Friday, 26 October 2018

သုညနှင့် ကိန်းဂဏန်းများ တင်မောင်သန်း

သုညနှင့် ကိန်းဂဏန်းများ


""""""""""""""""""""""""""""""""""


တင်မောင်သန်း


‘‘သား ကျောင်းမပြီးသေးလို့ မပြောခဲ့တာ...’’ အစချီလျက် အမေသည် ကိန်းဂဏန်းများကို ချပြလာလေသည်။ ပြောလည်း မပြောရက်၊ မပြော၍လည်းမဖြစ် သော အခြေအနေတွင် အမေ့နှုတ် မှ လူးလွန့်တုံ့ဆိုင်းစွာ ထွက်ပေါ် လာသည့် လေးလုံးသော သုည ဂဏန်းသည် လန်းလန်းဆန်းဆန်း တော့မရှိလှပေ။


အမေသည် စကားကို မဆက်နိုင်ဘဲ ရပ်နေပြန်သည်။ လရိပ်ပြိုကျနေသည့် အိမ်ပရပ် အပြင်ဘက်ကို ငေးကြည့်နေပြန် သည်။ လမ်းထိပ် မီးကင်းက သံ ချောင်းခေါက်သံ ဆယ့်တစ်ချက် သည် လွင်မနေဘဲ အိပ်ချင်မူးတူး လူတစ်ယောက်၏ ခြေလှမ်းများ ဖြင့် ကျွန်တော်တို့ အိမ်ကလေးကို ဖြတ်သန်းသွားသည်။ တစ်ချက် တစ်ချက် ပေါ်ထွက်လာသော ခွေးဟောင်သံကသာ တိတ်ဆိတ် နေသော ကျွန်တော်တို့ရပ်ကွက် မှာ မအိပ်စက်သေးသော သက်ရှိ လူတို့ ရှိနေသေးကြောင်း ဖော် ညွှန်းနေ၏။


အစ်မသည် ကွပ်ပျစ်၏တစ် ဖက်ထိပ်မှာ ငိုက်မျဉ်းနေပြီလား မသိ။ အမေနှင့်ကျွန်တော် ပြော ဆိုနေကြသော စကားဝိုင်းတွင် သူ့အသံ တစ်လုံးတစ်ပါဒ ဝင်စွက် မလာ။ ‘‘အစ်မ’’ဟု ကျွန်တော် ခေါ်လိုက်သည်။ ‘‘ဘာလဲ’’ပြန် ထူးသည်။ ထို့နောက် ငြိမ်သက် သွားပြန်၏။ အစ်မကို စကားတစ် ခုခု ဝင်ပြောစေချင်သည်။ သို့ သော် ထိုတစ်ခုခုသည် ဘာရယ် လို့ ကျွန်တော်မသိပြန်။


ကျွန်တော် သေသေချာချာ သိတာ တစ်ခုကတော့ ရှိသည်။


ဟောသည်အိမ်ကလေးထဲ က မိသားစု စကားဝိုင်းကို တန့် သွားစေလောက်အောင်၊ လူသား သုံးဦး၏ ခေါင်းထဲ သိပ်သည်းဖိစီး နေသည့်အရာ...။ အင်မတန် တို တောင်းတဲ့ စကားလုံးကလေး တစ်လုံးပါပဲ ...။


အကြွေး...။


ကျွန်တော်သည် အမေပြော ခဲ့သော ကိန်းဂဏန်းကို စိတ်ထဲမှ လိုက်လံရေရွတ်ကြည့်မိ၏။ များ လှချေလား... အထင်ဖြင့် အမေ့ ကို ကျွန်တော် လှမ်းကြည့်လိုက် သည်။ အားနည်းချို့ငဲ့သော ဝပ် လေးဆယ်မီးလုံး၏ ဝါကြန့်ကြန့် မီးရောင်ဖျော့မှာ နွမ်းလျကုန်ခန်း လျက် ဘဝက တတိတိ တိုက်စား ခဲ့ဟန်တူသော အမေ၏ ပါး ချောင်ကျမျက်နှာကို ကျွန်တော် တွေ့လေသည်။ အမေသည် ကျွန်တော့်ကို မျက်နှာချင်းမဆိုင် ဘဲ တစ်ဖက်သို့ လှည့်၍ မလှုပ် မယှက်နှင့်...။ အမေ့အကြည့်တွေ က အမှောင်ထဲမှာ...။


အမေ ဘာတွေတွေးနေ သလဲ။


သားကို ကမ်းရသော အိမ် အကြိုလက်ဆောင်၏ ခါးသက် ခြင်းရသကို အမေခံစားနေရသည် လား၊ မိဘတာဝန်ဟူသော စံဖြင့် မိမိကိုယ်ကိုယ် တိုင်းတာပြီး အမေ ဝမ်းနည်းနေသည်လား။


