Saturday, 27 October 2018

အသိုင်းအဝိုင်း(ထင်လင်း)

အသိုင်းအဝိုင်း 


♥♥♥♥♥


ထင်လင်း


“သူကလား။ ကျွန်‌တော့်ကို ဘယ်ကြိုက်လိမ့်မတုန်း” 


“ကျွန်‌တော်က‌နော်၊ ‌ကောလိပ်‌ကျောင်းသားလို့သာ ဆိုရတယ်။ ‌ကျောင်းပိတ်လို့ ရွာပြန်‌ရောက်တဲ့အခါများဆိုရင် ကာလသားတစ်သိုက်နဲ့ သူတို့‌နေသလို လိုက်‌နေတဲ့ အ‌ကောင်။ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းထဲလည်း ကျွန်‌တော် ပါတာပဲ။ ည ည လမ်းထွက်ပြီး ပ‌လွေတိုလည်း မှုတ်တာပဲ။ သင်္ကြန်တို့ ဘာတို့ဆိုလည်း ရွာထဲရှိသမျှ အပျို‌တွေ ‌ရေလိုက်‌လောင်း၊ အ‌ဖော်အ‌ပေါင်း‌တွေနဲ့ ဟာ ... ‌ပျော်သလို ‌နေတာကိုး။ တစ်ခါ တစ်ခါများ ရွာကလူ‌တွေလိုပဲ စွပ်ပြဲအင်္ကျီက‌လေးနဲ့ လုံချည်တိုတိုဝတ်၊ ‌ခေါင်းမှာ လက်ကိုင်ပုဝါက‌လေးများ ‌ဒေါင့်စွန်းဆွဲပြီး ချည်ထားလိုက်‌သေးတယ်။ အဲဒီ့ဂိုက်နဲ့ အိမ်တကာ ‌ရေလိုက်‌လောင်းကြတုန်းက‌ပေါ့ ...”


“သူက‌တော့ ရွာပြန်‌ရောက်လည်း ‌ကောလိပ်ကမူ မပျက်ဘူးဗျ။ သူ့စတိုင်နဲ့ သူ။ ရွာကလူ‌တွေ ဆိုတာ သူ့ကို ‌စေ့‌စေ့‌တောင် ကြည့်ရဲတာ မဟုတ်ဘူး။ ကျွန်‌တော် ဆိုတာက‌တော့ ‌ကျောင်းမှာတုန်းက သူနဲ့ လမ်း‌တွေ့ရင်‌တောင် တစ်ရွာတည်းသားချင်းမို့ ဝတ်‌ကျေဝတ်ကုန်‌လောက် နှုတ်ဆက်ရ‌ပေမယ့် မသိသလို ‌နေခဲ့တာဗျ။ ကျွန်‌တော့်လို ‌တောနံ့မ‌ပျောက်တဲ့ အ‌ကောင်နဲ့ မလွှဲသာလို့ အသိဖြစ်ရတာ‌တောင် ရှက်‌နေဟန် တူပါရဲ့။ ဣ‌နြေ္ဒက‌တော့ ကြီးသဗျို့”


“ဒါနဲ့ တစ်ခါက‌တော့ သင်္ကြန်တွင်း‌ပေါ့။ ကျွန်‌တော်က‌တော့ အ‌ဖော်တစ်သင်းနဲ့ ရွာထဲ ‌ရေ‌လျှောက်ပက်ကြရင်း သူတို့အိမ် ‌ရောက်သွားတာ‌ပေါ့ ...”


“ကျွန်‌တော်တို့ ဝင်လာတယ်ဆိုရင်ပဲ မ‌ချောက နှုတ်သီးကြီးစူပြီး ပွစိ ပွစိ လုပ်၊ ထသွား‌တော့တာပဲဗျို့။ ‘ကမြင်းမသား ... ရွာကလူ‌တွေချည်း ဆိုရင် ငါ့အိမ်ကို မဝင်ဝံ့ဘူး။ ဒင်း ပါလာလို့ အတင့်ရဲတာ‌ပေါ့‌လေ’။ ကျွန်‌တော်ကလည်း ဘာရမလဲ။ ဘာမ‌ပြော ညာမ‌ပြောနဲ့ ‌နောက်က အတင်းလိုက်ပြီး ‌ရေပုံးကြီးနဲ့ ‌လောင်းချလိုက်တာ‌ပေါ့”


“သူလည်း လန့်ပြီး ရှက်သွားထင်ပါရဲ့။ အနားမှာ ဆွဲလို့ရတဲ့ သနပ်ခါးတုံးကြီးနဲ့ ‌ကောက်‌ဆော်လိုက်တာ ကျွန်‌တော်လည်း အလစ်ဆို‌တော့ နဖူး‌စောင်းမှာ ပူကနဲ ‌သွေး‌တွေ ဖြာကျလာ‌တော့တာပဲဗျို့”


