Monday, 4 May 2020

ဘင်္ဂလားအစ်ကိုကြီး #ဦးသုခ

#ဘင်္ဂလားအစ်ကိုကြီး

#ဦးသုခ

ဘဌေးမှာ အတော် ကုသိုလ်ဌေးကြွယ်သူတစ်ဦး ဖြစ်လေသည်။ မိဘအမွေများကို အုပ်ချုပ်၍ အတိုးသီးပွားဖြစ်အောင် ဆောင်ရွက်နေရှာသည်။
ဦးလေးတော်တစ်ယောက်ရှိခြင်းကြောင့် အလုပ်အကိုင်နှင့် စီးပွားရေးတွင်
ကိုယ်တိုင်ကိုယ်ကျ ပူပန်စရာမလို။

“ဘဌေး ပိုးကုမ္ပဏီ”ဟု အမည်တပ်ထားသော်လည်း မန္တလေးမြို့ ပင်ရင်းတိုက်ကြီးတွင် ဘဌေး ဖင်မြဲမြဲထိုင်သည်မဟုတ်။ ရန်ကုန်တိုက်ခွဲ၊ရေနံချောင်း၊ ပြည် စသော မြစ်ရိုးမြို့တိုက်ခွဲများနှင့်တကွ မြစ်ဝကျွန်းပေါ် အရပ်များသို့ လှည့်လည် ကြည့်ရှုနေခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။

အသက် နှစ်ဆယ့်ရှစ်နှစ်တိုင်အောင် မယား၊ သားမယူခြင်းသည်လည်း ဤကဲ့သို့ လွတ်လွတ်လပ်လပ် မလည်မပတ်ရမည် စိုးခြင်းကြောင့် ဖြစ်တော့သည်။ သို့သော် တကယ်ချစ်လောက် စွဲလောက်စရာ မတွေ့သေး၍ဟုဆိုက ပို၍ မှန်ကန်ပေမည်။ သတ္တဝါဟူသည်ကား ကိုယ်ကတကယ် ခုံခုံမင်မင် ချစ်ခင်စွဲလမ်းနေသော ပုဂ္ဂိုလ်ရှိပါမူ ထိုသူအနားက
တစ်ဖဝါးမျှ မခွာနိုင်၊ ခွာလိုစိတ်လည်း မရှိတတ်သည်မှာ ဓမ္မတာပင် ဖြစ်တော့၏။ ထို့ကြောင့် ဘဌေး ဤကဲ့သို့ ချေးကျရာ ပျော်တတ်သည့်
ကြက်လို နမော်နမဲ့ ပျော်ပျော်ပါးပါး မြို့တကာ လည်နေနိုင်ခြင်းသည် သူကိုယ်တိုင်က မမြင်ရ မနေနိုင်အောင် စွဲမက်စရာကလေးတစ်ယောက်
ယောက်မျှ မရှိသေး၍ ဖြစ်သည်။ မတွေ့သေး၍ ဖြစ်သည်။

ယခုတလော ရန်ကုန်သို့ ရောက်လာခြင်းမှာလည်း ထွေထွေထူးထူး ရေးကြီးခွင်ကျယ် မည်မည်ရရ ကိစ္စမရှိ။ အိုလံပစ်သို့ သွားကြမည့်
တရုတ်စင်တောင် ဘောလုံးနှင့် ဘီအေအေညွန့်ပေါင်းတို့ ကစားကြမည့်ပွဲကို ကြည့်ရန်မျှသာ ဆင်း၍ လာခဲ့ခြင်း ဖြစ်တော့သည်။ ဘဌေးသည်
ကစားခုန်စားအားနှင့် ကျန်းမာရေးကို အတော် ဝါသနာပါခဲ့သည်။ကိုယ်တိုင်လည်း လေ့ကျင့်ကြိုးစား၍ သူတစ်ပါးကိုလည်း အားပေး
တိုက်တွန်းကာ ရက်ရက်ရောရော ချီးမြှင့်တတ်လေသည်။

ခါတိုင်း ဘောပွဲကပြီးလျှင် တည်းခိုရာ ဘုံဘေဟိုတယ်သို့သာ တိုက်ရိုက် ပြန်လေ့ရှိသော်လည်း ယနေ့မှာ ဘောပွဲအပြီးတွင် လူကြိုက်များ
၍ နာမည်ကြီးနေသော ဂလုပ်က ဇာတ်ကားတစ်ကားကို ဝင်ကြည့်နေမိခြင်းကြောင့် ကိုးနာရီလောက်မှ ဘုံဘေဟိုတယ်သို့ ပြန်ရောက်ခဲ့သည်။

မီးရောင်တွေ တထိန်ထိန်လင်းလျက် ပန်ကာများ တဝီဝီလည်နေသော ခန်းမကြီးအတွင်းရှိ ဧည့်ပရိသတ်များကို ဖြတ်၍ မိမိအခန်းရှိရာအပေါ်
ထပ်သို့ တက်ခဲ့လေသည်။ အပေါ်ထပ်မှာမူကား ဓာတ်မီးများ လင်းထိန်ခြင်း မရှိ။ အခန်းကလေးများသို့ ကူးသန်းသွားလာရာ လမ်းကလေးကို
မြင်နိုင်လောက်အောင်သာ ဓာတ်မီးတစ်ပွင့်မျှ ဖွင့်ထားခြင်း ရှိလေသည်။

• ဘဌေးသည် သူ့အခန်းကို ဖွင့်၍ဝင်ရန် သော့ကို အိတ်ထဲ၌စမ်းကြည့်မိသည်။ သို့သော် သော့ကို မတွေ့။ အိတ်တွင်း၌ သော့ မရှိ။တစ်ခဏကလေး အံ့သြထိတ်လန့်သွားပြီးမှ ယနေ့ နေ့လယ်လောက်
ကတည်းက သော့ကို ခေါင်းအုံးအောက်တွင် မေ့၍ - ထားခဲ့ပြီးလျှင်အခန်းတံခါးကို သော့မခတ်ခဲ့မိဘဲ ပိတ်၍ အမှတ်တမဲ့ ထွက်လာခဲ့မိ
ကြောင်း သတိရတော့သည်။

ဘဌေးသည် မှောင်နေသောအခန်းတွင်းသို့ တံခါးကို ဖွင့်၍ ဝင်ခဲ့မိသည်။ သို့သော် ကိုယ့်အခန်းတွင်းတွင် သူစိမ်းတစ်ယောက်ယောက် ဝင်နေကြောင်း အလိုလို ရိပ်မိသည်။ လိပ်ပြာမသန့် ရနံ့မကင်း ဖြစ်မိသည်။ထို့ကြောင့် မီးခလုတ်ရှိရာသို့ လက်လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မိမိ၏ ခုတင်အောက်ဆီက လူတစ်ယောက် အခန်းတံခါးဝသို့ ပြေးထွက်
ရန် အလာတွင် ဘဌေးနှင့် ဘေးချင်းတိုက်မိလေရာ အသတ်အပုတ် ဝါသနာပါ၍ မျက်စိလျင် လက်မြန်သည်နှင့်အညီ လက်တစ်ဖက်က အခန်းတံခါးကို ပိတ်မိအောင် ဆောင့်ပိတ်လိုက်မိပြီးဖြစ်လျက် ညာလက်က ထိုလူ၏ မျက်ခွက်ရှိရာသို့ စွပ်စနဲ ထိုးလိုက်မိလေသည်။

