မကြင်သာသည်
""""""""""""""""""""""""
ထင်လင်း
ဤ ဘော်ဒါဆောင်သို့ မအေးမြင့် ရောက်လာသည်မှာ ဆယ်နှစ် ကျော်ခဲ့ပြီ။ ဤအဆောင်သို့ မရောက်မီ အခြား ဘော်ဒါဆောင်များ ၌လည်း နေခဲ့ဖူးသည်။
သို့သော် အခြား ဘော်ဒါဆောင်များမှာ စည်းကမ်း သိပ်မရှိ။ လူရှုပ်သည်။ ကိစ္စရှုပ်သည်။
ယခုအဆောင်မှာ ဆရာမဟောင်း အပျိုကြီးတစ်ယောက် တည်ထောင် အုပ်ချုပ်ပြီး စည်းကမ်းကြီးသည်ဟု နာမည်ရသည်။ ကျောင်းသူ မိဘများ စိတ်ချလက်ချ ထားနိုင်ကြသော်လည်း ကိုယ့် အလုပ်နှင့်ကိုယ် လွတ်လပ်စွာ သွားလာနေထိုင် လိုသူများအဖို့ ကြာကြာ မနေနိုင်။
အလုပ်တွင် အိုဗာတိုင် ဆင်းရန် ရှိသူများ ဤအဆောင် စည်းကမ်းများနှင့် လုံးဝ မသင့်လျော်ပါ ဆိုသည့် စာကို အတိအလင်း ရေးထားသည်။
ဤအဆောင်၌ ဆယ်နှစ်ကျော် နေလာခဲ့ပြီး၍ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းစွာ သိနေကြသည့် မအေးမြင့် ပင်လျှင် အဆောင်မှ ထွက်ခွင့်ဝင်ခွင့်ကို အတိအကျ လုပ်ရသည်။ ည ရှစ်နာရီထက် ပို၍ မည်သူ့အားမျှ ခွင့်မပြု။
အခါကြီးရက်ကြီး ပွဲလမ်းသဘင် ရှိလျှင် ကိုးနာရီအထိ ခွင့်ပြုသော်လည်း ထိုထက် နောက်ကျ၍ အဆောင်သို့ ဝင်ခွင့်မပြု။ ပိတ်ချိန် တိတိတွင် တံခါးကို သော့ခတ်ပြီးပါက မည်သူ့အားမျှ ဖွင့်မပေးတော့။
ယနေ့ မအေးမြင့် ညကိုးနာရီ အထိ ထွက်ခွင့် တောင်းခဲ့သည်။ သွားစရာတွေကလည်း များသည်။ အရေးအကြီးဆုံး ကိစ္စကတော့ သူ့ ကျေးဇူးရှင် ဘဘကြီးကို သွား၍ ကန်တော့ရန် ကိစ္စ။ သီတင်းကျွတ်ပြန်ပြီ မဟုတ်လား။
နံနက်ပိုင်း လုပ်ကိုင်ဆောင်ရွက် စရာများကို အားလုံးလုပ်ပြီး ရေမိုးချိုး ဖီးလိမ်း ဝတ်စားကာ သူ့အခန်းသူ သော့ခတ်၍ ထွက်ခဲ့သောအခါ အဆောင်သူများက သူ့အား နှုတ်ဆက်ကြသည်။
အချို့က ‘မမမြင့်’၊ အချို့က ‘အန်တီမြင့်’၊ အချို့က ‘မာမီမြင့်’။
သိပ်ကြီး လှပြီဟု မဆိုနိုင် စေကာမူ ကျောင်းသူကလေးများ အဖို့တော့ ‘မာမီ’ ခေါ်လောက်ပြီ။ ဤအဆောင်တွင် အနေ အကြာဆုံး ဖြစ်၍ သူက အဆောင်ကိစ္စများတွင် လက်ထောက် အဆောင်မှူးပမာ ဖြစ်နေရာ သူ့အား လေးစား ချစ်ခင်သူလည်း များပါသည်။
အကြောင်းမသိသူများက အဆောင်မှူး အပျိုကြီးအား အပေါက် ဆိုးသည်ဟု မတည့်ကြသော်လည်း၊ မအေးမြင့်က ဘာမဆို ပြေလည်အောင် ပြောဆို ဖျန်ဖြေတတ်၍ အဆောင်သူများ ကိစ္စကြီးငယ်ရှိလျှင် မအေးမြင့်နှင့်သာ ဖြေရှင်းရလေ့ ရှိသည်။
“မမမြင့် ဒီနေ့ တယ်လှပါလား။ ဒါ ဘယ်ကိုလဲ။ ရည်းစားနဲ့ ချိန်းထားတယ် ထင်တယ်” ဟု စာရေးမကလေး မူမူက လှေကား အဆင်း ဆီးနှုတ်ဆက်သဖြင့် မအေးမြင့်က နှုတ်ခမ်းတွင် လက်ညှိုး တစ်ချောင်း ထောင်၍ ကပ်ကာ “ရှူး တိုးတိုး၊ မာမီကြီး ကြားသွားလို့ ညည်းတို့ကို ခေါ်စစ်နေဦးမယ်” ဟု ပြုံးရွှင်စွာ ပြောလျက် ထွက်ခဲ့သည်။
