#ကော်ဖီသောက်သူများ
#မစန္ဒာ
ဤကမ္ဘာ ဤလောကတွင် ကော်ဖီဟုခေါ်တွင်သည့် ချိုမြမြ ခါးဆိမ့်ဆိမ့် အရည်ကို လူသားတို့ နှစ်သက်စွာ သောက်သုံးခဲ့ကြသည်မှာ နှစ် ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်သည်။ မည်သည့်ခေတ်ကာလတွင် မည့်သည့်တိုင်းပြည်၌ မည်သည့် လူမျိုးတို့က မည်ကဲ့သို့ စတင်ပြီး သောက်သုံးခဲ့ကြသနည်းဟူသော ပုစ္ဆာကို မညိုမ အဖြေထုတ်နေမိသည်မှာလည်း မကြာ
ခဏပင်။
“မသိလျှင်မေး၊ မစင်လျှင်ဆေး"ဟု ဆိုစကားရှိရလျက်နှင့် မည်သည့်သုတေသီ ပညာရှင်ကိုမှလည်း တခုတ်တရ မမေးမိတော့ သူ့ခမျာ ယခုထက်ထိ အဖြေမသိရှာသေးသည်မှာလည်း မဆန်းလှချေ။
သို့သော် သေချာတာ တစ်ခုတော့ရှိသည်။ မညိုမ ကြားဖူး၊ဖတ်ဖူး၊ မှတ်ဖူးသမျှ ရှိစုမဲ့စု ဗဟုသုတထဲတွင် သီပေါမင်းနှင့် စုဖုရားလတ်တို့ ကော်ဖီရည်ကို သောက်သုံးတော်မူကြသည်ဟု မပါရှိခဲ့ပေ။
ထို့ကြောင့် ကော်ဖီသည် မြန်မာ့ရိုးရာ စားသောက်ဖွယ် မဟုတ်ကြောင်းကို သိနိုင်သည်။ ထို့အပြင် မညိုမတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များလက်ထက်က ကော်ဖီကို သောက်သုံးလေ့ မရှိခဲ့ကြကြောင်းကိုလည်းအတည်ပြု မှတ်သားနိုင်သည်ဟု ယူဆမိလေသည်။
မညိုမသည် ငယ်ငယ်တုန်းကတော့ ကော်ဖီကို စိတ်မဝင်စားခဲ့ပေ။ထမင်းစား စားပွဲပေါ်ရှိ အပြာရောင် ကြွေရည်သုတ်အိုး ရှည်ရှည်လေးသည် ကော်ဖီအိုးဖြစ်သည်ကိုတော့ မှတ်မိသည်။ ထိုအိုးထဲတွင် နံနက်
တိုင်း ကော်ဖီအပြည့်ရှိနေတတ်သော်လည်း တစ်ခါမျှ လိုလိုချင်ချင် ငှဲ့ပြီး မသောက်ဖူးခဲ့ချေ။
တက္ကသိုလ်ရောက်တော့လည်း ကော်ဖီကို လှည့် မကြည့်သေး၊ အလုပ်ထဲ ရောက်ပြန်တော့လည်း ခပ်စိမ်းစိမ်းလေးနေပါ့ မယ် ဇာတ်လမ်းပင်။
အခုတော့ မညိုမ၏အသက် ငါးဆယ်ကျော်ပြီး အဘွားကြီးလည်း ဖြစ်ပြီ။ (သူ့ကိုယ်သူတော့ အဘွားကြီးတစ်ပိုင်း ဖြစ်ရပြီဟု ညှာညှာ တာတာ ပြောလေ့ရှိသည်။) မျက်စိတွေလည်းမှုန်၊ ဆံပင်တွေကလည်း ဖြူပြီ၊ ထို့အပြင် ကော်ဖီလည်း စွဲနေပေပြီ။
ဘယ်အချိန် ဘယ်ကာလကများ ဒီကော်ဖီကို ကြိုက်သွားသနည်း။ သူ့ကိုယ်သူလည်း မသိလိုက်သည်ကတော့ ခက်လှသည်။
နံနက်စောစော ထမင်းကြော်လေးစားစား၊ ပဲပြုတ်နံပြား စားစား၊ အီကြာကွေးလေးစားစား၊ ကော်ဖီမပါလျှင် ခြောက်ကပ်ကပ်နှင့်မို့ သူ မပါလို့မဖြစ်၊ အပြင်က မောမောပန်းပန်းပြန်လာလျှင်လည်း အခါ
တိုင်းလို ရေအေးအေးလေး မတောင်းဘဲ 'သမီးရေ မေမေ့ကို ကော်ဖီတစ်ခွက်”ဟု အော်တတ်သည်။ ဧည့်သည်လာပြန်တော့ ဧည့်သည်တစ်ခွက် သူတစ်ခွက်ပင်။
အားလပ်ရက်ကလေးရ၍ နေ့လယ်နေ့ခင်း
ရေမိုးချိုး ခေါင်းလျှော်ပြန်ပါကလည်း ကော်ဖီကလေးသောက်ပြီး နှပ်တတ်သည်။ ညပိုင်း ရောက်ပြန်တော့ လုပ်လက်စအလုပ်ကို ပစ်ကာ
ကျန်ကျောင်းတို့၊ ချိန်ကွမ်းမင်တို့၊ ချိန်ထယ်ရီးတို့၊ ပိုင်ဟေ့တို့၊ ဟော်လွိုလီတို့နှင့် အချိန်လုပြီး တွေ့ဆုံရသေးသည်။ ထိုအချိန်ကျမှ တီဗွီရှေ့တွင်
စုရုံးမိသော အိမ်သားများကလည်း ကော်ဖီခွက်ကလေးကိုယ်စီကိုင်လာကြသည်။ တီဗွီထဲမှ ဂန္ဓာလရာဇ်တိုင်းသားများက ရေနွေးကြမ်းသောက်၊
တီဗွီအပြင်မှ မြန်မာပြည်သားတို့ကလည်း ကော်ဖီသောက်နှင့် ပျော်စရာကြီးပင်။
မညိုမ၏မိခင်ကြီးကတော့ ညဉ့်တစ်ရေးနိုးလျှင်ပင် ကော်ဖီ ထမော့တတ်သောကြောင့် အိပ်ရာဘေးတွင် အဆင်သင့် ဖျော်ပြီး ထားပေးရသည်။မညိုမက သူ၏ခင်ပွန်းဦးညိုမောင်ကိုတော့ တဆိတ် လွန်လွန်း
သည်ဟု ပြောသည်။ သူတစ်ဦးတည်းပိုင်သော ကြွေမတ်ခွက် ကောက်ကောက်ကြီးနှင့် အပြည့်ဖျော်ထားပြီး နှစ်ဆယ့်လေးနာရီပတ်လုံး တစွတ်စွတ်သောက်တတ်သည်။ ခဏခဏကုန်ပြီး ကုန်တိုင်းလည်း သမီး"ကော်ဖီ”ဟု အော်တတ်သည်။ တစ်ခါတစ်ရံတော့ သူ့ကို" ရေမှသောက်ရဲ့ လား"ဟု သတိပေးယူရသည်။ ရေအစား ကော်ဖီတွေချည်း ပဲသောက်နေသည်ဟု ထင်မိသောကြောင့်ဖြစ်လေသည်။
