Saturday, 14 March 2020

လယ်တောကအပြန် #ထင်လင်း

#လယ်တောကအပြန်

#ထင်လင်း

“လူကလေး၊ စာကို တတ်အောင် ကြိုးစားပြီးသင်နော်”

ကျွန်တော် အင်္ဂလိပ်ကျောင်းသို့သွားရန် ရွာမှ ထွက် ခါနီး၌ အဖေက ဤသို့ မှာလိုက်ပါသည်။
ကျွန်တော်၏ အဖေမှာ တောင်သူလယ်လုပ် ဓားမ ခုတ်မျိုးရှိ ဆင်းသက်သူတစ်ယောက်ဖြစ်သော်လည်း ဆရာဘုန်းတော်ကြီး အမအစဖြင့် အတန်းကျောင်းစာမေးပွဲများ အောင်မြင်ကာ အစိုးရ အမှုထမ်း လုပ်လာခဲ့သူ ဖြစ်ပါသည်။ အစိုးရအမှုထမ်းဘဝနှင့် လယ်သမားဘဝကို အဖေ ဘယ်လိုမြင်သည်ကိုတော့ မသိ။ အဖေသည် သူ၏သားသမီးများကို လယ်ထဲဆင်းပြီး နွားနှင့် ဖက်အလုပ်လုပ် ရသောဘဝသို့ ရောက်မည်ကို အလွန်စိုးရိမ်ခဲ့လေသည်။ ။

ကျွန်တော်တို့က ကျောင်းစာများကိုမကျက်ဘဲ ပေပေတေတေ လျှောက်ကစားနေသောအခါများတွင် အဖေသည် စိတ်အလွန်ဆိုး တတ်လေသည်။

“နင်တို့ သတိထားနေကြ။ မိဘက ကောင်းစေချင်လို့ စာ သင်ခိုင်းတာ စာတော့ မသင်ချင်ဘူး။ နင်တို့ လယ် ဆင်းထွန်းကြလိမ့်မယ်။ သတိ ကြပ်ကြပ်ထားကြ”ဟု ကြိမ်းမောင်းခြိမ်းခြောက်တတ် ပါသည်။

ကျွန်တော်တို့ကလည်း လယ်ဆင်းထွန်ကြရမည်ဆိုလျှင် ကြောက်ကြပါသည်။ နွားနှင့် ဖက်ရုန်းရသောအလုပ်ဖြစ်၍ ပင်ပန်း ဆင်းရဲလှသည်ဟုလည်း ထင်ခဲ့ကြပါသည်။ ဖင်ထဲ ရွှံ့ တစ်စိတ် ဝင်မှ ထမင်းစားရသော လယ်သမားဘဝကိုလည်း အောက်ကျလှသည်ဟု ထင်ကြပါသည်။ ဤသို့သော အယူအဆများဖြင့် ငယ်စဉ်အခါကပင် လျှင် ကျွန်တော်တို့ကျောင်းတွင် စာမကြိုးစားက လယ်သမားဘဝ သို့ ရောက်မည်ဟု တစ်ထစ်ချတွက်ကာ စာကို ကြိုးစားခဲ့ကြရပါ သည်။ လယ်သမားဘဝထက် အခြေအနေကောင်းသည်ဟု ကျွန်တော် တို့ယူဆထားသော ပညာတတ်လခစား လူတန်းစားများဆီသို့ ဦးတည် ရည်မှန်းခဲ့ကြပါသည်။

ကျွန်တော် အင်္ဂလိပ်ကျောင်းသို့ ရောက်သောအခါ ဤရည် မှန်းချက်တို့သည် ကျွန်တော့်တွင် ခိုင်မြဲမှန်းမသိ ခိုင်မြဲ၍လာပါသည်။ . အင်္ဂလိပ်ကျောင်းသားဖြစ်လာမှ ကိုယ့်ဘဝ ကိုယ့်အခြေအနေကို ပိုမို သဘောကျမိပါသည်။ သဘောမကျဘဲ နေမည်လား။ လူအများ ကလည်း အင်္ဂလိပ်ကျောင်းသားဆိုလျှင် အရေးပေးကြသည် မဟုတ် လား။ နေရာတကာတွင် လူရာဝင်သည် မဟုတ်လား။ ကျောင်းပိတ်၍ ရွာသို့ ပြန်ရောက်သည့်အခါများတွင် အင်္ဂလိပ်ကျောင်းသားဟူသော အရှိန်နှင့် ယခင်ကထက် ဂုဏ်သိန်တက်ခဲ့သည် မဟုတ်လား။ လူငယ်လူရွယ်တို့ဘာဝ ရွာထဲမှာ အပျိုလှည့်ရာ၊ နောက်ပိုးပိုးရာမှာ ဖြစ်ဦးတော့ အင်္ဂလိပ်ကျောင်းသားက အခွင့်အရေး ပို၍ရမြဲ မဟုတ်
လား။

ငယ်စဉ်အခါ ဘုန်းကြီးကျောင်းတွင်နေစဉ်ကတော့ ရွာထဲက လယ်သမားသားသမီးများဖြစ်ကြသော ငခွေး၊ ငပွေး၊ စံလှ၊ သာကျော် တို့နှင့် ကျွန်တော်တို့မှာ ဘာမျှ မထူးခြားခဲ့။ ယခု ကျွန်တော်က အင်္ဂလိပ်ကျောင်းသားဆိုတော့ သည်လို သူငယ်ချင်းတွေအများကြီး ထဲမှာ ထင်ထင်ပေါ်ပေါ်ဖြစ်လာခဲ့ပြီ မဟုတ်လား။

သူတို့မှာ သူတို့မိဘများက ငွေကြေး မတတ်နိုင်ကြ၍၊ သို့မဟုတ် အမြင်မကျယ်ကြ၍ အင်္ဂလိပ်ကျောင်း မနေခဲ့ကြရ။ ဘုန်းကြီး
ကျောင်းမှ အတော်ကလေး ကြီးလာကြသောအခါ ထွက်၍ မိဘများ နှင့်အတူ လယ်ထဲသို့ ဆင်းခဲ့ကြရသည်။ သူတို့သည် စာဆို၍ ဘုန်း ကြီးကျောင်းက သင်ပေးလိုက်သမျှကိုသာ တတ်၍ ကျောင်းမှထွက် ကြသောအခါတွင်လည်း လယ်ယာကိုင်းကျွန်းအလုပ်ဖြင့်သာ နေခဲ့ ကြရာ စာဆိုသည်နှင့် ဝေးသည်ထက် ဝေး၍လာခဲ့ကြသည်။ စာနှင့် ဆက်ဆံမှုကလည်း မရှိသလောက်ဖြစ်၍ မိရိုးဖလာ ဗုဒ္ဓဘာသာများ ဖြစ်သည့်အလျောက် ဘာသာရေးဆိုင်ရာစာများကို ဘုန်းကြီးက “ သူတို့အတွက် ဖတ်ပေးပြီး ရှစ်ရက်သီတင်း၊ လပြည့်လကွယ် အခါ
ကြီး ရက်ကြီးများတွင် သူတို့အား ပြန်လည်ဟောပြောပြ၍ သူတို့ ကိုယ်တိုင် ဖတ်နေဖို့လည်း မလိုသလောက်ဖြစ်၏။

