Monday, 23 March 2020

ပန်းပွင့်ခရေ ( စတုတ္ထပိုင်း ) #မစန္ဒာ

#ပန်းပွင့်ခရေ 

( စတုတ္ထပိုင်း )

#မစန္ဒာ

မြေပေါ်တွင်တင်နေသော နှင်းခဲများက ဆပ်ပြာမြှုပ်ဖွေးဖွေးတွေကို သွန်ချထားသည်နှင့်တူသည်။ အချို့နှင်းခဲများက အရည်နည်းနည်း‌ပျော်လာတော့  အောက်ခံ မြေကြီးနှင့် ရောကာ ရွှံ့ဖြစ်လာသည်။

သစ်ကိုင်းခြောက်တွေကို စုပြီးစည်းထားသောတံမျက်စည်းကြီးက အုန်းတံမျက်စည်းလို ညီညီညာညာလှလှပပ မရှိချေ။ မြန်မာပြည်တွင် ပေါချင်တိုင်း‌   
ပေါသော အုန်းတံမျက်စည်းများသည် မည်မျှကျင်း၍ ကောင်း သည်ကို အခုမှတွေးပြီး လွမ်းမိသည်။

“အုန်းသီးဆန်လေးနဲ့ထန်းလျက်လေးနဲ့ စားချင်လိုက်တာဟယ်”

စုနွယ်က ပျော်ကာစ နှင်းခဲများကို သစ်ကိုင်းခြောက် တံမျက်စည်း နှင့် တရှဲရှဲလှဲသည်။ အုန်းတံမျက်စည်းနှင့်ဆက်နွယ်ပြီး အုန်းသီးကို သတိ ရသွားသဖြင့် အုန်းသီးဆန်လေးများကို စားချင်စိတ်ပေါ်လာသည်။ ယခင်က တန်ဖိုးထားရကောင်းမှန်းမသိဘဲ ခပ်ပေါ့ပေါ့စားခဲ့လေသမျှ ပြန်သတိရပြီး
တောင့်တောင့်တတစားချင်နေမိသည်ကား အချိန်ပြည့်ပင် ဖြစ်သည်။ အမေ ချက်တတ်သော ခရမ်းချဉ်သီးငါးပိချက်နှင့် မုံလာချဉ်ဖတ်၊ တညင်းသီး ဆားစိမ်တို့ကိုလည်းကောင်း၊ လက်သုတ်စုံချဉ်ချဉ်စပ်စပ်နှင့် ဘူးသီးဟင်းခါး ချိုချိုလေးကိုလည်းကောင်း၊ စပလင်လေးထုထည့်ပြီး ဆီကျန် ရေကျန်ချက် တတ်သော ငါးရံဟင်းကိုလည်းကောင်း၊ ကြက်သွန်နီဥတွေ၊ ငှက်ပျောအူ တွေ ပေါလောမျောနေသော မုန့်ဟင်းခါးကိုလည်းကောင်း၊ သီးစုံ ချဉ်ရည် ကိုလည်းကောင်း၊ ချဉ်ပေါင်ကြော်ကိုလည်းကောင်း၊ ယုတ်စွအဆုံး အကျိုး အကြေစပါးလုံးတွေများသော ဆန်ကြမ်းထမင်းမာမာကို လည်းကောင်း သူ အကုန်လွမ်းသည်။

“သူတို့ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတာကတော့ ဟင်းခွက်တွေမှ စုံလို့၊ စားချင်စရာတွေချည်းပဲ။ အခုဒီရွာကလူတွေကတော့ ဂျုံဆန်ပြုတ်နဲ့ ရိုးရိုးဆန်ပြုတ်၊ အသားမပါတဲ့ပေါက်စီ၊ ဒါကလွဲလို့ ဒီပြင်ဟာကို မစားတတ် ကြဘူးလား။ ဒီလို ဆားမပါ ပျားမပါ ပေါ့ပေါ့ရွှတ်ရွှတ်ကြီးတွေကိုပဲ ကြိုက် နေကြတာပဲလား။ ငါတို့ရဲ့ လျှာကတော့ မွေးကတည်းက ငံပြာရည်တို့ ငါးပိ တို့ကို စွဲနေတာ”

စုနွယ်တို့ကိုသာခိုင်းပြီး သူတို့က မလုပ်ဘဲ နေခြင်းတော့ မဟုတ်။ သူတို့ကိုယ်တိုင်လည်း အလုပ်နှင့် လက်နှင့် မပြတ်ကြပေ။ အစား အသောက် တွင်လည်း စုနွယ်တို့ကိုသာ ဆန်ပြုတ်ကျွေးပြီး သူတို့က ဒီထက် ကောင်းတာ စားနေတာလည်း မဟုတ်ချေ။ သူတို့ကိုယ်တိုင် ထိုဆန်ပြုတ်နှင့် ထိုပေါက်စီ ကို မရိုးတမ်းစားနေတော့ စုနွယ်လည်း ဘာမှ မတတ်နိုင်။ သို့သော် ကိုယ့် ပါးစပ်ထဲမှာလည်း အရသာမရှိလွန်းတော့ ငိုချင်လာသည်။ ခုနေချိန်ခါမှာ ဆန်ကြမ်းထမင်းကို ငရုတ်သီးမှုန့်ဖြူးပြီး ငါးပိရည်ဆမ်းကာစားရလျှင်ပင် သုံးပန်းကန်လောက်တော့ အသာကလေးကုန်အောင် စားနိုင်လိမ့်မည်လား မသိ။

“ငါတို့တွေ အရင်ဘဝတုန်းက ဘယ်လိုမကောင်းမှုတွေကိုများ လုပ်ခဲ့မိသလဲမသိဘူး။ ကျွန်ဖြစ်တာတောင် အနေအစား၊ ဘာသာစကား မတူတဲ့ဆီမှာလာပြီး ကျွန်ဖြစ်ရတယ်။ တစ်သက်လုံးစားလာတဲ့ထမင်းကို တောင် မမြင်ရတော့ဘူး”

ရင်ထဲတွင်ဟာကာ ဆာလောင်နေသော်လည်း အသီးအရွက်တွေကြုံလျှင်ကြုံသလိုလှီးထည့်ထားတတ်သော ဆန်ပြုတ်ပြစ်ပြစ်ကြီးကို လှည့်၍ ပင် မကြည့်ချင်။

မပျော့တပျော်နှင်းခဲတွေကို မြောင်းထဲသို့လှဲချလိုက်ပြီးသောအခါ မြေပြင်ပေါ်တွင် ရွှံ့တွေ တင်ကျန်ရစ်သည်။ စုနွယ်သည် အတန်ငယ် မော ဟိုက်လာသဖြင့် ဝင်းထရံကိုမှီကာ ခဏနားနေသည်။ အိတ်ထဲတွင် ဝှက်ပြီး ထည့်ထားသော ဂျင်းစိမ်းတစ်တက်ကို လက်နှင့်စမ်းမိတော့ အသာထုတ်ယူ ကာ ကိုက်ဖဲ့ပြီး ဝါးစားလိုက်သည်။ စပ်ရှားရှားနှင့် အရသာဆိုးလှသော် လည်း မျက်စိကို စုံမှိတ်ကာ အတင်းဖြစ်ညှစ်ဝါးပြီး ဇွတ်မှိတ်၍မျိုချလိုက် သည်။ စပ်လွန်းသဖြင့် မျက်ရည်များပင် ထွက်လာသည်။

