#ပန်းပွင့်ခရေ
( ဇာတ်သိမ်း )
#မစန္ဒာ
တိုက်ဆိုင်မှုများသည် ကံတရားကြောင့်ဟုပြောရလျှင် ဖြိုးဝေတို့မိသားစု၏ ကံဇာတာသည် ဟိုးအောက်ဆုံးမှပြန်တက်လာပြီဟု ပြောရလေမလားမသိနယ်စပ်မြို့သို့အလာ အငှားစူပါရုဖ်ကားလေးကို အတူတူ စီးမိသည့် ဇနီးမောင်နှံနှစ်ဦးနှင့် ဆုံတွေ့ရခြင်းသည် သူတို့ကံကောင်းဖို့ဖြစ်လာ သည်။
လမ်းတွင် အမေနှင့် စကားစပ်၍ ပြောကြဆိုကြရင်း နယ်စပ်တွင် အလုပ်လုပ်ရန်ထွက်သွားသည့်သမီး၏နောက်သို့လိုက်လာခြင်းဖြစ်သည်ဟု သိသွားသည်။
“သမီးဆီက ဘာသတင်းမှလည်း မရ၊ စာလည်း မလာဆိုတော့ ရင်ထဲမှာ မီးမြိုက်ထားသလို ပူတယ် ညီမရေ၊ ဒါကြောင့် ငါ့သမီးလေး တစ်ခုခုဖြစ်နေပြီလားဆိုပြီး ရှိသမျှလေးရောင်းချပြီးလိုက်လာခဲ့တာပါကွယ်”
“သူဒီကိုလာတော့ ဘယ်သူပါလာသေးလဲ”
“ဒီပြင်မိန်းကလေးတစ်ယောက်လည်း ပါတယ်လေ... နောက်ပြီး အဲဒီ မိန်းကလေးရဲ့ အစ်မကတော့ ဒီဒေသခံပေါ့၊ ထမင်းဆိုင်ဖွင့်တယ် ပြော တာပဲ။ သူက ထမင်းဆိုင်မှာ၊ ဒါမှမဟုတ် အထည်ဆိုင်မှာ ကူရမှာပဲတဲ့။ နေတာ စားတာအလွတ် တစ်လနှစ်သောင်းရမယ်ပြောတယ်။ သွားလုပ်ချင် တယ် ပြောတော့ ကျွန်မလည်း တားပါတယ်။ မျက်စိကွယ်ရာ နားကွယ်ရာ ကို မသွားပါနဲ့လို့၊ ဒါပေမယ့် ဇွတ်ထွက်သွားတာလေ...ဟိုရောက်လို့ အဆင် ပြေရင် ဆက်သွယ်ပါ့မယ်တဲ့...အခုသုံးလရှိပြီ၊ ဘာသတင်းမှမရဘူး”
အမေက ဇတ်စုံခင်းကာ ရင်ဖွင့်သည်။ ရာသီဥတုက မြေပြန့်နှင့် မတူ၊ တဖြည်းဖြည်းအေးလာသော်လည်း အမေရင်ထဲက အပူကမူ ပို၍ပို၍ ကြီးလာဟန်ရှိသည်။
“အဲဒီဒေသခံအမျိုးသမီးရဲ့ နာမည်ကိုသိလား”
အမျိုးသားကြီးက မေးသည်။ ဖြိုးဝေသည် သူတို့၏နမော်နမဲ့နိုင်မှု အတွက် ရှက်များပင် ရှက်မိသည်။ သူ မပြောနှင့် သူ၏အစ်မစုစုနွယ်ပင်လျှင် ထိုအမျိုးသမီး၏အမည်ကိုသိရဲ့လားမသိ။ နှင်းဆီမွှေးရဲ့ အစ်မကြီးဟူသော နာမ်စားကိုသာသုံး၍ ပြောခဲ့သည်ကို သူသတိရသည်။
“နာမည်တော့မသိဘူး၊ ဒါပေမယ့်တစ်ခါတော့မြင်ဖူးတယ် ခင်ဗျ"
တစ်ခါက ကျောင်းက ဆရာ ကူးခိုင်းလိုက်သောမှတ်စုစာရွက်များ ကို မိတ္တူကူးရန်လမ်းကြုံသဖြင့် အစ်မစုနွယ်ဆီသို့ဝင်ခဲ့ဖူးသည်။ ဧည့်သည် လာသဖြင့် လက်ဖက်ရည်ဆိုင် ခဏလိုက်သွားသည်ဟု အန်တီညိုက ဆီး ၍ ပြောသည်။ “ဘယ်ကမိန်းမလဲ မသိဘူး၊ ရုပ်ကတော့ အတောင်ပံနဲ့”ဟု မသိမသာမဲ့ရင်း ဆက်ပြောသေးသည်။ “အတောင်ပံနဲ့” ဟူသောစကား၏ ဆိုလိုရင်းမှာ ပျံနေတာပဲ ဟူ၍ ဖြစ်ကြောင်း ဖြိုးဝေ နားလည်လိုက်သည်။ မသိမသာမဲ့လိုက်သည့်အတွက်လည်း ထိုအမျိုးသမီးကို အန်တီညို နှစ်လို ခြင်း မရှိဟု ဆိုသည်ကိုပါ ဆက်၍သဘောပေါက်လိုက်ရသည်။
လက်ဖက် ရည်ဆိုင်သို့ ဖြိုးဝေလိုက်သွားတော့ အစ်မနှင့်အတူထိုင်နေသော ထိုအမျိုး သမီးကို မြင်ခဲ့ဖူးသည်။ အစ်မစုနွယ်က “ဒါ နှင်းဆီမွှေးရဲ့ အစ်မလေ”ဟုပြောခဲ့သည်။
“အသက်ကတော့ သုံးဆယ်နဲ့လေးဆယ်ကြားလောက် ရှိမယ် ထင်တာပဲ၊ ကျွန်တော် သိပ်မမှန်းတတ်ဘူး။ နည်းနည်းဝတယ်၊ ခေတ် ဆန်တယ်၊ ဖော်ရွေတယ်၊ ဆံပင်ကိုလည်း အညိုရောင် ဆိုးထားတယ်။ နောက်ပြီး ရွှေလက်ကောက်တွေ ဆင့်ပြီး ဝတ်ထားတယ်”
အမျိုးသမီးနှင့် အမျိုးသားတို့ တစ်ဦးကို တစ်ဦး ဆတ်ကနဲ လှမ်း ကြည့်လိုက်ကြသည်ကို ဖြိုးဝေသတိထားလိုက်မိသည်။ ဘာဖြစ်လို့ပါလိမ့်။
“ရွှေလက်ကောက်တွေ တော်တော်များတယ်လေ”
“ဟုတ်တယ် သူလက်လှုပ်လိုက်ရင် ချွင်ကနဲ ချွင်ကနဲ မြည်နေ တာ၊ နားထောင်လို့တော့ အကောင်းသား”
“သူ့ယောက်ျားရော ပါသေးလား”
“မတွေ့ဘူးခင်ဗျ။ ကျွန်တော်တွေတုန်းကတော့ သူတစ်ယောက် တည်းပဲ။ သူနဲ့အတူ အစ်မပြောတဲ့နှင်းဆီမွှေးဆိုတဲ့ကောင်မလေးတော့ ပါ တယ်”
အမျိုးသားကြီးက စိတ်ဝင်တစား မေးပြီး ခေါင်းတညိမ့်ညိမ့် လုပ် နေသည်။ အမျိုးသမီး၏မျက်လုံးတွင် စိုးရိမ်ရိပ်တွေ ပေါ်နေသော်လည်း ဘာမှတော့မပြောပေ။
“စိုးရိမ်စရာများရှိနေလို့လား ညီမရယ်”
အမေက မျက်စိပျက်ပျက် မျက်နှာပျက်ပျက် ဖြစ်လာသည်။ အဆုံး စွန်အထိ လျှောက်တွေးကာ ငိုချင်နေပြီဖြစ်သည်။
* * * * *
ကံကြမ္မာ၏တိုက်ဆိုင်မှုကို ဒုတိယအကြိမ်အံ့သြရပြန်သည်က လမ်းတွင် ခေတ္တရပ်နားကြတုန်း ဖြစ်သည်။ လက်ဖက်ရည်ဆိုင်တွင် သူတို့ တွေ လက်ဖက်ရည်ဆင်းသောက်တော့ ထိုရွှေလက်ကောက်တွေနှင့် အမျိုး သမီးကို တွေ့လိုက်ခြင်း ဖြစ်သည်။
စဦးစွာ တွေ့သူက ဖြိုးဝေမဟုတ်။ အမျိုးသားကြီး ဖြစ်သည်။ သူက ဖြိုးဝေ၏ပုခုံးကို မသိမသာလှမ်းပုတ်ကာ..
