Wednesday, 4 March 2020

မိငယ်သိတဲ့ကိုကိုမောင် #မစန္ဒာ

#မိငယ်သိတဲ့ကိုကိုမောင်

#မစန္ဒာ

အ‌မွှေးတိုင်ငါးတိုင်ကို လက်ထဲတွင် စုကိုင်ပြီး ထွန်းညှိလိုက်တော့ စူးရှသော အမွေးရနံ့က လေထဲတွင် ပျံလွင့်သွားသည်။ သေးသေးမျှင်မျှင်
အတန်းကလေးများက ဂန္ဓမာပန်းဝါဝါ များဆီသို့ လက်ကမ်းနေသလို ခပ်နွဲ့နွဲ့ယိုင်ပြီး အပေါ်ဘက်သို့ တရိပ်ရိပ်နှင့်ဖြည်းလေးစွာ လွင့်တက်သွားသည်။

"ရောင်းပန်းဝယ်ပန်း ပွင့်ပါစေ ဘုရား”

မိငယ်ကဆုတောင်းနေကျအတိုင်း ဆုတောင်းလိုက်ပြီး စဉ့်သုတ်ထားသော မြေခွက်ကလေးထဲတွင် အမွှေးတိုင်များကို ထိုးစိုက်၍ ပူဇော်လိုက်စဉ်တွင် သံတံခါးကိုဆွဲ၍ လှုပ်လိုက်သော အသံကို ကြားရသည်။

တံခါးဝတွင် လူစိမ်းတစ်ဦး ရပ်နေသည်ကို တွေ့ရသည်။ အရပ်မြင့်သည်။ အသားအနည်းငယ်ညိုသည်။ ဂျင်းဘောင်းဘီရှည်ဝတ်ထားသည်။ ထို့ပြင် သူ့မျက်လုံးများကရွှင်ချိုပြီး တောက်ပသည်။

" ဟေး အန်တီမြ ရှိရဲ့လား"

သူက အသံကျယ်ကျယ်နှင့် လှမ်းမေးသည်။

'မနက်ခုနစ်နာရီတောင်မထိုးသေးဘူး၊ ဘယ်က ဧည့်သည်ပါလိမ့်'ဟု စဉ်းစားရင်း မိငယ်သည် ဘုရားစင်ရှေ့တွင် ဆက်၍ ရပ်နေသည်။ ကြီးကြီးမြက အိပ်ရာမှမထသေး။ ဦးလေးအုန်းက လမ်းလျှောက်ထွက်သွားသည်။ ဒေါ်စုက ဈေးသွားသည်။

‌" ဟေ့ အန်တီမြ ရှိလား ဆိုမှ"

"ဟုတ်ကဲ့"

ကြီးကြီးမြဆီကို ရွှေပေါင် ငွေပေါင်လာတဲ့သူတွေလည်း မဖြစ်နိုင်ပါဘူးဟု မိငယ်က စဉ်းစားသည်။ ပိုက်ဆံချေးလိုသူများသည် သိပ်စောမလာတတ်၊ နောက်ပြီး သူ့လို ရွှင်ချိုပေါ့ပါးသောဟန်ပန်များ
မရှိတတ်။

“ဟုတ်ကဲ့ ဆိုရင်လည်း တံခါးဖွင့်လေ၊ ဒါကဒီအပေါက်ဝမှာ ဒီလိုပဲ အကြာကြီးရပ်နေမှာလား"

“ဟုတ်ကဲ့"

“ဘာ”

"အို မဟုတ်ဘူး”

မိငယ်က အယောင်ယောင် အမှားမှား ဖြေသည် ။ တကယ့်တကယ်တော့လည်း ကြီးကြီးမြတို့ ဒေါ်ဒေါ်စုတို့၏အခွင့်အမိန့်မရဘဲ မိငယ် မည်သူ့ကိုမျှ တံခါးဖွင့်မပေးရဲချေ။ လူစိမ်းမဆိုထားနှင့် မျက်နှာ
သိများကိုပင် တံခါးကို အရမ်း အရမ်း ဖွင့်မပေးရန် ကြီးကြီးမြတို့က အထပ်ထပ် မှာကြားထားသည်။ ဦးလေးအုန်းနှင့်ဒေါ်စုက မြို့ထဲတွင် ရွှေဆိုင်ထွက်ပြီး ကြီးကြီးမြက ရွှေပေါင်ခံသူမို့ အိမ်တွင် အဖိုးတန်ပစ္စည်းများက အမြဲရှိနေသည်။ သူခိုးဓားပြနှင့် အနုကြမ်းရန်ကို သူတို့ အလွန်ကြောက်ကြောင်း မိငယ် သိသည်။

“ဪ စကားသံတွေ ကြားလို့ ဘယ်သူများလဲလို့၊ မောင်ကိုကိုမောင်ပါလား”

ကြီးကြီးမြထွက်လာသဖြင့် မိငယ် အတန်ငယ် အသက်ရှူချောင်သွားသည်။

“အန်တီမြရဲ့ တူမကလေးလေ မောင်ကိုကိုမောင်ရဲ့၊ သူကမျက်နှာစိမ်းမို့ ချက်ချင်းတံခါးမဖွင့်ရဲတာပါ၊ စိတ်မရှိနဲ့နော်"

