#ပန်းပွင့်ခရေ
( ဒုတိယပိုင်း )
#မစန္ဒာ
အေးမွန်အိမ်ပြန်ရောက်တော့ အဒေါ်ကထမင်းကြမ်းခဲကို ငါးပိရည် ဆမ်းပြီး စားနှင့်နေပြီ ဖြစ်သည်။ အေးမွန်က ငါးခုလေးကို ကမန်းကတန်း
ကြော်ပေးမည်လုပ်တော့ ထင်ထားသည့်အတိုင်း
“ထားလိုက်ပါတော့ဟယ် ....ညနေကျမှ သူ့ကိုကျွေးလိုက်”ဟုပြောလေသည်။
“အဒေါ်ကသာ စေတနာပိုနေ၊ အဲဒီလူကြီးက ကောင်းတာ မဟုတ်ဘူး နော်၊ ကျွန်မကိုလည်း ထိကပါးရိကပါးနဲ့”
အေးမွန်က သွေးတိုးစမ်းကာပြောကြည့်တော့ အဒေါ့ မျက်နှာထား က တည်ပြီး တင်းသွားသည်။ အေးမွန်ကို ခပ်စိမ်းစိမ်းကြည့်ကာ “ည်းက လည်း ဣန္ဒြေရရနေမှပေါ့အေ့” ဟုပြောလေသည်။ အေးမွန် ဘာကိုမျှ ဆက် မပြောချင် တော့။
အဒေါ်၏ ယောက်ျားကြီးကလည်း မနေ့တုန်းက ဆဲလားဆိုလား၊ တွန်းလားထိုးလား လုပ်ထားမိသောကြောင့်လားတော့ မသိ။ လေးငါးရက်
လောက် အိမ်ပြန်မလာပေ။ သူအိမ်ပြန်မလာသည်ကို အေးမွန်တို့မောင်နှစ်မ သုံးယောက်က ကျိတ်ပြီး ဝမ်းသာနေကြသော်လည်း အဒေါ့ခမျာမှာတော့ မျက်နှာ မကောင်းရှာ။ သူ့ယောက်ျား အမူးသမား၊ အဖိုးမတန် အမျိုးမမှန်ကြီး ကို တမျှော်တည်း မျှော်နေလိုက်သည်မှာ လည်ပင်းပင် အတန်ငယ် ရှည် ထွက်လာသည်ဟု ထင်မိသည်။ ခေါင်းရင်းအိမ်မှ ဘကြီးထွန်းဇံကတော့ အခြေအနေမှန်ကို နားလည်သည်။ ဒီအကောင် ဘာကြံနေလဲမှ မသိတာ။ တစ်ခုခုတော့ကြံနေမှာပဲ၊ လာတော့လာဦးမှာ၊ နင်တို့မောင်နှစ်မတွေလည်း သတိမလွတ်စေနဲ့” ဟုပြောသည်။
ဘကြီးထွန်းဇံပြောသည်မှာ မှန်လှကြောင်း တစ်ပတ်လောက်နေ တော့ လက်တွေ့သိရသည်။ ကျော်ကျော်တို့ညီအစ်ကိုလည်း ကျောင်းသွား တုန်း အဒေါ်ကလည်း နေ့လည်ထမင်းစားပြီး တရေးတမော ပြန်လည်အိပ်ပျော်သွားတုန်း အဒေါ့်ယောက်ျားရောက်လာသည်။ အေးမွန်က အိမ် နောက်ဖေးတွင် ပန်းကန် ဆေးနေစဉ် ချွတ်နင်းပြီးဝင်ရောက်လာခြင်း ဖြစ် သည်။ ထိုနောက် အေးမွန်ကို နောက်ဖက်မှ နေပြီး သိမ်း၍ဖက်သည်။
“ဟောဒီမှာ အဒေါ်ရေး..ဘကြီးထွန်းဇံရေ..ကြီးဒေါ်သန်းရေ လုပ်ကြပါဦး”
အေးမွန်က အလန့်တကြား အော်သည်။ သူက အေးမွန်၏ပါးစပ် ကို အတင်းပိတ်သည်။ အေးမွန်က ရုန်းရင်းကန်ရင်း ယက်ကန်ယက်ကန်နှင့် လက်တစ်ဖက်က မီးဖိုဘေးမှ ငံပြာရည်ပုလင်းကို လှမ်းပြီး စမ်းလိုက်မိသည်။ ဒီတော့လည်း ငံပြာရည်ပုလင်းကို တင်းတင်းဆုပ်ကိုင်ပြီး လက်ပြန် ရိုက်ချ လိုက်သည်။ သူက လက်နှင့်ဆီးခံလိုက်၍ ခေါင်းကိုမထိသော်လည်း ပုလင်း ကွဲကာ သူ့လက်တွင် ရှသွားသည်။ ငံပြာရည်တွေလည်း ဖိတ်စဉ်ကာ ရွဲစို သွားသည်။
အေးမွန်က ပုလင်းဖင်ပြတ်ကိုကိုင်ကာ သူ့ကို ချက်ချင်းလှည့်ပြီး ရင်ဆိုင်လိုက်သည်။ သူ့မျက်နှာတည့်တည့်ကို ပုလင်းပြတ်နှင့် ဆောင့်ထိုးရန် ကြိုးစားရင်း ဖြတ်ကနဲတွေ့လိုက်သော ငရုတ်ကျည်ပွေ့ကိုပါ ဘယ်ဘက် လက်က လှမ်းပြီးဆွဲယူလိုက်သည်။ ကျားမလေးလို မာန်ဖီပြီး အတင်း ရှေ့တိုးလာသောအေးမွန်ကို သူက ကြောက်လန့်တကြားကြည့်ရင်း အမူးပြေ သွားပုံရသည်။ နောက်ဆုတ် နောက်ဆုတ်နှင့်နောက်ပြန်ဆုတ်ရင်း “မအေး မြင့်ရေ..နင့်တူမ ငါ့ကိုသတ်နေပြီ” ဟု အော်သည်။
သူတို့အိမ်ကလည်း မီးဖိုပြီးလျှင် အိမ်ရှေ့ခန်းမို့ နောက်ဆုတ်စရာ နေရာက ဘာမျှမရှိ။ အိမ်ရှေ့ခန်းကျဉ်းကျဉ်းလေးပြီးလျှင် လှေကားထစ်သာ ရှိတော့သည်မို့ အေးမွန်ကိုကျောမခိုင်းရဲသော အဒေါ်ယောက်ျားက လှေကား မှ နောက်ပြန်ကျသွားသည်။ ဒေါသစိတ်တွေ မွှန်ထူနေသော အေးမွန်ကပါ
သူ့နောက် ထပ်ချပ်လိုက်ပြီး အိမ်ပေါ်မှ ဝုန်းကနဲ ခုန်ချသည်။
“အမယ်လေး လာကြပါဦး ကယ်ကြပါဦး အရပ်ကတို့ရေ.. ကယ်ကြပါဦး၊ ကျွန်မယောက်ျားကို အေးမွန်သတ်နေပါပြီ”
ငယ်သံပါအောင် အော်လိုက်သောအဒေါ်၏ အသံကို ကြားရ သည်။ အဒေါ် အော်လိုက်သည်မှာ သူ့ယောက်ျားကြီးအတွက်သာမက အေးမွန်ပါ ကံကောင်းဖို့ ဖြစ်သွားလေသည်။ အဒေါ်၏အသံကို မကြားမိလို့ ကတော့ ထိုလူကြီး၏ခေါင်းကို ငရုတ်ကျည်ပွေ့နှင့်ပယ်ပယ်နယ်နယ် ထု ထောင်းထုပြီး လူသတ်မှု ကျူးလွန်မိတော့မည်ဖြစ်သည်။
အေးမွန်လှည့်ကြည့်လိုက်တော့ အိပ်ယာထဲမှ ဒရွတ်ဆွဲပြီး ထလာ သော အဒေါ်က အိမ်ဝရောက်နေပြီဖြစ်သည်။ အေးမွန်ကို လက်ညှိုး ငေါက် ငေါက်ထိုးကာ ဒေါသတကြီးနှင့်အော်ဟစ်နေသည်။
