထူးဆန်းထွေပြားလှသည့်
စိတ်ဝေဒနာများဖြစ်ပေါ်နေပေ၏။ အားကိုးရာကိုရှာချင်၏။ မတွေ၊ ကိုကိုမောင်ဆွေ၏ အပြစ်ကင်းစင်သည်ဟု မိမိယုံကြည်သော မျက်နှာကို မှုန်ရေးရစ်ဝဲကာမြင်ရလေ၏။ဒုက္ခများ ဝိုင်းရံလျက်ရှိသည်ဟုထင်သည်။ အမေသည်မိမိကို အပြစ်ရှာလျက်ရှိသည်မဟုတ်လား။

အိမ်ရှေ့အိမ်မှာ ဂဏန်းသင်္ချာအပိုပြပေးသော ကုလားဆရာကြီးကိုလည်း လူပျိုကြီးမို့
မယုံစားရပြန်ပြီတဲ့၊ ဘယ်လိုဘယ်လိုမှန်းမသိ၊ အေးအေး၏ ကော်ပီစာအုပ်ထဲ လာဆွဲသွားသော
သွေးတစက်တစက်ကျသည့် မြားဒဏ်ရာနှင့် အသည်းပုံကိုလည်း အမေသည်စစ်ကြော မေးမြန်း၍မဆုံး၊နယ်လီစတာဟု ထင်သော်လည်း မပြောဝံ့ပြန်ချေ။

ယောက်ျားသူငယ်ကလေးများ အနားသို့ရောက်ပြီဆိုလျှင်တော့ အေးအေးသည် လှုပ်ပင်မလှုပ်ရဲတော့ချေ။ အမေ၏ စုံစမ်းမေးမြန်းနေသော မျက်လုံးများကား စူးရှပြင်းထန်လှချေ၏။သည်အထဲ အေးအေးကလည်း ကဲ၍ တညဆင်းကစားလိုက်သေး၏။ ပြေးရင်း ကစားရင်း နယ်လီမောင်လေးနှင့် ဖက်မိသည်ကို အိမ်ထဲမှာအိပ်ပျော်နေပြီဟု ထင်ရသော အမေကမြင်လိုက်ကာ"ထဦးဟဲ့ ဒီအရွယ်နဲ့ ထဦးဟဲ"ဟု လက်ဝါးနှင့် ကျောပြင်ကိုလည်း ချသေးသည်။

 သည်ဘဝမှာ ဘာများ ပျော်စရာရှိတော့သလဲ။
ထို့ကြောင့် သေသွားလျှင်ကောင်းမည်၊သေကြောင်းကြံစည်တော့မည်။မိဘများညှဉ်းပန်းရက်စက်မှုကြောင့် အပြစ်မရှိသော သမီးကလေး သတ်သေသွားရပုံကို စာပေတခုဖွဲ့နွဲ့ သွားမည်။ ထိုအခါ မိဘတို့သည် "တို့မှားလေခြင်း သမီးရဲ့ "ဟု ငိုကြွေးကြပေတော့မည်။နောင်တပူလောင်ကြပေတော့မည်။ လူသူလေးပါးကလည်း "အတော်မိုက်တဲ့ မိဘတွေပါကလား"ဟု ဆိုကာ မိမိကို သနားစုတ်သတ်ကြပေလိမ့်မည်။ အို... သိပ်ကောင်းမှာပဲ ဒါဟာအကောင်းဆုံး လက်စားချေနည်းပဲ။

သေသွား၍ တစ္ဆေဖြစ်လျှင်တော့ အကုန်လိုက်ချောက်မည်ဟုလည်း ဒေါသထား၏။ သို့သော်
တစ္ဆေဖြစ်လျှင် တခြားတစ္ဆေများနှင့် အတူနေရမှာကြောက်လိုက်ပါဘိ။မိမိ၏သတ်သေခြင်း ဝတ္ထုကို အလွန်းခန်းနားသည်ဟု ထင်စားလာ၏။
နောက်ဆုံး နှုတ်ဆက်ခဲ့တော့မယ်၊ ထိုခဏ၌ ဖခင်ဖြစ်သူကို သတိရ၏။ အဖေသည် ဘယ်လိုများ အငြိုးထားလေသည်မသိ၊ ဆံပင် အုပ်လုံးသိမ်းထားသည်ကိုလည်း ကုလားမနှင့်တူသည်ဟု ဆူစရာမရှိ ကြံဖန်ဆူ၏။ စိတ်နာသည်။ သူတို့ကို နှုတ်ဆက်စာပင် မရေးခဲ့ချင်တော့။

ဟောဒီ ဝရံတာက ခုန်ချလိုက်ရင်တော့ အုန်း ခနဲနေမှာပဲဟု တွေးကာဝမ်းနည်း၏။ မျက်ရည်များသည်
ကြွေကျသော သစ်ရွက်များလို တဖြောက်ဖြောက်ကျလေ၏။ နာကြည်းပြီးသည့်နောက် စွန့်ခွာရခြင်းသည် အလွန်လှသော ကဗျာတပုဒ်ကိုဖြစ်စေ၏။

အပြင်၌ လသည် အလွန်မြင့်ကာ ကြည်ကြည်လင်လင်သာလေပြီ။ တိမ်တို့သည် လနှင့်ဝေးရာသို့သွား၍ စုကာငြိမ်နေကြသည့်အခါ အားလုံးသည်ဖြူ၏။ ပုတိုသော အရိပ်နက်များက ဖြူသည့်အရာမှန်သမျှကို ပို၍ပင် ဖြူစေသေး၏။ အဖြူနှင့်အနက်သည် သေမင်းနှင့် သင်္ချိုင်းလိုပင် တွဲဖက်မိ၏။