တိုင်ကပ်နာရီအောက်တွင် ချိတ်ထားသော ကြေးဝါသော့ချောင်းကို ယူ၍ တံခါးကို ခပ်သွက်သွက်ဖွင့်သည်။ ကြီးကြီးမြတို့ ညီအစ်မက မိငယ်၏အဖေနှင့် ဆွေမျိုးနီးစပ်တော်သည်။ အဖေရော အမေပါ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတော့ ခိုကိုးရာမဲ့ ကျန်ခဲ့သော မိငယ်သည် ကြီးကြီးမြတို့၏ အရိပ်အောက်သို့ဝင်ရောက်ခိုလှုံခဲ့ရသည်။ကျောင်းဆက်နေခွင့်မကြုံ၊ အိမ် အလုပ်များကို ဇယ်ဆက်သလို လုပ်ရ
သော်လည်း ကြီးကြီးရဲ့ တူမကလေး ဟု ပြောသံကြားရလျှင် မိငယ် အမောပြေရသည်။

"အစိမ်းနည်းနည်း ပါလာလို့ လာပြတာ အန်တီမြရေ"

ကိုကိုမောင် အိမ်ထဲရောက်တော့ မိငယ် ကော်ဖီပြေးဖျော်ရသည်။ အစိမ်းတို့၊ အပြာ တို့ အသံကြား၍ ဒေါ်ဒေါ်စုတို့ ကြီးကြီးမြတို့နှင့် လုပ်ငန်းချင်းယှက်နွယ်သူဟုသိပြီး နက်(စ်)ကော်ဖီပုလင်းကို ဖွင့်ရ
သည်။ တော်ရုံဧည့်သည်ဆိုလျှင်တော့ ပြည်တွင်းဖြစ် ကော်ဖီမှုန့်ကိုသာအသုံးပြုပြီး ကြီးကြီးမြ၏လေသံက' အော် အေး ထိုင်ကွယ်” ဆိုတာ
လောက် ဆိုလျှင်တော့ ရေနွေးကြမ်းနှင့် ထန်းလျက်ခဲလောက်သာ ထုတ် ရမည်ကို မိငယ်ကျွမ်းကျင် နားလည်ပြီးဖြစ်သည်။

"အဲဒါတွေကိုတော့ အန်တီမြ နားမလည်ဘူးကွဲ့၊ မစုတို့ လင်မယားလာမှ ပြကြည့်လေ "

ကော်ဖီပန်းကန်ကိုအသာချလိုက်ပြီး မိငယ်သည် ကိုကိုမောင်ကို မသိမသာခိုးကြည့်မိသည်။ မျက်ခုံးမွှေးထူထူနှင့် နှုတ်ခမ်းဖျားတွင်
မှဲ့နက်တစ်လုံးရှိသည်ကို သတိထားမိလိုက်စဉ်တွင်ပင် ကိုကိုမောင်ကမိငယ်အား ဖျတ်ခနဲ လှမ်းကြည့်သည်။ ချိုရွှင်စွာ ပြုံးပြသည်။

"နောက်တစ်ခါ ကျွန်တော်လာရင်တော့ တံခါးမြန်မြန် ဖွင့်ပေးမှာလားဟင်"

ရင်းနှီးကျွမ်းဝင်စွာ လှမ်းပြောလိုက်တော့ မိငယ်ရင်ထဲတွင်တဖျပ်ဖျပ်ခုန်သွားသည်။ ရှက်ကိုးရှက်ကန်းနှင့် ခစ်ခနဲ ရယ်လိုက်မိစဉ် ကြီးကြီးမြက မကြိုက်သလို လှမ်းကြည့်လိုက်သဖြင့် မျက်နှာပိုးသတ်
လိုက်ရသည် ။မိငယ်၏ နေ့စဉ်မှတ်တမ်းစာအုပ်ကလေးထဲတွင်ကား 'ယနေ့ ကိုကိုမောင်နှင့်စ၍သိရသည်”ဟု ရေးမှတ်ထားလိုက်မိသည်။

နောက်တစ်ခါ ကိုကိုမောင်လာတော့ မိငယ်ကြမ်းတိုက်နေစဉ်တွင် ဖြစ်သည်။ ပေါ်လစ်သုတ်ထား၍ စေးကပ်ကပ်ဖြစ်နေသော ပျဉ်းကတိုး
ကြမ်းခင်းကို ချောပြီးပြောင်လက်လာစေရန် အားစိုက်၍ဖိတိုက်ရင်း မိငယ် ကိုကိုမောင့်ကို သတိရနေသည်။ ထိုအချိန်တွင်ပင် “အိမ်ရှင်တို့
ခင်ဗျာ´ဟူသောအသံကို ကြားရသည်။ အမှတ်မဲ့မော်ကြည့်လိုက်စဉ်ပြုံးရယ်၍ ချိုသာသော သူ့မျက်လုံးများကိုတွေ့လိုက်ရတော့ မိငယ်
ရုတ် တရက်ပျော်သွားသည်။ ဧည့်သည်လာလျှင် ကြီးကြီးမြကို အလျင်သွား ပြောပြီးမှတံခါးဖွင့်ပေးရမည်ဆိုသည့်စည်းကမ်းချက်ကိုပင် မေ့လျော့ ပြီး တံခါးကို အလျင်စလို ပြေးဖွင့်မိသည်။ 

