#မုန့်ဆပ်သွားဖူးကလေး
#ခင်ခင်ထူး
( ၁ )
“ဖွေးဖွေးရေး... ဖွေးဖွေးရေ
ခေါ်ရင် ခင်ခင်ထူးပါလေ...။
ဖွေးဖွေးရေ.. ဖွေးဖွေးရေ
ဝင်းဝင်း မြင့်မြင့်နေ...။
ကိုယ်နေဝင်း လို့ စိတ်နေမြင့်
ဖွေးဖွေး နေဝင်းမြင့်...”
. ကျွန်မတို့ ချစ်ခင်လေးစားသော ကဗျာဆရာ ဆရာထွန်းမြင့်က သမီး ရက် ၁၀၀ ပြည့် မွေးနေ့အမီ ရေးပို့လိုက်သော ကဗျာကလေး ဖြစ်ပါသည်။ ကျွန်မ စာရေးစားပွဲ အံဆွဲထဲမှာ သည်ကဗျာကလေးကို ကျွန်မ သိမ်းထားခဲ့သည်ပင် လေးနှစ်ကျော်ခဲ့ပြီ။
ကျွန်မအစ်ကိုဆရာဖြစ်သော ကဗျာဆရာ ဆရာကိုငြိမ်း(မန္တလေး)ကလည်း သမီးအတွက် ကဗျာတစ်ပုဒ် ရေးပေးခဲ့သည်။
“ဝလုံး ဝလုံး ဝလုံး အိမ်”တဲ့
ကဗျာတစ်ပုဒ်တင် မကပါး ကဗျာဆရာ့လက်နှင့်ချုပ်လာသော
လက်ချုပ်အင်္ကျီကလေး နှစ်ထည်ပင် ပါသေးသည်။ ကဗျာတစ်ပုဒ်နှင့် အင်္ကျီ
နှစ်ထည်ပေးပြီး သူ့ရော်ဘင်ဟုဒ်ကို စီးပြီး ပြန်သွားတာကိုလည်း မှတ်မိနေသည်။
“ခင်ခင်ထူးရေ ငါ့မြေးဖို့ ငါ ချုပ်လာတာ၊ ဒါက ငါ့မြေးဖို့ ကဗျာ
အဲသည်နေ့က ကဗျာဆရာ ရီဝေနေသလား၊ မနေသလားပင်
ကျွန်မ မမှတ်မိတော့ပါ။ အင်္ကျီကလေးတွေက ချစ်စရာကောင်းလှသည်။
သမီးကို ဝတ်ကြည့်ပေးတော့လည်း ကွက်တိ ကဗျာတစ်ပုဒ်ကို ချုပ်
သလို ဆရာ့ကဗျာကိုလည်း ကျွန်မ မကြာမကြာ ပြန်ဖတ်ဖြစ်ပါသည်။
“ဝလုံး လေး.. ဝလုံး လေး
ဖွေးဖွေး ဝလုံး လေး... ။
ဝလုံး ကလေး ဘယ်ဆီမှာ
ဖွေးဖွေး မျက်နှာမှာ... ။
မေမေ ဝလုံးက မွေးလေတော့
ဖွေးဖွေး ဝလုံးပေါ့... ။
ဝလုံး တစ်လုံး ပျောက်လို့ပါ
ကြယ်တွေ ပန်းတွေ ကြားမှာရှာ.. ။
တွေ့ပြီ တွေ့ပြီ ဖေဖေကြီး
ဝလုံး မည်းမည်းကြီး”
ကဗျာကလေးတွေကို ဖတ်ပြီး ကျွန်မ စိတ်ကြည်နူးရသည်။ ဝမ်းသာမိရသည်။ ကျွန်မတို့အတွက်တော့ သမီးသည်ပင် ကဗျာဆိုတော့ သည်ကဗျာကိုပဲ ထုပ်ထုပ်ပိုက်ပိုက် ရှိကြရပါသည်။ သမီးကလေးမွေးတော့ ကျွန်မခင်ပွန်းက သမီးအတွက်ဟုဆိုကာ အက်ဆေးတစ်ပုဒ် ရေးသည်။
လင်းလင်းကျင်းကျင်း ကြယ်”ဆိုသော အက်ဆေးပင် ။သည်အက်ဆေးမှာ သမီးကလေးကို" သမီးဟာဖြင့် မျှော်လင့်မထားတဲ့အချိန် ဖေဖေတို့ဆိပ်ကမ်းမှာ
လာကပ်တဲ့ လှေကလေးပါပဲ”လို့ ရေးခဲ့သည်။ သည့်ထက်ကောင်းအောင် ကျွန်မ မတွေးတတ်သဖြင့် သည်ဥပမာကိုသာ ပြန်ပေးချင်ပါသည်။ တကယ်လည်း ကျွန်မတို့ မျှော်လင့်မထားပါဘဲ ကျွန်မတို့ ဆိပ်ကမ်းမှာ လာကပ်သည့် လှေကလေးပင်။
သမီးကလေးကို ကိုယ်ဝန်လွယ်ထားရမှန်း မသိပါဘဲ ကျွန်မတို့ ဇနီးမောင်နှံနှင့် တစ်တောလုံးကြွေ ကဗျာဆရာတို့ မြစ်ကြီးနား တနိုင်း စာပေဟောပြောပွဲ ထွက်ခဲ့ကြသည်။ အစ်ကိုကြီး ဥတ္တရလမင်း ဦးသန်းဆွေတို့၊ အစ်ကိုကြီး ရှေ့နေဦးခင်မောင်တို့၊ အစ်ကိုကြီးတနိုင်းစံတို့ကအစ ဥတ္တရလမင်း တစ်ဖွဲ့လုံးက ဖိတ်ခေါ်ကြ ကြိုဆိုဧည့်ခံကြ၊ စောင့်ရှောက်ကြသည့်အပြင် မြစ်ကြီးနား တနိုင်းစာပေပရိသတ်၏ အားပေးမှုကိုပါ ခံယူရသည့်အတွက် ကျွန်မတို့အတွက် မှတ်မှတ်ရရ စာပေဟောပြောပွဲဖြစ်ခဲ့ရသည်။
မြစ်ကြီးနားမှာဟောပြီးတော့ တနိုင်းကို ကူးကြရမည်ရှိသောအခါ ကျွန်မမှာ ကိုယ်လက် မအီမသာနှင့် အိပ်ရာထဲခွေနေရပါ၏။ အစ်ကိုကြီးသန်းဆွေ၏သမီး ဒေါက်တာ ဖြိုးနန္ဒာဆွေက ကျွန်မကို မြစ်ကြီးနားဆေးရုံကိုခေါ်ကာ ဆီးစစ်ပေးတော့ အစ်ကိုကြီးသန်းဆွေကိုယ်တိုင်က ကားမောင်း၍ ပို့ပေးခဲ့ပါသည်။ သည်မှာတင် သားသမီးရှိနေပြီဆိုတာ ကျွန်မ သိလိုက်ရပါပြီ။တနိုင်းကို ဆက်မလိုက် သင့်ကြောင်း ဒေါက်တာဖြိုးနှင့် မမနွဲ့တို့က အကြံပေးသော်လည်း မြစ်ကြီးနား ရောက်မှတော့ တနိုင်းကိုပါ ရောက်ချင်ခဲ့ပါ၏။