ခြင်များကို ခတ်မောင်းထုတ် နေသော အစ်မ၏ယပ်တောင် တဖျပ်ဖျပ် အသံကသာ ကျွန် တော်တို့ မိသားစု၏ တိတ်ဆိတ် ငြိမ်သက်ခြင်းကို ပေါင်းကူးပေးနေ လေသည်။


ကျွန်တော် နားလည်ပါ သည်။ အမေမုဆိုးမ...။ အစ်မ... မူလတန်းပြဆရာမ။ ကုန်လွန်ခဲ့ သော ကျွန်တော်၏ ပညာသင်နှစ် ခြောက်နှစ်ခွဲကာလကို တစ်ဖက် မှာ အမေ၊ အစ်မနှင့် အကြွေးကို အခြားသောတစ်ဖက်မှာ ... တင် ကြည့်လိုက်။ ချိန်ခွင်လျှာက ထောင့်မတ်ကျနေပေလိမ့်မည်။ အခြေအနေ၊ အချိန်အခါနှင့် သဘာဝကျလှသည့်အဖြစ်...။ ကျွန်တော် ဘာကြောင့် အံ့သြနေ ရဦးမလဲ...။


ဘဝက ကျွန်တော့်ရှေ့တည့် တည့်မှာ မားမားမတ်မတ်ရပ်၍ လက်ခမောင်းခတ်နေပြီကို ကျွန် တော်မြင်သည်။


ကိုယ့်အလှည့်ကျမှ ကျွန် တော် နွဲ့နေလို့ဖြစ်မတဲ့လား...။


ကျွန်တော် လျှောက်ရမည်။ ကျွန်တော့်ပခုံးထက်မှာ တာဝန်ရှိ နေသည်။


ကျွန်တော် မျှော်လင့်သည်။ တင်ရှိနေသော ဝန်ထုပ်ဝန်ပိုးကို ကျွန်တော် ခါချပစ်နိုင်ရမည်။


တစ်ရာသီကို သုညတစ်လုံး ပေါ့ အမေရယ်...။


ဝါးကုလားထိုင်မှထကာ အမေထိုင်နေသော ကွပ်ပျစ်ဆီသို့ ကျွန်တော် လျှောက်သွားသည်။ အမေ၏ ပခုံးများကို ခိုင်ခိုင်မြဲမြဲ ဆုပ်ညှစ်လိုက်မိ၏။ ဟိုအဝေး တိမ်မွေ့ရာပေါ်မှာ လောကကို မေးတင်၊ ယစ်မူးစဖွယ် ထင်နေ သော ငယ်ဘဝ၏ ထမင်းဆီဆမ်း ရွှေလင်ပန်းပိုင်ရှင် လဝန်းပြည့် ပြည့်အား ငေးစိုက်ကြည့်လိုက်မိ ရင်း အမေ့ကို ကျွန်တော် အားပေး စကား ပြောခဲ့သည်။


‘‘အမေ့သား ဆရာဝန်ဖြစ်နေ မှပဲ အမေရဲ့။ ဘာပူစရာရှိတော့ လို့လဲ။ ကျွန်တော် အားလုံးကို ရှင်းပစ်မယ်။ အမေ့ဘေးမှာ ကျွန် တော်တစ်ယောက်လုံး ရှိနေတယ် လေ... အမေ ယုံတယ် မဟုတ် လား...’’


ကျွန်တော့်ကို အမေ မော့ ကြည့်သည်။ မြတ်နိုးသော၊ အား ကိုးသော၊ အချစ်ဖြင့်ပြည့်ဖြိုး သော အပြုံးသည် အမေ့နှုတ်ခမ်း မှာ လရောင်ကို ညင်သာစွာ အန် တုလာ၏။


အမေ ခေါင်းညိတ်သည်။


‘‘ဒီလိုဆိုရင် ကျွန်တော်တို့ အိပ်ကြစို့။ အိပ်ရာထဲမှာလည်း ဘာမှ မတွေးနဲ့ဦးနော် အမေ...။ တော်ကြာ... သွေးတက်လာဦး မယ်။ ဒီနေ့ကစပြီး ကျွန်တော်တို့ ဘဝ အသစ်စပြီလို့ အောက်မေ့၊ ဟုတ်လား’’