ရှေးဦးစွာ အဆောင်နှင့် မလှမ်းမကမ်းရှိ ဘတ်စ်ကား မှတ်တိုင်သို့ လျှောက်လာခဲ့ပြီး ယနေ့သွားရန် အစီအစဉ်ကို စိတ်ထဲတွင် ချကြည့်လာခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ မုန့်တိုက်။ ပြီးတော့ ဈေး။ သူလိုသည့် ပစ္စည်းကလေးများကို စိတ်ကူးသည်။ ယနေ့ ပိတ်ရက်။ တချို့ ဆိုင်တွေတော့ ဖွင့်ကောင်းပါရဲ့။
ကိုကိုကြီးက အချို မကြိုက်။ မမမာက ထောပတ်နံ့ ရတာ မကြိုက်။ ကိုကိုကြီးသား အကြီးဆုံး ဘိုဘိုက အစား မမက်၊ ကစားစရာ တစ်ခုခု ပါမှ။ မီးမီးက ဒေါ်လီရုပ် လှလှ။ အငယ်ဆုံး ဇော်ဇော်ကတော့ သကြားလုံး ပါသည့် မော်တော်ကား။ ဘဘကြီးအတွက် စောစောက ဝယ်ထားသော ပုဆိုးနှင့် မျက်နှာသုတ် ပဝါ။
သူ့ လက်ဆွဲခြင်းထဲမှ ပါပြီ။ ဘဘကြီး စားဖို့တော့ ဆိုင်ရောက်မှ နူးနူးညံ့ညံ့ စားလို့ရတာ တစ်ခုခု ကြည့်ဝယ်တော့မည်။
ဤအခါ ဤရက်အတွက် စောစောကပင် တွက်ချက်ကာ သူရသည့် လခထဲမှ နည်းနည်းချင်း ဖဲ့၍ဖဲ့၍ စုလာခဲ့၍သာ ဤသို့ ဝယ်နိုင်ခြမ်းနိုင်သည် ဆိုဦးတော့။ အရာရာတွင် တိုင်းကာတိကာ လုပ်ရသည်။
ဘဘကြီးက ဤကဲ့သို့သော အခါကြီး ရက်ကြီးများတွင် လာကန်တော့သော အခါ သူ့အား မုန့်ဖိုး ငါးဆယ်၊ တစ်ရာ၊ နှစ်ရာ စသည် ပေးနေကျ။ သို့သော် သူက ဒါကို မလိုချင်။ နှစ်စဉ် ထိုသို့ ရသော မုန့်ဖိုးကို ဘဘကြီးအတွက် တစ်ခုခု ဝယ်ထားမြဲ။ ဪ ဘဘကြီးကတော့ သူ့ကျေးဇူးရှင် မဟုတ်လား။
* * *
မအေးမြင့် ဘဘကြီးတို့အိမ် ရောက်လာတော့ ဆယ်နှစ်သမီးလောက် ရှိဦးမည်။ သူ့အဖေ ဆုံးသွားပြီးနောက် နှစ်နှစ်ခန့် ကြာတော့ စားဝတ်နေရေး ကျပ်တည်း၍ အမေ နောက်အိမ်ထောင် ပြုသဖြင့် မအေးမြင့်ကို မေမေကြီးက ကောက်ယူ မွေးစားကာ ကျောင်းထား ပေးသည်။
ဘဘကြီး၊ မေမေကြီးတို့မှာ ကိုကိုကြီး၊ ကိုကိုလေး သား နှစ်ယောက်သာ ရှိသည်။ သူတို့အိမ်တွင် အိမ်ဖော်များ၊ ကားမောင်း သမားများ ရှိကြသော်လည်း အိမ်ထဲတွင် မအေးမြင့်က လက်တို လက်တောင်း လုပ်ကိုင်ပေးရသည်။
ကျောင်းသွားတော့ ကိုကိုကြီး၊ ကိုကိုလေးတို့က မော်တော်ကားနှင့် သွားရသည့် ကျောင်း။ မအေးမြင့်က အိမ်နားက ကျောင်း။
တစ်အိမ်လုံးက သူ့အပေါ်တွင် ကောင်းကြပါသည်။ တစ်ခါ တစ်ခါ မေမေကြီးက ဆူပူကြိမ်းမောင်း တတ်သည်မှအပ သူ့ဘဝ ငြိမ်းချမ်းပါသည်။
အမေနှင့် မောင်ကလေးများကို တစ်ခါတစ်ခါ လွမ်းမိတတ် သော်လည်း သူ့ဘဝနှင့်သူ ကိုယ့်ဘဝနှင့်ကိုယ် တခြားစီလို ဖြစ်နေသောကြောင့် သူ့ဘဝဟောင်းကို စိတ်ထဲမှ ဖယ်ထုတ်ထားပြီး ဘဘကြီးတို့ မေမေကြီးတို့နှင့် ကိုကိုကြီး ကိုကိုလေးတို့ကိုသာ ပိုပြီး အားထားလိုက် တော့သည်။ သူ့အဖို့ တခြား အားကိုးစရာကလည်း မရှိတော့သလောက် ဖြစ်သည်။.
