Monday, 4 May 2020

အိမ်ကလေး ( ၁၃ ) #နေဝင်းမြင့်

#အိမ်ကလေး ( ၁၃ )

#နေဝင်းမြင့်

ကျနော် ပထမဆုံး မှတ်မိလိုက်သည့်အရာမှာ ဆရာဝတ်ထားသည့် တိုက်ပုံအင်္ကျီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများ စွာကတည်းက သည်တိုက်ပုံကို ဆရာ အမြဲဝတ်တတ်သည်။ မီးခိုးရောင်ဖျော့ဖျော့တိုက်ပုံက ဝတ်ဖန်များလို့ ဖြူပျက်ပျက် ရောင် ပေါက်နေကာ တိုက်ပုံလက်ဖျားခေါက်တလျှောက် ရိစုတ်နေသည်။

ခပ်ပွပွ တိုက်ပုံ အင်္ကျီလက်များထဲက ထွက်နေသည့် ဆရာ့လက်တွေက လှီလွန်းလှကာ အကြောကြီးတွေက လက်နှင့် မလိုက်အောင် ခုံးခုံးထနေလေသည်။ ဗမာဂီတာခေါ် ဘိဂီတာတီးကြသူတို့ ထုံးစံ ညာဘက် လက်ညှိုးထိပ်နှင့် လက်မ ထိပ်ကလေးတွေ ဖြူလျော်လျော် ရှိနေကြ၏။ 

သံမဏိအစွပ်ကလေးတွေ စွပ်နေကျနေရာ မဟုတ်လား။ သံမဏိခေါင်း စွပ် ထားသည့် လက်ချောင်းကလေးများနှင့် တိုက်ပုံအင်္ကျီဟောင်းသည် ဆရာ့အမှတ်အသား ဖြစ်သည်။

တိုက်ပုံအင်္ကျီ၏ အောက်အိတ်နှစ်လုံးမှာ တစ်လုံးက ချွေးသုတ်လက်ကိုင် ပဝါလေး ရှိတတ်ကာ ကျန်တစ်လုံးမှာတော့ သံမှန် ကိုက် သတ္တုကြုတ်ကလေး ရှိတတ်သည်။ သည်သတ္တုကြုတ်ကလေးက ဆရာ ဂီတာကြိုးညှိသည့် အခါ အလွန်အသုံး တည့်သည်။ ကြုတ်ကလေးကို ပါးစပ်မှာငုံကာ ပီပီ ပီပီမြည်အောင် မှုတ်သည်။ သည် “ပီပီ” သံက သံမှန်ကိုက် (စီကိုက်) သံဖြစ်၍ ဂီတာသံမှန်ကြိုးကို ညှိရာတွင် မှုတည်သံ ဖြစ်ရသည်။

ပီပီ… ပီပီ… ဒင် ဒင်…ဒင်ဒင်။ ပီပီ… ဒင်ဒင်။ ပါးစပ်က “ပီ” သံနှင့် ကြိုးကိုခတ်သည့် “ဒင်” သံ တထပ်တည်းကျပြီဆိုလျှင် သံ မှန်ကိုက်ပြီ။ သည်လိုကိုက်လို့ စိတ်တိုင်းကျပြီဆိုလျှင် သည်သံမဏိကြုတ်ကလေးကို တဖက်အိတ်ထဲက လက်ကိုင် ပဝါနှင့် သုတ်လိမ့်မည်။ ပြီးလျှင် သည်ကြုတ်ကလေးကို လက်အုပ်ချီထားသည့် လက်ဖဝါးနှစ်ဖက်အတွင်းထည့်ကာ ခေါင်း ပေါ်ရောက်အောင် အရိုအသေပြုမည်။ ကြုတ်ဘူးကလေးလည်း ထည့်ပြီးပြီ၊ ဂီတာကလည်း သံမှန်သေချာပြီဆိုလျှင် တခြားအသံတွေ မညှိသေးဘဲ နဖူးကချွေးတွေကို စောစောက လက်ကိုင်ပဝါနဲ့ပဲ ရဲသွားအောင် ပွတ်လိမ့်မည်။

 ကြိုးတွေအား လုံး ညှိပြီးပြီဆိုလျှင် ပေါင်ပေါ်တင်ထားသည့် ဂီတာကြီးကို ခဏပြန်ချကာ တိုက်ပုံအင်္ကျီအပေါ် အိတ်ထောင်ထဲက ဆေး လိပ်တလိပ်ကိုယူကာ အနားက ရေနွေးပန်းကန်ထဲ ဆေးလိပ်ဖင် မြုတ်အောင် နှစ်သည်။ တခါ ဆေးလိပ်ကို ခေါင်းက
မှုတ်လိုက်သည့်အခါ ဆေးလိပ်ဖင် ရေစိုဘက်က လေပလုံ စီကလေး ထွက်သွားလိမ့်မည်။ သေချာပြီဆိုတော့မှ ဆေးလိပ် ဖင်ကို ထမင်းစားစားပွဲစွန်းမှာ ခေါက်ကာ ခေါက်ကာ ညီစေ၏။ ညီပြီဆိုတော့ ကြေးမီးခြစ် မီးတောက်ကြီးကြီးနှင့် ရဲနေ အောင် မီးညှိ၊ မီးခိုးတွေက အူအူချောင်း ချောင်းထွက်အောင်ဖွာ၊ ဆေးလိပ်ကို စဥ့်ဆေးလိပ်ခွက်ထဲ အသာချ၊ ရှေ့မှာထိုင် နေသည့်လူကို ခေါင်းဆတ်ပြ။
ကိုင်း… ငါ့ဘက်ကတော့ ပြီးပြီ၊ မင်းကကောဘာဆိုမှာတုံးဆိုသည့် အဓိပ္ပာယ်။

