Thursday, 14 May 2020

နတ်ပန်းနွယ် #လင်္ကာရည်ကျော်

#နတ်ပန်းနွယ်

#လင်္ကာရည်ကျော်

                                ( ၁ )

၂ဝဝဝ ပြည့်နှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်လာတော့ ကိုသစ်အောင်၏ အသက်က သုံးဆယ်ကို တော်တော်လေးကျော်လာခဲ့ပြီ ဖြစ်သည်။ ဆယ့်ရှစ်နှစ်သားကတည်းက ပြည်ပတက္ကသိုလ်တစ်ခုတွင် စကောလားရှစ် ရပြီး ပညာသင်ရန် ထွက်ခွာသွားသူမို့ ပြည်ပတွင် နေခဲ့ရသော နှစ်ပေါင်းက မနည်းလှ။

 မည်သို့ပင်ဆိုစေ ရန်ကုန်မှာ ဆီးကြိုကြသော မိဘများ၏မျက်စိထဲတွင် အိမ်ထောင် မကျသေးသူ
ကိုသစ်အောင်သည် အရွယ်မရောက်သေးသူ လူငယ်တစ်ဦးသာ ဖြစ်သည်။

၂ဝဝဝ ပြည့်နှစ်တွင်ကား ရန်ကုန်မြို့ သည် ပျော့ပျောင်းနူးညံ့သော်လည်း လုံခြုံလှပသည့် အဝတ်အထည် တို့ကို ဝတ်ဆင်ထားသော မိန်းမငယ်လေးများ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကြသော မြို့ဖြစ်သည်။ နိုင်ငံခြား တိုင်းပြည်များတွင်
အမျိုးသမီးများနှင့် ကင်းကင်းရှင်းရှင်း သိပ်မရှိခဲ့သော်လည်း အနောက်သူတို့၏အလှကို
`အသက် မပါသောအလှ´၊ `ခြောက်ကပ်ကပ်အလှ´၊ ရုပ်တုနှင့်တူသော အလှ´ဟု အမျိုးမျိုး ကမ္ပည်းတပ်ပြောဆိုခဲ့ဖူးသော ကိုသစ်အောင်အတွက်တော့ မြန်မာမိန်းမငယ်လေးတို့၏ အလှသည် စိမ်းစိုအသက်ဝင် လန်းဆန်းနေသည်ဟု ထင်မိသည်။

ထိုမြန်မာမိန်းမငယ်လေးများထဲတွင်မှ ကိုသစ်အောင်၏ မျက်လုံးထဲတွင် အလှပဆုံးသူသည်ကား သူဖွင့်လှစ် လိုက်သော သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီတွင် သူ၏ အတွင်းရေးမှူးမလေးအဖြစ် အလုပ်လာလျှောက်သည့် `ဘရဏီမျိုး´ဟူသည့် နာမည်
ဆန်းဆန်းနှင့် မိန်းမငယ်လေး ဖြစ်လေသည်။

                                   ( ၂ )

ဘရဏီမျိုးဆိုသည့် နာမည်က ရှေးဆန်သယောင်ရှိသော်လည်း ဘရဏီမျိုး၏ အသွင်အပြင်က ရှေးမဆန်ပါ။ကုမ္ပဏီ၏ အနေအထားအရ နိုင်ငံခြားသား အဝင်အထွက်များသဖြင့် ဝန်ထမ်းများကို မြန်မာလုံချည်သာ ဝတ်ကြရန် စည်းကမ်းထုတ်ထားသော်လည်း ဘရဏီမျိုးက လုံချည်မကျ၊ စကတ်မကျ ကိုယ်နှင့်တစ်သားတည်း ချုပ်ထားသော
ဘေးကွဲလုံချည်ကို ဝတ်တော့လည်း ကြည်ကောင်းသယောင်ယောင် ဖြစ်နေ၍ ကိုသစ်အောင်က မတား မြစ်ခဲ့။ မိမိနေထိုင်ခဲ့သော နိုင်ငံများတွင် ကုမ္ပဏီဝန်ထမ်းများအား ယူနီဖောင်း ဆင်တူဝတ်ခိုင်းလေ့မရှိသည်ကို အစွဲပြု၍ ကိုသစ်အောင်ကလည်း
သူ့ဝန်ထမ်းများကို လည်ဆွဲကတ်ပြားလေးပါလျှင် ပြီးရောဟု လွတ်လွတ်လပ်လပ် လှလှပပ
ပေး၍ဝတ်ထားသည်။ ဘောင်းဘီရှည်၊ စကတ် မဝတ်လျှင် ပြီးရော။ 

ဘရဏီမျိုး၏ ထင်းနေသောအလှကို အားကျသူ ဝန်ထမ်းအမျိုးသမီးငယ်တို့က သူ့ ပုံစံမျိုးပင် လိုက်၍ ဝတ်ဆင်လေ့ရှိကြသည်။ ကိုသစ်အောင် အတွက်ကတော့ မြန်မာအမျိုးသမီးဟန်ပန်လည်း မပျောက်၊ သပ်သပ်ရပ်ရပ် ချပ်ချပ်ရပ်ရပ်လည်းရှိ၊ ငယ်ရွယ်နုပျိုသော ကိုယ်ဟန်လေးကိုလည်း ထင်ရှားစေသဖြင့် ဒီစကတ်လုံချည်ကို အပြစ် မမြင်မိ။

