Monday, 23 March 2020

ပန်းပွင့်ခ‌ရေ #မစန္ဒာ

#ပန်းပွင့်ခ‌ရေ 

#မစန္ဒာ 

"ကိုယ့်အလုပ်က မိတ္တူကူးပေးဖို့ပဲနော်၊ စကားရောင်း စကားဝယ် စပ်စပ် စုစုတွေကို လက်ခံဖို့လည်း မဟုတ်ဘူး၊ ပြန်ပြောနေဖို့လည်း မဟုတ်ဘူး”

ဆိုင်ပိုင်ရှင်အန်တီညိုက အသံပြတ်ပြတ်နှင့် ပြောသည်။ စုစုနွယ် သည် မိတ္တူကူးစက်ကြားထဲတွင် လိပ်ပြီး ညှပ်သွားသောစက္ကူကို ခပ်ချော ချောလေး ပြန်ဆွဲထုတ်နေရင်း ဘာမှပြန်မပြောဘဲ အသာငြိမ်နေလိုက်သည်။ အံတီညိုက “နှင်းဆီမွှေး”အား ရည်ရွယ်ပြီးပြောနေမှန်း သူသိသည်။

“နှင်းဆီမွှေး”

တော်တော်လှသည့်နာမည်လေးဖြစ်သည်။ ထိုနာမည်လှလှလေး ကို ပိုင်ဆိုင်သူသည် လမ်းထိပ်ကျူရှင်ဆရာအိမ်မှ အိမ်ဖော်ကောင်မလေး ဖြစ်လေသည်။ ကျူရှင်ဆရာအိမ်တွင် အိမ်ဖော်ကောင်မလေးများ မကြာခဏ လဲတတ်သော်လည်း သူကတော့ ခြောက်လလောက်ကြာနေပြီ ဖြစ်သည်။ အသက်က ဆယ့်ခြောက်နှစ်ကျော်နေပြီဟုပြောသော်လည်း မိန်းကလေးပီပီ  ထဘီဝတ်ထားသည်ကို တစ်ခါမျှမတွေ့ရ။ကျူရှင်ဆရာကတော် ဆင်ထားသော အင်္ကျီပွယောင်းယောင်းနှင့် ဒူးလောက်ထိရှည်သော သင်္ကြန် ဘောင်း ဘီ ကားကားတို့ကြောင့် ကြည့်ရသည်မှာ အချိုးမပြေလှပေ။ 

သူတို့အိမ်က ဘုရားပန်းအိုးလဲသောရက်နှင့် ကြုံလျှင် သစ္စာပန်း၊ ဂန္ဓမာပန်း၊ မေမြို့ပန်း စသည်များကို မနိုင်မနင်းပန်လာတတ်သေးသည်။ တစ်ခါတစ်ရံလည်း သူ့ ဆံပင် တိုစိစိကို နှစ်ဖက်ခွဲပြီး ပါးတွင် ပါးကွက် ကွက်ထားတတ်ပြန်ရာ သူငယ်တော်ရုပ်နှင့်တူနေတတ်ပြန်လေသည်။ ပုံစံက အချိုးမပြေရုံသာမက စကားပြောတော့လည်း အဆင်ပြေသည် မဟုတ်။ အန်တီညို မကြိုက်လျှင် လည်း မကြိုက်စရာပင်ဖြစ်သည်။ သူ့ဆိုင်ကိုရောက်လာပြီး ပထမဦးဆုံး အခေါက်တွင်ပင် စုနွယ်ကိုမေးလိုက်ပုံက “နေပါဦး အစ်မက၊ ဒီဆိုင်က သူဌေးလား အလုပ်သမားလား ဟင်”...တဲ့။

စုနွယ်က သူ့ကို တအံ့တဩလှမ်းကြည့်ရင်း “ဘယ်လိုများ မေး လိုက်တာပါလိမ့်ဟယ်”ဟု စဉ်းစား၍မဆုံးသေးခင် “ကြည့်ရတာ သူဌေးနဲ့
တော့ မတူပါဘူး၊ ကျွန်မလိုအလုပ်သမားပဲဖြစ်မှာပါ။ တစ်လ ဘယ်လောက် ရလဲဟင် . .အစ်မ”ဟု ဆက်ပြောသည်။ သူ့စကားကို စကတည်းက ကြားနေသော အန်တီညိုက “စုစုနွယ်၊ မနက်က အပ်သွားတာတွေ ကူးပြီးပြီ လား။ ခဏနေ လာယူတော့မယ်နော်..ဒီစာအုပ်အထူကြီးကလည်း အစ အဆုံး ကူးရဦးမှာမဟုတ်လား။ သွက်သွက်လေးလုပ်လေကွယ်” ဟုဝင်ပြော သည်။ မျက်နှာကိုလည်း မသိမသာ တင်းထားသည်။

ဒီလိုဆိုပြန်တော့လည်း နှင်းဆီမွှေးဆိုသည့် ထိုကောင်မလေးက သူ့ကို မကြိုက်မှန်းသိတတ်သားပင်။ ဘာမှဆက်မပြောတော့ဘဲ ငြိမ်ငြိမ် ကုတ်ကုတ်ကလေး ဖြစ်သွားသည်။ အန်တီညို အတွင်းခန်းသို့ လှည့်ဝင် သွားသောအခါကျတော့မှ အသာလေးစောင်းကြည့်ရင်း “အစ်မရဲ့ သူဌေးက စိတ် ပုတ်တယ်နော်” ဟုပြောဖြစ်အောင် ပြောလိုက်လေသည့်အတွက် စုနွယ် တစ်ဦးတည်းကျိတ်ပြီး ပြုံးခဲ့ရသည်။

“နာမည်မေးလိုက်တော့ “နှင်းဆီမွှေးတဲ့၊ ပေးမှပေးတတ်ပလေ တော်။ သူမို့လို့အနားရောက်လာရင် ကြက်သွန်ဖြူနံ့ရော ကြက်သွန်နီနံ့ရော ငါးပိနံ့ရော စုံနေတာပဲ။ အပြောအဆို၊ အမူအယာကျတော့လည်း ခပ်ရိုင်းရိုင်း ကလေး၊ အလိုက်ကန်းဆိုးကလည်း မသိ”

အန်တီညိုက ဆက်လက်ပြီး ထောမနာပြုနေသည်။

 ကျူရှင်ဆရာ ကြီးသည် အန်တီညို၏ဖောက်သည်ဖြစ်သည်။ သူ့အိမ်က မေးခွန်းစာရွက် တွေ၊ မှတ်စု စာရွက်တွေကို နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ၊ တစ်ခါတရံ လည်း တစ်ရက်တည်း နှစ်ခါ၊ တပုံတပင်ကြီး ကူးခိုင်းတတ်လေသည်။ 

နှင်းဆီမွှေးက “မနေ့ညက ကျွန်မရဲ့ သူဌေးနဲ့သူဌေးကတော် ရန်ဖြစ်ကြတယ် သိလား၊ သူဌေးရဲ့ အင်္ကျီအိတ်ထဲမှာ လက်ကိုင်ပုဝါလှလှလေး တွေ့လို့လေ။ သူဌေးကတော်က ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တာ။ ကျွန်မ တိတ် တိတ်ကလေး ကောက်ယူထားတယ်-အဟိ၊ လက်ကိုင်ပုဝါလေးက မွှေးအီ နေတာပဲ” ဟူသောအပြောမျိုးကို စိတ်ဝင်စားလှပါလျက်နှင့် မကြားချင် ဟန်ဆောင်နေတတ်သည်။