“ဟဲ့.....ကောင်မ ထွက်သွား။ ငါ့အိမ်ပေါ်က အခုဆင်းသွား”
အေးမွန်သည် သူ့ကိုနှင်ချနေသောအဒေါ်အား တွေတွေဝေဝေ ကြည့်ရင်း ရင်ထဲတွင် ခါးခါးသီးသီး နာကျင်လာသည်။ အေးမွန်ခေတ္တ မျှ ငိုင်သွားစဉ် အေဒါ့်ယောက်ျားကြီးက မြေပေါ်မှ လူးလဲထကာ နောက်ဆုတ် နောက်ဆုတ်နှင့် ဆုတ်သွားပြီး လွတ်လောက်သောနေရာရောက်တော့တချိုး တည်း လှည့်ပြေးသွားသည်။
“ကိုမင်းနိုင်....အို..ကိုမင်းနိုင် ဘယ်သွားမလို့လဲ”
အဒေါ်က သူ့ယောက်ျားကိုတကျော်ကျော်အော်ခေါ်သည်။ ဟိုက လှည့်မကြည့်တော့ အေးမွန်ဘက်လှည့်ကာ “နင်ဘယ်လိုလုပ်လိုက်တာလဲ မအေးအေးမွန်ရဲ့၊ ကျေးဇူးရှင်မရဲ့ ” ဟုအော်သည်။
“တောက်.. အေးမွန်က သူ့လက်ထဲမှ ပုလင်းပြတ်နှင့်ငရုတ်ကျည်ပွေ့ကို မြေကြီးပေါ်သို့ တအားလွှဲပေါက်လိုက်သည်။ ထိုနောက် ချာကနဲ လှည့်ကာ ထွက်လာခဲ့သည်။ ခါးသည်းနာကျင်ကြေကွဲမှုက သူ၏သံယောဇဉ်ကြီးကို တောက်ကနဲနေအောင် ဖြတ်ချလိုက်သည်။ ကျော်ကျော်နှင့်ဇော်ဇော်ကို မြင် ယောင်မိတော့ ရင်ထဲမှာ မချိ၊ ကျောင်းပြန်လာလျှင် “အစ်မရော”ဟု ရှာကြ တော့မည်။ သို့သော် ဘာတတ်နိုင်မည်နည်း။ သူတို့သည် အမေအရင်းနှင့် သားအရင်းများ ဖြစ်ကြသည်။
“နေရစ်ခဲ့ကြတော့ မောင်လေးတို့ရေ” အေးမွန်စိတ်ထဲမှပြောရင်း ဝေကျလာသောမျက်ရည်များကို လက်နှစ်ဖက်နှင့်ပွတ်သုတ်လိုက်သည်။
နေပူကျဲကျဲတွင် ခြေဦးတည့်ရာလျှောက်သွားနေရင်း အေးမွန်သည် “ငါ ဘာလုပ်ရမလဲ” ဟု သူ့ကိုယ်သူ အထပ်ထပ်ပြန်မေးနေမိသည်။ သို့သော်လည်း အဖြေမရှိချေ။ နောက်တော့ မန္တလေးမှ အဒေါ်ဝမ်းကွဲကို သတိ ရသည်။ ကောက်ရိုးမျှင်ကလေးပင် ဖြစ်စေတော့၊ ထိုကောက်ရိုးမျှင်ကလေး ကိုပင် ဆွဲရတော့မည်။ အဒေါ်ဆီသို့ သွားချင်သည်။ သို့သော် ဘယ်လိုသွားရမည်နည်း။
သူ့တစ်ကိုယ်လုံးလည်း စုတ်ပြတ်ညစ်ပတ်နေသည်။ ဆံပင်တွေ ဖွာရရာ ကျဲကာ ငံပြာရည်စော်လည်း နံစော်နေသည်။ နောက်ဆုံးတော့ အဒေါ်ဝတုတ်ကို သတိရသည်။
“နင်...ဘာလုပ်မလဲ”
အဒေါ်ဝတုတ်က မေးသည်။
“မန္တလေးမှာ ဦးလေးရဲ့အစ်မဝမ်းကွဲတစ်ယောက်ရှိတယ်။ ကျွန်မ နဲ့ဆို ကြီးဒေါ်တစ်ဝမ်းကွဲတော်တာပေါ့။ အပျိုကြီးပဲ.....ကျွန်မငယ်ငယ်တုန်း က ရန်ကုန် လာဖူးတယ်။ သူနဲ့လာနေဖို့လည်း ခေါ်ဖူးတယ်။ သူ့ဆီ လိုက် သွားမယ်”
“မန္တလေးမြို့က အကျယ်ကြီး ဟဲ့..နင်က သူ့ကိုဘယ်လိုလုပ်ပြီးရှာမှာလဲ”
“သူက ဆေးရုံကြီးမှာ လူနာစောင့်လုပ်တာလေ။ ဒေါ်မြလို့ မေး လိုက်ရင် လူတိုင်းသိတယ်တဲ့”
“ကဲ...အဲဒီရောက်တော့ နင်ဘာလုပ်မလဲ”
အဒေါ်ဝတုတ်က စိုးရိမ်နေရှာသည်။ အေးမွန်ကိုယ်တိုင်လည်း ပြောမယ့်သာပြောနေရသော်လည်း မန္တလေးရောက်ပြီးမှ ဒေါ်မြကို ရှာမတွေ လျှင် ဘာဆက်လုပ်ရမည်နည်း။ စဉ်းပင် မစဉ်းစားရဲ။ အဒေါ်ဝတုတ်ကများ “ငါနဲ့ လာနေလှည့်လေ”ဟု ပြောမလားဟု မျှော်လင့်နေမိသော်လည်း သူ့ အိမ်ကျဉ်းကျဉ်းမှာ သူ့မိသားစုအပြည့်မို့ ပြောချင်လျှင်တောင် ပြောနိုင်အား မရှိသည်ကိုတော့ သိပြီးသားပင်။
“အဲဒီရောက်တော့လည်း သူ့လိုပဲ လူနာစောင့်ရင်စောင့် မစောင့်ရ ရင်လည်း တံမျက်စည်းလှည်း အမှိုက်သိမ်း၊ တစ်ခုခုတော့ လုပ်ရမှာပေါ့ အဒေါ်ဝတုတ်ရယ်၊ ကျွန်မရဲ့ တဝမ်းတခါးတော့ ကျွန်မရှာစားလို့ရမှာပါ”
အေးမွန်က အားတင်းပြီး ပြောသည်။ ။
“နင့်အဒေါ်ကိုရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ”
“အို..ဆေးရုံကြီးရောက်ရင် လူတိုင်းသိပါတယ်ဆိုမှ တွေ့မှာပါ။ မဂျပန်မ ကလဲ”
သို့နှင့်ပင် အေးမွန်သည် ရန်ကုန်ဘူတာကြီးသို့ရောက်ခဲ့ရသည်။ ဒေါ်ဝတုတ်နှင့်တကွ ငါးသည်များက သူ့အတွက်လမ်းစရိတ်ကို စုပြီးပေး လိုက်ကြသည်။
အနီရောင်ရထားကြီး တွဲထိုးလာတော့ ရထားပေါ်ကို ကြောက် ကြောက်နှင့်တက်ခဲ့ရသည်။ သူ့နေရာတွင်သူ ကုတ်ချိချိလေး ထိုင်ရင်း အေးမွန်သည် မျက်စိသူငယ်ဖြစ်နေသည်။ ထိုနောက်တော့ စိတ်ထဲတွင် တတ် သမျှ ဘုရားစာတွေ ရွတ်ရင်း မျက်စိကိုမှိတ်ထားလိုက်သည်။
“ဟယ်...နင်ဘယ်သွားမလို့လဲ”