မြစ်ကြီးနား တနိုင်းခရီးက ပင်ပန်းလှသော်လည်း ကျွန်မ ရောက် ခဲ့သည်။ ဟောပြောပွဲစင်ပေါ်တက်ခဲ့သည်။ အေးစက်သော တနိုင်းညနှင့် ပွင့်နှင်းဖတ်တွေကြားထဲမှာ တနိုင်းတံတားပေါ် ရောက်ကြသည်။ တနိုင်း လက်ဖက်ရည်နှင့် ကချင်စာတွေ စားကြသည်။ ကျွန်မအတွက်တော့ တဝမ်ခ
ချောင်းအထိ ရောက်ခဲ့ရတာ၊ လီဆူးကျေးရွာကျောင်းကလေးမှာ ကားရပ်ပြီး ကဗျာတွေ ဆိုပြခဲ့ရတာ လိမ္မော်ခြံတွေထဲဝင်ပြီး ကိုယ့်လက်နှင့် ကိုယ်ဆွတ်ပြီး လိမ္မော်သီးတွေ စားရတာ အရာအားလုံးကို ကျွန်မ မမေ့နိုင်ပါ။ မေခ မလိခ မြစ်ဆုံရောက်တော့လည်း မြစ်ဆုံ အပြာအခြေရောက်အောင် ဆင်းကာ ဧရာဝတီ မြစ်ဦးရေဖြင့် မျက်နှာသစ်ခဲ့သည်။ ကျွန်မ မမြင်ရသေးသော သားလေးလား သမီးလေးလား ရင်သွေးကလေးကို မေတ္တာပို့ကာ ကျွန်မ ခေါင်းကို မြစ်ရေ ဆွတ်ခဲ့သည်။ ဧရာဝတီမြစ်ရေကို ကျွန်မ တစ်ဝကြီးသောက်ခဲ့သည်။ မြစ်ဆုံက လုံးဝန်းဝန်း ကျောက်ချောတုံးကြီးတွေ ကျွန်မ နိုင်သလောက် သယ်ယူခဲ့သည်။
ကဗျာဆရာကတော့ ထုံးစံအတိုင်း ကဗျာတွေ ရွတ်သည်။ တနိုင်း တံတားကဗျာ၊ မြစ်ဆုံကဗျာ၊ ကချင်ပြည်နယ် မီးရထားကဗျာ၊ ဟူးကောင်း ချိုင့်ဝှမ်းကဗျာ၊ လီဆူးမူလတန်းကျောင်းကဗျာ ကဗျာဆရာပီပီ ကဗျာ ဉာဏ်တွေ ကွန့်မြူးနေသလောက် ကဗျာရွတ်သံကလည်း နားထောင်လို့
ကောင်းခဲ့သည်။ ကျွန်မတို့ဇနီးမောင်နှံအပြင် ဥတ္တရလမင်း ဦးသန်းဆွေ၊ ဦးခင်မောင်စိုး (ဆရာခင်မောင်စိုး၊ ကျောက်ဆည်)၊ ဆရာလင်းသော်ဝေ၊ ဆရာကိုဆွေလင်း၊ ဆရာတင်နွမ်းလွင် စသည်ဖြင့် မြစ်ကြီးနားစာပေ အုပ်စုကြီးပါ ပါသဖြင့် ခရီးအားလုံး ပျော်စရာကောင်းလှပါသည်။
ထိုခရီးတွေကတည်းက ကျွန်မတို့သားအမိ ဘယ်သူမှ မကြား နိုင်သော စကားတွေကို မဝစတမ်း ပြောခဲ့ကြပါ၏။ ဧရာဝတီမြစ်ဖျားက ရေစီးသံ လွင်ချိချိုကလေး။
( ၂ )
သမီးကိုယ်ဝန်ခြောက်လမှာ ပိုတက်ဆီယမ်လျော့နည်းသည့်အတွက်ကျွန်မမှာ မတ်တတ်ပင် မရပ်နိုင်ဘဲ ပုံခနဲ ခွေကျသွားခဲ့ပါသည်။ ထိုစဉ်က ကျွန်တို့ ဧရာဝတီမြစ်ဆိပ်ရှိ ကန်တော်ကြီးတိုက်တန်းမှာ နေထိုင်ဆဲဖြစ်သည်။ လေးထပ် တိုက် အပေါ်ဆုံးထပ်မှာဆိုတော့ ကျွန်မမှာ တိုက်ခန်းပေါ်မှာပဲ တကုပ်ကုပ် နေခဲ့ရသည်။ မဟေသီမဂ္ဂဇင်းတွင် ကျွန်မရေးလက်စ ‘ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ ကြိုးမယ်' အခန်းဆက်ဝတ္ထုရှည်ကိုလည်း ကျန်းမာရေးမကောင်း သည့်အတွက် ခပ်မြန်မြန်အနားလုံးလိုက်ရသည်။ ပြီးဆုံးသွားသောအခါ စာဖတ်ပရိသတ်ထံမှ အသံများ ထွက်လာသည်။ ဝတ္ထုက တိုလွန်းလိုက်တာ၊ ကိုကြီးညိုသေသွားတာ စိတ်မကောင်းဖြစ်ရချက်ဟု၊ ဝတ္ထုဇာတ်သိမ်းက မြန်လွန်းတယ် စသဖြင့် အသံတွေ ကျွန်မဆီ ရောက်လာခဲ့ပါ၏။ ကျွန်မ စိတ်ကူးကတော့ ခင်နှောင်းကို ကိုကြီးကျော် နက် နှစ်ခေါက်လောက် ပို့လိုက်ချင်သေးသော်လည်း တစ်ခေါက်တည်းဖြင့် လက်သတ်လိုက်ရ ပါသည်။ သည့်အတွက် မဟေသီမဂ္ဂဇင်း ပရိသတ်ကို စကားရောက်တုန်း ကျွန်မတောင်းပန်လိုက်ရပါ၏။
ပိုတက်စီယမ် လျော့နည်းသွားသဖြင့် အိပ်ရာပေါ်က မထနိုင်ဘဲ လူတွဲလို့ပင် မကူနိုင် ဖြစ်လာတော့ ကျွန်မ ပိုစိုးရိမ်သွားခဲ့ရသည်။ မိခင်၏ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုပုံစံက ကလေးအတွက်အရေးကြီးမှန်း ကျွန်မ သိထားပါ၏။ ကျွန်မကိုယ်ကျွန်မ လေထဲမှာ လွင့်နေသလို ခံစား နေရသည်။ ကျွန်မလက်တွေကိုပင် ကျွန်မ မမြှောက်နိုင်တော့။ အဆိုးဆုံး ကတော့ ကျွန်မလည်ပင်းကိုပင် ကျွန်မ တောင့်မထားနိုင်။ကျွန်မကိုယ်ကျွန်မ အားမရလွန်းသဖြင့် ရုန်းထဖို့သာ ကြိုးစားနေမိသည့် စိတ်ရှိသော်လည်း ကိုယ် မပါနိုင်ခဲ့။ ဝေဒနာခံစားနေရစဉ်က ပိုတက်စီယမ်လျော့နည်းနေမှန်း မသိပါ။