အမေသည် ကျွန်တော့်ဆံစ များကို ဖွဖွပွတ်သပ်နေလေသည်။ လက်အစုံနှင့် ကျွန်တော့်ပါးအစုံ ကို ပွေ့ယူပြီး ကျွန်တော့်မျက်နှာကို တစိမ့်စိမ့်ကြည့်နေပြန်သည်။ အမေ့အမြင်အာရုံထဲမှာ ကျွန် တော်သည် တဖြည်းဖြည်း သေး ကျုံ့သွားနေပေလိမ့်မည်။ ငယ် ငယ်တုန်းက အမေ့သားလေး ကျွန်တော်။


ကျွန်တော့်နဖူးကို ကြင်နာ ယုယစွာ အမေနမ်းသည်။ အ ရွယ်ရောက်ကတည်းက အလှမ်း ဝေး စိမ်းခဲ့သော အမေ့အနမ်း...၊ ညင်းနုညံ့သက်စွာ ဝေပြန်ပြီ ကော။ အတိုင်းအဆမဲ့ နက်ရှိုင်း သော မေတ္တာသည် ကျွန်တော့် နှလုံးသားထဲ စူးနစ်ဝင်ရောက် သွားသည်။


အမေ့ထွက်သက်သည် ခန္ဓာ ကိုယ်၏ အပူချိန်ကို ဆန့်ကျင် လျက် အေးမြလှချေသည်ဟု ကျွန်တော် ခံစားလိုက်ရ၏။


* * *


သစ်ပင်တွင် နှစ်တစ်လက်မ တန်းပစ်၍ ချိတ်ထားသော ကြက် ခြေနီ။ ဆေးခန်းအဝင်ပေါက်၏ လက်ယာဘက်က မိမိအမည်။ လက်ဝဲဘက်က ဆေးခန်းဖွင့်ချိန် ...နံနက် ၇ နာရီမှ ၁၂ နာရီ၊ ညနေ ၄ နာရီမှ ၈ နာရီစာလုံးများ။


သည်နေရာမှာ ဆေးခန်းရှိ သည်။


ခင်ဗျားတို့ရဲ့ ကျန်းမာရေး အတွက်ဟု ပြောလိုက်ချင်သော် လည်း မိသားစုတာဝန်အောက် တွင် မထခင်ပိနေသည့်ကျွန်တော် ... အသံရဲရဲမထွက်ဝံ့ပေ။ အသက်မွေးဝမ်းကျောင်းမှု၏ ကြားခံပစ္စည်း ငွေကို ဘယ်လိုယူ ရမည်ဆိုသည်မှာ ကျွန်တော့် အတွက် မစမီကတည်းက ခြိမ်း ခြောက်နေသော ပြဿနာဖြစ် လေသည်။ တခြားသူတွေ၏ နှုန်း ထားအတိုင်း ပြောရမည်ကိုပင် ကျွန်တော် ဝန်လေးနေပြန်သည်။ ကိုယ်တတ်စွမ်းသမျှ စေတနာရှိရှိ ဆောင်ရွက်ပေးတာပေါ့... ကျွန် တော် တွေးကြည့်သည်။ သို့သော် သေချာပြန်စဉ်းစားကြည့်ပြန် တော့ စေတနာ၏ သက်ရောက်မှု သည် တစ်စုံတစ်ရာသော အတိုင်း အတာအထိ ကျယ်ဝန်းမည်ဖြစ် သော်လည်း အကန့်အသတ်မဲ့ မဟုတ်ကြောင်း ကျွန်တော်သိနေ ပြန်၏။ လူ့ဘဝသည် ကိန်းဂဏန်း များနှင့် မကင်းကွာနိုင်သေး။ လူ သည် ကိန်းဂဏန်းများနှင့် ရန်ဖြစ် နေရဆဲပင်ရှိသည်။


ဝေးဝေးမကြည့်နဲ့...ကျွန် တော်။


ငွေရေးကြေးရေးကိစ္စများ ခေါင်းထဲရောက်လာတော့ စိတ် မှာ နှောင်ဖွဲ့ခံရသလို ချုပ်ငင်လာ ပြန်သည်။ စောစောကမှ ကိုယ့် ဆေးခန်းကို ပြန်ကြည့်၍ ကျေနပ် နေခဲ့သေးသည်။ ထင်ထင်ရှားရှား မြင်ရသော ဆေးခန်း၏ အမှတ် အသားများကို ငေးမောရင်း မျှော် လင့်အားရနေခဲ့သေးသည်။ လူ အကြောင်း၊ ဘဝအကြောင်း စဉ်း စားမိခါမှ ...။


