Thursday, 7 May 2020

#မမောပါဘူး_ပျော်ပါတယ် #လယ်တွင်းသားစောချစ်

#မမောပါဘူး_ပျော်ပါတယ်  

#လယ်တွင်းသားစောချစ် 

        နွေရာသီ ကျောင်းပိတ်ရက် တစ်ရက်၏ မနက်ပိုင်းမှာ ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီး ဦးဖိုးအောင်သည် မကြာမီ ထုတ်ပြန်ရမည့် အတန်းလိုက်အောင်စာရင်းကို စိစစ်နေသည်။

        မြေးလေးက သူ၏ သုံးဘီးစက်ဘီးလေးကို အိမ်ထဲမှ တွန်းထုတ်လာသည်။

        “မေမေ ညောင်ပင်အောက် သွားကစားမယ်နော်…….”

        မြေးကလေးက သူ့အမေကို ခွင့်တောင်းနေသံ ကြားရသည်။

        “ဟင်း ….. သွားချင်မှာပေါ့ ….. ဟိုမှာ ကစားဖော်က စောင့်နေတာကိုး”

        သမီးဖြစ်သူ၏စကားကြောင့် အိမ်အနောက်ဘက်မှ ညောင်ပင်ကြီးဆီသို့ ဦးဖိုးအောင် လှမ်းကြည့်လိုက်သည်။

        ညောင်ပင်အောက်မှ ကွပ်ပျစ်ပေါ်မှာ ခြံနီးချင်း မြေးလေးနှင့်ရွယ်တူ မြအေး ထိုင်စောင့်နေသည်ကို တွေ့ရသည်။

        သမီးက ခြံထွက်ငှက်ပျောခိုင်မှ မှည့်နေပြီဖြစ်သော ငှက်ပျော်သီးတစ်လုံးကို ဖြုတ်ပေးသည်။

        “ရော့ ….. ဒါသားဖို့ ပေးတာနော် ခဏနေဦး ”

        သမီးက နောက်တစ်လုံး ထပ်ဖြုတ်သည်။

        “ဒါက မြအေးစားဖို့ ပေးလိုက်”

        “ဟုတ်ကဲ့”

        မြေးလေးက ငှက်ပျော်သီးနှစ်လုံးကို ယူပြီး စက်ဘီးလေး စီး၍ ညောင်ပင်အောက်သို့ သွားသည်။

        ဦးဖိုးအောင်၏ ခြံထဲမှ ညောင်ပင်ကြီးမှာ နွေရာသီတွင် အရိပ်အာဝါသ အေးမြလှသည်။ လမ်းဘေးမှာဖြစ်၍ လမ်းပေါ်ကိုလည်း အရိပ်များ အုပ်မိုးနေသည်။

        ညောင်ပင်မှာ ကလေးများ လာရောက်ကစားကြသည်။ အပူဒဏ် ရှောင်လိုကြသော လူကြီးများလည်း ညောင်ပင်ကြီးအောက်မှာ လာနားကြသည်။ ထို့ကြောင့် ဦးဖိုးအောင်က ညောင်ပင်ကို ပတ်ပြီး ကွပ်ပျစ်ကျယ်ကျယ် ရိုက်ပေးထားရုံမက ရေအိုးစင်ပါ တည်ပေးထားသည်။

        မြေးလေးသွားပြီး ခဏအကြာတွင် သမီးအသံကို ကြားရသည်။

        “အဖေ …. အဖေ့မြေးကတော့ စိတ်ပျက်စရာပဲ ”

        “ဘာဖြစ်လို့လဲ သမီးရဲ့”