ကျွန်မအိမ်သားက လေးထပ်တိုက်ပေါ်မှ ဆင်းကာ ကျွန်မတို့ တိုက်တန်းနှင့် နှစ်ပြသာသာလောက်ဝေးသော တယ်လီဖုန်းရှိရာ ဘုန်းကြီး ကျောင်း ပြေးကာ ဆရာ ဒေါက်တာဦးသန်းဝင်းကို ဖုန်းဆက် အကူအညီ တောင်းခံရပါသည်။ မှတ်မှတ်ရရ ထိုနေ့က သင်္ကြန်အခါတော် အကြိုရက် ဖြစ်သည်။ သင်္ကြန်မဏ္ဍပ်ကိစ္စများဖြင့် အလုပ်ရှုပ်နေသော ဆရာ့ခမျာ ဆရာ ဒေါက်တာ ဦးအောင်ကြီး ဇနီးမောင်နှံကိုပါခေါ်ပြီး ကျွန်မတို့တိုက်ခန်းကို ကြွရောက်ကြည့်ရှုပေးကြပါသည်။ ဆရာဒေါက်တာဦးအောင်ကြီး၏ဇနီး မမဂျူး (ဒေါ်ဂျူးလီထွန်း)က သွေးဖောက်ပြီး ယူသွားကြကာ ည ကိုးနာရီမှာ ဖုန်းပြန်ဆက်ဖို့ မှာခဲ့သည်။ ကျေးဇူးရှင်ဆရာဝန်ကြီးများ လာရောက်ကြည့်ရှု ပေးကြသဖြင့် ကျွန်မမှာ ခွန်အားသစ်တွေ တိုးရပါ၏။ ယုံကြည်ကိုးစား စိတ်သည် ဆန်းကြယ်လှပါသည်။ ညကိုးနာရီကိုပဲ စိတ်လှုပ်ရှားစွာ စောင့်နေ ရပေမဲ့ တစ်စုံတစ်ရာ ယုံကြည်မှု ရှိနေခဲ့သည်။ ရင်သွေးကလေးကို စိတ် ညွတ်ကာ ကျွန်မ စကားတွေ ပြောနေမိသည်။
အမေ ကျန်းမာတယ် သိလား ကလေး၊ ဘာမှ အားမငယ်နဲ့၊ မေမေလည်း အားမငယ်ဘူး ရတနာသုံးပါးနဲ့ ကျေးဇူးရှင်ဆရာသမား မိဘ ဂုဏ်ကျေးဇူးကြောင့် အမေရော ကလေးပါ ဘေးမရောက်နိုင်ပါဘူး။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃ သရဏံ ဂစ္ဆာမိ...' " ညကိုးနာရီမှာ ကျွန်မအိမ်သား ဘုန်းကြီးကျောင်းကိုပြေးရပြန်သည်။ ညကိုးနာရီဆိုတော့ ဘုန်းကြီးကျောင်း တယ်လီဖုန်းကလည်း သိမ်းပြီ။ အရေးကြီးနေတော့လည်း ဆရာတော်ကို လျှောက်ထားပြီး ဖုန်းဆက် ရကြောင်း ပြောပါ၏။ ဆရာ ဒေါက်တာဦးအောင်ကြီးက ပိုတက်ဆီယမ်
လျော့နည်းနေကြောင်း၊ တခြား ဘာမျှစိုးရိမ်စရာမရှိကြောင်း၊ ချဉ်သီးအုပ်စုဝင် အသီးအနှံများကို အားချင်းစားရန်လိုကြောင်း ညွှန်ကြားပါသည်။ခုချက်ချင်း တိုက်နိုင်အောင် စီစဉ်ဖို့ပါ ညွှန်ကြားသဖြင့် တိုက်ခန်းအောက်ထပ်က ဆိုက်ကားဆရာကိုခေါ်ကာ အိမ်သားခမျာ မြို့ထဲပြေးရတော့၏။
သင်္ကြန်ရက် ညကိုးနာရီဆယ်နာရီမှာ ချဉ်သီးအုပ်စုဝင် သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ဂရိတ်ဖရု စသည့်အသီးများကို ခဲရာခဲဆစ် ရှာဖွေလာခဲ့ရပါသည်။ အိမ်ရောက်တော့ ချက်ချင်းဖျော်ကာ ကျွန်မ သွားတွေ ကျိန်းနေအောင် တစ်ခွက်ပြီးတစ်ခွက်သောက်ရသည်။ တစ်ချို့တစ်ချို့တိုက်ရှေ့ တာရိုးပေါ် ဖြတ်မောင်းသွားကြသော ရေပက်ခံ သင်္ကြန်မင်းသားတို့၏ ဝေးဝေးဝါးဝါးအော်သံတွေကလွဲလျှင် တူးပို့သံမကြားရသော သင်္ကြန်။ မြို့ထဲ ကျုံးဘေးပတ်လည်မှာတော့ စည်ကားနေပါလိမ့်မည်။ ကျွန်မအိမ်သားကတော့ သင်္ကြန်ရက်တွေမှာ ချဉ်သီးရှာထွက်နေရသည်။
ကျွန်မမှာလည်း တစ်ခွက်ပြီး တစ်ခွက် သူဖျော်ပေးသမျှ သောက်ရပါ၏။ ကျွမ်းကျင်သော ဆေးပညာရှင် တို့၏ကျေးဇူးကြောင့် နှစ်ရက်လောက်အတွင်းမှာ ကျွန်မ ခေါင်းထူလာ နိုင်သည်။ ဇက်ကလေး တောင့်လာခဲ့သည်။ ခြေကလေး စမ်းထောက်နိုင်လာ ခဲ့ပြီး တစ်ပတ်အတွင်းမှာ ကျွန်မ နေကောင်းထိုင်သာ ရှိခဲ့ရပါသည်။ ကျွန်မ ဝမ်းအသာဆုံးကတော့ ကလေးအတွက် စိတ်ချလက်ချရှိခဲ့ရခြင်းပင်။ အာထရာဆောင်းရိုက်ကြည့်ခဲ့စဉ်က သမီးကလေးလို့ သိလိုက်ရ ခြင်းလောက် ကြည်နူးပီတိဖြစ်ခဲ့ရပုံများ စာပင် မဖွဲ့နိုင်ပါ။ အစ်ကို မောင်တွေ
ကြား မိန်းမသားတစ်ယောက်တည်း နေခဲ့ရသော ကျွန်မအဖို့ သမီးကလေး ကိုသာ လိုချင်ခဲ့မိပါ၏။ သမီးကလေးကို နန်းတော်ဆေးခန်းမှာ ဗိုက်ခွဲ မွေးခဲ့ရသည်။ ဆရာဒေါက်တာဦးသန်းဝင်းက မွေးမည့်ရက်နှင့်ကပ်လျက် ရက်တွေထဲက တစ်ရက်ကို စိတ်ကြိုက်မွေးနိုင်ကြောင်းပြောသဖြင့် ကျွန်မတို့ တိုင်ပင်ကြရပြီ။ .
