Thursday, 26 March 2020

နှလုံးသားစစ်ဆင်ရေး #မင်းလူ

#နှလုံးသားစစ်ဆင်ရေး

#မင်းလူ

စစ်မျက်နှာဖွင့်ခြင်း

ရန်ကုန်တက္ကသိုလ်။
လက်ဖက်ရည်ဆိုင်မှာ စံရှားနှင့် ကိုကြီးကျော်ကလွဲ၍ လူစုံပြီး ထုံးစံအတိုင်း ဟိုအကြောင်းကိုပင် ပြောကြလေသည်။

“ကဲ ...ကိုဆင့်၊ စိန်ပလိန်တိန်ဂွိန်ကိစ္စကို ဒီနေ့လုပ်မလား၊ မလုပ်ဘူးလား ပြော"

"ဟာကွာ၊ မင်းတို့ကလည်း"

“ဟာကွာလုပ်မနေပါနဲ့၊ ခင်စိန်မေရဲ့ အတန်းရှေ့မှာ မင်းသွားပြီး ရပ်ကြည့်ခဲ့တာ ခြောက်လရှိပြီ။ ခုထိဘာမှ မထူးခြားသေးဘူး"

သူသည် ခေါင်းငုံသွား၏။ ကိုဆင့်ရှက်နေပုံ နောက်မှ အသံတိုးတိုးကလေးဖြင့်..

“င့ါကျတော့ ပြောတယ်၊ မင်းတို့ကျတော့ကော ရည်းစားရှိလို့လား"

ကိုဆင့်၏ ချေပချက်သည် ထိရောက်၏။ ဟိုကောင်တွေကလည်း ကိုဆင့်လိုပင် ရည်းစားမရှိကြသောကြောင့် ကိုဆင့်ကို
တန်ပြန်ထိုးနှက်ရန်နှုတ်ဆွံ့နေကြဆဲ။

ဝိတ်ကွေးသည် ဟင် ဟင် ဆိုပြီး ခေါင်းကို ဆတ်ခနဲထောင်လိုက်သည်။ ဟုတ်သားပဲ၊ ဝိတ်ကွေးမှာ ရည်းစား ရှိသည်။ တာဝတိံသာမှ
သိကြားမင်း၏သမီးနှင့် အဝီစိ ငရဲသားတို့ ဖူးစာဆုံသလိုပင် သူသည် “အေး” ၏ အချစ်ကိုဖြစ်တောင့်ဖြစ်ခဲ မတော်တဆ ထူးဆန်းစွာရရှိထားပေသကိုး။ သူသည် မောင်ဗမာ ကိုယ်ဟန်ပြသလို အိုက်တင်မျိုးဖြင့် စားပွဲပေါ်သို့ လက်ကိုထောက်လိုက်ပြီး..

“ကိုဆင့်၊ မင်း ငါ့အကြောင်း သိတယ်မဟုတ်လား”

"ဝိတ်ကွေးက ပေါ်တင်ကြီး ခြိမ်းခြောက်လိုက်ရာ ကိုဆင့်သည် ဘုမသိဘမသိ လန့်သွားလေသည်"

"အေး ...သိပါတယ်ကွ"

“ဒါဆိုရင် ငါပြောတဲ့အတိုင်း မင်းလုပ်ရမယ်။ အဲဒါ မင်းတို့ကော သဘောတူလား"

“တူတယ်၊ တူတယ်"

ကျန်တဲ့ကောင်တွေကလည်း ဘာမှန်းမသိဘဲ သဘောတူလိုက်ကြ၏။ ထို့ကြောင့် ဝိတ်ကွေးသည် စစ်ဆင်ရေး အစီအစဉ်ကို ဆွဲလိုက်လေသည်။

“ဒီတော့ ငါပြောမယ်၊ ခု စံရှားနဲ့ ကိုကြီးကျော်ကို ခင်စိန်မေရဲ့ အခြေအနေကို သွားကြည့်ခိုင်းထားတယ် အဲဒါ"

ထိုအချိန်မှာပင် စံရှားနှင့် ကိုကြီးကျော်သည် အမောတကြီးရောက်ရှိလာပြီး သတင်းပို့လေ၏။

“မ‌အေပေးတွေ ခွီး၊ မောလိုက်တာကွာ၊ ဟိုမှာ အတန်းပြီးတော့မယ်ကွ”