မေမေကြီး မကွယ်လွန်မီ သုံးလေးနှစ်က သူသည် ဘဘကြီးတို့ အိမ်မှ ထွက်ကာ ဘော်ဒါဆောင် တစ်ဆောင်သို့ ရောက်ခဲ့သည်။ ဘဘကြီးနှင့် မေမေကြီးတို့ ကိုယ်တိုင် လိုက်ပို့သည်။
ထိုအခါက ဘဘကြီးတို့၊ မေမေကြီးတို့ မျက်နှာ မကောင်းကြ။ မေမေကြီး၏ မျက်နှာမှာ တင်းမာနေ သယောင်ယောင် ရှိ၏။ ကျောင်းလခ၊ စာအုပ်ဖိုးနှင့် အဆောင်လခ တစ်လတစ်ခေါက် ဘဘကြီး လာပေးသည့်အခါ ပေး၍၊ အဆောင်မှူးထံ တယ်လီဖုန်း ဆက်၍ သူ သွားယူသည့်အခါ ယူခဲ့ရသည်။
နောက်တစ်နှစ် သူ ဆယ်တန်းအောင်၍ ရုံးတစ်ရုံးတွင် ဘဘကြီးက အလုပ်ရှာပေး ပြီးသည့်နောက်တွင် သူ လစဉ် ထောက်ပံ့ကြေး သွားမယူတော့။ လိုလျှင် တောင်းဟု ဘဘကြီးက ပြောသော်လည်း မအေးမြင့်က မတောင်းတော့။
သူ အလုပ်ဝင်လုပ်ပြီး နောက်မကြာမီ ကိုကိုကြီး နိုင်ငံခြားသို့ ပညာတော်သင် သွားရသည်တွင် သူနေသော အဆောင်သို့ ကိုကိုလေး လိုက်လာသည်။
“အမြင့်၊ နင် အိမ်ပြန်လာခဲ့။ အခု ကိုကိုကြီးလည်း မရှိဘူး။ ငါလည်း မကြာခင် ဗိုလ်သင်တန်း သွားရမယ်။ အိမ်မှာ ဖေဖေတို့ မေမေတို့ချည်း” ဟု ပြောသည်။
ကိုကိုလေးကတော့ အစကတည်းက မအေးမြင့်အား အဆောင် သွားထားသည်ကို အပြင်းအထန် ကန့်ကွက်သူ ဖြစ်သည်။ ဘဘကြီးကလည်း သမီးအရင်းလို ချစ်သည်။
သို့နှင့် မအေးမြင့်က “မေမေကြီး ပြန်ခေါ်မှ သွားတော့မည်” ဟု စိတ်ထဲက အောက်မေ့ ထားလိုက်၏။ ကိုကိုလေးကိုတော့ သင့်အောင် ကြည့်ပြောလိုက်သည်။ နောက် မေမေကြီးကလည်း မခေါ်တော့၍ သူ မေ့မေ့ပျောက်ပျောက် နေလိုက်သည်။
နောက် ကိုကိုကြီး နိုင်ငံခြားက ပြန်လာပြီး သူတို့ အသိုက်အဝန်း ထဲက အမာ ဆိုသည့် အမျိုးသမီးနှင့် ကြီးကြီးကျယ်ကျယ် လက်ထပ်သည်။ ဗာဟီရ ကိစ္စ မအေးမြင့် သွားပြီး ကူညီလုပ်ကိုင် ပေးရသည်။
လက်ထပ်ပြီး ကိုကိုကြီးက “ငါတို့ အိမ်ခွဲ နေမယ်။ အမြင့် နင် ငါတို့နှင့် လိုက်နေလှည့်” ဟု သူ့ကို အရေးတယူ နေရာ ပေးသည်။ အိမ်ခွဲ နေသည်ကပင် သူ့ကို ခေါ်ထားဖို့ဟု ကိုကိုကြီးက ပြောသည်။ သို့သော် သူက မလိုက်တော့။
ဘယ်သူမှ မရှိတော့ နောက်ပိုင်း အမာက ကလေး မျက်နှာမြင်တိုင်း မအေးမြင့် လိုက်၍ ကူရသည်။ အမာက သွေးနုသားနု ဘာမှ မလုပ်နိုင် မကိုင်နိုင်မီ မအေးမြင့် သွားကူရသည်ချည်း။
ယခု အတော်အတန် ကြီးလာ၍ လက်လွတ်ပြီဟု ဆိုရသော ကလေး သုံးယောက်စလုံး မအေးမြင့် လက်နှင့် မကင်းကြ။ တစ်အိမ်လုံးက မအေးမြင့်ကို ချစ်ကြသည်။
စောစောပိုင်းက ကိုကိုကြီးက “အမြင့် အမြင့်” နှင့် အရေးပေး လွန်း၍ အမာက မကြည်ဖြူသလို ဖြစ်ခဲ့သော်လည်း၊ နောက် သူ့ အပေါ်တွင် ရိုးသား ဖြူစင်သော နှလုံးဖြင့် ကူညီသော မအေးမြင့်အား ချစ်ခင်လာသည်။