တိုက်ပုံနွမ်းနွမ်း မနွံမရေအောက်က စွပ်ကျယ်ကတော့ ဖွေးနေအောင် သန့်ပြန့်သည်။ စွပ်ကျယ်ဟောင်း မီးပူကျက အမြဲ တမ်း ဖြူဖြူစင်စင်ရှိသည်။ ဒါကလည်း ဆရာကတော့် လက်ရာမှန်း ကျနော် သိပါသည်။ ရှေးပစ္စည်း သင်္ဘောဦးပုံ သံမီး ပူနှင့် မီးပူတိုက်နေတတ်သည့် ဆရာကတော်ခမျာ ချွေးအလိမ်းလိမ်း ပြာအလိမ်းလိမ်း။ လင်သားဖြစ် သူဂီတဆရာနှင့် ပြောင်းပြန်ကျရှာသူ ဖြစ်သည်။

“မင်းတို့ဆရာက တိုက်ပုံအသစ် မဝယ်နိုင်လို့ မဟုတ်ပါဘူးကွယ်၊ သူကိုယ်က ဝတ်ချင်နေတာ အမြင်မတော် တော့ပါဘူး ကွယ်၊ ချုပ်ချင်လည်းချုပ်ပါ ဝယ်ချင်လည်း ဝယ်ပါဆိုတာကို လက်မခံဘူး”

ဆရာကတော်က ဗျသနဆိုက်နေသည့် လင်သား၏ တိုက်ပုံကိုဗျာပါရဖြင့် ညည်းရှာလေသည်။ ဆရာကလည်း သူ့အစွဲနှင့် သူ။ သည်တိုက်ပုံ ကိုယ်နှင့်မခွာသူဆိုတော့ သည်းသူက အမြဲသည်းသကဲ့သို့ ဝတ်သူကလည်း အမြဲ ဝတ်လေသည်သာ။

                                * * * * *

ကျတော့ကိုမြင်တော့ ဆရာက ကသိုဏ်းရှုရာ၌ နောက်ဆုံးထင်သော နိမိတ်ကဲ့သို့ ထိတ်ကျည်းလန့်ကျည်း အံ့သြဟန်ပြု သည်။ မျှော်လင့်မထားသူတစ်ယောက် ဆိုက်ဆိုက်ကြီး ပေါက်လာသကဲ့သို့ ကြည့်နေခြင်းဖြစ်သည်။

ဆရာထောင်ထားသည့် တီးဝိုင်းထဲက ကောက်ကာငင်ကာ ထွက်ခွာသွားခဲ့သည့် တပည့်ဆိုးတယောက်ကို တသက်စာ
မြင်ဖွယ်အကြောင်းမရှိဟု စိတ်နှလုံး ဖုံးဖုံးကြီးဖိထားရာက ရုတ်တရက်ကြီး မြင်ရတော့ ဝမ်းသာဝမ်းနည်း ရှိပုံလည်းရလေ သည်။ ကျနော်ကတော့ မစဲနေ့ည၊ တရွရွလျှင်၊ ခဏသန္တတိ၊ အဂ္ဂဇရာ၊ နှစ်ဖြာလောင်မီး၊ ရှိန်ရှိန်ကြီးညီး နေရှာသည့် ဆရာ့ ကိုလည်းကောင်း၊ ဆရာ့အိမ်ကလေးကို လည်းကောင်း ကြည့်နေမိ၏။ 

ဆရာ့အိမ်ကလေး ကျဉ်းသော်လည်း ဆရာကတော်၏ အထားအသို အသိမ်းအထုပ်ကြောင့် သပ်သပ်ရပ်ရပ် ရှိသည်။ သည်အိမ်ကလေးကို သည်တကြိမ် ပထမအခေါက်အဖြစ် ရောက်ဖူးခြင်း ဖြစ်သည်။ တောင်ဒဂုံမြို့သစ်ဆိုသော်လည်း ဆရာ့အိမ်မလေးက အစွန်ကျလွန်းသည်။ ကျနော် ငှားလာသည့် တက္ကစီပင် လမ်းဝက စောင့်နေရသည်။ ရေဆိုးတွေ အိုင်ထွန်းနေသည့် သည်လို မြို့ပြစွန်ဖျားတို့ ဘယ်လိုက ဘယ်လို ရောက်လာကြတာလဲ။ ဆရာနှင့် ကျနော် မတွေ့ရတာ နှစ်ပေါင်း နှစ်ဆယ်နီးပါးရှိပြီ။ ကျနော် မဟာဂီတသီချင်းတွေကို စွန့်ခွာလာကတည်းက ဖြစ်၏။

“မင်း မန္တလေးမှာဆို၊ ကိုသန်းမောင်ကတော့ ပြောသား၊ ကိုစိန်ဖေဆုံးတာတော့ သိတယ်နော်”

ဆရာ့အသံက ဇာတ်မင်းသားအချို့မှာ ရှိတတ်သည့် ပလုပ်သံဖြစ်သည်။ ပလုတေနဝါ၊ အက္ခရာဝေဝုစ်၊ စည်းဝါးအုပ်သော ပလုပ်သံ အကြောင်း၊ ဗျုတေနဝါ၊ သံရှည်သံတို၊ ထုတ်ဆိုမူလ၊ နားချမ်းမြရသော ဗျုတသံအကြောင်း ဆရာ သင်ပြဖူးတာ ကိုလည်း သတိရလိုက်မိ၏။ ကြမ်းပြင်ကျဲကျဲကို ဒီဇယ်ဆီဖတ်ဖြင့် ပြောင်လက်အောင် တိုက်ထားသော ကြမ်းခင်းကို ကြည့်ရင်း ဆရာကတော်ကိုလည်း သတိရသည်။ မြင်တော့ မမြင်။