 အေးအေးသည် လူစိတ်များပင် ပျောက်လျက်လာတော့သည်။ဝရံတာလက်ရမ်းကို မှီလျက်နေ၏။ နောက်ငါးမိနစ်အတွင်းမှာ လှုပ်ရှားခြင်းကြီးတခု ဖြစ်ပေါ်တော့မည်။သို့သော်လည်း ထိုခဏအတွင်းမှာတော့ အေးအေးသည် ခပ်ငြိမ်ငြိမ် မလှုပ်မယှက် နေချင်၏။ထို့ကြောင့် စိတ်အေးအေးထားကာ လမ်းပေါ်သို့ ငုံ့ကြည့်နေလိုက်သည်။

လှလိုက်တာနော်။

အေးအေး၏မျက်စိထဲ၌ ကာကီယူနီဖောင်းလောက်လှတာမရှိ။ ထို့ကြောင့် ပုလိပ်များ စစ်သားများကို
အစဉ်ချစ်သည်။ အထူးသဖြင့်ပုလိပ်များကို ပိုချစ်သည်။ သူတို့သည် သေးသွယ်နွဲ့ ပျောင်းနိုင်သည်။မေးကြိုးသိုင်း၍ ဦးထုပ်ဆောင်းလိုက်လျှင် မျက်နှာသည် ရှည်သွယ်ကာ မျက်လုံးမျက်ခုံးများ ပို၍ထင်လင်းလာပေ၏။

အေးအေးသည် ရင်မ၍ နှစ်ဆင့်ရှိုက်ကာ ငေးနေ၏။ ပတ်တရောင်လှည့်သော ပုလိပ်ကလေးသည်
သတ်သေမည်ကြံသော ကလေးမတယောက် ခေါင်းပေါ်တွင်ရှိနေမှန်း မသိဘဲ စက်ဘီးကိုဖြေးညှင်းစွာ
စီးလာ၏။ အလွန်ဖြေးညှင်းစွာ စီးလာလေ၏။ သူ့ဦးထုပ်ပေါ်၊ ပခုံးပေါ်၊ ဒူးပေါ်ကို လရောင်သည်
ဖြာယှက်ကွန့်မြူး၍ ကျလာလေ၏။

အလှကိုမြင်ခြင်း၊ ဘဝကိုငြီးခြင်း၊ လွတ်ရာကိုရှာခြင်းတို့သည် ပျက်ကယ်ဖြစ်ဖြစ်၊ တကယ်ဖြစ်ဖြစ်
နုပျိုလန်းဆတ်လှသေးသည့် နှလုံးထဲမှာ စုပေါင်းမိသည့် ဤအခါ၌ကား ဘယ်လမ်းမ မဆို
ငွေဖဲပြားတခွေ ဖြစ်နေမည်ဖြစ်၏။ ဘယ်သီချင်းမဆို လရောင်မှာ စောင့်ခိုင်းသည့် မှာတမ်းပင်
ဖြစ်နေမည်ဖြစ်၏။ အေးအေးသည်ကဗျာကို ရွတ်စပြုလေသည်။

လမင်းလဲ နေရစ်ပေတော့။

အေးအေးသည် တယောက်ထဲ လေလွင့်လာကာ အိပ်ယာထဲသို့ဝင်လေသည်။

                                  ( ၄ )

ယခုတော့ စိတ်ကူးတခု ဆန်းသစ်လေပြီ။ လောက၌ခေါင်းဝှက်၍ ငိုစရာ ရင်ခွင်တခုတော့ရှိရမည် ဖြစ်လေ၏။ ထိုစိတ်ကူးကြောင့် အားလည်းနွဲ့ ရ၏၊ ရင်လည်းနွေးရ၏။

အသက်ရှည်ရှည်လည်း နေချင်လာ၏။ အေးအေးသည် အနည်းငယ် ငြိမ်ဆိမ်သွား၏။ စိတ်သည်သာ
မမြင်ကွယ်ရာမှာမို့ ပျံသန်းလွင့်ပါနေပေ၏။
အမြဲတမ်း အိပ်မက်မက်နေသလို ဖြစ်နေပေ၏။ ပုံဝတ္ထုများကို ကြိုက်လာ၏။ စာဖတ်ပြီးနေချင်သည်။

ဘုရားရှိခိုးလျှင်တောင် ဖြူဖွေးအေးစက်သော ကျောက်ဆင်းတု၏ မျက်နှာကို မျက်တောင်မခတ်ကြည့်ခြင်းဖြင့်သာ အဆုံးသတ်၏။ ကြည်ညိုသဒ္ဓါစိတ်တွေပွား၏။တခါတရံတော့လည်း သီချင်းကိုစိတ်ပါလက်ပါဆိုပြီး အဆုံး၌ငိုကြီးချက်မ ငိုချရ၏။

စိတ်အာရုံတို့သည် ထွေဆန်းလှပေတော့သည်။ ဆန့်ကျင်ဘက်လိင်ကို တွန်းလှန်ရုန်းကန်လိုခြင်းလည်း ရှိသည်။ တပ်မက်စွဲငင်ခြင်းလည်း ရှိသည်။ ယောက်ျားများ၏ မျက်လုံးရမက်ကို မြင်တတ်လေပြီ။ မရဲမဝံ့လည်း တုံ့ပြန်တတ်လေပြီ။ လူတိုင်းပင် မသန့်ရှင်းဘူးဟုထင်သည်။မိမိကမူ သန့်ရှင်းချင်သေးသည်။ သို့သော်လည်းမရ။ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာ၏။ သို့သော် သူသည် ချစ်ချင်ကြိုက်ချင်သော စိတ်များ ဝေလျက်ရှိတာတော့ အမှန်ပင်တည်း။

ရင်သည်မကြာခဏထိတ်ရ၏။ အမေ၏မျက်လုံးတဝင့်မှာပင် သတိရကာထိတ်ရ၏။ကိုကိုမောင်ဆွေနှင့်ခါတိုင်းလို စကားတွေပြောနေရာအကောင်းသားက အမေ့ကိုသတိရလျှင် မျက်စိမျက်နှာ ပျက်သွားလေတော့သည်။ လက်ဖျားများ အေးစက်လေတော့သည်။

"မိအေးဘာဖြစ်တာလဲ"

ဟု ကိုကိုမောင်ဆွေက မေးတတ်သည်။

"ဘာမှမဖြစ်ပါဘူး"

