Friday, 6 March 2020

မြှုံးထဲကငါးနှစ်ကောင် #မိုးမိုး ( အင်းလျား )

#မြှုံးထဲကငါးနှစ်ကောင်

#မိုးမိုး ( အင်းလျား )

                                ( ၁ )

မရေရာသည့် အဖြစ်များကို ပြောရမည်ဆိုလျှင် မောင်နှင့် ချစ်ချစ်တို့ဇာတ်လမ်းလောက် ဖြစ်ကတတ်ဆန်းနိုင်လှသည့် ချစ်ကိုယ်တွေ့မျိုးတော့ရှိမည်မထင်။ ကာတွန်းဇာတ်လမ်း တစ်ပုဒ်လောက်မျှပင် စိတ်ဝင်စားဖွယ်ကောင်းမည် မဟုတ်။
 သို့သော် အရိုးဆုံး အဖြစ်အပျက်တစ်ခုသည်
တစ်သက်တာတွင် အစွဲလမ်းရဆုံး၊ တမ်းတရဆုံး၊ လွမ်းရဆုံးရှိတတ်သည်ကိုတော့ မောင် လက်ခံနိုင်လိမ့်မည် ထင်၏။

ချစ်ချစ်တို့ ဘဝကိုက မရေရာလှသည့် ဘဝမျိုး၊ လေလွင့်တတ်သော၊ပျက်စီးတတ်သော၊ ဆုပ်ကိုင်ဖမ်းယူခြင်းငှာ မစွမ်းနိုင်သော တွယ်ရာမဲ့
ဘဝမျိုးကို လေထဲတွင်လွင့်ပါးပျံဝဲ နေတတ်သည့် ဒြပ်ဝတ္ထုများနှင့်နှိုင်းယှဉ်တတ်ကြဆိုပါလျှင် ချစ်ချစ်တို့သည်လည်း တေလေငှက်များ
ပမာပင်တည်း။ အဘယ် ကြောင့်ဆိုသော် ချစ်ချစ်တို့ ဘဝသည် မြေပြင်ပေါ်မှာပင် လေထုထဲတွင် လှုပ်ရှားသွားလာနေရသည်က များသောကြောင့်ပင်ဖြစ်လေ၏။ မောင့်ကို ချစ်ချစ် တွေ့ရသည်ကပင် လေထုထဲတွင်မဟုတ်လား။ ထို့ကြောင့် မောင်က ချစ်ချစ်ကို "လေယာဉ်ပေါ်က အရုပ်ကလေး” ဟု တင်စားခေါ်ဝေါ်ခဲ့ရသေးသည်။

မောင်နှင့် တွေ့ခဲ့ရသော ထိုတစ်နေ့ကိုတော့ ချစ်ချစ် မေ့နိုင်တော့မည်မဟုတ်။ ၁၉၇၆ ခုနှစ်၊ ဧပြီလ ၂၄ရက် စနေနေ့။ စနေနေ့ဆိုတော့မောင်တို့ အယူအဆနှင့်ဆိုလျှင် မကောင်းဘူးထင်ပါရဲ့။ ပြီးတော့
ချစ်ချစ်က စနေသမီး၊ မောင့်ဘဝကို စနေဂြိုဟ်ဝင်ပြီ ထင်၏။

တကယ်တော့ ထိုနေ့က ချစ်ချစ် သိပ်ပင်ပန်းခဲ့သည်။ မနက်ပိုင်းရေနံချာတာ တစ်ခေါက်သွားရသည်။ အပြန်တွင် ညောင်ဦး မန္တလေးစပယ်ရှယ်တစ်ခေါက် လိုက်ရပြန်သည်။ သည်အခေါက်တွင် မောင့်ကို
တွေ့ရခြင်းဖြစ်၏။ ခရီးသည်တွေက များသည်။ လူနာ နှစ်ယောက်ကလည်း ပါသေးသည်။ မောင်သည် ကားမှောက်၍ ဒဏ်ရာရလာသော
လူနာအဒေါ်ကြီး၏ ရှေ့တွင်ထိုင်နေလေသည်။ ရဲရဲနီသော စပို့ရှပ်အင်္ကျီလေးကို ဝတ်ထားသည်။ မောင့်အသားသည် ဖြူ၏။

လေယာဉ်မထွက်မီမှာပင် မောင့်ကို ချစ်ချစ် သတိထားမိသည်။မောင့်ရုပ်သည် မြန်မာမှန်း သိသာသည့်တိုင် ဥရောပဘက်ကိုလည်းနွယ်ချင်ချင်။
 မောင့်ဆံပင်များသည် ရှည်လျားသော်လည်း ပျော့ပျောင်းပိရိသဖြင့် အမြင်မရှုပ်ထွေးလှ။ မျက်ခုံးထူထူအောက်တွင် မျက်လုံးများက နီနေလေသည်။ တန်တော့ မောင် အဖျော်ယမကာတစ်ခုခုကို သုံးဆောင်ခဲ့ဟန် တူသည်။

မောင့်အပါးသို့ ချစ်ချစ် လျှောက်လာစဉ် မောင်က ရီဝေသောမျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်ကို သတိထားမိသည်။ ချစ်ချစ်တို့အတွက်တော့ ရိုးနေချေပြီ။ ခရီးသည်များ အားလုံးကို ဂရုစိုက်ရသည်မို့ခရီးသည်များကလည်း ဂရုတစိုက်ရှိသည်ကို ခံယူရတတ်မြဲ။ အားလုံးကိုအဆင်ပြေအောင် ဆက်ဆံဖို့က ချစ်ချစ်တို့တာဝန်ဖြစ်၏။
 ချစ်ချစ်သည် မျက်နှာကို အချိုဆုံး ပြုံးထားမိသည်။

“ပလိစ် စိတ်မရှိနဲ့နော်။ အခြားတစ်နေရာရွှေ့ ပေးပါလား ရှင်၊နောက်က လူနာကို ထိမှာစိုးလို့ပါ"

မောင်များ ငြိုငြင်သွားမလားဟု ပူပန်မိသော်လည်း စေတနာမှန်နှင့်မို့ဖွင့်ပြောလိုက်ရသည်။ မောင်သည် ရီဝေမှေးစင်းနေသော မျက်လုံးများကို
အားယူ၍ ဖွင့်လိုက်ပြန်သည်။ ပြီးတော့ နေရာမှ အေးအေးဆေးဆေးထသွားသည်။ ရှေ့ပိုင်းကို လျှောက်သွားပြီး မောင် ပြန်လှည့်လာ၏။

"အခြား ပြတင်းဘေး ထိုင်ခုံလဲမရှိလို့ ဒီမှာပဲ ထိုင်ပါရစေလားဗျာ ၊ ကျွန်တော် အပြင်ကို ကြည့်ချင်လို့ပါ"

ကလေးလေးကျနေတာပဲဟု စိတ်တွင်းမှ တွေးမိသော်လည်း“ဒီလိုဆိုလဲ ထိုင်ပါ။ ရပါတယ် "ဟု ယဉ်ကျေးစွာပြောလိုက်ရသည်။ သူ့ခုံကြားမှ လက်တန်းကလေးကိုလည်း သူ သက်သက်သာရှိစေရန်ဖြုတ်ပေးခဲ့သည်။ ပြီးတော့ ချစ်ချစ် နောက်ဖက် အခန်းလေးထဲသို့ ဝင်လာခဲ့၏။ လေယာဉ်ထွက်ခွာမမည့်အကြောင်း ကြည့်ရန် ခွက်ကလေးကို ကိုင်လိုက်ရသည်။

