စည်းကြိုးနှင့် ကြက်တောင်
""""""""""""""""""""""""""""""""""""
ထင်လင်း
ကျွန်တော့် ဘဝလမ်းကြောင်းဟာ မိန်းမကြောင့်မို့ အပြောင်းကြီး ပြောင်းလဲခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော့် ဘဝလမ်းကြောင်းက မိန်းမသာ ဝင်မနှောင့်ရင် အင်မတန် ဖြောင့်ဖြူးခဲ့ ပြီးသားပါ။
ဩော် ဒါကို အခုမှ ပြောရသလားလို့ အပြစ်တင်ရင်လည်း ခံရမှာပါပဲ။ ပြောတော့လည်း ပြောရဦးမှာပါပဲ။ လူ့သမိုင်းစဉ် တစ်လျှောက်မှာ မိန်းမကြောင့် ဘဝတစ်ခုလုံး ပျက်ခဲ့ကြရတဲ့ သာဓကတွေ ကလည်း အများကြီးပါပဲ။ ကျွန်တော်တို့လို အနုစားကလေးတွေ ကိုတော့ ထားလိုက်ပါ။ အရင့်မာ အလောင်းတော်ကြီး များတောင်မှ မိန်းမ အဖျက်အဆီးနှင့် မကင်းနိုင်ခဲ့ကြပါဘူး။ ဟိမန္တာတော ဒဏ္ဍကဟိရညတောင်မှာ မင်းခြောက်ဆက် တိုင်အောင် ဘယ်သူမှ ဖမ်းလို့ မမိနိုင်တဲ့ ဘုရားအလောင်း ရွှေဥဒေါင်းမင်းတောင်မှ ဥဒေါင်းပျိုနှင့် မျှားပြီး ဖမ်းတော့ သတိလွတ်ကင်းပြီး မုဆိုးထောင်တဲ့ ညွှတ်ကွင်းမှာ အမိခံလိုက်ရ သေးတာပဲ။
ဟုတ်ပါတယ်။ ကျွန်တော် ဒါကို ငယ်ငယ်ကတည်းက ကြားဖူးနားဝ ရှိပါတယ်။ ဒါပေမယ့် ကြားဖူးနားဝက ကြားဖူးနားဝ ပါပဲ။
ဘုန်းကြီးကျောင်းမှာ ခပ်ငယ်ငယ်က တစ်ခါ၊ နောက် အင်္ဂလိပ် ကျောင်းသွားနေရာက ခဏထွက်ပြီး ကိုရင်ဝတ်တော့ တစ်ခါ ကျွန်တော် လောကုတ္တရာ စာပေတွေ သင်ရတော့ “ဒီကိုရင် တယ် ဉာဏ်ကောင်းတယ်” ဆိုတဲ့နာမည် ရခဲ့ပါတယ်။
အခြေခံ ဗုဒ္ဓသာသနာလို့ ခေါ်နိုင်တဲ့ မင်္ဂလသုတ်၊ ပရိတ်ကြီးသင်ရိုးကို တခြားကိုရင်တွေ တစ်ဝါတွင်းလုံး ကျက်မှတ်တာတောင် ထစ်တီးထစ်အပဲ ဆိုနိုင်ကြတာ။ ကျွန်တော်ကတော့ ဆယ်ရက်လောက်နှင့် အားလုံး မြင်းကောင်း စိုင်းသလို အလွတ် ရွတ်ဆိုပြနိုင်တယ် ဆိုတော့ ကျွန်တော့်ကို စာတက်ပေးတဲ့ ဦးပဉ္စင်းကြီးကရော ဆရာတော်ကြီးကပါ “ဒီကိုရင် ဉာဏ်ကောင်းတယ်။ လောကုတ္တ စာတွေဘက်သာ လိုက်လိုက်ရရင် တကယ့် အကျော်အမော် ဖြစ်မှာပဲ” လို့ အမိန့်ရှိကြပါတယ်။ အဲသလို အချီးမွမ်းခံရလို့ ကျွန်တော် ဘဝင်မြင့် မသွားခဲ့ဘူး။ ဒါကလေးလောက်နှင့်တော့ မချီးမွမ်းလောက်သေးပါဘူး ထင်ပါတယ် လို့တောင် အောက်မေ့ခဲ့မိပါတယ်။
သို့ပေမယ့် ဆရာတော်ကြီး ကိုယ်တိုင်က အဲသလို ချီးမွမ်းတယ် ဆိုရင်ပဲ ရွာထဲမှာတော့ နာမည်က ကြီးသွားခဲ့ပါတယ်။