“ဦးစိန်ဖေဆုံးတာ ကျနော် မသိလိုက်ဘူး။ ဦးသောင်း ကော ရှိသေးသလား ဆရာ”

ဦးစိန်ဖေက ကျနော်တို့ မဟာဂီတပိုင်းထဲက တယောဆရာအိုကြီး ဖြစ်သည်။ ကျွမ်းကျွမ်းကျင်ကျင်ထဲကတော့ မဟုတ်ရှာ ပါ။ အသံလွှင့်ရန် လျာထားသည့် မဟာဂီတသီချင်းတွေထဲက တပုဒ်စ နှစ်ပုဒ်စ ဝင်ထိုးနိုင်သူသာ ဖြစ်၏။ ကျနော် ဆိုခွင့်ရ သည့် သီချင်းတွေမှာ ဝါးပလွေဆရာ ဖြစ်သည်။ ပလွေကြီးမှ စကာ အဆင့်ဆင့်ငယ်သွားသော ပလွေ လေးငါးလက်ကို ရှုံ့အိတ်ထဲထည့်ကာ ဆရာအိမ် ရောက်ရောက်လာတတ်သူ ဖြစ်သည်။ ပလွေကို ကျွမ်းကျင်သလောက် မဟာဂီတ သီ ချင်း တော်တော်များများရသူ ဖြစ်သည်။ အထူးသဖြင့် ဝါးပတ္တလားနှင့် တွဲဖက်ရသည့်အခါ ဦးသောင်း၏ ပလွေသံက လွမ်း လောက်အောင် ကောင်းသည်။

ဆရာပြောသည့် နာမည်တွေထဲက ကိုသန်းမောင်ကတော့ ကျနော့် ဆရာရင်း ဖြစ်သည်။ မယ်ဒလင် ဓညဝတီသန်းဆို လျှင် မဟာဂီတနယ်မှာ ဒိဿရို ကျိုးထဲက ဖြစ်၏။ ဆရာကပဲ တီးဝိုင်းခေါင်းဆောင် ပေးခဲ့သည်။

ကျနော်က ဆရာ့အိမ်ကလေးကို ဝေ့ကြည့်လိုက်သည်။ ကြမ်းခင်းက ခြောက်ငါးမူးခေါ်သည့် ပျဉ်ချပ်တွေ ဖြစ်သည်။ တ ချပ်နှင့် တချပ်ခပ် ကျဲကျဲခင်းထားသဖြင့် အိမ်အောက်က ရေတွေကို မြင်နေရသည်။ အနံ့ဆိုးနှင့် ခြင်တွေက အိမ်အောက် မှာ ရုန်းရုန်းရင်းရင်း ရှိနေကြသည်။ တိုင်တွေက မျောသားမာမာတွေ ဖြစ်သော်လည်း အဖြောင့်တွေမဟုတ်။ ခေါင်းရင်းမှာ လေးထောင့်စပ်စပ် ဘုရားစင်ကလေး ရိုက်ထားကာ ဉာဏ်တော်တမိုက် လောက်ရှိမည့် ဘုရားရှင် ဆင်းတုတော်တဆူ ကိန်းဝပ်နေသည်။ ဘုရားပန်းတွေကတော့ ဂန္တမာဖွေးဖွေး။

“ဆရာတို့ ဘယ်လို သည်ကိုရောက်လာကြတာလဲ။ ကျနော်မနည်းမေးပြီး လာခဲ့ရတယ်။ ကျနော် မန္တလေး ရောက်နေတာ ကြာပြီ။ စာပဲရေးနေတာပါပဲ။ သီချင်းတွေ မဆိုရတာကြာတော့ လျှာတောင် သံချေးတက်ချင်ချင် ဖြစ်နေပါပြီ”

ဆရာက ကျနော် ပေါ့ပေါ့ပါးပါး ပြောလိုက်သည့် ဟာသကို မရယ်ပါ။ ကျနော် မေးသည့် အိမ်ကိစ္စကိုလည်း မဖြေပါ။ ဆရာ့ ကို ကျနော်တို့က ဆရာသြလို့ပဲ ခေါ်ကြသည်။

အမည်ရင်းက ဦးသြမောင်ဖြစ်၍ မဟာဂီတ သီချင်း ကြီးဝိုင်းမှာတော့ “ဦးသြမောင်း ဦးချင်းကြီး တူရိယာအဖွဲ့” လို့ မှတ်ပုံ တင်ထားသည်။ ကျနော် ဆိုခဲ့စဉ်တုန်းကတော့ တနှစ်ကို နှစ်ကြိမ်လောက် အသံလွှင့်ဖြစ်သည်။ သီချင်းတိုက်တာက တော့ အမြဲလိုလို ရှိတတ်သည်။ သည်တော့ ဆရာ့အိမ်ကို ကျနော်တို့ နေ့လယ်နေ့ခင်း ရောက်သွားကြမြဲ ဖြစ်၏။ ဆရာက ရုံးတရုံးမှာ ရုံးအုပ် ကြီးတာဝန်ထမ်းဆောင်ဖူးသည်။ သည်တုန်းကတော့ သီချင်းတိုက်ရက်ကို စနေ တနင်္ဂနွေလို အားလပ် ရက်တွေလို နေ့တွေမှာ တိုက်ကြတာများသည်။ ပထမဆုံး ဆရာ့သီချင်းကြီးဝိုင်းကို ကျနော် ရောက်စဉ်က အင်းစိန် ဘက် က လမ်းတလမ်းမှာ ဖြစ်သည်။ သည်တုန်းက ဆရာ့အိမ်က တော်တော်လေး ကြီးမားသော နှစ်ထပ်တိုက်ခံ အိမ်ဖြစ် သည်။