ကျွန်တော်သည် စိတ်ရှုပ် ထွေးသွားကာ ပြန်လည်မဖြေ လျှော့နိုင်ဘဲ ချထားသော ဆေး ပေါ့လိပ်တိုကို နှုတ်ခမ်းမှာ ပြန် တင်၊ မီးညှိ၊ တစ်ဝကြီးရှိုက်ပစ် လိုက်သည်။ လွင့်မျောသွားသော မီးခိုးတန်းသည် တဆန့်တလျား နှင့် တစ်ဖက်ပိုင်းသို့ ဝေ့သွား၏။ လက်ဖက်ရည်တစ်ငုံကို မျှဉ်း သောက်လိုက်သည်။ လျှာပေါ်မှာ ဝဲကျန်ခဲ့သည့် ခါးသက်ချိုမြသော ရသသည် ဖြေသိမ့်စရာ ယောင် ယောင်။


ဒိုင်ခွက်ဝိုင်း လက်ပတ်နာရီ ကို ကြည့်လိုက်မိသည်။ လက်တံ တိုက ၇၊ လက်တံရှည်က ဒုတိယ မြောက်တုံးကို တို့ကာသီကာ။ ဆေးခန်းထိုင်ရတော့မည်ကို ကျွန် တော်သတိရသည်။ စားပွဲပေါ်မှာ ကျပ်တန်တစ်ရွက်နှင့် မတ်စေ့ တစ်စေ့ ချထားလိုက်သည်။ ဆာ လောင်မွတ်သိပ်သော ဗိုက်သည် အတန်ငယ် ငြိမ်သက်သွား၏။


ကနေ့ ကျွန်တော်အိမ်မှ အစောကြီး ထွက်လာခဲ့သည်။ သူငယ်ချင်းတွေ ဝိုင်းဝန်းတိုက် တွန်းနေသည့်ကြားက စီးပွားရေး ဆန်ဆန် ကြော်ငြာရာရောက် သည်ထင်၍၊ ကြီးကျယ် ဇာချဲ့ ရာရောက်သည်ထင်၍ ဆေးခန်း ဖွင့်ပွဲကို ကျွန်တော်မလုပ်ခဲ့။ သံ ဆယ်ချောင်း၊ တူတစ်လက်ဖြင့် ဆိုင်းဘုတ်တို့ကို သစ်ပင်မှာ၊ နံရံ မှာ ကိုယ်တိုင်တဒိုင်းဒိုင်း ထုရိုက် လျက် ကျွန်တော့်ဆေးခန်းလေးကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မီးမွှေး သည်။ အပ်ပြုတ်ပြီး ရေနွေးအိုး တည်ထားခဲ့သည်။ လက်ဖက်ရည် ဆိုင်ထွက်လာတော့ သည်ရက် သည် မရည်ရွယ်ဘဲ မိမိမွေးရက် နှင့် လာတိုက်ဆိုင်နေသဖြင့် ကံ ကောင်းသည်ထင်နေခဲ့သေး၏။


ယခု အခြေအမြစ်မဲ့သော ထိုမျှော်လင့်ချက်ကို ပြန်သတိရ ရင်း ကျွန်တော့်ဘာသာ ပြုံးလိုက် မိလေသည်။ တစ်ခါတစ်ရံတော့ လူတိုင်းမှာ သည်လိုတိုက်ချွတ်မရ သော အစွဲအလမ်းလေးများ ပေါ် လာတတ်ကြသည်လားမသိ။ သို့ မဟုတ် မရေရာလှသော အနာ ဂတ်ကို ဆန္ဒစွဲ နိမိတ်ကောက်ယူ၍ အားတင်းတတ်ကြသည်ပဲလား မသိချေ။ ကျွန်တော် ရယ်မော လိုက်သည်။ ထိုအခါ မီးဖိုထက်က လွင့်ပျံ့နေသော ရေနွေးငွေ့တို့ နှယ် လူသည် ပေါ့ပါးလာလေ သည်။


ရေနွေးအိုးကိုချသည်။ ကျွန် တော်တို့ မိသားစု၏ တစ်လုံး တည်းသော ဓာတ်ဘူးအဖုံးကို ဖွင့် သည်။ စွမ်းအားမကုန်ဆုံးဘဲ စိတ် အေးလက်အေး နားနေနိုင်မည့် သူတို့၏ အနားယူစခန်းအတွင်း လွတ်လပ်စွာ စီးဝင်သွားသော ရေနွေးအိုးတို့ကို ကြည့်ရင်း အဖန် ရည်မပြတ်သောက်တတ်သည့် အမေ့ကို သတိရမိလေသည်။ ရှေ့လဆိုရင်တော့ ဓာတ်ဘူးတစ် လုံး ဝယ်ရဦးမည်ဟု စိတ်ကူးထဲ က ဝယ်စာရင်းမှာ ကျွန်တော် တို့ထားလိုက်သည်။ အင်း... ဝယ် စရာတွေကတော့ မနည်း။ စိတ်ကြိုက်အတိုင်း ပြင်ဆင် နိုင်စွမ်းရှိလျှင်တော့ အများတကာ လို ဗီရိုတစ်လုံးလောက် ဝယ်ချင် သေးသည်။ နိုင်ငံခြားဖြစ် လှပ သော ဆေးပုလင်းများ၊ ဆေးဘူး များ ထည့်ထားချင်သည်။ ယခု တော့ ဝယ်စရာ  ပိုက်ဆံကလည်း မရှိ...။ ဝယ်နိုင်ဦး... ထည့်စရာ ဆေးလည်းမရှိချေ။


