Wednesday, 31 October 2018

ကျိန်စာ ( ဇာတ်သိမ်းပိုင်း)

ကျိန်စာ


♥♥♥♥♥


( ဇာတ်သိမ်းပိုင်း)


 မောင်သစ်ဆင်း


ဖေဖေသည် အိပ်ခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသော မေမေ့ကို မှုန်ရီစွာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့၏။


ညသည် တိတ်ဆိတ်စွာ ရွေ့လျားလျက်ရှိသည်။


စက္ကန့်များကမူ အရေးတကြီး ပြေးလွှားနေဆဲ။


ဖေဖေသည် ဧည့်ခန်းတွင်း ကုလားထိုင်ပေါ်၌ ခေါင်းငိုက်စိုက်ချကာ ငြိမ်သက်နေလေသည်။


အနီးအနား အိမ်တစ်အိမ်ဆီမှ မြန်မာပိုင်း အစီအစဉ် ပြီးဆုံးသွားသည့် တီးလုံးသံကို ကြားရသည်။


အပြင်ဘက်၌ လေထန်နေဆဲ။


ဖေဖေသည် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်၏။ မျက်လုံးများ နီရဲနေသည်။ ထိုမျက်လုံးများသည် နံရံပေါ်ရှိ မှန်ဘောင်သွင်း စက္ကူချပ်ပေါ်သို့ ရောက်ရှိသွားသည်။ စာရွက်ထိပ်ပိုင်းရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ တံဆိပ်အမှတ်အသားကို ဖေဖေ့နေရာမှပင် ထင်ရှားစွာ မြင်နိုင်သည်။


ဖေဖေ နေရာမှ ဖြုတ်ခနဲ ထကာ မှန်ဘောင်သွင်း စာရွက်ရှေ့ တည့်တည့်သို့ သွားရောက်၍ ရပ်သည်။ စာရွက်ကို စူးစိုက်၍ ကြည့်သည်။ စာရွက်တွင် ပါရှိသော စာသားများကို တစ်လုံးချင်း ဖတ်ရှုနေသည့်နှယ် ဖေဖေ့နှုတ်ခမ်းများက ရွရွ လှုပ်နေသည်။ မကြာခင် အသံ တဖြည်းဖြည်း ကျယ်လာ၏။


“ကိုင်း ဘယ့်နှယ်ရှိစ။ ဘာတတ်နိုင်သေးလဲ။ ဘာပြောချင်သေးလဲ။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ”


ဖေဖေသည် စာရွက်ပေါ်က စာကြောင်းများအတိုင်း မှန်သားပြင်ပေါ်မှ အသာအယာ ပွတ်သတ်နေလေသည်။ ဖေဖေ့အသံသည် တဖြည်းဖြည်း တိုးညင်းသွားပြန်သည်။ နှုတ်ခမ်းများကတော့ တရွရွ လှုပ်ဆဲ။


အိမ်ရှေ့တံခါးသည် အသံမမြည်ဘဲ ပွင့်ဟ၍ လာသည်။ သားလတ်သည် စွေ့ကနဲ ဝင်လာကာ တံခါးကို ပြန်စေ့လိုက်သည်။ သူ့ကို ကျောပေးလျက် နံရံပေါ်မှ မှန်ဘောင်သွင်း စက္ကူချပ်ကို စူးစိုက်ငေးမောနေလေသော ဖခင်ဖြစ်သူအား မြင်လိုက်ရသောအခါ အသာ ကိုယ်ရှိန်သတ်လိုက်သည်။ ထို့နောက် တံခါးဝမှနေ၍ မျက်တောင်ပုတ်ခတ်လုပ်ကာ ဖခင်ကို ကြည့်နေလေသည်။ ကြည့်နေရင်းနဲ့ သားလတ်မျက်နှာ ပြုံးလာသည်။ ဖေဖေသည် မှန်သားပြင်ကို ပွတ်သတ်နေရာမှ နောက်သို့ တလှမ်းချင်း ဆုတ်လိုက်၏။ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလာသည်။ ထို့နောက် ခေါင်းယမ်းလိုက်၏။


တံခါးဝမှ သားလတ်သည် ဖခင်နည်းတူ ခေါင်းယမ်း၏။


ဖေဖေ ခါးထောက်လိုက်သည်။

သားလတ်ကလည်း ခါးထောက်၏။


ဖေဖေသည် စာရွက်ကို ငြိုးသူရန်ဘက်သဖွယ် ကြည့်နေလေသည်။

သားလတ်သည် ဖခင်ကို ပြုံး၍ ကြည့်နေသည်။


ခဏကြာသော် ဖေဖေသည် နေရာမှ ချာကနဲ လှည့်ထွက်လိုက်သည်။ ထိုအခါ တံခါးဝ၌ ခါးထောက်၍ ပြုံးနေသော သားလတ်နှင့် မျက်နှာချင်း ဆိုင်မိသွား၏။ သားလတ်က ခါးပေါ်မှ လက်ကို အမြန်ချ၍ “ဖေဖေ” ဟု ခေါ်လိုက်သည်။ ဖေဖေသည် မျက်နှာထားကို ပြန်လည် ပြင်ဆင်လိုက်၏။


“သားလတ် စာမကျက်ဘဲ ဗွီဒီယို သွားကြည့်နေတယ်ဆို”


“ဟုတ်တယ် ဖေဖေ အရမ်းအရမ်းကောင်းတဲ့ ကားပဲ ဖေဖေရာ။ အော်ပရေးရှင်း ဒေးဘရိတ် တဲ့။ လူငယ်ကလေး ငါးယောက်နဲ့ နာဇီတွေနဲ့ ချကြတာ”


“နာဇီတွေ သေသွားရောလား”


“ဟင့်အင်း လူငယ်လေးယောက်လုံး သေသွားတယ်။ ဟိုတစ်ယောက်က သစ္စာဖောက်လို့။ သူက မိန်းမရော ကလေးရောရသွားတော့ သစ္စာဖောက်တာပေါ့။”


ဖေဖေသည် သားလတ်ကို အလန့်တကြား ကြည့်လိုက်၏။


“နောက်ဆုံးအခန်းက အကောင်းဆုံးပဲ။ သစ္စာဖောက်တဲ့ကောင်က လိုက်ပြလို့ သူတို့ ပုန်းနေတဲ့ ဘုရားရှိခိုးကျောင်းကြီးကို နာဇီတွေ ဝိုင်းမိသွားတယ်။ သူတို့ကလည်း ပြန်ချတာပဲ။ နောက်ဆုံး ကောင်လေးနှစ်ယောက်ပဲ ကျန်တယ်။ မြေအောက် အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေကြတာ။ နာဇီတွေက အဲဒီအခန်းလေးကို အပြင်ကနေ ရေတွေ သွင်းထည့်လိုက်တာ ဖေဖေရာ။ ကောင်လေးနှစ်ယောက် လည်ပင်းအထိ ရေတွေ တက်လာတယ်။


