Monday, 23 March 2020

ပန်းပွင့်ခရေ ( တတိယပိုင်း ) #မစန္ဒာ

#ပန်းပွင့်ခရေ

( တတိယပိုင်း )

#မစန္ဒာ

နှင်းမှုံတွေ တဖွားဖွားကျပြီး အုံ့ဆိုင်း ညို့မှိုင်းနေသော နေ့တစ်နေ့တွင် သူတို့ကို သယ်ဆောင်လာသော နောက်ပွင့်ကားကြီးသည် သူတို့အလုပ်လုပ်ရမည့် ရွာထဲသို့ တအိအိဝင်ရောက်လာသည်။ ရိုးတံကျဲကျဲရှည်ရှည်ကိုင်းကိုင်း အပင်ကြီးများပေါ်တွင် နှင်းများခဲပြီး ဖွေးဖွေးလှုပ်နေသည်။ အချို့ အကိုင်း များပေါ်တွင် နှင်းဖတ် နှင်းခဲများ တွဲရရွဲကျနေရာ ဝါဂွမ်းတွေ ကပ်ထားတာ နှင့် တူနေသည်။

'အစ်မကြီးက သိပ်မဝေးပါဘူး'ဟု ပြောလိုက်သော်လည်း သူတို့ လာခဲ့ရသည်မှာ လေးညနှင့်သုံးရက်ရှိပြီဖြစ်သည်။ ကားစီးလိုက်၊ ရထားစီး လိုက်နှင့် အဆင့်ဆင့်ပြောင်းကာစီးခဲ့ရပြီး ရာသီဥတုကလည်း တဖြည်းဖြည်း အေးသည်ထက် အေးလာသည်။ အစ်မကြီးပေးလိုက်သော ဂွမ်းကပ်အင်္ကျီ ကြီးတွေ ဝတ်ထားပါလျက်နှင့် ချမ်းပြီးတုန်နေသည်။ ရောက်နိုးရောက်နိုး နှင့် ဘယ်ကိုသွား၍ ဘယ်တော့ရောက်မည်ကို မသိရသော ခရီးရှည်ကြီးကို သွားနေရ၍ လူရော စိတ်ပါ ပင်ပန်းပြီး နွမ်းနယ်နေကြသည်။

ဆေးမင်ကြောင်ကလည်း မေးသမျှ ဖြေသည် မဟုတ်ချေ။ ဖြေ ချင်သောအခါမှဖြေ ပြီး သူမဖြေချင်လျှင် မကြားသလို လုပ်နေတတ်လေ သည်။ လူမျိုး မတူ ဘာသာစကားခြားနားသောလူများကြားထဲတွင် ပိုက်ဆံ လည်း တစ်ပြား တစ်ချပ်မှ မရှိသောသူတို့သည် ဆေးမင်ကြောင် ဦးဆောင်
ခေါ်ရာ နောက်သို့ တကောက်ကောက်လိုက်ခဲ့ကြရသည်မှအပ ဘာမှမလုပ် တတ်။

“အစ်မကြီးပြောသလို ပိုပြီးဝေးတော့ ပိုပြီး ပိုက်ဆံရမယ် ထင်ပါ ရဲ့ဟာ”

သူတို့တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အားပေးနေရ သော်လည်း စိတ်ဓာတ်ကတော့ တဖြည်းဖြည်း ကျလာသည်။ အေးမွန်က
တော့ အစ်မကြီးကိုရည်မှန်းကာ “ဗိုင်းတာမကြီး” ဟု ရေရွတ်ကာ မကြာ ခဏ မေတ္တာပို့နေတတ်လေသည်။ “ဒီလောက်တောင်ဝေးတာ ဒီလောက်
တောင် အေးတာကို သိရက်သားနဲ့ ငါတို့ကို ဘာလို့ညာလွှတ်တာလဲ”ဟု မကြေမနပ်ပြောနေသည်။ စုစုနွယ်ကတော့ “ဝေးလွန်းလို့ အလုပ်သမား ရှားပါးတဲ့နေရာဖြစ်မှာပါ” ဟု အားတင်းထားသည်။ အစ်မကြီးပြောသလို မြန်မာအလုပ်သမားများသည် ကြိုးစားသည် နာခံလွယ်သည် မဟုတ်ပါ
သား။

“ရောက်တော့မယ်”

ဆေးမင်ကြောင်က ပြောတော့ သူတို့ ခေါင်းထောင်ကြည့်ကြ သည်။ အုတ်နီခဲနှင့်ဆောက်ထားသော်လည်း သက်ကယ်လိုလို မြက်ပင် ရှည်များ မိုးထားသော မြေစိုက်အိမ်ပုပုလေးများသည် တဖွားဖွား ကျနေသော နှင်းမှုန်များအောက်တွင် ငြိမ်သက်စွာ ဝပ်စင်းနေကြသည်။ အချို့ အိမ်နံရံများသည် ဘိလပ်မြေ ကိုင်ထားသော်လည်း အချို့အိမ်နံရံများကို ကား ရွံနှင့်မံထားသည်။

“ဘုရားရေ..ကျွန်မတို့အလုပ်လုပ်ရမယ့် နိုင်ငံခြားဆိုတာ ဒါပဲ လား ဟင်...”

