#ရှင်သန်မှုသံသရာ
#သန်းမြင့်အောင်
ဘုရားစင်ရှေ့မှာ ထိုင်၊ ပိတ်ဖြူစင်ကြယ် ဝတ်ပြီး ကြေးစည် တနောင်နောင် ထုနေတိုင်းလည်း အကုသိုလ် ကင်းတာ မဟုတ်ဘူး။ ပေးကမ်းခြင်းသည် အောင်နိုင်ရာ၏ ဆိုတာ နေရာတကာ အတွက်လား ...။ စိတ်ထားတတ်ရင် မြတ်တယ် ဆိုပေမယ့် ကိုယ်ကမြတ်ပြီး သူတို့က ရှုံးသွားတော့ရော ကောင်းနိုင်ပါဦးမလား ...။
* * * * *
အဲဒီ ကလေးတွေရဲ့ အနာဂတ်ကို တွေးလိုက်ရင် ကျွန်တော် တကယ် ရင်လေးတယ်။
မနေ့က မြို့ထဲ လမ်းဘေး ပလက်ဖောင်းမှာ လက်ဖက်ရည် ထိုင်သောက်နေတုန်း ဗြုန်းဆို ကျွန်တော့် ခွေးခြေပုကလေး ရှေ့မှာ ကလေးတစ်ယောက် ဆောင့်ကြောင့်ထိုင်ပြီး"ဘဘကြီးရယ် ကျွန်တော် ဗိုက်ဆာလွန်းလို့ ပိုက်ဆံလေး တစ်ကျပ်လောက် ပေးခဲ့ပါ" ဆိုပြီး ခြေဖမိုးကို နဖူးနဲ့ထိပြီး ကန်တော့နေတာ မပြီးတော့ဘူး။ အနေရ အထိုင်ရ ခက်လိုက်တာဗျာ။ တစ်နေ့တုန်းကလည်း အဲဒါမျိုး ခံရပြီးပြီ။ တာမွေဗလီ ကားဂိတ်က ဘတ်စ်ကား ပေါ်မှာ၊ ကားရှေ့ဆုံး ဒရိုင်ဘာနောက်က နေရာမှာ မတ်တပ်ရပ်နေတုန်း ခြေနင်းခုံနားက နေပြီး ခြေထောက်ကိုဖက်ဖက်ပြီး တကယ်မဟုတ်တဲ့ ငိုသံကြီးနဲ့ တစ်လုံးချင်း တစ်လုံးချင်း ရှိုက်ရှိုက်ပြီး ပိုက်ဆံတောင်းတဲ့ အဖြစ်၊ ခြေထောက်ကို ပြန်ရုတ်လို့လည်း မရ။ ခြေနဲ့ ကန်ထုတ် ပစ်ရမှာလည်း မကောင်း၊ အတော် အနေရကျပ်တဲ့ ကိစ္စ။
ပထမတော့ မရှိဘူးကွာလို့ ပြောလိုက်မလို့ပဲ။ နှုတ်က ထွက်တော့မယ့် ဆဲဆဲမှာ ခေါင်းငုံ့ကန်တော့ လိုက်ခိုက်မှာ သူ့နောက်စေ့ လုံးလုံးကလေးရယ်၊ အဲဒီနောက်စေ့ပေါ်က ယှဉ်နေတဲ့ ဗွေနှစ်လုံးရယ်ကို မြင်လိုက်ရတော့ လက်က အိတ်ကို အလိုလို နှိုက်မိသွားတယ်။ အိမ်က ကျွန်တော့်သား အငယ်ကောင်မှာလည်း အဲဒီလို နောက်စေ့ လုံးလုံးလေးနဲ့ ဗွေနှစ်လုံး ရှိနေတယ်။ ကျွန်တော့် လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်ပွတ်ပြီး ကစားနေကျ နေရာပေါ့။ ပြီးတော့ အရွယ်လေးကလည်း ကျွန်တော့်သားနဲ့ မတိမ်းမယိမ်း။ ကျွန်တော့်ဆီက ပိုက်ဆံ ရသွားပြီးတော့ ဒီ့ပြင်ဝိုင်းတွေ ကူးပြီး စောစောကလိုပဲ ကန်တော့ပြီး လိုက်တောင်းနေတာကို ကျွန်တော် လိုက်ကြည့်နေမိပြီး စိတ်ထဲ တစ်မျိုး ဖြစ်လာတာနဲ့ သုံးဆယ့်ငါးလမ်း ဘက်ကို ထထွက်ခဲ့တယ်။
သုံးဆယ့်ငါးလမ်းထဲ ရောက်တော့ ဆိုင်ခန်းတစ်ခု ရှေ့မှာ လူတွေအုံပြီး စီစီညံညံ အသံကြားလို့ ရပ်ကြည့်လိုက်တော့ အသက်နှစ်ဆယ် မပြည့်တတ်သေးတဲ့ ကလေးတစ်ယောက်ကို လူလေးငါးယောက် ဝိုင်းပြီး ထိုးကြိတ်နေတာ တွေ့ရတယ်။ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် လူအုပ်ကြားထဲ ဝင်ပြီး စနည်းနာ ကြည့်တော့ အလစ်သုတ်တာကိုး။ ခိုးထုပ်ခိုးထည်နဲ့ မိတာဆိုပဲ။ ဒီတော့ ဘယ်လွယ်လိမ့်မလဲ။ ဆော်ပြီပေါ့။ တစ်ယောက်တစ်ချက် စိမ်ပြေနပြေ မေးလိုက် ရိုက်လိုက်နဲ့ ကြာတော့ ကောင်လေးဟာ မျက်နှာကို လက်ဖဝါး နှစ်ဖက်နဲ့ အုပ်ပြီး ဘယ်ယိမ်း ညာယိမ်းနဲ့ အလူးအလဲ ရှောင်တိမ်းနေတာ မြင်တော့ ကျွန်တော် စိတ်မချမ်းသာတော့ဘူး။ ဒီပုံအတိုင်းဆို တစ်ယောက်ယောက်မှ ဝင်မကယ်ရင် ဒီကလေး အခြေအနေဟာ တွေးဝံ့စရာတောင် မရှိတော့ဘူး။
ကျွန်တော် ရှေ့ကို ခြေတစ်လှမ်း တိုးပြီး"ဟေ့ ... ဟေ့ ... တော်ကြတော့ ..."