ဒီလို ဉာဏ်ကောင်းတဲ့ ကိုရင်မျိုးကို ပဉ္စင်းတက်ပေးဖို့ သိပ်လိုလားနေကြတဲ့ ဒါယကာ ဒါယိကာမတွေက ကျွန်တော့်ကို ပဉ္စင်းလောင်းလို့ သတ်မှတ်ပြီး မမှိတ်မသုန် စောင့်ကြည့် နေကြတဲ့ လူတွေနှင့် “ကိုရင်၊ လူမထွက်နှင့်နော်။ စာ ကြိုးစားသင်” လို့ တိုက်တွန်းသူတွေကလည်း မနည်းပါဘူး။
အဲဒီ အထိကတော့ ဟုတ်လို့ပါပဲ။ လူတွေက အဲသလို ချီးမွမ်းကြတဲ့ စကားတွေကို အမေကြားတော့ အားရဝမ်းသာ ကျွန်တော် သင်္ကန်းဝတ်နေတဲ့ ကျောင်းကို ရှစ်ရက်သီတင်း၊ လပြည့်လကွယ် ဆွမ်းအုပ် ပို့ပို့ပြီး ဥပုသ်စောင့်ရင်း-
“အမေ့သား ရဟန်းဖြစ်ရင် အမေ လူဖြစ်ရကျိုး နပ်ပြီ။ သားကို မွေးရကျိုး နပ်ပြီ။ အမေ သေပျော်ပြီ” လို့ ခဏခဏ ပြောတယ်။
ဒါပေမယ့် ခင်ဗျာ။
ကျွန်တော့်ကို လူတွေက ချီးမွမ်းကြတယ် ဆိုတာက တကယ်တော့ သူများတကာတွေ တလည်လည်နှင့် အခုခေတ် ကလေးတွေ ဆယ်တန်း ကျသလို တဖုတ်ဖုတ် လန်လန်ကျနေကြတဲ့ နာမည်ကျော် ဓဇဂ်သုတ်ကို ကျွန်တော်က နှစ်ရက်သုံးရက် ကျက်ပြီး အထစ်အငေါ့ မရှိ ပြန်နိုင်တာနှင့် ဦးပဉ္စင်းကြီးက-
“ဟာ၊ ကိုရင် ရလွယ်လှချည်လား။ မြန်လှချည်လား။ အလျင်က ကျက်ဖူးသလား” လို့တောင် မေးယူရတာကို အကြောင်းပြုပြီး လူတွေကလည်း “ဟို အင်္ဂလိပ်ကျောင်းသား ကိုရင်ကလေးဟာ ဓဇဂ်သုတ်ကိုတောင် သုံးရက်နှင့် ပြန်နိုင်သတဲ့။ အခြား ကိုရင်တွေ ဆိုရင် ဒီ ဓဇဂ်သုတ်က မတက်နိုင်လို့ လူကိုဖျက် အရက် ရှင်ကိုဖျက် ဓဇဂ်လို့တောင် ဆိုကြရတာ” ဆိုတဲ့သတင်း ပျံ့နှံ့သွားခဲ့တာဟာ လူအတော်များများအဖို့ တအံ့တဩ ကိစ္စပေမယ့် ကျွန်တော်ကတော့ ဒီလို မထင်ပါဘူး။
ဓဇဂ်သုတ်ဟာ တခြားပရိတ်တွေထက် အမှတ်ရ အရွတ်ရ ခက်ပေမယ့် သူ့ဟာက ပရိတ် တစ်သုတ်လုံးမှာ “ဓဇဂ္ဂ ဥလ္လော ကေယျာထ” တွေ၊ “ဥလ္လောကယတံ” တွေ၊ “ဒေဝါ ရာဇဿဓဇဂ္ဂ” တွေက များပြီး ချာလည်ပတ်လည် လိုက်နေလို့ အမှတ်အသား ခက်ပြီး လည်နေကြတာ။ သူ့ အမှတ်အသားကလေးနှင့် သူ ကျက်ရင် ဘာမှ ခက်တာ မဟုတ်ပါဘူး။
ကျွန်တော် အမေ့ကို စိတ်ချမ်းသာ စေချင်ပါတယ်။ အားတက် စေချင်ပါတယ်။ လူဖြစ်ရကျိုး နပ်စေချင်ပါတယ်။ သေတဲ့အခါ အမေ့ကို ရဟန်းမယ်တော် ဆိုတဲ့ ဂုဏ်နှင့် သင်္ဂြိုဟ်စေချင်ပါတယ်။
ဒါပေမယ့် တကယ်တမ်းကျတော့ ရဟန်းဘောင်မှာ နေပြီး လောကုတ္တရာ စာပေပရိယတ္တိတွေကို လိုက်စားဖို့ စိတ်ကူးရတာ တယ်ပြီး မပီသလှပါဘူး။