နှင်းဆီမွှေးက တအံ့တဩ ရေရွတ်သည်။ သူ၏အိပ်မက်ကမ္ဘာထဲမှ နိုင်ငံခြားဟူသည်မှာ အဆောက်အအုံအမြင့်ကြီးများ ဖြစ်သည်။ လှပ မွှေးပျံ့ပြီး ခေတ်မီဆန်းသစ်သည်။ ဓာတ်လှေကားတွေ ဆင်းလိုက် တက် လိုက် စက်လှေကားတွေ မြင့်လိုက်နိမ့်လိုက်နှင့်၊ သန့်ပြန့်မွှေးကြိုင်နေသော လူများသည်လည်း ပျားပန်းခတ်လှုပ်ရှားနေသည်။ အခုတော့.......။ ။

နံရံကို ရွံ့နှင့်သရိုးကိုင်ထားသော အိမ်တစ်အိမ်ရှေ့တွင် ကားကို ထိုး၍ ရပ်လိုက်ပြီး ဆေးမင်ကြောင်က ဆင်းသွားသည်။ အိမ်ထဲမှ ထွက်လာ သူ အဘိုးကြီးတစ်ယောက်နှင့် ဖက်လှဲတကင်း နှုတ်ဆက်ကာ ကျယ်ကျယ်လောင်လောင် စကားပြောနေသည်။ အဘိုးကြီးက ကားနားရောက်လာပြီး သူတို့ကို ကုန်း၍ ကြည့်သည်။ ဆေးမင်ကြောင်က တဟားဟားရယ်ရင်း “ဟဲ.ဆင်းကြလေ”ဟု ခပ်ငေါက်ငေါက်ပြောလေသည်။ ဟိုအိမ်က ဒီအိမ်က နည်းနည်းချင်း ထွက်လာသော လူများသည် ကားနားသို့ ဝိုင်းအုံလာသည်။ မျက်စိ မျက်နှာပျက်နေသော စုနွယ်တို့သုံးဦးကို အထက်ဆန်အောက်ပြန် အသေအချာကြည့်ရင်း စကားတွေ ကျွတ်ကျွတ်ညံအောင် ပြောနေကြသည်။

“ကျွန်မတို့က ဒီမှာ ဘာအလုပ်လုပ်ရမှာလဲ”

စုနွယ်က ဆေးမင်ကြောင်ကိုကြည့်ကာ ခပ်မာမာမေးလိုက်သည်။ သို့သော် သူ့အသံက တုန်ယင်ချောက်ကပ်နေကြောင်း သူသိသည်။

“တောင်ယာ” 

“ဟင်”

 “သူတို့တွေက နင်တို့ရဲ့ အလုပ်ရှင်တွေပဲ”

မျက်ပေါက်ကျဉ်းကျဉ်းနှင့် ယောက်ျားသုံးဦးကို ညွှန်ပြသည်။ ဂွမ်းကပ်အကျီခပ်နွမ်းနွမ်းတွေ ဝတ်ထားသောသူတို့ကို ကြည့်ရသည်မှာ အလုပ်ရှင်သူဌေးနှင့်လုံးဝမတူ အလုပ်ကြမ်းသမားများနှင့်သာ တူသည်။

“နင်တို့ သူတို့အိမ်မှာနေရမယ် တောင်ယာကူလုပ်ရမယ်”

“ကျွန်မတို့က ဈေးရောင်းပေးဖို့လာတာလေ။ ဈေးရောင်းရမယ်ဆို"

“ဒီမှာ ဈေးဆိုင်မရှိဘူး”

ဆေးမင်ကြောင်က ခပ်ပြတ်ပြတ် ပြောသည်။ ခဏနေတော့ ကားပေါ်တက်ကာ ပြန်ထွက်သွားလေသည်။

“တောင်ယာ တောင်ယာ ဆိုတာ ဘာလုပ်ရမှာလဲ”

စုနွယ်က အပြေးအလွှား စဉ်းစားသည်။ တောင်ယာဆိုတော့ ဂျုံတွေ ပြောင်းတွေ မြေပဲတွေစိုက်ရမှာလား။ ကောက်စိုက်ရမှာလား၊ စပါး နှုတ်ရမှာလား၊ မြက်ပင်တွေ ရှင်းရမှာလား၊ အသီးအနှံတွေခူးရမှာလား။

“အစ်မ..” 

နှင်းဆီမွှေး၏အသံက ငိုသံပါနေသည်။

 “ကျွန်မတို့ ဘာလုပ်ကြမလဲ ထွက်ပြေးကြမလား”

စုနွယ်မဖြေတတ်။ အေးမွန်ကိုလှမ်းကြည့်လိုက်တော့ မျက်ရည် သုတ် နေသည်ကိုတွေ့ရသည်။

“ဒီအချိန်ကျမှတော့ နင်တို့ဘာမှလုပ်လို့မရတော့ဘူး”

မြန်မာစကား ပီပီသသကြားလိုက်ရ၍ သူတို့ခေါင်းတွေ ချာကနဲ လည်သွားသည်။ စုနွယ်ထက် အနည်းငယ်ကြီးဟန်ရှိသော မိန်းကလေး တစ်ယောက်ကို တွေ့ရသည်။ ဝတ်စားထားပုံအရ ဟိုဖက်နိုင်ငံက ဟိုဖက် လူမျိုးဟုပင် ထင်ရသည်။ သို့သော် အသေအချာကြည့်တော့ အသား အနည်းငယ် ညိုနေသည်။

“ငါ့နာမည်က လင်းလင်း... မြောက်ဥက္ကလာမှာ နေတာ။ နင်တို့ လိုပဲ ရောက်လာတာ သုံးနှစ်ရှိနေပြီ၊ အခုတော့ သူတို့စကားလည်း ပြော တတ်နေပြီ"

လင်းလင်းက သူတို့ကို အားပေးသလို ပြုံးရယ်ပြသည်။

“ဒီအထိရောက်လာပြီးမှ နင်တို့ထွက်ပြေးလို့လည်း မလွယ်ဘူး။ မြန်မာပြည်နဲ့လည်း ဝေးလှပြီ။ ငါလည်း ထွက်ပြေးမလို့ စဉ်းစားတာပဲ။ ဒါပေမယ့် ခုထိ မပြေးနိုင်သေးဘူး”

လင်းလင်းကို သူတို့၏အလုပ်ရှင်ဆိုသောသူများက တစ်စုံတစ်ခု လှမ်းပြောကြသည်။ လင်းလင်းက သက်ပြင်းချသည်။

“သူတို့ကပြောနေတယ်။ နင်တို့ကို သူတို့ဝယ်ထားလိုက်ပြီဆိုတာ နင်တို့သိရဲ့လား..တဲ့”