ကျောင်းတွင် သင်ပုန်းကြီးကုန်လျှင် မင်္ဂလသုတ်၊ ပရိတ်ကြီး၊ နမက္ကာရ၊ ရတနာရွှေချိုင့်တို့ကို ရသလောက် သင်ပေးသည်။ အချို့ ဉာဏ်ကောင်းလျှင် သဒ္ဒါသဂြိုဟ်အထိ တက်ခဲ့ကြရ၏။ သို့သော်
ကျောင်းကထွက်တော့လည်း စာအားလုံးသည် ကျောင်းမှာပင် ကျန်ရစ်မြဲ ဖြစ်လေသည်။
သူတို့သည် ငပွနှင့် မိဝိုင်းတို့အကြောင်းကိုလည်း မသိကြ။ လောဘကြီးသော မီးဒတ်ဘုရင်ကြီးအကြောင်းကိုလည်း မသိကြ။
ပန်းရွှေပြည်စာအုပ်တိုက်

 သူတို့ ရွာမှ ဆယ့်လေးငါးမိုင် မိုင်နှစ်ဆယ်၏ ဟိုဘက်တွင် ဘာတွေ ရှိသည်ကိုလည်း မသိကြ။ ပထဝီဆိုလျှင် ရွာထဲက ဆေးဆရာ ဆရာဟန် ပြောလေ့ရှိသော 'ပထဝီ ငုပ်တယ်”ဟူသော စကားမှလွဲ၍ မကြားဖူးခဲ့။ ရာဇဝင်ဆို၍လည်း နွေဘက်တွင် တစ်ခါတစ်ခါ ကြုံ တတ်သော ဘုန်းကြီးပျံပွဲများ၌ ကပြသည့် ဇာတ်ထဲကရာဇဝင်ကို သာ သိကြသည်။ ရွှေဥဒေါင်း၊ မဟာဆွေ၊ ဇော်ဂျီ၊ မင်းသုဝဏ် ဆိုသူများကိုကား လုံးဝ မသိကြချေ။

သူတို့သည် နွားကို ကောင်းကောင်း ကျောင်းတတ်ကြသည်။ နွားစာ ကောင်းကောင်း စဉ်းတတ်ဖျော်တတ်သည်။ ထယ်ကြောင်း ထွန်ကြောင်း ဖြောင့်အောင် ထိုးတတ်ကြသည်။ ပဲကြဲတတ်ကြသည်။ ပျိုး နုတ်တတ်ကြသည်။ ကောက် စိုက်တတ်ကြသည်။

စပါး ရိတ်တတ်ကြသည်။ ထွန်တုံးထွန်တံမှအစ လယ်သမား သုံး ကိရိယာများကို သူတို့ဘာသာသူတို့ ဖောက်တတ် ထွင်းတတ် လုပ်ကိုင်တတ်ကြသည်။ လယ်ကို ဘယ်အခါ ရေသွင်း၍ ဘယ်အခါ ရေဖောက်ကြရမည်ကို သိကြသည်။ လယ် ဘယ်လောက်ကျယ်လျှင် မျိုး ဘယ်လောက်ကြဲရသည်ကို သိကြသည်။ စပါးဈေး ဘယ်မျှ ရှိလျှင် သူတို့ ပိုးပုဆိုးဝတ်ရမည်ကို သိကြသည်။

ကျွန်တော်တို့မှာ သူတို့ကဲ့သို့မဟုတ်ဘဲ ဘုန်းကြီးကျောင်းမှ ထွက်ပြီး လူကျောင်းစာများကို သင်ရတော့ ခေတ်ဖတ်စာများ၊ ပထဝီ၊ ရာဇဝင်၊ သင်္ချာ စသည့် ဘာသာရပ်များကို ဖတ်ရ၊ မှတ်ရ၊ သင်အံ့ရသည်။ ရန်ကုန်မြို့အကြောင်း၊ မန္တလေးမြို့အကြောင်း၊ မီး ရထားအကြောင်း၊ မီးသင်္ဘောအကြောင်း၊ ဝိတိုရိယဘုရင်မကြီး အကြောင်း၊ ဇာပန်ကျွန်းသားများအကြောင်း စသည်ဖြင့် ကျယ်ဝန်း စွာ ဖတ်ရှုရသည်။ သင်အံရသည်။ ဘာကြောင့် နေပူသည်။ ဘာကြောင့် မိုးရွာသည်။ ဆောင်းအခါ ဘာကြောင့် အေးသည်။ နွေ အခါ ဘာကြောင့် ပူသည်တို့ကို သိရသည်။

 - နောက် တဖြည်းဖြည်း အတန်းကြီးလာလေလေ ဖတ်ရှုရ၊ သင်အံရသော ဘာသာရပ်နှင့် စာအုပ်များ များလေလေ ဖြစ်သောကြောင့် အကြောင်းအရာလည်း အတော်စုံလင်လာသည်။ အကြား အမြင်လည်း များလာသည်။ ဤသို့လျှင် ကျွန်တော်၏ဘ၀သည် ငခွေး၊ ငပွေး၊ စံလှတို့၏ဘဝနှင့် တဖြည်းဖြည်း ကွာခြားမှန်းမသိ ကွာခြား၍လာလေသည်။ ။

ဘဝချင်း ဤသို့ ကွာခြားလာခဲ့သော်လည်း ကျောင်းပိတ်၍ - ကျွန်တော် ရွာသို့ပြန်သောအခါတွင် သူတို့နှင့်ကျွန်တော် ပြန်လည် ဆုံတွေ့ကြရသည်။ အတူတကွ သွားကြလာကြ လည်ပတ်ကြပြန် သည်။ ရိုးသားသော ငခွေးကမူ ကျွန်တော့်အား “မင်း ကောင်းစား ရင် ငါ့ကိုတော့ မမေ့ပါနှင့်ကွာ”ဟု မကြာခဏ ပြောလေ့ရှိသည်။ သူတို့အမြင်တွင် ကျွန်တော်သည် အမှန်မုချ ကောင်းစားမည့်လူ တစ်ယောက်ဟု ထင်လေသလားတော့ မသိ၊
တစ်ခါတစ်ခါ ကျွန်တော်က ကျောင်းမှသင်ရသော ဘာသာ ရပ်များမှ သူတို့နှင့်ဆိုင်မည်ထင်ရာ၊ သို့မဟုတ် စကားစပ်မိစပ်ရာ တို့ကို ပြောပြလျှင် သူတို့မှာ တအံ့တဩဖြစ်တတ်ကြသည်။
ကျွန်တော်က ချောင်းကမ်းပါးကို ရေစားခြင်းအကြောင်းကို ပြောတော့ သူတို့ရွာတွင် ချောင်းရေစား၍ ကမ်းပါးပြိုသောအခါ လယ်တွေပါ ပါသွားတတ်ကြောင်း၊ ချောင်းတော်သခင်မအား ပသ ရကြောင်း ပြောပြကြသည်။

တစ်ခါတစ်ခါ စကားစပ်မိ၍ ဆောင်းရာသီ၊ နွေရာသီ၊ မိုး ရာသီတို့၏ဖြစ်ပုံကို ပြောလျှင် သူတို့က “တို့ဖြင့် သိပေါင်ကွာ၊ မိုးရွာတာဟာ မိုးခြိမ်းလို့ပဲ အောက်မေ့တာပဲ။ ဆောင်းအခါ ချမ်းတာ လည်း နှင်းကျလို့ပဲ”ဟု ပြောကာ ရယ်လေ့ရှိကြသည်။

ကျွန်တော် ဆယ်တန်းစာမေးပွဲကို အောင်မြင်လာတော့ ကျွန် တော့်အဖေမှာ ဝမ်းသာ၍မဆုံး ဖြစ်လေသည်။ သူ၏ ရည်မှန်းချက် အတော် ပေါက်မြောက်ခဲ့ပြီဖြစ်၍ “ငါ့သား၊ လယ်ထဲတော့ မဆင်း ရတော့ပါဘူးကွာ။ နွားနှင့်ဖက်ပြီး ရုန်းရတဲ့ဘဝက လွတ်ကောင်း ပါပြီ' ဟု ဝမ်းသာအားရ ပြောပါသည်။ ကျွန်တော်ကလည်း ဤသို့ပင် ယုံကြည်ပါသည်။ 

