#မိုးခေါ်တဲ့ပွဲ
#ဂျူး
အခုလို မိုးစက်စိပ်စိပ်ပြင်းပြင်းရွာချနေသည့် အချိန်မျိုးမှာ ကောင်းကင်ဆီက အဆက်မပြတ်ကျလာနေသော မိုးစက်မိုးပေါက်များကိုကြည့်ရင်း အကြောင်းအရာတစ်ခုခုကို ပြောရစတမ်းဆိုလျှင် ကျွန်မသည် ယောက်ျားနှစ်ယောက်အကြောင်း ပြောပြဖြစ်မလား မသိပါ။
လူတိုင်းလူတိုင်းမှာ မိုးပုံပြင်တွေရိုနိုင်၏။ ကျွန်မ၏မိုးပုံပြင်က အရိုးစင်းဆုံး ဖြစ်နိုင်ပါသည်။
ကျွန်မ၏မှန်တံခါးနှင့် မှန်နံရံများကို စူးစူးရှရှဖျန်းပက်နေသည့် မိုးစက်မိုးပေါက်များသည် ကျွန်မဆီမှာတော့ သိပ်မလိုအပ်သည့် အရာများသာ ဖြစ်သည်ဟု ကျွန်မခံစားရသည်။ ခပ်လှမ်းလှမ်းက ပိတောက်ပင်တွေ ကုက္ကိုပင်တွေ စိမ်းစိုလှပနေပြီး အဲဒါ မိုး၏ နေ့စဉ်ဖျန်းပက် ဆေးကြောမှုကြောင့်ပဲ။ ဒါလောက်ဆို ကျွန်မဘေးမှာ လုံလောက်ပြီ။
သည်မှာ ရွာသမျှမိုးတွေကို မိုးမရွာသည့်နေရာများသို့ ရွှေ့ပြောင်းသယ်ယူလို့ရင် ဘယ်လောက်ကောင်းမလဲ။ ၁၂နှစ်အရွယ်တုန်းက အတွေးမျိုးကို အခုထိ ကျွန်မပြန်တွေးနေမိဆဲဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ကျွန်မ၏ ဇာတိမြေက မိုးရွာသွန်းမှုနည်းသောကြောင့်ဖြစ်သည်။ အဲသည်မှာ အိမ်ခေါင်မိုးတွေလည်း မိုးကို လိုသည်။ သစ်ပင်ကြီးတွေလည်း
မိုးကို လိုသည်။ မြို့ရွာအတွက် ရေပေးသည့်ကန်တွေ ချောင်းတွေမှာလည်း မိုးကိုလိုသည်။ သီးနှံစိုက်ခင်းတွေလည်း မိုးကိုလိုမှာ သေချာ
ပါသည်။ ကျွန်မတို့ ဇာတိမြေနယ်တစ်ဝိုက်ကို မိုးခေါင်ရေရှားဒေသဟုပင် တစ်ခါတုန်းက ခေါ်ခဲ့ရဖူးသည်။
ရေများရာမိုးရွာဟူသည့် စကားပုံ၏ အတွင်းအဓိပ္ပာယ်ကို မသိမီအရွယ်ကတည်းက အပြင်အဓိပ္ပာယ်ဖြင့် ထိုစကားလုံးကို ကျွန်မရင်းနှီး
ခဲ့ရသည်။ ကျွန်မတို့မြို့ကိုတော့ ရေနည်းပါလျက် မိုးရွာမပေးဘူးဟု ကျွန်မခံစားဖူးသောကြောင့် ဖြစ်ပါသည်။
မိုးမရွာသဖြင့် ရေရှားသည်ကို ပြောင်းလဲပစ်လို့ရသလား။ မိုးရွာလာအောင် လုပ်လို့ရသလား ငယ်စဉ်ကသိချင်ခဲ့၏။ ကျွန်မတို့ဆီမှာRain Maker ဟူသော စကားလုံးနှင့် ညီမျှသည့်စကားလုံးမှာ “မိုးခေါ်သူ” ပဲဖြစ်မည်ထင်သည်။ မိုးမရွာသည့်နေရာမှာ မိုးရွာလာအောင် မိုးခေါ်ပေးနိုင်သူ တကယ်ရှိသလား။ ထိုအတွေးသည် ကျွန်မအား စိတ်လှုပ်ရှားစေခဲ့ပါသည်။
* * * * *
တစ်ခုသော မိုးဦးရာသီတစ်ညနေခင်းတွင် ထိုယောက်ျားနှစ်ယောက်ကို စတင်သတိထားမိလာခဲ့၏။ ထိုနေ့သည် ကျွန်မတို့ရပ်ကွက်က လွန်ဆွဲပွဲကျင်းပသောနေ့ ဖြစ်ပါသည်။
ရာသီဥတုသည် မိုးရွာရတော့မည့်ရာသီဖြစ်သည်ဟု လူကြီးတွေက ပြောကြသည်။ သို့သော် ကျွန်မတို့မြို့မှာတော့ မိုးတစ်စက်တစ်ပေါက်မျှ ကျမလာသေးပါ။ တခြားသော အောက်ပြည်အောက်ရွာတွေ
မှ ပြန်လာသူများက ဟိုမှာ သဲကြီးမဲကြီးမိုးရွာချနေသဖြင့် ဘယ်လိုဘယ်ညာဟု ပြောပြကြသည့်အခါ ကျွန်မတို့ အားကျကြသည်။ ငါတို့ဆီလည်း မိုးရွာစေချင်လှပြီဟု မျှော်လင့်တမ်းတကြသည်။
တစ်ခါတစ်ခါ ကောင်းကင်မှာ မိုးတိမ်အနည်းငယ်ကို မှိုင်းမှိုင်းမှုန်မှုန် မြင်ရလျှင် သည်ကနေ့များ မိုးရွာမလားဟု မျှော်ကြ၏။ သို့သော် ထိုမိုးရိပ်မိုးငွေ့ သည် ပြင်းထန်သောလေထဲတွင် လွင့်ပါးပျောက်ကွယ်
သွားတော့သည်။ နေ့လယ်နေ့ခင်းဆိုလျှင် တိုက်ခတ်သမျှလေသည် လေပူသက်သက်သာဖြစ်၏။ လေတိုက်သဖြင့် လှောင်ပိတ်၊ အိုက်ပြုတ်မှု သက်သာသော်လည်း အသားအရေတွေ ခြောက်သွေ့တင်းမာကုန်သည်။
ကျွန်မ မေမေက ကျွန်မတို့တစ်တွေကို လေအပူမှာ လေအေးရအောင် သူ့နည်းသူ့ဟန်ဖြင့် ပြုပြင်ပေးခဲ့သည်။ ချည်စောင်ခပ်ပါးပါး သုံးလေးထည်ကို ရေဆွတ်ကာ ညှစ်ပြီး ကျွန်မတို့အိမ်ပြတင်းပေါက်
တွေမှာ ကာပေးခဲ့ခြင်းဖြစ်ပါသည်။ ရေဆွတ်ထားသော ချည်စကိုဖြတ်လျက် တိုက်ခိုက်လာသော လေသည် ကျွန်မတို့အနီးသို့ရောက်တော့ အေးမြသွားသည်။ ကျွန်မတို့ နေ့လယ်နေ့ခင်းသက်သက်သာသာ
နေနိုင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ခြောက်သွေ့ပူပြင်းနေသော အရာရာအတွက် မိုး ရွာကိုရွာသင့်နေပြီး မိုးရွာသင့်ပါလျက် မရွာသည့်အခါ မြို့ လူကြီးတွေ ဘာတွေကြိုးစားသလဲမသိ။ ကျွန်မတို့ ရပ်ကွက်ကတော့ လွန်ဆွဲပွဲ ကျင်းပခဲ့သည်။
ကျွန်မဘဝတွင် လွန်ဆွဲပွဲကို သုံးလေးခါလောက် ကြည့်ခဲ့ရဖူးသော်လည်း ထိုနှစ်က လွန်ဆွဲပွဲသည် အကြီးကျယ်ဆုံး၊ အစည်ကားဆုံးနှင့် ကျွန်မသတိအရဆုံး ဖြစ်ခဲ့ပါသည်။
ကျွန်မတို့အိမ်ရှေ့နားမှာ ပြုလုပ်သော လွန်ဆွဲပွဲကို ကျွန်မသေသေချာချာမြင်တွေ့ခွင့်ရခဲ့၏။
ကြိုးကြီး၏ တစ်ဖက်စီတွင် လွန်ဆွဲသူဆယ့်ငါးယောက်စီတော့ ရှိမည်ထင်သည်။ တစ်ဖက်စီတွင် မိန်းမတွေရော ယောက်ျားတွေပါ ပါသည်။ ကျွန်မမိဘတွေက လွန်ဆွဲသူတွေကို ဆီးဖျော်ရည်တိုက်သည်။လွန်ဆွဲပွဲသည် အိုးစည်ဗုံမောင်းတွေနှင့် တီးမှုတ်ကခုန်သူတွေနှင့် အလွန်မြိုင်ဆိုင်နေခဲ့၏။ အုန်းသီးငှက်ပျောသီးကန်တော့ပွဲတွေလည်း ပါသည်။ကျွန်မတို့ညီအစ်မသုံးယောက်သည် ဘာမှန်းမသိပျော်ရွှင်နေကာ ကျွန်မအစ်ကိုပါဝင်သောဘက်မှ လက်ခုပ်လက်ဝါးတီး၍ အားပေးခဲ့ပါသည်။
ဘက်နှစ်ဖက်ကို ဘယ်လိုခွဲခြားသတ်မှတ်ပြီး ယှဉ်ပြိုင်ခဲ့သလဲ ကျွန်မမမှတ်မိပါ။ အစ်ကိုပါဝင်သောဘက်မှာ ကျွန်မတို့ရဲ့ လမ်းတစ်ခု
တည်းက လူတွေချည်းမဟုတ်တာတော့ ကျွန်မသိသည်။ တခြားလမ်းက လူတွေလည်း ပါဝင်နေသည်။ လူအားလုံးလိုလိုကို ကျွန်မမြင်ဖူး .