 တော်ကြာနေ သူများစကား ကိုယ့်စကားဖြစ်ပြီး ဖောက်သည်ပျက်မှာ စိုးရိမ်သောကြောင့် ဖြစ်လေသည်။

စုစုနွယ်ကတော့ ဂျီဂျီမြည်နေသောစက်ကြီးကို ဖွင့်လိုက် စာရွက် တွေ ဖြန့်ထည့်လိုက် ပြန်ပိတ်လိုက်၊ ခလုတ်တွေနှိပ်လိုက်၊ စာရွက်တွေ စီ ထပ်လိုက်၊ ညှိပြီးဖြတ်လိုက် ချုပ်စက်နှင့်ချုပ်လိုက်စသည်..စသည်များကို စက်ရုပ်တစ်ရုပ်လို လုပ်ကိုင်လည်ပတ်ရင်း ငြီးငွေ့နေရသူဖြစ်သည်။ အရည် မရ အဖတ်မရ၊ စကားဖျင်း၊ စကားတင်းများဟု သတ်မှတ်ရမည် ဖြစ်သော် လည်း စုနွယ်အတွက်တော့ အပျင်းပြေလှသည်။ ထို့ပြင် အမောလည်း ၊
 ပြေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့စကားရေယာဉ်တွင် မျောနေသော အခိုက်အတံ့၌ အမေ၏မျက်လုံးတိမ်ကို ခွဲရမည့်ကိစ္စကို လည်းကောင်း၊ ဆယ်တန်းကျောင်းသား မောင်လေးအတွက် ကျူရှင်လခ ပေးရတော့မည် ကိုလည်းကောင်း၊ အိမ်ရှင်ဦးလေးကြီးက အိမ်ခန်းခ တိုးပြီးတောင်းနေသည် ကို လည်းကောင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်လေသည်။ မိမိ၏ လက်ရှိဘဝမှ ခေတ္တခဏရှောင်ပြေးခွင့်ရ၍ နှင်းဆီမွှေး မလာလျှင်ပင် မသိ မသာ မျှော်မိတတ်လေသည်။

“ဟော..ပြောရင်းဆိုရင်း လာပါပြီတော်”

စာရွက်တစ်ထပ်ကြီး ကိုင်ပြီး လမ်းကူးလာသော နှင်းဆီမွှေးကို တွေ့တော့ အန်တီညိုက မကြည်မလင်နှင့် ပြောသည်။ သူ့ခြေထောက်၏ နှစ်ဆလောက်ရှိသော ခုံဖိနပ်ကြီးကို စီးထားသည့်အတွက် သူဆိုင်ထဲ ဝင် လာတော့ ဂလောက်၊ ဂလပ်၊ ကလောက် ဂလပ်” ဟူသော တူရိယာသံ လေးပါ တွဲလျှက် ပါလာသည်။

“ရော့ .. အစ်မခြောက်စုံစီနော်” 

“စစ်တောင်းနဲ့ပဲလား”

“မဟုတ်ဘူး ဒီတစ်ခါ နိုင်ငံခြားစက္ကူနဲ့ ကောင်းကောင်းလေးကူး ပေးပါလို့ မှာလိုက်တယ်။ သူဌေးက မျက်နှာလိုက်တယ် အစ်မရဲ့၊ ဒါက သူ့မိတ်ဆွေတွေကို ပေးဖို့တဲ့”

“အန်တီညို မကြိုက်တာ အဲဒီအပြောမျိုးတွေပေါ့”ဟု စုနွယ်က တွေးမိသည်။ နိုင်ငံခြားစက္ကူနဲ့ကူးပေးပါဟုဆိုလျှင် ပြီးသော်လည်း သူက သူနှင့် မဆိုင်သော နောက်ဆက်တွဲမှတ်ချက်တွေ ထင်မြင်ချက်တွေကို အမြဲ ပြောတတ်သည်။

“ဟောတော့... ဝက်နံရိုး”

အန်တီညို မျက်စောင်းခဲတော့မည်ဟု စုနွယ်ထင်မိသော်လည်း အန်တီညိုက မျက်စောင်းခဲရန်သတိမရနိုင်၊ နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်ရင်း အလန့်တကြား ထအော်သည်။

“အကျိုးနည်း ... ကုန်များကုန်ပြီလားမသိဘူး”

နောက်ဖေးခန်းသို့ ကသောကမျော လှမ်းဝင်သွားသော အန်တီညို ၏ ကျောပြင်ကို လှမ်းကြည့်ရင်း နှင်းဆီမွှေးက ခစ်ကနဲရယ်သည်။

 “ကျွန်မ ကို တစ်ချိန်လုံး မျက်စောင်းကြီးခဲ ခဲနေတာလေ ....... အခုတော့ သူ့ဟင်းအိုးကြီး တူးသွားပြီ ...ဟီ ...ဟိ” ဟု ဝမ်းသာအားရပြောသည်။

“သူ မျက်စောင်းခဲတာသာ ပြောနေ .. နင်ကလည်း အရမ်းစကား များတာ။ ကိုယ့်ဟာကိုယ်လည်း သတိရဦး”

“ဟိုစကားပြော ဒီစကားပြောနဲ့ဆိုတော့ ပင်ပန်းတာ သက်သာ တယ် အစ်မရဲ့”

အန်တီညိုက သူ၏ဟင်းအိုးကို အဖုံးဆွဲဖွင့်လိုက်ပုံရသည်။ တူး တူး ခါးခါး အနံ့က ထောင်းထလာသည်။

“အစ်မ နားငြီးလည်း အခုလကုန်အထိပါပဲနော်.. လကုန်ရင် ကျွန်မ ထွက်တော့မှာ”

“ဟယ် ... အဟုတ်”

စုနွယ် စိတ်မကောင်းဖြစ်သွားသည်။ ဒီလေးငါးခြောက်လအတွင်း ခဏခဏတွေ့နေရတော့လည်း သံယောဇဉ်ဖြစ်နေသည်။

“ကျွန်မရဲ့ အစ်မဝမ်းကွဲတစ်ယောက်က နယ်စပ်မှာ ထမင်းဆိုင် ဖွင့်တာလေ။ အားကြီးရောင်းကောင်းတယ်တဲ့။ အဲဒါ ကျွန်မကို လှမ်းခေါ် နေတယ်”

“အဝေးကြီးပေါ့ဟယ်"

 “အစ်မကပြောတယ် မြေကြီးက ဆက်နေတာပဲတဲ့။ ဒီလောက် တောင် လမ်းသစ်ကြီးတွေဖြူးနေဖြောင့်နေတာ။ ဘယ်နေရာမှမဝေးဘူးတဲ့”

နှင်းဆီမွှေးက သူ့အစ်မ၏စကားကို အလွတ်ကျက်ထားသလို တသွေမတိမ်းပြန်ပြောသည်။

“ဟိုကျရင် နင်ဘာလုပ်မှာလဲ”

“ထမင်းဆိုင်မှာ ကူရမှာပေါ့၊ အစ်မက အထည်ဆိုင်လည်း ထွက် ဦးမယ်ပြောတယ် အကူအညီတွေ အများကြီးလိုတယ်တဲ့”