        “သူ့အတွက် ငှက်ပျောသီးတစ်လုံးပေးလိုက်တယ်။ သူ့အကြောင်းသိလို့ မြအေးအတွက် တစ်လုံးထပ်ပေးလိုက်တယ်။ သူ့ငှက်ပျောသီးမစားဘဲနဲ့ ပေးမှာစိုးလို့ ၊ အဲဒါ မြအေးကို ငှက်ပျောသီးပေးတယ်၊ သူမစားဘဲနဲ့ ကိုင်ထားတယ် …. မြအေးစားတာ ကြည့်နေတယ် ၊ မြအေး ငှက်ပျောသီးကုန်သွားတော့ ဘာတွေ ပြောကြလဲမသိဘူး ၊ ပြောနေကြတယ် ၊ ခဏကြာတော့ သူ့ ငှက်ပျောသီးကိုပါ မြအေးပေးလိုက်တယ် ၊ ဟိုကောင်လေးက လူလည်လေး နှစ်လုံးစလုံး စားတယ်။ သူက ဘာမှ မစားရဘူး”

        ဦးဖိုးအောင်သည် ဘာမျှ ပြန်မပြောဘဲ သူ့အလုပ်သူ ဆက်လုပ်နေသည်။ သမီးက သူ့သားဆီ ကြည့်နေဟန် တူပါသည်။

        ခဏကြာတော့ သမီးအသံကို ဦးဖိုးအောင် ကြားရပြန်သည်။

        “အဖေ မြေးကတော့ စိတ်ညစ်စရာ သိပ်ကောင်းတာပဲ …… တစ်ချိန်လုံး ဟိုကောင်လေး စက်ဘီးပေါ်တင်ပြီး လှည့်ပတ်တွန်းနေတာ ညောင်ပင်သုံးပတ်ရှိပြီ၊ ဟိုကောင်လေးက တစ်ခါမှလဲ မတွန်းဘူး၊ စက်ဘီးပေါ်ထိုင်လို့ သဘောကျနေလိုက်တာ ….. သူကဖြင့် တွန်းနေတာ မောနေပြီ …..”

       ဦးဖိုးအောင်  ညောင်ပင်ဆီသို့ ကြည့်လိုက်သည်။ မြအေးကို စက်ဘီးပေါ်တင်ပြီး တွန်းနေသော မြေးလေးကို တွေ့ရသည်။

        စက်ဘီးစီးရသော မြအေး ပျော်သလို တွန်းပေးသော မြေးလေးကလည်း ပျော်နေသည်။

        “သားရေ ….. လာဦး …… စက်ဘီး ယူခဲ့”

        သူ့ အမေ ခေါ်သံက မာကြောသည်။
        မြအေး စက်ဘီးပေါ်မှ မြန်မြန်ဆင်းသည်။ မြေးလေး စက်ဘီး စီးပြီး ပြန်လာသည်။

        “သား လာစမ်း ….. ”

        မြေးလေး စက်ဘီးပေါ်မှ ဆင်းပြီး သူ့အမေဆီသို့ သွားသည်။

        “မေမေ ငှက်ပျောသီး နှစ်လုံးပေးလိုက်တာ တစ်လုံးက သားစားဖို့ လို့ မေမေ အသေအချ ပြောတယ်မဟုတ်လား ….. ”

        မြေးလေး ခေါင်းညိတ်ပြသည်။

        “ငါ့မြေးက သနားတက်တယ် ၊ အနစ်နာခံစိတ်ရှိတယ်၊ သူများကို ကူညီချင်တယ် ၊ ငါ့သမီးက စိတ်ကောင်းရှိတဲ့ သားလေးကို ရထားတာ ၀မ်းသာဖို့ကောင်းတာပေါ့ ၊ ငါ့မြေးတစ်သက်တာ အတွက် စိတ်ချရတယ်၊ ငါ့မြေးက ပျော်နေတာပါ ၊ မမောပါဘူး ၊ ငါ့သမီးကသာ မောနေရမှာ အဖေ စိုးရိမ်တယ်”

        “ဘာဖြစ်လို့ နှစ်လုံးစလုံး မြအေးကို ပေးရတာလဲ ….. မြအေး က သိပ်လည်တာပဲ နှစ်လုံးစလုံးကို သူချည်းပဲ စားပစ်တယ် ၊  သားက သိပ်အတာပဲ …. ဘာဖြစ်လို့ သားငှက်ပျောသီးကို ပေးရတာလဲ ……”