အခန်းတွင်းသို့ ဝင်နေသူကား ကြောက်အားလန့်အားနှင့် ဘဌေးကိုဖက်၍ လုံးတော့သည်။ သူသည် ဓာတ်မီး မဖွင့်နိုင်မီ အခန်းတွင်းမှ ထွက်ရအောင်သာ ကြိုးစားနေပုံရှိသည်။ ။

အခန်းကလေး ကျဉ်းသော်လည်း သူတို့ နှစ်ယောက်သတ်ပုံမှာ ဝုန်းဝုန်းဒိုင်းဒိုင်း မရှိ။ တစ်ယောက်က လွတ်အောင် ရုန်း၍ တစ်ဦးက နိုင်အောင် ဖိထားခြင်းမျှသာရှိလေသည်။ ဘဌေးလောက် ကျွမ်းကျင်
ကျန်းမာသန်စွမ်းဟန်မတူသော အလစ်သမားသည် မကြာမီ ဟောဟဲ လိုက်လာတော့သည်။ ချွေးများလည်း တစ်ကိုယ်လုံး စိုရွှဲနေတော့သည်။
အင်အားများ လျော့သွားသည်နှင့်တစ်ပြိုင်နက် ဘဌေးက ရင်ဘတ်ပေါ်တွင် ခွစီးမိလျက်သားဖြစ်သွားတော့ရာ အင်္ကျီရင်ဘတ်ကို လျင်မြန်
ဖျတ်လတ်စွာ စုဆွဲ၍ မတ်တတ်ထလိုက်လေသည်။ ထို့နောက် နံရံတွင်ရှိသော မီးခလုတ်ကို ဖွင့်လိုက်သောအခါ အဝတ်အစား ခပ်ညစ်ညစ်
ခေါင်းနှင့် ပါးစပ်မှသွေးများ ထွက်နေသော အသက်သုံးဆယ်ခန့် မြန်မာလူစိမ်းတစ်ယောက်နှင့် မျက်နှာချင်းဆိုင်မိတော့လေသည်။ ထိုသူမှာကား
ဘဌေး၏မျက်နှာကို မကြည့်ဝံ့သကဲ့သို့ ခေါင်းငိုက်စိုက်ချထားရာက မောပန်းခြင်းကြောင့် အသက်ပြင်းပြင်းရှူနေလေ၏။

' “ဘယ့်နှယ်ဗျာ မိတ်ဆွေနှယ် နပန်းကလေး အသတ်အပုတ်ကလေး ဝါသနာပါလို့ရှိရင်လဲ နေ့ခင်းနေ့လယ် မြင်မြင်ထင်ထင် လာ
ခဲ့ရောပေါ့”

ဘဌေးက ခပ်အေးအေးကလေး ခနဲ့လိုက်လေ၏။ ထိုလူသည် ခေါင်းငုံ့ နေရာက ကြောက်ရွံ့ရွံ့နှင့် ဆတ်ခနဲ ခိုးကြည့်လိုက်ပြီးလျှင်
ချက်ချင်းပင် ပြန်၍ ငုံ့မြဲငုံ့လိုက်လေ၏။ သူခိုးတစ်ယောက်အား ရှူးရှူးရှားရှား ဒေါသ၊ မောဟ မကြီးဘဲ ဤကဲ့သို့ ပြောင်တိပြောင်ချော် ပြောတတ်သောသူများသည် လက်တွေ့အားဖြင့် အတော် ရက်ရက်စက်စက် ဆုံးမတတ်ကြောင်း သိနိုင်၍ ဖြစ်လေ၏။ ။

ဘဌေးသည် ထိုသူအား မှတ်မိလောက်အောင် စိန်းစိန်းကြည့်နေသေးသည်။ ထိုသူ၌ မိမိပစ္စည်းတစ်စုံတစ်ခုမှ လက်တွင်းတွင် မတွေ့ရ။
အခန်းတွင်းရှိ မိမိ၏ ပစ္စည်းထားသိုရာတို့၌လည်း ပြောပလောက်အောင် ခြေရာလက်ရာ မပျက်သေး။

“ကျွန်တော် ကျွန်တော် ကျွန်တော့ကို ပုလိပ်လက် မအပ်ပါနဲ့ခင်ဗျာ။ ခင်ဗျားပစ္စည်းတွေလဲ တစ်ခုမှ မယူရသေးပါဘူး။ ကျွန်တော့မှာ လက်နက်ဆိုလို့လဲ ရန်တုရအောင် တစ်ခုမှမပါခဲ့ပါဘူး။ ကျွန်တော့
ကို လွှတ်ပါခင်ဗျာ”ဟု သတ္တိမဲ့စွာ တောင်းပန်နေတော့သည်။

“ကျုပ်က ပုလိပ်လက်ကို အပ်တတ်တဲ့လူစား မဟုတ်ဘူးဗျ။ခင်ဗျား စိတ်ချ”

ဤစကားသည် အချောင်သမားအား ပို၍ လန့်သွားစေလေသည်။

ဘဌေး၏ စိတ်တွင်လည်း ပုလိပ်ကိုအပ်၊ ဂါတ်ကိုရောက်၊ ရုံးကိုတက်နှင့် ဆွမ်းခံရင်း ငှက်သင့်နေခြင်းကို မနှစ်မြို့၊ ရှည်ရှည်ဝေးဝေးကြီးမျိုးကို
လုပ်နေမည့်အစား မှတ်လောက်အောင် ကိုယ်ထိလက်ရောက် ဆုံးမလိုက်ခြင်းသာ ပို၍ တောင့်တမိသည်။

“ကျွန်တော် ဆင်းရဲလွန်းလို့ ကြံမိတာပါခင်ဗျာ။ အခန်းတံခါးကို လာဖွင့်ကြည့်မိတော့ သော့မခတ်ဘဲ လွယ်လွယ်ကူကူပွင့်သွားလို့ အထဲ
ရောက်ရောက်ချင်း ခင်ဗျား ဝင်လာတဲ့ ခြေသံကြားရတာပါပဲ။ ဒါကြောင့် ကျွန်တော် ဘာတစ်ခုမှ မယူရသေးပါဘူး။ ကျွန်တော် ပြောတာမယုံရင်
ကျွန်တော့ကိုယ်မှာ ရှာကြည့်ပါ။ ကျွန်တော် သွားပါရပါစေတော့ခင်ဗျာ။ကျွန်တော် ကြောက်လှပါပြီ” 

 ထိုသူ၏ ပြောပုံမှာ ဟန်ဆောင်နေပုံမျိုး မဟုတ်။ တကယ်လန့်နေ၍ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေရှာသောကြောင့် ဘဌေး စိတ်ပြောင်းသွားမိသည်။

