#ဘင်္ဂလားအကိုကြီး
( ဇာတ်သိမ်း )
#ဦးသုခ
နောက်တစ်နေ့ မော်လမြိုင်ရထားနှင့် ပါခဲ့ရသော ဘဌေးတွင် ပဲခူးက လွန်ခဲ့ပြီးသည့်နောက် မုပ္ပလင်၊ ကျိုက်ထို၊ နှင်းပုလဲတို့ကို ဖြတ်လာခဲ့ရသည့်
အချိန်မှစ၍ ရင်တွင်း၌ တဒိတ်ဒိတ် ခုန်နေတော့လေ၏။ သထုံ၊အောင်ဆိုင်တို့ကို ရောက်ပြီးသည့်နောက် ဤတစ်ခါ ရထားရပ်လျှင်
ရင်းညိမ်ဟု ခရီးသွားများထံမှ သိထားရပြန်လေရာ ရထားအရှိန်လျှော့၍ ဘူတာသို့ဝင်မည်ပြုသောအခါ အလိုလို စိတ်လေး၍လာမိတော့သည်။
“ငါ့ဥစ္စာ နေရာမှကျပါမလား။ တော်တော်ကြာ သူများဓားခုတ်ရာ လက်ဝင်လျှိုသလိုများ ဖြစ်နေမလား ဆတ်ဆော့ပြီး လိုက်လာမိတာ
အမှုမရှိ အမှုရှာသလို ဖြစ်နိုင်တာမျိုးပဲ”ဟု ချီတုံချတုံ ဖြစ်နေစဉ်ပင် ဘူတာကလေးသို့ ရထားဆိုက်တော့သဖြင့် ယောင်ပေပေနှင့် ဆင်းလိုက်ရ
တော့သည်။ ရင်းညိမ်ဆိုသော ဘူတာကလေးမှာ ရန်ကုန်မှ ၁၄၂ မိုင်ဝေး၍ စိမ်းလန်းစိုပြည်သော ရွာကလေးကို နောက်ခံပြုကာ သေးငယ်လင့်
ကစား အတော်သာယာစိုပြည်နေချင်စဖွယ်ကလေး ရှိလေ၏။ ထိုဘူတာတွင် ဆင်းသူဟူ၍ များပြားစွာ မရှိလှ။ အလုပ်ကြမ်းသမား-ရွာသားနှင့်တူ
သော ယောက်ျားလေးငါးယောက်နှင့် ဈေးသည် မိန်းမကြီး သုံးလေးဦးမျှသာ တွေ့ရလေသည်။ ဘဌေးသည် စင်္ကြံသမံတလင်းပေါ်တွင် မဝင်းနု
ဆိုသော မိန်းကလေးလာ၍ ကြိုလိုကြိုငြား စောင့်စား မျှော်ကြည့်မိသေးသည်။ သို့သော် မိန်းကလေးတစ်ဦး တစ်ယောက်မျှ မတွေ့ရ။ ဤသို့
ဖြင့် ရွာတွင်းသို့သွားရလျှင်လည်း ကိုယ့်လိပ်ပြာကိုယ်မလုံစရာ ကောင်းလှသည်။ .
.
“ဟေ့ မင်း မောင်ဘဌေးလားကွဲ့"
.ဘဌေးသည် စဉ်းစား ငေးမောနေရာက မေးသံကြား၍ ကြည့်လိုက်မိသည်။ အသက်ခြောက်ဆယ်ခန့်၊ ဆံပင်ဖြူဖြူ၊ ခေါင်းပေါင်းအနက်
တွင် အဖြူဖောက်ပေါင်း၍ ခပ်သန်သန်မာမာ လူကြီးကို တွေ့လိုက်ရသည်။ ဆံပင်တွင်မက မျက်ခုံးမွေးကြီးများပင် ဖြူနေလျက် သွားလည်း
အနည်းငယ် ချို့ယွင်းနေပုံရသည်။ စူးရှသောမျက်လုံးနှင့် နဖူး ခပ်ကျယ်ကျယ်မှာ ပညာရှိကြောင်း သိသာသည်။ သူသည် ဆီစိမ်လုံချည် ရေနံ
ရောင်ကိုဝတ်ကာ ပင်နီဖြူအပေါ်ရင်ဖုံးနှင့် ဖြစ်သည်။
“ဆရာမှိုလား ခင်ဗျာ”ဟု ဘဌေး ဖြန်းလိုက်သောအခါ-
“အေး မင်းသာ ငါက ကောင်းကောင်း မမှတ်မိတာ။ ငါ့တော့ . မင်း အမှတ်မိသားပဲ”
ဟု ချီးမွမ်းစကားမျိုးထွက်လာသော်လည်း ဘဌေးကို နှစ်လိုအားရ ဝမ်းသာလှသော တွေ့ခြင်းမျိုး မပြ။
“အင်း မင်းတို့လူငယ်တွေကတော့ မှတ်မိပေမပေါ့ကွာ။ ငါ့မှာတော့ မျက်စိတွေတောင် နည်းနည်းသီပဟေ့ အား- အနိစ္စ- အနိစ္စ မင်းအမေ မငြိမ်းသာနဲ့ ငါနဲ့ တစ်ခုတည်းကိုကွ။ ကဲ ကဲ ငါ့ဘုံပြတ်
ပါလာတယ်။ သွားစို့ သွားစို့”
အဘိုးကြီး- ရှေ့ဆောင်သွားရာသို့ ဘဌေးလိုက်ခဲ့မိသည်။ ဘဌေးသည် စောစောစီးစီးက ဖွင့်ပြောထားရကောင်းလေမလားဟု စဉ်းစားရင်း
လိုက်ခဲ့ရာမှ ဘူတာအပြင်တွင် မြင်းလှည်းကလေးတစ်စီး ရပ်ထားသည်ကို တွေ့ရလေသည်။ မြင်းမှာလည်း ခပ်ပိန်ပိန်၊ ရထားကလည်း ခနော်နီခနော်နဲ့ပင် ရှိသောကြောင့် ဆရာကြီး၏အခြေအနေကို တွေးကာ သနားမိတော့သည်။ ဆေးဆရာကြီးသည် မြင်းကို တိုင်တစ်တိုင်၌ ချည်ထားရာမှ ဖြုတ်၍ လှည်းကလေးကို ကိုယ်တိုင် ခပ်ဖြည်းဖြည်းပင် မောင်းနေတော့သည်။ မြန်မြန်မောင်း၍လည်း သူ့လှည်းနှင့် သူ့မြင်းအလျင်း ဟန်ကျမည် မဟုတ်။ ထိုသို့ မောင်းနေရာက ခဏကလေး အကြာတွင် .. . . .. . .
“ဘဌေး ဘဌေး- မင်း အတော်မိုက်တဲ့ ကလေးပဲ”ဟု နိဒါန်းပျိုးလေတော့ရာ ဘဌေးတွင် မျက်နှာပူသလိုလို တွေး၍ ရယ်ချင်သလိုလိုဖြစ်သွားတော့သည်။
“မင်း အမေကြီးဟာ ချမ်းသာကတည်းက မင်းကို အလိုလိုက်ခဲ့တယ်။ အင်း အလိုလိုက်လွန်းလို့ ပျက်စီးတာပေါ့ လကွယ်။ သထုံအင်္ဂလိပ်ကျောင်း ထားတယ်။ မင်း ကျောင်းပြေးတယ်။ ဘူတာရုံမှာ
ကလေကဝ နေချင်တယ်။ မိဘ ပိုက်ဆံဖြုန်းတယ်။ ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ အရက်သောက်တတ်တယ်။ ဟင်း မင်း ဒီတုန်းက ဆယ့်လေး
ငါး နှစ်လောက် ရှိဦးမယ်။ မင့်အတွက်နဲ့ မင်းအမေဟာ မျက်ရည်ပေါက်ကြီးငယ် ကျရတဲ့အခါပေါင်း များလှပြီး၊ မိဘစိတ်မချမ်းသာအောင်လုပ်တဲ့
လူဟာ ဘယ်ကောင်းမလဲကွာ”
ဟု လူကြီးသံနှင့် ကြိမ်းတော့သည်။
ဘဌေးသည် ငြိမ်ငြိမ်သက်သက်နှင့် ဆက်၍ နားထောင်နေမိသည်မှာ မငြင်းလို၍ မဟုတ်။ သူတို့၏ဘဌေး ဘယ်လောက်အထိ ဒုက္ခပေးသနည်း
ဟု သိလို၍ ဖြစ်၏။ အဘိုးကြီးကား ဖြည်းဖြည်းချင်း သွားနေသောမြင်းမှာကို တံပျားကလေးနှင့် တို့ကာ တို့ကာ မနာမကျင် သတိပေးနေရ..