“တစ်‌နေကုန်လို့ အိမ်ပြန်‌ရောက်‌တော့ အစ်မက ဆီးပြီး ရယ်တယ်။ နင့်နှယ်ဟယ် ... ဖြစ်မှ ဖြစ်ရပ‌လေ။ ဒါ‌ကြောင့် နင့်ကို သူက‌ပြောတာ။ ‘‌ကောလိပ်‌ကျောင်းသား ဆိုပြီး ကိုယ့်ဂုဏ်နဲ့ကိုယ် မ‌နေတတ်ဘူး’ တဲ့။ ကျွန်‌တော်လည်း စိတ်ထဲက အခံရခက်သလိုလို ဖြစ်‌ပေမယ့် တယ်‌တော့ ဂရုမထားခဲ့ပါဘူး။ ‌နောက်တစ်ရက်‌တောင် ‌ခေါင်းက ပတ်တီးကြီးနဲ့ သူတို့အိမ် သွား‌သေးတယ်။ ဒါ‌ပေမယ့် ကျွန်‌တော်တို့ မလာခင်ကတည်းက အခန်းတံခါး ပိတ်‌နေနှင့်ကြ‌တော့ မ‌လောင်းခဲ့ရ‌တော့ဘူး” 


“အဲဒါနဲ့ သင်္ကြန်လည်း ပြီး‌ရော။ သူ့ကိုလည်း ‌နောက်ထပ် မ‌တွေ့‌တော့ဘူး။ ‌ကျောင်းဖွင့်လို့ ‌ကျောင်းပြန်‌ရောက်ကြ‌ရော၊ ခါတိုင်းမှ လမ်း‌တွေ့ရင် ဝတ်‌ကျေဝတ်ကုန်‌လောက် နှုတ်ဆက်‌သေးတာ။ အခု‌တော့ သင်္ကြန်တုန်းက ‌ဆော်ထားတဲ့အရှိန်နဲ့ ကျွန်‌တော့ကိုမြင်ရင် ခပ်‌ဝေး‌ဝေးက ကွင်း‌တော့တာပဲ။ ကျွန်‌တော်က‌တော့ တယ် အမှတ်မထားပါဘူး”


“တစ်‌နေ့‌တော့ ကျွန်‌တော့်အသိ အင်းလျားက ‌ကျောင်းသူနှစ်‌ယောက်နဲ့ ‌ကော်ရစ်ဒါမှာ သွားတိုးမိ‌တော့ ကျွန်‌တော့်ကို အ‌တော်ကြာကြာ အံ့အားတသင့် ကြည့်‌နေကြပြီးမှ နဖူးကို နှစ်‌ယောက်စလုံးက လှမ်းကြည့်လိုက်ပြီး ရယ်ကြတယ်ဗျ။ ကျွန်‌တော်လည်း စိတ်မလုံတာနဲ့ နဖူးက အမာရွတ်ကို စမ်းပြီး သူတို့နဲ့ ‌ရော‌ယောင် အူ‌ကြောင်‌ကြောင် ရယ်လိုက်ရတယ်။ ပြီး‌တော့ ‘ဘာလဲ’ လို့ ‌မေးရတယ်”


“သူတို့က ဘာမှမ‌ပြောခင် တစ်‌ယောက်ကိုတစ်‌ယောက် ကြည့်ပြီး ပြုံးစိစိလုပ်ရာက တစ်ခါရယ်ကြပြန်တယ်။ ကျွန်‌တော်လည်း အ‌နေရအထိုင်ရ ခက်လာတာနဲ့ ‘ဘာလဲ ... ဘာလဲ’ လို့ ဇွတ်‌မေးရတယ်။ ကျွန်‌တော်‌မေးတာကို မ‌ဖြေ‌သေးဘူးခင်ဗျ။ တစ်‌ယောက်က သူ့အ‌ဖော်ကို လှမ်းကြည့်ပြီး ‘ဒါများဖြင့် အငယ်‌လေးပါကွယ်’ တဲ့။ ကျွန်‌တော်က ‘ဘာငယ်တာလဲ၊ ‌ပြောဦးမှ‌ပေါ့’ လို့ ထပ်‌မေးရတယ်။ နဖူးက အမာရွတ်ကိုလည်း အရှက်‌ပြေ စမ်းရလျက်ကိုး”