အဲဒီမှာ နာဇီတွေက ခိုင်းလို့ သစ္စာဖောက်ကလည်း သူ့အဖော်တွေကို လက်နက်ချဖို့ အော်ပြောရတယ်။ ဘယ်ချမလဲ။ ဟိုနှစ်ယောက်က တစ်ယောက်ခေါင်း တစ်ယောက် သေနတ်တေ့ပြီး ဝမ်း တူး သရီး ဆို မောင်းကို ဖြုတ်ချကြတာ။ သေနတ်သံလည်း ကြားရော သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ…”

“သားလတ်…”


ဖေဖေ့အသံသည် မာကျောစွာ ထွက်ပေါ်လာ၏။


“နောက်ကို ဒီလို ဇာတ်ကားမျိုးတွေ မကြည့်ရဘူး။ သွားစာကျက်ချေ။ ရှစ်တန်းဟာ အရေးကြီးတယ်ဆိုတာ မသိဘူးလား”


သားလတ်သည် အတွင်းခန်းသို့ ခုန်ပေါက်၍ ပြေးဝင်သွား၏။


“မင်းအစ်ကိုရော ဘယ်သွားလဲ”


“လက်ဖက်ရည်ဆိုင်မှာ ကဗျာစာမူခ ရလို့တဲ့။ သူ့သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်နေတယ်။ သားလည်း ဝင်သောက်ခဲ့သေးတယ်”


“ဘာ… သူက ကဗျာရေးတယ်”


“ဒီလမှ စပါတာတဲ့။ ဘာမဂ္ဂဇင်းဆိုလား”


ဖေဖေသည် အတန်ကြာ ငေးငိုင်နေသည်။ ထို့နောက် မှန်ဘောင်သွင်း စက္ကူရှိရာသို့ သွားပြန်သည်။ စာရွက်ကို မော့ကြည့်ပြီး တီးတိုးပြောလိုက်၏။


“ကြားကြရဲ့လား။ ကျုပ်သားက ရုပ်ရှင်ထဲက သစ္စာဖောက်ကို မုန်းနေတယ်။ အခု သူ့အဖေက ကိုယ်မြတ်နိုးတဲ့ အလုပ်ကို သစ္စာဖောက်ရမယ့် အခြေအနေဖြစ်နေတယ်။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ”


ထို့နောက် ဖေဖေသည် ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသည်။


ဖေဖေထိုင်လိုက်သည်နှင့် အိမ်ရှေ့တံခါးသည် ပွင့်ဟ၍ လာပြန်ကာ သားကြီး ဝင်လာလေသည်။


“ဟင် ဖေဖေ မအိပ်သေးဘူးလား။ ညီလေးကော ပြန်ရောက်ပြီလား”


“သြ… ကဗျာဆရာကြီး ကြွပါဦးခင်ဗျား”


သားကြီးသည် ဖခင်အနီးသို့ တိုးရွှေ့လာကာ မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ဝင်ထိုင်သည်။


“သားလက်ထဲက စာအုပ်က သားကဗျာပါတဲ့ မဂ္ဂဇင်းလား”


“ဟုတ်တယ် ဖေဖေ။ ညီလေး ပြောထားပြီထင်တယ်”


“ဖေဖေ့ကို ပြစမ်း”


သားကြီးက အသင့်ညှပ်ထားသော နေရာကို ဖွင့်ကာ လှမ်းပေးလိုက်သည်။ ဖေဖေက စာအုပ်ကို မီးရောင်အောက်တွင် ထောင်ပြီး မျက်လုံးများကို မှေးကာ အသံထွက်၍ ဖတ်လိုက်သည်။

“ဆီပူအိုးမှ ခုန်ချကြသူများ”


ဖေဖေသည် စာအုပ်ပေါ်မှ ကျော်၍ သားကြီးကို ကြည့်လိုက်သည်။ သားကြီးက ဖခင်ကို ပြုံးပြ၏။ ဖေဖေက ဆက်၍ ရွတ်ဖတ်သည်။


“နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ် ဘာအရေးလဲ

လာ… ခုန်ချကြမယ် အမှောင်ထဲ 

မသိမှုရဲ့ ချောက်ထဲမှာ 

ငါတို့ အသစ်တစ်ခုကို တွေ့ရှိမှာ အသေအချာ”


ဖေဖေသည် စာအုပ်ကို ပြန်ချလိုက်၏။


“ဒါ သားရေးတာပေါ့”


“ဆက်ဖတ်လေ ဖေဖေ။ အခုဟာက ပြင်သစ်ကဗျာဆရာ ဘော်ဒလဲရဲ့ ကဗျာတစ်ပုဒ်ကို ယူသုံးထားတာ။ သားရေးတာကို ဆက်ဖတ်ပါ”


“ဒီလောက်ဆို လုံလောက်ပြီ။ ဒါ ဘာ မဂ္ဂဇင်းလဲ”


“… တဲ့။ ဒီလ ပင်လယ်ကွေ့စစ်ပွဲ ဆောင်းပါး တော်တော်ကောင်းတယ်။ ဖတ်ကြည့်စမ်းပါ ဖေဖေ။ ဒါနဲ့ ကမ္ဘာစစ်နောက်တစ်ခုများ ထပ်ဖြစ်ဦးမလား။ ဖေဖေ ဘယ်လိုထင်လဲ”


“စစ်ကတော့ ဖြစ်မှာပဲ”


“သေချာရဲ့လား ဖေဖေ”


“သေချာတယ်”


“ဘယ်သူနဲ့ ဘယ်သူ ဖြစ်ကြမှာလဲ”


“ဖေဖေနဲ့ သားပေါ့။ သားကဗျာတွေ ဆက်ရေးနေရင် ဖေဖေနဲ့ စစ်ဖြစ်မှာပဲ”


သားကြီးသည် ဖခင်ကို နားမလည်စွာ ကြည့်သည်။


“ဖေဖေ ဘယ်လို ဖြစ်တာလဲ”


“ဘယ်လိုဖြစ်တာလဲ ဆိုတော့ သားကို ကဗျာဆရာ မဖြစ်စေချင်တာပဲ”


သားကြီးသည် ဖခင်ကို အတန်ကြာ စူးစိုက်ကြည့်နေ၏။


“ဒါဖြင့် ဖေဖေက ဘာဖြစ်စေချင်လို့လဲ”

“ဘာမှ မဖြစ်စေချင်ဘူး။ သားကို သာမန်လူတစ်ယောက်ပဲ ဖြစ်စေချင်တယ်။ ပညာသင် စီးပွားရှာ၊ အိမ်ထောင်ပြု စီးပွားရှာ၊ မျိုးဆက်ဖြန့် – စီးပွားပိုရှာ – ရှာ – ရှာ။ အချိန်တန်တော့ အသာကလေး သေသွား။ ဒီလို ဘဝမျိုးက Side Effect နည်းတယ်။ အပိုအန္တရယ် နည်းတယ်ပေါ့ကွာ”


“မစိမ်းပင် ရဲ့ ကဗျာ တစ်ပုဒ် ရှိတယ် ဖေဖေ။ ‘အတ္တမဲ့ မာနဖြင့်၊ ဘဝကို ထုဆစ်၊ ခေတ်ကို ထမ်းပိုး၊ ရိုးသား၏ ရဲရင့်စွာ’ တဲ့။ သားက အတ္တကို အနာဂတ်ပို့ထားချင်တာ။”