သေးသည်။ .
“ဟို ဝင်းနုကလေးဟာ အငယ်သာ ဖြစ်တယ်။ မိဘကိုချစ်တဲ့ နေရာ ပြုစုတဲ့နေရာမှာ မင်းထက် အဆတစ်ရာလောက်သာတယ်။ဟာ မင်းနဲ့ နှိုင်းလို့တော့ မဖြစ်ပါဘူးလေ။ မင်းက နှိုင်းမှ မနှိုင်းလောက်
တော့ဘဲ”
- အဘိုးကြီးသည် ပြောရင်း ဒေါသဖြစ်လာသကဲ့သို့ တံထွေးကို ထွီခနဲ မြင်းလှည်းကို ကျော်၍ ပစ်ထွေးလိုက်သည်။
“မင်း ထွက်ပြေးတော့ ကလေးမကလေး ခုနစ်နှစ်လောက် ရှိသေးတယ် မဟုတ်လား။ အဲ ငယ်ပင် ငယ်ပေမယ့် မအေကြီးနဲ့ဒိုးတူပေါင်ဖက် လက်ကတုံးတောင်ဝှေး ကူညီဖော်ရတယ်။ မင်းလို အင်္ဂလိပ်
ကျောင်းတောင် နေရရှာတာ မဟုတ်ဘူး။ မြန်မာကျောင်းမှာပဲ ဆယ်တန်းအထိ စာသင်ပြီး ဆရာဖြစ် စာမေးပွဲဝင်၊ အောင်တော့ ဆရာလုပ်ပြီး
မိဘကျေးဇူးဆပ်ရှာတယ်။ သူတစ်ယောက်သာ ပြုစုမယ့်သူမရှိရင် မခက်ပါလား။ မင်းတို့မှာလဲ အရင်ကလို ကြွယ်ပိုး ကြွယ်ဝ ရှိတော့တာ
မဟုတ်ဘူးကွ။ အခု အိမ်နဲ့ ခြံကြီးကို ပေါင်ထားရပြီ။ ဒါလဲ နေ့ဆုံးမလား၊ ညဆုံးမလားပဲ ဘယ် အရင်းနေနေသာသာ အတိုးမှ မဆပ်နိုင်တော့ ငွေရှင်က ကြည့်နေမှာ မဟုတ်ဘူးကွ။ ကောင်မကလေးမှာ
ကျောင်းလခကလေး ရအောင် ပြေးသင်လိုက်ရ၊ မအေ မမာတာ ပြုစုရ။အခု တစ်နှစ်ကျော်ကျော်ကြီး ရှိပြီ။ ဒီကြားထဲ မင်းသတင်း ကြားလိုက်
ရတာက တော်တော်ကြာ မသင်္ကာမှုနဲ့ အချုပ်ခံရပြန်ပြီ၊ တော်တော်ကြာ လုယက်မှုနဲ့ အဖမ်းခံရပြန်ပြီဆိုတော့ မင့်အမေ မလဲပဲ ဘယ်ခံနိုင်ပါ့မယ်”
ဘဌေးသည် ဤမျှလောက် အောက်တန်းကျသူနှင့် အထင်မှား ခံရခြင်းကိုကား ရှက်ကြောက်လာတော့သည်။ ထို့ကြောင့် နောက်ကနေ..
“မဟုတ်ဘူး ဆရာကြီး၊ ကျွန်တော် ပြောဦးမယ်။ ဒီမှာ” ဟု ပါးစပ်က လိုက်၍မဆုံးမီ-
“အံမာ မင်းက ငါ့ကို ဘာပလီဦးမလို့လဲ။ ရန်ကုန်နဲ့ ရင်းညိမ် ဘယ်လောက်ဝေး တာမို့ မင်းသတင်းမကြားဘဲ နေရမှာလဲ”
ဟု ပြောပြောဆိုဆို မြင်းပိန်ကလေးကို ဒေါသနှင့်မဲ၍ တစ်ချက် ရိုက်လိုက်သောကြောင့် မြင်းကလေးက လန့်၍ အခုန်လိုက်တွင် လှည်းကလေးက
အပေါ်သို့ဆောင့်တက်သွားသည်နှင့် ဘဌေးတွင် ကသိကအောက်ကြားက စကား မဆက်နိုင်တော့ပေ။
' “ဒီမှာ မအေနဲ့ နှမ ဘယ်လောက် ဒုက္ခ ဖြစ်နေသလဲဆိုတာ ဆယ့်ငါးနှစ်လုံးလုံး လူတော့ တစ်ခေါက်မှ ပြန်မလာ။ ငွေကိုသာ ဟိုကနေ မှာ၊ ဒီကနေ မှာနဲ့။ အင်း ဟိုတစ်နေ့ကမှ အလုပ်ဝင်လုပ်
နေပါပြီဆိုတဲ့ စာရသတဲ့။ ဝင်းနုက လာပြောလို့ သိရတယ်။ အလုပ်ရတဲ့ ကောင်ကလားကွာ မအေဆီ ငွေထပ်မှာရတာ။ ဒီမှာဖြင့် သင်္ဂြိုဟ်ဖို့ စရိတ်တောင် မရှိလို့ ကောင်မကလေး မျက်ရည်နဲ့ မျက်ခွက် သူ့ခမျာမှာ အသေကျပ်၊ အနေကျပ် ဖြစ်နေရတဲ့အထဲ ငွေကလေးများ ပို့လိုက်မလား အောက်မေ့တာဝကျပ် မင်းကပဲ ငွေမှာလိုက်ရသေးတယ်”
ဟု ပြောရာက ဆရာကြီးက တစ်စုံတစ်ခုကို ဖြုန်းခနဲ အမှတ်ရသကဲ့သို့ ဘဌေးရှိရာသို့ လှည့်ကြည့်လိုက်ပြီးမှ-
“အံ့ အံ့ အံ့ပါ့ကွာ။ မင်း ကြည့်လိုက်တော့ ဘန်ကောက် လုံချည်နဲ့ ရွှေလက်ပတ်နာရီနဲ့ ပြောင်ပြောင်လက်လက်”
“မဟုတ်ပါဘူး။ ကျွန်တော် ပြောပါရစေဦး ဆရာကြီးရဲ့”
“အေးလေ၊ ခိုးလို့ ရရ၊ တိုက်လို့ရရပေါ့ကွာ။ မိဘဆိုတာ”
“မဟုတ်ဘူး မဟုတ်ဘူး။ ဆရာကြီး အခု ပြောတာတွေ”
“အေးလေကွာ၊ အကြံအစည် အပေါက်အလမ်း တည့်တယ်ပဲထားပါတော့။ ငါ့စကား လွန်သွားတာ ငါ သိပါတယ်။ ကဲ ကဲ ဟောဟိုမှာ မင့်နှမ၊ မှတ်တောင် မှတ်မိသေးရဲ့လား”
အဘိုးကြီးပြရာသို့ ကြည့်လိုက်ရာ ခြံဝသို့ ထွက်၍ မျှော်နေပုံရသော အသက်နှစ်ဆယ်ကျော်လောက်ရှိသည့် မိန်းကလေးကို တွေ့လိုက်ရသည်။ အဘိုးကြီးကို ရှင်းနေမယ့်အစား ကောင်မလေးတွေ့မှ
အေးအေးဆေးဆေး ရှင်းပြတော့မည်ဟု အောက်မေ့လိုက်သည်။
မဝင်းနုဆိုသူကလေးမှာ အသားဝါဝါ ကိုယ်ကာယ ဖျတ်ဖျတ်လတ်လတ်နှင့် သူမ၏ ဆယ့်ငါးနှစ် လုံးလုံး အကွဲကြီးကွဲနေသော အစ်ကိုကြီးကို
ပူပင်သောက ဗျာပါဒ များစွာဖြင့် ဆီးကြို မျှော်ခေါ်နေဟန်ရှိလေ၏။
မြင်းလှည်းကလေး ခြံဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လေးငါးလှမ်းလောက် အရေးတကြီး အပြေးလာတွေ့သည်တွင် သန့်ပြန့်ထည်ဝါသော