ပုခုံး နှစ်ဖက်စလုံးရော၊ ညှပ်ရိုးနှစ်ဖက်စလုံးရော၊ ရင်ညွန့် တော်တော်နိမ့်နိမ့်အထိရော ဝင်းကန် ထင်းကနဲ နေအောင် ပေါ်လွင်နေသည့် ဘလောက်စ်အင်္ကျီများ ဝတ်လာလျှင်တော့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ သက်တူ ရွယ်တူ ငယ်သူငယ်ချင်း
`နွယ်နီစိုး´မှ တစ်ဆင့် မသိမသာ ခေါ်ယူဆုံးမ ခိုင်းရပြန်သည်။ အရင်ဆုံး ခေါ်အပြောခံရသူကလည်း 
ဘရဏီမျိုးပါပေ။

                                  ( ၃ )

`ဒီနေ့ ဘာစိတ်ကူးပေါက်ပြီး ငါနဲ့ ထမင်းလာစားရတာလဲ၊ မျိုး မရှိဘူးလား”

နွယ်နီစိုးက မချိုမချဉ်ပြုံး၍ စလေသည်။ ရှက်ရှက်နှင့်ရယ်၍ ဖြေရသည်။

`ငါ အမ်အက်ဖ်ဒီပီကို လွှတ်လိုက်တယ်။ ကြာနိုင်တော့ တစ်ခုခု ဝင်စားလို့တော့ ပြောလိုက်သား၊ ခါတိုင်းလည်း သူနဲ့စားတာ မဟုတ်ပါဘူးဟာ၊ သူပြင်ကျွေးတာပါ။နင်ကလည်း သမီးလေးတွေပါ”

နွယ်နီစိုးက အားပါးတရ ရယ်သည်။

"ဆယ့်ငါးနှစ်ပဲကွာတာ သမီးဖြစ်မလားဟ၊ အဲဒီသမီးလေး ပြင်ကျွေးတာပဲ နင်ကြည်နူးနေတယ် မဟုတ်လား”

တော် ... တော်ဟု လက်ညှိုးထောင်ပြလိုက်သည်။

"မိန်းကလေးတစ်ယောက် လှတာကို မမြင်မိ၊ သတိမထားမိဘူးလို့ ပြောရင်လည်း ငါ တစ်ခုခုမှားနေတဲ့ ယောက်ျားဖြစ်ဦးမယ်၊ ဒါပေမယ့် အလုပ်မှာ စည်းရှိပါတယ်”

နွယ်နီစိုးက ထမင်းပန်းကန်ကို ကိုသစ်အောင်ရှေ့ ချပေးရင်းက မရပ်သေးဘဲ ဆက်ပြောနေပြန်သည်။

" အဲဒီစည်းနဲ့ မဆိုင်ဘူးလေဟာ၊ ငါက အတည်ပြောနေတာ။ ကောင်မလေးကြည့်ရတာ နင့်ကို တော်တော် သံယောဇဉ်ရှိနေတဲ့ပုံပဲ၊ သူ့ မိဘကလည်း မဆိုးဘူး။သူလေးကလည်း ပညာတတ်လူငယ်လေး၊ ကြိုးကြိုးစားစား တက်တက်ကြွကြွလည်းရှိတယ်၊ လှလိုက်တာကလည်း ပြောမနေနဲ့၊ ငါက အတည်စဉ်းစားပါလားလို့ ပြောနေတာ။
နင် တစ်သက်လုံး လူပျိုကြီးလုပ်မလို့လား”

ကိုယ်စဉ်းစားနေသော အချက်များကို အားလုံးတည့်တည့်လာထိနေသဖြင့် ရှက်ကိုးရှက်ကန်း ရယ်လိုက် ရသည်။

"ဂျင်နရေးရှင်းဂက်ပ် ဆိုတာ ရှိတယ်ဟ၊ အသက်ကွာလွန်းတော့ ရေရှည်မှာ အဆင်ပြေချင်မှ ပြေမယ်။ ပြီးတော့ သူလှတာကလည်း ငါ့မျက်စိထဲမှာ ငါ နိုင်ငံခြားမှာ တွေ့ခဲ့တဲ့ မိန်းကလေးတွေ လှပုံမျိုး၊ မြန်မာလို ဝတ်ထား ပေမယ့် ဘာဖြစ်လို့မှန်း မသိဘူး၊
နောက် အရေးကြီးတဲ့အချက်တစ်ချက် ရှိတယ်။ ငါ လူပျိုကြီးလုပ်နေရတဲ့ အကြောင်းရင်းပေါ့လေ”

`ဘာလဲ”

"ငါ့ရည်းစားဟောင်းက အပျိုကြီးဖြစ်နေသေးတယ်ဟ၊ သူ အရင် အိမ်ထောင်ကျမှ"

"ခွေးကောင်၊ ငါက အကောင်းအောက်မေ့လို့”

လက်သုတ်ပဝါနှင့် ကောက်၍ပေါက်လေသည်။

                                   ( ၄ )

