Friday, 6 March 2020

မြှုံးထဲကငါးနှစ်ကောင် ( ဇာတ်သိမ်း )

#မြှုံးထဲကငါးနှစ်ကောင်

( ဇာတ်သိမ်း )

#မိုးမိုး ( အင်းလျား )

                              ( ၂ )

ပြဿနာကို အတူတကွ ရင်မဆိုင်ဘဲ ပြဿနာကြားမှ ရုန်းထွက်သွားခြင်းသည် ယောက်ျားကောင်းတစ်ယောက်၏ အပြုအမူမဟုတ်ဟု မြလေးယုံကြည်၏။ မြလေးတို့ မိန်းမသားများသည် ယောက်ျားတစ်ယောက်ကို အားကိုးချစ်ဖြင့် ချစ်၏။ လေးစားစိတ်ဖြင့် ကြည်ညို၏။ ယုံကြည်စိတ်ဖြင့်
လက်တွဲ၏။

ပြန်လည်စဉ်းစားစေချင်သည်။ အချစ်ကို ရယူပိုင်ဆိုင်ခြင်းအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်လော့ဟု ယောက်ျားတို့ကို စေ့ဆော်တိုက်တွန်းသော
စိတ်ကို မည်သူက သင်ကြားပေးလေသနည်း။ထို့ပြင် ရယူပိုင်ဆိုင်ပြီးသောအချစ်ကို ဥပေက္ခာပြုရန် မည်သူက လမ်းမှားသို့ ပို့ဆောင်သနည်း။
မည်သူမပြု မိမိမှုသာ ဖြစ်ပေမည်။ မြလေး၏အချစ်ကို တောင်းဆိုစဉ်က မောင့်တွင်လည်း အများတကာ ယောက်ျားများနှယ် သစ္စာတရားကို
ဦးထိပ်ပန်ဆင်လျက် ရှိနေခဲ့လေသည်။ အတူတကွ လက်တွဲကြစို့ဆိုသည့် အခါတွင်လည်း မောင်သည် ခြင်္သေ့မင်းလို ရဲရင့်ခဲ့ပေသည်။ ယခုမှ
ပြဿနာအရပ်ရပ်ကို အကြောင်းပြကာ စိတ်ချမ်းသာမှုကို ရှာဖွေရပါသည်ဟု
ဆိုလာရခြင်းသည် ရိုးသားသော အပြုအမူတစ်ရပ်ဟု လက်မခံနိုင်။ဖောက်ပြန် ယိမ်းယိုင်မှု အဖြစ်သာ စွပ်စွဲလို၏။

ပြဿနာသည် ယခုမှ အိမ်ပေါ်သို့တက်လာသည် မဟုတ်။ မောင်နှင့် မြလေးတို့ လက်ထပ်စကပင် အတူပါလာခဲ့ခြင်း ဖြစ်လေသည်။ပြဿနာသည် မြလေးတို့၏ ခန်းဝင်ပစ္စည်းပင် ဖြစ်လေသည်။
မောင်ပြောသည့်အတိုင်း ဇီဇာကျယ်သော အဒေါ်အပျိုကြီးနှစ်ဦးသည် မြလေးဘဝတွင် အဆစ်ပါလာခဲ့ကြ၏။ သူတို့၏ အုပ်ထိန်းပဲ့ပြင်မှု အောက်တွင် မြလေး၊ ကြီးပြင်းခဲ့ရသည်။ မြလေးဘဝတွင် တတ်သင့်တတ်အပ်သော ခေတ်ပညာကို တတ်မြောက်ခဲ့ရပြီး လုပ်သင့်လုပ်အပ်သော အလုပ်တစ်ခုကို ရခဲ့ခြင်းသည်လည်း ၄င်းတို့၏ ကျေးဇူးပင်ဖြစ်၏။
တစ်အိုးတစ်အိမ် ထူထောင်သည့်ဘဝတွင်မှ ဘုရားပြီးမှ ငြမ်းဖျက်ဆိုသလို ဖျက်ချထားခဲ့၍ မဖြစ်၊ မြလေးဘဝတွင် သူတို့ကို ချန်ထားခဲ့၍ မရ။
မောင်ကပင်" ဒါကတော့ ဟုတ်တာပေါ့ မြလေးရဲ့၊ မှန်တာပေါ့၊မြလေး ဆုံးဖြတ်တာ တရားပါတယ်" ဟု အတိအလင်း သဘောတူခဲ့သည်မဟုတ်လား။

ပြီးတော့ မြလေးတို့နှစ်ယောက် ရုန်းကန်လှုပ်ရှားနေရသော အိမ်ထောင်တွင် သူတို့လည်း တစ်တပ်တစ်အား ပါဝင် ကျားကန်ပေးနေရ
သည်။ မောင့်ဘက်မှလည်း ကျောထောက်နောက်ခံမရှိ၊ မြလေးမှာလည်း တရားအားထုတ်နေသော မိခင်အိုကြီးသာ ရှိတော့သည်။ မြလေးတို့
တစ်အိုးတစ်အိမ် ထူထောင်ရခြင်းသည်ပင် စင်စစ် အဒေါ်အပျိုကြီးများ၏ အိမ်ထောင်တွင် ကပ်ပါးအဖြစ် ဝင်ရောက်ခိုတွယ်ရခြင်း ဖြစ်လေသည်။
မြလေး၏ အမွေပစ္စည်းအဖြစ် တစ်စိတ်တစ်ဒေသ ပါဝင်သည်ဟုဆိုနိုင်သော်လည်း ဖေဖေ မရှိစဉ်မှစ၍ အိမ်၏ အတွင်းပစ္စည်း အပြင်ပစ္စည်း အတော်များများသည် လွင့်ပါးဆုံးရှုံးခဲ့ပြီး ဖြစ်၏။ မြလေး၏ပညာသင်စရိတ်သည်ပင် အဒေါ်များ၏ အိတ်ထဲမှ ခုန်ထွက်ဖြည့်ဆည်းခဲ့ရသည်။သည်တော့လည်း မြလေးတို့ခွဲထွက်ကြစို့ဆိုလျှင် သားနှစ်ယောက်၏တာဝန်ကိုပင် မည်သို့ထမ်းဆောင်ရမည်မသိ။ တစ်အိုးတစ်အိမ်ကိုသာ အစမှပြန်လည်မတ်ထူရလျှင် လူ့ဘဝကို အလယ်မှစရသည်သို့ရှိမည်။

မည်သို့ပင် စိတ်ဆင်းရဲစရာ ကြုံရသည်ဆိုပေမင့် နံနက်လင်းလျှင်ကော်ဖီ ပေါင်မုန့် အသင့်ရှိနေတတ်၏။ အစားကြီးသော သားနှစ်ယောက်
သည် မုန့်ကို စိတ်ကြိုက်အလုအယက်စားကာ အသင့်ပြင်ပေးထားသော လွယ်အိတ်ကို ကောက်ကိုင်လျက် ကားပေါ်ခုန်တက်သွားနိုင်၏။ မောင်
နှင့် မြလေးတို့ နှစ်ယောက်ပင်လျှင် အေးအေးဆေးဆေး ရေမိုးချိုးကာ
ရုံးချိန်အမီ ထမင်းအသင့် ယူသွားနိုင်၏။

