Friday, 26 October 2018

သုညနှင့် ကိန်းဂဏန်းများ တင်မောင်သန်း

သုညနှင့် ကိန်းဂဏန်းများ


"""""""""""""""""""""""""""""""""""


တင်မောင်သန်း


( ဇာတ်သိမ်းပိုင်း)


ပလတ်စတစ်အိတ်ငယ် အတွင်းသို့ ဆေးပြားများ ထည့် သည်။ ဓာတ်ဆားထုပ် တစ်ထုပ် ကိုလည်း တွဲလျက်အမေဖြစ်သူ အား ကမ်းပေးလိုက်သည်။


‘‘မှတ်မိတယ်နော်...အမေ’’


‘‘တစ်မျိုးကို တစ်ခြမ်းစီ။ မနက်တစ်ကြိမ်...နေ့လယ်တစ် ကြိမ်...ညတစ်ကြိမ်’’


‘‘ဟုတ်’’


‘‘ဝမ်းရပ်တာထက် ကလေး ကိုယ်ထဲ ဓာတ်ဆားရည်ဝင်သွား ဖို့ ပိုအရေးကြီးတယ်’’


‘‘ဟုတ်’’


‘‘သြော်... ပြီးတော့ အမေ့ လက်သည်းတွေ ညှပ်ပစ်စမ်းပါ။ ထမင်းမစားခင် ဆပ်ပြာနဲ့ လက် ဆေးပါ’’


‘‘ဟုတ်’’


‘‘ဝမ်းပျက် ဝမ်းလျှောရတဲ့ အကြောင်းတွေကို ကျွန်တော် ပြောခဲ့ပြီးပြီနော်။ နောက် ဂရုစိုက် ပေါ့ အမေ’’


‘‘ဟုတ်’’


လိုက်နာတာ...မလိုက်နာ တာ အပထား။ ကျွန်တော်က တော့ တော်တော် ကျေနပ်သွား သည်။ ဖြစ်ခါစ ဆရာဝန်တို့၏ ထုံးစံအတိုင်း ကျွန်တော်သည် ရောဂါကွင်းဆက်များကို စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။ အိမ် သာ... ယင်... အစားအသောက် ... တစ်ကိုယ်ရေသန့်ရှင်းမှု...။


အမေသည် ကလေးကို ရိုး ရိုးချီထားရာက ခါးထစ်ခွင် အနေ အထားသို့ ပြောင်းလိုက်၏။ လက်ထဲတွင် ကျစ်ကျစ်ဆုပ်လာ သော ကျန်တန်ရွက်လေးများကို ဖြန့်လာသည်။ အသစ်ကျပ်ချွတ် မဟုတ်ဘဲ နွမ်းနွမ်းရိရိ ဖြစ်နေပါ လျက် ကျွန်တော့်မျက်လုံးများ သည် မွန်းတည့်နေကို ကြည့်လိုက် ရသလို စူးရှပူစပ်သွားကာ ကပ် ထရံဆီသို့ အကြည့်ကိုလွှဲလိုက်မိ လေသည်။


‘‘ဆရာ ဘယ်လောက်ကျလဲ’’


ကျွန်တော် ချက်ချင်းပြန် မဖြေနိုင်။ စပ်ဖာဖာထားသော ချည်ကြမ်းထဘီနွမ်းလျလျနှင့် ၁/၂၀ သမ ထုတ် ယောက်ျား ဝတ် လုံချည်စကို လက်ဖြင့် ဖြစ် သလို သီချုပ်ထားသော စပ်လုလု အင်္ကျီတို့အား ကျွန်တော့်အမြင် အာရုံက ထင်ထင်ရှားရှား လာ တွေ့နေသည်။ ကျွန်တော်သည် နှုတ်မှ ခုနစ်ကျပ်ဟု ထွက်လိုက်ရ မှာ ဝန်လေးနေသည်။ မပေးပါနဲ့ ဗျာဟု ပြောလိုက်ချင်သော်လည်း ကျွန်တော့်မှာ အင်အားမရှိပြန် ပေ။ ဘာမဟုတ်သော ခုဂဏန်း လေးတစ်လုံးနှင့် တဒင်္ဂမျှ ကျွန် တော် လုံးထွေးနေလေသည်။


‘‘အဆင်ပြေသလောက် ပေး ခဲ့ပါဗျာ’’


ကျွန်တော့်ကို မော်မကြည့်ရဲ သလို ခေါင်းငုံ့သည်။


‘‘ဘယ်လိုမှတော့ မအောက် မေ့ပါနဲ့ဆရာ’’ တိုးညင်းသောလေ သံဖြင့် တောင်းပန်စကားဆိုသေး သည်။ ကျပ်တန်လေးများ ကမ်း လာတော့ ကျွန်တော် အားနာနေ သည်။ စိတ်များ လေးလံနေလျက် ရေတွက်မနေတော့ဘဲ အိတ် ထောင်ထဲသို့ လုံးထွေးထည့်လိုက် ၏။