“ကျေးဇူးပြု၍ နားဆင်ပါရှင် ၊ ယနေ့စီးနင်းလိုက်ပါလာကြတဲ့ခရီးသည်များ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေ ၊ အချိန်အနည်းငယ်အတွင်းမှာ ကျွန်မတို့ လေယာဉ်သည် ညောင်ဦးမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းပါလိမ့်မယ်၊အမြင့်ပေ တစ်သောင်းသုံးထောင်မှ ပျံသန်းပြီး ပျံသန်းချိန် တစ်နာရီနဲ့
မိနစ်နှစ်ဆယ်ခန့် ကြာရှိပါလိမ့်မယ်ရှင် ၊ ခု လေယာဉ် စတင်ထွက်ခွာတော့မှာမို့ ခရီးသည်များအားလုံး ထိုင်ခုံရှိ ခါးပတ်များကို ပတ်ထားကြပြီး ၊
ရှေ့ပိုင်းမှ အချက်ပြမီးနီ မငြိမ်းမီ ဆေးလိပ်များ မသောက်ကြပါရန်အထူး မေတ္တာ ရပ်ခံပါတယ်၊ ကျေးဇူးတင်ပါတယ်ရှင်”

ပြီးတော့ အင်္ဂလိပ်လိုတစ်ခေါက် ပြောရသေးသည်။ လေယာဉ်စက်သံသည် ဆူညံစွာ ပေါ်ထွက်လာလေသည်။ လေယာဉ်ဘီးများသည် ပြေးလမ်းပေါ်တွင် ရွေ့လျားစပြု၏။ အနည်းငယ် သိမ့်ခါ သွားပြီး လေယာဉ်ကြွတက်သွားသည်။ လေထက် ရောက်ခဲ့ပြန်လေသည်။

ချစ်ချစ်သည် သကြားလုံးဗန်းကလေးကိုကိုင်ကာ ထွက်ခဲ့သည်။ရှေ့ဆုံးမှစ၍‌ ဝေ၏။ မောင့်နေရာရောက်တော့ ကြိုတင်စိတ်ကူးထားသည့်
အတိုင်း မောင့်မျက်နှာကို တစ်ချက် မော့ကြည့်ဖြစ်သည်။ မောင်က သကြားလုံးတစ်လုံးကို လှမ်းယူသည်။ ကျေးဇူးတင်ပါတယ် ဟုလည်း ပြောလိုက်သေးသည်။ ခေတ်မီယဉ်ကျေးတဲ့ မောင်ပါပဲ။

"ကျွန်တော့်ကို ရေတစ်ခွက်လောက် ပေးပါလား ခင်ဗျာ"

မောင်သည် ဂျီကျသော ကလေးတစ်ယောက်သဖွယ်တည်း။ချစ်ချစ်တို့ တာဝန်သည်ကား ခရီးသည်
များအားလုံး စိတ်ချမ်းချမ်းသာသာဖြင့်
လိုရာခရီးကို ရောက်ရှိစေရေးဖြစ်သည်။ “ရမယ်” ချိုသောအေးငြိမ့်သောအသံလေးဖြင့် ပြောလိုက်ရသည်။ ပြီးတော့ ပြာလဲ့သော လုံချည်ကလေးကို
ခြေဖျား မလုပ်အောင် ခပ်သွက်သွ က်လျှောက်ကာ မောင့်ဆီသို့ ရေတစ်ခွက် ပို့ပေးရပြန်သည်။

"ရေက ရေခဲရေတော့ မဟုတ်ဘူးရှင်"

မောင်က ဘာမျှမပြော။ ရေကို တစ်ခွက်လုံးကုန်အောင် မော့ချလိုက်သည်။ ရင်သိပ်ပူနေတယ် ထင်ပါရဲ့။

ရေခွက်ကိုပြန်ထားပြီး သတင်းစာဝေရပြန်သည်။ ကမ္ဘာလှည့်ခရီးသည်နှစ်ဦးသည် မြေပြင်ကို ငုံ့ကြည့်ကာ မြန်မာပြည်မြေပုံကို မှန်းဆနေကြဟန်ရှိလေသည်။ မောင်သည် ခေါင်းကို နောက်သို့မှီကာ မျက်လုံးများကို ပိတ်၍ထားသည်။ ချစ်ချစ်က စေတနာပိုကာ မောင့်ဘေးမှလေပေါက်ကလေးကို ဖွင့်ပေးလိုက်သည်။ မောင်က ကျေးဇူးတင်ဟန်
ပြုံးပြသည်။

ပဏာမတာဝန်များ ပြီးဆုံးပြီဖြစ်၍ ချစ်ချစ်က လူနာအဒေါ်ကြီးအနားတွင်ထိုင်ကာ ပြုစုနေလိုက်သည်။ မျက်နှာကို ပြုံးပြထား၍ စကားစမြည် ဆိုရဲ၏။
လူတိုင်းအပေါ် မေတ္တာထား၍ ကြင်နာပြုစုခြင်းသည်တာဝန်အရချည်းသက်သက် မဟုတ်တော့ ဘုရားသခင်ကလည်း နှစ်ခြိုက်တော် 
မူပေလိမ့်မည် ။

ချစ်ချစ်အလုပ်က မပြီးသေး။ ခရီးသည်များကို ကော်ဖီ ဝေရဦးမည်။နောက်ဘက်ခန်းလေးသို့ ဝင်ခဲ့ရပြန်သည်။ ကော်ဖီခွက်များကို ဗန်းတွင်
ထည့်ကာ မဖိတ်စဉ်ရအောင် ညင်သာစွာလျှောက်လာသည်။ သည်တစ်ခါ မောင့်အနားရောက်တော့ မောင်က မျက်စိကိုဖွင့်၍ ကြည့်၏။ပိုမိုရင်းနှီးလာဟန်ဖြင့်လည်း ပြုံး၍ပြသည်။ ချစ်ချစ်လှမ်းပေးသော ကော်ဖီခွက်ကို မယူဘဲ ခေါင်းကို ခါပြသည်။

"ကျွန်တော် ရေပဲသောက်ချင်တယ်ဗျာ၊ ဆင်းခါနီး မိနစ်နှစ်ဆယ်လောက်ကျရင်ရေတစ်ခွက် ထပ်ပေးပါနော်"

ချစ်ချစ်က ခေါင်းညိတ်ပြမိ၏။
အလုပ်အားလုံး ပြီးပြီဆိုတော့လည်း ချစ်ချစ်နားနေဖို့ အချိန်ရသည်။ ထိုအခါ မောင့်‌ဘေးမှ နေရာလပ်ကလေးကို မျက်စိက ရောက်သွားသည်။ မောင်ကလည်း ချစ်ချစ်ကို ခေါ်ဟန်ဖြင့် ပြုံး၍ကြည့်နေ
လေသည်။

“အိတ်စ်ကျု့စ်နော်”