စံရှား၏ စကားမဆုံးမီ ဝိတ်ကွေးသည် ဝုန်းခနဲ ထလိုက်သည်။

“အတန်းက ဘယ်အချိန်ပြီးမှာလဲ"

“တစ်နာရီခွဲကွ၊ ခု တစ်နာရီဆယ့်ငါးရှိပြီ..လာ သွားကြစို့"

လက်ဖက်ရည်ဖိုးကို စားပွဲပေါ်မှာ ပန်းကန်နှင့်ဖိထားခဲ့ပြီး ထွက်လာခဲ့ကြသည်။ ကိုဆင့်ကား စောစောတုန်းက ဝိတ်ကွေးဟောက်ထားသောအရှိန်ကြောင့် လန့်နေတုန်းဖြစ်သည်။ ထို့ကြောင့် မငြင်းရဲဘဲ ကန့်လန့်ကန့်လန့် ပါလာ၏။

ကင်းကောင်၊ ထားဝယ်၊ ကိုကြီးကျော်တို့က ရှေ့မှ မားမား မားမား လျှောက်သွားကြသည်။ စံရှားနှင့် ဝိတ်ကွေးက ကိုဆင့်ကိုတစ်ဖက်တစ်ချက်စီ ညှပ်၍ ခေါ်လာသည်။ လောက်ဖျားကား နောက်ဆုံးမှ ကိုဆင့် နောက်ကြောင်းပြန် လှည့်လျှင် တားဖို့၊ ခင်စိန်မေတို့အတန်းဖြစ်သော ရူပဗေဒ စာသင်ခန်းမရှေ့သို့ ရောက်လျှင်ပင် ကိုဆင့်သည် သတ္တိကို ပြလေ၏။

“ဟေ့ကောင်တွေ ဖြစ်ပါ့မလားကွ"

"ဖြစ်တယ်၊ ဖြစ်တယ်"

ကင်းကောင်က အားတင်းပေးလိုက်သည်။ ကိုဆင့်သည် တဖြည်းဖြည်း ပိုကြောက်လာလေသည်။

"စစ်ဦး ဘီလူးတဲ့ကွ၊ ယက္ခဗျူဟာစာအုပ်ထဲမှာ ဖတ်ဖူးတယ်၊ မင်း မကြောက်နဲ့ "

ထားဝယ်၏ အမြောက်အပင့်။ ထိုအချိန်မှာပင်
အတန်းပြီးလေသည်။ ကျောင်းသားကျောင်းသူတို့ ပြိုထွက်လာ သည်။ ခင်စိန်မေသည် သူတို့ရှေ့မှ ဣန္ဒြေရစွာ ဖြတ်လျှောက်သွားလေသည်။ ကိုဆင့်ကို သူသိပြီးသား။ မသိဘဲ နေပါရိုးလား။ ခြောက်လလုံးလုံး သူ့အတန်းရှေ့မှာ လာရပ်ပြီး မျက်လုံးပြူးကြီးနဲ့ကြည့်ကြည့်နေတဲ့ လူကြီးပဲဟာ။

“ငဆင့် ဟိတ် ဘာလဲ"

ဝိတ်ကွေးသည် ဒီနေ့တော်တော်ဩဇာရှိနေသည်။ သူ့အမိန့်ကို ကိုဆင့် မငြင်းရဲ။ ဗျူဟာမှူးမဟုတ်လား။ ကိုဆင့်သည် ခင်စိန်မေ၏
နောက်သို့ တွန့်တွန့်ဆုတ်ဆုတ် လိုက်သွားရလေသည်။ သူ့နောက်ကို တစ်ချက်လှည့်ကြည့်သေး၏။ ဝိတ်ကွေးက လက်သီးထောင်ပြသောကြောင့် သူ နောက်မဆုတ်သာ။ မိန်းကလေးတို့မည်သည် ယောက်ျားကလေးထက် ခြေလှမ်းနှေးကွေးသည်
အမှန်။ သို့ရာတွင် ကိုဆင့်သည် ခင်စိန်မေကို တော်တော်နှင့်မမီ၊ အပန်းဖြေခန်းမရှေ့ကို ရောက်တော့မှ ..