“ဘာပြောတယ်၊ ငါတို့ကို ဘယ်သူက ရောင်းလို့ သူတို့က ဝယ်ရ တာလဲ”

“နင်တို့မိဘတွေကိုပေးဖို့ ပိုက်ဆံတွေ သူတို့ပေးလိုက်ပြီးသားတဲ့။ ဒီမှာ ငါပြောမယ်၊ နင်တို့ကို နယ်စပ်အထိဘယ်သူခေါ်လာလဲ။ အဲဒီ ခေါ် လာတဲ့သူက အဲဒီပိုက်ဆံကိုယူသွားမှာပဲ။ အဲဒီသူက နင်တို့ကို ရောင်းလိုက် တာပဲ”

“ပြိတ္တာမကြီး..သရဲမကြီး..ဗိုင်းတာမကြီး”

အေးမွန်က ပြစ်ပြစ်နှစ်နှစ်ဆဲသည်။ ထိုနောက် ဟီးချ၍ ငိုသည်။ စုနွယ်ကတော့ ခေါင်းထဲတွင် ချာချာလည်သွားသည်။ ဘုရား..ဘုရား သူတို့ကို ရောင်းစားလိုက်သည်တဲ့။ ကြက်တွေ၊ ငှက်တွေ၊ ဝက်တွေ တိရစ္ဆာန် တွေကို ရောင်းသလို လူတွေကို လူစင်စစ်တွေကို ရောင်းစားလိုက်တဲ့၊ ကိုယ့် မြန်မာ အမျိုးသားချင်း လုပ်လည်း လုပ်ရက်လွန်းသည်၊ လိမ်လည်း လိမ်ရက် လွန်းသည်။

“ငါ..ငါ..တို့ဘာလုပျရမလဲ”

 လင်းလင်းက ပြောရမှာ အားနာနေဟန်နှင့် သူတို့ကို ငေးကြည့်နေသည်။

“သူတို့..အဲ...သူတို့တွေက နင်တို့ကို သူတို့ရဲ့ မိန်းမလုပ်ဖို့ ဝယ် လိုက်တာလေ၊ ငါပြောတာ...အဲ..ငါပြောတာနားလည်တယ်မဟုတ်လား။ နင်တို့.. အဲ....နင်တို့တွေက သူတို့ရဲ့ မိန်းမတွေဖြစ်....”

“ဘာ...”

နှင်းဆီမွှေးက တအားအော်သည်။ သူ့လက်ထဲတွင် ဆွဲထားသော မြွေရေခွံအိတ်ကလေးကိုလွှတ်ချလိုက်ပြီး တရှိန်ထိုးထွက်ပြေးသည်။

“သူ... အဲဒီလိုလုပ်ရင် အရိုက်ခံရလိမ့်မယ်” 

လင်းလင်းက စုနွယ်ကို လှမ်းပြောသည်။

“ငါလည်း သူတို့ထဲက တစ်ယောက်ယောက်ကိုယူရတယ်၊ သူတို့ က ကလေး လိုချင်တယ်။ ကလေးမွေးပေးပြီးရင် ပြန်ပို့ပေးမယ်လို့တော့ ပြောတာပဲ။ ငါက ခုထိကလေးမရလို့၊ ငါ့ယောက္ခမကြီးလည်း စိတ်ဆိုးနေ ပြီ။ ငါလည်း အခွင့်သာရင် ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ချင်တာပဲ..ဒါပဲ ငါနဲ့ နင်နဲ့ စကား ကြာကြာ ပြောနေရင် သူတို့ကြိုက်မှာမဟုတ်ဘူး”

လင်းလင်းက ရှောင်ထွက်သွားသည်။

စုနွယ်၏ ခေါင်းထဲမှာ ချာချာလည်နေသလို မျက်လုံးတွေလည်း ပြာဝေနေသည်။ အမေကပြောခဲ့သည်၊ “အမေ့ မျက်စိကွယ်ရာ နားကွယ်ရာ မှာ အမေ စိတ်မချပါဘူး သမီးရယ်”တဲ့။ သူက “သမီးကိုယ်သမီး စောင့် ရှောက်နိုင်ပါတယ် အမေရဲ့”ဟု အထင်ကြီးတစ်ခွဲသားနှင့်ပြန်ပြောခဲ့သည်။ အခု ဒုက္ခရောက်တော့မည်။ သူ့ကိုယ်သူ ဘယ်လိုစောင့်ရှောက်ရမည်နည်း။ အမေ...အမေသမီးကို မကယ်နိုင်ဘူးလား။

သူ့ပခုံးကို တဖြတ်ဖြတ်ပုတ်လိုက်တော့ စုနွယ်တုန်သွားသည်။ မျက်နှာ ဝိုင်းဝိုင်းနှင့်လူကြီးက သူ့ကို ခပ်ပြုံးပြုံးကြည့်နေသည်။ “သွားကြစို့”ဟူသော သဘောနှင့် လက်ပြသည်။

အမေရယ်..သမီးကို မကယ်နိုင်တော့ဘူးလား...။

                           * * * * *

သူ့ကိုယ်သူ သတိမေ့သွားတာလား။ အိပ်ပျော်သွားတာလားကိုပင် အသေ အချာ မသိ။ ခိုက်ခိုက်တုန်အောင်ချမ်းအေးနေသောအသိနှင့်အတူ အေးမွန် လန့်နိုးလာသည်။ သူ့တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲကာ မူးဝေနေ သည်။ ဘာကိုမှလည်း မမြင်ရ၊ သူ၏အသိဉာဏ်တွေ ထုံထိုင်းကာ သိစိတ် တွေ ပျောက်နေသလို ဖြစ်နေသည်။ သူ့ကိုယ်သူ ဘယ်နေရာရောက်ပြီး ဘာဖြစ်နေသနည်း အသေအချာ စဉ်းစား၍မရပေ။