ရုတ်တရက် ထွက်လာတဲ့ ကျွန်တော့် အသံကြောင့် လူတွေအားလုံးရဲ့ အာရုံဟာ ကျွန်တော့်ဆီ ရောက်လာတယ်။
"ခင်ဗျားတို့ ဒီလိုလုပ်ကြလို့ ဘယ်ဖြစ်မလဲ။ သူ တစ်ခုခု ဖြစ်သွားရင် ခင်ဗျားတို့ ပြဿနာ တက်မှာပေါ့။ သူ့မှာ အပြစ်ရှိရင် သက်ဆိုင်ရာ ပို့လိုက်ပေါ့ဗျာ။ ဒီလောက်ကြီးတော့ မလုပ်ကြပါနဲ့ ..."
လူတွေအားလုံး ငြိမ်သက်တွေဝေ သွားကြတယ်။ အဲဒီအခိုက်မှာ စောစောက အလစ်သမားလေးက သူ့မျက်နှာပေါ်က လက်ဖဝါးတွေကို ဖယ်ပြီး ဖူးယောင်စ ပြုနေတဲ့ မျက်ခုံးအောက်က မျက်လုံးတွေနဲ့ ကျွန်တော့် မျက်နှာကို စူးစူးဝါးဝါး ကြည့်ပြီး ရန်ဘက် တစ်ယောက်လို ဆက်ဆံလိုက်တဲ့ အပြုအမူဟာ ကျွန်တော့် ပါးစပ်ကို အဟောင်းသား ဖြစ်သွားစေတယ်။
"ခင်ဗျားနဲ့ ဘာဆိုင်လို့ ဝင်ပြောတာလဲဗျ။ ခင်ဗျား ပြောစရာ မလိုပါဘူး။ အစ်ကိုတို့ရာ ... ဒီလူကြီး ပြောသလို မလုပ်လိုက်ပါနဲ့နော်။ ဒီမှာတင် အစ်ကိုတို့ ကြိုက်သလို လုပ်ပါ။ သတ်ပစ်ချင်လည်း သတ်ပစ်ကြပါဗျ။ ကျွန်တော် ရှိခိုးပါတယ်။ ဘယ်မှ မပို့ပါနဲ့။ မရှိလွန်းလို့ ခိုးရတာပါ ..."
ပြောပြောဆိုဆို ထိုင်ကန်တော့ နေတော့ ဘေးက တစ်ယောက်က ကန်ထည့်လိုက် ပါလေရော။
"မရှိရင် ဗြောင်ဖွင့်တောင်းပါလားကွ။ ခိုးရသလား ..."
ကျွန်တော် စိတ်ပျက်ပျက်နဲ့ လှည့်ထွက်လာခဲ့တယ်။ မရှိလွန်းလို့ ခိုးရတာပါတဲ့။ တစ်ယောက်က မရှိရင် ဗြောင်ဖွင့်တောင်း ပါလားတဲ့။ ဗြောင်ဖွင့်တောင်းတော့ရော ပေးမှာမို့လား။ ဒီနေရာမှာပဲ ကြိုက်သလို လုပ်ပါ။ သတ်ပစ်ချင်လည်း သတ်ပစ်ကြပါတဲ့။ မသေရင်တော့ နောက်တစ်နေ့ ထွက်ခိုးဦးမယ်ပေါ့။ အမှန်မှာ ဒီလို မဖြစ်သင့်ဘူး။ အနေအထားအားလုံး လွဲချော်နေတယ်။
"ဒီမှာ ... ဒီမှာ ... ညီလေး ..."
ရွှေဂုန်ရုံ အောက်ကနေ ကုန်တိုက်ဘက်ကို ကူးဖို့ ပြင်နေတုန်း လူချင်းကပ်ပြီး ခေါ်လိုက်သံကြောင့် ကျွန်တော့်ခြေလှမ်း တုံ့ဆိုင်းသွားတယ်။
"သီတာဆိပ်ကို ဘယ်လောက် လျှောက်ရဦးမလဲ။ အဝေးကြီး ကျန်သေးလား ..."