နွယ်နီစိုးနှင့် ကိုသစ်အောင်တို့ တကယ်ပင် ချစ်သူတွေ ဖြစ်ခဲ့ကြဖူးပါသည်။သူငယ်တန်းကတည်းက သစ်အောင်၊ နွယ်နီစိုးနှင့် ဆွေဆွေငြိမ်းတို့ သုံးဦးမှာ
တစ်တန်းတည်း တက်ခဲ့ကြသူများဖြစ်သည်။ ဒီအထဲမှာမှ နွယ်နီစိုးတို့ နှစ်ဦးမှာ အထက်တန်း ကျောင်းသားကျောင်းသူဘဝတွင် ရုပ်ရည်ကြောင့် ထင်ရှား လာကြသူများ ဖြစ်သဖြင့် တစ်နေ့နေ့တွင် ချစ်သူတွေ ဖြစ်လာကြမည်ဟု လူတိုင်းက တွက်ခဲ့ကြသည်။

ဒေသကောလိပ် ကျောင်းသားကျောင်းသူများ ဘဝတွင်တော့ အများမျှော်လင့်ထားကြသည့်အတိုင်း သစ်အောင်နှင့် နွယ်နီစိုးတို့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။

၁၉၈၀ နောက်ပိုင်းနှစ်များက သူငယ်ချင်းတစ်ဖြစ်လဲ ချစ်သူ စုံတွဲအများစု၏ ပုံစံအတိုင်း
ချစ်သူသာ ဖြစ်ခဲ့ကြသည်။ ဆက်ဆံရေးက ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘဲ ချစ်သူ
မကျတကျ ပုံစံမျိုးသာရှိခဲ့သည်။ နှစ်ယောက်တည်းပင် မလည်ပတ်ဘဲ သွားလေရာမှာ
ဆွေဆွေငြိမ်းပါ ပါခဲ့သည်မို့ သူတို့ ချစ်သူတွေဖြစ်သွားကြမှန်း (မိဘတွေ အပါအဝင်)
လူအများစုက မရိပ်မိလိုက်ကြ။

`ပဝါတစ်ကမ်း၊ လက်တစ်လှမ်း´သာ နေဖြစ်ခဲ့သည်မို့ လမ်းခွဲရသည့် အချိန်တွင်လည်း စိတ်ထိခိုက်စရာ အနည်းနှင့်အများ ရှိခဲ့သော်လည်း ကိုသစ်အောင်ဘက်မှ အားနာစိတ်တော့ မဝင်မိခဲ့။ နွယ်နီစိုးဘက်မှလည်း သူငယ်ချင်းအဖြစ် ဆက်လက်၍
အခင်မင် မပျက်ရှိခဲ့သည်။

လမ်းခွဲရသည့်အကြောင်းကလည်း မည်မည်ရရ မရှိ။ ကိုသစ်အောင်က သူ့ကိုယ်သူ တစ်သက်လုံး နိုင်ငံခြား မှာပဲ အခြေချနေထိုင်ဖြစ်တော့မည်ဟု ထင်မိပြီး နွယ်နီစိုးက သူ့ကိုယ်သူ နိုင်ငံခြားတွင် နေထိုင်ကြီးပြင်းလိုသော ဆန္ဒ မရှိဟု
ဆုံးဖြတ်ခဲ့ခြင်းမျှသာဖြစ်သည်။

နောက်ဆုံးတွင်တော့ နှစ်ယောက်စလုံး လူပျိုကြီး၊ အပျိုကြီးဖြစ်ခဲ့ကြရုံမက သူတို့သူငယ်ချင်း ဆွေဆွေငြိမ်း တစ်ယောက်ပါ စီးပွားရေးတက္ကသိုလ်မှ ကထိက အပျိုကြီးတစ်ယောက် ဖြစ်သွားခဲ့ပါသည်။

                                   ( ၅ )

`မျိုး ... နေမကောင်းဘူးလား”

မျိုးက ယောင်ယောင်လေး မို့အမ်းနေသော မျက်ခွံတို့ကို လက်ကိုင်ပဝါနှင့် တို့ရင်းက ရှက်ရယ်ရယ်သည်။

"ဆရာကလည်း မျက်စိ သိပ်ရှင်တာပဲ”

ဆရာက အရိပ်တကြည့်ကြည့်နေတာ ... ဟူသော စကားကို မပြောသင့်သေးဟု ယူဆပြီး ပြန်မျိုချလိုက်ကာ ဘာဖြစ်လို့လဲဟု မေးရသည်။

" ညက သူငယ်ချင်းတွေနဲ့ ထွက်စားတာ ညဉ့်နက်သွားလို့ပါ ဆရာရယ်၊ ဟိုကောင် သူရထွေးလေ၊ သူ့နှုတ်ဆက်ပွဲ လုပ်ကြတာ”

သူရထွေး ဆိုသည်က နိုင်ငံခြား သွားတော့မည်ဆိုပြီး နုတ်ထွက်ခွင့် တောင်းသွားသော ကွန်ပျူတာကျွမ်းကျင်သူ လူငယ်လေးဖြစ်သည်။

"သူ့နှုတ်ဆက်ပွဲ ဆရာတို့ လုပ်ပေးပြီးသားပဲ”