“တစ်‌ယောက်က ‌မေးသဗျ။ ‘ရှင့် နဖူးက အမာရွတ်ကို ရယ်တာပါ၊ အဲဒါ ဘာဖြစ်တာလဲ’ တဲ့။ ကျွန်‌တော်ကလည်း ဣ‌နြေ္ဒရရပါပဲ၊ သင်္ကြန်တုန်း သနပ်ခါးတုံးနဲ့ အထုခံရတာလို့ ပြန်‌ပြော‌တော့ သူတို့လည်း တခစ်ခစ်နဲ့ ရယ်ကြပြန်တယ်။ ပြီးမှ တစ်‌ယောက်က ဆက်‌မေးတယ်၊ ‘ဘယ်သူက ထုတာလဲ’ တဲ့။ ကျွန်‌တော် ‌ပြောရ‌ကောင်းမလား မ‌ပြောရ‌ကောင်းမလား စဉ်းစား‌နေတုန်း အတန်းတက်‌ခေါင်း‌လောင်း တီးတာနဲ့ သူတို့လည်း ပြုံးစိစိလုပ်ပြီး လစ်‌ပြေးကြ‌ရော။ ကျွန်‌တော်လည်း အူ‌ကြောင်‌ကြောင်နဲ့ ကျန်ရစ်‌ရော”


“အဲဒီ‌နေ့က ကျွန်‌တော် အတန်းချိန်‌ ဝေး‌သေးတာနဲ့ အခန်းပြန်အိပ်မလို့ ‌လျှောက်လာ‌တော့ တစ်ခါ အင်းလျားက အသိတစ်‌ယောက်နဲ့ ဝင်တိုးပြန်‌ရောဗျ။ သူကလည်း ခုနက ‌ကျောင်းသူ‌တွေ အတိုင်းပဲ။ ‌တွေ့တယ်ဆို နဖူးလှမ်းကြည့်ပြီး ပြုံးစိစိလုပ်‌တော့ ကျွန်‌တော်လည်း ‌ယောင်ပြီး နဖူး စမ်းကြည့်မိပြန်တာ‌ပေါ့။ ပြီး‌တော့မှ ‘ဘာလဲဗျ’ လို့ ‌မေးရတယ်”


“ဘာဖြစ်တာလဲ တဲ့။ သူ့ဟာသူ ‌မေးပြီး ရယ်ပြန်တယ်။ ကျွန်‌တော်က ဘာမှ ပြန်မ‌ပြော‌တော့ပါဘူး။ ရယ်သာ ‌နေလိုက်တာပါပဲ။ သူလည်း အတန်းတက် ‌နောက်ကျ‌နေတာနဲ့ ကျွန်‌တော့်ကို ကွင်းပြီး ခပ်သုတ်သုတ် လစ်သွားတယ်”


“ကျွန်‌တော် ခဏချင်း တစ်ခု စဉ်းစားမိတာနဲ့ သူ့‌နောက်ကို အ‌ပြေးလိုက်ပြီး ‘မရင်ကြည် ... မရင်ကြည်၊ ခဏ‌လေး’ လို့ ‌ခေါ်လိုက်တယ်။ သူလည်း ရပ်‌နေတယ်”


“ကျွန်‌တော့်နဖူးက အမာရွတ်အ‌ကြောင်း သီသီက ဘာ‌ပြော‌နေလဲ၊ အင်းလျားမှာ ... လို့ ‌မေးလိုက်မိတယ်။ အခုနက ‌ကျောင်းသူနှစ်‌ယောက်ရယ်၊ အခု မရင်ကြည်ရယ်၊ သူရယ်က‌တော့ အင်းလျားမှာ တစ်စုတစ်‌ဝေးတည်း ‌နေကြတာကိုးဗျ”


“ဒါနဲ့ မရင်ကြည်က အချိန်ကလည်း ‌နောက်ကျ‌နေ‌တော့ အ‌ရေးကြီး‌နေတယ် ထင်ပါရဲ့။ ‘ဘာ‌ပြောလဲ သိချင်ရင် ည‌နေ အင်းလျားကို လာခဲ့’ ဆိုပြီး ‌ပြော‌ပြောဆိုဆို လစ်က‌ရော။ ကျွန်‌တော်လည်း မတင်မကျနဲ့ အခန်း ပြန်ခဲ့ရတာ‌ပေါ့ဗျာ”


“ကျွန်‌တော်လည်း သိချင်တာနဲ့ ည‌နေကျ အဝတ်အစားလဲပြီး အင်းလျားဘက် ထွက်ခဲ့တာ‌ပေါ့။ သူ့ကို‌တော့ မ‌တွေ့ချင်ပါဘူး။ မရင်ကြည်နဲ့ ‌တွေ့ရရင် ‌တော်ပါပြီလို့ ‌အောက်‌မေ့‌ပေမယ့် ‌ပေါ်တီကို‌အောက်မှာ သူ့ကို သွား တိုး‌တော့တာပဲ”


