Sunday, 17 May 2020

မျောက်နေကိုင်း #မင်းလူ

#မျောက်နေကိုင်း

#မင်းလူ

ဆရာမကလျာကြီးအနေဖြင့် မဂ္ဂဇင်းအတွက် စာမူအမြန်ရဖို့ အကြံအဖန်လုပ်ရာမှာ နည်းလမ်းအသစ်တွေ ထပ်ထွင်ရန် လိုအပ်နေပြီဟု အကြံပြုလိုပါသည်။ အခု သူ ကျင့်သုံးနေသော ထဲက်ခဏိတ် (တက်ကနစ်ကို အတ္တကျော်မူနဲ့ရေးတာ)ကြီးက ရိုးစင်းလွန်းအားကြီးနေပြီ။

နှလုံးအားနည်းတယ်၊ ညည အိပ်မပျော်ဘူး၊ လူက မောမောနေတယ်၊ ခြေတွေလက်တွေတောင် မသယ်ချင်ဘူး၊ စာမူတွေ အချိန်မီမရမှာ စိုးရိမ်ပူပန်နေရတော့ ပိုဆိုးတယ် စသည်ဖြင့် လူတွေ့လျှင် ငိုပြတတ်သည်။ သနားပြီးတော့ စာမူပေးအောင် ကြံတာ
လေ။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတောင် ဆေးရုံတက်ချင်ယောင်ဆောင်ပြီး စာမူချူခဲ့သေးသည်။

ဟိုတစ်လောကလည်း အလှူပွဲတစ်ခုမှာ ဆုံတော့ ကျွန်တော်က...

“ဆရာမ နေကောင်းလား”

ဟု မေးရိုးမေးစဉ်အတိုင်း နှုတ်ဆက်သည်။ သူက အကွက်တော့ ဝင်လာပြီဆိုပြီး

“မကောင်းလှပါဘူး၊ ခြေထောက်တွေ‌လေးပြီး လမ်းလျှောက်ရတာ အဆင်မပြေဘူး၊ ခြေသည်းကျီးပေါင်းတက်တာလို့ အမရာ(ဆေးတစ်)ကတော့ ပြောတာပဲ။ အဲဒါ ခြေသည်းကို စီတီစကင်
ရိုက်ရမည်ပြောတယ်၊ ဗိုက်ပူသူတော်ကလည်း သူနဲ့တူတူ ဘန်ကောက်မှာ ဆေးစစ်ဖို့ ခေါ်နေတယ်”

ဟု တစ်ခါမှမကြားဖူးတဲ့ ရောဂါကို အကြောင်းပြပြီး

“အဲဒါ စာမူတစ်ပုဒ်လိုချင်တယ်” 

ဘာမှလည်း မဆိုင်ဘူး။ ကျွန်တော်ကလည်း ထိုကာလမှာ စိတ်ကို စုစည်းလို့မရဘဲ အာရုံတွေပျံ့လွင့်နေသည်။ စာမကုံးချင်ဘူး ဆိုသော အခြေအနေမျိုး ဖြစ်နေ၏။ သူ့မဂ္ဂဇိန်(မဂ္ဂဇင်း)အတွက် ရေးမပေးနိုင်သေး။ ထို့ကြောင့် 'စာမူတော့ မပေးနိုင်သေးဘူး ဆရာမ နေမကောင်းတဲ့အတွက် ဆေးတွေတော့ ပေးနိုင်တယ်'ဟု ပြောလိုက်၏။

ကျွန်တော်ပေးတဲ့ဆေးတွေက နိုင်ငံခြားဖြစ်တွေတော့ မဟုတ်။ တိုင်းရင်းဆေးများသာ ဖြစ်၏။ သူက မသောက်ဘဲနေသည်။ တိုင်းရင်းဆေးတွေကို မယုံသောကြောင့်တော့ မဟုတ်။ကျွန်တော့်ကို မယုံခြင်းသာ ဖြစ်၏။ ကျွန်တော်ကလည်း ကျွန်တော်
ပါပဲ၊ ပေါက်ကရတွေ လျှောက်ရေးတာကိုး။ ဒီတော့ ကျွန်တော်ပေးတဲ့ဆေးကလည်း ပေါက်ကရတွေ ဖြစ်နေမှာကို လန့်နေသလားမသိ။ ကျွန်တော်က တွေ့တဲ့အခါတိုင်း ဆေးတွေ မသောက်ဘူး
လား မေးမေးနေတော့ ပိုပြီး သင်္ကာမကင်း ဖြစ်ဟန်တူသည်။သောက်ဖြစ်အောင် သောက်ပါဆရာမရယ်ဟု အတင်းတိုက်တွန်းတော့မှ-

“အင်း..အခုလောလောဆယ်မှာတော့ အိမ်ကကိုစိန်ကြီး နှုတ်ခမ်းမွှေး အတက်ပေါက်နေလို့ သူ့ကို အဲဒီဆေးတွေ စမ်းသောက်ခိုင်းထားတယ်။သူဘာမှ ပြဿနာမဖြစ်ဘူးဆိုမှ တို့များလည်း
သောက် ကြည့်မယ်” 

                                   * * * * *

ကျွန်တော်က အခုလို နောက်တီးနောက်တောက်တွေ
လျှောက်ရေးတော့ စာရေးခံရတဲ့ စာရေးဆရာတချို့က လက်စားတုံ့ပြန်ဖို့ ကြိုးစားကြည့်ကြသေးသည်။ ကျွန်တော်ကလည်း အားပေးသည်။ စာပေဝေဖန်ရေးလုပ်ရာမှာတောင် တစ်ယောက်နဲ့တစ်ယောက် အသေအကြေ ဆော်ကြသေးတာပဲ။ ခုဟာက စာပေ
သမားချင်း ချစ်လို့ခင်လို့ ကလူကျီစယ်ကြတာ။ ပျော်စရာတောင်ကောင်းသေး။

ပြန်ရေးမယ်။ ပြန်ရေးမယ်နဲ့ ကြုံးဝါးကြသော်လည်း တကယ်တမ်းကျတော့ လက်တွန့်နေကြသည်။ ကိုယ်ကပဲ 'ဘယ်လိုလဲ မရေးသေးဘူးလား၊ မြန်မြန်ပြန်ရေးကြလေဗျာ၊ တော်ကြာ သွေးအေးသွားဦးမယ်'ဟု လောဆော်ရသည်။