ကျွန်တော့်မျက်စိများသည် စားပွဲပေါ်က ဆေးပစ္စည်းများထံ ရောက်သွားပြန်လေသည်။ ပုလင်း လေးတွေနှင့် ထိုးဆေးကတ်ဘူး လေးတွေ မိုးမိုးမတ်မတ်ထောင် ပုလင်းကြီးမျိုး ကျွန်တော့်စားပွဲ ပေါ်မှာ မရှိပေ။ ထိုပုလင်းများထဲ က ခွဲရောင်းသော ပလတ်စတစ် ရာထုပ်လေးများကိုသာ ကျွန် တော် ဝယ်နိုင်ကာ ပုလင်းလွတ် များတွင် ထည့်ပြီး ပလတ်စတာ ကပ် အမှတ်အသားပြုထားရ သည်။ ထိုးဆေးဆိုလျှင်လည်း တစ်မျိုးကို ဆယ်လုံးတစ်ကတ်မျှ ပါပဲ။


ကျွန်တော်သည် ဆေးသွား ဝယ်ခဲ့သောနေ့ကို အမှတ်ရနေပြန် လေ၏။ မေ့သွားမည်စိုးသဖြင့် ချရေးထားသော လိုအပ်သည့် ဆေးအမျိုးအမည်စာရင်းကို ပေး လိုက်သောအခါ ဆိုင်ရှင်သည် ပျာပျာသလဲဖြင့် ကျွန်တော်ထိုင် ရန် ခုံဆွဲပေးသည်။


‘‘ဆရာ...ဘယ်နှရာယူမလဲ’’


ဖောက်သည်ကောင်းတစ် ယောက်ရပြီအထင်ဖြင့် ဒူးယား ထုတ်တည်ရင်း ကျွန်တော့်အား လောကွတ်ပျူငှာစွာ တလေး တစား မေးသည်။ ကိုယ်ဝယ်မည့် ဆေးအရေအတွက်ကို အားမရ ဖြစ်ကာ ကျွန်တော့်နှုတ်မှ ရုတ် ခြည်း ပြန်မဖြေနိုင်ခဲ့။ ‘‘ကျွန်တော် က ခုမှစဖွင့်မှာပါ...’’ဟု မမေးဘဲ ပြောနေမိကာ စကားမဆက်နိုင်။ ထို့နောက်တော့ ဆယ်လုံး...တစ် ရာ...ဆယ်လုံး...ဟု တိုးညင်း သော လေသံဖြင့် စာရင်းပေးနေမိ ရာ ဆိုင်ရှင်သည် မျက်လုံးတစ် ချက် ဝေ့၍ ကျွန်တော့်ကို အကဲ ခတ်ကြည့်လေသည်။ ကျွန်တော့် စိတ်ထဲမှာ ထိုအကြည့်ကို မနှစ် မြို့ပေ။


‘‘ဆရာ ကြိုက်သလောက် တော့ယူပါဆရာ။ ကျွန်တော်တို့ က နောက်မှရှင်းလည်း ဖြစ်ပါ တယ်’’ဟု တစ်ဆက်တည်းပြန် ပြောသည်။ လူက တိုင်းတာသုံး နေရသည်မှန်သော်လည်း မာနကို ထိပါးသလိုဖြစ်ကာ ကျွန်တော့် ရင်ထဲမှာ ပွန်းရှခဲ့လေသည်။ အကြွေး...။ တတ်နိုင်သမျှ ကြိုး စားပြုံး၍ ကျွန်တော် ခေါင်းခါ လိုက်သည်။ ငါ ဆရာဝန် ဖြစ်နေ မှပဲ...။ ကိုယ့်ရှိသမျှ အင်အားနဲ့ လျှောက်နိုင်ရမယ်။ သွားနိုင်ရ မယ်။ ပိနေတဲ့ဝန်ကို ထပ်မပိစေ နဲ့။ ငါ့မှာ ပညာရှိတယ်။ စေတနာ ရှိတယ်။