“ကျွန်‌တော်က ဟန်လုပ်ပြီး ‘မရင်ကြည်နဲ့ ‌တွေ့ဖို့ လာတာပါ’ လို့ ဣ‌နြေ္ဒရရ ‌ပြောလိုက်‌တော့ သူကလည်း ခပ်တည်တည်ပဲ၊ ‘မရင်ကြည် မရှိဘူး။ အပြင်ထွက်သွားတယ်’ တဲ့။ ‌ပြောစရာရှိရင် သူ့ကိုပဲ ‌ပြောခဲ့ဖို့ မှာခဲ့သတဲ့။ ကျွန်‌တော်ကလည်း အ‌တော်ကြာ‌အောင် ‌ကြောင်‌နေပြီးမှ ‘‌ပြောစရာ မရှိဘူး၊ ‌မေးစရာပဲ ရှိတယ်’ လို့ ‌ပြောလိုက်တယ်။ ဒီ‌တော့ သူက ‘‌မေး‌လေ’ တဲ့”


“ကဲ ... ကျွန်‌တော် ဘယ်လို ‌မေးရမလဲဗျာ။ ဒါထက် ဘယ့်နှယ် ပြန်‌ပြောရမလဲ မသိတာနဲ့ ခပ်‌ကြောင်‌ကြောင် ဖြစ်‌နေတုန်း သူက ကျွန်‌တော့် နဖူးက အမာရွတ်ဆီ တစ်ချက် လှမ်းကြည့်ပြီး ရယ်ချင်လို့ထင်ပါရဲ့။ တစ်ဖက်ကို မျက်နှာလွှဲပစ်လိုက်တယ်။ ကျွန်‌တော်ကလည်း အပါးပဲ။ ဒါကို မြင်လိုက်တာ‌ပေါ့”


“သူ ကျွန်‌တော့်ဘက် ပြန်အလှည့်မှာ ကျွန်‌တော်က တမင်သက်သက် နဖူးက အမာရွတ်ကို ပွတ်ပြီး နမ်းပြလိုက်တယ်။ သူလည်း ရုတ်တရက် ဣ‌နြေ္ဒ မလုပ်နိုင်ဘူး။ ‘ခစ်’ ဆို ရယ်လိုက်ပြီးမှ ခပ်တည်တည် ပြန်လုပ်လိုက်တယ်။ ပြီး‌တော့ ‘မရင်ကြည်နဲ့ ‌တွေ့ချင်ရင် မနက်ဖြန် တစ်ခါလာ‌လေ၊ ‌ပြောထားလိုက်မယ်’ ဆိုပြီး ဘာမ‌ပြောညာမ‌ပြော လှည့်ဝင်သွား‌တော့ ကျွန်‌တော်လည်း ပြန်ခဲ့ရတာ‌ပေါ့”


“‌နောက်တစ်ရက် တစ်ခါ အတန်းတက်ခါနီး တစ်ချိန်မှာပဲ မရင်ကြည်နဲ့‌ တွေ့‌တော့ ကျွန်‌တော် လာတဲ့အ‌ကြောင်း ‌ပြောတာ‌ပေါ့။ သူကလည်း အ‌ရေးတကြီးပဲ၊ ‘‌ဆောရီးရှင်၊ ဒီ‌နေ့‌တော့ ‌စောင့်‌နေပါ့မယ်’ ဆိုပြီး လစ်တာနဲ့ ကျွန်‌တော်လည်း ည‌နေ တစ်‌ခေါက် သွားရပြန်တာ‌ပေါ့”


“အဲဒီ‌နေ့လည်း အရင်‌နေ့ကလိုပါပဲ။ ‌ပေါ်တီကို‌အောက်မှာပဲ သူ့ကို ‌တွေ့တယ်။ ‘မရင်ကြည် မရှိဘူး၊ အပြင် ခဏထွက်သွားတယ်၊ ‌ပြောစရာရှိရင် သူ့ကို‌ပြောခဲ့ဖို့ မှာခဲ့တယ်’ တဲ့။ ကျွန်‌တော်လည်း ‌မောသွားသလို သက်ပြင်းချလိုက်ပြီး ‘ဒါဖြင့် မရင်ကြည်ကို ‌ပြောစရာရှိတာ စာနဲ့ပဲ ‌ရေးထားခဲ့ပါမယ်၊ စာရွက်က‌လေး တစ်ရွက်သာ ‌ပေးပါ’ လို့ ‌တောင်းလိုက်‌တော့ သူ ယူ‌ပေးတယ်”


“ကျွန်‌တော်လည်း ‌လှေခါးထစ် ‌ခြေနဲ့ကန်ပြီး ဒူး‌ပေါ် စာ‌ရေးစက္ကူကတ်တင်၊ ဘာ‌ရေးခဲ့သလဲ သိလား၊


