Sunday, 28 October 2018

ဝမ်းမြောက်တဲ့ အောင်သံပေ ♥ ဆူးငှက်

ဝမ်းမြောက်တဲ့ အောင်သံပေ


♥♥♥♥♥♥♥♥♥


ဆူးငှက်


သီးတင်းကျွတ်သည်နှင့် အိမ်မှာ မင်္ဂလာဆောင် ဖိတ်စာများနှင့်အတူ  စေ့စပ်ကြောင်းလမ်းပွဲဖိတ်စာ အချို့လည်း တွေ့လာရ၏။


ရှေးက မန္တလေးမှာ ရပ်ကွက် ထဲ၊ လမ်းထဲ၊ ဝင်းထဲ၌ မဏ္ဍပ်များ နှင့် မင်္ဂလာဆောင်ကြသည်။ နောက်ပိုင်းတွင် မဏ္ဍပ်နှင့် မင်္ဂလာဆောင်ရာ၌ လမ်းပိတ်မိန့်၊ ပွဲမိန့် တောင်းခံရခြင်း စသည့်အခက် အခဲများနှင့် မိုးလေဝသစိတ်မချရ ခြင်း၊ မဏ္ဍပ်ငှားရမ်းဆောက်လုပ် သည့် စရိတ်စက ကြီးလေးခြင်း တို့ကြောင့် ခန်းမများနှင့် မင်္ဂလာ ဆောင်ကြသည့် ပုံစံများဆီ ပြောင်း လဲလာသည်။ သတို့သား၊ သတို့ သမီး မောင်နှံနှစ်ဖြာ စုလျားရစ် ပတ် ထိမ်းမြားသည့်ကိစ္စမှာ စေ့ စပ်ကြောင်းလမ်းပွဲက တစ်ကြိမ်၊ လက်ထပ်မင်္ဂလာ ဆွမ်းကျွေးက တစ်ကြိမ်၊ မင်္ဂလာဧည့်ခံပွဲက တစ် ကြိမ်၊ မင်္ဂလာညစာစားပွဲက တစ် ကြိမ် စသည်ဖြင့် ကျင်းပလာကြ သည်။ မင်္ဂလာ သတို့သမီး မိတ် ကပ်ကလည်း အနည်းဆုံး သိန်း ဂဏန်း.. ၊ ဝတ်စုံကလည်း အမျိုး မျိုး.. ။ ငှားရမ်းလည်း ဝတ်နိုင် သည်။ စေ့စပ်ပွဲဝတ်စုံ၊ လက်ထပ် ဆွမ်းကျွေးဝတ်စုံ၊ မင်္ဂလာဧည့်ခံ ဝတ်စုံ၊ ဒင်နာဝတ်စုံ.. ။ ပြီးတော့ လက်ဝတ်ရတနာ.. ။ ပြီးတော့ကားငှားရမ်းခ.. ။ ထားတော့.. ။ခေတ်အလိုက်လိုအပ်သည့် အဝတ်အစား အဆင်အယင်၊ အ ဆောင်အယောင်နှင့် ခန်းမနေရာများ ပြောင်းလဲသွားသည်က တော့.. ။


စေ့စပ်ကြောင်းလမ်းသည် က အရင်က အလွန်သိုသိပ်ယဉ် ကျေးသော မြန်မာမိသားစုပုံစံမျိုး၊ ကိုယ့်မျိုးကိုယ့်ဆွေနှင့်တင်မပြီး တော့.. ။ လူသူလေးပါး ခန်းမကြီး ထဲ ဖိတ်ကြားပြီး နှစ်ဖက်မိဘ၊ ဂုဏ်သရေရှိ လူကြီးစုံရာနှင့် အ ခမ်းအနားအစီအစဉ်ကြီးများနှင့် အတူ သတို့သားဘက်ကတင် သည့် ပစ္စည်းစာရင်း၊ တန်ဖိုး၊ မိဘ များလက်ဖွဲ့သည့် ပစ္စည်းစာရင်း တန်ဖိုးများကို စာချုပ်စာတမ်းနှင့် ရှေ့နေ ရှေ့ရပ်နှင့် အသိသက် သေနှင့် လက်မှတ်ရေးထိုးကာ သတို့သား၊ သတို့သမီးထံ အပ်နှံ သည့် ကိစ္စများအထိ ကြီးကျယ် ခမ်းနားလာ၏။ အရင်က မန္တလေး မူဆိုတာ ရှိသည်ကို ရှိသလောက် ထုတ်ဖော် ဝတ်စားပြတာမျိုး မဟုတ်။ သိုသိပ်သည်။ အနေကျုံ့ သည်။ ကျစ်လျစ်သည်။ ရှိတာ လည်း လူမသိစေ၊ မရှိတာလည်း လူမသိစေသည့် နေထိုင်မှုဖြစ် သည်။