ဝေး...ဝေးသွားသော ပထမ ဆုံးလူနာ၏ ကျောပြင်ကိုငေးမော ရင်း ကျောင်းမှာသင်ခဲ့ရသည့် ကာကွယ်ရေးနှင့် လူမှုရေး ဆေး ပညာကို ကျွန်တော် သတိရလေ သည်။ မရှိခြင်း ...မသိခြင်း မကျန်းမာခြင်း...‘မ’ ကွင်းဆက် များ။


ကျွန်တော် သက်ပြင်းရှည် တစ်ချက် ချလိုက်မိသည်။ ရုတ် တရက် ဝင်ရောက်လာသော အတွေးတစ်စက မြည့်နေသော သွားများဖြင့် ဦးနှောက်ကို ကျား နာခဲ ကိုက်ခဲလာ၏။ ချွန်မြသော လက်သည်းများဖြင့် နှလုံးသား နံရံများကို ရန်လို ကုတ်ခြစ်လာ၏။


ကျွန်တော်သည် ထိတ်လန့် တကြားဖြင့် ဘယ်ဘက်ရင်ဘတ် အိတ်ထောင်အား ယောင်ယမ်း စမ်းလိုက်မိလေသည်။


* * *


သည်နေရာကို ရွေးခဲ့တာ ဘယ်သူလဲ။


ရှိပြီး ဆေးခန်းတွေကို တိုး ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဘယ်သူ လဲ။


အခန်းငှားခ စပေါ်ငွေငါးရာ တင်ရင် ပြန်တောင်းရခက်မှာစိုး လို့ တစ်လ တစ်ရာ့လေးဆယ်နဲ့ ခြောက်လအတွက် ငွေရှစ်ရာ့ လေးဆယ် ကြိုပေးထားဖို့ စတင် ကမ်းလှမ်းခဲ့တာကော ဘယ် သူလဲ။


ကျွန်တော်ပါပဲ...။


နေရာကို စဉ်းစားသောအခါ ကျွန်တော် အဓိကထားခဲ့သည်က တော့ အမေနှင့် ဝန်ထုပ်ဝန်ပိုးဖြစ် သည်။ ကျွန်တော့်အတွက် အမေ ၏ သွေးတိုးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါသည် အရေးကြီး သော အချက်အလက်များဖြစ် သည်။ ဘယ်အချိန်မှာမဆို ရှင် သန်ခြင်းမှ ခေါက်ခနဲ ခွေကျ သွားနိုင်သော အခြေအနေတွင် ကျွန်တော် အဝေးသို့မသွားလို။ အမေ့အပါးမှာ ကျွန်တော်ရှိနေ ချင်သည်။ အစ်မကတော့ သား ဆရာဝန်တစ်ယောက်လုံး ဖြစ်နေ လျက် အခြားသူနှင့် မပြသချင်။ ကိုယ်ပျိုးထောင်ခဲ့သော အပင်မှ ဝေဆာလာသော သစ်သီး၏ ချို မြိန်ခြင်းရသကို ဥယျာဉ်မှူးတိုင်း ခံစားချင်ပေလိမ့်မည်။ ကျွန်မ မောင်က ... ဟု မိတ်ဆက်ဂုဏ်ယူ ချင်တာလည်း ပါပေလိမ့်မည်။


အမေ့အတွက်ကတော့ ကျွန်တော် သူ့အပါးရှိနေခြင်းကို က အရေးကြီးသော အချက် အလက်ဖြစ်သည်။ ဆရာဝန့် အမေတို့၏ ထုံးစံအတိုင်း အိမ် ထောင်ပြုမည့် အရွယ်ဆိုတော့ သင့်တော်တာ၊ မသင့်တော်တာ တွေလည်း ပူပန်ပေလိမ့်မည်။ စားရေးသောက်ရေး၊ နေရေး၊ ထိုင်ရေးကအစ လူကြီးပီပီ တွက် ချင့်ပေလိမ့်မည်။


အစစအရာရာကို ချင့်ချိန်၍ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချစွာ ဖြင့် ကျွန်တော် ဆုံးဖြတ်ခဲ့သည်။