တွေ့ဖူးနေသည်။ လွန်ဆွဲပွဲတစ်ဝိုက်တွင် ကျွန်မ မမြင်ဖူးသူဟူ၍ တစ်ယောက်တည်းသာဖြစ်၏။ ထိုအစ်ကိုကြီးသည် ကျွန်မတို့အိမ်ရှေ့မှာ
လာရပ်ပြီးကြည့်ကာ ကျွန်မအစ်ကိုကို အားပေးနေသူဖြစ်သည်။ ထို့ကြောင့် အစ်ကိုသူငယ်ချင်းပဲ ဖြစ်ရမည်ဟု ကျွန်မမှတ်ချက်ချလိုက်ပါသည်။
ရယ်မောသံများ၊ အော်ဟစ်သံများ၊ အားပေးသံများဖြင့် ဆူညံနေသောလွန်ပွဲသည် ချက်ချင်းပဲ ပွဲခင်းဈေးလေးတစ်ခုလိုဖြစ်လာ၏။ပူဖောင်းသည်များ၊ မြေပဲဆားလှော်သည်များ၊ အကြော်သည်များ၊
ရေခဲချောင်းသည်များပါ ရောက်လာကြသည်။ ကျွန်မတို့ ကြည့်နေသူတွေပင် ချွေးပြန်လောက်အောင် ပူအိုက်သော ညနေခင်းဖြစ်သဖြင့် .
လွန်ဆွဲသူတွေ ဘယ်လောက်များပူအိုက်လေမလဲမသိ။သူတို့အားလုံး ချွေးတွေစိုရွှဲနေတာတော့ မြင်ရပါသည်။
. ခဏနားချိန်တွင် အစ်ကိုက ကျွန်မတို့အနီးသို့ ပြန်လာကာ ဆီးဖျော်ရည်တောင်းသောက်သည်။
'ငါ့နေရာမှာ မင်းဝင်ပေးမလား မိုးဇော်”
ကျွန်မတို့နားမှာရပ်နေသောသူကို အစ်ကိုက မေးသည်။ ထိုသူက အစ်ကိုနှင့်ရွယ်တူဖြစ်သည်။ သူခေါင်းခါကာ ရယ်မော၏။
“မဝင်နိုင်ပါဘူး ကိုယ့်ကိုယ်ကိုယ်အပင်ပန်းခံလို့”
“ခွေးကောင်"
အစ်ကိုက တကယ်ဆဲတာ ဟုတ်ပုံမရ။ ရယ်ရင်းဆဲတာ ဖြစ်သည်။ ခဏကြာတော့ အစ်ကို့သူငယ်ချင်း ကိုအောင်ကျော် ချွေးတွေသံတွေနှင့်ရောက်လာပြီး ဖျော်ရည်တောင်းသည်။ ကိုအောင်ကျော် ကံဆိုးချင်တော့ ဆီးဖျော်ရည်က သူ့အလှည့်ကျမှ ကုန်သွားလေသည်။
“ဒါဖြင့်လည်း ငါ့ကို ရေခဲတိုက်ဟာ”
“ဟိုဘက်အိမ်ရှေ့မှာ သံပုရာရည်တွေ မြင်နေရတယ်။ သွားတောင်းပေးရမလား”
ကျွန်မညီမတစ်ယောက်က သွက်သွက်ဝင်မေးသည်။ ကိုအောင်ကျော်က ကျွန်မတို့အိမ်ကရေပဲ သောက်ချင်သတဲ့။ ထို့ကြောင့် ကျွန်မကပဲ ဖန်ခွက်နှင့် ရေသွားခပ်ပေးလိုက်ရပါသည်။ ကိုအောင်ကျော်ကို ကိုမိုးဇော်က ရှားမီးချိုချဉ်တစ်လုံးပေးလိုက်တာမြင်ရသည်။ လှမ်းယူလိုက်သောလက်တွင် ကြိုးဒဏ်ဖြင့် ပွန်းပဲ့နေသည်ကို သတိထားမိ
သည်။
“ရော့ အဲဒီချိုချဉ်ကို ရေနဲ့သောက်လိုက် ဖျော်ရည်ဖြစ်သွားမယ်”
အစ်ကိုနှင့် ကိုအောင်ကျော်နောက်တစ်ချီလွန်ပွဲစဖို့ ထွက်ခွာသွားချိန်မှာ ကိုမိုးဇော်က ကျွန်မတို့အနားမှာ ရပ်နေဆဲ။ ပူအိုက်လို့လားမသိ။ သူ့ခါးကြားမှာ ထိုးထားသော ခပ်ပါးပါးဗလာစာအုပ်တစ်အုပ်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်နေသည်။ကျွန်မမှာ လွန်ပွဲကိုကြည့်ရင်း တစ်ချက်တစ်ချက်မိုးကောင်းကင်
ဆီ မော့မော့ကြည့်ရတာအမော ခဏနေရင် မိုးတိမ်များရောက်လာပြီး ဖြိုးဖြိုးဖြောက်ဖြောက် မိုးရွာချလိုက်လေမလား၊ တောင်ကလာတဲ့
မိုးတိမ်တွေက ရွာတတ်သလား၊ မြောက်ကလာတဲ့မိုးတိမ်တွေက ရွာတတ်သလား ကျွန်မမသိ။ လွန်ဆွဲတာဟာ မိုးရွာအောင်လို့ ဖြစ်သဖြင့်မိုးခေါ်တဲ့ပွဲ
ဆွဲရင်းနှင့်သာ မိုးရွာချလိုက်လျှင် လွန်ဆွဲသူတွေ ဘယ်လောက်များ ပျော်ရွှင်ခုန်ပေါက်လေမလဲဟုတော့ တွေးမိသည်။
“အစ်မဘယ်တော့ မိုးရွာမှာတဲ့လဲ”
ကျွန်မညီမအငယ်လေးက ကျွန်မကို မေးသည်။
“မသိဘူးလေး ညကျရွာမလားမသိဘူး"
ကျွန်မဖြေရင်း ရယ်သံသဲ့သဲ့ကြားသဖြင့် လှည့်ကြည့်မိတော့ ကိုမိုးဇော်က ကျွန်မတို့သုံးယောက်အား သဘောကျသလို ကြည့်ပြီး ရယ်နေတာကို မြင်လိုက်ရပါသည်။ ကျွန်မတို့ဘာများ စကားမှား
သွားလို့ပါလိမ့်။ ကျွန်မ ဇဝေဇဝါဖြစ်သွားသည်။
“ချာတိတ် ဘယ်နှတန်းရောက်ပြီလဲ”
ထိုအစ်ကိုကြီးက အပြုံးမပျက်မေး၏။
“ခုနှစ်တန်းအောင်ပြီ"
ကျွန်မ ဖြေလိုက်သည်။
“ဟာဒါဆို သိပ္ပံဘာသာကို တော်တော်သိနေပြီပဲ”
ကျွန်မကတော့ သိပ္ပံဘာသာကို သိလှပြီဟု ကိုယ့်ကိုယ်ကိုမထင်ပါ။ ထိုကြောင့် ဘာမှမပြောဘဲ နေမိ၏။
“မိုး ဘာကြောင့် ရွာတယ်ဆိုတာသိလား”
“သိပါတယ်”
သည်လောက်တော့ ကျွန်မသိပါသည်။
“ဘာကြောင့် ရွာလဲ"
“ပူတဲ့လေတွေက ပွပြီး အပေါ်တက်သွားတော့ အပေါ်မှာ အေးတဲ့နေရာလည်းရောက်ရော ရေဖြစ်ပြီး မိုးရွာချတာပေါ့''
ပြီးတဲ့နောက် ကျွန်မအဖြေကို သူကျေနပ်ရဲ့ လားဟု
အကဲခတ်ကြည့်မိသည်။ သူ ကျေနပ်ပုံရပါသည်။ ,
“အေးတဲ့နေရာရောက်တော့ ဘာဖြစ်လို့ ရေဖြစ်သွားသလဲ”
“အဲဒါလား..."
