Thursday, 7 May 2020

တစ်ဖက်သားရူးအောင်ပြုရက်လေတယ် #မင်းလူ

#တစ်ဖက်သားရူးအောင်ပြုရက်လေတယ်

#မင်းလူ

                                  ( ၁ )

             သူ့ရှေ့ရှိ စားပွဲပေါ်သို့ ရေခဲသုပ်ခွက်ကို ခွပ်ခနဲချပြီး ထွက်ခွာသွားသောကြောင့် လှမ်းပြောမည်
ပြုလိုက်စဉ်တွင် ဟိုဘက်စားပွဲမှ အသံတစ်သံ ထွက်လာသည်။

“ဘာလီချည်းပဲ နှစ်ခွက်ဖြစ်နေပြီ၊ ကျွန်မတို့မှာတာက ဘာလီတစ်ခွက်၊ ရေခဲသုပ်တစ်ခွက်လေ”

ထို့ကြောင့် ဟိုဘက်စားပွဲနှင့် ဒီဘက်စားပွဲ မှားပြီးချမိကြောင်းကို သိလိုက်၏။ သူကလည်း “ကျွန်တော်ကဘာလီမှာတာဗျ” ဟု ပြောလိုက်ပြန်သည်။ အအေးဆိုင်မှ ဦးယမ်းဘီလူးသည် “မှားသွားလို့ပါ၊
ဆရာ့ဘာသာ လဲယူလိုက်ပါတော့၊ ကျွန်တော် ဖွဲတွေကိုင်ထားလို့” ဟု ပြောပြန်သည်။ သူ့ကို ဆရာဟုခေါ်သောကြောင့် ကျောင်းဆရာဟု မထင်ကြပါနှင့်။

           ဤတက္ကသိုလ်စားသောက်ဆိုင်မှ လူများသည် ကျောင်းသားများကိုလည်း တစ်ခါတစ်ရံ ဆရာဟု ခေါ်တတ်သည်။ သူ သို့တည်းမဟုတ်  အောင်ချစ်ဝင်းသည် ဘူမိဗေဒကျောင်းသားတစ်ယောက်သာ ဖြစ်၏။

ဟိုဘက်စားပွဲကို သူ ကြည့်လိုက်သည်။ ကျောင်းသူနှစ်ယောက်။ သူတို့ကလည်း အောင်ချစ်ဝင်းကို
ကြည့်နေသည်။ တစ်ယောက်ကတော့ သူနှင့် မျက်လုံးချင်းဆုံမိသောအခါ မျက်နှာလွဲသွှားသည်။
ကျန်တစ်ယောက်ကတော့ သူ့ကို ပြုံးစေ့စေ့ကြည့်နေဆဲ။ အောင်ချစ်ဝင်းသည် ရေခဲသုပ်ကိုယူ၍
ဟိုဘက်စားပွဲဆီသို့ ထသွားသည်။ ရေခဲသုပ်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဘာလီရည်ခွက်ကို ယူသည်။
ရှက်ကိုးရှက်ကန်း ဖြစ်နေသောကြောင့် “ဆောရီးပဲဗျာ” ဟု လွှတ်ခနဲ ပြောမိသည်။ ခုန သူ့ကို
ပြုံးစေ့စေ့ကြည့်သော ကျောင်းသူက ခစ်ခနဲရယ်သည်။ သူပို၍ရှက်သွားပြီး စားပွဲဆီသို့ ခြေလှမ်းအမှားမှားနှင့်ပြန်လာထိုင်သည်။ ဟုတ်တော့ဟုတ်သား၊ ဆိုင်က ခွက်မှားပြီးချမိတာ၊ သူက ဘာဆိုင်လို့ ကြားထဲကဝင်ပြီး တောင်းပန်ရမှာလဲ။

              သူသည် အအေးဆိုင်ရှင် ဦးယမ်းဘီလူးကို မကျေမနပ် လှမ်းကြည့်သည်။ ဟင်း.... နာမည်ကိုက
ယမ်းဘီလူးတဲ့၊ တို့မီး ရှို့မီးလုပ်တာ။

အမှန်မှာ သူ့ဘာသာရှက်ပြီး ဦးယမ်းဘီလူးကို ဘာမဆိုင်ညာမဆိုင် ဒေါကန်နေခြင်းဖြစ်သည်။
တကယ့်တကယ်တော့ ဦးယမ်းဘီလူးကို သူ ကျေးဇူးတင်ဖို့ပင် ကောင်းသည်။ ခုလို အအေးခွက်ချင်းမှားချမိသည့်အတွက်ကြောင့်ပင် စိတ်ဝင်စားဖွယ်ကောင်းသော မိန်းကလေးတစ်ယောက်ကို သူ
စတင်တွေ့ရှိခြင်း ဖြစ်သည်။ ပြီးတော့လည်း ဦးယမ်းဘီလူးသည် အချစ်ချိန်ကိုက်ဗုံး တစ်လုံးကို ယနေ့ပင် ဖောက်ခွဲလိုက်ပြီမဟုတ်လား။