"အဲဒါက လူကြီးဝိုင်းလေ ဆရာရဲ့၊ ညက လူငယ်ပိုင်း ထပ်လုပ်တာ။ကာရာအိုကေတွေ ဘာတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ကြတာပေါ့”

ဪ ... ဪ ... ဟုသာ ခေါင်းငြိမ့်မိသည်။

" ဘယ်သူတွေ ပါသေးလဲ”

" အားလုံးနီးနီးပါပဲ ဆရာရယ်၊ လူကြီးတွေသာ မခေါ်တာ၊ အားနာလို့”

ရယ်သာရယ်လိုက်ရသည်။

"သောက်ရော သောက်ကြသေးလား”

ဇက်ပုပြသည်။

"ယောက်ျားလေးတွေကတော့ သောက်တာပေါ့”

ရင်ထဲတွင် တစ်ဆို့ဆို့ဖြစ်သွားသည်။

"ဘယ်အချိန်မှ ပြီးကြသလဲ”

"ဆယ့်နှစ်နာရီတော့ ကျော်သွားတယ်၊ကောင်းကောင်းတော့ မမှတ်မိဘူး”

"မိန်းကလေးတွေက ဘယ်လိုလုပ် ပြန်ကြသလဲ”

"ယောက်ျားလေးတွေက လိုက်ပို့ကြပါတယ်”

"ကားမောင်းနိုင်ကြသေးလို့လား”

နှုတ်ခမ်းစူပြသည်။

"ဆရာက ဆူမလို့လား၊ သိပ်မူးအောင် မသောက်ကြပါဘူး ဆရာရဲ့၊ မျိုးကိုဆိုရင် သူရထွေး လိုက်ပို့တာ”

`အိမ်ကို .."

"အစကတည်းက သူငယ်ချင်းတွေအဆောင်မှာ လိုက်အိပ်မယ်လို့ ပြောခဲ့တာ ဆရာရဲ့ ၊ အဲဒီကိုပေါ့”

“နို့ ... ဒီကောင်က နယ်က မဟုတ်ဘူးလား၊ ရန်ကုန်မှာ ကားယူထားလို့လား”

ဇက်ပုပြပြန်သည်။

“ဆိုင်ကယ်နဲ့ ဆရာရဲ့ ၊ သူငယ်ချင်းကုမ္ပဏီကလို့ ပြောတာပဲ”

လျှာကလေးထုတ်ပြ၍ ဖိုင်တွဲပိုက်ပြီး အခန်းအပြင် ထွက်သွားခဲ့ပါသည်။

                                    (၆)

"ငါတော့ နင့်ကို သဝန်တိုအောင် တမင်လာပြောပြတာလို့ ထင်တာပဲ”

နွယ်နီစိုးက ဖေးဖေးမမတွေး၍ ပြောသည်။

“ငါလည်း ထင်ပါတယ်။ ဒါပေမယ့် မသင့်လျော်တာတော့ အမှန်လေဟာ၊ဆုံးမရအောင်ကလည်း ငါက အဲသလိုဖြစ်လို့ ပြောတယ် ထင်ဦးမယ်”

နွယ်နီစိုးက ခေါင်းတဆတ်ဆတ်ငြိမ့်သည်။

`အေးပါဟာ၊ ငါ ကြည့်ပြောပါ့မယ်၊ ဒီကလေးတွေကို ငါ့အမေပြောဖူးတဲ့`အာသာဝတီနတ်ပန်း´အကြောင်း ပြောပြရဦးမှာပေါ့”

မျက်မှောင်ကုတ်လိုက်သည်။

`ဘာလဲဟ အာသာဝတီနတ်ပန်း”

`နင်သိတာပဲဟာ အာသာဝတီနတ်ပန်းကို၊အာသာဝတီနတ်ပန်းက ဘာကြောင့် တန်ဖိုးကြီးတာလဲ”

ခေါင်းသာကုတ်ပြလိုက်သည်။

`တန်ဖိုးကြီးတာပဲ သိတာဟ၊ အဲသလိုတော့ မဖတ်ဖူးဘူး”

`ဖတ်ဖူးစရာ မလိုပါဘူးဟ၊ ဆက်စပ်တွေးကြည့်ရုံပါ။ ဘီလူး၊ ဂဠုံ၊ ကုမ္ဘာန်၊ ယက္ခ ဝန်းရံခလို့ ဆိုတာလေ၊ အစောင့်အကြပ် ထူပြောလို့ ရရန်ခက်ခဲလွန်းလို့ တန်ဖိုးကြီးတာပေါ့။မိဘမောင်ဖွား၊ အစ်ကိုတွေများက ဆိုတဲ့ သီချင်းတောင် ရှိတယ်လေ။ ဒီသိပ္ပံ
ခေတ်ကြီးမှာတော့ မိဘမောင်ဖွား၊ အစ်ကိုတွေများကလည်း ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေကြရလို့ ရှေးကလို နှမလေးတွေကို ဘီလူး၊ ဂဠုံ၊ ကုမ္ဘာန်၊ ယက္ခလို
မစောင့်ကြပ်အားကြတော့ဘူးတဲ့။ ဒီခေတ် မြန်မာ့မိန်းကလေးတွေက ကိုယ့်အရှက်နဲ့
ကိုယ့်သိက္ခာကို ကိုယ်ပိုင်ဣန္ဒြေ၊ ကိုယ်ပိုင်သိက္ခာ၊ ကိုယ်ပိုင် ဟီရိဩတ္တပ္ပတရားနဲ့ ဘီလူး၊
ဂဠုံ၊ ကုမ္ဘာန်၊ ယက္ခလို စောင့်ကြပ်နိုင်မှ အများအထင်သေးစရာမဖြစ်ဘဲ အာသာဝတီ
နတ်ပန်းလို အများတန်ဖိုးထားတဲ့ ပန်းကလေးတစ်ပွင့်ဖြစ်မှာတဲ့”