‘သီသီ၊ ‌မေးချင်တာက‌တော့ သီသီ့ကို ‌မေးချင်တာပါပဲ။ တစ်ရွာတည်းသားချင်း စကား‌ပြောရမယ့်ကိစ္စ တစ်ခြားလူ ရှိမှ ‌ပြောရ‌တော့မှာလား။ သင်္ကြန်တုန်းကအ‌ကြောင်း မရင်ကြည်တို့ကို သီသီ ‌ပြောထားလား’


ကျွန်‌တော်က စာရွက်ကို စာကတ်က မဆုတ်ပဲ သီသီ့ကို ‌ပေးလိုက်တယ်။ သူက ဖတ်မကြည့်ဘူးဗျ။ ခပ်တည်တည်ပဲ ‌နောက်ပစ် ကိုင်ထားလိုက်ပြီး ‘ကြည် ပြန်လာ‌တော့ ‌ပေးလိုက်မယ်‌လေ’ လို့ ‌ပြောပါတယ်။ ဒါနဲ့ ကျွန်‌တော် ဘယ်လိုဖြစ်ဖြစ် ဆိုပြီး ပြန်ခဲ့‌ရော”


“‌နောက် မရင်ကြည်လည်း ‌တော်‌တော်နဲ့ မ‌တွေ့‌တော့ဘူး။ သူ့ကို‌တော့ ခပ်လှမ်းလှမ်းက မြင်လိုက်ပါရဲ့၊ ဒါ‌ပေမယ့် လိုက်ပြီး မ‌မေး‌တော့ဘူး။ အမှတ်မဲ့ပဲ ဆိုပါ‌တော့ဗျာ။ ခပ်လှမ်းလှမ်းက အကဲခတ်ရတာ‌တော့ သူကလည်း ကျွန်‌တော့်အ‌ကြောင်း တယ်ပြီး ‌တွေးဟန်မတူပါဘူး”


“မကြာခင် တစ်‌နေ့‌တော့ သူရယ်၊ မရင်ကြည်ရယ် နှစ်‌ယောက်သား စ‌ကော့‌ဈေးမှာ မိုးမိ‌နေကြတုန်း ကျွန်‌တော် သွား‌တွေ့ပါတယ်။ မိုးကလည်း ထန်လိုက်တာဗျာ။ သူတို့မှာလည်း ထီးအငယ်‌လေး တစ်လက်စီပဲ ရှိတယ်။ ကျွန်‌တော်လည်း ရစ်ချတ်နဲ့ နှစ်‌ယောက် ကားကြီးနဲ့ သူတို့‌ရှေ့သွား ထိုးရပ်လိုက်မိတာ‌ပေါ့။ ဟာ ... ကားရပ်ပြီး ဆင်းဖို့မှ မကြံရ‌သေးဘူး၊ မရင်ကြည်က ‘ဟန်ကျလိုက်တာ၊ ဒီမှာ မိုးမိ‌နေလို့။ အပြန်လိုက်ပို့‌နော်’ ဆိုပြီး ဇွတ်‌တောင်း‌တော့တာပဲဗျို့။ ကျွန်‌တော်တို့ကလည်း ကိစ္စ‌လေးနည်းနည်း ရှိတာနဲ့ ‘ချက်ချင်း‌တော့ ပြန်မပို့နိုင်‌သေးဘူးဗျာ၊ လာ ... ကျုပ်တို့နဲ့ လိုက်ခဲ့ကြဦး’ ဆိုပြီး ‌လေး‌ယောက်သား ‌ဈေးရုံထဲ ပြန်‌လျှောက်လာခဲ့ကြတယ်။ ကျွန်‌တော်ကလည်း ‌မေ့ပြီး ‘ခင်ဗျားတို့ ကားထဲ ထိုင်‌နေရစ်ကြပါလား၊ မှန်တံခါး‌တွေ အလုံပိတ်ထားရင် မိုးလုံသား’ လို့ မ‌ပြောမိခဲ့ဘူး။ ခု‌တော့ဗျာ၊ ‌မောင်မင်းကြီးသား ရစ်ချတ်ကို လုပ်‌ကျွေးသလို ဖြစ်‌နေတာ‌ပေါ့”


“ရစ်ချတ်က အဲသည်‌နေ့က စ‌ကော့‌ဈေးက သူ့အ‌ဒေါ်ရဲ့ ပိုးထည်ဆိုင်ကို သူ့ရည်းစား ‌ခေါ်လာမယ်လို့ ‌ပြောထားသတဲ့ဗျ။ ‌ကောင်မ‌လေးက ‌ခေါင်းကိုက်လို့ မလိုက်‌တော့ပါဘူး ဆိုတာနဲ့ ‌မောင်မင်းကြီးသားက ‌ဒေါ‌တွေဘာ‌တွေ ပွပြီး ဘု‌ပြောခဲ့သတဲ့။ အဲဒါ သူ့အ‌ဒေါ်ကို မလာ‌တော့ဘူးလို့ လာ‌ပြောတာတဲ့”


