#တစ်ပင်_တစ်ကုံး_တစ်ခိုင်လုံးသို့
#ခင်ခင်ထူး
( ၁ )
ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင် သင်္ကြန်တစ်ပတ်လည်ပြန်ပြီ။ တစ်နှစ်တစ်နှစ် ဘာမှမကြာလိုက်သလိုပါပဲလား။ အချိန်တွေများ အကုန်မြန်လိုက်တာ။ မိုးလင်းလာလိုက်၊ မိုးချုပ်လာလိုက်နဲ့ တစ်ရက် တစ်ရက် ပဲ့ပဲ့သွားလိုက်ပုံများ။ အခုလည်း သင်္ကြန်အကြိုနေ့ ရောက်လာပြန်ပါပကော။
ဘွားမှီ အသက်လည်း ရှစ်ဆယ်တင်းတင်းကြီး ပြည့်တော့မယ်။ ဘွားမှီကတန်ခူးလကြီး မွေးတာဆိုတော့ တူးပို့ တူးပို့ဆိုတာနဲ့ အသက်တစ်နှစ်
တိုးမှတ်လိုက်ရုံကိုး။
မမှီ ကလေးမွေးမယ့်နေ့က သိကြားမင်းကြိုဖို့
အမေကိုယ်တိုင် အတာအိုးကလေး ထိုးနေတုန်း ဗိုက်နာလာသတဲ့။သင်္ကြန်ရေ တအေးအေးကြားက မွေးတာဆိုတော့ အမေက အကျိုးပေးမယ့်ကလေးလို့ ခံယူတယ်၊ ကြာသပတေးသမီးမို့ မမြမှီလို့ ကင်ပွန်း
တပ်တယ်။ မမြမှီ အထက်က အစ်မ မသက်တင်ကတော့ မမြမှီထက် အသက် နှစ်နှစ်လောက်ကြီးတယ်။ စစ်စစ်ပေါက်ပေါက် သည်ညီအစ်မနှစ်
ယောက် တစ်စုံတည်းရှိတာဆိုတော့ ငယ်ကတည်းက ကစားဖော်ကစားဖက်ဆိုလည်း ဟုတ်၊ ညီရယ် အစ်မရယ်ဆိုလည်း ဟုတ်တယ်။ တစ်ယောက်တစ်ယောက် နာမည်ခေါ်ကြတာတောင် အဖျားဆွတ်ခေါ်ကြတာ။
သက်သက် တဲ့။ မှီမှီ တဲ့။ သက်သက်ကို အိမ်ထောင်ချကြတော့ မှီမှီ ခမျာ မျက်နှာကို ခေါင်းအုံးထဲက မဖော်နိုင်ဘူး။ ငိုရတာ။ လင်ရယ် သားရယ် ရလာရင် သက်သက်က သူ့ကို ခါတိုင်းလို မချစ်တော့မှာစိုး
တာလည်း ပါတယ်။ ဒါပေသိ သက်သက်က ထင်သလို မဟုတ်ရှာဘူး။မိဘနှစ်ပါး မရှိတဲ့နောက်တောင် ညီမဖြစ်သူ မှီမှီကို မွေးထားတဲ့ သား
သမီးတွေထက်တောင် ပ,စားပေးသေးတာ။ မျက်နှာ အညိုမခံဘူး။ စိတ်အဆင်းရဲမခံဘူး။ သက်သက် ကိုယ်တိုင်က အစစအရာရာ ခေါင်ဦးခေါင်ဖျား ဦးစားပေးလေတော့ မှီမှီကို သက်သက်ကမွေးတဲ့ တူ တူမသုံးယောက်ကလည်း မလေးမခန့် မရှိဝံ့ကြဘူး။
သက်သက်ရဲ့ သားသမီးတွေဖြစ်တဲ့ ကိုကိုကြီးရော၊ ကိုကိုလေးရော၊ ခင်မေထွေးရော သုံးယောက်စလုံး
မှီမှီလက်ပေါ်မှာ ကြီးခဲ့ကြတာလည်း ပါမှာပေါ့။ သည်တူ တူမကလေးတွေ သံယောဇဉ်ကြောင့်ပဲ ထင်ပါရဲ့၊ မှီမှီကိုယ်တိုင် အပူမရှာတော့ပါဘူး။
ကမ်းလှမ်းသူတွေရှိတဲ့ကြားက အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘဲ အပျိုကြီးဘဝနဲ့ လုံးတူရပ်တူ နေခဲ့တယ်။ ။
သီလနည်းကြရှာတဲ့ သက်သက်တို့ ဇနီးမောင်နှံ ကောက်ခါငင်ကာ လောကကို မျက်ကွယ်ပြုသွားကြပြန်တော့လည်း သည်ကလေးသုံးယောက်
စလုံး တာဝန်က မှီမှီအပေါ် ကျလာပါလေရော။ ကြက်တောင်းထဲပေါက်ရတဲ့ ဘဲကလေးတွေကို ကြက်မကြီးက အုပ်ထိန်းရသလိုပါပဲ။
အဒေါ် ဆိုပေမယ့် မအေနေရာ ဝင်ရတာကိုး။ မှီမှီကိုယ်တိုင်လည်း အသက် လေးဆယ်ကျော်လို့ ငါးဆယ်တွင်း ချဉ်းကပ်လာခဲ့ပြီ။ ဒီတုန်းက မှီမှီတို့
နေတဲ့ မြို့ကလေးဝန်းကျင်မှာတက္ကသိုလ်ရယ်လို့ မရှိသေးတော့ ကလေးသုံးယောက်စလုံးကို မှီမှီကပဲ မန္တလေးတက္ကသိုလ် ပို့ရတယ်။ အသီးသီး
ဘွဲ့ ရကြသည်အထိ တက္ကသိုလ်ပညာ သင်ယူစေတယ်။ ကလေးတွေကလည်း တော်ကြပါတယ်။ ဘွဲ့တစ်ခုစီတော့ ရအောင်ယူနိုင်ခဲ့ကြတယ်
ပြောပါတော့။ ဘွဲ့ရပြီးတော့ ထုံးစံအတိုင်း အသိုက်ဟောင်းက ခွာကြပြီ။