“ဒီမှာညီလေး ချက်ချင်း လှမ်းမကြည့်နဲ့နော်.......ခဏနေမှ မသိမသာ ကြည့်၊ ဟိုဘက်ဝိုင်းက အမျိုးသမီးက ငါ့ညီပြောတဲ့ အမျိုးသမီးလား”
ဟု ခပ်တိုးတိုးပြောသည်။ ဖြိုးဝေက လှမ်းကြည့်ပြီး ခေါင်းညိတ်ပြတော့“သွား နှုတ်ဆက်ပါလားကွာ၊ သူဘာပြန်ပြောလဲ သိရအောင်”ဟု လေးနက်သော အသံနှင့် ပြောသည်။
ဖြိုးဝေကလည်း အမူအယာ ကောင်းပါသည်။ အမှတ်တမဲ့ဟန် နှင့် သူတို့ဝိုင်းနားက ဖြတ်လျှောက်သည်။ အတန်ငယ် ကျော်သွားပြီးမှ ပြန်လှည့်ကြည့်ကာ “ဟာ....အစ်မကြီး” ဟု ဝမ်းသာအားရ နှုတ်ဆက်သည်။
“ဟာ..အစ်မကြီး၊ ကျွန်တော့ကိုမမှတ်မိဘူးလား။ အစ်မနဲ့အတူ လိုက်သွားတဲ့ စုစုနွယ်ရဲ့ မောင်လေး... ကျွန်တော်တို့ လပြည့်ဝန်း လက်ဖက် ရည်ဆိုင်မှာ ဆုံဖူးတယ်လေ ..ဟို..နှင်းဆီမွှေးဆိုတဲ့ ကောင်မလေးလည်း ပါတယ် ထင်တယ်..”
သူက အကဲခတ်နေသူဆိုတော့ အစ်မကြီး၏မျက်နှာ ကွက်ကနဲ ပျက်သွားသည်ကို ချက်ချင်းသိလိုက်သည်။
“အစ်မဆီက စာမလာ သတင်းမကြားလို့ စိတ်ပူပြီးလိုက်လာတာ အစ်မကြီးရဲ့ ပြောပါဦး၊ ကျွန်တော့အစ်မက အစ်မကြီးရဲ့ ထမင်းဆိုင်မှာပဲ လုပ်နေတာမဟုတ်လား၊ သူ ဘာလို့စာမရေးတာလဲ”
အစ်မကြီးနှင့် တစ်ဝိုင်းတည်းထိုင်နေသော မိန်းကလေးနှစ်ယောက် က “အစ်မကြီးရဲ့ ထမင်းဆိုင်မှာ ဘယ်နှစ်ယောက်တောင် ခေါ်ထားလဲ၊ ကျွန်မ တို့အတွက်ရော နေရာကျန်သေးရဲ့လားဟင်”ဟု အရိုးခံနှင့် ရယ်ရယ်မေ မော လှမ်းမေးကြသည်။ အစ်မကြီးကလည်း သရုပ်ဆောင် ကောင်းပါ သည်။ ခေတ္တခဏပျက်သွားသောမျက်နှာကို ချက်ချင်းပင် ပြန်ပြီးဖုံးကွယ် လိုက်သည်။ ပြုံးချိုဖော်ရွေသောမျက်နှာဖုံးကို ချက်ချင်းစွပ်လိုက်နိုင်သည်။
“ဪ...မှတ်မိပြီ၊ မှတ်မိပြီ။ မထင်တဲ့နေရာမှာတွေ့လို့ ရုတ်တရက် မမှတ်မိတာ၊ စိတ်မဆိုးနဲ့နော် မောင်လေး၊ စုစုနွယ်က ထမင်းဆိုင်မှာ မလုပ် ချင်ဘူးတဲ့၊ သူရော နှင်းဆီမွှေးရော ဟိုဘက်ကမ်းကို ကူးပြီး အလုပ်ရှာကြ တယ်လေ...”
အစ်မကြီး၏အသံက ချိုနွဲ့နေသည်။ သူကသာ စေတနာတွေ ထားနေရသော်လည်း စုစုနွယ်ကတော့ သူ၏စေတနာကို အသိအမှတ် မပြုပါဘူး ဆိုသောပုံစံနှင့် မျက်နှာကို အလှမပျက်ရုံလေး မသိမသာ မဲ့ထား သည်။
“ဒီကိုရောက်လာပြီးရင် ဒီလိုပဲ မောင်လေးရဲ့၊ ဟိုဘက်ကမ်းကိုပဲ သွားချင်ကြတော့တာက ထုံးစံလိုဖြစ်နေပြီ၊ ဟိုဘက်ကိုအထင်ကြီးကြတာ လေ”
“ဒီလိုဆို ကျွန်တော့်အစ်မ”
ဒီတစ်ခါ မျက်နှာပျက်ရသူက ဖြိုးဝေ ဖြစ်သည်။
“ပြီးခဲ့တဲ့လကတောင် တွေ့မိသေးတယ်။ အဲဒီက အလှပြင်ဆိုင် မှာ ဝင်လုပ်နေတယ် ပြောတာပဲ။ လခလည်း ကောင်းတယ်တဲ့။ မောင်လေး တို့ ရောက်ရင် တွေ့ပါလိမ့်မယ်။ စုနွယ်က ဆံပင်တွေဘာတွေကောက်ပြီး အရမ်းလှနေတာ”
“အစ်မလိပ်စာသိလား။ ကျွန်တော်ကိုလိုက်ပို့နိုင်မလား”
ဖြိုးဝေက အစ်မကြီး၏ မျက်နှာကို တည့်တည့်စိုက်ကြည့် မေးသည်။ မဟုတ်တာကတော့ မဟုတ်မှန်း သိသာနေပေပြီ။ သူ့အစ်မ သည် ဘယ်တော့မှ ဆံပင်ကောက်မည် မဟုတ်။ “ငါက ဆံပင် ဆိုရင် ဖြောင့်ဖြောင့်စင်းစင်းလေးပဲ ကြိုက်တာ၊ ငါ့မှာသာ ပိုက်ဆံပေါရင် ရှိရင်းစွဲ ဆံပင်ကို ဖြောင့်သည်ထက်ပဲ ဖြောင့်အောင်လုပ်မယ်၊ ဘယ်တော့မှ မကောက် ဘူး”ဟု ခဏခဏပြောခဲ့သူဖြစ်လေသည်။
“အဲဒါတော့ အတိအကျဘယ်သိပါ့မလဲကွယ်။ ကိုယ့်ဆီမှာ မလုပ် ချင်လို့ ထွက်သွားတဲ့သူကို ခဏတဖြုတ်လေးတွေ့တုန်း အသေးစိတ်တွေ
တော့ ဘယ်မေးမိပါ့မလဲ။ တချို့ကျတော့လည်း အိမ်ကို ငွေတွေ ဘာတွေ လှမ်းမပို့ချင်လို့ ခြေရာဖျောက်ကြတာတွေလည်း ရှိတယ်လေ”
ဖြိုးဝေ၏မျက်နှာတွင် မသင်္ကာသောအရိပ်အယောင်တွေ ယှက် သန်းလာတော့ အစ်မကြီး၏ ဖော်ရွေချိုသာမှုတွေမှာ ချက်ချင်းလျော့ကျ သွားသည်။
တစ်ဖက်ဝိုင်းမှ အမျိုးသားကြီးက ချောင်းဟန့်သည်၊ အစ်မကြီး က “ငါ့ကို ဘာမျှလာမစွပ်စွဲနဲ့၊ နင့်မှာ ဘာသက်သေရှိလို့လဲ” ဟူသော မျက်နှာထားမျိုး ဖြစ်လာသည့်အတွက် စိတ်လိုက်မာန်ပါ မပြောဆိုရန် မသိ မသာ မျက်ရိပ်ပြကာ တားဆီးသည်။
ဖြိုးဝေ၏နှလုံးသားကို ဒေါသနှင့်သောကတို့က တစ်လှည့်စီ ဖိညှစ် နေ၍ အသက်ရှူရပင် ကြပ်လာသည်။ သို့သော်လည်း အမျိုးသားကြီး၏ အလိုကို လိုက်လျောခဲ့ပါသည်။ တဟင်းဟင်းရယ်နေသောရယ်သံကို ဥပေက္ခာပြုကာ လှည့်ထွက်နိုင်ခဲ့သည်။ စိတ်ထဲမှာတော့ သေချာနေသည်။ ဒီမိန်းမကြီးသည် အစ်မစုနွယ်တို့အပေါ်ရော သူ့အပေါ်မှာရော ရိုးသားမှု မရှိခဲ့ဟု ဆိုသည်ကတော့ သေချာနေသည်။