သို့သော်လည်း ဖြေသည့်အသံသည် မူမမှန်ချေ။
သူ့မျက်လုံးများနှင့် ကြာရှည်ဆိုင်မိတတ်သည်။ ပထမတော့ ကိုယ်ကစပြီးလွှဲရ၏။ ထို့နောက်ကား
စွန့်စားလိုစိတ်များဖြင့် အနိုင်ပြိုင်၍ ဆိုင်တတ်သည်။ ထိုအခါ ထွေပြားခြင်းတခုကိုတွေ့ရ၏။
ထိုထွေပြားခြင်းသည် ကိုကိုမောင်ဆွေ မျက်လုံးများမှာ ရှိတာလား၊ မိမိ၏ မျက်လုံးများထဲ၌ရှိကာ
အရှေ့ကကာနေတာလား မပြောတတ်တော့ပြီ။
ဘယ်သူမှ မမြင်သောနေရာ၌ ကိုကိုမောင်ဆွေနှင့် နှစ်ယောက်ထဲထိုင်နေချင်သည်။ ယခင်ကလို
သူ့ရည်းစားများအကြောင်းကို နားမထောင်နိုင်တော့ချေ။ မိမိသာ ပိုင်ဆိုင်ချင်၏။

အမြတ်ထွက်သည်မှာ ကိုကိုမောင်ဆွေက'အေး'ဟု လေးလေးစားစား ခေါ်လာခြင်းပင်၊ ကျေနပ်၏။
အမေ့ရှေ့၌ဆိုလျှင် သူတို့သည်မတိုင်ပင်ဘဲ ပြိုင်တူ ဟန်‌ဆောင်မိလျက်သား ဖြစ်လေ၏။တစ်ယောက်ကိုတစ်ယောက် အဖက်မလုပ်သလိုပင် နေသည်။ တခါတလေ ရန်ပင်လိုနေလိုက်ကြသေးသည်။ စိတ်အေးသွားသောအမေက တဖက်သို့လှည့်သွားလျှင်
တစ်ယောက်ကိုတစ်ယောက် နားလည်ပြုံး ပြုံးကြ၏။ သူက မျက်လုံးတဖက်မှိတ်သည်။
အေးအေးကရှက်သည်။

အမေ့ကွယ်ရာမှာမို့ထင်ရဲ့၊ ငယ်ငယ်ကတည်းက လုပ်နေကျဖြစ်သော တစ်ယောက်လက်တစ်ယောက်
ဆုပ်ခြင်းသည်ပင် အဓိပ္ပာယ်ရှိလာ၏။ အေးအေး၏ ကျစ်ဆံမြီးကို ဆော့ကစားသောလက်သည်လည်း
အဖိုးတန်လာလေ၏။ အေးအေးသည် ရင်လှိုက်မောပန်းမိလေပြီ။

သို့သော်လည်း အေးအေးသည် သည်ကြားထဲက ရည်းစားတယောက် ကောက်၍ရလေသည်။

နယ်လီ၏မောင်လေးသည် ဗြုန်းကနဲအရပ်ရှည်လာ၏။ နယ်လီထံမှတဆင့် စာတွေ တစ်စောင်ပြီးတစ်စောင် လာ၏။ အင်္ဂလိပ်လိုရော ဗမာလိုရောရေး၏။ ဖတ်လို့လည်းကောင်းလှ၏။
ရွယ်တူချင်းမို့ ပိုပြီးနားလည်နိုင်သော အကြောင်းအရာများ ပါတတ်သည်။ ဥပမာ
ပိုင်သာဂိုရပ်သီအိုရီဆိုသည်မှာ က နှစ်ထပ်နှင့် ခနှစ်ထပ်ပေါင်းလျှင် ဂနှစ်ထပ်နှင့်ညီမျှသည်ဟု
အလွတ်ကျက်ထားလျှင် အလွယ်လေးပင်ဖြစ်ကြောင်း။အေးအေးသည် ရည်းစားစာမရေးဘူးရကား၊ နယ်လီ၏ထံမှပင် အကူအညီယူရသည်။
နယ်လီကကြည့်ကြပ် စီမံပေး၍ တစ်ည လသာသာ၌ စာတိုက်ပုံးအနီးတွင် ချိန်း၍တွေ့ကြ၏။

"ဟေ့ အေးအေး ငါတို့ ခိုးပြေးရအောင်၊ ပဲခူးကိုသွားမယ်... မီးရထားစီးသွားမယ်၊ငါတစ်ခါရောက်ဖူးတယ်ဆရာ၊ သိပ်ပျော်စရာကောင်းတာပဲ ငါတို့ဦးလေးအိမ်ရှိတယ်"

ဟု ပီတာကပြော၏။

အေးအေးသည်ရှက်ရှက်ရာ ကလေးများနှင့် ပီတာ၏ဖုန်ပေသော ဘောင်းဘီရှည်ကလေးကိုသာ
ကြည့်၍သဘောကျနေလေ၏။ သည်ဘောင်းဘီရှည်ကလေးကြောင့် ပီတာသည် ချစ်စရာကောင်းလှသည်။သူတို့သည်လူမှန်းသိတတ်စကတည်းက တယောက်နှင့်တယောက်သိကျွမ်းလာကြရကား ယခုလို သမီးရည်းစားဖြစ်ပြီး ချိန်းတွေ့ရသော်လည်း သိပ်ပြီးအိပ်မက်မဆန်ချေ။

"အို.. မောင့်အသည်းကလေး.."