အကွက် မပေါ်တဲ့ ပုဆိုးနဲ့ တိုက်ပုံ ခပ်ညစ်ညစ် ဝတ်ထားတဲ့ လူတစ်ယောက်။
"ဝေးတာပေါ့။ အရှေ့က ကားဂိတ်ကနေ ဆယ့်နှစ်ကားကို စီးသွားရင် တန်းရောက်တယ်။ လမ်းလျှောက် နေလို့ကတော့ တော်တော်နဲ့ ရောက်မှာ မဟုတ်ဘူး ..."
အဲဒီလူကို လမ်းညွှန် ကုန်တိုက်ဘက် ကူးပြီး ပလက်ဖောင်းပေါ်က ဆိုင်ကလေးရှေ့မှာ ဗလာစာအုပ် ဝယ်နေတုန်း စောစောကလူ အနားကပ်လာပြီး ကျွန်တော့်လက်မောင်းကို ဖျတ်ခနဲ ဆုပ်ကိုင်ကာ ... "ဒီမှာညီလေး ... အစ်ကို အဲဒီကိုသွားဖို့ ကားခ မရှိလို့ တစ်ကျပ်လောက် ကူညီခဲ့စမ်းပါ။ အစ်ကို သူတောင်းစား မဟုတ်ပါဘူး ညီလေးရာ ..."
ကျွန်တော် ရှောရှောရှူရှူပဲ ငွေတစ်ကျပ် ထုတ်ပေးလိုက်တယ်။
* * * * *
"ဟယ်တော့ ... အဖေလည်း ဗလာစာအုပ်တွေ ဝယ်ခဲ့တယ်။ သမီးတောင် ဝယ်ပြီးသွားပြီ အဖေရဲ့။ မနက်ဖြန်လပြည့်နေ့ အတွက် အမေ သစ်သီး ဝယ်ခိုင်းလို့ တစ်ခါတည်း ဝင်ဝယ်လာခဲ့တာ ..."
"ပိုတော့လည်း သိမ်းထားလိုက်ပေါ့ သမီးရာ။ နောင် သုံးရတာပေါ့ ..."
"အဖေ့ကို ပြောပြရဦးမယ်။ ပုစွန်တောင် ဈေးရှေ့ သစ်သီးတွေ ရောင်းတဲ့ ဆိုင်မှာပေါ့။ သမီး သရက်သီး ဝယ်နေတုန်းမှာ ဘကြီး တစ်ယောက်က ... သမီးလေးရယ် မနက်ဖြန် လပြည့်နေ့ သစ်သီးဆွမ်းလေး ကပ်ချင်လို့ ငွေမပြည့်လို့ နှစ်ကျပ်လောက် လှူပါဆိုပြီး အလှူခံတော့ သမီး လှူလိုက်တာပေါ့။ ဆုတွေပေးပြီး အဲဒီဘကြီး ထွက်သွားတော့မှ ဈေးသည်က ဘာလို့ ပေးလိုက်ရတာတုံး။ အဲဒါ အရက်သောက်ဖို့ တောင်းတာ။ ဟိုမှာ ကြည့်ပါလား ဆိုပြီး မေးငေါ့ပြတော့ ... ဟုတ်တာပေါ့ အဖေရာ၊ ဟိုဘက်ကားလမ်း ကူးပြီး သုတ်သုတ် သုတ်သုတ်နဲ့ အရက်ဆိုင်ထဲ ဝင်သွားတာ။ အံ့ပါရဲ့ အဖေရာ။ လ်ိမ်စရာ ရှားလို့၊ လူကဖြင့် ဆံပင်ဖြူနေပြီ ..."
"တော်ပါ သမီးရာ။ ပြောမနေပါနဲ့။ သူ့အကုသိုလ်နဲ့သူ သွားပါလိမ့်မယ်"
ပြောမယ့်သာ ပြောရတယ်။ ကျွန်တော်လည်း အပြန်ကားပေါ်မှာ တနုံ့နုံ့ ဖြစ်လာခဲ့တယ်။ မှတ်တိုင်မှာ ကားမထွက်ခင် လမ်းဘေး ပလက်ဖောင်း ပေါ်က မှတ်မိနေတဲ့ အသံတစ်သံကြောင့် ခေါင်းပြူကြည့်မိတော့ ကုန်တိုက်ပေါက်မှာ ကျွန်တော် တစ်ကျပ် ပေးခဲ့တဲ့လူ။ အမျိုးသမီးကြီး တစ်ယောက်ကို ... "အစ်မ သီတာဆိပ်ကို ရောက်ဖို့ အတော် ဝေးသေးလား ဟင်" တဲ့။
"စကားစပ်လို့ သတိရသေးတယ် အဖေရာ။ တစ်နေ့က ဒေါ်လေးနဲ့ သမီး ရုပ်ရှင် သွားကြည့် ကြပါရောလား။ ရုပ်ရှင်ရုံက ထွက်လာတော့ ဆူးလေလမ်းဘက်မှာ မိန်းမ တစ်ယောက်ရယ် ကျောင်းဝတ်စုံံဟောင်းလေး ဝတ်ထားတဲ့ ကလေး တစ်ယောက်ကို လက်ဆွဲလို့။ သမီးတို့ကို ဝမ်းသာအားရနဲ့ ... "ဟယ် ဘယ်က လာကြတာလဲ"လို့ ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။ ဒေါ်လေးက ကြောင်တောင်တောင်နဲ့ ဟိုဘက် လှည့်သွားတော့ သမီးက မမှတ်မိပေမယ့် အားနာပါးနာနဲ့ ရုပ်ရှင်လာကြည့် ကြတာလို့ ပြန်ပြော လိုက်ရတယ်။ သမီး စိတ်ထဲမှာ မမှတ်မိတဲ့ သိဟောင်း ကျွမ်းဟောင်း ထဲကပဲလို့ ထင်ပါတယ်။ သူက ယောင်နန ဖြစ်နေတဲ့သမီးကို ... အားလုံး နေကောင်းကြတယ် မဟုတ်လား။ အတော်ပဲ ညီမလေးရယ်။ ဒီမှာ နင့်တူလေးဖို့ ကျောင်းစာအုပ် လာဝယ်တာ၊ ငွေနည်းနည်း လိုနေတာနဲ့ အသိ ရှာနေတာ။ အစ်မကို နည်းနည်းလောက် ကူညီသွားစမ်းပါ ညီမရယ်တဲ့။ သမီးလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ဒေါ်လေးက ... ပိုက်ဆံအပို မပါဘူး။ ကဲ ... လာ ... လာ ... ဆိုပြီး သမီးလက်ကို ဆွဲထွက်ခဲ့တယ်။ ခပ်လှမ်းလှမ်း အရောက်မှာ အဲဒီမိန်းမက ဒီလိုပဲ အကြောင်ရိုက်ပြီး တောင်းနေကျ။ မကြုံဖူးရင် အားနာပါးနာနဲ့ ပေးမိတာချည်းပဲ၊ ငါတောင် ဟိုတစ်နေ့က ခံလိုက်ရပြီးပြီတဲ့။ ဒုက္ခပဲ အဖေရယ်။ လူတွေလည်း ဘာတွေ လျှောက်လုပ်နေကြမှန်း မသိဘူး။ သူတို့ပဲ မျက်နှာပြောင်တယ် ..."
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ညနေ အိမ်အရောက်မှာ သမီး ဆီးပြောလိုက်တဲ့ စကားတွေက တစ်နေကုန် အတွေ့အကြုံတွေကို ထပ်နှိုးဆွသလို ဖြစ်ပြီး ကျွန်တော့်စိတ်တွေ ထွေကုန်တယ်။
"ကြည့်စမ်း။ မေ့နေလိုက်တာ။ အဖေ့သူငယ်ချင်း ကဗျာဆရာ လင်မယားနဲ့ တွေ့တယ်။ ဟိုကဗျာဆရာနဲ့ ကဗျာဆရာမလေ ... နာမည်တောင် ပါးစပ်ဖျားလေးတင် ... ဟို ... စာအုပ်လည်း ချုပ်တာရော ..."
"ထားပါတော့။ သိပါပြီ။ ပြောမှာသာ ပြောစမ်းပါ ..."
"အဖေ မှာထားတဲ့ စာအုပ်တွေ ရပြီတဲ့။ မနက်ဖြန် လာယူပါတဲ့။ မှာလိုက်တယ် ..."
* * * * *
မနေ့က ကိစ္စတွေကို ဒီကနေ့ ဆက်ဆွေးနွေးဖို့ အကြောင်းက ဖန်လာပြန်တယ်။ အဲဒီ တောင်းရမ်းခြင်း ကိစ္စ အတွေ့အကြုံက ကဗျာဆရာနဲ့ ဆရာမကို မီးသတ်ရှေ့က လက်ဖက်သုပ် ဆိုင်မှာ ဧည့်ဝတ်ပြုရာက စတာပဲလို့ ပြောရတော့မှာပဲ။ ထွက်လာ ကြတုန်းကတော့ လက်ဖက်ရည်ဆိုင် ထိုင်ကြဖို့ ခေါင်းစဉ်နဲ့ပဲ။ နောက်မှ လက်ဖက်ရည် မကြိုက်တဲ့ ကဗျာဆရာမကို အကြောင်းပြုပြီး အသုပ်ဆိုင်ဘက် ခြေဦး လှည့်ခဲ့ကြတယ်။ ဒီမှာတင် ဇာတ်လမ်းက စတော့တာ ...။ လက်ဖက်သုပ်နဲ့ မြင်းခွာရွက်သုပ် ပန်းကန်တွေကို စားပွဲထိုးလေးက လာချပြီး လှည့်ထွက်သွားရုံ ရှိသေးတယ်။ ငါးနှစ် ခြောက်နှစ် အရွယ် ကလေးမလေး တစ်ယောက် ကျွတ်ကျွတ်အိတ် သေးသေးလေးကို လက်နှစ်ဖက်နဲ့ ထိုးခံရင်း ... အသုပ်လေး နည်းနည်းလောက်တဲ့။
