#ကောင်းလိုက်တဲ့အောင်သွယ်
#နီကိုရဲ
ဒီနှစ် ကျောင်းပိတ်တော့ မနှစ်က မပြန်ဖြစ်သော ရွာကိုပြန်ဖို့ကိစ္စကို ထွန်းကျော် အသေအချာ စဉ်းစားနေမိသည်။ထွန်းကျော် စဉ်းစားရတာက ဇာတိချက်ကြွေ မွေးရပ်မြေသည် ရန်ကုန်မြို့မှဆိုလျှင် အလွန်ဝေးသည့်အပြင် ခေါင်လည်းခေါင်လှသော
ရွာကလေးဖြစ်သည်။
သူ့မွေးရပ်မြေ “ပင်လှဒေါ” ရွာကလေးမှာ စစ်ကိုင်း
တိုင်း အစွန်အဖျားမှာ ဖြစ်သည်။ ရန်ကုန်မှ မန္တလေး၊ မန္တ လေးမှ ကျွန်းလှ၊ကျွန်းလှမှ ချပ်သင်း၊ ချပ်သင်းမှ သူ့ရွာ “ပင်လှ” သို့ ရောက်ရန် လှည်းစီးပြီးနောက်ဆုံး လမ်းမှာ လှည်းလမ်းပင် မပေါက်သောကြောင့် လမ်းလျှောက်ယူရလေသည်။ ထို့ကြောင့် ကျွန်းလှမှနေ၍ ချပ်သင်းရောက်
လျှင် လမ်းအတူလျှောက်ဖော်ရအောင် တစ်ရက်၊ နှစ်ရက် စောင့်ရတတ်သည်။
ဒီလို နေရပ်ဝေးသည့်အတွက် အိမ်ကမိဘများက ကျောင်းပိတ်ရက်ကို မပြန်ဖို့ တားတတ်ကြသည်။ ပညာတော်သည့်လူသည် နယ်မရွေးဆိုတာ ထွန်းကျော်အတွက် ထားတာပဲဖြစ်ရမည်။ ဒီလောက် ခေါင်လှသည့်ရွာက “ဒီ” သုံးလုံးပါပြီး ရန်ကုန်စက်မှုတက္ကသိုလ် (RIT) မှာ ကျောင်းတက်ရတာ ချပ်သင်း၊ ကျွန်းလှအထိ ထွန်းကျော်တစ်ယောက်တည်းသာ
ရှိသည်။ ထို့ကြောင့် ထွန်းကျော်တို့အိမ်ကလည်း ထွန်းကျော်ကို ရန်ကုန်မှာ အချိန်ကြာကြာ နေစေချင်ကြသည်။ (အင်္ဂလန်မှာ ကြာကြာနေရင်
စာပိုတတ်တယ် ထင်ကြသလိုမျိုး ဖြစ်သည်။)
ဒီအတွက် ထွန်းကျော် ရွာကိုပြန်မလာတာကို ပိုသဘောကျကြသည်။
မနှစ်က ထွန်းကျော်တို့ အိမ်ကိုမပြန်ဘဲ Computer သင်တန်း တက်သည်။ အိမ်က ကျေနပ်လို့မဆုံး။ ဒီအကြောင်းကို တစ်ရွာလုံးက သိရအောင် ထွန်းကျော်အဖေက ရွာဦးကျောင်းဆရာတော်ကို လျှောက်တော့ ဆရာတော်ကလည်း ဂုဏ်ယူလို့မဆုံး၊ ပြောလို့မဆုံးပေါ့။
“ရွာမှာကတည်းက အားရင် စာအုပ်နဲ့မျက်နှာ မခွာတဲ့ကောင်”
ဟု ဆရာတော်ဘုရားက ဝမ်းသာကျေနပ်ညည်းကလေး ညည်းရင်းနဲ့ ပြောတတ်တာခံရတဲ့ ထွန်းကျော်ဖြစ်သည်။ ထွန်းကျော်ကတော့ သူ့ကိုယ်သူ သိပ်အထင်ကြီးတတ်သူ မဟုတ်ပါ။ “ရွာက ခေါင်လွန်းတော့ ဘာမှလုပ်စရာမရှိလို့ အားရင် စာပဲဖြစ်နေရတာပေါ့” ဟု သူငယ်ချင်းတွေကို မျက်နှာ
ရိုးရိုးကြီးနှင့် ရှင်းပြတတ်လေ့ရှိသည်။