သူ့ပုခုံးကို တစ်စုံတစ်ဦးကပုတ်၍နှုတ်ဆက်သည်။ မျက်စိကို ဖွင့် ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်က သူ့ကိုရယ်ပြနေသည်ကို တွေ့ရသည်။ ခေတ္တစဉ်းစားပြီးမှ ဈေးထဲသို့လာတိုင်း သင်္ကြန်ဘောင်းဘီ ကားကားကြီး ဝတ်လာတတ်သော စုတ်တုတ်ပြတ်တတ် ကောင်မလေး ဖြစ်သည်ကို မှတ်မိလိုက် သည်။ အခုတော့ အင်္ကျီပန်းရောင်၊ ထဘီပန်းရောင် အပွင့်စိတ်စိတ်လေးနှင့် ခေါင်းတွင်လည်း ပန်းရောင်ကလစ်လေး ညှပ်ကာ လှတပတလေး ဖြစ်နေသည်။
“ငါ မန္တလေးသွားမလို့”
“ဟင်....တစ်ယောက်ထဲလား”
“အေး..တစ်ယောက်ထဲပဲ....နင်ရော ဘယ်လဲ”
အေးမွန်က ဆွေမျိုးအရင်းအချာတွေ့ရသလို ဝမ်းသာအားရ ဖြစ် သွားသည်။ အားတွေတက်သွားသည်။
“တစ်ယောက်တည်း ဘာသွားလုပ်မလို့လဲဟင်၊ ဒီမှာကြည့် ဒီ အစ်မကိုရော နင်သိတယ်မဟုတ်လား၊ မိတ္တူကူးဆိုင်ကလေ၊ သူက ငါနဲ့ အတူ လိုက်လာတာ၊ ဟိုမှာ အလုပ်လုပ်ကြမလို့လေ။ ဒါက ငါ့ရဲ့ အစ်မ ဝမ်းကွဲ၊ အစ်မက ငါတို့ကိုလာခေါ်တာ။ ဟိုကျတော့ အထည်ရောင်းတဲ့သူ က ရောင်း၊ ထမင်းရောင်းတဲ့သူက ရောင်း၊ လုပ်ကြရမှာတဲ့။ နင်ရော.. မန္တလေးမှာ ဘာလုပ်မလို့လဲ၊ ငါတို့နဲ့ အတူလိုက်ခဲ့မလားဟင်။ နယ်စပ်မှာ ဈေးရောင်းကြရအောင်လေ။ အခုတော့ သူများဆီမှာ လုပ်၊ အရင်းအနှီးလေး ရတာတော့လည်း ဟီဟီ ကိုယ်ပိုင်အလုပ်လုပ်ရမှာပေါ့၊ နင်ရော ဟိုမှာဘာလုပ်မှာလဲ... ငါတို့နဲ့ အတူလိုက်ခဲ့မလား...ဟင်”
ကောင်မလေးက သူ၏ ထုံးစံအတိုင်း စကားကို ရေပက်မဝင် အောင် ပြောနေသည်။ မိတ္တူကူးဆိုင်မှအစ်မလေးကိုလည်း အေးမွန်မြင်ဖူး နေသားပင်။ ကောင်မလေး၏ အစ်မဝမ်းကွဲကတော့ ချမ်းသာပုံရသည်။ ခေတ်လည်း ဆန်သည်။ ရယ်ဒီမိတ်အင်္ကျီ ပွပွအိအိပျော့ပျော့လေးကို ဝတ် ထားရာ ကြည့်၍ ကောင်းလှသည်။ ဆံပင်ကို အညိုရောင်ဆိုးပြီး ကောက် ထားသော်လည်း ဖြန့်မချဘဲ နောက်ဖက်တွင် ခပ်ရွရွလေးစု စည်းထား သည်။ အစစ်လား အတုလားတော့ အေးမွန်မသိ၊ သူ့နားတွင်ပန်ထားသောကျောက်စိမ်းနားကပ်နှင့် လောကက်သီး၊ လက်စွပ်တို့မှာ ဆင်တူဖြစ်လေ သည်။ နောက်ပြီး ရွှေလက်ကောက်တွေ ဆင့်ဝတ်ထားရာ သူ့လက် လှုပ် လိုက်တိုင်း ရွှေနှင့်ရွှေချင်း ထိခတ်သံက ချွင်ကနဲချွင်ကနဲမြည်သွားသည်။ အေးမွန်၏နားထဲတွင်တော့ ထိုချွင်ချွင်သံလေးက သာယာလှသည်။ သူက အေးမွန်ကို အကဲခတ်သလို လှမ်းကြည့်ကာ ဖော်ရွေစွာ ပြုံးပြသည်။ သူ့ လက်ထဲတွင် ကိုင်ထားသော အာလူးကြော်ထုပ်ကို “ရော့...ညီမလေး စား ဦး”ဟု ဆိုကာ လှမ်းပေးသည်။
ရထားကြီးက ငြိမ့်ကနဲ ယိမ်းကာ စတင်ပြီး ထွက်ခွာလာသည်။ ဂျိန်းဂျိန်း ဂျတ်ဂျတ်မြည်သံနှင့်အတူ အေးမွန်၏ရင်ခုန်သံသည်လည်း စည်း ချက် ကျကျနှင့် တဖြည်းဖြည်းမြန်လာသည်။
ဘဝစာမျက်နှာအသစ်သည် သူ့ကိုစောင့်၍ကြိုနေပြီ..။
* * * * *
တောင်တွေ ချောက်တွေကိုလည်း ကျော်ခဲ့ပြီ၊ မြစ်တွေချောင်းတွေကိုလည်း ဖြတ်ခဲ့ပြီ။ ကားကလေးကတော့ တရိပ်ရိပ်ပြေးနေဆဲပင်ဖြစ်သည်။
အေးမွန်နှင့်နှင်းဆီမွှေးက တစ်ယောက်ကိုတစ်ယောက်မှီကာ အိပ် ပျော် နေကြသည်။ စုစုနွယ်ကတော့ ရိပ်ကနဲရိပ်ကနဲကျန်ခဲ့သော ထင်းရှူးပင် များကို ငေးမောကြည့်ရင်း အမေ့ကို သတိရနေသည်။ အမေက သူထွက်လာ သည်ကို လုံးဝသဘောမတူပေ။ “ငွေဘယ်လောက်ရတယ်ပြောပြော၊ အမေ့ ရဲ့ မျက်စိကွယ်ရာ၊ နားကွယ်ရာကို ရောက်သွားမှာ အမေသဘောမတူဘူး သမီး” ဟူသော စကားကို အတွင်ပြောခဲ့သည်။ သမီး ဒီတစ်ခေါက်တော့ လိုက်သွားကြည့်မယ် အမေရယ်၊ သုံးလေးလနေလို့မှ အဆင်မပြေရင် ပြန် လာမှာပေါ့၊ သမီး ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ပါတယ်။ အမေစိတ်ချပါ” ဟု ရေးခဲ့သော သူ့စာကလေးကိုတော့ ညနေစောင်းပြီး သူပြန်မလာသော အခါမှ အမေဖတ်မိမည်ဖြစ်သည်။ “သမီးကို ခွင့်လွှတ်ပါအမေရယ်...ဒီလိုမှ ထွင်းဖောက်ပြီးမထွက်ရင် မကြိုးစားရင် ဒုံရင်းဘဝကနေ တက်နိုင်မှာ မဟုတ် လို့ စွန့်စားရတာပါ...” စုနွယ်စိတ်ထဲမှ ပြောနေမိသည်။
“ညီမလေးက အိမ်လွမ်းနေပြီလား”
အစ်မကြီးက ကားရှေ့ခန်းမှ ငဲ့ကြည့်ပြီး မေးသည်။
“လွမ်းတာပေါ့ အစ်မကြီးရယ်....ကျွန်မက အိမ်နဲ့တစ်ခါမှ ခွဲဖူးတာ မဟုတ်ဘူး...”