' ဟိုတယ်တွင် တည်းခိုရန်လာသော ဧည့်သည်တစ်ဦးဦး၏ ပစ္စည်းကို သယ်ယူခဲ့ရသည့် ကူလီတစ်ယောက် ဖြစ်သောကြောင့် ဤအပေါ်ထပ်
ရောက်အောင်လာခဲ့နိုင်ခြင်း ဖြစ်ပြီးလျှင် အမှတ်တမဲ့ သော့မခတ်ခဲ့သော မိမိ၏အခန်းကို တွေ့ရ၍ ဝင်လာသည်နှင့် မရှေးမနှောင်းပင် မိမိပြန်ရောက်၍ လက်ပူးလက်ကြပ် မိရကြောင်း ဘဌေးစဉ်းစားမိသည်။ ထို့ကြောင့် မိမိ၏ပစ္စည်း တစ်စုံတစ်ရာ ပျောက်ဆုံးခြင်း မရှိသည့်အတူတူ ထိုလူကို လွှတ်လိုက်ရန်သာ ကောင်းတော့သည်။ သူ၏ နှာခေါင်းမှ မိမိ၏ လက်သီးဒဏ်ကြောင့် သွေးထွက်နေပြီဖြစ်သဖြင့် ဤမျှလောက်နှင့်ပင် ကျေနပ်စရာ ရှိတော့၏။

“အင်း ခင်ဗျားကံကောင်းတယ်။ အလျှောက်ကောင်းလို့ အထောင်း သက်သာတယ် မှတ်လိုက်။ သိရဲ့လား။ ကဲ ကြွ ကြွ” ,

ဘဌေးက ပြောပြောဆိုဆို တံခါးဖွင့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဇောင်းတွင်းမှ မြင်းတစ်ကောင်ကို လွှတ်လိုက်သကဲ့သို့ ထွက်သွားတော့
သည်။

ဘဌေးသည် သက်မတစ်ချက် ချလိုက်မိသည်။ ပြီးမှ သူ၏အပေါ်အင်္ကျီကို ချွတ်လိုက်ပြီးလျှင် အင်္ကျီချိတ်တွင် ချိတ်ထားလိုက်သည်။တစ်ခဏကလေးအတွင်း အတော်ကလေး မောအောင် သတ်ပုတ်လိုက်ရသောကြောင့် ခုတင်ပေါ်သို့ ဖင်ချထိုင်လိုက်မိရင်း ရယ်လိုက်မိသည်။ရယ်နေရာက တံခါးဝကြမ်းပြင်ပေါ်တွင် မိမိအတွက် စာတိုက်မှစာများကို
တွေ့မြင်ရလေ၏။ ဟိုတယ်သို့ မိမိအတွက်လာသော စာများ၊ သတင်းစာများမှာ အခန်းတွင်းတွင် လူကိုမတွေ့က ဟိုတယ်အစေခံကလေးများက
ဤကဲ့သို့ပင် သက်ဆိုင်ရာ အခန်းတွင်းသို့ တံခါးအောက်က ထည့်သွင်းခဲ့ပြီး ဖြစ်လေသည်။

ဘဌေးသည် ဦးစွာပထမ မန္တလေး-လူထုသတင်းစာကို ကောက်ယူလိုက်လေသည်။ နောက် စာအိတ်နှစ်အိတ် တွေ့ ရလေရာ တစ်ခုမှာ မိမိ၏ကုမ္ပဏီမှ ဦးလေး၏ လက်ရေးနှင့် မိမိထံပေးသော စာဖြစ်ကြောင်း သိနိုင်လျက် စာတစ်အိတ်မှာမူကား မိန်းမလက်ရေးနှင့် မိမိထံသို့ လိပ်စာတပ်ထားကြောင်း တွေ့ရလေသည်။ လက်ရေးမှာ မိန်းမလက်ရေးဟု ဆိုရစေကာမူ အတော် လှပသေသပ်သော လက်ရေးကလေးဖြစ်လေရာ ဘဌေးသည် စာတစ်တန်၊ ပေတစ်တန် ပေးနိုင်လောက်အောင်
ဘယ်မိန်းကလေးတစ်ဦးနှင့် အဆက်အသွယ် မရှိခဲ့ပုံကို စဉ်းစားမိလေ၏။ ထို့ကြောင့် စာအိတ်ကို သေသေချာချာ အကဲခတ်မိသည်။

ကိုဘဌေး
ဘုံဘေဟိုတယ်
ရန်ကုန်မြို့။

လိပ်စာသည် လှပဝိုင်းစက်သော လက်ရေးကလေးများကြောင့် ယုံမှားစရာ မလို၊ တံဆိပ်ခေါင်းပေါ်က စာတိုက်နာမည်ကို ဓာတ်မီးရောင်
နားသို့ ကပ်ကာ ကြည့်လိုက်မိပြန်သည်။ သေသေချာချာ ကြည့်လိုက်မှ ရင်းညိမ်ဟူသောစာတိုက်အမည်ကို တွေ့ရပြန်လေရာ ဘဌေးတွင် ပို၍ အံ့ဩမိတော့သည်။ ရင်းညိမ်ဟူသော မြို့နာမည်ကို အတော်ကလေး စဉ်းစားယူမှ မော်လမြိုင်သွား မီးရထားလမ်းရှိ မြို့ကလေး တစ်မြို့ဖြစ်
ကြောင်း သတိရတော့သည်။

ဘဌေးသည် မော်လမြိုင်မြို့သို့ တစ်ခေါက်၊ နှစ်ခေါက်ရောက်ဖူးသည် မှန်သော်လည်း ၎င်းရင်းညိမ်ရွာကလေးသို့ မဆင်းခဲ့ဖူး။ အနီးစပ်ဆုံး
အားဖြင့် ၎င်းနှင့် နီးစပ်ရာ သထုံ၊ မုတ္တမ၊ မော်လမြိုင်မြို့များတွင်ပင် ရင်းရင်းနှီးနှီး မိတ်ဆွေသင်္ဂဟတစ်ဦးတစ်ယောက်မျှ မရှိရိုး မှန်ခဲ့၏။

ဘဌေးသည် ကြာရှည် လေးမြင့်စွာ ဦးနှောက်ကို အလုပ်မပေးလိုတော့သဖြင့် ခပ်သွက်သွက်ပင် စာအိတ်ကို ဖောက်လိုက်တော့သည်။
ရိုးရိုးကော်ပီစာအုပ်ထဲမှ စာရွက်မျိုးဖြစ်ကြောင်း တွေ့ရလေသည်။ ထိုစာရွက်ကို ဖြန့်လိုက်လျှင် ဖြန့်လိုက်ချင်း “အစ်ကိုကြီး'ဟူသော ခေါင်းစဉ်
ကို ပထမ စတင်၍ တွေ့လိုက်ရတော့သည်။ စာအဆုံးက လက်မှတ်ကို ကြည့်လိုက်သောအခါ “မဝင်းနု”ဟု တွေ့ရပြန်သောကြောင့် “အင်း
ဘယ်သူကများ နောက်လိုက်တဲ့စာများလဲ ကဲ ဒါလောက်တောင် ရှိလှတာ အပျင်းပြေဖတ်လိုက်စမ်းရဦးတော့မယ်”ဟု နှုတ်မှ မြည်တမ်းရင်း
ခုတင်ပေါ်သို့ ပြန်ထိုင်၍ စိမ်ပြေနပြေ ဖတ်သဖြင့် စာနှစ်ကြောင်းသုံးကြောင်း အရောက်တွင် ဘဌေးမှာ ပေါ့တီးပေါ့ဆ မနေနိုင်တော့ပေ။