"ဒီ... ဒီမှာ မစိန်"

ကိုဆင့်၏ ပထမဆုံးသော တိုက်စစ်စကား။ ခင်စိန်မေက လှည့်၍ပင် မကြည့်ချေ။

"ကျွန်တော် အောင်ကျော်ဆင့်ပါ”

ဒုတိယ တိုက်စစ်။

 "သိသားပဲ"

" အဲ "

ခင်စိန်မေ၏ ခံစစ်ကြောင့် ကိုဆင့် တပ်ဦးပြိုလေပြီ။ ဘာဆက်ပြောရမှန်းမသိ။ သူမပြောသော်လည်း ခင်စိန်မေက တစ်ခွန်းပြောသည်။

"လုပ်မနေပါနဲ့ ကိုအောင်ကျော်ဆင့်"

                         * * * * *

ဒွိဇာဓိပဗျူဟာ‌ခေါ် ဂဠုန်တောင်ပုံစံစစ်ဆင်နည်း

"လုပ်မနေပါနဲ့တော့လို့ပြောတာကို မင်းက ဘာမှထပ်မပြောဘူးလား"

"ငါ ဘာဆက်ပြောရမှန်းမှ မသိတာ"

"မဖြစ်သေးဘူး၊ ဒီကောင်တစ်ယောက်တည်း လွှတ်လိုက်ရင် မဖြစ်ဘူး။ ဒီတော့ တို့ နောက်ကနေပြီး ရံလိုက်သွားမှ ဖြစ်မယ်"

လောက်ဖျား၏ အကြံကို အားလုံးက သဘောတူကြသည်။ စံရှားသည် သူ့အိတ်ထဲမှ ကတ်ပြားကလေးတစ်ခုကို ထုတ်ကြည့် သည်။

ခင်စိန်မေ၏ အချိန်စာရင်း ကူးယူထားသော ကတ်ပြား။

"ဒီနေ့ ပရက်တီကယ်ရှိတယ်ကွ၊ သုံးနာရီခွဲမှပြီးမှာ"

"ဒါဆို အချိန်ရှိသေးတယ်၊ ငါ ဒီလိုစဉ်းစားကြည့်တယ်ကွ၊ ကိုဆင့်ကို ဒီအတိုင်းလွှတ်ပေးလိုက်ရင် ကျွန်တော် အောင်ကျော်ဆင့် ပါဆိုတဲ့အဆင့်က တက်မှာ မဟုတ်ဘူး။ ဒီတော့ စာတစ်စောင်ရေးရမယ်"

"ဟာ ... ဟာ ငါမှမရေးတက်ဘဲ"

တစ်ချိန်လုံး ငြိမ်ကုပ်နေသော ကိုဆင့်ဝင်ပြောသည်။

"မင်းမရေးတက်မှန်း သိသားပဲ။ တခြားတစ်ယောက်ယောက်က ရေးပေးပေါ့၊ စံရှားရေးကွာ၊ မင်းက ကဗျာဆရာပဲ"

"မရေးနဲ့၊ စံရှားက သူ့အတွက်တောင် ဝံ့အောင်မရေးနိုင်ဘဲနဲ့ သူများအတွက်ဆို ပိုဆိုးမှာပေါ့။ ဝိတ်ကွေး ရေးကွာ မင်းက အေးကို ရအောင်ရေးနိုင်ခဲ့တာပဲ"

ဝိတ်ကွေးသည် ဟက်ခနဲ့ ရယ်လိုက်ပြီး ...

"ငါ့တုန်းကလည်း သူများရေးပေးတာပဲကွ"

"ရှုပ်တယ်ကွာ၊ ငါရေးမယ်"

လောက်ဖျားက တာဝန်ယူ၍ရေးသည်။ ကျန်တဲ့ကောင်တွေက ဖြတ်တောက် ဖြည့်စွက် ပြင်ဆင်ကြလေသည်။

"ဥပေက္ခာတရားတွေ ကြီးစိုးလှချည်လား မစိန်ရယ်၊ အိမ်ကိုလာတဲ့ ဧည့်သည်ကို စိတ်ထဲမှာ မနှစ်မြို့ရင်တောင်မှ ဟန်ဆောင်အပြုံးလေးဖြစ်ဖြစ် ပြုံးပြသင့်ပါတယ်။ နှလုံးသားဆီကို မဝံ့မရဲအလည်လာတဲ့ ကျွန်တော့်ကို"

                            * * * * *

"မစိန်"

လှည့်ကြည့်သည်။

"ကျွန်တော် အောင်ကျော်ဆင့်ပါ"