“ဘဝဆိုတာ ဒီလိုပဲပေါ့ ဟယ်”
အစ်မကြီးက ပင်စိမ်းသီးတစ်ထုပ်လှမ်းပေးသည်။ ပါးပါးလှီးပြီး ဆေးသကြား၊ ငရုတ်သီးမှုန့်များနှင့်နယ်ထားသော ပင်စိမ်းသီးထုတ်များကို စုနွယ် ကြိုက်သည်။ ချိုချို ချဉ်ချဉ် ဖန်ဖန် စပ်စပ်အရသာသည် အိပ်ငိုက်ပြေ ပြီး မျက်လုံး ကျယ်သွားစေတတ်သည်။
“မိုးချုပ်ခါနီးမှ ရောက်မှာပဲ”
“ဝေးတယ်နော်”
ရာသီဥတုက မြေပြန့်တုန်းကနှင့် မတူတော့ဘဲ စိမ့်ပြီးအေးလာ သည်။ စုစုနွယ်က အနွေးအင်္ကျီလေးတစ်ထည်ပါသော်လည်း နှင်းဆီမွှေးနှင့် အေးမွန်က ပါမလာကြ။
“အရင်တုန်းက ဒီလမ်းတွေမှာ အခုလို အေးအေးချမ်းချမ်း လွတ် လွတ် လပ်လပ်သွားလို့ရတာမဟုတ်ဘူး။ နယ်မြေကလည်း ကြမ်း၊ လမ်း တွေကလည်း ကြမ်းတယ်လေ၊ အခုတော့ နယ်မြေက အေးချမ်းလာပြီး လမ်းတွေကလည်း ဖြောင့်နေ ဖြူးနေပြီဆိုတော့ သွားရလာရ၊ ရောင်းရဝယ်ရ တာ သိပ်ကောင်းလာတယ်”
အစ်မကြီးက ရှင်းပြသည်။
“ညီမလေးတို့လို အလုပ်လာလုပ်တဲ့သူတွေ ကုန်ရောင်းကုန်ဝယ် လုပ်တဲ့သူတွေလည်း အများကြီးပဲ”
“ကျွန်မတို့ ထမင်းရောင်းရမှာလား အစ်မကြီး”
စုနွယ်က မေးတော့ အစ်မကြီးက ခေတ္တငြိမ်သွားလေသည်။ အခု နိုးလာသော နှင်းဆီမွှေးက “ကျွန်မ အကုန်ချက်တတ်တယ်၊ မြန်မာထမင်း ဟင်းတွေပေါ့၊ ယိုးဒယားစာတွေ တရုတ်စာတွေကိုတော့ အစ်မကြီး သင်ပေး နော်” ဟု ဝင်ပြောသည်။
“အဲဒါကို ပြောမလို့ပေါ့ ”
အစ်မကြီးက ခပ်တိုးတိုး ပြောသည်။
“အစ်မလည်း ထမင်းရောင်းတာ အပြိုင်အဆိုင်တွေ အရမ်းများ လာတော့ အရင်တုန်းကလောက် ရောင်းလို့မကောင်းဘူး။ နှင်းဆီမွှေး က စိတ်အားထက်သန်နေလွန်းလို့သာ ခေါ်လာရတာ”
“ဟင်..အစ်မပြောတော့ အရမ်းရောင်းကောင်းတယ်ဆို”
“ဟုတ်တယ်၊ ရောင်းကောင်းတာတော့ ကောင်းပါတယ်၊ ဒါပေမယ့် တစ်နေ့တုန်းက မီးလောင်တာ ဆိုင်တစ်ခြမ်းပါသွားလို့တဲ့”
“ဟော...တော်”
အစ်မကြီး၏မျက်နှာက ခပ်ညှိုးညှိုးဖြစ်သွားသည်။
“လမ်းမှာ နားပြီး ညီမလေးတို့ ထမင်းစားနေတုန်းက အစ်မကြီး ယောက်ျားဆီကို တယ်လီဖုန်းဆက်တယ်လေ အဲဒီတုန်းကမှ သိရတာ”
ဟုတ်သည်၊ အရသာအပြောင်းအလဲလေးမို့ သူတို့တစ်တွေ ခေါင်း မဖော်နိုင်အောင် စားကောင်းနေခိုက် အစ်မကြီး တယ်လီဖုန်း ဆက် သည်။ သူတို့ ထမင်းစားနေသောနေရာနှင့် အစ်မကြီး တယ်လီဖုန်း ဆက်နေသော နေရာ မဝေးလှသဖြင့် စကားပြောသံကို အကုန်လုံးကြားရသည်။ သို့သော် တစ်လုံးမျှ နားမလည်။ အစ်မကြီးပြောနေသည်မှာ မြန်မာစကား မဟုတ်သောကြောင့် ဖြစ်သည်။ နှင်းဆီမွှေးကတော့
“အစ်မကြီးက ဒီဘက် ရောက်နေတာ ဆယ်နှစ်ကျော်နေပြီဆိုတော့ ဒီဘက်က စကားတွေ အကုန် တတ်တယ်ဟ” ဟုပြောသည်။
“ညီမလေးတို့သိရင် အလကားနေရင်း စိတ်မကောင်းဖြစ်နေကြ မှာ စိုးလို့မပြောတာ။ အစ်မကြီးဆိုင်က ချက်ချင်းပြန်ဖွင့်နိုင်ဦးမှာ မဟုတ်ဘူး”
“ဟင်...ဒါဆို.....ကျွန်မတို့”
သူတို့သုံးဦးလုံး စိတ်တွေပူသွားကြသည်။
အစ်မကြီးက ဆိုင်မဖွင့်နိုင်တော့ဘူးဆိုတော့ သူတို့တွေ ဘာလုပ် ကြရမည်နည်း။ နောက်ပြီး စုနွယ်၏စိတ်ထဲတွင် တစ်ချက် ထင့်ကနဲ ဖြစ် သွားသည်။ အစ်မကြီးက သူ့ယောက်ျားနှင့်စကားပြောတာ မြန်မာလို မပြော ဘူးလား၊ သူ့ ယောက်ျားသည် မြန်မာလို မတတ်သည့်သူလား၊ ဆိုင်ကြီး တစ်ခြမ်းလုံး မီးလောင်သွားတာကို အစ်မကြီးက ဣန္ဒြေမပျက်နေနိုင်သလား။
“ပစ္စည်းသင်္ခါရ လူသင်္ခါရပဲလေ၊ အစ်မ ဒီရောက်တုန်းက လက်ချည်းပဲ ရောက်လာတာ။ ပစ္စည်းဆိုတာ ဆုံးရှုံးတတ်တာပဲဟာ။ ကြိုးစားပြီး ရှာရင်လည်း ကိုယ့်ဆီပြန်ရောက်လာတာပဲ၊ အစ်မကတော့ သိပ်ပြီး တွယ် တာ စုံမက် မနေပါဘူး”
သူ့ကိုလှမ်းကြည့်နေသော စုနွယ်ကို အစ်မကြီးက ခပ်အေးအေး လှမ်းပြောသည်။ စုနွယ်၏သံသယသည်လည်း အတန်ငယ်ပြေပျောက်သွား သည်။
“ဒီမှာ အလုပ်တွေက ပေါပါတယ် ညီမလေးတို့ ဟိုဘက်ကမ်း ကူးပြီး အလုပ်လုပ်ရင်လည်း ရတာပဲ။ အဲဒီမှာက ပိုပြီးတော့တောင် ရသေး တယ်။ အစ်မကြီး ဆက်သွယ်ပေးမှာပါ....ဘာမှစိတ်မပူပါနဲ့”
“ဟိုဘက်ကမ်းဆိုတာ ဘာလဲဟင် အစ်မကြီး”
အေးမွန်က မေးသည်။ သူက ရန်ကုန်၏ဟိုဘက်ဆိုလျှင် မှော် ဘီ၊ တိုက်ကြီးလောက်ကိုပင် ရောက်ဖူးသူမဟုတ်။ မန္တလေးကို ကြားဖူးသော် လည်း လားရှိုး၊ မူဆယ်၊ နမ်းခမ်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ မဲဆောက် ဆိုတာတွေကို အခုမှကြားဖူးခြင်းဖြစ်သည်။
“ဟိုဘက်နိုင်ငံလေ...”