အမေ့ကို ကျွန်မ သတိရလိုက်သည်။ အမေက ကြာသပတေး သမီး ။သမီးကလေးကိုလည်း ကြာသပတေးနေ့မှာပဲမွေးဖွားဖို့ ရွေးချယ် လိုက်ပါ၏။ သမီးကလေးကို နာမည်ပေးဖို့ ရွေးချယ်ခဲ့ကြရတာကလည်း ပျော်စရာ။ ပဖဗဘမ ပ ဝဂ် အက္ခရာတွေကို စဉ်းစားခဲ့ကြသည်။
“ကြာသပတေးသမီးဆိုတော့ နေဦး၊ အညွန့်နဲ့ အဖျားက”
၂၀၀၄ ခုနှစ် ဇူလိုင် ၂၉ ရက်၊ ကြာသပတေးနေ့ မနက် ၆း၄၆ နာရီသမီးကလေးကို နန်းတော် အထူးကုဆေးခန်းမှာမွေးသည်။ သမီး မမွေးခင် နှစ်ရက်လောက်က ထူးဆန်းသောအိပ်မက်ကို ကျွန်မ မက်ခဲ့သည်။ ထိုညက မက်သောအိပ်မက်ကို ကျွန်မ အခုထိ သတိရနေပါသည်။
အိပ်မက်ထဲမှာ ကျွန်မတို့နေသော တိုက်ခန်းဝသို့ ဧည့်သည် ဇနီး မောင်နှံ ရောက်လာခဲ့ကြသည် ။ကျွန်မမိဘများအရွယ် အဘွားအိုက ပိန်ပိန် ပါးပါးကလေးနှင့် ခေါင်းပေါ်မှာ တောင်းကြီးတစ်လုံးရွက်လို့ တောင်းပေါ်မှာ ပိတ်ဖြူစင်စင်တစ်ထည် အုပ်ဆိုင်းထားသည်။ အဘိုးကလည်း ပိန်လွန်း လှသည်။ ဆံပင်ကို နောက်လှန်ပြီးထားသဖြင့် နဖူးကျယ်ကြီးနှင့် ရှည် သွယ်သွယ် မျက်နှာကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ကျွန်မက ထိုင်နေရာက ကုန်းရုန်းထဖို့ကြိုးစားတော့ အဘွားအိုက တားသည်။
“မထနဲ့ မထနဲ့၊ မပေါ့မပါးကြီးနဲ့။ သမီးရယ် တွေ့ချင်လွန်းလို့ ရှာလာခဲ့ကြတာပါ။လာရတာ အဝေးကြီးပါအေ”
အဘိုးအိုက ကျွန်မနှင့် ခပ်လှမ်းလှမ်း ကုလားထိုင်မှာ ဝင်ထိုင် သော်လည်း အမယ်အိုကတော့ ရွက်လာသည့် တောင်းကြီးကိုချကာ ကျွန်မ ဘေးမှာပဲ ထိုင်ချလိုက်သည်။ ထူးဆန်းတာက အဘိုးရော အဘွားပါ အဝတ် ဖြူတွေ ဝတ်ဆင်ထားကြခြင်းဖြစ်၏။ အမယ်အိုက ကျွန်မကို ပြုံးကြည့်ရင်း သူ့တောင်းကလေးပေါ်က ပိတ်စကို လှပ်လိုက်သည်။ မုန့်ဖြူဖြူကလေးတွေက တောင်းနားကွပ်အထိ အပြည့် ။"မုန့်ဆပ်သွားဖူးကလေးတွေ "မုန့်ဆပ်သွားဖူးကလေးတွေကို ကျွန်မ အင်မတန်ကြိုက်ပါသည်။ မြင်လိုက်ရ ကတည်းက စားချင်လှပြီ။
“စား ..သမီး၊ သမီးစားဖို့ လာပို့တာ။ တောင်းလိုက်ထားခဲ့မှာပါအေ”
ကျွန်မက ပိတ်ဖြူကလေး တစ်ဝက်တပျက်လှပ်ထားသော မုန့်ဆပ်သွားဖူး ဖွေးဖွေးကလေးတွေကို တစ်ခုပြီးတစ်ခု နှိုက်စားနေခဲ့မိသည်။ တောင်းတစ်ဝက်ကျိုးသည်အထိ ကျွန်မမှာ အာသာမပြေနိုင်။
“ကိုင်း အမေတို့ ပြန်ရော့မနော်”
“အို အမေတို့က ဘယ်ကိုပြန်ကြမှာတုံး”
“ဝေးလွန်းလှပေါ့အေ”
အဘိုးအိုနှင့် အမယ်အိုက စုတ်ခနဲ မတ်တတ်ထရပ်ကာ ပြန်သွား ကြသည်။ ကျွန်မမှာ မုန့်ဆပ်သွားဖူးတွေ စားရင်းက လိုက်ကြည့်တော့ စင်္ကြာ လမ်းအတိုင်း လျှောက်သွားကြကာ လှေကားအချိုးမှာ ကွယ်သွားကြသည်။
တာလမ်းဆီမှ ကားဟွန်းသံကျယ်ကျယ်ကြောင့် ကျွန်မ လန့်နိုးသွားတော့ ပါးစပ်ထဲမှာ ချိုပျပျအရသာပင် ရနေသလို ခံစားရသည်။ ဆပ်သွားဖူးမုန့် ဖြူဖြူကလေးတွေကလည်း မျက်စိထဲက မထွက်၊ မနက်မိုးလင်းတော့ ကျွန်မ အိမ်သားကို အိပ်မက်အကြောင်း ပြောပြသည်။ ဧည့်သည်နှစ်ဦး၏ပုံပန်းကို ပြောပြသည်။
“အဖေနဲ့ အမေ နေမှာပဲ။ ငါ့အဖေနဲ့ အမေက မင်းပြောတဲ့ပုံစံ အတိုင်းပဲ ဆန်းတော့ဆန်းတယ်နော် မုန့်ဆပ်သွားဖူးကလေးတွေဆိုတော့ ဘာသဘောများပါလိမ့်”