                                  ( ၂ )

           တင်အောင်ခိုင်ကို တွေ့အောင်ရှာရမည်။ ဒီကောင်က အမြင်ကျယ်သည်။ ကျောင်းဝင်းတစ်ခုလုံးအနှံ့ လျှောက်သွားနေတတ်သူ ဖြစ်သောကြောင့် မိန်းကလေးအတော်များများကို သိနေသည်။ သူ့ကို
မိန်းကလေးတွေက မသိသော်လည်း သူက မိန်းကလေးတွေကို သိနေခြင်းကို ဆိုလိုပါသည်။
ဒီလောက်ပြောလျှင်ပင် အခြေအနေကို သိလောက်ပြီထင်သည်။ သူ စိတ်ဝင်စားနေပြီ ဖြစ်ကြောင်းကို။
ဘယ်သူ့ကိုလဲဆိုတော့ ဟိုတစ်နေ့က ရေခဲသုပ်နှင့် ဘာလီရည် ခွက်ချင်းမှားတဲ့ ကောင်မလေးကိုပါ။
ပြုံးစေ့စေ့ကြည့်နေသော ကောင်မလေးကို မဟုတ်ပါ။ မျက်လုံးချင်း တစ်ခါလောက်ဆုံပြီး
မျက်နှာလွှဲသွားသော ကောင်မလေးကို ဖြစ်ပါသည်။
ဗြုန်းခနဲကြည့်လိုက်လျှင် သူလိုငါလို အဆင့်လောက်သာ ရှိသည်ဟု ထင်ရသည်။ အိုလီဗီယာ
နယူတန်ဂျွန်တို့၊ လင်ဒါကာတာတို့၊ ဆူဇီကွာထရိုတို့လို အင်တာနေရှင်နယ်ဆံပင်မျိုးနှင့်
မဟုတ်သောကြောင့်လည်းကောင်း၊ သုံးဆင့်ဟု ခေါ်မလား၊ လှေကားသုံးထစ်ဟု ခေါ်မလား မသိရသော
သရီးစတက်ဆံပင်မျိုးနှင့် မဟုတ်သောကြောင့်လည်းကောင်း သတိမထားမိဘဲ အမှတ်မဲ့
ဖြစ်ချင်ဖြစ်နေကြလိမ့်မည်။ ခုခေတ်တွင် အလွန်ရိုးနေပြီဖြစ်သော သာမန်ဆံပင်ဖားလျားကလေးနှင့်
ကောင်မလေးကို သေချာစွာကြည့်မိလျှင် (အောင်ချစ်ဝင်း၏ အဆိုအရ) စိတ်ဝင်စားဖွယ်
အတိပြီးနေကြောင်း တွေ့ရပါလိမ့်မည်။

            သူ့နာမည်နှင့် တတိယနှစ်လား၊ နောက်ဆုံးနှစ်လား ဆိုသည်ကို မသိရသော်လည်း အဓိကဘာသာရပ်ကိုမူသိလိုက်ရ၏။ ဟိုတစ်နေ့က အအေးဆိုင်မှာ သူတို့ပြောနေသောစကားကို တစ်ခွန်းစ ကြားမိသည်။ ဒေါက်တာတင်အောင်၊ ဦးမြင့်ဝေစသော အမည်များကို ထည့်သွင်းပြောကြားနေသည်ကို ထောက်၍ ရူပဗေဒ အဓိကကျောင်းသူ ဖြစ်ကြောင်း သိရသည်။ ကျန်အချက်အလက်များကို တင်အောင်ခိုင်၏ အကူအညီဖြင့် သိအောင်ကြိုးစားရပေတော့အံ့။တင်အောင်ခိုင်ကို မန္တလေးဆောင်မှာပင် ရှာတွေ့သည်။ ဒီကောင်က မဟာသိပ္ပံတက်နေသူ ဖြစ်သည်။

အဆောင်အလယ်ထပ်ရှိ နမူနာကျောက်များ ထားသောနေရာနားမှာ တွေ့ခြင်းဖြစ်ပါသည်။
လှေကားမှတက်လာစဉ်မှပင် သူ့အသံ ကျယ်ကျယ်လောင်လောင်ကို ကြားနေရပေသည်။

“ဟောဒီ သလင်းကျောက်ကြီးသာ စိန်တုံးကြီးဖြစ်သွားရင် ဘယ်လောက်ကောင်းမလဲ၊ ကမ္ဘာပေါ်မှာ
အကြီးဆုံးစိန်တုံးကြီး ဖြစ်သွားမှာပဲ၊ ဒါကြီးကို ထက်ပိုင်းဖြတ်ပြီး ငါ့ကောင်မလေးကို နားကပ်လုပ်ပေး၊ ဟေ့..ဟေ့ နားရွက်ကြီး ရှည်ထွက်လာမှာပဲ”