အန်တီက တော်လိုက်တာဟာ ... ဟုသာ လေသံနှင့် ရေရွတ်မိသည်။

လပေါင်းများစွာ သူ စဉ်းစား၍ မရခဲ့သော ပုစ္ဆာတစ်ပုဒ်၏ အဖြေကိုလည်း ရှာ၍တွေ့သွားသယောင် ခံစားရသည်။

နိုင်ငံခြားတိုင်းပြည်များတွင် မိန်းမလှလေးပေါင်းများစွာနှင့် ရင်းနှီးခဲ့သော် မြန်မာမလေးတစ်ဦးနှင့်သာ အချိန် တန်လျှင် အိမ်ထောင်ပြုမည်ဟု သူ ဘာကြောင့် ကြိုတင်စဉ်းစားနေမိခဲ့ပါသနည်း။

`အာသာဝတီနတ်ပန်း´အစစ်သည် မြန်မာပြည်မှာပဲ ပွင့်နေလို့လား။ ပွင့်သည်ထားဦး၊ မြန်မာမိန်းကလေးတိုင်း ကရော နွယ်နီစိုး၏အမေ တင်စားသလို
`အာသာဝတီနတ်ပန်း ”ပိုင်ရှင်များ ဖြစ်နေကြလို့လား။ အခုပဲ `ဘရဏီမျိုး”တစ်ယောက်ကို နွယ်နီစိုးက ဒီစကားနှင့် ဆုံးမရတော့မည်။ ဘယ်လောက်များရော ယုံယုံကြည်ကြည် နင့်နင့်နဲနဲ လက်ခံနိုင်ပါမည်တဲ့လဲ။

`နေဦးဟ ... ငါ တစ်ခု သတိရပြီ”

`ဘာလဲဟ၊ နင်က အလန့်တကြား”

`အန်တီကိုယ်တိုင် နင့်ကို နာမည်ပေးခဲ့တာ မဟုတ်လား”

မျက်ခုံးတွန့်ပြသည်။ 

`ပြောသံကြားဖူးတာပဲ၊ ဘာဖြစ်လို့လဲ”

`စိုး ... ဆိုတာက နင့်အဖေနာမည်လေ၊ နွယ်နီဆိုတာ အာသာဝတီနတ်ပန်းနဲ့ အတူတူပဲ မဟုတ်လား။ အန်တီက နင့်ကို အဓိပ္ပါယ်ရှိရှိ နာမည်ပေးခဲ့တာပေါ့”

မျက်စောင်းလှလှထိုးသည်။

`တစ်လောကလုံး သိတယ်၊ ခုမှ ထ အိပ်မက်မက်နေ”

                                   ( ၇ )

အနည်းငယ် ဝလာပြီး သိသိသာသာ အသားညိုသွားသော်လည်း ဆွေဆွေငြိမ်း၏ ရုပ်ကတော့ သိပ်မပြောင်း လဲလှ။

ကိုသစ်အောင်ရှေ့ ကုလားထိုင်တွင် ဝင်ထိုင်ပြီးသည်နှင့် ချာလည်လည် လှည့်ကြည့်ပြီး မေးသည်။

`ဟဲ့ .. နွယ်နီရော”

`ကွန်တိန်နာ သွားထုတ်တယ်ဟ၊ နင်အေးအေးဆေးဆေး နေမယ်ဆို တွေ့မှာပေါ့၊ ဒီပဲ ပြန်လာမှာပဲဟာ”

ဆွေဆွေငြိမ်းက သဘောကျစွာရယ်၍ ရှေ့ကို ကုန်းပြီး တိုးတိုးလေး မေးပြန်သည်။

`အဆင်ပြေကြပြီ မဟုတ်လား၊ ငါ ဘယ်တော့ မင်္ဂလာဆောင် လာခဲ့ရမှာလဲ”

သူပြောသလို တစ်ခါမှ မစဉ်းစားခဲ့မိသော ကိုယ့်ကိုယ်ကိုပင် ရုတ်တရက် အံ့အားသင့်သွားပြီးမှ ရှက်ရယ် ရယ်လိုက်ရသည်။

`ဘာလဲဟ၊ တို့က အခု သူငယ်ချင်းလိုပဲ နေကြတာ”

ဆွေဆွေငြိမ်းက `ဟင်း”ကနဲ စိတ်ပျက်လက်ပျက်ညည်းသည်။

`ဘာဖြစ်လို့လဲဟ နင်တို့က၊ ငါမနှစ်က ပြန်လာတုန်းက နွယ်နီနဲ့တွေ့ ပါသေးတယ်။ နွယ်နီက နင့်အကြောင်းတွေ ပြောနေတုန်း ... ပြီးတော့ ...”