ဒီနှစ်တော့ ထွန်းကျော်ကို ရွာကိုပြန်လာဖို့ အိမ်က စာရေးသည်။ရေးတာမှ သုံးစောင်။ပြီးတော့
တစ်ေယာက်တည်းသောရည်းစား မမြဝင်းကလည်း ရွာကို ပြန်လာဖို့ ရေးတာ ငါးစောင် ရှိနေသည်။ ရည်းစားဆိုတော့ လွမ်းလို့ပူဆာတယ်ဆိုရင်လည်း တစ်မျိုးစီ။ပူဆာဖို့ကောင်းသည်ဟု ထွန်းကျော်ထင်သည်။ အခုတော့ မမြဝင်း ပူဆာ
ပုံက တစ်စောင်နှင့်တစ်စောင် ရေးထားသော စာသားတွေက ငါးစောင်စလုံး တူနေသည်။
မမြဝင်းက ထွန်းကျော်ကို တစ်ခါတည်း တအားလွမ်းပြီး တအားသတိရလို့ စာငါးစောင် တစ်ပြိုင်တည်း ရေးပြီးတော့မှ ရက်ခြားပြီးပို့တာ
ဟု အဆောင်နေသူငယ်ချင်းတွေက အထူးအဆန်းမို့ နောက်ကြသည်။ထွန်းကျော်နာမည်ကိုလည်း Nick Name အဖြစ် ငါးစောင်ဟု ခေါ်ကြသည်။ ထွန်းကျော်အဖေ စာကတော့ အပြင် အကြောင်းတရားတွေကွဲသည်။ ရွာကိုပြန်လာဖို့ မှာတာတော့ စာလုံးအသုံးအနှုန်းက အတူတူပင်ဖြစ်၏။
“ငါတို့စိတ်ထင်တော့ မင်းကောင်မလေးနဲ့ကိစ္စ သိကုန်ကြပြီနဲ့ တူတယ်ကွ၊ ဒါကြောင့် နှစ်ဖက်စလုံး အတင်းမှာနေကြတာ နေမှာပေါ့”
“မဟုတ်သေးဘူးကွ၊ မမြဝင်းနဲ့ ကြိုက်တာကို အဖေနဲ့အမေ သိတာပဲ၊ မမြဝင်း အဖေနဲ့ အမေကလည်း သိနေတာပဲ”
“တရားဝင်မပြောရသေးဘူး မဟုတ်လား”
“ဒီလိုပဲ ပြောနေကြတာပဲ”
“မင်းမသိတဲ့ ပြဿနာတစ်ခုခု တက်နေတာနေမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ မင်းပြန်သင့်တာ အမှန်ပဲ၊ ငါတို့ကတော့ စားရတော့မယ်
ထင်တာပဲဟေ့”
သူငယ်ချင်းတွေ ထင်သလို မဟုတ်ဘူးဆိုတာကိုတော့ ထွန်းကျော်က ကောင်းကောင်းသိတယ်။ ကိုယ့်ရွာက ကိုယ့်လူတွေ အကြောင်းပဲ။မသိဘဲနေပါ့မလား။ နှစ်ဖက်စလုံးက ဒီလိုပြဿနာမျိုး မရှိဘူးဆိုတာ သေချာသည်မို့ တွေးမရဖြစ်ပြီး ပဟေဠိလေးနဲ့ ထွန်းကျော် အိမ်ကိုပြန်လာခဲ့သည်။
အိမ်ကိုရောက်တော့လည်း သာမန်ပျော်ကြ ဝမ်းသာကြတာမျိုးပဲ ဖြစ်နေသည်။ အဖေနဲ့ အမေကလည်း ဘာမျှမထူးခြား။ နောက်တစ်နေ့ညနေမှာ ထွန်းကျော်က -
“အဖေ .. ကျွန်တော် မမြဝင်းတို့အိမ်ဘက် လက်ဆောင်လေးတွေ သွားပေးလိုက်ဦးမယ်”
“အေး..သွားလေကွာ၊ မနေ့ကတည်းက သွားဖို့ကောင်းတာပေါ့"
ဟု အဖေဆိုတော့ ထွန်းကျော် အေးအေးဆေးဆေးပင် မမြဝင်းထံသို့ ထွက်လာခဲ့သည်။ မမြဝင်းနှင့် တွေ့ရင်တော့ မေးမည်ဟု စိတ်ကူးထားလိုက်၏။