ကြေးဝါသော့ခလောက်ကို ဆွဲဖြုတ်နေသော မိငယ်အား သူကသံတံခါးအပြင်ဘက်မှနေပြီးစီးကရက်ငွေ့နှင့်မထိတထိလှမ်းမှုတ်လိုက်သည်။ 'ဒီတစ်ခါတော့ မြန်မြန်ဖွင့်ပေးသားပဲ”ဟု ရယ်သံနှင့် ပြောသည်။သူ့ကို အမှတ်တရရှိနေဟန်ကို တွေ့ရ၍ မိငယ်ရင်ခုန်သွားသည်။ ပျော်ရွှင်သွားသည်။

“ဟော မောင်ကိုကိုမောင် ပျောက်လှချေကလားကွဲ”

“ပျောက်ဆို ဟိုဘက်မှာ ကြာသွားလို့ အန်တီရေ"

ကို ကို မောင်ကကုလားထိုင် တွင်ခြေပစ်လက်ပစ် ဝင်ထိုင်သည်။" ဝှီး-ပြွန်မာပြည်ကြီးတယ်ပူတာပဲ၊ ဟိုဘက်မှာကရာသီဥတုသိပ်ကောင်း တာ” ဟု ပြောရင်း မိငယ်ဘက်သို့လှည့်ကာ "ရေအေးလေး
တစ်ခွက် လောက်ဗျာ" ဟု ပြောသည်။

"အော် နေပူထဲကလာရတာ မောမှာပေါ့၊ မော်တော်ဆိုင်ကယ်နဲ့ လာရတာ နေပူသက်သာတာမှ မဟုတ်၊ ဒီကြားထဲ ဦးထုပ်ကြီး စွပ်ထားရတော့ ပိုတောင်အိုက်ဦးမယ်”

ရေတစ်ခွက်လောက်သာတောင်းသော်လည်း မိငယ်ကဘာလီ ရည် ချိုချို ဖျော်ပေးသည်။ ရေခဲသေတ္တာထဲမှ ရေခဲတုံး ကလေးများကိုပါထုတ်၍ထည့်သည်။

"ရောင်းရ ဝယ်ရတာ အရင်တုန်းကလောက် မကောင်းဘူးအန်တီရဲ့ ၊ အဖမ်းအဆီးကလည်း များတယ်။အရင်တစ်ခေါက်က အစိမ်းလေးတွေကတော့ အရည်ကောင်းသားကွဲ့၊ မစုတို့တွေ အထည်လုပ်ရောင်းတာ ကြိုက်ကြတယ်၊ အော် အဲဒါတောင် ငွေအကျေမပေးရသေးဘူးနော်၊ အန်တီတို့လည်း မောင်
ကိုကိုမောင်ကို မျှော်နေတာ"

“ဟုတ်တယ်အန်တီ၊ ကျွန်တော်လည်း ချက်ချင်း ပြန်ထွက်သွားတာနဲ့ မရောက်ဖြစ်တော့တာပါ၊ ပြန်လာမှပဲ ယူတော့မယ် ဆိုပြီးတော့လေ၊ စိတ်မချရတဲ့သူတွေမှ မဟုတ်ဘဲ” 

“ခုတစ်ခေါက်တော့ ဘာမှ မပါဘူးလားကွယ်၊ အစိမ်း မဟုတ်တောင် အပြာအနီထဲကရော”

"အရောင်တွေ က သိ ပ် မကိုက်ပါဘူး အန်တီရယ် ၊
ကျွန်တော်က အဖြူကိုင်ရကောင်းမလား စဉ်းစားနေတာ”

"အဖြူဆိုရင်တော့ မင်း ဟိုဘက်တက်မနေနဲ့တော့လေ၊ နိုင်ငံခြားပြန်တွေဆီက ပစ္စည်းကောင်းတယ်”

ကြီးကြီးမြကပြောတော့ ကိုကိုမောင်က ရယ်သည်။ မိငယ်သည်လည်း ဒီအိမ်မှာ အနေကြာလာပြီမို့ အစိမ်းတို့ အပြာတို့ အနီတို့အခေါ်အဝေါ်များကို ကျွမ်းနေပြီဖြစ်သည်။ ကျောက်များ၏ အရောင်ကို
လိုက်ကာ ခေါ်ခြင်းဖြစ်ကြောင်းသိသည်။ အဖြူဆိုသည်မှာကား စိန်ကိုပြောခြင်းဖြစ်မည်ဟု မှန်းဆ၍သိရသည်။

'ကဲ ခဏထိုင်ဦး၊ အန်တီ ငွေသွားယူလိုက်ဦးမယ် ။
အန်တီမြ အခန်းထဲဝင်သွားတော့ သူက စားပွဲပေါ်မှ ဘာလီခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်ချင်း အရသာခံ၍‌ေသာက်သည်။

“ဘာလီရည်က ကောင်းလိုက်တာ ရင်ထဲကို အေးသွားတာပဲ"

အိမ်ခေါင်းရင်းဘက်မှ ကြမ်းကို တိုက်နေသော
မိငယ်အား လှမ်းပြောသည်။

"ချိုများ ချိုသွားသလားလို့”

