မေတ္တာသံသရာ
#ထင်လင်း
ထိုနေ့က ဆရာမဒေါ်မြရှင် အတန်းထဲဝင်လာတော့ သူ့မျက်နှာ မသာယာလှသည်ကို ကျောင်းသူကျောင်းသားများ သတိပြုကြသည်။ အချို့က အချင်းချင်းလက်တို့၍ တီးတိုးပြောကြ၏။
ခါတိုင်းဆိုလျှင် ဆရာမဒေါ်မြရှင်သည် အလွန် ကြည်လင်ရွှင်ပျသောမျက်နှာဖြင့် အတန်းထဲသို့ဝင်လာလေ့ရှိပြီး သွက်လက်ဖျတ်လတ်စွာ စာသင်လေ့ ရှိသည်။ စာအသင်အပြ ကောင်းခြင်း၊တပည့်များကို ချစ်ခင်ကြင်နာတတ်ခြင်းတို့အပြင် သူ၏ အမြဲရွှင်ပျ
သောမျက်နှာထားကြောင့် ကျောင်းသူကျောင်းသားများမှာ ပျင်းရိခြင်း မရှိ၊ စိတ်အာရုံအပြည့်စိုက်၍ စာ လိုက်နိုင်ကြသည်။ သင်ပြရာတွင် ရှင်းလင်းပြတ်သားလှသော ဒေါ်မြရှင်လို ဆရာမမျိုး၏
တပည့်ဖြစ်ရသည်မှာ ဂုဏ်ယူစရာဟု ထင်သော ကျောင်းသားများလည်း များစွာရှိ၏။
သူတို့ဆရာမ ယနေ့ ဘာကြောင့် မျက်နှာမကောင်းပါလိမ့်နည်းဟု ကျောင်းသူကျောင်းသားများက သိချင်ကြသည်။ ဒေါ်မြရှင် ယခုလို မျက်နှာအိုနေသည့်အခါလည်း နည်းလှ၍ သူတို့အဖို့ ထူးဆန်း၍နေပေသည်။
ဒေါ်မြရှင်မှာ အသက် ၃၅ နှစ်ခန့် ရှိပြီဖြစ်သော်လည်း အရွယ်တင်သည်ဟု ဆိုရမည်။ အလုံးအရပ် အချိုးအစားကျန၍ ကြည်လင်
ရွှင်လန်းသောမျက်နှာ ရှိသည်။ တောက်ပသောမျက်လုံးများ ရှိသည်။အနည်းငယ်ကျုံလှီဟန်ရှိသော်လည်း ကြည့်လို့ကောင်းရုံမျှသာ ဖြစ်၏။
ဆရာမမို့ ဣနြေသိက္ခာနှင့်နေရသော စာသင်ခန်းများမှအပတွင် ဒေါ်မြရှင်ကို တွေ့ ရသူသည် သူ့အား ၃၅နှစ်ရှိပြီဟု မထင် ကြချေ။
`ပညာအဆင့်အတန်းကလည်း ဘီအေ-ဘီအီးဒီ၊ ရုပ်ရည်ကလည်း ချော၊ သဘောကလည်း ကောင်း၊ အပြောကလည်း ချိုပါလျက် ဤအသက် ဤအရွယ်တိုင်အောင် အိမ်ထောင်ဖက်မရှိသေးဘဲ
တစ်ကိုယ်ရေတစ်ကာယ အပျိုကြီးဘဝနှင့် နေနေရခြင်းကို အံ့သြကြ၏။
- မိန်းမများ အထက်တန်းပညာတွေ တတ်လာတော့ “မှိုပေါက်ရာ ငါမရောက် ငါရောက်ရာ မှိုမပေါက်” ဆိုသလို အလယ်လပ်ပြီး အပျိုကြီးဘဝနှင့် အရိုးထုတ်ရတတ်သည် ဟူသော ယေဘူယျသဘော
ပြောဆိုချက်တော့ ရှိသည်။ သို့သော် ဒေါ်မြရှင်ကို ကြည့်ရသည်မှာပညာမာနတက်နေသူဟူ၍ ထင်မြင်လောက်စရာ တစ်စုံတစ်ရာ မရှိပါချေ။ သူ့အနေမှာ ရိုးသား၏။ ပွင့်လင်း၏။ ခင်မင်တတ်၏။
မာန်မာနတရား နည်းပါး၏။ လူတိုင်းကို သူ ပြုံးပြုံးရွှင်ရွှင် စကားပြောတတ်သည်။
အတန်းရှေ့သို့ရောက်၍ စင်မြင့်ကလေးပေါ်သို့ လှမ်းတက်ကာ ကျောင်းသူကျောင်းသားများဘက်သို့ မျက်နှာမူ၍ ရပ်မိသောအခါ အတန်းထဲက တီးတိုးသံများ တိတ်သွား၏။ မျက်နှာအမူအရာ
ထူးခြား၍လာသော သူတို့၏ဆရာမကိုသာ အကဲခတ်ရင်း ငြိမ်သက်စွာ ကြည့်နေကြလေသည်။
ခါတိုင်း အတန်းထဲသို့ဝင်လာပြီး အချိန်ကုန်မခံဘဲ တစ်ခါတည်းတန်း၍ စာသင်လေ့ရှိသောဆရာမသည် ယနေ့ အတန်းကို မျက်နှာမူလျက် တစ်စုံတစ်ခုပြောစရာရှိသလို တွေ၍ရပ်နေလေရာ
ကျောင်းသူကျောင်းသားများမှာ ဆရာမပြောမည့်စကားကိုသာ အာရုံစောကာ အသက်ပင် ပြင်းပြင်းမရှူမိဘဲ နားစွင့်၍ နေကြဟန်တူပေသည်။
အတန်ကြာအောင် ငြိမ်သက်နေရာမှ ဆရာမက “ဒီကနေ့"ဟု စကား စ၍ပြောသည်။ ဆရာမမှာ ခါတိုင်းကဲ့သို့သော သင်ခန်းစာမျိုးမဟုတ်ဘဲ ထူးခြားသောစကားများ ပြောရန်ရှိသည့်လက္ခဏာ ပေါ်လွင်လျက်ရှိသည်။ ခါတိုင်းကဲ့သို့ သွက်သွက်လက်လက်လည်း
မဟုတ်။ ပြောမည့်စကားလုံးများကို တစ်လုံးချင်း ရှာဖွေ၍ စီနေရဟန် တူလေသည်။
“ဒီကနေ့ ဆရာမ တပည့်တွေကို ဝမ်းနည်းစွာနှင့် နှုတ်ဆက်ရအောင် လာခဲ့တယ်”
ဟု ပြောလိုက်သောအခါ တစ်တန်းလုံး လှုပ်လှုပ်ရွရွဖြစ်လာကာ 'ဟယ်” ဟူသော အံ့ဩဝမ်းနည်းသောအသံများ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ငြိမ်သက်သွားလေရာ အပ်ကျသံပင် ကြားရမတတ်ရှိလေ၏။