“နင်တို့ ဘယ်လောက်ရမှာမို့လဲ” 

“နေစရိတ် စားစရိတ်မပါဘူး တစ်လ လေးသောင်းတဲ့” 

“ဟယ် ... တကယ်”

“နေတာ စားတာ အစ်မတို့နဲ့ အတူနေ အတူစား တဲ့။ ကျွန်မက တော့ အကုန်စုထားမှာ” 

စုနွယ် တွေတွေဖြစ်သွားသည်။ ယခုမိတ္တူဆိုင်မှာ လုပ် သည်က တစ်လလျှင် တစ်သောင်းနှင့်နှစ်ထောင်ရသည်။ သို့ပါသော်လည်း ကိုယ့်ချိုင့်လေး ကိုယ်ဆွဲလာရပြီး လမ်းစရိတ်ကလည်း အသွားအပြန် တစ်ရာ ကုန်သည်။ တွက်ကြည့်လိုက်လျှင် ဘာမျှကျန်သည်မဟုတ်။ စူပါမတ်ကက် တွေမှာ အရောင်းစာရေးမ လုပ်တာကမှ ပိုပြီးရဦးမည် ထင်သည်။ သို့သော် လည်း အပြန် မိုးချုပ်တော့ အမေက မကြိုက်ပြန်ပေ။ ဒီဆိုင်မှာက ညနေ လေးနာရီလျှင် ပြန်၍ ရပြီဖြစ်သည်။ ညပိုင်းလာသည်များကို အန်တီညို၏ သားနှစ်ယောက်က တစ်ယောက်တစ်လှည့်စီတာဝန်ယူကြသည်။

“နောက်ပြီး ကြိုးစားရင်ကြိုးစားသလိုလခလည်း တိုးပေးဦးမှာတဲ့” 

“ဒါပေမယ့် ဝေးလိုက်တာဟယ်” 

“အစ်မရယ် ကျွန်မက ကျိုက်ထိုက ဆိုတော့ ပိုပြီး  တော့တောင် ဝေးသေး။ ဒါပေမယ့် ပိုက်ဆံလိုချင်ရင်တော့ စွန့်စားရမှာပေါ့ အစ်မရဲ့။ အဲဒီ ကျွန်မရဲ့ အစ်မဝမ်းကွဲဆိုရင်လည်း အရင်တုန်းက ရိုးရိုးအအရယ်။ ကျွန်မလိုပဲ ရန်ကုန်မှာ အလုပ်လုပ်ရင်း အိမ်ထောင်ကျပြီး အဲဒီမှာ သွားလုပ် အခုတော့ အရင်အိမ်ထောင်နဲ့ကွဲပြီး နောက်အိမ်ထောင်တောင် ကျ နေပြီ။ ရွှေလက်ကောက်တွေ တချွင်ချွင်နဲ့၊ ဆွဲကြိုးတုတ်တုတ်ကြီး ဆွဲလို့ - အရမ်း ကြီးပွားနေပြီ”

စုနွယ်က အမေ့နားမှ ပုလဲနားကပ်ကလေးကို မြင်ယောင်သည်။ ထို ပုလဲနားကပ်ကလေးသည် အဖေဝယ်ပေးခဲ့ခြင်းဖြစ်၍ အမေ၏ အမြတ် နိုးဆုံး ပစ္စည်း ဖြစ်သလို သူတို့အိမ်မှာရှိသော တစ်ခုတည်းသော ရွှေထည် ပစ္စည်း ဖြစ်လေသည်။ စုနွယ်၏နားတွင်ပန်ထားသောနားကပ်ကလေးက ရွှေရည်စိမ် ဖြစ်သည်။ ဆွဲကြိုးတို့ လက်ကောက်တို့ကိုတော့ ကိုယ်နှင့် မဆိုင်သော ပစ္စည်းများဟု စုနွယ်၏စိတ်ထဲတွင် အလိုလိုသတ်မှတ်ပြီးဖြစ်သည်။ သို့သော် ရွှေလက်ကောက် တချွင်ချွင်နှင့် ဆွဲကြိုးတုတ်တုတ်ကြီးဟု ကြား လိုက်ရတော့ လောဘတည်း ဟူသော လေပြေလေညင်းက စုနွယ်၏ ရင် ထဲသို့ တိုးဝင်တိုက်ခတ်လာသည်။

“ကျွန်မမှာ ဖြစ်နေတဲ့ရောဂါက အတော်ကြီးနေပြီ အစ်မရဲ့” 

“ဟင် ... ဘာရောဂါလဲ”

 မျက်လုံးမျက်ဆန်ပြူးသွားသောစုနွယ်ကိုကြည့်ရင်း နှင်းဆီမွှေးက-

 “ပိုက်ဆံလိုချင်တဲ့ရောဂါလေ”

 “အယ်...”

“ဟုတ်တယ် ပိုက်ဆံတွေမှ အများကြီးကို လိုချင်တာ အဖေတို့ - အမေတို့ကိုလည်း ပေးချင်။ မောင်နှမတွေကိုလည်း ပေးချင်၊ နောက်ပြီး အိမ်အမိုးလည်း မိုးချင်၊ ကြမ်းခင်းပေါက်လည်း ဖာချင်၊ အိမ်သာတွင်းလည်း တူးချင်၊ ရေတွင်းပျက်လည်း ဆယ်ချင်၊ ဖိနပ်သစ်လည်း လိုချင်”

“တော်ပါတော့ ဟယ်”

နှင်းဆီမွှေးက မျက်လုံးလေး စင်းမှေးကာ ဆက်လက်ပြီး စိတ်ကူး ယဉ်သည်။

" နောက်ပြီးတော့ ဒီလိုအကျီဘောင်းဘီကြီးတွေကို အကုန်လုံး လွှင့်ပြစ်လိုက်ပြီးမှ စကပ်လှလှ၊ အကျီလှလှ၊ ဝမ်းဆက်ကလေးတွေဝတ်၊ သနပ်ခါး မွှေးမွှေး ကြိုင်ကြိုင်လေး လိမ်း အဲဒီလို အဲဒီလို ...”

“ဝက်နံရိုးငါးဆယ်သားကုန်ပါပြီဟယ်၊ ရေအတော်များများ ထည့်ခဲ့တာပဲဟာ ဘယ်အချိန်က ခန်းပြီး တူးခြစ်သွားလဲ မသိတော့ပါဘူး။ ငါဆိုတဲ့ ငါကလည်း ရှေ့ရောက်ရင်နောက်မေ့ပဲ”

အန်တီညိုက စိတ်ပျက်လက်ပျက်နှင့် ထိုင်ငိုချင်နေပုံရ သည်။ စုနွယ်ကမ်းပေးသောစာရွက်များကိုပင် ခါတိုင်းလိုလှမ်းမယူတော့ဘဲ “နင့်ဟာနင် တွက်ပြီး တောင်းလိုက်စမ်းပါဟယ်” ဟုပြောသည်။
အန်တီညိုအပြင်ခန်းရောက်လာတော့ နှင်းဆီမွှေး၏ ပါးစပ် ပိတ် သွားသည်။ စာရွက်များကို ရေတွက်ပြီး စုနွယ်တောင်းသောပိုက်ဆံကို ငြိမ်ငြိမ် သက်သက် ထုတ်ပေးသည်။