လေသံတိုးတိုးနှင့်ရယ်၍ ...

`လှလည်း လှနေတုန်းပဲ မဟုတ်လားဟ”

အနေရခက်စွာ ရယ်မိပြန်သည်။

`ဒီအရွယ်တွေကျတော့ ဘွာတေးလို့ ပြောရတာ နည်းနည်းခက်လာပြီဟ”

`အပိုတွေနော် သစ်အောင်၊ နင် ငယ်ငယ်လေးတစ်ယောက် ထပ်တွေ့ထားလို့ မဟုတ်ဘူးလား”

အရှိုက်ကို ထိသလိုဖြစ်သွား၍ မျက်နှာဟန်မပျက်အောင် လျှောချရသည်။

`ဒီလိုတော့လည်း မဟုတ်သေးပါဘူးဟာ၊ အဲဒါ ထားပါဦး၊ နင်ရော မကွေးမှာ အဆင်ပြေရဲ့လား”

ပုခုံးတွန့်ပြသည်။

`အောက်သူဆိုတော့လည်း အညာမှာ ပျော်လှတယ်တော့ ဘယ်ဟုတ်မလဲဟာ၊ဒါပေမယ့် ကျောင်းဆရာမ လုပ်ကတည်းက ဝန်ထမ်းဆိုတာ အချိန်တန်ရင်
ရာထူးတိုးရမယ်၊ ရာထူးတိုးဖို့ လိုအပ်ရင် ပြောင်းရွှေ့တန် ပြောင်းရွှေ့ ရမယ်၊ကြိုနှလုံးသွင်းပြီးသားပဲ။ ပြီးတော့ ဌာနမှူးအဆင့်နဲ့ ပြောင်းမလားလို့ အမေးခံရတုန်းကလည်း ငါက ဒီမှာ စိတ်ညစ်စရာလေးတစ်ခုနဲ့ တွေ့နေလို့ စိတ်ပြေလက်ပျောက်
ထွက်သွားလိုက်တာလည်း ပါတယ်”

မျက်ခုံးပင့်ကြည့်မိသည်။

`ဘာလဲ၊ နင်က ဇာတ်လမ်းတွေ ဖြစ်ပြီလား”

ဆွေဆွေငြိမ်းက ခွက်ထိုးခွက်လန်ရယ်သည်။

`ဖြစ်မလားဟဲ့၊ ငါက နင့်နွယ်နီလို အရွယ်တင်လှပ နုပျိုနေတာမှ မဟုတ်တာ။ ငါ စိတ်ညစ်တာက ကျောင်းသားနဲ့ ကျောင်းသူ အတွဲတစ်တွဲနဲ့ ကွိုင်အကြီးအကျယ်တက်လို့”

`ဘယ်လို”

                                 ( ၈ )

ကျောင်းပရိဝုဏ်အတွင်းတွင် မိုးကလေးခပ်ဖွဲဖွဲ့၌ ထီးကလေးတစ်ချောင်း နှစ်ယောက်တည်း ဆောင်းလာ ကြသော ကျောင်းသားကျောင်းသူ စုံတွဲတစ်တွဲနှင့်ဒေါ်ဆွေဆွေငြိမ်း ပက်ပင်းတိုးသည်။ ထီးပါမလာသဖြင့် စာအုပ် ကလေး ခေါင်းပေါ်ရွက်၍
အပြေးတစ်ပိုင်း လျှောက်လာရင်းကပင် ကောင်လေးရော၊ ကောင်မလေးပါ သူသင်ရသော
အတန်းထဲမှ ကျောင်းသားကျောင်းသူများဖြစ်ရုံမက သူမနက်တိုင်း လိုက်စီးသော ကျောင်းသူကျောင်းသား ကြိုပို့ကား တစ်စီးတည်းပါနေကျ မျက်နှာလေးများဖြစ်ကြောင်း သတိထားမိသည်။

ထူးခြားချက်ကတော့ နှစ်ဦးစလုံး သူ့ကို မြင်ပါလျက်နှင့် `ဆရာမ ထီးမပါဘူးလား၊သားတို့ သမီးတို့ ဘယ်ပို့ ပေးရမလဲ”ဟု ဟန်ဆောင်ပန်ဆောင်ပင် လောကွတ်မပြုကြခြင်းပင်ဖြစ်သည်။ ထို့ထက်ထူးခြားသည်က တစ်ယောက် ခါးကို တစ်ယောက်
တင်းကျပ်စွာ ဖက်ထားကြသည်မှာ ကောင်မလေး၏ ဘယ်ဘက်ရင်ခွင်မှာ ကောင်လေး၏ချိုင်းကြားသို့ တစ်သားတည်း ဝင်ရောက်နေခြင်းပင်ဖြစ်သည်။