သူချစ်ရသော မြထံသို့ရောက်တော့ မြက ရွာတောင်ဘက် ကြာကန်လေးဆီ သွားရအောင်ဆိုသဖြင့် ထွက်ခဲ့ရသည်။ သူ သုံးနှစ်ခန့်ခွဲခဲ့ရသော ရွာသည် ဒီလမ်း၊ ဒီအိမ်၊ ဒီတံတား၊ ဒီသစ်ပင်နှင့်ပင် ဖြစ်သည်။ ဘာမျှပြောင်းလဲခြင်းမရှိ၊ ပြောင်းလဲလာတာတစ်ခုက သူ့ချစ်သူ မမြဝင်းလေးနှင့် သူ ရွာလယ်လမ်းမှာ ဒီလိုတွဲလျှောက်ခွင့် ရခြင်းသာဖြစ်သည်။ အရင်
တုန်းက သူ ဒီအခွင့်အရေးကို မရခဲ့။ ရန်ကုန်မြို့မှာ ကျောင်းတက်နေသည့် အင်ဂျင်နီယာကျောင်းသားဆိုသော ဂုဏ်ပုဒ်ကြောင့် အခုလို အခွင့်အရေး ရခဲ့သည်ဆိုလျင် မမှားဟု သူသိသည်။ပညာ၏ တန်ဖိုးသည် တန်ခိုးကြီးသည်ဟု ဆိုရမလို ဖြစ်နေသည်။
“မြလေးက ကိုယ့်ကို ဘာကိစ္စနဲ့ တွေ့ချင်ရတာလဲဟင်၊ ပြီးတော့ မြလေးရေးတဲ့ စာတွေကလည်း တစ်စောင်နဲ့တစ်စောင် အတူတူတွေချည်းပဲ”
“ကိုပုကျော် မြို့တက်တုန်းက စာတိုက်ကနေ ထည့်ပို့ပေးလိုက်ရတာလေ၊ တစ်စောင် နှစ်စောင်နဲ့ မရောက်မှာ မပို့မှာစိုးတာနဲ့ တစ်ခါတည်း လေးငါးစောင် ရေးပေးလိုက်တာ”
ထွန်းကျော် သက်ပြင်းကိုသာ ချရသည်။ သူ့ရည်းစား မြလေးကို ဘာမျှပြောမနေတော့။ သူတို့ရွာမှာ စာတိုက်မရှိတာရော သူတို့ရွာကလူတွေ
စာရေးလေ့ရေးထ မရှိတာရော သူသိပြီးသားမို့ ဖြစ်သည်။စာထည့်တာကိုပင် တစ်ပုံစံတည်း လေးငါးစောင်ရေးပို့မှ စာတိုက်က အားနာပြီး ပို့ပေးမှာဟု သူ့ချစ်သူ မြလေးက ထင်နေလိုက်သေး၏။
ဒါပေမဲ့ ထွန်းကျော် မြလေးကို အချစ်မပျက်နိုင်ပါ။
“ကိုယ်ပြောတာက ဘာကိစ္စနဲ့ ဒီလောက်အရေးတကြီး တွေ့ချင်တာလဲလို့ပါ မြလေးရဲ့”
“အင်း ... အဖေပေါ့၊ အဖေက တွေ့ချင်တာလေ၊ ဒီနှစ် ကျောင်းပိတ်ရင် ကိုထွန်းကို ဆက်ဆက်ပြန်လာခဲ့ဖို့ စာရေးချည်ဆိုလို့”
မြလေး၏ အဖေ ဦးဒင်္ဂါးက တွေ့ချင်တာဆိုရင်တော့ သူတို့ကိစ္စပဲ ဖြစ်ရမည်။ ဒါပေမဲ့ မြလေးရဲ့ မျက်နှာမှာလည်း ရှက်နေပြုနေတာက မရှိဆိုတော့ ထွန်းကျော် ပြောရတာခက်နေသည်။
“အင်း ... မြလေးကလည်း ခက်တာပဲ၊ ကဲ ... ကိုယ် ပြောင်ပဲမေးတော့မယ်၊ ဦးက တွေ့ချင်တာဆိုရင် ကိုယ်နဲ့မြလေး ကိစ္စလား”
“အောင်မယ် ... အောင်မယ်... မဟုတ်ပါဘူးနော်၊ မဟုတ်ပါဘူး၊ဘယ့်နှယ် ကြံကြီးစည်ရာတော်၊ ဒီအဖေနဲ့ ဒီသမီးရှိတာ၊ ကျုပ်က ပြောရဲပါ့မလားတော့၊ မဟုတ်ရပေါင်တော်”