အောက်ထပ်က အုတ်စီထားပြီး အပေါ်ထပ်က ပျဉ်လျှာထိုးပတ်လည်ကာဖြစ်၏။ ပျဉ်လျှာထိုးတွေကို နီညိုရောင်ဆေးတွေ သုတ်ထားသဖြင့် ကျနော်တို့က ကွယ်ရာမှာ ကိုလိုနီခေတ် ဂါတ်တဲနှင့်တူကြောင်း ပြောဖြစ်သည်။ ပြတင်းပေါက်တွေက ဆေးဖြူတွေ ပ်ိန်းနေအောင် သုတ်ထားသဖြင့် အနီနှင့် အဖြူသည် တင်းတင်းကြီး ကန်ထွက်နေတတ်သည်။ သည်အိမ် ကြီးက ဆရာ့အိမ်လား။ ကျနော် မသိ။ မေးလည်း မမေးကောင်းတော့ တီးဝိုင်းထဲက ဘယ်သူကမှလည်း မေးတာမျိုးမရှိ။

သည်အိမ်ကြီးမှာ တီးဝိုင်းတိုက်ရသည့်အခါ ပတ်ဝန်းကျင်ကပါ လာနားထောင်လေ့ရှိသည်။ ကျနော်တို့ တီးဝိုင်းကလေးမှာ သီချင်းတိုက်ချိန်လင့်သွားလျှင် ဆရာကတော်က ချက်ပြီးပြုတ်ပြီး ခူးခပ်ကျွေးနေကျ။ ဆရာကတော့် လက်ရာက ကောင်း လှသဖြင့် ကျနော်တို့ အားလုံးစားပြီးမှ ပြန်ကြတာများသည်။

“သီချင်းဆိုမယ့်သူများဟာ သဒ္ဒနိကာယ်ခေါ်တဲ့ အသံအင်္ဂါ၊ အသံသြဇာ ရှိကြရတယ်၊ သဒ္ဒပညတ်ခေါ်တဲ့ စကားသံ ပီရ မြည်ရတယ်၊ သဒ္ဒယုတ္တိခေါ်တဲ့ သဒ္ဒါအနေဖြင့်လည်း အနေသင့်ရတယ်။ ပုဒ်ဖွင့်ပါဌ်ဖွင့် ကျိုးသင့်ကြောင်း မှန် သဒ္ဒန္တရိတ် ကြန် နိမိတ်ဆိုတဲ့အတိုင်း စကားရိပ်ကိုသိမှ ကောင်းတယ်။ သည်သီချင်းစာသားဟာ လိုတာလား၊ မလိုတာလား မသိဘဲ ဆိုနေရင် ဂိုဏ်းသင့်တာပဲ။ လုံးစုံနှုတ်ဝယ်၊ သရဇ္စျာယ်လျက်၊ အသွယ် အသွယ်၊ ရလွယ် ထုံးစံ သဒ္ဒါငံဆိုတဲ့ စကားရှိတယ်။
မဟာဂီတသီချင်းများဟာ အလွတ်ရွတ်ဆိုနိုင်ရတယ်။ အက္ခရာတွေကို ရွတ်တဲ့ဆိုတဲ့အခါ ဗျဉ္စနဗုဒ္ဓဆယ်ပါးဖြစ်တဲ့ ဒီဃ၊ ရဿ၊ ဂရု၊ လဟု၊ သိထိလ၊ ဓနိတ၊ သမ္ဗန္ဓ၊ ဝတ္ထိတ၊ နိဂ္ဂဟိတ်၊ ဝိမုတ်တွေကို နားလည်ရတယ်။ သည်ဆယ်ပါးမှ နားမ လည်ရင် မဖြစ်ဘူး”

အသံရှည်ရွတ်ရခြင်း၊ အသံတိုရွတ်ရခြင်း၊ လေးလေးရွတ်ရခြင်း၊ ပေါ့ပေါ့ရွတ်ရခြင်း၊ ပျော့ပျော့လျော့လျော့ ရွတ်ရခြင်း၊ မာ မာပြင်းပြင်း ရွတ်ရခြင်း၊ နောက်ပုဒ်နှင့်စပ်၍ ရွတ်ရခြင်း၊ ပုဒ်ဖြတ်၍ ရွတ်ရခြင်း၊ ကရိုဏ်းကိုနှိပ်၍ ရွတ်ရခြင်း၊ ဖွင့်၍ ရွတ်ရ ခြင်းတို့နှင့် စပ်လျဉ်း၍ အဆိုနှင့်အတီး သဘောချင်းနီးအောင် အာစရိယဝါဒနှင့်တကွ သင်ကြရသည်။

သည်အိမ်ကြီးမှာ လပေါင်းများစွာ သီချင်းတွေတိုက်ကြ၊ တိတ်ရကော်ဒါဖြင့် အသံတွေ ဖမ်းကြည့်ကြ၊ စားလိုက် သောက် လိုက်ကြ။ သည်အိမ်ကြီးသည်ပင် …