ကိုကြီးညို(ဆရာချစ်ဦးညို)ကတော့ ပြန်ရေးမည်ဟု ဆိုလာသည်။

“ကိုယ်က ရေးချင်လှလို့တော့ မဟုတ်ပါဘူး၊ အိမ်ကမိန်းမကရေးခိုင်းလို့”

“ဘာလဲ၊ သူ့ကို ရွှေအတုတွေ ဝတ်တယ်ပြောတာကို မကျေနပ်လို့လား”

“မဟုတ်ဘူး၊ မောင်ရင်ရေးတဲ့ ဝတ္ထုမျိုးတွေရေးရင် ကလျာမဂ္ဂဇင်းက စာမူခနှစ်ဆပေးတယ်ကြားလို့..တဲ့”

“သူ့ကို ဘယ်သူက ပြောတာလဲ”

“အောင်ကျော်တိုး ပြောတာတဲ့”

ကျွန်တော့်ကိုလည်း လက်စားချေပြီးသားဖြစ်၊ ချစ်ဦးညိုကိုလည်း ဒုက္ခပေးပြီးသားဖြစ်အောင် ချွန်လိုက်ခြင်းဖြစ်၏။

“အင်း .. ဟုတ်တော့လည်း ဟုတ်တာပဲ၊ အောင်ကျော်တိုးစကားကို ယုံမိတယ်ဆိုတာကိုက စပြီးတော့ မှားတာပဲ၊ တော်ပါပြီလေ၊ အခုအခန်းဆက်ရေးနေတဲ့ ပန်းစကြာမှန်ပြောင်းကိုပဲ စာအုပ်တစ်အုပ်စာရအောင် တတ်နိုင်သလောက် ဆွဲဆန့်ပြီး ရေးတာ
ကမှ ကိုက်ဦးမယ်”

“ဟာ..ဟုတ်တယ်၊ ဟုတ်တယ်၊ နိုင်ငံခြား တစ်ပတ်လောက်သွားတဲ့အကြောင်းကို မဂ္ဂဇင်းမှာ တစ်နှစ်စာလောက်ချဲ့ရေးတာ ခုချိန်မှာ ခေတ်စားနေတာပဲ၊ စာမျက်နှာနည်းနေရင်လည်း အိမ်သာတက်တဲ့အကြောင်းတွေ ဘာတွေ ဖြည့်ထည့်လိုက်ပေါ့”

 ခုတစ်လောမှာ ကိုကြီးညိုသည် ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေတက်၊ လူမှုရေးကိစ္စတွေ လျှောက်လုပ်နေသဖြင့် စာသိပ်မရေးနိုင်ဘဲ ဖြစ်နေသည်။ စာမူခဝင်ငွေ လျော့လာသဖြင့် သူ့လေဒီကသိပ်မကြည်ချင်။ ဒီကြားထဲမှာ သူတို့သားက “လင်္ကာညို" ဆိုသော ကလောင်အမည်ဖြင့် ဝတ္ထု၊ ဇာတ်ညွှန်းတွေရေးနေတာ အတော်အောင်မြင်စပြုလာပြီ။ 

ထိုအခါ ကိုကြီးညိုရဲ့ လေဒီကြီးကလည်း အားကျမခံ အပိုဝင်ငွေရအောင် စာရေးမည်ဟု ဆိုလာသည်။ ဒီကိစ္စ ကျွန်တော့်ဆီဖုန်းဆက်ပြီး တိုင်ပင်တော့ ကျွန်တော်ကလည်း သူများကို ချောက်
တွန်းရမယ်ဆိုရင် တမင်တကာတောင် အကွက်ဆင်ပြီး လုပ်တတ်တဲ့ကောင်ဆိုတော့ ။

“ဟာ...သိပ်ကောင်းတာပေါ့၊ အန်တီမေသာ စာရေးမယ် ဆိုလို့ကတော့ ဂျူးတို့၊ နုနုရည်(အင်းဝ)တို့ ဘယ်လိုက်လို့မီမလဲ၊ အခုတောင် ဒီသတင်းကိုကြားလို့ ဆရာမကြီးကလျာတောင် ကြောက်လန့်ပြီး လုံးချင်းဝတ္ထုတွေ ဆက်မရေးတော့ပါဘူးလို့ ပြောလာရပြီ မဟုတ်လား”

ဟု ချွန်ပေးလိုက်သည်။ သူ အားတက်သွားပြီး...

“အေး ဟုတ်တယ်၊ အဲဒါကလောင်နာမည် ဘယ်လိုပေးရင်ကောင်းမလဲ”

“ဒီလိုရှိတယ်လေ၊ အန်တီမေတို့သားက “လင်္ကာညို”လို့ ကလောင်နာမည်ယူတာက ကိုကြီးညိုရဲ့ လက်ရာအမြောက်ဆုံးဖြစ်တဲ့ “လင်္ကာဒီပချစ်သူ"ကို ဂုဏ်ပြုတဲ့သဘော မဟုတ်လား၊ အန်တီမေလည်း ကိုကြီးညိုရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ ဥပက္ခာဒေဝီ”ကို ဂုဏ်ပြုတဲ့အနေနဲ့ ကလောင်နာမည်ကို ဥပက္ခာညို”လို့ပေးလိုက်”

“မျောက်စုတ်မျောက်နာ”

ဟု ပြောပြီး ဖုန်းချသွားလေ၏။

ခင်မြဇင်ကတော့ ကျွန်တော့်ကို တုံ့ပြန်နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သူက တက္ကသိုလ်မှာတုန်းက ကဗျာရေးဖက်သူငယ်ချင်းဆိုတော့ ကျွန်တော့် ငယ်ကျိုးငယ်နာတွေကို သိနေသည်။ သို့ရာတွင်
 သူသည် မျက်စောင်းကိုတောင် ဌာန်ကရိုဏ်းကျအောင် ထိုးတတ်ရှာသူမဟုတ်။ ကျွန်တော့်အကြောင်း ရေးရင်းရေးရင်းနဲ့ အားနာလာသည်။ ထို့ကြောင့် သူ့လူကြီးကိုသန်းအုံးကို တိုင်ပင်ကြည့်
သည်။ ဒီတော့မှ ပိုဆိုးလေသည်။ 