မငတ်ဖူးသောသူသည် မုန့်တစ်ဖဲ့၏ တန်ဖိုးကိုလည်း သိမည်မဟုတ်၊ ကျန်းမာသန်စွမ်းသူသည် ဖျားနာသူ၏ ဝေဒနာကို စာနာနိုင်မည်မဟုတ်၊ မိမိ အိမ်ပြန်ရောက်မှ ပါလာသော နေ့တွက်လုပ်အားခကို
ဆီးယူကာ ဆန်ပြေးဝယ်ပြီး ထမင်းချက်ရမည့် မိသားစုအတွက် ကားခြေနင်းကို ခိုကာ အချိန်မီ အိမ်ပြန်ရသော လူ၏အဖြစ်မျိုး မောင်ကြုံဖူး
မည်မဟုတ်။ ထို့ကြောင့်လည်း ဆာလာပါလျက် ထမင်းအဆင်သင့်ဖြစ်နေသည်ကို မောင် မကျေနပ်နိုင်။ ဝက်သားကြိုက်ပါလျက် ငါးနှင့်ပုဇွန်
ချည်း စားနေရသောအဖြစ်ကို လူဖြစ်ရှုံးသည်ဟု မောင်က ထင်ပေမည်။

"လင်မယားချင်းတောင် လွတ်လွတ်လပ်လပ် မနေရဘူးကွာ၊အနေကျုံ့ လိုက်တာ”

မောင်က မကြာခဏ ညည်းလေသည်။
ယောကျာ်းတို့ အယုအယကြိုက်တာ၊ အလှအပ မြတ်နိုးတတ်တာကို မြလေး သိပါသည်။ သို့သော်လည်း “ညည်းတို့ နေတာ ထိုင်တာကလဲ
မျက်စိရှက်လိုက်တာ”ဟု အပြောခံရမည်ကိုလည်း မြလေး စိုး၏။

ပြီးတော့ ကလေးတွေကို ဆုံးမရာတွင် မြလေးတို့အိမ်တွင် အတိုက်အခံ ဖြစ်နေတတ်လေသည်။

"ဆိုးမှာပေါ့ ၊ ကလေးတွေကို ဖျက်ဆီးနေတာကိုး"

မောင့်ဘက်မှ အပြစ်တင်စကား

"မကျေနပ်ရင် ဆင်းသွားကြ ၊ ကလေးတွေတော့ စောင်းမရိုက်နဲ့၊ တို့မြေးတွေ တို့တာဝန်ယူတယ်"

 အခြေအနေသည် အမြဲလို တင်းမာနေသည်။

                           * * * * *

လင်မယားနှစ်ယောက်တို့တွင်သာ ဖြစ်တတ်နားလည်တတ်သော ပြဿနာများကို လင်နှင့်မယား မဟုတ်သူများက နားမလည်တတ်၊ ခွင့်မလွတ်
တတ်၍လည်း ပြဿနာ ဖြစ်တတ်ပြန်‌‌လေသည်။ ဘာမဟုတ်သည့် ကိစ္စကလေး ဆိုပေမယ့် ယိုးမယ်ဖွဲ့ကာ အခြေအတင်ပြုတတ်သည့် သဘော။ပြီးတော့လည်း ပြီးပြီးပျောက်ပျောက်ဖြစ်ကာ
အပြုံးမပျက်၊ ကြည်နူးမပျက်နေထိုင်ကြသည့်သဘော ကို ဒေါ်ကြီးတို့ နားမလည်နိုင်ကြ။ ထို့ကြောင့်လည်း တိုးတိုးတိတ် ဖြစ်သည်ကိုပင် ကြားဖြစ်အောင် ကြားကာ အကျယ်အကျယ် လုပ်ပစ်တတ်ကြလေသည်။

" ဘာလဲ၊ ညည်းက ညည်းယောက်ျားပြောတာ ခံနေရသလား၊ကိုယ့်ထမင်း ကိုယ်စားနိုင်ရက်သားနဲ့ ပြန်ပြောပါလားအေ၊ မပေါင်းချင်
နေပေ့စေပေါ့၊ သာတောင်အေးသေး "

ယောက်ျားတစ်ယောက်ကို ထမင်းရှာကျွေးစေဖို့ယူထားရမည်ဟု အထင်ရောက်တတ်သော အပျိုကြီးများပီပီ မာနစကားဖြင့်လည်း သွေးထိုး
ပေးတတ်ပြန်၏။
-
" ဟေ့ မင်းအဒေါ်တွေကိုပြောလိုက် ယောက်ျားဆိုတာ လှေကားသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်လို့ ဒီလိုမိန်းမမျိုး နောက်ထပ် ဘယ်လောက်ယူမလဲ ရတယ်၊ လက်‌ေဖျာက်တစ်ခါတီးရင် တန်းစီနေတာပဲ”

မောင်ကလည်း အားကျမခံ မဆိုသင့်သည့် စကားများကို ဆိုလေသည်။

"အမယ် တော်ပါ။ မောင်က မောင်စွံမှန်းသိပါတယ်၊ မြလေးလည်း ရုပ်မကျသေးပါဘူး ၊ မောင့်လို ယောက်ျားမျိုးတော့ ဘယ်မှာရှာရှာ ရပါတယ် "

" ဪ မင်းက ငါ့ကို အသုံးမကျတဲ့ယောက်ျားလို့ ဆိုလိုသလား၊မင်းအဒေါ်တွေရဲ့ လေသံအတိုင်းပေါ့ လေ "

ဤသို့လျှင် ပြဿနာသည် မကြီးမကျယ်သင့်ပဲ ကြီးကျယ်လာရလေသည်။

နောက်ဆုံးတော့ မောင်လည်း အိမ်မခင်တတ်သော ယောက်ျားတစ်ယောက်အဖြစ် အိမ်ကို ပြန်ချင်သည့်အချိန်မှပြန်၍ ရောက်ချင်သည့်အချိန်မှ ရောက်လာတော့၏။ ရောက်လာပြန်တော့လည်း မောင်သည်
အသောက်အစားကလေးဖတ်၍ လာတတ်ပြီ ဖြစ်လေသည်။ ထိုအခါပြဿနာမီးသည် ပို၍ တောက်လောင်ပြန်လေသည်။ 

"ဟင်း အဝီစိချိုးကပ်မယ့်ကောင်း၊ နေ့ရှိသရွေ့ အရက်လေးတမြမြနဲ့ ဒီကောင် မူးလာရင် တံခါးမဖွင့်ပေးနဲ့"