“စံခမ်းသည်စုံကြော၊ ဝတ်ရည်လျောညှာစီစီ၊ နေနတ်ကယ် နွေရာသီ မှုန်သီင်္ဂီသင်းတဲ့တော” ဖြစ်ခဲ့ရသည်။ ဖူးငုံဝေဆာ ကျူးညံစာ၊ ကန္တာလွန်သာမော၊ ပန်းစုံစုံ ဝတ်မှုန်စီစီ လေပြည် လေညင်းရောသည့်နေရာ ဖြစ်သည်။ နေညိုညို ရွှေကိုယ် မျှော်တော်ရေးနှင့် ဆွေးတသိမ့်သိမ့်၊ မြိုင်ရိပ်ကယ်ခို လေချိုသွေး အေးတခြိမ့်ခြိမ့်ဆိုတော့လည်း လွမ်းစိတ်ကလေး ဝေ့ရ သည့်နေရာ ဖြစ်ခဲ့ရသည်။ စုံသာမြိုင်လယ် လွမ်းဖွယ်တခန်း ယာဉ်ပုံဗွေ ထွေဆန်းလှသည့် တောကြီးမြိုင်စွန်လို့ ခံစားခဲ့ရ သည်လည်း ရှိသည်။ နန်းချင်း ချီချ တက်လှတက်ရေး လှေသံရေသံပေးသည့် ရေရာဆိုတော့ကော။

“ဇမ္ဗူကျွန်းလုံး၊ သိမ်းကျုံးပေါင်းရုံး၊ ဘူမိပတ်ကုံး၊ ရေမြေတောင်တောဆုံးမျှမျှ၊ ချုံးချချ။ ကျွန်းကျွန်းတိုင်းခန်း၊ မင်းပေါင်းထီး နန်း၊ နိုင်ငံကျယ်စွာ၊ ထူးထူးဆန်းဆန်း၊ ဝန်းဝန်းလျားလျား၊ နီးဝေးအများ…”

ဇမ္ဗူကျွန်းလုံး သီချင်းခံကြီးကို သည်အိမ်ကြီးမှာပဲ လေးလကျော်ကျော် တက်ယူခဲ့ရသည်။ တရက်မှာတော့သည် အိမ်ကြီး ၏ ခေါင်းရင်းခန်းမှာ ကန်တော့ပွဲကြီးတပွဲ ထိုးထားတာ သတိထားမိကြသည်။ ဆရာကတော်က ဝေယျာဝစ္စ ဆောင်ရွက် ပေးနေသော်လည်း မျက်နှာမကောင်းတာ သတိထားမိသည်။ ကျနော့်ကို လက်တို့ခေါ်ကာ ပြောပြရှာသည်။

“သည်အိမ်ကြီးကို အမွေခွဲလိုက်ကြပြီ၊ မင်းဆရာရဲ့ မောင်နှမတွေ ခွဲယူကြရမှာဆိုတော့ မနက်ကပဲ အိမ်ကြီးကို ရောင်း ထွက်အောင် ဓာတ်ရိုက်ဓာတ်ဆင် ဆရာနဲ့ ကန်တော့ပွဲ လာထိုးသွားကြတယ်။ မင်းတို့ဆရာက တီးမှုတ်နေရတာကို ဘဝ ထင်နေတာ၊ ငါကတော့ ရှေ့ရေးကို ပူရသော်ကောကွယ်”

သည့်နောက်တော့ သီချင်းတိုက်တာတွေကို တစ်လလောက် နားလိုက်ကြရသည်။ နောက်တစ်ကြိမ် လူပြန်စုကြတော့ ကမာ ရွတ်စျေးနားက အခန်းကျဉ်းကလေးတစ်ခန်းမှာ ဖြစ်သည်။ ဆရာ့အတွက် ရသည့် ဝေစုကလေးနှင့် ဝယ်လိုက်ကြသည့် အိမ် ဖြစ်သည်။ အနားမှာ စျေးရှိသည်။ အဆောင်တွေ ရှိသည်။ စားသောက်ဆိုင်တွေရှိသည်။ စျေးနံ့တွေက ဆရာ့အိမ် ကလေးထဲမှာ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ရေကန်သာ ကြာတိုင်းအေး ဖြစ်နေလေသည်။

 သည်အိမ်ကလေးက အခန်း သုံးခန်းတွဲထားသည့် အိမ်တလုံး၏ အလယ်ခန်းဖြစ်သည်။ တဖက်ခန်းက အရက်ပုန်းရောင်းသည့် ဆိုင်ဖြစ်၍ တဖက်ခန်း က ပင်မင်းဆိုင် ဖြစ်သည်။ အရက်ဆိုင်နှင့် ပင်မင်းဆိုင်ကြားမှာ မဟာဂီတသည် သိမ်ငယ်လွန်းလှသည်။
တောကြီး တောင်ကာ၊ သေလာတောင်စောင်းမှာ တဆင့်တက်သော် တတောင်ကျော် နေရသည်။ တမှော်ရုံ လျှိုးပြန် တော့ တချုံနှင့် တိုးပြန်သည်။ တမိုးသောက်မည် မကြံနိုင်ခင် တနေဝင်နေရသည်။ တပင်မြိုင်ကြီး ဂနိုင်ဆီးသည့်နှယ် ရှိ လေသည်။
ဤနေရာ၌ အချင်းချင်း ကျေးဇူးပြုခြင်းသည် မရှိ။ အချင်းချင်း ရှုမြင်ခြင်းသည် မရှိ။ အချင်းချင်း ကိုယ်တူပြုခြင်းသည် မရှိ။ နောက်အဖို့ငှာ ထင်ရှားပြခြင်းသည် မရှိ။ ငြိမ်းချမ်းကျေအေးခြင်းသည် မရှိ။ မြင်းတားတံတိုင်း ပရဝိုင်းနှင့် ဝိုက်သိုင်းကာရံ၊ လုံကြောင်းကြံသော်လည်း ဤ နေရာ၌ ကြည်လင်ခြင်းနှင့် ကြည်ညိုခြင်းသည်ရပ်တည်၍ မရအောင် သွက်သွက်ခါနေ လေသည်။