ဆရာသန်းအုံးမှာ ဝါရင့်အယ်ဒီတာတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ခင်မြဇင်ရဲ့ စာမူကြမ်းကို ဖတ်ကြည့်ပြီးနောက် “ဟိုစကားလုံးက ကြမ်းလွန်းတယ်၊ ဒီစကားက တစ်ဘက်လူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ဟိုက ပုဂ္ဂိုလ်ရေးထိခိုက်မှုဖြစ်စေတယ်။ ဒီဟာက စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူး ဆိုပြီး တည်းဖြတ်သုတ်သင်လိုက်တာ နောက်ဆုံးတော့ ခင်မြဇင်၏ တုံ့ပြန်တိုက်ခိုက်မှုမှာ သီလရှင်လူထွက် ကျိန်ဆဲသလို“သေနာကောင်များရှင်”ဆိုသော လေသံမျိုး ဖြစ်သွားရကြောင်း ကျွန်တော် ရေးခဲ့ဖူး
သည်။

အစ်မကြီးသန်းမြင့်အောင်ကတော့ သူတစ်ယောက်တည်းနဲ့ မနိုင်ဘူးဆိုတာ သဘောပေါက်သည်။ ထို့ကြောင့် မဟာမိတ်ဖွဲ့ပြီး တိုက်ခိုက်ဖို့ ကြံစည်သည်။ ကျွန်တော့်စနစ်ကြောင့် အထိနာခဲ့ဖူးသူတွေကို စည်းရုံးသည်။ ပန်းချီ မမွှေး၊ ဇွန်ပွင့်၊ ရာသက်ပန်(တောင်ငူဆောင်)၊ ဝိုင်းဝိုင်း (ကံ့ကော်ဝတ်ရည်စာပေ)၊ ဂျူးစသည်တို့ကို အင်တာဗျူးတဲ့ ပုံစံမျိုးရေးဖို့ တစ်ယောက်ချင်းစီက ကျွန်တော့်
ငယ်ကျိုးငယ်နာတွေဖော်ပြီး ပယ်ပယ်နယ်နယ် ဝိုင်းသမကြဖို့။

သူတို့ကလည်း ထုံးစံအတိုင်း စစချင်းတော့ ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်ပေါ့။ တကယ်တမ်းလည်း ကျရော...

"ဒီလိုလူမျိုးကို သွားပြောနေလို့ နာမှာမဟုတ်ပါဘူး၊ ဝဲစွဲနေတဲ့လူကို ခြင်ကိုက်သလို ဖြစ်နေမှာပေါ့။ မထူးပါဘူး”

“သွားမစမ်းနဲ့နော်၊ ဟိုက ဒီကိစ္စမျိုးမှာ လက်ယဉ်နေတာ၊တော်ကြာ ပြန်ပက်ထည့်လိုက်ရင် စားသာမှာ မဟုတ်ဘူး”

"သူနဲ့သွားယှဉ်ရင် ကိုယ်ပါ သိက္ခာကျပါတယ်၊ မျောက်တုလို့ ၊ဝက်ခုန်ရင် ရွှံ့စင်ရုံရှိတော့မပေါ့”

စသည်ဖြင့် ရှောင်ဖယ်ဖယ် ဖြစ်ကုန်ကြလေတော့သည်။

သူတို့ထဲမှာ ကံ့ကော်ဝတ်ရည်စာပေမှ ဝိုင်းဝိုင်းတစ်ယောက်သာ ရန်စွယ်ငေါငေါရှိသည်။ ဒါကလည်း အကြောင်းရှိသည်။သူ့ခင်ပွန်းကိုကျော်ဇင်(ဆရာဘုန်းတင့်ကျော်)သည် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ သားဖြစ်၏။ ထိုအချက်ကို ကျွန်တော်က
ဝတ္ထုထဲ ထည့်ရေးပြီး နောက်သည်။ 'ဝိုင်းဝိုင်းသည် ကိုကျော်ဇင်ကို တကယ်ချစ်လို့ လက်ထပ်ခဲ့ခြင်းမဟုတ်၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်တွေကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ပြီး
ထုတ်ဝေချင်လို့ လက်ထပ်ခဲ့ခြင်းဖြစ်သည်'ဟု ရေးလိုက်သည်။

ဒါကို သူက အတော်မခံမရပ်နိုင် ဖြစ်သွားပြီး ကျွန်တော့်ကိုတုံ့ပြန်ရာမှာ-

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အစတုန်းကတော့ ဆရာသာဓုရဲ့ စာအုပ်တွေ ထုတ်ရကောင်းမလားလို့ စဉ်းစားခဲ့သေးတယ်၊ ဒါပေမယ့် ဆရာသာဓုရဲ့ သားတွေကို မြင်ပြီးတဲ့ နောက်မှာတော့ အဲဒီစိတ်ကူးကို ပယ်ဖျက်ပြီး တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေပဲ ထုတ်
တော့မယ်လို့ ဆုံးဖြတ်လိုက်ရတာပဲ”

ဟု ကျည်ဆံတစ်တောင့်တည်းနဲ့ မျောက်လေးကောင်မှန်အောင် ပစ်ထည့်လိုက်လေသည်။

သူကတော့ ကိုယ့်ဟာကိုယ် ဟုတ်လှပြီထင်ပြီး ကျေနပ်နေသည်။ “ဝိုင်းဝိုင်းကို ဒီလိုစမ်းလို့ ဘယ်ရမလဲ” ဆိုပြီးတော့လည်း လူတကာကို လျှောက်ပြောသည်။ ကျွန်တော်က အသာလေးငြိမ်ပြီး ချက်ကောင်းကို စောင့်နေလိုက်၏။ မေ့သလောက်ရှိတော့မှ တစ်ရက်မှာ-

“ဝိုင်းဝိုင်း အခု ဘာစာအုပ်ထုတ်ဖို့ စီစဉ်နေသလဲ”

ဟု အလစ်မှာ မေးလိုက်၏။ သူအငိုက်မိသွားပြီး-

“ဆရာကြီးကာတွန်းဦးဖေသိန်းရဲ့ စာအုပ်တစ်အုပ် ဖြန့်မလို့စီစဉ်နေတယ်”

(ကဲ... ဘယ်လိုများ နားလည်ရမှာလဲ ရေကျော်က သူငယ်ချင်းမိဝိုင်းရေဟု ဆရာမောင်ဝံသလေသံဖြင့် မေးလိုက်ဖို့သာ ရှိတော့သည်။)

အစ်မကြီးမစန္ဒာကျတော့ တစ်မျိုး။ ကျွန်တော့်ကိုတွေ့လျှင်..