အခုတော့ ရှိသူရော၊ မရှိသူ ရော သတို့သားဘက်က ကားတန်းရှည်ကြီးက သတို့သမီးထံ သွား ရောက်ပြီး သတို့သမီးဘက်က စောင့်ဆိုင်းနေသော ကားတန်း ရှည်ကြီးနှင့်အတူ ဟွန်းသံတညံညံ ဖြင့် မင်္ဂလာခန်းမဆီ စီတန်းလှည့် လည်ကြကုန်၏။ ဒီယဉ်ကျေးမှုက တော့ မန္တလေးမှာ ထွန်းကားနေ တာကြာပါပြီ။ ရှိသူတွေက ပြဿ နာမဟုတ်။ မရှိသူတွေကလည်း မင်္ဂလာဆောင်လျှင် ထိုအစဉ်အ လာကို လွန်ဆန်၍မရ။ အခကြေး ငွေနှင့် ငှားတန်သည့် ကားကို ငှား..၊ မနိုင်ရန်ကာ မိတ်ဆွေကား ပိုင်ရှင်များအား ဇွတ်အကူအညီ တောင်းတန်တောင်းနှင့် ကျေနပ်၊ မကျေနပ်ဖြစ်အောင် စီစဉ်ကြရ သည်။ သတို့သား၊ သတို့သမီး အိမ်က မင်္ဂလာခန်းမဆီ ကား တန်းကြီးနှင့် သွားရုံဆို ကိစ္စမရှိ..။ နောက်ပိုင်းဖြစ်လာနိုင်တာက ဒီကားတန်းကြီးနှင့် သတို့သား၊ သတို့သမီးက မန္တလေးတောင် ဘိုးဘိုးကြီးနန်းသို့ နတ်ပြသွားကြ ရဦးမည်ဆိုလျှင် ကားခ၊ ဆီဖိုးပို တက်လာဦးမည်။


တစ်ခုတော့ အစဉ်အလာ ဟောင်း၊ အစဉ်အလာကောင်းရှိ နေပါသေးသည်။ မင်္ဂလာခန်းမမှာ ရောက်သည်နှင့် ကျွေးမွေးဧည့်ခံ သော အစားအသောက်ကို အလျှံပယ်စားသောက်နိုင်သည်။ ကြိုက် သည့်အချိန် လက်ဖွဲ့ပြီး ပြန်နိုင်သည်။ သို့မဟုတ် တီးဝိုင်းက သီချင်းကောင်းလို့ ရေခဲမုန့် နောက်တစ်ပွဲထပ်မှာပြီး ကြိုက်သလောက်ထိုင်နိုင်သည်။ သတို့သား၊ သတို့သမီးရောက်လာ၊ အခမ်းအနားအစီအစဉ်ကြီးနှင့် အခါတော်ပေး၊ လက်စွပ်လဲ၊ ပန်းစည်းပေးပြီးမှ စားသောက်ကြ၊ ပြီးတာနှင့် ခန်းမအဝင်မှာ သတို့သား၊သတို့သမီးကို နှုတ်ဆက်ပြန်ဆိုသော ပုံစံကျ အလုပ်သဘောမရောက်သေး။ သို့သော် ကိုယ့်အစဉ်အလာကောင်းကို စွန့်ပြီး ထိုအစဉ်အလာကို ပုံတူကူးလုအံ့ဆဲဆဲတော့ ဖြစ်နေပေပြီ။ မန္တလေးမြို့ခံ လူကြီးလူကောင်းများ ကိုယ်တိုင်ကပင် ကိုယ့်အစဉ်အလာကောင်းမှာကို ထွေးထွေးပိုက်ပိုက်အမြင်ကျယ်ကျယ်ရှိဖို့လိုပါ၏။