မိငယ်က ရင်တဒိတ်ဒိတ်ခုန်ရင်း ရှက်သွေးဖြန်း
လာသည်။သူ့ကို ရဲရဲမကြည့်ရဲ၍ အရိပ်ထင်နေသော
ကြမ်းပြင်ကို ငုံ့၍ ကြည့်နေမိသည်။

"တို့က အချိုကြိုက်ပါတယ်"

သူက ဖန်ခွက်ထဲမှ ရေခဲတုံးလေးများကို အသံမြည်အောင်လှုပ်ခတ်ရင်း ပြုံးနေသည်။ မိငယ်က သူ့ကို မရဲတရဲခိုးကြည့်ရင်း' ခရီးပန်းလို့ထင်ပါရဲ့ ပိန်သွားသလိုပဲ 'ဟု တွေးမိသည်။ ထို့နောက် "သူ့မှာ
မိန်းမရှိမယ်ထင်တယ်၊ အင်း မိန်းမ မရှိရင်တောင် ရည်းစားတော့ ရှိမှာပါ” ဟု ဆက်စဉ်းစားရင်း နေမိသည်။ သူ့လို ရွှင်ချိုပြီး သဘောကောင်းသူ ၏ဇနီးဖြစ်ရသူသည် မည်မျှကြီးကောင်းလေမည်နည်း၊
မည်မျှပျော်စရာကောင်းလေမည်နည်းဟု တွေးမိပြီး
အားကျချင်သလိုလိုပင် ရှိသည်။

"ရော့ကွဲ့  မောင်ကိုကိုမောင်၊ အရင်က တစ်ဝက်ပေးပြီးသားဆိုတော့ ဒါက ကျန်တဲ့တစ်ဝက်၊ ရေကြည့်လိုက်ပါဦး”

"ဘဏ်ထုပ်တွေပဲ အန်တီရယ်၊ ရေစရာမလိုပါဘူး”

ကိုကိုမောင်က ငွေများကို တစ်ရွက်ချင်းရေမနေဘဲ အထုပ်လိုက်သာ စစ်ပြီး အိတ်ထဲသို့ ထည့်လိုက်သည်။

"မင်း အဖြူ လိုချင်ရင်တော့ အန်တီတို့မှာ မိတ်ကောင်းတွေရှိတယ်သိလား”

ကြီးကြီးမြက ပြောတော့ သူက အလိုက်သင့်ခေါင်းညိတ်ရင်းနေရာမှထသည်။

‘ချိန်းထားတာ တစ်ခုရှိလို့ သွားဦးမယ်အန်တီ 'ဟု ပြောသည်။

မိငယ်ဘက်ကိုသာလှည့်ပြီး“ပြန်မယ် ချာတိတ်ရေ"ဟု ပြောသည်။

မိငယ်က သံတံခါးကို ကြေးဝါသော့နှင့် ပြန်၍ခတ်နေစဉ်တွင် သူ့မော်တော်ဆိုင်ကယ်လေးက အိမ်ရှေ့မှ ဝီးခနဲ ထွက်သွားသည်။"သွားပြန်ပြီ၊ ဘယ်နှလကြာမှ တစ်ခါလာဦးမယ် မသိပါဘူး”ဟု တွေးရင်း မိငယ်က သူ့ကျောပြင် မျှော်‌ေငးပြီး ကြည့်နေမိသည်။မိငယ် နေ့စဉ်မှတ်တမ်းကလေးထဲတွင်ကား ကိုကိုမောင်၏အကြောင်းကို ရေးမှတ်ဖြစ်ပြန်သည်။
"ဒီနေ့ ကိုကိုမောင်လာတယ်၊ ပြန်ခါနီးတော့ ငါ့ကို နှုတ်ဆက်သွားတယ်၊ ပြန်မယ် ချာတိတ်ရယ်တဲ့။
" မိငယ် ချာတိတ် မဟုတ်ပါဘူးကိုကိုမောင်ရယ်”
မိငယ်အခါခါမျှော်မိသော်လည်း ကိုကိုမောင်သည်ထပ်၍ရောက်မလာခဲ့ပေ။

နောက်ခြောက်လလောက်နေပြီး မမျှော်မိတော့သောအချိန်ကျမှ ကိုကိုမောင်သည် မိငယ်တို့အိမ်သို့ ရုတ်တရက် ရောက်လာသည်။

မီးဖိုထဲတွင် ညနေစာ ချက်နေသောကြောင့် မိငယ်သည် ကိုကိုမောင်ရောက်လာသည်ကို မသိလိုက်ပေ။ ဆိတ်သားဟင်းထဲသို့ ပျဉ်းတော်သိမ်ရွက်ကလေးများခတ်ရန် နောက်ဖေးပေါက်မှထွက်ပြီး အိမ်ဘေးတွင် ကတ်ကတ်သတ်သတ် စိုက်ထားသော ပျဉ်းတော်သိမ်ပင်မှ အရွက်ကလေး
များကို သွားခူးနေစဉ် ကြီးကြီးမြက “မိငယ်ရေ ကော်ဖီ လုပ်ပါကွယ်'ဟုလှမ်းအော်သည်။

"ဘယ်သူများ ရောက်နေလို့ပါလိမ့်”

မိငယ်က မီးဖိုချောင်မှထွက်ပြီး ထမင်းစားခန်းမှ မသိမသာကဲကြည့်သည်။

“ဟောတော့ ကိုကိုမောင်” 