“မင်းတို့ဆရာက ဝယ်ချင်လှချည့်ရဲ့ဆိုလို့ လိုက်လျောခဲ့ရတဲ့အိမ်ပါကွယ်၊ အတန်တန် တားခဲ့ပါသေးတယ်၊ အခုတော့ သည်အခန်းကို ရသလောက်နဲ့ ရောင်းတော့မယ် ပြောပြန်ပြီ၊ မင်းတို့ကလည်း ပြောကြပါဦးကွယ်”

သောင်းရွေလယ် အီနောင်ဇာတ်ထွက် ယိုးဒယားထဲကလို အိုပန်းပါဘိ၊ လှမ်းခြေယူနှေး၊ ပူရေးပိုခဲ့ပြီ၊ မြူမှေးညို လဲ့ရည်ဆို သည့် စာသားတွေကို ကျနော် သတိရနေမိသည်။ ထိုပုဂ္ဂိုလ်၏ အပြုအမူသည် ထိုပုဂ္ဂိုလ်နှင့်သာ ဆိုင်သည်ဟု အထင်အ ရှားပြခြင်း ပကာသနိယကံ အားကြီးလာသည့်အခါမှ ဤအရပ်ကား “ပဋိရူပ” မကျလေဟု ဆရာကိုယ်တိုင်ဆုံးဖြတ်ချက် ကျလေသည်။ ထိုအခါ ဓာတ်ရိုက်ဓာတ်ဆင်ဆရာတို့၏ ကန်တော့ပွဲနှင့် ဆေးဖယောင်းတိုင်သည် နေ့မီးညမီးအားဖြင့် ဥုံဥုံမချီ၊ သျှန္တီ မဖန်၊ မန္တန်မနိုးရဘဲ အာနိသင်ဝိပါတ်၊ အကျိုးဆက်ကို ပြက်ပြက်ထင်အောင် အကြောင်းဆောင်ကြလေ သည်။

အမှန်ဆိုသော် ကိုလိုနီခေတ်ဂါတ်တဲနှင့်တူသော အိမ်ကြီး၏ အဖိုးစားနားသည် ကာလတန်ကြေး မနည်းလှသော်လည်း ဆရာ့အတွက် ရလိုက်သည့် ခွဲတမ်းက မစို့မပို့သာဖြစ်ကြောင်း၊ မိသားစုအတွင်းရေးဖြစ်၍ သူလည်း သေချာဂနမသိရ ကြောင်း ဓညဝတီသန်းက ကျတော့်ကို ပြောပြဖူးသည်ဖြစ်ရာ ဆရာရလိုက်သည့် ငွေကလေးက သည်လိုအခန်းကလေး တခန်းအတွက်သာ လောက်ငပုံပေါ်သည်လို့သာ မှတ်ရတော့သည်။

တရက်မှာတော့ ဆရာက မထင်သော စကားကို ဆိုလေသည်။

“သည်အခန်းကလေး ရောင်းထွက်ဖို့ ပိတ်ဖြူစင်ကြယ် ခုနစ်ရက်ဝတ်ပြီး သက်သတ်လွတ် စားရမယ်၊ ဥပေါသထသီလ ဆောက်တည်ရမယ်လို့ ဓာတ်ဆရာက ပြောလို့ သီချင်းတိုက်တာ ခဏနားကြရအောင်”

ဆရာ့ထံ အာစရိလက်ဆုပ်၊ အာစရိမုဋ္ဌိ နည်းကောင်းကြီး ခံကြကုန်သော အဆိုအတီးဆရာတို့လည်း ဆရာ့စကားကြောင့် တီးလက်စ၊ မှုတ်လက်စ၊ သီလက်စ ဆိုလက်စကို ချက်ချင်းကြီး ရပ်ကြလေသည်။ ငါးတန် သီလ၊ စောင့်ထမယုတ်၊
ဥပုသ်သီတင်း၊ သုံးခြင်း မြဲလှ ဘယ်တုန်းကမှ မရှိခဲ့သော ဆရာ့ကိုသာ အံ့သြကြရတော့သည်။ သည့်ထက်အံ့သြစရာ ကောင်းသည့်အချက်မှာ ကြောင်းအားလျော်စွာ၊ သူ့ခြင်းရာနှင့် သူ့သဘာဝ၊ သူ့ကိစ္စကို ဆောင်ကြသမှု အကြောင်းပြု၍ ထိုအိမ်ကလေး ရောင်းထွက်ခြင်း ဖြစ်လေသည်။

အခန်းကလေးရောင်းရသည့် ငွေက ဝယ်ရင်းထက် များလေသည် ဖြစ်ရာ ငွေထုပ်ကလေးပိုက်၍ အိမ်ရှာထွက်ကြတာကို လည်း ကြားနေရသည်။ သည်အချိန်မှာတော့ ဆရာ ရုံးက သက်ပြည့်ပင်စင်ရပြီ။

“ကန်တော်ထိကရ၊ ပြောဝန်းနက်ကျယ်စွာ၊ ချောင်းမြောင်း ရေလျှံဖြာ၊ ဘုန်းပန်း ဘုန်းပန်းဝေ၊ လေလှိုင်းရေ၊ လေးဒီပါအေး မြ၊ လယ်တာလုပ်ခင်း၊ ပြည့်လျှမ်းကောက်ပင်၊ သောင်းခွင်ဖြိုးမျှလေး၊ ဘုန်းမြတ်မြုတေ၊ ရွှန်းဝေ လျှံညီး၊ စကြာဆိုက်လု နီးပါလို့၊ ကန်ကြီး ဆည်တော်မူလေတည့်မှ ကန်ကြီးဆည်တော်မူ…”