“နားထောင်လို့ ကောင်းလိုက်တာ သားရာ၊ ရင်ထဲမှာ နာလိုက်တာ”


“သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ”


“သားထင်လို့ပါ။ မရှိပါဘူး။ ဖေဖေလည်း ဟိုတုန်းက ဒီလိုပဲ ထင်ခဲ့ဖူးတယ်”


“ရှိကို ရှိရမယ် ဖေဖေ။ ပြီးတော့ သားဟာ လူငယ်တစ်ယောက်… ”


“ဖေဖေလည်း လူငယ် ဖြစ်ခဲ့ဖူးတာပေါ့”


သားကြီးသည် နှုတ်ခမ်းကို ကိုက်၍ အတန်ကြာ ငြိမ်သက်နေ၏။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။


“ဒါဖြင့် ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား”


“ဘာကွ”


နေရာမှ ဖေဖေ ဝုန်းကနဲ ခုန်ထသည်။ ကုလားထိုင်သည် နောက်သို့ လဲပြိုသွား၏။


“ပြန်မေးစမ်း၊ ပြန်မေးစမ်း”


“ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား“


ဖေဖေသည် သားကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ ဖေဖေ့မျက်နှာပေါ်၌ အရိပ်မျိုးစုံတို့ ဖြတ်သန်းနေကြသည်။


“ကြောက်စရာအကောင်းဆုံး မေးခွန်းကို သားမေးလိုက်တာပဲ။ ဒါပေမဲ့ ဖေဖေ့အတွက်တော့ ကြောက်စရာ မဟုတ်ပါဘူး။ ဟေ့ ဒီမှာ သား”


ဖေဖေသည် စားပွဲကို ကွေ့ပတ်ကာ နံရံပေါ်မှ မှန်ဘောင်သွင်း စာရွက်ရှေ့သို့ သွား၍ ရပ်သည်။


“ဖေဖေ ဒီလို ငယ်ခဲ့ဖူးတယ်”


မှန်သားပြင်ကို လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်၍ ပြသည်။


“မြင်ရဲ့လား။ ဖေဖေ ဟောဒီလို ငယ်ခဲ့ဖူးတယ်ကွ”


ဖေဖေသည် မှန်ချပ်ကို ညာဘက်လက်သီးနှင့် တအားကုန် ပစ်ထိုးလိုက်၏။


မှန်သားပြင် ကွဲကြေသံ၊ မှန်စများ ကြမ်းပြင်သို့ လွင့်ကျသံများသည် နားကြောစိမ့်ဖွယ် ထွက်ပေါ်လာသည်။ ဖေဖေ့လက်မှာ သွေးတွေ ရဲခနဲ ဖြာသည်။


“ဖေဖေ… ”


သားကြီးသည် ကုလားထိုင်ကို တွန်းဖယ်ပစ်ကာ ဖခင်ထံ တဟုန်ထိုး ပြေးသွား၏။ ဖေဖေသည် ကြမ်းပြင်ပေါ်ကျနေသော မှန်ကွဲစများကြားမှ စာရွက်ကို ကောက်ယူလိုက်သည်။


“ဒီမှာလေ ဖေဖေ ငယ်ခဲ့ဖူးတာ”


ဆူညံဆူညံ အသံဗလံများကြောင့် မေမေနှင့် သားလတ်တို့သည် ဧည့်ခန်းထဲသို့ ပြေးထွက်လာကြ၏။


“ဟဲ့ဟဲ့ ဘယ်လိုဖြစ်ကြတာလဲ။ အို မောင့်လက်မှာ သွေးတွေ … ဘုရား ဘုရား”


ဖေဖေသည် သားကြီးကို အေးချမ်းစွာ ကြည့်လိုက်သည်။


“ဒါပါပဲ သား၊ တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့”


ထို့နောက် ဖေဖေသည် အိမ်တွင်းခန်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားလေသည်။


------------------------------


မောင်သစ်ဆင်း


 (ဟန်သစ် မဂ္ဂဇင်း၊ အမှတ် – ၁၂)


by K

Mar 10, 2011


( Myanmar Network ဝက်ဘ်ပေ့ခ်ျမှ ကူးယူပါသည်။ ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။)

ကျိန်စာ ♥ မောင်သစ်ဆင်း

ကျိန်စာ


♥♥♥♥♥


 မောင်သစ်ဆင်း


အိမ်ရှေ့တံခါးသည် အရှိန်ပြင်းပြင်းနှင့် ရုတ်တရက် ပွင့်လာ၏။ အပြင်ဘက်တွင် လေထန်လျက် ရှိသည်။


အိမ်တွင်းခန်းသို့ ဖေဖေ ဝင်လာပုံမှာ လေက တံခါးကို ဆောင့်ဖွင့်ပေးလိုက်ပြီး ဖေဖေ့ကိုပါ တခါတည်း တွန်းသွင်းလိုက်သကဲ့သို့ ဖြစ်သည်။


ဖေဖေသည် တံခါးကို ပြန်စေ့လိုက်ပြီး ဧည့်ခန်းထဲသို့ တစ်ချက် ဝေ့၍ ကြည့်လိုက်၏။ ဖေဖေ့မျက်လုံးများက အနည်းငယ် မှေးစင်းနေကာ မျက်နှာမှာ နီရောင်လွင်နေသည်။ အနည်းငယ် ယိမ်းယိုင်ချင်သော ခြေလှမ်းများဖြင့် ဧည့်ခန်းတွင်းသို့ ဖေဖေ ဝင်လာသည်။


ဧည့်ခန်းထဲမှာ မေမေရှိသည်။ သိုးမွေးထိုးတံ တစ်ချောင်းနှင့် အလုပ်များနေသော မေမေသည် ဖေဖေ့ကို တစ်ချက်မျှသာ မော့၍ ကြည့်သည်။ သိုးမွေးထိုးနေသည့် မေမေ့ လက်အစုံက ဖေဖေ ဝင်လာသည်နှင့် မသိမသာ နှေးကွေးလေးလံသွားဟန်ရှိသည်။


ဖေဖေက လက်ဆွဲသေတ္တာပြားကို ဗီရိုတစ်ခုအတွင်းသို့ ပစ်သွင်းလိုက်ပြီး ဗီရိုတံခါးကို အသံမြည်အောင် ပိတ်လိုက်သည်။ လေပူတစ်ချက် မှုတ်ထုတ်ကာ အပေါ်အင်္ကျီကို ချွတ်သည်။ မေမေ့ကို မသိမသာ စောင်းငဲ့၍ ကြည့်သည်။


မေမေသည် သိုးမွေးကိုသာ ငုံ့၍ သည်းသည်းမည်းမည်း ထိုးလျက်ရှိ၏။ အင်္ကျီကို ချိတ်တွင် ချိတ်ပြီးသောအခါ မေမေရှိရာသို့ ဖေဖေ လျှောက်လာသည်။ မေမေ့ဘေးရှိ ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ မေမေ့နှာခေါင်း မသိမသာ ရှုံ့သွားသည်။