သူ့ကို ကျောပေးထားသော်လည်း ကိုကိုမောင်ကို မိငယ်မှတ်မိသည်။

“ကိုကိုမောင်က ကော်ဖီ မကြိုက်ပါဘူး၊ အအေးပဲ သောက်ချင်မှာပါ”

မိငယ်က ဘာလီရည်ကိုပင် ဖျော်သည်၊ ကိုကိုမောင်က အချိုကြိုက်သည်ဆို၍ သကြားအနည်းငယ် ထပ်ထည့်လိုက်သည်။ 

"ငွေလိုရင် ဒါတွေကိုအပေါင်ထားပြီး ငွေယူသွားပါလား မောင်ကိုကိုမောင်ရဲ့၊ တစ်ခါတည်းအပြတ်ရောင်းရင် ရွှေဈေးကျနေတုန်းဆိုတော့ မင်း နာမှာပေါ့”

စားပွဲပေါ်တွင် ရွှေဆွဲကြိုးတစ်ကုံးကို တွေ့ရသည်။ ကြီးကြီးမြကတော့ လက်ကောက်တစ်ရံကို ချိန်ခွင်နှင့် ချိန်ကြည့်နေသည်။ ကိုကိုမောင် ရွှေလာရောင်းတာလား၊ ပေါင်တာလားဟုစဉ်းစားပြီး မိငယ် စိတ်
မကောင်းဖြစ်မိသည်။

"မထူးပါဘူး အန်တီမြရယ်၊ တစ်ခါတည်းသာ အပြတ်ရောင်းလိုက်ပါ့မယ်၊ ငွေကလေးနည်းနည်း လှည့်စရာလိုနေလို့"

ကိုကိုမောင်က ဘာလီရည်လာချသော မိငယ်ကို မော်ကြည့်သော်‌လည်း ခါတိုင်းလို ရွှင်ပျချိုသာစွာ ပြုံးမပြနိုင်ပေ။

"အထည်ပျက်ဈေးပဲ ရမှာနော်"

"ရသလောက်ပေါ့ အန်တီမြရယ်၊ လူမသေ ငွေမရှားပါဘူး”

အေး ကျန်းမာရေးလည်း ဂရုစိုက်ဦးကွဲ၊ မင်းကြည့်ရတာ ပိန်ညှောင်ညှောင် ဖြူရော်ရော်နဲ့"

"ခရီးပန်းလို့ ထင်ပါရဲ့ဗျာ”

ကိုကိုမောင်က မရေမရာဖြေသည်။

"ဆံပင်တွေရှည်နေလို့ ညှဉ်းဆိုးဆိုးဖြစ်နေတာ ထင်ပါရဲ့"ဟုမိငယ်က အကောင်းဘက်မှ တွေးသော်လည်း ကိုကိုမောင် ယခင်ကနှင့်မတူသည်မှာ အမှန်ပင်။ ရွှင်ချို သွက်လက်သော အပြုံးကိုလည်း မတွေ့ရ၊ အရောင်တဖျပ်ဖျပ် မြူးနေတတ်သော မျက်လုံးများသည်လည်း ယခင်တုန်းကလို မတောက်ပတော့ချေ။

“နေမကောင်းလို့ အလုပ်မလုပ်နိုင်တော့ ငွေလည်း ကျပ်လာတယ်ထင်တယ်။ ကြည့်ပါဦး ဆေးတွေလည်းထိုးထားလိုက်ရတာ လက် မှာလည်း အပ်ရာတွေချည်းပဲ”

မိငယ်က ကိုကိုမောင်၏လက်မှ ဆေးထိုးအပ်ရာများကို ကြည့်ပြီး ကရုဏာသက်နေမိသည်။ ကိုကိုမောင်ကတော့ မိငယ်ကို ယခင်တုန်းကလို အရေးတယူပြုရန် စိတ်ဝင်စားဟန် မရှိတော့ချေ။ ရွှေလက်
ကောက်ကို မှတ်ကျောက်နှင့် နာနာတိုက်ကြည့်နေသော ကြီးကြီးမြကိုသာ အိပ်ချင်မပြေသော မျက်လုံးများနှင့် ငေးကြည့်နေလေသည်။

"ရွှေလက်ကောက်တို့ ရွှေဆွဲကြိုးတို့ဆိုတော့ မိန်းမပစ္စည်းတွေ"

'သူကတော့ ဝယ်ပြီး စုထားမှာ မဟုတ်ပါဘူး၊သူ့အမေ ပစ္စည်းတွေများလား၊ ဒါမှမဟုတ် သူ့မှာ အိမ်ထောင်ရှိတယ်ဆိုရင် သူ့မိန်းမရဲ့ ပစ္စည်း
တွေများလာ'

မိငယ် တွေးမိတွေးရာ‌တွေးရင်း ထမင်းစားခန်းထဲတွင်ယောင်လည်လည် လုပ်‌ေနမိသည်။ ရွင်မြူးသွက်လက်သော ဟန်ပန်နှင့်ရွင်ချိုတောက်ပသော အပြုံးများကို ပြန်တွေ့ရနိုးနှင့် မျှော်လင့်တကြီး
စောင့်ကြည့်နေမိသည်။