“ကျွန်တော်ကတော့ ပြည်သူ့ရဲတပ်ဖွဲ့က ရဲအုပ်ကျော် ပိုင်ကျွန် တော့် ဇနီးကတော့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်ပါ”
ကားပေါ်ပြန်ရောက်သောအခါမှ အမျိုးသားကြီးက သူ့ကိုယ်သူ မိတ်ဆက်စကားပြောသည်။
“အဲဒီအမျိုးသမီးမှာ ဘာထမင်းဆိုင်မှမရှိပါဘူး၊ သူ့ယောက်ျား ကတော့ ဒီနယ်သားပဲ။ သူတို့လင်မယားရဲ့ အဓိက အလုပ်က လူမှောင်ခို ကုန်ကူးတာပဲဆိုတာ ကျွန်တော်တို့ သတင်းရထားပြီးပါပြီ..”
“အမလေး..အမေ့သမီး”
အမေက ဆို့တက်သွားသည်။ အမေသာမက နဂိုထဲက စိတ်ထဲ တွင် ထင်ပြီးသားဖြစ်နေသော ဖြိုးဝေပင် အသေအချာသိလိုက်ရတော့ ရင်ထဲ ဆို့ကြပ်သွားသည်မှာ ရုတ်တရက် အသက်ရှူ၍ပင်မရ။
“သူ့ကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အခုလည်း အောင်လံဘက်က မိန်းကလေး နှစ်ယောက်ကို ခေါ်လာတယ် ဆိုတာသတင်း ရပြီးသားပါ။ သူ့နောက်ကိုလိုက်လာရင်း ဒီက အစ်မတို့နဲ့ တွေ့ ဖြစ်တာပါ”
သူတို့နှင့်အတူ ကားတစ်စီးတည်း စီးမိသော ကြမ္မာကို ဖြိုးဝေ ကျေးဇူးတင်မိသည်။ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ပြတ်ပြတ် သားသား သိခွင့်ရခြင်း၊ ဘယ်ကနေ ဘယ်လိုစ၍ စုံစမ်းရမည် မသိဘဲ စမ်းတဝါးဝါး ဖြစ်မနေရခြင်းတို့အတွက်လည်း သူတို့ဇနီးမောင်နှံကို ကျေးဇူး အထပ်ထပ်တင်မိပြန်သည်။
“သူနဲ့ပါလာတဲ့ မိန်းကလေးနှစ်ယောက်ကိုလည်း သူ ဒီနေ့ညပဲ ဟိုဘက်ကမ်းပို့မှာ ကျိန်းသေတယ်။ ဒါကြောင့် ဟိုဘက်က ရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်းပြီး သူတို့လင်မယားကို လက်ပူးလက်ကြပ်ဖမ်းဖို့ အစီအစဉ်တွေ ဆွဲထားပြီးသားပါ”
အစ်မစုနွယ်တို့ မသွားခင်ကများ ဖမ်းမိမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲဟုစဉ်းစားရင်း ဖြိုးဝေ မျက်ရည်ကျမိသည်။ အခုတော့ အစ်မစုစုနွယ်ဘယ်ရောက်နေမည်နည်း။ ဘာဖြစ်နေမည်နည်း။ ဘာလုပ်နေ မည်နည်း။ ဖြိုးဝေ တွေး၍ပင် မကြည့်ရက်။
“အရေးကြီးတာက သူတို့လင်မယားကို မိဖို့ပါ၊ အဲဒီအသားထဲ က လောက်ကို ပိုင်ပိုင်နိုင်နိုင်မိပြီဆိုရင် ဘယ်သူတွေ ဘယ်ရောက်သွားလဲ အကုန်သိလာရမှာပါ။ တစ်ဖက်နိုင်ငံအစိုးရရဲ့အကူအညီကိုပါယူပြီး အားလုံး ကို ပြန်ကယ်ထုတ်နိုင်မယ်လို့ယူဆပါတယ်”
“အလင်းရောင်လေး ပေါ်နေပါပြီ အစ်မရယ်...သန်းကောင်အချိန် ကို လွန်ခဲ့ပါပြီ။ အစ်မတို့သားအမိလည်း ဒီကပဲ စောင့်ကြပေါ့၊ တည်းစရာ အခက်အခဲ ရှိလည်း ကျွန်မတို့အိမ် လိုက်ခဲ့လေ”
မျက်ရည်ဖြိုင်ဖြိုင်ကျနေသောအမေကတော့ ဘာမှပင်မပြောနိုင်၊အမေ ဒီဘက်ကမ်းက စောင့်နေမယ် သမီးရယ်။ အမေ့ရင်ခွင်ထဲ မြန်မြန်း ပြန်လာခဲ့ပါတော့ဟု ရင်ထဲမှအထပ်ထပ်ပြောရင်း မျက်ရည်သုတ်သည်။
“သူက ဒီနည်းနဲ့ ချမ်းသာနေတာ အစ်မရဲ့ ။ သူက မိန်းကလေး တစ်ယောက်ရောင်းပြီးရင် ရွှေလက်ကောက်တစ်ကွင်း ဝယ်တာ ဖြစ်ရမယ်။ သူ့လက်ထဲက ရွှေလက်ကောက် အရေအတွက်ကို ကြည့်ပြီး သူပို့ခဲ့တဲ့ မိန်းကလေး ဘယ်နှစ်ယောက်ရှိပြီလဲဆိုတာ သိနိုင်မယ်လို့တောင် ရယ်စရာ ပြောနေကြရတယ်”
သူတို့က စိတ်သက်သာအောင် ရယ်စရာပြောခြင်းဖြစ်သော်လည်း ဖြိုးဝေ မရယ်နိုင်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
“အခုတော့ သူနဲ့တကယ်တန်တဲ့လက်ကောက်ကို သူတကယ် ဝတ်ရအောင် အစ်ကိုတို့ အစ်မတို့ တာဝန်ယူပေးပါဗျာ”
ရဲအုပ်ဦးကျော်ပိုင်က ဖြိုးဝေကိုလှမ်းကြည့်ကာပြုံးသည်။ ဖြိုးဝေ ဘာကို ဆိုလိုသနည်း သူသိသည်။
“စိတ်ချညီလေး...အစ်ကိုတို့ရဲ့ တပ်ဖွဲ့မှာ သူတို့အတွက် သံလက် ကောက်တွေ အများကြီး”
ဖြိုးဝေက အမေ့ပုခုံးကို တင်းတင်းဖက်လိုက်သည်။ သူတို့ နှစ် ယောက် အတူလိုက်လာခဲ့ကြသည်။ ထိုနောက် သုံးယောက်အတူတူ ပြန်ကြ မည်။ အစ်မစုနွယ်ကို ကိုယ့်ရွာကိုယ့်မြေ၊ ကိုယ့်အိမ်ထဲကို ပြန်ခေါ်လာကြ မည်။
“အင်အားတွေကို စုပြီး တင်းပြီး အရောက်ပြန်ခဲ့ပါ အစ်မ.....ကျွန် တော်တို့ စောင့်ကြိုနေတယ်...”