သို့သော် ကျွန်တော် မျှော် လင့်သလို ဖြစ်မလာ။ သုညမှ လွတ်မြောက်လာသော်လည်း ကျွန်တော်သည် သင်္ချာ၏ အခြေ ခံအကျဆုံး ဂဏန်းအရေအတွက် များပေါ်တွင် လျှောက်နေရဆဲရှိ လေသည်။ တစ်နာရီလျှင် လူနာ တစ်ယောက်နှုန်းမျှပင် ကျွန်တော့် ဆီမလာသေး။ တစ်ခါတစ်ရံ အိမ် အပြန် အမေ့ကို အပ်နိုင်သည့်ပိုက် ဆံ ဆယ့်လေးကျပ်မျှသာ ရှိသည်။ နားလည်ထားကြသော ဆရာဝန် ဆိုသည့်အလုပ်နှင့် ဘယ်လိုမျှ ယုံကြည်ဖွယ်ရာ မရှိ။ ကျွန်တော် ကိုယ်၌လည်း ကိုယ့်လုပ်ငန်း၏ အတိုင်းအတာကို ဘယ်အခါကမျှ သည်လောက်နှိမ့်မတွက်မိချေ။ ပြက္ခဒိန်ရွက်ကြီး သုံးရွက်သာ ကျွန်တော် လှန်ခဲ့ရသည်။ အမေ့ ကို တစ်နေ့ငါးဆယ်ပြည့်အောင် ကျွန်တော် မပေးနိုင်သေးပေ။


အသက်မွေးဝမ်းကျောင်းမှု ၏ ကြားခံပစ္စည်း ငွေမရရှိသည် ထက် မအောင်မြင်သူတစ် ယောက်၏ ဘဝကို လျှောက်ရခြင်း က ကျွန်တော့်စိတ်ဓာတ်များကို ယိုင်နဲ့စေလေသည်။ လုပ်ငန်းပြ ထားနိုင်လျက် အလုပ်လက်မဲ့ဖြစ် ရခြင်းက အင်အားများကို လုံးပါး ပါးစေလေသည်။ ငြီးငွေ့ခြင်း သည် မဖိတ်ခေါ်ရဘဲ ကျွန်တော့် ထံသို့ အလည်လာလွန်းလှသည်။ ညှိုးရော်ပွန်းရှနေသော အားမာန် များကို အပိုင်းပိုင်းပြတ်မသွားစေ ရန် ကိုယ့်ကိုယ်ကိုယ် မေးခွန်းများ ထုတ်ရင်း ခိုင်မာအောင် ကျား ကန် ကြိုးစားနေခဲ့ရသည်။


အချိန်...။ အချိန်စောင့်ရ မည်။ တစ်နှစ်ဖြစ်လျှင် ဖြစ်မည်။ ၂နှစ်ဖြစ်လျှင် ဖြစ်မည်။ ငါးနှစ် ဖြစ်လျှင် ဖြစ်မည်။ ယခုတစ်လော ကျွန်တော် အထပ်ထပ် စဉ်းစား နေသော အကြောင်းသည် အချိန် ပေးနိုင်ပါ့မလား ဆိုခြင်းပင်ဖြစ် ၏။ ကျွန်တော့်မှာ ဖြတ်ပစ်နိုင် စရာ နှောင်ဖွဲ့နေသော ကြိုးက ရှိနေသေးသည်။


မီးမလင်းသော လမ်းတစ် လျှောက် ဆေးလိပ်မီးကို ရဲခနဲဖွာ ခြင်းဖြင့် မိမိကိုယ်ကိုယ် အမှတ် အသားပြုပြရင်း ကျွန်တော် အိမ် ပြန်လာခဲ့သည်။ လကွယ်ညသည် ကျွန်တော့်ဦးခေါင်းခွံအတွင်းထိ ထိုးဖောက်ဝင်ရောက်နေလေ သည်။ ချိုင့်တစ်ချိုင့်ထဲ စက်ဘီး အကျလိုက်တွင်တော့ တစ် လျှောက်လုံး ထိုင်နေခဲ့ရရှာသော ခါးကြွက်သားများ ရုတ်ခြည်းဆန့် သွားကာ ဆစ်ခနဲ ထိုးနာသည်။ ကျွန်တော်သည် အမှောင်ထဲတွင် လက်ကိုင်ကို စမ်းတဝါးဝါး ထိန်း ကျောင်းနေရပေသည်။


‘‘သားကို ပြောရဦးမယ်’’


ဆီးကြို ပြောလာသော အမေ့စကားကို ကျွန်တော် စိတ် မဝင်စား။ စက်ဘီးလက်ကိုင်ကို ချိတ်လာသည့် ဆေးအိတ်ကိုပင် မဖြုတ်နိုင်တော့ဘဲ မီးဖိုထဲ ကျွန် တော် တန်းဝင်သွားသည်။ စားပွဲ ဝိုင်းကို ချလိုက်၏။ ပန်းကန်ပြား ထဲ ထမင်းနှင့်ဟင်းကို ပုံထည့်ကာ ဆောင့်ကြောင့်ထိုင်၍ အားရပါးရ လွေးပစ်လိုက်သည်။ အမေသည် ကျွန်တော့်အပါး လာထိုင်ပြီး စကားတစ်လုံးမဆိုဘဲ ယပ်ခတ် ပေးနေသည်။ အော်ဟစ်ပုန်ကန် ချင်နေသော အစာအိမ်အား တစ် ပန်းကန်လောက်နှင့် ချွေးသိပ်ပြီးမှ အမေ့ကို ကျွန်တော် မော်ကြည့် သည်။ ညာလက်က ထမင်းတစ် လုပ်ကို ပါးစပ်ထဲခွံ့ရင်း ဘယ် လက်နှင့် အိတ်ထောင်ထဲက ပိုက် ဆံ လေးဆယ့်နှစ်ကျပ်ကို နှိုက် ထုတ်ကာ အမေ့ကို ပေးလိုက် သည်။ ကျွန်တော် ထမင်းဆက် စားသည်။ အမေ ဆက်ယပ်ခတ် သည်။