“ဘယ်သူတွေနဲ့ တွေ့လာပြန်ပြီလဲ”


“ဟင့်အင်း ဘယ်သူတွေနဲ့မှ မတွေ့ပါဘူး။ ကိုယ်တို့ အဖွဲ့ရဲ့ အကြိုအောင်ပွဲတဲ့ကွာ။ ဒေါက်တာညွန့်လွင်က ဒကာခံတာ။ ကိုယ်တို့ လုပ်ငန်းအခြေအနေကောင်းတယ်။ ဆေးယဉ်နေတဲ့ ငှက်ဖျားပိုးရဲ့ လိုက်ဖ်ဆာကယ်ထဲက အဆင့်တစ်ဆင့်မှာ ကိုယ်ခံအား…”


သိုးမွေးချည်လုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သဖြင့် ဖေဖေ စကားရပ်သွား၏။


“ထမင်းစားဦးမှာလား”


“ဟင့်အင်း မစားတော့ဘူး”


မေမေက ချည်လုံးကို ပြန်ကောက်ပြီး ဆက်ထိုးနေသည်။ ဖေဖေသည် နိမ့်မြင့်လှုပ်ရှားနေသော မေမေ့လက်ချောင်းများ၊ တွန့်လိမ်နေသော ချည်မျှင်စများ၊ တစ်ချက်တစ်ချက် ဝင်းလက်သွားတတ်သော သိုးမွေးထိုးတံတို့ကို အဓိပ္ပါယ်မရှိ ငေးစိုက်ကြည့်နေသေး၏။ ထို့နောက် မျက်နှာကို လက်ဝါးဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်သည်။ အပေါ်သို့မော့၍ မီးချောင်းကို ကြည့်သည်။ ဧည့်ခန်းထဲရှိ စာအုပ်ဗီရိုများကို ကြည့်သည်။ ထို့နောက် မေမေ့ကို ပြန်ကြည့်သည်။


“ကလေးတွေရော”


“အငယ်မက ဖျားနေတယ်။ အလတ်ကောင်က ဗွီဒီယိုတဲ့၊ သားကြီးက… ”


ဖေဖေ ဆတ်ခနဲ ခါးကို ဆန့်လိုက်သည်။


“ဟင် သမီးဖျားနေတယ်။ အတော်လေး ဖျားလား။ ဘာဆေးတိုက်ထားလဲ”


“ဒီအိမ်မှာ ဘာဆေးတွေများ ရှိလို့လဲ။ ရှိလည်း ကျုပ်က ဆရာဝန်မှ မဟုတ်တာ။ ပါရာစီတမော တပြားတော့ တိုက်ထားတယ်”


ဖေဖေသည် ထိုင်ရာမှ ထကာ ဗီရိုဆီသွားသည်။ ဗီရိုကို ဖွင့်၍ အတန်ကြာ ရှာဖွေနေ၏။


“ရှင် ဘာရှာနေတာလဲ”


“နားကြပ်”


“ဟိုတလောကတော့ အောက်ဆုံးအံဆွဲထဲမှာ မြင်မိတာပဲ”


အောက်ဆုံးအံဆွဲကို ဖေဖေဖွင့်သည်။ နားကြပ်ကို တွေ့၏။


“သမီး အိပ်နေသလား”


“အင်း”


နားကြပ်ကို ပုဆိုးနှင့် ပွတ်ရင်း အိပ်ခန်းထဲသို့ ဖေဖေဝင်သွားသည်။ မေမေက ထိုင်ရာမှ မထ။ အထိုးမှားသွားဟန်တူသည့် ချည်စကို ပြန်လည် ဖြေချနေသည်။


ခဏကြာသော် ဖေဖေ ပြန်ထွက်လာ၏။ နားကြပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကုလားထိုင်တွင် ဝင်ထိုင်သည်။


“ချွေးထွက်တယ်။ သိပ်လည်း မပူတော့ဘူး။ ချွဲသံလည်း မကြားဘူး။ အပရိကဖျားလောက်ပဲ နေမှာပါ။ သမီး တရေးနိုးရင် တပြားထပ်တိုက်မယ်။ မနက်မှာ ဖျားသေးရင် ခင်မောင်သန်းဆီ ပြတာပေါ့။”


မေမေ့မျက်နှာ၌ မဲ့ပြုံးတစ်ခု ပေါ်လာကာ ဟင်းကနဲ တစ်ချက်ရယ်လေသည်။


“ဖအေဆရာဝန် တစ်ယောက်လုံး ဖြစ်နေပြီး ကျွန်မ ကလေးတွေလည်း ကံဆိုးရှာပါတယ်။ ဘာဖြစ်ဖြစ် ဒေါက်တာခင်မောင်သန်းနဲ့ပဲ”


ဖေဖေ့မျက်နှာပေါ်က အနီရောင်သည် လွင်ရမှ ရုတ်ချည်း ရင့်သွား၏။ မေမေ့ကို ဆတ်ခနဲ လှမ်းကြည့်သည်။


“ဟေ့ ငါက ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူး”


“ရှင်က ဒါကိုပဲ ဂုဏ်ယူနေတယ်ပေါ့”


ဖေဖေနှင့် မေမေသည် တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ခဏကြာသော် ဖေဖေ သက်ပြင်းချလိုက်သည်။


“တို့ဆေးလောကမှာ အဆိုတစ်ခုရှိတယ်။ ဆေးကုသသော ဆရာဝန်သည် ကောင်း၏။ ပညာပေးသော ဆရာဝန်သည် ပိုကောင်း၏။ သုတေသနလုပ်သော ဆရာဝန်ကား အကောင်းဆုံးဖြစ်၏ တဲ့။ မင်းနားလည်ဖို့ ကောင်းတယ်။ တဆိတ်ရှိ ဒါကိုပဲ ခလုတ်တိုက်နေ။”


“သြော် ဟုတ်လား သည်းခံပါရှင်။ ဆရာဝန် အမျိုးမျိုး ရှိမှန်း အစက ကျွန်တော်မျိုးမ မသိခဲ့လို့ပါ။ ရှင်နဲ့ မရခင်ကတည်းကသာ သိခဲ့ရင် ကျွန်မဘဝ…”


“ခင်… တော်တော့ကွာ၊ ဒါတွေ အပ်ကြောင်းထပ်လှပြီ။ ကိုယ်တောင်းပန်ပါတယ် တော်ကြစို့။”


ဖေဖေသည် လက်နှစ်ဘက်ကို အသာခါကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းလျက်ရှိသည်။


“မတော်နိုင်သေးဘူး။ ဒီည ရှင့်ကို ပြောစရာတွေ အများကြီး ရှိတယ်”


မေမေ့မျက်လုံးများ အတွင်း၌ သိုးမွေးထိုးတံ၏ တောက်ပြောင်မှုမျိုးကို မြင်တွေ့နေရသည်။ ဖေဖေက ခေါင်းယမ်းဆဲ။


“ဒီမယ် ရှင့်ကို ပြောစရာ နှစ်ချက် ရှိတယ်”