ထိုခေတ်အခါက ဆယ်တန်းအောင်လျှင် ရုံးစာရေးအလုပ် လောက်တော့ ရနိုင်ပြီဖြစ်သည်။ ကျွန်တော့်အား လယ် အထွန်လွတ် လျှင် တော်စေတော့ဟု သဘောထား၍ အင်္ဂလိပ်စာ သင်ပေးခဲ့သော် လည်း တကယ်တော့ သူကိုယ်တိုင် ရုံးစာရေးအလုပ် မည်မျှ အောက်ကျနောက်ကျရှိသည်ကို သူ ကောင်းစွာသိထားသည်။ သား လောက် တူလောက်အရွယ် မြို့အုပ်ဝန်ထောက်ကလေးများကို ပြား ပြားဝပ်ကြောက်ရသော စာရေးကြီး၏ အဖြစ်ကိုတော့ သူ့သားအား သွတ်သွင်းရန်မလိုလားချေ။

တတ်နိုင်လျှင် သူ့အပေါ်သို့ မကြာခဏ ရောက်ရောက်လာ တတ်သော မြို့အုပ်ကလေး၊ ဝန်ထောက်ကလေးတို့လောက်ဖြစ်လျှင် တော်သေးဟု အောက်မေ့သလား မသိ။ အဖေသည် ကျွန်တော့်အား ကောလိပ်သို့ပို့ရန် လုံးပမ်းပြန်သည်။
ထိုအချိန်တွင် အဖေသည် အတော် အသက်ကြီးပြီဖြစ်၍ အစိုးရအလုပ်မှ အနားယူချိန် နီးနေပြီဖြစ်သည်။ ကျွန်တော့်အား ဆယ်တန်း အောင်အောင်ထားရသည်ပင်လျှင် အဖေမှာ အတော် ငင်ပန်းနေပြီ။ ရသည့်လခနှင့် မလုံမလောက်ဖြစ်၍ အ‌ကြွေး များပင် တင်နေသည်ကို ကျွန်တော် တစ်စွန်းတစ်စ သိပါသည်။ ထို့ကြောင့် ၂ ကျွန်တော်က အဖုအား ဆက်လက် မညှဉ်းလိုတော့ဘဲ ရရာအလုပ် ကို ဝင်လုပ်ပါတော့မည်ဟုပြောရာ အဖေက ကျွန်တော့်ကို စိတ်ဆိုး ပါသည်။ ။

“မိဘက သားသမီးကို ဆင်စီးပြီး မြင်းရံတာ မြင်ချင်လို့ ပညာ ဆက်သင်ခိုင်းတာ နားလည်လား။ မွဲချင်တဲ့ခွေး ပြာပုံတိုးဆိုတာ မျိုးတော့ လုပ်မယ်မကြံနှင့်” ဟု ကြိမ်းမောင်းပါသည်။

အဖေက ကျွန်တော့်အား ဤသို့ကြိမ်းခြင်းမှာ ကျွန်တော့် အပေါ်တွင် အထင်လွဲသောကြောင့် ဖြစ်ပါသည်။ ကျွန်တော် မိန်းမ လိုချင်သောကြောင့် အလုပ်ရှာမည်ပြောသည်ဟု အဖေက ထင်သည်။ ကျွန်တော်က ရွာထဲမှ လယ်သမားတစ်ဦး၏ သမီးဖြစ်သူ နှင်းမြ ဆိုသော သူငယ်မကလေးနှင့် လူငယ်ချင်း ခင်မင်နေကြသည်ကို အဖေ တစ်စွန်းတစ်စသိသည်။ သိကတည်းက ကျွန်တော့်အား အဖေ က မကြာခဏ ကြိမ်းသည်။ “မွဲချင်တဲ့ခွေး ပြာပုံတိုးဆိုတာမျိုး မလုပ် နှင့်” ဟူသောစကား အဖေ့လက်သုံးဖြစ်ခဲ့သည်မှာလည်း ဤကိစ္စကို ရည်ရွယ်၍ ကျွန်တော့်အား လယ်သမားသမီးတစ်ယောက်ကို မယူ စေချင်သောကြောင့် ဖြစ်ဟန်တူပါသည်။ ။

နှင်းမြမှာ လယ်သမားသမီး လယ်သူမကလေးပီပီ ညိုစိမ့်စိမ့် နှင့် တောက်ပသောမျက်လုံးကလေးများ ရှိသည်။ လယ်ထဲယာထဲ တွင် ကြီးခဲ့သူကလေးဖြစ်၍ နူးနူးညံ့ညံ့မရှိလှသော်လည်း လုံးကျစ် ပြည့်ဖြိုးသောကိုယ် ရှိသည်။ မာန်မာနတရား မရှိ၍ ပကတိအေးမြ ကြည်လင်သောမျက်နှာ ရှိသည်။ ရိုးသားသော အမူအရာနှင့် ကြင် နာတတ်သော စိတ်သဘောထားရှိသူကလေး ဖြစ်သည်။ သူ၏ မိဘ များမှာ လယ်သမားများဟု ဆိုရသော်လည်း ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ လယ်သမားတော့ မဟုတ်ကြ။ ပြည့်စုံသည်ဟု ဆိုနိုင်ပါသည်။ ဥစ္စာ ပစ္စည်း လယ်ခြေချောင်း အခြေအနေကို ကြည့်လျှင် ကျွန်တော် တို့ထက် နှင်းမြတို့က ပြည့်စုံသည်ဟု ဆိုနိုင်ပါသည်။ သို့စဉ်လျက် အဖေက ကျွန်တော့်အား နှင်းမြနှင့် မယူစေခြင်းမှာ ကျွန်တော်ပါ လယ်သမားဖြစ်သွားမည်ကို စိုးသောကြောင့်သာ ဖြစ်တန်ရာပါသည်။

ဤသို့ဖြစ်ရခြင်းကို စင်စစ် အဖေ့အပေါ်ချည်း အပြစ်ပုံချ၍ ကား မဖြစ်ပါချေ။ ကျွန်တော်ကိုယ်တိုင်ကလည်း နှင်းမြကို ချစ်သလို ပင် အဖေ့စကားများ၌ ယုံကြည်မှုရှိခဲ့ပါသည်။

“ဟုတ်ပါရဲ့ လေ။ ငါဟာ စိတ်နောက်ကိုယ်ပါပြီး အဖေ ပြောသလို မွဲချင်တဲ့ခွေး ပြာပုံတိုးဆိုတာမျိုးများ ဖြစ်နေထင်ပါရဲ့” ဟုသော သံသယကလေးများက ကျွန်တော်၏ဦးနှောက်ထဲတွင် ရောက်ရောက်နေတတ်၍ နှင်းမြကို ကျွန်တော် ခင်မင်လျက်ခွဲခွာ ထားခဲ့ရပါသည်။ ။

ကျွန်တော်က ဤသို့သဘောထားဖြင့် နှင်းမြကို အင်တင်တင် ဖြစ်နေတော့ နှင်းမြက ရိပ်မိသည်။

“ဟုတ်ပါတယ် အစ်ကိုရယ်။ တကယ်တော့ အစ်ကိုတို့အဖေ က အစ်ကိုကို နှင်းမြတို့လို လယ်သမားသမီးနှင့် ဘယ် သဘောတူနိုင် ပါ့မလဲ။ မိဘစကား နားထောင်ပေါ့။ နှင်းမြတော့ အစ်ကို့ကို ခင်လို့သာပါ။ ရလိမ့်မယ်လို့တော့ ဘယ်တော့မှ ထည့်မတွက်ပါဘူး။ ဘယ်လိုဖြစ်ဖြစ်လေ နှင်းမြတော့ အစ်ကို အိမ်ထောင်မပြုမချင်း နှင်းမြလည်း မပြုဘူးလို့ အောက်မေ့တာ။ အစ်ကို့ကို မျှော်ပြီး စောင့်နေတာမဟုတ်ပေမယ့် အစ်ကို အိမ်ထောင်ပြုပြီးသည်အထိ တော့ စောင့်ကြည့်နေမှာပဲ”