အဲသလိုပဲ မပီမသ စိတ်ကူးရင်း မင်္ဂလသုတ်၊ ပရိတ်ကြီး၊ ရတနာရွှေချိုင့် နမက္ကာရ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ လောကနီတိ စတဲ့ အခြေခံတွေ အပြီးမှာ ကျွန်တော် သဒ္ဒါနှင့် သင်္ဂြိုဟ်ကို တစ်ပြိုင်တည်းလိုလို တက်ခဲ့ရပါတယ်။
ဒီကျတော့ ကျက်ရမှတ်ရတာ ပရိတ်ကြီးတို့တုန်းကလောက် မလွယ်တော့ပေမယ့် စာမှန်မှန် တက်ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးကတော့-
“ကိုရင် ဉာဏ်ကောင်းတယ်။ ကြိုးစား သင်။ လှေပြေးတုန်း ကုန်းလှော်ထား။ ပိဋကတ်သုံးပုံ ဆိုတာ သမုဒ္ဒရာကြီးလို သင်လို့ ကုန်နိုင်တာ မဟုတ်ဘူး။ ငယ်ငယ်က ဖိကြိုးစားထားမှ တော်ကာကြမယ်”လို့ အမိန့်ရှိပါတယ်။
သင်္ဂြိုဟ်စိတ်ပိုင်း၊ စေတသိက်ပိုင်းလောက် ကုန်တော့ ကျွန်တော်ဟာ လောကုတ္တရာ စာပေဘက်ကို အတော် စိတ်ရောက်လာပါတယ်။ ဘုရားဟောတဲ့ တရားတွေဟာ အင်မတန် နက်နဲပါလား၊ ကျယ်ဝန်းပါလား၊ ထူးခြားပါလားလို့ အံ့ဩမိလာပါတယ်။
ဦးပဉ္စင်းကြီးကလည်း ကျွန်တော့်ကို ဂရုတစိုက် ဖိဖိစီးစီး စာချပေးပြီး ချီးမြှင့်တော်မူပါတယ်။
အဲသည်အချိန်တွေမှာ ကျွန်တော့်လှေဟာ အပြေးဆုံးအချိန်ပေါ့။ ဒါပေမယ့် ခင်ဗျာ။ ကျွန်တော့်မှာ ဦးပဉ္စင်းကြီး အမိန့်ရှိသလို လှေပြေးတုန်း ကုန်းလှော်ထားရမည့် အချိန်မှာ လှေပြေးတုန်း တက်ကျိုး ဆိုတာမျိုးနှင့် ကြုံရပါတော့တယ်။
ကျွန်တော် လောကုတ္တရာ အာရုံကို ပီပီသသကြီး မဖမ်းမိခင်ပဲ လောကီအာရုံများရဲ့ ကြားဖြတ်ဆွဲဆောင်မှုကို ခံလိုက်ရပါတယ်။
အဲဒါကတော့ ဖြောင့်ဖြူးနေတဲ့ ကျွန်တော့်ဘဝ တစ်ခုလုံးကို ဖျက်ဆီးမည့် မိန်းမဆိုတဲ့ အာရုံပါပဲ ခင်ဗျာ။
တကယ် ကျွန်တော်ဟာ အဲသည်တုန်းက အတော့်ကို ငယ်သေးတယ်။ တစ်ဆယ့်လေး ငါး ခြောက်နှစ်သား ဆိုတော့ ပဉ္စင်းဖြစ်ဖို့က သုံး လေးနှစ်လောက် လိုသေးတော့ ခပ်အေးအေး နေတုန်းမှာပဲ ကြားဖြတ် လောကီအာရုံကြောင့် အပူငွေ့က ဝင်လာပါတော့တယ်။
အဲ၊ ဥပုသ်နေ့ တစ်နေ့မှာ ကျွန်တော် ဆွမ်းမစားခင် ရေချိုးဖို့ သွားနေကျအတိုင်း ကျောင်းနှင့် မလှမ်းမကမ်းမှာ ရှိတဲ့ ရေတွင်းဆီကို အသွား လမ်းဘေးက အပွင့်တွေနှင့် ဝေနေတဲ့ ပုန်းညက်ပင်ကြီးရဲ့ အောက်မှာ ဒါယိကာမကလေး တစ်ယောက်ကို တွေ့လိုက်ရတယ်။