လောကီအမှုကိစ္စ နည်းပါးသူများပီပီ တရားကိုဖက်ကာ အသက်ရှည်သူများမို့လည်း မောင့် အပြုအမူကို ခါးခါးသီးသီး ရှုတ်ချကြပြန်လေသည်။

ဘာတရားလဲ၊ ဘယ်နေရာမှာများ တရားရှိသလဲ ပြောစမ်းပါဦး၊တရားရှိရင် ရိပ်သာသွားနေကြပါလား၊ ခုတော့ ငါ့အိမ် ငါ့မြေဟဲ့ ဆိုပြီး အတ္တစွဲလိုစွဲ၊ ငါ့ပစ္စည်းဥစ္စာဆိုပြီး မာန်မာန တက်လိုတက်နဲ့ ရယ်စရာကောင်းလိုက်တာ ထွီ”

အရည်ကလေးဝင်လာပြီဆိုတော့ မောင့်နှုတ်ကလည်း သွက်ပါဘိ။အိုးခွက်ပန်းကန်များကို ဆောင့်လိုက်သည့် အသံသည် သောသောညံ
အောင် ထွက်လာလေ၏။

" ဟဲ့ မြလေးရဲ့ တစ်သက်လုံး သူများခေါင်းပေါ် စင်္ကြံ လျှောက်လာခဲ့တာ၊ ခုမှ နင့်ကြောင့် အစော်ကားခံရတယ်တဲ့၊ နင့်ယောက်ျားကို ရွှေထွက်သမို့ ပေါင်းနေရသလားဟဲ့ "

ပစ္စည်းဥစ္စာ ပြည့်ဝချမ်းသာပါလျက် စိတ်နှလုံးအေးချမ်းမှုသည်ကား လှမ်းကွာလွန်းလေစွ။

                               * * * * *

“ဒီမှာ မြလေး မြလေးရဲ့ တိုက်တွေ၊ မြေတွေ၊ကားတွေကို မတ်မောနေတယ်ဆိုရင် မြလေး နေရစ်ပေတော့၊ မောင်တော့ ဒီလို ယောက်ျားတန်မယ့် အစော်ကားခံပြီး မနေနိုင်တော့ဘူး "

"နေပါဦး မောင်ရယ် ၊ မြလေးလဲ စဉ်းစားနေပါတယ်၊ သားတို့စာမေးပွဲပြီးတဲ့အခါ တစ်မျိုးတစ်ဖုံစီစဥ်ကြတာပေါ့၊ ခဏလေးတော့သည်းခံပါဦးနော် "

သားနှစ်ယောက် ကသီလင်တဖြစ်မည့်အရေးကိုတွေးကာ မြလေးတုံ့နှေးနေမိ၏။ မောင်နှင့်မြလေးတို့၏ နှစ်ယောက်ဝင်ငွေဖြင့် အိမ်တစ်ဆောင် မီးတစ်ပြောင် ထူထောင်ကြရန် သတ္တိနည်းနေလေသည်။ မောင့်လခသည် မောင့်အသုံးစရိတ်နှင့်ပင် ကာမိရုံရှိ၏။ မောင်က ချွေတာ၍မြလေးလက်ကို ဝကွက်အပ်လျှင်‌ေကာ။ ။

စဉ်းစားချင့်ချိန်ရသည့်ဇောဖြင့် မောနေလေသည်။

“ညည်း ကြပ်ကြပ်စဉ်းစား၊ ညည်းယောက်ျားက အရက်ကလေး တမြမြနဲ့ ခုတောင် ငါတို့ရှိနေလို့ ညည်းကို ကိုယ်ထိလက်ရောက် မစော်ကားဝံ့တာ၊ ညည်းအားကိုးရင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့
လိုက်သွားကြည့်ပါလား၊ လူမွေးတောင် ပြောင်မှာ မဟုတ်ဘူး။ ညည်းသားလေးတွေကော ခုလို နေနိုင်ပါ့မလား၊ ဟင်း ခဲယဉ်းသားပဲ၊ ဒီအိမ်နဲ့မြေဟာ ညည်းအဖေနဲ့ ငါတို့ ဒိုးတူပေါင်ဖက် စီးပွားရှာလို့ ကျန်ခဲ့တာတွေ၊ သူစိမ်းကောင်းစားအောင်တော့ ထုခွဲမပေးနိုင်ဘူး ဒါပဲ"

မြလေးအတွေးဖြင့် ချာချာလည်ရပြန်လေသည်။ မြလေးကိုယ်တိုင်ကလည်း ရွှေပေါ်မြတင် သက်သောင့်သက်သာ နေလာခဲ့ရ၍ သတ္တိက
နည်းသည်။ ပြီးတော့ ဒေါ်ကြီး ဒေါ်လေးတို့သည် ဖေဖေ မရှိသည်မှစ၍ မြလေးကို ဖူးဖူးမှုတ်ကာ အလိုလိုက် အကြိုက်ဆောင်ထားခဲ့သည်မှာလည်း
မြလေးအသိ။ မောင်နှင့် လက်ထပ်မည်ဆိုတော့ အဒေါ်နှစ်ယောက်သည် ဖေဖေဆုံးစဉ်ကလိုပင် ဝမ်းနည်းပက်လက် ငိုကြွေးကြလေ၏။ သူတို့
သဘောတူသည့်သူနှင့် ယူပါမည့်အကြောင်းလည်း ဖျောင်းဖျ ပြောဆိုကြလေသည်။သည်တုန်းကတော့ မြလေးခေါင်းကို တွင်တွင်ခါ၍ ငြင်းခဲ့၏။

မောင့်ဘက်က ဆိုလျှင်လည်း အိမ်အဝင် မျက်နှာပန်းလှခဲ့။မောင်သည် တစ်ကောင်ကြွက်။ ကိုယ့်ဒူးကိုယ်ချွန်သမား မောင့်အတွက်
လခမှန်မှန်ရသော အလုပ်တစ်ခုကလွဲ၍ ဘာမျှပါမလာခဲ့။ အစပထမတွင်မလိုလား မနှစ်သက်မှုကို ဖုံးဖိထားခဲ့သော်လည်း ကြာလေလေ အိမ်တွင်း
တိုက်ပွဲက ပြင်းထန်လေလေ။

- တွေဝေငေးငိုင်နေဆဲမျာပင် ပြဿနာသည် အထွတ်အထိပ်သို့ ရောက်လာလေသည်။ မောင်အပြန်ကို တံခါးစောင့်ဖွင့်ပေးနေကျ ဖြစ်ပါ
ရက် သားနှစ်ယောက်ကိုသိပ်ရင်း အိပ်‌ပျော်သွားခဲ့၏။

 ဆူညံနေသောအသံများကြောင့် လန့်နိုးလာချိန်တွင် မောင်သည် ရဲရဲနီသော မျက်လုံးအစုံဖြင့် သံတံခါးကိုကိုင်ကာ တဝုန်းဝုန်းမြည်အောင်
ဆွဲလှုပ်နေလေသည်။