မင်္ဂလာဧည့်ခံပွဲပြီးတော့ ဒင် နာတဲ့.. ။ သတို့သား၊ သတို့သမီး ကလည်း ဝတ်စုံပြောင်း.. ။ သောက်ကြ.. ၊ စားကြ.. ။ ဒါက တရုတ်တို့ အစဉ်အလာဖြစ်သည်။ ဒါကလည်း မန္တလေးမှု (ဝါ) မြန်မာ မှုမဟုတ်။ အခုတော့ မန္တလေးမှာ မင်္ဂလာဧည့်ခံပွဲအပြီး ဒင်နာဆို တာ အတော်ခေတ်စားလာ၏။ ကုန်လိုက်သည့်ငွေက သောက် သောက်လဲ.. ။


ရှေးက မန္တလေးမှာ မင်္ဂလာ ဆောင်ညမှာ ရပ်ကွက်တွင်း အငြိမ့်ခံသည်။ သို့မဟုတ် မြို့မ နှင့် အငြိမ့်ခန်းဖြင့် ရပ်ကွက်ကို ဧည့်ခံသည်။ ဤသို့ဖြင့် ကုန်ရကျိုးနပ်ခဲ့သည်။


မင်္ဂလာဆောင်များနှင့်ပတ် သက်၍ မန္တလေးမှာ အကောင်းဆုံးအမွေကို မန္တလေးသားကိုယ်တိုင် မန္တလေးသားသူဌေး မိသားစု အ တွက် မင်္ဂလာလက်ဖွဲ့အဖြစ်ပေးအပ်ခဲ့ဖူးပါသည်။ ပေးသူကလည်း


မန္တလေးသား၊ မန္တလေးသားအနုပညာကို တကယ်တန်ဖိုးရှိမှန်းသိ၊ ထုပ်ထုပ်ပိုက်ပိုက် လေ့လာလိုက်စားခဲ့သူ၊ လက်ခံသူကလည်း ဘိုးဘွားမိဘများကအစ မန္တလေးမှာ သူဌေးဘွဲ့ခံခဲ့ကြပြီး မြန်မာမှုကို တကယ်တန်ဖိုးရှိ တကယ်မွန်မြတ်သည်ဟု လေးနက်စွာခံယူပြီး လက်ခံထွန်းကားပြန့်ပွားစေသူ သူဌေး ပညာတတ် မိသားစု.. ။


 အင်းဝခေတ်ကတည်းက လက်ဖက်အရောင်းအဝယ်ကုန် သည်ကြီး ဦးရွှန်း၊ ဒေါ်မိန်းကလေး တို့က သားသမီးရှစ်ဦး မွေးဖွား သည်။ ဦးသာ၊ ရေတွင်းဒကာကြီး ဦးစိုး၊ ဟင်္သပြဒါးဦးကျော်၊ ဒေါ်ဆင်၊ဒေါ်ခင်၊ ဒေါ်သင်၊ ဦးလှိုင်၊ဦးသိန်း ..တဲ့။ ရေတွင်း ဒကာကြီး ဦးစိုးက ဒေါ်ပုနဲ့ အိမ်ထောင်ကျသည်။ မွေးဖွားသော သားသမီးတွေထဲက ဦးသန့်ဆိုသော စွယ်စုံအနုပညာရှင်ကြီးကား ဓားတန်း ဦးသန့်ဟူ၏။ ဘိုးစဉ်ဘောင်ဆက် ချမ်းသာခဲ့တော့ လေယာဉ်ပျံတောင် ကိုယ်ပိုင်ဝယ်စီးဖို့ ကြိုးစားခဲ့ကြသူတွေ.. ။