ဟု ပီတာက သူ့အမသင်ပေးလိုက်သလို ဟန်ပန်လေသံနှင့်ခေါ်လေ၏။

"ဘာလဲအချစ်"

ဟု အေးအေးက မရဲတရဲထူးကြည့်ရင်းက ခေါ်ရ ထူးရတာ အရသာ တွေ့သွားလေတော့သည်။
သူတို့သည် အိပ်မက်ဆန်လာပြီထင်သည်။ အေးအေးသည် အနည်းငယ်ချမ်းတုန်လာသည်။ ပီတာကို ကြည့်လိုက်သော် သူလည်းချမ်းတုန် နေဟန်ကို တွေ့သည်။ ထိုခဏ၌ နှစ်ယောက်လုံးမှာ
ပြောင်းလဲခြင်းဖြစ်သည်။ အေးအေးသည် ငိုချင်လာသည်။ သူတို့သည် ကလေးသူငယ် မဟုတ်တော့ပြီ... သို့မဟုတ် မကြာခင်ပင် ကလေးသူငယ်မဟုတ်တော့ပြီဆိုတာကို ဝန်ခံရတော့မည်ဟု သိလာ၏။ မနက်ဖြန်ပင်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမဖြစ်တော့မည်။ အေးအေးသည် အန္တရာယ်ဆိုတာကိုမြင်၏။ရင်တွင်း၌ ဟုတ်ကနဲပူ၏။ အိမ်ပြန်ပြေးရလျှင်ကောင်းလေမလား။ သည်မှာ ယခုလိုဆိတ်ငြိမ်ပြီး နှစ်ယောက်သား ရပ်နေရခြင်းကိုလည်း နှစ်သက်၏။ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ။

ပီတာက သူမ၏လက်မောင်းကလေးကို ကိုင်လိုက်ရာမသိလိုက်ဘဲ၊ ဖျပ်ကနဲ ရုန်းမိ၏။ အင်္ကျီစကိုသာ
သူကကိုင်မိထား၏။ အေးအေးသည် သွေးရောင်လွှမ်းသော ပီတာ၏မျက်နှာကို တချက်ကြည့်ကာ
ဘာမှမပြောဘဲ ပြေးထွက်ခဲ့လေသည်။

အေးအေးသည် ပီတာကိုနောက်ထပ်မတွေ့ချင်တော့သည့်အကြောင်းကို စာတစ်စောင်ပြီး တစ်စောင်ရေးရသည်။ နယ်လီနှင့်လည်း စိတ်ဆိုးရသည်။ သို့သော် စင်စစ်ပီတာနှင့် ထပ်ပြီးတွေ့ချင်သည်။ ဟိုညကထက်ပိုပြီး ပြင်းထန်သော တွေ့ခြင်းမျိုးကိုပင် တောင့်တသည်။တစ်ညလောက်များပီတာသည် အိမ်ရှေ့ကိုဖြတ်၍ အသည်းကွဲသည့် သီချင်းတပုဒ်လောက် ဆိုသွားလျှင် အေးအေးသည် မျက်ရည်စနှင့် ချက်ခြင်းဆင်းခဲ့မည် ဖြစ်ပေ၏။

ကိုကိုမောင်ဆွေကို မေ့နေ၏။ သတိရပြန်လည်း ပေါ့ရွှတ်ရွှတ်နိုင်သည်။အို...သူ့ရည်းစားအိမ်တွေသွားနေမှာပေါ့၊ ဒါမှမဟုတ် သူ့သူငယ်ချင်းတွေနဲ့ ဖဲကစားနေမှာ။အလကားဂျပိုးကြီးဟု ဆဲလိုက်မိ၏။ သို့သော် ကိုကိုမောင်ဆွေကို ဘယ်လိုမှန်းမသိ သိပ်ချစ်တာပဲနော်ဟု တွေးမိလေသည်။

သည်လိုနှင့် အေးအေးသည် ရှစ်တန်းစာမေးပွဲကို ကျအောင်သာ ဖြေနိုင်လေသည်။အဖေ၏အမိန့်ကြောင့် အေးအေးသည် နယ်လီနှင့်စကားမပြောရတော့ချေ။ကျောင်းလည်း ပြောင်းလိုက်ရသည်။ ပီတာနှင့်လည်း စိတ်ကောက်ကာလမ်းမှာ တွေ့၍မှ
စကားမပြောနိုင်ကြ၊ အမေကလည်း ဘာစိတ်ကူးပေါက်ပြန်သည်မသိ ကိုကိုမောင်မောင်ဆွေနှင့်
ဟိုဟိုသည်သည်လွှတ်ပြန်သည်။ ရောရောထွေးထွေးနေ၍ ရပြန်သည်။

အေးအေးသည်ယခင်ကလောက် စိတ်လှုပ်ရှားခြင်းများ ဆက်တိုက်မဖြစ်တော့ဘဲ ဣန္ဒြေအတော်ရလာသည်။ ကိုယ်ခန္ဓာလည်း လူကြီးနှင့် တူလာလေပြီ။ မှန်ရှေ့မှာ ကြည့်လိုက်လျှင် ယခုဖွင့်လှစ်လိုက်သော နှင်းဆီလိုနုနယ်သော်လည်း အဖူးမဟုတ်တော့ပြီဆိုတာကိုတွေ့ရ၏။အဆင်အပြင်လည်းတတ်လာ၏။ သပ်ရပ်လာ၏။

ကာလပေါ် သီချင်းများကို ကျက်ချင်လာသည်။ သီချင်းများကူးရသည်။ အော်တိုစာအုပ် များလည်း
တပင်တပန်းထားရ၊ ရေးရသည်။ တခါတရံ ကာရန်မကိုက်သော ကဗျာကလေးများကိုစပ်သည်။
ရှေးကဗျာများထဲကလည်း မသိမသာကူးထပ်ချရသည်။ တနေ့တော့ ဝတ္ထုတွေလည်းရေးဦးမည်ဟု
စိတ်ကူးထားသည်။ နာမည်ကျော်ကြားခြင်းဆိုတာကို စုံမက်မြတ်နိုးလာလေတော့သည်။

"မဟုတ်ဘူးအေး၊ အေးဟာအရင်လိုမဟုတ်တော့ဘူး... စိမ်းစိမ်းကြီး.."