“စုနွယ်ရယ် ဟိုဘက်လမ်းလေးကူးပြီး ဘဲဥငါးလုံးလောက် ဝယ် ပေးပါလားဟယ်။ ဖိုးခွားတို့ပြန်လာရင် ပဟပ်ထိုးလာကြတာ။ ဘဲဥအချဉ် ဟင်းလေး ချက်ထားဦးမှ၊ ရုံးပတီသီး လေးငါးခြောက်တောင့်နဲ့ ငြုတ်သီးစိမ်း၊ မဆလာပါ ဝယ်ခဲ့နော်”

အန်တီညိုက ညီးညီးပြောပြောနှင့် စုနွယ်ကို ငါးရာတန်တစ်ရွက် ပေးပြီး ဈေးလွှတ်သည်။ ဒီတော့လည်း စုနွယ်နှင့်နှင်းဆီမွှေး စကားတွေ ဆက်ပြောဖြစ်ကြသည်။

“အစ်မရော လိုက်မလားဟင်” 

“ဘယ်ကိုလဲ”

 “ကျွန်မနဲ့အတူတူ ထမင်း သွားရောင်းကြရအောင်လေ”

 “ဝေးလွန်းတယ် ဟ”

“အစ်မကလဲ၊ မြန်မာပြည်နဲ့ ရေရော မြေရော ဆက်နေတာ။ ဘာလို့လဲ၊ ကျွန်မတော့ သုံးလေးနှစ်လောက် ကြိုးကြိုးစားစား လုပ်ပြီး အရင်း အနှီးလေး စုမယ်။ အရင်းအနှီးရရင် ထမင်းဆိုင်လေး ဖွင့်ချင်တယ် အစ်မရဲ့။ ကားဂိတ်နားမှာ ဆိုရင် ရောင်းလို့တောင် မလောက်ဘူး။ ကျွန်မ လည်း အကုန်ချက်တတ်တယ်။ ဘယ်လောက်ပင်ပန်းပင်ပန်း၊ ပင်ပန်းစမ်း ပါစေ။ ကျွန်မ လုံးဝမကြောက်ဘူး။ ကိုယ်ပိုင်ဆိုင်လေးဆိုရင် လုပ်လို့ရသမျှ ကိုယ့်ဖို့ချည်းပဲ”

လမ်းကို အတူဖြတ်ကူးလာစဉ် နှင်းဆီမွှေးက သူ၏ဝါသနာ အတိုင်း ကရားရေလွှတ် ပြောပြန်သည်။ သူက ထမင်းဆိုင် သန့်သန့်ပြန့်ပြန့် လေးကို အိပ်မက် စိတ်ကူးထဲတွင် မြင်ယောင်နေဟန်ရှိလေသည်။ စုနွယ် လည်း မိတ္တူကူးစက်ကလေးတစ်လုံးလောက်ကို တွေးထင်မြင်ယောင်နေ မိသည်မှာ ကြာလှပြီ ဖြစ်လေသည်။ အဟောင်းကလေး တပတ်ရစ်ကလေး ပင် ဖြစ်စေဦးတော့ အလုပ်ကတော့ ဖြစ်သည်ပင်။ အိမ်ရှေ့တွင် ချထားလျှင် အန်တီညိုလိုပင် ချက်ရင်း ပြုတ်ရင်း လျှော်ရင်းဖွတ်ရင်းနှင့် မီးဖိုချောင် စရိတ် ကလေး ကာမိနိုင်သည်။
သူ မိတ္တူကူးစက်ကို စွဲလန်းလိုက်ပုံက စိတ်ပျက်စရာပင် ကောင်း လှသည်။ တစ်ခါတုန်းက အိပ်မက်ထဲတွင် ဝတ်ဖြူစင်ကြယ်နှင့် ဘိုးတော် တစ်ပါးကို တွေ့သည်။ ဘိုးတော်က သူ့ကို “ဘာလိုချင်လဲ” ဟု မေးတော့ “တပတ်ရစ် မိတ္တူကူးစက်ကလေး တစ်လုံးလောက် လိုချင်ပါတယ် အဘိုး” 'ဟု ပြန်ဖြေမိသည်။ အိပ်ရာက နိုးလာတော့ သိန်းသုံးရာမင်္ဂလာစုံတွဲဆုကို မတောင်းမိဘဲ မိတ္တူကူးစက်ကိုပင် တပတ်ရစ်ကလေးမှ တောင်းမိသော ကိုယ့်ကိုယ်ကို စိတ်ဆိုး စိတ်ပျက်မိသည်။ တကယ်မရသောဆုကိုပင် နှမြော ခြင်း ကြီးစွာနှင့် နှမြောနေမိသေးလေသည်။

“ဟိုမှာလုပ်လို့ ပိုက်ဆံပြေလည်ရင် အိမ်ကို သုံးလေးလ တစ်ခါ လောက် ပြန်လို့ရတာပဲ။ လက်ဆောင်တွေ တပွေ့တပိုက်ဝယ်ပြီးတော့လေ”

“အေးဟယ်..အဲဒီလိုသာ တကယ်ဆိုရင် ပျော်စရာကြီး” 

ဟုတ်သည်၊ လက်ဆောင်တွေပိုက်ပြီး အိမ်ပြန်လာကာ လိုသမျှ ငွေကို ဖြည့်ဆည်းပေးနိုင်သောဘဝ။ ထိုဘဝသည် မည်မျှချိုမြိန်ပြီး ကြည်နူး ဖွယ် ကောင်းလိုက်မည်နည်း။ တွေးကြည့်ရုံနှင့်ပင် ပျော်လာသည်။

"နော် သွားကြရအောင်နော်....အစ်မ”

 “အဝေးကြီးကြီးသွားရမှာ ငါကြောက်တယ်ဟဲ့”

“အဟီး ကျွန်မလည်း နည်းနည်း ကြောက်တာပဲ၊ ဒါကြောင့် နှစ်ယောက် အတူသွားရအောင်လို့”

"ကြည့်သေးတာပေါ့ဟယ်”

စုနွယ်က တွေတွေဝေဝေ ဖြစ်နေသည်။ သူ့အသက်က နှစ်ဆယ် ကျော်ပြီ ဖြစ်သည်။ ဆယ်တန်းတော့ မအောင်သေး။ ဒီနှစ်ဆိုလျှင် လေးခါ ရှိပြီ ဖြစ်သည်။ မောင်လေးနှင့်ပင် အတန်းတူနေပြီ။ ဒီနှစ်ကုန်လျှင် မောင်လေး ထက်ပင် အတန်း ငယ်သွားတော့မည် ထင်သည်။ မောင်လေးက တော် သည်။စာလည်း ကြိုးစားသည်။ မောင်လေးကိုတော့ ပညာအပြည့်အ၀ ပေးချင်သည်။

ထိပ်ရောက်တော့ သူတို့လမ်းခွဲလိုက်ကြသည်။ နှင်းဆီမွှေးက တော့ ဂလောက်ဂလပ်နှင့်အသံမြည်နေသော ခုံဖိနပ်ကြီးကိုစီးရင်း ဆက် ထွက်သွားသည်။ သွားခါနီးမှာ “သွားကြရအောင်ပါ အစ်မရာ”ဟု ထပ်ပြော သွားသေးသည်။