တင်အောင်ခိုင်ကို အတင်းဆွဲခေါ်လာရသည်။

 “ဘာလုပ်မလို့လဲကွ” ဆိုပြီး ကန့်လန့်ကန့်လန့် ပါလာ၏။

“ဘာကိစ္စလဲကွ၊ မင်းက အရေးတကြီးလက်ဖက်ရည်တိုက်မလို့လား”

“ပြီးတော့ တိုက်ပါ့မယ်ကွာ၊ ခု မင်းကို ပြစရာတစ်ခုရှိလို့”

“ဘာလဲ.. ယူရေနီယမ်သိုက် တွေ့ထားလို့လား”

“အဲဒါထက် အဖိုးတန်တယ်”

“သိပြီ သူငယ်ချင်း.. ရတနာသိုက်ပဲ”

ရူပဗေဒဌာန စာသင်ခန်းများအနီးတွင် တဝဲဝဲရယ်တဲ့ တလည်လည် ဖြစ်နေကြသည်။

“မင်း အချိန်စာရင်းတော့ ကူးပြီးပြီလား”

“အေး.. ပြီးပြီ၊ သတ်ယီးယား ပရယ်တီကယ်ရှိတယ်၊ လေးနာရီခွဲလောက်မှ ပြီးမှာ၊ ဖိုင်နယ်တွေက
နှစ်နာရီခွဲ ပြီးမယ်”

“ဒါဆို အကြာကြီး စောင့်ရမှာပဲ၊ ခုမှ နှစ်နာရီတောင် မထိုးသေးဘူး၊ လက်ဖက်ရည် သွားသောက်မယ်ကွာ၊နှစ်နာရီခွဲခါနီးတော့ ပြန်လာတာပေါ့”

“ဟာ.. နေဦးကွာ၊ ကလပ်စ်က စောလွှတ်ရင် လွဲနေပါဦးမယ်”

“မင်းဟာက မသေမချာကြီးပါကွာ၊ နှစ်နာရီခွဲ အတန်းပြီးလို့ မတွေ့ရင် သတ်ယီးယား ပရယ်တီကယ်ကို ဆက်စောင့်ရဦးမှာပေါ့”

“မင်းကလဲကွာ၊ တစ်နေ့တလေပဲဟာ”

နှစ်နာရီခွဲအထိ ရူပဗေဒခန်းမရှေ့က စင်္ကြံအုတ်ခုံပေါ်မှာ ထိုင်စောင့်နေရသည်။ အတန်းလွှတ်ချိန်
ကျတော့လည်း ထွက်လာသူတွေထဲမှာ သူမပါချေ။ တင်အောင်ခိုင်က ဟိုဟာလား၊ ဒီဟာလား
လျှောက်မေးနေပြန်၏။

“မပါဘူးကွာ”

“ဒါဖြင့်ရင် ပရယ်တီကယ်ပြီးအောင် စောင့်ရဦးမှာပေါ့”

“အဲဒါပဲ ရှိတာပဲ”

တင်အောင်ခိုင်က ခဏစဉ်းစားလိုက်ပြီး..

“ဟေ့ကောင်.. ပရယ်တီကယ်ခန်း အပြင်ကနေ ကြည့်မယ်ကွာ၊ တံခါးအချို့တော့ ဖွင့်ထားမှာပေါ့”

“ဟာ.. အပြင်ကနေ ချောင်းကြည့်ရတာ ကြောင်တောင်တောင်နဲ့”

“ဘာဖြစ်လဲကွာ၊ သူများတွေလည်း ဒီလိုပဲဟာ၊ လာပါကွာ”

တင်အောင်ခိုင်က ဦးဆောင်၍ လက်တွေ့ခန်းများအနီးသို့ သွားကြပြန်သည်။ တံခါးပေါက်တစ်ပေါက်မှာ တစ်ခြမ်းပွင့်နေသည်။ အထဲသို့ ကြည့်သော်လည်း သူ့မတွေ့ရ။ အတန်ငယ်ဟနေသော
နောက်တံခါးတစ်ပေါက်မှ ချောင်းကြည့်ပြန်၏။ အောင်ချစ်ဝင်းသည် ထိတ်ခနဲ ဝမ်းသာသွားလေ၏။
တတိယနှစ် ကျိန်းသေပြီ။

“ဟေ့ကောင်.. ဟိုမှာ ဟိုမှာ”

“ဘယ်မှာလဲ”

“ဟိုမှာ.. အနီရောင်နဲ့”

“ဟင် ကုလားမကြီးပဲ”