ကျွန်မ ဘယ်လိုဖြေရမှန်းမသိပါ။
“ကဲ ပူတဲ့လေကရော အပေါ်ကို ဘာဖြစ်လို့ တက်သွားသလဲ"
“ပွဲလို့ပေါ့”
ကျွန်မ နည်းနည်းတော့ စိတ်တိုသွားခဲ့ပြီ။
“ပွရုံနဲ့ တက်ရောလား”
“တက်မှာပေါ့။ ပွရင်ပေါ့လေ"
သူအသံထွက်ပြီးရယ်ကာ ကျွန်မခေါင်းကို သူ့လက်ထဲမှစာအုပ်ဖြင့် မနာအောင် ခပ်ဖွဖွရိုက်ပါသည်။
“သိန်းနိုင်ရဲ့ ညီမကလည်း ဒေါချည်းပဲ”
ထို့နောက် ကိုမိုးဇော်က အော်သံဟစ်သံဆိုင်းသံဗုံသံတွေ ကြားထဲမှာပင် ကျွန်မအား မိုးရွာခြင်းအကြောင်းကို စိတ်ရှည်ရှည်ရှင်းပြ ပေးခဲ့သည်။
“နွေးတဲ့လေက ပွတယ်။ အေးတဲ့လေက ကျစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေးတဲ့လေမှာ မော်လီကျူးလို့ခေါ်တဲ့ သေးသေးမှုန်မှုန်လေးတွေက ဘေးကိုပြန့်ပြီး ကျဲကုန်လို့။ ဒါကြောင့် ထုထည်တူတဲ့
ထည့်စရာဘူးတစ်ခုစီမှာ အေးတဲ့လေနဲ့ နွေးတဲ့လေတစ်မျိုးကို ထည့်ရင် နွေးတဲ့လေပါတဲ့ ဘူးမှာ မော်လီကျူးအမှုန်တွေ နည်းနည်းပဲ ပါပြီး
တော့ အေးတဲ့လေဘူးထဲမှာ အမှုန်တွေများများပါမယ်။ ဒါကြောင့် အေးတဲ့လေက ပိုလေးတယ်။ နွေးတဲ့လေကို အေးတဲ့လေက တွန်းပင့်လိုက်လို့ နွေးတဲ့လေက အပေါ်ရောက်သွားတာ ဒါကြောင့် ပူရင်ပွ၊
ပွရင်ပေါ့၊ ပေါ့ရင်တက်တယ်ဆိုတဲ့ အစဉ်ဖြစ်လာတာ”
“သိပါတယ်"
“ဒါဖြင့် မိုးရေဘယ်လိုဖြစ်လဲ"
“အေးတဲ့နေရာ မြင့်မြင့်ကြီးကိုရောက်လို့ လေကနေ ရေဖြစ်သွားတာ"
“ဘယ်လိုနည်းနဲ့ ရေဖြစ်သွားလဲ”
ကျွန်မသိတော့ သိတယ်။သို့သော် တိတိကျကျ ရှင်းရှင်းလင်းလင်းတော့မသိ သူကပြောပြသည်။
“လေထဲမှာ ရေငွေ့ တွေပါတယ်။ အဲဒီရေက အေးတဲ့နေရာရောက်တော့ ကျစ်သွားတယ်။ မော်လီကျူးတွေစုသွားတာလေ။ ကျစ်သွားတဲ့အခါ ရေငွေ့ ကနေ ရေမှုန်လေးတွေဖြစ်သွားတယ်။ရေမှုန်လေး
တွေ တစ်ခုနဲ့တစ်ခု စုကပ်ပြီး ပိုကြီးတဲ့ရေမှုန်ဖြစ်၊ အဲဒီကနေ ထပ်စုထပ်ကြီး၊ ကြီးလာတော့ လေးလာတယ်။ အဲဒီမှာ အပေါ်ကနေ အောက်ကျလာတာပဲ။ကျရင်းကနေ ငယ်တဲ့ ရေမှုန်လေးတွေကို တိုက်
မိပေါင်းမိပြီး ကြီးလာတယ်။ အဲဒီတော့ မိုးစက်လေးတစ်ဝက် ဖြစ်လာတယ်။ အဲဒီမိုးစက်က ဆက်ကျရင်းနဲ့တခြားရေမှုန်တွေနဲ့ ပေါင်းမိတိုက်မိ
ပြန်တယ်။ မိုးစက်က ကျရင်းနဲ့ကြီးလာတယ်။ ကြီးလွန်းတော့ ပြိုကွဲသွားတယ်။ အဲဒီပြိုကွဲသွားတဲ့ အစက်လေးတွေ တစ်ခုစီက တခြား
ရေမှုန်တွေနဲ့ပေါင်းမိ မိုးစက်ဖြစ်။ အဲလိုနည်းနဲ့ မိုးရွာချတာကွ"
ကျွန်မ ခေါင်းညိတ်လိုက်သည်။ကျွန်မညီမလေးနှစ်ယောက်လည်း သူပြောတာကို ငြိမ်နားထောင်နေကြပါသည် ။
“ကဲ မိုးရွာရခြင်းအကြောင်းကိုသိနေတဲ့ ရှစ်တန်းကျောင်းသူကြီးက လွန်ဆွဲရင်မိုးရွာမယ်လို့ ထင်နေတုန်းပဲလား"
ကျွန်မ ဘာမှမပြောပါ။
“ရေခိုးရေငွေ့ များများပါတဲ့လေ ပူနွေးပြီး အပေါ်တက်သွားမှ အေးတဲ့ပတ်ဝန်းကျင်ရောက်မှ မိုးစက်ဖြစ်ပြီး ရွာချလာမယ့်မိုးကို လွန်ဆွဲပြီး မိုးခေါ်လို့ရသလား။ ကိုယ်တော့မထင်ပါဘူး .."