ချစ်ချစ်က မောင့်ဘေးတွင် ဝင်ထိုင်သည်။ သည်တုန်းက မောင့်အနားမှာ မထိုင်မိရင်အကောင်းသားကွယ်။ ချစ်ချစ်တို့ ဘာကြောင့်များ တွေ့ခဲ့ကြရသလဲ၊ ပြီးတော့ မောင်သည် ရီဝေတိမ်းမူးသောအကြည့်ဖြင့်ချစ်ချစ်ကိုကြည့်ကာ ချစ်ချစ် လက်ကလေးများကို လှမ်း၍ ဆုပ်ကိုင်လေသည်။ `လက်ကလေးတွေက လှလွန်းလို့ ကိုင်ကြည့်မိတာ”ဟုလည်းပြောသေး၏။ သိပ်ဆိုးတဲ့မောင်ပဲ။ ချစ်ချစ်ကလည်း အတင့်ရဲလှသည်ဟုမထင်မိဘဲ ပြုံး၍သာနေခဲ့မိသည်။ ချစ်ချစ်တို့ဘဝတွင် ပြုံးခြင်းသည်လည်းအလုပ်တစ်ခုပဲမို့ ထင်သည်။

မောင်က ချစ်ချစ်ကို နာမည်ဘယ်လိုခေါ်လဲ ဟု တိုးတိုးမေးလေသည်။

'လွင်လွင်ချစ်တဲ့'

ချစ်ချစ်က ထုံးစံအတိုင်း ပြုံး၍ပင် ဖြေ၏။

'သိပ်လှတဲ့ နာမည်ပဲ'

မောင့်အပြောကလဲ သိပ်ချို၏။ အတွေ့အကြုံ နုနယ်သေးသောကလေးတစ်ယောက်ပမာ ချစ်ချစ် သာယာကြည်နူးမိလေသည်။

'အိမ်ကိုလာလည်လို့ ရမလားဟင်”

ချစ်ချစ်ကို အထင်သေးသည်လားဟုပင် မထင်လိုက်ပါ။ နောက်တော့ လာတာပေါ့ ဟု လွယ်လွယ်ပင် ဖြေလိုက်သည်။

`ကျွန်တော့်နာမည်က မြင့်ဦးတဲ့၊ ဖုန်းနံပါတ်ယူထားနော်၊ ငွေစာရင်းရုံးမှာ လုပ်တယ်လေ"

“အခု ခွင့်နဲ့လာတာပေါ့"

မောင်က ခေါင်းညိတ်သည်။ ပြီးတော့ သူ့ ဖုန်းနံပါတ်ကိုနှစ်လက်မခန့်ရှိသော စာရွက်ပိုင်းကလေးတစ်ခုတွင် ရေး၍ပေး၏။အိတ်တွင်းမှ မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်၍လည်း ချစ်ချစ်ကိုပေးသည်။ ချစ်ချစ်က ဖုန်းနံပါတ်လေးတစ်ခု ပြန်ရေးပေးလိုက်သည်။ရီဝေသော မောင့်မျက်လုံးတို့သည် ရွှမ်းလဲ့လာစ ပြုလေသည်။

“သူတစ်ယောက်တည်းလား"

ချစ်ချစ်က ပြတ်ပြတ်သားသားမမေးဝံ့ဘဲ ခပ်ဝေ့ဝေ့လေး စူးစမ်းလိုက်သည်။

"တစ်ယောက်တည်းပဲ"

မောင်ကလည်း ခပ်ပါးပါးပင် ဖြေ၏။
တကယ်တော့ သည်တုန်းကတည်းက ချစ်ချစ် သိဖို့ကောင်း၏။နားလည်ဖို့သင့်၏။ ခရီးသွားရင်း ဟန်လွှဲတတ်သည့်သဘောကို ခရီးသည်ပေါင်း သောင်းခြောက်ထောင်နှင့် ဆက်ဆံရသော ချစ်ချစ်တို့ မသိသည်လည်းမဟုတ်၊ သိသည်သာ။သို့သော်
ချစ်ချစ်ဘဝကိုက ကြမ္မာငင်၍ပဲထင်၏။ ဖြစ်လာသမျှ မောင့်အပြစ်၊မောင့်ကြေင့်ဟုလွှဲမချလို။ ချစ်ချစ်ကိုယ်က ပိုက်ဖြစ်လျက် ယုန် ကို တိုးမိလေသည်။

"ညကျရင် ဖုန်းဆက်မယ်နော်"

ဘာ့ကြောင့်မှန်းမသိ။ချစ်ချစ်ရင်သည် နွေးသွားပြန်လေသည်။ချစ်ချစ်က နာရီကိုကြည့်သည်။လေယာဉ်ဆင်းခါနီးပြီ။ပေါင်ဒါရိုက်ရန် ပိုက်ဆံအိတ်ကလေးကို ဖွင့်သည်။မင်နီဖြင့်ရေးထားသော စာရွက်
ကလေးတစ်ရွက်ကို မောင်က တွေ့သွား‌လေသည်။ 'အဒါ ဘာစာရွက်လေးလဲ 'ဟုဆိုကာ မောင်က ယူကြည့်သည်။ ချစ်ချစ်က အမှတ်မထင်
လှမ်းလုတော့ မောင်က ချစ်ချစ်လက်ကိုဖယ်ကာ ဖြန့်၍ဖတ်နေလေသည်။မောင့် အပြုအမူသည် ရင်းနှီးကျွမ်းဝင်လွန်းလှသည်။

“ဘာမှမဟုတ်ပါဘူး၊ မေရှင်ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ"

ချစ်ချစ်က မောင် ဖတ်နေသည်ကိုကြည့်ပြီး ဘေးမှ ဝင်ပြောမိ၏။

“ချစ်ချစ်က မေရှင့်သီချင်းလဲ ဆိုတတ်တယ်လား"

"ဘာလဲ ချစ်ချစ်တို့ကို မြန်မာသီချင်း မဆိုတတ်ဘူး ထင်လို့လား”

“ဟုတ်ပါဘူး၊ ခေတ်ဟောင်းသီချင်း တစ်ပုဒ်မိုလို့ပါ"

 “ခေတ်ဟောင်းသီချင်းလဲ ရေဒီယိုက ခဏခဏ လာနေတာပဲ”

မောင်က ချစ်ချစ်ကိုကြည့်ကာ ကျေနပ်စွာ ရယ်လေသည်။

“ချစ်ချစ် စကားပြောတာ သိပ်နားထောင်လို့ ကောင်းတယ်၊ သီချင်းဆိုရင်လဲ နားထောင်လို့ကောင်းမှာ ဆိုပြပါလားဟင်”

“ဟင့်အင်း မဆိုချင်ဘူး"

“မဆိုရင် ဒီနေရာက မသွားရဘူး"

ချစ်ချစ်သည် ရှက်စနိုးဖြင့် ရယ်နေ၏။ ပြီးတော့ သီချင်းကိုတစ်ဝက်တစ်ပျက်မှ ကြားဖြတ်၍ ညည်းပြလိုက်သည်။

"ချစ်သူပန်း ပွင့်လန်းဖို့ရာ၊ ကိုရွှေမိုးကို မျှော်ကိုးမိတာပါ၊ ဪ ပင်နန်း ခင်မှန်း ပွင့်လန်းဖို့ရာလေ၊ ကိုရွှေမိုးရယ် မိုးရယ်၊ မေတ္တာရေသွန်းဖြိုးပါ"

“အိုး ဘယ်ဆိုးလို့လဲ"