 ဓားတန်းဦးသန့်ကဒေါ်အေးမြင့်နဲ့ အိမ်ထောင်ကျပြီး မွေးဖွားလာသော သားသမီးတွေထဲက သမီးကြီး (အန်တီညွန့်) မင်္ဂလာဆောင်တော့ မန္တလေးသား အနုပညာရှင်ကြီး မြို့မငြိမ်းက မင်္ဂလာလက်ဖွဲ့ လိုက်တာက ‘‘မင်္ဂလာမောင်မယ်’’ ဆိုတဲ့သီချင်းဖြစ်သည်။


ကဲ.. ဘယ်လောက်မြန်မာ ဆန်လိုက်ပါသလဲ.. ။ ဘယ် လောက်အဖိုးတန်လိုက်ပါသလဲ..။


‘‘သံသာကမ်းတိုင်××× တူပြိုင်ကူးမယ်လေ ဆုထူးကို မောင်မယ်စုံချွေ××× ဟိုး.. ရှေးရေစက်ခိုင်မြဲလွဲမသွေ.. ဖူးစာဖက်နှင့် ချစ် သက်ဝေ××× ချစ်တဲ့ သက်ဝေ မောင့်အသည်းဆိုင် မယ်ပါပဲလေ ××× မယ့်အသည်းဆိုင် မောင်ပါပဲလေ××× စွဲမြဲတည်နေ.. ကမ္ဘာတိုင်အောင်လေ××× သူနိုင်ငါနိုင်သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မယ် လေ××× မိဘဝတ္တရား၊ ချီးမြှင့် အပ်သော အရွယ်ပေ××× လျောက်ပတ်တင့်တယ် ရွေးချယ်မျိုးနွယ်တူဆွေ××× သုဘဒြအခါ မင်္ဂလာရက်၌လေ××× စုလျား ရစ်ခွေဇောတိရသ်၊ ပတ္တမြား နိတုံ ရွှေ××× မင်္ဂလာ စုပေါင်းကျက်သရေရှိကြောင်း ဆုခြွေ××× လိုရာအဖြာဖြာ၊ အောင်ပါစေ မောင်မယ်တွေ××× မြို့မ အေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့ အောင်သံ ပေ××× အေးမြမြသာပေါ့၊ သာပေါ့ဆွေ××× မောင်ရှေ့ကိုတည့်တည့် လျှောက်မယ်လေ×× ×  မယ်လည်းတည့်တည့်လိုက် ကာ လျှောက်တယ်မောင်ရေ××× ဟောဟိုအရာ အဖြူပါပေ မြင် သလားမေ××× ဘော်သာခွာကြူ၊ ပုလဲဖြူ၊ မြင်သားပေါ့ သက် ဝေ××× ဘုရားသွားကျောင်း တက်၊ စိတ်တူ ကိုယ်တူ××× ကြည်ဖြူ မောင်မယ်ဆွေ××× မယ်ကား လယ်မြေ၊ မောင်ကား မိုးကောင်းရေ××× လောကီ အမြုတေ××× သီးပွင့်ဖြိုးဝေ၊ ရာသက်တိုင်လုံး၊ ရွှင်ပျော်နေ ××× ’’


  သူနိုင်ငါနိုင် ပြိုင်မှာက မောက်မာမှုမဟုတ်၊ ဂုဏ်တု ဂုဏ် ပြိုင်မဟုတ်၊ သူဖြူငါမည်းမဟုတ်၊ အတ္တမဟုတ်၊ ပလွှားမော်ကြွားမှု မဟုတ်.. ‘‘သစ္စာမဏ္ဍိုင် ချစ်ခြင်း’’ ကို ပြိုင်မတဲ့.. ။


‘‘လျောက်ပတ်၊ တင့်တယ်၊ ရွေးချယ်၊ မျိုးနွယ်တူဆွေ.. ’’တဲ့။ ဒါက ဂုဏ်ဖြစ်သည်။ ဒါက တင့် တယ်မှု ဖြစ်သည်။ ဒါက အမွန် အမြတ်ဖြစ်သည်။