မှီမှီ ကိုယ်တိုင်ကတော့ သည်မြို့ကလေးက သည်ဝင်း သည်ခြံကြီးထဲမှာပဲ ကျောက်ရုပ်ကြီးတစ်ရုပ်လို ငုတ်တုတ်ရှိနေခဲ့ရတာကို နှစ်ပေါင်းရှစ်ဆယ်
ဆိုတော့ လူ့ဘဝ နေရတာ ပျင်းတောင်လာတယ်။ သင်္ကြန်တိုင်ရင် တစ်နှစ်တိုးတာနဲ့ မှီမှီလည်း သင်္ကြန်ရှစ်ဆယ် အသက်ရှစ်ဆယ်ပေါ့။ သင်္ကြန်
အကြိုနေ့ ရောက်ပြီဆိုတာနဲ့ မှီမှီ့မွေးနေ့ကို အကြောင်းပြုပြီး အိမ်မှာ တတ်စွမ်းသလောက် ဆွမ်းကျွေးနေကျ။ ရောက်ရာအရပ်က ဆန်ကွဲကြဲနေတဲ့ တူတူမတွေ၊ မြေးတွေ တစ်လှေကြီး မရောက်မဖြစ် ပြန်လာနေကျ။
သင်္ကြန်ရက် ဆိုတာနဲ့ “သီရိသက်မှီ” ခြံကြီးထဲမှာ လူတွေတရုန်းရုန်း။အိမ်ခေါင်းရင်းမှာ တစ်နှစ်လုံး အိပ်ပျော်နေခဲ့တဲ့ ပိတောက်ပင်ကြီးတောင်မှ
ဘွားမီ မွေးနေ့ရက်တွေမှာ နိုးလာတတ်တယ်။ အပွင့်တွေကလည်း ထိန်လို့။ ဒီပိတောက်ပင်ကလည်း တစ်ခုသော သင်္ကြန်တုန်းက မှီမှီ စိုက်ခဲ့တာပါ။ သူတောင် နှစ်မနည်းတော့ဘူး။ ပင်လုံးရင့်လှပြီ။ မွေးနေ့
ဆိုရင် ပိတောက်နံ့တွေ ကြိုင်လို့။ ပိတောက်တွေ ဖူးကင်းထိုးကြပြီဆိုရင် ဘွားမှီ ပျော်တာပဲ။ လူ့အသက်ဆိုတာ တားလို့ ဆို့လို့ရတာ မဟုတ်တော့
ဘွားမှီ စိတ်ညစ်မနေအားဘူး။ ညစ်လည်း မညစ်ဘူး။ သင်္ကြန်နံ့ကလေးရပြီဆိုတာနဲ့ ကိုယ့်အသက်ကလည်း တစ်နှစ်ကြီးပြန်ပါပကောရယ်လို့
ဇရာနဲ့ယှဉ်တဲ့ အသိတရားကလေး ခေါင်းထိုးဝင်လာတတ်သလို မွေးနေ့ကို အကြောင်းပြုလို့ ရပ်ဝေးက ရောက်လာကြမယ့် ကလေးတွေနဲ့ ဆုံချင်တဲ့
စိတ်ဇောကတစ်ဖက် ရှိပြန်လို့ ဝမ်းသာရတာလည်းရှိတယ်။
ဒီနှစ်သင်္ကြန်ကတော့ ကွာမှီရဲ့ အသက်ရှစ်ဆယ်ပြည့် သင်္ကြန်။မြေးတွေ၊ မြစ်တွေနဲ့ စုံစုံလင်လင် နေနိုင်ရင် နောက် လေး,ငါးနှစ်ပေါ့။အချိန်က နည်းပြီကိုး။ ဒီတော့ အသက်ရှင်ရတုန်းမှာ အဓိပ္ပာယ်ရှိချင်တယ်။
ထန်းသီးဒုံးဒုံး မိုးဖြုန်းဖြုန်း နေချင်တယ်။ သည်ရက်ကလေးထဲ တွေ့ကြကြရတာ မဟုတ်လား။ သင်္ကြန်ပြီးလို့ နေကြပါဦးဆိုလို့လည်း ဘယ်သူမှ
မနေနိုင်ကြဘူး။ ဇွတ်ပြောလို့ နေကြရင်တောင် တစ်ရက် နှစ်ရက်ပဲ။နှစ်ဆန်းတစ်ရက်၊ နှစ်ရက်ဆိုရင် အထုပ်ပြင်ကြပြီ။ ဒီတော့ ဘွားမှီ ငိုရပြီ။
တရားမရဘူးဘဲပြောပြော၊ သမုဒယ တဏှာတော့ ဘွားမှီ မသတ်နိုင်သေးဘူး။ ပုတီးက ပုတီးပဲ။ လွမ်းတာက လွမ်းတာပဲ။ ဟိုတုန်းကတော့ သည်အိမ်ကြီးမှာပဲ အတူနေရတာဆိုတော့ ဘွားမှီနဲ့တွဲပြီး ပူးချည်ထားသလိုနေကြတာ မဟုတ်လား။ လင်မယူ သားမမွေး၊ မှီမှီနဲ့ ဘယ်တော့မှ မခွဲပါဘူး၊ မှီမှီသာ အသက်ရှည်အောင်နေပါ ဆိုတာတောင်ပါသေး။ သူတို့
ကလေးတွေကိုငဲ့လို့ မှီမှီ ဘဝကြင်ဖော် မရှာခဲ့ပေမယ့် သူတို့ ဘဝအဖော်တွေနဲ့ တွေ့ကြတော့ ဘွားမှီကို ရှိတယ်တောင် မမှတ်ကြတော့ပါဘူး။
တစ်အိုး တစ်အိမ် ထူထောင်လိုက်ကြတော့တာပါပဲ။ တူမ ခင်မေထွေးဆိုရင် သင်္ကြန်ရက်မှာ ကာလသားတွေ ရေပက်ချင်တာတောင် ပုန်းနေတဲ့
ကလေးမ။ အဲသလောက်။ အခုတော့ သင်္ကြန်ရက်ကလေး ဆုံဖို့တောင် သူတို့ခမျာ မနည်းလုံးပမ်းနေကြရသတဲ့။ ဒီလိုပဲ ဖြစ်ရမှာပေါ့လေ။
( ၂ )
“မှီမှီ ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့နော်၊ မေထွေး ရေပက်မခံချင်ဘူး”