သုံးယောက်စလုံး မကြားချင်ဟန် ဆောင်ပြီး ရေနွေး ငှဲ့သောက်သူ သောက် စကားပြောသူ ပြောနဲ့ မတုန်မလှုပ် နေကြတော့ ကလေးမလေးက ကဗျာဆရာမ အနား အတင်းကပ်ပြီး ... အန်တီ နည်းနည်း ပေးပါနော်၊ ဗိုက်ဆာလို့ပါ အန်တီရယ်လို့ ထပ်ခါထပ်ခါ ပြောပြီး ပေကပ်နေတော့ သူမ အနေရခက်လာပုံ ရတယ်။ ဘယ်သူမှ မစားရသေးတဲ့ အသုပ်ကိုလည်း မပေးချင်၊ မပေးမချင်း ပေကပ်နေတော့မယ့် ကလေးကိုလည်း ထွက်သွားစေချင်ပုံနဲ့ ခဏနေတော့ ပိုက်ဆံတစ်ကျပ် ထုတ်ပေးလိုက်တော့မှ ကလေးမလေး တစ်ဖက်ဝိုင်းကို ကူးသွားတော့တယ်။ အဲဒါကိုမြင်ပြီး ကျွန်တော် မနေ့က ဖြစ်ပျက် ကြားနာ ခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောဖြစ်သွားတာ။ အဲဒီမှာတင် ကိုယ့်ထက် ပိုအတွေ့အကြုံ ရှိတဲ့ ကဗျာဆရာက ..."မပေးနဲ့ဗျ။ အကျင့်ပါတယ်။ ကျုပ်ကတော့ အဲဒီကိစ္စကို လုံးဝ အားမပေးဘူး။ အထူးသဖြင့် ကလေးသူငယ်တွေကို ပိုအားမပေးဘူး။ မိဘတွေ အချောင်စိတ်ဓာတ် မွေးတိုင်း ဒီကလေးတွေကို အညွှန့်ချိုး နေကြတာ။ ကျွန်တော်တို့ လူမျိုးတွေကလည်း သိပ်ပြီး ကြင်နာသနား တတ်ကြတော့ အချောင်သမားတွေ သိပ်လုပ်စားလို့ ကောင်းတာပေါ့ဗျာ ..."
"ကျွန်တော်ကတော့ သားသမီးချင်း ကိုယ်ချင်းစာပြီး ရင်ထဲမှာ မကောင်းဘူး။ မနေ့ကဆို ဘယ်လိုမှ တင်းခံနေလို့ မရတော့ဘူး။ မြန်မြန် ထွက်သွားရင် ပြီးရောဆိုပြီး ထုတ်ပေးလိုက်မိတာ ..."
"သားသမီးချင်း ကိုယ်ချင်းစာလို့ကို ပိုပြီး မပေးချင်တာပေါ့ဗျ။ ဒီကလေးတွေမှာ လုပ်အားဆိုတာ နားလည်ခွင့် မရှိတော့ဘူး၊ လက်ဖြန့်ရင် ပိုက်ဆံရတာပဲ ဆိုတဲ့အသိ အရိုးစွဲသွားမယ်။ သူတို့ မွေးလာတဲ့ သားသမီးတွေ ကျရင်ရော ဒီလို ခိုင်းမစားဘူးလို့ ခင်ဗျား ပြောနိုင်မလား ..."
ပြောနေတုန်းမှာပဲ အသားမည်းမည်း၊ ချေးအထပ်ထပ်နဲ့ ကလေးတစ်ယောက် ကျွန်တော်တို့ ထိုင်နေတဲ့ ခွေးချေအပုလေး ဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး ခွက်စုတ် တစ်လုံးနဲ့ ခိုညည်းသလို ညည်းပြီး တောင်းနေလိုက်တာ တော်တော်နဲ့ မထွက်တော့ဘူး။ သူငယ်ချင်းက လက်ခါပြပြီး အကြာကြီး နေတော့မှ ထွက်သွားတယ်။ ပြီးတော့ ... နောက်တစ်ယောက် ... နောက်တစ်ယောက် ...။
"ဟေ့ကောင်တွေ သွားစမ်းကွာ ... သွားစမ်း။ ဒီတစ်ခါလာရင် ရိုက်လွှတ်မယ် ..." ဆိုတော့မှ အားလုံး ပေစောင်းပေစောင်းနဲ့ ထွက်သွားကြတယ်။ အဲဒီကမှ ရှင်မီးအင်္ကျီ လက်ကိုင်းပြတ်နဲ့ စပ်ထဘီ အစုတ်ကလေး ဝတ်ထားတဲ့ ချာတိတ်မက မကြားတကြား ပြောသွားတယ်။ မမိုက်ပါဘူးဟာတဲ့။
"ကဲ ... အဲဒါပဲကြည့်တော့။ ဒီကလေးတွေဆီမှာ အချောင်စိတ်ဓာတ်တွေ ဘယ်လောက် အရိုးစွဲနေသလဲ ဆိုတာ ..."
"ဟုတ်ပါရဲ့ဗျာ။ ခင်ဗျား ပြောသလို အတောင်းခံရတဲ့ လူတွေအားလုံး ဘယ်သူမှ အကျင့်လုပ်ပြီး မပေးကြရင် ကောင်းမယ်..."
"ဒါပေါ့ဗျာ။ ဒီလိုများ ညီကြရင် သူတို့ ကြာတော့ စိတ်ကုန်သွားကြပြီး ဘယ်သူမှ တောင်းစားရ ကောင်းမှန်း သိမှာ မဟုတ်တော့ဘူး ..."
"တောင်းစားလို့ မရလို့ ခိုးဝှက်ပြီး သူခိုးလေးတွေ ခါးပိုက်နှိုက် ကလေးတွေ ဖြစ်သွားတော့ရော ရှင် ဘာတတ်နိုင်မှာလဲ ..."