“မေမေတို့ငယ်ငယ်တုန်းကရော မြန်မာပြည်မှာ ကော်ဖီ သောက်နေကြပြီလားဟင်”
မညိုမက သူနှင့် အနီးစပ်ဆုံးဖြစ်သော မိခင်ကြီးကို မေးကြည့်သည်။
“ဟော သောက်ကြပြီလား၊ ကရားကြီးနဲ့ဖျော်ထားပြီး တစ်အိမ်လုံး သောက်နေကြတာ”
ဒါဆိုလျှင်လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်လောက်ကတည်းက မြန်မာတွေ ကော်ဖီသောက်နေကြပြီဟု အတည်ပြု ယူဆနိုင်သည်။
“ဒီလိုဆို အဘိုးတို့ အဘွားတို့ ငယ်ငယ်တုန်းကရော”
အမေကြီးက အတန်ငယ်မျက်မှောင်ကြုတ်သွားသည်။
“အဲဒီတုန်းကတော့ ကော်ဖီမသောက်တတ်ကြသေးဘူး ထင်တယ်၊ ဟိုးအရင်တုန်းကတော့ အဖန်ရည်အိုးတို့ ၊ အခါးရည်တို့ပဲ သောက်ကြတာ”
တွေးတွေးဆဆပြောနေသော သူ့မိခင်ကြီးအား ကြည့်ရင်း မညိုမသည် ကင်းဝန်မင်းကြီး ပါရီမြို့တော်သို့ ရောက်စဉ်က ကော်ဖီသောက်ခဲ့ရသလားဟု တွေးနေမိသည်။
“ဒို့မြန်မာတွေ ကော်ဖီသောက်တတ်လာတာ၊ အင်္ဂလိပ်လက်အောက် ရောက်မှ ဖြစ်မယ် သမီးရဲ့”
“သေချာတာပေါ့”
မညိုမက ထောက်ခံသည်။
“အင်္ဂလိပ်က ပေါင်မုန့်ကို အဓိကထားပြီး စားတဲ့လူမျိုး၊ ဒို့မြန်မာက ထမင်းကို ငါးပိနဲ့၊ အတို့အမြှုပ်နဲ့ ဟင်းချိုသောက် စားတာ၊ကော် ဖီ လက်ဖက် ရည် က သူ တို့ အတွက် လို တယ် ထား၊ဒို့လူမျိုးအတွက် လိုလို့လား”
မညိုမ၏ကော်ဖီဝေဒနာသည် သူ့မိခင်ဆီသို့ ကူးစက်သွားသည်။
“မလိုပေမယ့် ကြိုက်နေကြတယ်လေ”
“မလိုရင် ကြိုက်ဖို့မကောင်းဘူး”
အမေကြီးက စဉ်းစဉ်းစားစား ပြောသည်။ 'ကြိုက်ဖို့မကောင်းဘူးဟု ပြောသော်လည်း ကော်ဖီကြိုက်သူများကို စာရင်းပြုစုလျှင် သူ့မိခင်ကြီးသည် နံပါတ်တစ် မစွဲသော်လည်း ထိပ်ပိုင်းကျကျတွင် နေရာယူမည်ဖြစ်ကြောင်း မညိုမ သိပါသည်။
“တို့တိုင်းပြည်မှာ သွားရေစာ စားစရာတွေမှ ပြည့်လို့၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ တို့ဟူးနွေး၊ ကောက်ညှင်းပေါင်းနဲ့ဆီထမင်း၊ မုန့်ဖက်ထုပ်နဲ့ ခေါက်မုန့်၊ မုန့်ကြာစေ့နဲ့ မုန့်ကြာခွက်”
အမေကြီးက သတိရသမျှရေတွက်သည်။
“ချာပါတီ၊ ပလာတာ၊ ပူရီ၊ တိုရှည်၊ ဗယာကြော်နဲ့ ကုလားပဲသုတ်”
ကိုညိုမောင်က သူကြိုတ်တတ်သည်များကို ဖြည့်စွက်သည်။အစားအသောက် အသံကြားတော့ တစ်အိမ်သားလုံး စိတ်ဝင်စားလာသည်။
“ပေါက်စီ၊ အီကြာကွေးနဲ့ ကော်ပြန့်ကြော်”
“ပေါင်မုန့်ကို မြန်မာမှုပြုလိုက်တော့ ပေါင်မုန့်အုန်းနို့ဆမ်း"
“ဖာလူဒါ၊ မုန့်လက်ဆောင်းနဲ့ ရွှေရင်အေး အဟေး ဟေး”
“ဟမ်ဘာဂါ၊ ပီဇာ၊ ဟော့ဒေါ့နဲ့ ဆင်းဒဝစ်"
“ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ်၊ ထမင်းလက်သုပ်၊ တို့ဟူးသုပ်”
“ရှိသေးတယ် မကုန်သေးဘူး၊ ငှက်ပျောကြော်၊ ငှက်ပျောပေါင်း၊ ဘူးသီးကြော်၊ ပဲကပ်ကြော်၊ မန္တလေးပဲကြော်၊ ပုစွန်ကြော်”
“ထန်းပင်မြစ်လေး မီးနဲ့ဖုတ်၊ ပြောင်းဖူးကလေးပြုတ်”
“ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ဆီချက်ခေါက်ဆွဲ၊ ကြေးအိုး”
“နန်းကြီး၊ မြီးရှည်၊ ဘိတ်ကတ်ကြေးကိုက်”
တစ်ယောက်တစ်ပေါက်ဖြည့်စွက်ပြောရင်း၊ တဝါးဝါးရယ်နေကြသည်။ မြန်မာတွေအတွက် နေ့စဉ်ထမင်းနှင့် ဟင်း အပြင် သွားရင်းလာရင်း စားသောက်နေသော အပိုစားစရာ၊ သွားရေစာများ မည်မျှ များပြားကြောင်း အခုမှပင် သတိထားမိပြီး အံ့သြချင်လာကြသည်။
“ဒီလောက်တောင် စားစရာတွေများနေရတဲ့အထဲ ကော်ဖီကိုလည်း အလွတ်မပေးပါလားကွယ်ရို့”
အမေကြီးက တရားကျသလို ပြောသည်။
တစ်နေ့တစ်မျိုး မရိုးရအောင် လျှာပြောင်းလျှာလွဲ စားချင်သည်မှာ လူသားတို့၏သဘာဝဟု ပြောနိုင်သော်လည်း “တို့လူမျိုးကတော့ နည်းနည်းပိုတယ်”ဟု မညိုမက တွေးသည်။ မည်သည့်လူမျိုး၏
စားစရာကိုမဆို၊ အင်တိုက်အားတိုက် အားပေးလေ့ ရှိကြသည်။ ရောင်းမကုန် မရှိစေရ။