“ကဲ သွားတော့မယ်၊ ဪ ဒါနဲ့ ဘာလို့ တို့ကို ချစ်ချစ်လို့ခေါ်တာလဲ”

မောင်က ချစ်ချစ် ပိုက်ဆံအိတ်လေးကို လက်ညှိုးထိုးပြသည်။ချစ်ချစ် ပိုက်ဆံအိတ်မှာ ချစ်ချစ်ဟု နာမည်ထိုးထားသည်ပဲ။

ချစ်ချစ်က လေယာဉ်ဆင်းတော့မည့်အကြောင်း ကြေညာရန်အခန်းငယ်ထဲသို့ ဝင်ခဲ့ရပြန်သည်။ မောင်တော့ ချစ်ချစ်အသံကို နားထောင်နေမှာပဲဟု တွေးကာ အသံအနည်းငယ် တုန်နေလေသည်။

“ကျေးဇူးပြု၍ နားဆင်ပါရှင်၊ အချိန်အနည်းငယ်အတွင်းမှာ ကျွန်မတို့လေယာဉ်သည် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ဆင်းသက်ပါတော့မယ်။
ခရီးသည်များအားလုံး ထိုင်ခုံရှိ ခါးပတ်များကို ပတ်ထားကြပြီး ဆေးလိပ်မီးများ ငြိမ်းသက်ကြရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ပါ
တယ်ရှင်”

                           * * * * *

တကယ်တော့လည်း ဇာတ်လမ်းသည် ဆုံးဖို့သင့်လေပြီ။ သို့သော် မောင်သည် မနိုင်ဇာတ်ကို ဆက်၍ကချေ၏။ သည်မျှနှင့် ရပ်တန်းက ရပ်လျှင်
ကြည်နူးစရာလည်းကောင်းသည်။ စိတ်လည်းချမ်းသာမည် ဖြစ်ပါလျက်မောင်သည် ချစ်ချစ် ဘဝတွင်းသို့ သောကကို ပို့ဖြစ်အောင် ပို့ပေးနေ၏။
တဒင်္ဂ၏ သာယာချမ်းမြေ့မှုကို ချစ်ချစ် ကိုယ်တိုင်ကလည်း ရှိုက်မက်ခုံမင်ခဲ့မိသည်။ ထိုညက မောင်ဖုန်းဆက်တော့ ချစ်ချစ် အမှန်ပင် ဝမ်းသာခဲ့မိ
သည်။ သတိရလို့ဆက်တာဟု မောင်က အစပျိုး၏။ ချစ်ချစ်တို့ကိုလေထဲမှာ တွေ့ဆုံရင်းနှီးသူတိုင်းက မြေပြင်ပေါ်ရောက်လျှင်မေ့သွားတတ်ကြမြဲ။ မည်သူသည် ခရီးသွားရင် ဆာလောင်မွတ်သိပ်စဉ်က သောက်ခဲ့ရသော ရေတစ်ခွက်၏ ကျေးဇူးကို ပြန်လည် တသတတ်ပါသလဲ။

"သူ ဘယ်ကဆက်တာလဲ”

"အိမ်ကပေါ့"

"ဘယ်သူမှ မရှိဘူးလား"

ချစ်ချစ်က မေးခွန်းတစ်ခုကို ပရိယာယ်ဆင်၍ မေးမိပြန်သည်။

"မရှိဘူး၊ အိပ်ကုန်ကြပြီ "

သူကလည်း ပါးနပ်စွာပင် ဖြေလေ၏။ သို့သော် ဘာကြောင့်မှန်းမသိချစ်ချစ်စိတ်က အလိုလိုသိနေသည်။ မောင်သည် ချစ်ချစ် ဘဝကို
တစ်နည်းတစ်ဖုံ ပြောင်းလဲစေတော့မည်ဟူ၍။ ပြီးတော့လည်း သည်ပွဲတွင်ချစ်ချစ် အငိုနှင့် ဆုံးရမည်ဟု ကြိုတင်လွမ်းထားနှင့်သည်။ မောင့်ကို
ကြည့်ရတာ တစ်မျိုးပါပဲ။

နောက်နေ့ မနက်အစောကြီး မောင့်ကို လေယာဉ်ကွင်းမှာတွေ့ရတော့ ချစ်ချစ် အမှန်ပင် အံ့သြရပြန်သည်။ ခုနစ်နာရီခွဲထွက်မည့် လေယာဉ်အတွက် ခုနစ်နာရီအရောက် လေယာဉ်ကွင်းကို လာရသည်။သည်မျှ စောလှသည့်အချိန်တွင် မောင်တစ်ယောက် ကြိုးကြိုးစားစားရောက်အောင်လာခဲ့သည်ဆိုတော့ မောင့်ကိုပင် သနားမိသေး၏။ ချစ်ချစ်
တို့က တာဝန်နှင့်မို့သာလာရသည်။ အိပ်ရာထ ပျင်းတတ်သော ယောက်ျားတို့၏အကျင့်ကိုသိ၍လည်း မောင့်ကို အမှတ်ပိုပေးမိ၏။ ချစ်ချစ်ဘဝတွင်
ချစ်ချစ်အပေါ် သည်မျှ ဂရုစိုက်သော ယောက်ျားမျိုးကို မတွေ့ဖူးသေးပေ။

ချစ်ချစ်ရင်မှာ ကြည်နူးလှုပ်ရှားရပြန်လေသည်။
"သိပ်ကို ကျေးဇူးတင်ပါတယ်” ဟု အထပ်ထပ် ပြောလိုက်မိလေ၏။

တကူးတကန့်လာနှုတ်ဆက်မိသော မောင့် အပြုအမူသည် ရိုးသားသည်ဟုမဆိုနိုင်သော်လည်း နှစ်သက်ကြည်နူးဖွယ်ပင် ဖြစ်သည်။ ကာလရှည်ကြာ
စွာက ရင်းနှီးကျွမ်းဝင်ခဲ့ရသော ချစ်သူများသဖွယ် လွမ်းလွမ်းတတလည်းဖြစ်ပေသည်။

ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ် ခရီးစဉ်ကို ထွက်ခဲ့ရသည်။ မောင့်ကို မြေပြင်ပေါ်မှာ ထားခဲ့ရလေသည်။ လေယာဉ်သည် အပြောကျယ်သော ကောင်းကင်ပေါ် ထိုးတက် ပျံဝဲလာသည်။ တိမ်ဆိုင်တိမ်ခဲတို့
သည် နောက်ဖက်တွင် ရွေ့လျားကျန်ရစ်ခဲ့ကြလေ၏။

                               * * * * *           

ယခုတော့ မောင့်ဘဝမှန်ကို ချစ်ချစ် သိရှိနားလည်ခွင့်ရပေပြီ။ မောင့်ကို ၊ရိုးသားသူတစ်ယောက်လို့ မဆိုနိုင်ပေမည့် ပွင့်လင်းသူတစ်ဦးဟု ချစ်ချစ်က
မလျော့သော မေတ္တာဖြင့် ခွင့်လွှတ်မိ၏။ 