အမာ့ သားအကြီး မွေးပြီး မကြာမီ မေမေကြီး အသည်းအသန် မမာ၍ ဆေးရုံ တင်ရရာ ဆေးရုံမှာပင် ကွယ်လွန်သွားသည်။ မအေးမြင့် အလုပ်မှ ခွင့်ယူ၍ ဆေးရုံ လိုက်စောင့်အိပ်ပြီး ဝတ်ကြီးဝတ်ငယ် ပြုစုသည်။ မေမေကြီး ဆုံးပြီး ရက်လည်ပြီးမှ သူ့အဆောင်သို့ ပြန်သည်။
“ဘဘကတော့ ငါ့သမီး ပြန်လာမယ် ဆိုရင် ဝမ်းသာတယ်။ ဒါပေမယ့် သမီး ချမ်းသာရာမှာပဲ နေပါ” ဟု ပြောသည်။
ထိုစဉ်က အမျိုးမျိုးသော အကြောင်းများကို စဉ်းစားကာ သူ အဆောင်သို့သာ ပြန်လာခဲ့သည်။ အိမ်တွင် ကိုကိုကြီးတို့ ပြန်ရွှေ့ လာကြရန် အစီအစဉ် ရှိသဖြင့်လည်း သူ စိတ်ချလက်ချ ပြန်လာခြင်း ဖြစ်သည်။
* * *
“ဟော အန်တီမြင့်”
မုန့်ဘူးတွေ၊ စက္ကူအိတ်တွေ တစ်ထုပ်တစ်ပိုးနှင့် မအေးမြင့် ရောက်သွားတော့ ကလေးများက ဝမ်းသာအားရ ဆီးကြို နှုတ်ဆက်ကြသည်။ ပြီးလျှင် မအေးမြင့် လက်က အထုပ်အပိုးများကို သူတစ်ဘူး ငါတစ်ထုပ် ကူ၍ သယ်ကြသည်။ ကလေးပီပီ ဘူးထဲ အထုပ်ထဲက ပါလာသည်တို့ကို ဖွင့်ကြည့် နှိုက်ကြည့်ကြသည်။
“ဟောဒါ သားသားဖို့။ ဟုတ်တယ်လား အန်တိမြင့်။ ဒါ သားသားဖို့လား”
“အေး အေး။ ငါ့မှာ ရှာလိုက်ရတာ။ အရုပ်ဆိုင်တွေကို စုံရော။ ကြိုက်ကဲ့လား သား”
“ကြိုက်တယ်”
“အန်တီမြင့်၊ မီးမီးဖို့ကော”
မအေးမြင့်က သူ့ရင်ဘတ်သူ လက်ဖြင့် ဖိလိက်ကာ မျက်လုံးပြူးလျက် “ဟောတော်၊ မီးမီးဖို့ မေ့လာခဲ့ပြီ” ဟု ပြောသည်တွင် ကလေးက ငိုမဲ့မဲ့ ဖြစ်သွား၍ ကပျာအယာ ထိုင်ချပြီး ကလေးကို ဖက်လိုက်ကာ-
“အလကား ပြောတာ၊ အလကား ပြောတာ။ အန်တီက စတာ” ဟု ပြောပြီး သူ့ခြင်းထဲက ဒေါ်လီရုပ်ကလေးကို ယူ၍ ကလေးရှေ့ ထောင်ပြလိုက်မှ ကလေး မျက်နှာကလေး ဝင်းလက်ပြုံးရွှင် လာသည်နှင့် မအေးမြင့် သူ့ပါးကလေးကို ဘယ်ပြန်ညာပြန် မွှေးလိုက်သည်။
သူ့ခြင်းထဲတွင် တစ်ခုခု ပါလာမှန်း သိသော ဇော်ဇော်က သူ့အတွက် လက်ဆောင်ကို သူ့ဘာသာသူ နှိုက်ယူပြီး မီးမီ:ကို နမ်းနေသော မအေးမြင့်၏ ကျောပေါ် ဖက်တက်ကာ မျက်နှာကို သူ့ဘက် အတင်း ဆွဲလှည့်ပြီး မအေးမြင့်၏ ပါးကို နမ်းလိုက်သည်။ မအေးမြင့် မျက်ရည်တွေ ဝဲလာပြီး ကျောပေါ်က ကလေးကို ရှေ့သို့ ဆွဲယူကာ တင်ပါးကို လက်ဝါးဖြင့် အားမလို အားမရ မနာအောင် ချရင်း-
“ခွေးကောင်ကလေး။ တတ်လိုက်တာ လွန်ပါရော” ဟု ဆိုလိုက်သည်။
ကလေးများနှင့် မအေးမြင့် နှုတ်ဆက်နေကြပုံကို ကြည့်နေသော အမာက-
“ဖျက်ဆီးမယ့်သူ တစ်ခေါက် တစ်ခေါက် ပြန်သွားရင် ငါ့မှာ ဒီကောင်တွေ ပြောမကောင်း လွန်းလို့ တစ်ခါတစ်ခါ တုတ်ကိုင်ရတယ် သိလား။ ညည်းက တစ်ခါတလေ လာ အလိုလိုက်သွား၊ ဒီမှာ ညည်း သားတွေ သမီးတွေ ဘယ်လောက် ဆိုးကျန်ရစ်ခဲ့ မှတ်လဲ၊ အငယ်ကောင်ကဆို ငါက ရိုက်ရင် အန်တီမြင့်နှင့် သွားနေမယ်တဲ့။ ကဲ- ငါတော့ မပြောချင်ဘူး” ဟု ဝင် ပြောသည်။