ဟိုဘက် ပြန်လှည့်သွားသည်။

"ဒီမှာ၊ ဟို ..စာကလေးတစ်စောင်"

ခင်စိန်မေသည် ခြေလှမ်းကို သွက်လိုက်သည်။ ကိုဆင့် သုံးလှမ်းစာမျှ နောက်ကျ ကျန်ရစ်၏။ ဘာဆက်လုပ်ရမှန်းမသိသဖြင့် နောက်ကို
လှည့်ကြည့်သည်။

ဂဠုန်တောင်ပံစစ်ဆင်နည်းအရ နောက် ခပ်လှမ်းလှမ်းမှ ရံ၍လိုက်လာသော သူငယ်ချင်းများ၊ ဝိတ်ကွေးက သူလွယ်အိတ်ကို မြှောက်ပြပြီး
လွယ်အိတ်ထဲသို့ ထည့်ပုံမျိုး လုပ်ပြသည်။

ကိုဆင့်သည် ခင်စိန်မေနောက်သို့ လိုက်သွားပြီး ဝိတ်ကွေးသင်ပြသည့်အတိုင်း တစ်သဝေမတိမ်းလိုက်နာကာ ခင်စိန်မေ၏လွယ်အိတ်ထဲသို့ စာကိုထိုးထည့်ပြီးလျှင် အမြန်ဆုံး ပြန်ထွက်လာခဲ့တော့၏။
သူငယ်ချင်းတွေနှင့် ပြန်ဆုံသောခါ သူ့လက်များသည် အေးစက် လျက်ရှိလေပြီ။

                         * * * * *

ဝစ္ဆိကဗျူဟာခေါ် ကင်းလက်မကဲ့သို့ စစ်ဆင်နည်း

သိပ္ပံကျောင်းဆောင်၏ ဆင်ဝင်အောက်တွင်ထိုင်၍ တတိယထိုးစစ်အတွက် တိုင်ပင်ကြသည်။ ဒီကြားထဲမှာ စစ်ဆင်ရေး အငယ်စားလေးတွေ ရှိသေးသည်။ သို့ရာတွင် အောင်မြင်မှုမရှိ။ လွယ်အိတ်ထဲသို့ ထည့်ပေးပြီးသည့်နေ့မှစ၍ ခင်စိန်မေ သည် ကိုဆင့်ကို အတွေ့မခံရှောင်ရှား၍နေလေသည်။

"အဲဒါထူးခြားတယ်ကွ"

“ငါတော့ ငါ့ကို သူလုံးဝစိတ်မဝင်စားလို့ အတွေ့မခံတာလို့ ထင်တာပဲကွ”

ကိုဆင့်က အားလျော့သံကလေးဖြင့် ပြောသည်။ ဒါကို ဝိတ်ကွေးက လက်မခံချေ။

 "ဒီနေရာမှာ မင်းအတွက်လွဲနေပြီ၊ မင်းကို
စိတ်မဝင်စားဘူး၊ ဂရုမစိုက်ဘူးဆိုရင် ဘာရှောင်နေစရာလိုသလဲကွ၊ ခုလို ရှောင်နေပြီဆိုကတည်းက သူ မင်းကို စိတ်ဝင်စားနေပြီဆိုတာ
သိသာတယ်"

 ဝိတ်ကွေးသည် ထုံးစံအတိုင်းပင် လျှို့ဝှက်နက်နဲသော သဘောတရားများကို ဖွင့်ပြောနေသည်။ သူစကားကို သေချာစွာ
နားမလည်ကြသော်လည်း ဆက်လက်ရှင်းပြနေမည်စိုးသဖြင့် ...

"ဝိတ်ကွေးပြောတာ ဟုတ်တယ်ကွ"

"ဒီတော့ ဘယ်လိုဆက်လုပ်ကြမလဲ"

"သူကို အကြောင်းပေးရမှာပေါ့”

"ငါ့ကိုမှ အတွေ့မခံဘဲ"

"တွေအောင်ကြံရမှာပဲ၊ ခုဟာက မင်းရှိနေရင် အတန်းအပြင်မထွက်ဘဲနေတယ်။ မင်းကိုတွေ့ရင် တခြားလမ်းက ကွေ့သွား တယ်ဆိုတော့
ငါတို့ ဗျူဟာအသစ်တစ်ခု ပြောင်းရလိမ့်မယ်"