“မြလေးကလည်း ... မြလေးက မပြောလည်း တစ်ရွာလုံးက သိနေတာပဲ၊ တခြားလူတွေက ပြောချင် ပြောမှာပေါ့”
မြလေးပုံစံက မရှက်သည့်အပြင် ဒေါသပင် ထွက်နေလိုက်သေး၏။
“ဘေးလူကပြောလည်း သားအဖချင်း ဒီလောက်အရှက်နည်းပြီး ကိုထွန်းကို ခေါ်ခိုင်းရအောင် ဒီကကောင်မက ဘာဖြစ်နေလို့လဲ၊ ယောက်ျား
တစ်ယောက်ရဖို့ စာတစ်တန် ပေတစ်တန်ရေးပြီး ခေါ်ရမှာဆို မြဝင်းတို့က မယူတော့ဘူး၊ သိလား”
ရွာပြန်လာရသည့်အကြောင်းကို မေးမိရာက ချစ်သူ၏ဒေါသကြောင့် ထွန်းကျော် မပျော်ရဘဲ စိတ်ကောက်တာချော့ပြီး ပြန်ခဲ့ရသည်။ လမ်းတစ်
လမ်းလုံး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေခဲ့ရသည်။ အိမ်ရောက်တော့မှ အဖေ့ကို မေးတော့မည်ဟု ဆုံးဖြတ်လိုက်၏။
အိမ်ကိုရောက်ပြန်တော့ အဖေ့ကို မတွေ့ရ။ အရှေ့ကျောင်းကို သွားသည်ဟု ဆိုသည်။ ဒါနှင့် ထွန်းကျော်လည်း ရွာထဲက သူငယ်ချင်းဟောင်းတွေနှင့် သွားတွေ့သည်။ သူငယ်ချင်းတွေ တော်တော်များများက အိမ်ထောင်ရက်သား ကျကုန်ကြသဖြင့် သူနှင့်သိပ်မတွေ့။ လယ်ထဲကိုင်းထဲ ဆင်းသူကဆင်း၊ ရွာပြောင်းသူကပြောင်း ဖြစ်ကုန်ကြသည်။
ညနေပြန်ရောက်သည်အထိ သူ့အဖေကို မတွေ့ရ။ သူ့အဖေလာရင်တော့ မြလေးအဖေ ဦးဒင်္ဂါးက ဘာကြောင့် သူ့ကို ခေါ်သည်ဆိုတာကို သိရမှာ ကျိန်းသေသည်။သူ့အဖေကလည်း သူ့ကို ဒီနှစ် ဆက်ဆက်ပြန်
လာဖို့ စာရေးထားတာ မဟုတ်လား။
ည မိုးချုပ်ကာနီးတော့မှ သူ့အဖေနှင့် ဦးဒင်္ဂါးကိုယ်တိုင် ရွာကလူကြီး သုံးလေးယောက်နှင့်အတူ ပြန်လာကြတာ တွေ့ရလေသည်။
“အတော်ပဲ လူလေးရေ၊ ကဲ ... ကျုပ်ပြောတဲ့ ကျုပ်သားဆိုတာ အဲဒီကောင်ပဲဗျ”
အဖေနှင့်အတူပါလာသော လူသုံးယောက်က ထွန်းကျော်ကို ကြည့်သည်။ ထွန်းကျော် ထိုလူသုံးယောက်ကို မမြင်ဘူးချေ။
“ဒါ ကန်ပက်လက်ရွာက ရွာလူကြီးတွေကွ၊ မောင်ထွန်းကျော်ရေ မနက်ဖြန်မနက် (၁၀) နာရီမှာ ရွာဦးကျောင်းမယ် တို့ရွာက ရွာလူကြီးတွေနဲ့ ကန်ပက်လက်ရွာက ရွာလူကြီးတွေစုပြီး အစည်းဝေးလုပ်ကြမလို့၊အဲဒါ မင်းကို လာဖိတ်တာကွာ”
မြလေးအဖေ ဦးဒင်္ဂါးစကားကြောင့် ထွန်းကျော် ကြောင်သွားသည်။ကန်ပက်လက်ရွာက လူကြီးတွေကလည်း သူ့ကို ထူးထူးဆန်းဆန်း လူကို