အမှောင်ထုကို အသိမဲ့စွာ စူးစိုက်ကြည့်နေရင်း သူ့အနားတွင် ကပ်လျက် ကြားနေရသော အသက်ရှုသံပြင်းပြင်းကြီးတစ်ခုကို သတိထားမိ သည်။ ထိုနောက် သူ၏ရင်ပတ်ပေါ်တွင် ကန့်လန့်ဖြတ်လျက် တင်ထားသော လက်ကြီးတစ်ဖက်ကို စမ်းမိသည်။ အေးမွန်က ထိုလက်ကြီးကို | ကြောက်လန့်တကြားနှင့် တွန်းချလိုက်ပြီး တစ်ဖက်ကိုလှိမ့်ထွက်လိုက်သည်။

“ဘုရား..ဘုရား...ငါ...ငါ”

အေးမွန်က နံရံထောင့်တွင် ကပ်ရင်း အလုံးစုံကို ချက်ချင်းသတိရ သွားသည်။ မျက်လုံးအိမ်တွင် မျက်ရည်တွေ ချက်ချင်းပြည့်ကာ ဖြိုင်ဖြိုင်စီး ကျလာသည်။ အဒေါ်ယောက်ျားကြီးကို ပုလင်းဖင်ပြတ်နှင့် ငရုတ်ကျည်ပွေ့ ကိုင်ကာ ခုခံနိုင်ခဲ့သောသူသည် အခုတော့ လူမျိုးခြားကို အရှုံးပေးခဲ့ရပြီ ဖြစ်သည်။

“အစ်မစုနွယ်နဲ့နှင်းဆီမွှေးရော ဘယ်လိုဖြစ်ကုန်ကြမလဲမသိဘူး။ ငါ့လိုပဲ နေမှာပဲ”

သူတို့ ဒီကိုရောက်လာသည်မှာ တစ်ရက်တည်းသာ ရှိသေး ကြောင်း တွေးရင်း အေးမွန်သည် တိတ်တိတ်ကလေးကျိတ်ပြီး ရှိုက်နေသည်။ မနက်တုန်းက ရောက်ရောက်ချင်း သွေးရူးသွေးတန်းနှင့် ထွက်ပြေးသော နှင်းဆီမွှေးကို သတိရသည်။ တုတ်တုတ်ခိုင်ခိုင်လူကြီးနှစ်ဦးက အတင်းပြန်ပြီး ဆွဲခေါ်လာသည်။ နှင်းဆီမွှေးက သူတို့လက်ကိုကုန်းကိုက်တော့ ဘယ်ပြန် ညာပြန် ပါးချခံရပြီး ခွေကနဲ လဲသွားသည်။ ထိုနောက် ကြမ်းတမ်းစွာ ဆွဲ ခေါ်သွားသည်။

နှင်းဆီမွှေး၏အဖြစ်ကို မြင်လိုက်ရတော့ အစ်မစုနွယ်ရော၊ အေးမွန် ပါ ထွက်ပြေး၍ လွတ်နိုင်ချေ မရှိသည်ကို ချက်ချင်း သဘောပေါက်သွား သည်။ ကလန် ကဆန်လုပ်လျှင်လည်း တစ်ယောက်နှင့်အများမို့ အသားနာ ရုံသာရှိမည်ဟု ဆိုသည်ကို နားလည်သွားပြီး ဦးခေါင်းငိုက်စိုက်ကျသွားကြ သည်။

အေးမွန် လိုက်လာရသော အိမ်တွင် အဘိုးကြီး အဘွားကြီး နှစ်ယောက်ကို ဦးစွာတွေ့ရသည်။ မျက်နှာထားဆိုးသော်လည်း ရိုက်မောင်း ပုတ်မောင်း လုပ်မည့် ဟန်တော့မရှိ။ သူတို့၏သားက အသက်သုံးဆယ်ကျော်ခန့်ရှိပြီး အနည်းငယ် သွားခေါလေသည်။ အေးမွန်သည် ငြိမ်ငြိမ် ကုတ်ကုတ်လေး ထိုင်ရင်း ငါ့ကို ဘယ်သူက ယူမှာလဲ။ အဘိုးကြီးလား၊ သူ့သားလား ဟု ကြောက်ကြောက် လန့်လန့်နှင့် စဉ်းစားကာ မျက်ရည်ကျ နေသည်။ အဘွားကြီးက အေးမွန်၏ရှေ့တွင် လာထိုင်ကာ စကားတွေပြော သည်။ အဘိုးကြီးကိုလည်း ပြသည်။ သူ့သားကိုလည်း ပြသည်။ အေးမွန်ကို လက်ညှိုးထိုးကာ ပိုက်ဆံတစ်ရွက် ထုတ်ပြီး ပုတ်ပြသည်။ အေးမွန် တစ်လုံး မျှ နားမလည်ချေ။ နောက်ဆုံးတော့ အဘွားကြီးက အေးမွန်ကို စကား
ပြောရန် မကြိုးစားတော့ဘဲ အဝတ်တစ်ထုပ် ချပေးကာ လျှော်ခိုင်းသည်။

စည်ပိုင်းပြတ်ထဲက ရေများသည် မခဲသေးသော်လည်း အပေါ်ယံ အလွှာ တင်းကာ စိမ့်စိမ့်အေးနေသည်။ အေးမွန်သည် ထုံကျင်အေးစက်နေ
သော လက်ချောင်းများနှင့် အဝတ်ထုပ်ကို ဖြည်သည်။ ယောကျ်ားအင်္ကျီများ နှင့် မိန်းမ ဘောင်းဘီပွပွကြီးများပါ ရောထည့်ထားသည်ကို တွေ့ရသည်။ ကိုယ့်ပြည် ကိုယ့်ရွာမှာကား ယောက်ျားအင်္ကျီသတ်သတ်၊ မိန်းမထဘီ သတ် သတ် လျှော်နေကျမို့ အေးမွန်က မိန်းမဘောင်းဘီကြီးနှစ်ထည်ကို ခွဲယူပြီး ဘေးတွင် ပုံလိုက်သည်။ အဘွားကြီးက ကွိကွိကွကွနှင့် အော်ဟစ်ရင်း သူ ပေးထားသော ဇလုံထဲတွင် အကုန် ပေါင်းထည့်ရန် လက်ဟန်ခြေဟန်နှင့် ပြသည်။ သူပြောသည့်အတိုင်း အကုန် ရောထည့်လိုက်တော့မှ အပေါ်ဘက် မှ ဆပ်ပြာမှုန့် ဖြူးပေးသည်။ ထိုနောက် လက်အားကိုသုံးပြီး နာနာပွတ်လျှော် ရန် အမူအယာနှင့်ပြသည်။ ။