ဤသို့ဖြင့် ကန်တော်ကြီးကြိုးမှ စကာ သောတာ လင်္ကာရဂီတ၊ ဝစနာလင်္ကာရဂီတတို့ ပြန်လည်ဝေစည်လာပြန် လေ၏။ ရွှေနန်းထွက်မဟာဂီတ၊ ဂီတဝိသောဓနီ၊ မဟာဂီတပေါင်းချုပ်၊ မဟာဂီတမေဒနီ မဟာဂီတ အသစ်ကျမ်း စသော ဂီတ ကျမ်းလာ သီချင်းတွေ ဆရာ့အိမ်ကလေးထဲက ပျံ့လွင့်ပြန်လေ၏။ သည်တခါ ဆရာ ငှားလိုက်သော အ်ိမ်က အုတ်ကျင်း ရပ်ကွက် အနောက်ဘက် လှိုင်မြစ်ကမ်းနားမှာ ဖြစ်သည်။

မဟာဂီတသီချင်းသည်၊ အတီးသည်တို့ ပြန်စုကြရပြန်ပြီ။ ဓညဝတီသန်းကတော့ သီးချင်းစတိုက်သည့်နေ့က “မြစ်ကြီး ဆည်တော်မူ တည့်မှ မြစ်ကြီးဆည်တော်မူ”ဟု တိုးတိုးကလေး ရွတ်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အေး အေးလူလူရှိသည်။

ပင်စင်စားဘဝဆိုသော်လည်း ဆရာက ပူပူပန်ပန်မရှိ။ အိမ်ကလည်း ငှားအိမ်ဆိုတော့ ငွေထုပ်ကလေး ပိုက်မိထားတာ လည်း ပါပါလိမ့်မည်။

“ပန်းမြိုင်လယ် ဖရင်းချားကြီးမှာ သုံးမျိုးခွဲတယ် “ပန်းမြိုင်လယ်”ကနေ “ကြောက်ဝှန်ကြက်သီးမိုး” အထိက ဖရင်းချား၊ “စုံဆယ်ဖြာ” ကနေ “ညာနန်းနတ်ကယ်သွင်” အထိက ဘယက်လည်ဆွဲ၊ “ညာနန်းနတ်ကယ်သွင်” ကနေ “သည်ခေါင် ကြွေလုပန်း” က ရာမဇာတ်ထွက်၊ တို့တော့အဲသလို အမှတ်အသား ရှိတယ်၊ တချို့ကလည်း ရှိ တာပေါ့ကွာ “စုံဆယ်ဖြာ” က စဆိုလိုက်တာ “တင်ကာ ပန်လျှောက်ကြား” မှာ ခဏရပ်ပီး ဦးတိုးရဲ့ ရာမရကန် ဆက်ဆိုကြတာ၊ “ခြူသံစာစာ၊မနည်း ကွာက၊ တရောထံတျာတေးလုံမကလေး ကွေးအောင်လှ၊ ပွတယ် ရွတယ်၊ ကြာနန်းသူ့နှယ်၊ ဖြူဖြူတုတ်ကယ်…” ဆိုတာပေါ့၊ တချို့ကလည်း
“သည်းခေါင်ကြွေလှပန်း” ဆုံးတာနဲ့ “ဖြစ် လားကုန်စင်၊ မှော်ရုံခွင်စုံမြိုင်ချာက မင်းသီတာ ဒေဝီမယ် ခု… ပျောက်တယ်အ ရေး” ဆိုတဲ့ “သံထောက်ကို ဆက်ကြတာ ရှိတယ်”

ကျနော်တို့ မဟာဂီတတူရိယာအဖွဲ့မှာ အဆိုကျွမ်းကျင်ကြသူသမ္ဘာရင့်သူတွေလည်း ပါသည်ဖြစ်ရာ တခါတရံ ဆရာနှင့် ကတောက်ကဆ ဖြစ်ကြရသည်လည်း ရှိသည်။ ကျနော်က အဆို မကျွမ်းကျင်သော်လည်း သီချင်း ရွေးတာ၊ အတွဲအ ဖက်တူရိယာ ရွေးတာတွေမှာ ဆရာနှင့် မကြာခဏ သဘောကွဲလွဲရတာ များလေသည်။ နောက်ထပ် တက်လာသည့် ပြဿနာက မြစ်ကမ်းဘေးက အိမ်ကလေးဆီကို အသက်ကြီးတူရိယာ တီးမှုတ်သူတွေက စိတ်ရောက်တိုင်း ကိုယ်မ ရောက်နိုင်သည့် ပြဿနာတွေဖြစ်လာသည်။

အသံလွှင့်ရက်နီးလာသော်လည်း သီချင်းတွေက အဆိုရော အတီးပါ ကျေကျေညက်ညက် မရှိတာတွေ ရှိလာသည်။ အ ပျော်တမ်းဂီးတအဖွဲဆို တော့ ဆရာကလည်း မပြောသာ။ ဆရာကတော်ကတော့ မီးသွေးရောင်းနေရှာပြီ။ မဟာဂီတ ကျမ်းလေးငါးအုပ်၊ စည်းနှင့်ဝါး၊ ဗမာဂီတာကြီးတလက်နှင့် ကြေးဝါဘိ၊ သံမဏိ လက်ထိပ်စွပ်ကလေးနှစ်ခုနှင့်သာ ပြီးရ တော့ ပရိယေသနသည်လည်း နိမ့်ပါးရတော့သည်။