ဟု ကိုကိုမောင်ဆွေက ဝမ်းနည်းစကားပြောလာလေသည်။

ဟင့်အင်းစိမ်းတာမဟုတ်ပါ၊ အေးလည်းပြောမပြတတ်၊ စင်စစ်တော့ ကိုကိုမောင်ဆွေအပေါ်၌
အရင်လို ဒရောသောပါးလည်းနိုင်၍ အဓိပ္ပာယ်လည်း ကင်းမဲ့သော အာရုံမျိုးမရှိတော့တာအမှန်ပင်၊
အေးအေးသည် အစွဲတခုတော့ ရှိနေသည်။ ထိုအစွဲသည် ကိုကိုမောင်ဆွေပင်ဖြစ်၍ ဘဝတလျှောက်မှာ
သဏ္ဌာန် အမျိုးမျိုးကို ဆောင်၍သွားလျှင် သွားမည်ဖြစ်သော်လည်း အတွင်းကတော့ သည်အစွဲအတိုင်းပင် နေမည်ဖြစ်လေ၏။ အထဲက ကွီနိုင်လုံးသည် ကွီနိုင်လုံးပင်ဖြစ်ကာ အပြင်က သကြားက ဒိုင်းမွန်းပုံ၊ လခြမ်းပုံ၊ အစုံ ပြောင်းချင်ပြောင်းမည်။ ဒါကိုနားလည်အောင် ပြောပြချင်သည်။

"ဒေါ်ဒေါ်က ဘာပြောထားလဲ အေး..."

ဟု သူကမေးပြန်၏။

"ခုတော့ ဘာမှမပြောပါဘူး... အမေက အရင်တုန်းကတော့..."

"ဆိုစမ်း"ဟု သူကပြော၏။ 

သို့သော်ဘယ်လိုပြောရမလဲ ယခုတော့ ထိုစကားများကို ရှက်စရာမျှသာမက မဟုတ်တာဟုလည်းထင်ပြီ။

"အေးမပြောချင်ဘူး..."

"ဘာလဲ ကိုကိုမောင်ဆွေနဲ့ ကြိုက်သွားမှာ စိုးလို့တဲ့လား..."

ကြည့်စမ်း ဆိုးလိုက်တာ၊ အေးအေးသည် မနှစ်မြို့နိုင်သလိုဖြစ်ကာ သူ့မျက်နှာကို ကြည့်သည်။
သူသည်လူငယ် တယောက်ပင်ဖြစ်ကာ မိမိနှင့် ကိုယ်ရင့်တန်းတူ ဖြစ်ပါကလားဟု ပထမဆုံးသိလာလေ၏။ သူ့မျက်နှာက ခပ်ရဲရဲပင်။ မနှစ်မြို့ သလို ဖြစ်မိ၏။ ထို့နောက်ကား ရင်တွင်း၌နာကျင်၏။ အပြစ်ရှိသည်ဟုပင် ကိုယ့်ကိုယ်ကိုယ်ထင်လာ၏။ သည်လိုမနှစ်မြို့မိသည့်အတွက် ဘာနှင့်ပင်
လျော်ရလျော်ရ လျော်လိုက်ချင်၏။ အနစ်နာခံလိုက်ချင်၏။ စင်စစ်တော့ ကလေးဘဝ တလျှောက်လုံး၏ အကောင်းဆုံးသောအဖော်ပင် မဟုတ်ပါသလား။ပြီးတော့ ကိုကိုမောင်ဆွေကို ချစ်သည်၊ သိပ်ချစ်သည်။အေးအေးသည် မျက်ရည်လည်လာပြီးနောက် ပြုံးကာ ခေါင်းခါပြသည်။

"ဟုတ်တယ်.. ကြိုက်နေပြီလို့ပြောလိုက်"

သူ့ပါးစပ်က အရက်နံ့ လည်း နံသည်။ အေးအေးသည် အခြေအနေကိုသိသည်။ ကိုကိုမောင်ဆွေက
ပြောင်ပြောင်ပင် ဖြားယောင်းနေသည်ဆိုတာ သိသည်။ ခက်လိုက်တာက သူဖြားယောင်းတာကို
အေးအေးက သဘောကျနေခြင်းပင်တည်း။ သူက မဖြားယောင်းတောင် သူမကစပြီး
ဖြားယောင်းဖြစ်ချင်ဖြစ်မှာပဲဟု ခေါင်းမာစွာတွေး၏။ တခါတုန်းက ကိုကိုမောင်ဆွေ၏
အိပ်ခန်းထဲသွားပြီး သူ့ကိုယ်နံ့ကလေးတွေကို ခေါင်းအုံးမှာ အိပ်ယာမှာ ရှပ်အင်္ကျီမှာ ရှာဖွေ၍နမ်းခဲ့တာ ကိုယ့်ဖာသာ ဘယ်မေ့နိုင်မလဲ။အေးအေးသည် မိုက်မဲရမှာကို မကြောက်ဘဲရှိသည်။

"အေး... မှတ်မိသေးလား... ကိုယ်တို့ အင်းလျားကို သွားတာလေ"

ဟု သူကမေး၏။

"အေးက ခုလောက်မထွားသေးဘူး၊ အေးနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲ လှေတစင်းနဲ့ ဟိုအဝေးကြီး
လှော်သွားပါရော"

ဒါတွင်ဘယ်ကပါ့မလဲ၊ အေးမှတ်မိသေးသည်မှာ ငြိမ်၍စီးဆင်းခြင်းမရှိသော ရေပြင်ပေါ်မှ
လေတိုး၍လှုပ်ရွလာသော လှိုင်းတွန့် ကလေးများရယ်၊ ညနေစောင်း၏ ကျနေ နီရဲရဲရှေ့မှ
ရွှေလျှံမောင်းသော တိမ်တွေရယ်၊ ပြီးတော့...။

"ပြီးတော့... ထိုင်ခုံ ကျဉ်းကျဉ်းကလေးထဲမှာ အေးနဲ့ကိုယ်နဲ့ နှစ်ယောက် တိုးပြီးထိုင်ရပါကော"

အေးသည် မြို့ကွင်းထဲသို့ အလွယ်နှင့်ပင်လိုက်ခဲ့သည်။

"အဲဒီထဲကပါ...အေး"