'ပိန်သွားတာတော့ အမှန်၊ ဘာရောဂါများ ဖြစ်နေလို့ပါလိမ့်'အန်တီမြကမ်းပေးသောငွေစက္ကူများကို အသေအချာရေတွက်ပြီး အိတ်ထဲထည့်သည်။ ထို့နောက် ခပ်သွက်သွက် ပြန်သွားသည်။ မလှမ်းမကမ်းတွင် ရပ်နေသော မိငယ်အား
နှုတ်ဆက်ရန်ပင် သတိရဟန် မတူချေ။

"ကောင်လေးကြည့်ရတာ နေကောင်းပုံမရဘူး။ ဆရာဝန်တွေ ဘာတွေနဲ့ပြပြီး အသေအချာ ကုရဲ့လားလည်း မသိပါဘူး"

နေပူထဲတွင် ခေါင်းငိုက်စိုက်နှင့် ပြန်သွားသော သူ့အား မျှော်ကြည့်မိစဉ် ကြီးကြီးမြက ပြောသည်။

 ကိုကိုမောင် ရောင်းသွားသောရွှေထည်များကို မီးခံသေတ္တာထဲထည့်သည်။ 

" အော် သူ့မှာ မော်တော်ဆိုင်ကယ်လည်း မရှိတော့ပဲကိုး "

မိငယ်က တံခါးသော့ကို ပြန်ခတ်ရင်း သက်ပြင်း  ရှိုက် လိုက်မိသည်။ ကိုကိုမောင် အိမ်ရောက်လာသော်လည်း ခါတိုင်းလို ရွှင်ချိုသာသော အပြုံးကို မမြင်လိုက်ရ၍ ရင်ထဲတွင် ဟာနေသည်။

"အင်း ပြန်သွားပြန်ပြီ၊ ဒီတစ်ခါလာရင်တော့ ကိုကိုမောင် နေကောင်းပါစေ ဘုရား၊ နောက်ပြီး စီးပွားရေးလည်း ကောင်းနေပါစေဘုရား"

ထိုနေ့ည ဘုရားရှိခိုးတော့ မိငယ်သည် ကိုကိုမောင်အတွက်သီးခြား ဆုတောင်းမိလေသည်။

ဒီတစ်ခါတော့ ကိုကိုမောင်သည် မိငယ်တို့အိမ်သို့ လူကိုယ်တိုင် ရောက်မလာဘဲ ဓာတ်ပုံကိုသာ ပို့လိုက်လေသည်။

"ဟောတော့ မမမြရေ ဒီမှာ ကြည့်စမ်း"

အလုပ်မသွားမီ စားပွဲပေါ်မှ သတင်းစာကို ကောက်ယူ လှန်လှောကြည့်ရင်းမှ ဒေါ်ဒေါ်စုက အလန့်တကြား ထအော်သည်။

“ကိုကို မောင်လေ ကိုကိုမောင်”

"ဟဲ့ ကိုကိုမောင် ဘာဖြစ်လို့လဲ”

"ဒီမှာလေ ဒီမှာ ဘိန်းဖြူများ သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်းတဲ့"

ဒေါ်ဒေါ်စု၏အသံကို ကြားရတော့ ကြီးကြီးမြက ဘယ်လိုနေသည်မသိ။ မိငယ်ကတော့ မျက်လုံးများပင် ပြာဝေသွားသည်။ လက်ထဲမှကြက်မွေးတံမြက်စည်းကို ပစ်ချပြီး သတင်းစာ ပြေးကြည့်ချင်သော်လည်း မကြည့်ရဲ၍ ငြိမ်နေရသည်။

“လူများ မှားရော့သလား မစုရယ်၊ နာမည်က မောင်ဝင်းမောင်ဆိုပါလား”

"အို သူ့မှာ နာမည် ဘယ်နှမျိုးရှိလဲမှ မသိတာ"

“လူတူ မရှားပါဘူးအေ တူတာ ထင်ပါရဲ့”

"အို သူ အစစ်ပါ မမမြရဲ့"

"အင်း ဟုတ်တော့ ဟုတ်မယ်ထင်တယ်ဟဲ့၊ ဟိုတစ်ခါ လာတုန်းကလည်း ပိန်ချောင်ချောင် ကုပ်ကိုင်းကိုင်းနဲ့၊ ငါက နေမကောင်းလို့ အောက်မေ့နေတာ”

"အဲဒါ ဆေးစွဲနေတာ ဖြစ်မှာပေါ့”

"အေးဟယ် ငါ့နှယ် အ လိုက်တာ လွန်ရော
သူ့လက်မောင်းမှာ အပ်ရာတွေ ဘာတွေရော မတွေ့ဘူးလား၊အဲဒါဆို ဆေးစွဲတာ သေချာသလောက်ပဲ”

"အိုအေ မကြည့်မိပါဘူး၊ သူ့ရွှေတွေ အစစ်လား အတုလား၊ဆိုတာတောင် မနည်းကြည့်နေရတာ"

"အေးဟယ် ကောင်က‌လေးနှယ် ရုပ်ကလေး သနားကမားနဲ့လုပ်ရည်ကိုင်ရည်လေးလည်း ရှိသားနဲ့ ဆေးစွဲသွားရင် နှမြောစရာ"