သူ့ကို ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ရွာထဲကလည်း မဟုတ်ပါဘူး။ လှတော့ အတော်လှတယ်လို့ ထင်ပါတယ်။ ခပ်ငယ်ငယ်ပဲ။
ဆံရစ် ဆံတောက်ကလေးနှင့် မျက်နှာ မသွယ်တသွယ် မျက်နှာ ဝိုင်းဝိုင်း။
ကျွန်တော့်ရဲ့ ပထမ စိတ်ကူးကတော့ သူ့ကို မမြင်ယောင် ဆောင်ပြီး ရေတွင်းကို အရောက်သွားဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော် သူ့အနား ဖြတ်လျှောက်သွားတော့ သူက ခပ်တိုးတိုး လေသံနှင့် “ကိုရင်” လို့ လှမ်းခေါ်တယ်။ ကျွန်တော့် ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားပြီး ခြေလှမ်းတွေလည်း တုန်သွားတယ် ထင်ပါတယ်။
“ပုန်းညက်ပန်း ခူးပေးမလားဟင်”
သူ့အသံကလေးက ဆည်းလည်းသံလို လွင်နေတယ်။ ချိုနေတယ်။
တကယ်တော့ ကျွန်တော်က ဒီအချိန်မှာ သိပ်အားတာ မဟုတ်ဘူး။ ဒီက ရေချိုးပြီးရင် ဆွမ်းစားကျောင်းမှာ ကပ္ပိယကြီးနှင့် ဆွမ်းပွဲ ကူပြင်ရမယ်။ ဆရာတော်ကို ဆွမ်းကပ်ရဦးမယ်။ ဝေယျာဝစ္စ လုပ်စရာတွေနှင့်။
သို့ပေမယ့် ဘယ်လို ဘယ်လို ဖြစ်သွားတယ်တော့ မသိဘူး။ ကျွန်တော်ဟာ အပေါ်ရုံ သင်္ကန်းကို ခွာချပြီး အနီးအနားက ဝါးလုံး တန်းပေါ် တင်၊ သင်းပိုင်ကို တိုတို ပြင်ဝတ်လိုက်ပြီး ပုန်းညက်ပင်ပေါ်ကို မျောက်ကလေး တစ်ကောင်လို တက်ခဲ့မိတယ်။
ပြီးတော့ ကိုင်းဖျားကိုင်းနားဆီမှ အခိုင်အခိုင်ပွင့်ပြီး မွှေးနေတဲ့ ပုန်းညက်ပန်းတွေကို အခိုင်ရင်းက အကိုင်းပါ အသာအယာ ချိုး။ အောက်ပစ်ချရင်း ပုန်းညက်ပန်း ဆိုတာ ကြွေလွယ်လို့ ခါးက ခါးပန်းကြိုးကို ဖြုတ်ပြီး ပန်းခိုင်တွေကို ချည်။ ပခုံးမှာ အသာ ရွရွကလေး လွယ်။ ပြီးတော့ ယောက်ျားဘသား မျောက်ကလေးလို ပြန်ဆင်း။ အောက်ဆုံး အကိုင်းကျတော့ လက်နှစ်ဖက်နှင့် ခိုပြီး ဖုတ်ဆို သူ့အနား ခုန်ချခဲ့တယ်။
ဒီကျောင်းထဲက သစ်ပင်တွေ ဆိုတာက ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခွေးရူးလိုက်တမ်း ကစားနေကျမို့ ဒီလို အောက်ကိုင်း ခိုပြီး ခုန်ချတာမျိုးက လှလှပပကို ဖြစ်တယ်။
ကျွန်တော် အဲသလို သူ့အနား ဖုတ်ခနဲ မတ်တတ်ကျလာတာကို သူက လန့်ပြီး လက်နှင့် လှမ်းထိန်းလိုက်တော့ ကျွန်တော့် ပခုံးကို သူ့လက်ကလေးက လာထိတယ်။ ကျွန်တော်က တစ်ခါ ခါးပန်းကြိုးကို ဖြည်ပြီး ပန်းခိုင် တစ်ပွေ့ကြီး သူ့ကို အပေးမှာ သူက လက်နှစ်ဖက်နှင့် ဆီးပွေ့တော့ သူ့ လက်နှစ်ဖက်ဟာ ကျွန်တော့် လက်တွေပေါ်ကို လာပြီး အုပ်မိပြန်တယ်။