“အေး ပြော ပြော တကယ်လို့ နံပါတ် ၃ အချက်ပါ ရှိသေးရင်လည်း ဆက်ပြော”


“ပြောရမှာပဲ၊ ကဲ နံပါတ်တစ်အချက်… ရှင် ငွေ ခြောက်သိန်း ရှာနိုင်သလား”


“ဘာ… ခြောက်သိန်း”


ဖေဖေသည် မျက်ခုံးနှစ်ဘက် ပင့်လျက် မေမေ့ကို အလန့်တကြား ကြည့်၏။


“ခြောက်သိန်း ဘာလုပ်ဖို့လဲ”


“ဘာလုပ်ရမှာလဲ။ တိုက်ခန်းဝယ်ဖို့ပေါ့”


“ဘာတိုက်ခန်းလဲ၊ အခု အိမ်ခန်းက…”


“နေ့လည်က အိမ်ရှင် အဖွားကြီး လာသွားတယ်။ အခုနေရာတွေကို ကန်ထရိုက်နဲ့ တိုက်ဆောက်တော့မယ်။ မြေညီထပ်လိုချင်ရင် တစ်ခန်းခြောက်သိန်း၊ ယူနိုင်ရင် ယူ၊ မယူနိုင်ရင် ယူမယ့်သူတွေ တန်းစီနေတယ်။ အဲ… အပေါ်ဆုံးထပ် ဆိုရင်တော့ နည်းနည်း ဈေးလျော့မယ်။ ဘယ်လောက်လဲ သိလား”


ဖေဖေသည် မေမေ့ကို ကြောင်ကြည့်နေရာမှ မျက်နှာလွှဲလိုက်သည်။


“မသိချင်ဘူး”


မေမေသည် ချည်လုံးကို စားပွဲပေါ်သို့ ပစ်ပေါက်လိုက်သည်။


“မသိချင်လို့ ရမလား၊ ဒါ အိမ်ထောင်ဦးစီးတစ်ယောက် ပြောရမယ့် စကားလား။ ရှင်တော်တော် တာဝန်မဲ့”


မေမေသည် အသံတုန်လာ၏။ ဖေဖေက လက်ဝါးကာပြန်သည်။


“ကဲ ကဲ သိချင်တယ် ဘယ်လောက်တဲ့လဲ”


“နှစ်သိန်း”


ဖေဖေသည် အောက်နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်သည်။


ညာဘက်လက်ကို ဆုတ်ချည်ဖြန့်ချည် လုပ်နေ၏။


“ဘယ်လိုလဲ၊ နှစ်သိန်းလောက်တော့ ရှင် ရှာနိုင်မလား။ မရှာနိုင်ရင် အိမ်ရှင်က ထွက်ခ နှစ်သောင်းပေးမယ်တဲ့။ ဂျောင်းပေတော့ပဲ။ ကျွန်မတို့ကလည်း ကိုယ့်အဆင့်အတန်း အကျခံပြီး ဘယ်လောက်ရမှ ထွက်ပေးနိုင်မယ် ဘာညာတွေ လုပ်မနေချင်ဘူး။ ကဲ ဘယ်လို စိတ်ကူးရသလဲ။ တစ်ခုတော့ ရှိတယ်နော်။ ကျွန်မ မိဘဆီကတော့ လုံးဝ မစဉ်းစားပါနဲ့တော့။ မေမေတို့မှာ ကျွန်မတို့ကို လှမ်းလှမ်းပြီး ဖို့နေရတာ များလှပြီ။ သမီး မွေးပြီးကတည်းက လစဉ် လှမ်းလှမ်း ထောက်နေရတာ။ ဒီကြားထဲ အကြောင်းကိစ္စပေါ်လာတိုင်း သွားပြီး အပူကပ်ရသေးတယ်။


မေမေဆိုရင် ရှေ့တမျိုး တိတ်တိတ်တမျိုး သူ့သမီးကို ပေးနေရတာ။ မနှစ်က မုံရွာ ခဏ ပြန်တုန်းကဆို မေမေက ညည်းတို့မှာလည်း ဒီအတိုင်းသာဆို ခက်ရချည်ရဲ့တဲ့။ ပြီးတော့ ပွဲရုံကလည်း လုပ်ငန်းကြီးလာတော့ အရင်းများနေတယ်။ ဒီတခါတော့ မေမေတို့ကို ဒုက္ခမပေးချင်တော့ဘူး။ ညီအစ်မတွေရဲ့ မျက်စောင်းဒဏ်လည်း မခံနိုင်တော့ဘူး။ ရှင်မရှက်ပေမယ့် ကျွန်မ ရှက်တယ်။ အဲဒါ ရှင် စဉ်းစားပါ”


မေမေပြောနေသည့် တချိန်လုံးတွင် ဖေဖေသည် ကုလားထိုင်ကို ကျောမှီလိုက် လက်နှစ်ဖက်ကို ဦးခေါင်းနောက်တွင် ယှက်ကာ ရှေ့တည့်တည့်မှ နံရံကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။ နံရံပေါ်တွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော စာရွက်တစ်ရွက် ရှိသည်။ ထိုစာရွက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ပေးပို့သောစာ ဖြစ်သည်။ ဆေးပညာဂျာနယ်တွင် ပါရှိသော ဖေဖေ့ သုတေသနတွေ့ရှိချက်စာတန်းကို အကြောင်းပြု၍ ပေးပို့သည့် ကျေးဇူးတင် ချီးကျူးကြောင်း သဝဏ်လွှာ ဖြစ်လေသည်။ မျက်တောင်မခတ် ငေးစိုက်လျက်ရှိသော ဖေဖေကတော့ ဘာကိုမှ မြင်ဟန်မတူ။


မေမေသည် ဖေဖေ့ကို ထွင်းဖောက်၍ ကြည့်လိုက်၏။


“ဘယ်လိုလဲ ဒေါက်တာ။ ဖြစ်နိုင်ရဲ့လား”


ဖေဖေသည် မေမေ့ကို ကြည့်လည်းမကြည့်၊ ဖြေလည်း မဖြေ၊ မှုန်တေသောမျက်နှာသည် စားပွဲခင်းပေါ်၌သာ စွဲမြဲနေပြန်၏။ မျက်လုံးထောင့်နှင့် နှုတ်ခမ်းထောင့် ကြွက်သားလေးများက အနည်းငယ် ခုန်လှုပ်နေကြသည်။ မေမေ ပြုံးလိုက်၏။ အောင်နိုင်သူ အပြုံးမျိုးဖြင့် မေမေ ပြုံးသည်။


“ရှင့် မိုက်ကရိုစကုပ်အောက်က ငှက်ဖျားပိုးကလေးတွေဆီက ငွေ နှစ်သိန်းလောက် ခဏ ချေးလို့ကော မရနိုင်ဘူးလား”


ထိုင်နေရာမှ ဖေဖေ ဝုန်းကနဲ ထရပ်သည်။ မေမေ့ကို ကြည့်သော အကြည့်၌ မီးနီတွေ ဝင်းလက်သည်။ နှုတ်ခမ်းထောင့်များ သိသိသာသာ တုန်လှုပ်နေ၏။