နှင်းမြက အရိုးခံအတိုင်း ဤသို့ပြောတော့ ကျွန်တော့်မှာ ရင်နှင့်ခဲ့ရသေးသည်။ သူကတော့ ဝမ်းနည်းလို့ပြောခြင်း ဟုတ်ဟန်မတူပါ။ သို့သော် ကျွန်တော်က သူ့အတွက် ဝမ်းနည်းသည်။ “ဖြစ်ရလေ နှင်းမြရယ်။ တို့လို စာရေးစာချီသားသမီးထဲက ဖြစ်လိုက် ပါတော့' ဟူ၍လည်း ဆုတောင်းခဲ့မိသေး၏။ ကျွန်တော် ကောလိပ်ကျောင်းရောက်ပြီး များမကြာမီပင် ကျွန်တော်၏အဖေ အစိုးရအလုပ် မှ အနားယူရပါတော့သည်။ ကျွန်တော်၏အဖေသည် ကျွန်တော့် အား ပေါက်ရောက်အောင် ပညာဆက်သင်ပေးမည်ဟု အားခဲထား ခဲ့သော်လည်း ရေမော်တွင် တက်ကျိုးရသော လှေရှင်ကဲ့သို့ အခက် ကြုံရလေသည်။ ဤသို့သော အခြေအနေမှ အဖေသည် ပင်စင်လစာ ကလေးများကို ရောင်း၍ ကျွန်တော့်အား အိုင်အက်စီ အောင်သည် အထိတော့ ပေပေတေတေ ကျောင်းထားခဲ့ပေသေးသည်။ ထို့ထက် ဆက်လက်၍ ကြိုးပမ်းရန်ကား ဖြစ်နိုင်တော့ချေ။
အဖေမှာ ရရစားစားဘဝမှ သားသမီးများကို ပညာအစွမ်းကုန် ပေးလာခဲ့သူဖြစ်၍ အလုပ်မှ နားလိုက်သောအခါတွင် “လှေဦးခြောက် တော့ ထမင်းငတ်”သော တံငါသည်ကဲ့သို့ ဖြစ်ရလေတော့သည်။

ထိုစဉ်က အဖေ မည်မျှစိတ်ဆင်းရဲခဲ့မည်ကို ကျွန်တော် မှန်းဆကြည့်ခဲ့မိသည်။

“ဒီဂရီ ရအောင်ထားဖို့ အဖေလည်း ကြိုးစားတာပဲကွာ။ ဒါပေမယ့် အသက်ကကြီးလာတော့ စိတ်မှန်းတိုင်း မပေါက်တော့ ဘူး။ ငါ့သား သင့်ရာအလုပ် တစ်ခုခု ရှာပေတော့။ အိုင်အေလောက်
အောင်ရင် မြို့အုပ်ကလေးလောက်တော့ ဖြစ်နိုင်လောက်စရာ ရှိပါ တယ်။ ကြိုးစားလိုက်ပါ သားရယ်"

ကျွန်တော့်အခက်မှာ အဖေအခက်နှင့် နင်လားငါလား ဖြစ် ပါသည်။ -

ကျွန်တော် ကောလိပ်ရောက်တော့ သင်တန်းနှစ်နှင့် အဖေ အခြေအနေကို ကြိုတင်မတွက်မိခဲ့ဘဲ ကိုယ့်ရည်မှန်းချက်အတိုင်း ဇွဲဇွဲသန်သန်နှင့် ဆရာဝန်လုပ်ရန်စိတ်ကူးဖြင့် ဘာသာတွဲများကို ရွေးချယ်ခဲ့သည်။ ယခုလို လမ်းခုလတ်တွင် ကပျက်ယပျက် ဖြစ်ရ လိမ့်မည်ဟု မတွက်ဆမိ။ အဖေက ကျွန်တော့်ကို ကောလိပ်ပို့စဉ် က သူ့မှာ ကျွန်တော်အား မြို့အုပ်ဝန်ထောက် ဖြစ်စေချင်သော အာသီသရှိသည်ကို ကျွန်တော် သိပါသည်။ သို့သော် ကောလိပ်က ဘာသာရပ်များအကြောင်းကို အဖေ ဘာမျှမသိ။ ဘယ်ဘာသာရပ် ကိုယူလျှင် ဘာဖြစ်သည်ကိုမသိ၍ ကျွန်တော်စိတ်သန်ရာကို အဖေအား ပြောမနေတော့ဘဲ ယူခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်ဘာသာ ဖြစ်သလို ဆက်လက်၍ ကျောင်းတက်ရမည်ဆိုလျှင်တော့ ဖြစ်နိုင်စရာအကြောင်း ရှိပါ၏။

သို့ရာတွင် အဖေ့အား တစ်ဘက်တစ်လမ်းက နှစ်သိမ့်လိုသော စိတ်ရှိသဖြင့် ကိုယ်လုပ်ချင်ရာ မလုပ်ရအတူတူ အဖေလုပ်စေချင်ရာ လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ရပါသည်။ အမေ့ဆန္ဒမှာ ကျွန်တော် အား မြို့အုပ်လုပ်စေချင်သောဆန္ဒ ဖြစ်သည်။ မြို့အုပ်စာမေးပွဲများ လည်း မကြာမီစစ်မည်ဟု သတင်းစာထဲက ဆင့်ခေါ်သဖြင့် ကျွန် တော်လည်း လျှောက်လွှာတင်ရန် ပြင်ဆင်ရပါတော့သည်။

ကျောင်းထွက်လက်မှတ်နှင့် ထောက်ခံစာအတွက် ကျွန်တော် ဆရာကြီးထံရောက်သွားတော့ ဆရာကြီးက ကျွန်တော်ယူသော ဘာသာရပ်နှင့် ကျွန်တော်လျှောက်မည့်အလုပ် မကိုက်ညီဖြစ်နေသဖြင့် စုံစမ်းသည်။ ကျွန်တော်က အခြေအနေကို ပြောပြတော့ ဆရာကြီး က 'မင်း စိုက်ပျိုးရေးသင်တန်း မတက်ချင်ဘူးလား။ စတိုင်ပင်လည်း ရမယ်။ နှစ်နှစ်ကြာရင် စိုက်ပျိုးရေးဒီဂရီ ရမယ်'ဟု ပြောသည်။

 ကျွန်တော်မှာ အလုပ်လုပ်ဖို့သာ အာရုံများလျက်ရှိသောကြောင့် ရုတ်တရက်သော် ခပ်ကြောင်ကြောင် ဖြစ်သွားပါသည်။ သို့သော် ဆရာကြီးထံမှ 'ဒီဂရီ'ဆိုသည့်အသံကို ကြားရတော့ အဖေ့မျက်နှာ ကို ကွက်ခနဲမြင်မိသည်။ ။

အဖေသည် သားကလေးတစ်ယောက်ကို ဒီဂရီတစ်လုံး ရစေ ချင်လွန်း၍ အငတ်အပြတ်ခံကာ ကောလိပ်သို့ ပို့ခဲ့သည် မဟုတ် လား။