သူ့မျက်နှာဟာ ကျွန်တော့် မျက်နှာနှင့် တစ်ပေသာသာလောက် ရောက်လာတယ်။ သူက ကျေးဇူးတင်တယ်တွေ ဘာတွေ ပြောမနေဘဲ သူ့မျက်လုံးဝိုင်းကြီးတွေနှင့် ကျွန်တော့် မျက်နှာဆီကို တည့်တည့်တစ်ချက် လှမ်းကြည့်ပြီး ပြုံးလိုက်တယ်။
တကယ့် လျှပ်တစ်ပြက် တစ်ခဏကလေးပါပဲ။ ဒါပေမယ့် ကျွန်တော့်အဖို့ အဲဒါဟာ တစ်ဘဝလုံးပါပဲ။
အဲဒီမိန်းကလေးကို အဲဒီနေရာမှာ အဲဒီနေ့က တွေ့ရတာဟာ ပထမဆုံး အကြိမ်နှင့် နောက်ဆုံး အကြိမ်ပါပဲ။ သူ ဘယ်သူဘယ်ဝါ၊ ဘယ်မြို့ဘယ်ရွာက ဘယ်သူနှင့် ပါလာတယ် ဆိုတာ မသိလိုက်ရပါဘူး။
ကျွန်တော်ဟာ သူ့မျက်နှာကလေးနှင့် မျက်လုံးဝိုင်းကြီးတွေကို ရက်ပေါင်း အတော်ကြာအောင် တရစ်ဝဲဝဲ မြင်နေပြီး ညည အိပ်လို့ မပျော်နိုင်ဘဲ သူ့အကြောင်း တောင်တွေးမြောက်တွေး မပီမသ တွေးနေခဲ့ပေမယ့် ဒီအကြောင်း ကျွန်တော် ဘယ်သူ့မှ မပြောဖြစ်ခဲ့ပါဘူး။
ဥပုသ်နေ့၊ ဥပုသ်နေ့တွေမှာ ဆွမ်းမစားခင် ရေချိုးသွားရင်း ပုန်းညက်ပင်နား ရောက်ရင် တစ်နေရာရာ အကွယ်က သူထွက်လာပြီး “ကိုရင်” လို့များ ခပ်တိုးတိုး ခေါ်လိုက်လေမည်လားလို့ မျှော်တလင့်လင့်နှင့် သတိထားပြီး သွားနေမိတာက လွဲလို့ ကျွန်တော့် စိတ်ထဲမှာ ရှိနေတာတွေကို ဘယ်သူမှ အသိ မခံခဲ့ပါဘူး။
သူ့အကြောင်းချည်း တွေးတွေးနေမိတဲ့ ရက်ပိုင်းကဆိုရင် သူ့ကို သတိရတိုင်း ကျွန်တော် ငိုချင်တယ်။ သူ ဘယ်မှာနေတယ် ဆိုတာများ သိခဲ့ရရင် ကျွန်တော် မိုးအဆုံး မြေအဆုံး လိုက်ရလိုက်ရ လိုက်သွား မိမလား မပြောတတ်ဘူး။ စာကျက်လို့ ဆိုတာကတော့ နည်းနည်းမှ မကောင်းတော့ပါဘူး။
“ပကိဏ်းပိုင်း ရောက်တော့ စာတွေ နည်းနည်းများ ပိုရှုပ်လာသလား မသိဘူး။ တော်တော်နှင့် မမှတ်မိနိုင်ဘူး ဘုရာ့”
“ပကိဏ်းပိုင်းက မရှုပ်ပါဘူးလေ။ သူ့ဟာနှင့်သူ မှတ်ရတာ ရှေးကဟာတွေ လိုပါပဲ။ ကိုရင့်စိတ်က ရှုပ်နေတာ နေမှာပါ။ ကဲ ဆို။ ပဉ္စဝီသ ပရိတ္တမှိ၊ ဆစိတ္တာနိ၊ မဟဂ္ဂတေ၊ ဧကဝိသတိ ဝေါဟာရေ”
“ပဉ္စဝီသ၊ နှစ်ဆယ့်ငါးပါးသော စိတ်တို့သည်။ ပရိတ္တမှိ ပရိတ္တမှိဧဝ၊ ကာမအာရုံ၌သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဆစိတ္တာနိ၊ ခြောက်ပါးသော စိတ်တို့သည်။ မဟဂ္ဂတေ မဟဂ္ဂတေ မဟဂ္ဂုတ်။ အာရုံ၌သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧကဝိသတိ၊ နှစ်ဆယ့်တစ်ပါးသော”