* * * * *
ရောက်စတုန်းကအေးသလောက် အခုတော့လည်း အအေးတွေ လျော့သွား လိုက်သည်မှာ အတန်ငယ်ပင် အိုက်ချင်သည်။ ယခင်က မချွတ်တမ်း ဝတ်နေရသော ဂွမ်းကပ်အကျီဘောင်းဘီတွေကို ပြန်လှည့်၍ပင် မကြည့် ချင်တော့။ အေးမွန်က မြန်မာပြည်မှပါလာသော ထဘီများကို ဝတ်တော့
ယောက္ခမကြီးက မကြိုက်ပေ။ သူတို့လူမျိုး၏နေ့စဉ်အဝတ်အစားနှင့်မတူဘဲ ထူးခြားကွဲပြား နေမည်ကို လိုလားဟန်မရှိ။ အေးမွန်အတွက် အင်္ကျီပွပွနှင့်ဘောင်းဘီပွပွ တစ်ထည် ဝယ်လာပေးသည်။ သူ့ဘောင်းဘီက ပေါင်တွင် ပွနေသော်လည်း ဂွကြားက ကြပ်နေသည်။ ထို့ကြောင့် ဝတ်ပြီး မကြာမီမှာ ပင် ဘောင်းဘီဂွကြားက ပြဲထွက်လေသည်။ ဒီတော့လည်း ထဘီဟောင်း တစ်ထည်ကို ညှပ်ပြီး ဘောင်းဘီဂွကြားနေရာတွင်ထပ်ပိုးကာ လက်ချုပ် ချုပ်ထားရလေသည်။ ကြည့်ရသည်မှာ မလှမပ ဖြစ်နေသော်လည်း လုံလုံ ခြုံခြုံတော့ ဖြစ်သွားသည်။
ရောက်ခါစက အေးလွန်လွန်း၍ အဝတ်လျှော်ရမည်ကို ကြောက် နေသော်လည်း အခုတော့ အဝတ်လျှော်ရသည်ကို ကြိုက်နေသည်။ ရာသီ ဥတုက ပူနွေးလာတော့ ရေစိမ်နေရသည်မှာ အပန်းပြေသည်။ အဝတ်ဟောင်းတွေကို စိမ်ပြေနပြေပွတ်လျှော်နေစဉ် စိတ်အတွေးတွေကလည်း လေဟုန်စီးပြီး လွင့်ချင်ရာလွင့် ဝဲလွင့်နေတတ်သည်။
ဆပ်ပြာမြှုပ်ဖြူဖြူများထဲတွင် ဦးလေးနှင့်အဒေါ်ကိုလည်းကောင်း၊ မောင်ကလေးနှစ်ဦးကိုလည်းကောင်း၊ အဒေါ်ဝတုတ်တို့ကိုလည်းကောင်း အဒေါ်၏ယောက်ျား အမူးသမားကြီးကိုလည်းကောင်း အကုန်မြင်ယောင် နေမိတတ်သည်။
“အစ်မစုနွယ်တို့ နှင်းဆီမွှေးတို့ကတော့ အမေတွေ ဆွေမျိုးတွေ ရှိတော့ သူတို့ပျောက်နေရင် ပျောက်နေမှန်းသိတယ်။ ရှာလည်း ရှာကြမှာပဲ။ ငါ့မှာသာ..”
' သူကိုတော့ ပျောက်၍ပင် ပျောက်နေမှန်း ဘယ်သူမှ သိမည် မဟုတ်။ ဂရုစိုက်မည်လည်း မဟုတ်ပေ။ ရန်ကုန်မှာ အဒေါ်ဝတုတ်တို့ မဂျပန်မတို့ မန္တလေးက အဒေါ်ဆီ ရောက်နေသည်ဟု ထင်ကြမည် ဖြစ်ပြီး မန္တလေးမှ အဒေါ်ကလည်း အေးမွန်ကို ရန်ကုန်ငါးဈေးထဲမှာ ငါးရောင်း နေသည်ဟုပင် ထင်နေမည် ဖြစ်လေသည်။ မြန်မာပြည်မှ ဝေးလံခေါင်ဖျားလှ
သောနေရာတွင် အခုလိုရောက်နေလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက် ကမျှ ထင်လိမ့်မည် မဟုတ်ချေ။
“ဒီရောက်မှ ငါးဆိုတဲ့အကောင်ကို မြင်တောင်မမြင်ဖူးတော့ဘူး၊ အရုပ်ရေးကြည့်ရတော့မလို ဖြစ်နေပြီ။ ငါ ဈေးရောင်းခဲ့ရတဲ့နေရာလေး၊ ဈေးတန်းလေးကို လွမ်းလိုက်တာ။ ငါးမျိုးတွေမှ စုံလို့၊ ငါးခူ ငါးကျည်း၊ ငါးကြင်း၊ ငါးမြင်း၊ ငါးပတ်၊ ငါးသလဲထိုး၊ ငါးဇင်ရိုင်း၊ ငါးရံ့၊ ငါးဖယ်
ဟာ.. ငါးမျိုးစုံသလို အရသာလည်း စုံလို့..ငါးတစ်မျိုးနဲ့တစ်မျိုး အရသာ က တူတာမှ မဟုတ်တာ..ချိုပုံချင်းလည်း တူမှမတူတာ... အင်း.....ငါးခူကို ဆီပြန်လေးချက်ပြီး ရဲယိုရွက်နုနုလေးများအုပ်ပြီး စားလိုက်ရရင်....”