စာပါ အဓိပ္ပာယ်မှာ ရယ်ရွှင်ဖွယ် အကြောင်းအရာ မဟုတ်။ သေရေး ရှင်ရေး ဝမ်းနည်းစရာ စိတ်ပူစရာစာမျိုး ဖြစ်တော့သည်။

အစ်ကိုကြီး

မေမေ့ကို မသနားတော့ဘူးလား။ မနေ့က အစ်ကိုကြီးထံက စာရောက်တယ်ဆိုတော့လေ သူခမျာ ဝမ်းသာရှာလွန်းလို့ မျက်ရည်တွေတောင် ကျလာတာပဲ။

(အမယ်လေး ငါ့သားကြီးဆီက လာ
တာလား ဖတ်စမ်းပါ သမီးရယ်။ မြန်မြန်ဖတ်စမ်းပါ။ မေမေ သူ့လက်ရေးကလေးတွေ မမြင်နိုင်ပေမဲ့ သူရေးလိုက်တဲ့ စာကလေးတွေ ကြားစမ်းပါရစေ) တဲ့။ သူ ဒီလိုပြောလိုက်တာလေ ဝင်းနုတောင် ဟစ်ငိုလိုက်ချင်တဲ့စိတ် ပေါက်လာတာပဲ။ ဒါနဲ့ အစ်ကိုကြီး
- စာကို ဖတ်ပြလို့ အလုပ်ရနေပြီဆိုတဲ့စကား ကြားပြန်တော့လဲလေ..

(အင်း ငါ့သားကြီး လိမ္မာပါပြီအေ။ လိမ္မာပါပြီ၊ မမိုက်တော့ပါဘူး။အမယ်လေး ငါတွေ့လိုက်ချင်စမ်းပါဘိကွယ်)လို့ ညည်းရှာတယ်
အစ်ကိုကြီးရယ်။

.. အစ်ကိုကလဲ နေနိုင်လိုက်တာနော်

' ဘဌေးသည် စာကို ဆုံးအောင် မဖတ်နိုင်သေးဘဲ တစ်ပိုင်းတစ်စနှင့်စာ ကိုင်ရင်း တွေနေမိလေသည်။ သူ၏ဘဝတွင် နှမလည်း မရှိ။ မိခင်လည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်သောကြောင့် ဤစာမှာ မိမိအတွက် မဟုတ်ကြောင်း ဒိဋ္ဌသိနိုင်လင့်ကစား ကိုယ်ချင်းစာ၍ ရင်ထုမနာဖြစ်ရလေသည်။ စာရေးသူ ကလေးမကလေးမှာ မမာနေသော မိခင်ကြီး
နှင့် အရပ်တစ်ပါးရှိ အစ်ကိုကြီးကြားက ဗျာများနေပုံကို စဉ်းစား၍ ကြည့်နိုင်လေသည်။ ထို့နောက် စာရွက်ကို ဖတ်နေရာက စိတ်မကျေ၍
စာအိတ်က လိပ်စာကို ပြန်ကြည့်မိပြန်တော့၏။ (ကိုဘဌေး၊ ဘုံဘေဟိုတယ်)ဟူသော လက်ရေးကို တွေ့ရပြန်သည်။ ဘဌေးသည် သူ့အခန်းတွင်းတွင် တစ်ယောက်ထီးတည်း မျက်မှောင်ကုတ်၍ စဉ်းစားနေရာက ဆက်ဖတ်ပြန်သည်။

အစ်ကိုကြီး အိမ်က ထွက်သွားတာ အခုဝါကျွတ်ရင် ဆယ့်ငါးနှစ်တင်းတင်း ပြည့်တော့မယ်နော်။ ဒီကြားထဲမှာ တစ်ခါမျှ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်မလာတာများ အံ့ပါရဲ့။ ဝင်းနု ခုနစ်နှစ်သမီး အရွယ်လောက်ကဆိုတော့ အခုနေမှ ပြန်လာရင် ညီမလေးကို
. အစ်ကိုကြီး မှတ်မိတော့မှာ မဟုတ်ဘူးနော်။ အင်း ဝင်းနုကလဲ အစ်ကိုကြီးကို ကောင်းကောင်းမှတ်မိမှာမဟုတ်ပါဘူးလေ။ မေမေကတော့ အစ်ကိုကြီးကို တစ်နေ့မျှ မေ့တယ်မရှိဘူး။ အမြဲ ပြောလျက်၊ အမြဲ တလျက်ပဲ။ တစ်ခါတစ်ခါတော့လဲ မေမေက -
ဝမ်းနည်းပန်းနည်း ညည်းရှာတယ်။ ငါမသေခင် ငါ့သားကြီးမှ တွေ့သွားရပါဦးမလားတဲ့။ ဒီလိုပြောမယ့်သာ ပြောတယ်။ မေမေ့ မျက်စိနှစ်ဖက်လုံးဟာ လုံးလုံးကွယ်သွားပြီ အစ်ကိုကြီးရဲ့ ။ နားတွေ
လဲ လေးလာလို့ သူ့နားနားမှာကပ်ပြီး အော်ပြောမှ ကြားရှာတော့တယ်။ တရှောင်ရှောင်နေရာက အိပ်ရာထဲ ဗုန်းဗုန်းလဲတာ တစ်နှစ်
ပြည့်တော့မယ်။ ဆရာကြီးဦးမှိုကဖြင့် နေ့နေ့ညည ဂရုစိုက်လျက်ပါပဲ။ သူတစ်ယောက်ရှိလို့သာ မေမေ ကြာကြာ အသက်ရှင်နေရတာပဲ။

- အစ်ကိုကြီးကို မေမေက သိပ်ချစ်တာပဲလေ။ ဝင်းနုထက်အဆတစ်ရာလောက် ချစ်လွန်းလို့ ဒီလို ဝေဒနာမျိုး ခံစားနေရတာပေါ့။ အဲသည်လောက်ချစ်တဲ့ ကိုယ့်မွေးသမိခင်အပေါ်မှာ ကြင်နာရကောင်းမှန်း မသိတဲ့ အစ်ကိုကြီးကို ဒေါသဖြစ်မိတယ်။ ဒါကြောင့်
စာကိုတောင် မေမေကသာ အတင်းအဓမ္မမခိုင်းရင် ဒီလို ရေးဖြစ်မှာ မဟုတ်ဘူး။ ဒီတော့ ဝင်းနု နောက်ဆုံးတောင်းပန်ချင်တာက
မေမေကလဲ နေ့လားညလား ဆိုသလို စိတ်မချရဘူး။ ဒီအပေါ်မှာ အခုသုံးလေးရက် မိုးတွေ ဆက်ရွာနေလို့ သူ့ရောဂါ အတော်တိုးနေတယ်။ ဒါကြောင့် အစ်ကိုကြီး အလုပ်ကို ခဏခွင့်ယူပြီး
`အမြန်လိုက်ခဲ့ပါ။ တော်တော်ကြာ မအေတစ်ယောက်လုံး..အိုလေ တော်ပြီ ဝင်းနုဆက်မရေးချင်ဘူး။