“နင် ငါ့ကို ရေးလို့ အားမရနိုင်သေးဘူးလား”

ဟု မေးတတ်သည်။ 

ကျွန်တော်က စေတနာနဲ့ပါ။ ဟိုတစ်ချိန်က စာပေနယ်မှာ“သူရဲကောင်းသုံးယောက်"ဆိုပြီး နာမည်ကြီးခဲ့ဖူးတာရှိသည်။ မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ စမ်းစမ်းနွဲ့(သာယာဝတီ)။ တစ်ယောက်တစ်မျိုးစီ ကလောင်စွမ်းထက်ကြသည်။ ခုတော့ အစ်မကြီး မိုးမိုး(အင်း
လျား)က ဆုံးရှာပြီ။ ကျန်နှစ်ယောက်ကလည်း စာတွေ သိပ်မရေးဖြစ်တော့၊ သူတို့ဝတ္ထုတွေ ထွက်မလာတာ စာပေလောကအတွက်ရော စာဖတ်ပရိသတ်တွေအတွက်ပါ နစ်နာသည်။

                                * * * * *

(အစ်မကြီးမိုးမိုး(အင်းလျား)ကတော့ ခုချိန်ထိ စာပေလောကအတွက် အကျိုးပြုနေတုန်းပဲ။ ဟုတ်တယ်လေ။ စာပေလောက စာအုပ်တိုက်က သူ့စာအုပ်တွေ ပြန်ပြန်ရိုက်နေတာကိုး။)

ဘာပဲဖြစ်ဖြစ် ကျန်နှစ်ယောက်ကိုတော့ စာများများ ရေးစေချင်သည်။ ဒီတော့ သူတို့အကြောင်းတွေ ရေးပြီး ဆွပေးလိုက်လျှင် မခံချင်စိတ်နဲ့ ရေးလာကြမှာပဲဆိုပြီး မျှော်လင့်ခဲ့တာ။ ဒါနဲ့တောင် သူတို့က မတုန်မလှုပ်။ အစ်မကြီး စမ်းစမ်းနွဲ့ဆိုလျှင် မသိသလိုလုပ်
နေသည်။ ထို့ကြောင့် ကိုယ်က မနေနိုင်တော့ဘဲ စကားစမိသည်။

“အစ်မအကြောင်းကို ကျွန်တော်ဝတ္ထုထဲထည့်ရေးတာ ဖတ်ပြီးပြီလား”

“ဟုတ်လား၊ အေးဟယ်၊ ငါလည်း ပေါက်ကရ စာတွေ မဖတ်ဖြစ်တာကြာတော့ မသိလိုက်ဘူး”

 ဟု ပြန်ပြောသည်။

အစ်မကြီး မစန္ဒာကတော့ စာထဲကနေ ပြန်မသိပ်သော်လည်း ကျွန်တော့်ကို သူရေးသောစာအုပ်တစ်အုပ် လက်ဆောင်ပေးရာမှာ

“သေနာကောင်လေးအတွက်'ဟု ရေးပေးလိုက်သည်။ ဘယ်ရမလဲ သေနာရဲ့ နောက်မှာ “ပတိ´ဆိုတဲ့ စကားလုံးကို ဖြည့်လိုက်တာပေါ့၊စာနဲ့မနိုင်ရင် လူကိုမဲတော့မယ်ဆိုတာ ကြိုတင်ခန့်မှန်းမိသည်။

                              * * * * *

ဒီနေရာမှာ လူကောင်းနှင့်လူဆိုး ကွာခြားမှုရှိ၏။ လူကောင်းက သူ့မှာ ရန်သူမရှိမှန်း သိသဖြင့် အမှတ်တမဲ့ ပေါ့ပေါ့ဆဆပဲ နေတတ်သည်။ လူဆိုးကတော့ ဥပဒေဘက်တော်သားကိုလည်း ကြောက်ရ။အချင်းချင်းကိုလည်း စိတ်မချရသဖြင့် အမြဲ သတိဝီရိယနဲ့ နေရသည်။ ကျွန်တော်လည်း ဒီအတိုင်းပဲ။

တစ်ရက်ကျတော့ ကလျာမဂ္ဂဇင်းတိုက်မှာ အလှူရှိသဖြင့်ရောက်သွားသည်။ ခြံဝရောက်လို့ ကားပေါ်ကအဆင်းမှာ အိမ်ရှေ့နားက စောင့်ကြည့်နေသူတစ်ယောက်သည် အတွင်းသို့ လှစ်ခနဲ ပြေးဝင်သွားတာ လှမ်းမြင်လိုက်ရ၏။ ကျွန်တော်ရောက်လာလျှင်
သတင်းပို့ဖို့အတွက် ကင်းချထားခြင်းဖြစ်လိမ့်မည်။ အင်း...သတိတော့ထားမှ။

ကျွန်တော်သည် အိမ်ထဲသို့ ဟန်မပျက် ဝင်လာခဲ့၏။ ဧည့်ခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အစ်မကြီးသန်းမြင့်အောင် ဦးဆောင်သော မိန်းမကြမ်းအဖွဲ့ဝင်များမှာ နည်းနည်း ဣန္ဒြေပျက်နေကြသည်။ တစ်ခုခုကို အရေးတကြီး တိုင်ပင်စီစဉ်နေရာမှ ကိုယ်
ရှိန်သတ်လိုက်ရသလို အိုးတိုးအမ်းတမ်းဖြစ်နေကြောင်း သတိပြုမိ၏။ ထို့ကြောင့် သူတို့ထဲက စိတ်ထားအနူးညံ့ဆုံးဟု ယူဆရသော ဇွန်ပွင့်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ကျွန်တော့်ကို မြင်တဲ့အခါ ပြုံးရယ်ပြီး နှုတ်ဆက်ရမည်။