သင်္ကြန်ရက် ဝင်ပြီဆိုတာနဲ့ သင်္ကြန်ရေ ထိမှာစိုးလို့ အိမ်တွင်းအောင်းနေတတ်တဲ့ တူမ အပျိုမ ခင်မေထွေးကို လှမ်းကြည့်ရင်း မှီမှီ ပြုံးမိသေးတော့။ ကိုကိုကြီး၊ ကိုကိုလေး အစ်ကိုနှစ်ယောက်ကတော့ သင်္ကြန်အကြို ညနေကတည်းက မြို့ထဲကို စက်ဘီးတစ်စီးနဲ့ ပတ်နေလိုက်ကြတာ မိုးကြီးချုပ်မှ အိမ်ပြန်ကပ်ကြတော့တာပဲ။ လေးရက်လုံးလုံးပေါ့။
သည်မြို့ကလေးမှာ ဓလေ့တစ်ခုရှိတယ်။ သင်္ကြန်ရယ်လို့ ကျပြီဆိုတာနဲ့ ရေပက် ရေလောင်းလုပ်ချင်သူ ကာလသားတွေက အပျိုလောက်လောက် လားလားရှိတဲ့ အိမ်ဝသွား၊ ဆိုင်ရာမိဘအုပ်ထိန်းသူတွေကို ခွင့်တောင်းပြီး ရေလောင်းကြတာပါ။ မိဘတွေကလည်း ခွင့်ပြုကြရတယ်။ရေအလောင်းခံလိုက အိမ်ထဲကထွက် မတ်တတ်ရပ်ပေးကြရုံပဲ။ ရေအလောင်းမခံချင်လို့ အိမ်ထဲမှာ ပုန်းနေတာလည်းရှိတယ်။ သည်လိုများ ထွက်မလာလို့ကတော့ ကိုယ် ရေလောင်းချင်တဲ့ အပျိုမ အိမ်ထဲက ထွက်မလာမချင်း အိမ်ရှေ့ကနေ သံချပ်တွေတိုင်ကြ၊ အော်ကြဟစ်ကြနဲ့ ဆူညံနေပြီသာမှတ်တော့။ မလောင်းရမချင်း မပြန်ကြဘူး။ ကြာတော့ အိမ်ရှင် မိဘမောင်ဘွားများ ကိုယ်တိုင်က ကိုယ့်သမီး၊ ကိုယ့်နှမ ရေလောင်းကြပါစေတော့ရယ်လို့
ထုတ်ပေးကြရတယ်။ ဒါပါပဲ။ ရေလောင်းပြီးတော့လည်း ကျေကျေနပ်နပ် နှုတ်ဆက်ပြီး ပြန်သွားကြတာပါပဲ။ ဟေးဟေးဝါးဝါးပေါ့။ သူတို့ ရေလောင်းခဲ့ရတယ်ပေါ့။ ဒီဓလေ့က မှီမှီတို့ အပျိုကတည်းက ရှိခဲ့တာပါ။ချစ်စရာလည်း ကောင်းပါရဲ့။ မိသား၊ နှမသား၊ ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းကြ၊ ရေလောင်းကြ၊ ပျော်ကြတဲ့ကိစ္စ မဟုတ်လား။ လမ်းပေါ်မှာ ရေစိုကြီးနဲ့ လမ်းသလားနေတဲ့ အပျိုမရယ်လို့ သိပ်မရှိကြဘူး။ မလွဲသာ မရှောင်သာလို့ လမ်းထွက်ရရင်တောင် တဘက်ကြီးတွေခြုံ ထွက်ကြတယ်။ရေစိုရင် အမြင်မတင့်တယ်မှာ အင်မတန် စိုးကြတာကိုး။
“သင်္ကြန်ဆိုတာ အေးမြပါတယ်အေ၊ စိုကောင်းပါတယ် ငါ့တူမရဲ့၊တစ်နှစ်မှ တစ်ခါ သင်္ကြန်ရေထိတော့ အန္တရာယ်ကင်း ဘေးကင်း၊ မှီမှီ
ဖြင့် လောင်းမဲ့သူ မရှိလို့၊ ရှိလို့ကတော့ အလောင်းခံချင်လွန်းလို့မှ”
“ဒါဖြင့်လည်း ကောင်လေးတွေလာရင် မေထွေးအစား မှီမှီပဲ ထွက်အလောင်ခံလိုက်ပေါ့"
“ဟို အဘွားကြီး ဘယ်သူက ရေလောင်းချင်မှာလဲ၊ အဘိုးကြီးတွေက လောင်းမှပဲ”
“အဘွားမကြီးသေးပါဘူး မှီမှီရယ်၊ မှီမှီလည်း အိမ်ထောင်မပြုသေးရင် အပျိုစာရင်းပေါက်ပဲဟာ၊ ဒီအိမ်ရှေ့ကိုလာပြီး ရေလောင်းပါရစေ
ခွင့်တောင်းရင် ငါ့ကို လောင်းကြလို့၊ ငါလည်း အပျိုပဲဟဲ့လို့ ပြောပေါ့မှီမှီရဲ့၊ ဒီကြားထဲက စွံတော့လည်း အမြတ်ပေါ့"
“မိန်းကလေးနော်၊ သင်္ကြန်တွင်းကြီး မဟုတ်ကဟုတ်က ပြောရော့မယ်၊ လာခဲ့ ဒီလောက် ရေကြောက်တဲ့ကလေးမ၊ မှီမှီ လောင်းစမ်းမယ်”
အဒေါ်နှင့် တူမ အိမ်ထဲဝိုင်းထဲမှာပဲ ရေလောင်းကြတာ ပျော်စရာတောင်ကောင်းသေးတယ်။ တူမကို စ,ချင်လွန်းလို့သာ လိုက်လောင်းရတာ၊မောလိုက်တာ။ အင်မတန် ပျော်ရတဲ့ အမောပါပဲလေ။ သည်မြို့ကလေးမှာ မေထွေးကို မေတ္တာရှိကြတဲ့ ကာလသားတွေ အများကြီးရှိပေမယ့် အစ်ကို
နှစ်ယောက်ရဲ့ အရှိန်ကလည်း ရှိပြန်၊ မေထွေး ကိုယ်တိုင်ကလည်း အနေအထိုင် သိုသိပ်ပြန်ဆိုတော့ တော်ရုံလူ အနားမသီဝံ့ကြဘူး။ မေထွေးက