“သမီးတို့ဖေဖေ ပါကစ္စတန်မှာ တာဝန်ထမ်းတုန်းက သူတို့ဆီမှာ လမ်းဘေးစားသောက်ဆိုင်တွေ မရှိတာ သတိထားမိတယ်၊ နေ့တိုင်းနေ့တိုင်း ချာပါတီနဲ့ ဟင်းတစ်မျိုးမျိုးကိုပဲ ပင်တိုင်ထားပြီး စားကြတာ”
အမေကြီးက ပြောသည်။
ဟုတ်ပါသည်။ မမလည်း ခေတ္တလိုက်သွားဖူး၍ လမ်းဘေးဈေးသည် ရှားလှကြောင်းသိခဲ့ရသည်။ ပလာတာ၊ ချာပါတီကိုပင် ကိုယ့်အိမ်မှာကိုယ် လုပ်စားကြသည်မို့ မြန်မာပြည်လို အလွယ်တကူ ဝယ်၍ ရသည်မဟုတ်။ စားချင်လျှင် ကားမောင်းသော မဂျစ်၏မိန်းမကို ဂျုံပေးပြီး လုပ်ခိုင်းရသည်။
“ရုရှားရောက်တုန်းကလည်း လမ်းဘေးဈေးသည် မတွေ့မိပါဘူး၊ ပလက်ဖောင်းနားမှာဆိုရင် ရေခဲမုန့်ဆိုင်လောက်ပဲ ရှိတာ၊ ဒါတောင် အဝေးကြီးလျှောက်မှ တစ်ဆိုင်လောက်ရယ်၊ ပန်းခြံလေးတွေ
နားကျရင်တော့ ကိတ်မုန့်တို့ ပန်းသီးဖျော်ရည်တို့ ရောင်းတဲ့ဆိုင်လေးတွေ တစ်ဆိုင်တလေ ရှိတတ်တယ်”
မညိုမက သူရောက်ဖူးသမျှ နိုင်ငံခြားတိုင်းပြည်များကို ပြေးလွှားပြီး စဉ်းစားသည်။
တရုတ်ပြည်မကြီးမှာတော့ ဆီးသီးတို့ မက်မန်းသီးတို့ကို တုတ်တံလေးများနှင့် ထိုးပြီးရောင်းသော လက်တွန်းလှည်းအချို့ တွေ့ခဲ့ရသည်။ ဆီးသီးချောင်းလေးများကို ပလတ်စတစ်အိတ်ကလေးများနှင့်စွပ်ထား၍ ခြင်ယင်မနား ဖုန်မကပ်သည်ကို သတိထားမိသည်။ လက်တွန်းလှည်းအောက်တွင် သံစည်ပိုင်းထည့်ပြီး မီးသွေးမီးဖိုလုပ်ကာ ကန်
စွန်းဥ မီးဖုတ်ရောင်းသော ဈေးသည်ကိုလည်း တွေ့ခဲ့ရသည်။တွန်းလှည်းများကို လွတ်ရာကျွတ်ရာတွင် ရပ်ထားသည်မို့ လူသွားလမ်း ပိတ်မနေ။မညိုမတို့ဆီမှာလို ဝက်သား၊ ဝက်သည်း၊ဝက်အူတို့ကို ဗန်းကလေးထဲထည့်ပြီး အတုံးအတစ်၊အကွင်းလေးများလှီးကာ တုတ်ထိုးရောင်းသော ဝက်သားတုတ်ထိုးသည်မျိုးကိုကား လုံးဝမတွေ့ခဲ့ရပါ။
စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံမှာရောဟု ဆက်တွေးသည်။ တစ်ပတ် ဆယ်ရက်ခန့်မျှ ရောက်ဖူးတယ်ဆိုရုံသာ ဖြစ်၍ ဘာမှတော့ သိပ်မသိခဲ့ရ၊ စားသောက်ဆိုင် အသေးလေးများကို တွေ့ရသော်
လည်း ဆိုင်ခန်းထဲတွင် ရောင်းသည်မို့ ပလက်ဖောင်းပေါ်သို့ ရောက်မလာပေ။
လူသွားလမ်းပလက်ဖောင်းပေါ်တွင် ခွေးခြေပုပုလေးတွေ အပြည့်ချပြီး လွတ်လပ်ရေးအပြည့်နှင့်ရောင်းကြ၊ ဝယ်ကြ၊ စားသောက်ကြသည်များကို မညိုမသည် သူ၏ရှိစုမဲ့စု နိုင်ငံခြားဗဟုသုတနှင့် ဆို
လျှင်တော့ မမြင်ဖူးရှာပေ။ မြန်မာပြည်သား ဗဟုသုတနှင့်ဆိုလျှင်တော့ "ရိုး ရိုး ရိုး၊ ဒါတွေဟာ တို့အတွက် ရိုး” ဟူသော သီချင်းကို ဟစ်၍ ဆို
နိုင်မည်ထင်သည်။
ရောင်းသူလည်းကျေနပ်၊ ဝယ်သူ စားသူလည်းကျေနပ်၊ သွားသူလာသူများကလည်း ပလက်ဖောင်းပေါ်မှာ ကျပ်နေလျှင် လမ်းပေါ်သို့ ကျေကျေနပ်နပ်ပင် ဆင်း၍လျှောက်၊ ဟွန်းသံတညံညံတီးရင်းမောင်းနေသော၊ ကွေ့ နေသော၊ ဆုတ်နေသော မော်တော်ကားကြီးငယ် အသွယ်သွယ်တို့ကလည်း လမ်းပေါ်လျှံတက်လာသော လူများကို ကျေကျေနပ်
နပ်ပင် ပွတ်ကာသီကာ ကပ်၍ရှောင်၊ ရောင်းသူ၊ ဝယ်သူ၊ လျှောက်သူ၊ရှောင်သူ (တစ်ခါတစ်ရံလည်း တိုက်ကြသည်)တို့နှင့် အချိုးကျမျှတစွာ
စည်စည်ကားကားရှိလှသော မြို့လယ်လမ်းမကြီးများကို သိပ္ပံမောင်ဝ၏ စကားနှင့်ပြောရလျှင်မူ ပျော်စရာပျော်စရာ ပျော်စရာကြီး ပေပလေ။
“နောက်ဆုံးတော့ မြန်မာပြည်ဟာ သိပ်ကောင်းပါလား၊ ဘာလိုချင်လဲ၊ ဘာစားချင်လဲ၊ လက်တစ်ကမ်းမှာ အကုန်ရှိတယ်”
ကိုညိုမောင်ကတော့ ညနေစောင်း ပလက်ဖောင်းဈေးတန်းကို အထူးနှစ်သက်သူဖြစ်၏။
“အိမ်အတွက်ဝယ်ချင်ရင်လည်း ချိုင့်လေးတောင်မလိုဘူး၊ဆိတ်ခြေထောက်စွပ်ပြုတ်တို့၊ ကြေးအိုးတို့ကိုတောင် ကျွတ်ကျွတ်အိတ် ကလေးတွေနဲ့ ထည့်ပြီးသယ်လို့ရတယ်”
“မသယ်ချင်လို့ ဆိုင်မှာ ထိုင်စားရင်လည်း ကောင်မလေးတွေကို ငေးရင်း၊ သီချင်းတောင် နားထောင်ရသေး ဟေး ဟေး...”