မောင်နှင့် ချစ်ချစ်တို့နှစ်ယောက်လုံး ဆယ်ကျော်သက်များသာ ကျက်စားတတ်သော တိရစ္ဆာန်ရုံအတွင်းသို့ ဝင်ရောက်ပုန်းလျှိုးကာ တွေ့ဆုံမိကြသည်။ ချစ်ချစ်တို့ နှစ်ယောက်လုံး
မရိုးသားလို့ပါပဲ။ ပြီးတော့ မောင်သည် အေးဆေးတည်ငြိမ်စွာဖြင့်ဓာတ်ပုံတစ်ပုံကို ထုတ်ပြလေသည်။ သွားလေရာမှာပါတတ်တဲ့ ပုံလေးပါတဲ့။ ဓာတ်ပုံထဲတွင် ချစ်စဖွယ် ကလေးငယ်နှစ်ဦးသည် ခိုများကို
အစာကျွေးနေလေသည်။ ရွှေတိဂုံဘုရား ရင်ပြင်ပေါ်မှာ ထင်ပါရဲ့။

"မောင့် သားလေးတွေလားဟင်”

သတ္တိကို မွေးမြူကာ ချစ်ချစ်ကပင် စတင်မေးမိလေသည်။မောင်က ချစ်ချစ်ကို မကြည့်ဘဲ ခေါင်းညိတ်ပြလေသည်။

ထိုနေ့က မောင်နှင့် ချစ်ချစ်တို့ တတိယအကြိမ်မြောက် တွေ့ဆုံမိခြင်းဖြစ်၏။ သမ္မတရုံမှာ ရုပ်ရှင်တစ်ခါကြည့်ဖြစ်ကြသည်။ ကရဝိတ်မှာ
ရေခဲမုန့် အတူတူတစ်ခါစားခဲ့ကြသည်။ နှစ်‌ခေါက်စလုံးဟာ ပျော်စရာကောင်းခဲ့ပါသည်။ ပြီးတော့ မောင့်စကား လှလှကလေးများကို တယ်လီ
ဖုန်းတွင်းမှ နားထောင်ရသည်မှာလည်း ချိုမြိန်လှသည်။ သည်တုန်းကတော့ လှပမြတ်နိုးဖွယ်ကောင်းသည့် သည်ဓာတ်ပုံလေးအကြောင်းကို ဘာကြောင့်
များ ခြွင်းချန်ထားခဲ့ရသလဲ။ ချစ်ချစ် ကိုယ်တိုင်ကလည်း အရေးတယူရှိဟန်မတူ၍ ဖြစ်သည်။ ချစ်ချစ် သတ္တိနည်းခဲ့မိချေသည်။ယခုတော့ ချစ်ချစ်သည် အချစ်သူရဲကောင်းမကြီးလုပ်ကာ ဓာတ်ပုံလေးကို သေချာစွာ ကြည့်သည်။

“အကြီးကောင်လေးက မောင်နဲ့ သိပ်တူတယ်နော်”

မောင်ကလည်း ချောမောစွာပင် ခေါင်းကို ညိတ်ပြပြန်လေ၏။ ဘာမျှ မထူးခြားသည့်ပုံ။
ချစ်ချစ်က ဓာတ်ပုံလေးကို တလေးတစားကိုင်ကာ ပြန်ပေးလိုက်သည်။ မောင်ကလည်း တရိုတသေ သိမ်းဆည်းလိုက်သည်။

ချစ်ချစ်တို့ရှေ့တွင် ခရေပွင့်ကလေးများကြွေနေ၏။ ကလေးငယ်များပြေးလွှားဆော့ကစားနေကြသည်။ ကြက်တူရွေးငယ်က အစာရလိုရငြား အော်ဟစ်မြည်တမ်းလိုက်၏။ လှောင်ချိုင့်သည် သူ့အတွက် ကြီးမားလွန်းနေသည်။အချုပ်အနှောင်ခံနေရသည့် ဘဝကိုမေ့လျော့နေဟန် တူလေသည်။

                           * * * * *

အဘ ဘုရားသခင်၏ အလိုတော်အတိုင်း ချစ်ချစ်သည် လောကတွင်တစ်ယောက်တည် ကြီးပြင်းလာခဲ့ရသည်။ ချစ်ချစ် ငါးနှစ်သမီးအရွယ်တွင် မာမီက အမိမြေသို့ပြန်သွားသည်။ ဖေဖေသည် တစ်ပြည်သူ၏ ရင်သွေးကိုပိုက်ကာ ပိတောက်နံ့သင်းသော မြန်မာပြည်တွင် ကျန်ရစ်ခဲ့၏။ပညာတော်သင်သွားရာမှ ရလာသော အမွေအနှစ်တည်း။

 အိမ်ထောင်ရေးသည် ဖေဖေတို့ မာမီတို့အတွက် အဓိပ္ပာယ်လေးနက်မှုမရှိပါလေစ။သို့တည်းမဟုတ် လောက၏ ဆန်းကြယ်ထွေပြားသော
အဖြစ်များသည် ချစ်ချစ်တို့ မိသားစုကို တို့ထိကျီစယ်သွားဟန်တူလေသည်။ ချစ်ချစ်အတွက် လောကကြီးသည် အနှစ်သာရကင်းမဲ့သော
အခွံဗလာချည်း သက်သက်ပင် ဖြစ်၏။

ချစ်ချစ် ၁ဝနှစ်သမီးအရွယ်တွင် ဖေဖေ နောက်အိမ်ထောင်ပြုလေသည်။ ချစ်ချစ်သည် အဘွားများ အဒေါ်များလက်တွင် ကြီးပြင်း
လာခဲ့ရသည်။ ဖေဖေသည် သမီးဖြစ်သူကို မျက်ခြည်မပြတ် လှမ်း၍ကြည့်ရှုဆုံးမသည် မှန်သော်လည်း ချစ်ချစ်သည် ဖေဖေ လိုချင်သောပုံစံ
မဝင်ခဲ့တော့ပါချေ။ အဘွားနှင့် အဒေါ်တို့သာလျှင် ချစ်ချစ်ကို အလိုလိုက်သည်ဆိုကာ အဆူခံခဲ့ရသော်လည်း ချစ်ချစ်တစ်ယောက် လေယာဉ်မယ်
အလုပ်ကို လျှောက်ခဲ့သည်အထိ ဖေဖေသည် ချစ်ချစ်ကို အရှုံးပေးခဲ့ရ၏။

ချစ်ချစ်သည် စွန့်စားသွားလာမှုကို နှစ်သက်ခုံမင်၏။ ကမ္ဘာမြေထုမှမိုင်ပေါင်းမည်မျှပင် ဝေးလံအောင် သွားရမည်ဖြစ်စေ ချစ်ချစ် ပျော်မွေ့၏။
ဖြစ်နိုင်လျှင် ဒုက္ခဆင်းရဲတို့၏ ရှုပ်ထွေးရောပြွမ်းရာ ဤကမ္ဘာမှသည် ဝေးရာသို့သာ ပျံလွှား လွင့်မျောနေချင်လေသည်။ ။

မောင်နှင့် တွေ့ဆုံရခြင်းသည် စိတ်နှလုံး ကြည်နူးချမ်းမြေ့ရသည်နှင့်အမျှ မရေရာသော လူ့ဘဝအတွင်းဝယ် တုပ်နှောင်ချည်နှောင်တဲခြင်း
ကိုလည်း ခံရပြန်လေသည်။ သို့သော်လည်း ချစ်ချစ် နှလုံးသားသည်မောင့်ကို မငြင်းဆိုရက်ခဲ့။ မောင်နှင့် အတူသွားလာနေသမျှသည် ချစ်ချစ်အတွက် နိဗ္ဗာန်ဘုံသာတည်း။ ။