မဝင်းနု

ဘဌေးသည် စာကို ဆုံးအောင် ဖတ်ပြီးသောအခါ ပို၍ စိတ်မချမ်းသာ ဖြစ်ရတော့သည်။ ထိုစာမှာ ဤဟိုတယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာခဲ့ခြင်းကို တွေး၍မရ။ မိမိ၏ နာမည်နှင့် တူသော အခြားဧည့်သည်များ ရှိလိုရှိငြား ဟိုတယ်မန်နေဂျာသို့သွား၍ မေးရန် စာရွက်
ကို လက်ကကိုင်ကာ အောက်သို့ ဆင်းလာခဲ့လေသည်။ ထိုစာမှာ မိဘအတွက်၊ သားအတွက်သော်လည်းကောင်း၊ အစ်ကိုကြီးအတွက်နှင့်
နှမလေးအတွက်မှာသော်လည်းကောင်း အရေးတကြီး ဖြစ်နေသည်ကို ဘဌေး စဉ်းစားနေစရာမရှိ။ ဒိဋ္ဌသိခြင်းကြောင့် ဖြစ်တော့သည်။ ထို
အတွက် သက်ဆိုင်ရာ လူကို ရှာဖွေကာ အချိန်မီ ပေးဖို့ပါ အရေးကြီးနေတော့သည်။

“မြန်မာ ဧည့်သည်ထဲမှာ 'ဘ'နဲ့စတဲ့ နာမည်ဆိုလို့ ခင်ဗျားအခန်းနဲ့မျက်နှာချင်းဆိုင်အခန်းက ဦးဘရှင် ဆိုတာပဲ ရှိတယ်။ သည့်ပြင်ဆိုရင်
ဦးတင်ထွတ်၊ ဦးမြဘူး၊ ဦးခင်မောင်ကြီး အဲဒါတွေပဲ ခင်ဗျာ။ ဒီစာဟာ ခင်ဗျားရဲ့ မေ့နေတဲ့မိတ်ဆွေထဲက ပေးလိုက်တာ ဖြစ်ပါလိမ့်မယ်”

ဟု မန်နေဂျာက ပြောလိုက်သောကြောင်း စာရွက်ကိုကိုင်ကာ ပြန်၍တက်ခဲ့ရတော့သည်။ ဘဌေးသည် ကြားထဲက ကရုဏာသာမက စေတနာပါ ထက်သန်နေခြင်းကြောင့် မိမိ အခန်းနှင့် မျက်နှာချင်းဆိုင်
ဦးဘရှင်ဆိုသူ တည်းခိုနေသည့် အခန်းကို စပ်စုကြည့်ရန် တံခါးခေါက်လိုက်မိသည်။

“ကမ်းမင်း”ဟု အတွင်းမှ အင်္ဂလိပ်ဆန်ဆန် ဝင်ခဲ့ရန် ပြောသည့်အတွက် ဘဌေးမှာ စာရွက်ကလေးကိုင်ရင်း ဝင်သွားမိသည်။

. ဦးဘရှင်ဆိုသူမှာ ဗိုလ်များဝတ်ရိုးဖြစ်သော အိပ်ရာဝင်အင်္ကျီ၊ဘောင်းဘီပွကြီးကို ဝတ်ကာ ကုလားထိုင်တစ်လုံးတွင် ခပ်ခန့်ခန့်ထိုင်၍
ဝီစကီကို ဇိမ်ခံနေဆဲ တွေ့ရလေသည်။

သူသည် ဟိုတယ် အစေခံတစ်ယောက် ထင်မှတ်ကာ - ခပ်မာမာပြောမိသည်ကို ဘဌေးအားကြည့်ရင်း အားနာနေဟန်ရှိလေ၏။ သို့သော် မလာစဖူး မကူးစဖူး ညကြီးမင်းကြီး ကူးလာသည့်အတွက် အထူးအဆန်းတွေးကာ ငေးကြည့်နေလေသည်။ သူတို့အချင်းချင်း နာမည်ကို မသိကြ။ မခေါ်မပြောမိကြသော်လည်း တစ်ဟိုတယ်တည်းတွင် တည်းနေကြသည့် ဂုဏ်သရေရှိ ဧည့်သည်ဖြစ်ကြောင်းကိုကား တစ်ဦးကို တစ်ဦး မြင်ဖူး၊ သိဖူးနေကြလေသည်။

“ဪ ဪ ဟို ဟို”ဟု ဘဌေး နေထိုင်ရာ အခန်း ဆီသို့လက်နှင့်ပြရင်း ဦးဘရှင်က မေးတော့မလို ပြောတော့မလို ဖြစ်နေစဉ်...

“ဟုတ်ကဲ့၊ ကျွန်တော် အခန်းနံပါတ် ၁၅ ကပါ”

“ထိုင်ဗျာ ထိုင်ဗျာ ဝီစကီကလေးများ ကြိုက်တတ်ရင်” 

“ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ မသောက်တော့ပါဘူး။ ကျွန်တော်လာတဲ့အကြောင်းက ဟောသည့် စာကလေး အတွက်ပါ”ဟု ဘဌေးက
ကုလားထိုင်တစ်လုံးတွင် ဝင်၍ထိုင်ရင်း စာအိတ်ကိုပေးကာ အကျိုးအကြောင်းကို ပြောပြရတော့သည်။ '
ဦးဘရှင်သည် ဘဌေး ပြောသမျှစကားကို အရေးတယူ နားစိုက်ထောင်၍ ဘဌေးပေးလိုက်သော စာအိတ်နှင့် စာရွက်ကိုပါ သေသေချာချာ
ကြည့်လိုက်သည်။ ပြီးမှ ပြုံး၍

“ဟုတ်ကဲ့၊ အတော်တော့ အရေးကြီးတဲ့ စာပေပဲခင်ဗျာ။ ဒါပေမဲ့ .ကျွန်တော့နာမည်က ဦးဘရှင်ပါ။ နောက်ပြီးတော့ ကျွန်တော့မှာ နှမလဲ မရှိ
ပါဘူး။ ဦးဘဌေးစာမဟုတ်ဘဲနဲ့ ဦးဘဌေးဆီ လာရတာကလဲ အတော်တော့ အဆန်းသား။ အင်း စုံထောက်မောင်စံရှားခေါ်ဦး။ အစုံထောက်
ခိုင်းရအောင်။ ခင်ဗျား မန္တ လေးပြန်တော့ လူထုသတင်းစာတိုက် သွားပေးပါလားဗျာ။ ဒါမှ ကျွန်တော်တို့လဲ ဝတ္ထုကောင်းတစ်ပုဒ် ဖတ်ရတော့
မှာပဲ”

ဟု နောက်ဆုံးတွင် ခပ်နောက်နောက်စကားကလေးနှင့် ရွှန်းလိုက်သေးသည်။

ဘဌေးသည် စိတ်ပျက်လက်ပျက်နှင့် ဦးဘရှင်အခန်းတွင်းမှ ထွက်ခဲ့ရသည်။ ထိုနေ့ည အိပ်ရာသို့ ဝင်ရသည်မှာ ခါတိုင်းညများကဲ့သို့
လွတ်လွတ်လပ်လပ် မရှိလှ။ ကိုယ်နှင့် လုံးလုံးမဆိုင်သော စိတ်ပူစရာ ကိစ္စကြီးကို မေ့ဖျောက်ပစ်၍ မရအောင် စွဲကပ်နေတော့၏။