“‌ဟော ... ကျွန်‌တော်တို့ ဝင်သွားတယ်ဆိုရင်ပဲ အဘွားကြီးက သီသီ့ကိုပဲ ဂရုစိုက် ကြည့်‌နေ‌တော့တာပဲ။ သူ့တူရဲ့ ရည်းစားအမှတ်နဲ့‌ပေါ့‌လေ။ စကား‌ပြောကြတာမှာလဲ ရစ်ချတ်က ‌ပြောထားတဲ့ အရှိန်နဲ့ အ‌တော်က‌လေး ရင်းရင်းနှီးနှီး‌ပေါ့ဗျာ။ ‌နောက်လည်း လာခဲ့ဦး၊ လိုချင်တာ လာယူ စသည်ဖြင့်‌ပေါ့ဗျ။ ‌ပြောဖန်များလာ‌တော့ သီသီလည်း အ‌တော် အ‌နေရအထိုင်ရ ခက်‌နေရှာဟန်တူပါရဲ့။ ခဏတဖြုတ်မို့သာ ‌တော်‌တော့တာ‌ပေါ့။ ရစ်ချတ်ကလည်း သူတို့ပါလာ‌တော့ သူ‌ပြောဖို့စကား ‌ပြောမဖြစ်ဘူး‌ပေါ့။ သူကလည်း ရိပ်မိပြီး ကြာရင် စကား‌တွေများကုန်လို့ မှားများသွားရင် အားနာစရာကြီးဆိုပြီး ပြန်ခဲ့ကြ‌ရော။ အပြန်မှာ သူ့အ‌ဒေါ်က ရစ်ချတ်ကို ‌ငွေ ၅၀ ကျပ်လား မသိဘူး၊ ‌ပေးလိုက်‌သေးတယ်။ ရုပ်ရှင်ကြည့်ဖို့၊ မုန့်စားဖို့‌ပေါ့ဗျာ”


“အဲသည်‌တော့ ရစ်ချတ်လည်း မိတ်‌ဆွေနှစ်‌ယောက် တိုးသွားတာ‌ပေါ့‌လေ။ ပြီး‌တော့ သူက ကားရှိတဲ့သူဆို‌တော့ အင်းလျားကို ကျွန်‌တော့်ထက် အ‌ရောက်အ‌ပေါက် များတာ‌ပေါ့။ တစ်ခု‌တော့ရှိတယ်၊ သူ အင်းလျားကို သွားတိုင်း သွားတိုင်း ကျွန်‌တော့်လည်း ဝင်ပြီး ‌ခေါ်ပါတယ်။ ဒါ‌ပေမယ့် ကျွန်‌တော့်က‌တော့ မလိုက်တာက များပါတယ်။ တစ်ခါတစ်ခါလည်း မရင်ကြည်နဲ့ သီသီတို့ကို ရုပ်ရှင်လိုက်ပြရတယ်လို့လဲ သိရတယ်။ ဒီအ‌ကြောင်း‌တွေ သိ‌နေတဲ့ ကျွန်‌တော့်မိတ်‌ဆွေ ‌ကျောင်းသူ‌လေး‌တွေက ‌တွေ့ရင် မပွင့်တပွင့် ‌လှောင်ကြတယ်။ ‘ကျန်ရစ်ကြီး’ ‌ပေါ့‌လေ။ ကျွန်‌တော့်မှာ အ‌ခြောက်တိုက် မခံချိမခံသာ ဖြစ်ခဲ့ရ‌သေးတယ်။ ဒါ‌ပေမယ့် ရစ်ချတ် ဆိုတာကလည်း သူငယ်ချင်းပဲ မဟုတ်လား”