မအေးမြင့် မျက်ရည် လည်ရပြန်ပြီ။ ဇော်ဇော်ကို ဖက်လျက်က မျက်နှာကို နောက်သို့ ခွာ၍ ဇော်ဇော့် မျက်နှာကို ကြည့်ကာ “ဟုတ်လား သားသား” ဟု မေးလျှင် ကလေးက သူ့အမေကို ကွက်ခနဲ လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ် ပြသည်။
စောစောက ဝရန်တာဘက်တွင် သတင်းစာ ဖတ်နေသော ကိုကိုကြီးကို လှမ်းကြည့်လိုက်သော အခါ ကိုကိုကြီးမှာ သတင်းစာကို မျက်နှာပေါ်တွင် အုပ်လျက် အိပ်ပျော်သွားဟန် တူသည်။ ခဏနေတော့ အပေါ်ထပ်မှ ဘဘကြီး ဆင်းလာသည်။ မအေးမြင့်က လှေကားမှ ပြေးကြိုပြီး တွဲတော့ “သမီး၊ အဆောင်မှာ အဆင်ပြေရဲ့လား” ဟု မေးသည်။
“ပြေတယ် ဘဘကြီး”
“အေး၊ အေ။ အဆင်ပြေရင် ပြီးရော။ ဒီနေ့ အလုပ် အားလို့လား”
“သီတင်းကျွတ် ပိတ်ရက် ဘဘကြီး။ သမီး ဘဘကြီးကို လာ ကန်တော့တာ”
“အေး။ သာဓု သာဓု။ ဟိုဟာ ဒီဟာတွေ ဝယ်မလာနှင့်။ လက်အုပ်ချီပြီး ကန်တော့ရင် ပြီးတာပဲ။ ဘဘကြီးမှာ ဘာမှ မလိုဘူး။ အခု အလုပ်မှာကော အဆင်ပြေရဲ့လား”
“ပြေတယ် ဘဘကြီး။ အခု သမီး ယူဒီ ဖြစ်ပြီ။ လခလည်း တိုးရတယ်”
“အေး အေး။ လခနှင့် မလောက်ရင် ဘဘဆီ တယ်လီဖုန်း ဆက်လိုက်”
ဘဘကြီးအား အိမ်ရှေ့ခန်း ပို့ခဲ့ပြီး ထမင်းစားခန်း ဘက်သို့ ပြန်လာကာ ကြောင်အိမ်ထဲမှ လင်ပန်း တစ်ချပ်ကို ထုတ်သည်။ ဆွဲခြင်းထဲမှာ လုံချည်၊ မျက်နှာသုတ် ပဝါနှင့် မုန့်များ၊ သစ်သီးများကို လင်ပန်းတွင် လှလှပပ တင်ကာ-
“လာကြဟေ့ သားတို့ သမီးတို့။ ဘိုးဘိုးကို ကန်တော့ကြမယ်” ဟု အော်ရင်း အိမ်ရှေ့ခန်းသို့ ထွက်ခဲ့သည်။
အမာသည် ဝရန်တာတွင် သတင်းစာဖြင့် မျက်နှာကို အုပ်၍ အိပ်နေသော ကိုကိုကြီးကို သွားနှိုး ခေါ်ခဲ့သည်။ မကြာမီ အားလုံး ဘဘကြီး ရှေ့တွင် ရိုရိုသေသေ ထိုင်မိကြသည်။
“ကဲ၊ ကိုကိုကြီးက တိုင်ပေး”
“စိတ်ထဲက မှန်း ကန်တော့လိုက်ကြပါဟာ”
“ဩ၊ မောင်ကလည်း ကလေးတွေ လိုက်ဆိုရအောင်ပေါ့” ဟု အမာက ထောက်ပေးသည်။
“ကဲ ကဲ ကဲ၊ အားလုံး လိုက်ဆိုကြ။ ကျွန်တော် ကျွန်မတို့သည် လူကြီးများ အပေါ်၌ လည်းကောင်း၊ တစ်ဦးအပေါ် တစ်ဦး၌ လည်းကောင်း သံသရာ ဘဝ အဆက်ဆက်မှ စ၍ ယနေ့ထက်တိုင်အောင် ကာယကံမှု အပြစ်ကြီး အပြစ်ငယ်၊ ဝစီကံမှု အပြစ်ကြီး အပြစ်ငယ် တစ်ကြိမ်တစ်ခါ တစ်ရံတစ်ဆစ် ပြစ်မှားမိခဲ့သည် ရှိသော် ထိုအပြစ်များကို သည်းခံတော်မူပါ။ ခွင့်လွှတ်တော်မူပါရန် အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။ ကဲ ကန်တော့ကြ၊ သုံးကြိမ်နော်”
ကိုကိုကြီး၏ အသံမှာ တုန်နေသည်။ အဖေကြီး ရှေ့တွင် ဦးသုံးကြိမ် ချကာ နေရာမှ ထ၍ ဝရန်တာ ဘက်သို့ ခပ်သုတ်သုတ် ပြန်သွားသည်။ ဘဘကြီးက နှုတ်မှ တရွရွ ဆု အရှည်ကြီး ပေးပြီး မအေးမြင့်အား ငွေနှစ်ရာ မုန့်ဖိုးပေးသည်။