သည်အတွေးတို့ဖြင့် စိတ် သက်သာရာရကာ လူနာစောင့် သော အခန်းဘက်သို့ ကျွန်တော် ပြန်ကူးလာခဲ့သည်။ ဆေးခန်းဖွင့် ခါစ လူနာလေး၊ ငါးယောက်မျှ သာ ရှိမည်ဟု မျှော်ခန့်မှန်းထားပြီး အားနေလျှင် ဖတ်ဖို့ ထည့်လာခဲ့ သော စာအုပ်များအနက်က ရှုမဝ မဂ္ဂဇင်းကို ကျွန်တော်ယူလိုက် သည်။ ခုံရှည်တစ်ခုံမှာ ဝင်ထိုင် လိုက်ပြီး သက်သောင့်သက်သာ ပင် ကျွန်တော် ဖတ်နေလိုက်၏။ ကြာတော့ ကျွန်တော် ညောင်းညာ လာသည်။ ကျောခင်းချင်လာ သည်။ သို့သော် ဆရာဝန် တုံးလုံး လှဲနေတာ လူတွေမြင်လျှင် သင့် လျော်ပါ့မလား စဉ်းစားမိကာ အခန်းကျဉ်းလေးထဲမှာ လမ်းသာ လျှောက်နေရ၏။ ထို့နောက် ပြန် ထိုင်လိုက်ပြန်သည်။ အပြင်ဘက် ကို ငေးမိငေးရာ ငေးနေမိပြန်သည်။


တဖြည်းဖြည်းနှင့် ကျွန်တော် ပျင်းရိလာလေသည်။ ပေါက်နေ သော ကပ်နံရံကို ဖာပေးနေသည့် လင်ဒါကာတာသည် အေးစက် စက်ဖြင့် ကျွန်တော့်ကို ကြည့်နေ ၏။ ငြီးငွေ့ခြင်းသည် သိပ်သည်း ထူပျင်း၍ ကျွန်တော့်အပေါ် တအိအိ ဆင်းကျလာနေသည်။ တစ်နေရာရာသို့ ကျွန်တော် ထွက် သွားလိုက်ချင်သည်။ သို့သော် လူနာလာနေလျှင်... မျှော်လင့် ကာ သည်နေရာမှ ကျွန်တော် မခွာရဲပြန်ပေ။


သို့သော် ထိုနေ့တစ်နေ့လုံး ကျွန်တော့်ဆေးခန်းသို့ လူတစ် ယောက်မှ မည်သူမျှမလာခဲ့။


ကျွန်တော်သည် ဆေးခန်း ပိတ် အိမ်မပြန်မီ ချထားသော ထိုင်ခုံရှည်နှစ်လုံးကို ငေးကြည့်နေ မိသည်။


တကယ်တော့ သည်ထိုင်ခုံ ၏ ရည်ရွယ်ချက်က လူနာများ ထိုင်စောင့်ဖို့...။


ပထမရက် -ထိုနေရာတွင် လူတစ်ယောက် ထိုင်ခဲ့သည်။


ဒုတိယရက် - ထိုနေရာတွင် လူတစ်ယောက် ထိုင်ခဲ့သည်။


တတိယရက်-ထိုနေရာတွင် လူတစ်ယောက် ထိုင်ခဲ့သည်။


ထိုလူတစ်ယောက်သည် ကျွန်တော်ပင် ဖြစ်လေသည်။


* * *


သုည။


သင်္ချာပညာတွင် သုညသည် သူ့ချည်းသက်သက်ဆိုလျှင် ဘာ မျှမဟုတ်သော ကိန်းတစ်လုံး။ ဖျောက်ထား၍ရသော ကိန်း တစ်လုံး။ အကယ်၍ ကျောင်း သားတစ်ယောက်သည် တစ်လုံး တည်းသော သုညကို ချီတုံချတုံ အရေးတယူ လုပ်နေအံ့။ ထို ကျောင်းသားသည် စာသင်ခန်းထဲ တွင် နုံအညံ့ဖျင်းသူ တစ်ယောက် သာ ဖြစ်ပေလိမ့်မည်။


သို့သော် ဘဝသည် သင်္ချာ ပညာမဟုတ်။ လူသည် ကျောင်း သားငယ် မဟုတ်။


ကျွန်တော်သည် သုညကို ရင်ဆိုင်ရန် ကြောက်ရွံ့နေလေ သည်။ အလုပ်ချိန် ကိုးနာရီမှာ ဘာအလုပ်မျှမရှိဘဲ ထိုင်နေရ သည့်အဖြစ်။ စာဖတ်လိုက်၊ ငုတ် တုတ်ထိုင်လိုက်၊ ဆေးလိပ်ဖွာ လိုက်...။ နာရီလက်တံများ ခရီး ပေါက်လေ...ကျွန်တော့်အတွက် စိတ်ဝင်စားစရာ ကင်းမဲ့လာလေ လေ။ တံခါးပေါက်ကို ဖြတ်၍ မြင် တွေ့နေရသော လှုပ်ရှားရှင်သန် နေရသည်ဆိုသည့် လောကသည် ကျွန်တော့်အတွက် မှုန်ဝါးသော သက်ငြိမ်ပန်းချီကား တစ်ချပ် ထက် မပိုပြန်ပေ။