- ဘဌေး၏ ရုပ်လက္ခဏာနှင့်အဝတ်အစားများကြောင့် အနည်းငယ်ဟန့်ကာ ရွံ့တွန့်တွန့် ဖြစ်သွားရှာတော့သည်။ ဘဌေးသည် မြင်းလှည်းပေါ်မှ
ခပ်ဆိုင်းဆိုင်း ဆင်းမိလေ၏။
. “ကဲ ဝင်းနု နှင့်အစ်ကိုကြီး လူမိုက်ကို” ဟု ဆရာကြီးက ပြောလိုက်မှ ဝင်းနုတွင် သံသယကင်းသွားသကဲ့သို့ ရဲရဲတင်းတင်း ဘဌေး၏ လက်နှစ်ဖက်ကို ဆွဲကာ-
“နေရက်ပါပေ့ အစ်ကိုကြီးရယ်။ နေရက်ပါပေ့”ဟု ကြူကြူပါအောင် ငိုလိုက်လေ၏။ သူမ၏ မျိုသိပ်ခဲ့ရသော ဒုက္ခသောက ဗျာပါဒတို့ဖြင့် ရောပြွမ်းပြည့်နှက်နေသောပရိဒေဝအိုးကြီးမှာ ဘဌေး၏ ဆိုက်ရောက်မှုကြောင့် လတ်တလော ပေါက်ကွဲသွားပုံမျိုး ရှိတော့သည်။ မွန်အမျိုး
အနွယ်ပီပီ နွဲ့နွဲ့နှောင်းနှောင်းနှင့် စကားကလေး ဝဲတဲတဲမှာ သနားကြင်နာစရာ ကောင်းလှသည်။ ဘဌေးသည် မိမိလက်ကို လွတ်ထွက်သွားအံ့ စိုးသကဲ့သို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ငိုနေသော မဝင်းနုကို မြင်ရသောအခါ သူကိုယ်တိုင် မချိတရိဖြစ်မိသည်။ သို့သော် သူတို့၏
ဘဌေးအဖြစ်ဖြင့် နှစ်သိမ့်ရမည်လော၊ ကိုယ်ပိုင်ဘဌေးအဖြစ်ဖြင့် အားပေးရမည်လောဟု တွေးတောရင်းသာ အချိန်ကြာခဲ့ရလေသည်။
“မဟုတ်ဘူး ကလေးမ။ ငါ တစ်ခု ပြောဦးမယ်”
“အစ်ကိုကြီးလေ၊ အစ်ကိုကြီး၊ အစ်ကိုကြီး လူကို အခုထက်ထိ ကလေးမလို့ ခေါ်တုန်းပဲ ရှိသေးတယ်နော်။ ကဲ ကဲ၊ လာ လာ မေမေ့ကို ဝင်ကြည့်ပါဦး။ မနက်ကများဖြင့် အသက်မှမီပါဦးမလား အောက်မေ့မိတယ်။ သူ့ခမျာ သားရဲ့ဇောက ဘယ်လောက်များသန်နေသလဲဆိုရင်
ရထားဝင်လာတဲ့ ဥသြသံလဲ ကြားရော၊ ဟော ငါ့သားကြီး ပြန်လာပြီဆိုပြီး ခေါင်းထောင်ထတာပဲ။ သို့ပေမဲ့ သို့ပေမဲ့ မေမေတော့ ဒီတောင်က
. ကျော်တော့မှာ မဟုတ်ပါဘူးအစ်ကိုကြီးရယ်”
ဟု အဆုံးသတ်တွင် အားလျှော့စကားပြောကာ ဘဌေးကို လက်မောင်းက ကိုင်၍ အတင်း
ဇွတ်ခေါ်ဆောင်သွားလေ၏။
ပျဉ်ထောင်၊ သွပ်မိုးလေးပင်သုံးခန်း ကျွန်းအိမ်ကြီးသည် ယခင်အခါက အတော်ထည်ထည်ဝင့်ဝင့် ခမ်းနားခဲ့ရပုံ ပေါက်လေသည်။ ဆင်ဝင်ကြီးမှာ အနည်းငယ်ပင် ချို့ယွင်းပျက်စီးနေပြီ ဖြစ်သော်လည်း ပြင်ဆင်မွမ်းမံခြင်း မရှိသောကြောင့် အိမ်ရှင်များ၏ အခြေအနေကို သိနိုင်လေသည်။
မဝင်းနုတို့မှာ ပထမက အတော်ကလေး ကြွယ်ဝခဲ့ဖူးကြောင်း ရိပ်မိနိုင်တော့၏။ အိမ်ထဲသို့ ရောက်သွားသောအခါ. . အိမ်ထောင်ပရိဘောဂ များများစားစား မတွေ့ရ၊ နည်းနည်းနှင့် ကျဲကျဲဝိုင်းထားရဟန်ဖြင့်
မရှိလျှင်မဖြစ်သည့် ပစ္စည်းအချို့ကိုသာ တွေ့ရသည်။
အိမ်ခေါင်းရင်းဘက်ခပ်ကျကျ အခန်းကြီးတစ်ခန်းတွင် မဝင်းနု၏ မိခင်ကြီး လားရာဂတိကို ငံ့မျှော်နေရာ ဌာနဖြစ်တော့သည်။ အခန်းတွင်းသို့ မဝင်းနုနှင့် ရှေ့ဆင့်နောက်ဆင့် ဝင်မိသောအခါ ကြီးမားသော ကျွန်းခုတင်အဟောင်းကြီးပေါ်တွင် အသက်ခြောက်ဆယ်ခန့် လူမမာကို မြင်ရ၏။ အဘွားကြီးသည် မိန်းမောနေဟန်ရှိလေ၏။ သူ၏ ညှိုးရော်သော အရေအသားနှင့် ပိန်လှီသော ကိုယ်ကာယသည် အိမ်ကြီး၏ မသစ်လွင်သော မျက်နှာကြက်ကို ရင်ဆိုင်ပြုလျက်ရှိကာ နက်ရှိုင်းသော မျက်ကွင်းနှစ်ခုမှာလည်း စုံမှိတ်ထားလျက် ရှိတော့သည်။ ပျိုမျစ်နုနယ်စဉ်က
လှပချောမွေ့ခဲ့ဟန်တူသော မွန်ရည်သည့် အသွေးသည်ကား သေဘေးနှင့်ယှဉ်ပြိုင်၍နေ ရသည့်တိုင် အကြွင်းမဲ့ပြောင်းလဲ လွင့်စဉ်ကုန်ကြသည်
မဟုတ်သေး။ အဘွားကြီးသည် ခြောက်သွေ့သော နှုတ်ခမ်းကို လျှာဖျားနှင့်အားယူ၍ လှိမ့်နေရှာတော့သည်။
ဘဌေးသည် ခြေဖျားထောက်ကာ တစ်လှမ်းချင်း တိုးမှန်းမသိ တိုးသွားမိသည်။ မျက်ရည်တွေ ဥလျက် တထိတ်ထိတ်ကြည့်ရှုနေရဟန်တူသော မဝင်းနု၏ မျက်စိသည် ဘဌေး၏ အမူအရာနှင့် မိခင်ကြီး၏ မျက်နှာဆီသို့သာ ကူးသန်းနေတော့လျက်
အပါးတွင် ရပ်နေသော ဆေးဆရာကြီးဦးမှိုမှာကား လက်ပိုက်လျက်နှင့် အဘွားကြီး၏ မျက်နှာကိုသာ ကသိုဏ်းရှုသလို ရှုရင်း မလှုပ်မယှက်
မားမားကြီး တည်ရှိလေသည်။