“ဆရာမ မလွှဲမရှောင်သာတဲ့ အကြောင်းကိစ္စတစ်ခုကြောင့် နှစ်လယ်ကြီးမှာ ရုတ်တရက် ထွက်စာတင်လိုက်ရတာကို ဝမ်းနည်းပါတယ်”
တစ်တန်းလုံး ငြိမ်သက်နေရာမှ ကျောင်းသူကျောင်းသားများ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ ဝမ်းနည်းဟန်ကို ပြလျက်ရှိကြ၏။ ဆရာမဒေါ်မြရှင်မှာ သူတို့ချစ်သောဆရာမမဟုတ်လား။
“ဆရာမ အစကတော့ တပည့်တွေကို နှုတ်ဆက်ရင်း ဆုံးမဩဝါဒစကားလေးတွေ ပြောခဲ့ဦးမယ်လို့ စိတ်ကူးပြီး လာခဲ့တာပဲ။ပြောခဲ့ချင်တာတွေ၊ စာမေးပွဲအတွက် မှာခဲ့ချင်တာတွေ အများကြီး
ပါပဲ။ ဒါပေမယ့် ဆရာမ ဘယ်လိုပြောရမယ် မသိတော့ဘူး”
ဆရာမ၏အသံမှာ တကယ်ဝမ်းနည်းနေသော အသံ ဖြစ်သည်။ 'ခါတိုင်း စာသင်သလိုအသံမျိုး မဟုတ်ချေ။
“ဒါလောက်လိမ္မာ၊ ဒါလောက် ကြိုးစားပြီး၊ ဒါလောက် ဆရာမအပေါ်မှာ ရိုရိုသေသေ လေးလေးစားစား ချစ်ခင်ကြတဲ့ တပည့်တွေနှင့်
ခွဲခွာသွားရမှာကိုတော့ ဆရာမ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းမိပါတယ်”
ဆရာမ အသံတုန်လာသဖြင့် ခေတ္တမျှ ရပ်ထားလိုက်ပြီး စာသင်ခန်း၏အပြင်ဘက်ဆီသို့ ငေးကြည့်နေလိုက်လေသည်။ ထို့နောက် အတန်ကြာမှ ဆက်လက်၍-
“ကျောင်းသူကျောင်းသားအားလုံးကို ဆရာမ´သိပ်ချစ်တယ်။တစ်ယောက်စီ တစ်ယောက်စီကိုလည်း ဆရာမ ချစ်ပါတယ်”
ဟု ပြောပြီး ရပ်ထားပြန်၏။ အတန်းမှာ ငြိမ်သက်လှပေသည်။ ဆရာမလည်း အတန်ကြာ တွေဝေနေပြီး တစ်စုံတစ်ခုကိုပြောဦးမည်ပြုပြီးမှ “ဒါပါပဲ။ ဆရာမ သွားဦးမယ်”ဟု တိုတောင်းစွာဖြတ်လျက် အတန်းထဲမှ လျင်မြန်စွာထွက်သွားလေတော့ရာ ကျောင်းသူကျောင်းသားများမှာ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်၍ ကျန်ရစ်
ခဲ့ကြလေ၏။
ဆရာမလည်း အတန်းအပြင်ဘက်တွင် ခေတ္တရပ်၍ မျက်နှာကို လက်ကိုင်ပဝါနှင့်တို့လိုက်ပြီး ခပ်သုတ်သုတ်ကလေး ထွက်သွားလေ၏။
စာသင်ခန်းထဲတွင် ကျန်ရစ်ကြသော ကျောင်းသားများမှာ မိနစ်ပေါင်းများစွာ ဘာမှမပြောနိုင်ဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အံ့အားသင့်နေကြသောကြောင့် ဆရာမကိုမှ ပြန်၍
နှုတ်မဆက်လိုက်နိုင်ကြချေ။ အတန်ငယ်ကြာမှ အတန်းနောက်ကွယ်ခပ်ကျကျတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်သည် ရုတ်တရက် ထ၍ ဆရာမနောက်သို့ ကပျာကယာ ပြေးထွက်လိုက်သွား
လေ၏။
“ဆရာမ၊ ဆရာမ”
' အတော်ကလေး ဝေးသွားပြီဖြစ်သော ဆရာမဒေါ်မြရှင်လည်း နောက်မှခေါ်သံကြား၍ ရပ်ပြီး လှည့်ကြည့်ကာ စောင့်ဆိုင်းနေလေသည်။
“ဘာလဲ မောင်မျိုးလွင်”
- မောင်မျိုးလွင်သည် အပြေးကလေးလိုက်သွားပြီး ဆရာမရှေ့သို့ ရောက်လျှင် ဆရာမ၏မျက်နှာကို မကြည့်ဝံ့သလို ခပ်စိုက်စိုက်ငုံ့လျက် ရပ်နေသည်။ ပြီးမှ ဆရာမကို မရဲတရဲမော်ကြည့်ကာ-
“ဆရာမ၊ ဆရာမထွက်သွားရင် ကျောင်းသားတွေ ဝမ်းနည်းပက်လက် ဖြစ်ကျန်ရစ်မှာပေါ့ ဆရာမရယ်၊ ကျွန်တော်လည်း ဒီကျောင်းက ထွက်သွားဖို့ စာ တင်ထားပါပြီး၊ ဆရာမထွက်သွားဖို့ လိုမယ်မထင်ပါဘူး”
“အို၊ အို၊ မောင်မျိုးလွင် ကျောင်းက မထွက်ရဘူး။ မဟုတ်တာ။ စာမေးပွဲကလည်း နီးလှပြီဟာပဲ။ မောင်မျိုးလွင်ရဲ့ ထွက်စာကို ဆရာမကြီးရုံးခန်းမှာ တွေ့ခဲ့လို့ ဆရာမပဲ ယူပြီးဆုတ်ပစ်ခဲ့ပြီ”
“ဒါပေမယ့် ဆရာမရယ်၊ ကျွန်တော်”
“မဟုတ်ပါဘူး မောင်မျိုးလွင်၊ ဆရာမ ခုလို ရုတ်တရက် ထွက်သွားရတာဟာ ဆရာမရဲ့ တခြားကိုယ်ရေးကိစ္စကြောင့်ပါ။မောင်မျိုးလွင် စိတ်အေးအေးထားပြီး ကျောင်းတက်ပါ။ စာမေးပွဲ
အောင်အောင်လည်း စာကို ကြိုးစား။ ကဲ ကဲ၊ ပြန်” .