ဝိတ်ကွေးသည် အတန်ကြာအောင် စဉ်းစားနေ၏။ ပြီးမှ … ။

"ဒီလိုကွ၊ ကင်းလက်မပုံ၊ အဲ .. ပစောက်ပုံပေါ့ကွာ၊ ငါတို့က ထွက်ပေါက်တွေကို ပိတ်ဆို့ထားပြီး လမ်းတစ်လမ်းတည်းကိုဖွင့်ပေးထားရမယ်။ ခင်စိန်မေဟာ အဲဒီလမ်းကလာတဲ့အခါကျမှ ကိုဆင့်က တစ်နေရာက စောင့်ပြီး ချုံခိုတိုက်ခိုက်ရမယ်"

"အေးကွ၊ ငါးအကြံပေးချင်တာက ဒီနေ့ ခင်စိန်မေ အတန်းက ဆယ့်နှစ်နာရီပြီးမှာဆိုတော့ သူ ဆာနေမှာပဲ။ အနည်းဆုံး အအေးပဲဖြစ်ဖြစ်
ထွက်သောက်ချင်မယ်။ ဒီတော့ အင်းဝကင်တီးကိုသွားတဲ့ လမ်းတစ်လမ်းတည်းကို ဖွင့်ပေးသင့်တယ်"

စံရှား၏ အကြံကို အားလုံးက သဘောတူပြီး စစ်ဆင်ရေးစရန် နေရာယူလိုက်ကြသည်။
မွန်းတည့် ဆယ့်နှစ်နာရီ ခင်စိန်မေသည် အခန်းထဲမှ ထွက်လိုက်သောအခါ သစ်ပုပ်ပင်ဘက်သို့ ထွက်သော ထွက်ပေါက်တွင်ရပ်နေသော
လောက်ဖျားကို တွေ့ရသည်။ လောက်ဖျားက ပြုံးစေ့စေ့လုပ်နေသဖြင့် ချာခနဲလှည့်ပြီး ထွက်သွားသည်။ ။

ရူပဗေဒစာသင်ခန်းဘက်သို့ ချိုးကွေ့မည်ပြုသော်လည်း မားမားကြီးရပ်နေသော ကင်းကောင်ကို တွေ့ရသဖြင့် ညာဘက်သို့ ချိုးလိုက်ရပြန်သည်။

 ငွေစာရင်းဌာနဘက်မှ လာသောလမ်းနှင့် ဆုံရာနေရာတွင်လည်း ထားဝယ်သည် ဆေးလိပ်သောက်ရင်း ခံ့ညားစွာရပ်နေပြန် သည်။

 ဓါတုဗေဒဌာနဘက်သို့သွားသော လမ်းထောင့်တွင်မူ စံရှားနှင့်ကိုကြီးကျော်တို့သည် တစ်စုံတစ်ခုကို ပြောဆိုရင်းရယ်မော နေကြ၏။ ခင်စိန်မေသည် သူတို့ကို တွေ့လိုက်သည်နှင့် မဲ့ရွဲသွားပြီး ရှေ့ကိုပင်ဆက်လျှောက်ရ၏။

ထိုအချိန်မှာပင် အမျိုးသားအပန်းဖြေခန်း ထောင့်ချိုးဆီမှ ကိုဆင့်သည် ဘွားခနဲပေါ်လာပြီး ...

"မစိန် "

ခင်စိန်မေ လန့်သွား၏။ ပြီးမှ ဣန္ဒြေဆည်ပြီး ခပ်သုတ်သုတ်လျှောက်သွားသည်။ အုတ်တိုင်ကိုကွယ်၍ ရပ်နေသော ဝိတ်ကွေးသည်
ဆက်လိုက်ရန် အချက်ပြသည်။

ကိုဆင့်သည် အတွေအကြုံရလာပြီဖြစ်သဖြင့် အရင်ကလောက်တုံ့ဆိုင်းမှုမရှိတော့ဘဲ ခင်စိန်မေနောက်သို့ လိုက်သည်။ သူ့အိတ်ထဲမှာ
ခင်စိန်မေသောက်သော အအေးဖိုးရှင်းရန် ငွေအသင့်။ ခင်စိန်မေကို အအေးသောက်ရန် ခေါ်မည်။ အအေးသောက်ရင်း စာကိစ္စကို မေးမည်။ သူ့ခြေလှမ်းသည် ပိုသွက်လာသည်။ မီအံ့ဆဲဆဲမှာပင် ...။