အေးအေးသည် စိတ်တွင်းမှခေါင်းခါလေသည်။ အဲဒီထဲကတော့မဟုတ်ပါဘူး၊ သို့သော်လည်း
လောကမှာမယုံကြည်ခြင်းက တခြား၊ မယုံတာကို မိုက်မဲစွာလက်ခံတာက တခြားပင်။ဒါဟာ အချစ်ပဲဟု အေးအေး၏နုပျိုသော စိတ်ကလေးက ဆုံးဖြတ်ပေးသည်။သူ့လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ထားသော ပခုံးကလေးများကို မတွန့်မိ၊ ဒါမှ တကယ်ချစ်ကြိုက်ခြင်းနှင့်တူသည်ဟု ထင်စား၏။

"အေး...အိမ်မှာနေရတာ မပျော်ဘူး မဟုတ်လား"

မသိ။

"အေးဟာ ကလေးလေးမဟုတ်တော့ဘူး။ ဒီလို ငုတ်တုတ်ကြီး လုပ်မနေနဲ့ဗျ"

ထို့နောက် ယခုမှ တစိမ်းနှင့်တူလာသော ကိုကိုမောင်ဆွေသည် စကားတွေ အများကြီးပြော၏။
နားထောင်းရင်းသူဟာ ငါ့အပေါ် စိတ်ကောင်းမှထားရဲ့ လားဟုလည်း ကြောက်ရွံ့မိသေး၏။ သို့သော်
ငယ်ကတည်းက ယုံကြည်လာသူကို ဆက်ပြီး ယုံကြည်ချင်၏။ လိမ်ပြောတာတွေကိုလည်း
လိမ်ပြောတာမှန်းသိသည်။ သို့သော် မသိချင်ယောင်ဆောင်လျှင် စိတ်ကူးယဉ်ချင်သောအရွယ်၌
စိတ်ကူးယဉ်ခွင့်ရမည်ကို ကျေနပ်၏။ သို့သော် သူ့နေရာမှာ တခြားလူရောက်နေပြီး ခုပြောတဲ့စကားတွေ ပြောနေရင်ကော...

အေးအေးကို ချောက်လည်း ချောက်၏။ ချော့လည်း ချော့၏။ ညာလည်း ညာ၏။ အေးအေးကမူကား စိတ်လက်လျော့ထားလိုက်သည်။ သူမစိတ်ထဲတွင် သူ့ကိုချစ်ကြိုက်နေပါ၏ဟု ဝန်ခံစကားကို
တမင်ပြောနေမှတော့ အားလုံးသည် ပြီးစီးအေးချမ်းလေပြီ။

နောက်ဆုံး၌ သူကပြောသောစကားနှင့် မဆီမဆိုင် အေးအေး၏နှုတ်ခမ်းများကို စုတ်ယူလိုက်လျှင်တော့ အေးအေးသည် တကယ့်ကိုချစ်ကြိုက်သွားလေတော့သည်။

                                 ( ၅ )

အပြင်၌ မိုးတွေသည်းနေပြီကို အေးအေးသိလေသည်။ အေးအေးသည် ချစ်သူနှင့်ချိန်း၍
ရုပ်ရှင်ကြည့်နေသည်။ အေးအေးသည် ဘယ်လိုပင်လူကြီးဟန်ဖမ်းသော်လည်း ငယ်ရွယ်သေးခြင်းမှာပျောက်ကွယ်၍ မသွားရကား ဟိုလူသည်လူများက ဝိုင်းကြည့်ကြသည်။ ပြီးတော့ ကိုကိုမောင်ဆွေကလည်း ဟိုဘက်ပခုံးကို ရဲရဲတင်းတင်းကျော်၍ ဆုပ်ထားသည်။မီးငြိမ်းလိုက်တော့မှပင် နေသာထိုင်သာရှိသည်။

"အိမ်ရှေ့အိမ်"ဟု ဗြောင်လိမ်ကာ ထွက်ခဲ့ရ၏။ ယခုတလော အေးအေးသည် ကျိတ်၍ရိုက်ခြင်းခံရသည်။ အဖေနှင့်အမေသည် စိတ်ချမ်းသာခွင့်ကိုမပေးတော့ချေ။ အေးအေးက ကိုယ့်ကိုယ်ကိုယ် တကယ်ကြီးရင့်တာထက် ပိုပြီးကြီးရင့်ပြီဟုထင်သလောက် သူတို့က တကယ်ငယ်ရွယ်တာထက် ပို၍ ငယ်သေးသည်ဟု ထင်သည်။ သူတို့သည် သမီးလုပ်သမျှကို ပိတ်ပင်ဆန့်ကျင်ခြင်းနည်း တခုသာသုံးတတ်သည်။ထိုအခါ လိမ်ရ၏။ စဉ်းလဲရ၏။ အလိုအလျောက်နေလျှင် မလုပ်မိမည့် ကိစ္စတွေကိုလုပ်မိရ၏။

ယခုအခါတော့ အေးအေးသည် အနည်းငယ်ကြောက်နေလေသည်။ ခါတိုင်းဆိုလျှင်
၁၂နာရီပွဲကြည့်မြဲပင်...။ သည်တခါ ညနေပွဲကြည့်သည်။ဆောင်းဦးပေါက်လာကာ အေးမြခြင်းနှင့်အတူ ညတာရှည်လာသည်။ ထို့ကြောင့် စောစောမိုးချုပ်လေရကား အိမ်ပြန်လျှင်တော့ အဆူခံရတော့မှာပဲဟု ပူသည်။ သို့သော်လည်း သူက ပူဆာလွန်းလှသည်။ ဘယ်တတ်နိုင်မလဲ၊ ချစ်တယ်ဆိုရင်
စွန့်စားရတာပဲ။သည်လောက်ဆိုလျှင် တော်ပေသေး၏။ ယခုအပြင်မှာ မိုးရွာပြီ။ ရာသီမဟုတ်ရွာသော မိုးရွာမည်မထင်ဘဲ ရွာသောမိုး။ သူတို့သည် ထီးလည်းမယူခဲ့ကြ။

"ကို... မိုးတွေရွာကုန်ပြီ"