ကဗျာဆရာမက ဝင်ပြောလိုက်တော့ ...
"ဒါကတော့ကွာ ..."
"ဒါကတော့တွေ ဘာတွေ လုပ်မနေနဲ့။ ဒီကိစ္စက ရှင်လုပ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ ဒီတော့ ဘာမှ သိပ် ကြီးကြီးကျယ်ကျယ်တွေ စဉ်းစားမနေနဲ့။ ကိုယ်ပေးချင်ရင် ပေး၊ မပေးချင်ရင် နေ၊ ဒါပဲပေါ့ ..."
"အ ... အာ ... အား .... အ"
ရုတ်တရက် အနီးကပ်ပြီး မပီမသ ပလုံးပထွေး အသံကြောင့် ပြောလက်စ စကားတွေ ရပ်ပြီး မော့ကြည့်လိုက်တော့ ငါးသေတ္တာဘူးခွံ အစုတ်တစ်ခု ကိုင်ပြီး မားမားကြီးရပ်နေတဲ့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက် ခွက်ကိုထိုးခံရင်း လက်ဖက်သုပ် ပန်းကန်ကို မျက်လုံး ပြူးပြူးပြီး မေးငေါ့ပြနေပုံက ကြောက်စရာပင် ကောင်းနေသေးတော့သည်။ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးများက ထိုးထိုးထောင်ထောင်၊ နီကျင်ကျင် ဆံပင်ရှည်က ကုပ်ပေါ်မှာ အလိပ်လိပ်။ နှုတ်ခမ်းထူထူ၊ သွားကျဲကျဲ၊ စွပ်ကျယ် တိုနံ့နံ့၊ အောက်က ဗိုက်သားတွေကလည်း စူထွက်ပြီး တင်းပြောင်နေသည်။
"အား ... အ အ"
"ဟေ့ကောင် ... သွား .... သွား ...။ လုပ်မနေနဲ့။ မင်းအကြောင်း မသိဘူး မှတ်လို့လား"
ချာခနဲ လှည့်ထွက်သွားတဲ့ လူရဲ့ နောက်ကျောကို ကြည့်ပြီး ကျွန်တော့် သူငယ်ချင်းကို မေးလိုက်တယ်။
"နေပါဦး။ အဲဒီလူက တကယ် အနေတာ မဟုတ်ဘူးလား ..."
"ဘယ်က ဟုတ်ရမှာလဲကွ။ တလောက ငါတို့ အလုပ်တိုက်ရဲ့ နောက်ဖေး လမ်းကြားထဲ အပေါ့ဝင်သွားတုန်း ဂေါ်လီပစ်နေတဲ့ ကလေးတွေက တကယ့်အအကြီး မှတ်လို့ သူပြောသလို အအ အိအိနဲ့ လိုက်စလို့ ငါနဲ့ ကိုင်တုပ်လိုက်တာ ပီပီသသကြီးကွာ။ ပြီးတော့ နောက်ကနေ လိုက်ရိုက်လို့ ကလေးတွေ ထွက်ပြေး လိုက်ကြတာ ..."
"ဟုတ်လား ..."
"တကယ်လည်း ဒုက္ခိတ မဟုတ်ဘဲနဲ့ ဒုက္ခိတယောင် ဆောင်ပြီး တောင်းရမ်း နေကြတာလေကွာ။ အရင်တစ်ခါ သူ့မျက်စိ ခိုက်မိတုန်းက ငါတို့နှစ်ယောက် ဖဆပလ မျက်စိနားနှာခေါင်း ဆေးရုံမှာ သွားပြကြတုန်းကလည်း ဒီလိုပဲ။ မိန်းမတစ်ယောက် ဆေးရုံဝမှာ လက်ကို ပတ်တီးစည်းပြီး လည်ပင်းမှာ သိုင်းလို့။ မနက်ကမှ ဆေးရုံက ဆင်းတာပါ။ အိမ်ပြန်စရာ လမ်းစရိတ် မရှိလို့ ကူညီပါဆိုပြီး ရပ်တောင်းနေတာ တွေ့ခဲ့တယ်။ နောက်တစ်ပတ် ထပ်ချိန်းလို့ သွားပြတော့လည်း အဲဒီပုံစံနဲ့ အဲဒီအသုံးအနှုန်း အတိုင်းပဲ ရှိသေးတယ်။ မသိတဲ့ လူတွေကတော့ ပေးကြတာပေါ့ကွာ။ မျက်စိဆေးရုံနဲ့ လက်က ပတ်တီးက ဘာဆိုင်လို့လဲကွ။ အဲဒါနဲ့ မင်းတို့ မိသားစုတွေ လန့်လန့်နေတဲ့ စုန်းလိုလို ကဝေလိုလို မိန်းမအကြောင်း ပြောလိုက်စမ်းပါဦး "
ကဗျာဆရာက သူ့အမျိုးသမီးကို တစ်လှည့် စကားဦး ပြောင်းပေးတော့ ကျွန်တော်ကပါ ... "လုပ်စမ်းပါဦးဗျ။ ခင်ဗျားတို့က တယ်စုံပါလား" ဆိုတော့ ... ကဗျာဆရာမက ...