“မြလေး၊ မြလေး မောင်ခေါ်နေတာ မကြားဘူးလား၊ ဘာလဲမင်းကပါ ငါ့ကို တံခါးဖွင့်မပေးတော့ဘူးလား၊ အိမ်ကြီးရှင်တွေဆိုပြီး သိပ်လူပါးဝတယ်ပေါ့ ဟုတ်လား၊ ဟေ့ သားနှစ်ယောက်ရှိလို့ ပြန်လာတာ
ကွ၊ မင်းတို့မိန်းမတွေ တစ်ယောက်မှ သောက်ဂရုမစိုက်ဘူးကွ”

“ဒီမှာ မောင်မြင့်ဦး၊ ဒါဟာ အလေနတောတွေနေတဲ့ရပ်ကွက်မဟုတ်ဘူး၊ ပတ်ဝန်းကျင်ကို အားနာဦးကွယ့်၊ လူဆိုတာ ဂုဏ်သိက္ခာနဲ့နေတာ၊ ကျက်သရေမဲ့အော်ဟစ်မနေနဲ့ "

"အို နားမလည်ဘူး၊ အော်မယ်ဗျာ၊ အော်မယ်”

"ဟေ့ အရက်သမား၊ ငါ့အိမ်ရိပ် မနင်းရဘူး”

အပြင်းထန်ဆုံး ထိုးနက်ချက်များဖြင့် ပြဿနာသည် အမြင့်မားဆုံးရောက်လာချေ၏။ နောက်နေ့နံနက်မှစ၍ မောင် ထွက်သွားသည် သုံးရက်တာမျှကြာသွားလေသည်။ မောင့်ရုံးကိုရောက်မှ စာလေးတစ်စောင်ဖတ်ရ၏။

မြလေး၊

မောင် ပုဂံ ညောင်ဦးဘက် ခဏထွက်သွားတယ်။ ပြန်လာရင် မောင်တို့ကိစ္စ ပြတ်ပြတ်သားသား ဆွေးနွေးကြရအောင်၊ မြလေး အဆင်သင့် ရှိပါစေ။

                                                          မောင်

                             * * * * *

ဘုရားရိပ်၊ ကျောင်းရိပ်သည် အေးမြလှပါ၏။ မေမေသည် သောကဗျာပါဒဖြင့် ရောက်လာသော မြလေးကို တရားဖြင့်ပင် ယှဉ်၍ဆုံးမ၏။

"လောဘမီးကို ငြိမ်းပေတော့ သမီးရယ်၊ ကိုယ့်လင် ကိုယ့်သားနဲ့လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အင်း မရွှေတို့၊ မငွေတို့ကလဲ ခုထိ ပစ္စည်းမာန တက်ကြတုန်းပဲနော်"

ယခုမှပင် မေမေသည် ယောက်မများနှင့် အတူမနေဘဲ ဘုရားရိပ်ကို စောစောစီးစီး ခိုလှုံခဲ့သည့်အဖြစ်ကို နားလည်မိတော့၏။ သားသမီး သံယောဇဉ်၊ လင်သံယောဇဉ်မရှိလျှင် အဘယ်မျှ အေးချမ်းလေမည်နည်း။ လောက၏ ဒုက္ခ သုက္ခကို ခံစားနားလည်စေရန် သမီးငယ်ကို လူ့ဘောင်တွင်းဝယ် ထားခဲ့သည်ထင်၏။ ယခုတော့ သားနှစ်ယောက်ကို
ခင်တွယ်သည့်စိတ် လင်သားကို ချစ်ခင်သည့်စိတ်ဖြင့် မြလေးတစ်ယောက် လူ့ဘဝကို ရုန်းကန်ရပေဦးမည်။

တကယ်တမ်း အရင်အလုံးကိုခွင့်လွှတ်၍ အိမ်ပေါ်မှ ဆင်းတော့မည်ဆိုတော့လည်း ဒေါ်ကြီး၊ဒေါ်လေးတို့သည် မျက်ရည်လည်ရွဲ ဖြစ်ကြပြန်လေသည်။
မောင်ပြောသလိုပင် မြေးနှင့် တူမ တည်းဟူသော
အတ္တသံယောဇဉ်များဖြင့် မခွဲနိုင် မခွာရက် ဖြစ်ကြပြန်လေသည်။

" စဉ်းစားပါဦး မြလေးရယ်၊ငါတို့မြေးလေးတွေ ဆင်းရဲပါ့မယ်၊ညည်းတို့မှာ ဘယ်မလဲအိမ်၊ ဒီတော့ ဒီလိုလုပ် မောင်မြင့်ဦးလည်း ယောက်ျားမာနရှိရင် တစ်အိုးတစ်အိမ်ဖြစ်အောင် ကြိုးစားချည်၊ အားလုံး
အဆင်ပြေတော့ လာခေါ်လှည့်”

သည်သို့နှင့်ပင် ပိုနေမြဲ ကျားနေမြဲ အခြေသို့ ရောက်ကြရပြန်ပေသည်။ မောင်သည်မှု အသောက်အစားကို လျှော့၍ မယားနှင့် သားများကို ခွဲထုတ်နိုင်ရေးအတွက် လုံးပန်းနေရသည်။

                               * * * * *

အစကနဦးတွင် မောင်တစ်ယောက် အပြုအမူအနေအထိုင် ပြောင်းလဲသွားခြင်းနှင့်ပတ်သက်၍ မည်သို့မျှ သံသယမဖြစ်မိ၊ တစ်စုံတစ်ခုအတွက်
အားယူကြံဆနေရ၍သာ မြလေးအပေါ်တွင် အလေးတယူရှိမှု လျော့ပါးရပေသည်ဟု မြလေး တွေးထင်မိ၏။ အရက်ကို လျှော့သောက်သည့်တိုင်
အိမ်ကိုမူ အပြန်နောက်ကျတတ်၏။ တစ်ခါတစ်ရံ စောစီးစွာပင် အပြင်သို့ထွက်သွားတတ်သည်။ ရုံးသို့ပင် ရောက်သည်လား၊ မရောက်သည်လား
မသိ။ ဤသည်မှာလည်း တတ်နိုင်သမျှ အိမ်သားများနှင့် မျက်နှာချင်းမဆိုင်မိစေရန် ရှောင်နေခြင်းဟု မြလေးတွေး၏။ သို့သော် မြလေးတို့
ရှေ့ရေးအတွက် အလေးအနက် ဆွေးနွေးလာမည့်နေ့ကို စောင့်နေသည့်တိုင်မောင့်နှုတ်မှ ချိုသည် ခါးသည်ဟူ၍ ထွက်မလာတော့ပါချေ။