သည်းခံနိုင်ရည်နိမ့်ကျသော ကျွန်တော့်အတွက် ပူလောင် အိုက်စပ်သော ရာသီဥတုသည် ခြွင်းချက်မဟုတ်ပေ။ လက်ဆေး ပြီးသည်နှင့် ရှပ်အင်္ကျီကို ကျွန် တော် ချွတ်ပစ်လိုက်သည်။ အိတ် ထောင်ထဲမှာလည်း ဘာမျှ ထွက် ကျလာစရာမရှိတော့ပြီမို့ တန်း ပေါ်ကို လှမ်းပစ်တင်လိုက်၏။ အပေါ်ပိုင်း ဗလာကျင်းသွားသော ကျွန်တော့်ခန္ဓာကိုယ်ဆီသို့ ခြင် များသည် ဝမ်းသာအားရ ပျံဝဲလာ ကြသည်။ ယပ်တောင်တစ်ချောင်း ကောက်ကိုင်လိုက်သည်။ ဆေး လိပ်တစ်တို လက်ကြားညှပ်သည်။ ဝါးကုလားထိုင်မှာ ကျွန်တော်ထိုင် သည်။


အမေ့ကို ကျွန်တော် ပြောရ တော့မည်။ ကိန်းဂဏန်းများနှင့် လက်ရှိအခြေအနေကို ချပြမှဖြစ် တော့မည်။


‘‘ကျွန်တော် အမေ့ကို ပြော စရာရှိတယ်’’


‘‘အမေလည်း ကျွန်တော့်ကို ပြောစရာရှိတယ်ကွဲ့’’


မီးခြစ်ဆံနှင့် ဘူးကိုခြစ် သည်။ တုတ်ချောင်းငယ်ကတခြား၊ ယမ်းခေါင်းကတခြား လွင့်စဉ် သွား၏။


‘‘သားပြောစရာ အရင်ပြော လေ’’


‘‘အမေ ပြောစရာသာ အရင် ပြောပါ’’


အစ်မသည် သူ့ကျောင်းသား များ၏ အိမ်စာများ စစ်နေရာက အမေ့ဘေး ကွပ်ပျစ်ပေါ် လာထိုင် ၏။


‘‘ဝမ်းသာစရာပါကွယ်’’ဟု အမေစကားစသည်။ ‘‘အမေတို့ အတိုးတွေကို မယူတော့ဘူးလို့ ကနေ့ ပြောလိုက်တယ်’’


‘‘ဗျာ ...ဘာလို့တဲ့လဲ’’


‘‘သြော်... သား ကျောင်း မပြီးခင်ကတော့ သားပေါ့လျော့ မှာစိုးလို့သာ ယူမယ်လို့ ပြောခဲ့ တာပါတဲ့။ သူတို့စိတ်ရင်းကိုက မယူချင်ပါဘူးတဲ့။ အခု သားကြိုး ကြိုးစားစားနဲ့ လိမ်လိမ်မာမာ လုပ်ကိုင်နေတာလည်း မြင်တယ် တဲ့။ ဒါကြောင့် ပြေလည်မှသာ ယူ ထားတာလည်း ပြန်ပေးပါတဲ့’’


ကျွန်တော် နှုတ်ခမ်းတွန့်ပြုံး လိုက်မိသည်။ ပေါ့လျော့မှာစိုးလို့ ...တဲ့။ မာနကို မထီတရီ လာထိ ပါးတာတော့ အမှန်ပင်ဖြစ်သည်။


‘‘ကျွန်တော်က ဒီလောက် အသိဉာဏ်ကင်းပါ့မလား အမေ ရ။ ပြောလိုက်တဲ့ စကားက...’’