“မေမေ၊ မေမေ အစ်ကိုကြီး ရောက်လာပြီလေ”ဟု မဝင်းနုက ခုတင်ဘေးတွင် ဒူးထောက်၍ အဘွားကြီး၏ နားနားသို့ကပ်၍ ပြောလိုက်သောအခါ လူမမာ မျက်စိတဖြည်းဖြည်းပွင့်လာသည်ကို တွေ့ရလေသည်။
ဘဌေးသည် ဖြူဖတ် ဖြူရော်ဖြစ်နေသော မျက်နက်သူငယ်အိမ်များကို မြင်ရခြင်းကြောင့် အမယ်အိုမှာ ဆရာကြီး ဦးမှိုပြောသကဲ့သို့ စက္ခုပသာဒ
ချို့ယွင်းနေကြောင်း ကောင်းစွာ သိထားလေတော့သည်။ သို့သော် နားက အတော်အသင့် ကြားရသေးသော လက္ခဏာနှင့် နွမ်းနယ်နေသော
. လက်နှစ်ဖက်ကို အားယူကာ ဆန့်တန်းလျက်
“သား သား မေမေ့သား” ဟု ရေရွတ်နေရှာသည်။ အမေကြီး၏အသံမှာ လောဘတကြီးဖြင့် အာသာငင်ငင် နှလုံးတွင်းမှ ထွက်လာသော မချိတရိအသံမျိုး ဖြစ်လေ၏။ ဘဌေးသည် ကိုယ့်ဘဝကို ကိုယ်မေ့၍
ဆောက်တည်ရာမတွေ့ ဖြစ်သွားတော့သည်။ သေလုနီးပါး ဖြစ်သော မိခင်၏ စေတနာ၊ မေတ္တာမျိုးကို မမြင်ရက် မရှုရက်အောင် မျက်စိအောက်၌
တွေ့ရသောအခါ မန္တ လေးဘဌေးဘဝမှ သူတို့ဘဌေး အဖြစ် ဘဝပြောင်း သွားသလောက် ထိခိုက်မိတော့သည်။ ထို့ကြောင့် ခုတင်တစ်ဖက်က
ဒူးထောက်ကာ အဘွားကြီး၏လက်တွင်းသို့ လည်ပင်းတစ်ခုလုံး ဝင်လိုက်ပြီးကာ မျက်ရည်လည်ရွဲနှင့် ပွေ့ဖက်မိရုံမျှမက ပါးစပ်ကလည်း“အမေ အမေ ကျွန်တော် လာပါပြီ အမေ”ဟု အလိုအလျောက် ထွက်သွားမိသည်။ ထိုအသံသည်လည်း ငိုရှိုက်တော့မတတ် ဖြစ်နေလေ၏။
အမေကြီးသည် ရှိသမျှ ကြွင်းသမျှသောအင်အားကလေးကို အကုန်သုံးလိုက်သကဲ့သို့ ပက်လက်မှ အားယူ၍ ထလိုက်လေသည်။ ဘဌေးသည်
လည်း ကြင်နာခြင်း ပြင်းပြစွာဖြင့် မိခင်ကြီး၏ ကျောကို မခွာရက်သကဲ့သို့ လက်နှင့်သိုင်းကာ ဖက်ထားမိလေသည်။ မဝင်းနုကို ကြည့်လိုက်သော
အခါ အကြီးအကျယ်နောင်တရလာကာ မကြင်နာစဖူး ကြင်နာလှသော သူမ၏အစ်ကိုကြီးကို ယူကျုံးမရဟန်နှင့်ကြည့်ကာ တတွေတွေ
ကျဆင်းလာသော မျက်ရည်များကို သုတ်၍ ကျိတ်ရှိုက်နေတော့သည်။
ဆေးဆရာကြီး ဦးမှိုကား သားအမိများ၏ ဖြစ်ပုံကို အာရုံ မျက်မြင် မတွေ့ချင်သကဲ့သို့ သက်မကြီးတစ်ချက်ချကာ ခုတင်အနားမှ ခေါင်းငိုက်စိုက်ဖြင့် မျက်နှာ လွှဲသွားရှာလေသည်။ အဘွားကြီးမှာကား
မိမိရင်ခွင်တွင် အပ်ထားရသည့် သားမှာ တစ်ဆယ့်ငါးနှစ်လုံးလုံး ကွဲကွာနေရသောသားအစစ်ဟု ယုံကြည်ကျေနပ်၍ နေရုံမျှမက ယခုတွေ့ရ
.သောအချိန်မှာ သူ့ခန္ဓာမှ အသက်မထွက်သမျှ မလွှတ်လိုတော့သကဲ့သို့ ဇွတ်တွယ်ထားတော့လေသည်။
“အားတင်းပါ အမေ ကျွန်တော် ပြန်လာပါပြီ။ ဘာမှ ပူစရာမရှိတော့ပါဘူး”
ဟုဘဌေးသည် ဟန်ဆောင်၍ ပြောဆိုနေထိုင်ရန် ရည်ရွယ်ကာ ပြောဆိုလာခဲ့ခြင်း ဖြစ်သော်လည်း မိမိ၏ဇာတ်ကွက်တွင် စိတ်ပါလက်ပါ ဝင်ရောက်ကပြနေရသော ဇာတ်မင်းသားကဲ့သို့ လှိုက်လှိုက်လှဲလှဲ ဖြစ်နေတော့သည်။
'
“သား သား လိမ္မာလှချည်လား သားရဲ့”
“ကျွန်တော် လိမ္မာလာပြီ အမေ။ အမေကို ငွေနဲ့စက်ပြီး ကုယူမယ်။ အကောင်းဆုံးဆေးတွေ၊ အတော်ဆုံးဓာတ်စာကို ကမ္ဘာပေါ်မှာ မရရအောင် ရှာပြီးကို ယူမယ်။ အမေ မသေရဘူး။ စိတ်ချ အမေ မသေရဘူး”
“အမယ်လေး သားရဲ့ သား သား”
အဘွားကြီးအဖို့ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးသောစကားများ ကြားရခြင်းကြောင့် ဝမ်းအသာလွန်သော ပီတိသည် အဆောက်အအုံ ကြီးမား
လေးလံလှလွန်းသည်။ ထိုပီတိ၏ လှုပ်ရှား ဆောင့်ကန်မှုကို ယိမ်းယိုင်ယိုယွင်းနေသော ခန္ဓာကိုယ်နှင့် ချို့ငဲ့ဖောက်ပြန်နေသော ဟဒယအိမ်၌
ခံနိုင်စွမ်းရည်မရှိတော့သောကြောင့် တစ်သိန်းမက တစ်သန်းမက ဝမ်းသာအားရ ပြောချင်လှသည့် စကားလုံးများအစား "သား သား "ဟူသော
နောက်ဆုံး စကားလုံးနှစ်လုံးနှင့်သာ ဘဌေး၏ လည်ပင်းကို ဖက်ရင်း .ကွယ်လွန်သွားတော့လေရာ အရိပ်အကဲကို တဒိတ်ဒိတ်နှင့် စောင့်ကြည့်နေ
ရှာသည့် မဝင်းနု၏ငိုသံကား တစ်ခန်းလုံး လွှမ်းခြုံအုပ်စိုး၍ သွားတော့လေ၏။
“အင်း သွားရှာပလား မငြိမ်းသာရယ်”ဟု ညည်းတွားရင်း ဆရာကြီး ဦးမှိုက အနားကပ်၍ သေသေချာချာ ကြည့်ရှာသည်။