ခေါင်းလေးတငြိမ့်ငြိမ့်နှင့် “ညာ” ဟုသာ ပြောလိုက်ကြသော် လည်း ဟိုဘက်နိုင်ငံ၊ ဒီဘက်နိုင်ငံဟူသောအတွေးတွေ သူတို့၏ ခေါင်းထဲ တွင် မရှိပေ။ အလုပ်လုပ်တာပဲဟာ ဘယ်မှာလုပ်လုပ် အတူတူပေါ့ဟူသော အတွေးတွေကိုသာ သူတို့တွေးတတ်ကြသည်။ အကယ်၍ တစ်ဖက်နိုင်ငံ၏ ပိုင်နက်ထဲသို့ ရောက်သွားလျှင် အမိနိုင်ငံ၏အရိပ်အာဝါသအောက်မှ ကင်း လွတ်သွားပြီဆိုသည်ကိုလည်း သူတို့မစဉ်းစားတတ်။ မစိုးရိမ်တတ်ကြပေ။
အစ်မကြီးပြောသည့်အတိုင်းပင်ဖြစ်သည်။ မှောင်ရီပျိုးမှပင် ရောက်ကြတော့သည်။ သူတို့တွေလည်း ခရီးပန်းကာ နံနေပြီဖြစ်သည်။ အစ်မကြီး က သူတို့ကို ရေဆိပ်ကိုတန်းခေါ်လာပြီး စက်လှေစီးကာ မြစ်ကူးကြရပြန် သည်။
“ဒီချောင်းကလေးက ကူးလိုက်ရင် ဟိုဘက်နိုင်ငံ ရောက်သွားတာ ပဲ။ ဟိုဘက်က လူတွေလည်း ဒီဘက်မှာ အများကြီး၊ ဒီဘက်က လူတွေ လည်း ဟိုဘက်မှာ အများကြီး၊ ဒီလိုပဲ ကူးလူးလုပ်ကိုင်နေကြရတာ။ အစ်မ ကြီးလည်း ဒီကိုရောက်စတုန်းက ဟိုဘက်နဲ့ဒီဘက်ကူးနေရတာပဲ။ လုပ်ရင်း ကိုင်ရင်း ကြိုးစားရင်းနဲ့ အဆင်ပြေလာရတာ”
အစ်မကြီးက အပြောကောင်းသည်။
“ညီမလေးတို့တွေ့တဲ့အတိုင်း ဒီဘက်မှာက စတိုးဆိုင်တွေ စား သောက်ဆိုင်တွေ၊ ဟိုတယ်တွေ အများကြီးရယ်။ အလုပ်အကိုင်တွေလည်း ပေါတယ်။ ညီမလေးတို့ကို နက်ဖြန်ကျရင် အလုပ်ရှင်တွေဆီမှာ အပ်ပေး လိမ့်မယ်”
“ဘာ အလုပ်ရှင်တွေလဲ..ဟင်”
“အများအားဖြင့်တော့ အစားအသောက်ဆိုင်တွေ၊ အလှကုန်ဆိုင် တွေ၊ အင်္ကျီဆိုင်တွေ အထည်ဆိုင်တွေပေါ့”
“ဒီလိုဆို ကျွန်မတို့ အတူတူမလုပ်ရဘူးလား ဟင်”
အေးမွန်က စိုးရိမ်တကြီးမေးသည်။ သူက ငါးတွေကိုသာ သတ်ရဲ ဖြတ်ရဲခြင်းဖြစ်သည်။ သူ့ကိုယ်သူ စာမတတ်ဘူးဟူသော အငုံ့စိတ်က ရှိနေ တော့ လူတောကိုတော့ ရဲရဲမတိုးရဲ၊ လူတွေကို သူကြောက်သည်။
“ဒါကတော့ အလုပ်ရှင်က သုံးယောက်ရင်လည်း သုံးယောက် ခေါ်ရင် ခေါ်မှာပါ။ သူတို့လာရင် လှလှပပ၊ ပြုံးပြုံးချိုချိုလေးနေ၊ မျက်နှာလေး တွေကို ရွှင်ရွှင်ချိုချိုထား ဟုတ်လား”
အစ်မကြီးက သင်သည်။ စုနွယ် ခေါင်းငြိမ့်သည်။ မည်သည့် အလုပ်ရှင်သည် မရွှင်မပြ ညှိုးလျနေသောအလုပ်သမားကို လိုချင်ပါမည် နည်း။ ဒါကိုတော့ သူတို့နားလည်ပါသည်။
“အစ်မကြီးရဲ့ အသိအိမ်က ကျဉ်းတယ်။ လွတ်လွတ်လပ်လပ် မရှိဘူး။ ညီမလေးတို့ ကောင်းကောင်းအိပ်ရအောင် တည်းခိုခန်းမှာ နေခဲ့ ကြ။ အစ်မကြီး မနက်ကျတော့ စောစောလာခဲ့မယ်”
အစ်မကြီးက သူတို့သုံးယောက်ကို တည်းခိုခန်းတစ်ခုသို့ လိုက်ပို့ သည်။ ခေါက်ဆွဲကြော်သုံးထုပ်လည်း ဝယ်ပေးခဲ့သည်။
သူတို့အိပ်ခန်းထဲရောက်တော့ ဆယ်နာရီကျော်နေပေပြီ။ နှစ် ယောက်အိပ် ခုတင်တစ်လုံးတည်းသာရှိသော်လည်း သူတို့သုံးယောက် အတူ အိပ်လို့ရသည်။ ခုတင်ဘေးတွင် မှန်တင်ခုံရှိသည်။
“မှန်ကြီးက အကြီးကြီးပဲတော့”
အေးမွန်က ကိုယ်လုံးပေါ်မှန်ရှေ့တွင် သူ့ကိုယ်သူ ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်၊ ဘယ်လှည့်ကြည့်လိုက် ညာလှည့်ကြည့်လိုက်နှင့် အူမြူး နေသည်။
နှင်းဆီမွှေးကတော့ မွေ့ရာအထူကြီးပေါ်တွင် လူးလှိမ့်ရင်း “ပါရာ ရာ ရား ရာဘုံ၊ ပါရာရာရား ရာဘုံ” ဟုအော်နေသည်။ မွေ့ယာကြော်ငြာထဲ မှ အိန္ဒြာကျော်ဇင်အမူအယာမျိုး လုပ်နေခြင်းဖြစ်လေသည်။ မျက်နှာလုံးလုံး နှုတ်ခမ်းပြည့်ပြည့်၊ မျက်လုံးဝိုင်းဝိုင်းလေးနှင့်ပြောင်စပ်စပ်လုပ်ပြနေသော နှင်း ဆီမွှေးသည် ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေသည်။
“နှင်းဆီမွှေးရယ်..နင်ကတော့ ပျော်နေတာပဲ” စုစုနွယ်က ပြောသည်။ “ဟင်..အစ်မရော မပျော်ဘူးလား။ အခု ကျွန်မတို့ နိုင်ငံခြားရောက်နေကြတာလေ”
သူပြောသည့် နိုင်ငံခြားကို တရားဝင်ရောက်ရှိနေခြင်းမဟုတ်ဘဲ စက်လှေနှင့် ခိုးဝင်ခဲ့ရခြင်းဖြစ်သည်ကို နှင်းဆီမွှေး နားမလည်ပေ။ သူများ တိုင်းပြည် သူများနိုင်ငံ၊ သူများ၏ဥပဒေအောက်သို့ တရားမဝင်ခိုးဝှက်ပြီး ရောက်ရှိနေရခြင်းသည် မည်မျှမျက်နှာငယ်ပြီး မည်မျှအန္တရာယ်ကြီးကြောင်း ကိုလည်း သူမသိပေ။ နက်ဖြန်မနက်ကျလျှင် အစ်မကြီး ရောက်လာမည်။ ကုန်တိုက်ကြီးတွေ ပန်းခြံကြီးတွေဆီသို့ လှလှပပ ကျော့ကျော့မော့မော့လေး လျှောက်ပြီး လည်ရ ပတ်ရဦးမည်ဟုလည်း မျှော်လင့်နေသည်။
“ငါကတော့ နည်းနည်းကြောက်နေတယ်”
“ဘာကိုလဲ”
“မြန်မာစကားပြောတဲ့လူလည်း တစ်ယောက်မှမတွေ့ဘူး”
“ရှိမှာပါ မကြုံသေးလို့ဖြစ်မှာပေါ့”
အေးမွန်နှင့် နှင်းဆီမွှေးက ခပ်ပေါ့ပေါ့ဝင်ဖြေသည်။
“ကျွန်မတို့ သုံးယောက်ထဲမှာ အစ်မက အသက်အကြီးဆုံး၊ နောက်ပြီးတော့လည်း အကြောက်တတ်ဆုံးဟု ပြောကာ တသောသောရယ်နေကြသည်။