“ဟယ် ရှုပ်တယ်၊ ရှုပ်တယ်။ ဒါတွေ တွေးနေလို့ အပိုပေါ့”

ဘဌေးသည် နောက်ဆုံး၌ သူ့ကိုယ်သူ ဒေါသဖြစ်မိလေသည်။ ထို့ကြောင့် အဝတ်အစားများလဲ၊ မီးပိတ်၍ အိပ်ရာဝင်လိုက်တော့သည်။ သို့သော်
တော်တော်နှင့် အိပ်၍ မပျော်တော့ချေ။

နောက်တစ်နေ့နံနက် အအိပ်ပျက်မှုကြောင့် အတော်နေမြင့်မှ နိုးလေ၏။ ထိုသို့ နိုးသည်ဟု ဆိုရခြင်းပင်လျှင် သူ့အလိုအလျောက် နိုးရခြင်းမဟုတ်။ ဟိုတယ် အစေခံကလေးက လာ၍ တံခါးခေါက်ခြင်း
ကြောင့်သာ နိုးရခြင်း ဖြစ်လေသည်။ အစေခံကလေးသည် စာအိတ်တစ်ခုကို လာ၍ပေးပြန်သည်။ ဘဌေးသည် စာအိတ်ကို ခပ်လန့်လန့်နှင့်
ကြည့်မိ၏။ မိန်းကလေး၏လက်ရေးမျိုး မဟုတ်သည်ကို တွေ့ ရမှ စားပွဲပေါ်သို့ ပစ်တင်ကာ ကိုယ်လက်သုတ်သင်ဖြစ်တော့သည်။

 ဟိုတယ်အောက်ထပ်သို့ လက်ဖက်ရည်သောက်ဆင်းသောအခါ ထိုစာအိတ်ကို ယူခဲ့သည်။ လက်ဖက်ရည်စားပွဲတွင် ထိုင်၍ စာအိတ်ကို ကြည့်လိုက်သော အခါတွင်ကား အတော်လန့်သွားပြန်တော့သည်။ လက်ရေးမှာ ယောက်ျား
တစ်ယောက်၏ လက်ရေးဖြစ်သော်လည်း စာတိုက်တံဆိပ်မှာ ရင်းညိမ်က ဖြစ်နေပြန်လေပြီ။ 

- ရန်ကုန်မြို့၊
ဘုံဘေဟိုတယ်မှ တစ်ဆင့် ...
- မောင်ဘဌေးသို့ ပေးရန် .

.: ဘဌေးသည် စာအိတ်ကို ဖင်ပြန်၊ ခေါင်းပြန် ပြန်၍ ကြည့်ရသည်။ 

“ဟယ်၊ ဒါလောက်တောင်ဖြစ်လှတာ ဖွင့်ဖတ်ဦးမယ်ကွာ ကဲ”

ဘဌေးကား ဒေါသစိတ်ကလေးနှင့် လက်ဖက်ရည်မှ မသောက်ရသေးမီ ရင်းညိမ်က စာကို ဖတ်ရပြန်တော့သည်။

. မောင်ဘဌေး -

မင်းနေတဲ့နေရာကို မင့်နှမက ပြောလို့ မနေ့ကမှ သိရတယ်။မင်းကတော့ မအေကြီးလဲ ဂရုမစိုက်၊ နှမကလေးလဲ အရေးမလုပ် ၊မင်းနေချင်ရာနေ၊ မင်းလုပ်ချင်တာတွေလုပ်နေ၊ မင်း မအေကြီးဖြင့်
အိပ်ရာထဲ လဲနေပကော။ နေ့လဲ သားကို တ၊ ညလဲ သားကိုတ တတတနဲ့ ရှိရှာတယ်။ မီးယပ်လဲဖြစ်ပြန် လူကြီးလဲဖြစ်ရတဲ့အပေါ် မင်းကို စွဲလမ်းနေတဲ့စိတ်ကြောင့် မကြာခင် လုံးပါးပါးမှာပဲ။ အားလုံး သနားစရာဖြစ်နေကြပြီး၊ ကောင်မလေးမှာ မအေ မမာတာကိုလဲ ပြုစုရ၊ စားဖို့သောက်ဖို့လဲ ရှာရနဲ့ ဒါတောင် သူ့
. ကျောင်းဆရာမလုပ်တာကလေးနဲ့ မစားလောက်ရှာဘူး။

 စားဖို့ထက် သူ့အမေအတွက် ဆေးဝါးဓာတ်စာမှ ပြည့်ပြည့်စုံစုံ ဝယ်မပေးနိုင်ရှာဘူး။ ငါကတော့ ရပ်ဆွေရပ်မျိုးမို့ ငါတတ်နိုင်သလောက် ဆေးဝါးဖြင့် အလကားပေးပြီး ကုပါတယ်ကွာ။ အေး ဓာတ်စာတော့ဖြင့် ဝယ်မပေးနိုင်ပေဘူးပေါ့။ ငါ့အခြေအနေကလဲ မင်းအသိသား မဟုတ်လား။ အခု မင်းမယ်တော်ကြီးဟာ မျက်စိလုံးလုံး
ကွယ်သွားပြီ။ နောက်ကို အလွန်ဆုံးနေရလှမှ ငါ့စိတ်ထင်တော့ တစ်လပဲ။ မင်းတို့အိမ်ကြီးလဲ ပေါင်ထားရပြီ။ ဒါတွေထက်ဆိုးတာက အမယ်ကြီးက မင်းကို နောက်ဆုံးမတွေ့ရရင် အသေ ဖြောင့်မှာမဟုတ်ဘူး။

 အဲသည်လို မင်စိတ်နဲ့ သေသွားရရင်- မင်းတော့ မာတာပိတုက ဘာတဲ့လေ။ အမိကိုသတ်သော သား
တစ်ယောက် ဖြစ်တော့မှာပါ။ ဒါကြောင့် လာနိုင်အောင် အမြန်လာပြီး မင့်အမေ အသေဖြောင့်အောင် ဆောင်ရွက်ပေတော့။

- အင်း မင်းလိုသားမျိုး ငါမမွေးတာဘဲ ကျေးဇူးတင်ပါသကွာ။

ဆေးဆရာကြီး ဦးမှို

ဘဌေးသည် စာရွက်ကိုစားပွဲပေါ်ချလိုက်ရင်း သက်ပြင်းရှုမိသည်။

`အိပ်ရာကထစတွင် ညကအကြောင်းမှ မပျောက်သေးမီ နောက်တစ်ကြောင်း ပေါ်လာပြန်ခဲ့သောကြောင့် မိမိအား ဘဌေးဟု အမည်တွင်
စေသည်ကိုပင် စိတ်နာလာမိတော့၏ ။ 