တက္ကသိုလ်ကျောင်းသူဘဝနောက်ပိုင်း ပိုလို့တောင် ဣန္ဒြေကြီးလာသေးတာကော။ တော်ရုံတန်ရုံ မနွံမရေ ကာလသားတွေက စိတ်တောင်မကူးဝံ့ကြ
ဘူး။ ရေလောင်းဖို့တော့ ဝေးရော။
“သင်္ကြန်ကျလို့ ရေပက်တာ
(စိတ်မဆိုးပါနဲ့ နှမလေးရာ)
သင်္ကြန်ရေ အေးအေးလေး
(လောင်းလို့ ပက်လို့မွှေး)
ရေလောင်း ရေပက် မခံရင်ကွယ်
(သိကြားမင်းနဲ့ တိုင်ပြောမယ်)
အိမ်တွင်းအောင်းတဲ့ အပျိုတွေ
(မုဆိုးဖိုနဲ့ ညားပါစေ)
မပက်ရရင် မပြန်ဘူး
(နှစ်သစ် တစ်နှစ်ကူး) : ဟေ.. ဟေး”
“ရေလောင်းချင်လို့ ထွက်ခဲ့ပါဗျို့"
အိမ်ရှေ့မှာ ကာလသားတွေ တရုန်းရုန်း။ အသံတွေကလည်းပွက်လောညံလို့။ မှီမှီတစ်ယောက် နေ့လယ်နေ့ခင်း တစ်ရေးကလေး မှေးချင်သော်မှ ခေါင်းချလို့ မရပါဘူး။ မေထွေးကတော့ သင်္ကြန်ရက်
သုံးလေးရက်မှာ စာအုပ်တွေချည်း တွန်းဖတ်နေတော့တာ။ ဘယ်သူတွေ ဘယ်လောက်အော်အော် လှည့်တောင်မကြည့်ဘူး။ ရေပက်မခံချင်လို့။
မှီမှီက တူဝရီးနှစ်ယောက်စလုံး ထွက်အလောင်းခံရအောင်ပါ ပြောပေမယ့် မေထွေးက မရပါဘူး။ ဇွတ်ပေကပ်နေတော့တာ။ အိမ်ရှေ့ကကာလသား
အုပ်ကလည်း ဒါမျိုးတွေ ကြုံဖူးလှပေါ့။ ပေစောင့်နေကြတာ။ ထွက်မလာရင် မပြန်ဘူးဆိုသူတွေနဲ့ မပြန်မချင်း မထွက်ဘူးဆိုသူတွေ တစ်ချီတစ်
. မောင်း တွေ့ကြပြီပေါ့လေ။ သည်အိမ်က အပျို ရေလောင်းခံဖို့ ထွက်မလာဘူးဟေ့ဆိုတာနဲ့ ကာလသားအုပ်က များများလာလေပဲ။ လူငယ်ကာလသားတွေကလည်း ဒါမျိုးတော့ ညီကြသားကိုး။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ မှီမှီကိုယ်တိုင် အားနာလာတယ်။ တူမကလည်း ပေကပ်ကပ်။
ကာလသားတွေကလည်း ဇွဲကောင်းကောင်း။ ဘယ်လိုများ လုပ်ရပါ့။
ဟော တော်ပါသေးရဲ့။ အကြီးကောင်တွေ ပြန်လာကြပြီ။ ကိုကိုကြီးနှင့် ကိုကိုလေး ပြန်လာတော့မှ မှီမှီ အားရှိသွားတယ်။ ခြံဝင်းတံခါးကို
ပြေးဖွင့်ပေးလိုက်တော့ ကာလသားအုပ်ကပါ ဝင်လိုက်လာကြပါရော။ဒါက ထုံးစံဆိုတော့ အစ်ကိုတွေကလည်း မတားသာဘူး။ သူတို့ကိုယ်
တိုင်ကလည်း သူတကာ နှမအပျိုတွေကို လိုက်လောင်းနေကြတာဆိုတော့
စိတ်ဆိုးမဖြစ်ဘူး။
“အိမ်ရှေ့မှာ ဒီလောက် လူအုပ်ကြီး တောင့်နေတာကို ရေလောင်းခံ မထွက်ကြဘူးလား၊ မေထွေးရော၊ ထွက်ပေးလိုက်လေ”
မှီမှီက အကျိုးအကြောင်း ပြောပြလိုက်တော့ အစ်ကိုနှစ်ယောက်စလုံး မေထွေး ပုန်းနေတဲ့ အိမ်အပေါ်ထပ်ကို ပြေးတက်သွားကြလေရဲ့။ ပြီးတော့
မေထွေးကို တစ်ဖက်တစ်ချက် လက်မောင်းရင်းကနေ တိုက်ဆွဲလာခဲ့ကြရော။ ကိုင်း လောင်းလိုက်ကြစမ်းဆိုတဲ့ မျက်နှာတွေနဲ့။ အိမ်ရှေ့ကွက်လပ်ကိုရောက်တော့ ကာလသားအုပ်ကဆွဲပုံးကိုယ်စီနဲ့ ခပ်လာတဲ့ရေ တစ်ယောက် တစ်ဖလား ဝိုင်းလောင်းလိုက်ကြတာ မေထွေးခမျာ ကြွက်စုတ် ရေမွန်းနေတဲ့အတိုင်းပဲ။ ကာလသားတွေ ရေလောင်းတာကို အစ်ကိုတွေက တဝါးဝါး။ မေထွေးကတော့ နှုတ်ခမ်းကြီးတော်ထားရင်းက ရေချိုးခန်းထဲ ပြေးရတော့တာပေါ့။ မှီမှီကလည်း ဝမ်းသာတာပါပဲ။ ဒါ
ချစ်စရာကောင်းတဲ့ ဓလေ့ပဲလို့လည်း တွေးတယ်။ သင်္ကြန်ရေကို အကြောင်းပြုပြီး သူ့နှမ ကိုယ့်နှမ ဖြူစင်တဲ့ မေတ္တာစိတ်အရင်းခံနဲ့ ရေလောင်းကြ
တာမဟုတ်လား။ မေတ္တာဖြန့်ချင်သူနဲ့ မေတ္တာခံယူသူ။ မေတ္တာဓာတ်ဟာ ငြိမ်းအေးပါတယ်။ သည်ဓလေ့ကလေး ပျောက်မှာတောင် စိုးမိသေးတယ်။