ကြီးကြီးမြတို့ ထမင်းစားခန်းထဲ ဝင်သွားသောအခါမှ မိငယ်လည်း သတင်းစာကို အလျင်စလို ဖြန့်ကြည့်မိသည်။သတင်းစာထဲမှကိုကိုမောင်သည် မိငယ်နောက်ဆုံးတွေ့လိုက် ရတုန်းကထက်ပင် ပိုပြီး ပိန်နေဟန်ရှိသည်။ သူ့ဘေးမှ လူသုံးယောက်က မျက်လွှာချထားသော်လည်း သူက ခေါင်းမော်ကာ နှုတ်ခမ်းကိုစေ့ ထားသည်။ ဓာတ်ပုံကလေးက သေးသောကြောင့် သူ့နှုတ်ခမ်းဖျားမှ မှည့်နက်ကလေးကိုကား အထင်အရှားမတွေ့ရပေ။

“တချို့လူတွေက ဆေးစွဲပြီဆိုရင် သူတို့ခိုင်းသမျှ လုပ်ရတော့တာပဲ။ ဆေးမရရင် မနေနိုင်တော့ဘဲကိုး၊ ကိုကိုမောင်လည်း ဒီလိုပဲဖြစ်သွားတာလားမှ မသိတာ”

ကြီးကြီးမြက စိတ်မကောင်းသလိုတဖျစ်တောက်တောက်ပြောသည်။ မိငယ်ကတော့ ထိုနေ့ တစ်နေ့လုံး ထမင်းမစားနိုင်၊ ညကျ
တော့လည်း မအိပ်နိုင်။

ကိုကိုမောင်၏ဓာတ်ပုံကလေးကိုမူ သတင်းစာထဲမှ သီးသန့်ညှပ်ယူပြီး ရက်စွဲထိုးကာ နေ့စဉ်မှတ်တမ်းစာအုပ်ကလေး ကြားထဲတွင် သိမ်းထားလိုက်မိသည်။

“ကိုကိုမောင် အမြန်လွတ်ပါစေ ဘုရား”

ကိုကိုမောင် မည်သည့်အချိန်က ပြန်လည်လွတ်မြောက်လာသည်ကိုမသိရသော်လည်း လွတ်တော့လွတ်ခဲ့လေသည်။

မိငယ်တို့အိမ်သို့ လည်း ရောက်လာခဲ့လေသည်။ ကိုကိုမောင်နောက်ဆုံးအခေါက် ရောက်လာစဉ်က မိုးတွေ သဲသဲမဲမဲ ရွာနေသည်ကို မိငယ် အမြဲ သတိရနေမည်ဖြစ်သည်။

"အန်တီမြ အန်တီမြ"

ကိုကိုမောင်က သံတံခါးကို အတင်းလှုပ်ကာ အော်၍ ခေါ်သည်။

"ဟဲ့ မိငယ် အဲဒါ ကိုကိုမောင်မှ ဟုတ်ရဲ့ လား”

ကြီးကြီးမြက တုန်တုန်ယင်ယင် ပြောသည်။ မိုးရေတွေတစ်ကိုယ်လုံးရွှဲစိုကာ တဆတ်ဆတ်တုန်ယင်နေသော ကိုကိုမောင်သည် မိငယ်တို့ စ၍ သိခဲ့ရသော ကိုကိုမောင်နှင့် မတူသည်ကား အမှန်ပင်။

"အန်တီမြ ကျွန်တော်ပါ ကိုကိုမောင်ပါ”

ကိုကိုမောင်က သံတံခါးကို ခပ်ကြမ်းကြမ်းလှုပ်ရင်း ပြောနေသည်။

“ကိုကိုမောင် မင်း ဘာလိုချင်လို့လဲ”

အန်တီမြက မိငယ်ကို နက်(စ်)ကော်ဖီဖျော်ခိုင်းရန်မပြောနှင့်တံခါးကိုပင် ဖွင့်ခွင့်မပေးတော့ချေ။ မိုးရေတွေ တဝေါဝေါ ကျနေသော တံခါးပေါက်တွင် ဆောက်တည်ရာမရဖြစ်နေသော ကိုကိုမောင်အား
ကြည့်ရင်း မိငယ် ငိုချင်နေသည်။

“ကျွန်တော်နာရီ ရောင်းချင်လို့”

ကိုကိုမောင်က မိုးရေတွေရွှဲနေသော လက်ပတ်နာရီတစ်လုံးကို သံတံခါးထဲမှ ထိုး၍ပေးသည်။ အန်တီမြက “လက်ပတ် နာရီတွေ ဘာတွေ မယူဘူးကွဲ့"ဟု အော်ပြောတော့ သူက တံခါးကို တဝုန်းဝုန်း လှုပ်
"ကာ ပေးချင်သလောက်ပေးပါ။ မြန်မြန်ပေးပါ"ဟု တုန်တုန် ခိုက်ခိုက်နှင့်အော်သည်။

မိငယ်စွဲလမ်းခဲ့သော အပြုံးချိုချိုလေးများသည်လည်းကောင်း၊ရွှန်းလဲ့တောက်ပသောမျက်ဝန်းများသည်လည်းကောင်း သူ့ဆီတွင်
မရှိတော့ချေ။ ထိုအရာများအစားဆောက်တည်ရာမရ၊ ဝိုင်းဝိုင်း လည်
နေသောမျက်လုံးနှင့် မဲ့ရွဲ့တွန့်လိပ်နေသော နှုတ်ခမ်းများက အစားထိုးဝင်ရောက်လာသည်။ 