“ဟာ.. အဲဒါမဟုတ်ဘူး၊ ဒီဘက်ကကွ၊ ဆံပင်ဖားလျားနဲ့”

“သြော်.... ဒါလား”

“မင်းသိလား”

“သိတာပေါ့ကွ၊ သူ့နာမည်က ဇာဇာတဲ့”

အို.... ဇာဇာ၊ ဘယ်လောက်လှတဲ့ နာမည်လေးလဲကွယ်။

                                 ( ၃ )

“ဒီမှာ.. ဒီမှာ”

နှစ်ယောက်စလုံး လှည့်ကြည့်သည်။

“ကျွန်တော် ဂျီအော်လော်ဂျီဖိုင်နယ်က အောင်ချစ်ဝင်းပါ”

“ဘယ်သူက မေးလို့လဲ”

အအေးဆိုင်မှာ တွေ့တုန်းက ပြုံးစေ့စေ့လုပ်နေသော ကောင်မလေးက ပြန်မေးသည်။ အောင်ချစ်ဝင်း
နည်းနည်း“နှာကစ်”သွားသည်။

“ကျွန်တော်ကလဲ ခင်ဗျားကိုပြောတာ မဟုတ်ပါဘူး၊ ဒီက ဇာဇာကို”

“ဘယ်က ဇာဇာလဲ”

“သူလေ”

ဇာဇာဘက်သို့ သူမေးငေါ့ပြသည်။ ပြုံးစေ့စေ့ကလေးက..

“သူ့နာမည် ဇာဇာမှ မဟုတ်ဘဲ”

“ခင်ဗျာ”

သူအံ့သြသွားသည်။ ရှက်လည်း ရှက်သွားသည်။

“ဆောရီးပဲဗျာ”

သူလှည့်ထွက်လာခဲ့သည်။ “ကြောင်လိုက်တာ” ဟု လှမ်းပြောလိုက်သော အသံသည် သူ့နောက်ကို
ပြေးလိုက်လာ၏။

လှေကားပေါ်သို့ တက်မည်ပြုသော တင်အောင်ခိုင်၏ကုပ်ကို လှမ်းကိုင်လိုက်၏။

“ခွေးကောင် တင်အောင်ခိုင်”

“ဟ.. ဟ ဘာဖြစ်တာလဲ”

“ခွေးကောင်.. မင်းငါ့ကို ချောက်တွန်းတယ်”

“ဘာလဲကွာ”

“သူ့နာမည် ဇာဇာမှ မဟုတ်ဘဲ၊ မင်း သက်သက်မဲ့..”

“ဟုတ်ပါတယ်”

“ငါ ဆွဲထိုးမိမယ်နော်.. မင်း..”

“ဟဲဟဲ၊ ဆောရီးပဲကွာ၊ သူ့နာမည်ကို ငါမှမသိဘဲ၊ ပါးစပ်ထဲတွေ့တဲ့ နာမည်ကို ပြောလိုက်တာပဲကွာ”

“မင်းလုပ်တာ ငါဘယ်လောက် အရှက်ကွဲတယ် မှတ်သလဲ”

“ကဲပါကွာ၊ သူ့နာမည်ကို မသိသိအောင် ငါပဲ စုံစမ်းပေးပါ့မယ်”

“လာပြန်ပြီ”

ထိုနေ့က တင်အောင်ခိုင်က လက်ဖက်ရည်တိုက်သွားသည်။

တင်အောင်ခိုင်သည် သူ့ဒုက္ခနှင့်သူ တော်တော်ပင်ပန်းသွားရရှာသည်။ ငွေသွင်းဌာနရှေ့တွင် သုံးရက်တိတိ သွားစောင့်သည်။ ကျောင်းသူတို့သည် ကျောင်းလခကို စောစောစီးစီး သွင်းတတ်ကြသည် မဟုတ်လား။

လဆန်းတစ်ရက်နေ့မှ သုံးရက်နေ့ထိ မနက်ဆယ်နာရီနှင့် နေ့လည်တစ်နာရီလောက်ထိ
ယောင်လည်လည်လုပ်ရင်း စောင့်ရသည်။ သုံးရက်နေ့ကျမှ ဟိုနှစ်ယောက် ငွေလာသွင်းသည်။ သူလည်း ငွေသွင်းဖို့တန်းစီသလိုလုပ်၍ နောက်နားက ကပ်ရပ်လိုက်သည်။ ငွေသွင်းပုံစံကို လှမ်းတင်သောအခါကျမှ မသိမသာ ခိုး၍ကြည့်ရသည်။ “အမလေး” နာမည်လေးသိရဖို့ ပင်ပန်းလိုက်တာ၊ ပင်ပန်းရကျိုးနပ်အောင် ပြန်လုပ်ယူရမည်။ ဒါတောင် ဟိုကောင်အောင်ချစ်ဝင်းက မယုံချင်သေးချေ။