စူးစူးစိုက်စိုက်ကြည့်ပြီး တရိုတသေ ပြုံးပြရင်း ခေါင်းကိုညိတ်ကြသည်။
“အာ ... ကျွန်တော်နဲ့ ဘာဆိုင်လို့လဲခင်ဗျ၊ ကျွန်တော်က လူကြီးမှ မဟုတ်တာ၊ အဖေ့ကို ဖိတ်တယ်မဟုတ်လား၊ အဖေ့ကိုဖိတ်ရင် တော်ရောပေါ့ဗျာ”
“ဟာ ... မင်းနဲ့ဆိုင်တာပေါ့ကွ၊ ဆရာတော်ဘုရား ကိုယ်တိုင်က မင်းကို စောင့်နေတာ၊ မင်းလာမှ အားလုံးအဆင်ပြေမှာမို့ မင်းဆီကိုတောင်
မိမြကို ငါစာရေးခိုင်းရတာ၊ မနက်ဖြန်အစည်းအဝေးမှာ မင်းကအဓိကပဲ”
ထွန်းကျော် ဘာမျှနားမလည်တော့ဘဲ ဖခင်ဖြစ်သူကိုသာ ကြည့်ရတော့သည်။ ဒီလိုရပ်ကွက်ကိစ္စတွေ ဘာတွေကို သူတစ်ခါမျှ ဝင်လုပ်ခဲ့ဖူးတာ ဘာညာမရှိပါ။ အခု ဘယ်လိုဖြစ်တယ်ဆိုတာကို သူ လုံးဝစဉ်းစား
လို့ မရပါ။
“ဒီလိုကွ သားရ၊ ကျောင်းထိုင်ဆရာတော်ဘုရားက ငါတို့ရွာနှစ်ရွာအတွက် ဓမ္မာရုံဆောက်လုပ်မလို့တဲ့၊ လှူတဲ့ အလှူရှင်ကလည်း ရှိပြီ ဆိုပါတော့ကွာ၊ အဲဒါ မင်းက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဆို
တော့ ကျောင်းပုံစံ ဆွဲခိုင်းမလို့တဲ့၊ ရွာမှာက ပညာတတ်ဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာမဟုတ်လား”
ဖခင်စကား ကြားတော့မှ ထွန်းကျော်မျက်လုံးပြူး၍သွား၏။ မှားကုန်ပြီ ဆိုတာကိုလည်း သိလိုက်ရသည်။
“ဟာ...ပြဿနာပဲ အဖေရာ၊ ကျွန်တော်က စက်မှုတက္ကသိုလ် ကျောင်းသားပေမယ့် ကျွန်တော် ယူထားတဲ့ဘာသာက “ချည်မျှင်” အဖေရ၊
ရက်ကန်းတွေ၊ စောင်စက်တွေနဲ့ပဲ ဆိုင်တာ၊ အဆောက်အအုံဆောက်တာတို့၊ ပုံစံထုတ်တာတို့က ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး၊ သင်လည်း မသင်ရဘူး အဖေ"
ထွန်းကျော် စကားကိုကြားတော့ ဦးဒင်္ဂါးက ခေါင်းကိုယမ်းသည်။
“ထွန်းကျော်ရာ ...ငါတို့က ကိုယ့်ရွာသားမို့ ကိုယ် ဂုဏ်ယူပြီးပြောတာ မဟုတ်ပါဘူး၊ မင်း ဒါတွေတတ်တယ်ဆိုတာ ငါတို့ အကုန်သိပါတယ်ကွာ၊ ကဲ...ကတိုးဆည်ကြီးဆောက်တော့ ဘယ်သူတွေဆောက်သလဲ။အင်ဂျင်နီယာတွေပဲ မဟုတ်လားဘူး၊ မင်းတတ်ရဲ့သားနဲ့ ပညာတော့ မလျှိုပါနဲ့ကွ”
“မဟုတ်ဘူး ဦးလေး၊ စက်မှုကျောင်းသားဆိုပေမယ့် သင်ရတဲ့ ဘာသာတွေက ခွဲထားတာမို့ပါ ဦးလေးဒင်္ဂါးရယ်၊ လမ်းတံတားက သပ်သပ်၊ လျှပ်စစ်ကသပ်သပ်၊ အဆောက်အအုံ ဆောက်တာက ...”