“လူဆိုတာ အသက်ကြီးလာလေ ကြောက်တတ်လေပဲဆိုတာ နင်တို့ မကြားဖူးဘူးလား”
ခရီးဝေးကြီးကို တပင်တပန်းလာခဲ့ရသဖြင့် တုံးကနဲ အိပ်ပျော် သွားမည်ထင်သော်လည်း စုစုနွယ် အိပ်မပျော်ချေ။ သူတို့သုံးယောက်ထဲမှာ သူက အသက်အကြီးဆုံးမို့ တကယ်ပင် အကြောက်တတ်ဆုံးဖြစ်ပြီး တောင် တွေး မြောက်တွေး တွေးနေမိလေသလား။
ရာသီဥတုအေးသဖြင့် ဂွမ်းစောင်ထူကြီးကို အတူဖြန့်ခြုံကာ ပူးပူး ကပ်ကပ် အိပ်နေရသည်မှာ နွေးလှသည်။ သို့သော် အလည်တွင်အိပ်သော
နှင်းဆီမွှေးက အသက်ရှုသံပြင်းလှသည်။ ဟိုတစ်ဖက်မှ အေးမွန်ကလည်း မငြိမ်လှ၊ အံသွားကိုလည်း တကျီကျီ ကျိတ်နေသေးသည်။
“အစ်မကြီး နာမည်က ဘယ်သူပါလိမ့်”
အိပ်ပျော်လုဆဲဆဲတွင် စုစုနွယ်က ဖြတ်ကနဲတွေးလိုက်မိသည်။ နှင်းဆီမွှေး၏အစ်မမို့ နှင်းဆီမွှေးခေါ်သလို အစ်မကြီးဟူ၍သာ လိုက်ပြီး ခေါ်ခဲ့ကြခြင်း ဖြစ်သည်။ သူ့အမည်က ဘယ်လိုခေါ်သနည်း။ သူနေတာက ဘယ်နေရာမှာနည်း။
“နှင်း ဆီ မွှေး”
စုနွယ်က တိုးတိုးခေါ်သည်။ နှင်းဆီမွှေးက တုတ်တုတ်ပင် မလှုပ်။
“ဟဲ့..နှင်း ဆီ မွှေး....နှင်း ဆီ မွှေး လို့ဆို”
“အင်...”
“ဟဲ့..နင်နိုးပြီလား”
“ဘာလဲ..မိုးလင်းပြီလား”
“နင့်အစ်မကြီးနာမည်က ဘယ်လိုခေါ်လဲ”
“နာမည်လား..”
နှင်းဆီမွှေးက ဝါးကန် သန်းကာ အိပ်ချင်မူးတူးနှင့်နေသည်။
“အင်း....သူ့နာမည်က ဘယ်လိုခေါ်လဲလို့ဆို”
“အရင်တုန်းကတော့ မလှကျင်ပဲ”
“အခုရော...”
“အခုတော့ နာမည်ပြောင်းထားတယ် လှလှပပ ခေတ်ဆန်ဆန် ဖြစ်မှာပေါ့”
“ဘာတဲ့လဲ...”
“တစ်ခါပြောတာသိလိုက်တာပဲ...ဒါပေမယ့် မှတ်မထားမိပါဘူး”
“နေတော့ရော၊ နင် သူ့လိပ်စာ သိလား”
“ဟာ ဘယ်သိမှာလဲ”
နှင်းဆီမွှေးက ဝုန်းကနဲ ပြန်ပစ်လှဲလိုက်သည်။
“နင့်နဲ့အစ်မအရင်းလား.....”
“ဘယ်...ဟုတ်ရမှာလဲ”
“ဘယ်နှစ်ဝမ်းကွဲသလဲ ဟင်”
“ဆယ်ဝမ်းလောက်ကွဲမှာပေါ့...တစ်ရွာထဲနေဖူးလို့ ဝမ်းကွဲအစ်မလို့ ပြောတာ”
နှင်းဆီမွှေး ပြန်အိပ်ပျော်သွားသည်။
စုစုနွယ်ကတော့ တော်တော်နှင့် အိပ်မပျော်တော့ချေ။ နောက် တစ်နေ့ အစ်မကြီး ရောက်မလာလျှင် သူတို့ဘာလုပ်ရမည်နည်း။ အစ်မကြီး ကိုယ်စား ရုပ်ရှင်ထဲကလို လူကြီးတွေရောက်လာပြီး.....ဘုရား..ဘုရား ။
* * * * *
နောက်တစ်နေ့မနက်စောစော အစ်မကြီးရောက်လာတော့ သူတို့ နိုးပင် မနိုးသေးချေ။ တံခါးခေါက်တော့မှ နိုးလာပြီး လူးလဲထကြရသည်။ နှင်းဆီ မွှေးနှင့် အေးမွန်က အိပ်ရေးဝကာ လန်းဆန်းတက်ကြွနေသော်လည်း စုစု နွယ် ကတော့ နုံးနေသည်။ မနေ့ညက အစိုးရိမ်တွေပိုကာ အိပ်၍ မပျော်နိုင် အောင် ဖြစ်နေသည်ကိုလည်း အစ်မကြီးပြန်သိသွားမှာ အားနာနေသည်။
“ဟယ်...အိပ်လိုက်ကြတာ မနည်းကို နှိုးယူရတယ်”
အစ်မကြီးက ရယ်ရယ်မောမောပြောသည်။ မနေ့တုန်းကလို ထဘီနှင့် မဟုတ်တော့ဘဲ စကပ်နောက်ကွဲဝတ်ထားသည်။ ညိုပြေပြေ ဆံပင်ကောက်ကောက်များသည် သူ့ပခုံးပေါ်တွင် ဝဲနေသည်။
“အစ်မယောက်ျားပါလာတယ်။ အင်္ကျီလဲပြီး ဆင်းခဲ့ကြပေါ့။ အစ်မကတော့ အောက်က ဧည့်ခန်းကပဲ စောင့်နေတော့မယ်”
အစ်မကြီးက သူတို့အတွက် အင်္ကျီနှစ်စုံစီပေးသည်။
“သူတို့ဆီ ရောက်တော့လည်း သူတို့လိုဝတ်မှ အဆင်ပြေမှာပေါ့ဟယ်”ဟု ပြောသွား သည်။ စကပ်ဘေးတစ်ထည်စီနှင့်ဂါဝန်တစ်ထည်စီဖြစ်သည်။ ဂါဝန်များ မှာ လေဘေးထည်များနှင့် တူသော်လည်း အဆင်အသွေးလေးများ လှ သည်။ ခါးနေရာတွင် ခါးစည်းကြိုးလေးများပါသဖြင့် အကျဉ်းအကျယ်ကို စိတ်တိုင်းကျ ချိန်၍ရသည်။
သင်္ကြန်ဘောင်းဘီပွပွကြီးနှင့်သာမြင်တွေ့ရလေ့ရှိသော နှင်းဆီမွှေး သည် အပြာရောင်အစက်အပြောက်လေးများ ပါသော ဂါဝန်ကားကားလေး နှင့် တသွေးတမွေး ဖြစ်နေသည်။ အေးမွန်က အညိုရောင်စကပ်ဘေးကွဲ ဝတ်ကာ စုစုနွယ်ကတော့ အနက်ရောင်ဘောင်းဘီကြပ်တစ်ထည်ကိုကောက် ဝတ်လိုက်သည်။ ဘောင်းဘီသားက ဆွဲသားဖြစ်၍ ကိုယ်လုံးအလှ ပေါ်လွင် လွန်းနေသဖြင့် အပေါ်ဖက်မှ တင်ပါးဖုံးသောအင်္ကျီကို ဝတ်လိုက်သောအခါ မှ စိတ်လုံသွားသည်။
“ငါတို့အားလုံး လှတယ်တော့”
နှင်းဆီမွှေးက ဝမ်းသာအားရရေရွတ်နေသည်။ ခါးသေးပြီး ရင်ချီ သော အပျိုစင်အလှက သိသိပေါ်လွင်နေသည်။ စုနွယ်တွင် ပါလာသော တောင်ကြီးမောက်မယ်သနပ်ခါးနှင့် ကရင်ပတ်(ဖ)ဘူးကို အားလုံးအတူ လိမ်းကြသည်။ နှုတ်ခမ်းနီဆိုးကြသည်။
သူတို့အောက်ဆင်းလာတော့ အစ်မကြီးက လှမ်းကြည့်ရင်း ပြုံး ကြည့်သွားသည်။
“နင်တို့တွေ ဒီလောက်လှမှန်း အခုမှ ပိုသိလာတယ်”
“လှတယ်..လှတယ်”
အစ်မကြီး၏ယောက်ျားကလည်း ခေါင်းတညိမ့်ညိမ့်နှင့် ပြုံးချို နေသည်။
“အခု အစ်မကြီးရဲ့ အသိအိမ်ကိုသွားမယ်။ အဲဒီမှာ ညီမလေးတို့ရဲ့ အလုပ်အတွက်ကိုယ်စားလှယ်တွေကိုတွေ့ရမှာပေါ့...”