အချိန်ကျ၍ စက်ဘီးလေး တစ်စီးနှင့် ကျွန်တော် ထွက်လာခဲ့ ရသော်လည်း ကျွန်တော့်ခြေ ထောက်တွေက လူမမာတစ် ယောက်ရဲ့ ခြေထောက်တွေလို။ တစ်ရစ်ပြီးတစ်ရစ် ရှေ့သို့ရုန်း သွားနေသောစက်ဘီး၏ အစိတ် အပိုင်းတချို့ ပျက်စီးသွားလျှင် ကောင်းမည်ဟု ကျွန်တော် တောင့်တနေမိ၏။ စိတ်မပါလျှင် မလုပ်နဲ့ပေါ့ဟု ပြောနိုင်သော် လည်း ကျွန်တော့်မှာ ထိုမျှသတ္တိ မကောင်းနိုင်ဘဲ မိမိကိုယ်ကိုယ် ဖြေသိမ့်နိုင်မည့် အကြောင်းပြ ချက်တစ်ခုခုကို ရှာဖွေနေမိပြန် သည်။


ခေါင်းငိုက်စိုက်ချလျက် ကျွန်တော် စက်ဘီးနင်းခဲ့သည်။ လမ်းတွင် အသိတစ်ယောက် ယောက်နှင့် တွေ့ပြီး ‘‘ဘယ့်နှယ် လဲ’’မေးမြန်းမှာ ကျွန်တော် စိုးရိမ် နေသည်။ မရင်းနှီးသူများဖြစ်လျှင် ပြီးလွယ်စီးလွယ်သဘောနှင့် ဖြေ ခဲ့သော ‘‘မဆိုးပါဘူး’’စကားကို ထပ်မပြောဆိုဖို့ ကျွန်တော် ဝန် လေးနေ၏။ သည်လိုအခါမျိုးမှာ ရင်ထဲ ပွက်ထလာတတ်သော ရှက်ရွံ့စိတ်ကို ကျွန်တော် ထပ်မံ မခံစားလိုပေ။ ‘‘မှန်တစ်ချပ် ထောင်ထားပြီး ဖျားသလား... ဗိုက်နာသလား...မေးနေပေါ့ကွာ’’ ဟု သူငယ်ချင်းတို့ နောက်ပြောင် သည်ကိုလည်း အောင့်သက်သက် ဖြင့် ကျွန်တော် ပြုံးမနေလိုပေ။


‘‘အစဆိုတာ ဒီလိုပေါ့သား ရယ်’’ အမေက အားပေးသည်။ အိမ်အပြန် စိတ်ပျက်လက်ပျက် နှင့် ခြေပစ်လက်ပစ် လဲလျောင်း နေမိသော ကျွန်တော့်အပါး လာ ထိုင်ကာ ‘‘အချိန်ဆိုတာ သည်းခံ စောင့်ဆိုင်းရတာပဲကွဲ့’’ သွန်သင် သည်။


ကျွန်တော်သည် သြဝါဒများ ကို အောင့်အည်းသည်းခံကာ အမေ့ကို စိန်းစိန်းကြည့်နေဖြစ်ခဲ့ ၏။ အမေမို့ သူစိမ်းပြင်ပြင် အော် ဟစ်ပြောဆိုလိုက်ချင်စိတ်ကို မျို သိပ်ချုပ်တည်းနေရသည်။ စိတ် မကောင်းဖြစ်မည်စိုးသဖြင့် မေး လိုက်ချင်သည့် မေးခွန်းများ ပွင့် ထွက်မသွားရလေအောင် ကျွန် တော် အနိုင်နိုင် ထိန်းနေခဲ့ရသည်။


ကျွန်တော်တို့အပေါ် တင်ရှိ နေတဲ့ ကိန်းဂဏန်းတွေကို မေမေ မေ့နေပြီလား။ အတိုးတွေ ဒီရေ လို တရိပ်ရိပ်တက်နေမှာ အမေ မသိတော့ဘူးလား...။ အကျိုးမဲ့ သည်းခံစောင့်ဆိုင်းတဲ့ ငွေရှင် ဒီကမ္ဘာပေါ်မှာ ရှိနေတယ်လို့ အမေထင်နေသလား။