        သမီးက မကျေမနပ် မေးနေသည်။ မြေးလေး ဘာဖြေမည်ကို သိချင်၍ ဦးဖိုးအောင် လှမ်းကြည့်လိုက်သည်။

        “သားက မနက်စာ ထမင်း စားပြီးပြီ ။ မြအေး ခုထိ ဘာမှ မစားရသေးဘူး ….. မေမေ ၊ သူ့ အမေက ထန်းတောရွာ သွားပြီး စျေးရောင်းနေတယ်၊ သူ့အမေပြန်လာမှ စားရမှာတဲ့ သူသိပ်ဆာနေတာ သနားလို့ ကျွေးလိုက်တာပါ မေမေ…..”

        ဦးဖိုးအောင် မြေးလေးကို လှမ်းကြည့်ရင်း မသိမသာ ခေါင်းညိတ်မိသည်။

        “ဟင်း …… စက်ဘီးစီးတော့လဲ သားကချည်း သူ့ကို တွန်းပေးနေရတာ….. သူကတစ်ခါမှလဲ ပြန်တွန်းမပေးဘူး သားက တစ်ခါမှလဲ မစီးရဘူး မြအေးက သိပ်လည်တာပဲ ၊ သားက စက်ဘီးလဲ စိုက်ရသေးတယ်။ သူ့ ကိုလဲ တင်တွန်းရသေးတယ် ၊ သိပ်အတာပဲ …. ဘာလို့ တလှည့်စီ မစီးရတာလဲ ….”

        မြေးလေး ဖြေမည့်စကားကို ဦးဖိုးအောင် နားစွင့်နေရပြန်သည်။

        “သားက တွန်းပေးစရာမှမလိုဘဲ …. ကိုယ့်ဘာသာ စီးတက်တာပဲ မေမေ၊ သူက မစီးတက်လို့ တွန်းပေးရတာ”

        “ဒါဆို တစ်လှည့်စီ စီးပေါ့ သူက စက်ဘီးပေါ်က မဆင်းတော့ဘူး”

        “သူက သားကို တွန်းပေးမယ် ပြောပါတယ် မေမေ၊ သားက တစ်နေ့ လုံး စီးလို့ ရတာပဲ သူက စက်ဘီးမရှိတော့ သားနဲ့ တွေ့တုန်းစီးရတာ ”

        မြေးလေးမှာ သူ့ အဖြေနဲ့ သူ ရှိနေပါပြီ။ ထိုအဖြေများတွင် သူ့ သဘောထားလည်း ပါပြီး ဖြစ်နေပါသည်။

        “အဖေ့ မြေးကို ပြောပါဦး …. ဘီးတွန်းရတာနဲ့ မောနေပြီ”

        သမီးက ဖခင်ဖြစ်သူကို အကူအညီတောင်းနေသည် သမီးနှင့် မြေးကို ကြည့်ပြီး ဦးဖိုးအောင် ပြုံးလိုက်သည်။

        “ငါ့မြေးက သနားတက်တယ် ၊ အနစ်နာခံစိတ်ရှိတယ်၊ သူများကို ကူညီချင်တယ် ၊ ငါ့သမီးက စိတ်ကောင်းရှိတဲ့ သားလေးကို ရထားတာ ၀မ်းသာဖို့ကောင်းတာပေါ့ ၊ ငါ့မြေးတစ်သက်တာ အတွက် စိတ်ချရတယ်၊ ငါ့မြေးက ပျော်နေတာပါ ၊ မမောပါဘူး ၊ ငါ့သမီးကသာ မောနေရမှာ အဖေ စိုးရိမ်တယ်”

--------------

လယ်တွင်းသားစောချစ်

[ Online Library ပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။]

No comments:

Post a Comment