ဆရာတို့ ဇနီးမောင်နှံ မြစ်ကမ်းဘေးအိမ်ကလေး ရွှေ့ကြကာ သာကေတဘက် ပြောင်းကြသည်ဆို၏။ ကျနော် သည် လည်း ဘဝက ပြဋ္ဌာန်းသောအရပ်၌ နေခွင့်ကြုံရသည်ဖြစ်ရာ ဆရာနှင့်တကွ မဟာဂီတတူရိယာတီးဝိုင်းနှင့်ပါ ဝေးခဲ့ရ သည်။ သာကေတက အိမ်ကလေးကကောငှားတာလား၊ ဝယ်လိုက်တာလား။ သေချာတာကတော့ ဆရာက မဟာဂီတ သီ ချင်းတွေကို တီးကာမှုတ်ကာ ရှိလိမ့်မည်။ ဆရာကတော်ကလည်း မီးသွေးအိတ်တွေကို သွန်ကာ ရွေးကာ ဆယ်ကာရှိ လိမ့်မည်။

ဆရာနှင့်ဝေးခဲ့ရသည်ပင် အနှစ်နှစ်ဆယ် ပျော့ပျော့တော့ ရှိရော့မည်။ တခါတရံ မဟာဂီတ သီချင်းတပိုဒ်တလေ ညည်း ချင်စိတ်ကလေး ဝင်လာလျှင် ဆရာ့ကို သတိရတတ်သား။ သည်တခေါက် ရန်ကုန်ရောက်ဖြစ်တော့ ဆရာက “တောင်ဒ ဂုံ”  မြို့စွန်မှာ။

 “ကျနော် ပြန်ဦးမယ် ဆရာ၊ အပြင်မှာ တက္ကစီစောင့်နေတာကြာပြီ၊ ကျနော် မန္တလေးမပြန်ခင် တခေါက် လာခဲ့ ပါဦးမယ်၊ ဆရာကတော်လည်း တွေ့ချင်သေးတယ်”

 “နေပါဦးကွ၊ ရောက်တုန်းရောက်သခိုက် မင်းဆရာကတော်က ဒေါပုံဘက် မီးသွေး လက်ကားဆိုင်သွားတာပါ၊ ရောက်လုပါပြီ၊ ဆိုကွာ မန္တလေးမြို့ ဘွဲ့တွေထဲက သိင်္ဂါရွှေဘုံ မကောင်း ဘူးလား”

ဆရာက သူ့တိုက်ပုံဟောင်း မီးခိုးရောင်ဖျော့ဖျော့ အောက်အိတ်ထဲက လက်ကိုင်ပဝါကလေးကို ထုတ်ကာ မျက်နှာကို ရဲ နေအောက် ပွတ်နေပြီ။ တကယ်တီးတော့မည် ဆိုတာလည်း သေချာပြီ။ သီဆိုခြင်းမည်သော ပေးကမ်းခြင်းဖြင့် စာဂစွန့် ကြဲ၊ ကုသိုလ်ရဲရတော့သည်။ ကြုံလှီသော လက်တဖက်က သံမဏိကြိုးတွေကို ခတ်လျက်၊ အရိုး‌ပေါ် အရေတင် လက်တဖက် က ကြေးဘိတုံးကို ဖိလျက်။ ဆရာ့ခန္ဓာကိုယ်က ယိမ်းလျက်၊ နွဲ့လျက်၊ ဆရာ့ရင်ထဲ ပီတိသည် မျက်နှာပေါ်မှာ အခိုးအ လျှံတွေလို မွမွမွှားမွှား ထင်ဟပ်နေလေသည်။ ပြန်ခါနီးတော့ ဆရာ့ကို တက်စွမ်းသမျှနှင့် ကန်တော့သည်။ ဆရာက ဘိုးမင်းခေါင်ထိုင် ထိုင်ရင်းက ဆုတွေပေးရှာသည်။

“သည်အိမ်ကလေးတော့ ခြစ်ခြုတ်ဝယ်လိုက်တာကွ၊ တို့ဝယ်တုန်းက စျေးမရှိသေးဘူး၊ အခု ရောင်းဖို့ လုပ်နေတယ်၊ ဝေး လွန်းတော့ ဆိုမယ့် တီးမယ့်လူတွေ မလာဘူးကွာ၊ မဆိုရ မတီးရရင် ငါ သေမှာပဲ၊ ဥပါဒါန်ဆိုတော့လည်း မခွဲနိုင်၊ မဖြတ် နိုင်ဘူးပေါ့ကွာ”

ဆရာ့အိမ်ကလေး ကျနော် တခေါက်မရောက်ဖြစ်တော့ပါ။ ဓာတ်ဆင်ဓာတ်ရိုက် ဆရာ့တို့၏ အစီအရင်ဖြစ်သော ကန် တော့ပွဲတပွဲ၊ တောက်လောင်နေသည့် ဆေးဖယောင်းတိုင် တတိုင်နှင့် ပိတ်ဖြူစင်ကြယ်ဝတ်ထားသည့် ဆရာ့ကို မတွေ့ ချင်တော့တာပါသည်။ နောက်တခေါက် ရန်ကုန်လာဖြစ်လျှင်ကော ဆရာတို့ ဇနီးမောင် နှံ ဘယ်လို အိမ်ကလေးမှာ ရှိနေ မှာလဲ။ ဒါကတော့ ဘုရားရှင်မှ သိတော်မူလိမ့်မည်။

--------------

နေဝင်းမြင့်

linnthant at Monday, February 06, 2012

[ News and Library ဘလေ့ာဂ်မှ ကူးယူပါသည်။ဘလော့ဂါအား ကျေးဇူးတင်ပါသည်။]

No comments:

Post a Comment