မောင်မျိုးလွင်မှာ ဘာမျှပြောမထွက်နိုင်သလို တကယ် ဝမ်းနည်းသောအသွင်လို ဆောင်လျက် ငိုတော့မလိုမျက်နှာနှင့် ဆရာမဒေါ်မြရှင်အား စိုက်ကြည့်နေလေသည်။ ဆရာမဒေါ်မြရှင်လည်း
မောင်မျိုးလွင်အား ကရုဏာမကင်းသော မျက်လုံးများဖြင့် ကြည့်နေရာမှ စာသင်ခန်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ကာ ချာခနဲ လှည့်၍ထွက်သွားလေတော့သည်။
* * * * *
အိမ်သို့ပြန်ရောက်လျှင် ဒေါ်မြရှင်လည်း အဝတ်အစားကိုမျှ မလဲနိုင်ဘဲ အိပ်ရာထဲသို့ဝင်ကာ ခြေပစ်လက်ပစ် လှဲချလိုက်လေသည် ။
စောစောက စာသင်ခန်းထဲတွင် ကျောင်းသားတပည့်များအား နှုတ်ဆက်စကားပြောစဉ်က သူ့ရင်ထဲတွင် တစ်ဆို့ဆို့ဖြစ်လာပြီး မျက်ရည်များ လည်လာသလိုဖြစ်သဖြင့် စကားကို တိုတိုဖြတ်ကာ အိမ်ပြန်ရောက်မှ အားရအောင်ငိုတော့မည်ဟု အောက်မေ့ခဲ့
သော်လည်း တကယ်တော့ မမြရှင်မှာ ငိုလို့လည်း မရနိုင်ချေ။ စိတ်ထဲတွင် ထိခိုက်စရာ၊ ဝမ်းနည်းစရာတို့ကို တကယ် တွေ့လာလို့မှ ငိုချင်သလို ငိုလို့မထွက်တော့သော သူ့စိတ်အခြေအနေကို ပြန်လှန်
သုံးသပ်ရင်း ခပ်ကြောင်ကြောင်ပင် အိပ်ရာပေါ်မှာ ပက်လက်လှန်လျက် အတွေးပင်လယ်ကြောတွင် နှစ်ချည်ပေါ်ချည် မျော၍နေလိုက်မိလေတော့သည်။
ငယ်ငယ်ကတော့ ငိုချင်သည်ဆိုလျှင် ကြိုက်သလို ငိုလို့ ရခဲ့သည်။ မျက်ရည်မကျဘဲ အသံချည်း ဟစ်ငိုချင်သည်ဆိုလည်း ငိုတတ်ခဲ့သည်။ မမြရှင်က စိတ်ကြီးလှသဖြင့် သူ့အမေက စိတ်တိုကာ
ဝါးခြမ်းတုတ်နှင့် ခပ်စပ်စပ် ရိုက်လေ့ရှိသည်။ ဤလိုရိုက်သည်ကို မခံချင်တိုင်း မမြရှင်က ဆယ်အိမ်ကြား ကိုးအိမ်ကြား ဟစ်၍ဟစ်၍ ငိုခဲ့သည်။ မျက်ရည်ကတော့ တစ်စက်မျှ မထွက်။
နောက်တစ်ခါ အသံတစ်စက်မျှ မထွက်ဘဲ မျက်ရည်ချောင်းစီးအောင် အိပ်ခန်းထဲမှာ တစ်ယောက်တည်း ကျိတ်၍လည်း ငိုခဲ့ဖူးသည်။
ငယ်ငယ်က မမြရှင်မှာ မျက်လုံးပြူးကလေးနှင့် အလွန် ချစ်စရာကောင်းသည်။ ဉာဏ်လည်း ကောင်းသည်။ စိတ်လည်း ထက်သည်။ အတန်းထဲတွင် စာတော်၍ သူ့ကို ဆရာ ဆရာမများက
ချစ်သည်။ မြရှင်ကလေး မြရှင်ကလေးနှင့် ဖူးဖူးမှုတ်ကြသည်။အထူးသဖြင့် မမြရှင်ကို မြန်မာစာပြဆရာ ကိုဒေဝက သူများတကာထက် ပိုပြီး အလိုလိုက်ခဲ့သည်။
ဆရာကိုဒေဝမှာ တစ်မြို့တစ်ရွာသားဖြစ်၍ မမြရှင်တို့နှင့်ခြံဝင်းချင်းကပ်လျက်တွင် အိမ်ကလေးငှား၍ တစ်ယောက်တည်းနေသူ ဖြစ်သည်။ ကိုဒေဝက အနုပညာသမားဖြစ်၍ အားလပ်ချိန်များတွင် ပန်းချီကားများ ဆွဲသည်။ တယော ထိုးသည်။ ညညတွင်
ဆရာကိုဒေဝ၏ တယောသံကလေးများကို မမြရှင် ကြားရမြဲဖြစ်သည်။
မမြရှင်တို့အိမ် အဝင်အထွက်လမ်းဘက်တွင် ကိုဒေဝ၏အိမ် .ရှိ၍ တစ်ခါတစ်ခါ မမြရှင်သည် ဆရာကိုဒေဝအိမ်ထဲသို့ မယောင်မလည်နှင့် ဝင်ကြည့်ဖူးသည်။ ကိုဒေဝ၏ ပန်းချီကားကို တအံ့
တသြ ကြည့်နေဖူးသည်။
တစ်ခါတစ်ခါ ကိုဒေဝက ပန်းချီကား၌ စိတ်အာရုံ ဝင်စားနေ၍ မမြရှင် သူ့နောက်က ရောက်နေသည်ကို မမြင်။ တမေ့တမောကြာမှ လှည့်ကြည့်၍မြင်သဖြင့် တအံ့တဩ သူ့ကို အကြာကြီး စိုက်