“ဟေ့ကောင်.. မင်းစကား ငါမယုံဘူး”

“တကယ်ပါကွာ၊ ငါ ကက်ရ်ှမှာ သုံးရက်တိတိစောင့်ပြီး စုံစမ်းလာတာပါ”

“ဒါဖြင့် သူ့နာမည်ဘယ်သူလဲ၊ ပြောလေ”

“ဒီလိုတော့ ဘယ်ရမလဲကွာ၊ အရှည်ကြီးဆိုင်ကျမှ ပြောမယ်”

“ဒီတစ်ခါ မင်းချောက်တွန်းရင်တော့ ခေါင်းကွဲပြီသာမှတ်”

                                 ( ၄ )

“မခင်သန်းမြင့်.. တစ်ယောက်တည်းလား”

လန့်သွားသည်။ လှည့်ကြည့်သည်။ အံ့သြသွားသည်။

“နာမည်သိလို့ အံ့သြသွားသလားဗျာ၊ ကျွန်တော် အပင်ပန်းခံပြီး စုံစမ်းထားရတာပါ”

ဘာမျှ ပြန်မပြောချေ။ အောင်ချစ်ဝင်းသည်လည်း ပြောသာပြောနေရသည်။ နာမည်အမှန်
ဟုတ်မှဟုတ်ပါ့မလားဟု သံသယရှိနေဆဲပင်။

“ကျွန်တော့်ကို စကားတစ်ခွန်းလောက် ပြောခွင့်ပြုပါ”

“မနှောင့်ယှက်ပါနဲ့”

အသံကို သေသေချာချာ ကြားဖူးပြီ။ သာယာသံစာရင်းဝင် အသံမျိုး။

“နှောင့်ယှက်တယ်လို့ ထင်ချင်လည်းထင်ပါ၊ ဒါပေမယ့် အတန်းချိန်တွေပျက်ပြီး မခင်သန်းမြင့်ကို
လာလာစောင့်ရတဲ့ အချိန်အတွက် ကျွန်တော့်ရဲ့ စွဲလန်းမှုကိုတော့ အသိအမှတ်ပြုစေချင်ပါတယ်”

ခင်သန်းမြင့်၏ မျက်နှာတွင် ရှက်သွေးဖြာသွားသော အရောင်ကိုမြင်ရသည်။ သူ့စကား ထိရောက်ကြောင်း သိရသဖြင့် အောင်ချစ်ဝင်း ဝမ်းသာသွား၏။ ဒီလောက်ပဲ ပြောဖို့လိုမည် ထင်သည်။ သူလည်း တက္ကသိုလ်ကျောင်းသူ တစ်ယောက်ပေပဲ။
ဒါ ပထမအဆင့်။

                                   ( ၅ )

“ဒီမှာ မပြုံးပြုံး”

“ကျွန်မနာမည် မပြုံးပြုံး မဟုတ်ဘူး”

“သြော်.. ဇာဇာလား၊ ဒါဖြင့်”

“ပေါလှချည်လား”

“ဒီလိုပါဗျာ၊ ခင်ဗျားက ကျွန်တော့်ကိုမြင်ရင် ပြုံးစေ့စေ့နဲ့ ကြည့်တတ်လို့ မပြုံးပြုံးလို့ ခေါ်တာပါ”

“ထားပါတော့.. ခု ဘာကိစ္စရှိလို့လဲ”

“ဟို.. မခင်သန်းမြင့် မပါဘူးလား”

“ဟင့်အင်း”

“တွေ့ရင် ကျွန်တော်က မေးတယ်လို့ ပြောလိုက်ပါနော်”

“ကျွန်တော်ဆိုတာပဲ ပြောရမှာလား၊ ရှင့်နာမည်မှ မသိဘဲ”

“ကျွန်တော့်နာမည်သိချင်ရင် ကျွန်တော် ကျောင်းလခသွင်းတဲ့အခါ လာစောင့်နေပေါ့၊ ငွေသွင်းပုံစံထဲကို ခိုးကြည့်ရင် အောင်ချစ်ဝင်းဆိုတာ တွေ့လိမ့်မယ်”

                                  ( ၆ )

“မခင်သန်းမြင့်ရယ်.... ကျွန်တော် စောင့်နေရတာ သုံးလတောင် ကျော်ခဲ့ပါပြီ”

ဘာမျှ ပြန်မပြောချေ။

“ကျွန်တော့်မှာ လက်မခံနိုင်လောက်တဲ့ အပြစ်တွေ ရှိနေလို့လားဟင်”

ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်းမပြု။

“ကျွန်တော့်ကို စကားတစ်ခုခုတော့ ပြန်ပြောပါဦး”

“ကျွန်မ မပြောတတ်ဘူး”

ခင်သန်းမြင့်ထံမှ စကားတစ်ခွန်းကို ကြားရဖို့ အလွန်ခက်ခဲလှပါသည်။

                                  ( ၇ )