"အဲဒီမိန်းမက တကယ် ကြောက်စရာ ကောင်းတာ။ အရုပ်လည်း မဆိုးဘဲနဲ့၊ သူ့မျက်လုံးတွေနဲ့ ခပ်တင်းတင်း စေ့ထားတဲ့ နှုတ်ခမ်းတွေက လူကို ဖမ်းစားတာရှင့်။ လူပုံကတော့ ဖြူဖြူသေးသေးပဲ။ ဆံပင်တချို့က ပုခုံးပေါ်မှာ ကပိုကရို ကျလို့။ သူက ညရှစ်နာရီ ကိုးနာရီ ဝန်းကျင်လောက်မှ ရောက်ရောက် လာတတ်တယ်။ ကလေး တစ်ယောက်ကို ချီပြီး အိမ်ရှေ့မှာ ဘွားခနဲ ပေါ်လာပြီး ... ပိုက်ဆံတစ်ကျပ် ပေးစမ်းပါလို့ တစ်လုံးချင်း ပြောပြီး စူးစိုက် ကြည့်လိုက်တဲ့ နေရာမှာ သူ့ရုပ်နဲ့ သူ့မျက်လုံးတင် မကဘူး။ မာထန်ပြီး ထွက်လာတဲ့ သူ့အသံကပါ ကြောက်စရာ ကောင်းနေတယ်။ သွားပါဦးတော့ လို့များ ပြောလိုက်ရင် ချက်ချင်း ထွက်မသွားသေးဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အကြာကြီး စိုက်ကြည့်နေပြီးမှ ... သွားပါဦး ... ဟုတ်လား ... ဟင်း ...ဟင်း ... ရတယ် ... ရတယ်လို့ ပြောသွားပုံက ငါ့အကြောင်း သိသေးတာပေါ့လို့ ကြုံးဝါး သွားသလိုပဲ။ ကြက်သီးကို ဖိန်းခနဲ ထသွားတယ်"
"ဟာ ...ဗျာ ..."
"အဲဒါ ... စိတ်ဓာတ် စစ်ဆင်ရေးကွ"
"မွေးကင်းစ ကလေးလေးကို ရင်ခွင်ထဲမှာ ပိုက်ပြီး နနွင်းတွေ ဝါထိန်နေတဲ့ မီးနေသည် ပေါက်စတွေ ကြည့်ဦးမလား။ အမှန်တော့ ကလေးအမေဆီက နေ့တွက်နဲ့ ငှါးပြီး နနွင်းလိမ်းပြီး ... ကလေးအဖေ ထောင်ကျနေလို့ပါ။ ကလေး နေ့စေ့ လစေ့နဲ့ သေသွားလို့ပါ။ သွေးနုနုနဲ့ မလုပ်နိုင် မကိုင်နိုင်လို့ လှူပါတန်းပါနဲ့ စီးပွားရှာ နေကြသူတွေပေါ့။ တို့တစ်တွေမှာတော့ ကလေးတစ်ယောက် မွေးပြီဆို အလုပ်ပျက် အကိုင်ပျက်နဲ့ ပြုစုစောင့်ရှောက် လိုက်ရတာ။ သူတို့များကျတော့ ဟန်ကိုကျလို့။ အရင်းအနှီးများတောင် ရလိုက်သလိုပဲ။ ဖြစ်လေရာ ဘဝမှာ သူတို့ဗိုက်ထဲတော့ လူမဖြစ်ပါရစေနဲ့ကွာ ..."
"အဲဒီထက်ပိုပြီး ရင်နာစရာ ကောင်းတာက နှစ်နှစ်သုံးနှစ် အရွယ်ကလေးတွေကို ကိုယ်တုံးလုံးချွတ် ဘာမီတွန်တွေ တိုက်ပြီး နေပူကျဲကျဲထဲမှာ ရှေ့မှာ ခွက်တစ်လုံး ချပြီး သိပ်ထားကြတာ ရှိသေးတယ်။ လူတွေက သနားပြီး ပိုက်ဆံ ထည့်သွားကြ။ ညနေကျ သူတို့မိဘတွေက လာသိမ်းသွားနဲ့၊ ဒီကလေးတွေ ဘဝက တကယ် ရင်နာစရာ ကောင်းတယ်။ တကယ်တမ်း ကလေးတွေကို သနားရင် မထည့်သင့်ဘူးကွ။ ပိုက်ဆံရမှန်း သိနေရင် ဒီကလေးတွေဟာ ဒီဝဋ်ဒုက္ခက ဘယ်တော့မှ မကျွတ်တော့ဘူး။ ဘယ်သူကမှ တစ်ပြားမှ မထည့်ရင် ကြာရင် အလိုလို သူတို့အလုပ် ပြုတ်သွားကြလိမ့်မယ် ..."