ခင်စိန်မေသည် အမျိုးသမီးအိမ်သာထဲသို့ လှစ်ခနဲချိုးကွေ့ဝင်သွားလေသည်။

ကိုဆင့်သည် စင်္ကြံလမ်းပေါ်မှာ ဘာဆက်လုပ်ရမှန်းမသိဘဲယောင်ချာချာကျန်ရစ်ခဲ့သည်။ ဝိတ်ကွေးသည် သူ့နဖူးကို လက်ဝါးဖြင့် အကြိမ်ကြိမ် ရိုက်၍နေလေသည်။

                             * * * * *

ဥဿဘဗျူဟာခေါ် စစ်မိရာ ထိုးဖောက်တိုက်နည်း

"တောက် နာလိုက်တာကွာ၊ သေသေချာချာ အကွက်ချပြီး စီစဉ်ကာမှလွတ်သွားရတယ်လို့။ မဖြစ်ဘူး၊ ဒီတစ်ခါတော့ ခပ်ကြမ်းကြမ်းနည်းကို
သုံးမှဖြစ်မယ်”

စတုတ္ထထိုးစစ်စတင်ပြီ။

အတန်းပြီးသွားသော်လည်း အခန်းပြင်မှာ ရပ်နေသော ကိုဆင့်ကိုတွေ့သောကြောင့် ခင်စိန်မေ ထွက်မလာချေ။ နောက်ဆုံးအတန်းထဲမှာ
ခင်စိန်မေနှင့် အဖော်သူငယ်ချင်း တစ်ယောက်သာကျန်တော့သည်။ ကိုဆင့် သည်အခန်းထဲသို့ ဝင်သင့်မဝင်သင့် စဉ်းစားနေ၏။

“သွားလေကွာ"

ဝိတ်ကွေးက အမိန့်ပေးသောအခါ သူဝင်သွားလေသည်။ မထင်မှတ်ဘဲ ဝင်လာသော ကိုဆင့်ကိုကြည့်၍ ခင်စိန်မေ မှင်တက်မိနေသည်။
ကိုဆင့်အနားကိုရောက်မှ သတိဝင်လာပြီး မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်တွင် ဝိတ်ကွေး၏ အဆိုအမိန့်များကို ဖျတ်ခနဲ ကြားယောင်မိသည်။

"စစ်မိရာ ထိုးဖောက်တိုက်နည်းဆိုပါက သတ္တိရှိဖို့လိုတယ်။ အခြေအနေပေးတာနဲ့ အတင်းဝင်ပြောရမယ်။ ဘေးမှာ ဘယ်သူတွေပဲရှိနေနေ
ဂရုမစိုက်နဲ့၊ အခြေအနေအရ ဗျူဟာကို ချက်ချင်းပြောင်းတက်ရတယ်။ အကောင်းဆုံးက ဝါရီဝေဂဗျူဟာလို့ခေါ်တဲ့ ရေအလျင်လို
လျှပ်တစ်ပြက်ထိုးစစ်ဆင်ရမယ်။ ဟစ်တလာသုံးတဲ့ ဘလစ်ဂရိဆိုတဲ့ လျှပ်စစ်နည်းလိုပဲ"

ကိုဆင့်သည် လမ်းကိုပိတ်၍ ရပ်လိုက်၏။

“မစိန်"

ခင်စိန်မေသည် အတန်ငယ်ကြောက်နေသည်။

“ကျွန်တော့်စာကို ဖတ်ပြီးပြီထင်ပါတယ်”

ခင်စိန်မေ ကြောက်လန့်ငြိမ်သက်နေရာမှ စတင်လှုပ်ရှားလိုက်သည်။ လွယ်အိတ်ထဲမှ စာအိတ်တစ်အိတ်ကိုထုတ်၍ ကိုဆင့်လက်ထဲ
ထည့်လိုက်သည်။ သူ့လွယ်အိတ်ထဲသို့ ကိုဆင့်ထည့်ပေးလိုက်သော စာအိတ်အဝါရောင်။ စာအိတ်သည် မဖောက်ရသေး။ ကိုဆင့်၏ စာအိတ်ကို
ဖတ်ပင်မဖတ်ဘဲ ပြန်ပေးလိုက်ခြင်းဖြစ်ကြောင်း
သေချာသည်။