အဘွားနှင့်ဖေဖေတို့ စည်းရုံးခေါင်ဆောင်၍မရသော စေတီ ရင်ပြင်တော်များသို့ပင် ယှဉ်တွဲ၍ ရောက်ခဲ့ရသည်။

“ချစ်ချစ်က စနေသမီး၊ မောင်ကလဲ စနေသားပဲ၊ ဒီထောင့်မှာရှိခိုးရမယ်”

မောင်က ပန်းနှင့်ဆီမီးများကို မျှဝေကာ အတူယှဉ်တွဲ၍ ကန်တော့စေသည်။ စိုစွတ်ပေကျံသော တလင်းပြင်ပေါ်တွင် ပုဆစ်တုပ်ထိုင်ကာ
အာရုံပြုရ၏။ ပုံးထဲမှရေကို တဗွမ်းဗွမ်းမြည်အောင် ခပ်လောင်းကာနှုတ်မှဘာတွေ ရွတ်ဆိုနေမှန်းမသိသော ရေသည်လူကြီးကို ကြည့်၍လည်း ပန်းကိုကွယ်ကာ ပြုံးမိသေး၏။ `မောင်တို့နှစ်ယောက်အတွက်ဆုတောင်းပေးနေတာ” ဟုမောင်က ဆိုလေသည်။

ချစ်ချစ် အလုပ်အားသည့်ရက်တိုင်း မောင်က လာခေါ်ကာ ဘုရားပို့ပေးသည်။ ရုပ်ရှင်ကြည့်သည်။ မုန့်အတူတူစားကြသည်။ ဘုရားပေါ်ရောက်လျှင် ချစ်ချစ်သည် မောင်က မပြောရဘဲနှင့် ပန်းအစုံကို ဝယ်တတ်ပြီ။ ကြာပန်းလေးထည့်ပါဦး၊ ဇလပ်ပန်း မပါသေးဘူး ဟုလည်း စုံစေ့အောင်ပြောတတ်သည်။ ပြီးတော့ စနေထောင့်ကို ဦးဆောင်သွားသည်။
မမှတ်မိနိုင်စရာမရှိ၊ မောင်က ကြံကြံဖန်ဖန် အချစ်ထောင့် လို့ နာမည်ပေးထားသည်လေ။

ဘုရားပေါ်မှဆင်းတော့ ရုပ်ရှင်ရုံဘက် ခြေဦးလှည့်မိကြပြန်သည်။မှတ်မှတ်ရရ ဂုဏ်ရုံတွင် 'The Dove' ဆိုသည့် ရုပ်ရှင်ကားကို ကြည့်ရသည်မှာ ရင်ထဲတွင် အထိခိုက်မိဆုံးဖြစ်၏။ ဇာတ်လိုက်အမျိုးသားလေး၏ဘဝနှင့် ချစ်ချစ်ဘ၀သည် တူ၏။ ကောင်လေးနှင့် ကောင်မလေးကသိပ်ချစ်ကြသည်။ ချစ်ချစ်တို့လိုပါပဲ။ ပြီးတော့ ကောင်လေးသည်
အဏ္ဏဝါတွင် ရွက်လွှင့်ကာ တစ်ယောက်တည်းခရီးနှင်ရ၏။ ချစ်ချစ်ကတော့လေထုထဲတွင် လွင့်ပါးကျက်စားရသည်။ ကောင်လေးက ကောင်မလေး
ကို "မင်းကို ငါချစ်တယ် အချစ်ရယ် မင်းကို ငါ သိပ်ချစ်တာပဲ” ဟုအော်ဟစ်နှုတ်ဆက်သည်ကို ကြည့်ကာ ချစ်ချစ် မျက်ရည်ဝဲရသည်။ချစ်ချစ်တို့ကတော့ သည့်နှယ် လူသိရှင်ကြား ဖွင့်ဟနှုတ်မဆက်ဝံ့သည့်ဘဝ။

ထိုနေ့က မောင်က ထူးထူးခြားခြား ချစ်ချစ်အလိုကို သိပ်လိုက်နေခဲ့သည်။ ရုပ်ရှင်မှအပြန် ကရဝိတ်ကို သွားကြသည်။ ထုံးစံအတိုင်းမောင်က ဘီယာသောက်သည်။ ချစ်ချစ်က ရေခဲမုန့်စားသည်။ ချစ်ချစ်ကမောင့် ဘီယာခွက်ထဲကို ဘီယာ ဖြည့်၍ ဖြည့်၍ ပေးနေမိသည်။ မောင်သည် ချစ်ချစ်ကို ငေးမောကြည့်ရှု၍ နေလေသည်။ ချစ်ချစ်စိတ်ကလည်း
မရွှင်ပျလှ။ နှစ်ယောက်လုံး ငိုင်နေမိကြသည်။

“ချစ်ချစ် မောင်နဲ့ခုလိုနေရတာ ပျော်လားဟင်"

မောင့်နှုတ်က ထွက်လာသော စကားများသည် တစ်စုံတစ်ခုသောအဓိပ္ပာယ်ကို ဆောင်နေလေသည်။ ချစ်ချစ်တို့ သတိလက်လွတ် ပျော်နေခဲ့
မိသည်ပဲ။ လက်မခံချင်သော အသိတရားသည် ချစ်ချစ် နှလုံးသားကိုလာရောက် ပုတ်ခတ်နေချေသည်။

"မောင်ကော"

မောင်သည် ဘီယာခွက်ကို လှမ်းကိုင်သော ချစ်ချစ်၏လက်ကလေးကို အုပ်၍ ဆုပ်ကိုင်လိုက်သည်။

"မောင် ချစ်ချစ်နဲ့ နေရတာ စိတ်ချမ်းသာတယ် ပြီးတော့ ချစ်ချစ်က ခုလို ပြုစုယုယတာလေးတွေကို မောင် သိပ်ချစ်တာပဲ"

"မောင့်အိမ်မှာနေရတာမပျော်ဘူးလား ၊ ပြီးတော့ မောင့်ဇနီးက"

ချစ်ချစ် ရင်ထဲတွင် နာကျင်လာလေသည်။မျက်လုံးအိမ်တွင်ပင် မျက်ရည်ဥလေးများ တွဲခိုလာသည်။မျက်တောင်ကို နှစ်ချက်မျှ ခတ်လိုက်မိ၏။  အချစ်ဆုံးလူတစ်ယောက်ကို ရှေ့မှာထားပြီး ကိုယ်မပိုင်ဆိုင်သည့်ဘဝကို  ထုတ်ဖော် ဆွေးနွေးရသည့်ဘဝ။အို ဘယ်လိုကြောင့်များလဲမောင်ရယ်။

“မောင့် ဇနီးက မောင့်ကို ဂရုမစိုက်ဘူးလား"

ချစ်ချစ် အသံသည် သတိ ထားနေသည့်ကြားမှ အဖျားခတ်၍တုန်သွားလေသည်။

"ဂရုတော့ စိုက်ပါတယ်၊ ဒါပေမယ့် မောင် မပျော်ဘူး"