စုနွယ်သည် ဈေးထဲသို့ ခပ်စိုက်စိုက်ဝင်လာရင်း အမေ့ကို မြင် ယောင်နေသည်။ အမေ့မျက်စိတိမ်ကို ခွဲရခါနီးပြီ ဖြစ်သည်။ ဒါက မိတ္တူ ကူးစက်ထက် ပိုပြီးအရေးကြီးသည်။ အမေကတော့ “ဒီလောက်အဝေးကြီး မသွားပါနဲ့လား သမီးရယ်” ဟု ပြောမည်ဖြစ်သည်။ “အမေစိတ်မချပါဘူး” ဟု တားမည်လည်း ဖြစ်သည်။ ဒီတော့လည်း သူက နှင်းဆီမွှေး၏အစ်မ ပြောသလို “ဒီလောက်တောင် လမ်းကြီးတွေ ဖြောင့်နေဖြူးနေတာ၊ ရေရော မြေရော ဆက်နေတာပါ အမေရဲ့။ တစ်တိုင်းတည်း တစ်ပြည်တည်းဟာကို ဘယ်နေရာမှ မဝေးပါဘူး”ဟု ပြန်ပြောရလိမ့်မည်ထင်သည်။

“ဘဲဥဘယ်လောက်လဲ ဟင်”

 “ခုနစ်ဆယ်”

“ဟင်...တစ်လုံးကို ခုနစ်ဆယ်တောင်ဖြစ်သွားပြီလား အဒေါ်ကြီး ရယ်၊ ဈေးတက်လိုက်တာနော်”

“အေး..ငါယူရတဲ့ခြံကိုက ဈေးတက်ရောင်းနေတာ၊ ငါတက်တာ မဟုတ်ပါဘူး ငါ့တူမရယ်၊ ပိုလည်း မမြတ်ပါဘူး”

စုနွယ်က ဘဲဥရွေးရင်း သူ၏တစ်လတာလုပ်အားခနှင့် ဘဲဥ ဘယ်နှစ်လုံးဝယ်၍ ရနိုင်မည်နည်းဟု စိတ်တွက်နှင့် တွက်ချက်နေမိလေ သည်။

                             * * * * *

'ငါးဆယ်သားစီ သုံးဦးလောက် ဆွဲသွားကြပြီဆိုတော့ ဈေးခုံပေါ်တွင် လှုပ်လှုပ်ရွရွ ဖြစ်နေသော ငါးလည်း အတော်အတန် နည်းသွားသည်၊

" အေးမွန်"

အဒေါ်ဝတုတ်၏ အသံက အချက်ပေးသောအသံ ဖြစ်သည်။ ချက်ဆိုလျှင် နားခွက်က မီးတောက်ပြီးဖြစ်သော အေးမွန်ကလည်း “ဟုတ်ကဲ့ "ဟု ပြောလိုက်သောအသံကမှ နောက်ကျသေးသည်။ လူကတော့ | ဆိုင်နောက်ဖက်တွင် ချထားသော စည်ပိုင်းပြတ်ဆီသို့ ရောက်သွားပြီ ဖြစ် သည်။ .
စည်ပိုင်းပြတ်ထဲတွင် တိုးဝှေ့နေသော ငါးခူများက မည်းမည်း လှုပ်နေသည်။ အေးမွန်က လုံချည်တိုတို ပြင်ဝတ်ကာ စည်ပိုင်းဘေးတွင် မှောက်ထားသော ဆန်ခါခုံးကို လှမ်းပြီး ဆွဲယူလိုက်သည်။

“ကဲ...မကောင်းသူထိပ် ကောင်းသူထိပ် ဟေ့”

ဘာရယ်တော့မဟုတ်၊ ငါးတွေကို သတ်ရတိုင်း အေးမွန်က ထိုသို့ ရေရွတ်လေ့ရှိသည်။ အားလုံးသေကြရမှာဆိုပေမယ့်လည်း ဆန်ခါထဲ အရင် ပါလာသော အကောင်က အရင်သေရမည်ကတော့ ကျိန်းသေသည် မဟုတ်ပါလား။

“အရိုးပါဆူတဲ့ ပဲခူးငါးခူကြီးတွေလေ။ အချဉ်ဆီပြန်ချက်မလား၊ ကြော်နှပ်ကလေးစားမလား။ စင်းကောကလေးလုပ်မလား။ နှစ်ထောင့် ရှစ် ရာတည်း။ ပုစွန်တွေ ဈေးပေါလို့ ဒီနေ့တစ်ရက်တည်း ဈေးချပေးတာနော်။ နှစ်ထောင့်ရှစ်ရာတည်း၊ ဝယ်ပြီး သိမ်းထား တန်တယ်”

အဒေါ်ဝတုတ်က တဗြဲဗြဲအော်ရင်း ချောင်းဆိုးနေသည်။ သူ့အသံ ကြီးကလည်း မောင်းကွဲကြီးလို အက်သံပါနေသည်။

သူတို့တွေသေရတော့မည်ကို သိများသိလေသလားမသိ။ ဆန်ခါ ထဲမှ ငါးခူများသည် ကြောက်အားလန့်အားနှင့်တဖျတ်ဖျတ်ခုန်နေကြသည်။ အေးမွန်က သစ်သားတုတ်ကိုလှမ်းဆွဲကာ ဦးခေါင်းများကိုချိန်ရွယ်ပြီး တခွပ်ခွပ် ရိုက်လိုက်သည်။ စုပြုံလုံးထွေးနေတော့ အချို့အကောင်များက ချက်ကောင်း မထိ။ ဒါလည်း တနည်းကောင်းသည်။ အားလုံး စင်းစင်းသေနေ လျှင် ဝယ်သူက ကြိုက်သည် မဟုတ်။ သူများသတ်နေလျှင်သာ ဟင်ကနဲ ဟယ်ကန် မျက်နှာလွှဲချင်သော်လည်း သူတို့ဝယ်တော့ သတ်ပြီးခါစ အကြော ဆွဲနေသောအကောင်ကိုမှ လက်ညှိုးထိုးတတ်ကြလေသည်။

ဈေးခုန်ပေါ်သို့ ဆန်ခါကို သွန်ချလိုက်တော့ သွေးရဲရဲသံရဲရဲ ငါးခူ မည်းမည်းများက ကျွမ်းထိုးမှောက်ခုန်ကျသွားသည်။ လုံးဝမထိသေးသော အကောင်များကိုတော့ လက်ဆကောင်းကောင်းနှင့် တစ်ကောင်ချင်း လှမ်း ရိုက်လိုက်ရသည်။ ခွပ်ကနဲ ခွပ်ကနဲကြားနေရသော ဦးခေါင်းကွဲကြေသံ သည် အေးမွန် လူမှန်းသိကာစကတည်းက ထာဝစဉ်ကြားနေခဲ့ရသော အသံ ဖြစ်လေသည်။