ဖွဲ့ ဖွဲ့နွဲ့နွဲ့ နှင့် ကံဆိုးသမျှဒုက္ခတွေကို တ ကာ´တ-ကာ ငိုနေရှာသော မဝင်းနု၏အသံကို ကြားရသည်မှာ ဘဌေး၏ ရင်ထဲတွင် နင့်ခနဲနင့်ခနဲ ဝင်၍ စူတော့သည်။ ထို့ကြောင့် အဘွားကြီး၏ လက်များကို
အသာအယာဖြေချ၍ ခုတင်ပေါ်တွင် နေသားတကျဖြစ်မှ အခန်းအပြင်သို့ ထွက်ခဲ့ရသည်။
ဆရာကြီး ဦးမှိုသည် ဘဌေး၏နောက်မှကပ်၍- လိုက်ခဲ့သည်။အိမ်ရှေ့ ဝရန်တာကို လက်တင်၍ ခြံအပြင်သို့ ကြည့်ရှု ငေးမောနေခြင်းကြောင့် ဆရာကြီးဦးမှိုကိုပင် သတိမထားမိချေ။
- “မိဘကောင်းသား ခံရများ၏ သားကောင်း မိဘ ခံခဲလှ၏ဆိုတာ မင်းလိုသားမျိုး ပြောတာပေါ့ကွ ဘဌေးရ။ မင်းမရောက်တော့ မရောက်မရောက်နဲ့ မင်းရောက်တော့ ဝမ်းသာလုံးဆို့ပြီး သေရရှာတာပဲ။ ကဲ
ဒါတွေက အနိစ္စမို့ ထားပါဦး။ အခု ဘယ်ပုံစံ စီမံမယ် ကြံသလဲ။အိမ်ကြီးတစ်လုံးမှာဖြင့် ချူးတစ်ပြားမှ ရှိတော့တာ မဟုတ်ဘူး”
ဘဌေးသည် ဆရာကြီးကို လှည့်ကြည့်ရင်း ဖြည်းလေးစွာ အိတ်ထဲက နှိုက်၍ ငွေစက္ကူအသစ် တစ်ထောင်အုပ်ကို ဆရာကြီးလက်သို့ ထိုးထည့်လိုက်လေသည်။
“အဲဒါ အခုကိစ္စအတွက် သုံးဖို့ပဲ ဆရာကြီး၊ ဒီအထဲက သူများကြွေးမြေအတိုအစ ရှိရင်လဲ ဆပ်နိုင်လောက်ရဲ့ မဟုတ်လား။ ကလေးမကလေးအတွက် လိုတဲ့ပစ္စည်းများလဲ ဝယ်ပါစေဗျာ။ ဆရာကြီးရဲ့ ဆေးဖိုးဝါးခလဲ ကျွန်တော်က ပေးပါဦးမယ်။ ဆရာကြီး-ဒီလို စောင့်ရှောက်လာခဲ့တာတွေလဲ ကျွန်တော် ကျေးဇူးတင်ပါတယ်”
ဆရာကြီး ဦးမှိုသည် ငွေတစ်ထောင်အုပ်ကို အားနည်းမှုန်ဝေသော သူ၏ မျက်စိကလေးများနှင့် အားရပါးရ ကြည့်နေရှာသည်။ သူ၏ လက်များသည်လည်း တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိတော့သည်။သူသည် ဘဌေး၏ မျက်နှာကို ကြောက်ရွံ့တုန်လှုပ်သော မျက်နှာငယ်
ကလေးနှင့် စိုက်၍ ကြည့်နေရှာသည်။ သူ၏ ပုံပန်းနှင့် အမူအရာအားလုံးမှာ သူနှင့် မထိုက်တန်၊ မမျှော်လင့်ခဲ့မိသော ဆုလာဘ်ပကာကြီးကို လူပုံအလယ်၌ လက်ခံနေ ရသလို ရှိတော့၏။
“ကဲ ဆရာကြီး၊ ကလေးမနဲ့ တိုင်ပင်ပြီး လုပ်စရာရှိတာတွေသာလုပ်ပါတော့”ဟု ဘဌေးက စိတ်ရှုပ်သလိုပြောလိုက်သောအခါ အဘိုးကြီး
တွင် ခေါင်းတဆတ်ဆတ် ညိတ်နေရင်းက-
“ကောင်းပါ့ မောင်၊ ကောင်းပါ့၊ ကောင်းပေါ့။ အင်း ကလေးမကလေး ဘယ်လောက်အားတက်ရှာမလဲကွယ်။ ငါ့တူ ဘုန်းကြီးပါစေ၊သက်ရှည်ပါစေ”ဟု ညင်းပြောင်းသော အသံတုန်ကလေးနှင့် ပြော၍
ဘဌေးအပါးမှ ခပ်ယို့ယို့ ပျောက်သွားရှာသည်။
ဘဌေးသည် စိတ်ကူးတစ်မျိုး ပြောင်းနေလေ၏ ။ မူလက ဆရာကြီးနှင့်တကွ ကလေးမလေးကိုပါ အမှန်ကိုဖွင့်ပြော၍ ရန်ကုန်သို့ ပြန်မည်ဟု စိတ်ကူးထားရာ ယခုကား အားငယ်နေမည်ဖြစ်သော ကလေးမ တစ်ကောင်ကြွက်ကို ပြော၍မထွက်အောင် ရှိနေတော့လေ၏။ ထို့ကြောင့်
ယခုနေကား သွား၍မဖြစ်။ ရေလိုက်ငါးလိုက်နေရန် ဆုံးဖြတ်လိုက်ရသည်။
. ထိုအခိုက် ဘဌေးသည် ခြံဝသို့ ခပ်ယိုင်ယိုင် လူတစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ ထိုသူမှာ အဝတ်အစား ညစ်တိညစ်စုတ်နှင့် မသင်္ကာစရာ ကောင်းလှသည်။ တောအရပ်ဓလေ့အတိုင်း
မသာအိမ်ကို လာရောက်ကူညီသလိုလိုနှင့် တွေ့ရာကို ဆွဲသွားမည့်လူစားလားဟု ယိုးစွပ်မိသည်။
ဘဌေးသည် ဝရန်တာမှ ဆင်း၍ ထိုလူရှိရာသို့
လျှောက်လာခဲ့လေ၏။ ထိုလူကား အရက်သောက်ထားကြောင်း သိသာနေသည်။ အနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဘဌေး၏ ပါးစပ်မှာ
ယောင်ယမ်း၍ ဟလိုက်မိအောင် အံ့သြမိတော့သည်။
ထိုလူမှာ အခြား မဟုတ်။ လွန်ခဲ့သော လေး၊ ငါးရက်လောက်က ဘုံဘေဟိုတယ် မိမိအခန်းအတွင်းသို့ ပိုင်နက်ကျူးလွန်ခဲ့သော သူခိုးအငယ်စား အလစ်သမားဖြစ်ကြောင်း ဘဌေးကောင်းစွာ မှတ်မိနိုင်တော့သည်။
“ဟေ့လူ၊ ခင်ဗျား ဘာလာလုပ်တာလဲ။ ဒီခြံထဲ ဘာဖြစ်လို့ ဝင်ရသလဲ”
“ဟင် ဘာလာလုပ်သလဲလို့ မေးသလား။ ဟား ဟား”
. ထိုလူက အရက်သွေးနှင့် ရယ်သွမ်းကလေးသွေးလိုက်သေးသည်။သူသည် ဘဌေးကိုပင် မော်၍ မကြည့်။ လေးကွက်သိုင်း နင်းလာသော
မဟာပထဝီမြေကြီးကိုသာ ခြေလှမ်းမပျက်ရန် ကြည့်နေလေသည်။