သို့သော် အဖေသည် စိုက်ပျိုးရေးဆိုသည်ကို ကြိုက်မှ ကြိုက်ပါမည်လားဟု စိတ်ထဲက ထင့်မိသေး၏။ မည်သို့ပင်ဖြစ်စေ - ယခု ဆရာကြီး အကြံပေးသည့်အတိုင်း စိုက်ပျိုးရေးဒီဂရီကို ရအောင်
ယူပြီး “ဒီဂရီ'ဆိုသော ဂုဏ်ကိုတော့ အဖေ ကြိုက်လောက်ပါသည်။ ဒါနှင့်ပင် အဖေ့ကို နှစ်သိမ့်တော့မည်ဟု သာမန်မျှ တွေးတောကာ “ကျွန်တော် စတိုင်ပင်ရမည်ဆိုလျှင် စိုက်ပျိုးရေးသင်တန်းကို တက် ပါမည်'ဟု ဆရာကြီးအား ပြောလိုက်ရပါတော့သည်။ ကျွန်တော် ဆရာကြီး၏ အမအစဖြင့် စိုက်ပျိုးရေးသင်တန်းသို့ တက်ခွင့်ရခဲ့ပြီး နောက် အဖေ့ထံသို့ “ကျွန်တော် စတိုင်ပင်နှင့် ဒီဂရီ ဆက်ယူရမည်။

ကျောင်းဆင်းလျှင် စိုက်ပျိုးဝန်ထောက်ဖြစ်မည်”ဟူ၍ သာမန်မျှသာ ရေးလိုက်ပါသည်။
အဖေ့ထံမှ စာပြန်လာသောအခါ အဖေ့မှာ တစ်စုံတစ်ရာ ကန့်ကွက်စရာမရှိရုံမက ယခုကဲ့သို့ သူ မတတ်နိုင်သည့်အချိန်အခါ မျိုးတွင် ကျွန်တော့်ကုသိုလ်နှင့် ကျွန်တော် မစမည့်သူပေါ်၍ ပညာ ဆက်သင်ခွင့်ရသည်ကို သူအလွန်ဝမ်းသာကြောင်း ရေးလိုက်လေ သည်။

ထိုအချိန်အထိ ကျွန်တော့်မှာ ယောင်ချာချာပင် ရှိသေးသည်။ မြို့အုပ်စာမေးပွဲပင် ပြန်ဖြေချင်သေးသလိုလို၊ ဆေးကောလိပ်တက်ဖို့ စတိုင်ပင်ကိုပင် လျှောက်ချင်သေးသလိုလိုနှင့် မတင်မကျပင် ရှိပါ သေးသည်။ ပြောင်းလဲခဲ့သော အခြေအနေကို ရုတ်တရက် မသုံးသပ် တတ်နိုင်သေးအောင် ရှိပါသည်။ ။

ထို့နောက် သင်တန်းများစသောအခါတွင် ကျွန်တော့်မှာ အိပ်ရာမှနိုးလာသူပမာ အခြေသစ်အနေသစ်တွင် အသိသစ်အမြင်သစ် တွေ တပြုံကြီးနှင့် တွေးစရာတောစရာတွေလည်း များ၍လာခဲ့ပါ သည်။

ကျွန်တော်တို့ လက်တွေ့သင်တန်းများ ဆင်းကြရသောအခါ ကျွန်တော် အဖေ့ကို ခေါ်၍ပြစမ်းချင်ပါသည်။ သူ့သားကို လယ်ထဲ ဆင်းရမည် စိုးရှာလွန်း၍ အဆင်းရဲ အငတ်ပြတ်ခံကာ ပညာသင်ပေး ခဲ့သော အဖေသည် ယခု သူ့သား လယ်ဆင်းထွန်နေရသည်ကို မြင် လျှင် ဘယ်လိုနေမည်နည်း။ ကျွန်တော် မမှန်းတတ်တော့ပြီ။ 

စိုက်ပျိုးရေးသင်တန်းတန်းများသည် လက်တွေ့သင်တန်းများ တွင် သူ့ရာသီအလျောက် လယ်သမားတို့၏ လုပ်ငန်းများကို ကိုယ်တိုင်ဆင်း၍ လုပ်ကြရပါသည်။ ထယ်ထိုးရသည်။ ထွန်မွှေရ သည်။ နွားစာကို ကိုယ်တိုင် စီမံပြုလုပ်ရသည်။ နောက် မျိုးကြံရ သည်။မျိုးကို ကိုယ်တိုင် နုတ်ရသည်။ လယ်ထဲက ကောက်စိုက်သမ ကိုကြည့်ကာ ကိုယ်တိုင်ဆင်း၍ ကောက်စိုက်ကြရသည်။

ဤ ကောက်စိုက်သင်သောတစ်ချိန်လုံး ကျွန်တော်သည် နှင်းမြကို သတိရလျက်ရှိသည်။ နှင်းမြကိုသာမက ယခုအခါတွင် လယ်သမားစစ်စစ်ကြီးများဖြစ်နေကြသော ငခွေး၊ ငပွေး၊ စံလှနှင့် ဘကျော်တို့ကိုလည်း သတိရနေသည်။ ။

ကျွန်တော်တို့တတွေမှာ “ကောလိပ်ကျောင်းသား” ဟူသော အရှိန်အဝါဖြင့် ဟန်တလုံးပန်တလုံး နေလာခဲ့ကြသမျှ လယ်ထဲ ကျမှ ဂိုက်ပဲ့ခဲ့ကြရသော်လည်း ကိုယ့်အဖော်အပေါင်း ကျောင်းသား များနှင့် တပျော်တပါးကြီးဖြစ်၍ စိတ်ညစ်သည်ဟူ၍တော့ မရှိပြီ။ 

 ကောလိပ်ကျောင်းသားဘဝကတော့ မိုးအခါဆိုလျှင် ခြေထောက်ကလေးကိုပင် ရွှံ့ပေမှာ အလွန်စိုးခဲ့သည်။ ယခုတော့ တစ် ကိုယ်လုံး ရွှံ့ထဲဆင်းပြီး အချင်းချင်းလည်း ရွံ့နှင့်ပက်၍ပင် ကစား ကြပြီး ပျော်ပါးခဲ့ကြရသည်။ တကယ်တော့ လယ်ထဲကဘဝမျိုး သည်လည်း ပျော်စရာဘဝမျိုး ပေတကား။

ကျွန်တော်တို့ လုပ်ပုံကိုင်ပုံမှာ စနစ်ကျလှသည် မရှိ။ အလွဲလွဲ အချော်ချော်ဖြစ်တတ်၍ သင်တန်းဆရာက မကြာခဏ ပြောရသည်။ ခိုနေလို့မရ၊ကတ်နေလို့မရ။ ရွှံ့ထဲရေထဲ ဆင်းရမှာကြောက်နေလို့ လည်း မရ။ ရွှံ့ ပေမှာကြောက်၍ တွန့်ဆုတ်တွန့်ဆုတ်နှင့် လုပ် နေမိလျှင် ဆူတတ်ပါသည်။ တစ်ခါတစ်ခါလည်း “ကဲ၊ မောင်တို့ လယ်သမားအလုပ်ကိုလုပ်တာ ရွှံ့ ရေကြောက်နေလို့ မဖြစ်ဘူး ရွှံ့ကို ချစ်တတ်မှ၊ ရေကိုချစ်တတ်မှ လယ်သမားဖြစ်တယ်”ဟု
ဖျောင်းဖျပြောဆိုတတ်ပါသည်။ ဤသို့ လက်တွေ့ သင်တန်းများ ဆင်းရသောနေ့ဆိုလျှင် ကျွန်တော်တို့မှာ ခြေပစ်လက်ပစ် မော၍ နေတတ်ကြပါသည်။