 ခုတော့ ဒီလိုမဟုတ် အကြည့်ကို ရင်မဆိုင်ဘဲ မျက်နှာလွှဲသွားသည်။ ဒါက သံသယဖြစ်စရာ အချက်တစ်ချက်။

 ကျွန်တော်သည် ဒေါက်တာခင်မောင်ညိုဘေးမှာ ဝင်ထိုင်လိုက်သည်။ ဒီအခိုက်အတန့်လေးမှာပဲ မျက်နှာရိပ်မျက်နှာက်နဲ့ အချက်ပြလိုက်တဲ့ ဝိုင်းဝိုင်းကို မျက်လုံးထောင့်စွန်းမှ မြင်ဖြစ်အောင် မြင်
လိုက်သေးသည်။ 

ထိုအချိန်တွင် ရာသက်ပန်(တောင်ငူဆောင်)သည် အုန်းနို့ခေါက်ဆွဲပန်းကန်ကို လာချပေးပြီး
 “ဝအောင်စားနော်´ဟု လောကဝတ်ပြုသည်။
 တကယ်တော့ စားပွဲပေါ်မှာ ပြင်ထားသောခေါက်ဆွဲ
ပန်းကန်တွေ ရှိပြီးသား။ ဟင်းရည်ဆမ်းပေးလိုက်ရုံသာ ရှိ၏။ ခုတော့ ဟင်းရည်အဆင်သင့်ထည့်ပြီးသား ပန်းကန်ကိုမှ တကူးတကန့် လာချပေးတယ်ဆိုတာ စဉ်းစားစရာပဲ၊ ကျွန်တော့်မို့လို့ သီးသန့်စပယ်ရှယ် လုပ်ပေးတာဟု ပြောလို့မရ။ သူတို့ ကျွန်တော့်အပေါ်  ဒီလောက်သဒ္ဓါထက်သန်စရာ အကြောင်းမရှိ၊ ပြီးတော့ ပန်းကန်လာချပေးသော ရာသက်ပန်၏လက်များမှာ အတန်ငယ်တုန်
ယင်နေတာကလည်း မသင်္ကာစရာပဲ။ ထို့ကြောင့်….

“ကျွန်တော်ဗိုက်မကောင်းလို့ အုန်းနို့ခေါက်ဆွဲစားလို့မဖြစ်ဘူး၊အချိုပွဲပဲ စားတော့မယ်” 

ဟု ပြောလိုက်သည်။ (အုန်းနို့ခေါက်ဆွဲထဲမှာ" ဖဲဂျီလက်ခေါ် ဝမ်းနှုတ်ဆေးပြားတွေ ကြိတ်ထည့်ထားကြောင်း ကျွန်တော်၏ အတွင်းသူလျှိုဖြစ်သော အောင်နိုင်နိုင်က နောက်ပိုင်းမှာ ပြန်သတင်းပေးသည်။

“နည်းနည်းဖြစ်ဖြစ် စားလိုက်ပါလား”

ဟု ဘုမသိဘမသိ ဝင်ပြောသော ဆရာမကြီးခင်စောတင့်၏စကားကို လျစ်လျူရှုလိုက်ပြီး ကျောက်ကျောပန်းကန်ကိုသာ ဆွဲယူလိုက်သည်။ ဒါလည်း သိပ်တော့ စိတ်မချရ၊ ဒါနဲ့ ပန်းကန်ကို ဘေး
မှာထိုင်နေသော ဒေါက်တာခင်မောင်ညိုဘက် တိုးပေးပြီး-“စားပါဦးဆရာ” ဟု သေဖော်ညှိလိုက်၏။

ဆရာဒေါက်တာခင်မောင်ညိုသည် ဓာတုဗေဒပါရဂူဘွဲ့ကို နိုင်ငံခြားမှ ရရှိလာခြင်းဖြစ်၏။ ထို့ကြောင့် ဓာတ်သဘာဝတွေအကြောင်းလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်ဟု ဆိုရမည်။ ထို့ကြောင့် ဥပါယ်တံမျဉ်ဖြင့် သူ့ကို အရင်စမ်းခိုင်းလိုက်ခြင်းဖြစ်၏။

ဆရာညိုက ကျောက်ကျောတစ်တုံးကို ခက်ရင်းနှင့်ထိုးယူပြီး အနံ့ခံကြည့်သည်။ လျှာနှင့်တို့ကြည့်သည်။ ခေါင်းတစ်ချက်ဆတ်သည်။ အနည်းငယ်ကိုက်ဖဲ့ပြီး မြိုကြည့်သည်။ ထို့နောက် “အင်း စတော့ခ်ရယ်၊ ဒက်ထရိုစ်ရယ်၊ ကော်လက်စထရောရယ် နည်းနည်းများနေတယ်၊ ဒါပေမယ့် စားလို့ကောင်းတယ်ဆိုပြီးလျှင် ပါးစပ်ထဲသို့ တစ်တုံးလုံး သွတ်ထည့်လိုက်လေ၏။ 

ဒီလောက်ဆို အတော်စိတ်ချသွားရပြီ။ သို့ရာတွင် သတိဆိုမျောက်လက်တာက ပိုတယ်လို့မရှိ။ ထို့ကြောင့် ဆရာညိုတစ်ယောက် ပါးစပ်မှ
အမြုပ်တစီစီ ရုတ်တရက်ထွက်လာခြင်း မရှိ၊ မျက်နှာပြာနှမ်းလာခြင်း ရှိ မရှိ၊ ခဏကြာအောင် စောင့်ကြည့်နေလိုက်သည်။ ပြီးမှ
ပိုက်ဆံအိတ်ထဲက ငွေအပ်တစ်ချောင်းကိုထုတ်ပြီး ကျောက်ကျောတုံးထဲ စိုက်ထည့်သည်။ ပြန်ဆွဲထုတ်ကြည့်သည်။ ငွေအပ်က အရောင် ပြောင်းမသွား။ မည်းသွားလျှင် အဆိပ်ရှိသည်။ ထိုအခါကျမှ ကျောက်ကျောကို ယူစားလိုက်သည်။ (ထိုငွေအပ်မှာ
ဆရာကြီးဒေဝစကြာက အကာအကွယ်အဖြစ် ပေးထားခြင်းဖြစ်၏။)