ပတ်ဝန်းကျင်မှ လူ့သတင်း လူချင်းဆောင်ကာ မောင့်အဖြစ်ကိုကြားရသည့်အခါ မြလေး နားကိုပင် မယုံလောက်အောင် အံ့သြခဲ့ရလေသည်။

မောင်နှင့် မျက်နှာချင်းဆိုင်နိုင်အောင် စောင့်ဆိုင်း၍ သံသယကိုချေဖျက်နိုင်ရန် ထုချေလွှာ တောင်းခဲ့မိသည်။ သို့သော် မောင်သည်ငြင်းဆိုချက် တစ်စုံတစ်ရာကို မပေးပါဘူး။ အားလုံးကို ခေါင်းညိတ်ဝန်ခံနေသည့် မောင့်ကိုကြည့်ကာ မြလေး ရင်ထုမနာဖြစ်မိရလေသည်။

" ဘယ်လိုလဲမောင်၊ မောင်က အားလုံးအမှန်တွေချည်း ဝန်ခံတယ်၊မြလေး ဘာလုပ်ရမလဲ၊ ဒေါ်ကြီးတို့သိရင်ကော ဘာပြောကြမလဲ”

" သူတို့က မောင့်ကို ဘယ်တုန်းက အကောင်းပြောခဲ့ကြလို့လဲ။မောင် အခုလို ဖြစ်ရတာလဲ သူတို့ ပယောဂမကင်းဘူး၊ အိမ်မှာ ပြဿနာတွေ ရှုပ်လွန်းလို့ စိတ်ချမ်းသာရာ ရှာမိတာပါ"

“အိုး ဒီလို ရောမချပါနဲ့ မောင်ရယ်၊ ပြဿနာရှိရင် ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းရှာရမှာပေါ့၊ မောင့်လိုသာ ပြဿနာကလွတ်အောင် စိတ်ချမ်းသာစရာ ရှာရမယ်ဆိုရင် မြလေးတို့ မိန်းမတွေကော”

'ဟေ့ မင်းဘာမှ မပြောနဲ့၊ မောင်ဟာ ယောက်ျား၊ ယောက်ျားနဲ့ယှဉ်ပြီး မပြောနဲ့"

"ဪ ယောက်ျားဆိုတော့ ဘာလုပ်လုပ် တင့်တယ်တယ်ပေါ့။ဟုတ်လား၊ မောင်တို့ ယောက်ျားတွေဟာ ငါ ယောက်ျားပဲဆိုတာကို အခွင့်အရေးယူပြီး ဖောက်ပြန်နေကြတာပေါ့”

“ဒီမှာ မြလေး၊ မောင် မြလေးအပေါ်မှာ ဘာများ ဝတ္တရားပျက်သလဲ။မောင် မြလေးကိုလဲ မပစ်ဘူး၊ မပစ်နိုင်ဘူး၊ သားတွေအပေါ်မှာလဲ မောင်
သံယောဇဉ်မပြတ်ဘူး၊ အိမ်မှာအဆင်မပြေလို့ စိတ်ထွေထွေနဲ့ဖြစ်မိတာပါ မြလေးရယ်”

ဘာပဲဖြစ်ဖြစ် ပြဿနာကို အတူတကွ ရင်မဆိုင်ဘဲ ပြဿနာမှရုန်းထွက်ကာ တစ်ယောက်တည်း လွတ်မြောက်ရာရှာခြင်းသည် အိမ်ထောင်သည် ယောက်ျားကောင်းတစ်ယောက်၏ အပြုအမူမဟုတ်ဟု မြလေး ယုံကြည်၏။ ပြီးတော့ မောင်တို့ ယောက်ျားများတွင် ကိုယ်ချင်းစာတရားမရှိ။ ကိုယ်ချင်းစာတရားထားရန်လည်း မလိုအပ်ဟု ယူဆနေသည်မှာ အဆိုးဆုံးတည်း။ မိန်းမတို့သည် မည်သည့်နည်းနှင့်မျှ ဖောက်ပြန်ခွင့်မရှိ။ ဤသည်ကိုပင် ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ဖြင့်
ကိုးကားပြဆိုကာ မဟာယောက်ျားကြီး ဝါဒကို ဆုပ်ကိုင်ကြလေသည်။

မြလေးတို့ကလည်း ပြောချင်၏။ မိန်းမတို့တွင် စောင့်စည်းအပ်သော အကျင့်သိက္ခာရှိသကဲ့သို့ပင် ယောက်ျားတို့တွင်လည်း တန်ဖိုးထားအပ်သော
ဂုဏ်သိက္ခာ မရှိပါပြီလော။ ငါ ယောက်ျားဟု ထင်တိုင်းကြဲတတ်ကြသည်ကို ပြစ်တင်ရှုတ်ချမည့် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများ မရှိပါပြီလော။

ဖြစ်ပြီးသမျှ ပြဿနာအားလုံးသည် အလွန်အမင်း သေးနုပ်သိမ်ငယ်သွားကုန်ကြလေသည်။ မိန်းမတစ်ယောက်အတွက် လင်သားရဲ့မေတ္တာကို လက်လွတ်ဆုံးရှုံးရခြင်းသည် တစ်လောကလုံးတွင် အကြီးမား
ဆုံးသော မဟာဒုက္ခကြီးပင် ဖြစ်လိမ့်ထင်၏။

မောင်ကတော့ ဆင်ခြေ ဆင်လက်ကို ခိုင်လုံစွာပင် ပေးဆဲ ဖြစ်လေသည်။

“မောင့်ကို ခွင့်လွတ်ပါ မြလေးရယ်၊ မောင် မြလေးကိုပဲ ချစ်ပါတယ်။မြလေးအပေါ်ထားတဲ့ မေတ္တာ လျော့မသွားပါဘူး "

“ဒီလိုဆိုတော့ ဟိုမိန်းကလေးကို မောင် မချစ်ဘူးပေါ့၊ ဒီလိုလား”

“ပြောပြီးပြီကော၊ မောင် မြလေးကိုပဲချစ်တာပါ၊ အိမ်မှာ စိတ်ညစ်စရာ ကြုံတုန်းမို့ စိတ်ဖြေရာ ရှာကြံရင်း ဖြစ်သွားရတာပါ၊ ဒီအတွက်တော့ မောင်တို့ အိမ်ထောင်ရေးကို အပျက်မခံပါရစေနဲ့”

တစ်ဖက်မှ မိန်းကလေးကြားလျှင်တော့ မည်သို့ရှိချေမည် မသိ။မြလေး စိတ်ကမူ ကောင်းစွာမကျေနပ်သေး။ ယောက်ျားတစ်ယောက်ကို
အဘယ်မိန်းမသည် မျှဝေ၍ ချစ်နိုင်ပါသလဲ။ ယောက်ျားကောင်း မောင်းမတစ်ထောင်ဟူသော ဆောင်ပုဒ်ဖြင့် ခွင့်လွှတ်နားလည်တတ်သော မိန်းမမျိုးရှိပါလျှင် ထိုမိန်းမကို မြလေးက အသည်းနှလုံးမရှိသော မိန်းမအဖြစ် မော်ကွန်းထိုးလို၏။ မြလေးတွင် ထိုမျှသဘောထားကြီးသော အသည်း
နှလုံးမရှိပေ။