“မင်း မင်း တရားလွန်လာပြီနော်။ အခုလောက်ထိ စော်ကားလာဖို့တော့ မကောင်းဘူး။ မင်းလည်း ပညာတတ်တစ်ယောက်ပဲ။ သုတေသနသမားတစ်ယောက်ရဲ့ ဘဝကို နားလည်ဖို့တော့ ကောင်းတယ်။ ငါ့မှာ ပိုက်ဆံများများ ရှာတတ်တဲ့ အရည်အချင်း မရှိဘူး ဆိုတာ ငါဝန်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မဝင်စားလို့။ ပိုက်ဆံထက် စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်မျိုးကို လုပ်နေရလို့။ ပိုက်ဆံတစ်ခုတည်းအတွက် ငါ အချိန်မပေးနိုင်ဘူး။ အဲဒါ ငါ့အားနည်းချက်လို့ ဆိုချင်ဆို။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဘာဖြစ်လို့ စော်ကားချင်ရတာလဲ။”


“ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အားနည်းချက်ကြီးကြောင့် ကျွန်မတို့မိသားစုဘဝ ဒုက္ခရောက်ရလို့ပေါ့”


“ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေ ကမ္ဘာပေါ်မှာ တစ်ပုံကြီးပါကွာ”


“အိုး လူဆိုတာဟာ ကိုယ့်ဒုက္ခနဲ့ ကိုယ်ရှင့်။ ဒီမယ် ကျွန်မတို့ဒုက္ခဟာ ဖြစ်သင့် ဖြစ်အပ်တဲ့ ဒုက္ခမျိုး မဟုတ်ဘူး။ တမင်သက်သက်ကို ဒုက္ခခံနေရတဲ့ ဘဝ။ သိရဲ့လား။”


ဖေဖေ အသက်ရှူမြန်နေသည်။ နဖူးပြင်နှင့် နှာခေါင်းဖျား၌ ချွေးများစို့လျက်။ ခဏကြာသော် ကုလားထိုင်ပေါ်သို့ ဝုန်းကနဲ ပြန်ထိုင်လိုက်သည်။ ထို့နောက် အံတစ်ချက် ကြိတ်လိုက်သည်။


“ဒီလောက်လည်း ပူစရာ မရှိပါဘူး။ မြို့သစ်မှာ နေရာရနိုင်သားပဲ”


“ရှင်ပဲ အစက မယူချင်ဘူးဆို၊ စိတ်မဝင်စားဘူးဆို”


“အခု ယူမယ်လေ။ ပြန်လျှောက်လိုက်မယ်”


“ဘယ်ကငွေနဲ့ အိမ်ဆောက်မှာလဲ”


ဖေဖေ ခေတ္တမျှ တွေဝေနေ၏။ ပြီးမှ အသက်တစ်ချက်ရှိုက်ကာ…


“ဝန်ထမ်းချေးငွေ ရှိသားပဲ ချေးလိုက်ရုံပေါ့”


မေမေ ခေါင်းယမ်းသည်။


“ရှင့် အစီအစဉ်ကို ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မ အစီအစဉ်ကို ပြောမယ်။ ကျွန်မ အစီအစဉ်က နေရာပြောင်းဖို့တင် မဟုတ်ဘူး။ ဘဝပါ ပြောင်းရမှာ”


“ဘာလဲ အဲဒါ”


“ကျွန်မတို့ မိသားစု မုံရွာကို ပြောင်းမယ်”


“ဘာ…”


“မနေ့က မေမေ့ဆီက စာလာတယ်။ သမီးတို့ အဆင်မပြေရင် မုံရွာကို လာခဲ့ကြပါတဲ့။ မုံရွာမှာ ကျွန်မနာမည်နဲ့ အိမ်တစ်လုံးရှိတယ်။ ခြံဝင်းလည်း ကျယ်တယ်။ ပွဲရုံလုပ်ရင် ရတယ်။ မေမေတို့နဲ့ တွဲပြီး ပွဲရုံဖွင့်မယ်”


“ဒါဖြင့် ငါက…”


“မုံရွာ ဆေးရုံကို ပြောင်းရအောင် ကြိုးစားပေါ့။ မလွယ်ရင်လည်း ထွက်ပစ်လိုက်ပေါ့။ မုံရွာမှာ ဘာလုပ်စားစား ရတယ်”


“ဟေ့ ငါက ဆရာဝန်ကွ”


မေမေက တစ်ချက် ရယ်၏။


“ဘာဖြစ်သလဲ၊ ရှင် ဆရာဝန်ဆိုရင် ဆေးခန်းကလေး ဟန်မပျက် ဖွင့်ပေါ့။ တစ်ဖက်ကတော့ စီးပွားရေး လုပ်ရမှာပဲ။ ရှင်ကလည်း မိုက်ကရိုစကုပ် ကြည့်နေရတာနဲ့ အပြင်ကို မကြည့်အားတော့ဘူး ထင်ပါရဲ့။


(စကားချပ်။ ဒီနေရာမှာ ဆင်ဆာ ဖြတ်ထားတယ်။ မဂ္ဂဇင်းထဲမှာတုန်းက … အာလူးကြော်ရောင်းတဲ့ ဆရာဝန်၊ အုတ်သဲကျောက်လုပ်တဲ့ ဆရာဝန်… ပြီးတော့ ဘာဆိုလား ထည့်ရေးထားတာ ၃/ ၄ မျိုးပါသေးတယ်)


“ဒီမယ် မိမိခင်၊ ငှက်ဖျားသုတေသနကို ဇောက်ချပြီး လုပ်ချင်လွန်းလို့ ငါ ဘယ်လောက် ကြိုးစားခဲ့ရတယ်ဆိုတာ မင်းအသိ”


“သိတယ်လေ။ ဒီမယ် မောင်၊ ကျွန်မနဲ့ မောင် နှစ်ယောက်တည်းဆိုရင် ကျွန်မ မောင့်ကို ပါရမီ ဖြည့်နိုင်ပါတယ်။ ကလေးတွေ ရှိသေးတယ် မောင်။ ကျွန်မတို့ ကိုယ့်ဘဝကိုယ် မပိုင်ကြတော့ဘူးလေ။ ဘာမဆို သူတို့ဘဝကို ရှေ့တန်းတင်ပြီး စဉ်းစားကြရမှာပဲ။ ကဲ… အချက် နှစ်ချက် ကျွန်မ တင်ပြပြီးပြီ။ မောင့်အနေနဲ့ တစ်ခုခု ဆုံးဖြတ်ဖို့ပဲ ရှိတော့တယ်။ လူသားအားလုံး ကောင်းကျိုးထက် လောလောဆယ် မိသားစုကောင်းကျိုးဆိုတဲ့ လမ်းကို မောင် ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်”


မေမေသည် ထိုင်ရာမှ ထကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။ အခန်းဝ အရောက်တွင် ဖေဖေ့ဘက် ပြန်လှည့်လိုက်၏။


“ဘာဖြစ်လို့ ငရဲကြီးခံရဲသလဲ သိရဲ့လား မောင်။ ကျွန်မက မိခင်တစ်ယောက် ဖြစ်နေလို့ပေါ့”