ယောက္ခမကြီး၏အသံကိုကြားရသည်။ အေးမွန်၏စိတ်ကူးထဲမှ ငါးခူဆီပြန်ဟင်းလေး ပျောက်ကနဲ ပျောက်သွားသည်။
ယောက္ခမကြီးက သူအဝတ်လျှော်နေရာသို့ ရေးကြီးသုတ်ပြာနှင့် ရောက်လာသည်။ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် တစ်ဦးတည်း ညံစီခတ် အောင် ပြောနေသည်။ အေးမွန် တစ်လုံးမျှနားမလည်...။
အေးမွန်က သူ့ကို ကြောင်တောင်တောင် ပြန်ကြည့်နေတော့ ယောက္ခမကြီးသည် အေးမွန်လက်ကို ဆွဲကိုင်ကာ ဇွတ်အတင်း ထခိုင်း သည်။ ထိုနောက် အိမ်နောက်ဖေးမှပတ်ကာ တစ်ဖက်ခြံသို့ ကူးသည်။ တစ်ဖက်အိမ်မှ အဘွားကြီးနှင့်အခြေအတင်တွေပြောကြသည်။ ယောက္ခမ ကြီးက အေးမွန်ကိုလက်ညိုးတထိုးထိုးနှင့် တစ်ခုခု ပြောသည်။ တစ်ဖက်အိမ် မှ အဘွားကြီးက ခေါင်းခါသည်။ သူတို့အခြေအတင်တွေဖြစ်နေကြသည်ကို အေးမွန်က စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ဘာတွေဖြစ်နေသနည်း၊ စဉ်း စား၍ မရ..။
ယောက္ခမကြီးက အေးမွန်ကို အတန်ငယ် မှောင်သော ထောင့် တစ်နေရာကို ဆွဲခေါ်သွားပြီး စကားမပြောရန်၊ ငြိမ်ငြိမ်လေး ထိုင်နေရန်၊ လက်ဟန်ခြေဟန်နှင့် ပြောသည်။ ထိုနောက် ခပ်သုတ်သုတ် ပြန်ထွက်သွား သည်။ အိမ်နီးချင်းအဘွားကြီးကလည်း ကြည်လင်ပုံ မရ၊ ကုတ်ချောင်း ချောင်း ထိုင်နေသော အေးမွန်ကို ကြည့်လိုက်၊ တဖျစ်တောက်တောက် ပြောလိုက်၊ နောက်ဖေးပေါက်မှနေပြီး အပြင်ကို ကြည့်လိုက်နှင့် တစ်စုံတစ်ခု အတွက် ဂဏာမငြိမ် ဖြစ်နေပုံရလေသည်။
“တစ်ခုခုတော့တစ်ခုခုပဲ၊ ဘာတစ်ခုခုမှန်းတော့ မသိဘူး”
အေးမွန်က သူ့ကိုယ်သူ ပြောသည်။ အဘွားကြီး ချောင်းကြည့် နေသလို သူကလည်း သူ့အိမ်ဖက်လိုက်ပြီး ချောင်းကြည့်မိပြန်တော့ အဘွား ကြီးက ပြန်ထိုင်နေရန် အမူအယာပြသည်။ သူ၏မီးဖိုချောင်ထဲသို့ အေးမွန် ရောက်နေသည်ကို လိုလားဟန် မရှိသော်လည်း အပြင်ထွက်သွားမည်ကို လည်း စိုးရိမ်နေပြန်သည်။
“ဘာတွေဖြစ်နေတာလဲ ဟ”
အေးမွန်က အတန်ငယ် ကြောက်ရွံ့လာသည်။ ဘာတွေဖြစ်နေ သနည်း။ သူနှင့်လည်း မည်ကဲ့သို့ ပတ်သက်နေသနည်း။
ခဏနေတော့ သူတို့အိမ်ဖက်မှာ စကားပြောသံတွေ ကြားနေရ သည်။ သူကြားနေကျ သူ၏ယောက်ျားနှင့် ယောက္ခမတို့၏ အသံများ မဟုတ်။ လူစိမ်းတို့အသံများဖြစ်နေသည်။ အဘွားကြီးကလည်း အတော် စိတ်ဝင်စားနေပုံရသည်။ သူ့ခန္ဓာကိုယ်ကြီးကို ကုန်းပြီး ကိုင်းပြီး ချောင်းကြည့် နေလိုက်သည်မှာ အေးမွန်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ဒီတော့လည်း အေး မွန် ခမျာ မနေနိုင်၊ သူ့နေရာတွင် ထိုင်မနေနိုင်တော့ဘဲ အဘွားကြီး၏ နောက်မှ ကပ်ခါ လိုက်၍ ချောင်းကြည့်ရင်း ဘုမသိဘမသိနှင့် ရင်တွေ တုန်နေသည်။
ဒီရောက်ကတည်းက သူအကြောက်ဆုံးကိစ္စတစ်ခု ရှိနေသည်။ ဒါကတော့ အဖိုးတန်ပစ္စည်းတစ်ခုခု သို့မဟုတ် ပိုက်ဆံတွေ ပျောက်ရှာပြီး သူယူသည်ဟု အစွပ်စွဲခံရမည်ကိုဖြစ်သည်။ သူသည် သူ၏တစ်သက်တာ လုံး ပါဏာတိပါတာကံတွေကို ဖောဖောသီသီကျူးလွန်ခဲ့သော်လည်း သူ တစ်ပါး ပစ္စည်းကိုတော့ အပ်တိုတစ်ချောင်းပင် မယူခဲ့ဖူးချေ။ ယူသည်ဟု အစွပ်စွဲခံရမည်ကိုလည်း တွေးပြီးကြောက်နေတတ်လေသည်။
“ဟာ”
ခဏနေတော့ နောက်ဖေးပေါက်မှနေပြီး လူလေးဦးခန့်ထွက်လာ သည်။ ခြံထဲတွင် ဟိုကြည့်ဒီကြည့်နှင့်ကြည့်နေသည်။ ဘုရား..ဘုရား..ထို သူများဝတ်ထားသောဝတ်စုံသည် ရဲဝတ်စုံများထင်ရသည်။
“ဘုရား..ကယ်ပါ..ငါ့ကိုများ ရဲတွေလာဖမ်းတာလား။ ငါဘာမှ မခိုးပါဘူးဆိုတာ ဘယ်လိုပြောရမလဲ။ သူတို့စကားကိုလည်း ငါမပြော တတ်ဘူး”
အေးမွန်သည် သူ့ရင်ပတ်ကိုသူ ဖိထားသည်။ အကယ်၍ သူ့ကို လာဖမ်းကြလျှင် သူဘယ်လိုရင်ဆိုင်ရမည်နည်း။ ဘယ်လိုဖြေရှင်းရမည်နည်း။
“အေး မွန်း.....”
“ဟင်..”