မအေးမြင့်က “မယူဘူး ဘဘ။ နောက် သမီးမှာ မရှိမှ တောင်းပါရစေ” ဟု ငြင်းသော်လည်း ဘဘကြီးက အတင်း ပေးသဖြင့် ယူလိုက်ရသည်။ စိတ်ထဲက သိပ်မကောင်း။
ဧည့်ခန်းဘက် ရောက်ကြတော့ ဘိုဘိုက “ဟေ့ လာ၊ တို့ အန်တီမြင့်ကို ကန်တော့ကြမယ်။ ပြီးတော့ မုန့်ဖိုး တောင်းရမယ်။ အန်တီမြင့်ကြီး ထောလာတယ်ကွ” ဟု ဆိုသဖြင့် ကျန်ကလေးများက “အေး၊ ဟုတ်တယ်” ဟု သဘောတူကြသည်။
ဤအသံကို ဝရန်တာမှ ကိုကိုကြီးက ကြားသဖြင့် အမာ့ကို လှမ်းခေါ်သည်။
မကြာမီ အမာ အိမ်ပေါ် တက်သွားပြီး လေးထောင့်စက္ကူအိတ် တစ်ခုနှင့် ပြန်ဆင်းလာသည်။ နောက် ထမင်းစားခန်းထဲ သွားကာ ရေခဲသေတ္တာကို ဖွင့်၍ ကိတ်မုန့်များ၊ လိမ္မော်သီးများ ထည့်၍ ကန်တော့ပွဲ ပြင်ကာ ကလေးများအား ပေးလိုက်သည်။
ကလေးများ အန်တီမြင့် ရှေ့တွင် ထိုင်မိကြသောအခါ မီးမီ:က “ဖေဖေ သမီးတို့ လိုက်ဆိုဖို့ ခုနကလို လာပြီး ခေါ်ပေးပါဦး” ဟု အော်ခေါ်လိုက်ရာ မအေးမြင့်က အပြေးအလွှား တားလိုက်သည်။ ကိုကိုကြီးက ထလာပြီး မအေးမြင့် နောက်နားက ရပ်ကာ “ကဲ ကဲ လိုက်ဆိုကြ။ ကျွန်တော် ကျွန်မတို့သည် အန်တီမြင့်ခေါ် ဒေါ်အေးမြင့် ခေါ် အမြင့် အပေါ်” ဟု တိုင်ပေးနေသဖြင့် မအေးမြင့်က “ဟာ ကိုကိုကြီးကလည်း မဟုတ်တရုတ် ကလေးတွေကို။ ကဲ ကဲ ဘာမှ ဆိုမနေကြနှင့်။ ဒီအတိုင်းပဲ ကန်တော့ကြ။ အဲ အဲ ဟုတ်ပြီ။ သာဓု သာဓု သာဓု။ ဒီသား ဒီသမီး ဒီမိသားစု စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ပျော်ပျော်ရွှင်ရွင် နေနိုင်ကြပါစေ။ နေနိုင်ကြပါစေ” ဟု ကြားဖူးနားဝဖြင့် ဆုပေးကာ မျက်ရည်သုတ်၍ ထိုင်ရာမှထပြီး ထမင်းစားပွဲပေါ် တင်ထားသည့် သူ့ခြင်းထဲမှ ပိုက်ဆံအိတ် ယူ၍ စောစောကပင် သူထည့်လာခဲ့သော ကျပ်တန်အသစ် ကလေးများကို ကလေးများအား ဝေပေးလိုက်သည်။
“အန်တီမြင့် မပြန်နှင့်ဦးနော်”
“အန်တီမြင့် မီးမီးတို့နှင့် တစ်ညလောက် အိပ်ပါ။ ညကျ ဗွီဒီယို ကြည့်ရအောင်”
"အန်တီမြင့်၊ ဖေဖေကြီးကို ကားမောင်းခိုင်းပြီး မီးထွန်းပွဲ လျှောက်ကြည့်ရအောင် မပြန်နှင့်နော်”
“ဟုတ်တယ် အမြင့်။ ညည်း ကိုကိုကြီး အခု သင်္ဘောသား ကား ဝယ်ထားတယ်တော့။ မီးထွန်းပွဲ ကြည့်လို့တော့ သိပ်ကောင်းမှာ ဒီည ဒီမှာအိပ်ပါလား။ မနက်မှ ပြန်ပေါ့”
“နော်၊ အန်တီမြင့် နော်”
ကလေးများက ပူပူဆာဆာ တားကြသည်ကို သူ ဘာမျှ ကတိမပေးဘဲ ခပ်ငေးငေး စဉ်းစားနေလိုက်ပြီး အတန်ကြာမှ ထမင်းစားခန်းတွင် အမာနှင့် ထိုင်၍ စကားပြောသည်။
အမာက မအေးမြင့်ထက် နှစ်နှစ် သုံးနှစ် ကြီးဟန် တူသည်။ ကိုကိုကြီးထက်ပင် တစ်နှစ် ကြီးသည်ဟု ပြောသံ ကြားဖူးသည်။
“ညည်း ကိုကိုလေး မိန်းမ ပြင်ဦးလွင်မှာ ဆုံးသွားတာ ကြားလား”