“စုနွယ်..နင်ဘာတွေစားနေတာလဲ”

လင်းလင်းက သူ့ဘေးရောက်လာသည်။ ကျစ်ဆံမြီးနှစ်ဖက်ကို ကျစ်ကာ ဖဲကြိုးနီနှင့်စည်းထားပြီး အတန်ငယ်သစ်သောအဝတ်အစားများ ကို ဝတ်ထားသည်။ သူ့လက်ထဲတွင် သီတံနှင့်သီထားသောမက်မန်းသီး ဆားစိမ်များကိုတွေ့ရသည်။ တခါတရံ ထိုဇီးသီး၊ မက်မန်းသီးစသည်များ ကို သီတံနှင့်ထိုးပြီးရောင်းသောသူ တစ်ဦးစ နှစ်ဦးစ အိမ်ရှေ့မှ ဖြတ်သွား တတ်သည်။ စုနွယ်လည်း စားချင်စိတ်ဖြစ်မိသည်။ သို့သော် လက်ထဲတွင် ပိုက်ဆံ တစ်ပြားမှမရှိ၍ ငေးရုံသာေနေခဲ့ရသည်။

“ရော့..နှင့်ဖို့”

လင်းလင်းက သီတံတစ်ချောင်း လှမ်းပေးသည်။ စုနွယ်က ကျေး ဇူးတင်စွာလှမ်းယူသည်။ သူ့လက်ထဲမှဂျင်းတက်ကို အင်္ကျီအိတ်ထဲသို့ တရို တသေ ဂရုတစိုက်ပြန်ထည့်သည်။

“နင်...ဂျင်းစိမ်းတွေ စားနေတာလား....”

 “အင်း...”

“နင့်ယောက်ျားသိရင် ရိုက်လိမ့်မယ်”

 “သူမသိပါဘူး”

ဂျင်းစိမ်းသည် ပူလွန်း စပ်လွန်းသဖြင့် ကိုယ်ဝန်မတည်စေနိုင် ဟူသော ရှေးစကားကိုကြားဖူး၍ စုနွယ်က ကြိုးစားပြီး ကျိတ်ခါမှိတ်ခါ မျိုချနေခြင်းဖြစ်သည်။ စုနွယ်တို့ငယ်ငယ်တုန်းက လစဉ်ဓမ္မတာသွေးထိန်နေ လျှင် အမေက ဂျင်းနှင့်ထန်းလျက်ကို ကြိုပြီးတိုက်လေ့ရှိသည်။ အခုတော့ ထန်းလျက်လည်း မရှိ၊ ကြိုလည်းမကြိုနိုင်။ ဒီတော့လည်း ရှိစုမဲ့စုဂျင်းကိုပင် အစိမ်းလိုက် ကိုက်ဖဲ့ပြီး စားနေရခြင်းဖြစ်သည်။ သူ့ကို သားဖောက်သော စက်လို သဘောထားသည်ကိုတော့ နည်းနည်းမှ သည်းမခံနိုင်။

“နင်...ကလေးမလိုချင်ဘူးလား”

“လုံး ဝ မလိုချင်ဘူး"

စုနွယ်က ခါးသီးစွာပြောသည်။ မက်မန်းသီးတစ်လုံးကိုတစ်ဝက် လောက်ပါအောင်ကိုက်ပြီး ခပ်မြန်မြန်ဝါးလိုက်သည်။ အနည်းငယ်ဖန်သော် လည်း ပါးစပ်ထဲတွင် ပူလောင်စပ်ခါးနေခြင်းက အတန်ငယ်သက်သာသွား သည်။

“ငါ အခုဟိုဘက်ရွာကပြန်လာတာ မင်္ဂလာဆောင်ရှိလို့”

လင်းလင်းက ဂျင်းအကြောင်း ဆက်၍မပြောဘဲ စကားအသစ် စသည်။ သူက ဒီဘက်နိုင်ငံ၏စကားလည်းတတ်၊ အနေလည်း ကြာလာပြီ ဆိုတော့ သူ့အိမ်ကလည်း သိပ်ပြီး ချုပ်ချယ်တော့ဟန်မတူ။ ငွေစကြေးစလေး များလည်း ကိုင်ခွင့်ပေးပုံရသည်။ သွားကာ လာကာ သုံးကာ စွဲကာ ပြုလုပ် နိုင်သည်။

“သတို့သမီးက ငါတို့ဆီကပဲ၊ ရှမ်းမလေး လှလည်း လှတယ်။ နာမည်က နန်းထွေးတဲ့”

“ငါတို့လို အလုပ်လာလုပ်တာလား”

“ငါတို့ထက် ဆိုးတယ်၊ သူ့အဒေါ်ဝမ်းကွဲက သူ့အမေနဲ့မတည့် ဘူးလေ။ စီးပွားပြိုင်ဖြစ်မှာပေါ့။ အဲဒါ မေ့ဆေးနဲ့အုပ်ဖမ်းပြီး ဒီဘက်ပို့ပြီး ရောင်းစားလိုက်တာ”

“ဟယ်...တကယ်လား ဟယ်၊ အဲဒီလိုတကယ်ပဲလုပ်ရက်သတဲ့"

စုနွယ်က တအံ့တသြမေးသည်။

 “သတိရလာတော့ ဒီဘက်ရောက်နေပြီတဲ့”

“သနားပါတယ်ဟယ် ငါတို့ကတော့ထားပါတော့။ ကိုယ့်ကြမ္မာ ကိုယ်ငင်လာမိတာ။ အဲဒီကောင်မလေး ဘယ်သူ သူ့နာမည်က...”

“နန်းထွေးတဲ့ သူကမြန်မာစကားတောင် သိပ်မတတ်ဘူး၊ ရှမ်း စကားပဲ တတ်တာ။ ဒီက စကားလည်း အတော်လေးပြောနိုင်တယ်။ သူ့ အမေ စိတ်ပူနေမှာဆိုပြီး ငိုနေရှာတယ်”

မြန်မာပြည်ထဲမှာ အစ်မကြီးလို လူစားမျိုးတွေ အသားထဲက လောက်တွေ ဘယ်နှစ်ဦးများရှိနေမည်နည်းဟု စဉ်းစားမိတော့ လက်တုံ့ပြန် ချင်စိတ်နှင့် စုနွယ်၏သွေးများ ဆူလာသည်။

“ဆူး နယ်...”

 “ ဟော...”

အိမ်ထဲမှခေါ်သံကြားရသည်။ စုနွယ်ဟူသောအမည်သည် သူတို့ ပါးစပ်ထဲရောက်တော့ ဆူးနယ်ဖြစ်သွားရသည်မှာ ကြာပေပြီ။

“နှင့်ယောက္ခမကြီး ခေါ်နေပြီ ငါသွားတော့မယ်”

လင်းလင်းက ပြောပြောဆိုဆိုနှင့် ခပ်သွက်သွက်ထွက်သွားလေ သည်။ စုနွယ်က သစ်ကိုင်းခြောက်တံမျက်စည်းကိုလှမ်းဆွဲကာ ခြံထဲလှမ်း
ဝင်ခဲ့သည်။ သူက အနေအထိုင်လိမ္မာတော့ နှင်းဆီမွှေးလို အရိုက်မခံရ သော်လည်း မျက်နှာသာတော့ ရသည် မဟုတ်။

“ဆူး နယ်...”