ထို့နောက် သူတို့ဘက်ကို တစ်ချက်အကဲခတ်ရင်း ခပ်မိန့်မိန့် ပြုံးလိုက်သည်။ သူတို့အုပ်စုမှာ စိတ်ဓာတ်ကျသွားပြီး သတ်ပြင်းချသူချ။ မသိမသာ ခေါင်းရမ်းသူရမ်း၊ တစ်ယောက်ကိုတစ်ယောက်
လှမ်းကြည့်သူကြည့် ဖြစ်ကုန်ကြ၏။

ဒီလိုစမ်းလို့ ဘယ်ရမလဲ။ ကျွန်တော်ကဘကြီးမိုး(ဆရာမောင်မိုးသူ) ရေးတဲ့ ဘာသာပြန်စပိုင်ဝတ္ထုတွေကို ကျေညက်အောင် ဖတ်ထားခဲ့တာပဲလေ။
(ပြောသာပြောရတယ်။ ဘကြီးမိုးသည် သူကိုယ်တိုင်ကတော့တစ်ခါမှ လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့ဖူးခြင်း မရှိပါ)

                              * * * * *

မိန်းမကြမ်းအုပ်စုသည် အကြံအစည် မအောင်မြင်သဖြင့် အခဲမကြေ ဖြစ်နေကြသည်။ ထို့ကြောင့် ခပ်ပြောင်ပြောင်ပင် ဒုက္ခပေးဖို့ စီစဉ်ကြပြန်လေသည်။
သူတို့အကြောင်းတွေ ဝတ္ထုထဲထည့်ရေးတဲ့အတွက် သရုပ်ဆောင်ခအဖြစ် ကျွေးမွေးပြုစုရမည်ဟု တောင်းဆိုလာသည်။ တစ်ရက်မှာ သူတို့လူစုပြီး ကျွန်တော့်အိမ် ရောက်လာသည်။ ကျွန်တော့်မှာ ရှောင်တိမ်းချိန်မရတော့သောကြောင့် အိမ်နှင့်မနီးမဝေးမှာ ရှိသော“မီဂါစတား "စားသောက်ဆိုင်သို့ ခေါ်သွားရလေတော့သည်။

ဟိုရောက်တော့ ဝိုင်းဝိုင်းက ဖက်ထုပ်ဆီချက်၊ ပုဇွန်ကော်ပြန့်ကြော်၊ထောပတ်သီးဖျော်ရည် စသည်ဖြင့် တမင်ပိုက်ဆံကုန်အောင် မှာစားသည်။ အစ်မကြီး သန်းမြင့်အောင်ကိုမေးတော့...

“ငါ ဗိုက်မကောင်းလို့ ဆန်ပြုတ်ပဲသောက်မယ်”

 ဟု ပြောသည်။ ဝိုင်းဝိုင်းက အ,ရန်ကောဆိုသော သဘောဖြင့် မျက်လုံးပြူးကြည့်သည်။ ရာသက်ပန်နှင့်ဇွန်ပွင့်တို့သည် ခေါင်းချင်းဆိုင်ပြီး တီးတိုးတိုင်ပင်နေကြသည်။ "အားနာစရာကြီး”ဆိုသော
အသံကိုလည်း နားစွန်နားဖျား ကြားရသည်။

“ကဲ.…မှာကြလေ၊ ကြိုက်တာမှာကြ”

ဟု ဝိုင်းဝိုင်းက လောဆော်သောအခါ ရာသက်ပန်က

“ဒင်ဆမ်တစ်ပွဲကို တို့နှစ်ယောက်မျှစားလိုက်မယ်”

ဇွန်ပွင့်ကလည်း ခေါင်းညိတ်ထောက်ခံသည်။ ဝိုင်းဝိုင်းလည်း

“ဒါဆို မမွှေးကော”

ဟု အောင့်သက်သက်လေသံဖြင့် မေးတော့ မမွှေးက
ကျွန်တော့်မျက်နှာတစ်ချက်ကြည့်ပြီး-

“အဲ..သိပ်တော့ မဆာလှပါဘူး၊ လက်ဖက်ရည်ပဲ သောက်တော့မယ်” 

ဒီလိုနဲ့ ကျွန်တော့်မှာ ထင်သလောက် အကုန်အကျမများဘဲအတော် သက်သာရာရသွားပြန်သည်။

 တကယ်တမ်းကျတော့ သူတို့သာ တွက်ခြေမကိုက်ဘဲ ဖြစ်သွားတာ။ ကမာရွတ်၊ ဒဂုံမြို့သစ်
စသောနေရာများမှ မြို့လယ်စုရပ်သို့ တကူးတကန့်လာရသည်။ကျွန်တော်ရှိရာ သင်္ဃန်းကျွန်းသို့ တက္ကစီငှားလာသည်။ အပြန်ကျတော့လည်း တစ်ယောက်တစ်နေရာစီ လှည့်ပတ်ပို့ရသဖြင့် ဦးဆောင်သူဝိုင်းဝိုင်းခမျာ တက္ကစီခ တော်တော် ကုန်သွားရှာလေ
သည်။ စားရတာနဲ့ မကာမိ။

ဝိုင်းဝိုင်းသည် ဆွေဆွေခုန်နေလေ၏။ သူက ထုတ်ဝေသူပီပီ စာရေးဆရာဆိုလျှင် အချဉ်ချည်းအောက်မေ့နေတာ။ ဆောင်းဝင်းလတ်တို့ မောင်ညိုပြာတို့လို ရိုးရိုးအအ မှတ်နေသလားမသိ။