မအေးမြင့် ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ ပါးစပ်မှလည်း “ဟင်” ဟု လွှတ်ခနဲ ဆိုမိသည်။ ပြီးတော့ ကိုကိုလေး မျက်နှာကို ပြေးမြင်လိုက်မိ၏။
“ဖြစ်မှဖြစ်ရလေ မမမာရယ်။ ဘယ်လို ဖြစ်တာတဲ့လဲ”
“သားအိမ် လမ်းကြောင်းမှာ ကင်ဆာ ဖြစ်တယ် ဆိုလား။ မပြောတတ် ပါဘူးလေ။ သနားပါတယ်။ သူ့ခမျာ လေးဆယ်တောင် မပြည့်ရှာသေးဘူး။ မိန်းမက ချောက ချောသနှင့်။ သေခါနီးတော့ တစ်ခါတည်း ပိန်ချပ်သွားတာ ကြည့်စရာ မကောင်းဘူး။ ကိုကိုလေးက ရှေ့တန်းမှာ စစ်ရေးက ပူနေလို့ သေမှ လာသဂြိုဟ်ပြီး သူ့ခမျာ အံကြိတ်ပြီး ပြန်သွားရရှာတာ။ ရက်လည်အောင်တောင် မနေဘူး။ စစ်ဗိုလ်မို့ သာပေါ့”
“ဖြစ်ရလေ ကိုကိုလေးရယ်”
သေသူကိုတော့ သူ မမြင်ဖူးလိုက်။ ကိုကိုလေး၏ ရုပ်အသွင်ကိုသာ ဖမ်းကြည့်ပြီး မျက်နှာထား တင်းတင်းနှင့် စစ်တိုက်နေသော ဇွတ်တရွတ်သမား ကိုကိုလေးကို မျက်စိက မြင်ယောင်၍ နေလေသည်။
နောက် တစ်ညနေလုံး မီးဖိုထဲတွင် အမာနှင့် ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ ပြောရင်း ထမင်းဟင်း ချက်ကြသည်။ ညနေစာ ထမင်းစားဝိုင်းမှာ ဆူဆူညံညံ ပျော်ပျော်ရွှင်ရွှင် ရှိကြသည်။ ကိုကိုကြီးမှတစ်ပါး အားလုံး ဘဘကြီးပါမကျန် ပျော်နေကြသည်။
ကိုကိုကြီးကမူ ခေါင်းအုံနေသည် ဆိုကာ စကားလည်း များများ မပြော။ ထမင်းလည်း ဟုတ်အောင် မစားဘဲ ပန်းကန် ထက်ဝက်လောက် ကုန်သော် ဇွန်းခက်ရင်းကို ချခဲ့ပြီး ထသွားသည်။
“ကိုကိုကြီး နေမကောင်းဘူးလား” ဟု မအေးမြင့်က မေးသည်ကို ခေါင်းအုံလို့ဟု တိုဆတ်ဆတ် ဖြေကာ အိမ်ပေါ်သို့ တက်သွားသည်။
“ဘတ်စပရို သောက်မလား မောင်” ဟု အမာက လှမ်းမေးသည်ကို လှေကားပေါ်မှ လှည့်မကြည့်ဘဲ “နေပါစေ” ဟု ပြောသွားသည်။
* * *
ညနေ ခုနစ်နာရီခွဲတွင် မအေးမြင့် ရေမိုးချိုးပြီး ပါလာသော အဝတ်များ လဲကာ ပြန်ရန် ပြင်ဆင်တော့ ကလေးများက ဆူဆူညံညံ တားကြပြန်သည်။ ယခုတစ်ကြိမ်တွင်မူ မအေးမြင့်က-
“အန်တီ အဆောင်မှူးကို မပြောခဲ့ရဘူး သားတို့ရယ်၊ နောက်မှ လာအိပ်မယ်။ မနက် စောစောလည်း အန်တီ သွားစရာ ရှိသေးလို့” ဟု ပြောကာ ထွက်လာတော့ အပြင်ဘက်တွင် မှောင်စပြုပြီ။ အမာက အိမ်ပေါ်သို့ လှမ်း၍-
“မောင်ရေ၊ အမြင့် ပြန်တော့မယ်။ လိုက်ပို့ဦးမလား။ ဒီမှာ သားတို့က မီးထွန်းထားတာတွေ လိုက်ကြည့်ချင် ကြတယ်” ဟု အော်ပြောသည်နှင့် မရှေးမနှောင်း ကိုကိုကြီး ဆင်းလာသည်။
“ကိုကိုကြီး ခေါင်းအုံနေတာ နေပါစေ။ အမြင့် ကိုယ့်ဘာသာကိုယ် ပြန်မယ်။ လွယ်ပါတယ် လိုက်မပို့ပါနှင့်”
“ရပါတယ်။ အမာရော လိုက်မှာလား”
“ဟင့်အင်း။ အိမ်မှာ အဖေကြီးတစ်ယောက်တည်း။ အမာ မလိုက်တော့ပါဘူး”
နောက်က အမိုး မတင်ရသေးသော သင်္ဘောသား ကားကလေး ပေါ်သို့ ကလေးများ တစ်ယောက်ပြီး တစ်ယောက် ကျော်ခွ တက်ကြသည်ကို စောင့်ပြီး သူလည်း တက်ရန် ပြင်နေသည့် မအေးမြင့်အား အမာက လှမ်း၍-