မောင်က ချစ်ချစ်လက်ကလေးကို လွှတ်ပေးလိုက်သည်။ ပြီးတော့ ဘီယာကို မော့သော့လိုက်သည်။ မောင်နှင့်ချစ်ချစ်တို့ ပထမဆုံးအကြိမ်
အလေးအနက် ဆွေးနွေးမိကြခြင်းဖြစ်၏။

“မောင့် အိမ်ထောင်ရေး အဆင်မပြေတာ ချစ်ချစ်ကြောင့်များလား"

မောင်က ခေါင်းကို ညင်ညင်သာသာ ခါယမ်း၏။

"ကြာပါပြီ "

“ချစ်ချစ်နဲ့ မတွေ့ခင်ကလား”

လိုချင်သည့် အဖြေကိုပင် မေးမိရက်သား ဖြစ်သွားလေသည်။လူဆိုတာ ကိုယ်လိုရာ ဆွဲတတ်သူ ချည်းပါပဲ။

“ဆိုပါတော့”

မောင့် အသံသည် တိုးတိတ်လွန်းလှ၏။

“မောင့် သားလေးတွေက သိပ်ချစ်စရာကောင်းတယ်နော်၊ ကျောင်းနေကြပြီလား ဟင်”

မောင့် မျက်လုံးများ ဝင်းလက်လာကြလေသည်။ သားသမီးကိုချစ်သည့် ဇွဲထင်ပါရဲ့။ ချစ်ချစ်လဲ မောင့်ကို သားလေးတစ်ယောက် မွေးပေးချင်လိုက်တာ။ ဒီလိုပြောရင် ချစ်ချစ်ကို အထင်သေးမည် စိုး၏။

"အကြီးကောင်က ဒုတိယတန်းရောက်နေပြီ၊ ဒီကောင်ကြီးက စာသိပ်တော်တယ်၊ အမြဲတမ်း ပထမချည်းရတယ်၊ အငယ်ကတော့ ခပ်ပေပေပဲ၊ ငယ်လဲ ငယ်ပါသေးတယ်လေ၊ အခုမှ သုံးနှစ်ပဲရှိသေးတာ
ရှေ့နှစ်ဆို မူကြိုထားရတော့မယ်”

မောင်သည် ချစ်ချစ်ကို မေ့သွားဟန်တူလေသည်။ သားတွေအကြောင်းကို အားပါးတရပြောနေသော မောင့်ကိုကြည့်ကာ အမှန်ပင်ဝမ်းနည်းမိ၏။

'မောင်'

ချစ်ချစ်က တုန်ယင်စွာ ခေါ်လိုက်မိသည်။
မောင်သည် အိပ်မက်မှ လန့်နိုးလာသူလို ချစ်ချစ်ကို ထိတ်ထိတ်ပျာပျာကြည့်၏။

“ပြန်ကြရအောင်ကွယ်”

ချစ်ချစ် အသံလေး တိမ်ဝင်သွားလေသည်။ တစ်မုဟုတ်ချင်းလိုပင် မောင့်မျက်နှာ ညှိုးရော်သွားခဲ့သည်။

“နောက်ဆိုရင်လေ ချစ်ချစ်တို့ မတွေဘဲနေကြရင် ကောင်းမယ်ထင်ပါရဲ့”

အပျော်ဆုံးနေ့မှာ နောက်ဆုံးစကားကို ဆိုမိသည့်အတွက် ချစ်ချစ်ကြေကွဲမိသည်။

"မောင့်ကို ခွင့်လွှတ်ပါ ချစ်ချစ်ရယ်"

ချစ်ချစ်က မျက်တောင်ကို တွင်တွင်ခတ်ရင်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြမိသည်။ မျက်ရည်ပွင့်များသည် မျက်တောင်ကော့များကြား
မှ တိုးထွက် ခုန်ဆင်းသွားကြလေသည်။
ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေညင်းသည်ပင်ရာသီဥတု၏ အပူရှိန်ကြောင့် ငွေ့ငွေ့မျှ နွေးနေလေ၏။

                             * * * * *

ညောင်ဦး ဖလိုက်ကို ပျံသန်းရတိုင်း မောင့်ကို သတိရမိသည်။ မောင်ထိုင်သွားသည့် နေရာလေးကို ကြည့်ပြီး မောင့်ကို မြင်ယောင်လာပြန်၏။
ဝမ်းသာ ဝမ်းနည်းဖြစ်မိရပြန်သည်။ ဒီတစ်ခါ မောင့်ကို ပြန်တွေ့ရရင်တော့ ချစ်ချစ်တို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ချစ်ကြရအောင် ဟုပြောလိုက်တော့မည်။ မောင့်ကို ချစ်ချစ် မခွဲနိုင်။ မောင်နှင့်သွားလာ နေထိုင်ရတိုင်းချစ်ချစ် ပျော်သည်။ အတွေးဖြင့်ပင် ကြည်နူးမိလေသည်။

တကယ်တော့ မောင်လည်း ချစ်ချစ်ကို မခွဲနိုင်ပါဘူး။ လခထုတ်တဲ့နေ့က လေဆိပ်ကို လာကြိုတယ် မဟုတ်လားကွယ်။ ချစ်ချစ်ရင်မှာ သိမ့်သိမ့်ခါအောင် ကြည်နူးရလေသည်။ နှစ်ယောက်စလုံး စိတ်ညစ်စရာ စကားများကို မဆိုမိကြ။စိတ်ညစ်စရာ အဖြစ်များကို မေ့ထားမိသည်။  မောင် အရက်ကို ဖိသောက်နေသည်ကိုတော့  မနှစ်မြို့ပေမင့် ကြည့်နေရသည်။ ချစ်ချစ်ဆီတွင် မောင် လွတ်လွတ်လပ်လပ် နေစေ့ချင်သည်။ထို့ကြောင့်လည်း မောင့်အလိုကို လိုက်မိပြန်သည်။ ဘာပဲဖြစ်ဖြစ် သည်
တစ်ခါတော့ မောင် ချစ်ချစ်ကို ခွဲထားခဲ့ရမည်မဟုတ်။ မျက်ရည်ကြားကဝမ်းသာမိပြန်သည်။
ပျော်ရွှင်ဖွယ်ရာရက်များကိုပင် သောကမုန်တိုင်းသည် လာရောက်တိုက်ခက်လာ၏။ အမှန်တရားကို မျက်ကွယ်ပြု၍ မည်သည့်အရာသည်
ကြာရှည်ရပ်တည်နိုင်မည်နည်း။ ချစ်ချစ်တို့ ကိုယ်တိုင်ကလည်း လက်ရှိဘ၀ကို မေ့လျော့၍ သတိလွတ်နေမိသည်။

စည်ကားသော ဗိုလ်ချုပ်ဈေး၏ အလယ်ဗဟို လမ်းမတွင် ချစ်ချစ်နှင့် ယှဉ်တွဲလျှောက်နေသော မောင့် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားလေသည်။ ချစ် ချစ် ကိုယ်တိုင်ကလည်း လန့်ဖျပ်ကာ မောင့်လက်ကို လက်တွဲဖြုတ်လိုက်သည်။ မောင့် လက်မောင်းအစုံကို ပိုင်စိုးပိုင်နင်းဆုပ်ကိုင် ဟန့်တားလိုက်သော မိန်းမငယ်၏ မျက်လုံးအစုံသည် စက္ကန့်ပိုင်းအတွင်း အရာအားလုံးကို အရည်ပျော်သွားနိုင်စွမ်း ရှိသည်ဟု ထင်ရလေသည်။