တစ်ခါတစ်ခါ ဤသို့မာနေရင်းက ကျွန်တော်၏ ဘ၀အကျိုး ပေး ဆန်းကြယ်ပုံကိုတွေး‌တောကာ ပြုံးမိပါသေးသည်။ အဖေက သားကို လယ်ထဲကလွတ်အောင်ဆိုပြီး ပညာကောင်းကောင်းသင်ပေး
ခဲ့ပါမှ သားက လယ်ထဲဆင်း ပညာသင်နေရသည်ကို များ မြင်လျှင် ဘယ်လိုများ ပြောဦးမည်နည်း။ ရင်ကိုများ ထုလေမည်လား လယ်ထဲဆင်း လုပ်ရ‌ပေ မယ့် ဝန်လောက်လုပ်ဖို့ သင်တန်းဆင်းရတာ ပဲဆိုပြီး ဂုဏ်ယူမလား။ ကျွန်တော် တွေးကြည့်မိသည်။

ဤသို့ တွေးရင်းက “ဟုတ်ပါရဲ့ ။ ငါ့မှာ အိုင်အက်စီ အောင် သည်အထိ ငါ့ဘ၀ ငါ့အခြေ ဘယ်လိုဆိုတာ မမြင်ဘဲ ထင်တစ်လုံး နှင့် ပညာတွေ သင်လာလိုက်တာ တကယ်ကို့ လေပူဖောင်း မှုတ် ရသလိုပဲ။ ဖောင်းခနဲ ကွဲရာမှ အထဲမှာ ဘာမျှမရှိမှန်း သိရတော့ ပဲ”ဟုလည်း တောင်စဉ်ရေမရ တွေးခဲ့မိသည်။ စိတ်ပျက်ချင် သလိုလို အားလျှော့ချင်သလိုလို နားဝေတိမ်တောင် ဖြစ်ရင်းကပင် ကျွန်တော် သင်ယူလေ့လာနေသောပညာရပ်မှာ သေးငယ်သော လုပ်ငန်းမဟုတ်သည်ကို သတိပြုမိလာပါသည်။ ။

ကျောင်းအားသော တစ်နေ့ညနေခင်းတွင် ကျွန်တော်တစ်ယောက်တည်း အောင်ပင်လယ်ဘက်သို့ လမ်းလျှောက်၍ ထွက်ခဲ့ပါ သည်။ လယ်ကွင်းတို့သည် စိမ်းလန်းစိုပြည်လျက် ရှိကြသည်။ ဤ ကျယ်ပြန့်သောကွင်းထဲတွင် ကျွန်တော်တို့ ကိုယ်တိုင်ဆင်း၍ လက်တွေ့ ထွန်ယက်စိုက်ပျိုးခဲ့ရသော အကွက်များလည်း ပါသည်။

ကျွန်တော်လည်း လေညင်းကလေးတိုက်၍ တအိအိ တလိမ့်လိမ့်လှုပ်ရှားနေသော စပါးလယ်ကွင်းများ၏ သဘာဝအလှကို ကြည့်ရှု‌ငေးမောရင်း လေအေးကလေးကို ရှူရှိုက်ကာ တစ်ကိုယ်တည်း လျှောက်လာခဲ့သည်။ လျှောက်ရင်းလည်း တစ်ကိုယ်တည်း အတွေးချဲ့ကာ ကျွန်တော့်ကိုယ် ကျွန်တော် မေးလိုက်‌ဖြေလိုက်နှင့် အတော် ကလေး ခရီးပေါက်ခဲ့လေသည်။ ။

“လယ်တွေဟာ လှတယ်နော်”

 “အင်း၊ - လှတယ်။ သိပ်လှတာပဲ”

“ဒီအထဲမှ မင်းတို့စိုက်ခဲ့တဲ့ လယ်တွေလည်း ပါတယ်။ မင်းလည်း ဒီအလှအပမျိုးကို တစ်ဘက်တစ်လမ်း ပါဝင်ဖန်တီးရသူ အနေနှင့် ဝမ်းမသာဘူးလား” ..

“အင်း၊ ဝမ်းသာပါကယ်" ..

“ဒါပေမယ့် မင်း အခု လယ်ထဲဆင်းပြီး အလုပ်လုပ်နေရပြီ မဟုတ်လား။ မင်းနှင့်ရိုးရာလယ်သမား ဘာများ ထူးသေးလဲ။ ဟို ဘက်အကွက်က မင်းတို့လုပ်တယ်၊ ကဲ၊ ဘယ်လိုထူးလဲ "

“အလုပ်သဘောအရတော့ မထူးပါဘူး။ ဒါပေမယ့် ငါဟာ လယ်သမားအစစ်တော့ မဟုတ်ဘူး။ ငါဟာ ကောလိပ်ကျောင်းသားပဲ”

“ကောလိပ်ကျောင်းသားဆိုတာကကော ဘာလဲ။ လူပဲမဟုတ် လား။ လယ်သမားလည်း လူပဲ မဟုတ်လား။ ကောလိပ်ကျောင်းသား ဆိုတာ မိုးပေါ်က ကျလာတာလား”

““မဟုတ်ပါဘူး။ ဒါပေမယ့် ကောလိပ်ကျောင်းသားဆိုတာ - ရိုးရာလယ်သမားလို လယ်တစ်ခုတည်း လုပ်တတ်တာ မဟုတ်ဘူး။ သူဟာ ကောလိပ်မှာ အထက်တန်းပညာတွေကို သင်နေတဲ့လူပေါ့”

“အထက်တန်းပညာဆိုတာ ဘယ်လိုဟာတွေလဲ”

 “အစုံပေါ့။ ဝိဇ္ဇာပညာရပ်တဲ့၊ သိပ္ပံပညာရပ်တဲ့”

 “ဝိဇ္ဇာပညာရပ်တွေဆိုတာက ဘာတွေတဲ့လဲ။ ပြောစမ်းပါဦး”

“ဝိဇ္ဇာပညာရပ်တွေဆိုတာကတော့ အမျိုးမျိုးပေါ့။ ကျိုးကြောင်း ဆင်ခြင်တုံတရားကို လေ့လာတဲ့ပညာတွေ၊ နိုင်ငံ့သမိုင်း၊ လူ့သမိုင်းကို လေ့လာတဲ့ပညာတွေ၊ စာပေဝေါဟာရတို့ကို လေ့လာတဲ့ပညာ တွေ၊ အစုံပေါ့ ”

“သိပ္ပံပညာရပ်တွေ ဆိုတာကကော”

“သိပ္ပံပညာရပ်တွေဆိုတာက အရာဝတ္ထုတို့ရဲ့ သဘာဝကို လေ့လာစူးစမ်းတဲ့ ပညာတွေလေ။ စကြဝဠာတစ်ခုလုံးမှာ ရှိရှိသမျှ။ ဖြစ်ဖြစ်သမျှတို့ရဲ့ ဇာစ်မြစ်သဘာဝကို ရှာဖွေပြီး နားလည်အောင် လုပ်တဲ့ ပညာရပ်တွေပေါ့။ ဒါတွေကို ရှာတဲ့ဖွေတဲ့ပညာရပ်လည်း ရှိတယ်။ ရှာလို့ဖွေလို့ တွေ့သမျှသိသမျှကို အသုံးချပေးတဲ့ ပညာ တွေလည်း ရှိတယ်”

“အင်း၊ ဒါကတော့ ဟုတ်ပါပြီလေ။ ဒီလို ပညာရပ်တွေကို လေ့လာသင်ယူပြီးတော့ ဘာတွေများ လုပ်နိုင်လဲ”

“ဘာလုပ်နိုင်လဲဆိုတာတော့ ပြောဖို့ခက်တယ်။ ပညာဆိုတာ အသိပညာနှင့် လက်မှုပညာ ရှိတယ်။ လက်မှုပညာဆိုတာကတော့ သင်လို့တတ်ရင် တစ်ခုခု လုပ်နိုင်တယ်။ ဥပမာ လက်သမားပညာ တတ်ရင် အိမ်ဆောက်တတ်တယ်။ စားပွဲကုလားထိုင် လုပ်တတ်တယ် ပေါ့။ အသိပညာဆိုတာကတော့ သိတာပဲ ရှိတယ်ပေါ့ "