ဟုတ်ပါတယ် ခင်ဗျာ။
ကျွန်တော့် စိတ်တွေဟာ ရှုပ်နေပြီး တဒင်္ဂကလေး ထိတွေ့ လှုပ်ယမ်းခဲ့ရတဲ့ မိန်းကလေး အာရုံမှာသာ တရစ်ဝဲဝဲ ရှိနေခဲ့ဟန် တူပါတယ်။
စာလိုက်ရတာ စာအံရတာ စိတ်မဖြောင့်တော့ဘူး ဆိုမှတော့ အလွယ်ကလေးကိုပဲ တော်တော်နှင့် ခေါင်းထဲ မရောက်နိုင်ဘူး။ စာတက်ရတာ ဝန်လေးလာချင်တယ်။ ဦးပဉ္စင်းကြီးကတောင် “ဟ ဒီကိုရင် ဘယ်လို ဖြစ်နေလဲ” လို့ အံ့ဩယူရတယ်။
ကျွန်တော်ကလည်း ကျွန်တော်ပဲ။
ရွာထဲ ဆွမ်းခံသွားရင်လည်း ဆရာသမား ဆုံးမထားသလို ဩက္ခိတ္တစက္ခုနှင့် မျက်လွှာချပြီး မသွားနိုင်ဘူး။ လူသံမို့ ကြားရင် အထူးသဖြင့် မိန်းကလေး အသံမို့ ကြားလိုက်ရရင် ကျီးကန်းတောင်းမှောက် ကြည့်မိ ရှာမိတော့တာပဲ။ ကျွန်တော့်မှာ အသိခေါက်ခက် အဝင်နက် ဆိုသလို ဖြစ်နေပါတော့တယ်။
သီတင်းဝါလ ကျွတ်ပြီး အတော်ကြာအောင် ကျွန်တော် ချီတုံ ချတုံနှင့် စာဝါလည်း အခါရက်က နားလက်စ ဆက်နားနေလို့ အရှိန်ပျက်။ အဖေက “ကိုရင် လူထွက်ချင် ထွက်။ ရှေ့နှစ် အင်္ဂလိပ်ကျောင်း ပြန်တက်မှာဖြင့် နောက်မကျစေနှင့်” လို့ လာပြီး သတိပေးသွားတယ်။
ကျွန်တော်လည်း ဘာရယ်လို့ မဟုတ်ဘူး။ စိတ်တွေကလည်း လေနေတာမို့ အတော်ပဲ။ အဲသည်နှစ်က နွေဦးပေါက်မှာ ဦးပဉ္စင်းကြီးကိုရော ဆရာတော်ဘုရားကိုပါ “တပည့်တော်ကို လူထွက်ခွင့် ပြုပါတော့ဘုရား” လို့ သွားလျှောက် လိုက်ရတယ်။
ဆရာတော်ကရော ဦးပဉ္စင်းကြီးကပါ-
“လူ့ဘောင်ဆိုတာ အင်မတန်မှ ရှုပ်ထွေးပြီး အင်မတန်မှ ဒုက္ခတွေ များတယ်။ အေးချမ်းတဲ့လမ်း လိုက်ပါလား” ဆိုပြီး တရားပြ နားချ။ မထွက်အောင် တားကြပါတယ်။
ကျွန်တော်က လောကီစာကို ဆယ်တန်းလောက် အောင်အောင် သင်ပါရစေဟု ဆိုပြီး လျှောက်တော့ ဆရာတော်ကြီးကတော့ သတ္တဝါတစ်ခု ကံတစ်ခု ဆိုပြီး ထွက်ခွင့်ပြုပေမယ့်၊ ဦးပဉ္စင်းကြီးကတော့ တယ်ပြီး ခွင့်ပြုချင်ပုံ မရဘူး။ “ကိုရင် နော်။ လောကီမှာ ဒုက္ခတွေ့လာမှ သာသနာ့ဘောင် ဝင်လာချင်လို့ မလွယ်ဘူး” လို့ ပြောနေပါသေးတယ်။
* * *
ဒီလိုနှင့်ပဲ ကျွန်တော် ခေါင်းတုံးကလေး မည်းစမှာ အင်္ဂလိပ်ကျောင်း ပြန်ရောက်ခဲ့တယ်။
အဲဒါဟာ ကျွန်တော့်ရဲ့ဘဝ အဆင်းလမ်းပါပဲ။ နေခြည်ကလေးကလည်း လင်းလို့။ မြက်ခင်းကလေးတွေကလည်း စိမ်းလို့။ အနိမ့်ပိုင်းက အဝေးတစ်နေရာဆီမှာ ရေကြည်စမ်းကလေးကလည်း နေခြည်မှာ တလက်လက် စီးလို့။ ကျွန်တော် တောင်ဆင်းလမ်းမှာ သီချင်းတကြော်ကြော်နှင့် ပျော်ပျော်ကြီး ဆင်းပြေးခဲ့ပါတယ်။