“ပြီးခဲ့တာတွေကိုတော့ ခွင့်မလွှတ်ချင်ပေမယ့် ခွင့်လွှတ်ရတော့မှာပဲ။နောင်ကို မဆက်သွယ်ပါဘူးလို့ မြလေးကို ကတိပေးပါ မောင်ရယ်”

မောင်သည် ခေါင်းကို သွက်သွက်ညိတ်ပြလေသည်။
သို့သော် မြလေး၏ ရင်တွင် မည်သည့်သောကမီးနှင့်မှ မတူသောအပူသည် အရှိန်တည်း တောက်လောင်ခဲ့ရချေပြီတည်း”

                            * * * * *

မိန်းမ စာဆိုများသည် အဘယ်ကြောင့် ယောက်ျားသားတို့၏ အချစ်ကိုမျှော်ကိုးတောင့်တသော ပျို့ကဗျာလင်္ကာများကို ဖွဲ့ဆိုသီကြွေးခဲ့ရပါသလဲ။
မိန်းမသားတို့အဖို့တွင် ယောက်ျားတို့၏ အချစ်ရေးထက် အရေးကြီးသောအရာသည် မရှိပြီလာ။ ဘာကြောင့်များ မိမိတို့ဘဝကို မိန်းမတို့အပေါ်
အထင်သေး နှိမ့်ချတတ်သော၊ ပစ်ပယ်စိမ်းကားတတ်သော အရာမသွင်းချင်သော ယောက်ျားများထံတွင် အပ်နှံလုပ်ကြွေးကြရပါသနည်း။ 

မိန်းမတို့၏ တန်းတူအခွင့်အရေး တောင်းဆိုမှုများသည် ယောက်ျားသားများ၏ ရှေ့မှောက်တွင် ထမင်းပွဲများ၊ သားချော့တေးများ အလှအပ
တန်ဆာများအဖြစ် ပြောင်းလဲဝပ်ဆင်းသွားကြလေသည်။ လူမှုရေးရာတိုက်ပွဲများတွင်သာ မိန်းမတို့ အောင်ပွဲဆင်နိုင်မည်။ နှလုံးသားရေးရာ
တွင် မည်သည့်အခါ အောင်ပွဲဆင်နိုင်မည်မသိ။ ယောက်ျားသားမို့ဘာမဆို တင့်တယ်သည်ဟူ‌သောဝါဒကို ဒိုင်းသဖွယ် ကာထားသမျှ မိန်းမတို့၏ လေးမြားလက်နက်တို့သည် ပျော့ ညွတ်ကွေး‌ေကာက်ကာ ခြေတော်ရင်းတွင် ခစားကြရတော့မည် ထင်၏။

- မိမိကိုသာ တကယ်ချစ်တာပါ ဆိုသော်လည်း
 တစ်ဖက်သားနှင့်ကြည်ဖြူလက်တွဲခြင်းကို မည်သည့်နည်းနှင့်မျှ မြလေး ခွင့်မလွှတ်နိုင်။
ယောက်ျားဘက်က အရှုံးမရှိဟု ဆိုခြင်းကိုလည်း မြလေး လက်မခံနိုင်။ကိုယ့်ချစ်သူကို တစ်ပါးသူက ချစ်ကြည်ရွှင်မြူးနေသည်ဆိုလျင်ပင် အရှုံးတကာ့ အရှုံးဟု မြလေး တွက်ဆ၏။

ထို့ကြောင့်လည်း မောင့်နောက်ကို အရုပ်ပမာ လိုက်ပါစုံစမ်းမိ၏။လက်လှမ်းမီသမျှ အပေါင်းအသင်းများကိုလည်း မောင့်သတင်းကို
ပါးစေ၏။ မြလေးအဖြစ်က စုံနံ့သာမြိုင်မှာ ရှာပုံဖွင့်ရသည့် လင်တရူးမသဖွယ် ဖြစ်ရချေပြီ။

မောင့်အပေါ် အပြစ်မြင်တတ်သော ဒေါ်ကြီး ဒေါ်လေးတို့သည် သည်ပွဲတွင် မျက်ခြည်ပြတ်သွားလေသည်။ အပူရုပ်ကို ဟန်လုပ်ဖုံးနေသော မြလေးကိုကြည့်ကာ" သိပ်လဲ သောကရောက်မနေပါနဲ့အေ၊ ညည်းတို့ချည်းနေဖို့ မတတ်နိုင်ရင်လဲ ဒီမှာပဲနေပေါ့၊ တစ်နေ့ကျ ညည်းတို့ပစ္စည်းပါပဲ။ ခုလဲ မောင်မြင့်ဦးက အရင်လို မဟုတ်တော့ပါဘူး "ဟု ဖျောင်းဖျ
ကြလေသည်။ တကယ်တမ်း မောင်အရင်လို မဟုတ်သည့်အဖြစ် ကိုဒေါ်ကြီးတို့မသိ။ မြလေးရင်ဝယ် နေဆယ်စင်းနှယ် ပူရသည့်အဖြစ်ကို
မြလေးသည် ကြိတ်မှိတ်ခံရလေသည်။

သူ့ကို ဂရုစိုက်နေမှန်းသိ၍ မောင့် ခြေလှမ်းများသည် မူမှန်လာကြ
ပြန်လေသည်။ တစ်ခါတစ်ရံ မြလေးက အစိုးရိမ်ပိုကာ စူးစမ်းမိသည်ကို
မောင်သိလျှင် ပြုံး၍ ရယ်၍ ရွှင်မပျက်ပြောသေး၏။

"မြလေးကလဲ မောင်မဆက်သွယ်တော့ပါဘူးလို့ ပြောပြီးမှပဲ”

သို့သော် အပူသည်မ မိမြလေးသည် ဘုရားကိုပင် လောကီတွင်းသို့ ပင့်ဆောင်ကာ ဦးတိုက်လျှောက်ထားမိ၏။

"ဘုရားတပည့်တော်မသည် သည်လင် သည်သားနှင့် စိတ်ချမ်းသာစွာ အိုအောင် မင်းအောင် ပေါင်းရပါစေဘုရား”

                             * * * * *

မြလေး စိတ်ဆင်းရဲမှာစိုးလို့ဟူ၍ ထိန်ချန်ထားကြသော သတင်းအစအနများသည် ပေါက်ကွဲ ပျံ့လွင့်လာကြပြန်လေသည်။