ကုန်တိုက်တွေ၊ ပန်းခြံတွေ၊ ကစားကွင်းတွေကို သွားများ သွားရ လေမလားဟု မျှော်လင့်မိသော်လည်း ဘယ်ကုန်တိုက်ကိုမှ မရောက်ခဲ့ပေ။ တိုက်ခန်းကျဉ်းကျဉ်းတစ်ခုသို့သာ ရောက်လာပြီး အိမ်ရှင်လင်မယားနှင့် အစ်မကြီးတို့ လင်မယား စကားတွေ အပြန်အလှန်ရေပက်မဝင်အောင် ပြောလိုက်ကြ ရယ်လိုက်ကြနှင့် စုနွယ်တို့လည်း တစ်လုံးမျှ နားမလည်ချေ။ ထိုနောက် လူတစ်ယောက် ရောက်လာသည်။ လက်မောင်းနှစ်ဖက်လုံးတွင် တရုတ် နဂါးပုံ ဆေးမင်ကြောင် ထိုးထားပြီး နှုတ်ခမ်းမွှေးစစနှင့်ဖြစ်သည်။ ခပ်ကုတ်ကုတ်ထိုင်နေသော စုနွယ်တို့ကို လှည့်ကြည့်ပြီး နေကောင်းလား”ဟု အသံခပ်ဝဲဝဲနှင့်နှုတ်ဆက်သည်။
ခဏနေတော့ အစ်မကြီးက ပြောသည်။
“ဒီက သူဌေးအိမ်တွေက အိမ်ဖော်တွေတော့လိုချင်နေတယ်တဲ့..ဒါ ပေမယ့် ငါ့ညီမတွေက အိမ်ဖော်လုပ်မယ့်သူတွေမှမဟုတ်တာနော်”
အစ်မကြီးက ခေါင်းလေးခါကာ ပြောတော့ သူတို့တစ်ဦးနှင့် တစ်ဦး တိုင်ပင်သလို လှမ်းကြည့်မိကြသည်။ ထိုအလုပ်တော့ မလုပ်ချင်။
“နှင်းဆီလေးတောင်မှ ဒီထက်ကောင်းတာလုပ်ချင်လို့ စွန့်စွန့် စားစား လိုက်လာတာမဟုတ်လား အစ်မကြီးသိတာပေါ့ကွယ်”
အစ်မကြီးက ဆေးမင်ကြောင်နှင့် သူတို့နားမလည်သော စကားတွေကို အပြန်အလှန်ပြောပြန်သည်။ အစ်မကြီးယောက်ျားရော အိမ်ရှင် လင်မယားရော၊ တစ်ယောက်တစ်ပေါက်နှင့် ဝင်ပြီးပြောကြ၊ ငြင်းကြနှင့် ဆူညံနေသည်။ မျက်နှာငယ်လေးတွေနှင့် စိတ်ညစ်နေကြသော သူတို့ သုံးဦး ကို အစ်မကြီးက
“စိတ်မညစ်နဲ့၊ တစ်ခုမဟုတ်တစ်ခုတော့ အဆင်ပြေမှာပါ။ အစ်မကြီး လုပ်ပေးပါ့မယ်” ဟု မျက်နှာချိုချိုလေးနှင့် လှည့်၍၊ လှည့်၍ အားပေးတတ်သည်။
နာရီဝက်လောက်ကြာ ပြောဆိုပြီးတော့ -
“နည်းနည်းဝေးတဲ့ မြို့က အထည်ဆိုင်မှာ ရမယ်လို့တော့ ပြော တယ် ညီမလေးရေ” ဟု ပြောလေသည်။
“ဝေးတယ်၊ ဟုတ်လား”
“ဒီကနေကားစီးသွားရမယ်။ အဲဒီမှာတော့ တစ်နှစ်လောက် လုပ် ရင်ကို အသားတင်လေးငါးသိန်းလောက်စုမိတယ် ညီမလေးရဲ့ နည်းနည်း ဝေးတဲ့ နေရာဆိုတော့ ပိုက်ဆံပိုရတာပေါ့။ သူတို့က မြန်မာအလုပ်သမား ဆိုရင် သိပ်ကြိုက်တာတဲ့။ ပြောလို့ဆိုလို့လည်း နာခံတယ်။ လှလည်း လှ တယ်မဟုတ်လား။ နောက်ပြီး အစ်မကြီးတို့မြန်မာတွေက အလုပ်ကြိုးစား တယ်လေ”
အစ်မကြီး၏မျက်နှာက ချိုနေသည်။ အိမ်ရှင်လင်မယားကလည်း ပြုံးနေသည်။
"ဒီလောက်အဝေးကြီးကိုတော့ ထပ်ပြီးမသွားချင်တော့ပါဘူး။ နောက်ပြီး သူများနိုင်ငံကြီးမှာ”
စုစုနွယ်က ခေါင်းယမ်းသည်။ အေးမွန်နှင့်နှင်းဆီမွှေးကတော့ မျက်နှာငယ်လေးတွေနှင့်ဖြစ်နေကြသည်။ သူတို့ကတော့ ဒီလောက်အဝေး ကြီး လာခဲ့ပြီးမှ လှည့်မပြန်ချင်။
“အစ်မကြီးပြောတော့ ဒီဘက်မှာအလုပ်ပေါတယ်ဆို”
“ဝေးတော့ ဝေးတာပေါ့ ညီမရယ်၊ ဒါပေမယ့် တစ်နှစ်နေလို့ တစ်သိန်း နှစ်သိန်း စုမိမယ့်အစား လေးငါးခြောက်သိန်းစုမိတော့ ပိုမကောင်း ဘူးလား၊ အစ်မကြီးက ကောင်းစေချင်လို့ပြောတာပါ။ ပိုက်ဆံလိုချင်လို့ လာလုပ်ကြတာပဲဟာ နည်းနည်းဝေးတာနဲ့ များများဝေးတာပဲ ကွာတာ။ ကိုယ့်အိမ်နဲ့ဝေးတာတော့ ဝေးနေပြီပဲ မဟုတ်လား။ ပိုက်ဆံပိုရတဲ့နေရာမှာ လုပ်တော့ ပိုရတာပေါ့။ ပိုပြီးတော့လည်း စုမိတာပေါ့....”