“ဒါက ဘယ်လိုလဲ”

တုန်ယင်မာ‌ေကြာစွာထွက်လာသော စကားသံများ မဆုံးမီ ချစ်ချစ်ရှေ့ကို သွက်သွက်လှမ်းခဲ့မိ၏။ စူးစမ်းရှုပ်ချသော မျက်လုံးပေါင်းသောင်း‌ေခြာက်‌ေထာင်၏ဒဏ်မှ တတ်နိုင်သမျှ အမြန်ဆုံး ရုန်းထွက်နိုင်ရန်အသော့ နှင်လာခဲ့မိ၏။

ရောင်းပန်းလှအောင် ချိတ်ဆွဲထားသော အလှအပ ပစ္စည်းလေးများ၊ပိုးဖဲ ကတ္တီပါများ၊ ရွှေငွေ ရတနာများ၊ မျက်လုံးများ၊ မော်တော်ကားများ၊ 
သက်ရှိသက်မဲ့ အရာအားလုံးသည် ချစ်ချစ်ကိုကြည့်ကာ ဟားတိုက်ရယ်မောကြကုန်၏။ ကောင်းကင်ပြင်သည် ချစ်ချစ် ခြေဖဝါးအောက်သို့ ရောက်
ကာ မဟာပထဝီမြေကြီးသည် ဦးခေါင်းထက်ဝယ် သွက်သွက်လည်အောင်ယိမ်းထိုးနေသည်တကား။

                            * * * * *

အပင်ပန်းရဆုံး၊ အမောရဆုံးနေ့တွင်မှ မောင့်ဆီမှ အစိမ်းကားဆုံး၊အရက်စက်ဆုံး စာကလေးတစ်စောင်ကို ဖတ်လိုက်ရလေသည်။ ဗွီအိုင်ပီ
ဖလိုက်ခေါ် အရေးကြီးသည့်ပုဂ္ဂိုလ်ကြီးတစ်ဦးကို ပို့ပြီးပြန်အလာ အမောဖြေမည်ဟု စားပွဲတွင်ထိုင်ကာမှ မောင့် စာအိတ်ကလေးကို မြင်ရလေသည်။ ရင်တုန်ပန်းတုန် ရှိလိုက်ပါဘိ။လေယာဉ်ပေါ်မှာတွေ့ခဲ့တဲ့ အရုပ်ကလေးကို လေယာဉ်ပေါ်မှာပဲ
ပြန်ထားခဲ့ပါပြီ တဲ့။ ရက်စက်လိုက်တာ။ ချစ်ချစ် မောင့်ရုံးကို ဖုန်းဆက်မိလိုက်သေး၏။

“ဟုတ်ကဲ့ပြောပါ ခင်ဗျာ၊ ကျွန်တော်ပါ ခင်ဗျာ´ ဟူသော စိမ်းကားသည့်မောင့်အသံများကို ကြားရပြန်သည်။ ချစ်ချစ်စိတ်က အလိုလို သိပါသည်။
မောင်သည် တစ်စုံတစ်ခုသော အကြောင်းအရာကို တိုက်တွန်း၍သာ ဤသို့ပြုမူနေရခြင်း ဖြစ်မည်။ မောင့်သဘော မောင့်ဆန္ဒနှင့်တော့ မဖြစ်နိုင်။
မောင် ချစ်ချစ်ကို သည်မျှ ရက်စက်မည်ဟု မထင်ပါချေ။ အခြေအနေအရပ်ရပ် ဆေးဆေးတည်ငြိမ်သွားလျှင် မောင် ချစ်ချစ်ဆီ ပြန်လာမည်သာတည်း။ သည်တစ်ခါ ပြန်တွေ့ကြလျှင် တစ်လောကလုံး မမြင်နိုင်သည့် နေရာတွင် သွားရောက် ပုန်းအောင်းနေကြမည်။ တကယ်တော့လည်း ချစ်ချစ်တို့နှစ်ယောက်သည် လောကအပြင်ကို ရောက်နေကြပေပြီ။

အဘဘုရားသခင်နှင့် ဗုဒ္ဓမြတ်စွာဘုရားသည် ချစ်ချစ်တို့နှစ်ယောက်ကို ဒဏ်ခတ်ပြီထင်၏။ မြေပြင်ပေါ်သို့ တစ်ခါပြန်ဆင်းရတိုင်း မောင့်သတင်းကို စုံစမ်းသော်လည်း အချည်းနှီးဖြစ်ရလေသည်။ မောင် ရုံးကအလုပ်ထွတ်သွားပြီတဲ့။ လောကတစ်ဖက်စွန်းတွင် ချစ်ချစ်ကိုထားကာ
ကိုယ်လွတ်ရုန်းသွားလေပြီလား။စွန့်စားမှုနှင့် ဝါသနာတွင် စိတ်ကို မြှုပ်နှံပစ်လိုက်သည်။ ဖော်ကာ
လေယာဉ်သစ်မှ သင်တန်းသူများတွင် အထူးချွန်ဆုံး ကြိုးစားလိုက်သည်။ယခုတော့ ကမ္ဘာမြေပြင်ကို ခြေဆန့်၍ မောင်နှင့်ဝေးရာ သွားခွင့်ရမည်။
ချစ်ချစ် မိခင်သည် ဘာကြောင့်များ ချစ်ချစ်ကို တစ်ပြည်တစ်ရွာမှာမမွေးဖွားခဲ့ပါလိမ့်။ မောင်နှင့်တွေ့ဆုံ၍ စိတ်သောက ဗျာပါဒကို ခံစား
ရယူနိုင်စေရန်သည်မြေပေါ်တွင် ထားခဲ့လေရော့သလား၊ မည်သို့ဆိုစေ မိမိမွေးဖွားသန့်စင်ရာ အမိမြေကို ချစ်ချစ် မြတ်နိုးပါ၏။ သို့သော် မည်သူသည် ချစ်ချစ်ကို ကြင်နာခွင့်လွှတ်ပါမည်နည်း။

စိမ်းလန်းစိုပြည်သော မိခင်မြေသည် ချစ်ချစ်၏ မိုက်မဲမှုအတွက် ခွင့်လွှတ်ခြင်းငှာ မထိုက်ဟု ယူဆပါလျှင် ဆုံးစမရှိသော ကောင်းကင်ပြင်တွင်သာ ချစ်ချစ် ပျော်မွေ့ပါမည်။ တစ်ခါတစ်ရံလာရောက်နားခိုခြင်းအတွက် ခွင့်လွတ်ပါလေတော့။

တစ်စုံတစ်ခုသောနေရာမှ မောင်သည် ချစ်ချစ်အပေါ် သံယောဇဉ်မကင်းသော စိတ်ဖြင့် ငံ့လင့်စောင့်စားနေမည်ဆိုပါလျှင် ချစ်ချစ်အတွက်
လောကတွင် အသက်ရှင်နေရခြင်းသည် ပြီးပြည့်စုံသည့်အဖြစ်သို့ ရောက်ရှိချေပြီတည်း။

ဇာတ်သိမ်းဆက်ရန်⬇️⬇️⬇️




#Typing_crd_ZawOo

No comments:

Post a Comment