အငြိုးအာဃာတ အမျက်စောင်းမာန် မရှိခြင်းဟာ မေတ္တာရဲ့ သင်္ကေတမဟုတ်လား။
(၃)
မှီမှီ အသက်ခြောက်ဆယ် တင်းတင်းပြည့်တဲ့ သင်္ကြန်တစ်နှစ်တုန်းကပါ။ အစ်မကမွေးတဲ့ တူ, တူမ သုံးယောက်စလုံး အိမ်ထောင်တွေကျကြလို့ သားတုံးလုံး မြေးတုံးလုံး ဖြစ်နေကြပြီ။ ကိုကိုကြီးကဆိုရင် ဦးဆုံး အိမ်ထောင်ကျခဲ့တော့ သားနှစ်ယောက် သမီးတစ်ယောက်တောင် ရပြီ။ကလေးတွေက အရွယ်တွေတောင် ရောက်ကြပါပြီ။ ကိုကိုကြီးက တစ်မြို့တည်း နေကြတယ်ဆိုပေမယ့် တစ်အိုးတစ်အိမ်နဲ့ နေတာဆိုတော့ နေ့တိုင်းမရောက်သော်မှ မကြာမကြာ ဝင်လာတတ်တယ်။ ကိုကိုကြီး သားသမီးတွေထဲက သားအကြီးဆုံး ကိုဝမ်းနဲ့ အလတ်ကောင် ကိုတူးတို့ နှစ်ယောက်
ဆိုရင် မှီမှီနဲ့အတူ လာနေကြပြီ။ ကိုကိုကြီးသမီး အငယ်ဆုံးမ ချိုချို့ကတော့ ငယ်လည်း ငယ်သေးတော့ မအေနဲ့ ခွဲမဖြစ်သေးဘူး။
ကိုကိုလေးကတော့ သူ့ဇနီး အလိမ္မာ အိမ်ပါကလေးနဲ့ မှီမှီတို့ အိမ်ကြီးထဲမှာ တစ်သိုက်တစ်မြုံ
အတူနေကြတာပါ။ သူကလည်း သမီးနှစ်ယောက်၊ သားတစ်ယောက်ရပြီ။သမီးနှစ်ယောက်က အပျိုပေါက်ကလေးတွေ ဖြစ်ကြပြီ။ ငြိမ်းနဲ့ စိမ်းတဲ့။
တစ်ခါမွေးနှစ်ကောင် အမြွှာညီအစ်မဆိုတော့ သည်နှစ် ကိုးတန်း အတူတက်နေကြပြီ။ ဒီအသိုက်အမြုံက သူနဲ့အတူ နေကြတာဆိုတော့ မှီမှီ
လက်ဝယ်ကြီးလို့တောင် ပြောဖြစ်ပါရဲ့။ သူတို့ရှိနေလို့ အသက်ရှည်ရတယ်လို့တောင် အောက်မေ့မိတယ်။
သင်္ကြန်ရောက်တိုင်း မေထွေးကိုလည်း မဖြစ်မနေ မျှော်ရတယ်။မေထွေးတို့များ အိမ်ထောင်ရယ်လို့ ကျပါပြီဆိုကတည်းက မှီမှီလောင်းရိပ်အောက်က ထွက်သွားလိုက်တာ စုတ်စုတ်ကိုကန်းရော။ မေထွေးက မှီမှီတို့မြို့ကို တာဝန်နဲ့ရောက်လာတဲ့ တိုက်နယ်ဆရာဝန်ကလေးနဲ့ အကြောင်းပါရာက ယောက်ျား နယ်ပြောင်းရာနောက် တကောက်ကောက်
လိုက်နေရတာလည်း သိပါရဲ့။ မှီမို့ဆီကိုလည်း တစ်ခါတလေ ငွေကြေးလေး၊ ပစ္စည်းကလေးရယ်လို့ မှန်မှန်လှမ်းကန်တော့ရှာပါရဲ့။ ခရီးခတင်း
သွားရေးလာရေးကြောင့် စိတ်ရှိတိုင်း ရောက်မလာနိုင်ပေမယ့် နှစ်စဉ်သင်္ကြန်ရက် ရောက်ပြီဆိုရင်တော့ မဖြစ်ဖြစ်အောင် ဒရွတ်သီးသီး ရောက်
လာတတ်တယ်။ ဝေးတော့လည်း ဝေးလို့၊ နီးတော့လည်း နီးလို့ မရောက်ရောက်အောင်တော့ လာတာပါပဲ။ မေထွေးတို့ မိသားစု ရောက်လာပြီဆို
ရင်တော့ လူစုံပြီ။ မှီမှီတို့ အိမ်ကြီးထဲ စကားသံတွေညံလို့။ မေထွေးကလည်း သားတစ်ယောက်၊ သမီးတစ်ယောက် ရ,ထားပြီဆိုတော့ ကသီမယ်
ဆိုရင် ကသီရှာမှာပဲ။ ကလေးနှစ်ယောက်က လူလားမြောက်နေကြပါပြီ။သင်္ကြန်တစ်ခေါက်ကများဆို မေထွေး မြို့ကို ပြန်လာတော့ ကိုယ်ဝန်
အရင့်အမာကြီး လွယ်လိုက်လို့။
“အို မေထွေးရယ် မပေါ့မပါးကြီးနဲ့ကွယ်၊ မွေးဖွားပြီးမှ လာရောပေါ့”
“မေထွေး ကျန်းမာပါတယ် မှီမှီရဲ့၊ တစ်နှစ်မှ တစ်ခါ မှီမှီကို လာတွေ့ရတာ၊ မလာဘဲ မနေနိုင်ပေါင်၊ ကိုကိုကြီးတို့ ကိုကိုလေးတို့ မိသားစုနဲ့လည်း တွေ့ရတာပေါ့။ မေထွေးရဲ့ ဇာတိမြို့ကလေးကိုလည်း ရောက်ရတာပေါ့။ မှီမှီမွေးနေ့က သင်္ကြန်အကြိုနေ့ဆိုတော့ ထီသည်တွေဆီက သင်္ကြန်သီချင်းဖွင့်သံ ကြားပြီဆိုရင်ကို မေထွေး ပျော်နေတော့တာ”