ကျွန်မ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးလိုက်သော ခင်ပွန်းသည်၏ အဖေနှင့် အမေက ကျွန်မအိပ်မက်ထဲ ရောက်လာတာကို အံ့သြလွန်းရပါ၏။ ကျွန်မခင်ပွန်းကလည်း သူ့အိပ်မက်အကြောင်းကို ပြောပြသည်။ သူ့အိပ်မက် ထဲမှာ ညောင်ပင်ကြီးက မိုးတွေလေတွေထဲမှာ တရှဲရှဲအော်မြည်နေကြသည်။ ဗျိုင်းတွေက တစ်ကွင်းလုံးအပြည့် ဖွေးဖွေးလှုပ်လို့တဲ့ မြေပေါ်မှာရော၊ ကောင်းကင်မှာပါ ဗျိုင်းတွေ။ ကြည့်လေရာရာ ဗျိုင်းတွေ။
ကျွန်မအိပ်မက်ထဲက မုန့်ဆပ်သွားဖူးတွေ။ ခင်ပွန်းသည်၏ အိပ်မက်ထဲက ဗျိုင်းတွေ ဖြူဖြူဖွေးဖွေး ကြာသပတေး။
“ဟုတ်ပြီ၊ သမီးကို ဖွေးဖွေးလို့ မှည့်ရမယ်”
ကျွန်မခင်ပွန်းက သမီးကလေးကို နာမည်ပေးလိုက်တော့ သူ့ကို စချင်တာနှင့် ကျွန်မ ပြန်မေးလိုက်သည်။
“တော့်ကို တူနေရင်ကော”
“ငါ့တူတော့လည်း မည်းမည်းပေါ့ကွာ၊ ကြာသပတေးပဲ”
,
မွေးလာတော့လည်း သမီးကလေးက အသားဖြူရှာပါသည် သည်လိုနှင့် ကျွန်မတို့သမီးကလေးကို နာမည်အထူးအဆန်း ရှာဖွေမနေတော့ဘဲ" ဖွေးဖွေး”လို့ပဲ အမည်မှည့်ခေါ်ဖြစ်ခဲ့ကြပါ၏။
( ၃ )
သမီးငယ်ငယ်က စကားပြော နောက်ကျပါသည်။ သမီးနှင့် ရွယ်တူကလေး တွေက ဖေဖေ မေမေ ခေါ်နေကြချိန်မှာ သမီးက စကားလုံးတချို့တလေ လောက်ကို နှစ်လုံးဆင့်ပြောတာလောက် ရှိခဲ့ပါသည်။
“သမီး မုန့်စားမှာလား”
“ချား ချား”
“သမီး ရေသောက်မလား”
“တောက် တောက်”
“သမီးလေး အမေကြီးတို့အိမ် လိုက်မှာလား”
“နိုက် နိုက်”
သည့်ထက်လည်း မပို၊ မိခင်နို့ကို နှစ်နှစ်အထိ တိုက်ကျွေး သင့်ကြောင်း ပညာရှင်များက ညွှန်ကြားသဖြင့် နှစ်နှစ်အထိ တိုက်ရန် ကျွန်မ ဆုံးဖြတ်ထားပါသည်။ မိခင်နို့ကို နှစ်နှစ်အထိ တိုက်ကျွေးခဲ့သော ကလေးက နောင်အခါ ရောဂါခုခံနိုင်စွမ်း မြင့်မားသည်ဟု ဆိုပါသည်။
နှစ်နှစ်ကျော်တော့လည်း သမီးက နို့မပြတ်ပါ။ ကျွန်မ နည်းမျိုးစုံ သုံးကာ ဖြတ်ကြည့်သည်။ မရ။ မုတ်ခါးသုတ်ရတယ် ဆိုသူက ဆို၊ ရှားစောင်း လက်ပပ် သုတ်ရတယ် ပြောသူက ပြော၊ အနာပေါက်တဲ့ ပုံမျိုးနှင့် ပလာစတာ ကပ်ထားရတယ်လို့ အကြံပေးသူက ပေး နည်းပေါင်းများစွာ ကျွန်မ သုံးကြည့်သော်လည်း အဆင်မပြေပါ။ သမီးက သိတတ်သွားသည့်အရွယ် ဆိုတော့ သူကလည်း နည်းမျိုးစုံဖြင့် အာခံလေတော့သည်။ ကျွန်မကပဲ အရှုံး ပေးခဲ့ရပါ၏။ သည်ကြားထဲ ကျွန်မအမေ သူ့အဘွားကို သမီး နို့မပြတ်ကြောင်း ပြောပြတော့ အမေက “ငါ့မြေးစို့ချင်သလောက် တိုက်စမ်းပါအေ။ အောက် ကလေး ရှိတာမှတ်လို့”ဟုဆိုလိုက်တာကို သမီးက မှတ်လာခဲ့ဟန်တူပါသည်။ ညဘက် ကျွန်မကိုကပ်တော့ ကျွန်မက ငေါက်လိုက်ငမ်းလိုက်မိပါ၏။
“စို့မှာပဲ၊ အမေကြီးက ငါ့မြေးလေး နို့တိုက်လိုက်ပါအေလို့ ပြောတာ ညည်း မကြားဘူးလား”
သမီးက ကျွန်မသုံးသလို ညည်းတို့ ကျုပ်တို့ စသည့် အညာသုံး တွေကို သုံးတတ်ပါသည်။ ကျွန်မကို ချက်ကျကျပြန်တွယ်လိုက်တာမို့ ကျွန်မမှာ ရယ်လိုက်ရတာ။ တစ်ရက်တော့ သမီး နို့မပြတ်တာ တရားခံ ပေါ်လေတော့သည်။
“သမီး နို့မပြတ်တာ ငါနဲ့တူမှာ၊ အမေ့နို့ပိန်ကို ငါးနှစ်လောက် အထိ စို့ခဲ့တာ ငါမှတ်မိတယ်။ အဒေါ်တွေက ငေါက်တာလည်း မှတ်မိရဲ့”
ဖအေလုပ်သူကတော့ သမီးကို အလိုလိုပြတ်သွားမှာပါကွာ လောက်ပဲ ပြောပါ၏။ ငယ်ငယ်က စကားမှပြောတတ်ပါ့မလား အောက်မေ့ မိသော သမီးမှာ နှစ်နှစ်ကျော်သည်နှင့် စကားတင်မက သီချင်းတွေ၊ ကဗျာ တွေပါ ရလိုက်ဆိုလိုက်ပုံ။ စကားမပြောတတ်စဉ်က ကျွန်မမှာ ထမင်းအိုး ယောက်မနှင့် လျှာကို မွှေရတယ်ဆိုလို့ မွှေခဲ့ရ ကြက်ဖင်ဆီဘူး ကျွေးရတယ် ဆိုလို့ ကျွေးခဲ့ရ စကားတွေပြောလာတော့လည်း ကရားရေသွန်။ စကားတွေ ပြောလွန်းလို့ တားပင်ယူရသည်။ မေးခွန်းတွေကလည်း များလာ၏။ ဆရာ သိပ္ပံမောင်ဝ၏ မောင်လူမွှေးကိုပင် သတိရမိပါ၏။