စိတ်ပါလက်ပါနဲ့ ဒေါသတကြီး ပြောနေတဲ့ သူငယ်ချင်းကို ကြည့်ပြီး ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်နေတယ်။
"အမှန်တော့ အဲဒီမိဘတွေ စိတ်ဓာတ် အောက်တန်းကျတိုင်း သူတို့ရဲ့ အကျင့်တွေဟာ သူတို့ မျိုးဆက်တွေကို တဖြည်းဖြည်း ကူးစက် ကုန်ကြတာပဲ။ ကြာရင် အဲဒီ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်း ကျယ်ပြန့်လာမှာ စိုးရတယ်။ အဲဒီလူတွေရဲ့ လူမှုဘဝ အဆင့်အတန်းနဲ့ စိတ်ဓာတ် မြင့်မားရေးကို တစ်နည်းနည်းနဲ့တော့ ပြုပြင်ပြောင်းလဲ ပေးသင့်တယ်ဗျ"
"တော်ပါတော့ရှင်။ အဲဒီကိစ္စကို ကျွန်မတို့ သုံးယောက်စလုံး ဘယ်သူမှ လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ကိုယ်မပေးချင် မပေးပါနဲ့လို့ ရှင့်ကို ကျွန်မ ပြောပြီးပြီပဲ ..."
"ကိုယ်မပေးလည်း သူများတွေက ဆက်ပြီး ပေးနေတော့ ရှင်သန်နေတာ ပေါ့ကွ"
"ဒီတော့ ရှင်က ဘာလုပ်ချင်တုံး ..."
"ဘာလုပ်လို့ ရမှာလဲကွ"
"ဒါဆိုလဲ အချိန်ကုန်ခံပြီး ဘာလို့ ပြောနေသေးလဲ။ ကဲ ... သွားကြစို့"
ရင်ထဲမှာ မရှင်းမရှင်းနဲ့ပဲ လူချင်းခွဲ ခဲ့ကြတယ်။ ဆူးလေကားဂိတ် မှတ်တိုင်မှာ ကားစောင့်ရင်း စီးကရက်နဲ့ သကြားလုံးတွေကို ဗန်းကလေးနဲ့ လွယ်ပြီး ရောင်းနေတဲ့ ကလေးငယ် တစ်ယောက်ကို တွေ့တော့ မလိုအပ်သေးဘဲနဲ့ အတော်များများလေး အားပေးလိုက်မိတယ်။ ဆူးလေကနေ စီးလာတဲ့ ၃၈ အမြန်ကားလေးဟာ ပုစွန်တောင်စာတိုက် မှတ်တိုင်မှာ အတော်ကြာကြာ ရပ်ပြီး လူစောင့်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ကျောပြင်ကို တစ်စုံတစ်ယောက်က လက်သည်းနဲ့ လာကုတ်တယ်။ ကျွန်တော် လှည့်ကြည့်ပြီး လက်ခါပြ လိုက်တယ်။
အဲဒီမှတ်တိုင် ရောက်ရင် အမြဲတမ်း မြင်နေကျ သွားခေါခေါနဲ့ ပိန်ခြောက်ခြောက် လူတစ်ယောက်။ ဦးနှောက် ပုံမမှန်ဘူး။ သူ့ရဲ့ စပ်ဖြဲဖြဲ မျက်နှာကြီးနဲ့ ဗိုက်ဆာလို့ ဗိုက်ဆာလို့လို့ အော်ပြောပြီး လူတွေကို လက်နဲ့ကုတ် ပိုက်ဆံ တောင်းနေကျ။ ကျွန်တော်က လက်ခါပြတော့ ကျွန်တော့်ဘေးက တစ်ယောက်ဆီ ရောက်သွားတယ်။ အဲဒီလူဆီကလည်း မရှိဘူးဆိုတဲ့ အသံ ထွက်လာတယ်။ အဲဒီနောက်မှာ ကျွန်တော် ထိုင်နေတဲ့ ညာဘက်အခြမ်းဆီ ကူးပြီး တစ်ယောက်ပြီး တစ်ယောက် ...။ အားလုံးဆီက မရှိဘူး ... မရှိဘူးဆိုတဲ့ အသံတွေ တန်းစီပြီး ထွက်လာတော့ ကျွန်တော် ဝမ်းသာသွားတယ်။ အမြဲတမ်းသာ ဒီလိုဆို ဒီကောင် ဘာခံနိုင်မှာလဲ။ ကျွန်တော် ကျေကျေနပ်နပ်နဲ့ မှတ်မှတ်ရရ အဲဒီကောင်ရဲ့ မျက်နှာကို လှမ်းအကဲခတ် လိုက်တယ်။ ဒီကောင် နည်းနည်းတော့ စိတ်ပျက် သွားမှာပဲပေါ့။
သူကလည်း ကားနောက်ပေါက် နားကနေပြီး ကျွန်တော်တို့ အားလုံးကို ရပ်ပြီး ငေးကြည့်နေတယ်။ ဒါပေမဲ့ ကျွန်တော် ထင်သလို စိတ်ပျက်လက်ပျက် ပုံစံနဲ့ မဟုတ်ဘူး။ နောက်ပြီး ပိုက်ဆံ မရလို့ ရန်စောင်နေတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ သူ့ကြည့်ပုံက ကျွန်တော်တို့ အားလုံးကို သနားကရုဏာ သက်နေတဲ့ ပုံမျိုး။ ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်တော်တို့ကို သနားနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ခေါင်းလေး တညိတ်ညိတ်နဲ့ ပါးစပ်ကလည်း ညည်းလိုက်သေးတယ်။
"ဪ ... မရှိကြပါလားနော်" တဲ့။
--------------
သန်းမြင့်အောင်
Credit to သောကြာကြိုက်သောစာစုများ
[ ရွှေမင်းသား ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂါအား ကျေးဇူးတင်ပါသည်။ ]

No comments:
Post a Comment