“ခက်တော့တာပဲ ငါ့နှယ်”ဟု ညည်းမိလေသည်။ ထို့နောက်စာရွက်နှင့် စာအိတ်ကို ပေါင်မုန့်ထောပတ်သုတ်ကို ကိုက်ရင်း ပြန်ကြည့်မိပြန်သည်။ မိမိမှာ သူဌေးကလေးဘဌေး၊ မန္တလေးမြို့၏ မျက်နှာဖုံး၊
နေရာတကာတွင် ပူစရာပင်စရာဟူ၍ တစ်ရွေးသားမျှ မရှိ။ ဤကဲ့သို့မိမိကိုယ်ရေးကိုယ်တာနှင့်တကွ ဆွေမျိုး မိတ်ဆွေသင်္ဂဟတို့အတွက်
ကြောင့်ကြစရာ လုံးလုံးမရှိခဲ့သည်နှင့်အညီ တစ်သက်လုံးလိုလို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေလာခဲ့သော သူ့ကိုမှ ယခုကဲ့သို့ မတွေးတတ်
မစဉ်းစားတတ်အောင် ရင်းညိမ်က အပူကိစ္စကြီး လာတွေ့နေရသည်ကို အတော်စိတ်နာမိပေသည်။

 သူတို့၏ စာပါအတိုင်း မဝင်းနု၏ အစ်ကိုကြီး
ဘဌေးဆိုသူအား စဉ်းစားလိုက်ရပါမူ အတော်ဒေါသဖြစ်စရာ ကောင်းလှသည်။ သေလုနီးဖြစ်နေသော ဘဌေး၏ မိခင်ကြီးအား လည်းကောင်း၊
ဝမ်းစာက တစ်ဖက်၊ လူမမာ မအေအိုကတစ်ဖက် ရတက်ပွားနေရသော မဝင်းနုဆိုသူအားလည်းကောင်း၊ ယုတ်စွအဆုံး ရပ်ဆွေရပ်မျိုးဖြစ်သည့် ဆေးဆရာကြီး ဦးမှိုဆိုသူကိုပါ ကရုဏာသက်စရာ ဖြစ်နေသောကြောင့် သူတို့သူတို့၏တွင်းနက်လှသောဒုက္ခကို ကိုယ်တိုင်သာ သွား၍ မားမား
ရပ်ကာ ကူချင်၊ ကယ်ချင်လှသည်။

ဘဌေးသည် စဉ်းစားရာက တစ်စုံတစ်ခုကို သတိရ၍ စာထကာ ရေးတော့သည်။

ရင်းငြိမ်မြို့။
မဝင်းနုထံသို့

ကျုပ်တည်းခိုနေသော ဘုံဘေဟိုတယ်သို့ ကျုပ်နာမည်နှင့်စာပို့လိုက်သည်ကို ဖတ်ရပါသည်။ နောက်တစ်နေ့မနက်တွင်လည်း ဆေးဆရာကြီးဦးမှိုဆိုသူကပါ စာထပ်၍- ရေးလိုက်ပြန်ပါသည်။ ကျုပ်မှာ မဝင်းနု၏အစ်ကို မောင်ဘဌေးမဟုတ်။ မန္တလေး
မြို့မှ မောင်ဘဌေး ဖြစ်ပါသည်။ မဝင်းနု၏စာကို သက်ဆိုင်သူအစစ်ထံ ရောက်အောင် အမျိုးမျိုးကြိုးစား ထောက်လှမ်းပါသော်လည်း မတွေ့နိုင်ပါသဖြင့် မဝင်းနု၏မိခင်ကြီးကို ပြုစုကုသရန်
ငွေငါးရာ စာတိုက်မှ ယနေ့ တင်ပို့ လိုက်ပါသည်။

 ကျုပ်ကပင် ဇီဝိတဒါန ကုသိုလ်လုပ်လိုက်ခြင်းကြောင့် ထိုငွေများကို လက်ခံ၍
ကျန်းမာအောင် ကြိုးစားပြုစုပါမည့်အကြောင်း။

' မောင်ဘဌေးသည် စာရေး၍ ပြီးသဖြင့် လက်မှတ်ထိုးခါနီးမှ စဉ်းစားနေမိပြန်သည်။ သူတို့အတွက် ငွေကြေးနှင့် ပတ်သက်သည့်အရေးထက် မောင်ဘဌေးကိုယ်တိုင်လာဖို့ အရေးက ပို၍ကြီးကြောင်း စဉ်းစားမိခြင်းဖြစ်တော့သည်။ ဤသို့ စာရေး၍ငွေပို့လိုက်ခြင်းကြောင့် သေခါနီး
လူမမာအဖို့ ကျေနပ်နိုင်ဖွယ်မဟုတ်သည့်အပြင် တွေ့လိုစိတ်နှင့် အပြင်းအထန် တောင့်တနေသော သားအစစ်၏ ခြေရာပါ ပျောက်ကွယ်သွားကြောင်း သိသည်နှင့်တစ်ပြိုင်နက် နှလုံးတွင် ထိခိုက်ကာ ရင်ကွဲနာကျသွားမည်ကိုပင် စိုးရိမ်ရလေသည်။

 ထို့ကြောင့် မိမိ၏ စေတနာမှာ သူတစ်ထူးအတွက် ဝေဒနာမဖြစ်စေလိုသည့်စိတ်နှင့် ရေးပြီး စာရွက်ကို
ဆုတ်လိုက်ရပြန်တော့သည်။

- ကိုဘဌေး အမြန်လာပါ။
မိခင်ကြီး မျှော်လင့်ချက် မရှိ။
သတိလည်လာတိုင်း တောင့်တနေသည်။

ဤတစ်ကြိမ်ကား စာမဟုတ်တော့။ အမြန်ရိုက်လိုက်သော သံကြိုးဖြစ်လေသည်။ ထိုသံကြိုးမှာ စာများနှင့် လေးရက်တိတိသာ ကွာခြား၍
ရောက်လာခြင်း ဖြစ်သည်။ မောင်ဘဌေးသည် ဘောလုံးပွဲပြီးသွားသည့်တိုင်အောင် ရင်းညိမ်ကကိစ္စထူးထူးထွေထွေ ပေါ်ပေါက်လိုပေါ်ပေါက်ငြား
သိရလို သိရငြား မန္တလေးသို့ မပြန်သေးဘဲ တမင်နေနေခြင်း ဖြစ်လေရာ ထိုနေ့ နေ့လယ် သံကြိုးရသောအခါ ကိုယ့်မိခင်၏ အရေးကဲ့သို့
ရင်တွင်းတွင် ဒိတ်ခနဲ ဖြစ်သွားရရုံမျှမက ခေါင်းကြီး၍ သွားတော့သည်။

- ဘဌေးသည် ဒုက္ခိတများ၏ အရေးတွင် ကူညီလိုလှသည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သေခါနီး လူမမာတစ်ယောက်၏ဆန္ဒကို ဖြည့်စွမ်းနိုင်
အောင် စွန့်စားရန် စိတ်ပိုင်းဖြတ်လိုက်သည်။
' မိမိမှာ မိခင်အရင်းငယ်စဉ်ကပင် ကွယ်လွန်ခဲ့လေသည်။ ထို့ကြောင့် မိခင်နှင့်ပတ်သက်၍ ကုသိုလ်ကောင်းကျိုးလည်း မှတ်မှတ်ရရ မလုပ်ခဲ့ရ။