‘‘ဒါကတော့ကွယ်...မိုက်တဲ့ လူတွေလည်း ရှိနေတာကိုး’’


ထားလိုက်ပါတော့။ ငွေရှိသူ သည် လူတစ်ယောက်ကို ထိန်း ချုပ်ဖို့ ငွေဖြင့် ကြိုးပမ်းတတ်သည် မှာ မဆန်း။ ဘယ်လိုပဲဖြစ်ဖြစ်၊ သည်အတွက်တော့ ကျေးဇူးတင် ဖို့ ကောင်းပါတယ်။


‘‘ပြီးတော့ ... သားကိုလည်း တော်တော် သဘောကျနေတယ် ကွဲ့’’


‘‘ဘယ်လို သဘောကျနေ တာလဲ’’


‘‘သားကို သူတို့သမီးလေးနဲ့ ရည်မှန်းချင်ဟန် တူပါရဲ့ကွယ်’’


အစ်မသည် လှုပ်လှုပ်ရှား ရှား ဖြစ်လာကာ လိုက်ပါရယ်မော ရင်း ‘‘မဆိုးဘူးဟဲ့’’ပြောသည်။


‘‘ဟာဗျာ... အစ်မကလည်း လူကို ရောင်းကုန်ပစ္စည်းကျနေ တာပဲ’’


‘‘ဟဲ့ သင့်တော်တယ်ထင်လို့ ပြောတာ’’


‘‘တော်စမ်းပါဗျာ... ကျွန် တော်က လူဗျ...လူ’’


‘‘နင် ကြီးကြီးကျယ်ကျယ် တွေ ပြောမနေနဲ့။ ဟိုဘက်က တင်စီး ပြောလာတာလည်း မဟုတ်ဘူး...။ အကျပ်ကိုင်လာ တာလည်း မဟုတ်ဘူး။ ပြီးတော့ ... ကောင်မလေးက...’’


‘‘တော်ဗျာ အစ်မ။ ကျွန် တော် မကြိုက်ဘူး၊ ကျွန်တော် မယူနိုင်ဘူး’’


ကျွန်တော့်သွေးများ ဆူပွက် လာသည်။ ရိုးသားသည်ဖြစ်စေ၊ မရိုးသားသည်ဖြစ်စေ... သည် သတင်းက ကျွန်တော့်ကို သံချွန် ဖြင့် ထိုးဆွသလို ဖြစ်နေသည်။ ကျွန်တော့် ခြေလက်များကို ကြိုး ကျစ်ကျစ်ဖြင့် တင်းတင်းရင်းရင်း ချည်တုပ်နေသလို ခံစားနေရ သည်။ ကုလားထိုင်မှ ကျွန်တော် ထလိုက်မိ၏။


‘‘သူတို့ကို ကျွန်တော် ခုသွား ပြောမယ်။ ခင်ဗျားတို့အတိုးကို ကျွန်တော်ပေးမယ်’’


စက်ဘီးဆီသို့ ကျွန်တော် ချက်ချင်း ရောက်သွားသည်။ ‘‘ဟဲ့ ...ဟဲ့... သြော်’’ဟုညည်းကာ အမေသည်လည်း ကျွန်တော့် အပါး ကပျာကယာရောက်လာ ၏။ ကျွန်တော့်လက်ကို အမေ ဖမ်းဆုပ်ထားသည်။


‘‘မင်းကလည်းကွယ် စိတ် ကြီးပဲ၊ ဒါက သားသဘောကျမှပါ။ အမေတို့က ဘာမှမလုပ်ပါဘူး။ သူတို့ကလည်း သေသေချာချာ ဘာမှမပြောသေးပါဘူး။ အမေတို့ အကဲခတ်မိသလောက် ပြောပြ တာပါ သားရဲ့...။ ကဲ...ကဲ... ပြန် ထိုင်စမ်းပါဦး။ စောစောက မင်း ပြောစရာရှိတယ်ဆိုတာ...’’


ကျွန်တော်သည် ကုလား ထိုင်မှာ ပြန်ထိုင်ပြီး ဆေးလိပ်တို သာ အငြိုးတကြီး ဖွာနေမိလေ သည်။ တနုံ့နုံ့တက်ခဲ့သော ခံပြင်း ဒေါသသည် ပြေကျဝပ်စင်းမသွား ပေ။ ငွေ...။ ကိန်းဂဏန်းများ။ ဆေးခန်း...။ အားလုံးသည် နိမ့်ချည် မြင့်ချည်၊ ဆုတ်ချည် တက်ချည် ခုန်တိုးနေ၏။


အသက်ရှူနှုန်းသည် မြန် လာသည်။ အံကို တင်းတင်းကြိတ် လိုက်မိသည်။ အမေ့ကို လှမ်း ကြည့်လိုက်သည်။


‘‘ကျွန်တော် တောကိုသွား မယ် အမေ’’ဟု ကျွန်တော် စကား စလိုက်၏။


* * *


ဆုံးရှုံးခြင်းဟု နားလည်ရင် ဆိုင်ရမည်လား၊ ရုန်းကန်ခြင်းဟု သဘောထား အားတင်းရမည် လား။


အခြေပျက်ခြင်းဟု နိဂုံးချုပ် လိုက်ရမည်လား။ အခြေစိုက်ခြင်း ဟု နိဒါန်းဖွင့်လိုက်ရမည်လား။