"ရွာပေ့စီလေ"

ဟု သူကပြောပြီး ရုပ်ရှင်ကြည့်မြဲကြည့်သည်။

"သူကတော့ ဘာဂရုစိုက်မလဲ၊ ကြောက်ရတဲ့လူမှ မရှိဘဲ"

"အေးရဲ့ ကိုယ်ချစ်ချင်တဲ့ လူချစ်ရတာ၊ ချစ်လို့ ချစ်သလို လုပ်ရတာ ဘာမှကြောက်စရာမရှိဘူး"

"အေး.. သိပ်ကြောက်တာပဲ"

ကိုကိုမောင်ဆွေက ဘာမှပြန်မပြောတော့ချေ။
အေးတစ်ယောက်ထဲသာ ပူရသည်။ မေးလျှင်ဘယ်လိုပြောရပါ့မလဲ၊ ယခု သူတို့ကို
တွေ့ခွင့်မပေးတော့ချေ။ စင်စစ်တော့ ရုပ်ရှင်ကြည့်ချင်လှသည်မဟုတ် နှစ်ယောက်အတူ
နီးနီးကပ်ကပ်နေချင်သည်။ ငယ်ငယ်ကလိုများ ပျော်ပျော်ရွှင်ရွှင်နေခွင့်ပေးလျှင် သည်လိုချိန်းတွေ့ပြီး
မိုးမိနေသည့်အဖြစ်ကို ရောက်မည်မဟုတ်။

"ကဲ... မိုးတွေပိုသည်းလာပြီ"

"နောက်တစ်ပွဲဆက်လိုက်ရုံပေါ့ အေးရာ"

မိုးသည် မမျှော်လင့်ဘဲ သဲလာသည်။ ရုပ်ရှင်လည်း မိုးစဲကိုမစောင့်နိုင်ဘဲပြီးသည်။

အပြင်သို့ထွက်လာသော် မိုးသံလေသံသည် ဝေါကနဲ လာတိုး၏။ ကောင်းကင်သည် မဲမှောင်ကာ
လျှပ်များပင် ဝင်းဝင်းပြက်ချေသေး၏။ မှောင်သဖြင့်ဆိုင်များသည် မီးစတင်ထွန်းကြပေပြီ။
လမ်းမီးများလည်း လင်းပြီ။ ညပဲ ညပဲ နာရီကိုကြည့်သော် ငါးနာရီထိုးပြီးစကလေးပါပဲ၊ယခုနေပြန်ရလျှင် နာရီကို မြှောက်ပြနိုင်၏။သို့သော် မိုးသည်သွန်အန်၍ကျလာ၏။ ဘယ်သူမှမသွားနိုင်၊ မိုးခိုပြီးနေရသည်။ ယာဉ်များသည် တချို့ကရပ်ကာ တချို့က အပြင်းမောင်း၍ ပြေး၏။

"ချမ်းနေမှာပဲနော် အေး..."

ချမ်းရမှန်းတောင်မသိပြီ။ စိတ်ပူကာ ငိုမဲ့မဲ့ဖြစ်လာ၏။

"အေးရယ် အလကားအပြင်မှာ လေတိုက်ခံနေမဲ့အတူတူ တပွဲထပ်ကြည့် လိုက်ရအောင် မိုးကပက်နဲ့၊
ဟောဒီအမိုးအောက်က ကူးသွားမယ်"

"နေပါဦး မိုးသိပ်မသည်းတော့ဘူး ထင်တယ်"

"သည်းနေတာပဲ၊ လေငြိမ်သွားတာတခုပဲ"

"ဒုက္ခပဲ ကိုရဲ့၊ ဒုက္ခပဲ၊ အေးကိုတော့ ရိုက်တော့မှာပဲ"

"အို.. ကိုယ်လိုက်ပို့ပေးမယ်၊ မရိုက်ရအောင်ပြောပေးမယ်၊ ဘာလုပ်တာမှတ်လို့၊ဘိုင်စကုတ်ကြည့်တာပဲ၊ နေပါဦး၊ အေးကို တသက်လုံး ဘယ်သူက ဘယ်လိုက်ပို့လို့တုန်း ကိုယ်ကချည်း ပို့ရတာမဟုတ်လား"

"အခုအေးက အပျိုဖြစ်နေပြီကိုးရှင့်"

ဟု အမေ့စကားကို ထပ်ပြော၍ လှောင်လိုက်မိသည်။

"ကြည့်မိမှတော့ မထူးပါဘူး၊ သူတို့ကို ရှင်းပြရုံပေါ့၊ မိုးလည်းရွာနေတာကိုး၊ လာပါ အထဲထဲသာ
ဝင်ထိုင်နေရအောင် မိုးတိတ်သွားတော့ပြန်ထွက်မယ်"

"ပြီးအောင်တော့ မကြည့်ရဘူးနော် မိုးတိတ်ရင်ပြန်မယ်"

သူကဘာမှမပြောဘဲ အေးလက်ကိုဆွဲကာ ဟိုဘက်ရုံသို့ပြေး၏။သို့သော် မိုးသည် ပို၍သဲကာ တညလုံးမစဲအောင် ရွာတော့မည့်ဟန် ဆင်လေ၏။
အားလပ်ချိန်မှာ ထွက်လာသော် မိုးသည်သည်းတုန်းပင်။အေးအေးသည် လက်မှတ်ရောင်းသော ရုံကလေး၏မှောင်ရိပ်ကိုခိုကာ မျက်ရည်သုတ်သည်။

"ကို အေးမပြန်ရဲတော့ဘူး"

"ကောင်းတာပေါ့ ခိုးပြီးသားဖြစ်တာပေါ့"

"အမယ်လေး မနက်ဖြန်ကျရင် ကျောင်းမှာ နာမည်ကျော်တော့မှာပဲ ကိုရယ်၊ အမေတို့ကိုလည်း
မတွေ့ရဘူးပေါ့ဟင်၊ အေးကြောက်တယ်၊ အိမ်လည်းပြန်ချင်တယ်၊ ပြီးတော့ဆာလည်းဆာတယ်"