ကြည့်နေပြီးမှ ပြုံးတတ်သည်ကို မမြရှင် သတိရနေသည်။
ကိုဒေဝက “မမြရှင်ကလေး၊ ပန်းချီဝါသနာပါသလား”ဟု မေးတော့ မမြရှင်က ခေါင်းယမ်းပြုပြီးမှ ဘာစိတ်ကူးရသည်မသိ။ခေါင်းညိတ်၍ပြလိုက်မိသပြန်သဖြင့် ဆရာကိုဒေဝက “ဟဲ့၊ နှင့်ဟာ
က ဘာတုံး”ဟုမေးကာ ရယ်ရင်း သူ့လက်ထဲကစုတ်တံနှင့် ခေါင်းကိုရိုက်မလို ရွယ်လိုက်ပုံကို မမြရှင် ယခုအထိ မျက်စိထဲက မထွက်ချေ။
ဆရာကိုဒေဝက အသက် သုံးဆယ်ကျော်လောက် ရှိမည်။သည်တုန်းက မမြရှင် အသက် ဆယ့်ငါးနှစ်လောက်သာ ရှိဦးမည်။ဆရာကိုဒေဝမှာ လူချောလူလှကြီးတစ်ယောက် မဟုတ်စေကာမူ ကြည်ညို ဖွယ်အသွင်ကို ဆောင်သည်။ တည်ငြိမ်သည်။ ချစ်ခင်ဖွယ်အပြုံး ရှိသည်။ ယဉ်ကျေးသိမ်မွေ့သည်။ သို့သော် ဆရာကိုဒေဝကို လူပျော့ တစ်ယောက်လို့တော့ မည်သို့မျှ မဆိုနိုင်ပါချေ။
သူ၏ တယောသံကလေးများသည် ကြားရသူ၏ စိတ်အာရုံကို တကယ် ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူ၏ ပန်းချီကားများသည် မြင်ရသူ၏ စိတ်ကို တစ်မျိုးတစ်ဖုံ လှုပ်ရှားစေသည်။ ဤသို့ မမြရှင်၏
စိတ်ထဲတွင် စွဲလမ်းနေခဲ့သည်။
ကိုဒေဝက မမြရှင်ကို အထိုင်ခိုင်းပြီး ပုံတူ ဆွဲသည်။
သူ့ဆေးရောင်၊ သူ့စုတ်ချက်တို့သည် အသက်ဝင်လှသည်။ မမြရှင်၏ပုံမှာ ကြည်လင်နေသည်။ ပြုံးတော့မလို အကြည့်ကလေးက ချစ်စရာ
ကောင်းလှသည်။ ဤအချက်များကို ကိုဒေဝက မိအောင်ဖမ်း၍ရေးဆွဲနိုင်သည်။
ရူးသည့်မိုက်သည့် အရွယ်မို့လို့ ဆိုမည်လား။ မမြရှင်သည် ကိုဒေဝအား စွဲလမ်းခင်မင်၍ နေခဲ့မိသည်။ ကိုဒေဝကို အကြောင်းပြု၍ ပျော်ရွှင်ဖွယ်စိတ်ကူးအမျိုးမျိုးကို ကူးကြည့်နေခဲ့ဖူးသည်။
ဆရာကိုဒေဝနှင့် ခင်မင်ရင်းနှီးလာရာမှ ဆရာကိုဒေဝ၏အကြောင်း ပိုသိလာကာ ကိုဒေဝမှာ သူ မသိခဲ့သေးသော အထင်ကြီးစရာ၊အံ့ဩစရာအရည်အသွေးတွေ ဂုဏ်တွေ အပြည့်ရှိသည်ဟု သူမြင်လာသည်။ ငယ်ရွယ်သူမို့ စွဲမိစွဲရာ စွဲသည်လို့ ဆိုချင်ဆိုပါတော့။သို့သော် မမြရှင်က ယခု အသက်ကြီးလာမှ ပြန်တွေးမိတော့လည်း
ဆရာကိုဒေဝ၏ နှစ်လိုဖွယ်အရည်အသွေးတို့သည် အံ့သြစရာချည်းဖြစ်သည်ဟု မြင်တုန်းပင်။ ကိုဒေဝ၏ တယောသံကလေးများကို နားထဲတွင် ကြားတုန်းပင်။
ကိုဒေဝ၏ စိတ်လှုပ်ရှားဖွယ်ပန်းချီကားကို မျက်စိထဲတွင် မြင်တုန်းပင် ဖြစ်သည်။ ထို့ကြောင့် မမြရှင်က သည်တုန်းက ရူးသည့် မိုက်သည့်အရွယ်မို့ ကိုဒေဝကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့တာဟု ဆိုသည်ကို လက်မခံချင်။ ယခု မရူးတော့၊ မမိုက်တော့သည့်
သုံးဆယ်ငါးနှစ်မှာ ဆရာကိုဒေဝကို ပြန်တွေ့လျှင် ငယ်ငယ်ကလိုပဲ စွဲလမ်းဦးမှာပဲဟု သူ တစ်ထစ်ချ ယုံကြည်သည်။ ကြီးလာလို့ ပိုပြီးတောင် စွဲလမ်းဦးမည်လို့ ထင်လိုက်ချင်သေးသည်။
ကိုဒေဝစိတ်ထဲမှာလည်း မမြရှင်ကို စွဲလမ်းနေသည်ဟု မမြရှင်က ထင်စရာ အကြောင်းများစွာရှိသည်။ သူတို့ အကြောင်းအားလျော်စွာ မျက်စိချင်းဆုံမိကြလျှင် မမြရှင်၌ အလိုလိုသိသောအသိဖြင့် ကိုဒေ၀.