----------------

by K

Mar 10, 2011


( ဇာတ်သိမ်းပိုင်းဆက်ရန်)⬇⬇⬇


(Myanmar Network ဝက်ဘ်ပေ့ခ်ျမှ ကူးယူပါသည်။Myanmar Network အားကျေးဇူးတင်ပါသည်။)

Tuesday, 30 October 2018

ဗန်းမော်တင်အောင် ♥ သော်တာဆွေ

ဗန်းမော်တင်အောင်


♥♥♥♥♥♥♥


် သော်တာဆွေ


ထိုနေ့ နေ့လယ်ခင်းဝယ် ကျွန်တော်သည် ရှူမဝတိုက်မှ ပြန်ခဲ့၍ ဗိုလ်ချူပ်ဈေးကို ဖြတ်ခဲ့ပြီး အနော်ရထာလမ်း ရောက်သည်၌ အမှတ် (၁၂) ဘတ်စ်ကားမှတ်တိုင်တွင် အခြား ကားစောင့်ခရီးသည်တွေ တပုံတပင်ကြီးထဲမှာ ဗန်းမော်တင်အောင်အား တွေ့ရသဖြင့် ကျွန်တော်သူ့ဆီ လျှောက်သွားကာ …

ဟေ့လူကြီး … ခင်ဗျား ဘုန်းမောင်တကောင်ထဲလား။ ဘယ်သွားမလို့လဲ

သူသည် ကျွန်တော့်အသံကြားမှ ကျွန်တော့်ကိုမြင်၍ ကျွန်တော့်လက်ကိုဆွဲကိုင်ကာ …

ဟာ… ကိုဆွေ၊ ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာလိုက်တာဗျာ၊ နေကောင်းတယ်နော်

ကျွန်တော်ကတော့ နေကောင်းပါတယ်ဗျ။ ခင်ဗျားသာ ဆေးရုံနဲ့ ကူးသန်းနေတဲ့ လူ၊ အခု ဆေးရုံက ဆင်းလာတာ ဘယ်လောက်ကြာပြီလဲ

အရက် ၂၀ လောက်ရှိသွားပြီဗျ။ ကျွန်တော် ဆေးရုံတက်နေတုန်းက ခင်ဗျား ငွေ ၅၀ လာပေးတာ သိပ် ကျေးဇူးတင်ပါတယ်ဗျာ

ခင်ဗျားကို လာပေးတာ မဟုတ်ဘူးဗျို့၊ အော် ဒီလူကြီး ဆေးရုံတက်နေရတာလဲ ကြာပြီ။ စာလဲ မရေး နိုင်တော့ ဘိုင်ကျမှာဘဲဆိုပြီး အိတ်ထဲငွေလေး ၁၅၀ ပါခဲ့တာက ခင်ဗျားကို ၅၀ ပေးခဲ့တာ၊ တယ်ပြီး ပေးချင်လှ လို့ မဟုတ်ဘူးဗျို့၊ ခုတောင် တွေးတွေးပြီး ပြန်နှမြောနေသေးတယ်ဗျ

သူသည် တဟီးဟီးရယ်မောလျက် …

ကောင်းတယ်ဗျာ၊ ခင်ဗျားနဲ့တွေ့ရတာ ရီရတယ်အြော် … ဒါ ရီစရာပြောတာမဟုတ်ဘူး။ တကယ်ပြောနေတာ၊ နောက်ကို ခင်ဗျား ဆေးရုံလဲ မတက် ပါနဲ့၊ ကျုပ် ငွေလဲ လာမပေးပါရစေနဲ့၊ ကျန်းကျန်းမာမာသာ နေစမ်းပါ သိလား။ ခင်ဗျားကို သတိထားမိတယ်၊ ခင်ဗျားဟာ ထောင်ထဲမှာ နေရင်နေမယ်၊ ဒါမှမဟုတ် ဆေးရုံမှာနေမယ်ဆိုတဲ့လူ၊ အိမ်မှာကို နေတယ်မရှိဘူး။ ဘာလဲ ခင်ဗျား သားမယားနဲ့ အဆင်မပြေလို့လား္ဒ

သူသည် တဟီးဟီး ရယ်မောပြန်လျက် …

ဟုတ်တယ်ဗျာ၊ ကျူပ်ကလဲ ခင်ဗျားပြောမယ်ဆို ပြောစရာဘ္ဒဲ

ထိုစဉ်က သူသည် (လပိုင်းမျှ လိုတော့သည်) နောက်တကြိမ် ဆေးရုံသွားပြီး ဘဝဇာတ်သိမ်းတော့ မည်ကို ကျွန်တော် ပသို့ တွေးထင်နိုင်ပါအံ့နည်း။ ကျွန်တော့် ဝါသနာအလျောက် ကိုယ်နှင့်ခင်မင်သူကို ကလိတိတိ ပြော၍ ရယ်မောစေခြင်းသာ ဖြစ်ပါသည်။

ကြိုယ့် အခုလက်ရှိအိမ်ထောင် အဆင်မပြေလဲ ကျွန်တော့်လိုဘဲ နောက်တမယားယူပေါ့ဗျာ၊ ဘာလို့ ထောင်ထဲသွားလိုက် ဆေးရုံတက်လိုက် လုပ်နေရမှာလ္ဒဲ

ယင်းသို့ ပြောနေစဉ်မှာပင် ဘတ်စ်ကားရောက်လာ၍ လူပြွတ်သိပ်ခဲထဲမှာ သူကားပေါ်တက်ဘို့ ကြိုးစား သည်။ သို့သော် သူမရပါ။ သူ၏ ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေမှာလည်း အခြားလူများကဲ့သို့ လက်တဖဝါး ခြေတဖဝါးမျှနှင့် ဘတ်စ်ကားကို တွယ်လိုက်သွားနိုင်လောက်အောင် အင်အားမရှိရှာပါ။

မောင်းမယ် အကိုရေ့၊ ကျန်တဲ့လူတွေ နောက်ကားလိုက်္ဒ

ဟူသော စပယ်ယာ၏ အသံနှင့်အတူ ဘတ်စ်ကားထွက်သွားသောအခါ သူသည် သက်ပြင်းကြီး ချလိုက်ပြီး အားနည်းသော မျက်နှာလေးနှင့် ကျွန်တော့်ကို ကြည့်၏။ ဒီတော့ ကျွန်တော်က သူ့ကို ပြန်၍ ရွှင်လန်းစေရန် …

ဒီမှာ ကိုတင်အောင်၊ ခုနှယ် ဘတ်စ်ကားစီးရတာက ခင်ဗျား ထောင်ထဲသွားရတာလို၊ ဆေးရုံတက်ရ တာလို လွယ်တာ မဟုတ်ဘူးဗျ။ ကဲ … ခင်ဗျား ဘယ်သွားမလို့လဲဆိုတာကို ကျွန်တော့်မပြောသေးဘူး္ဒ