အေးမွန်သည် ငယ်ငယ်ကတည်းက ငါးစိမ်းတန်းတွင် ပျော်ခဲ့ရသူ ဖြစ်သည်။ သူ၏အဖေနှင့်အမေသည် ဘယ်တုန်းက ဘာရောဂါနှင့်ဘယ်လို ဆုံးပါးသွားကြသည်ကိုပင် သူမသိ။ သူငယ်စဉ်ကတည်းက အဒေါ်နှင့် နေခဲ့ရသည်ကိုသာ မှတ်မိသည်။ အဒေါ်ဟု ဆိုသော်လည်း ဦးလေးနှင့်မှ စပ်ပြီးတော်ရသော အဒေါ်ဖြစ်သည်။ အဒေါ်က နှုတ်လျှာကြမ်းပြီး အဆဲ သန်သော်လည်း စိတ်သဘောထားမဆိုးလှ။ အေးမွန်အပေါ်တွင်လည်း တွန့်တွန့်တိုတိုမရှိပေ။
ဦးလေးက သူဌေးအိမ်တွင်ကားမောင်းပြီး အဒေါ်ကတော့ ဈေးထဲ တွင် ငါးရောင်းသည်။ ဒီတော့လည်း သူက အဒေါ်နောက်မှ တကောက်ကောက် လိုက်ရသည်။ အဒေါ်က ငါးရောင်းလျှင် သူက ငါးရိုက်၊ အဒေါ်က တောင်း ကြီး ရွက်လျှင် သူက တောင်းအသေးလေးရွက်ကာ အဒေါ်၏လက်စွဲကျော် ဖြစ်ခဲ့ရသည်။ အဒေါ်က ကလေးတွေ မွေးလာတော့လည်း သူ၏မောင်ဝမ်းကွဲလေးများကို ခါးတစ်ခွင် ထိန်းကျောင်းရင်း ငါးတန်းထဲတွင်ပင် တဝဲဝဲ လည်နေရသူဖြစ်သည်။ ငါးညှီတောတွင် ကြီးပြင်းရသူမို့ ငါးညှီနံ့မရလျှင်ပင် ထမင်းမမြိန်ချင်တော့ပေ။

ဦးလေးက သူ၏သားအရင်းနှစ်ယောက်ကို ကျောင်း စပြီးထား တော့ အေးမွန်ကို အားနာသနားဟန်ရှိသည်။ “ငါ့တူမကိုလည်း ဦးလေး စာတတ်အောင် သင်ပေးပါဦးမယ်ကွာ” ဟုပြောရှာသည်။ သူချီပိုးပြီး ထိန်းကျောင်းလာရသော မောင်လေးနှစ်ယောက်က ကျောင်းနေပြီး စာဖတ်တတ် လာတော့ အေးမွန်လည်း စာတတ်ချင်သည်မှာ တပိုင်းသေနေသည်။ သင် ပေးမည်ဟုလည်းပြောသည်။ သို့သော် သင်ပေးသည့်စခန်းကိုတော့ ရောက် မလာခဲ့သည်မှာ ဦးနှောက် သွေးကြောပြတ်ကာ ရုတ်တရက် ဆုံးပါးသွား သည်အထိပင်။

“နင့်ဦးလေး မရှိပေမယ့် အားမငယ်ပါနဲ့ဟယ် ငါတို့သားအမိ တစ်တွေ ဒီလိုပဲ လုပ်ကိုင်စားကြတာပေါ့”

အဒေါ်က အားပေးရှာသည်။ အေးမွန်ကလည်း ဆယ့်သုံးနှစ်ပြည့် ပြီးပြီမို့ လောက်လောက်လားလား အကူအညီရနေပြီဖြစ်သည်။ အဒေါ်နှင့် သူ ငါးအတူရောင်းကာ ထမင်းလေးနပ်မှန်နေပါလျက်နှင့် ငြိမ်ငြိမ်မနေနိုင် သည်ကတော့ အဒေါ်ဖြစ်သည်။ ဟုတ်သည်။ အေးမွန် ထိုသို့ပင် ပြောချင် သည်။ ဦးလေး ဆုံးပြီး သုံးနှစ်ပင် မပြည့်တတ်သေး။ အဒေါ် နောက် ယောက်ျား ယူသည်။

“သူက ဆိုက်ကားနင်းတယ်ဆိုပေမယ့် ကိုယ့်ဆိုက်ကား ကိုယ် နင်းတာ။ အုံနာကြေး ပေးစရာမလိုတော့ ကိုယ်လုပ်သမျှ ကိုယ့်ဖို့ပဲလေ။ အရင် အိမ်ထောင်နဲ့လည်း သားသမီးမကျန်တော့ လူလွတ်ပဲပေါ့။ နောက်ပြီးတော့ ပြောရှာပါတယ်။ နှင့်သားသမီးဟာ ငါ့သားသမီးပဲပေါ့တဲ့၊ ငါတို့မှာ
အထောက်အကူ အားကိုးရာမှမရှိတာ”

အဒေါ်ကသူ့ယောက်ျားကြီးကို ကြံဖန်ပြီး အမွှန်းတင်ရှာသည်။ အေးမွန်ကတော့ ငိုနေသောမောင်လေးနှစ်ယောက်ကိုဖက်ပြီး သူပါရောပြီး မျက်ရည်ကျရလေသည်။

မည်သို့ပင်ဆိုစေ အဒေါ်၏ ယောက်ျားအသစ်သည် သူတို့၏ အိမ်ဦးခန်းသို့ အမြိုက်သား ရောက်လာခဲ့လေသည်။ အစောပိုင်းကတော့ အဒေါ်ကို ငွေတွေဘာတွေအပ်ပြီး ဟုတ်မလိုလိုပင်၊ မောင်လေးနှစ်ယောက် ပင် အင်္ကျီအသစ် လွယ်အိတ်အသစ်ကလေးများရ၍ ပျော်ရွှင်တက်ကြွလာ ကြသည်။ ပြီးခဲ့သောနှစ်ကတော့ အဒေါ့်ခမျာ လေဖြတ်ပြီး ကိုယ်တစ်ခြမ်း သေသွားသည်။ ဖိဖိစီးစီးကုလျှင် ဒီထက်ကောင်းချင်လျှင် ကောင်းလာနိုင် မည် ဖြစ်သော်လည်း အေးမွန်တို့ မကုနိုင်ခဲ့ချေ။ စကားပြောနိုင်သော်လည်း ခြေတစ်ဖက် လက်တစ်ဖက် ကောင်းစွာ မလှုပ်နိုင်တော့ချေ။ ထိုအချိန်ကစ၍ အေးမွန်တို့လည်း ကံဆိုးမိုးမှောင်ကျခဲ့ရလေသည်။

“အေးမွန်”

တစ်ဖက်ဆိုင်မှ ဂျပန်မက ငါးဖယ်ခြစ် ခြစ်နေရင်းမှ လှမ်းခေါ် သည်။

“မနေ့တုန်းက နင်တို့အိမ်မှာ ဆူညံပွက်နေတာပဲ ရန်ဖြစ်ကြတာလား”

“ဟုတ်တယ်”

အေးမွန်က လက်ထဲမှ သစ်သားတုတ်ကို ဈေးခုံပေါ် အသာချ လိုက်သည်။ တုတ်၏ထိပ်ပိုင်းတွင် သွေးစ သွေးနတွေ ပေကျံနေသည်။ ဒီတုတ်နှင့် ဟိုလူကြီး၏ဦးခေါင်းကို လက်ဆကောင်းကောင်းနှင့် ရိုက်ခွဲလိုက် ရလျှင်ဟု တွေးပြီး သက်ပြင်းချမိသည်။