ကလည်း သူချစ်သလိုပင် သူ့ကို ပြန်ပြီးချစ်သည်ဟုသိလျက်ရှိသည်။
ယခုမှ ပြန်တွေးကြည့်တော့ ထူးဆန်းသလိုဖြစ်နေသော်လည်း မမြရှင်ကတော့ ဒိဋ္ဌဓမ္မသိသည်လို့ပင် စွဲမှတ်ထားသည်။
ကိုဒေဝက အနုပညာသမားပီပီ အလှကို မြတ်နိုးတတ်သည်မဟုတ်လား။ မမြရှင်ကလည်း မျက်လုံးပြူးကလေးနှင့် လှသည်မဟုတ်လား။ ဆရာကိုဒေဝက မမြရှင်၏ ပုံတူကား အများအပြားကို စိတ်ရှည်လက်ရှည် ရေးဆွဲခဲ့သည် မဟုတ်လား၊ ပြီးတော့ ပြပွဲတင်တုန်းက တခြားပန်းချီကားတွေကို ရောင်းပစ်ပေမယ့် မမြရှင်၏ ပုံတူကားများကိုတော့ အဖိုးများစွာ ပေးဝယ်သူရှိပါလျက် “မရောင်း'ဟု မောက်မာစွာဆိုခဲ့သည် မဟုတ်လား။
“ဆရာရယ်။ မြရှင် ဆရာနှင့်အတူနေရရင် သိပ်ပျော်မှာပဲ”ဟု မြရှင်က စပြောတော့ ဆရာကိုဒေ၀မျက်နှာမှာ ရုတ်တရက် အရောင်လက်လာပြီး ချက်ချင်းဆိုသလို ပြန်ပြီးညှိုးငယ်သွားသည်ကို မမြရှင်
မြင်ယောင်နေလေသည်။
* * * * *
ဒေါ်မြရှင်သည် ပက်လက်လှန်လျက် ခြင်ထောင်အမိုးကိုစိုက်ကြည့်ရင်း ကိုဒေဝ၏ရုပ်ပုံကို မသဲမကွဲ ဖော်ကြည့်နေ၏။
“ဆရာ ဆရာ၊ ဆရာဟာ ဘယ်လိုလူလဲ”
နောက် ညတစ်ညမှာ မိုးချုပ်အထိ မမြရှင် စာကျက်နေတုန်း တစ်ဘက်ခြံမှ ကိုဒေဝ၏တယောသံ ပေါ်လာသည်။ တယောသံမှာ သာမန်ငြိမ့်ညောင်းရုံ၊ သာယာရုံမျှမဟုတ်ဘဲ တစ်စုံတစ်ခုကို ပြောပြနေသလို ထွက်လာသည်။ လွမ်းစရာ၊ ကြေကွဲစရာရယ်လို့လည်းမဟုတ်။ ဘာကို ပြောပြနေမှန်းတော့ မသိ။ မမြရှင်ရင်ထဲတွင် တစ်မျိုးတစ်ဖုံ လှုပ်ရှားလာသည်နှင့် စာကြည့်စားပွဲက မီးကို မပိတ်ခဲ့ဘဲ အိမ်ထဲမှ အသာလျှိုထွက်ပြီး ဆရာကိုဒေဝ၏ အိမ်ဘက်သို့
ကူးသွားခဲ့သည်။
အချိန် မည်မျှကြာသည်ကိုတော့ မသိ။ ဆရာကိုဒေဝ တယောကို သိမ်း၍ အိမ်ထဲပြန်ဝင်လာတော့မှ လှေကားရင်းတွင် တိုင်ကိုမှီ၍ မှေးနေသော မမြရှင်ကို တွေ့ရလေတော့သည်။
ရူးသည်လို့ပဲ ထားလိုက်ပါတော့။ သည်တုန်းက မမြရှင်သည် လောကကို ပျော်စရာ ရွှင်စရာ၊ ကြည်နူးစရာ အတိပြီးသည်ဟု ထင်ခဲ့သည်။ ထိုအချိန်ကို ယခုက ပြန်တွေးလျှင်လည်း သာယာသော
လောကကို မြင်ရပါသေးသည်။
ဆရာကိုဒေဝက' လူကြီးလူကောင်းပီသစွာ “ဟဲ့- ဒီမှာ မမြရှင်ကလေးပါလား။ ဘယ့်နှယ်၊ နင် ဘယ်အချိန်က ရောက်နေလဲ။ အချိန်မတော်ကြီးမှာကွယ်။ လူတွေသိကုန်ရင် ကဲ့ရဲ့စရာဖြစ်နေပါ့မယ်။ ပြန် ပြန်။ မိုးချုပ်ပြီ”ဟု ချော့မော့ပြောတော့ မမြရှင်က
ကလေးလို ပေကတ်ကတ်လုပ်နေသဖြင့် ဆရာကိုဒေ၀ တစ်ညလုံး တယောထိုင်ထိုးနေရသည်ကို မမြရှင် သတိရလျက်ရှိသည်။
နံနက်လင်းခါနီးမှ မမြရှင် သူ့စာကြည့်စားပွဲ ပြန်ရောက်ပြီး စားပွဲမှာပင် လက်တင်၍ လက်ပေါ်တွင်မျက်နှာမှောက်ကာ အိပ်ပျော်သွားသည်။ လူကြီးတွေကတော့ မမြရှင် တစ်ညလုံး စာကြည့်
ပြီး စာကြည့်ရင်း အိပ်ပျော်သွားသည် ထင်ကြသည်။
သို့သော် နောက်တစ်ရက်နှစ်ရက်အကြာတွင် မမြရှင်၏ သာယာသောလောကထဲမှ အသက်သဖွယ်ဖြစ်သော ဆရာကိုဒေဝသည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေသည်။
“ဆရာ ဆရာ။ မြရှင် ဆရာ့ကို ဘယ်ဆီလိုက်ရှာရမှာလဲ ဆရာရယ်”