“တစ်‌နေ့‌တော့ ကျွန်‌တော်လည်း စာ‌မေးပွဲကြီး နီးတာနဲ့ အခန်းမှာ စာကျက်‌နေတုန်း ‌ကျောင်း‌ဆောင်‌ရှေ့ ကျွန်‌တော့်အခန်းတည့်တည့် ‌နေရာက ကားဟွန်းတီးသံ ကြားရတယ်။ ရစ်ချတ်‌တော့ မဟုတ်ဘူးဆိုပြီး အမှတ်တမဲ့ပဲ ‌နေ‌နေတုန်း တံခါး‌ခေါက်သံ ကြားရတာနဲ့ ဖွင့်ကြည့်လိုက်‌တော့ ကျွန်‌တော်သိတဲ့ မိတ်‌ဆွေ ‌ကျောင်းသူတစ်‌ယောက်ရဲ့ ကားဒရိုင်ဘာဗျ။ ကျွန်‌တော်လည်း အဲဒီ‌ကျောင်းသူပဲထင်ပြီး ဆင်းလိုက်လာ‌တော့ ကားထဲမှာ သီသီရယ်ဗျ။ ကျွန်‌တော်လည်း ကားတံခါးနားကိုသွားပြီး ‌တွေ့လိုက်ပါတယ်။ သူက ရစ်ချတ် မှာထားလို့ လာတာပါတဲ့။ အဲဒီ‌တော့မှ ကျွန်‌တော်လည်း ‌နေ့လည်က ရစ်ချတ် လာ‌ပြောသွားတာကို သတိရတာနဲ့ ‘‌ဪ ... ‌ဪ၊ ဟုတ်သားပဲ၊ ‌နေ့လည်ကပဲ သူလာ‌ပြောသွားတယ်၊ သူ ဒီ‌နေ့ည‌နေ အ‌ရေးကြီးတဲ့ ကိစ္စရှိလို့ မလာနိုင်ဘူး၊ ‌ပြောစရာရှိရင် ကျွန်‌တော့်ကို ‌ပြောခဲ့ဖို့ မှာခဲ့ပါတယ်’ လို့ သူမှာတဲ့အတိုင်း ပြန်‌ပြောလိုက်ရတယ်။ သူလည်း စိတ်ရှုပ်သွားသလို ‌ခေါင်းကုတ်ပြီး ‘အ‌သေအချာ မှာထားပြီး‌တော့’ လို့ ညည်းပါတယ်။ ကျွန်‌တော်က ‘‌အေးဗျာ၊ အ‌ရေးကြီးလို့ သူ့ကို‌တွေ့ချင်ရင် ကျွန်‌တော် ‌ဆေးရုံကဖုန်းနဲ့ ‌ပြောလိုက်ပါ့မယ်’ လို့‌တောင် ‌ပြောပါ‌သေးတယ်။ သူက ဘာမှ ပြန်မ‌ပြောဘူး။ ‘‌မေးစရာ ရှိလို့ပါ’ တဲ့။ ကျွန်‌တော်ကလည်း ရစ်ချတ်အ‌ကြောင်း အကုန်သိတယ်လို့ ထင်တာနဲ့ အမှတ်တမဲ့ပဲ ‘‌မေး‌လေ’ လို့ လွှတ်ကနဲ ‌ပြောလိုက်ပါတယ်”


“သူက ဘာမှ မ‌ပြော‌တော့ဘူး။ စိတ်ပျက်ပျက်နဲ့ပဲ ‘ဒါဖြင့် မနက်ဖြန် ည‌နေမှပဲ လာပါ‌တော့မယ်၊ သူ့ကို‌တွေ့ရင် ‌ပြော‌ပေးပါ’ ဆိုပြီး ကားကို ပြန်လှည့်ဖို့ အမိန့်‌ပေးလိုက်‌ရော။ ဒါနဲ့ ကျွန်‌တော်လည်း တက္ကသိုလ် ‌ဆေးရုံက‌နေပြီး ရစ်ချတ်တို့အိမ်ကို ဖုန်းဆက်တယ်။ ‌နောက်တစ်ရက်မှ ‌စော‌စော သူ လာပါဦးမယ်လို့လာ ‌ပြောလိုက်တယ်။ ရစ်ချတ်လည်း တစ်ခုခု သိပ် အ‌ရေးတကြီး လုပ်‌နေဟန် တူတယ်”


“ကျွန်‌တော်က ဘာမှ မစဉ်းစားတတ်လို့‌တော့ မဟုတ်ပါဘူး။ ဒါ‌ပေမယ့် သူ့တို့ ကိစ္စတစ်ခုခု‌တော့ အ‌ရေးကြီးလာပြီလို့ ‌အောက်‌မေ့လိုက်မိပါတယ်။ အင်း ... မိန်းမများ သူတို့ မကြိုက်ပြီလားဆိုမှ သနပ်ခါးတုံးနဲ့‌တောင် ‌ဆော်လွှတ်တာပဲ၊ ကြိုက်ပြန်မှဖြင့်လည်း သူတို့ကကို တ‌ကောက်‌ကောက် လိုက်‌နေ‌တော့တာပဲလို့ မှတ်ချက်ချလိုက်မိတယ်”