သူ့မှာ ယောက္ခမမိန်းမ မရှိတော့ ယောက္ခမယောက်ျားကြီးသာ ရှိသည်။ သူက လင်းလင်းနှင့်စကားကြာကြာရပ်ပြောနေသည်ကို ကြိုက်ပုံ မရ၊ တဖျစ်တောက်တောက်ပြောနေသည်။ အလုပ်ကို အလုပ်နှင့်တူအောင် လုပ် ရန်၊ အပိုစကားတွေမပြောရန် အချိန်ပိုဖြုန်းပြီး စပ်စပ်စုစု မလုပ်ရန် ပြောဆိုနေခြင်းများ ဖြစ်လိမ့်မည်ကို အတွင်းစိတ်က သိနေသော်လည်း စုနွယ် က မသိသလို ဘာမှနားမလည်သလိုနေလိုက်သည်။

သစ်ကိုင်းခြောက်တံမျက်စည်းကို နောက်ဖေးနံရံတွင် မှီကာ ထောင်ထားလိုက်ပြီး အိမ်ဘေးသို့လှည့်၍ထွက်ကာ လှမ်းထားသောအဝတ် များကို ရုတ်သည်။ အဝတ်တွေကိုရုတ်ရင်း အမေ့ကို ပြင်းထန်စွာ သတိရ တမ်းတနေမိသည်။ သူထည့်လိုက်သောစာကိုရလျှင် အမေစိတ်ဆိုးလိမ့်မည် ထင်သည်။ 

“သူများနိုင်ငံ သူများတိုင်းပြည်ထဲကို တရားဝင်မဟုတ်ဘဲ ခိုးဝင် ပြီး အလုပ်လုပ်ရလောက်အောင်တော့ အမေတို့မဆင်းရဲသေးပါဘူး သမီး ရယ်...” ဟုပြောကာ ငိုလိမ့်မည်ထင်သည်။

“အမေရယ်...သမီးတို့က တိတ်တိတ်ခိုးဝင်လာပြီး ဒီမှာလာ ကျွန်ခံ နေကြရတာလေ။ ကျွန်ဖြစ်တာတောင် မြို့ကြီးပြကြီး သူဌေးအိမ်မှာ မဟုတ် ပါဘူး၊ တောမြို့တောရွာက လယ်သမား၊ ယာသမားရဲ့ မြေစိုက်အိမ်ကလေး မှာ ဆင်းဆင်းရဲရဲနေပြီး ကျွန်မယားဖြစ်နေရတာလေ အမေရဲ့ နိုင်ငံခြားမှာ ဆိုရင် ပိုက်ဆံတွေအများကြီးရမှာလို့‌‌ေလာဘဇောတိုက်ခဲ့တာ... အခုတော့ အများကြီး ရဖို့ နေနေသာသာ တစ်ပြားတောင် မမြင်ရပါဘူး...အမေရယ်”

အဝတ်တွေကို ပွေ့ပိုက်ရင်း စုနွယ်သည် အမေ့ကို ဖက်ထားရလေသလားဟု မျက်စိမှိတ်ပြီး စိတ်ကူးနေမိသည်။ အခါတိုင်း အမေ့ကိုဖက်ထား လျှင် တောင်ကြီးသနပ်ခါးနံ့လေး မွှေးတတ်သည်။ ထိုအနံ့လေးကို စိတ် ကူးနှင့်ရှူရှိုက်ရင်း စုနွယ်သည် ရင်ထဲမှာ ရှိုက်ငိုနေမိသည်။

“အမေ့စကားကို နားမထောင်ဘဲ ကြမ္မာငင်ပြီးလာခဲ့တဲ့ အမိုက်မ၊ ဒုက္ခလှလှကြီးရောက်နေပြီအမေ...အမေရော မောင်လေးရော စုနွယ်ကို မကယ်နိုင်ကြတော့ဘူးလား.....”

                           * * * * *

မိခင်တို့ နှလုံးသားသည် မမြင်ရသောကြိုးမြှင်လေးများနှင့် သားသမီးများ ဆီသို့ ဆက်နွယ်သွယ်တန်းထားသည်ကို ဒေါ်မေသက် ယုံကြည်သည်။ ယခုလည်း သူ၏နှလုံးသားတစ်နေရာမှာ အလိုလိုသိနေသည်။ သူ၏ သမီးလေး စုနွယ် ငိုနေသည်။
ဟုတ်သည်၊ သူ၏သမီးလေးစုနွယ် စိတ်နှလုံးညှိုးချုံးနေသည်။ ဒါကို မိခင်တို့၏သိခြင်းဖြင့် သူ့အလိုလိုသိနေသည်။

“သမီး သမီးစုနွယ်၊ သမီးဘယ်ရောက်နေသလဲ၊ ဘာဖြစ်နေသလဲ”

သမီးသည် စာလေးတစ်စောင်ကို ခေါင်းအုံးအောက်တွင် ထားခဲ့ ကာ ထွက်သွားလိုက်သည်မှာ နှစ်လကျော်၍သုံးလထဲသို့ပင်ရောက်နေပြီ ဖြစ် သည်။ စာထဲတွင် “သမီး အလုပ်အကိုင် အဆင်ပြေတာနဲ့ ဆက်သွယ်ပါ့ မယ် အမေ”ဟု ရေးသွားသော်လည်း ယခုအချိန်အထိတော့ စာလည်းမလာ၊ သတင်းလည်းမကြား၊ လူလည်းပြန်ရောက်မလာချေ။

“အစ်မကတော့ လွန်ပါတယ်အမေရာ၊အကျိုးအကြောင်းအဆိုး အကောင်းတော့ စာလေးတစ်စောင်တစ်လေလောက်ရေးလိုက်ဖို့ကောင်းပါ
တယ်”

သားငယ် ဖြိုးဝေက တဖျစ်တောက်တောက်နှင့် အားမလိုအားမရ ပြောနေတတ်သည်။ ဒေါ်မေသက်ကတော့ သမီးကိုအပြစ်မတင်ရက်၊ သမီး သည် မိသားစုကို အင်မတန်တွယ်တာသော သက်ညှာသော သမီးဖြစ်သည်။ အသားလွတ်ကြီးတော့ အဆက်အသွယ်ဖြတ်ထားလိမ့်မည်မဟုတ်။ ဒါကို သူယုံကြည်သည်။ သမီးတွင် အဆင်မပြေသောအကြောင်း တစ်စုံတစ်ခု ရှိနေလိမ့်မည်မှာ သေချာသည်။

“ကျွန်တော်တို့တွေ မချမ်းသာပေမယ့် အရမ်းကြီးလည်း ဆင်း တောင့် ဆင်းရဲမဟုတ်ပါဘူး အမေရာ။ အစ်မက ဘာဖြစ်လို့များ ဒီလောက် ချမ်းသာချင်နေရတာလဲ”

“ဒီလိုလည်း မဟုတ်ပါဘူး သားရယ်။ သားရဲ့ အစ်မက သူဝတ်ဖို့ သူစားဖို့ သူသုံးဖို့ သူဖြုန်းဖို့လိုချင်နေတာမှ မဟုတ်ဘဲ။ အမေနဲ့သားကို မတောင့်မတ မကြောင့်မကျ ထားချင်တာလေးတစ်ခုထဲပါ...”