" မောင်ထွန်းကျော်ရေ အဲ့ဒီကိစ္စတွေ ငါ့ကို လာရှင်းပြမနေနဲ့ကွာ ၊ငါတို့ကတော့ မင်းကို အာမခံခဲ့ပြီ၊ ဒီတော့ မနက်ဖြန် မင်း ဆရာတော်နဲ့သာ
ရှင်းပေတော့၊ ငါတို့လူကြီးတွေကတော့ မင်းကို တလေးတစား ဖိတ်ကြတာပါပဲ”
ဦးဒင်္ဂါးတို့ ပြန်သွားကြတော့ ထွန်းကျော်က ဖခင်ဖြစ်သူကို ဓမ္မာရုံပုံစံအကြောင်း သူဘာမျှမသိကြောင်းကို ရှင်းပြသော်လည်း သူရှင်းပြနေတာတွေကို သူ့ဖခင် ဦးပုကျော်က တစ်လုံးမျှမသိ၊ သူ့ဖခင်သိတာက သူသည် စက်မှုကျောင်းသား၊ စာတော်သည်၊ ဓမ္မာရုံပုံစံလောက်တော့ သူ့သားက အပျော့ပင်ဖြစ်သည်။
ဘယ်လိုမျှ ရှင်းပြလို့မရ။ ထွန်းကျော် စိတ်ညစ်နေတုန်း မမြဝင်း ရောက်ချလာသည်။ မမြဝင်း မျက်နှာပေါ်မှာက စိတ်ဆိုးနေသည့်ပုံလည်းပေါ်သည်။ အရေးကြီးနေဟန်လည်း ရှိသည်။
“ကဲ ... ကိုထွန်းက ဖေဖေ့ကို ဘယ်လိုလုပ်လွှတ်လိုက်တာတုံး”
“ကိုထွန်းက ဘာလုပ်လို့လဲ မြလေးရဲ့၊ အဲဒီကိစ္စကို အခုပဲ ဒီမှာ အဖေနဲ့ ပြောနေတာ”
“ဒီမှာ ကိုထွန်းရဲ့၊ ကိုထွန်း မသိတာတွေကို မြလေးက ပြောပြရဦးမယ်တော့၊ အဖေက ကိုထွန်းကို ကွယ်ရာမှာ ဘယ်လောက်အထင်ကြီး
ထားတယ် မှတ်သလဲ၊ ဟိုလူနဲ့တွေ့ရင် ကိုထွန်းအကြောင်း ပြောရ၊ ဒီလူနဲ့တွေ့ရင် ပြောရနဲ့ သူ့သား အေးတင်အကြောင်းတောင် ဒီလောက်ပြော
တာ မဟုတ်ဘူး၊ အခုဓမ္မာရုံကိစ္စကို ကန်ပက်လက်က လူကြီးတွေနဲ့ အိမ်မှာပြောကြတိုင်း ကိုထွန်းအကြောင်းက မပါရင် မပြီးပါတော်၊ အခု
ကိုထွန်းက ဟိုဘက်က ရွာလူကြီးတွေရှေ့မှာ ဒီလိုအရှက်ခွဲချလိုက်တော့ အဖေ့မျက်နှာ ဘယ်လောက်ပျက်ခဲ့ရသလဲ”
“အဲဒါကိုပဲ ကိုထွန်းက ပြောနေတာလေ မြရဲ့၊ ကိုထွန်း ကျောင်းမှာသင်ရတာက ရက်ကန်းခတ်တဲ့စက်၊ ချည်မျှင်ကနေ အဝတ်ဖြစ်အောင်
ရက်တဲ့စက်တွေအကြောင်းပဲ သင်ရတာ၊ ဒီဓမ္မာရုံကိစ္စက ...”