သည်တုန်းက မမြရှင် အသံမထွက်ဘဲ မျက်ရည်ချောင်းစီးအောင် ငိုခဲ့ရသည် မဟုတ်လား။ သူ့ အတွက် ဖူးစာရေးနတ်က တစ်သက်လုံးလောက်အောင် ထည့်ပေးလိုက်သောမျက်ရည်များ
အားလုံးကုန်အောင် ငိုပစ်လိုက်မိလေသလားတော့ မသိ ။
အချိန်ကြာတော့ မေ့ပျောက်ရသည် ဆိုပါဦးတော့။ မမြရှင်မှာ တစ်ခါတစ်ခါ လွမ်းလို့မဟုတ်တောင် ကိုဒေဝအကြောင်း အပျင်းပြေတော့ တွေးကြည့်မိတတ်၏။ တွေးလိုက်တိုင်းလည်း ကြည်နူး
စရာကလေးတွေကို သတိရတတ်သည်။
အချိန်များ ကုန်ခဲ့သည်။
မမြရှင်သည် သွားရင်းလာရင်း ကျောင်းတက်ရင်း စာကျက်ရင်း ဆရာကိုဒေဝကို တွေ့လိုတွေ့ငြား ရှာကြည့်သည်။ သူ ဆယ်တန်းအောင်ပြီး ကောလိပ်ရောက်တော့ လူယဉ်ကျေးတွေ ပေါလှသည်ဆိုသော ကောလိပ်ကျောင်းတွင် ကိုဒေဝကိုများ ဘွားခနဲ တွေ့ရလေမည်လားဟု ရှာသည်။ ကိုဒေဝနှင့် တူသည့်လူကိုပင် မတွေ့ခဲ့။
ဤသို့ သွားရင်းဟန်လွှဲ ကိုဒေဝကို ရှာရင်းကပင် သူ စာမေးပွဲတွေအောင်ခဲ့သည်။ ဒီဂရီတွေ ရခဲ့သည်။
ကောလိပ်မှာနေစဉ်က မမြရှင်မှာ အတော်ပင် ပေါ်လွင်သော ရုပ်အဆင်းရှိသူဖြစ်၍ ပိုးပန်းကြသူ အများအပြားရှိခဲ့သည်။ စွဲစွဲလမ်းလမ်း လိုက်သူများလည်း ရှိခဲ့၏။ သို့သော် မမြရှင်၏စိတ်ထဲ၌
သဘောကျသူကို မတွေ့ခဲ့ရချေ။ တစ်ခါတလေ အပျင်းပြေ ရွေးချယ်ကြည့်ဖူး၏။ မမြရှင်၏ဘဝကို သာယာအောင် ဖန်တီးချင်ပါသည်ဟု ဆိုလာသော အာဇာနည် သူရဲကောင်းများကို မမြရှင်က ဆရာကိုဒေ၀နှင့် စံထိုး၍ကြည့်သည်။
မိဘပိုက်ဆံချမ်းသာ၍ ကောလိပ်ကျောင်းရောက်လာပြီး သူတို့စိတ်ကူးထဲတွင် အရာရှိအရာခံလုပ်ဖို့မှတစ်ပါး ဘာမှ ထူးထူးထွေထွေရှိဟန်မတူသော ကောလိပ်ကျောင်းသား လူရည်သန့် ဂိုက်သမားများမှာ ကိုဒေဝ၏ အရည်အသွေးများ ဘာတစ်ခုမျှမရှိဟု မမြရှင်က ထင်လေသည်။ အနုပညာမြတ်နိုးတတ်သော ဆရာကိုဒေ၀နှင့် ယှဉ်လိုက်သောအခါ ကောလိပ်ကျောင်းသားများမှာ
လူပေါ်ကြော့များဖြစ်သည်ဟု မမြရှင် မြင်လေသည်။
ကျောင်းမှာနေစဉ်က မမြရှင်မှာ ခင်မင်သော ယောက်ျားမိတ်ဆွေများတော့ ရှိခဲ့ပါ၏။ သို့သော် ပညာရှာမှီးခြင်း၌ စိတ်အာရုံ အတော်များများထားသော မမြရှင်တွင် စိတ်ကူးယဉ်စရာအချိန်
ကလည်း နည်းသည်။
သူ ဘီအေနောက်ဆုံးနှစ်ကတော့ သူနှင့် ဘာသာတွဲတူသည့် ကျောင်းတက်ဖက် ကိုထွန်းမင်းဆိုသူနှင့် အတော်ကလေးရင်းနှီး ခင်မင်မိသည် ထင်သည်။ ကိုထွန်းမင်းမှာ ရိုးသားတည်ငြိမ်သော လူငယ်တစ်ယောက်ဖြစ်၍ ခင်မင်စရာကောင်းသည်။ မမြရှင်ကို
လည်း သူ အတော်ပင် ခင်မင်ရှာသည်။ မမြရှင်ကလည်း ကိုထွန်းမင်းကို တုန့်ပြန်ခင်မင်ခဲ့ပါသည်။ သို့သော် ကိုထွန်းမင်းမှာ ရိုးသားလွန်း
သဖြင့် ရိုးရိုးခင်မင်သောမိတ်ဆွေတစ်ယောက်မျှသာ ဖြစ်ခဲ့ရသည်။
သူတို့ ဘီအေအောင်ကြပြီးနောက် ဘွဲ့နှင်းသဘင်တက်ကြရာမှာ ကိုထွန်းမင်းကို မမြရှင် တစ်ခါပြန်တွေ့ရသေးသည်။ နောက်တော့ မတွေ့ရတော့။ ကိုယ့်သံသရာနှင့် ကိုယ် ကျင်လည်ခဲ့ကြပြီး မေ့မေ့
: ပျောက်ပျောက်ဖြစ်သွားသည်။မမြရှင် ဘီအီးဒီဆက်တက်ပြီး ကျောင်းဆရာမ လုပ်နေသည့်
အချိန်ကျတော့ သူ့မှာ ဆရာကိုဒေဝကိုပင် တစ်ခါတစ်ခါမှသာမှာ သတိရတော့သည်။ သူ့မှာ ဆရာကိုဒေဝမရှိဘဲ သူ့ လောကကိုသူ သာယာစိုပြည်နေအောင် လုပ်တတ်လာသည်ဟုထင်သည်။ .