အမေကတော့ စုနွယ်ကို အမြဲနားလည်ခဲ့သည်။
အကယ်၍ သူ့သမီးလေးစုနွယ်ကို လောဘကြီးသည်ဟု ပြောရ လျှင် ထိုလောဘသည် လူ့လောကလူ့ရွာတွင် လူတန်းစေ့ရုံကလေးနေချင် သော လောဘသာလျှင် ဖြစ်ပါသည်။ ဘုရားစင်မှ ဇီဇဝါပန်းနံ့က သင်းပျံ့ လာသည်။ သမီးစုနွယ် စိုက်ထားသော ဇီဇဝါပင်မှပွင့်သောပန်းများ ဖြစ် သည်။ မနေ့တုန်းက ဖွေးဆွတ်နေသောပန်းလေးများသည် အခုတော့ အဝါ ရောင်သန်းကာ နွမ်းပျော့ပျော့ဖြစ်နေသည်။ နွမ်းရိပ်နွမ်းယောင်သန်းနေသော် လည်း သင်းပျံ့ပျံ့ရနံ့လေးကတော့ လေထဲတွင် ဝဲနေတုန်းဖြစ်လေသည်။

ဝါနွမ်းနွမ်း ပန်းပွင့်လေးထဲတွင် သမီးလေးစုနွယ်၏ မျက်နှာကို မြင်ယောင်နေသည်။ “သမီးကိုယ်သမီး စောင့်ရှောက်နိုင်ပါတယ်”ဟု ရဲရဲဝံ့ဝံ့ပြောသွားသော"သမီး တကယ်စောင့်ရှောက်နိုင်ပါစေလို့ အမေဆုတောင်း နေတယ် သမီးရယ်” ဟု ရင်ထဲမှအခါခါပြောနေမိသည်။

“အမေတော့ စိတ်ပူတယ် သားရယ်”

ဖြိုးဝေက သူ့အမေကိုအတန်ကြာအောင်ကြည့်နေရင်း မျက် ရည်တွေ ဝိုင်းလာသည်။

“ကျွန်တော်လည်း ပူတာပဲ အမေရ၊ အမေအရမ်းပူလာမှာစိုးလို့ သာ ထုတ်မပြောတာ..”

ဖြိုးဝေ၏အသံက ငိုသံပါနေတော့ ဒေါ်မေသက် ရှိုက်ကြီးတငင် ငိုမိလိုက်တော့သည်။ ဖြိုးဝေလည်း မျက်ရည်ကျသည်။ အစ်မဖြစ်သူကို စာ မရေးရကောင်းလား၊ မဆက်သွယ်ရကောင်းလားနှင့် မှန်းသန်းပြီး အပြစ် တင်နေမိသော်လည်း သူ၏အတွင်းစိတ်မှနေပြီး သိနေသည်။ အစ်မ အဆင် ပြေလို့ကတော့ မဆက်သွယ်ဘဲနေမည်မဟုတ်ဟုဆိုသည်ကို သိနေသည်။

ဒေါ်မေသက်က သူ၏နားမှ ပုလဲနားကပ်ကလေးကို လက်နှင့် အသာစမ်း၍ ချွတ်ယူလိုက်သည်။ ပါးနှင့်အသာကပ်ထားတော့ ပုလဲလုံး လေး၏ အေးမြသောအတွေ့က အရေပြားကိုဖောက်ပြီး ရင်ထဲအထိ ဝင်သွား သလို ခံစားရသည်။ “ခွင့်လွှတ်ပါတော့ အစ်ကို၊ ဒီနားကပ်လေးကို ကျွန်မ ရောင်းရတော့မယ်” ဟု စိတ်ထဲမှ တီးတိုးတောင်းပန်နေမိသည်။

“သား အမေနဲ့လိုက်မယ် မဟုတ်လား”

 “ဘယ်ကိုလဲ”

 “နယ်စပ်ကိုလေ” 

“အစ်မကို သွားရှာမလို့လား”

ဒေါ်မေသက်က ခေါင်းညိမ့်ပြသည်။ သားက သူ့ကို အကဲခတ် သလို ကြည့်နေသည်။ တတ်နိုင်လျှင်တော့ အမေ့ကို အပင်ပန်းမခံစေချင်။

 “ကျွန်တော်တစ်ယောက်ထဲ သွားရင်ရော..” 

ဒေါ်မေသက်က ခေါင်းခါသည်။

“သားရဲ့ အစ်မ ပျောက်နေတယ်သား၊ အမေတို့မိသားစုနှစ်နေရာ ကွဲနေတယ်။ သားတစ်ယောက်ထဲ လိုက်သွားရင် သုံးနေရာကွဲသွားလိမ့် မယ်”

သားတစ်ယောက်ထဲ လိုက်သွားပြီး ပျောက်သွားပြန်လျှင် သူရူးရ လိမ့်မည်၊ ဖြိုးဝေက သူ့မိခင်၏လက်ကိုတင်းတင်းဆုပ်လိုက်သည်။ ဟုတ် သည်၊ သူတို့နှစ်ယောက်လက်ချင်းမြဲမြဲတွဲပြီး လိုက်ကြရမည်။ မမြင်ရသော ကြိုးမြှင်လေးများ၏ဆွဲခေါ်ရာသို့လိုက်ကြမည်။

“အမေတို့ သားအမိနှစ်ယောက်သွားကြမယ်၊ နောက်ပြီး သုံး ယောက်အတူပြန်လာကြမယ်နော်...သား” 

“ဟုတ်ကဲ့အမေ၊ ကျွန်တော်တို့သုံးယောက်အတူပြန်လာကြမယ်”

 ဖြိုးဝေက သူ့ကိုယ်သူ ကတိပေးသလို ခပ်တိုးတိုးပြောလေသည်။

                             * * * * *

ဂျုံပင်အရိုးများကို မနိုင်မနင်းပိုက်ကာ ခေါက်တုံ့ခေါက်ပြန်သယ်နေရသဖြင့် နန်းထွေး မောဟိုက်လာသည်။ ပါးစပ်ကိုဟကာ၊ ဟကာနှင့်အသက်ကို မနည်းလုပြီးရှုနေရသည်မှာ ကုန်းပေါ်သို့ပစ်တင်လိုက်သောငါးနှင့်တူနေ လိမ့်မည်ဟု သူ့ကိုယ်သူပြန်တွေးမိသည်။