မမြဝင်းက ထွန်းကျော် ပျာပျာသလဲ ရှင်းပြနေတာကို နားမလည်။ခါးကိုထောက်၍ ခေါင်းကိုသာ ယမ်းနေသည်။
“ကိုထွန်းတို့အိမ်က ပြန်လာပြီးကတည်းက အဖေက မျက်စိမျက်နှာပျက်နဲ့ ထိုင်နေလိုက်တာ၊ ထမင်းကျွေးတော့လည်း မစားဘူး၊ တော်တော်
စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ၊ အဲဒါ မေးတော့မှပြောတာ ကိုထွန်းရယ်၊ကိုထွန်းက ရွာကိုမျက်စိလည်လာတဲ့ အင်္ဂလိပ်ကြီးတွေနဲ့တောင် စကား
ပြောနိုင်တာပဲ၊ သူတို့ဆွဲခိုင်းတာကို ဆွဲပေးလိုက်စမ်းပါ၊ တတ်ရဲ့ သားနဲ့ မကတ်စမ်းပါနဲ့၊ ဆွဲပေးလိုက်ပါ ကိုထွန်းရယ်နော်”
မမြဝင်း စကားဆုံးတော့ ထွန်းကျော် ဖင်ကုတ်ခေါင်းကုတ် ဘာစကားကို ဆက်ပြောရမှန်းမသိ ဖြစ်နေသည်။ ကျောင်းသို့ ပထမနှစ်သွားတက်ပြီး နွေကျောင်းပိတ်ရက်ကလေး ပြန်လာစဉ်က သူတို့ရွာဘက်ကို ငှက်ကြည့်သည့် တိုးရစ်အဖွဲ့ မျက်စိလည်ပြီး ရောက်လာခဲ့ဖူးသည်။တစ်ရွာလုံးက ဝိုင်းအုံနေသဖြင့် ထွန်းကျော် ရောက်သွားတော့မှ
လမ်းမှားနေမှန်းသိပြီး စကားနည်းနည်းပြောကာ ရွာမှာ ခဏနားကြသည်။ဒီတော့ ထွန်းကျော်က မြန်မာပီပီ လိုအပ်တာလေးတွေ ကူညီရင်း လမ်းညွှန်ပေးခဲ့ဖူး၏။ တိုးရစ်တွေက သူတို့လုပ်နေကျအတိုင်း ငှက်တွေကိုတင်မဟုတ်၊ ရွာကလူတွေကိုပါ ကြည့်သွား၊ ဓာတ်ပုံရိုက်သွား လုပ်သွားကြသဖြင့် ထွန်းကျော် တော်တော်နာမည်ကြီးသွားခဲ့ရဖူးသည်။
အဲ့သည်ကတည်းက သူတို့ တစ်ခါမျှ မမြင်ဖူးသော အင်္ဂလိပ်ကြီးတွေနှင့် ရယ်ရယ်မောမော စကားပြောနိုင်သော ထွန်းကျော်မှာ အကုန်သိ အကုန်တတ်သူတစ်ဦး ဖြစ်သွား၏။ ထွန်းကျော်သည် သူတို့ “ပင်လှဒေါ”ရွာအတွက်တော့ “ဂျိန်းစဘွန်း” ဖြစ်၍သွား၏။ အခုတော့ ဂျိန်းစဘွန်း ဒုက္ခရောက်ပြီဖြစ်သည်။
“ဒုက္ခပါပဲ မြလေးရာ၊ ကိုထွန်းတော့ ဘယ်ကစပြီး ဘယ်လိုရှင်းရမှန်းကို မသိတော့ဘူး”
“ဘယ်လိုမှမရှင်းနဲ့တော့ ကိုထွန်း၊ အဖေက ကိုထွန်းကို နောက်ဆုံးစကား ပြောလိုက်ပြီ၊ ကိုထွန်း ရွာဦးကျောင်း ဓမ္မာရုံဒီဇိုင်းကို ဆွဲပေးရင် ကျုပ်နဲ့ အပ်ကျမတ်ကျပဲတဲ့၊ မဟုတ်ရင်တော့ ပြီးပြီတဲ့၊ ကျုပ်ကလည်း အဖေ့သမီး အဖေ့စကားအတိုင်းပဲ၊ ကိုင်း ... ကျုပ် အဲဒါလာပြောတာ၊ရှက်ရှက်နဲ့ပဲတော့၊ ညဉ့်နက်နေပြီ၊ ကျုပ် ပြန်တော့မယ်”