`ဘုရားရေ ... နိုင်ငံခြားတက္ကသိုလ် ပရိဝုဏ်ထဲများ ရောက်သွားမိလေသလား´ဟုစိတ်ထဲတွင် ပြောချင် စိတ်တို့ တလိပ်လိပ် တက်လာသော်လည်း ရင်ထဲသို့သာမျိုချဖြစ်လိုက်သည်။ မိုးက ပိုသည်းလာသဖြင့် ဆက်ပြေးလာ ခဲ့သည်။

သိပ်ရက်များမကြာမီတွင် ထိုစုံတွဲကို ကျောင်းကြိုပို့ကားပေါ်တွင် ဒေါ်ဆွေဆွေငြိမ်း သိပ်မသင့်လျော်ဟု ထင်သောအနေအထားဖြင့် တွေ့ရပြန်သည်။ ကောင်လေး၏ ပေါင်တစ်ဖက်ပေါ်တွင် ကောင်မလေးက တင်တစောင်း တင်၍ ထိုင်နေခြင်းဖြစ်သည်။

သည်တစ်ခါတော့ မနေနိုင်တော့သဖြင့် ဒေါ်ဆွေဆွေငြိမ်းက ထိုင်နေရာမှ ဘေးသို့ အနည်းငယ်တိုးကပ်၍ ထိုင်စရာ နေရာပိုတစ်ခုရအောင် ဖန်တီးမိသည်။

`သမီး ... လာ ... ဒီမှာ လာထိုင်”

ကောင်မလေးက ပြုံး၍ ခေါင်းခါပြသည်။

`ရတယ် ... တီချယ် ... သမီးတို့ ဒီလိုပဲ စီးနေကျပါ”

ဘုရားရေ ... ဒီလိုပဲ စီးနေကျ ဆိုပါလား။

`ယောက်ျားလေးနဲ့ မိန်းကလေး မသင့်လျော်ပါဘူး သမီးရယ်၊ လာပါ”

ကောင်မလေးမျက်နှာ တင်းကနဲ ဖြစ်သွားသည်။

`ဒါ သမီးချစ်သူပဲ တီချယ်၊ ဘာဖြစ်လဲ”

မျက်နှာတစ်ခုလုံး သွေးတို့ ထူအမ်းပြည့်လျှံတက်လာသဖြင့် မျက်လုံးတို့ ဝေဝါးသွားသည်။ ဘေးမှ ကျောင်းသူ ကျောင်းသားတို့ဆီမှ သူတို့စုံတွဲကို
အပြစ်တင်ပြောသံများလည်း တီးတိုးထွက်ပေါ်လာသည်။ ဒီကြားထဲက ကောင်လေး၏'ဘာလဲကွ၊ ကျောင်းသားကားကို ဆရာမက လာစီးပြီးတော့ … 'ဟူသည့် အသံသဲ့သဲ့ကိုလည်း ကြားဖြစ်အောင် ကြားလိုက်ရပါသေး၏။

                                   ( ၉ )

`ငါလည်း ဌာနထဲမှာ ငိုနေတာ ပါမောက္ခက တွေ့သွားပြီး အကျိုးအကြောင်းမေးလို့ ပြောပြတော့၊ သူတို့ကို ပါမောက္ခက ခေါ်တောင်ဆူသေးတယ်။ အဲဒီအချိန် မကွေးကို ရာထူးတိုးဖို့ ဖြစ်လာတော့ ငါလည်း စိတ်ပြေ လက်ပျောက်ဆိုပြီး ခေါင်းငြိမ့်ပြီး
ထွက်သွားလိုက်တာ အခုဆို သုံးနှစ်ပေါ့”

သက်ပြင်းသာ ချမိသည်။

`ငါလည်း နိုင်ငံခြားတိုင်းပြည်တွေ နေလာတော့ ဟိုက ကလေးတွေ ဒီလိုပဲ ဆိုးကြတာတွေ ကြားဖူးပါတယ်။ ဒါပေမယ့် တို့ကလေးတွေကိုတော့ သူများနိုင်ငံက ကောင်းတာတွေပဲ အတုယူစေချင်၊ မကောင်းတာတွေတော့ အတု မယူစေချင်ဘူး။
အထူးသဖြင့် မြန်မာမိန်းကလေးတွေရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာနဲ့ လုံခြုံစောင့်စည်းတတ်တဲ့ ဣန္ဒြေကိုတော့ မလျော့စေချင်ဘူး”

ဆွေဆွေငြိမ်းက မပွင့်တပွင့်ရယ်သည်။

`မနှစ်တုန်းက မင်္ဂလာဆောင်တစ်ခုမှာ ကောင်လေးနဲ့တော့ တွေ့သားဟ၊ ငါ့ကို ပြုံးပြီး တီချယ် နေကောင်းလားလို့တောင် နှုတ်ဆက်သေးတယ်”

မျက်ခုံးပင့်မိသည်။

 ဆွေဆွေငြိမ်းက ရယ်သည်။

`မအံ့ဩနဲ့လေ၊ အဲဒီတုန်းက သူက သတို့သားကိုး။ သတို့သမီးကရော နှုတ်မဆက်ဘူးလားလို့ မမေးနဲ့၊ သတို့သမီးက ငါတစ်ခါမှ မမြင်ဖူးတဲ့ မိန်းကလေး
တစ်ယောက်၊ လက်အုပ်လေးချီ၊ ဒူးကလေးညွတ်ပြီး နှုတ်ဆက်တာ၊ တော်တော်ချစ်စရာလေး၊ ဟိုကောင်မလေးတော့ မဟုတ်တာ သေချာတယ်”