နှင်းခဲတွေအရည်ပျော်နေပြီဖြစ်သော်လည်း ရာသီဥတုကတော့ အေးမြနေဆဲပင်။ သို့သော်လည်း နန်းထွေး၏နဖူးပြင်တွင် ချွေးများစို့နေ သည်။ သေးဖွဲ့သော ခန္ဓာကိုယ်လေးမှာလည်း ယိုင်နေသည်။ မည်မျှပင်ယိုင်နေပါစေ ဒီဂျုံရိုးတွေကုန်မှပဲ နားတော့မယ်”ဟုစဉ်းစားပြီး ကျန်နေသမျှ ကို ဇွဲခတ်ပြီး ရအောင် သယ်လိုက်သည်။ လှည်းပေါ်မှာကုန်သွားပြီဆိုတော့ မှ လူက ပို၍ ပန်းဟိုက်ပြီး ပျော့ကျသွားသည်။

နန်းထွေးသည် ပိုးစာပင်ကြီးအောက်တွင် ခြေပစ်လက်ပစ် ထိုင် ချလိုက်ရင်း အသက်ကိုပြင်းပြင်းရှိုက်၍ရှုနေသည်။ အမောက တော်တော် နှင့်မပြေ။ မျက်စိကိုစုံမှိတ်ထားလိုက်တော့ အမေ့ကိုမြင်ယောင်လာသည်။

“နန်းထွေး” 

အဖွားလု၏အသံဖြစ်သည်။ 

“နင်မောနေလား” 

နန်းထွေးက ခေါင်းညိမ့်ပြသည်။

 “နောက်ကျတော့လည်း အကျင့်ရသွားမှာပါ”

နန်းထွေးက ဘာမှပြန်မပြောဘဲ မျက်စိကို ပြန်မှိတ်ထားလိုက် သည်။ မျက်လုံးအိမ်မှ လျှံပြီး စီးကျသွားသောမျက်ရည်များကိုတော့ မတား နိုင်ခဲ့ပေ။

“အမေ”

နန်းထွေးရင်ထဲမှနေပြီး ကြေကွဲတမ်းတစွာခေါ်မိသည်။ လောကဓံ တရား၏အလှည့်အပြောင်းအနိမ့်အမြင့်သည် သူ့အတွက် ကြီးမားလှချေ သည်။

“အမေ ကျွန်မဘာဖြစ်နေလဲ အမေသိရဲ့လား။ တစ်ခါမှ မတွေ့ဖူး တဲ့ လူကြီးကို ယူရတယ်။ တစ်ခါမှမလုပ်ဖူးတဲ့အလုပ်တွေကို လုပ်ရတယ်။ နောက်ပြီး တစ်သက်လုံးတစ်ခါမှအရိုက်မခံရဖူးဘဲ အခုတော့ ခဏခဏ အရိုက်ခံနေရတယ်အမေရယ်..”

သူက တစ်ဦးတည်းသောသမီးဖြစ်ပြီး အဖေနှင့်အမေက သူ့ကိုအသည်းပေါက်မတတ်ချစ်သည်။ အရမ်းလည်း အလိုလိုက်သည်။ အမေ တို့ အဖေတို့ အလိုလိုက်လွန်း၍ သူက အတန်းစာကို ကောင်းကောင်းမတတ် ခဲ့ခြင်း ဖြစ်လေသည်။ နန်းထွေး ကျောင်းမတက်ဘဲ ဗွီဒီယိုခွေတွေ ထိုင်ကြည့် နေလျှင်လည်း ရယ်နေတတ်သည်။ စာမေးပွဲကျတော့လည်း တစ်ခွန်းမျှ အပြစ် မတင်။ နောက်ဆုံး သူ့ဟာသူ ကျောင်းထွက်လာတော့လည်း ဘာမှ မပြောချေ။ သမီးဖြစ်သူ၏မျက်နှာလေးကြည့်နေလျှင် ပြုံးနေပျော်နေလျှင် သူတို့ ကျေနပ်နေကြသည်သာဖြစ်သည်။

အဖေနှင့်အမေတွင် အမေက ပိုပြီးထက်မြက်ကာ လုပ်ရည်ကိုင် ရည် ရှိသည်။ အမေလုပ်သော ခေါပုတ်၊ ပဲပုတ်ပြားများနှင့် မုန်ညင်းချဉ် သည် ပြည်မသို့ပင် ပို့ပြီးရောင်းရသည်။ နယ်စပ်လမ်းပွင့်လာတော့လည်း အထည်များကို ခေါက်ပြန်သယ်ကာ မြို့မှာပြန်ရောင်းသည်။ နန်းထွေးတို့ ၏ မြို့တွင် အမေ၏အထည်ဆိုင်သည် အကြီးဆုံးဖြစ်လေသည်။

နန်းထွေးဆယ့်ငါးနှစ်လောက်ရှိပြီး အရွယ်လေးရောက်လာတော့ အလှပန်း ပွင့်လာသည်။ အမေက အထည်ဆိုင်ဖွင့်ထား၍ အဆန်းပေါ်သမျှ ကို ဝတ်နိုင်စားနိုင်သည့်အပြင် နှုတ်ခမ်းနီနီ ပါးအို့နီနီနှင့် မျက်နှာချိုချို ပျော့ ပျော့လေးကြောင့် လူချစ်လူခင်များလာသည်။ နန်းထွေး ခေါပုတ်ဆိုင်ထိုင် လျှင် ခေါပုတ်ဆိုင်တွင်လူများပြီး အထည်ဆိုင်ထိုင်လျှင် အထည်ဆိုင်တွင် လူများသည်။ အမေကတော့ နန်းထွေးကို အရိပ်တကြည့်ကြည့်နှင့် ကြည့်၍ မဝ။ “ငါ့သမီး အလှမလေး” ဟူသောစကားကိုလည်း အတွင်ပြောတတ် သည်။

ပြဿနာက ထိုအလှမှပင်စခဲ့လေသလားတော့မသိရပေ။ အမေ နှင့် ဆွေမျိုးရိပ်မကင်းသူ ဝမ်းကွဲညီမတစ်ယောက်က အမေ့လိုပင် အထည် ဆိုင်ကို စင်ပြိုင်လိုက်ဖွင့်သည်။ အမေက ဘာမှမပြော၊ “ဒီအလုပ်ကို ငါတစ်ယောက်ထဲ လုပ်မယ်လို့ ကန်ထရိုက်ဆွဲထားတာမှ မဟုတ်တာပဲ။ ဘယ် သူမဆို လုပ်လို့ရတယ်” ဟု ခပ်အေးအေးပင်ပြောသည်။ နန်းထွေးကတော့ လူငယ်စိတ်နှင့်မို့ မခံချင်။ ထို့ကြောင့်လည်း အချို့သမီးတွေနှင့် စကားများ ရသည်။ စကားများတော့လည်း လူငယ်တို့ထုံးစံအတိုင်း အနိုင်လုကာ ကြက် ခေါင်းဆိတ်မခံပြောကြသည်။ တစ်မြို့လုံးမှာ ရှိရှိသမျှကာလသားတွေက နန်းထွေးဖို့ဆိုလျှင် စိတ်ဝင်တစားရှိကြသည်ကို နဂိုထဲက မကြည်မလင် ဖြစ်နေသော အစ်မဝမ်းကွဲများကို “နင်တို့တွေ အကုန်လုံးကို ငါ့အမေက ပေးလာတာ ကျွေးလာတာ” ဆိုတာမျိုး ပြောမိသည်။ ဟုတ်တာမှန်တာ တွေပေမယ့်လည်း ပြောသင့်သောစကား မပြောသင့်သောစကားများ ရှိသည် ကို နန်းထွေးက မချင့်ချိန်နိုင်ခဲ့ပေ။ ထိုစကားများကြောင့်လည်း နဂိုထဲက မလိုရင်းစွဲ ရှိသော အစ်မများက အနာကြီး နာခဲ့ကြလေသည်ကို လည်းကောင်း စိတ်ထဲတွင် အတေးအမှတ် ကြီးစွာ ထားခဲ့ကြလေသည်ကို လည်းကောင်း နန်းထွေး မသိခဲ့ပေ။ ခဏတဖြုတ်သာ စိတ်ဆိုးခဲ့ကြပြီး နောက်ပိုင်း အခေါ်မပျက် အပြော မပျက် ဆိုတော့လည်း စိတ်ချလက်ချပင်
နေခဲ့မိသည်။