အေးမွန်၏တစ်သက်နှင့်တစ်ကိုယ် ဒီလောက်တစ်ခါမျှ မချမ်းဖူး သဖြင့် ရေကိုင်ပြီး အဝတ်လျှော်နေရတော့ လက်တွေ ကျဉ်ကာ တုံလာ သည်။ သို့သော် တစ်နေ့လုံး တစ်ညလုံး မနေမနား အဝတ်တွေချည်းပဲလျှော်နေရလျှင် ကောင်းမည်ဟု ပြင်းထန်စွာတောင့်တနေမိသည်။ အေးမွန် ကြောက်နေသည်။ ညရောက်လာမည်ကို ကြောက်နေသည်။

“တချို့တွေများ အဲဒီမှာအိမ်ထောင်ကျပြီး ကလေးတွေ ဘာတွေ ရလို့ ကြီးပွားနေကြတာ မြန်မာပြည်တောင် မပြန်ချင်ကြတော့ဘူး”ဟု ပြုံးပြုံး လေး ပြောလိုက်သော အစ်မကြီး၏အသံချိုချိုကို သတိရသည်။ ထိုစဉ်က အစ်မကြီးတို့လင်မယားရော အိမ်ရှင်လင်မယားရော ဆေးမင်ကြောင်ရော၊ တဝါးဝါး ရယ်နေကြသည်။

“သူတို့တွေပေါင်းပြီး လိမ်ကြတာ စားကြတာနေမှာပဲ။ နေနှင့်ဦး.. နေနှင့်ဦးပေါ့။ နင်တို့တွေ ထမင်းဝဝစားထားဟဲ့....”

အေးမွန်က စိတ်ထဲမှကြိမ်းရင်း မောင်းရင်း အဝတ်တွေကို နာနာ ပွတ်သည်။ သူလျှော်ဖွတ်နေသည်ကို စောင့်ကြည့်အကဲခတ်နေသော အဘွားကြီးက ဘေးဘက်ကနေပြီး အမျိုးမျိုးပြောနေသည်။ “ရေထည့်လိုက် ဦး” “နာနာ ပွတ်လျှော်” “ဆပ်ပြာစင်အောင် နှစ်” “ရေတွေလည်း သိပ်မသုံးနဲ့ ဦး” “ဒီရေကုန်ရင် နင်ပဲ ခတ်ရမှာ စသည် စသည်များ ဖြစ်လိမ့်မည်ကိုတော့ တွေးကြည့်၍ရသည်။ အေးမွန်ကလည်း စိတ်ထဲမှနေပြီး “ဟဲ..ဟာမကြီး၊ သိပ်ဆဲမနေနဲ့၊ ငါအမြဲ ဒီလို ခံနေမယ်မထင်နဲ့ တစ်နေ့နေ့ကျရင် နှင့်ကို ငါးခူ ငါးရံ့တွေထုသလို ပြန်ထုပစ်လိုက်မှာသိလား” ဟုပြန်ပြောနေသည်။

အဝတ်လျှော်ပြီးတော့ ထင်သည့်အတိုင်း ရေခတ်ရသည်။ အိမ်ရှင် သားအဖနှစ်ယောက်ကတော့ ဝင်လိုက်ထွက်လိုက်နှင့် ကျယ်လောင်စွာ စကားပြောနေသည်။ မျက်လွှာချထားသော်လည်း မျက်နှာထားတင်းနေသော အေးမွန်ကို အကဲခတ်နေသည်။ မည်မျှပင် ဟန်ဆောင်ကာ တင်းမာ ထားသည် ဖြစ်စေ အေးမွန်သည် အချိန်ကို ဆွဲမထားနိုင်ခဲ့ပေ။ တရွေ့ရွေ့ ကုန်လွန်သွားနေသောအချိန်သည် နေ့အချိန်ကိုတဖြည်းဖြည်းကျော်ဖြတ်ပြီး အေးမွန် ကြောက်နေသော ညအချိန်ကို ရောက်လာလေတော့သည်။

“ကြည့်ပါဦး အဒေါ်ဝတုတ်ရယ်....မဂျပန်မရယ် ကျွန်မတို့လေ.. ဟိုး အဝေးကြီးကနေ တပင်တပန်းနဲ့ ခက်ခက်ခဲခဲလာခဲ့ရတာလေ။ ရောက် လည်း ရောက်ရော သူတို့မယားတွေဖြစ်ရော”

အေးမွန်သည် စိတ်လွတ်လပ်လွတ်နှင့် တအိအိရှိုက်လိုက်သည်။ အခုတော့ သူသည် “ကိုခေါ”၏မယား ဖြစ်သွားချေပြီ။ “အမေရယ်။ ကျွန်မ အဖြစ်ကို မကယ်တော့ဘူးလား”ဟု တစ်သက်လုံး တစ်ခါမျှ မတဖူး သော တမလွန်မှ အမေကို တရင်း အသံထွက်အောင် ငိုချလိုက်သည်။