အစိုးမရသော ရောက်တတ် ရာရာ အတွေးများဖြင့် ခုံရှည်ပေါ် မှာ ကျွန်တော်ထိုင်နေသည်။ မူလ က အချိန်ရှိခိုက် ကြိုးပမ်းဖြိုထား မည် ရည်မှန်းခဲ့သော ယန်းပေါ ဆတ်၏ ‘ပျို့သက်သက်’စာအုပ် သည် ကျွန်တော် ပစ်ထားခဲ့သည့် အတိုင်း မှောက်ခုံ အပျင်းဆန့် လျက်...။ မိမိကိုယ်ကိုယ် ပြန်ရှု ကာ လူသား၏ မြင့်မြတ်သော ဖြစ်တည်ခြင်းတရားကို ကျွန် တော် ပွားများမနေနိုင်ပေ။


ကျွန်တော့်ခေါင်းထဲမှာ သုညများ ရှိနေသည်။ လေးလုံး သော သုညကို ဖြိုမည့် ကျွန်တော် ... သုည။ လမ်းမပေါ်တွင်ကား လူများသည် သုညနှစ်လုံးကို ဖရီး ဝီး၊ ဂီယာ၊ ခြေနင်းတပ်၍ ဥဒဟို ခရီးနှင်နေကြသည်။ တချို့က ဖြတ်သန်းသွားလာရင်း ဆေးခန်း ကို ငဲ့ကြည့်သွားသည်။


အသိအမှတ်ပြုခြင်းပဲ ...ဟု ကျွန်တော် နားလည်လိုက်ရလေ မလား။ ကျွန်တော် ဝေဝါးနေ သည်။ အပျိုပေါက် ကျောင်းသူ လေးများက ငုတ်တုတ်တုတ် ဆေးလိပ်ဖွာနေသော ကျွန်တော့် ကို ပြုံးစစကြည့်သွားကြသော အခါများတွင်တော့ ရင်ထဲမှာ အခံရခက်သလိုလို ရှိပြန်၏။ ‘‘နောက်ဖွင့်တဲ့ ဆရာဝန်ဖြင့်တော် ... လူနာကို တစ်ယောက်မှမရှိရှာ ပါဘူး’’ဟူ၍ အရပ်ထဲ ကြုံရာဆုံ ရာ အတင်းအဖျင်းသတင်းဝိုင်း၌ မိန်းမကြီးများက ကျွန်တော့်ကို ပြောနေကြမည်လား...။


ကျွန်တော်ကား မိမိဘာသာ သံသယဖြင့် ရှုပ်ပွေလိမ်လျက် သုည၏ ဖိစီးမှုအောက်တွင် ပရမ်း ပတာဖြစ်နေလေ၏။


‘‘မင်းလိုကောင်က ညည်းနေ တော့ ငါတို့က ဘယ်နားသွားနေရ မှာလဲကွ’’


စကားဝိုင်း တစ်ဝိုင်းတွင် ဘွဲ့ရသူငယ်ချင်းတစ်ယောက်က စိတ်တိုတိုဖြင့် ကျွန်တော့်ကို နှုတ် တုံ့ပြန်မေးခဲ့ဖူးသည်။ ကျွန်တော် တို့ နှစ်ယောက်သည် စူးရဲသော အကြည့်များဖြင့် အတန်ကြာမျှ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြ၏။


မှန်သည်။ ယာယီအားဖြင့် အကျပ်အတည်းရှိဦး။ ကျွန်တော့် အလုပ်က အသက်ရှူချောင်သော အလုပ်။ ကျွန်တော်က စားနိုင် သောက်နိုင်သေးသည်။ ရပ်တည် လှုပ်ရှားဖို့ ချေးနိုင်ငှားနိုင်သေး သည်။ ဆရာဝန်ဆိုတဲ့ အရှိန်အဝါ လေး ရှိသေးသည်။ ကျွန်တော် သည် မရှိခြင်းသံသရာတွင် မျော ပါကူးခပ်နေရသူတို့၏ ဘဝကို စာနာ နေမိလေသည်။ စဉ်းစား စောင်းငဲ့ကြည့်လိုက်တော့ ကျွန် တော်ကမှ ဝိုင်းစက်နေသည့် သုည ဖြစ်နေသေးသည်။


လူ့ဘဝမှာ ချည့်နဲ့ပိန်တွန့်နေ သော သုညများဆိုလျှင် ...


---------------------------


On  Sat, 2017-10-28 06:30Issue No.No.1609 Saturday, October 28, 2017



( 7Day News Page မှ ကူးယူပါသည်။)

No comments:

Post a Comment