“အမြင့်က ရှေ့က ကိုကိုကြီးနှင့် သွားထိုင်လေ” ဟု အော်ပြောသည်။
ကိုကိုကြီးကလည်း-
“အမြင့်။ လာဟေ့ ရှေ့ကို လာ” ဟု ခေါ်သဖြင့် ကားရှေ့ခန်း ကိုကိုကြီးဘေးက တံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်သည်။
အိမ်ထဲမှ ကားလှိမ့်ထွက်လာပြီး လမ်းမပေါ်ရောက်လျှင် ကိုကိုကြီးက လည်ချောင်းရှင်းလိုက်ပြီး-
“အမြင့် နင့်ကို အမာကလည်း ချစ်တယ်။ ကလေးတွေကလည်း ချစ်တယ်။ ဖေဖေကလည်း ချစ်တယ်။ တကယ်ဆို နင် တို့ဆီ ပြန်လာပြီး နေဖို့ ကောင်းပြီ ထင်တယ်” ဟု ပြောလိုက်သည်။
မအေးမြင့်က ဘာမျှ ပြန်မပြော။
မအေးမြင့်မှာ လူကသာ ငြိမ်နေသည်။ သူ၏ အတွေးများက အတိတ်ဆီသို့ တရိပ်ရိပ် ပြန်ပြေးလျက် ရှိသည်။ ကိုကိုကြီးက ကြီးမားသော နှလုံးသားနှင့် မေတ္တာရှင်။ ကိုကိုလေးက ဇွတ်တရွတ်သမား။ သူတို့ ညီအစ်ကို တုတ်တစ်ပြက် ဓားတစ်ပြက် အချင်းများကြတော့ မေမေကြီးက သူတို့ကို ဘာခေါ်ပြောသည် မသိ၊ နောက်တစ်ရက်အတွင်း သူ့အခန်းသို့ လာကာ-
“အမြင့်၊ ညည်း ဘော်ဒါဆောင် တစ်ဆောင်ဆောင် သွားနေမှ ဖြစ်တော့မယ်” ဟု ခပ်တင်းတင်း ပြောကာ ဘဘကြီးနှင့်အတူ သူ့အား မြို့ထဲက မိန်းကလေး ဘော်ဒါဆောင် တစ်ခုသို့ လိုက်ပို့လိုက် ကြသည်။
* * *
လမ်းတွင် ကိုကိုကြီးက အက်ကွဲသော အသံဖြင့် စကား ဆက်ပြော လာသည်။ နောက်က ကလေးများကလည်း မီးအလှ ထွန်းထားသည်ကို တွေ့တိုင်း ဆူညံအော်ဟစ် ဩဘာပေးလာ ကြသည်။ ကားရှေ့ခန်း မှောင်ပျပျတွင် လက်ကိုင်ပဝါကို အခေါက်လိုက် ကိုင်ရင်း ကားဆွဲရာသို့ ပါလာခဲ့သည်။
ကိုးနာရီ ထိုးရန် ငါးမိနစ်အလို အဆောင်ရှေ့ ကားရပ်လိုက်သော အခါ မအေးမြင့် ကားတံခါးကို ဖွင့်ဆင်းပြီး အသာ ပြန်ပိတ်ကာ မည်သူ့ကိုမျှ နှုတ်ဆက် မနေတော့ဘဲ နောက်ခန်းက ကလေးများက-
“အန်တီမြင့် တာ့တာ” ဟု သံပြိုင် နှုတ်ဆက် လိုက်ကြသည်ကို လှည့်မကြည့်တော့ဘဲ လက်ပြရုံ ပြထားခဲ့ပြီး အဆောင်လှေကား အတိုင်း အပြေး တက်ခဲ့သည်။ ကားကလေး ပြန်ထွက်သွားသည်ကိုပင် မမြင်လိုက်တော့။ လှေကားထိပ် မီးရောင် အလင်းဆုံး နေရာသို့ ရောက်လျှင် သူပြေးတက် လာသည်ကို ရပ်ကြည့်နေသော မူမူက-
“ဟင် မမမြင့် မျက်နှာတွေ နီလို့ပါလား။ နေမကောင်းဘူးလား။ အအေးမိလာတယ် ထင်တယ်” ဟု စိုးရိမ်တကြီး ဆီးပြောသည်ကိုလည်း လက်သာ ခါပြထားခဲ့သည်။ သူ့အခန်း ရောက်တော့မှ လက်ထဲက ခြင်းကို စားပွဲပေါ် တင်ထားခဲ့ပြီး သူ့ကိုယ်သူ အိပ်ရာပေါ် ပစ်လှဲချလိုက်လေ၏။
---------------
ထင်လင်း
( မြန်မာဝတ္ထုတိုများပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။)
No comments:
Post a Comment