ကျွန်တော့် ဘဝလမ်း တစ်လျှောက်မှာလည်း ပုန်းညက်၊ စကား၊ ချရား၊ စံပယ် အပင်တွေကလည်း ပွင့်တချို့ ငုံတချို့ မွှေးလို့ ကြိုင်လို့ လှလို့။
မျက်လုံးဝိုင်းကလေးတွေ၊ ဆံရစ် ဆံတောက်ကလေးတွေ၊ စည်းကြိုးနှင့် ကြက်တောင်ကလေးတွေ၊ ဗျာဆံဝိုက် ဗျာဆံခါ မနိမ့်မမြင့် အခန့်အသင့်ကလေးတွေကလည်း ပေါပါဘိနှင့်။ ကျွန်တော် ပျော်ခဲ့ပါတယ်။
သူတို့နှင့် ကြုံတဲ့အခါ ယောက်ျားဘသား လုပ်ပြပြီး ပန်းတက် ခူးပေးရတာကလည်း အမော။
ဒါပေမယ့် သိပ်ပျော်ပါတယ်။
ကျောင်းက ဦးပဉ္စင်းကြီး သင်ပေးလိုက်တဲ့ စာတွေကိုလည်း မအံတော့ဘူး။ အကြောင်းသင့်ရင် သင့်သလို တိုးတိုးတစ်လှည့် ကျယ်ကျယ်တစ်ခါ သီချင်းချည်း ဆိုနေတော့ ဦးပဉ္စင်းကြီး သင်ပေးလိုက်တဲ့ စာတွေဟာ ကျောင်းကိုပဲ ပြန်သွားကြဟန် တူပါတယ်။
အဲသလို သီချင်းတကြော်ကြော်နှင့် ကျွန်တော် ပြေးဆင်းခဲ့တဲ့ လမ်းမှာ စိတ်တူကိုယ်တူ ချစ်စရာ ခင်စရာ မာတုဂါမကလေး တစ်ယောက်ကို တွေ့ရပါတယ်။
ကျွန်တော်က ရှင်လူထွက်၊ သူက ဆယ်ကျော်သက်။ စည်းကြိုးနှင့် ကြက်တောင် အဲသည့်အရွယ်က စပြီး သည်ကလေးမနှင့် နီးနီးကပ်ကပ် ထိတွေ့ဖို့ အခြေအနေ ပေးလာတဲ့ အချိန်မှာတော့ ကျွန်တော့် ဘဝတစ်ခုလုံးဟာ အိပ်မက် မက်နေသလိုပါပဲ။ ညဉ့်တာကြီးကလည်း ဘယ်လောက် ရှည်ခဲ့မှန်းတောင် မသိတော့ဘူး။ စိတ်ညစ်စရာတွေ ရင်ခုန်စရာတွေရော၊ ဘဝင်တုန်စရာတွေရော အမျိုးစုံပါပဲ။ ဇာတ်ကနေရ သလိုလိုလည်း ဆိုနိုင်ပါရဲ့။
ကျွန်တော် ငိုတစ်ခါ ရယ်တစ်လှည့် အိပ်မက် မက်နေရာက တစ်ချိန်မှာတော့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မမှတ်မိအောင် ဖြစ်လို့ မှန်ထဲမှာ မနည်း ရုပ်ဖမ်းယူရပါတယ်။ ဆံပင်တွေကလည်း ဖြူလို့၊ သွားတွေကလည်း ကျိုးလို့၊ ပါးရေ နားရေတွေကလည်း တွန့်စပြုနေပြီလေ။
ကျွန်တော်သွားရာ နောက်က တကောက်ကောက် ပါလာခဲ့ပြီး ကျွန်တော်နှင့်အတူ သီချင်းတွေ ဆိုလိုက်၊ ငိုလိုက် ရယ်လိုက်နှင့် လောကဓံ အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့တဲ့ စည်းကြိုးနှင့် ကြက်တောင်မကလေးဟာလည်း ကျွန်တော့်လိုပဲ သွားကျိုးပါးကျိုးနှင့် ဆံပင်တွေ ကြိုးကြားဖြူစ ပြုနေပြီ ဖြစ်တဲ့ အမယ်အိုကလေး။