သမီးနှင့်ပတ်သက်ပြီး ကျွန်မ အံ့သြရတာတွေလည်း ရှိပါသည်။ စာပေဆုတစ်ဆုယူရန် ကျွန်မ ရန်ကုန်ကိုသွားရစဉ်က သမီး လေးလခွဲပဲ ရှိသေးသည် ကလေးထိန်းဖို့ ကျွန်မယောက်မကိုပါ ခေါ်သွားရ၏။ စည်းကမ်း အရ စာပေဆုနှင်းသဘင်ထဲ ကလေးခေါ်ခွင့်မရှိသဖြင့် သမီးကို ခန်းမအပြင်မှာပဲ
နို့ဘူးတစ်ဘူးနှင့် ကျွန်မယောက်မကို ထိန်းခိုင်းထားရသည်။ ဆရာမကြီးကလျာ(ဝိဇ္ဇာသိပ္ပံ)က "ခင်ခင်ထူး ညည်းအေးအေးနေ၊ ကလေးဆိုရင် ဆရာမ ကားနဲ့ လျှောက်မောင်းနေလိုက်မယ်”ဆိုလို့ ကျေးဇူးတင်ရပါ၏။
သည့်နောက်မှာတော့ သီပေါ၊ ကျောက်မဲ၊ မုံရွာ၊ အမြင့်၊ ပုလဲ ယင်းမာပင်၊ မင်းတိုင်ပင်မြို့ရွာများကအစ ဟုမ္မလင်း၊ ဥရုချောင်းတစ်လွှာရှိ ရွာများနှင့် နယ်ပေါင်းစုံကို သမီးကလေးပိုက်ရင်း ကျွန်မ ဟောပြောပွဲတွေ ထွက်ခဲ့ရသည်။ နတ်မောက်မြို့ကို သွားဟောရစဉ်က ဧပြီလ နွေခေါင်ခေါင် နတ်မောက်ကိုရောက်သွားမည်ဆိုသောစိတ်ဖြင့် မတီမတာ သမီးငယ်နှင့် တောတိုးပြီး စွန့်စားခါမှ လမ်းတွင် ကားပျက်သည်။ သည်အတွေ့အကြုံကို 'ကျားထူးအလွန်"ခရီးသွားဝတ္ထုကလေး ကျွန်မ ရေးဖြစ်ခဲ့ပါ၏။
နတ်မောက်ကိုရောက်တော့ ည တစ်နာရီကျော်ပြီ။ ညကြီး သန်းလွှဲမှာ တစ်မြို့တစ်ရွာတွင် ခင်ပွန်းသည်က အိတ်နှစ်လုံးနှင့် ရှေ့က ကျွန်မက သမီးကလေးကိုပွေ့ကာ နောက်က။
စာပေဟောပြောပွဲတွေက လေယာဉ်နှင့်လည်း သွားရသည်။ ကားမျိုးစုံလည်း စီးခဲ့ရသည်။ မီးရထားလည်း ပါပါ၏။ လှေနှင့် လှည်းနှင့် လည်း ဖြတ်ကူးခဲ့ကြရပါ၏။ အဆင်ပြေပြေသွားရတာရှိသလို ပိုးလို ပက်လက် လိုက်ရတာလည်း ရှိသည်။ ညကြီးသန်းခေါင် သမီးကိုပိုက်ရင်း တစ်မြို့တစ်မြို့ ကူးခဲ့ရသလို မနက်ေစာစောကြီး မနိုးချင်သေးသော သမီးကို လှုတ်နှိုးကာ ကောက်ေပွ့ခဲ့ရတာတွေလည်း ရှိသည်။ ကျွန်မ လောဘကြီးခြင်း မဟုတ်ပါ။ ကျွန်မအဖို့ စာပေပရိသတ်က ဖိတ်ကြားသည့်ပွဲတွေကို မငြင်း ချင်တာ ပါသလို မြို့တွေ ရွာတွေကို ရောက်ချင်တာလည်း ပါပါ၏။ ကျွန်မ လိုက်နိုင်လျှင် အလွန်ဆုံး လေးငါးနှစ်ပေါ့ ။ သမီး ကျောင်းနေပြီဆိုလျှင် ကျွန်မ လိုက်နိုင်ဖို့ မလွယ်တော့တာကို တွေးမိသဖြင့် လိုက်နေခြင်း ဖြစ်ပါသည်။
သမီးကလေးကိုယ်တိုင်ကလည်း ဟောပြောပွဲ ထွက်ရတာကို ပျော်ပါသည်။ သမီးက ကျွန်မဗိုက်ထဲမှာကတည်းက ဟောပြောပွဲစင်မြင့်ပေါ် ခုနစ်ကြိမ်တက်ခဲ့သူကလေး မဟုတ်လား။ ဟောပြောပွဲ အမှတ်တရ အတွေ့ အကြံတွေကလည်း မမေ့နိုင်စရာ၊ ဆရာချစ်ဦးညိုနှင့် ကျွန်မတို့ဇနီးမောင်နှံကို စလင်းမြို့က ဟောပြောပွဲဖိတ်သည်။ ထုံးစံအတိုင်း သမီး မအိပ်ချင်ခင်ကျွန်မက ပထမဆုံး စင်ပေါ်တက်။ ကျွန်မခင်ပွန်းက ကလေးထိန်း ကျွန်မ စဟောလို့ အရှိန်ကလေးရနေခိုက် ငြိမ်သက်နေသော ပရိသတ်ကြားက ကလေးသံစူးစူး ထွက်လာသည်။
“မေမေ နို့ နို့ မေမေ နို့ နို့ ”
ပရိသတ်က သမီးကိုကြည့်ပြီး ရယ်ကြတော့ ခင်ပွန်းသည်က သမီးကို ပွေ့ကာ ခန်းမအပြင်ဘက် ထွက်သွားတာ ကျွန်မ ရိပ်ခနဲ မြင်လိုက် ရပါ၏။ အပြင်ရောက်လို့ မအေကို မမြင်ရတော့မှ ပိုဆိုးတာပဲဟု ခင်ပွန်းက ပြန်ပြောပြသည်။ ကျွန်မအသံထွက်ပေါ်နေသော အသံချဲ့စက်ကြီးကို လက်ညှိုး ထိုးကာ မေမေ့ဆီသွားမယ်လို့ တခ်ချိန်လုံး အော်ငိုနေခဲ့သည် ဆိုပါ၏။