‘‘သုဘဒြ အခါ မင်္ဂလာရက် ၌လေ၊ စုလျားရစ်ခွေဇောတိရသ်၊ ပတ္တမြားနိတုံရွှေ.. မင်္ဂလာစုပေါင်း ကျက်သရေ.. ’’တဲ့။ ဒါကမှ တကယ့်မင်္ဂလာ။


မင်္ဂလာသတို့သား၊ သတို့ သမီး၏ ဘဝခရီးကလည်း စေ့စပ် ပွဲက ငွေသိန်းပေါင်းရာချီ စာချုပ် စာတမ်းမဟုတ်၊ ကားအစီးရေ၊တိုက်အလုံးရေ၊ စိန်ရတီများစွာ ရွှေပိဿာများစွာ မဟုတ်.. ။ သူတို့ဘဝခရီးက မောင်ရှေ့ကို တည့် တည့်လျှောက်မယ်လေ.. ။ မယ် လည်း တည့်တည့်လိုက်ကာ လျှောက်တယ် မောင်ရေ.. တဲ့။ ဟောဟို ဆရာအဖြူပါပေ မြင်သလားမေ.. ဆိုတော့ မယ်က ဖြူရုံသာဟုတ် အဖိုးထိုက်တန်သော ဘော်သာခွာကြူ ပုလဲဖြူမြင်သား ပေါ့ သက်ဝေတဲ့.. ။ မယ်ကား လယ်မြေ၊ မောင်ကား မိုးကောင်းရေ.. လောကီ အမြုတေသီးပွင့်ဖြိုးဝေတဲ့။


ကဲ.. ဘယ်လောက် အနှစ်သာရရှိ၊ တန်ဖိုးရှိ၊ အဓိပ္ပာယ်ရှိလှပါသလဲ။


ဒီမင်္ဂလာလက်ဖွဲ့က ဟိုး.. ရှေးယခင်ကတည်းက အစဉ်အ လာအရ မင်္ဂလာဆောင်တွေမှာ သီဆိုခဲ့တဲ့ ‘‘ချစ်စွာမေတ္တာ၊ အနှစ် တစ်ရာမပျက်၊ ပစ်မခွာရက် နောက်တစ်သွယ်၊ ရှစ်ကမ္ဘာအ ဆက်ရှောင် မဖယ်တယ်.. ၊ မောင်လယ် နှမလယ် အတူပေါင်း.. ’’ စတဲ့ ၈၀ ပေါ် တေးထပ်ကြီးတွေ။ ‘‘ဇမ္ဗူဒီပါ ဘွေလက်ျာတွင် ပညာ ပျံ့မွှေး၊ နိုင်ငံကျေးသို့၊ မနှေးလျှင် စွာ.. ’’ စတဲ့ ရတုကြီးတွေ၊ ‘‘အခါ တော်.. ပေးတာက၊ နတ်ရေးငယ် ရွှေစာ.. ၊ သွန်းဘိသိက်ငြာ.. ’’ စတဲ့ တေးကြီး၊ ဘွဲ့ကြီးတွေ နေ ရာမှာ ‘‘အသစ်’’ အဖြစ်ဂုဏ်ရှိရှိ လက်ခံနိုင်ခဲ့ကြသည်။ ထိုကဲ့သို့ သော အဟောင်းနေရာ အသစ် ဝင်လာမှုအပေါ် တန်ဖိုးရှိစွာ အ စားထိုးနိုင်ဖို့လိုသည်။ အသစ်ဟူ သည် အနုပညာမြောက်ပါမှ ဂန္ထဝင်မြောက်စွာ ရေရှည်တည်တံ့ မည်။ ဂန္ထဝင်ဟူသည် ကျောက် တိုင် ကျောက်ဆောင်.. ။ ရေစီး ကြောင်းတွင် မယိုင်လဲခဲ့။


--------------------


ဆူးငှက်


On  Thu, 2015-10-22 12:56Issue No.No.894 Thursday, October 22, 2015


( 7Day News Page မှ ကူးယူပါသည်။)

No comments:

Post a Comment