"လူတစ်ယောက်ဟာ ဒီလောက်တောင် ပြောင်းလဲ
သွားနိုင်သလား၊ ဘိန်းဖြူဆိုတာက ကိုကိုမောင့်ကို ဒီလောက်အောင်
ဖျက်ဆီးပစ်နိုင်တယ်တဲ့လား"

မိငယ်က ယူကျုံးမရတွေးမိပြီး ရင်ထဲတွင် နင့်နေသည်။ မြင်နေ ကြားနေရတာတွေကို အိပ်မက်မဟုတ်မှန်းသိလျက်နှင့် အိပ်မက်မက်
တာပါဟု မိမိကိုယ်မိမိ ပြန်ပြီးညာချင်နေသည်။ ဘာကိုမျှ မယုံချင်၊ဘာကိုမျှလည်း မကြားချင်။

"ပေးချင်သလောက်ပေးပါ မြန်မြန်ပေးပါ မြန်မြန်"

နောက်ဆုံးတော့ သံတံခါးထဲမှ ကမ်းနေသော သူ့လက်ထဲသို့ ကြီးကြီးမြက ငွေတစ်ရာထည့်ပေးလိုက်သည်။

သူက ကျေးဇူးစကားကိုပင် မဆိုနိုင်၊ ငွေတစ်ရာကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မိုးရေထဲသို့ တရှိန်ထိုး ထွက်ပြေးသွားသည်။

ထိုနေ့ ထိုအချိန်က ကိုကိုမောင့်ကို နောက်ဆုံး တွေ့လိုက်ရခြင်းပင် ဖြစ်လေသည်။

“ငါ့နှယ် ကြောက်လွန်းလို့သာ ပေးလိုက်ရတာအေ၊ ရမှန်းသိပြီး နောက်ပိုင်းမှာ ဒီလို လာလာလုပ်နေရင်တော့ အခက်ပဲ”

ကြီးကြီးမြက စိုးရိမ်တကြီး ပြောတတ်သည်။ သံတံခါးခတ်သော ကြေးဝါသော့ကြီးကိုလည်း ခိုင်မခိုင် မကြာခဏ ဆွဲကြည့်လေ့ရှိသည်။

" သူများလာရင် တံခါးကို ယောင်လို့တောင် သွားမဖွင့်နဲ့၊ ကြားလား မိငယ်” ဟု အထပ်ထပ်ပြောသည်။

တစ်နေ့တုန်းကတော့ ဦးလေးအုန်းက "ဈေးအိမ်သာထဲမှာ လူတစ်ယောက် ဆေးထိုးအပ်တန်းလန်းနဲ့သေနေတယ်တဲ့” ဟု ပြောသည်။

"နှုတ်ခမ်းမှာ မှဲ့ပါတယ်ဆိုလို့ တို့လူများလား ထင်မိသေးတယ် ဟုတ်မဟုတ်တော့ သွားမကြည့်မိပါဘူး” ဟု ဆိုသည်။

"အို ကိုကိုမောင် မဟုတ်နိုင်ပါဘူး၊ ကိုကိုမောင်က နောင်တရသွားမှာပါ၊ ဆေးပြတ်သွားမှာပါ၊ လူကောင်းပြန်ဖြစ်ပြီး ချမ်းချမ်း သာ
သာနဲ့ အသက်ရှည်ရှည်နေသွားမယ့်သူပါ”

မိငယ်က သူလိုရာကို သူဆွဲ၍တွေးသည်။ တစ်နေ့နေ့တစ်ချိန်ချိန် သူတံမြက်စည်းလှည်းနေစဉ်၊ကြမ်းတိုက်နေစဉ်တွင်ကိုကိုမောင်က
သံတံခါးကိုအသာလှုပ်ကာ အိမ်ရှင်တို့ခင်ဗျာ ဟု ခေါ်လိမ့်ဦးမည်ဟုထင်နေသည်။ပြန်ခါနီးလျှင်လည်းရွှင်ချိုသောအပြုံးနှင့်" ပြန်မယ်ဗျာ
ချာတိတ်ရေ" ဟုနှုတ်ဆက်လိမ့်ဦးမည်ဟုထင်နေသည်။

"ဒီတစ်ခါလာရင်တော့ သူ ပစ်ပေးသွားတဲ့ နာရီစုတ်ကြီး သူ့ပဲပြန်ပေးလိုက်ရမယ်”

ကြီးကြီးမြကလည်း မကြာခဏ ပြောတတ်သည်။ သူ လာမှာကို ကြောက်နေသော်လည်း "အန်တီမြ အန်တီမြ၊ ကျွန်တော်ပါ၊ ကိုကိုမောင်ပါ” ဟု တံခါးဝတွင် ရပ်ကာ အော်လိမ့်ဦးမည်ဟု ထင်နေသည်။
သို့သော် ကိုကိုမောင်ကား တစ်ခါမျှ ပေါ်မလာတော့ချေ။

------------

မစန္ဒာ

(မူးယစ်မဂ္ဂဇင်း၊ ၁၉၈၉ သြဂုတ်)

မဂ္ဂဇင်း ဝတ္ထုရှည်များ -၄

#Typing_crd_ZawOo

No comments:

Post a Comment