ရေရေလည်လည်မသိသေးသော ညီမနှစ်ယောက်အား ကိုမိုးဇော်က လက်တွေ့မိုးလုပ်ပြမည်ဟု ဆုံးဖြတ်ကာ ကျွန်မအား ဖန်ခွက် နှစ်ခွက် ရေသွားဆေးခိုင်း၏။ သူကိုယ်တိုင်ကတော့ အနီးအနားက
ကွမ်းယာဆိုင်တစ်ခုမှာ အနာကပ်သည့် ပလာစတာအခွေဘူးတစ်ဘူး သွားဝယ်ပါသည်။
-
ထို့နောက် သူများတွေက အလဲလဲအကွဲကွဲနွှဲနေကြသော လွန်ဆွဲပွဲကို အားရပါးရအော်ဟစ်အားပေးနေကြချိန်မှာ ကျွန်မတို့ ညီအစ်မ သုံးယောက်သည် ကိုမိုးဇော်လုပ်ပြသော ဖန်ခွက်ထဲကမိုးကို စိတ်လှုပ်
ရှားစွာ စောင့်ကြည့်နေခဲ့ပါတော့သည်။
ဖန်ခွက်တွေကို ရေခြောက်အောင် သူ့လက်ကိုင်ပဝါဖြင့် စိတ်ရှည်လက်ရှည်သုတ်၏။ ဖန်ခွက်တစ်ခွက်ထဲသို့ သောက်ရေ လက်နှစ်လုံးလောက် ထည့်၏။ ထိုဖန်ခွက်ပေါ်သို့ နောက်ဖန်ခွက်တစ်လုံးကို အဝ
ချင်းတေ့ပြီးမှောက်လိုက်၏။ ဖန်ခွက်နှစ်လုံး၏ အဆက်နေရာကို ပလာစတာပြာကြီးဖြင့် ပတ်လိုက်၏။
“လေလုံအောင်လို့ကွ” သူက ရှင်းပြပါသည်။
“ကဲ အခု ဒီမှာ ရေရောလေရောပါတဲ့ မှန်လုံခန်းလေးတစ်ခုရပြီပေါ့။ နောက်ထပ် တစ်နာရီလောက် သူ့ကိုစောင့်ကြည့်နေ၊ သူ့မှာ မိုးစက်လေးတွေဖြစ်လာလိမ့်မယ်။ အိမ်ထဲက စားပွဲပေါ် သွားထားလိုက်တော့”
လွန်ပွဲကို ကြည့်လိုက်။ မိုးကောင်းကင်ကို မော့ကြည့်လိုက်၊အိမ်ထဲဝင်ပြီး ဖန်ခွက်မှန်လုံခန်းလေးကို ကြည့်လိုက်နှင့် ကျွန်မတို့ ညီအစ်မတစ်တွေ စိတ်လှုပ်ရှားနေခဲ့ကြသည်။
လွန်ပွဲပြီးသွားသောအခါ အစ်ကိုနှင့် ကိုအောင်ကျော်ပါ ကျွန်မတို့၏ သိပ္ပံစမ်းသပ်မှုလေးဆီ လာရောက်ပူးပေါင်းကြ၏။ ထိုအချိန်တွင် အပေါ်ဖန်ခွက်၏ ထိပ်ပိုင်းဖြစ်နေသော ဖန်ခွက်ဖင်တစ်ဝိုက် ဖန်သား
နံရံတွင် ရေငွေ့လေးတွေသီးကာ စိုစွတ်လာပြီ ဖြစ်လေသည်။
“တွေ့လား အဲဒီမှာမိုး'
ကျွန်မညီမအငယ်က သူ့ဘဝမှာသည်လောက် ထူးဆန်းသောအရာ တစ်ခါမှ မကြုံဖူးခဲ့သလိုပင် လက်ခုပ်လက်ဝါးတီးကာ ရယ်မော
သဘောကျနေသည်။
“မိုးတွေရွာတော့မယ်။ မိုးတွေရွာတော့မယ်”
“ဒီထက်ပိုပြီး ရေစက်ရေပေါက်ဖြစ်စေချင်ရင် အောက်က ဖန်ခွက်ကို နွေးအောင်လုပ်လိုက်ရုံပဲ” .
ကျွန်မအစ်ကိုက ကျွန်မအား အကြံပေးပါသည်။
“ဒါနဲ့ မင်းတို့ကို မေးပါရစေဦး၊ လောလောလတ်လတ် လွန်ဆွဲပွဲကို နွှဲလာခဲ့သူတွေမို့ လွန်ဆွဲရင် မိုးရွာတယ်ဆိုတာ ဘယ်လိုနည်း
နဲ့ မိုးရွာအောင်လုပ်တာလဲ”
မိုးဇော်က အစ်ကိုတို့နှစ်ယောက်အား ပြုံးသဲ့သဲ့ဖြင့်မေး၏။အစ်ကိုက ရယ်သည်။
“ငါဘယ်သိမလဲ၊ အောင်ကျော်မင်းသိလား”
ကိုအောင်ကျော်မရယ်ပါ။ ဘာမှလည်း ဝင်မပြောပါ။ ကျွန်မတို့၏ အပေါ် ဖန်ခွက်ဖင်ပိုင်းအတွင်းမှ မိုးစက်သေးသေးလေးများကိုသာ စူးစူးစိုက်စိုက် ငုံ့ကြည့်နေခဲ့သည်။
“ငါက လွန်ဆွဲလွန်ဆွဲ ဆိုလို့သာဝင်ဆွဲလိုက်တာ လွန်ဆွဲရင် မိုးရွာမယ်လို့ ယုံကြည်လို့တော့ မဟုတ်ပါဘူး။ ရပ်ကွက်ထဲက ယုံကြည်အားကိုးတဲ့ လူကြီးတွေ မျှော်လင့်ချက်နဲ့ စိတ်ချမ်းသာသွားဖို့ ငါဝင်
ကူတာပဲ”
. အစ်ကိုက နောက်ဆုံးမှာတော့ ခပ်လေးလေးအသံဖြင့် သူ့ခံစားချက်အမှန်ကို ဖွင့်ချသည်။
. “မင်းတကယ်သိချင်လို့ မေးတာလား။ မယုံကြည်လို့ မေးတာလား"
ကိုအောင်ကျော်က ကိုမိုးဇော်ကို တည့်တည့်ကြည့်ပြီး မေးတော့သည်။
“တကယ်သိချင်လို့ မေးတာကွ"
ကျွန်မသည် ကိုမိုးဇော်ညာပြောနေသည်ဟု သိပါလျက် ကိုအောင်ကျော်ကို သတိပေးဖို့ မဝံ့ရဲပါ။ သူတို့နှစ်ယောက်လုံးကို နီးနီးကပ်ကပ်အခုမှ စကားပြောဖူးသောကြောင့် ဖြစ်ပါသည်။
“သိချင်လို့ မေးတာဆိုရင်တော့ ငါပြောမယ်။ ဒါပေမယ့် မပြောခင် မင်းငါ့ကို တစ်ခုဖြေရမယ်။ မင်း မီရာကယ်လ်ဆိုတာကို ယုံလား”
“မီရာကယ်လ်”
“အေးလေး။ ဗမာလို ဘယ်လိုပြောမလဲ၊အံ့သြဖွယ် ထူးဆန်းတဲ့ တန်းခိုးလို့ ပြောမလား။ မီရာကယ်လ်တွေ လောကမှာ အမျိုးမျိုးရှိပါတယ်။ကျိုးကြောင်းဆင်ခြင်မှုကနေလွန်ပြီး ဖြစ်တဲ့အဖြစ်အပျက်တွေ"
“ဥပမာတစ်ခုလောက်ပြောကွာ"
“ကောင်းပြီး အိမ်တစ်အိမ်မှာ ကြွက်တွေသောင်းကျန်းနေတယ်။အိမ်ရှင်က ကြွက်တွေကို မသတ်ရက်ဘူး၊ ကြွက်တွေကိုလည်း
မသောင်းကျန်းစေချင်။ ဒီတော့ မေတ္တာသုတ်ကို ရွတ်တယ်။ ယုံယုံကြည်ကြည်နဲ့ ဗုဒ္ဓရဲ့ ပရိတ်တော်ကို တကယ်အာရုံစူးစိုက်ပြီးရွတ်တာ။သုံးလေးရက်လောက် ရွက်ပြီးတဲ့နောက် အိမ်မှာကြွက်မရှိတော့ဘူး။ အဲဒီ အဖြစ်မျိုးကိုပြောတာ”
"ငါတော့ မကြုံဖူးဘူး။ ကြားဖူးတယ်”
“ဒါဖြင့် ယုံလား”
“အဲ.....'