ငွေတစ်သိန်း၊ တစ်သန်းချီ၍ လှူဒါန်းခြင်းသည် သားကို တောင့်တလွန်းသော ထိုမောင်ဘဌေးဆိုသူ၏ မိခင်အား သားအဖြစ်ဖြင့်ဝင်၍ နှစ်သိမ့်
ခြင်းလောက် သူတစ်ထူး၌ စိတ်ကျေနပ်ခြင်းကြီး ကျေနပ်နိုင်မည်မဟုတ်။
. ကိုယ်၌လည်း အကျိုးပေးတူချင်မှ တူပေမည်။ 

. သေရအံ့ဆဲဆဲ လူမမာကလွဲလျှင် အခြားပုဂ္ဂိုလ်များအပေါ်၌ မိမိမှာမန္တ လေးဘဌေးဖြစ်ကြောင်း လွတ်လပ်စွာ ရှင်းပြောနိုင်ခွင့် ရလိမ့်မည်ဟု
စိတ်ချသည်။ မိခင်ကြီးဆိုသူမှာကား မျက်စိလည်း ကွယ်ခဲ့ပြီ။ နားလည်း လေးနေသည်ဟု သိရပြီ။ သူ့အတွက်မှာကား သားဆိုလျှင် သားဟုပင်
တစ်ထစ်ချယုံမှတ်အားရကာ ကူးသွားအံ့သော ဘဝခရီးအဖို့ ကျေနပ်ပျော်ရွှင် လွတ်လပ်စွာ ယာယီရွေ့နိုင်စရာ ရှိတော့သည်။ ထို့ကြောင့် ဘဌေးသည် ရင်းညိမ်ကို မနက်ဖြန် လိုက်သွားရန် ပြင်ဆင်တော့လေသည်။

ရှေးဦးစွာ သံကြိုးရုံးသို့ သွား၍- မန္တလေးတိုက်သို့ သံကြိုးတစ်စောင်ရိုက်လိုက်သည်။ အကြောင်းမှာ ..

- ရင်းညိမ်သို့ ကိစ္စတစ်ခုအတွက် လိုက်သွားသည်။
စာတိုက်ဗိုလ်မှ တစ်ဆင့် ဆက်သွယ်ပါ။
'' 
ဟူ၍ ဖြစ်လျက် ရင်းညိမ်သို့ သံကြိုးတစ်စောင် မဝင်းနုနာမည်နှင့်ရိုက်လိုက်သေးသည်။

: နံနက်ရထားနှင့် လိုက်ခဲ့မည်။

ဟူ၍ ဖြစ်သတည်း။ ဘဌေးအတွက် ထိုကိစ္စနှင့် မပြီးသေး။ လိုရမည်ရ အပိုငွေတစ်ထောင်လောက် ပါသွားနိုင်ရန် ဘဏ်တိုက်သို့ ပြေးရသေးသည်။ ထိုနေ့က တစ်နေ့လုံး ဘဌေးသည် သူ့မိခင်နှင့် တွေ့ရ
မလောက် စိတ်ကူး၍ ပျော်မိသည်။ မဝင်းနုဆိုသော မိန်းကလေးအပေါ်၌လည်း ကရုဏာသက်သက်မျှဖြစ်သော စေတနာများက ရှေးရှမိသည်။

ဘဌေးသည် မိဘကို ကိုယ်တိုင်မပြုစုလိုက်ရသဖြင့် လူလား မမြောက်တမြောက်အရွယ်က တစ်ယောက်နှင့်တစ်ယောက် ရှေ့ဆင့် နောက်ထပ်
မျက်နှာလွှဲသွားခြင်း ခံရသောကြောင့် သူ၏မျက်မှောက်တွင် မိဘကို ရိုသေ လုပ်ကျွေးသော ပုဂ္ဂိုလ်အား အလိုလို ချစ်ခင် ချီးမွမ်းတတ်ရုံမျှမက ထောက်ပံ့တတ်သေးသည်။ ရန်ကုန်လူအိုရုံနှင့် မင်းကွန်းဒေါ်ဦးဇွန်း၏ လူအိုရုံများသို့ပင် နှစ်စဉ်ငွေ တစ်ထောင်ဆီ လှူဒါန်း ဖြစ်လေသည်။

မကြာမကြာလည်း ငါလို အကောင်က မပြောနဲ့ ။ သောတာပန်ဖြစ်နေတဲ့ သိကြားမင်းကြီးကတောင် လူ့ပြည်ကို ဒီလိုပြုစုတဲ့လူတွေကြောင့် တစ်နေ့
သုံးခါရှိခိုးရသေးတာပဲဟု အောက်မေ့ဆင်ခြင် ကုသိုလ်စိတ်တွေ ဝင်မိသည်။ ထို့ကြောင့် မဝင်းနုဆိုသူအား မမြင်သာခင်က ကြင်နာမိလေသည်။
ထိုနေ့ည တစ်ညလုံး ဘဌေး အိပ်မပျော်နိုင်တော့ချေ။ မရောက်ဖူးသော ရပ်ရွာကလေးကိုလည်းကောင်း၊ မမြင်ဖူးသေးသော မဝင်းနုဆိုသူ
မိန်းကလေးကိုလည်းကောင်း ထိုမှတစ်ပါး အိပ်ရာထဲတွင် တတမ်းတတ မျှော်မှန်းဆနေရှာမည်ဖြစ်သော အမယ်အိုကြီး၏ ရုပ်ရည်သဏ္ဌာန် အနေ
အထိုင် ပတ်ဝန်းကျင် စသည်တို့ကို စိတ်ကူးနှင့် တွေးကြည့်မိခြင်းပင် ဖြစ်တော့သည်။ ထိုကြားထဲတွင် (မင်းလိုသားမျိုးငါမမွေးတာဘဲ ကျေးဇူး
တင်ပါသေးသကွာ)ဟု ရေးဝံ့သည့် ဆေးဆရာကြီး ဦးမိုဆိုသူကိုပါ ရော်ရမ်း၍ အင်္ဂါရုပ်ကို ကြည့်မိသေးသည်။ ထိုအဘိုးကြီးမှာ မိရိုးဖလာ ဆေးဆရာကြီးပီပီ အသက်အရွယ်ထောက်၍ သိက္ခာ သမာဓိကြီးမားကာ လူတစ်ဖက်သားအား အားမနာတမ်း ဝေဖန်လေ့ရှိလိမ့်မည်ဟု ယူဆသည်။

ထို့ကြောင့် ရောက်လျှင်ရောက်ချင်း ရှင်းလင်းလိုက်မည် စသည်တို့ဖြင့် .ကြိမ်းဝါးမိသေးသည်။ ထိုမှတစ်ပါးလည်း" သည်ကနေ့ညအဖို့ သားအမိနှစ်ယောက်စလုံး သံကြိုးရလို့ အတော်ပျော်နေရှာကြမယ်။ နက်ဖြန်ခါ ရထားဆိုက်သံကို နားစွင့်နေ
ကြရှာမှာပဲ။ အတော်သည်းနေတဲ့ လူမမာတောင် ခေါင်းထောင်ပြီး ထနိုင်လောက်တဲ့ သံယောဇဉ်များဟာ တကယ်ကြီးပါကလား”ဟု ညည်းတွားမိသေးသည်။

                                 * * * * *

ဇာတ်သိမ်းဆက်ရန်⏬⏬⏬

#Typing_crd_ZawOo

No comments:

Post a Comment