သူ၏ငိုသံကြောင့် နိုးသွားဟန်ရှိသော သူ၏ အသစ်စက်စက် ယောက်ျားကြီးက မွေ့ယာကို ဖြန်းကနဲ ရိုက်ကာ ဒေါသတကြီး ငေါက်ငန်း နေသည်။ သူ့စကားကို အေးမွန် တစ်လုံးမျှ နားမလည်သော်လည်း “အလကား ငိုမနေနဲ့၊ နားညည်းတယ်”ဟု ပြောနေကြောင်းကိုကား သဘော ပေါက်သည်။ ထို့ကြောင့် နံရံဘက်သို့ ပို၍ တိုးကပ်ပြီး အသံမထွက်စေရန် ပါးစပ်ကို လက်ဝါးနှင့်အုပ်ထားသည်။ သူ့အနားသို့ တိုးကပ်လာလေဦး မလားဟု စိုးကြောက်စိတ်နှင့် ရင်တွေ တဆတ်ဆတ်ခုန်နေသော်လည်း အစာဝကာ အိပ်ချင်စိတ်ကဲနေသော သူကောင်းသားကြီးက တခူးခူးဟောက် ကာ ပြန် လည် အိပ်ပျော်သွားသည်။

“ဒီလိုနဲ့ပဲ ငါ့ဘဝဆုံးရတော့မှာလား”

အေးမွန်က နှုတ်ခမ်းကိုပေါက်လုမတတ်ကိုက်ကာ အမှောင်ထုကို စိုက်ကြည့်နေသည်။

“ဒီလိုနဲ့တော့ အဆုံးမခံနိုင်ဘူး”

သူ့ကိုယ်သူ တိုးတိုးလေးပြန်ပြောရင်း အားတင်းလိုက်သည်။ အမှောင်မိုက်ဆုံးအချိန်တို့သည် အလွန်ကြာတတ်ပါသည်။ သို့သော် အလွန် ကြာသော အချိန်များသည်လည်း ကုန်ဆုံးရမည်ပင်ဖြစ်သည်။ ထိုအချိန်ကို သူစောင့်ရမည်။

                             * * * * *

နှင်းခဲတွေကို ရှင်းထားသဖြင့် တစ်ခင်းလုံး စိမ်းနေသည်။ စပလင်လည်း မဟုတ်။ ကြက်သွန်မိတ်လည်းမဟုတ်။ သို့သော်လည်း ထိုအမိတ်များနှင့် ဆင်ဆင်တူသည့်အမိတ်များက တစ်တောင်လောက်ရှည်လေမလားမသိ။

- နှင်းဆီမွှေးက အခင်းထဲတွင် ငုတ်တုတ်ထိုင်ရင်း ထိုအမိတ်များကို အရင်းနား - မှကပ်ခါ လှီးဖြတ်ရသည်။ ထိုအမိတ်များမှထွက်သောအနံ့က ကြက်သွန်နံ့နှင့် ဆင်ကာ အနံ့ပြင်းသည်။ တချိန်လုံး ကပ်ပြီးရှုနေရတော့ ခေါင်းထဲတွင် မူးလာသည်။

“နင် ပိုက်ဆံတွေ လိုချင်လိုက်တာလေ...ထမင်းဆိုင်လေး ဖွင့် ချင်လိုက်တာလေ.. အရင်းအနှီးလေး လိုချင်လိုက်တာလေ..သူများနိုင်ငံ ကို အထင်ကြီး လိုက်တာလေ..စွန့်စွန့်စားစားသွားပြီး အလုပ်လုပ်ရင် သိပ်ပြီး ပင်ပင်ပန်းပန်း မလုပ်ရဘဲနဲ့ စုမိဆောင်းမိဖြစ်မှာလို့ ထင်လိုက်ရတာလေ.. ဟင်....နှင်းဆီမွှေး အခုတော့ နင်တွေ့ပြီမဟုတ်လား။ မိုးလင်းကနေမိုးချုပ်၊ အသက်မထွက်ရုံ တမယ် လုပ်နေရတာလေ...ဟတ်ဟတ်..ဟား.....နင့်မှာ ရလိုက်တဲ့ပိုက်ဆံ... ရလိုက်တဲ့ အရင်းအနှီး...ထွီ..”

တခြားလူများနှင့်စကားမပြောရတော့ နှင်းဆီမွှေးသည် ယာခင်း ထဲတွင် ထိုင်ကာ သူ့ကိုယ်သူပြန်ပြီး တတွတ်တွတ်နှင့်ပြောနေသည်။ တစ်ခါ တရံလည်း ကိုယ့်ဟာကိုယ်ပြန်ဖြေလိုက်နှင့်ထင်တိုင်းကျဲနေတတ်သည်။ ဘာပဲပြောပြော ကိုယ့်အသံကိုယ်ပြန်ကြားနေရလျှင် အတန်ငယ်အားရှိသည်။ အနည်းငယ်တော့ စိတ်သက်သာသည်။

“အခုတော့.....နင်.....တိုင်းတပါးသား၊ ထော့ကျိုးမယားဖြစ်ပြီ”

သူ၏ ယောက်ျားက အသက်လေးဆယ်ခန့်ရှိပြီး ခြေထောက် တစ်ဖက် အနည်းငယ် သိမ်နေသည်။ လမ်းလျှောက်လျှင် အတန်ငယ်ထော့နင်း ဖြစ်ချင်သည်။ ခြေမသန်၍လားတော့ မသိ။ လက်ကတော့ အင်မတန် မြန်သည်။ ထစ်ကနဲဆိုလျှင် လက်က ပါပြီးသားမို့ နှင်းဆီမွှေးခမျာ လည်း အတော်ကို နာပြီးပြီ ဖြစ်သည်။ သူကလည်း သူပင်ဖြစ်သည်။ လူမှန်းသိ ကတည်းက သူများအိမ်တွင် နေခဲ့ရသော်လည်း အလိုက်ကန်းဆိုး က သိပ်သိသည် မဟုတ်။ အခုတော့ ရင်ထဲ အသည်းထဲက နာကျည်းခံပြင်း လွန်းတော့ ပိုပြီးပေကပ်ကပ်၊ ခံတန်တန်ဖြစ်နေသည်။ အင်အားချင်းများ တူလျှင် သူသေ ကိုယ်သေ ဖက်ပြီး သတ်ပစ်ချင်စိတ်ပင် ပေါက်နေသူ ဖြစ်သည်။