ပိုက်ဆံသံကြားတော့ စုနွယ်လည်းငိုင်သွားသည်။ အေးမွန်နှင့် နှင်းဆီမွှေးကလည်း အသာလက်ကုတ်နေကြသည်။
“တချို့တွေများ အဲဒီမှာ အိမ်ထောင်တွေဘာတွေကျပြီး ကလေး တွေ ဘာတွေရလို့ ကြီးပွားနေကြတာ။ မြန်မာပြည်တောင် မပြန်ချင်ကြတော့ ဘူး”
အစ်မကြီး၏ ယောက်ျားက တဟားဟား ရယ်ကာ
“ဒီက ယောက်ျား ကောင်းတယ်နော်။ အားကြီးသစ္စာရှိတယ်” ဟု ဝင်ပြောသည်။ ဆေးမင်ကြောင်နှင့် လူကလည်း ရယ်နေသည်။
“အစ်မရယ် ကျွန်မတို့ အဝေးကြီးလာခဲ့ကြပြီပဲဟာ နောက်ထပ် နည်းနည်း ထပ်ဝေးတော့ရော ဘာဖြစ်သေးလဲ၊ ကျွန်မကတော့ နှစ်နှစ်၊ သုံးနှစ်လောက် ကျိတ်မှိတ်လုပ်ပြီး အရင်းအနှီးရမှပြန်မယ်”
နှင်းဆီမွှေးက တီးတိုးပြောနေသည်။ အေးမွန်ကတော့" ကျွန်မတို့ အတူတူသွားရမှာ မဟုတ်လားဟင်” ဟူ၍သာ စိုးရိမ်တကြီးနှင့် ထပ်ခါ ထပ်ခါ မေးနေလေသည်။
“နင်တို့ကိုအတူတူခေါ်သွားမှာပါ”
ဆေးမင်ကြောင်က ပြောသည်။
“ဟိုကျတော့ရော အတူတူနေရမှာလား..ဟင်”
သူတို့က စိုးရိမ်တကြီးဖြစ်နေကြလေသည်။ ဒီသုံးယောက် မကွဲ ချင်၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အားကိုးနေကြသည်။
“အလုပ်လုပ်တော့ရော အတူတူလုပ်ရမှာလား”
“ဒါကတော့ ညီမလေးရယ် ကိုယ်က ဘယ်သူဌေးနဲ့အဆင်ပြေပြီး ဘာအလုပ်လုပ်ဖြစ်မယ်ဆိုတာ ဟိုကျမှသိရမှာမဟုတ်လား အတူတူနေရရင် လည်း နေရမယ်၊ တခြားစီနေရရင်လည်း နေရမယ်။ ကံသေကံမတော့ ပြောလို့ မရဘူးပေါ့။ ဒါပေမယ့်ဘာပဲပြောပြော အဲဒီမှာ မြန်မာ မိန်းကလေး တွေ အများကြီးရှိပါတယ်။ ညီမလေးတို့ထက် အရင်ရောက်နေတဲ့သူတွေ အိမ်ထောင်တွေ အတည်တကျနဲ့ သားသမီးတွေ ဘာတွေရနေတဲ့သူတွေ တောင် ရှိနေကြတာပဲ”
အစ်မကြီးက ရှင်းပြသည်။ သူတို့က အိမ်ကို စာရေးချင်သည်ဟု ဆိုတော့ အစ်မကြီးက အကြောင်းစုံကို အေးအေးဆေးဆေး ရေးကြ၊ သူ ကိုယ်တိုင် စာတိုက်သွား၍ မှတ်ပုံတင်ပြီး ထည့်ပေးလိုက်မည်ဟု ပြောသည်။ စုနွယ်က အမေနှင့်မောင်လေးဆီ၊ နှင်းဆီမွှေးက ရွာက မိသားစုဆီ၊ အေး မွန်ကလည်း အဒေါ်ဝတုတ်နှင့် ဂျပန်မဆီ(စုနွယ်ကတော့ အေးမွန် ပြော သည်ကို လိုက်ရေးပေးသည်)သို့ အသီးသီးရေးကြပြီး စာအိတ်တွင် လိပ်စာ အသေအချာ ရေးကာ အစ်မကြီးလက်ထဲ အပ်လိုက်ကြသည်။
“ကဲ..သူက မြန်မာစကား တော်တော်လေးပြောနိုင်ပါတယ်။ ညီမ လေးတို့ကို အသေအချာ လိုက်ပို့ပြီး အလုပ်ရတဲ့အထိကူညီလိမ့်မယ်။ စိတ်ချ လက်ချလိုက်သွား”
အစ်မကြီးက သူတို့ကို ပန်းသီးငါးလုံးစီဝယ်ပေးလိုက်သည်။ တရုတ်ပဲမုန့်တစ်ထုပ်စီလည်း ပေးလိုက်သည်။ ဂွမ်းကပ်အင်္ကျီနှင့် ဘောင်းဘီ တစ်စုံစီလည်း ဝယ်ပေးလိုက်သည်။
“ဒါကြီးတွေဝတ်ရအောင် မြောက်ဝင်ရိုးစွန်းကို သွားရမှာမို့လား မသိဘူး”ဟု စုနွယ်က တွေးရင်းပြုံးလိုက်မိသေးသည်။ သူတို့ကို “လိမ်လိမ် မာမာ နေကြနော်”ဟု ပြောပြီး ကားကြီးဆီသို့လိုက်ပို့ကာ လက်ပြ၍ကျန်ခဲ့ သည်။
“နိုင်ငံခြားဆိုတာ ဒီလိုအစ်မရ”
နှစ်ထပ်ဘတ်(စ်)ကားကြီးက အိပ်စင်နှင့်ဆိုတော့ သက်သောင့် သက်သာ ရှိလှသည်။ နှင်းဆီမွှေးက အိပ်စင်ပေါ်မှာအိပ်ရင်း ပန်းသီးကိုက်ခါ ကျေနပ် နေသည်။
အေးမွန်ကတော့ ပန်းသီးမွှေးမွှေးကို အသာရှိုက်နမ်းရင်း ကျော် ကျော်နှင့်ဇော်ဇော်ကို သတိရသည်။ မောင်လေးတွေက" ပန်းသီး စားဖူးချင် လိုက်တာ အစ်မရာ”ဟုပြောဖူးသည်။ သူအိမ်ပြန်လျှင် ပန်းသီးတွေဝယ်သွား ဦးမည်။ မောင်လေး နှစ်ယောက်ကို အဝကျွေးမည်။ အဒေါ်ဝတုတ်တို့ ဂျပန်မတို့ကိုလည်း ကျွေးမည်။ အချို့ကိုရော...အင်း....အဒေါ်ကိုလည်း ကျွေးပါ မည်လေ။
စုနွယ်ကတော့ မြန်မာပြည်ဘက်ကိုရည်မှန်းကာ လက်အုပ်ချီကန် တော့သည်။ အစစအရာရာအဆင်ပြေနိုင်ပါစေဟု ဆုတောင်းသည်။
သို့သော် သူတို့မသိတာတွေ အများကြီးရှိနေသည်ကို သူတို့မသိ ကြပေ။
ဆေးမင်ကြောင်က အစ်မကြီးတို့လင်မယားကို ငွေတွေအများကြီး ပေးလိုက်သည်ကို သူတို့မသိ။
အစ်မကြီးတို့လင်မယားက သူတို့အား အချိုသတ်အယုံသွင်းကာ ရောင်းစားလိုက်ပြီဟုဆိုသည်ကိုလည်း သူတို့မသိ။
ရုပ်ရည်ချောမောသော အပျိုစင်လေးများဖြစ်၍ ဈေးကောင်းကောင်း ရလိုက်သည်ကိုလည်း သူတို့မသိ။အစ်မကြီး၏လက်ထဲသို့ပေးခဲ့သောစာများ အမှိုက်ပုံးထဲ ရောက် သွားပြီဆိုသည်ကိုလည်း သူတို့မသိကြပေ။
* * * * *
( တတိယပိုင်းဆက်ရန် )
#Typing_crd_ZawOo
No comments:
Post a Comment