ဝမ်းနှင့် မလွယ် သားမမည် ဟု ဆိုလင့်ကစား ကျောင်းသား၊တပည့်ကလေးများမှာ သူ့သားတွေသမီးတွေပဲ မဟုတ်လား။ သံယောဇဉ်
သိပ်မရှိသော မမြရှင်အဖို့ သည်ကျောင်းသားတွေပဲ သား၊ ကျောင်းသူတွေပဲ သမီး၊ သည်သား သည်သမီးတွေဟာ သူ့ ရင်နှစ်ကလေးတွေပဲ မဟုတ်လား။ ကျောင်းသားတပည့်များအပေါ်တွင် မမြရှင်ထားခဲ့သော စေတနာသည် သူ၏ အသည်းနှလုံးမှလာသော စေတနာ၊ ချစ်တတ် ခင်တတ်သော စေတနာ။
ငယ်ငယ်က ဆရာကိုဒေဝ၏ တယောသံများ၊ ပန်းချီကားများကို မှီ၍ဖြစ်ခဲ့သော စေတနာများကဲ့သို့ ဒလဟော စီးဆင်းလာသော စေတနာမျိုး မဟုတ်စေကာမူ ထိုစေတနာများ စီးဆင်းသွားခဲ့ဖူးသော
သဲချောင်း၌ တူး၍ယက်၍ စိမ့်ထွက်လာသော လက်ယက်တွင်း စိမ့်ရေကလေးများသဖွယ်ပင် အေးမြကြည်လင်သော စေတနာဟူ၍တော့
ခေါ်နိုင်လိမ့်မည်။
သည်တော့ မမြရှင် ကျောင်းဆရာမအလုပ်၌ ပျော်မွေ့မိသည်။ချမ်းမြေ့နှစ်သိမ့်မှုကလေးများ ရရှိသည်။ သူ၏ဘဝ၊ သူ၏လောကသည် ကိုဒေဝ၏ တယောသံကလေးများ၊ ကိုဒေဝ၏ ပန်းချီကား
ကလေးများမပါဘဲ စိမ်းစိုသာယာ၍နေသလို ဖြစ်လာ၏။
ဤသို့လျှင် သာယာနေပြီဖြစ်သော သူ့ဘဝ သူ့ လောကမှာ ဘာမျှ မလိုတော့သလောက်ဖြစ်သော်လည်း တစ်ခါတစ်ခါတော့ ပုထုဇဉ်သားပီပီ အဖော်ကို တောင့်တမိတတ်သဖြင့် သူ၏ ချမ်းမြေ
နေကျ၊ ကြည်လင်နေကျ စိတ်ကလေးတို့သည် အနည်မှုန်ကလေးများဖြင့် နောက်၍နောက်၍လာတတ်သည်။
“မောင်မျိုးလွင်ရယ်၊ မင်း တယ်ခက်ပါလား”
လူပျိုပေါက်အရွယ် ရူးရူးမိုက်မိုက်ကလေးလို့ ဆိုရမည်လား။မောင်မျိုးလွင်မှာ ဆရာမဒေါ်မြရှင်ကို စွဲလမ်းတပ်မက်သည့်စိတ်ဖြင့် တစိမ့်စိမ့်ကြည့်၍မဝနိုင်တိုင်း အကြောင်းမရှိ အကြောင်းရှာ ဆရာမ
ရှိရာကိုချည်း လာလာနေတတ်သည်။ မမြရှင်ကလည်း သူ့ထံသို့ အရောက်အပေါက်များသော တပည့်ချစ် မောင်မျိုးလွင်အား အရေးပေး
အရောဝင်မိသည်။
. အစကတော့ အသက်အရွယ်ကလည်း ကွာခြား၊ ဆရာမနှင့်တပည့်၊ အမိနှင့်သားလိုလည်း ဖြစ်၍ စိုးရိမ်ဖွယ်ဟူ၍ စိုးစဉ်းမျှမဖြစ်မိ။ သို့ရာတွင် မောင်မျိုးလွင်သည် ဆရာမထံသို့ လာလွန်းသည်။
ဆရာမကို ရွှန်းရွှန်းစားစားကြည့်လွန်းသည်။ ကြာတော့ ဆရာမကလည်း စိတ်လှုပ်ရှားလာသည် ထင်၏။ မမြရှင်သည် တစ်ခါတစ်ခါ အိပ်မပျော်သောညများတွင် မောင်မျိုးလွင်၏အကြောင်းကို တမေ့တမော တွေးတော၍နေမိတတ်လေသည်။
သူတို့ စာသင်ခန်းထဲမှာ ဖြစ်စေ၊ အခြားနေရာမှာ ဖြစ်စေ အကြည့်ချင်း မကြာခဏဆုံမိတတ်၍ တစ်ခါတစ်ခါ တစ်ယောက်စိတ်ကို တစ်ယောက် သိသလိုပြုံးမိတတ်ကြ၏။ တစ်ခါတစ်ခါလည်း
ရင်ထဲတွင် ဒိတ်ခနဲဖြစ်ကာ မသိမသာ ဣန္ဒြေပျက်သွားတတ်ကြ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်ဆီက မောင်မျိုးလွင်တစ်ယောက်တည်း စာစီစာကုံးရေးရင်း နောက်ကျနေ၍ ဆရာမက ထိုင်စောင့်နေ၏။ မောင်မျိုးလွင်သည် အတုန်တုန်အခိုက်ခိုက်နှင့် ဆရာမ
အနီးသို့ ရောက်လာသည်။ မမြရှင်ရင်ထဲက တဒိတ်ဒိတ်ခုန်နေ၏။
မောင်မျိုးလွင်မှာလည်း တစ်ကိုယ်လုံး တုန်နေဟန်တူသည်။ သူ့မှာ အသံတွေပါ တုန်နေ၏။
“ဆရာမရယ်၊ ကျွန်တော့်ကို ရိုက်ချင်လည်းရိုက်၊ သတ်ပစ်ချင်လည်း သတ်ပစ်ပါ။ ကျွန်တော်တော့ ဘယ်လိုမှ ဘယ်လိုမှ နေလို့မရလို့။ ကျွန်တော် ဆရာမကို ဘယ်လိုချစ်မှန်း မသိဘူး”
အထစ်ထစ်အငေါ့ငေါ့နှင့် မောင်မျိုးလွင်က အမေ့အရွယ် သူ့ဆရာမကို ချစ်ရေးဆိုနေသည်ကို မြင်ရတော့ မမြရှင်မှာ ရင်ထဲမှ မသိမသာ လှုပ်ရှားလျက်ရှိရာက ပြုံးလိုက်မိပါသေးသည်။
“ဆ ဆရာမရယ်။ ကျွန်တော် သေရလိမ့်မယ်ထင်တယ်”
မမြရှင် ဘာပြန်ပြောလိုက်ရမည် မသိဘဲ အတန်ကြာအောင် မောင်မျိုးလွင်အား ငေးစိုက်ကြည့်နေပြီးမှ ရုတ်တရက် စာအုပ်များကို ကောက်စီပြီး “တယ်မိုက်ပါလား မောင်မျိုးလွင်” ဟုပြောကာ