သူအပြောရခက်နေသည်ဟု ကျွန်မထင်သည်။
“မင်း မယုံပါဘူး”
ကိုအောင်ကျော်က မျက်နှာထားတည်တည်ဖြင့် စွပ်စွဲသည်။
“မေတ္တာသုတ်ကို မယုံတဲ့ကောင်က လွန်ဆွဲတဲ့ကိစ္စကို ဘယ်လိုမှ မယုံနိုင်ဘူး”
ထိုအခါ ကိုမိုးဇော် ရယ်သည် သူရယ်ပုံမှာ သာသာကလေးပဲဖြစ်သည် ။
“ဟုတ်တယ်။ ငါမယုံနိုင်ဘူး။ ဒါကြောင့် ယုံချင်လို့မေးတာပါ။လွန်ဆွဲတဲ့အခါ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလို့ ရွာမှာတုံး၊သိချင်တယ်လေ”
“အဲဒီ အကျိုးသက်ရောက်မှုအဆက်အစပ်တွေအကြောင်းကိုသိဖို့က မမြင်ရတဲ့အရာတွေကို ယုံမှ ဖြစ်မယ်” ဟု ကိုအောင်ကျော်က ပြောသည်။
“မမြင်ရတဲ့အရာတွေကို ငါယုံပါတယ်။ ဓာတ်ငွေ့ တွေ အက်တမ်တွေကို ငါယုံတယ်။ အဏုမြူဗုံးနဲ့ အဏုမြူစွမ်းအင်ကို ငါယုံတယ်။ဒါတွေက မမြင်ရမထိရပေမယ့် သူ့အာနိသင်ကို တစ်နည်းနည်းနဲ့
စမ်းသပ်လို့ရတယ်”
“စောစောက ငါပြောတဲ့ မီရာကယ်လ်ကိုလည်း မင်းစမ်းသပ်လို့ ရပါတယ်"
. “ဟေ့ကောင်တွေ ဟေ့ကောင်တွေ တော်ပြီကွာ မင်းတို့ ရန်ဖြစ်ကြတော့မှာ"
အစ်ကိုဝင်တာတော့ ကိုမိုးဇော်က အစ်ကို့ပခုံးကို လက်သီးဖြင့် ခပ်ဆတ်ဆတ်ထိုးပြီး ရယ်၏။
“မဖြစ်ပါဘူးကွာ မင်းကလည်း”
. ထို့နောက် ကိုအောင်ကျော်ဘက်သို့လှည့်ပြီး တိုက်တွန်းသည်။ကိုအောင်ကျော်မှုန်တေတေ မျက်နှာဖြစ်နေ၏။ သို့သော် သူပြောပြပါသည်။
“လွန်ဆွဲတဲ့အခါ ဆွဲမယ့်သူတွေက ကန်တော့ပွဲနဲ့ တင်ကြ မြှောက်ကြ ခွင့်တောင်းကြတယ်ကွ၊ တချို့က မြို့စောင့်နတ်ပါတယ်။အဓိက သူတို့တင်တဲ့ နတ်ကတော့ မိုးခေါင်ကျော်စွာနတ်တဲ့။ အဲဒီနတ်ကို ကန်တော့ပွဲနဲ့ ပင့်တယ်။လွန်ကြိုးရဲ့ ဟိုဘက်ဒီဘက်ကြားအရင်းနေရာမှာ ဝင်ပြီးလွန်ပွဲကို စောင့်ကြပ်ပေးပါပေါ့။ လွန်ခေါင်းနှစ်ယောက်ရဲ့ ကြားမှာ အဲဒီနတ်က ဝင်စီးဖို့ပေါ့ကွာ အဲ့လို ဝင်စီးရင်
လွန်ပွဲအောင်တယ်။ အဲ့ဒါကြောင့် မိုးရွာမယ်”
“လွန်ပွဲအောင်တော့ ဘာကြောင့် မိုးရွာမှာလဲ” .
“မိုးခေါင်ကျော်စွာက မိုးကိုခေါ်ပေးလို့ပေါ့”
“သူက ဘယ်လိုလုပ်ပြီး မိုးခေါ်ပေးနိုင်သလဲ"
“ငါအထင်တော့ မိုးရွာစေမယ့် ရေခိုးရေငွေ့ တွေ လေထဲမှာ များများပါအောင်ဆွဲယူ တို့အထက်ကောင်းကင်ကို တွန်းတင်ပေမယ် ထင်တယ်"
ကိုမိုးဇော် အားရပါးရရယ်ပါသည်။
“ဒါဖြင့် အဲဒီနတ်က သိပ္ပံနည်းအရ မိုးရွာအောင်လုပ်မှာပေါ့ ဟုတ်လား”
“မင်း မသရော်နဲ့"
“ဟာ ငါမသရော်ပါဘူး သဘောကျလို့ပါ"
“မိုးခေါင်ကျော်စွာက သိပ်မစွမ်းခဲ့ရင်တောင် တခြား နတ်ဒေဝတာတွေက ငါတို့ဆုတောင်းကြ ကြိုးစားကြတာကို ဖြည့်ဆည်းပေးဖို့ စိတ်ပါလက်ပါကူညီရင် ကူညီမှာပေါ့”
“ဒီတော့ မင်းက နတ်တွေကို ယုံတယ်ပေါ့”
“ရှိချင်ရှိနိုင်တယ်”
“မင်းယုံသလား။ အဲဒါပဲ ပြောလေ"
“ရှိချင်ရှိနိုင်တယ်လို့ ငါထင်တယ်။ ရှိရင် သူတို့ကူညီလိမ့်မယ်”
ကိုအောင်ကျော်က မရယ်မပြုံးပြောနေသည်။ သူနည်းနည်းတော့ ဒေါသထွက်နေခဲ့ပါသည်။ ကျွန်မရိပ်မိသည်။ ညီမလေးနှစ် ယောက်ကတော့ ဘယ်အချိန်က လှစ်ခန်ပျောက်သွားလိုက်သည်မသိ။
ကျွန်မသတိတရလှည့်ပတ်ရှာကြည့်မိတော့ မီးဖိုခန်းမှာ ထမင်းပွဲပြင်ဆင်သည့် မေမေ့ထံရောက်သွားကြပြီ။
“လူတစ်ယောက်ရဲ့ ဘဝမှာ စွဲစွဲမြဲမြဲယုံကြည်မှုဆိုတာ လိုတယ်မိုးဇော်”
“ငါသိပါတယ်၊ငါကတော့ တစ်နည်းနည်းနဲ့ စမ်းသပ်လို့ရတဲ့ အကြောင်းအရာတွေကို ယုံတယ်”
ကိုအောင်ကျော် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“မင်း ဗုဒ္ဓမြတ်စွာဘုရားကို ယုံလား "
ကျွန်မကလေးအတွေးဖြင့် အခြေအနေဆိုးလာတော့မည် ထင်လာ၏။ သူတို့နှစ်ယောက်ကို ရှေ့ဆက်ပြီးမငြင်းခုံစေချင်တော့ပါ။ သို့သော် တားလည်းမတားရဲ။
“ယုံတယ်။ သက်တော် ရှစ်ဆယ်မှာ သဘာဝအတိုင်း သဘာဝကျကျ ပရိနိဗ္ဗာန်ပြုသွားတဲ့ ဗုဒ္ဓကို ငါယုံတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေ အဘိဓမ္မာတွေကို ယုံတယ်”
“ဒါဖြင့် ..'