“‌နောက်တစ်ရက်ကျ‌တော့ ည‌နေ ၃ နာရီ‌လောက်မှ အ‌ရေးတကြီးနဲ့ ရစ်ချတ် ကျွန်‌တော့်အခန်းကို လာတယ်။ ကျွန်‌တော်က ဘာမှမ‌ပြောလိုက်ရခင် ‘‌ဟေး ... ဒီ‌နေ့လည်း ငါ မလာနိုင်ပြန်ဘူးကွ’ ဆိုပြီး အ‌ရေးတကြီး‌ပြောပြီး ပြန်လစ်မယ်လုပ်‌တော့ ကျွန်‌တော်က ဆွဲထားပြီး ‘‌ဟေး ... ရစ်ချတ်၊ မင်းကို ငါ နားမလည်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဘာလဲ၊ မင်းတို့ ဘာဖြစ်ကြတာလဲ’ လို့ ‌မေးလိုက်ရတယ်။ ရစ်ချက်က မ‌ဖြေဘူး။ ‘နက်ဖြန် သဘက်ဆို မင်း သိရ‌တော့မှာပါကွာ’ ဆိုပြီး ဆင်း‌ပြေး‌ရော”


“ဒါနဲ့ ည‌နေကျ‌တော့ ကျွန်‌တော့်မှာ ဘာမှ ‌ပြောစရာမရှိဘူး။ မ‌နေ့ကအတိုင်းပဲ ‌ပြောရ‌တော့တာ‌ပေါ့။ သူလည်း အ‌တော် ‌မောသွားဟန်တူတယ်။ ‘ကဲ - ‌နေပါ‌စေ‌တော့‌လေ ...။ ဒါနဲ့ ရစ်ချတ်နဲ့ မရင်ကြည် စာ‌မေးပွဲပြီးရင် လက်ထပ်ကြ‌တော့မယ် ဆိုတာ‌ကော သိရဲ့လား’ တဲ့၊ သူက‌မေးတယ်။ ကျွန်‌တော် အ‌တော် အံအားသင့်သွားတာ‌ပေါ့။ ဒါနဲ့ အံ့ဩရာက ‘အို ...’ လို့ပဲ ဆိုလိုက်နိုင်တယ်။ ကျွန်‌တော့် ‌ခေါင်းထဲမှာ‌တော့ အမျိုးမျိုး‌ပေါ့‌လေ။ ဒီလိုနဲ့ ကျွန်‌တော်လည်း အံ့ဩ‌နေတုန်း သူက ‘စက္ကူ‌လေးတစ်ရွက် ရှိရင် ‌ပေးစမ်းပါ။ စာ‌ရေးထားခဲ့မယ်။ သူ့ ‌တွေ့ရင်‌ပေးဖို့’ ဆိုတာနဲ့ ကျွန်‌တော်လည်း ‌အောက်ထပ်မှာရှိတဲ့ သူငယ်ချင်းတစ်‌ယောက် ဆီက စာကတ်ကို ငှား‌ပေးလိုက်တယ်။ သူလည်း ကားထဲတင်ပဲ ‌ရေးပြီး ကျွန်‌တော့်ကို လှမ်း‌ပေးရင်း ‘ကဲ ... သွား‌တော့မယ်’ ဆိုပြီး ဒရိုင်ဘာကို အမိန့်‌ပေးလိုက်တာနဲ့ ကားထွက်သွား‌တော့ ကျွန်‌တော်လည်း ဘာမှ ပြန်မ‌ပြောလိုက်ရဘူး”


“သူထွက်သွားပြီးမှ စိတ်ထဲက သိချင်လွန်းတာနဲ့ သူ‌ရေးထားခဲ့တဲ့စာကို ဖတ်လိုက်မိတယ်”


“ကိုမင်း‌အောင်


သီသီ ‌မေးချင်တာ ရှင့်ကိုပါ။ တစ်ရွာတည်း‌နေချင်း စကား‌ပြောချင်တာ တခြားလူရှိမှ ‌ပြောရ‌တော့မတဲ့လား။ ရစ်ချတ်ကို ရှင် ဘာ‌တွေ‌ပြောထားသလဲ။ ည‌နေ အင်းလျားကို လာခဲ့ဦး‌လေ။ မရင်ကြည်‌တော့ မရှိဘူး။


သီသီ ... တဲ့”


“သူ့စာက ဒါပဲဗျ။ မခက်ဘူးလား။ ‌ဟော ... ‌အောက်မှာ ကားရပ်သံကြားတယ်။ ဆုတ်စမ်း သား‌လေး။ မင်း‌မေ‌မေ ပြန်လာပြီထင်တယ်။ ကဲ ... ကိုထင်လင်းလဲ ထမင်းစားပြီးမှ ပြန်ဗျာ။ သီသီကလည်း ခင်ဗျားကို ‌တွေ့ချင်‌နေတာနဲ့ အ‌တော်ပဲ”


-------------------


ထင်လင်း 


‌ငွေတာရီ မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဧပြီလ၊ ၁၉၆၁။


( မြန်မာဝတ္ထုတိုများပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။)

No comments:

Post a Comment