အိမ်ရှေ့က ပိတောက်ပင်ကြီးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကအတိုင်း ဖူးကြတုန်း၊ ပွင့်ကြတုန်း။ သီတင်းဝါရောင်နှင့် ပိတောက်ပွင့်
တွေက သင်္ကြန်ရောက်တိုင်း ပင်လုံးဖုံးအောင် ထိန်လို့တောက်လို့။ခြံဝင်းထောင့် ရေတွင်းနံဘေးက စံပယ်ရုံကြီးဆိုရင် စင်ရိုက်ပြီး ထိုးတင်
ထားရတယ်။ အိမ်အပေါ်ထပ်က လှမ်းကြည့်ရင် စံပယ်ဖူးတွေ၊ စံပယ်ပွင့်တွေဆိုတာများ အရွက်စိမ်းစိမ်းကြား ထုံးပက်ထားသလို ဖွေးဖွေးလှုပ်။
သည်ပိတောက်ပန်းတွေ၊ စံပယ်ပန်းတွေကို အလုအယက် အပြိုင်အဆိုင်ခူးကြ သီကြ လုပ်နေကြတဲ့ မြေးတူ၊ မြေးတူမတွေကိုကြည့်ရင်း မှီမှီ
အင်မတန် ကြည်နူးရတယ်။ တူ၊တူမ သုံးယောက်က ပေါက်ဖွားလာတဲ့ မြေးတွေကလည်း သူတို့မိဘတွေ ခေါ်ကြသလို မှီမှီလို့ပဲ ခေါ်ကြတယ်။ကံကောင်းတာက ဒီမြေးတွေ အားလုံးကလည်း မှီမှီ့ကို ချစ်ကြတာ ပါပဲ။သင်္ကြန်အကြိုနေ့ဟာ အဘွားမှီ မွေးနေ့ဆိုတာ အားလုံးက သိကြတယ်။အလေးအမြတ်လည်း ရှိကြပါရဲ့။ တစ်နှစ် တစ်ခါ သင်္ကြန်အကြိုနေ့
ရောက်ပြီဆိုရင် အိမ်ကြီးမှာ သံဃာတော်တွေကို ဆွမ်းကျွေးနေကျ။ သည်လို လှူနိုင်တန်းနိုင်အောင် မောင်နှမသုံးယောက်စလုံး ငွေစုပြီး မှီမှီကို ကန်
တော့နေကျ။ အကြိုနေ့မတိုင်ခင် တစ်ညလုံး ခြံထဲမှာ မီးဖိုကြီးတွေနဲ့ ချက်ကြပြုတ်ကြ။ တူဝရီးတစ်တွေ ညလုံးပေါက် စကားတွေထိုင်ပြော
ကြနဲ့။ သိုက်သိုက်ဝန်းဝန်း ရှိလိုက်ပုံများ။ အကြိုနေ့မနက် ဆွမ်းကပ်လှူဒါန်း၊ဧည့်ပရိသတ်ကို ကျွေးမွေးပြီးပြီဆိုတာနဲ့ မြေးတွေက ရေပက်ခံဖို့ မြို့ထဲလည်
ကြပြီ။
“မှီမှီမြေးမတွေကို ကြည့်စမ်းပါဦး၊ မေထွေးတို့တုန်းကနဲ့ မကွာလား”
မြေးမတွေအားလုံး အစ်ကိုတွေနှင့်လိုက်ဖို့ ပြင်ဆင်နေကြတာကိုကြည့်ရင်း မေထွေးက ပြောလိုက်တာပါ။ မျက်နှာမှာ ရေစိုခံမိတ်ကပ်တွေ ။
ပိန်းနေအောင် လိမ်းကြလို့၊ နှုတ်ခမ်းနီ၊ ပါးနီတွေ ရဲနေအောင် ဆိုးကြလို့။ဝတ်ကောင်းစားလှတွေ ဝတ်ကြလို့ ရေပက်ခံထွက်မှာကိုပဲ ပွဲနေပွဲထိုင်
သွားမယ့်အတိုင်း။ သူတို့ခေတ်နဲ့ သူတို့ဆိုတော့ မပြောသာပါဘူး။
"မေထွေးတို့ အပျိုတုန်းက ကိုယ့်ကို ရေလောင်းပါ ရစေ ဆိုတာတောင် ထွက်အလောင်းမခံချင်လို့ ပုန်းလိုက်ရတာ၊ သင်္ကြန်ဆို အိမ်ထဲ လေးရက်လုံးလုံး အောင်းနေရတာနော်။ သူတို့ခေတ်ကျတော့ ရေပက်ခံချင်လို့ တမင် ကားနဲ့လှည့်ကြသေးနော် မှီမှီ”
“ကောင်းပါတယ် မေထွေးရယ်၊ သင်္ကြန်ရေဆိုတာ ထိကောင်း စင်ကောင်းတယ်။ အန္တရာတ်ကင်းတယ်၊ ကလေးတွေ မီးနဲ့ပျော်ကြတာ မဟုတ်ပါဘူးအေ၊ ရေနဲ့ပျော်ကြတာပါ၊ ပျော်ကြပါစေ။ အစ်ကိုတွေ
မောင်တွေနဲ့ သွားကြတာပဲဟာ၊ ပူမနေပါနဲ့ကွယ်”
“ပူလို့ပြောတာ မဟုတ်ပါဘူး မှီမှီရယ်၊ ဖြစ်လာတဲ့သဘောကို ပြောချင်တာပါ”
“အင်း ခေတ်ကာလသဘောကိုတော့ မှီမှီ နားမလည်လှပေါင်ကွယ်၊မှီမှီကတော့ လူပျိုတွေက အိမ်ရှေ့ကနေ မိန်းမပျိုကလေးတစ်ယောက်ကို
ရေလောင်းပါရစေလို့ ခွင့်တောင်းပြီး ရေလောင်းကြတဲ့ ဓလေ့ကလေးကိုတော့ အနှမြောသား”
မှီမှီ အသက်ခြောက်ဆယ်ပြည့် မွေးနေ့ သင်္ကြန်ရက်တွေတုန်းက မေထွေး ရောက်လာခဲ့တာ နောက်ဆုံးလို့ ပြောရမှာပါ။ သင်္ကြန်ပြီးလို့ မေထွေးတို့ ပြန်ကြတော့ မှီမှီကိုယ်တိုင် ဘူတာရုံကလေးကို လိုက်ပို့ခဲ့ပါ