တစ်နေ့တော့ ထိုအဒေါ်တို့ အိမ်ရှေ့မှ ဖြတ်အသွား ပြည်မက ဗွီဒီယိုခွေတွေ ပါလာသည်။ ကြည့်ချင်လျှင်လာယူဟု လှမ်းပြော၍ နန်းထွေး က မရည်ရွယ်ဘဲ ဝင်လာခဲ့သည်။ ခါတိုင်းလိုပင် အတွင်းခန်းအထိ ဝင်၍ ဗွီဒီယိုခွေများကိုရွေးနေစဉ် အနောက်ဘက်မှ မေ့ဆေးနှင့် အုပ်ချသည်ကို ခံခဲ့ရသည်။ သူ မည်မျှကြာအောင် သတိမေ့သွားလေသည်မသိ။ သတိရ
သောအချိန်တွင် တစ်ဖက်နိုင်ငံသို့ရောက်နေပြီးဖြစ်သည်။ သူ့ကို ဒီရွာအထိ ခေါ်ဆောင်လာသူမှာ လက်တွင် နဂါးပုံဆေးမင်ကြောင်ထိုးထားသောသူနှင့် သူ၏မိန်းမတို့ ဖြစ်သည်။ နန်းထွေးက သူတို့ဘာသာစကားကို ကောင်းကောင်း နားလည်ကာ ပြန်လည်ပြောတတ်တော့ ရွာရောက်လျှင် ယောက်ျား ကောင်းကောင်း ပေးစားမည့်အကြောင်းကို တစ်လမ်းလုံး ချော့ချော့မော့မော့ နှင့် နားသွင်း ဖြောင်းဖျလာကြသည်။ နောက်ပြီး အစာထဲတွင် ဘာဆေးတွေ ထည့်ကျွေးလည်းတော့ မသိ။ နန်းထွေးခမျာ တစ်လမ်းလုံး အိပ်ငိုက်နေ ကာ တစ်ခါတရံ ထိုင်လျှက်ပင် အိပ်ပျော်သွားတတ်သည်။

“နင့်ယောက်ျားက ကောင်းပါတယ်၊ သူကောင်းကောင်းပြောရင် နင်ကလည်း ကောင်းကောင်းပြန်ပြောပေါ့”

အဘွားလုက ချော့မော့သလို ပြောသည်။ 

“ဘာကောင်းတာလဲ ကျွန်မကို နေ့တိုင်းရိုက်နေတာလား”

“ငါတို့ဆီမှာ ချွေးမဆိုတာ အလုပ်အားလုံးကို လုပ်ရတယ်။ ယောက္ခမကိုပြုစုရတယ်။ ယောက်ျားကို ကောင်းကောင်းပြောရတယ်။ ကိုယ့် ယောက္ခမ ကိုယ့်ယောက်ျားကို ပြန်လှန်မပြောရဘူး။ သူတို့ပြောတဲ့စကားကို ကောင်းကောင်းနားထောင်ရတယ်၊ ရိုသေရတယ်”

အဘွားလုကတော့ နန်းထွေးကို လိမ္မာယဉ်ကျေးသောချွေးမလေး ဖြစ်စေချင်ပုံရသည်။ နန်းထွေးက အမေ့ကိုသတိရသည်။ သူ၏အမေသာ ဆိုလျှင်တော့ “သမီး မပျော်ရင်ပြန်လာခဲ့၊ အမေကျွေးထားနိုင်တယ်” ဟူသော စကားကိုသာပြောမည် ထင်သည်။

နန်းထွေး၏ယောက္ခမကြီးက ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်ထား ၍ အိပ်ယာထဲ လဲနေသူဖြစ်သည်။ နေမကောင်းသည့်သူဆိုတော့လည်း ထုံးစံ အတိုင်း စိတ်တိုသည်။ တဖျစ်တောက်တောက်ပြောကာ ဘာကိုမျှ စိတ်တိုင်းမကျ၊ နန်းထွေးက လယ်ထဲမဆင်းရသော်လည်း အိမ်မှုကိစ္စ လုပ် ကာ အဘွားကြီးကို ပြုစုရသည်။ အမြဲတမ်း ဆဲဆိုနေတတ်သော ထို ပိန် ချောက်ချောက် မိန်းမကြီးကို နန်းထွေး ကြည့်၍မရ၊ တစ်ခါတရံ သူ ဘာပြောနေနေ မကြားချင်ဟန်ဆောင်နေသည်။

ဒါတင်မကသေးပါ။ နန်းထွေးမှာ အခြားအပြစ်များ ရှိပါသေး သည်။ သူတို့ခိုင်းသမျှမလုပ်ခြင်း၊ ကျွေးသမျှမစားခြင်း၊ ထို့ပြင် ယောက်ျား ဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်ခြင်း စသည်များ ဖြစ်သည်။ သူ၏ ယောက်ျား ဖြစ်သူက စဦးပိုင်းတွင် အသံချိုချိုနှင့် ပြောသော်လည်း ခဏနေ လျှင် ဒေါသတွေ ထောင်းထောင်းထကာ ရေငင်သောကားတာယာကြိုးကို လှမ်းဆွဲတတ်သည်။ 

သူ့ကိုယ်သူလည်း ထိုမျှခေါင်းမာသည်ကို နန်းထွေးက အရင်က မသိခဲ့ပေ။ သူက ထုလေမာလေတေလေမာလာလေ ငါးဖယ်လို လူစားမျိုး ဖြစ်သည်ကို အခုမှ သူ့ကိုယ်သူသိရတော့သည်။ ကိုယ်ဟန်လေးနွဲ့နွဲ့၊ မျက် နှာလေး ချိုပျော့ပျော့နှင့် အပေါ်ယံက နူးညံ့ပျော့ပျောင်းဟန်ရှိသော်လည်း အတွင်းစိတ်က မပျော့ချေ။ အရိုက်ခံမည်မှန်းသိလျက်နှင့် ထော်လော်ကန့်လန့်တွေ ပြန်လုပ်နေမြဲဖြစ်သည်။ အားချင်းမမျှလွန်း၍သာ ဇွတ်မှိတ်လိုက် ရသော်လည်း ဆန့်ကျင်၍ရသမျှတော့ အမြဲဆန့်ကျင်နေမြဲဖြစ်သည်။

နန်းထွေးသည် သူတို့ လိုချင်သလို မျှော်လင့်သလို နာခံရိုကျိုး သော ချွေးမ မဟုတ်ဘဲ ပေကပ်ကပ် ဂျစ်ကန်ကန်ချွေးမ ဖြစ်နေဟန် ရှိလေ သည်။ တော်ရုံ တန်ရုံ မိန်းမများလို ဦးကျိုးမသွားသည့်အတွက်လည်း ယောက္ခမရော ယောက်ျားကပါ ဒေါသဖြစ်နေကြရလေသည်။

“သမီး ဒီရောက်ကတည်းက အဆိုမဆဲမခံရတဲ့နေ့ မရှိဘူး အမေ။ အရိုက်ခံရတာလည်း ခဏ၊ ခဏပဲ...”