ခင်စိန်မေသည် စာကိုကိုင်၍ ကြောင်နေသော ကိုဆင့်ကို တွန်းဖယ်ပြီး အခန်းအပြင်သို့ထွက်သွားသည်။ အခန်းသည် ကိုဆင့် ရင်ခုန်သံမှလွဲ၍ ငြိမ်သက်လျက်။

                            * * * * *

စီးချင်းတိုက်ပွဲ

လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြသော်လည်း စကားများများမပြောဖြစ်ကြ၊ တစ်ခွန်းစနှစ်ခွန်းစ ပြောဖြစ် သော်လည်း ခါတိုင်းလို အနောက်အပြောင်စကားမျိုးမဟုတ်ချေ။ ခင်စိန်မေက ကိုဆင့်၏စာကို ဖတ်ပင်မဖတ်ပဲ ပြန်ပေးလိုက်သည့်နေ့မှ ခုနစ်ရက်စွန်းခဲ့သည်။

ထိုရက်များသည် ကိုဆင့်အဖို့ ဒုက္ခရက်များ။ အစားအသောက်နည်းပါးသည်။ ဘာမှမစားဘဲနေခဲ့သော ညနေခင်းများလည်း ပါဝင်၏။
ထို့ထက်ဆိုးသည်မှာ ညမအိပ်ခြင်းပင်ဖြစ်သည်။ ကိုဆင့်၏ မျက်နှာသည် ချောင်ကျ၍နေပြီ။ မျက်တွင်းဟောက်ပက်၊ မေးရိုးများ
ငေါထွက်လျက်၊ နလုံးသားကား တုံးခနဲနေအောင် အဖျားတက်ခဲ့လေပြီ။

“မင်း ဘယ်လိုလုပ်မလဲ ကိုဆင့်"

ဝိတ်ကွေး၏ စကားကို ကိုဆင့် သေချာစွာကြား၏။ သိုရွာတွင် လှည့်၍မကြည့်။ မာလာဆောင်ဆီသို့ ငေးကြည့်နေရင်းက ..

"နောက်ဆုံးကြိုးစားတဲ့ အနေနဲ့ ဒီနေ့သွားတွေရမယ်"

“ကောင်းတယ်၊ ငါတို့လည်း လိုက်မယ်"

"မလိုဘူး၊ ငါတစ်ယောက်တည်းသွားမယ်”

"ဘာ"

ကိုဆင့်ကို အားလုံးက အံ့ဩစွာ ဝိုင်းကြည့်ကြသည်။

"ဟုတ်တယ်၊ ငါတစ်ယောက်တည်းသွားမယ်၊ ဘယ်သူမှမလိုက်နဲ့"

ကိုဆင့်သည် ဆတ်ခနဲထရပ်လိုက်ပြီး ချာခနဲလှည့်ထွက်သွား၏။ သူငယ်ချင်းများသည် ရုတ်ခြည်း ရဲရင့်လာသော ကိုဆင့်၏ ကျောပြင်ကိုအံ့သြစွာကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ကိုဆင့် တကယ်သတ္တိရှိလာပြီ။ သို့ရာတွင် မိုးအုံနေသောကြောင့် သူစိတ်သည်လေးလံနေသည်တော့အမှန်။

ကံကောင်းချင်၍လား ကံဆိုးချင်၍လားမသိ၊ အဓိပတိလမ်းကိုဖြတ်၍ သိပ္ပံဆောင်ဘက်သို့သွားနေသော ခင်စိန်မေကို လှမ်းတွေ့လိုက်ရသည်။ တစ်ယောက်တည်း သစ်ပုပ်ပင်ခြေရင်း အရောက်တွင် ခင်စိန်မေကို မီ၏။

"မစိန်"

ခင်စိန်မေသည် ဆတ်ခနဲတုန်သွားသည်။

"ကျွန်တော့်ကိုမြင်လိုက်ရတာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရတယ် လို့များ ထင်နေရော့လားဗျာ"

ခင်စိန်မေသည် ရပ်နေရာမှ ဆက်လျှောက်ရန် ဟန်ပြင်လိုက်သည်။

"နေပါဦး မစိန်”

ခင်စိန် မရပ်၊ ခြေလှမ်းကို ပို၍သွက်သည်။ ကိုဆင့်သည် ခင်စိန်မေ၏ လွယ်အိတ်ကို ဆတ်ခနဲ လှမ်းဆွဲထား လိုက်လေသည်။