`ကောင်မလေးက ဘယ်ရောက်သွားလို့လဲ”

`မသိဘူးလေဟာ၊ ငါနဲ့ တစ်ခါမှ ထပ်မဆုံတော့ဘူး။ ဒါပေမယ့် တွေ့ရင်တော့ ငါမှတ်မိတာ သေချာပါတယ်။ သူ့အလှက ထင်းကနဲနေအောင် လှတဲ့ အလှမျိုး”

အလူမီနီယမ် တွန်းတံခါးလေး ဖွင့်သံကြားရ၍ မော့ကြည့်လိုက်တော့ ဘရဏီမျိုး
လက်ဆွဲအိတ်တစ်လုံးနှင့် ဝင်လာတာ မြင်သည်။

`ဆရာ တော်တော်ရက်စက်တယ်”

`ဟေ ... ဘာလို့”

`လေးနာရီကြာတယ် ဆရာ၊ မတ်တတ်ရပ်ရတာ။ အဲဒါ ဆရာ မျိုးကို အလျော်ပေးတဲ့အနေနဲ့ မစ္စတာ ဂစ်တာက ဘလူးမောင်တိန်ကော်ဖီ လိုက်တိုက်ပေတော့”

နွဲ့ဆိုးဆိုးနေသည့် ဟန်ပန်လေးကို သဘောကျစွာ ရယ်မောရင်း ဆွေဆွေငြိမ်းဘက်ကို လက်ပြ၍ ပြောလိုက်သည်။ 

`နောက်တော့ တိုက်ပါ့မယ်ဗျာ၊ အခုတော့ ဆရာ့သူငယ်ချင်း ဒေါ်ဆွေဆွေငြိမ်း ရောက်နေလို့ သူ့ကိုပဲ အရင် ပရီးမီးယားလေး ဖျော်တိုက်လိုက်ပါဦး”

ဆွေဆွေငြိမ်းနှင့် မျက်နှာချင်းဆိုင်မိသည်နှင့် ဘရဏီမျိုး၏ မျက်နှာမှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသူ တစ်ယောက်လို သွေးဆုတ်သွားခဲ့ပါသည်။

ကမန်းကတန်း နောက်ဆုတ်နောက်ဆုတ်နှင့် အလူမီနီယမ်တံခါးလေးဆီ ရောက်သွားပြီး
ကမန်းကတန်း တံခါးဖွင့် ထွက်ခွာသွားပါသည်။

ဘာပြောရမည်မှန်း မသိသဖြင့် သူငယ်ချင်းနှစ်ဦးသား အတန်ကြာ တိတ်ဆိတ်စွာ ဆက်ထိုင်နေဖြစ်ကြ ပါသည်။ ကော်ဖီရော၊ ဘရဏီမျိုးပါ ပြန်ရောက်မလာခဲ့ပါ။

`ပြန်မယ်ဟာ၊ နင့် ပရီးမီးယားက လာမှာ မဟုတ်တော့ဘူး။ သေချာပြီ”

ဆွေဆွေငြိမ်းက ရယ်၍ပြောသည်။

`ဘာဖြစ်ကြတာလဲဟ”

`နင့် စက္ကရီတေရီနဲ့ ပြောတာလား။ ဘာမှ မဖြစ်ပါဘူး၊ သူက အသက်တောင် တော်တော်ရှည်ဦးမှာ”

`ဘာရယ်”

“ငါပြောတဲ့ကောင်မလေးက သူလေ၊ သူ့နာမည် ဘရဏီမျိုး မဟုတ်ဘူးလား”

ကိုသစ်အောင်နားတို့ အူထွက်သွားပါသည်။

                                (၁၀)

နောက်ခြောက်လအကြာတွင် ကိုသစ်အောင် လက်ထပ်ဖြစ်ပါသည်။ သတို့သမီးကတော့ အများကြိုတင် ထင်ကြေးပေးထားကြသည့်အတိုင်း နွယ်နီစိုး ဖြစ်ပါသည်။

ဆွေဆွေငြိမ်းက သူ့အသက်ကို အကြောင်းပြကာ သတို့သမီးရံလုပ်ရန် ငြင်းဆန်သဖြင့် အရွယ်ချင်း ကွာသော်ငြားလည်း ကုမ္ပဏီဝန်ထမ်း ယောက်ျားလေးနှစ်ဦးနှင့်မိန်းကလေးနှစ်ဦးက လူပျိုရံ၊ အပျိုရံ လုပ်ကြပါသည်။ ဘရဏီမျိုး မပါပါ။ ဘရဏီမျိုး
အလုပ်ထွက်သွားပြီးနောက်ပိုင်း ကုမ္ပဏီနှင့် အဆက်အသွယ်မလုပ်ခဲ့ပါ။

---------------

လင်္ကာရည်ကျော်

ဇီဝက မဂ္ဂဇင်း၊
ဇန်နဝါရီလ၊ ၂၀၀၉

#Typing_crd_ZawOo

No comments:

Post a Comment