“လာမယ့် ဆယ်ရက်နေ့ဆို ခြောက်လပြည့်ပြီနော်”

“ရှင်”

“ကျွန်တော် စောင့်ခဲ့ရတာ ပြောတာပါ”

“ကျွန်မ မသိဘူး”

“ကျွန်တော်ကတော့ သေသေချာချာ မှတ်ထားတာပါ”

ခင်သန်းမြင့်သည် ဘယ်လိုနည်း။ အောင်ချစ်ဝင်း သူ့ကို ချဉ်းကပ်ခဲ့သည်မှာ ခြောက်လပင်ပြည့်တော့မည်။ခုထိ သူ ရဲဝံ့စွာ စကားမတုံ့ပြန်သေးချေ။ အရှက်အကြောက်ကြီးသူဟု ဆိုရမလား၊ ဣန္ဒြေကြီးသူဟု ဆိုရမလားမသိ။

“ဒီလောက်ကြာမှတော့ ကျွန်တော့်အပေါ် တစ်ခုခု ဆုံးဖြတ်ချက် ချသင့်ပါပြီဗျာ”

အောင်ချစ်ဝင်းသည် ခင်သန်းမြင့်ကို အကဲခတ်ကြည့်သည်။ တစ်ခုခုပြန်ပြောမည့် အရိပ်အယောင်ကို
မမြင်ရ။ အောင်ချစ်ဝင်းပင် စကားကို ဆက်ရသည်။

“ကျွန်တော့်ကို အခွင့်အရေးတစ်ခုတော့ပေးပါ မခင်သန်းမြင့်ရယ်၊ ဆယ်ရက်နေ့က စနေနေ့နော်၊
မခင်သန်းမြင့်တို့ ကလပ်စ်က ဆယ့်တစ်နာရီပြီးမှာ မဟုတ်လား၊ ပြန်ရင် ဒီလမ်းအတိုင်း ပြန်ပါဗျာ၊ ကျွန်တော် ဟိုညောင်ကြတ်ပင်အောက်က စောင့်နေပါ့မယ်၊ အဲဒီနေ့ကျရင် ကျွန်တော့်ကို အဖြေပေးပါတော့ဗျာ”

ခင်သန်းမြင့်က တစ်ခုခုပြောရန် ဟန်ပြင်သည်။ အောင်ချစ်ဝင်းက အခွင့်မပေး။

“ကျွန်တော့်ကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဒီလမ်းအတိုင်း ပြန်ဖြစ်အောင်
ပြန်ပါနော်။

                                  ( ၈ )

ဆယ်နာရီခွဲပြီးကာစကပင် ညောင်ကြတ်ပင်အောက်က ခုံတန်းကလေးမှာ ထိုင်စောင့်နေသည်။
အောင်ချစ်ဝင်းဟုထင်လျှင် မှားပါလိမ့်မည်။ တင်အောင်ခိုင်ပင် ဖြစ်ပါသည်။

ဖြစ်ပုံမှာ ဤသို့တည်း။ အောင်ချစ်ဝင်းသည် တင်အောင်ခိုင်ကို မနေ့က အရေးတကြီး ရှာဖွေခဲ့လေသည်။ပြီးတော့ ခင်သန်းမြင့်အား သူ့ကိုယ်စား သွားတွေ့ပေးရန် တင်အောင်ခိုင်ကို တောင်းပန်သည်။

“ဟာ.. ငါ့ကိုချိန်းတာမှ မဟုတ်ဘဲ”

တင်အောင်ခိုင်က ငြင်းသည်။

“ဒီလိုကွာ.... ခင်သန်းမြင့်နဲ့ ချိန်းထားတဲ့အချိန်က မနက်ဖြန် ဆယ့်တစ်နာရီ မဟုတ်လား၊
ငါ့အဘိုးကြီးကလည်း မနက်ဖြန် ဆယ်နာရီလေးဆယ့်ငါး ရထားနဲ့ ရန်ကုန်ကို လာမှာကွ၊ ငါသွားကြိုရမှာ၊ခင်သန်းမြင့်ဆီ ဘယ်လိုမှ သွားလို့ရမှာ မဟုတ်ဘူး”

“မင်းအဘိုးကြီးကို ငါသွားကြိုမယ်လေကွာ”

“မင်းမှ ငါ့အဘိုးကြီးကို မမြင်ဖူးပဲ”

“အေး.. ဟုတ်သားပဲ၊ ခက်တာပဲကွာ”

“မတတ်နိုင်ဘူးကွာ၊ မင်းပဲ ကူညီပေါ့ကွာ၊ ငါ့ကိုယ်စား ခင်သန်းမြင့်ကို သွားစောင့်ပေးပါကွာ၊ တွေ့ရင် ငါမလာနိုင်တဲ့အကြောင်း ပြောပြပြီး....”