“မြလေး... မြလေး... နေဦးလေ၊ ကိုထွန်း ရှင်းပြမယ်”
ဆင်းသွားသော မမြဝင်းကို လိုက်ဖမ်းနေသော ထွန်းကျော်ကို ဖခင်ဖြစ်သူက အတင်းဆွဲသွား၏။
“လိုက်မနေနဲ့တော့လေ၊ သား မင်းကောင်မလေး ပြောတာက ရှင်းနေပြီပဲ၊ မနက်ဖြန် ဆွဲပေးလိုက်ပေါ့ကွ၊ ဘာအရေးလဲ”
* * * * *
ထွန်းကျော်က စကားကို ရပ်ထားလိုက်သဖြင့် Finalကျောင်းသား တွေအားလုံး စိတ်ဝင်စားမှုက အထွတ်အထိပ်သို့ ရောက်သွား၏။
ဒီနှစ် ကျောင်းအပိတ် အိမ်အပြန်တွင် အိမ်ထောင်ကျလာသော ထွန်းကျော်ကို ဝိုင်းမေးကြရာမှ ထွန်းကျော်က သူ့ရွာပြန် ဇာတ်ကြောင်းကို ရှင်းပြနေခြင်း ဖြစ်သည်။
“ဒါဆို မင်း အိမ်ထောင်ကျလာတယ်ဆိုတော့ ပုံစံထုတ်ပေးလိုက်တယ်ပေါ့”
“ထုတ်ပေးလိုက်တာပေါ့ကွ”
“ဟာ ... မင်းတို့ရွာက ဓမ္မာရုံကတော့ သွားပါပြီကွာ၊ ရက်ကန်းစင် ပုံစံကလေးလား”
“ဘယ်ဟုတ်မလဲကွ၊ ငါက စက်မှုကျောင်းသားဆိုပေမယ့် ယူထားတဲ့ဘာသာက ချည်မျှင်ဖြစ်ကြောင်း၊ ဓမ္မာရုံနဲ့ ဘာမှမဆိုင်ကြောင်း၊ လက်သမားသာခေါ်ပြီး ကြည့်လုပ်ပါပြောတာ ဆရာတော်ဘုရားက လုံးဝလက်မခံဘူးကွ၊ ဟိုဘက်ရွာက လူတွေလာရင် ဒါတွေမပြောဘဲနဲ့ ပုံစံသာဆွဲပေးပါလို့ ပြောတာကိုးကွ”
“အဲဒီတော့ မင်းက... "
“လူစုံတော့ သူတို့က ပြောစရာ ဆိုစရာတွေပြီးတာနဲ့ ငါ့ကို ပုံစံဆွဲခိုင်းတော့ ငါလည်း ချက်ချင်းပဲ ပုံတစ်ပုံ ဆွဲပေးလိုက်တယ်၊ ငါ့ပုံလည်းကြည့်ပြီးရော၊ သူတို့ တော်တော်လန့်သွားကြတယ်ကွ”
“ဒါတော့ မဖြစ်နိုင်ဘူးကွာ၊ ပိုက်ဆံအများကြီး ကုန်လိမ့်မယ်လို့ပြောတယ်၊ ငါကလည်း အဲဒါ ငါတတ်ထားတဲ့အထဲက အနိမ့်ဆုံးပုံကို ဆွဲပေးတာပဲလို့ ပြောလိုက်တော့ ငါ့ကို ဘာမှမပြောဘဲ ပြန်လွှတ်လိုက်
ကြတယ်"
“မင်းက ဘာပုံဆွဲပေးလိုက်လို့လဲ”
“ရန်ကုန်ဘူတာကြီးပုံလေ”
“ကောင်းတယ်ကွာ”
“အဲဒါ နောက်တစ်ပုံ ထပ်ဆွဲခိုင်းတာတို့၊ နောက် တစ်ခုခုဆောက်ရင် ဆွဲခိုင်းမှာတို့ ကြောက်တာနဲ့ ငါလည်း မြလေးကို တစ်ခါတည်း လက်ထပ်ခဲ့တာကွ”
“ကောင်းလိုက်တဲ့ အောင်သွယ်ကြီးပါပဲကွာ”
-------------
နီကိုရဲ
#Typing_crd_ZawOo
No comments:
Post a Comment