သေးတယ်။ သန်းခေါင်သန်းလွှဲမှ ဘူတာထဲဝင်လာတတ်တဲ့ ရထားကြီးကို တူဝရီးတစ်တွေ ထိုင်စောင့်ရင်း စကားကောင်းနေခဲ့ကြသေးတာကော။
မေထွေးတို့မိသားစု ရထားကြီးပေါ် ပါသွားတော့မှ မှီမှီတို့ အိမ်ပြန်ခဲ့ကြတယ်။ မေထွေးက နောက်နှစ် သင်္ကြန်ရက် ဆက်ဆက်လာခဲ့မယ်ဆို
တာလည်းပါရဲ့။ ဒါပေမယ့် မလာနိုင်တော့ပါဘူး။
သင်္ကြန်ရက် မရောက်ခင် နှစ်လ သုံးလလောက်က မေထွေးတို့မိသားစု သြစတြေးလျကို ထွက်ခွာသွားခဲ့ကြတယ်။ ခင်ပွန်းသည် သွားလေရာ သျှောင်နောက်ဆံထုံးပါရရှာတဲ့ မေထွေးခမျာ စိတ်ရှိဦးတော့
မရောက်နိုင်တော့ပါဘူး။ အနှစ်နှစ်ဆယ်အတွင်း မေထွေး မှီမှီဆီကို နှစ်ခေါက်လား သုံးခေါက်လားပဲ ပြန်လာနိုင်ခဲ့တယ်။ ဒါကလည်း မှီမှီ့မွေးနေ့ သင်္ကြန်အကြို ရက်တွေမှာ မဟုတ်ပါဘူး။ အဆင်ပြေသလို လာရတာဆိုတော့ သင်္ကြန်ရယ်၊ ဘာရယ် တွက်မနေနိုင်ရှာပါဘူး။ လူမြင်ရတာ ကျေးဇူးတင်ရသေးတာကော။ လာရသခိုက် အဒေါ်ဖြစ်သူ မှီမှီကို ဖက်ဖက်
ငိုရသေးတာ။ “ညည်းနှယ်အေ သင်္ကြန်ဝေးတဲ့အရပ်များ ရောက်ရတယ်လို့”လို့လည်း ညည်းမိတယ်။
( ၄ )
မေထွေးတစ်ယောက် ပေါ်မလာနိုင်တော့တဲ့နောက် ကိုကိုကြီး၊ကိုကိုလေး မိသားစုတွေကပဲ မှီမှီ့မွေးနေ့ကို သိုင်းခဲ့ဝိုင်းခဲ့ကြရတယ်။ မှီမှီ့မွေးနေ့ ဆိုတာထက် သည်မွေးနေ့ကို အကြောင်းပြုပြီးညီအစ်ကိုမောင်နှမ၊ဆွေမျိုးတစ်စု ဆုံကြ ကြုံကြတာကို ဆိုလိုချင်တာပါ။ သူတို့လည်း သူတို့
ဘဝတွေနဲ့ သူတို့ဆိုတော့ မိသားစုတွေ ဝါးစည်းပြေသလို တစ်လုံးစီ ကွဲထွက်သွားကြရာက မှီမှီ့မွေးနေ့ရယ်လို့ ရောက်ရာအရပ်က ပြန်မလာ
နိုင်ကြတော့ဘူး။ သမုဒ္ဒရာ အူဂင်္ဂါ ဆိုသလို ရှာဖွေစားသောက်နေကြရှာတဲ့ မြေးတွေ၊ မြစ်တွေကိုလည်း မှီမှီ အပြစ်မဆိုချင်တော့ဘူး။ ဘာပဲဖြစ်ဖြ
သူတို့ကိုယ်တိုင် မြို့ကလေးကိုတော့ လွမ်းနေကြလိမ့်မယ်ဆိုတာ မှီမှီယုံတယ်။ အထူးသဖြင့် အခုလို သင်္ကြန်ရက်ဦး မှီမှီမွေးနေ့ကို အကြောင်း
ပြုပြီး ညီအစ်ကို မောင်နှမတစ်တွေ တစ်စုတစ်ဝေးကြီး ဆုံတွေ့ကြတာကို သူကလေးတွေ အူပေါက်အောင် လွမ်းနေကြမယ်ဆိုတာ မှီမှီ သိပါရဲ့။
မြန်မာတွေကိုး။
အသက်ခြောက်ဆယ် နောက်ပိုင်းရက်တွေကတော့ မှီမှီ့အတွက် လွမ်းရက်တွေပါပဲ။ သူ့ဘဝတစ်လျှောက်လုံးမှာ သည်ဘက်နှစ်တွေလောက်
ရင်ထဲမချမ်းသာတာမျိုး မရှိခဲ့ဘူး။ အနှစ်နှစ်ဆယ် ခရီးတစ်ထောက်စာက မှီမှီကို သဘာဝအရ အိုမင်းသွားစေခဲ့တယ်ဆိုပေမယ့် အိုစနာကြီးကျသွား
လိုက်တာ လူတင်မက စိတ်တွေကပါ အိုသွားခဲ့တယ် ထင်ပါရဲ့။ ဘယ်သူဘယ်သူ့ကိုမှလည်း မျှော်လင့်ပြီး ထားနိုင်တော့တာမျိုးလည်း မရှိတော့
ဘူး။ အခုတော့ မှီမှီလည်း အသက်ရှစ်ဆယ် တင်းတင်းပြည့်ပြီ။
တစ်ချိန်က သင်္ကြန်ဆိုတဲ့ သဘောအဓိပ္ပာယ်တွေလည်း မှီမှီ့မှာ မရှိတော့ပါဘူး။ သင်္ကြန်ရောက်ရင် မွေးနေ့ကို ရောက်တာပဲ။ အရင်တုန်းက
ရောက်ရာအရပ်က တူ တူမတွေ၊ မြေးတွေ၊ မြစ်တွေ တဖွဲဖွဲရောက်လာကြ၊ခြံကြီးထဲမှာ လူတရုန်းရုန်း၊ မီးခိုတအူအူနဲ့ အရုဏ်ဆွမ်းကပ်ဖို့ ချက်ကြ၊
ပြုတ်ကြ၊ ပန်းတွေခူးကြ၊ ရေပက်ခံထွက်သူတွေက ထွက်ကြ၊ အပျိုကလေးတွေကို ရေလောင်းချင်လို့ အိမ်ရှေ့ကနေ သံချပ်တွေတိုင်ကြ၊ ရေလောင်း