သူ့ယောက်ျားဖြစ်လာသူက ခြေထောက်သိပ်မသန်တော့ ယာ ခင်းထဲ မဆင်းပေ။ သူတို့အိမ်ရှေ့တွင် ဆံပင်ညှပ်သော ကုလားထိုင်တစ်လုံး ရှိသည်။ ဆုံလည်က လှည့်လိုက်လျှင် တရွှီရွှီမြည်နေသဖြင့် ဆံပင်ညှပ်သူ ရောက်နေလား၊ ရောက်မနေဘူးလားဆိုတာကို အိမ်ရှေ့ခန်းကိုပင် ထွက် ကြည့်ရန် မလိုချေ။ တစ်ရွာလုံး ရှိရှိသမျှ ကလေး လူကြီးမှန်သမျှ သူ့ဆီကို သာ ရောက်လာတတ်၍ ဆုံလည်လှည့်သံ တကျီကျီနှင့် စက်ကပ်ကြေးသံ တချပ်ချပ်ကို တစ်ချိန်လုံး ကြားနေရတတ်သည်။ ထို့ကြောင့် သူ့ဝင်ငွေက နည်းမည်မဟုတ်ဟု ခန့်မှန်းနိုင်သည်။

 “အင်းလေ..ဒါကြောင့်လည်း သူက ငါ့ကိုဝယ်နိုင်တာပေါ့။ ဒါပေ မယ့် ငါ့တန်ဖိုးကလည်း တစ်ပဲခြောက်ပြားများ ဖြစ်နေသလား မသိ”

နှင်းဆီမွှေးက သက်ပြင်းချသည်။

“ငါ့ကို ရောင်းလို့ ရတဲ့ ပိုက်ဆံနဲ့ ဟိုဗိုင်းတာမကြီးက ရွှေလက် ကောက်တွေ ထပ်ဝယ်ဦးမှာပေါ့..ပြိတ္တာမကြီး သေချင်းဆိုးနဲ့သေပြီး ငရဲပြည် တန်း ရောက်မယ့် ကောင်မကြီး...”

နှင်းဆီမွှေးက စိတ်ရှိလက်ရှိ ဆဲရင်း အမိတ်တွေကို အရင်းမှ ကပ်မလှီးဖြစ်ဘဲ အပင်လိုက် ဆွဲ၍ဆွဲ၍ နှုတ်နေမိသည်။ လေး ငါး ခြောက် ပင် နုတ်ပြီးခါမှ သတိရကာ မြေကြီးထဲသို့ ကမန်းကတန်း ပြန်ထိုးထည့်ရသည်။

သူ့ယောက်ျားက သူကိုယ်တိုင် ယာထဲ မဆင်းသော်လည်း နှင်းဆီကိုတော့ ယာထဲဆင်းခိုင်းသည်။ မနက်ငါးနာရီထိုးလျှင် ယာသမားတွေ အားလုံး ယာခင်းထဲရောက်နေကြပြီဆိုတော့ လေးနာရီခွဲလောက် ထကာ ဆန်ပြုတ် တစ်ပန်းကန်သောက်ပြီး အပြေးအလွှားလာရသည်။ ဒီရောက်ပြီ ဆိုလျှင်တော့ နံနက်စာစားချိန်မရောက်မချင်း မနားမနေလုပ်ပေရော့ပင်...။

“ဟယ်...”

နှင်းဆီမွှေးက ဝမ်းသာအားရလှည့်ကြည့်လိုက်တော့ အစ်မစုနွယ် ကို တွေ့ရသည်။ စုနွယ်က ဆယ်ရက်လောက်အတွင်းတွင်ပင် သိသိ သာ သာ ပိန်ကျသွားသည်။ အအေးဒဏ်ကိုလည်း နှင်းဆီမွှေးတို့လောက်ပင် ခံနိုင်ဟန် မရှိ၊ ပါးပြင် နှစ်ဖက်လုံး အသားတွေပတ်ကာ နီရဲကြမ်းရှနေသည်။ နှုတ်ခမ်းနှစ်လွှာလည်း ချောက်သွေ့ပြီး အက်ကွဲကာ အနာတွေ ဖြစ်နေလေ သည်။

“နင်အဆင်ပြေရဲ့လား” 

“ဘယ်လိုပြောလိုက်တာလဲ အစ်မရယ်၊ ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ”

“အလိုက်သင့်ပဲ နေလိုက်ပါတော့ဟယ်...တော်ကြာနေ အရမ်း အရိုက်ခံ နေရမှာစိုးလို့ပါ။ အခုချက်ချင်းလည်း လွတ်လမ်းမှမရှိတာ...”

“အခုချက်ချင်း မရှိရင်...နောက်တော့ရော”

နှင်းဆီမွှေးက စုနွယ်ကို အားကိုးတကြီးကြည့်နေသည်။ စုနွယ် က “ငါတို့တွေ ဘယ်လိုလုပ်ရင် ဘယ်လိုလွတ်သွားမှာပေါ့” ဟု ပြောလိမ့် မည်ဟုလည်း မျှော်လင့်နေသည်။ သို့သော် လွတ်လမ်းကို မျှော်မှန်း၍ မမြင်သေးသော စုနွယ်က သက်ပြင်းကို မသိမသာချရင်း “နင် သိပ်ပင်ပန်း လား” ဟု မဆီမဆိုင် မေးသည်။

“ပင်ပန်းတာကတော့ ထားလိုက်ပါတော့အစ်မရယ်၊ ဒါပေမယ့် ကျွန်မ ...ကျွန်မ... အဲဒီလူကြီးကို မယူချင်ဘူး”