နန်းထွေးက သူ၏လက်မောင်းမှအရိုးရာများကို အသာအယာ လက်နှင့်ပွတ်နေသည်။ ဖူးထနေသောအရာများသည် ချွေးနှင့်တွေ့တော့ စပ်ပူစပ်လောင်ဖြစ်လေသည်။

“ငါ့မှာ ဖယောင်းချက်ရှိတယ်။ ခဏနေရင်ယူပေးမယ်”

အဘွားလုက စိတ်မကောင်းသလို ပြောသည်။ အဘွားလုနှင့် အဒေါ်ရန်တို့သည် နန်းထွေး၏ အိမ်နီးနားချင်းများ ဖြစ်သည်။ အဘွားလု ၏ သားက သေဆုံးသွားသည်မှာ ကြာပြီ ဖြစ်သည်။ ချွေးမဖြစ်သူ အဒေါ်ရန် နှင့် မြေးမကလေးပါ အဘွားလုနှင့်အတူ နေထိုင်ခဲ့ရာမှ မြေးမကလေးမှာ ဆယ့်ငါးနှစ် အရွယ်ကျမှ ဆုံးပါးသွားခဲ့ပြန်သည်။ အခုတော့ ယောက္ခမနှင့် ချွေးမတို့သည် တစ်ဦးကိုတစ်ဦး မှီခိုကာ အတူနေထိုင်လျက် ရှိကြသည်။ အဘွားလုက အိမ်မှု ကိစ္စလုပ်ပြီး အဒေါ်ရန်က လယ်ထဲယာထဲ ဆင်းတတ် သည်။ ညကျလျှင်တော့ အဖြူအမည်းတီဗွီကလေး၏ရှေ့တွင် နှစ်ယောက် အတူထိုင်ကာ ရုပ်မြင် ဇာတ်လမ်းကြည့်ရင်း အပန်းဖြေတတ်ကြသည်။

“အဘွားလုရယ်... ကျွန်မပြန်ချင်တယ်”

 နန်းထွေးက တိုးတိုးပြောသည်။

“ကျွန်မအမေတော့ စိတ်ပူလို့ သေမလား မသိဘူး။ စားနိုင်မှာ လည်း မဟုတ်ဘူး။ အိပ်နိုင်မှာလည်း မဟုတ်ဘူး။ အမေက ကျွန်မကို သိပ်ချစ်တာ သိပ် အလိုလိုက်တာ အခုလို ရေပုံးကြိုးကြီးနဲ့ ရိုက်ဖို့ နေနေ သာသာ တစ်သက်လုံး လက်ဖျားနဲ့တောင်ထိဖူးတာမဟုတ်ဘူး”

အဘွားလုက သူ့ကိုစိတ်မကောင်းသလိုကြည့်နေသည်။ 

“နင်ဘယ်လိုပြန်မှာလဲ၊ နင်တို့တိုင်းပြည်နဲ့ဝေးလှပြီ”

 “လမ်းလျှောက်ပြန်မယ်”

နန်းထွေးက ခေါင်းမာစွာပြောတော့ အဘွားလုက သဘောကျ သလို တိုးတိုးလေး ရယ်လေသည်။

“နင်ကငါ့မြေးမလေးလိုပဲ ခေါင်းသိပ်မာတယ်”

 “အဘွားရဲ့ မြေးက ကံကောင်းပါတယ်။ သေသွားပေမယ့် သေတဲ့အချိန်အထိ အဘွားတို့နဲ့ အတူတူနေသွားရတာ”

နန်းထွေးက စကားနာထိုးရင်း နေရာမှထရပ်သည်။ ယောက္ခမ ကြီးနားသို့ သွားရဦးမည်။ သူခိုင်းတာတွေကို လုပ်ပေးရဦးမည်။ နောက်ဖေး ချောင်တွင်လည်း ရှင်းလင်းသိမ်းဆည်းပြီး ဆေးရကြောရဦးမည်။

“ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ရတယ်။ ငါတို့မိန်းမ ဆိုတာ နေစရာနေရာကို ရွေးခွင့်မရှိဘူး။ ကိုယ့်ရဲ့ ကံကြမ္မာက ချပေးတဲ့နေရာ မှာ အဆင်ပြေအောင်နေရတယ်”

အဘွားလုက သူပြောနေကျဆုံးမစကားများကိုပင် ထပ်ခါထပ်ခါ ပြောတတ်လေသည်။
အဘွား၏ချွေးမ အဒေါ်ရန်ကတော့ စကားနည်းလှသည်။ ဘာစကားကိုမျှ ဝေဝေဆာဆာရယ်ရယ်မောမောပြောလေ့ရှိသူမဟုတ်ချေ။ လုပ်စရာအလုပ်များကို တိတ်တိတ်ဆိတ်ဆိတ်လုပ်ပြီး သူများပြောသမျှကို သာ ငြိမ်ငြိမ်သက်သက်နားထောင်နေလေ့ရှိသူဖြစ်သည်။

 “ဟာ...ဒါတော့ ကောင်းတာပေါ့” 
“ဟင်- ဒီလိုဖြင့်မကောင်းပါဘူးကွယ်” ဟူသော ဝေဖန် ချက်များကိုလည်း တစ်ခါမျှ ပေးလေ့မရှိပေ။ တစ်ခါတစ်ရံ နန်းထွေးက အမေ့အကြောင်းတွေ ပြောကာ မျက်ရည်ကျလျှင်တော့ ပင့်သက်ကို မသိ မသာ ရှိုက်တတ် သည်။ ထိုနောက် နန်းထွေးကို မကြည့်ဘဲ မျက်နှာလွှဲကာ နေတတ်လေသည်။
တစ်နေ့ညကတော့ ထုံးစံအတိုင်း နန်းထွေး အရိုက်ခံရသည်။ ဒီတော့လည်း နောက်တစ်နေ့ နေ့လည်ခင်း ခေတ္တအားသောအချိန်တွင် နန်းထွေးသည် အိမ်ဘေးပိုးစာပင်ကြီးအောက်သို့ ထုံးစံအတိုင်း ရောက်လာ သည်။ ပိုးစာပင်ကြီး၏ပင်စည်ကို ကျောမှီ၍ ထိုင်ရင်း ကျယ်ပြန့်လှသော ကောင်းကင်ပြာကြီးကို မော်ကြည့်သည်။ လိပ်ပြာကလေးလို၊ ငှက်ကလေးလို အတောင်ပံလေး ပေါက်လာရင် ဘယ်လောက် ကောင်းလိုက်မလဲဟု ပြင်းပြင်းထန်ထန် တောင့်တနေမိသည်။ ထိုနောက် အဖေနှင့်အမေကို တမ်းတကာ ထုံးစံ အတိုင်း တရှိုက်ရှိုက်ငိုမိလေသည်။
ထိုအချိန်တွင် အဒေါ်ရန်က သူ့ဘေးသို့ တိတ်တိတ်ဆိတ်ဆိတ် ရောက်လာခဲ့လေသည်။