“ကလေးတွေထမင်းစားကြမယ်"
ကျွန်မတို့အနားသို့ မေမေရောက်လာသောအခါ ကျွန်မ အလွန် စိတ်သက်သာသွားပါတော့သည်။
သို့သော် ထမင်းစားပြီးသွားကြပြန်တော့လည်း သူတို့နှစ်ယောက် အဲသည်အကြောင်းတွေကို ဆက်ပြီးငြင်းခုံရင်း အိမ်ပြန်သွားကြသည်။
* * * * *
“ကိုယ်တို့မြို့က သစ်တောနဲ့ဝေးတယ်။ ပင်လယ်နဲ့ဝေးတယ်။ဒါကြောင့် ဒီကနေပူလို့အထက်တက်သွားတဲ့ လေထဲမှာ ရေခိုးရေငွေ့ နည်းတယ်။ ရှိသမျှရေငွေ့ ကလည်း ကြမ်းကြမ်းတိုက်ရင် လွင့်
သွားတယ်။ ဒါကြောင့် မိုးနည်းတာပေါ့ ချာတိတ်ရဲ့”
နောက်နေ့တွေ၌ ကိုမိုးဇော်က သိပ္ပံစမ်းသပ်ချက်တွေ တစ်ခုပြီးတစ်ခု လက်တွေ့စမ်းပြရင်း ကျွန်မအား မိုးနည်းရခြင်းအကြောင်းကို ပြောပြတတ်ပါသည်။
“မိုးနည်းတာကနေ များအောင် ဘယ်လိုလုပ်ရင်ရမလဲ အစ်ကို”
ကျွန်မ အစ်ကို ကို ခေါ်သလိုပင် သူ့ကို အစ်ကိုဟု ခေါ်ခဲ့ပါသည်။
“ရေနဲ့ဝေးတာကို ရေနဲ့နီးအောင်လုပ်ဖို့မလွယ်ပေမယ့်၊ သစ်တောမရှိတာကိုတော့ သစ်တောရှိအောင် လုပ်လို့ရနိုင်ပါတယ်။ ထင်းအတွက် သစ်ပင်ခုတ်တဲ့အခါ ကိုင်းတွေကိုပဲခုတ်၊ ပင်စည်ကို မဖြတ်
နဲ့။ ပင်စည်တစ်ခုဖြတ်မိတိုင်းလည်း နောက်သစ်ပင်တစ်ပင်ထပ်စိုက်ခဲ့။ မိုးတွင်းမှာ ရွာချတဲ့ မိုးရေတွေကို ကန်တွေနဲ့စုထား။ ဒါဆိုရင် မိုးနည်းရာကနေ မိုးများလာမှာပေါ့။ အခုတော့ သစ်တောလည်း ဖြစ်
အောင်မလုပ်၊ ရွာချတဲ့ ရေကိုထိန်းထားဖို့ မြေကိုလည်းမပြုပြင်နိုင်၊ဒီအတိုင်းထိုင်ပြီး မိုးကိုစောင့်နေလို့ မိုးက ရွာမတဲ့လား ."
ကိုအောင်ကျော်ကတော့ သစ္စာနဲ့ ယုံကြည်မှုအပေါ် တန်ဖိုးထားသူဖြစ်သည်။
“လူတွေရဲ့ စွမ်းဆောင်မှုက အကန့်အသတ်ရှိတယ် မိသက်ရဲ့”
သူက ကျွန်မကို ကိုမိုးဇော်ခေါ်သလို ချာတိတ်ဟုမခေါ်ပါ။အစ်ကိုခေါ်သလို မိသက်ဟုသာ ခေါ်သည်။
“အဲဒီ အကန့်အသက်ကုန်သွားတဲ့အခါ လူတွေမှာ မျှော်လင့်စရာဆိုလို့ သစ္စာပဲရှိတော့တယ်”
.
ကိုမိုးဇော်ပြောသည့် သစ်တောတွေရေငွေ့ တွေကို ကျွန်မ အလွယ်တကူလိုက်နိုင်ခဲ့ပေမယ့် ကိုအောင်ကျော်ပြောသည့် သစ္စာကိုတော့ မလိုက်နိုင်ခဲ့ပါ။
‘သစ္စာဆိုတာ ဘာကိုပြောတာလဲ”
“သစ္စာဆိုတာ မဖောက်မပြန်အမှန်အကန်ဆုံးတရားကို ခေါ်တာ၊ လွယ်လွယ်ပြောရင် အမှန်တရားကိုသိပြီး အမှန်တရားကို စောင့်စည်းခြင်းပေါ့"
. အဲဒါနှင့် မိုးရွာတာနှင့် ဘာဆိုင်လဲဟု ကျွန်မနားမလည်ပါ။
“သစ္စာဆိုတာ မိသက် သိလား”
“သိတာပေါ။ ဥဒေါင်းမင်းတို့ ငုံးမင်းတို့ သစ္စာဆိုတဲ့အခါ သူတို့တွေ့နေတဲ့ ဒုက္ခတွေလွတ်သွားတယ်”
“အေး ... အဲဒီ သစ္စာဆိုတဲ့အခါ ဘာစကားနဲ့ဆိုသလဲ”
“အင်း... ကျွန်မ မေ့နေပြီ”
“အမှန်ဆုံးစကားနဲ့ဆိုတာ၊ဥပမာ ငုံးမင်းဆိုပါတော့။ တောမီးလောင်တဲ့အခါ ငုံးကလေးက အတောင်အလက်မစုံသေးလို့ မပြေးနိုင်ဘူး။ အဲဒီအကြောင်းကိုပဲ ရိုးရိုးရှင်းရှင်း အမှန်အတိုင်း တိုင်တည်ပြီး သစ္စာဆိုတာ၊ သစ္စာသာမှန်ခဲ့ရင် အကျိုးအမြတ်တစ်ခုခုတော့ရမှာပဲ။' စကားသစ္စာ၊ မှန်သောခါကား၊ ဩဇာလေးနက်၊ ပေါ်ဆီတက်
၍၊ နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်'တဲ့ ၊အဓိပ္ပာယ်က သစ္စာသာမပျက်ဘူး။ အမှန်စကားကိုသာဆိုမယ် စိတ်ထားမဖောက်ပြန်ဘူးဆိုရင် မြက်တွေ၊ နွယ်တွေ၊ သာမန်သစ်ပင်တွေတောင် ရောဂါပျောက်တဲ့
ဆေးဝါးအဖြစ် သုံးလို့ရသတဲ့"
“အဲဒီတော့...”