အေးမွန်လန့်သွားသည်။ အေးမွန်..တဲ့။ သူ့ကို တစ်စုံတစ်ဦးက အော်ခေါ်နေသည်။ ဒီလို ပီပီသသ ခေါ်သူဆိုလျှင် မြန်မာပင် ဖြစ်ရမည်။ ဒီက လူတွေ အခေါ်အရ သူ့အမည်သည် “အဲမုံ” ဖြစ်သည်။
“အေး မွန်”
“ဟင်..လင်းလင်း”
လင်းလင်းက နောက်ဖေးက ကောက်ရိုးပုံနားတွင် ပတ်၍ ရှာရင်း အော်ခေါ်နေသည်။ လင်းလင်းက ရဲများနှင့်အတူ ဘာလာလုပ်တာလဲ။ တစ်နည်းတော့ အားရှိသွားသည်။ လင်းလင်းရှိလျှင် သူဘာပစ္စည်းကိုမှ မခိုးပါဘူးဟုဆိုသည်ကို လင်းလင်းကို ဘာသာပြန်ပြီးပြောခိုင်း၍ရသည်။
“အေး မွန်...နင်ရှိရင်ထွက်ခဲ့”
လင်းလင်း၏အသံက တက်ကြွနေသည်။
“နန်းထွေးက ရဲကိုသွားတိုင်လို့ အခု ရဲကြီးတွေလိုက်လာတာ။ ငါတို့ကို လာခေါ်တယ် မြန်မာပြည်ပြန်ရမယ်တဲ့”
“ဘုရားရေ...အဲဒါ...တကယ်ပဲလား”
အေးမွန်သည် ကြားလိုက်ရသောစကားကို မယုံမရဲနှင့် ကြောင် ကြောင် ဖြစ်သွားသည်။ ရင်ထဲမှ နှလုံးသားသည် ဝုန်းကနဲပြုတ်ထွက်လာ ပြီး လည်ချောင်းဝသို့ ပြေးတက်လာသယောင်ခံစားရသည်။ လည်ချောင်း ကြပ်ကြပ်ကလေးထဲတွင် တစ်နေသောနှလုံးသားကလည်း ငြိမ်ငြိမ်နေသည် မဟုတ်။ တဒိတ်ဒိတ်နှင့် ခုန်နေ၍ လည်ချောင်းတစ်ခုလုံး ဆိုပြီး ကြပ် သည်။ ဘာအသံမှ ထွက်မလာနိုင်။
“အေးမွန် ငါတို့ပြန်ရတော့မယ်”
လင်းလင်းက အော်သည်။
“ငါတို့ပြန်ရတော့မယ်”
အေးမွန်ကစိတ်ထဲမှ ထပ်ဆင့် ရေရွတ်ရင်း မျက်လုံးအိမ်တွင် မျက်ရည်များ ချက်ချင်းပြည့်လာသည်။ ထိုနောက် ရေကာတာကျိုးသလို အန်ကျလာသည်။
“လင်း..လင်း”
သူက အကျယ်ကြီး အော်လိုက်သော်လည်း တိုးတိုးလေးသာ ထွက်လာသည်။ အမှောင်မိုက်ဆုံးအချိန်များသည်လည်း ကုန်ဆုံးချိန် ရှိပါ သည်။ ထိုအချိန်ကို စောင့်နေခဲ့သည်။
“လင်း..လင်း...ငါ..ဒီမှာ”
ဒီတစ်ခါတော့ အသံနည်းနည်း ထွက်လာသည်။ အဘွားကြီး မတားဆီးနိုင်မီ အေးမွန်သည် လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ တရှိန်ထိုး ပြေးထွက်လိုက်သည်။
တစ်ဖက်အိမ်၏နောက်ဖေးပေါက်မှပြေးထွက်လာသော အေးမွန် ကို လင်းလင်းက ဝမ်းသာအားရကြိုဆိုသည်။
"နန်းထွေးကို ကျေးဇူးတင်ရမယ်သိလား။ သူသွားတိုင်လို့ ငါတို့ ရဲ့ အကြောင်းတွေကို ဒီက ရဲကြီးတွေ သိသွားတာ၊ ဆေးမင်ကြောင်တို့ လင်မယားကိုလည်း ဖမ်းထားပြီတဲ့....”
ငိုလိုက် ရယ်လိုက်ဖြစ်နေသော သူတို့နှစ်ဦးကို ကြည့်ကာ ရဲသား ကြီးတွေက ရယ်မောနေကြသည်။ ထိုနောက် သူတို့နှင့်အပါ တစ်ခါတည်း ခေါ်ဆောင်သွားသည်။ မျက်စိမျက်နှာပျက်နေသော ယောက္ခမကြီးကို လှမ်း ကြည့်ရင်း အေးမွန်က စိတ်ထဲမှ တီးတိုးပြောလိုက်မိသည်။
“အဲဒီအဝတ်ဇလုံကြီးတော့ ကိုယ့်ဟာကိုယ်ပဲ ဆက်လျှော်လိုက် တော့နော် အမေကြီး... ကျွန်မတော့ ဝဋ်ကျွတ်သွားပြီး....”
နန်းထွေးဟူသော ကောင်မလေးက သေးသေးသွယ်သွယ် ဖြူဖြူနွဲ့နွဲ့လေး ဖြစ်သည်။ မျက်နှာ ချိုချိုပျော့ပျော့နှင့် ချစ်စဖွယ်ကောင်းလှသည်။
“ငါ့လိုပဲ အားလုံးလွတ်အောင်လို့”
သူ့ကို ဝိုင်းပြီး ကျေးဇူးတင်နေကြသော မိန်းကလေးများကို သူက ထိုစကားကိုချည်း ထပ်ခါတလဲလဲ ပြန်ပြောနေသည်။ သူ့ခမျာ ဗမာစကား ကို သွက်သွက်လက်လက် မပြောတတ်ချေ။
“သူက ရဲဌာနမှာ ရှင်းပြပြီးတော့ ရဲသားတွေကို ဆေးမင်ကြောင် တို့အိမ်ကို ပြပေးတာ။ အဲဒီမှာလည်း ဟောဟိုက နှစ်ယောက်ရောက်နေပြီ။ သူတို့ ကံကောင်းတာက ငါတို့လိုယောက်ျားမယူရသေးတာပဲ။ နန်းထွေးက ဗမာ စကား ကောင်းကောင်းမတတ်တော့ ငါ့ဆီကို တစ်ခါလာတယ်။ သူ က အားလုံးကို လွတ်စေချင်တယ်။ ဒါပေမယ့်ဘယ်သူတွေ ဘယ်မှာရှိနေလဲ သူမသိဘူး မဟုတ်လား။ ငါကတော့ ကြာပြီဆိုတော့ ဒီကအကြောင်းတွေ အတော်သိထားတယ်။ ဒါနဲ့ ငါသိသမျှ မြန်မာတွေကို လိုက်ခေါ်ပေးတာ။ စုနွယ်နဲ့ နှင်းဆီမွှေးကိုတော့ယာခင်းမှာ သွားခေါ်လာတာ”
ဟု လင်းလင်းက ရှင်းပြသည်။
ရဲဌာနရောက်မှပင် သူတို့လို ဘဝတူတွေ အယောက်နှစ်ဆယ် လောက် ရှိနေသည်ကို သိရတော့သည်။ နှစ်ယောက်က ကိုယ်ဝန်နှင့် ဖြစ် သည်။ မိန်းကလေးတစ်ယောက်ကတော့ မျက်နှာလေးညှိုးနေသည်။ အင်္ကျီ ရင်ပတ်တွင်လည်း နို့ရည်များ စွန်းထင်းနေသည်။
“သူ့သားလေးက နှစ်လသားပဲ ရှိသေးတာ။ ထားခဲ့ရတယ်တဲ့”