“တော်တော်တော့ ကြောင်စီစီနိုင်တာပဲ”

“ဒီလိုမှမလုပ်ရင် မဖြစ်လို့ပါကွာ၊ ကူညီပါ သူငယ်ချင်းရာ၊ တောက်.. အဖေကလဲ ဒီရက်ကျမှ
လာရတယ်လို့”

ထို့ကြောင့် တင်အောင်ခိုင် ဒီမှာလာစောင့်နေရခြင်း ဖြစ်လေသည်။ သူ့လက်မှနာရီကို ကြည့်သည်။
ဆယ့်တစ်နာရီ။

တင်အောင်ခိုင်သည် သူ့အဖြစ်ကို ပြန်စဉ်းစားပြီး ရယ်သည်။ ဘယ်လောက် ကြောင်သနည်း။
ခင်သန်းမြင့်လာလျှင် သူ့ကိုယ်သူ အရင်မိတ်ဆက်ရမည်။ ပြီးတော့ အောင်ချစ်ဝင်း မလာနိုင်ကြောင်းကို
နားလည်အောင် ရှင်းပြရမည်။ အောင်ချစ်ဝင်း၏ အဆိုအရ ခင်သန်းမြင့်သည် ရှက်တတ်သတဲ့၊
တကယ်လို့များ သူ့စကားကို ဆုံးအောင် နားမထောင်ဘဲ ရှက်ရှက်နှင့် ထွက်သွားခဲ့လျှင်....။ ခုမှပင်
သူဆောင်ရွက်ရမည့် တာဝန်၏ပမာဏကို ခန့်မှန်းမိသည်။ မလွယ်ပါလား။

ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ်။
 ခင်သန်းမြင့် မလာသေး။ “အင်းလေ” အတန်းပြီးတော့ အိမ်သာများ ဝင်နေလို့လားတော့ မသိ။ ဒါမှမဟုတ် လာရမှာရှက်နေလို့ ချီတုံချတုံ ဖြစ်နေတာများလား။ သို့ရာတွင် ဆယ့်တစ်နာရီခွဲသည်အထိ ခင်သန်းမြင့် အရိပ်အယောင်ကိုပင် မမြင်ရ။
တင်အောင်ခိုင် စိုးရိမ်စပြုလာသည်။ ဆရာက နောက်တစ်ချိန်ဆက်ပြီး သင်နေလို့များလား။ အတန်းရှိရာသို့ သွားနေတုန်း ဟိုက ဒီကိုရောက်နေလျှင် ခက်မည်ဟု စဉ်းစားမိသောကြောင့် မသွားဖြစ်။

အောင်ချစ်ဝင်းကိုယ်စား စိုးရိမ်ရခြင်းပင် ဖြစ်သော်လည်း သူတာဝန်ယူလာသောကိစ္စ ဖြစ်သောကြောင့် သူကိုယ်တိုင် စိုးရိမ်နေရသည်နှင့်မခြား ရှိသည်။

ဆယ့်တစ်နာရီ လေးဆယ့်ငါးမိနစ်။
အခြေအနေ မထူးခြားသေး။ စိတ်ထဲက ဟိုဟိုဒီဒီ လျှောက်တွေးစပြုလာသည်။ ခင်သန်းမြင့် လှည့်စားပြီလော။

ဆယ့်နှစ်နာရီ။
 စနေနေ့ဖြစ်သောကြောင့် နောက်ထပ် အတန်းချိန်မရှိတော့။ ပတ်ဝန်းကျင်၌ အိမ်ပြန်သူ၊စားသောက်ဆိုင်တန်းသွားသူတို့ဖြင့် စည်ကားနေပြီ။ ဗိုက်ထဲက ဆာလာသည်။ ထို့အတူ စိတ်လည်းတိုလာသည်။

ဆယ့်နှစ်နာရီ ဆယ်မိနစ်။
 ဒေါသဖြစ်သည့်အဆင့်သို့ ရောက်ရှိသွားလေတော့သည်။ ကြည့်....ဘယ်လောက် ယုတ်မာသနည်း။ ချိန်းထားပြီးမှ မလာဘဲနေသည်။ ဒါ သက်သက်လှည့်စားတာ၊စော်ကားတာ။ အောင်ချစ်ဝင်းကတော့ ကာယကံရှင်မို့ ထားပါတော့။ သူက ဘာမဆိုင်ညာမဆိုင် ကြားထဲက အချောင်ခံရသည်။ ထမင်းဆာခြင်း။ စိတ်မောခြင်း။

ဆယ့်နှစ်နာရီခွဲရှိသော အချိန်တွင် ဒီနေရာကို စွန့်ခွာဖို့ သူ ဆုံးဖြတ်လိုက်သည်။ မလာတော့ပြီမှာ သေချာပြီ။စိတ်ထဲမှာ အလွန်အမင်း မခံချိမခံသာ ဖြစ်နေရသည်။ အောင်ချစ်ဝင်းကတော့ ဘယ်လိုနေမလဲ မသိ။