ပါရစေ ခွင့်တောင်းကြ၊ သင်္ကြန်ဆိုတာ မှီမှီအတွက်တော့ မြန်မာမိသားစုဆိုတဲ့ အမြုံကြီးတစ်မြုံလုံး မေတ္တာခင်းတဲ့ ပွဲလို့တောင် ခံယူထားတာ
မဟုတ်လား။ အခုများ ဘယ်လိုကဘယ်လို ဖြစ်ကုန်ကြတာလဲ။ မှီမှီ့မျက်စိနှစ်လုံး မပိတ်သေးခင်တောင် အမြဲကြီးကို ပြန်စုချင်လို့ မလွယ်တော့။
မနေ့တစ်နေ့ကပဲ အဝေးရောက်မြေးတွေ ပေးပို့လိုက်တဲ့ စာကလေးတစ်စောင် မှီမှီ ရခဲ့။ သည်စာကလေးက မှီမှီ့ဆီကို သူတို့ကိုယ်စား ရောက်လာတဲ့ သင်္ကြန်တမန်စာ၊ ဒါမှမဟုတ် မွေးနေ့သဝဏ်လွှာ၊ ဒါမ
မဟုတ် ဇာတိအလွမ်းစာလို့ ဆိုရမယ်ထင်ပါရဲ့။ စာဖတ်ရင်း မှီမှီ ငိုရသေးတာပါ။
မှီမှီ
သည်နှစ်သင်္ကြန်မှာ မှီမှီအသက် ရှစ်ဆယ်ပြည့်နှစ် မွေးနေ့သင်္ကြန်နော်၊ သားတို့ သမီးတို့အားလုံး မှီမှီကိုရော၊ မှီမှီကျေးဇူးတရားကိုရော သတိတရ ရှိကြပါတယ်။ လာချင်လိုက်ကြတာလည်း အရမ်းပဲ။ အိမ်ရှေ့က ပိတောက်ပင်ကြီး အဖူးတွေဝေနေလောက်ရောပေါ့။ စံပယ်ရုံကြီးရော ရှိသေးလား။ သည်မှာတော့ နှင်းဆီတွေပေါတယ်။
ပိတောက်နဲ့ စံပယ်တော့ မရှိသလောက် ရှားတယ် မှီမှီရေ။သင်္ကြန်မိုးကလေးက တစ်ပြိုက်နှစ်ပြိုက် ရွာချလိုက်လို့ ထောင်းခနဲ ထ,လာတတ်တဲ့ မြေသင်းနံ့မျိုးက ဒီမှာ ဘယ်ကမှ မရနိုင်ဘူးလေ။
မြေသင်းနံ့တောင် လွမ်းမိပါရဲ့။ အထူးသဖြင့် မှီမှီ့ခြံကြီးကို လွမ်းလိုက်တာ။
မြေကြီးပေါ်မှာ ဆောက်ထားတဲ့ ရေနံချေးသုတ် ပျဉ်ထောင်အိမ်ကြီးရယ်၊ သစ်ပင်ပန်းပင်တွေနဲ့ ဝေဆာအုံ့ဆိုင်းနေတဲ့ ရေတွင်းကုန်းကလေးရယ်၊ ပြီးတော့ မှီမှီ့မွေးနေ့ သင်္ကြန်အကြိုနေ့ရယ်၊
အားလုံးကို လွမ်းမိပါတယ်။ မှီမှီကိုယ်တိုင်လည်း ဒီခြံကြီးထဲမှာ အနှစ်ရှစ်ဆယ်တိုင် အသက်ရှည်ရှည်၊ အနာမဲ့မဲ့ နေနိုင်သေးတာကိုပဲ ဝမ်းသာကြရပါတယ်။ ဒီထက် အသက်ရှည်ရှည် နေပါဦး မှီမှီ။
ကျွန်တော်တို့တစ်တွေ ပြန်လာနိုင်တဲ့တစ်နေ့ မှီမှီ့မွေးနေ့ သင်္ကြန်ပွဲကလေး အတူနွှဲခွင့် ရနိုင်ကောင်းပါရဲ့။ မှီမှီ ကျန်းမာပါစေ။
သားသမီး မြေးတစ်စု
ခေတ္တ ဩစတြေးလျ
သည်စာကို မှီမှီ အခေါက်ပေါင်းများစွာ ဖက်မိတယ်။ ပြန်ဖတ်မိလေတိုင်းလည်း ရင်နာပြုံး ပြုံးမိပါရဲ့။ ဘာကို ရင်နာရတာလဲဆိုတာ မှီမှီကိုယ်တိုင်လည်း မသိပါဘူး။ မြေးတွေ ရေးလိုက်သလို ဒီထက် အသက်ရှည်အောင် နေဖို့ဆိုတာတော့ ကံ,ကံရဲ့အကျိုးပေါ့လေ။ သီလကောင်းရင်တော့ တောင့်ခံနိုင်ကောင်းပါရဲ့။သင်္ကြန်ပေါင်း ရှစ်ဆယ်တိုင်အောင် သည်ဝင်း၊
သည်ခြံကြီးထဲက မခွာစတမ်းနေပြရင်း တောင့်ခံနေတဲ့ အဘွားအိုမှီမှီကတော့ ရှစ်ဆယ်ပြည့်မွေးနေ့ မနက်မှာ ဆွမ်းကလေးတစ်ချိုင့် ပို့နိုင်ဖို့တောင်
နဲ့တဲ့တဲ့ပါလေ။ ။
တစ်နှစ်တစ်ခါ သင်္ကြန်ကတော့ ကျမြဲ။ မှီမှီ့မွေးနေ့ကိုလည်းရောက်မြဲ။ မှီမှီကတော့ မြို့ကလေးရဲ့ ရေပက်ဓလေ့ကလေး ပျောက်သွားမှာကို နှမြောမိသလို သင်္ကြန်ရက်ကို အကြောင်းပြုပြီး မိသားစုတွေ
ဆုံကြတဲ့ ဓလေ့ ပျောက်သွားတာကိုလည်း ဝမ်းနည်းလို့မဆုံးဘူး။ သည်ဓလေ့ကလေးတွေက မှီမှီတို့ လူမျိုးအတွက်တော့ အင်မတန်မှ တန်ဖိုးကြီးမား
တာ မဟုတ်လား။
-------------
ခင်ခင်ထူး
Family မဂ္ဂဇင်း
(၂၀၀၈) ခုနှစ်၊ ဧပြီလ
#Typing_crd_ZawOo