"ဘာဖြစ်လို့လဲ”

ဂျပန်မက မေးသည်။ အေးမွန်‌ဖြေသမျှကို အသေအချာမှတ်သား ကာ အပိုအမိုလေးတွေလည်း အနည်းငယ်ထပ်ဆောင်းပြီး တစ်လုံး တစ်ရပ်ကွက်လုံးသို့ ပြန့်အောင်ဖြန့်ဝေပေးမည်ဖြစ်သည်။ ဒါကတော့ သူ၏ ဝါသနာမို့ တား၍မရ၊ အေးမွန်ကလည်း မတားချင်ပါ။ ပြောချင်တာမှ အရမ်းကို ပြောချင်နေသူဖြစ်သည်။

“ထုံးစံအတိုင်းပဲပေါ့ ဂျပန်မရယ် ညကျရင်မူးတာပေါ့။ ပြီးတော့ လည်း ရမ်းတာပေါ့။ အခုတော့ ပါးစပ်တင်မကပဲ လက်ပါလာတယ်။ မနေ့တုန်းက ကျော်ကျော်ကို အရက်ဝယ်ခိုင်းတယ်။ နောက်ပြီး ကြာလို့ဆိုပြီး ဆူလိုက် ဆဲလိုက်တာ။ ကျွန်မကိုလည်း ဝက်အူချောင်းကြော်ခိုင်းတယ်။ မီးသွေးမီးဖို ပြန်မွှေးနေရတာ မဂျပန်မရဲ့၊ ဘယ်မှာချက်ချင်းရပါ့မလဲ။ အဲဒါကြာရကောင်းလားဆိုပြီး ဆဲပြန်ရော အစိမ်းယူခဲ့ဒီအတိုင်းစားမယ်၊ ဝက် အူချောင်းလည်း စားမယ်၊ လူသားလည်း စားမယ်တဲ့ ... အိပ်ယာထဲက အဒေါ်က သူ့နားကို ဖင်ဒရွတ်ဆွဲသွားပြီး အမဲခြောက်ကလေး သွားပေးတော့ လည်း တွန်းပစ်လိုက်တာ အဒေါ်ကို ပက်လက်လန်လဲရော...”

အဲတော့....နင်တို့ ဝိုင်းမချကြဘူးလား” 

ဂျပန်မက မြှောက်ပေးသည်။

" ချ ချင်တာပေါ့‌တော်”

အေးမွန်က နှုတ်ခမ်းကိုက်ထားသည်။ သူ့ကိုလည်း အရက်ခိုးဝေ သော မျက်လုံးကြီးများနှင့် သိမ်းကြုံးကြည့်တတ်သည်မှာ ကြာပြီ။ အဝင် အထွက် တည့်တည့်တိုးလျှင်လည်း ရှောင်၍ လွတ်ပါလျက်နှင့် မရှောင်ဘဲ အသားချင်း ပွတ်တိုက်လိုက် လက်မောင်းလှမ်းကိုင်လိုက်နှင့် မထိတထိ လည်း လုပ်တတ်သေးသည်။ ဒါတွေကို သူ ဘယ်သူ့အား ပြောပြရမည်
နည်း။ ။

ဂျပန်မက ငါးဖယ်ကောင်ဖြူဖြူကို အကောင်လိုက်ရေဆေးပြီး စဉ်းတီတုံးပေါ် တင်လိုက်သည်။ ငါးကို ဘယ်လက်နှင့်ဖိကာ ညာဖက်လက် နှင့် ကိုင်ထားသော ဓားဦးချွန်ပါးပါးလေးကို ဗိုက်သားထဲသို့ ရုပ်ကနဲ ထိုးသွင်း ကာ ဘေးတိုက်ခွဲချလိုက်သည်။

 တစ်နေ့တုန်းက သူ့ပါးကို မထိတထိ လှမ်းပုတ်ကာ “ကောင်မလေး၊ ငါက နင့်အသားစားချင်လို့ ဟိုမျောက်အိုမ ကြီးကို ယူထားတာနော်”ဟု ပြောလိုက်သည်ကို ပြန်တွေးမိတော့ အေးမွန်၏ ခေါင်းထဲတွင် ဆူဝေလာသည်။ ထိုဓားဦးချွန်ပြားပြားလေးနှင့် ဟိုလူကြီး၏ ဗိုက်ကို ဘေးတိုက်ရုပ်ထိုးပြီး ငါးဖယ်ခွဲသလိုခွဲချလိုက်ရလျှင်.. တွေးကြည့်ရုံ နှင့်ပင် အရသာရှိလှသည်။

“သူ့အမေ လဲသွားတော့ အကြီးကောင်ကျော်ကျော်က မခံနိုင်ဘူး။ ခင်ဗျားကြီး ကျွန်တော့်အမေကို မထိနဲ့ ဝင်အော်တယ်။ ဒီတော့ မင်းအမေကို လည်း ထိမယ်၊ မင်းကိုလည်း ရိုက်မယ်ဆိုပြီး နားရင်းအုပ်ထည့်လိုက်တာ ခွေကနဲပါပဲ မဂျပန်မရယ်” 

“ဪ... ဒါကြောင့်...ဒီလောက်ဆူညံနေတာကိုး” 

ဂျပန်မက ပြောစရာသတင်းအချက်အလက်များကို အပြည့်အစုံ မှတ်သားနေသည်။ သို့သော် မပြည့်စုံနိုင်ကြောင်း အေးမွန်သိသည်။ အဒေါ် ၏ ယောက်ျားကြီးက “မင်းအစ်မကိုလည်း ယူမယ်” ဟုဆက်၍ ပြောသေး သည်ကို ချန်ထားသောကြောင့်ဖြစ်သည်၊ ထိုမျှအထိ ပြောပြရမည်ကိုတော့ သူရှက်သည်။
“တင့်တောင့်တင့်တယ် ရည်းစားလေးတစ်ယောက်လောက်ရှိရင် လည်း ယူလိုက်ရရင် ကောင်းပါရဲ့”
အေးမွန်က တောင့်တောင့်တတတွေးမိသည်။ သူနှင့်နီးစပ်သည်များက ဈေးထဲတွင် ထမ်းပိုးနေကြသော ဈေးကူလီကလေးများသာ ဖြစ်သည်။ သူတို့ကို သွားယူလို့ကတော့ ဆင်းရဲတွင်းထဲမှ တိုးမထွက်နိုင်ဘဲ ၊ နစ်သည်ထက်သာ နစ်သွားမည်ကို အေးမွန် သိသည်။

“အေးမွန်”

အဒေါ်ဝတုတ်က ချိန်ခွင်ထဲမှ ငါးများကို ပလပ်စတစ်ဆန်ခါထဲ သွန်ထည့်လိုက်သည်။ သေသည့် ငါးက သေ၊ တွန့်သည့် ငါးက တွန့်၊ ခုန်သည့် ငါးက ခုန်နှင့် တလှုပ်လှုပ်ဖြစ်နေကြသည်။

“ခေါင်းခွံခွာပြီး ဗိုက်ဖောက်ပေးပါတဲ့” 

“ဟုတ်”