“မြလေးလူတော့ ဆေးမိနေပြီ ထင်ပါရဲ့ကွယ်၊ ခုဆိုရင် သူတို့က ပြောင်ပြောင်တင်းတင်းပဲ ဆရာ၊ တန်တော့ ကိုယ်ထင်တာ သူတို့ညားနေကြပြီလား မသိဘူး”

အကျိုးကိုလို၍ ပြောသည်လား၊ အကျိုးမဲ့သည်ကိုမြင်၍ ပြောသည်လား မြလေး မခွဲခြားတော့။ တစ်လောကလုံးရှိ လူအားလုံးကိုပင်
အားကိုးအားထားပြုရတော့မည်သို့ ရှိချေလေသည်။ မောင် ရုံးမှ ခွင့်ခဏခဏ ယူသည်ကိုလည်းသိရ၏။ မောင်တို့ သွားတတ်လာတတ်သည့်
နေရာများကိုပင် မျက်စိနှင့် တပ်အပ်မြင်သူက ပြောပြလေပြီ။ မောင်ကမူ ဟန်မပျက်။ အချိန်တန်လျှင် အိမ်ပြန်လာဆဲ ဒေါ်ကြီး ဒေါ်လေးတို့ကို
လည်း ကလန်ကဆန်မပြုဘဲ တည်ငြိမ်အေးဆေးစွာ အခန်းထဲ ဝင်ခဲ့စမြဲ။"ကိုယ့်ဘက်က ဘာမှ ဆူဆူပူပူမလုပ်နဲ့၊ ကိုယ်လဲ မိန်းမပဲ၊ ကိုယ့်ဘက်ပါအောင် ပြန်ဆွဲ "ဟူသော သြဝါဒများကိုလည်း ဟုတ်လိမ့်နိုးနိုးထင်ကာမောင်ကို စကားမာမာပင် မပြောဝံ့။ ဟုတ်သည် မှန်သည်၊ ဓာတ်ရိုက်၊ဓာတ်ဆင် ကောင်းသည်ဟူသော ဗေဒဝိဇ္ဇာအကျော်အမော်တို့နှင့်လည်း
တွေ့ဆုံဆွေးနွေးခဲ့ရပြီ။ မောင်သည်ကား လေကလေး တမြမြချွန်ကာ ဣနြေကောင်း၍ နေလေ၏။

သို့သော် မောင့်ကို မတွေ့ချင်မြင်ပါလျက်သား ရင်ဆိုင့်တိုးခဲ့ရသည့် အဖြစ်ကို မေ့နိုင်စရာပင်မရှိ။ အကြားနှင့်ပင် ရင်တသိမ့်သိမ့်တုန်အောင် နာကျည်းပူဆွေးခဲ့ရပါလျက် မျက်စိနှင့် မြင်ရသည်ကို အဘယ်သို့လျှင် မတုန်လှုပ်ပဲ နေနိုင်ပါမည်နည်း။ တစ်လောကလုံးသည် ကျွမ်းထိုးမှောက်ခုံဖြစ်ကာ အရာရာသည် မောင်မှတစ်ပါး မှုန်ဝါးပျောက်ကွယ်
သွား‌လေသည်။

မည်သို့ ပြုမူလိုက်သည်ကိုပင် သတိမထားမိ။ မောင့်လက်မောင်းအစုံကို ဆုပ်ကိုင်မိမှ "ဒါက ဘယ်လိုလဲ" ဟု အစီအစဉ်မရှိ နှုတ်မှထွက်သွားမိသည်။ မောင်သည် တစ်ဖက်လူကို လက်တွဲဖြုတ်ခဲ့ကာ မြ
လေးကို အထိတ်တလန့် ရင်ဆိုင်လိုက်လေသည်။

“ဟို အဲ မြလေးကလဲ ဈေးလယ်ခေါင်ကြီးမှာ၊ လာလာ ဒီဘက်ကပြန်ကြမယ်"

မောင့် အမူအရာကတော့ အကယ်ဒမီ ရှုံးလောက်ပါရဲ့။ဟို မိန်းကလေးကမူ မြေကြီးနှင့် ဖဝါးပင် ထိပါတော့၏လားမသိ၊အပြေးတစ်ပိုင်း ထွက်ခွာ ပျောက်ကွယ်သွားသည်။ မြလေး ရင်ကမူ တုန်နေ ခုန်နေဆဲ။ မောင် ဆွဲခေါ်ရာနောက်သို့ လိုက်ပါလာရပေမယ့်
ခြေလှမ်းများကို ခိုင်ခိုင်လှမ်း၍မရ။ အသည်းနှလုံးကို ဆွဲနှုတ်ခံလိုက်ရသည်သို့သာ ရှိချေသည်။

"မောင် သိပ်ရက်စက်တယ်၊ မောင့်စကားကို မြလေး ယုံခဲ့တာမှားတာပဲ။ မထူးတော့ပါဘူး မောင်ရယ် မြလေးတို့ လမ်းခွဲကြတာပဲအေးပါ တယ်။ ဒီအတိုင်းတော့ မြလေး မနေနိုင်ဘူး၊ စိတ်ဆင်းရဲတယ်"

လမ်းခွဲစကားကို ဆိုသူကပင် မောင့်ရင်ခွင်တွင် ချုံးချ၍ ငိုကြွေးမိ၏။ယခုတော့ မောင်သည့် ကတိစကားတစ်လုံးကိုပင် ရဲရဲပေးပြန်ပါလေပြီ။

"ဟောဒီမှာကြည့် မောင် ရေးတဲ့စာ၊ မြလေးကိုယ်တိုင်သွားထည့်
ပေတော့ "

" ဟင့်အင်း ၊ ဟင့်အင်း မယုံဘူး၊ထည့်လိုက်ပေမယ့် မောင်တို့ချင်း အချိန်မရွေး ဆက်သွယ်လို့ရတာပဲ "

“မဆက်သွယ်ပါဘူး မြလေးရယ်။ မယုံရင်လေ မောင် ရုံးကခွင့်ယူထားမယ်၊ ခရီးထွက်မလား၊ မောင်တို့ မော်လမြိုင်ကို သွားကြမယ်”

တဒင်္ဂအားဖြင့်တော့ ယုံစားလိုက်မိပြန်လေသည်။

“မော်လမြိုင်သွားရင် လေယာဉ်နဲ့တော့ မသွားချင်ဘူး၊ ကျပ်ချင်ကျပ်ပစေ၊ ရထားနဲ့ပဲ သွားမယ်”

“မြလေးကလဲကွာ”

မိန်းမတို့၏ မျက်ရည်သည် ခန်းခြောက် လွယ်လွန်းလေစွ။

                             * * * * *

ကိုယ့်ပစ္စည်းကို ကိုယ်ပြန်လည် ရယူချင်းကိုပင် ကြီးစွာသော လာဘ်ကြီးတစ်ခုကဲ့သို့ ကြည်နူးပြုံးပျော်ခြင်း ဖြစ်ရပြန်လေသည်။