သမီးနှင့်သားက သူတို့ဖခင်အား အပြည့်အဝ ထောက်ခံကြသည်။
“အင်း စားချင်ရာ စားရတာကိုသာ ကျေနပ်နေ၊ ရောင်းနေတဲ့ မိန်းမကြီးက လက်သုတ်နယ်လိုက်၊ ထဘီသုပ်လိုက် လုပ်နေတာလည်း ကြည့်ကြပါဦး၊ နောက်ပြီး တီဘီတို့ အသည်းရောင် အသားဝါတို့က
လည်း ဒီလိုနေရာတွေက အများဆုံးကူးတာ”
မညိုမက စိတ္တဇနည်းနည်းရှိသည်။ စားသောက်ဆိုင်ထဲ မထိုင်မီ ရောင်းချနေသော အစားအသောက်များကို အုပ်ဆိုင်းထားသည်လားဟု အရင်ဆုံးလှမ်းကြည့်တတ်သူဖြစ်သည်။ အစားအသောက် ပြင်ပေးနေသူကို မသိမသာ အကဲခတ်တတ်သလို ပန်းကန် ဆေးသော ရေပုံးရေခွက်များကိုပါ တစေ့တစောင်း ကြည့်တတ်သေးသည်။
“ခင်ဗျားက လမ်းဘေးက အစာမို့လို့ အထင်သေးပြီး ဂဂျီဂဂျောင် လုပ်နေတာလား၊ ဟိုတယ်ကြီးပေါ်က အပျံစားဟင်းတွေကိုမှ စိတ်ချတယ်ပေါ့ ဟုတ်လား။ ခေါင်းဆောင်းအဖြူ၊ အင်္ကျီအဖြူကြီးနဲ့
စားဖိုမှူးကြီးက စတိုင်ကျကျ ကြော်လှော်နေရင်း နှာမချေဘူး ပြောနိုင်လား။ ခင်ဗျား သိပ်ကြိုက်တဲ့ ပုစွန်တုပ်ကြီးရဲ့ အမြီးကော့ကော့ကြီးမှာ
နှပ်ချေးဖတ် ကပ်ပါမလာဘူးလို့ရော ပြောနိုင်သလား”
ကိုညိုမောင်က မြင်ပြင်းကတ်ဟန်နှင့် ပြောတတ်သည်။ ဟုတ်တော့လည်း ဟုတ်သားပင်။ တစ်ခါက နာမည်ရ စားသောက်ဆိုင်ကြီး တစ်ခု၏
နောက်ဖေးဘက်ကို မညိုမ ရောက်ဖူးသည်။ ပန်းကန်ဆေးသော လက်ဆေးကြွေဇလုံကြီးက ချွဲကို ညစ်ပတ်နေသည်ကို တွေ့ခဲ့ရဖူးသည်။
“ဒီလိုတော့လည်း အိတ်ထဲမှာ ကော်ဖီမစ်ထုပ်ကလေး ဆောင်ထားပြီး ဆာရင် ကော်ဖီသောက်တာမှ ဟုတ်သေး”
မညိုမ၏အတွေးသည် ကော်ဖီမစ်သို့ ပြန်ရောက်သွားလေသည်။ ကြော်ငြာမင်းသား မင်းသမီးလေးများ၏ လက်ထဲမှ အမျိုးမျိုး အစားစားသော ကော်ဖီမစ်ထုပ်ကလေးများကို မြင်ယောင်လာသည်။သူတို့လေးတွေက တီဗွီဖန်သားပြင်ပေါ်တွင် ပြေးရင်းလွှားရင်း သောက်ပြလိုက်၊ ကရင်းခုန်ရင်း သောက်ပြလိုက်၊ ချစ်ရင်းကြိုက်ရင်း သောက်ပြ
လိုက်၊ တီဗွီအပြင်က ပရိသတ်ကလည်း သူတို့ကို ငေးရင်း မောရင်း သောက်သောက်ချလိုက်ကြသည်မှာ ကော်ဖီမစ်ခေတ်ကြီးကိုပင် ထူ
ထောင်မိပြီဟု ထင်ရသည်။
“ဪ အခုမှ သိတယ်၊ ငါ ကော်ဖီကြိုက်လာတာ၊ ဒီအထုပ်တွေ ပေါ်မှကိုး”
မညိုမက အခုမှ သူ့ကိုယ်သူသတိထားမိသည်။ ယခင်တုန်းက သုံးခဲ့သော ကော်ဖီအစစ်မှုန့်များမှာ ရေနွေးတွင် ချက်ချင်း ပျော်ဝင်လေ့မရှိ။ ရေနွေးတွင် ပေါလောမျောနေသော အမှုန့်လေးများ ကျသွား
အောင် အဖုံးအုပ်ပြီး နှပ်ထားရသေးသည်။ ထို့နောက်မှ နို့ဆီနှင့် သကြားကို ထည့်ရသည်။ သုံးမျိုးရောရသည်မို့ လက်မှန်းလက်ဆ မမှန်လျှင်
ပျစ်လိုက်၊ ကျဲလိုက်၊ ချိုလိုက်၊ ခါးလိုက်ဖြစ်တတ်သေးသည်။ ကော်ဖီဖျော်ခြင်း အတတ်ပညာကို လက်မှန်းလက်ဆ မှန်မှန်တတ်ရန်လိုပြီး
ကရိကထ လည်းများသည်။
ဟော ကော်ဖီမစ်အထုပ်ကတော့ အထုပ်ထဲတွင် ကော်ဖီမှုန့်၊သကြားနှင့် နို့မှုန့်ကို အချိုးကျရောထည့်ထားပြီး ဖြစ်သည်။ အထုပ်ကလေးဖောက်ပြီး ခွက်ထဲထည့်၊ ထိုအထဲ ရေနွေးလောင်းပြီး ခေါက်
လိုက်ရုံပင်။ လက်မှန်းနှင့် ရောစပ်စရာမလို နှပ်စရာလည်း မလို။
ဒီလောက်လွယ်နေတော့လည်း ဧည့်သည်လာလျှင် ကော်ဖီမစ်၊ အိမ်သားတွေလည်း ကော်ဖီမစ်၊ ယခင်က ကော်ဖီနှပ်နေကျအိုးကြီးကိုလည်း ချောင်ထိုးထားလိုက်သည်။ ထိုအိုးကြီးအစား တရုတ်ကြွေ
မတ်ခွက်ကလေးများ စားပွဲပေါ်သို့ ရောက်လာသည်။ သောက်ချင်သူက သောက်ချင်သောအချိန်တွင် ကြွေမတ်ခွက်ထဲသို့ ကော်ဖီမစ်ထုပ်ကလေး
ဖောက်ထည့်ကာ ရေနွေးရော လိုက်ရုံပင်။ ထို့ကြောင့်လည်း မညိုမတို့ အိမ်တွင်ကြွေမတ်ခွက်ကလေးကိုယ်စီနှင့် တစ်ဦးချင်းဂလောက်ဂလောက်
ခေါက်နေ ကြသည်မှာ ထိုအထုပ်ကလေးတွေ အပြိုင်အဆိုင် ပေါ်လာကတည်းက ဖြစ်လေသည်။ ကော်ဖီမကြိုက်တတ်သော မညိုမသည်ပင်
ဟိုလူ့ခွက်ထဲ တစ်ငုံငုံလိုက်၊ ဒီလူ့ခွက်ထဲ တစ်ကျိုက်ကျိုက်လိုက်နှင့် စွဲမှန်းမသိ စွဲလာခြင်းဖြစ်လေသည်။
“အင်း အခုတော့ ကျွန်မချစ်ချစ် ကော်ဖီမစ်ဆိုပြီး ဝတ္ထုရေးရင်တောင် ရနေပြီ”