ကျွန်မတို့နှင့်အတူ စာပေခရီးထွက်ကြရသော အစ်ကိုဆရာတွေက သမီးကို ဝိုင်းထိန်းပေးခဲ့ကြတာလည်း အမှတ်တရဖြစ်ရပါသည် ။ဟုမ္မလင်း မြို့နှင့် ဥရုချောင်းတစ်လျှောက် ရွှေတောခရီးစဉ်မှာ ဆရာ စိုးဘားဒိုင်က သမီးကို ကူချိီရပေးခဲ့သည်။ ကြာတော့လည်း သမီးကိုယ်ခန္ဓာအလေးချိန်ကို သူ မထိန်းနိုင်တော့။ လက်ပြောင်းရပြန်သည်။ အပူမရှာချင်ခါမှ လူပျိုကြီး ခမျာ ကလေးတပွေ့ပွေ့နှင့် ရှိခဲ့ရရှာပါ၏။
နမ့်တောက ဇာတ်ရုံကြီးထဲမှာဟောကြတော့ ကျွန်မဟောပြောနေတုန်း ဆရာတွေက သမီးကို မျက်ခြည်မပြတ် ကြည့်နေရတာလည်း သတိတရဖြစ်ရပါသည်။ ဧည့်ခံထားသော လိမ္မော်သီး အမြွှာတွေကို တစ်စိတ်ပြီးတစ်စိတ် စားရင်းက ရေနွေးပူတွေ လောင်းကာ ဖျော်ချလိုက်သည်။ ကွာစိပန်းကန်ထဲက ကွာစိတွေကို ဆုပ်ကာ ကြဲပစ်သည်။
ချိုချဉ်တွေကို ရေနွေးပန်းကန်လုံးကလေးတွေထဲထည့်ကာ ထိုင်နေကြသော ဆရာတွေကို လိုက်ပေးသည်။ ရေနွေးကုန်တော့ ဓာတ်ဘူးထဲငှဲ့ထည့် ပေးဖို့ တောင်းဆိုသည်။ ဆရာတွေခမျာ ရေနွေးတစ်ပန်းကန်ပြီး တစ်ပန်း အေးအောင်မှုတ်ပေးနေရသည်။သမီး သည်လိုသောင်းကျန်းတာကို သူ ကလည်း မဟန့်ရဲ ငိုလိုက်မှာစိုး၍ဖြစ်သည်။ ကစားရတာ အီလာတော့ သမီးက ဂျီတွေကျတော့သည်။ ကျွန်မမှာ ဟောရင်းက မြင်နေရ ဟောရတာ စိတ်မဖြောင့်။ ဖအေလုပ်သူက ပွေ့ခေါ်ကာ ရုံပြင် ထွက် တော့သည် ။
ကျွန်မတို့နှင့် ဟောပြောပွဲခရီး အထွက်များသူကတော့ ဆရာ ညိုထွန်းလူဖြစ်ပါ၏။ သမီးကလည်း ဆရာညိုကိုခင်မင်နေပါပြီ။ မှတ်မှတ် ရရ တပ်ကုန်း၊ တဲမြင့်ဟောပြောပွဲခရီးမှာတုန်းက နေပူလေပူမိသဖြင့် ကျွန် ကိုယ်တွေ ပူကာ ဖျားနေခဲ့သည်။ ညဘက် တပ်ကုန်းမှာဟောပြီး မနက် တဲမြင့်ရွာ ကူးခဲ့ကြသည်။ တဲမြင့်ရွာဦးဆရာတော် ကျောင်းဝင်းကြီးထဲမှာ ပရိသတ်က အပြည့် ကျွန်မလည်း နေမကောင်းသည့်ကြားက ကြိုးစားဟောပြောခဲ့ပါ၏။ ဟောပြီးတော့ ကျွန်မတို့အတွက် နေရာချထားပေးသော တရားရိပ်သာကလေးထဲမှာပဲ လဲလျောင်း အနားယူရသည်။ ကျွန်မပြီးတော့ ဆရာညို၊ ဆရာညိုပြီးတော့ ဆရာနေ။ ဆရာနေ ဟောပြောနေစဉ်မှာ ကျွန်မ ခဏတအောင့် အိပ်ပျော်သွားခဲ့သည်။ ဖျတ်ခနဲ နိုးလာလို့ ကြည့်လိုက်တော့ သမီးက ဆရာညိုနှင့် ရိပ်သာရှေ့မှာ ဆော့နေကြတာ တွေ့ရသည်။ သမီးကို ဖန်ခုန်ပြနေသော ဆရာညိုကိုကြည့်ကာ ကျွန်မမှာ ရယ်လည်း ရယ်ချင် အားလည်း နာမိရပါ၏။
အခုတော့ သမီးက အိမ်မှာ ဟောပြောပွဲလုပ်တမ်း ကစားတတ်နေပြီ ။ပဝါကလေး ပခုံးချကာ “ဆရာမ ခင်ခင်ထူး လက်ဆောင် လာယူပါရှင် "လုပ်တတ်နေပြီ။ ကျွန်မက သူပေးသော တစ်ခုခုကို လှမ်းယူသည့်အခါ လက်ဆွဲနှုတ်ဆက်ရင်း “ကျေးဇူးတင်ပါတယ်ရှင်” ဟု ဆိုတတ်၏။ ပြီးလျှင် “ဆရာကြီးဦးနေဝင်းမြင့် ကြွပါရှင်”တဲ့။
တစ်ခါတော့ လေးနှစ်အရွယ် သမီးငယ်ကို ကျွန်မ မေးကြည့် ဖူးသည်။
“သမီးကြီးရင် ဘာလုပ်မှာလဲ။ ဒက်ဒီအောင်တို့လို ဆရာဝန်ကြီး လုပ်မှာလား၊ မေမေတို့လို စာရေးဆရာမ လုပ်မှာလား”
“သမီးက မင်းသမီးလုပ်မှာ”
ရုပ်ရှင်မင်းသမီးကို ဆိုလိုခြင်းမဟုတ်ပါ။ ကြည်နူးပွင့်တို့၊ အိရွှေစင် တို့လို အကမင်းသမီးကလေးလုပ်ချင်ကြောင်း ပြောခြင်းဖြစ်သည်။ ဘယ်အချိန်မေးမေး မင်းသမီးလို့ချည်း ဖြေတော့လည်း ဟုတ်ရှာလေ မလား တွေးရပြန်ပါ၏။ ကြည်နူးပွင့်အငြိမ့်လို ကလေးမင်းသမီးကလေးတွေ ကသော စီဒီပြားတွေ ဝယ်ပေးရတာလည်း မနည်းတော့ပါ။ ကျွန်မတို့ နှစ်ယောက်စလုံး ဘယ်ဘက်ကမှ သဘင်အကမျိုးရိုးမရှိပါဘဲလျက် ဘယ်က ပါလာသည့် ဝါသနာလည်း မပြောတတ်ပါ။ က တာကဖြင့် အဟုတ် မျက်ခုံးမျက်စ၊ ကြာဗျာပါ လက်ထားခြေထားများပင် ပါနေလို့ အံ့လည်း အံ့သြရပါ၏။