ဘဌေးသည် ထိုလူက မော့၍ ကြည့်လိုက်စေကာမူ သူ့အား မှတ်မိမည်ကို မစိုးရိမ်မိ။ ဟိုတယ်တွင်တွေ့ရသော ညကတည်းက ဘဌေး၏ မျက်နှာကို စေ့စေ့မကြည့်ရဲ၍ မှတ်မိနိုင်ရန် ဝေးသေးသည်။
“ငါ့အမေအိမ် ငါလာတာ မင်းက ဘာပြောချင်သေးသလဲ။ငါ့ကို ဒီမှာမွေးတယ်။ မွေးတဲ့အိမ်ကို ပြန်လာတယ်။ ဒါကို မင်းက ကြားထဲက ဝင်ပြီး ဘာကန့်ကွက်ဦးမလဲ။ ဟဲ ဟဲ”
ထိုသူသည် လက်ကားရား ခြေကားရားနှင့် စကားကို ဗလုံးဗထွေး ဆက်၍ပြောနေသည်။ ဘဌေးသည် အိမ်ကြီးသို့ပြန်၍ လှည့်ကြည့်လိုက်မိသည်။ မည်သူ့ကိုမျှ မတွေ့ရမှ စိတ်အေးသွားမိသည်။
“အမေ့ဆီ ငါသွားမလို့ကွ၊ အမေရေ အမေရေ အမေ့သား လာပြီလေ”
ဟုထိုလူက ပြောပြောဆိုဆို-ဘဌေးကို လက်နှင့်ဖယ်ရင်း ထွက်သွားမည်အပြုတွင် ဘဌေးက ထိုလူလက်ကို ခပ်ကြမ်းကြမ်း ဆွဲထားလိုက်လေသည်။
“ဟေ့လူ ခင်ဗျားနာမည် ဘယ်သူလဲ ပြောစမ်း"
' “ဘကွ ဘဌေး၊ လူမိုက် `ဘဌေးဆိုရင် အကုန်သိတယ်။နားလည်လား”
ထိုလူ၏ နာမည်ကို ကြားလိုက်ရသည့်နှင့် တစ်ပြိုင်နက် ဘဌေး၏ ဦးနှောက်မှာ တစ်ခဏချင်း အတော်ရှုပ်ပွေသွားလေ၏ ။ ပြီးမှ ထိုလူကို အနားသို့ ဆွဲယူလိုက်ရင်း-
' “နေပါဦး ခင်ဗျားနာမည် ဘဌေးလို့လဲ ပြောတယ်။ ဒါဟာ ခင်ဗျားအမေ့အိမ်လို့လဲ ဆိုတယ်။ ဟိုတလောက ရန်ကုန်က ဘုံဘေဟိုတယ်မှာ ခင်ဗျားပဲ မဟုတ်လား”
“ဟုတ်တယ်လေးဘုံဘေဟိုတယ်မှာ ကျုပ် မြန်မာထမင်း၊ ဟင်းချက်တဲ့ဘက်က ငါးရက်လောက် ဝင်လုပ်ခဲ့သေးတယ်။ နောက် ကျုပ်ကို အလုပ်မကောင်းဘူးဆိုပြီး ထုတ်လိုက်ကြတယ်”
“နေပါဦး၊ ဒီတုန်းက ခင်ဗျား ဟိုတယ်ကနေပြီး ဒီအိမ်ကို လှမ်း စာရေးသလား”
“ကျုပ် အလုပ်ဝင်တဲ့နေ့ပဲ ရေးလိုက်တာပေါ့။ ဒါပေမဲ့ အမေ့ဆီက စာမပြန်ပါဘူးဗျာ။ ကျုပ်မှာတဲ့ငွေလဲ မပို့ပါဘူး။ အတော်ဆိုးတဲ့အမေ”
“ဒါဖြင့် အခု ဘာလာလုပ်တာလဲ။ ငွေလာတောင်းတာ မဟုတ်လား”
“ဟဲ ဟဲ အစစ်ပေါ့။ အမယ် ခင်ဗျား အင်္ဂဝိဇ္ဇာတတ်တယ်ထင်တယ်။ ခင်ဗျား ပြောတာတွေ တစ်ခုမျှ မလွဲသေးဘူးဗျို့။ ကိုယ့်လူက အတော်သားပဲ”
'
သူဌေးဘဌေးသည် သူခိုးဘဌေးအား ခပ်ကြမ်းကြမ်း ပခုံးကိုပုတ်လိုက်ပြီးမှ ... -
“ဟေ့လူ ခင်ဗျား ကျုပ်ကို ဘာအောက်မေ့သလဲ။ ခင်ဗျားကိုဖမ်းရအောင် လိုက်နေတဲ့စုံထောက် သိရဲ့လား။ ခင်ဗျားမှာ အရင့်အရင်က ပြစ်ချက်တွေ ရှိတယ်။ နောက်ဆုံးအမှုကတော့ ဘုံဘေဟိုတယ်က
အခန်းတစ်ခုကို ပိုင်နက်ကျူးလွန်မှု၊ ခိုးဖို့ကြံတဲ့အမှု အဲဒါတွေပဲ။ခင်ဗျားဟာ ခင်ဗျားတော့ သိမှာပါ။ ကဲ ကျုပ် ခင်ဗျားကို ဖမ်းရလိမ့်မယ်”
. သူခိုးဘဌေးမှာ မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားတော့သည်။ သူ၏ မူးယစ်ခြင်းများပင် တစ်ခဏအတွင်း လွင့်ပါးသွားဟန်တူ၏။ ထို့ကြောင့် ကြောက်ရွံ့ အားငယ်စွာ မော့ကြည့်ပြီး ,
“အလိုလေး- အဟုတ်လား ခင်ဗျာ”
“မဟုတ်ဘဲနဲ့ ရန်ကုန်က ဒီအရောက် ကျုပ်လိုက်လာပါ့မလား။အခုပဲ ခင်ဗျာအမေကြီးဆီမှာ ဝင်မေးခဲ့သေးတယ်။ ဒါပေမဲ့ ကျုပ်တစ်ခုတော့ ညှာလိုက်မယ်။ အခု- ခင်ဗျားအမေကြီး ကောင်းကောင်း မာတာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားအမေကြီး မျက်နှာထောက်ပြီး ကျုပ်က ငွေတစ်ရာ ပေးလိုက်မယ်။ ခင်ဗျား တခြားကို ပြေးပေတော့။ အေး
ဒီမြို့မှာ နောက်တစ်နာရီအတွင်း တွေ့ရရင်တော့ ချမ်းသာ မပေးနိုင်ဘူး။ဖမ်းရမှာ ကြားရဲ့လား”
သူခိုးဘဌေးက တုန်တုန်ယင်ယင်နှင့် မော့၍ကြည့်လိုက်ရာ တည်တည်ခန့်ခန့်နှင့် အရာရှိရုပ်ပေါက်နေသော ဘဌေး၏ ဣနြေကို သံသယ မရှိအောင် ယုံကြည်ကြောက်ရွံ့သွားလေ၏။ ထို့အတွက် ဘဌေးက ရာတန်တစ်ရွက်ထုတ်ပေးလိုက်သောအခါတွင် လေးကန်ဖင့်နွဲ့ခြင်းမရှိဘဲ သွက်သွက်လက်လက် လောဘတကြီးနှင့် ယူလိုက်ကာ အိမ်ကြီးဘက်သို့ မျှော်ကြည့်လိုက်ပြီးမှ
“ဟုတ်ကဲ့၊ ဟုတ်ကဲ့.ဒါပေမဲ့ ရောက်တဲ့အခါကလေး ကျွန်တော့အမေကို ခဏလောက်ဝင်ကြည့်ပါရစေလား ခင်ဗျား။ ကျွန်တော် ပြန်မရောက်တာ ဆယ့်ငါးနှစ်လောက်ရှိနေပါပြီ”
ဟု သနားစဖွယ် တောင်းပန်ရှာသေးသည်။ ကျွန်ုပ်တို့၏ ဘဌေးသည် ဤတစ်ခါတွင်ကား လူမိုက်