“နန်းထွေး” 

အဒေါ်ရန်ကသူ့ဘေးတွင်ဝင်ထိုင်သည်။

 “နန်းထွေး..နင်သိပ်စိတ်ညစ်နေလား” 

နန်းထွေးက ခေါင်းညိမ့်သည်။ 

“နင်..သိပ်ပြန်ချင်နေလား”

နန်းထွေးက ထပ်ပြီး ခေါင်းညိမ့်သည်။ မျက်ရည်တွေ စွန်းထင်း နေသော နန်းထွေး၏မျက်နှာငယ်နုနုလေးကိုစိုက်ကြည့်ရင်း အဒေါ်ရန်၏ မျက်နှာသည် အတန်ငယ်နူးညံ့လာသည်။ ကန်ရေပြင်လိုအေးစက်ငြိမ်သက် နေတတ်သောမျက်လုံးများတွင် နွေးထွေးသောမေတ္တာ၏ အရိပ်အယောင် က ပျပျလေး လင်းလာသည်။

“နင့်ကိုတွေ့တိုင်း....သမီးကိုသတိရတယ်” 

“ကျွန်မလည်း အဒေါ်ကိုတွေ့တိုင်း အမေ့ကိုအရမ်းသတိရတယ်”

နန်းထွေးက ငိုသံလေးနှင့် ပြောသည်။ သူတို့နှစ်ဦးသည် တစ်ဦး ကို တစ်ဦး ငြိမ်သက်စွာငေးကြည့်နေမိကြသည်။ ထိုနောက် အဒေါ်ရန်က တစ်စုံ တစ်ခုကို ဆုံးဖြတ်လိုက်သလို ခေါင်းကို ဆတ်ကနဲမော့လိုက်သည်။

“ငါပြောတာကိုတော့ ဘယ်သူမှမသိစေနဲ့၊ အဘွားလုတောင်မသိဘူး"

နန်းထွေးက သူ့ကိုမျှော်လင့်တကြီးကြည့်ရင်း ခေါင်းညိမ့်ပြသည်။

“နင်တို့ကို ဒီခေါ်လာတာဟာ မကောင်းတဲ့လူနည်းနည်းလေးက ' ခေါ်လာတာပါ..ငါတို့အားလုံးဟာ အဲဒီလိုမျိုးလူတွေချည်းပဲ မဟုတ်ဘူး”

အဒေါ်ရန်၏အသံမာနေသည်။ 

“ဒီမှာ နန်းထွေး...နင်..ငါတို့စကားကိုကောင်းကောင်းတတ်နေတာ"

“ဟုတ်ကဲ့” 

"ဒီတော့ နင်ရဲဌာနကိုသွား၊ နင်ဟာ မြန်မာလူမျိုးပါဆိုတာ၊ ရောင်း စားခံရပြီး ဒီအထိရောက်လာရတာပါဆိုတာ အသေအချာရှင်းပြပြီး အကူ အညီ တောင်း၊ အဲဒါဟာ နင်လွတ်ဖို့လမ်းပဲ”

နန်းထွေး၏ခေါင်းထဲတွင် လင်းကနဲဖြစ်ပြီး ရင်တွေ တဒိတ်ဒိတ် ခုန်လာသည်။ သူဒီလိုလုပ်ရကောင်းမှန်းမသိခဲ့၊ လုံးဝလည်း မစဉ်းစားမိခဲ့။

“ရဲဌာနက ဘယ်မှာလဲ”

“မြို့မှာ၊ နင်ရွာထိပ်ရောက်ရင် ကားစီးသွား၊ ခဏနေရင်ရောက် ရော....”

နန်းထွေးက နေရာမှ ဆတ်ကနဲ ထသည်။ သူ့တစ်ကိုယ်လုံး တုန်နေသည်။ ရဲများသည် သူ့စကားကို အရေးလုပ်ပါ့မလား၊ ယုံကောယုံပေါ့ မလား။

“ကျွန်မ ကြောက်တယ်”

 “နင်ကြောက်မယ်ဆိုရင် မပြန်ချင်နဲ့တော့”

အဒေါ်ရန်က အရှင်းဆုံးစကားကိုပြောသည်။ ထိုနောက် အိတ်ထဲ မှ ပိုက်ဆံလေးတစ်ရွက်ကိုဆွဲထုတ်သည်။ သူတို့နိုင်ငံသုံး ငွေတစ်ဆယ်တန် ဖြစ်သည်။

“ရော့..ကားခ ယူသွား”

နန်းထွေး တစ်ကိုယ်လုံးတုန်ကာ မျက်ရည်လည်လာသည်။ ပိုက်ဆံလေးကို လှမ်းယူရင်း အဒေါ်ရန်ကိုလက်အုပ်ချီလိုက်သည်။ “ကျေးဇူးမမေ့ ပါဘူး အဒေါ်ရယ်” ဟု ရင်ထဲမှထပ်ခါထပ်ခါပြောမိသည်။
နန်းထွေးက အိမ်ဘက်ကိုအသာကြည့်သည်။ သူ့ယောက္ခမကြီး အိပ်ပျော်နေသည်။ သူ၏ယောက်ျားက လယ်ထဲမှာဖြစ်လေသည်။

“ကျွန်မ သွားမယ်...”

 “အေး..သွားတော့”

အဒေါ်ရန်၏မျက်နှာတွင် အပြုံးလေးတစ်ချက်လှစ်ကနဲပေါ်လာ ပြီး ပြန်လည်၍ အေးစက်မာခဲသွားသည်။ ထိုနောက် ချာကနဲလှည့်ကာ ပြန်ထွက်သွားသည်။ လှည့်၍ပင်မကြည့်ချေ။

“ကျေးဇူးတင်ပါတယ်..လူမျိုးခြား အမေရယ်”

နန်းထွေးက အိမ်ထဲသို့ပင် ပြန်မဝင်တော့၊ ငွေတစ်ဆယ်ကို တင်း တင်းလေးဆုပ်ကိုင်ကာ အိမ်ထဲမှသုတ်သုတ်ပါအောင် အပြေးတစ်ပိုင်းနှင့် ထွက်လာခဲ့သည်။
လွတ်မြောက်ရာ လမ်းဆီသို့...။
 
                           * * * * *

ဇာတ်သိမ်းဆက်ရန်

#Typing_crd_ZawOo

No comments:

Post a Comment