စာသင်ခန်းထဲမှ ထွက်လာခဲ့ရလေသည်။
မမြရှင်မှာ မစွမ်းရင်းကလည်းရှိသဖြင့် ကန်စွန်းခင်း ငြိမည်ကို များစွာစိုးရိမ်မိလေသည်။ ထိုနေ့က သူ အိမ်ပြန်ရောက်ပြီး မောင်မျိုးလွင်အကြောင်းကို တစ်ညလုံး တွေးတောနေမိလေသည်။
မောင်မျိုးလွင်အပေါ်တွင် သူ မည်သို့ သဘောထားရမည်ကို အတိအကျ ထားလို့မရနိုင်။ ဝေခွဲလို့ မရနိုင်။ ကိုယ်ချင်းစာစိတ်ကလေးများ ဝင်လာတော့ မောင်မျိုးလွင် စိတ်ချမ်းသာမှုအတွက် ဘာဖြစ်ဖြစ်
ဇွတ်နှစ်ပေးလိုက်ချင်သလိုလို ဖြစ်မိသေး၏။
သို့သော် သူ့မှာ တပည့်များအပေါ် ထားအပ်သည့် စေတနာကလေးကတော့ နေရာတကာတွင် ပါလျက်ရှိသည်ကို သတိပြုမိသည်။
" ဪ သည်ကလေးနှယ်၊ မအေအရွယ်ကြီးကိုမှ ရွေးပြီး စွဲလမ်းမိတတ်ပါလေတယ်။ လောကမှာ မိန်းမ ဒါလောက်ရှားသမို့ လား။ မင့်အမေမိဘများသိရင် ဘယ်လိုနေမလဲ။ အင်း၊ ငါ့သားကလေး
အညွန့်အဖူး နုနုထွတ်ထွတ်ကလေးကို ဆရာမသေခါနီးက မုန့်ပေးပြီး ကြိုက်တယ်လို့ ဆိုကြတော့မယ်။ လူတွေကလည်း ကဲ့ရဲ့ကြတော့မယ်။ ဆရာမအဖို့တော့ ဘယ်လို ဆိုကြဆိုကြ ဘယ်လို ပြောကြ
ပြောကြ တုန်လှုပ်စရာ မရှိပါဘူးကွယ်။ မောင်မျိုးလွင်ကတော့ ငယ်သေးလို့ လူ့လောကကြီးထဲမှာ ဆရာမထက် ပိုပြီး ကြာကြာနေဦးမယ်။ လူ့လောက အတွေ့အကြုံ နည်းသေးလို့ တွေ့ရကြုံရသမျှ
တွေကို တုန်လှုပ်လိမ့်ဦးမယ်”
မမြရှင်မှာ သူကိုယ်တိုင် မြေကြီးကိုတူးဆွ၍ စိုက်ပျိုးပြုစုလာခဲ့သော ပန်းပင်မှ ဦးဦးဖျားဖျားပွင့်လန်းလာသော ပန်းဦးပန်းဖူးကလေးကို သူကိုယ်တိုင် ခူးဆွတ်ဖြတ်ခြေ၍ မပန်ရက်နိုင်သကဲ့သို့
ရှိသဖြင့် “ဘယ်နည်းနှင့်မှ မလိုက်လျောတော့” ဟူသော ဆုံးဖြတ်ချက်ကို နံနက်လင်းအားကြီးတွင်မှ ချဖြစ်လေသည်။
ဤဆုံးဖြတ်ချက်ကို အကြောင်းပြု၍ ယနေ့ ဒုတိယခြေလှမ်းကို လှမ်းခဲ့ရပါပြီ။ မောင်မျိုးလွင်တစ်ယောက်တော့ မျက်ရည်ချောင်းစီးအောင် ငိုချင်လျှင်လည်း ငိုရစ်ပေတော့မည်။
သည်လိုတွေးမိတော့ တစ်ခါ ဆရာကိုဒေဝ ထွက်သွားစဉ်က သူ မျက်ရည်ချောင်းစီးအောင် ငိုခဲ့ရသည်များကို သတိရလာပြီး ဆရာကိုဒေဝ၏ရုပ်ပုံကို ကွက်ခနဲ ပြေး၍မြင်လိုက်မိသည်။ သည်
တစ်ခါပေါ်လာသော ဆရာကိုဒေဝ၏ ရုပ်ပုံသည် ယခင်အခါများကကဲ့သို့ လျှပ်တစ်ပြက်အတွင်း ကွယ်ပျောက်၍မသွားဘဲ မမြရှင်၏
အာရုံထဲတွင် ထင်ရှားသည်ထက် ထင်ရှားလာသည်။ ပြတ်သားသည်ထက် ပြတ်သားလာသည်။
နောက်ဆုံးတွင် မမြရှင်သည် ဆရာကိုဒေဝ၏ရုပ်ပုံကို ပီပီသသကြီး မြင်လိုက်ရသည်။ မမြရှင်ပါးစပ်ကလည်း “ဪ ဆရာ၊ဆရာ” ဟု ယောင်ယမ်း ရေရွတ်လိုက်မိလေ၏။
ထို့နောက် မမြရှင်သည် အိပ်ရာပေါ်မှထ၍ မှန်တင်ခုံရှိရာသို့ လာခဲ့သည်။ မှန်တင်ခုံပေါ်တွင် သူ့သူငယ်ချင်း ဆရာမ မလှကြည်၏ ဓာတ်ပုံကို မြင်သည်။ ဆရာမ မလှကြည်၏ဓာတ်ပုံကိုမြင်တော့မှ တစ်နေ့က မလှကြည် ရန်ကုန်အလည်သွား၍ အပြန် သူ့ထံလာပြီး-
“ဟေ့၊ ကိုထွန်းမင်းကြီးနှင့် တွေ့ခဲ့တယ်တော့။ ယူနီဘာစတီမှာ ဆရာလုပ်နေလေရဲ့။ မိန်းမ မရသေးဘူးတဲ့တော်။ သူ့အကြောင်း ကိုယ်ကပြောတော့ ဘသားချောက အထပ်ထပ် အထပ်ထပ်ကွယ်
မေးလိုက်တာ စုံလို့ပဲ။ ကျောင်းပိတ်ရင် အလည်လာဦးမတဲ့တော် သူ့ဆီကို”ဟု သူ့ဝါသနာအလျောက် နောက်ရင်းပြောင်ရင်း လက်တို့ခြေတို့နှင့် ပြောသွားသည်ကို ပြေး၍သတိရလိုက်မိသည်။
မမြရှင်သည် သူ့ကိုယ်သူ မှန်ထဲတွင်ကြည့်လိုက်သည်။နောက် တို့ဖတ်နှင့် မျက်နှာကို အသာအယာတို့ရင်း ကိုထွန်းမင်း၏အကြောင်းကို အကြာကြီးတွေးတော၍ နေမိလေ၏။
--------------
ထင်လင်း
#Typing_crd_ZawOo
No comments:
Post a Comment