"အို ... ဘာလုပ်တာလဲ၊ လွှတ်ပါ။ ကျွန်မလွယ်အိတ်"

"မလွှတ်နိုင်ဘူး မစိန်၊ ကျွန်တော့်စာကို ဘာဖြစ်လို့ မဖတ်ဘဲ ပြန်ပေးတာလဲ"

"လွှတ်နော်၊ ရှင် ရမ်းကားလှချည်လား"

"မေးတာကို ဖြေပါဦး မစိန်"

ခင်စိန်မေ မျက်နှာသည် ရှက်ဒေါသကြောင့် ရဲရဲနီ၏။ သူမျက်လုံးသည် ဝင်းဝန်လက်သွားပြီး

"ဪ .. အဲဒါလား၊ ကျွန်မ ရှင့်ကို လုံးဝစိတ်မဝင်စားလို့၊ နားလည်ပြီလား"

လွယ်အိတ်ကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်သည်။ သို့တည်းမဟုတ် ကိုယ်စိတ်နှစ်ပါး၌ အင်အားတို့မရှိတော့ သောကြောင့် လက်များ ဖြေလျော့သွားခြင်းလည်း ဖြစ်နိုင်သည်။ 

"နားလည်ပါပြီ၊ မစိန်ကို ကျွန်တော်နားလည်ပါပြီ။ ဒါပေမယ့် မစိန်ကတော့ ကျွန်တော့်ကို နားမလည်ဘူးနော်"

ကိုဆင့်က လွယ်အိတ်ကို လွှတ်လိုက်ပြီ ဖြစ်သော်လည်း ခင်စိန်မေသည် ခြေလှမ်းကိုမရွေ့။သူ့တွင်လည်း အင်အားတို့ မရှိတော့ပြီလား။
မိုးဖွဲကလေးများ ကျလာသည်။ ခင်စိန်မေသည် ထီးကလေးကိုဖွင့်၍ ဆောင်းသည်။ ကိုဆင့်ကတော့ မိုးရေထဲမှာ။ မိုးမှုန်ကလေးများသည်
ကိုဆင့်၏ ကိုယ်ပေါ်သို့ တဖွားဖွား ကျသည်။ သူမျက်လုံးထဲ၌မူ မိုးသည်းထန်နေပြီ။

"ကျွန်တော် မစိန်ကို တကယ်ချစ်တာပါဗျာ၊ ဒါပေမယ့် ကျွန်တော်နောက်ကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူးလို့ ကတိပေးပါတယ်။
ကျွန်တော်... ကျွန်တော်....."

မျက်ရည်တစ်စ စီးမကျခင် ချာခနဲ လှည့်ထွက်ခဲ့သည်။ တကယ့် မိုးသည်လည်း သည်းထန်လာလေ၏။

“ကိုအောင်ကျော်ဆင့်"ဟူ၍ လှမ်းခေါ်သံကို ကြားမိသည်ထင်၏။ သို့ရာတွင် သူလှည့်မကြည့်ရ။

“ကိုအောင်ကျော်ဆင့်"

ထိုအသံသည် သူ့နောက်ဆီမှ အမှန်ပင်ရှိ၏။ တုံ့နဲ ရပ်သည်။ နောက်သို့ ဖြည်းညင်းစွာလှည့်ကြည့်လိုက်သည်။

"မိုးတွေသိပ်သည်းလာပြီ၊ ထီးအောက်ကိုလာပါလား"

ခင်စိန်မေသည် ထိုစကားကို အမှန်တကယ်ပြောလေသည်။ သူအံ့ဩစွာ ကြည့်နေဆဲမှာပင် ခင်စိန်မေသည် သူကို ပထမဆုံးအကြိမ်
အမှန်တကယ် ပြုံးပြလိုက်၏။

ထိုနေ့မှစ၍ နောင်တွင် တက္ကသိုလ်နယ်မြေ၌ အလွန်ကျော်ကြားလာမည့် ဗျူဟာအသစ်တစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့လေသည်။

"အဿဗျူဟာ"ခေါ်မျက်ရည်စစ်ဆင်နည်းပင် ဖြစ်ပေသတည်း။

-----------

မင်းလူ

(စစ်ပြန်၊ ဇူလိုင် ၁၉၇၉)

(လမ်းဖြတ်ကူးသော ဝတ္ထုတိုများ)

#Typing_crd_ZawOo

No comments:

Post a Comment