မညိုမကတွေးသည်။ သူ၏မောင်ဖြစ်သူ မြို့နယ်ဆေးရုံ ဆရာဝန်ကြီးက “တောကလူ တွေ ဆေးရုံ တက်ရင် ကော်ဖီမစ်ထုပ်ကလေးတွေ ကိုင်လာကြတာဗျ”ဟု ပြောဖူးသည်ကိုသတိရသည်။
အိမ်ရှေ့မြောင်းရှင်း သော အလုပ်သမားကြီးလည်း အိမ်ပြန်တော့ ကွမ်းယာဆိုင်မှ ကော်ဖီ မစ်လေးနှစ်ထုပ်ဝယ်သွားသည်ကို တွေ့ဖူးသည်။ အယုတ်၊ အလတ်၊ အမြတ်မရွေး ကော်ဖီမစ်၏
ဆွဲဆောင်လွှမ်းမိုးမှုကို ခံနေရပြီကတော့ ထင်ရှားသည်။
ထို့နောက် ဂန္ဓာလရာဇ်တိုင်းသားတို့ ကော်ဖီသောက်လေ့ မရှိသည်ကို သတိရသည်။မိမိ နိုင်ငံတော်၏ကျေးဇူးနှင့် တရုတ်ပြည်မကြီး ပြည်ကြီးသားတို့ကလည်း ဧည့်ခံလိုက်ကြသည်မှာ တစ်နေ့တစ်မျိုး မရိုးစေရ။မြန်မာ ပြည်တွင် စားနေကျ ကြက်၊ ဝက်၊ ဘဲနှင့်အမဲတို့အပြင် မြွေ၊
ဖား၊ငါးရှဉ့်၊ငှက်ကုလားအုတ်သား၊ပျားကောင်ကြော်လေးများကိုသာမက ကြံ ကြံဖန်ဖန် ဘဲလျှာကလေးများကိုချည်း ကြော်ချက်ထားသော ဟင်း
တစ်ခွက်ကိုလည်း စားခဲ့ရသေး သည်။
စံပယ်နံ့မွှေးသော ဂန္ဓမာပန်းရနံ့သင်းသော ချိုတိုတို၊ ချဉ် တင်တင် သစ်သီး၊ သစ်စေ့၊ သစ်ခေါက်ကလေးတွေပါသော ရေနွေးကြမ်း မျိုးစုံကိုလည်း သောက်ခဲ့ရသည်။ နံနက်စောစောကတစ်မျိုး၊ နေ့လယ်
စာကတစ်သွယ်၊ ညနေစာက တစ်ဖုံ၊ တစ်နေ့လျှင် သုံးထပ်မျှ အစုံစုံစားနေရသော်လည်း မညိုမတို့သည် ကော်ဖီအစစ်ကိုလည်း မတွေ့ခဲ့ရ၊
ကော်ဖီမစ်ကိုလည်း မမြင်ခဲ့ရပေ။ လက်လှမ်းမီရာ ဆိုင်ကလေးများတွင် ရှာကြည့်တော့လည်း လက်ဖက်ခြောက်အမျိုးမျိုးကိုသာ တခမ်းတနား
ရောင်းနေရသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် မညိုမတို့သည် ပီကင်းရွှေမြို့တော်ကြီးတွင် ကော်ဖီကိုသောက်ဖို့နေနေသာသာ အနံ့ကလေးပင်
မရှူမရှိုက်ခဲ့ကြရရှာပေ။
ရှီဝှန်တီဘုရင်၏ မဟာတံတိုင်းကြီးပေါ် ရောက်သောနေ့ကမူ ချမ်းလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ နေမင်းက ကြည်ကြည် လင်လင် တောက်ပနေသော်လည်း တဟူးဟူးတိုက်နေသောလေက စိမ့်စိမ့် အေးနေသည်။
“ရေနွေးကြမ်းဟာ ကျန်းမာရေးအတွက်ရော ချွေတာရေးအတွက်ရော ကော်ဖီထက်သာတာတော့ အမှန်ပဲ။ တစ်တိုင်းလုံး တစ်ပြည်လုံး ကော်ဖီမသောက်ကြတော့ ကော်ဖီတင်သွင်းရမယ့် နိုင်ငံ
ခြားငွေလည်း သက်သာတာပေါ့”
နားရွက်တွေရော ခြေဖျားလက်ဖျားတွေရော ထုံကျင် အေးစက်နေသည့်အတွက် မညိုမသည် အိမ်မှကော်ဖီပူပူကို အလွမ်းကြီး လွမ်းနေမိသည်။ သို့သော်လည်း ယထာဘူတကျကျ စဉ်းစားမိသော ဦးနှောက်ကမူ ရေနွေးကြမ်းကို ထောက်ခံနေလေသည်။
ထို့နောက် ပါကစ္စတန် ဝန်ကြီးချုပ်အလီဘူတို၏လက်ထက်တုန်းက သူတို့လူမျိုးများ
လက်ဖက်ရည်အချိုခြောက်များကို နိုင်ငံခြားမှတင်သွင်းရရာ ဒေါ်လာပေါင်းများစွာ (ကိန်းဂဏန်းကို အတိအကျမမှတ်မိပါ၊ ဒေါ်လာကုဋေ
ချီသည်ကိုတော့ သိပါသည်) ကုန်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေကို ချွေတာသောအားဖြင့် လက်ဖက်ရည်ကို လျှော့ပြီး သောက်ကြပါရန်၊
မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားပြီး ဖျောင်းဖျတိုက်တွန်းဖူးပါသည်။
“တို့မြန်မာတွေလည်း ရှေးပဝေသဏီတုန်းက ရေနွေးကြမ်းသောက်လာကြတာပဲ၊ ကော်ဖီမသောက်ရတော့ ဘာဖြစ်သလဲ”
မညိုမသည် မဟာတံတိုင်းကြီးပေါ်တွင် မြန်မာပြည်ဘက်သို့ မျှော်ကာရပ်ရင်း သာလွန်မင်းတရားကြီးကို သတိရမိပြန်လေသည်။ထမင်းရည်ကို မြေကြီးပေါ်သို့ ငှဲ့ပစ်နေသော ဆင်းရဲသူမကို ကြိမ်နှင့်
ရိုက်စေခဲ့ပြီး ထိုထမင်းရည်ကို အိုးခွက်တို့နှင့်ခံထားပြီး ကလေးငယ်များအား အာသာပြေတိုက်ကျွေးနိုင်ကြောင်း ဆုံးမ လမ်းပြ ခဲ့ သော သူဖြစ်သည်။
“အင်း အခုလို ကော်ဖီမစ်ခေတ်ကြီး ထူထောင်နေကြတာကို သာလွန်မင်းတရားကြီးတွေ့ရင် ငါတို့အကုန်လုံးကို တန်းစီ ကြိမ်ဒဏ်ပေးပြီး ထမင်းရည်အတင်းသောက်ခိုင်းလိမ့်မယ်ထင်တယ်”ဟု တွေးရင်း ပြုံးမိသေးသည်။