မြန်မာအချင်းချင်း စကားမပြောရတာကြာပြီဖြစ်သော နှင်းဆီမွှေး က စကားတွေ တဖောင်ဖောင်ပြောကာ လူတိုင်းအကြောင်းကိုလိုက်ပြီး စပ်စု နေသည်။ ထိုနောက် သူသိသမျှကို စုနွယ်အား ချက်ချင်းသတင်းပို့လေ သည်။
“သူကတော့ ငါတို့ထက် ပိုဆိုးတာပေါ့”
စုနွယ်က တွေးသည်၊ သူတို့က သူတို့၏အဆက်အနွယ်အတွက် သားဖောက်စက်အဖြစ် အသုံးပြုခဲ့ခြင်းသာဖြစ်သော်လည်း ထိုသားဖောက် စက်က စက်ရုပ်တစ်ခုမဟုတ်ဘဲ နှလုံးသားရှိသော လူသားတစ်ဦး ဖြစ်နေ သည်။ သားသမီးဟူသော သံယောဇဉ်ကြိုး၏တင်းတင်းကြပ်ကြပ်ရစ်ပတ် ချည်နှောင်ခြင်းခံရသောမိခင်တို့၏နှလုံးသားသည် မည်မျှထိခိုက်နာကျင် ပြီး ကြေကွဲရမည်ကို စုနွယ်ကိုယ်ချင်းစာနိုင်ပါသည်။ ။
အဆိုးထဲမှအကောင်းဟုပင် ပြောရလေမလား မသိရပေ။ သူတို့ သုံးယောက်လုံးတွင် ကိုယ်ဝန်ပါမလာခြင်းက အတော်ကို ကံကောင်းခြင်း ဖြစ်လေသည်။ သို့ပါသော်လည်း သုံးလကျော်ကျော် လေးလနီးပါးမက်ခဲ့ရသော အိပ်မက်ဆိုးကြီးကတော့ သူတို့ကို ဘယ်အချိန်အထိခြောက်လှန့်နေဦး မည်နည်း၊ မပြောနိုင်သေးချေ။
“ဒီလောက်တောင် သူများတိုင်းပြည်ထဲမှာ ဝေးဝေးလံလံ ခေါင် ခေါင်ဖျားဖျားထဲမှာ ဒီလိုဘဝရောက်ပြီးမှ ပြန်လွတ်လာနိုင်တယ်ဆိုတာ အတော်ကို ခဲယဉ်းတဲ့ကိစ္စပဲ၊ ကံတရားကို ကျေးဇူးတင်ရမယ်၊ နန်းထွေးကို လည်း ကျေးဇူးတင်ရမယ်”
စုနွယ်က တစိမ့်စိမ့်တွေးမိသည်။
“မြန်မာပြည်ဘက်က ပွဲစားကိုလည်း မြန်မာအစိုးရက မိထားပြီတဲ့ ဒါကြောင့် ဒီကိုလှမ်းပြီးဆက်သွယ်နေတယ်။ ငါတို့ကို ရှာပေးဖို့လည်း အကူအညီတောင်းနေတယ်လို့ သူတို့ရဲအချင်းချင်း ပြောနေတာ ငါကြားတယ်”
လင်းလင်းက သတင်းပေးသည်။
“ဒီလိုဆိုရင် ဟိုဗိုင်းတာမကြီးကို မိထားပြီပေါ့”
နှင်းဆီမွှေးနှင့် အေးမွန်က သံပြိုင်ပြောသည်။ သူတို့နှစ်ယောက် က မြန်မာပြည်ကို အခုချက်ချင်းပဲ ပြန်ရောက်သွားရတော့မလို အူတွေမြူးနေ သည်။
“ငါတို့ပြန်ရောက်ရင် အဲဒီဟာမကြီးလင်မယားတော့ ထောင်ထဲ ရောက်နေလောက်ပြီထင်တယ်။ ဒါပေမယ့် မကြေသေးဘူး။ ထောင်ထဲ လိုက်သွားပြီး ပါးနှစ်ချက်စီလောက် ချလိုက်ချင်သေးတယ်”
ဟူ၍လည်း ပြောနေသေးသည်။
သူတို့နှင့်စာလျှင် နဂိုတည်းက ပိုငြိမ်သော စုနွယ်က အခုတော့ ငြိမ်သည်ထက်ပင် ပိုပြီးငြိမ်နေသည်။
“ငါတို့တစ်တွေ အလုပ်တွေလုပ်ကြမယ် ပိုက်ဆံတွေ စုကြမယ် ဆိုပြီး တက်တက်ကြွကြွနဲ့ ထွက်လာလိုက်ကြတာ ပြုံးလို့ပျော်လို့ပဲ။ အဲဒီတုန်း ကတော့ အပင်ပေါ်မှာ လန်းနေတဲ့ ပန်းပွင့်လေးတွေနဲ့တူမယ် ထင်ပါရဲ့..... အခုတော့....အခုတော့...”
စုနွယ် မျက်ရည်သုတ်သည်။
“သမီးတို့ဘဝ၊ နွမ်းခဲ့ရပြီ အမေ”
“ဘယ်လောက်ပဲနွမ်းနွမ်း၊ ကြိုဆိုပါတယ်သမီးတို့ရယ်၊ အမိမြေရဲ့ ရင်ခွင်ဟာ သာတဲ့လန်းတဲ့ သားသမီးတွေအတွက်သာမဟုတ်ဘူး။ နာတဲ့ နွမ်းတဲ့ သားသမီးတွေအတွက်လည်း နေရာတွေ ရှိပါတယ်”
မြန်မာပြည်ဘက်မှ ကြိုဆိုနေသူ အမျိုးသမီးအဖွဲ့ဝင် တစ်ဦး၏ အားပေးစကားကို စုနွယ်တို့ ဒီတစ်သက် မေ့နိုင်လိမ့်မည်မဟုတ်ချေ။
“ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ” ဟူသောစကား၏အဓိပ္ပာယ် ကို အခုမှပင် သူတို့တစ်တွေ ကောင်းစွာ သဘောပေါက်ခဲ့ရသည်။ မိမိပိုင် မြေပေါ်တွင် မတ်မတ်ရပ်ရင်း ဦးခေါင်းကိုမော်ထားရသောအရသာကို သူတို့ ယခင်က အလေးထားရကောင်းမှန်းမသိခဲ့ပေ။
သူတစ်ပါးတိုင်းပြည်တွင် လေးလကျော်ကျော် ကိုယ်ရောစိတ်ပါ ညှိုးနွမ်းစွာနေခဲ့ရသဖြင့် ကိုယ့်မြေကိုယ့်ပြည်ကိုပြန်ရောက်တော့ အရာရာ သည် လှပနေသည်။ လေသည်ပင်လျှင် ပိုပြီးရှူလို့ကောင်းနေလေသည်။
စုနွယ်လည်း အမေနှင့်အတူ ပြန်ပြီးအိပ်ခွင့်ရခဲ့ပြီ ဖြစ်လေသည်။ တောင်တန်းကြီးနံ့ ပျံ့ပျံ့သင်းသော အမေ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီးလျှင် မက်ခဲ့ရသောအိပ်မက်ဆိုးကို မေ့ပစ်နိုင်အောင်ကြိုးစားရသည်။
“အမေတို့မိန်းမတွေရဲ့ဘဝဟာ ပန်းပွင့်လေးတွေနဲ့တူတယ် သမီး”
အမေက ပြောသည်။
“တချို့ပန်းလေးတွေက လှတယ်။ မမွှေးဘူး၊ တချို့ကျတော့ မွှေးတယ် မလှဘူး၊ ကံကောင်းတဲ့ပန်းလေးတွေကျတော့ မွေးလည်းမွှေးပြီး လှလည်း လှတယ်။ မိန်းမတွေရဲ့ဘဝဟာ အဲဒီလိုပဲ...”