အေးမွန်က စဉ်းတီတုံးနှင့် ဓားကို လှမ်းဆွဲသည်။ ခုန်နေသည့် အကောင်ကို ဦးစွာကောက်ယူပြီး ဓားနှောင့်နှင့်ထုလိုက်သည်။

အခုတော့ သူ့ခမျာ ဈေးကျွန်ဖြစ်နေရပြီဖြစ်သည်။ ဟိုဆိုင်က အကူ လိုလျှင် လှမ်းခေါ်လိုက်၊ ဒီဆိုင်က အကူလိုလျှင်လည်း လှမ်းခေါ်လိုက်၊ နှစ်ရာမျိုး သုံးရာမျိုးပေးလိုက်ကြနှင့်ဆိုတော့ တစ်နေ့တစ်နေ့ ခြောက်ရာ ခုနစ်ရာလောက်တော့ ရတတ်သည်။ ဈေးကွဲခါနီးလျှင်တော့ ရတတ်သမျှ လေးတွေ ဝယ်၍ တက်သုတ်ရိုက်ပြန်ကာ အိမ်ကျမှ ချက်ရသည်။ သူတို့က ဖြစ်သလိုခြစ်ချက် စားလျှင် ရသော်လည်း အချို့ယောက်ျားကြောင့် ခက်လှ သည်။ သူက ဟင်းကောင်းမှ စားချင်သူ ဖြစ်သည်။ ပိုက်ဆံပေးသည်ဟု ဆိုသော်လည်း တကယ့် တကယ် သူပေးသောငွေသည် ဟင်းဖိုးပင် မလောက်ချင်။

“ဟဲ့..နင့်အဒေါ်ရော နေကောင်းရဲ့လား”

ဈေးဝယ်သူ အတန်ငယ်ပါးသွားတော့ အဒေါ်ဝတုတ်က အမှတ် တရ မေးသည်။ အဒေါ်နှင့် ဒေါ်ဝတုတ်က တည့်ကြသည် မဟုတ်။ အဒေါ်‌ ဈေးထွက်တုန်းက သူတို့နှစ်ဦးခဏခဏ ရန်ဖြစ်ကြသည်။ စောင်းကြ ချိတ် ကြ၊ ဆဲကြ၊ ဆိုကြသည်။ အခုတော့ အေးမွန်ကို ပင်တိုင်သုံးပြီး ငွေအများဆုံး ပေးနေသူမှာ ဒေါ်ဝတုတ်ဖြစ်နေသည်။

“ခြေတစ်ဖက် လက်တစ်ဖက်မှ မလှုပ်နိုင်တာ။ ဘယ်ကောင်းနိုင် . ပါ့မလဲ အဒေါ်ရယ်” 

“အဲဒီက ကျန်တဲ့ငါးခူနှစ်ကောင်ယူသွားလေ..နင့်အဒေါ်ကို ကြော် ပေးလိုက်...”

“အဒေါ်က စားမှာ မဟုတ်ဘူး။ သူ့ယောက်ျားကြီး မျိုဖို့ ဆို့ဖို့ ချန်ထားမှာ”

အေးမွန်က ခပ်ဆောင့်ဆောင့် ပြောသည်။ အဒေါ်သာ ထို ယောက်ျားကြီးကို မယူခဲ့လျှင်၊ ယူခဲ့မိလျှင်လည်း ယခုကွာပစ်လိုက်လျှင် မည်မျှကောင်းလေမည်နည်း။

“အဒေါ်...ငါးခူမရှိတော့ဘူးလား”

“အဲဒီ နှစ်ကောင်ပဲ ဒါတောင် ရောင်းပြီးသား နင်က ဘယ်လောက် များများလိုချင်လို့လဲ”

“တော်ပါပြီ၊ ငါးခူမရှိရင်လည်း ငါးကြင်းဝယ်ခဲ့တဲ့။ မရှိတော့ဘူး လို့ပဲ ပြောလိုက်မယ်၊ ဟိုဘက်ဆိုင်မှာ ငါးကြင်းရှိတယ်”

သင်္ကြန်ဘောင်းဘီကားကားနှင့်ကောင်မလေးက တစ်ဖက်ဆိုင်သို့ ကူးသွားပြီး ငါးကြင်းဝယ်နေသည်။

“ဝယ်သူလည်း ပါးနေပါပြီ။ နင်စောစောပြန်ချင်ရင်ပြန်လိုက်လေ ....နှင်..ဈေးပြန်မှချက်ရမှာမဟုတ်လား”

စိတ်လိုလက်ရနှင့် သဘောကောင်းနေသော ဒေါ်ဝတုတ်က ငါးခု နှစ်ကောင်အပြင် ငါးရာတန်တစ်ရွက်ပါ ထပ်ပေးသည့်အတွက် အေးမွန်
ပျော်သွားသည်။ ။ ဂျပန်မလည်း ငါးဖယ်တွေ ပေးလိုက်သည်။ ငါးဖယ်ရိုး နှင့် ငါးခူခေါင်းကို အချိုရည်ထွက်အောင်ပြုတ်ပြီး မုန့်ဟင်းခါးဟင်းရည်
လေး ချက်ပေးလျှင် ကျော်ကျော်တို့ညီအစ်ကိုသာမက အဒေါ်လည်း ကြိုက် ' သည်မို့ အေးမွန်က အိမ်ကို ခပ်သုတ်သုတ်ပြန်လာခဲ့သည်။

“ဘာ ဝယ်လာလဲ”

သင်္ကြန်ဘောင်းဘီနှင့်ကောင်မလေးက သူ့ကိုလှမ်းမေးသည်။ ဘယ်အိမ်မှာ နေမှန်းမသိသော်လည်း ဈေးထဲမှာ ခဏခဏတွေ့နေကျမို့ မျက်မှန်းတန်းမိပြီးဖြစ်လေသည်။

“မဝယ်ရပါဘူး၊ ဒီလိုပဲဝိုင်းပေးလိုက်ကြတာ၊ အဒေါ်အရင်က ဒီ ဈေးထဲမှာ အရင်ကတည်းက ငါးရောင်းတာလေ။ အခုမှနေမကောင်းလို့ မရောင်းနိုင်တော့တာ”

အေးမွန်က ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သည်။

“ငါ့အမေလည်း ဒီလိုပဲ၊ အသားတွေဝါပြီး ခဏခဏဖျားတယ်။ အဖေကတော့ တောင်ပေါ်မှာ ဝါးခုတ်တယ်”

“နင့်မှာ အဖေရောအမေရောရှိတယ်ပေါ့”

“အင်း

“ဟီ ကောင်းတာပေါ့ဟာ”

“ဒါပေမယ့် အတူမှ မနေရတာပဲ၊ ငါက ငယ်ငယ်ကတည်းက သူများ အိမ်တွေမှာ အလုပ်လုပ်ရတာ။ အခုလည်း အဝေးကြီးမှာ သွားပြီး အလုပ်လုပ်မလို့”

“ဘာ အလုပ်လဲ” 

“ဈေးတော့ရောင်းရမှာပဲအထည်လား ထမင်းလားတော့မသိဘူး” 

ဈေးထိပ်ရောက်တော့ အေးမွန်နှင့်ကောင်မလေး လမ်းခွဲလိုက်ကြသည်။

( ဒုတိယပိုင်းဆက်ရန် )

#Typing_crd_ZawOo

No comments:

Post a Comment