လူဆိုးတစ်ယောက်အပေါ် အတော်ကြီး ကရုဏာသက်သွားမိသည်။
သို့သော် သူရောက်သွားခြင်းကြောင့် မဝင်းနု၌ အကျိုးရှိနိုင်တော့မည် မဟုတ်။ မိခင်ကြီးနှင့် သူ့အတွက်ပင် ထူးခြားလှတော့မည်မဟုတ်တော့
သောကြောင့်-
“မဖြစ်ဘူး။ ဂါတ်က လူတွေကို ကျုပ်မှာခဲ့မိလို့ သူတို့တစ်တွေ လိုက်လာကြလိမ့်မယ်။ ခင်ဗျား ဝင်နေရင် မိမှာပဲ”
ဟု အလောသုံးဆယ် နှင်လိုက်လေသည်။
သူခိုးဘဌေးသည် ဖြစ်နိုင်ပုံ မပေါ်သောအခါ အိမ်ကြီးကို နောက်ဆုံးကြည့်နည်းဖြင့် ကြည့်ရင်း ခြံဝင်းကြီးထဲမှ ခပ်ဖြည်းဖြည်း ထွက်သွား ရှာလေ၏ ။
* * * * *
ဤသို့ ဘဌေးသည် စိတ်အေးလက်အေး အယောင်ဆောင်ခဲ့သည်မှာ ရက်လည်ဆွမ်းသွပ်ပြီးသည်အထိ ဖြစ်လေ၏။ ဤကြားထဲတွင် မသာကိစ္စသို့လာကြသော အရပ်သူအရပ်သားများအား စကားစပ်မိအောင် ရောရောဝင်ဝင် မနေခဲ့။ ဧည့်သည်များကလည်း ဘဌေးအား မေတ္တာမရှိသကဲ့သို့ ခပ်ဝေးဝေးကပင် အံ့သြရှာကြသော အမူအရာမျိုးဖြင့်- လာကြသွားကြ
တော့သည်။
တစ်ရွာလုံး၏ အကြင်နာမေတ္တာကို ခံယူရသူကား ကလေးမ မဝင်းနုပင် ဖြစ်တော့သည်။ ဘဌေးအား အရေးမစိုက်ကြသလောက် မဝင်းနုကလေးအား ဝိုင်း၍ အားပေးနှစ်သိမ့်ကြသည်။ ကူညီကြသည်။
ဝိုင်းဝန်းကြသည်။ မဝင်းနုကလေးကား တစ်ရွာလုံး၏အချစ်တုံး အချစ်ခဲ ကလေးပေတကား။
မဝင်းနုသည် အိမ်မှုကိစ္စ ဧည့်သည်အများ၏ ဝေယျာဝစ္စကိုလည်း သွက်လက်ဖျတ်လတ်စွာ ကျေပွန်လိုက်သေးသည်။ ဘဌေး၏ စားမှု
သောက်မှု၊ နေမှုထိုင်မှုစသည်တို့ကိုလည်း ဝတ္တရားမပျက် ဆောင်ရွက် လုပ်ကျွေးလိုက်သေးသည်။ ဘဌေးသည် မဝင်းနု၏ အယုအယကြားတွင်
နှစ်သိမ့်ကျေနပ်နေတော့သည်။ ကလေးမကို ချစ်ကြိုက်ကြည်ညို စေတနာတွေ ပိုခဲ့လေပြီ။
'
ထိုနေ့က ဧည့်သည်များ ပြန်သွားကြ၍ အိမ်မှုကိစ္စအားလပ်သည်နှင့်တစ်ပြိုင်နက်ပက်လက်ကုလားထိုင်နှင့် စဉ်းစားနေသော ဘဌေးအပါးသို့ ခပ်ယို့ယို့ကလေး ကပ်လာပြီးလျှင် ပုဆစ် ဒူးတုပ် ထိုင်ချလိုက်လေသည်။ဘဌေးသည် ပက်လက်လှဲနေရာက ဆတ်ခနဲ ခေါင်းထောင်၍ ထထိုင်လိုက်မိသည်။
“ဘာ ဘာ ဘာလဲ ကလေးမ။ ငွေမလောက်လို့လား”
မဝင်းနုသည် စကားကို ဖြုန်းခနဲ ပြန်ဖော်မရ၊ ငုံ့နေသောခေါင်းကို မော်၍ မျက်ရည်လည်ရွဲနှင့် ဘဌေးအား ရွှန်းရွှန်းစားစားကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ဖြိုးဖြိုးပြက်ပြက် အရောင်ကလေး
တွေ လက်နေတော့သည်။
“အစ်ကိုကြီးမှာ ငွေရှိပါတယ် ကလေးမရဲ့၊ ဘယ်လောက်ယူဦးမလဲ . . . . .. . . "
- “အစ်ကိုကြီး အစ်ကိုကြီးကို ဝင်းနုမေးပါရစေ။ အစ်ကိုကြီး ..အစ်ကိုကြီးက ဘယ်သူလဲ ဟင်”
"ဟင်"
ဘဌေးသည် ယောင်၍အော်လိုက်မိသည်။ တစ်ကိုယ်လုံး တုန်သွားတော့၏။
' “အစ်ကိုကြီးဟာ ဘယ်သူလဲလို့ ဝင်းနု မေးတာပါ။ သူစိမ်းတစ်ယောက်က ဘာဖြစ်လို့ ဒီလောက်စေတနာထားပြီး အမေ့ နောက်ဆုံး
ဆန္ဒကြီးကို ဖြည့်စွမ်းရအောင်-လာခဲ့တာလဲဆိုတာ တွေးလို့မဆုံး အံ့ဩလို့ မကုန်နိုင်လွန်းလို့”
' မဝင်းနုသည် ဘဌေး၏မျက်နှာကို မကြည့်ရဲတော့သကဲ့သို့ မျက်နှာ အောက်စိုက်သွားရှာတော့သည်။ ဘဌေး၏ စိတ်တွင်ကား သူမ၏ အစ်ကိုကြီးဟု အထင်ခံရသော ဆွေမျိုးဘဝမှ လျှောကျသွားတော့မည်ကို မခံမရပ်နိုင်အောင် နှမြောတသ နေတော့သည်။ .
. “ဟို ကလေးမ နင်ရူးနေသလား။ ငါ နင့်အစ်ကိုကြီး ဘဌေးလေ”
“မဟုတ်ပါဘူး အစ်ကိုကြီးရယ်။ ဝင်းနုသိပါတယ်။ အစ်ကိုကြီးငွေတွေကိုလေ ဒီအိမ်ကြီးကို ရောင်းပြီး ပိုသလောက်တော့ ပြန်ဆပ်နိုင်ဖို့ ဝင်းနု ကြည့်နေခဲ့တာပါ။ အင်း၊ စိုက်ကုန်ရတဲ့ အစ်ကိုကြီး ငွေတွေကို
တော့ ဝင်းနု ငွေစားပြန်ဆပ်နိုင်မှာပါပဲ။ ဒါပေမဲ့ အစ်ကိုကြီးရဲ့ စေတနာတွေကိုတော့ စေတနာအစား ပြန်ဆပ်ဖို့ မတွေ့နိုင်လောက်အောင်” .
“ဟို ဟို ကလေးမ”
ဘဌေးသည် ဝင်းနု၏ စကားများကို နားမထောင်ဝံ့သကဲ့သို့ လက်ဝါးတကာကာနှင့် ကန့်ကွက်ငြင်းဆန်နေမိသည်။ သို့သော် ဝင်းနုက သနားစရာ ကောင်းလောက်အောင် မဲ့ပြုံးကလေး ပြုံး၍ .