ထိုအချိန်မှစ၍ မညိုမတွင် ကော်ဖီဝေဒနာစွဲကပ်လာခြင်း ဖြစ်သည်။ ကော်ဖီလေး တစိမ့်စိမ့်သောက်ရင်း ကော်ဖီမသောက်တော့ကော ဘာဖြစ်မှာလဲ” ဟု တွေးပြီးရင်း တွေးနေရှာသည်။
ကော်ဖီသည် ကဖင်းဓာတ်ပါသည်။ နှလုံးတုန်၍ ရင်ခုန်စေသည်။ နှလုံးရောဂါနှင့် မတည့်။
တွဲဖက်ပါဝင်သော နို့က ကိုလက်စထရောတက်၍ နှလုံးသွေးကြောပိတ်စေနိုင်သည်။ အဆီအဆိမ့်အအိမ့်ဖြစ်၍ အဆီတက်ပြီး ဝစေသည်။
ထို့ နောက် သကြား၊ ထိုသကြားကလည်း ကောင်းသည်မဟုတ်။ ဟိမဝန္တာတောင်ခြေတွင် အလွန်အသက်ရှည်သော လူမျိုးတစ်မျိုး ရှိဖူးသည်။ သူတို့သည် သဘာဝအစားအစာများကိုသာ စား
သည်။ နောက်ပိုင်းတွင်တော့ သူတို့ဆီသို့ ခေတ်လူများ ဝင်ထွက်လာကြသည်။ ထို့ကြောင့်သကြားကိုသူတို့သုံးတတ်လာသည်။ (သကြားသည်
ကြံမှ ချက်လုပ်ထားသည်မို့ သဘာဝ အစာ မဟုတ်တော့ဘဲ ပြုပြင်ထားပြီး ဖြစ်သည်။) နောက်ပိုင်းတွင်မူ ရောဂါဘယအလွန်ကင်းစင်သော ထိုလူမျိုးသည် ရောဂါ အမျိုးမျိုး ဖြစ်လာကြောင်းကို ဆောင်းပါး
တစ်စောင်တွင် ဖတ်ဖူးသည်။
“ကော်ဖီမသောက်ဘဲ ထမင်းရည်သောက်ကြရင် ဘာဖြစ်မယ် ထင်သလဲဟင်”
မညိုမက မရဲတရဲနှင့် သွေးတိုးစမ်း၍ပြောကြည့်သည်။ ကြားရသူ အိမ်သူအိမ်သားအပေါင်း သူတော်ကောင်းတို့လည်း မျက်နှာတွေ
ရှုံ့သွားကြသည်။
“တရုတ်ပြည်မှာဆိုရင် ရေနွေးကြမ်းပဲ သောက်တယ်၊ ကော်ဖီမသောက်ကြဘူး”
“သူတို့တွေ အကောင်းမကြိုက်တတ်ရှာလို့ နေမှာပေါ့” ဟု အားလုံးက တညီတညွတ်တည်း ပြောကြသည်။အလီဘူတိုကို အားကျပြီး အလွန်အမင်း တရားဟောချင်နေသော မညိုမခမျာ ဘာဆက်ပြောရမည်မသိဘဲ ပါးစပ်ပိတ်သွားရှာလေသည်။
“မြန်မာပြည်မှာ လူဦးရေ လေးဆယ့်ခြောက်သန်းရှိတယ်။သန်း လေးဆယ်ကို အသာထားလိုက်၊ လူပေါင်းခြောက်သန်းက တစ်နေ့ကို ကော်ဖီတစ်ခွက်ပဲ သောက်တယ်ထားပါဦး၊ တစ်နေ့ကို ကော်ဖီခွက် ပေါင်း ခြောက်သန်း၊ ကော်ဖီတစ်ခွက်ကို နှစ်ဆယ်ပဲထား သန်းပေါင်း တစ်ရာ့နှစ်ဆယ် ဘုရား ဘုရား၊ တစ်နေ့ကိုကော်ဖီတစ်ခွက် လျှော့လိုက်ရင် သန်းပေါင်းတစ်ရာ့ နှစ်ဆယ် ပိုလာမယ်၊ တစ်လဆိုရင်
ငွေ သန်းပေါင်း သုံးထောင့်ခြောက်ရာ ဟာ ဟာ ဒါတကယ်ပဲလား”
မညိုမသည် အပြန်ပြန်အလှန်လှန် တွက်ကြည့်ရင်း မျက်လုံးပြူးနေသည်။ တစ်သက်လုံးက အတွက်အချက်မတော်ခဲ့လေတော့ သူတွက်တာ ဟုတ်မှဟုတ်ရဲ့လားဟု မယုံမရဲ ဖြစ်နေရှာသည်။
“ကော်ဖီသောက်တဲ့သူတွေ ကော်ဖီသောက်မယ်ကြံရင် အဲဒီစိတ်ကလေးထိန်းပြီး ကော်ဖီဖိုးကို စုဘူးလေးထဲ ထည့်လိုက်ကြရင် ဘယ်လောက်ကောင်းမလဲ။ အကောင်းဆုံးကျောင်းတွေ၊ အကောင်းဆုံး
ဆေးရုံတွေ အများကြီးရလာနိုင်တယ်”
မညိုမက အတော်ကြီး ဟောချင်ပြောချင်နေသည်။ သို့သော် သူက အလီဘူတိုလို ဝန်ကြီးချုပ်မဟုတ်တော့ မည်သူကမျှ အရေးတစိုက် နားမထောင်ချေ။
မညိုမ လက်မလျှော့၊ သူပြောသမျှစကားကို လက်ခံချင်လျှင်လည်း နားထောင်၊ လက်မခံချင်လျှင်လည်း နားထောင်ရမြဲဖြစ်သော(သူ့ခမျာ ပြောစရာလည်းမရှိ) ခင်ပွန်းသည် အရင်းခေါက်ခေါက်ကြီး ကိုညိုမောင်ကိုစည်းရုံးသည်။ သို့သော် ဒီတစ်ခါတော့ ကိုညိုမောင်က သူ့စကားကိုပင် ဆုံးအောင်နားမထောင်ပေ။ ငေါက်ဆတ်ဆတ်နှင့် ပြန်ဟောက်သည်။
“အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းလည်းမစား၊ဆေးမဝါးပါဘူးကွာ၊ ဒီကော်ဖီလေးလောက်တော့ အေးအေး ဆေးဆေးသောက်ပါရစေ” တဲ့လေ။
“အင်း ဒါတော့လည်း ဟုတ်ရှာသားပဲ”
မညိုမက သက်ပြင်းလေးရှိုက်ကာ အသာဆုတ်ခွာခဲ့ရသည်။အရက်တို့ ဆေးလိပ်တို့သောက်နေတာနှင့်စာလျှင် သူ့ဟာ သူ ကော်ဖီစွဲ နေတာကမှ ဟုတ်တုတ်တုတ် ရှိသေးသည်ဟု တွေးသည်။
အပြင်ခန်းရောက်လာတော့ ကော်ဖီမစ်ထုပ်ကလေး ဖောက်နေသော အစ်မကြီးကို တွေ့ရသည်။ ရေနွေးဓာတ်ဘူးကို လှမ်းဆွဲပြီး ကြွေမတ်ခွက်ထဲ လောင်းထည့်တော့ မညိုမက မယောင်မလည် ချဉ်းကပ်
သွားသည်။
“မမက ခဏခဏ မူးလိုက် မောလိုက်နဲ့၊ နှလုံးဓာတ်ခံက သိပ် မကောင်းဘူးနော်”
“အင်းလေ အဲဒါ ဘာဖြစ်လဲ”
“ဪ ကော်ဖီက ကဖင်းဓာတ်ပါတယ်လေ၊ နှလုံးရောဂါနဲ့မတည့်ဘူးတဲ့”