ပြီးတော့ သူမစဉ်းစားမိသော အချက်တစ်ချက် ရှိသေးသည်။သူတို့အုပ်စုထဲမှာ အများစုက အနုပညာသမားတွေ။ ဒီတော့ အချင်းချင်း ဘယ်မှာဒုက္ခပေးချင်ပါ့မလဲ။ကြည့်လေ၊ အစ်မကြီး သန်းမြင့်အောင်ဆိုတာ 'ဗြဟ္မစိုရ်နှလုံးသားနဲ့ ခရီးသွားနေတဲ့လူ'၊ ပန်းချီမမွှေးက ကံ့ကော်ရွာအုပ်စုဝင်၊
တက္ကသိုလ်မှာကတည်းက ပန်းချီခန်းမှာ မောင်နှမတွေလို နေလာခဲ့တာ။ ရာသက်ပန်(တောင်ငူဆောင်)သည် တက္ကသိုလ်ကျောင်း ဆရာမလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သောကြောင့် စိတ်ထား
ဖြူစင်သူဖြစ်၏။ ဇွန်ပွင့်ကျတော့လည် ကာတွန်းဆရာကြီးဦးဖေသိန်းရဲ့ သမီးပီပီ နူးညံ့သိမ်မွေ့တဲ့ သူတော်ကောင်းမလေးပါ။
(တွေ့လား၊ အဲဒါပညာပဲ။ သူတို့ချင်း စိတ်ဝမ်းကွဲအောင် သပ်တစ်ချောင်းလျှိုထည့်လိုက်တာလေ။ ဒါကို “ဝဿကာရဗျူဟာ'လို့ခေါ်တယ်၊ မှတ်ထား။)

                                * * * * *

ကျွန်တော်သည် အထက်ပါအတိုင်း ဟုတ်တာရော မဟုတ်တာရော နည်းနည်းကို များများ ချဲ့ ကားတာရော၊ ကိုယ့်ဘာသာ လုပ်ကြံဇာတ်လမ်းဆင်ထားတာရော ပေါက်တတ်ကရတွေ လျှောက်ရေးခဲ့သည်။ ဒါကိုပဲ စတိုင်တစ်မျိုးထူးခြားတယ်ဆိုပြီး
ဆရာဇန်မြင့် တို့ ဆရာကိုခါး(ကွမ်းခြံကုန်း)တို့က မြှောက်ပေးသည်။ ဆရာကိုခါးဆိုလျှင် ကဗျာဆရာပီပီ “စာပေကယ်ရီ ကေးချားတွေပဲ” ဟုနာမည်တောင် တပ်ပေးလိုက်သေးသည်။ တချို့က
လည်း အချင်းချင်း ချောက်တွန်းချင်တဲ့အခါ “ဟိုလူ့အကြောင်းကြားပြီးပြီလား” ဟိုဟာလေး ထည့်ရေးလိုက်စမ်းပါဟု သတင်းပေးတတ်ကြ၏။

ကျွန်တော်ကလည်း အဟုတ်မှတ်ပြီး အားတက်လာသည်။အေးအေးဆေးဆေးနေတဲ့ လူကြီးတွေလည်း ချမ်းသာမပေး။ကွယ်လွန်ပြီးတဲ့ လူတွေတောင် “ဒေဝတာမြို့တော်” ဆိုတာကို ဖန်တီးပြီး ထည့်ရေးသည်။ အတင့်ရဲလာပုံကတော့ ကိုရီးယားဇာတ်
လမ်းတွဲ "နန်းတွင်းရတနာ”ကို သရော်ထားသော ဓာတ်စာမူအမည်ရှိ ဝတ္ထုထဲတွင် ဆရာမကြီးခင်ဆွေဦးကို စားတော်ကဲကြီးမယ်မယ်ဦးအဖြစ် ထည့်ရေးလိုက်ပြန်သည်။

ဒေါ်လေးခင်ဆွေဦးကတော့ စိတ်မဆိုးပါ။ စာပေအသိုင်းအဝိုင်းကြားမှာ ပျော်စရာလေးတောင်ဖြစ်သွားခဲ့သေးသည်။

"ဒီကောင် တရားလွန်လာပြီ၊ လူကြီးကို မလေးမစားနဲ့ နတ်နေကိုင်းတောင် မချန်တော့ဘူး”

မြန်မာ့ရိုးရာအစဉ်အလာမှာ နတ်နေကိုင်းဆိုသော ဝေါဟာရတစ်ခုရှိ၏။ သစ်ပင်တိုင်းမှာ ရုက္ခစိုးရှိသည်ဟု ယုံကြည်ကြသည်။အကြောင်းတစ်ခုခုကြောင့် သစ်ကိုင်းတွေခုတ်၊ ချိုင်တဲ့အခါ ရုက္ခ
စိုး ဘုံမပျောက်စေရန် သစ်ကိုင်းကြီးကြီးတစ်ကိုင်းကို ချန်ထားပေးရသည်။ ဒါကို နတ်နေကိုင်း'ဟု ခေါ်သည်။

တကယ်တော့ ကျွန်တော်သည် ဒေါ်လေးခင်ဆွေဦးကို နတ်နေကိုင်းလောက်သာမက နန်းတော်ကြီးနဲ့တောင် ထားချင်တာပါ၊ ခက်နေတာကတော့ ဒေါ်လေးတစ်ယောက်ဟာ နတ်ဘုံနတ်နန်းပေါ်မှာ ခံ့ခံ့ညားညား မစံမြန်းချင်ဘဲ နတ်ဂျလေဘီများဖြစ်
ကြသော ရွှေနပေဝိုင်းဝိုင်း၊ ဖျာလိပ်နတ် မမွှေး၊ နတ်သူငယ် မဂျူးလေးတို့နဲ့ တွဲပြီး ကိုးကျင်းကိုးကျင်း လျှောက်သွားနေတာကိုး။

ကျွန်တော်တို့ စာပေလောကမှာ အတတ်ပညာကြောင့် လူလေးစားခံရသူ အများအပြားရှိသည်။ အကျင့်သိက္ခာကြောင့် အကြည်ညိုခံရသူတွေလည်း အတော်အသင့်ရှိသည်။ လူချစ်လူခင်ပေါ
တဲ့သူကတော့ သိပ်များများစားစား မရှိလှ။ အထက်ပါအချက် သုံးချက်လုံးနဲ့ ကိုက်ညီသူကတော့ ခပ်ရှားရှားပဲ။ ဒီထဲမှာ ဒေါ်လေး
ခင်ဆွေဦးလည်း ပါသည်။ 