“မဟုတ်သေးဘူးလေ အစ်ကိုကြီး။ ဝင်းနု သိပါတယ်။ အစ်ကိုကြီး အစစ် ကိုဘဌေးမှာ ငယ်ငယ်ကခွလေးခုတ်ရင်း ဓားထိလို့ ဘယ်ဘက်
လက်ညှိုးကလေးတစ်ချောင်း ပြတ်နေတယ်။ မေမေကတောင် ဝင်းနုကို ခဏခဏစကားစပ်မိလို့ ပြောနေသေးတယ်။ ဝင်းနုငယ်ငယ် အစ်ကို
ကြီးက အဲသည် လက်ညှိုးတိုကလေးနဲ့ ခြောက်ခြောက်နေတာလဲ ဝင်းနုမှတ်မိတယ်။ အစ်ကိုကြီး ရောက်လာပြီး မေမေ သေခါနီး ဖက်လိုက်တော့
အခု အစ်ကိုကြီးလက်မှာ လက်ညှိုး”
ဘဌေးသည် လန့်ဖျပ်ကာ သူ့လက်ညှိုးကို သူထောင်၍ ကြည့်လိုက်မိသည်။ မိမွေးတိုင်း ဖမွေးတိုင်းရှိသော သူ့လက်ညှိုးကို ငယ်ငယ်က
အကြောင်းတစ်ခုကြောင့် မပြတ်ခဲ့ရကောင်းလားဟု အပြစ်တင်မိတော့သည်။ ဝင်းနုကို ဘာစကားမှမဖြေနိုင်ဘဲ တံတွေးကိုသာ ကျိတ်၍ မျိုနေမိလင့်ကစား မျက်နှာထားမှာမူ ငိုရမလို၊ မဲ့ရမလို့ ဘာကလိုလိုကြီး
ဖြစ်နေလေ၏။
* * * * *
“ကဲ ဆရာသုခ၊ ဆရာမှာသာ စာရေးဆရာသုခနဲ့ ဂဠုန်သုခ နာမည်ရော၊နေရပ်ပါ တူနေလို့ ခွကျနေပေမဲ့ ကျွန်တော်တော့ ဘဌေးချင်း နာမည်
တူနေတာနဲ့ မိန်းမရတာပဲ ခင်ဗျ” . .
' ကိုဘဌေးသည် ပြုံးပြုံးနှင့် ဇာတ်လမ်းကို အတိုချုံးကာ နိဂုံးသတ်လိုက်သည်။ သူသည် သတင်းစာများတွင် ဗိုလ်ချုပ်လုပ်ကြံမှုနှင့်ပတ်သက်၍ ကျိုက်လတ်မှ သုခဆိုသူကို ဖမ်းထားကြောင်း တွေ့ရသဖြင့်-
ဤတစ်ခေါက် ရန်ကုန်အလာတွင် ကျန်းမာစွာ ရှိ၊ မရှိ ကျွန်ုပ်အိမ်သို့ ဝင်လာမေးမြန်းခြင်း ဖြစ်လေသည်။ ထိုကမှ နာမည်တူမှုနှင့် ပတ်သက်၍
ရယ်မောစရာပြောရာက သူ့အကြောင်းကို သူသတိရကာ ပြောပြခြင်း ဖြစ်လေသည်။
' သူနှင့်အလားတူ မိတ်ဆွေများစွာတို့သည် ထိုကိစ္စကြီးနှင့် ပတ်သက်၍ ကျွန်ုပ်ထံ ကိုယ်တိုင်လည်း လာကြသည်။ စာရေး၍လည်း မေးကြသည်။ ကျွန်ုပ်ကိုယ်တိုင်မှာလည်း ကျိုက်လတ်သား ဖြစ်နေသောကြောင့် အလကား မျက်နှာပူရပေါင်း များလှပြီ။ ရင်းနှီးသောမိတ်ဆွေများကမူ ခနိုးခနဲ့ ကျီစားကြသည်။ နောက်ကြပြောင်ကြသည်အထိ ဆိုးဝါးတော့သည်။
ကျွန်ုပ်မှာ နောက်ပြောင်ကြသမျှလည်း ခံရသည်။
မေးမြန်းသမျှ စာကိုလည်း ပြန်ရသည်။သို့သော် မေးမြန်းစိုးရိမ်ကြသူများစွာတို့အနက် ကိုဘဌေးလာရောက်ခြင်းသည် ဝတ္ထုတိုတစ်ပုဒ်ရ၍ သူ့ကို ကျေးဇူးတင်ရသေးသည်။ တကယ့် အမှန်ဇာတ်လမ်းသည် လုပ်ကြံစိတ်ကူး၍ရေးသော ဇာတ်လမ်းထက် ဆန်းကြယ်တတ်ပေသေးသည်။
“နေပါဦး ကိုဘဌေးရဲ့၊ သူ့အစ်ကိုကြီး ဘဌေးဆိုတဲ့ လူအကြောင်းကောဗျ။ ဘာကြားရသေးသလဲ”ဟု ကျွန်ုပ်က မေးကြည့်သည်။
“ဟာ၊ဒီလူကတော့ ပေလွန်းပါတယ်ဗျာ။ ငွေတစ်ရာပေးလိုက်တဲ့ အချိန်ကစပြီး ထွက်သွားလိုက်တာ အခုထက်ထိ သေသလား ရှင်သလားတောင် မသိပါ
ဘူး။ ရန်ကုန်ကို ကျွန်တော်တို့ ရောက်လို့ ရှာကြည့်လဲ မတွေ့ပါဘူး”
ဟု စိတ်ပျက်လက်ပျက် ပြောပြပါသည်။
“နို့ ဆေးဆရာကြီးဦးမှုဆိုတာကကော ခင်ဗျား ဘင်္ဂလားအစ်ကိုကြီးဖြစ်နေတော့ မအံ့သြဘူးလား”
“အမယ်၊ ဒီလူကြီးက လူပါးကြီး ဗျ။ တွေ့စကသာ ကျုပ်ကိုမှားပြီး ကြိမ်းလားမောင်းလားလုပ်တာ။ မဝင်းနုရဲ့ မိခင်ကြီးဆုံးတဲ့နေ့ပဲ ကျွန်တော်
က ငွေတစ်ထောင်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ဘဌေးအစစ်မဟုတ်ကြောင်း ချက်ချင်းရိပ်မိသတဲ့။ ဟိုလူရဲ့သဘောက မအေလဲ ဒီလောက် ကြင်နာရကောင်းမှန်းမှ မသိဘဲကလား။ သူကသာ ငွေခဏခဏ တောင်းတတ်တာ သူ့မှာသာ ငွေတစ်ထောင် ပေးနိုင်လောက်အောင်ရှိရင် အိမ်
ပြန်ကပ်မယ့်လူ မဟုတ်ကြောင်း ဓာတ်သိဖြစ်နေတယ်ဆိုကိုး။ ဒါကြောင့် ဘင်္ဂလားအစ်ကိုကြီးမှန်း ဟိုကတည်းက သိသတဲ့။ ဒါပေမဲ့ ဒင်္ဂါးဆိုတာ
ဘင်္ဂလား မျက်နှာပွင့်ဆေးပေကိုးခင်ဗျ”
“အင်း၊ ခင်ဗျားဇာတ်လမ်းက ကောင်းတော့ကောင်းပါရဲ့။ အတိုချုံးလှသဗျာ၊ ညားပုံညားနည်းကလေးတော့ ချန်ထားခဲ့ရော့သလား”
ဟု ကျွန်ုပ်က အားမလိုအားမရ ညည်းမိသည်။
.
“ဘာလိုသေးသလဲ ဆရာရယ်။ ကျွန်တော့မှာ အဘက်ဘက်ကလဲ ချောတယ်။ အေးလေ ယောင်လို့ အဘက်ဘက်ကလဲ ပြည့်စုံတယ်။မဝင်းနုကလဲ ချောတယ်။ နောက်ပြီး တစ်ဦးနဲ့တစ်ဦး မောင်နှမမဟုတ်
မှန်းလဲ သိကြပြီးတဲ့နောက် တစ်ယောက် ကျေးဇူး တစ်ဦး မေတ္တာဆိုသလို ကျွန်တော်က သနား၊ မဝင်းနုက ကျေးဇူးတွေ ထောက်ထား နောက်ဆုံး
‘တော့ ညားကြလေသတည်းပေါ့ ခင်ဗျာ။ ဒါလောက်တော့ စာဖတ်တဲ့ပရိသတ် စဉ်းစားပါစေတော့ ဟဲ ဟဲ”
---------------
ဦးသုခ
. ရှုမဝ ၁၉၄၇ စက်တင်ဘာ
#Typing_crd_ZawOo
No comments:
Post a Comment