သို့သော် လူ့ခန္ဓာကိုယ်ကိုသာ ချုပ်ကိုင်တားဆီးခြင်းငှာ စွမ်းနိုင်လျက် စိတ်အစဉ်ကို မည်သူသည် လိုက်လံစုစည်းနိုင်ပါမည်နည်း။ မိသားစုနှင့်
အတူ ပျော်ရွှင်ကြည်နူးဟန်နှင့် မောင်တစ်ယောက် ဟန်ဆောင်မည်မျှကောင်းစေကာမူ မောင့်မျက်လုံးများ၏ အနက်အရှိုင်းကို မှန်းဆရခက်လာ
၏။ မောင့်အတွေး မောင့်ရင်တွင်းသို့ အခြားတစ်ပါးသော မိန်းမသည် မည်မျှ ကျယ်ပြန့်စွာ ထိုးထွင်းဝင်ရောက်နေမည်ကို မသိနိုင်ချေ။

ယောက်ျားတို့သည်ကား ဟန်ဆောင်ကောင်း၏။ အမြော်အမြင်လည်းကြီးပေ၏။ သို့မို့ကြောင့်လည်း တစ်စုံတစ်ခုသော အကြောင်းအရာမျှဖြင့် သားသမီးသံယောဇဉ်၊ ဇနီးသံယောဇဉ်ကို ဖြတ်မပစ်ကြ။ မိုက်မဲသူတို့သာလျှင် အိမ်ထောင်ကို နှစ်ခါပြုသည်ဟု မောင်တို့ ဆိုစမှတ်ပြုကြ၏။ သူတို့၏ တွေးခေါ် မြော်မြင်ချက်ကား မှန်ကန်သည်ဟု ဆိုနိုင်သည်နှင့်အမျှ ကြောက်မက်ဖွယ်လည်း ကောင်းလှပေ၏။

သို့သော် မိန်းမတို့၏ သေးနုတ်သိမ်ဖျင်းသည်ဟု သတ်မှတ်သောဉာဏ်ပရိယာယ်သည်ပင် ၄င်းတို့၏ သဘောတရားရေးရာ မှတ်ကျောက်များကို အမီမလိုက်နိုင်ပါချေ။ ပြဿနာတွင်းမှ ရုန်းထွက်ကာ ပြဿနာသစ်တစ်ရပ်ကို ပွားစေခဲ့သည်မှန်ပါလျက် ပြဿနာကို ကျင်လည်စွာပင် ကိုင်တွယ်တတ်ချေသည်။

 မောင်တစ်ယောက် ဇနီးနှင့်သားများကို ချွေးသိပ်ကာ စိတ်အပန်း၊ဖြေရာနောက်ကို နောက်တစ်ခေါက် ပြန်မ‌‌ကျော့ဘူးဟု မည်သို့လျှင် ယုံစားရပါနည်း။ မိန်းမဉာဏ်နှင့်ပင် တတ်သမျှ မှတ်သမျှ ကြိုးပမ်း
တားဆီးခဲ့သည် မှန်သော်လည်း တစ်ဖက်မှ မိန်းကလေးသည်လည်း မောင့်ကို အရူးအမူး စွဲလမ်းတသနေသူမို့ မျှော်လင့်နေဦးမည်သာ။

တစ်ချိန်တစ်ခါက မောင့်ကို မိန်းမတွေကျလောက်တဲ့ရုပ်မျိုးဟု ချီးကျူးအမွှန်းတင်မိခဲ့သည်ကိုပင် နောင်တရနေလေသည်။ မောင်သည် မိန်းမတို့
၏ သော့ချက်ကို သိနေပြီတည်း။ မိန်းမတို့သည် ယောက်ျားများလောက် အတွေးအခေါ်မရှိဟူသော သဘောတရားကို မောင် ကောင်းစွာ ကြေ
ညက်နေလေပြီ။

ရုပ်ရည်ကို အားကိုးကာ အချစ်ကို ဖမ်းစားတတ်သော မိန်းမတို့ကို အကျင့်ပျက်မိန်းမဟု လူ့စည်းကမ်းက သတ်မှတ်ပါလျက် မိန်းမတို့၏
ပျော့ညံ့ချက်ကို ကိုင်၍အချစ်ကို ရောင်းစားတတ်သော ယောက်ျားတို့ကိုမူ လူ့လောကကြီးသည် ဥပေက္ခာပြုထားလေ၏။ ကြည်ဖြူခွင့်လွှတ်ထား
လေ၏။

မည်သို့ပင်ဖြစ်စေ ယဉ်ကျေးမှုအစဉ်အလာအရ အိမ်ထောင်တစ်ခုကို မပျက်ပြယ်စေလိုသော ဆန္ဒတွင်မူ မောင်ရော မြလေးပါ တူညီစွာထားရှိ
မိကြ၏။ ထို့ကြောင့်လည်း သားနှစ်ယောက်၏ အနာဂတ်နှင့်အတူ မြလေးတို့ အိမ်ထောင်ရေးသည် ခရီးဆက်ရပေဦးမည်။

ကျိုက္ခမီသောင်ကမ်းမှ ပင်လယ်လှိုင်းများသည် မောင့်ဆီမှ စိတ်တေလေကို ဆောင်ယူကာ အပြောကျယ်သော ပင်လယ်တွင်းသို့ ပို့ပေး
နေလေသည်။ ကမ်းပါးကို ရိုက်ခတ်လာသော လှိုင်းများနှင့်အတူ မောင့်ကိုပြန်လည် ခေါ်ယူမိ၏။

မောင့်စိတ်၊ မောင့်အပြုအမူ၊ မောင်ယုံကြည်ချက်တွေ မပြတ်သားသေးသမျှ မြလေး မောရချေဦးမည်။ မောင့်အချစ်နှင့် ခန္ဓာကိုယ်ပါ
အတူတကွ ပြန်လည်ရယူပိုင်ဆိုင်ရေးအတွက် မြလေး ကြိုးစားရဦးမည်။သားနှစ်ယောက်၏ အနာဂတ်တွင် မိဘမေတ္တာ စုံလင်ပြည့်ဝစွာဖြင့်
သာတောင့်သာယာ ရှိမည်ဆိုပါလျှင် မြလေး၏ အလိုဆန္ဒအားလုံး ပြည့်စုံချေပြီတကား။

                               ( ၃ )

တစ်ခါတစ်ရံ တစ်စုံတစ်ယောက်၏ ဖောက်ပြန်တွေဝေမှုသည် အခြားတစ်ယောက်မကသော လူများကို သောကဗျာပါဒဖြင့် လောင်မြိုက် ပူဆွေးစေ၏။

( ငွေတာရီ၊ နိုဝင်ဘာ၊ ၁၉၇၆ ]

--------------

မိုးမိုး ( အင်းလျား )

မဂ္ဂဇင်းဝတ္ထုရှည်များ

#Typing_crd_ZawOo

No comments:

Post a Comment