သူကတော့ ခင်သန်းမြင့်ကို တွေ့ရာနေရာမှာ “ချဲ” ဖို့ ဆုံးဖြတ်ပြီးသား။

မတ်တပ်ရပ်လိုက်သည်။ သူထိုင်ခဲ့သော ခုံတန်းကို လက်ဝါးစောင်းဖြင့် တစ်ချက်ရိုက်သည်။
သူလှည့်ထွက်လာပြီး လေးငါးလှမ်းလောက် လျှောက်မိချိန်တွင် နောက်မှ “ဒီမှာ” ဟု
ခေါ်သံကြားသောကြောင့် ဝမ်းမြောက်စွာ လှည့်ကြည့်လိုက်သည်။ သို့ရာတွင် ခင်သန်းမြင့် မဟုတ်ချေ။
အမျိုးသမီးတစ်ယောက်.. မြင်ဖူးသလိုလိုတော့ ရှိသည်၊ ဘယ်သူမှန်းမသိ။

“ဒီမှာ လူတစ်ယောက်လာတာ မတွေ့မိဘူးလားဟင်”

“ဘာပြောတယ်.. ကျုပ်လည်း လူပဲဗျ”

“အို”

အမျိုးသမီးမှာ ရှက်ရွံ့အားနာသွားပုံရသည်။ တင်အောင်ခိုင်မှာ သူ့ကိစ္စနှင့်သူ ဒေါသဖြစ်နေသောကြောင့် မဆိုင်သူကို သွားဟောက်မိသည့်အတွက် အားနာသွားသည်။ သူကလေးကကော ချိန်းထားတဲ့သူ မလာလို့ပေလား မသိ။

“ဆောရီးပဲဗျာ.... ကျွန်တော် တောင်းပန်ပါတယ်၊ ဘာကိစ္စရှိလို့လဲ”

အမျိုးသမီးမှာ ပြောသင့် မပြောသင့် စဉ်းစားနေပြီးမှ..

“ရှင်က ကိုအောင်ချစ်ဝင်းနဲ့ သူငယ်ချင်း မဟုတ်လား”

“ခင်ဗျာ”

သူအံ့သြသွားသည်။ “ဟုတ်ပါတယ်” ဟု ဖြေသည်။

“ကျွန်မက မခင်သန်းမြင့်ရဲ့ သူငယ်ချင်းပါ”

“ဗျာ”

“ကိုအောင်ချစ်ဝင်း မလာဘူးလား”

တင်အောင်ခိုင်က အောင်ချစ်ဝင်းအကြောင်းကို ရှင်းပြသည်။ ပြီးတော့ “ခင်သန်းမြင့် မလာဘူးလား”ဟု
ပြန်မေးသည်။ အမျိုးသမီးက ပြုံးစေ့စေ့နှင့် လုပ်နေသည်။ အောင်ချစ်ဝင်းပြောသော မပြုံးပြုံးဆိုတာဖြစ်မည်။ သူက မခင်သန်းမြင့် မလာနိုင်၍ ကိုယ်စားလာခြင်း ဖြစ်သည်။

အောင်ချစ်ဝင်းအား မခင်သန်းမြင့်က ပေးခိုင်းလိုက်သော စာအိတ်ကလေးကို ပေးသည်။ စာကို
ဖွင့်ဖတ်ကြည့်ရန် မလို။ စာအိတ်ပေါ်က လိပ်ပြာကလေးနှစ်ကောင်ပုံကို ကြည့်ခြင်းအားဖြင့် အခြေအနေကို သိသာနိုင်သည်။

ကဲ.. ဘယ်လောက် ထူးဆန်းသနည်း။ ဒါ ဘာဟုတ်သေးလဲ။ ဒါထက်ထူးဆန်းတာ ရှိသေးသည်။
ခင်သန်းမြင့် မလာနိုင်သော အကြောင်းမှာ.....
ခင်သန်းမြင့်၏ အဖေသည် ဒီနေ့ ဆယ်နာရီလေးဆယ့်ငါး ရထားဖြင့် နယ်မှလာရောက်မည်
ဖြစ်သောကြောင့် ဘူတာရုံကို သွားကြိုနေရလို့ပါတဲ့။

-------------

မင်းလူ

(တက္ကသိုလ်များ ပုံနှိပ်တိုက်၊ နှစ် ၂၀ မြောက် မဂ္ဂဇင်း၊ ၁၉၈၀)

Credit-စာပန်းခင်း

[ အရုဏ်ဦးစာကြည့်တိုက် တောင်ကုတ်ပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။ ]


No comments:

Post a Comment