“အဲဒီတော့ လူတွေ မိုးမျှော်ကြတဲ့အခါ မိုးခေါ်ကြတဲ့အခါ အထက်နတ်၊ အောက်နတ်၊ ဝိဇ္ဇာတွေကို တင်တယ်။ အားကိုးတယ်ဆိုပြီး ကန်တော့ပွဲပေး၊ ကောင်းမှုကုသိုလ်တွေလုပ် စိတ်တွေကို သန့်
သန့်ရှင်းရှင်းထားပြီး ယုံယုံကြည်ကြည်နဲ့ တင်မြှောက်ကြတာ၊ လွန်ဆွဲတော့လည်း သူ့ဘက်ကိုယ့်ဘက်အနိုင်ရဖို့ ညစ်တာ လိမ်တာမရှိ၊
မဖောက်မပြန် ကစားကြတာလေ။အကုသိုလ်ဝေးတဲ့အချိန်မှာ ဆုတောင်းတယ်။ အဲဒီသစ္စာသာမှန်ရင် ကိုယ်လိုချင်တာ ရကိုရမှာပေါ့"
ကိုအောင်ကျော်စကားတွေကို ကျွန်မ မမီတစ်ချက် မီတစ်ချက်ရှိခဲ့သည်။
“ကောင်းမှုကုသိုလ်ကိုလည်း လုပ်မယ်။ ဘုရားနဲ့ဘုရားရဲ့ တရားတွေကိုလည်း ရင်ထဲအသည်းထဲက စွဲစွဲမြဲမြဲယုံကြည်ပြီး လိုက်နာမယ်ဆိုရင် အဲဒီလူက တောင်းသမျှဆုပြည့်မှာပါ။ တစ်ခုပဲအရေးကြီးတာက ဆုဆိုတာ ပေးဖို့ ထိုက်တန်အောင်လည်း တောင်းသူက ကျင့်ကြံအားထုတ်ရသေးတယ်။ အချောင်သက်သက်တော့ မရဘူး။ပါရမီဆိုတာ အဲဒါပဲ။ လိုချင်တာကိုရဖို့ ကိုယ့်ဘက်က ကျင့်ကြံဖြည့်
ဆည်းကြိုးစားတာကို ပါရမီလို့ခေါ်တယ်"
လွန်ဆွဲပြီး ခုနစ်ရက်လောက် ကြာသောအခါ မိုးရွာခဲ့တာကိုကျွန်မ မှတ်မိသည်။ ကိုအောင်ကျော်က နတ်ဒေဝတာတွေ ကူညီမစလို့ဟု ထင်သည်။ ကိုမိုးဇော်က ရွာချိန်တန်လို့ ဟုထင်သည်။
“ချာတိတ်ပဲ စဉ်းစားကြည့်လေ။ မိုးမရွာလို့ လွန်ဆွဲတယ်ဆိုတာ ဘယ်ကာလဆွဲသလဲ။ နွေခေါင်ခေါင်မှာ ဆွဲသလား။ ဆောင်းတွင်းမှာ ဆွဲသလား။ မိုးအစမှာပဲ ဆွဲတာမဟုတ်လား။ မိုးရွာချိန်သင့်ရက်နဲ့
မရွာလို့ ဆွဲရတာလေ။ဒီကတည်းက ဒီရာသီက အချိန်မရွေးမိုးရွာလာနိုင်တဲ့ရာသီပေါ့။ လွန်ဆွဲတာမဆွဲတာနဲ့ မဆိုင်ဘူး။ ရေခိုးရေငွေ့ အလုံအလောက်အထက်တက်ပြီး အေးသွားတဲ့ရေငွေ့က မိုးအဖြစ်
ရွာမှာပဲ”
ကိုမိုးဇော်ပြောတော့ ကျွန်မ မရဲတရဲ ဆင်ခြေတက်မိ၏။
“ဒါပေမယ့် စောပြီးရွာတယ်လေ အစ်ကိုရဲ့။ တစ်ပတ်အတွင်း ရွာတယ် "
“အေးလေ.. ဒါကို စောတယ်လို့ ဘယ်လိုလုပ်ပြောနိုင်သလဲ။လွန်မဆွဲလည်း ဒီနေ့ဒီရက်ရွာမယ်ဆိုရင် ရွာကိုရွာမှာပဲ”
သူတို့နှစ်ယောက်သည် မိုးကိစ္စနှင့်ပတ်သက်ပြီး မြင်ရသောအရာတွေ မမြင်ရသောအရာတွေအကြောင်း အယူအဆကွဲလွဲကြပြီးနောက် ကျွန်မတို့အိမ်သို့ မကြာခဏလာရောက်လည်ပတ်ပါသည်။
သူတို့နှစ်ယောက် ရန်ဖြစ်တာတော့ တစ်ခါမှ မတွေ့ဖူးပါ။ သိပ်မကြာမီ ဆယ်တန်းအောင်စာရင်းတွေထွက်၏၊ အစ်ကိုတို့ သုံးယောက်လုံး အောင်ကြပါသည်။ ကျွန်မအစ်ကိုက ဂုဏ်ထူးသုံးဘာသာဖြင့် မန္တလေးဆေးတက္ကသိုလ်သို့ တက်ရ၏။ ကိုမိုးဇော်က ဂုဏ်ထူးသုံးဘာသာဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်သို့ သွား၏။ကိုအောင်ကျော်ကတော့ ဂုဏ်ထူးတစ်ခုမှမပါဘဲ အောင်ရုံသာအောင်ပြီး ဆရာအတတ်သင်သိပ္ပံရှိရာ မိတ္ထီလာသို့ ကျောင်းသွားတက်ပါသည်။ သူတို့သုံးယောက်လုံး တစ်ယောက်တစ်မြို့စီဖြစ်သွားသည်။
ကျွန်မက ကိုမိုးဇော်ကို တိတ်တိတ်လေးလွမ်းနေခဲ့သည်။သူကျွန်မကို စမ်းသပ်ပြသော အလင်းစမ်းသပ်ချက်၊ အသံစမ်းသပ်ချက်၊ဓာတ်ငွေ့ စမ်းသပ်ချက်များကို စာကျက်ရင်းက လွမ်းနေခဲ့သောကြောင့် ဖြစ်နိုင်ပါသည်။ ကိုအောင်ကျော်ပြောပြသည့် သစ္စာနှင့်ယုံကြည်မှု ဆိုတာကို ကျွန်မသိပ်အာရုံမစိုက်မိပေမယ့် ကိုမိုးဇော်ပြောပြသည့်
လက်တွေ့ စမ်းသပ်လို့ရသော အဖြစ်အပျက်အရာများကို ကျွန်မ အာရုံစွဲနေသည်။ .
အစ်ကိုတို့ သုံးယောက် တဖြည်းဖြည်းဝေးကြသောအခါ ထိုယောက်ျားနှစ်ယောက်က ကျွန်မနှင့်လိုက်ဝေးကြမည်ဟု ကျွန်မဝမ်းနည်းမိ၏။ သို့သော် ကျွန်မထင်သလို မဝေးပါ။ သူတို့သုံးယောက်
ကျောင်းပိတ်ရက်ချင်း မတူသဖြင့် အတူမဆုံဖြစ်ကြပေမယ့် ကျွန်မတို့ အိမ်ကိုတော့ တစ်ယောက်ချင်း ရောက်ရောက်လာတတ်သောကြောင့် ဖြစ်သည်။ အစ်ကိုမရှိသည့် အချိန်များတွင် မေမေ့အား
ပွဲရုံကိစ္စတွေ ကူညီဖို့ဖြစ်၏။ ကိုအောင်ကျော်က ကျွန်မကို ဘုရားတင်ရန် သူတို့ခြံထဲမှ နှင်းဆီတွေ စံပယ်တွေ ယူယူလာတတ်ပြီး ကိုမိုးဇော်က ကျွန်မအား ဓာတုဗေဒ၊ ရူပဗေဒဘာသာတွေ သင်ပေးသွားတတ်သည်။
ကျွန်မ ကိုမိုးဇော်ကို တိတ်တိတ်လေးစွဲလမ်းမိပြီဆိုမှတော့ ကိုအောင်ကျော်ကျွန်မကို ချစ်စကားပြောလာသည့် အဖြစ်မှာ အံ့သြစရာမဟုတ်ပါ။ ကိုမိုးဇော်သည် ကျွန်မ၏ သံယောဇဉ်တွေကို မသိဘဲ .
နေမှာမဟုတ်။ သိ သိပုံရပါသည်။ သို့သော် သူ့ဘက်က တစ်ချက်မှ ညွှတ်တိမ်းမှုမပြသည်မှာ ထိန်းချုပ်နိုင်လို့သာပဲဟု ကျွန်မထင်ခဲ့သည်။
ကျွန်မ ကိုမိုးဇော်အပေါ် တွယ်တာနေမှန်း မေမေကရိပ်မိ၏။ မေမေကတော့ ကိုအောင်ကျော်နှင့်ဆိုလျှင် ကျွန်မစိတ်ချမ်းသာရလိမ့်မည်ဟု ထင်လေသည်။ ကိုမိုးဇော်ကတော့ အတ္တကြီးလိမ့်မည်။"ကျွန်မကချည်း အလျှော့ပေးရလိမ့်မည်တဲ့."။
.