. ကျွန်မ နှုတ်တိုက်ချပေးသော ကလေးကဗျာတွေလည်း သမီးက ရသည်။ ကျွန်မတို့ ကာရာအိုကေဆိုဖြစ်သည့်အခါ ကြားရဖန်များသော သီချင်းတွေကိုလည်း ရသည်။ သမီးကိုယ်တိုင်လည်း မိုက်ကရိုဖုန်းကိုင်ကာ ရသလောက် ဆိုနေတတ်သည်။ ဒါကတော့ သူ့အဖေကို တူတာပဲဖြစ်မည်။ ရုပ်ရှင်ကားတွေ ကြည့်တော့လည်း တူရာတူရာ ဆွဲတွေးတတ်သည်။ မုတ်ဆိတ်ကြီးတွေပါသည့် သရုပ်ဆောင်ဆိုလျှင် ဘဘငြိမ်းကြီး (ဆရာ ကိုငြိမ်း မန္တလေး)လို့ ပြောသည်။ ကာရာအိုကေစီဒီထဲက စောင်းပိုက် ထားသည့် သရုပ်ဆောင်ကို ဘဘချစ်ကြီး (ဆရာချစ်ဦးညို) တဲ့၊ လူဝဝကြီး မျက်မှန်မည်းကြီး တပ်ကတွေ့တော့ ဘဘသိုက်ကြီး (ဆရာသိုက်ထွန်းသက်)တဲ့။ပိန်ပိန်ပါး ခါးကုန်းကုန်း တရုတ်အဘိုးကြီးတွေကိုတော့ ဘဘဌေးကြီး( ဆရာသင့်နော် ) လို့ ဆိုပြန်သည်။ ကျွန်မတို့၏ စာပေနမာင်နှမ စာပေမိတ်ဆွေတို့သည် သမီးကလေး၏ မိတ်ဆွေများ ဖြစ်နေပြီ။
အရွယ်အလိုက် အသံတွေသွင်းထားသဖြင့် စိတ်အားလက်အားရှိသည့်အခါ ပြန်ဖွင့်ပြလျင် သဘောကျတတ်၏။မပီကလာပီကလာ ရွတ်ပြခဲ့သော သူ့ကဗျာရွတ်သံကို သူပြန်သဘောကျနေတတ်သည်။
“အက်စိုက် အသန် ရေကန်ကြီးက ကြာတစ်စီးလောက် ချိုးခဲ့ကွယ် ”
“ကောက်စိုက်ပြန်ပါ သမီးရဲ့ "
တိတ်ထဲကထွက်လာသည့်အသံကို သဘောကျလွန်းလို့လေ။ "အက်စိုက်အသန်တဲ့ သမီးငယ်ငယ်က ရယ်ရတယ်" ဆိုတာပင် ပါသေးသည်။ တခါတရံတော့လည်း ဧည့်သည်စောင်သည် လာလို့ ကဗျာရွတ်ပြလိုက်ပါဦး သမီးရဲ့၊ ကပြလိုက်ပါဦး သမီးရဲ့ ဆိုလျှင်တည်တည်ကြီး လုတ်ချင် လုတ်နေ တတ်သည်။ ကျန်မတို့က မခိုင်းဘဲ ကျုံးအော်နေတာမျိုး၊ ကတာမျိုး လုပ်ချင်လည်း လုပ်နေပြန်ပါ၏။တခါတရံ ထူးဆန်းသော စကားလုံးတွေ သမီးနှုတ်က ထွက်ကျလာတတ်သည်။ တခါတော့ကောင်းကင်မှာ တိမ်တွေ အမျှင်တန်းကာ အပြားလိုက်ကြီးဖြစ်ေနတာကို မြင်လာသဖြင့် အိမ်ထဲ ပြေးဝင်လာသည်။
“ပါပါရေ လာကြည့်စမ်း၊ မိုးပေါ်မှာ နတ်သမီးလေးက တံမြက် စည်း လှည်းထားတာတော် ”
ကျွန်မတို့ ထွက်ကြည့်တော့ ကောင်းကင်မှာ တိမ်တွေ ဘရပ်ရှ်ဖြင့် `ဆွဲထားသလို အပြားလိုက် စုတ်ချက်တန်းကြီးဖြစ်နေတာ တွေ့ရသည်။
လျှပ်စီးတွေ -လက်ပြန်တော့ “မိုးပေါ်မှာ မိုးရွာမယ့် မီးတွေ တောက်နေပြီ” တဲ့ မိုးခြိမ်းသံကြားတော့ “မိုးပေါ်မှာ ဘာတွေလွတ်ကျ တာလဲ မသိဘူး၊ ပန်းကန်တွေ ကွဲကုန်ပြီထင်တယ်ဟေ့”လို့ ဆိုပြန်ပါ၏။
တစ်ခါတော့ ပူလွန်း အိုက်လွန်းသဖြင့် ကျွန်မက ညည်းမိသည်။
“ပူလိုက်တာတော်၊ မိုးကလည်း မရွာဘူး”
“မိုးက ဘယ်ရွာမှာလဲ မေမေရဲ့၊ အခုမှ သိကြားမင်းကြီးက ရေတွေ စုနေတုန်းရှိသေးတာ”
ကျွန်မ ဈေးကအပြန် ဈေးခြင်းတောင်းချပြီး ငါးကြင်းတစ်ကောင် အကြေးထိုးနေတာကိုကြည့်ရင်း “မေမေ အဲဒါ ငါးပလတ်ခတ်တွေလား”တဲ့ ငါးအကြေးခွံတွေကို သမီး ပြောနေခြင်းဖြစ်ပါ၏။ ညတုန်းက သူ့ကို တခ်ခုခု ကတိပေးထားမိလျှင် မနက်လင်းတော့ အတင်းပူဆာတတ်သည်။
“မေမေ၊ ည မနက်ဖြန်တုန်းက သမီးကို ယိုယိုဝယ်ကျွေးမယ်ဆို”
( ဇာတ်သိမ်းဆက်ရန် )⬇️⬇️⬇️
#Typing_crd_ZawOo
No comments:
Post a Comment