ကျွန်တော့်စိတ်ကလည်း တစ်မျိုး။ ပညာတော်ပေမယ့် ဟိတ်ကြီးဟန်ကြီးနိုင်လျှင် ရှောင်ဖယ်ဖယ်လုပ်ချင်သည်။ ဣန္ဒြေကြီးလွန်းသူမျိုးကျတော့လည်း ရှိန်ပြီးလန့်နေသည်။လူတကာက သည်းသည်းလှုပ် အကဲပိုလွန်းပြန်လျှင်လည်း တစ်မျိုး အထင်ခံရ
မှာစိုးလို့ အနားမကပ်ချင်။ အဝေးကသာ ကြည်ညိုမိ၏။ ကိုယ်ကလည်း ဟေးလားဝါးလားသမားကိုး။

 ထို့ကြောင့် လူငယ်တွေနဲ့ ရောရောနှောနှော နောက်လားပြောင်လား နေတတ်သော ဆရာကြီး၊ ဆရာမကြီးတွေနဲ့သာ ရင်းရင်းနှီးနှီး ရှိတတ်သည်။ (ဘကြီး
မိုးတို့လိုပေါ့) ။

ဒေါ်လေးခင်ဆွေဦး လူချစ်လူခင်ပေါရခြင်း၏ အကြောင်းရင်းတွေထဲမှာ သူ၏ရိုးဂုဏ်ကြောင့်လည်း ပါသည်။ ကျွန်တော်ကဖြင့်“အ ဂုဏ်"ဆိုတာကိုပါ ထပ်ဖြည့်လိုက်ချင်သေးသည်။ သူကိုယ်တိုင်
ကလည်း “ဒေါ်လေးက သိပ်အ,တာကွယ့်”ဟု ဝန်ခံတတ်ပါသည်။

ဒေါ်လေးခင်ဆွေဦးသည် နိုင်ငံကျော်စာရေးဆရာမကြီးဆိုပြီး ဝင့်ဝင့်ဝါဝါမရှိ၊ နှိမ်နှိမ်ချချ၊ ရိုးရိုးကုပ်ကုပ်သာ နေတတ်သည်။အေးအေးဆေးဆေး နေတတ်သော်လည်း တစ်ချက်တစ်ချက် မဟာဆွေသွေး ထုတ်ပြတတ်တာမျိုးတော့ ရှိ၏။ ကျွန်တော်တို့ကလည်း
ဒါကြောင့်ပဲ ပိုချစ်ရတာ။

ကျွန်တော်သည် ဒေါ်လေးနှင့် တရင်းတနှီးနေရင်းက တစ်ခါတစ်ခါ စာပေထိပ်သီး ဆရာမကြီးဆိုတာကို မေ့လျော့ပြီး အရိုသေ တန်ချင်သလိုဖြစ်မိတာကို ဝန်ခံပါသည်။ အိမ်က အမေလိုပေါ့။ ချစ်တော့ချစ်သည်။ လေးစားရကောင်းမှန်းမသိ၊ အမေကို ပြဿနာရှာတာ၊ လိမ်လည်လှည့်စားတာ၊ အကြောင်ရိုက်တာမျိုးကို ပျော်စရာလို့ ထင်သည်။ အမေမရှိတော့မှပဲ တန်ဖိုးကိုသိတော့သည်။
ကျွန်တော်သည်လည်း ဒေါ်လေးခင်ဆွေဦး၏ တန်ဖိုးကို လျစ်လျူရှုပြီး နှစ်ပေါင်းများစွာ နေချင်ပါသေးသည်။

မနှစ်က ဒေါ်လေး၏အသက် ခုနှစ်ဆယ့်ငါးနှစ်ပြည့် စိန်ရတုမွေးနေ့ပွဲ ကျင်းပသည်။ ဖိတ်ကြားခံရသူတွေ အားလုံးလိုလို မပျက်မကွက် တက်ရောက်ကြသည်။ သတင်းအကြားနဲ့ရောက်လာသူတွေလည်း အများကြီးမို့ စည်ကားလှသည်။ လူချစ်လူခင်ပေါများ
ခြင်း၏ သက်သေခံပြယုဂ်ပဲ။

ဒေါ်လေးသည် အသက်ခုနှစ်ဆယ့်ငါးနှစ်ပြည့်သည့်တိုင် ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေသည်။ သွားနိုင်လာနိုင်တုန်း။ စားနိုင်သောက်နိုင်တုန်း။ ကြေးအိုးတစ်ပွဲကို အသာလေးဖြိုနိုင်သေးသည်။ဒါနဲ့တောင် မတင်းတိမ်နိုင်ဘဲ “ဟယ်၊ ဒီကော်ပြန့်ကြော်လေးတွေ
က ဘာလေးတွေပါလိမ့်၊ မြည်းကြည့်ဦးမှပဲ” ဆိုတာမျိုးလုပ်ချင်သေးသည်။

ဒီ အ တိုင်း ဆို လျှင် တော့ မိန်းစပွန်ဆာများဖြစ်ကြသော အလင်္ကာဝတ်ရည်ဆရာ မောင်ဟေမာ၊ ဆရာမကလျာ၊ ပြုံးစာပေဒေါ်ပြုံး စသည်တို့မှာ “ဘွားခင်ဦးရာပြည့်ပွဲ အတွက် ပိုက်ဆံထပ်
ကုန်ကြရပေလိမ့်ဦးမည်။ ဇာတာထဲက “အသက်တစ်ရာ့နှစ်ဆယ်ရှည်စေသောဝ် "ဆိုတာကိုလည်း ပြင်ဆင်သတ်မှတ်ရဖွယ် ရှိနေလေသည်။
မယ်မယ်ဦး သက်တော် “ဝမ်းဂစ် ရှည်ပါစေသတည်း။

-------------

မင်းလူ

( ကလျာမဂ္ဂဇင်း အမှတ် ၂၈၅ အောက်တိုဘာ ၂၀၀၈)

#Typing_crd_ZawOo

No comments:

Post a Comment