မညိုမက မရဲတရဲပြောသည်။ အစ်မကြီးက တက္ကသိုလ်မှာ ဆရာမကြီးဖြစ်သည်။ သူ့ကို ဆရာလုပ်၍မရ။
“ဇိမ်ယူစရာဆိုလို့ ဒါလေးပဲ ရှိတာပေါ့ ၊ တည့်တည့် မတည့်တည့် ငါကတော့ သောက်မှာပဲ”
အစ်မကြီးက ခပ်ဆတ်ဆတ်ပြောသည်။ ဇီးဘရားဇွန်းလေးကို ကောက်ကိုင်ကာ ဂလောက် ဂလောက်နှင့် ခပ်ပြင်းပြင်း ခေါက်သည်။မညိုမလည်း ဇက်ပုသွားသည်။ တစ်ခွန်းမျှ ထပ်ပြီး မဟရဲတော့ပေ။
“မိုးရယ် ကော်ဖီတွေ အဲဒီလောက်သောက်နေတာ ရင်မတုန်ဘူးလားဟယ်”
နောက်ဆုံးတော့ ကိုယ့်ထက်ငယ်သော ညီမလေးကို စည်းရုံးကြည့်သည်။ သို့သော် သူက ဆရာဝန်ဆိုတော့ ကိုယ့်ထက် တတ်သည်။
“ဆေးရုံမှာ သေကောင်ပေါင်းလဲ လူနာတွေကို အမြဲခွဲစိတ်နေရတာ ကော်ဖီသောက်သောက် မသောက်သောက် ရင်ကတော့ တုန်သလား မမေးနဲ့၊ အမြဲတုန်နေရတာ”
မညိုမ နောက်ထပ်စကားမစနိုင်မီ သူ၏ညီမငယ်က ကော်ဖီခွက် ကလေး ကောက်ယူပြီး ခပ်သွက်သွက်ရှောင်ထွက်သွားလေသည်။
ထိုစဉ်တွင် အိပ်ရာထဲရောက်နေပြီဖြစ်သော မိခင်ကြီး၏ အသံကို ကြားရသည်။
“သမီးတို့ အိပ်ခါနီးကျရင် မေမေ့အိပ်ရာဘေးမှာ ကော်ဖီတစ်ခွက် ထားပေးဖို့ မမေ့ကြနဲ့ဦးနော်” တဲ့။
ဘယ်သူ့ကိုမှ စည်းရုံး၍မရတော့ မညိုမသည် ဗလာစာအုပ်နှင့်ဘောပင်ကို ကောက်ကိုင်သည်။ ဆောင်းပါးသော် လည်းကောင်း၊ ဝတ္ထုသော်လည်းကောင်း တစ်ခုခုကို ဖြစ်အောင်ရေးရမည်။ သူ၏စာကို ဖတ်မိလျှင် တစ်ယောက်ယောက်က ကော်ဖီအသောက်လျှော့လိုက်လျှင် ရေးရကျိုး
နပ်သည်ဟု စဉ်းစားသည်။မလျှော့ဘူးဟု မပြောနိုင်။ သူပြောသည်ကို နားဝင်သောသူ
ရှိချင်လျှင်လည်း ရှိနိုင်သည်။ ဟုတ်သည်။
မညိုမသည် စာတစ်ရွက်ရေးလိုက်၊ ဆုတ်ပစ်လိုက်၊ နှစ်ရွက်ရေးလိုက် ဖြဲပစ်လိုက်နှင့် သူ့စာကိုသူစိတ်တိုင်းမကျ။ စေတနာ ကတော့ ရှေ့ကနေပြီးတောနေသည်။ 'မြန်မာတွေ ကော်ဖီအသောက်လျှော့ကြပါ။လက်ဖက်ရည်အသောက် လျှော့ကြပါ၊ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသောအချိန်များအစား၊ စာကြည့်တိုက်ကိုသွားကြပါ၊ အားကစား လုပ်ကြပါ”
“ခက်လိုက်တာ စာဆိုတာ အဲဒီလိုတဲ့တိုးကြီးရေးရင် ဘယ်ကောင်းမှာလဲ”
မညိုမ ရေးပြီးသမျှစာရွက်ကလေးတွေကို ပြေပြစ်ချောမွေ့စွာ မပြောတတ် မရေးတတ်သော ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်လာသည်။
“ငါ့နှယ် ချာလိုက်တာ”
မညိုမသက်ပြင်းချသည်။ အစကနေ ပြန်ရေးပြန်သည်။ ကျွန်မတို့ မြန်မာပြည်ကြီး တိုးတက်ရန်အတွက် ပထမဆုံး ခြေလှမ်းတစ်လှမ်းမှာ လက်ဖက်ရည်ဆိုင်မှ လူငယ်များကို စာကြည့်တိုက်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။
“မေမေ ကော်ဖီ”
သမီးက မညိုမ၏ရှေ့သို့ အငွေ့ တထောင်းထောင်း ထွက်နေသော ကော်ဖီခွက်ကလေး လာချသည်။
“ဘယ်သူက တောင်းလို့လဲ”
“ဟင် အရင်တုန်းကတော့ မေမေပဲ စာရေးနေရင် ကော်ဖီသောက်ချင်တယ်ဆို”
မျက်နှာကလေးငယ်သွားသည့် သမီးကို လှမ်းကြည့်မိတော့ မညိုမ စိတ်မကောင်းဖြစ်သွားသည်။ သူ့အမေ ဘာစာတွေ ရေးနေမှန်း သူ့ခမျာ သိမှ မသိရှာပဲ။
“ကော်ဖီသောက်မယ့်အစား ရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်လိုက်ရင်လည်း ပြီးတာပဲ သမီးရဲ့ ၊ ငွေကုန်လည်း သက်သာ၊ အန္တရာယ်လည်း ကင်း”
မည်သူကိုမျှ ဟော၍ပြော၍ ဟန်မကျသေးသော တရားကို မညိုမက သမီးငယ်အား လေပျော့လေးနှင့် စတင်ပြီး ပို့ချရန် ကြိုးစားသည်။
“ဟိုးအရင်တုန်းကလည်း ဒီကော်ဖီဆိုတာကြီးကို သောက်ခဲ့ကြတာမှ မဟုတ်တာ ဒါကိုသာ မသောက်ဘဲနေနိုင်ကြရင် နိုင်ငံခြားငွေတွေ အများကြီးသက်သာသွားမှာ”
“သမီးစဉ်းစားကြည့်၊ မြန်မာပြည်မှာရှိတဲ့ လူဦးရေက လေးဆယ့်ခြောက်သန်း၊ လူရှစ်ယောက်မှာ တစ်ယောက်ပဲ ကော်ဖီ သောက်တယ် ထားနော် အဲဒီတစ်ယောက်ကလည်း တစ်နေ့ကို တစ်ခွက်ပဲ
သောက်တယ် ဆိုရင်တောင် ကော်ဖီခွက်ပေါင်း”
“ဟာ အိမ်ရှေ့မှာ လူတွေလူတွေ”
ကိုညိုမောင်က အလန့်တကြားအော်သည်။ တရားဟောကောင်းနေသော မညိုမခမျာလည်း အလန့်လန့် အဖျပ်ဖျပ် ဖြစ်သွားသည်။