“ဥပမာ လယ်သမားအတတ်ပညာဆိုပါတော့။ အခု မင်းတို့ သင်နေရတဲ့ပညာနှင့် ဘာတွေလုပ်နိုင်လဲ”

“ဒါတော့ လယ်သမားအတတ်သင်လို့တတ်ရင် လယ်လုပ် တတ်မှာပေါ့”

“ရိုးရာလယ်သမားလည်း လယ်တော့ လုပ်တတ်တာပေါ့” 

"ဒါတော့ ဟုတ်တယ်။ ဒါပေမယ့် သင်တန်းဆင်း စနစ်တကျ တတ်တဲ့လူက ရိုးရာလယ်သမားထက် အသိအမြင်ပိုတယ် ဥပမာ သူ့လယ် ပိုးကျရင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ် သီးနှံပိုထွက်
အောင် ဘယ်လိုမြေသြဇာ ထည့်ပေးရမယ်ဆိုတာ သိတယ်။ မျိုးကောင်းမျိုးသန့်ထွက်အောင် ဘယ်လိုစိုက်ရမယ်ဆိုတာ သိတယ်။ ရိုးရာ လယ်သမားကတော့ ဒါတွေကို မိရိုးဖလာ သွန်သင်မှုလောက်နှင့် ပြီးတာပဲ"

“ကောင်းပြီလေ။ ဒီတော့ ခုလို သင်တန်းကဆင်းလာတဲ့ လူက ပိုသိတယ် ထားပါတော့။ ဒါပေမယ့် သူက လယ်လုပ်စား မယ့်လူမှ မဟုတ်ဘဲ။ သူက သင်တန်းဆင်းရင် အစိုးရအရာရှိအဖြစ် နှင့် ဝန်ထောက်လုပ်မယ့်လူပဲ။ သူက ဘာလုပ်နိုင်မှာလဲ” ,

“သူက လယ်သမားတွေကို အသိသစ်အမြင်သစ် လုပ်နည်းသစ် တွေ လမ်းပြပေးမယ်။ ဦးဆောင်ပေးမယ်”

“ဒါပေမယ့် ဒါကို သူ တကယ်ဆောင်ရွက်ပေးနိုင်ရဲ့လား။ သူ့ရဲ့ ဦးဆောင်မှုကို လယ်သမားတွေက လိုက်နိုင်ကြပါ့မလား။ လိုက်ေကာ လိုက်ချင်ကြပါ့မလား”

“ဒါလည်း စဉ်းစားစရာပါပဲ”

“တက္ကသိုလ်က သိပ္ပံပညာရှင်တစ်ယောက်နှင့် လယ်ထဲက လယ်သမားတစ်ယောက် ဘဝချင်းကတော့ အတော်ကွာခြားတယ်။ လယ်သမားဆိုတာ သူတို့ရဲ့ မိရိုးဖလာနည်းစနစ်တွေကို စွန့်ချင်ကြ တာ မဟုတ်ဘူး။ ခေတ်ပညာဆိုတာကိုလည်း နားမလည်ကြဘူး။ တက္ကသိုလ်ကျောင်းဆိုတာ လူပေါ်ကြော့တွေနေတဲ့ နေရာ၊ အရာရှိ အရာခံဆိုတဲ့ လူ့မလိုင်ခဲတွေ မွေးထုတ်တဲ့နေရာဆိုပြီး မြင်ကြတယ်။ သည်ဆီကလာတဲ့လူတွေက လယ်ထွန်ပြမယ်၊ ထယ်ထိုးပြမယ်ဆိုရင် သူတို့ ဘယ်လို ကြည့်ကြမလဲ”

“ဟုတ်တယ်။ အထူးအဆန်းအဖြစ်နှင့်တော့ ကြည့်ကြမှာပဲ။ ဖိုးစိန်ကြီး ကာကဝလ္လိယဇာတ်ခင်းပြီး ဆင်းရဲပြတာကို ကြည့်သလိုပေါ့"

"ဒီလိုဆိုရင် သူတို့ရဲ့ ရှေ့ဆောင်လမ်းပြလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကော အောင်မြင်နိုင်ပါ့မလား”

“ဟုတ်တယ်။ ဒါလည်း စဉ်းစားဖို့ပဲ။ မြန်မာ့လူနေမှုအဆင့် အလန်းတွေနှင့် သဘောထားတွေကတော့ ဒီလူနှစ်ယောက်ကို စေ့စပ်ပေးဖို့ ခပ်ခက်ခက်ပဲ။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်လေ။ နှစ်ဦးနှစ်ဘက်  သဘောပေါက်ကြဖို့ လိုလာပါပဲ”

“သဘောပေါက်အောင် ဘယ်လို လုပ်မလဲ။ ကဲ၊ ဆိုစမ်းပါဦး"

“တက္ကသိုလ်ကျောင်းထွက် လယ်သမားက လယ်ထဲက လယ် သမားကို ယုံအောင်လုပ်ပြပေါ့။ သူဟာ အရာရှိအရာခံ ဇိမ်ခံလူတန်း စား မဟုတ်ပါဘူး။ လယ်သမားပါပဲဆိုတာကို လက်တွေ့လုပ်ပြ ရမှာပေါ့။ လက်တွေ့ မပြနိုင်ရင်တော့ လယ်ထဲကလူက မယုံပေဘူး”

“ဒါဖြင့် သူလည်း လယ်ထဲမှာပဲဆင်းပြီး အလုပ်လုပ်ပြ ရမှာပေါ့။ ခဏတဖြုတ်မဟုတ်ဘဲ အချိန်ပြည့် လုပ်ပြနေမှလည်း ယုံမှာနော်”

“အချိန်ပြည့် လယ်သမားပဲဆိုပါတော့။ သူက အစိုးရစရိတ် နှင့် လယ်လုပ်တဲ့ လယ်သမားပေါ့ ။
ဒါဟာ သဘောတရားအရတော့ ဟုတ်တယ်။ တကယ့် လက်တွေ့ကျတော့ တက္ကသိုလ်ကျောင်းထွက်တစ်ယောက်ဟာ လယ်ထဲဆင်းပြီး အလုပ် လုပ်နေချင်ပါ့မလား။ သူ တက္ကသိုလ်ကိုသွား ပြီး ပညာသင်တာဟာ ဘာလုပ်ဖို့လဲ။ အရာရှိအရာခံလုပ်ပြီး ဇိမ်နှင့် နေဖို့ မဟုတ်ဘူးလား”

“ဒါစဉ်းစားစရာပဲ။ တက္ကသိုလ်လိုနေရာမျိုးမှာ ပညာသင်ခဲ့ တော့လည်း သည်ကထွက်ပြီး လယ်ထဲဆင်း အလုပ်လုပ်ရမယ့်ဟာတော့ ကြိုက်ကြမယ် မဟုတ်ဘူးပေါ့။ ဒါပေမယ့် တက္ကသိုလ်ပညာ ဆိုတာဟာ အရာရှိအရာခံဖြစ်ဖို့ ပဓာနမဟုတ်ဘူး။ အသိဉာဏ်အမြင် ဉာဏ် ရင့်သန်မှု၊ အကြားအမြင်များမှုအတွက်သာ ပဓာနဖြစ်တယ် လို့ သဘောထားသင့်တာပဲ။ ဒီလို သဘောထားမှ မှန်မယ်။ အလုပ် ဆိုတာကတော့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြရမှာပဲ။ တို့တိုင်းပြည် မှာကတော့ တက္ကသိုလ်ပညာသင်တာဟာ အရာရှိအရာခံ လခစား အလုပ်လုပ်ဖို့လိုပဲ လူတွေက မြင်ကြတယ်။ ဒါဟာ အမြင်မှန်မဟုတ် ဘူး”