ဖိနပ်ကို ချွတ်လိုက်သော အခါ မြေကြီး၏ အနည်းငယ်အေး မြသော အထိအတွေ့က ခြေဖဝါး မှ ခန္ဓာကိုယ်တစ်လျှောက် ဆန် တက်လာသည်။ နှလုံးသားသည် အားလုံးကို အရှိအတိုင်း လက်ခံ ရန်အတွက် အေးစက်မာတောင့် နေသည်။ ကျွန်တော် ထိုင်လိုက် သည်။ လက်အစုံကို နဖူးသို့ ယှက်တင်သည်။


အမေ့ကို ကျွန်တော် မော် မကြည့်ပေ။ တစ်လုံးချင်း ဖြုတ်ချ နေသော စိပ်ပုတီးလုံးလေးများ၏ အသံသည် ကျွန်တော့်အတွက် သိသာကျယ်လောင်လွန်းသည်။ ကျွန်တော် ဦးသုံးကြိမ်ချ ကန် တော့လိုက်သည်။


‘‘ဘေးမသီ ရန်မခဘဲ သား မျှော်မှန်းသလို အောင်မြင်ပါစေ ကွယ်’’


အမေ၏ ဆုတောင်းစကား သည် ခိုင်ခိုင်မာမာတော့ မရှိလှ။ အားအင်ပြည့်ဖြိုးခြင်း ကင်း၍ မသိမသာမျှ လှုပ်ခတ်နေသည်။


အမေသည် အောက်သို့ တွန်းပို့လိုက်ရမည့် အလှည့်ကျ ပုတီးစေ့လေးကို မပို့နိုင်အောင်ပင် မေ့လျောနေပြန်ကာ ကားလမ်း ဘက်ဆီသို့ ငေးမောနေလေ သည်။ ဘတ်စ်ကားခေါင်မိုးပေါ် ရောက်သွားသည့် လူနာစမ်းသပ် သော ခုတင်၊ အိပ်ရာလိပ်၊ သံ သေတ္တာ၊ ဆေးသေတ္တာပုံး၊ တိုလီ မိုလီခြင်းထဲက ထိုးထိုးထောင် ထောင် ထွက်နေသော ကြက်ခြေ နီ...။


ထိုအရာအားလုံးကို မနေ့က ကျွန်တော် သိမ်းဆည်းခဲ့သည်။ ရှက်ခြင်း၊ သိမ်ငယ်ခြင်းတို့ဖြင့် ကျွန်တော် ခေါင်းမထောင်ရဲခဲ့။ ခရီးတစ်ဝက်က လှည့်ပြန်ရခြင်း သည် ယောက်ျားမာနကို ခေါက် ချိုးသိမ်းဆည်းလိုက်ရခြင်းပင် ဖြစ်လေသည်။ ကျွန်တော်သည် အလိုလိုပင် ကသိကအောက် ဖြစ်နေလျက် စိတ်တိုနေချင်ကာ သံများကို အခဲမကျေစွာ ဆွဲနုတ် နေခဲ့သည်။


‘‘ဘာဖြစ်လို့ ပြောင်းရတာလဲ ဆရာ’’


အိမ်ရှင်က ရိုးရိုးသားသား သိချင်စိတ်ဖြင့် လာမေးသော အခါ ‘‘ခင်ဗျား အလုပ်လား’’ဟု ကျွန်တော် ဟိန်းဟောက်ပစ်လိုက် ချင်သည်။ သို့သော် အသံများကို ဣနြေ္ဒရရ ကြပ်မတ်ကာ -


‘‘ရွာက ကျွန်တော့်အဒေါ် တစ်ယောက် မကျန်းမာလို့ပါ။ ရောဂါက နာတာရှည်ဆိုတော့ ဘေးမှာ ကျွန်တော်ရှိနေဖို့လိုတယ်။ အဲဒီမှာက ကုနိုင်တဲ့ဆရာဝန်လည်း မရှိဘူး။ သူကလည်း အိပ်ရာပေါ် က မထနိုင်ဘူး။ အမျိုးတွေက လည်း သူတို့ဆီလာဖို့ ခဏခဏ တကျည်ကျည်လာပြောနေတာနဲ့ ...’’