အမေ့အသံအေးအေးက စုနွယ်၏နှလုံးသားကို ပွတ်တိုက်ဖြတ် ကျော်ကာ ဟိုးအဝေးကြီးဆီသို့ ပျံ့လွင့်ပဲ့တင်ထပ်သွားသည်ဟု ထင်မှတ်မိ သည်။
“တချို့ပန်းလေးတွေကျတော့ အပင်ပေါ်မှာ ပွင့်ရပေမယ့် ပွင့် တယ်လည်း ဆိုရော၊ ကြွေရောဆိုတဲ့ ခရေပန်းလေးတွေလေ”
အမေက စုနွယ်၏ဆံနွယ်စလေးများကို ယုယစွာ ပွတ်သပ်ပေး နေသည်။ အမေ့ရင်ခွင်ထဲသို့ ယခုလို ပြန်လည်တိုးဝင်ခွင့်ရခြင်းသည် စုနွယ် ၏ ဘဝအတွက် ကြီးစွာသောဆုလာဘ် ဖြစ်လေသည်။ ထိုနောက် အေးမွန် နှင့် နှင်းဆီတို့ကို သတိရသည်။ နှင်းဆီမွှေး၏အဖြစ်အပျက်ကို သူ၏မိဘ များက သိပင်မသိလိုက်။ အစ်မကြီးကလည်း စာများကို ဖျောက်ဖျက်ပစ် လိုက်တော့ ရန်ကုန်က အိမ်မှာပင် ဆက်၍ လုပ်နေသည်ဟု ထင်နေသည်။ အေးမွန်ခမျာမှာတော့ နေစရာအိမ်ပင် မရှိရှာ၊ အခုတော့ သူတို့သည် အသက်မွေးမှုသင်တန်းကျောင်းတွင် အချုပ်အလုပ်သင်ရင်း နေရစ်ခဲ့ကြ သည်။ စုနွယ်နှင့် အမေက သူတို့ဆီသို့ မုန့်လေးပဲလေးသွားပို့လျှင် အားကျ သော မျက်လုံးလေးများနှင့်ကြည့်ကာ မျက်ရည်ဝဲတတ်သည်။
“ဒါပေမယ့် ခရေပွင့်လေးတွေဟာ အကြွေမို့ အနွမ်းမို့ ဆိုပြီး တန်ဖိုးလျော့မသွားဘူး သမီး၊ ဘာလို့လဲဆိုတော့ သူက သိပ်ပြီးမွှေးတာကိုး”
အမေက မွှေးတာကိုးဟု ပြောကာမှ စူးစူးနစ်နစ်မွှေးသော ပန်းရနံ့ ကို ရှူရှိုက်လိုက်ရသည်။ သူတို့သားအမိဘေးသို့ရောက်လာသော ဖြိုးဝေက “ဟေ့-အမေ့ကို ဘာတွေ ကပ်ချွဲနေတာလဲ” ဟုပြောရင်း ခရေပန်းသုံးကုံးကို မြောက်ပြသည်။ တစ်ရာသုံးကုံးဆိုလို့ဝယ်လာတာ။ မွှေးတယ်နော် အမေ” ဟု ဆက်၍ပြောသည်။
နှီးကြိုးနှင့်မသီဘဲ အပ်ချည်ကြိုးနှင့် သီထားသဖြင့် ခရေပန်းကုံး လေးများမှာ ပျော့ပျော့အိအိလေး ဖြစ်နေသည်။ အမေက လက်နှစ်ဖက်နှင့် ခံယူလိုက်တော့ အမေ့လက်ထဲတွင် ပန်းတွေနှင့် ပြည့်လျှံသွားသည်။ အမေက လက်ခုပ်နှစ်ဖက်ကိုမြှောက်ကာ အသာအယာရှိုက်နမ်းလိုက်သည်။
“မွှေးလိုက်တဲ့ပန်းနံ့လေးကွယ်၊ ရင်ထဲထိအောင်ကို စီးပြီးဝင်သွား သလိုပဲ၊ ဒီအနံ့လေးဟာ ကြွေပေမယ့်လည်း မပျယ်ဘူး၊ နွမ်းပေမယ့်လည်း ပျယ်ဘူး။ နောက်ဆုံးတစ်နေ့ ခြောက်သွားရင်တောင် မပျောက်ဘူး”
စုနွယ်က အမေ့ကို ငေးကြည့်ရင်း ခေါင်းငြိမ့်သည်။
“ပန်းလေးတစ်ပွင့်ရဲ့ တာဝန်မှာ လှပဖို့ လန်းဆန်းဖို့ ဆိုတာတွေ ပဲ မွှေးပျံ့ဖို့ ဆိုတာကလည်း အရေးကြီးတယ်ဆိုတာ သမီး သဘောပေါက်တယ် မဟုတ်လား”
စုနွယ်က ထပ်၍ ခေါင်းငြိမ့်သည်။
ထိုနောက် ကိုယ်စိတ်နှလုံး ငြိမ်းချမ်းစွာ အိပ်ပျော်သွားခဲ့လေသည်။ အပြင်ဖက်တွင် တသင်းသင်းမွှေးပျံ့နေသော ခရေပန်းရနံ့မှာ အိပ်မက်ထဲ အထိအောင်ပင် လိုက်ပြီး မွှေးပျံ့ကြိုင်သင်းနေလေသည်။
* * * * *
အခုတော့ အေးမွန်ရော၊ နှင်းဆီမွှေးပါ စုနွယ်တို့အိမ်သို့ ရောက်နေကြပြီ ဖြစ်သည်။ အမေက သူတို့နှစ်ဦးကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့လေသည်။
အမေ အပျိုဘဝကတည်းက ချုပ်ခဲ့သော စင်းကားခြေနင်းစက် ဟောင်းဟောင်းကလေးမှာ တချပ်ချပ်နှင့် နှင်းတိုင်းပြေးနေပြီ ဖြစ်လေသည်။ သူတို့၏အပ်ချုပ်ဆိုင်လေးတွင် အင်္ကျီညှပ်သူညှပ်၊ ကပ်သူကပ်၊ အပ်စောင်းလိုက်သူလိုက်နှင့် တက်ညီလက်ညီ ရှိလှသည်။ စသံ၊ နောက်သံ၊ ရယ်မောသံလေးများနှင့် စည်စည်ကားကားဖြစ်နေတတ်သည်။
သူတို့ဆိုင်ကို အားပေးသူအတော်များလာတော့ စုနွယ်က သူတို့ ၏ အပ်ချုပ်ဆိုင်လေးကို အမည်ပေး ဆိုင်းဘုတ်တင်ထားသည်။ အောက်ခံအပြာပေါ်တွင် စာလုံးဖြူဖြူလေးနှင့် ရေးထားသော ဆိုင်အမည်လေးကထင်းထင်း ကွင်းကွင်းရှိသည်။ အိမ်ရှေ့မှဖြတ်ပြီး ကျောင်းသွားသော ကလေး
များကလည်း အော်ပြီး ဖတ်သွားလေ့ရှိသည်။
“ပန်း ပွင့် ခ ရေ ” တဲ့...။
ထိုအမည်လေးကို ကြားတိုင်း သူတို့ သုံးဦးက အမေ့
ကြည့်မိကြသည်။ ထိုနောက် အားမာန်အပြည့်နှင့်ပြုံးမိကြလေသည်။
“ပန်း ခ ရေ..ကြွေပေမယ့်.….ဝေဆဲပါ အမေ....”
-----------
မစန္ဒာ
(အမျိုးသမီးများ၏ဘဝပုံရိပ်ဝတ္ထုများ-၂ မှ)
#Typing_crd_ZawOo
No comments:
Post a Comment