ကျွန်မတို့ သုံးယောက်၏ ဇာတ်သိမ်းကို စောင့်ကြည့်ဖို့ မေမေအသက်ရှည်စေချင်လိုက်တာ ။
မေမေသည် ကျွန်မတို့ သုံးယောက်၏ဇာတ်လမ်းမဆုံးမီ ကွယ်လွန်ခဲ့ပြီ။
* * * * *
ကျွန်မကို ကိုအောင်ကျော် ဘယ်လောက်ပဲ မျှော်လင့် မျှော်လင့် သူမရခဲ့ ။ကျွန်မက သူ့ကို အစ်ကိုတစ်ယောက်အဖြစ်မှ ပြောင်းလဲယူလို့ မရသောကြောင့်ဖြစ်သည်။
ထို့အတူပင် ကိုမိုးဇော်ကို ကျွန်မဘယ်လောက် မျှော်လင့် မျှော်လင့် ကျွန်မမရခဲ့။ သူက ကျွန်မကို ညီမတစ် ယောက်အဖြစ်မှ လွဲပြီး တခြားစိတ်မျိုးထားလို့ မရခဲ့သောကြောင့် ဖြစ်မှာပါ။
မေမေဆုံးပြီး တစ်နှစ်ကြာမှာ ကိုမိုးဇော်လက်ထပ်သွားသည်။ကိုမိုးဇော်လက်ထပ်ပြီး ၃ နှစ်ကြာတော့မှ ကိုအောင်ကျော်လက်ထပ်သွား၏၊
သူတို့နှင့် တစ်နှစ်တစ်ခါလောက်တော့ ကျွန်မ ဆုံဖြစ်လိုက်သေး၏။ အများအားဖြင့်တော့ မေမေအတွက်ကွယ်လွန်ခြင်း ခြောက်နှစ်မြောက်၊ ခုနစ်နှစ်မြောက် စသည့် အထိမ်းအမှတ် ဆွမ်းကျွေးပွဲ၊သင်္ကန်းကပ်ပွဲများမှာ ဖြစ်သည်။ သူတို့နှစ်ယောက်လုံး တူညီသည့်
အချက်မှာ “မိသက် အိမ်ထောင်မပြုတော့ဘူးလား' ဟု တစ်ယောက်ကမှ မမေးခဲ့ခြင်းပင် ဖြစ်ပါသည်။
ယခုတော့ သူတို့နှင့် မဆုံဖြစ်သည်မှာကြာပြီ။ကျွန်မ ဇာတိမြေမှ ကျွန်မခွဲခွာပြီး ရန်ကုန်မှာ အခြေချနေထိုင်လျက်ရှိသလို သူတို့ကလည်း ဇာတိမြေမှာ မရှိကြတော့ပါ။ ကိုမိုးဇော်က အမေရိကား
ရောက်နေသည်။ ကိုအောင်ကျော်က ချင်းပြည်နယ်မှာ မိသားစုနှင့်နေထိုင်လျက်ရှိသည်။
မိုးရွာတိုင်းဆိုသလို သူတို့နှစ်ယောက်ကို သတိရမိနေတာကတော့ ကလေးဘဝမှတ်ဉာဏ်ဖြင့်သာ ဖြစ်ပါသည်။ သည်မှာတော့ မိုးတွေများလှသည်။ ကျွန်မ၏ဇာတိမြေမှာတော့ မိုးမှရွာပါ့မလား။
ခြောက်သွေ့ ပူပြင်းနေမလား။ သောက်သုံးရေလုံလုံလောက်လောက် ရကြပါ့မလား။ ဖေဖေသာကျွန်မတို့ အိမ်ကလေးကို ရောင်းမပစ်ခဲ့ဘူး
ဆိုလျှင် အိမ်က အုတ်ကန်ကြီးကြီးသုံးခုသည် ကျွန်မတို့ ပတ်ဝန်းကျင်က အိမ်တချို့အတွက် သုံးရေမျှဝေပေးဖို့ လုံလောက်နေမြဲဖြစ်လိမ့်
မည်။
မိုးနည်းသည့်အရပ်ဟာ ဘယ်တော့မှ မိုးများမလာတော့ဘူးလား။လူတွေကရော မိုးများလာအောင် မကြိုးစားကြတော့ဘူးလား။ သို့မဟုတ် မိုး၏ သဘာဝဖြစ်ဉ်ကိုက ရေများရာမှာ ရွာတတ်လေသလား။
ကိုမိုးဇော်ပြောသည့် ရေခိုးရေငွေ့များသည့်ကိစ္စဟာ ရေရှိရာမှာပဲရှိနိုင်တာလား။ သို့မဟုတ် ကိုအောင်ကျော်ပြောသလို သစ္စာဆိုတာကို ယုံကြည်ရမှာလား။
. “လူတွေရဲ့ စွမ်းဆောင်မှုက အကန့်အသတ်ရှိတယ်။ အဲဒီအကန့်အသတ်ကုန်သွားတဲ့အခါ လူတွေမှာ မျှော်လင့်စရာဆိုလို့ သစ္စာပဲ ရှိတော့တယ်”
အသက်နည်းနည်းကြီးလာသည့်အခါ ငယ်စဉ်ကမယုံကြည်ဖြစ်သည့် Miracle ဆိုတာကို ယုံကြည်ချင်လာ၏။ လိုအပ်နေတာတွေ လုပ်ချင်လျက် အတားအဆီးတွေ အခက်အခဲတွေကိုသာ မဆုံးနိုင်
အောင် ကြုံတွေ့ရသည့်အခါ ထူးဆန်းအံ့သြဖွယ်တန်ခိုးဆိုသည်ကို မျှော်လင့်အားကိုးချင်လာသည်။
သို့သော် တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ရ၏။
ကျွန်မရဲ့ စွမ်းဆောင်မှုအကန့်အသတ်က ကုန်သွားပြီလား၊ တကယ်ကုန်သွားတာဟုတ်ရဲ့ လား။ သို့မဟုတ်လျှင် အချိန်တိုတိုဖြင့် စမ်းသပ်
လို့မရသည့် အရာတစ်ခုအပေါ် ကျွန်မတကယ်စွဲစွဲမြဲမြဲယုံကြည်နိုင်ပါရဲ့ လား။ ထိုနှစ်မျိုးလုံး ကျွန်မတကယ် မကြိုးစားမိသေးတာ ဖြစ်နိုင်ပါသည်။ ။
ဇာတိမြေမှ ကျွန်မခွာလာခဲ့သည်မှာ မိုးနည်းလို့ မဟုတ်သော်လည်း စီးပွားရေးလုပ်ငန်းကောင်းရာ၊ ကျွန်မအလုပ်နှင့် အဆင်ပြေရာသို့ ထွက်လာခဲ့တာတော့ အမှန်ပဲ။ ကျွန်မတစ်ကိုယ်ကောင်းဆန်မိ
သလား။ ကျွန်မတို့မြို့မှာ မိုးနည်းရေရှားသည့်ကိစ္စအတွက် ကျွန်မ ခုထိ ဘာမှဖြေရှင်းကူညီဖို့ မကြိုးစားနိုင်။
ကိုအောင်ကျော်သည် ချင်းပြည်နယ်သို့ စာသင်ပေးမည့် ကျောင်းဆရာအဖြစ် ပြောင်းရွှေ့
သွားခြင်းဖြစ်သည်။ကိုအောင်ကျော်ရော ချင်းပြည်နယ်မှာ နေထိုင်ရင်း ကလေးတွေကို စာသင်ရင်း မိုးနည်းရာက များအောင်လုပ်ဖို့ကိစ္စတွေ
ကြိုးစားအားထုတ်ဖို့ ပြင်ဆင်နေခဲ့လေသလား၊ သို့မဟုတ် သူဘာမှ တတ်နိုင်သည့် ကိစ္စအတွက် လက်လျော့ထားသလား။ ကျွန်မဆီ
သူတစ်ခါတစ်ခါရေးသည့် စာတွေထဲမှာဖြင့် ထိုအကြောင်းတော့ တစ်ခါမှမပါ။
ကိုမိုးဇော်ကတော့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဘာသာရပ်များကို ဘွဲ့လွန်ဒီဂရီယူဖို့ ကျောင်းသွားတက်နေခြင်းဖြစ်၏။သူပြန်လာခဲ့လျှင် သူတစ်ခုခုတော့ ကြိုးစားပေးနိုင်မလား။ ကျွန်မ
မျှော်လင့်ချင်နေသည်။ သို့သော် ရေနည်းရာမှာ မိုးရွာစေဖို့ ဆိုတာက တော်တော်ခက်ခဲသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ကျွန်မ သိနေသည်။
--------------
ဂျူး
#Typing_crd_ZawOo
No comments:
Post a Comment