ကျွန်တော်သည် ဆရာဝန် တစ်ယောက်အတွက် အများ အမြင် သိက္ခာရှိမည့် ဝတ်ရုံအတွင်း လျှိုဝင်ကာ လုပ်ဇာတ်တစ်ဇာတ် ကို ခင်းပြနေခဲ့ရလေသည်။


‘‘စိတ်မကောင်းစရာပါလား ဆရာရယ်’’ဟု အိမ်ရှင်က ကရု ဏာသက်နေသေးသည်။ တစ်ဖန် သည်မျှနှင့် ပြီးမသွားဘဲ ‘‘ဘာရော ဂါလဲ ဆရာ...’’ မေးနေသေး သည်။ ကြံဖန်ဖာထေးဆက်ထား ရသော သည်းခံနိုင်မှုကော်များ ပျော်ကျဲသွားကာ ကျွန်တော် စိတ် ချဉ်ပေါက်လာမိသည်။ သူလည်း နားလည်နိုင်မည် မဟုတ်သော ပါးစပ်ထဲ ရုတ်တရက်ပေါ်လာ သည့် အင်္ဂလိပ်စကားလုံး ‘‘အီကို နိုဂျဲနစ်ကာစီနိုးမား’’ဖြင့် ကျွန် တော် ရေရွတ်ပစ်ပေါက်ခဲ့သည်။


စင်စစ်တော့ ဝမ်းနှင့်လွယ်၍ ကျွေးမွေးသုတ်သင်ပြုစုခဲ့သော ကျေးဇူးတရားကြီးမားလှသည့် ကိုယ့်မိခင်ကို ကိုယ်တိုင် မစောင့် ရှောက်နိုင်ဘဲ အခြားဆရာဝန် တစ်ယောက်ထံ အပ်နှံရသည့်ကံ ... ကျွန်တော်။


ရင်ထဲမှာ နင့်သီးသွားသည်။ မွန်းကျပ်သွားသည်။ ကိုယ့်သား သမီးကို စာမပြနိုင်ရှာသော... ကျောင်းဆရာ။ ကိုယ့်မိဘကို မစောင့်ရှောက်နိုင်သော ဆရာဝန်။ ကိန်းဂဏန်း မည်မျှရှိနေသနည်း။


ကျွန်တော် နာကြည်းလိုက်ရ မည်လား၊ ဘဝဆိုတာ ဒီလိုပဲ ဖြေ သိမ့်လိုက်ရမည်လား။


‘‘ဆရာ... သယ်စရာ ဘာ ကျန်သေးသလဲ...‘‘


ကားဆရာ လာမေးသဖြင့် ခံစားနေရသည်များ ပြတ်တောက် သွားသည်။ ‘‘မရှိတော့ပါဘူး’’ ခေါင်းယမ်း ပြလိုက်သည်။ ဆရာဝန်ဆိုသည်မှာ ပစ္စည်းပစ္စယ များကို ထမ်းပိုးဖို့ မသင့်လျော်ဘူး ဟု သူတို့ ယူဆနေကြသလား မသိဘူး။ ကျွန်တော့်ကို သယ်မ ခွင့်မပေးဘဲ သူတို့သာ ဝိုင်းဝန်း မ,တင်ခဲ့ကြလေသည်။


ကားဆရာသည် သူ့ထိုင်ခုံ မှာ သွားထိုင်သည်။ စတီယာရင် ပေါ် လက်တင်သည်။


ကျွန်တော် သွားရတော့မည်။


အမေ့ဘက်သို့ ကျွန်တော် လှည့်လိုက်သည်။ ပခုံးသားများ ကို တင်းတင်းဆုပ်ညှစ်ထားမိပြန် သည်။ နှုတ်ဆက်စကားသည် လည်ချောင်းသို့ ရောက်လုခါမှ ပြန်ပြန်မြုပ်သွားနေသည်။ သည် တစ်ခါတွင်တော့ အမေသည် ကျွန်တော့်နဖူးကို မနမ်းတော့ဘဲ မလှုပ်မယှက် ငြိမ်သက်မိလေ သည်။ ‘‘သိန်းသန်းကုဋေကုဋာရဲ့ အစဟာ သုညဖြစ်တယ်’’ဟု စိတ်ထဲက ကျွန်တော် ပြောနေမိ လေသည်။ အမေ့ကို ကျွန်တော် အားပေးချင်သည်လား... ကျွန် တော့်ကိုယ် ကျွန်တော် အားပေး ချင်သည်လား...ကျွန်တော် မဝေ ခွဲနိုင်ပြန်ပေ။


‘‘ကျွန်တော် သွားတော့မယ် အမေ’’


အမေ ကျွန်တော့်ကို ကြည့် လေသည်။


ကျွန်တော် အမေ့ကိုကြည့် သည်။


စက္ကန့်မျှ အကြည့်တို့ ဆုံကြ သည်။ ထို့နောက် အကြည့်တို့ကို နှစ်ယောက်စလုံး လွှဲဖယ်ပစ်လိုက် မိကြလေသည်။


‘‘သွေးမှန်မှန် သွားချိန်နော်’’


အမေ ခေါင်းညိတ်သည်။ သို့သော် ငုံ့သွားသော ခေါင်း သည် ပြန်မော့မလာ။


ကားဆီသို့ ချာခနဲ ကျွန် တော် လှည့်လာတော့သည်။


‘‘ဆရာ့အတွက် ရှေ့မှာ နေ ရာချန်ထားတယ် ဆရာ’’