အလို ဘုရား ဘုရား၊ ဒါ အိပ်မက် မက်နေတာလား။ အိပ်မက် မက်နေရာက လန့်နိုး လာတာလား။
ကြည့်ပါဦးလေ။
သူကလည်း သူငယ်ငယ်က သင်ခဲ့အံခဲ့ရတဲ့ ပရိတ်တို့၊ ဓမ္မစကြာတို့၊ ပဌာန်းတို့ကို တတွတ်တွတ် ရွတ်လို့။ အိပ်မက်ဆိုးကြောင့် အန္တရာယ် ကင်းအောင် ဘေးရှင်းအောင် ထင်ပါရဲ့။
ကျွန်တော်ကလည်း ကျွန်တော် ကိုရင်ဘဝက သင်အံခဲ့ရတဲ့ စာတွေကို သွားကျိုးပါးကျိုးနှင့် ရွတ်လို့ ဟောလို့။ အနိစ္စသံ၊ ဒုက္ခသံ၊ အနတ္တသံတွေ နှောပြီး မြည်တမ်းရင်း လာလမ်းကို ပြန်မျှော် ကြည့်နေမိပါတယ်။
ကျွန်တော်တို့ သီချင်းတကြော်ကြော်နှင့် ပျော်ပျော်ပါးပါး တစ်ယောက်ခါး တစ်ယောက်ဖက်၊ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး လှိမ့်ဆင်းလာခဲ့ကြတဲ့ ကန်စောင်းကြီးကို ထိပ်ရောက်အောင် ပြန်တက်ရမယ် ဆိုရင် အို အမြင့်ကြီးပါလား။ ကုန်းထိပ်ဆီက စေတီ ဖွေးဖွေးကလေးကိုတောင် ခပ်ရေးရေးပဲ မြင်ရတော့တယ်။ ဪ၊ မျက်စိကလည်း မှုန်လို့ဝါးလို့ ပါလား။
အဲဒီ ကုန်းထိပ်က စေတီဖြူဖြူကလေးဆီ ရောက်အောင် ဆိုရင် ဒီအသက် ဒီအရွယ် ဒီအမောမျိုးနှင့် တက်မှ တက်နိုင်ပါတော့မလား။
အင်း၊ ဓဇဂ်သုတ်ကို သုံးရက်နှင့်အရ ကျက်မှ ကျက်နိုင်ပါတော့မလား။
ရဟန်းဘောင် ဝင်ချင်တယ် ဆိုရင်ကော။ ရဟန်း ဒါယကာ၊ ရဟန်းအစ်မတွေက လိုလိုလားလား ရှိကြပါတော့မလား။
ကဲ- စည်းကြိုးနှင့် ကြက်တောင်မကလေးရေ။ အိပ်မက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ထိပ် မရောက်ရင်သာ ရှိရမယ်။ ရောက်သလောက် အင်အားကလေးနှင့် တက်လိုက်ကြဦးစို့ကွယ်။ ငါ့ခါးကိုသာ မြဲမြဲ ဆွဲပြီး လိုက်ခဲ့ပေတော့။ အေး၊ လမ်းမှာ ခြေချော်ပြီး ပြန်လိမ့်ကျ မသွားအောင်တော့ သတိထားကွယ့်။ သတိကိုတော့ မလွတ်စေနှင့်နော်။ တို့ငယ်ငယ်ကတော့ အပျော်သဘောလို ပြေးဆင်း လှိမ့်ချခဲ့ကြတာပဲ။ ဒါပေမယ့် အခုနေ ဒီတောင်စောင်းအတိုင်းများ လိမ့်ပြီး ကျရင်ကတော့ ငယ်ငယ်တုန်းကလို ပျော်စရာ တစ်မျိုးများ ဖြစ်လာ မလားလို့တော့ မမျှော်လင့်လေနှင့်ကွယ်။ မမျှော်လင့်လေနှင့်။ မဖြစ်တော့ဘူး။
------------------
ထင်လင်း
(လယ်တောမှအပြန် နှင့် လက်ရွေးစင်ဝတ္ထုများ)
(မြန်မာဝတ္ထုတိုများပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်)
No comments:
Post a Comment