“ကော်ဖီမစ်ကုမ္ပဏီက လူတွေ ခင်ဗျားကို ရိုက်ကြမလို့တဲ့ တန်းစီနေကြတာ”
ကိုညိုမောင်တို့ သားအဖက တဝါးဝါးရယ်နေကြသည်။ ပျက်ယွင်းသွားသော ရာဇဣန္ဒြေကို မနည်းပြန်လည်ထိန်းသိမ်းလိုက်ရသော မညိုမကမူ အတော်ကြီးအောင့်သက်သက် ဖြစ်သွားသည်။
သူတို့သားအဖတစ်တွေကို လျစ်လျူရှုပြီး စိတ်အာရုံကို စာရွက်ထဲ ပြန်ပြီးပို့ရန် ကြိုးစားသည်။
“အကောင်းပြောတာပါ မိန်းမရဲ့ ၊ အဲဒီဝတ္ထုဆက်မရေးနဲ့တော့၊မဏိကွမ်းစားသွားလိမ့်မယ်”
ကိုညိုမောင်က ရယ်သံနှင့်ထပ်ပြောနေသည်။ ကိုယ့်စာကို ကိုယ်စိတ်တိုင်းမကျရသည့်အထဲ ဘေးမှနေပြီး ရယ်ပွဲဖွဲ့ နေတော့ မညိုမ အတော်ကြီးစိတ်တိုလာသည်။ စိတ်တိုလာတော့လည်း ရင်ထဲတွင် ဟာ
တာတာနှင့် ကော်ဖီဆာ အဲ ရေဆာသလို ဖြစ်လာသည်။
“မိတ်ဆွေ၊ အချို၊ အဆိမ့်နှင့် အခါး အရသာသုံးမျိုးကို ရေနွေးနှင့်သမအောင် ရောစပ်ထားသောအရည်ကို သင်သိပါသလား၊ ထိုအရည်သည် သင်၏ထမင်းစားပွဲပေါ်တွင်ရှိသော ကော်ဖီပင်ဖြစ်သည်။ထိုကော်ဖီကို သင်စွဲနေပါပြီလား”
မညိုမက ရေးဟန်တစ်မျိုးပြောင်းပြီး ရေပြန်သည်။ ကော်ဖီအကြောင်းရေးခါမှ ကော်ဖီနံ့က မွှေးလှသည်။ စားပွဲပေါ်မှ ကော်ဖီခွက်ကလေးကို မသိမသာလှမ်းကြည့်လိုက်တော့ အငွေ့ ကလေး ထွက်နေ
ဆဲပင်။
“ထိုကော်ဖီကို သင်နေ့စဉ်သောက်သုံးနေကျ ဖြစ်ကောင်း ဖြစ်မည်။ အကယ်၍ မသောက်ရလျှင် သင်ဘာဖြစ်မည်နည်း။ မျက်စိကိုစုံမှိတ်ပြီး ခေတ္တမျှ စဉ်းစားလိုက်စေချင်ပါသည်။ သင့်အတွက် သိသာ
ထင်ရှားလောက်သော နစ်နာမှုမရှိကြောင်းကို တွေ့လာရမည်ဖြစ်သည်။
စာရေးရသည်မှာ အတန်ငယ်အရှိန်တက်လာသည်။ ဝတ္ထုပုံစံနှင့် မရေးဘဲ ဆောင်းပါးပုံစံနှင့် ရေးတော့ ရေးလို့ သွက်လာသည်။ဪ အခုမှပဲ ဒီကော်ဖီနံ့က မွှေးပဲမွှေးနိုင်လွန်းနေသည်။ခံတွင်းပါချဉ်လာ၍ တံတွေးကို မသိမသာမျိုချရင်း သက်ပြင်း ငွေ့ငွေ့ချ
မိရှာသည်။ ကော်ဖီဆာနေသောအချိန်တွင် ကော်ဖီနံ့ကိုသာ ရှူနေရခြင်းကတော့ မသိသာ မထင်ရှားလှသော နစ်နာမှုပဲ ဖြစ်မည်ဟုထင်သည်။
“သင်၏စားပွဲပေါ်တွင် စုဘူးကလေးတစ်ခုထားပြီး သင် ကော်ဖီ သောက်ချင်တိုင်း ထိုစုဘူးထဲသို့ ကော်ဖီတစ်ခွက်ဖိုး ထည့်ကြည့်စေချင်ပါသည်၊ လကုန်လျှင် ငွေမည်မျှစုမိနေမည်ဟု သင် ထင်ပါသနည်း”
မညိုမသည် ကော်ဖီဆန့်ကျင်ရေးစာကို ဆက်ရေးရင်း "ကော်ဖီဆိုတာ အခုလို အငွေ့ ကလေးတွေ ထွက်နေတုန်း မပူမအေး ခပ်နွေးနွေးကလေးကို တစ်ငုံ ချင်းသောက်ရရင် သိပ်ကောင်းတာ” ဟု
တွေးလို က် မိသည် ။ စားပွဲပေါ်မှ ကော်ဖီခွက် ကလေးကို သံယောဇဉ်အမျှင်တန်းနှင့် လှမ်း၍ ကြည့်လိုက်မိပြန်သည်။ ဟောတော့ ကော်ဖီခွက်ကလေး သူ့နေရာတွင်သူ မရှိတော့ပါ ကလား။
“မေမေ မသောက်ဘူးဆိုရင် ပြန်ယူသွားတော့မယ်နော်”
သမီးက သူ့လက်ထဲမှ ကော်ဖီခွက်ကလေးကို မြှောက်ပြသည်။မညိုမ ရုတ်တရက်စိတ်တိုသွားသည်။ “ဖျော်ပြီးလို့ စားပွဲပေါ်တောင် ရောက်နေပြီပဲ ခွေးစုတ်မလေးရဲ့”ဟု စိတ်ထဲမှနေပြီး တအား
အော်လိုက်သည်။
“ဟုတ်တယ်နော မေမေပြောသလို ရေနွေးကြမ်းလေးသောက် လိုက်ရင်လည်း အာသာပြေသွားမှာပဲ”
စိတ်ထဲမှ အသံကို မကြားသော သမီးက သူ့မိခင်၏ အတွေးအခေါ်ကို ထပ်ဆင့်ထောက်ခံနေသည်။ “ဪ ငါ့သမီးရဲ့ အလိုက်ကန်းဆိုးကလည်း မသိလိုက်တာတဲ့” ဟု စိတ်ထဲမှတွေးရင်း မညိုမသည် သူ၏လက်ထဲမှ ဘောပင်ကလေးကို ခပ်ဆောင့်ဆောင့် ပစ်ချလိုက် သည်။
“ဟင် မေ မေ စာမရေးတော့ဘူးလား”
ပါးရည်နပ်ရည်မရှိသော သမီးက တအံ့တသြ မေးနေသေးသည်။
“ကော်ဖီသောက်ပြီးမှ ဆက်ရေးရင်လည်း ရတာပါပဲတဲ့”
မညိုမက ခပ်ဆတ်ဆတ်ဖြေသည်။ တစ်ဖက်လှည့်ပြီး စကားပြောနေကြသော ကိုညိုမောင်တို့သားအဖကို မသိမသာ ခိုးကြည့်လိုက်သည်။ ထို့နောက် မျက်နှာကို တမင်တင်းထားလိုက်ပြီး သမီးလက်ထဲမှ
ကော်ဖီခွက်ကို သွက်သွက်လေး ဆွဲယူလိုက်လေသည်။
----------------
မစန္ဒာ
(နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း၊ ၂ဝဝဝ မတ်)
#Typing_crd_ZawOo