“မင်းရော၊ အခု တက္ကသိုလ်မှာ သင်တန်းတက်နေတယ်၊ မဟုတ်လား။ ဒါဟာ တကယ် လယ်လုပ်ဖို့လား၊ အစိုးရလခစား စိုက်ပျိုးဝန်ထောက် လုပ်ဖို့လား”

. “ဒါလည်းပဲ စဉ်းစားစရာပါပဲ။ ဟုတ်တယ်။ အစကတော့ ဘာမှန်းမသိတဲ့ “ဒီဂရီ'ဆိုတာကို လိုချင်လို့ပဲ။ နောက် ‘ဝန်ထောက် ဆိုတဲ့ ဂုဏ်ရှိတဲ့အလုပ်အတွက် ဖြစ်တယ်။ အခုတော့ ဘာလုပ်ရလုပ်ရ ဝမ်းရေးအတွက် ဖူလုံအောင်ပဲ သဘောထားတော့တယ်။ ဝန်‌ထောက် လုပ်လည်း အလုပ်ဝတ္တရား ကျေပွန်အောင်တော့ လုပ်ရမှာပဲ။ နာမည်ပဲ
ကောင်းပြီး အနှစ်သာရတော့ ထူးထူးထွေထွေမရှိလှပါဘူး။ ငါ့ အဖေဟာ ငါ့ကို အရာရှိအရာခံ သိပ် ဖြစ်စေချင်တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ သူဟာ လယ်သမားမျိုးရိုးကနေ သွေဖည်ပြီး လခစား လုပ်ခဲ့တယ်။ လခစားလုပ်ရာက လယ်သမားဘဝကို ပြန်ရမှာလည်းကြောက်တယ်။ ငါ့ကို အရာရှိအရာခံ ဖြစ်စေချင်တယ်ဆိုတာက သူ့စိတ်က ကောင်းမယ်ထင်တာကိုသာ ပြောတာ။ တကယ်တော့ သူ ဘာမျှ မသိပါဘူး။ လခစားအလုပ်ပဲ အလုပ်ထင်ဟန် တူတယ်။ သူ့ဘ၀ သူ့အခြေကို နှစ်ခြိုက်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့ထက် နည်းနည်းမြင့်တဲ့ မြို့အုပ်ဝန်ထောက်လောက်ဆိုရင် ကောင်းလိမ့်မယ်ထင်ပြီး အထင်နှင့်ပြောတာပဲ။ တကယ်တော့ ဝန်ထောက်၊ မြို့အုပ်၊ စာရေးစာချီအလုပ်လည်း အလုပ်ပဲ။ လယ်သမားအလုပ်လည်း အလုပ် ပဲဆိုတာကို သဘောမပေါက်ဘူး”

“မင်းအဖေကတော့ သဘောမပေါက်ဘူးဆိုရင် ထားတော့။ မင်းကကော သဘောပေါက်ရဲ့လား”

“အခု ဒါကိုပဲ စဉ်းစားနေတယ်။ အစကတော့ အဖေလိုပါပဲ။ လခစားအလုပ်နှင့်လူက လူရည်လူရောင်ပြောင်တယ် ထင်ခဲ့တယ်။ကောလိပ်ကိုရောက်ပြီး ကိုယ့်လူတွေထဲက ဒီလိုပဲ အရာရှိအရာခံ ထွက်ထွက်လုပ်ကြတဲ့လူတွေကို ကြည့်တော့ သိပ်မထူးခြားလှဘူး ဆိုတာ တွေ့ရတယ်။ သူတို့အလုပ်ဟာ ဘာလဲဆိုတာ သိရတော့ ကိုယ်ပိုင်အလုပ်လုပ်တဲ့လူတွေကို ပိုပြီး အားကျလာတယ်”

“မင်း အခုလို တက္ကသိုလ်မှာ ပညာသင်ပြီး ကျောင်းကထွက်ရင်ကော ကိုယ်ပိုင်အလုပ်တစ်ခုခု လုပ်ဖို့ စိတ်ကူးသလား”

“ကူးတယ်” ။ “ဘယ်လိုအလုပ်မျိုး လုပ်မလဲ”

 “စဉ်းစားနေတုန်းပဲ”

“ကဲ၊ စဉ်းစား။ မင်း အခု လယ်ယာလုပ်ငန်းသင်တန်းတွေ ဆင်းနေတယ် မဟုတ်လား။ လယ်သမားအလုပ်ကော၊ လယ်သမား အလုပ်ဟာ မြန်မာပြည်မှာ အကြီးကျယ်ဆုံးလုပ်ငန်းပဲ မဟုတ်လား။ မင်းအဖို့ ဝမ်းရေးဆိုတာလည်း ပြဿနာမဟုတ်ဘူး၊ ဒါကို စဉ်းစား သလား”

“စဉ်းစားပါတယ်။ ဒါပေမယ့် အဖေ့ကိုလည်း နှစ်သိမ့်ချင် သေးတယ်” 

“မင်းအဖေဟာ ဘာလဲ”

“စာရေးကြီးလေ၊ လခစားပေါ့”

“သူ့အလုပ်ကို သူ နှစ်ခြိုက်ရဲ့လား။ စားဖို့သောက်ဖို့ကော လုံလောက်ရဲ့လား”

“အင်း၊ ခဏခဏတော့ ညည်းတာပဲ။ အထက်လူကို ကြောက် ရတာလည်း ရှိတယ်။ ဝမ်းရေးအတွက်တော့ ဖူလုံရုံပဲ ရှိတယ်ဆိုပါတော့။ သားကလေးသမီးကလေးတွေ ပညာသင်ပေးတဲ့အတွက် တော့ အကြွေးတင်တာပေါ့”

 “မင်း နှင်းမြကိုရော သတိရသေးရဲ့လား”

 “နှင်းမြကိုတော့ ဘယ်မေ့မလဲ"

 “နှင်းမြတို့အဖေက ဘာလုပ်လဲ”

 “လယ်သမားပေါ့"

“သူတို့ကကော သူတို့ဘဝသူတို့ နှစ်ခြိုက်ကြရဲ့ လား။ စား ဖို့သောက်ဖို့ရော လုံလောက်ကြရဲ့လား”

“သူတို့အလုပ်နှင့် သူတို့တော့ ပျော်ပုံရပါတယ်။ ဝမ်းရေး ကတော့ မပူရဘူး။ ပြည့်ပြည့်စုံစုံပဲ။ လှူဖို့တန်းဖို့လည်း ပိုပိုလျှံလျှံ ရှိတယ်"

“မင်းအဖေဟာ အင်မတန်ခေါင်းမာတဲ့ လူစားလား”

“ဒီလိုရယ်လို့လည်း မဟုတ်ပါဘူး”

ကျွန်တော်လည်း အတွေးအမျှင်မပြတ်နိုင်သည်နှင့် ခြေဦး တည့်ရာသို့ အမှတ်မထင်လျှောက်ခဲ့ရာ အတော်ကလေး မှောင်စ - ပျိုးလာမှ ကျွန်တော် လယ်ကွင်းများအလယ်တွင် ရောက်နေကြောင်း
ကို သတိပြုမိတော့သည်။ ကျွန်တော်လည်း ပတ်ဝန်းကျင်ကို လှည့် - ပတ်ကြည့်လိုက်ပြီး ကျောင်းဘက်သို့ ပြန်၍ လျှောက်ခဲ့သည်။

------------

ထင်လင်း

#Typing_crd_ZawOo

No comments:

Post a Comment