စပယ်ယာက ကျွန်တော့်ကို လက်ညှိုးညွှန်ပြလေသည်။ ကျွန် တော် ဝင်ထိုင်လိုက်သည်။ သူတို့ သည် ကျွန်တော့်ကို နေရာတစ် နေရာမှာ ပေးထားကြပါကလား၊ ကျွန်တော့်ကို အသိအမှတ်ပြုခြင်း က တစ်ခု...။ သို့သော် ကျွန်တော် ကား ဝမ်းမသာနိုင်ဘဲ စိတ်ညစ် ညူးစ ပြုလာလေသည်။


သဏ္ဌာန်အားဖြင့်တော့ ကျွန်တော်က သူတို့ဆီသို့ သွား သည်။ အရင်းအမြစ်ကတော့ သူတို့ထံမှ ငွေကြေးတချို့ စုဆောင်းရန် ဖြစ်နေသည်။ ထို့ နောက် ယင်းတို့ကို မြို့ပြတစ်နေ ရာသို့ ပို့ရန် ဖြစ်နေသည်။ မြို့ပေါ် တွင် ထိုးဖောက်ရပ်တည် အချိန် မပေးနိုင်၍ ကျေးလက်သို့ လွင့် စဉ်သွားသော ဆရာဝန်တစ် ယောက်အဖြစ်ကို သူတို့ မသိရှာ ကြ။ သည်ခရီးက ကိန်းဂဏန်း ကောက်သင်းကောက် ခရီးဟု သူတို့ မမြင်နိုင်ရှာကြ။


ကျွန်တော်သည် အတွေး များအား တားမနိုင် ဆီးမနိုင်ဘဲ အကျဉ်းအကျပ် အတွင်းသို့ ရောက်သွားပြန်လေသည်။


မြို့ပြက ကျေးလက်သို့ လာ သည်လား၊ ကျေးလက်က မြို့ပြ သို့ လာသည်လား။


တိုးတက်သည်ဟု မြှောက် စားချီးပင့် ကြမည်လား။ ဖောက် ပြန်သည်ဟု ကဲ့ရဲ့တံဆိပ် ကပ်ကြ မည်လား။


တစ်စုံတစ်ရာသော အတိုင်း အတာအထိတော့ ကျွန်တော် သည် သူတို့အတွက် အကျိုးရှိပေ လိမ့်မည်။ သို့သော် ကျွန်တော့် အတွက်ကား ဝိညာဉ်များ သန့်စင် မနေဘဲ ညစ်ထည်း စွန်းထင်းနေ လေသည်။ ကျွန်တော်သည် ခဝါသည် တစ်ယောက်ထံ ပြေး ကာ ဝိညာဉ်ကို ပွတ်တိုက်ဆေး ကြော ပစ်လိုက်ချင်သည်။


လက်တွေ့မှာတော့ ကျွန် တော်သည် ငုတ်တုတ်။ ကား ဒရိုင်ဘာသည် ဝိုင်ယာနှစ်ပင်ကို ပူးကာ အင်ဂျင်ကို နှိုးလိုက်၏။ လီဗာကို သော့ဖြင့် တစ်ချက်၊နှစ် ချက်မျှ ဟဲလိုက်သည်။ ဂီယာထိုး သံသည် ညိုးညိုးညံညံ ပေါ်ထွက် လာ၏။


ကားဘီးများ စလိမ့်လေ သည်။


ပြတင်းကို ဖြတ်လျက် အမေ့ကို ကျွန်တော် လှမ်းကြည့် လိုက်သည်။ အမေ့မျက်အိမ်မှ အလင်းတစ်စသည် တစ်ချက်မျှ ပြက်ထင်လျက် ကြွေကျသွား သည်။


ကျွန်တော်သည် နှုတ်ခမ်း များကို တင်းတင်းစေ့ထားလိုက်မိ သည်။ ယိုစိမ့်ထွက်ကျလာနိုင် သော တံခါးပေါက်များကို လက် ကျန်အင်အားရှိသမျှ စုစည်းလျက် ကျွန်တော် တွန်းကန်ထားသည်။


ရင်ထဲမှာ ကျွန်တော် မျက် ရည်ကျနေလေသည်။


အမေ့ကြောင့်လား...။ ကိန်း ဂဏန်းများကြောင့်လား...။


မြို့ပြကြောင့်လား...။ ကျေး လက်ကြောင့်လား...။ သို့မဟုတ် ...။


-------------------------


တင်မောင်သန်း


(ရှုမဝမဂ္ဂဇင်း၊ အတွဲ (၃၉)၊ အမှတ် (၄၅၈)၊ ဇူလိုင်၊ ၁၉၈၅)


On  Sat, 2017-11-04 06:30Issue No.No.1616 Saturday, November 4, 2017


( 7Day News Page မှ ကူးယူပါသည်။)

No comments:

Post a Comment