အေးသည် ကို၏လက်မောင်းကိုလှုပ်၍ လှုပ်၍ငိုလေ၏။ အေးအေးတကယ် ဒုက္ခဖြစ်မှန်းသိ၍
ကိုကိုမောင်ဆွေလည်း တည်ကြည်လာသည်။ သူ့မျက်နှာ၌ ရိုးဖြောင့်သော အမူအရာကို
တွေ့ ရလာသည်။

"လာအေး မိုးရေထဲသွားမယ်၊ ကားတွေ ရပ်မပေးရင် လျှောက်ပြန်မယ်ကဲ၊ မရိုက်စေရပါဘူး။
ကိုယ်အပြစ်ခံရအောင်ပြောမယ်အေး၊ ကိုယ့်ကို သူတို့ဘာမှ မလုပ်နိုင်ပါဘူး၊ အေးကိုနှိပ်စက်မယ်ကြံရင် ကိုယ်အိမ်ပေါ်က မဆင်းဘူး ပြီးတော့ အေးနဲ့ ကိုယ်နဲ့ဟာ.."

"ဆွေမျိုးအရင်းကြီးပဲ"

ဟု အေးအေးက ခါးခါးသီးသီးထောက်၏။

ကိုက မျက်နှာပျက်သွားပြီး...

"ဟုတ်တယ်အေး၊ အေးဟာ ကလေးပဲ ရှိသေးတယ်၊ စာလဲ ကောင်းကောင်းမသင်ရသေးဘူးနော်"

သည်လိုစကားကိုတော့လည်း မကြားရက်ပါ။ သည်လောက် ငယ်ငယ်ကလေးနှင့် ဘဝ၏တွေ့စမြဲအဖြစ်များကိုတော့ မတွေ့ချင်သေးတာ အမှန်ပင်။ သို့သော် ချစ်တယ်လေ၊ချစ်တယ်ဆိုတာ တဘဝမှာ တခါပဲဟုလည်းထင်၏။ ဘယ်သူ့မှလဲ မချစ်နိုင်ပါဘူး၊ အသက်၆၀ကျော်လို့ အမယ်အိုဖြစ်နေလဲ ကိုပဲ၊ ကိုပဲ...

"အေး မပြန်ဝံ့ဘူး"

ဟု ဖြေးညှင်းစွာပြော၏။

"ပြန်ရင်တော့ ဆိုးတော့ တော်တော်ဆိုးမှာပဲ၊ ရှစ်နာရီခွဲပြီ"

"ဘာလုပ်ကျမလဲ"

ကိုသည် မျက်ခုံးပင့်ပြ၏။ ပြုံးစေ့စေ့လုပ်လိုက်သေးသည်။ ပြီးမှ အေးအေး၏ ဆံပင်ကလေးများကို
အကျင့်ပါနေသော လက်များဖြင့်မွေ့ရမ်းလိမ်ဆွဲသည်။ အေးအေးလည်း မျက်ရည်ကျရပြန်ကာ
စိတ်ထဲက ဦးလေးတော်သွားပြန်လေသည်။ အားနည်းနည်းရှိလာသည်။

"အေးသဘောပဲ အိမ်လိုက်ပို့ဆိုရင်လဲပို့မယ်၊ မပြန်ရဲဘူး ဆိုရင်လဲ..."

အေးအေးသည် မော့ကာကြည့်နေလေရာ သူသည်ပင်ရင်ဆို့သွားဟန်ဖြင့်

 "အေးရာ ခက်လိုက်တာကွာ၊အေးအသက် ဘယ်နှစ်နှစ်ရှိပြီလဲ"

ဟု တခါမှ မညည်းဖူးသူ၊ ပျော်ပျော်နေ၍ သေခဲသူက ရှည်ရှည်ဝေးဝေး ညည်းလေ၏။

"၁၆ နှစ်"

"ပြည့်ပြီးပလား"

"ပြည့်ပြီးပြီ"

"သနားတော့ သနားတယ် အေးရယ်"

သည်လိုဆိုတော့လည်း အတော်ကျေနပ်သွားကာ သတ္တိတွေ ရှိလာပြန်၏။

မိုးတိတ်သွားသော် ကိုးနာရီထိုးပြီးလေပြီ၊ သည်အချိန်ဆိုလျှင် အိမ်မှလိုက်ရှာနေကြပြီ။
အိမ်နီးချင်းများက တစေ့တစောင်း ကြည့်ကြပြီ။ ဘယ်နည်းနှင့်မှပြန်၍ မဖြစ်ဟု အေးအေးထင်လေသည်။ အေးအေးသည် ဘာကိုမှ ရင်မဆိုင်ရဲတော့ချေ။ လွှတ်ရာသာပြေးစို့ရဲ့ ဟု ပြောတော့မည်။ မျက်ရည်ပူတို့သည် တစ်ပေါက်ပြီးတစ်ပေါက်ကျလာလေသည်။

ဤသို့ သူတို့နှစ်ယောက်ယှဉ်တွဲကာ လျှောက်ခဲ့ကြ၏။ သူ၏ယုယသော လက်များသည်လာ၍
သိုင်းဖက်ထားကြရာ ထိုလက်များသည် သည်လိုပင်အမြဲ နူးညံ့နေပါစေဟု ဆုတောင်းရတော့မည်။
အလင်းရောင်ကို ကတ္တရာလမ်းပေါ်မှ ရေအလွှာက ဖမ်းယူကာ ဖြိုးပြက်နေရာ ထိုရွှေလို
ဝါမောင်းသော်လည်း ရွှေမဟုတ်သောအရောင်တို့ပေါ်ဖြတ်သွားသော အေးအေး၏ခြေများသည်
အလှမ်းမရေရာဘဲ ဘယ်မှန်းမသိသော သူခေါ်ရာသို့ ဆုတ်ဆိုင်းဆိုင်းပင် လိုက်လျက်ရှိလေသည်။

------------------

 ကြည်အေး

(ရှုမဝမဂ္ဂဇင်း)

#Typing_crd_ZawOo