နှင်းဆီမွှေးက ချက်ချင်းငိုချလိုက်သည်။ ဗွီဒီယိုအငှားဆိုင်က အောင်သန်းဝင်းက သူ နယ်စပ်မှာ အလုပ်သွားလုပ်မည်ဆိုတော့ “ဘာလို့ သွား မှာလဲဟာ၊ ဒီမှာပဲနေပါလား၊ ငါလုပ်ကျွေးမှာပေါ့”ဟု စသလို နောက် သလို ပြောသည်။ သို့သော်လည်း အတည်ပြောနေကြောင်း သူ့မျက်လုံး များကို ကြည့်လျှင်သိသည်။ နှင်းဆီမွှေးက မျက်စောင်းခဲပြီး “ဆန်ပြုတ်ပဲ သောက်နေရမှာဆိုရင်တော့ မသောက်နိုင်ဘူးပေါ့”ဟု ပြောခဲ့သေးသည်။ အောင်သန်းဝင်းကိုယူမိလျှင် ဆန်ပြုတ်သောက်ရသည် ဆိုစေဦး၊ ဆား ကလေး ပျားကလေးနှင့် လေးလေးပင်ပင်တော့ ရှိမည် ထင်သည်။ အခု နှင်းဆီမွှေး နေ့စဉ်သောက်နေရသော ဆန်ပြုတ်နှင့် အသားမပါသော ပေါက်စီ သေးသေးလေးများက ပေါ့ရွှတ်ရွှတ်နှင့်မို့ သူ့ပါးစပ်ထဲတွင် ဘာအရသာမှမရှိ။

“ငါတို့ ကျွန်မယားတွေ ဖြစ်နေပြီလေ”

 “ကျွန် မယား”

“ဟုတ်တယ်... နေ့ခင်းကျတော့ ကျွန်တစ်ယောက်လို အလုပ်တွေ မနားမနေလုပ်၊ ညကျတော့ သူတို့နဲ့အတူအိပ်...ကဲ...ဒါပဲဟာ ငါသွားမယ်”

စုနွယ်က ငိုမျက်နှာလေးနှင့် ရယ်ပြကာ လှည့်ထွက်သွားသည်။ သူ၏ ကျောပေါ်တွင် အိတ်ကြီးတစ်အိတ်ကို လွယ်ထားသည်။ မြေသြဇာ အိတ်ကြီး ဖြစ်လိမ့်မည်ထင်သည်။ တကယ့်တကယ်က ယုံလွယ်ခဲ့ကြသော သူတို့၏ အမှားသာ ဖြစ်သည်။ ငွေနံ့ပေး၍ ငွေနှင့် များခေါ်တော့ သူတို့ သည် အစာနောက်ကို တကောက်ကောက်လိုက်ရင်း ထောင်ချောက်ထဲပိတ်မိ သော ကြွက်ကလေးများနှင့် တူနေသည်။ ဒါပေမယ့် တစ်ဖက်မှ စဉ်းစားကြည့်ပြန်တော့ တော်သေးသည်ဟု ဆိုရမည်။ ကျွန်မယား ပြောပြော ဘာ ပြောပြော တစ်ဦးတစ်ယောက်တည်းကို သတ်သတ်မှတ်မှတ် ပေါင်းသင်းရ ခြင်းသည် သူတို့သည် ခန္ဓာကိုယ်ကို ရင်းနှီးစားရသောဘဝသို့ ရောက်သွား သည်ထက် အများကြီး ကံကောင်းသေးသည်။ ထိုကဲ့သို့ လုပ်စားခိုင်းမည့်သူ လက်ထဲ ရောက်မသွားခြင်းက တော်ပေသေးသည်။

“အစ်မ” 

နှင်းဆီမွှေးက နောက်ဖက်မှ ခပ်တိုးတိုးလှမ်းခေါ်သည်။

“အစ်မ...သူတို့က ဘာဖြစ်လို့ ကျွန်မတို့ကို အဝေးကြီးကနေ လှမ်းခေါ်ပြီး မယားလုပ်တာလဲ။ သူတို့နဲ့ အမျိုးတူ မိန်းမတွေ မရှိလို့လား”

ထိုအတွေးကို စုနွယ်လည်း တွေးခဲ့ဖူးသည်။ လင်းလင်းနှင့်သူက အိမ်ချင်းနီးသည်။ ထို့ကြောင့် သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း မကြာခဏ တွေ့ သည်။

“လင်းလင်းက ပြောတယ်။ သူတို့တွေက သားယောက်ျားလေးကို ပိုပြီး တန်ဖိုးထားတယ်တဲ့၊ ဒီတော့လည်း အိမ်ထောင်တိုင်းက ယောက်ျား လေးကိုပဲ ဦးစားပေးပြီး မွေးကြတော့ မိန်းမက နည်းနေတယ်တဲ့။ အမျိုးတူ မိန်းမက ရှားတော့ ယူမယ် ဆိုရင် ပိုက်ဆံအများကြီးကုန်မှာတဲ့။ ငါတို့က
တော့ ဈေးမကြီးဘူးလေ။ ပေါပေါလောလောနဲ့ ဝယ်လို့ရတယ်.. နောက်ပြီး ... ခိုင်းချင်တိုင်းလည်း ခိုင်းလို့ ရတယ် မဟုတ်လား”

“ဪ..အဲဒီလိုတဲ့လား” 

“အေး..အဲဒီလိုပဲ”

စုနွယ်က နောက်ကိုလှည့်မကြည့်တော့ဘဲ တစိုက်စိုက်နှင့်ထွက် သွားသည်။ နှင်းဆီမွှေးကတော့ တစ်ယောက်ထဲ မကြေမနပ်နှင့် ဆဲရင်း ဆိုရင်း အပင်တွေကို ဆွဲနုတ်မိပြန်သည်။ ထိုနောက် ထိုအပင်များကိုလက်ထဲတွင် စုကိုင်ကာ အစ်မကြီးတို့လင်မယားဟု သဘောထားရင်း မြေကြီးပေါ်သို့ လွှဲကာလွှဲကာနှင့် တအားရိုက်ပစ်လိုက်သည်။

                             * * * * *

စတုတ္ထပိုင်းဆက်ရန်

#Typing_crd_ZawOo

No comments:

Post a Comment