ဟံသာဝတီလမ်းကိုဗျ

ဟာ … ဟံသာဝတီဆို … ကြံတောရောက်ရင် ရောက်တာပေါ့ဗျ

ကြံတော ဆိုသည်မှာ ရန်ကုန်မြို့တော်၏ သင်္ချိုင်းဖြစ်နေ၍

ခင်ဗျားကလဲ ပြောရော့မယ်

အော်… အဲဒါ ခင်ဗျားကို အကောင်းပြောတာ ကြံတောသုသာန်နဲ့ ဟံသာဝတီလမ်းဟာ ကပ်နေတယ် မဟုတ်လား၊ လာ… လာ… ခင်ဗျား အဲဒီကို လွယ်ကူစွာရောက်အောင် ကျွန်တော်ပို့ပေးမယ်။ သက်တောင့် သက်သာ ကားစီးရမယ်။ အဆင်သင့်ရင်မှန်ကားအကောင်းစားကို စီးရမယ်

ဆိုပြီး ကျွန်တော် သူ့အား သိမ်ကြီးဈေးဘက်သို့ လက်ဆွဲ၍ ခေါ်ခဲ့တော့သည်။ သူ မလိုက်ချင် လိုက်ချင် နှင့် ပါလာလျက်။

ဟုတ်မှလဲ လုပ်စမ်းပါဗျ

အို… ခင်ဗျား ဒုက္ခိတကို ကျုပ်ကူညီမလို့ပါ။ ခင်ဗျား ခန္ဓာကိုယ်ဟာ ခုနှယ်မှာ ဘတ်စ်ကားစီးဘို့ကို မကောင်းဘူး

ထိုအချိန်တွင် အမှန်ပဲ ဗန်းမော်တင်အောင်၏ ကျန်းမာရေးမှာ မကောင်းတော့ပါ။ လူမှာ ပိန်ညှော်လျက်။ မျက်တွင်းဟောက်ပက်နှင့် နားထင်နားရင်းချိုင့်၍ နေချေသည်။ သူ၏ နဂိုမူလရုပ်နှင့် များစွာကွာခြားလျက် ရှိလေပြီ။

စင်စစ် ဗန်းမော်တင်အောင်သည် လူချောလူခန့် တယောက်ဖြစ်၏။ အရပ်အမောင်း ကောင်းသည်။ မျက်လုံး မျက်ဖန်၊ နှာတံ၊ နှုတ်ခမ်း လှပသူဖြစ်သည်။ သူ့ကို ဆရာသုခက ရုပ်ရှင်မင်းသားလုပ်ဘို့ ပြောခဲ့ဘူး သည်။ ရွှေလင်းယုန်၏ သူ ဝတ္ထုကို ဗန်းမော်တင်အောင်နှင့် ရိုက်ရန် ဆရာသုခ ကြံစည်ခဲ့သည်။ သို့သော် ဗန်းမော်ကြီးက သူရုပ်ရှင်မင်းသား မလုပ်ချင်ပါဘူးဟု ငြင်းခဲ့၍ ထိုဇတ်ကားကို မောင်သင်နှင့် ဆရာသုခ ရိုက်ခဲ့ ခြင်းဖြစ်၏။ ကျွန်တော်က ဗန်းမော်တင်အောင်အား …

ခင်ဗျားက ဘာဖြစ်လို့ ရုပ်ရှင်မင်းသား မလုပ်ချင်ရတာလ္ဒဲ

မေးတော့ သူက ရီကျဲကျဲနှင့်

ကျွန်တော်က ရှက်တတ်တယ်ဗျ

ဒါကို ကျွန်တော်က မကျေနပ်၊ သူ့အား စာရေးဆရာ ရုပ်ရှင်မင်းသားဖြစ်စေချင်သော စေတနာရှိ၍…

“ရှက်တယ်ဆိုတာ အကြောင်းမဟုတ်သေးပါဘူးဗျာ၊ ဘာမဆို ကိုယ်မလုပ်ဖူးတဲ့အလုပ်ကို အစမှာ တော့ ရှက်သလို ရှိကြတာချည်းပါဘဲ။ သို့သော် ဒါကို ငါမဖြစ်မနေလုပ်တော့မဟေ့လို့ အားမာန်တင်းလိုက်တယ် ဆိုရင် ဒီအပရိက ဖြစ်တတ်တဲ့အရှက်ဟာ သူ့အလိုလို ပျောက်သွားတော့တာပါဘဲ”

ကျနော်အလေးအနက်ပြောမှန်းသိတော့ သူ့မျက်နှာ တည်သွားကာ …

“ကိုဆွေပြောတာ ဟုတ်ပါတယ်၊ သို့သော် ကျွန်တော်က ဒီရုပ်ရှင်အလုပ်ကို ဝါသနာ မပါဘူးဗျ”

“အေး၊ ဒါတော့ ဟုတ်ပြီ၊ လူဆိုတာ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို ဘယ်လိုမှ မလုပ်ချင်ကြဘူး”

စင်စစ် ဗန်းမော်တင်အောင် ဝါသနာပြင်းသည်က စာပေနှင့် နိုင်ငံရေး။ သည်နှစ်ခုတွင် သူ့ဘဝကို အပ်နှင်းမြုပ်နှံထားသူ ဖြစ်သည်။ ဗန်းမော်တင်အောင်၏ နိုင်ငံရေးအမြင်၊ နိုင်ငံရေးအယူအဆ ဘယ်လိုနေ သနည်း။ ကျွန်တော်လုံးဝ မသိ။ ကျွန်တော်က သူ့လို နိုင်ငံရေးဝါသနာပါသူ မဟုတ်သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ဖြင့် တခါမှ စကားမစပ်မိခဲ့ကြ။ အေး … သူ့စာပေ လက်ရာတော့ ကျွန်တော်အများကြီး သတိထား ခဲ့ဘူးသည်။

ဗန်းမော်တင်အောင်သည် လူ့အသက်အားဖြင့် ကျွန်တော့်ထက် တနှစ်ထက်ငယ်သော်လည်း စာပေသက်တွင် သူက ကျွန်တော့်ထက် တနှစ်လောက်ကြီးသည်။ သူ၏ ပထမဦးဆုံးသော လုံးချင်းဝတ္တု “ဘုန်းမောင်တယောက်ထဲရယ်” ရွှန်းရွှန်းဝေနေချိန်မှာ ကျွန်တော်သည် မန္တလေးမြို့ ဆရာကြီး ရွှေဥဒေါင်းအိမ် တွင် ကလောင်ကိုင်စ တာစူရုံမျှရှိသေးသည်။

ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်ထဲရယ်၊ ထိုစဉ် ၁၉၄၇ ခုနှစ်က နာမည်အကြီးဆုံး လူပြောအများဆုံးဖြစ်နေ၍ ဆရာကြီး ရွှေဥဒေါင်းက ကျွန်တော့်အား

“ဟေ့ကောင် မင်းမှာ အဲဒီစာအုပ်ရှိလား၊ ငါ့ဖတ်ပြစမ်းကွာ”

ဆိုသဖြင့် ကျွန်တော်က ဖတ်ပြလိုက်ရသည်။

ထိုစာအုပ်ထဲတွင် ဗန်းမော်တင်အောင်၏ အရေးအသားမှာ အခြားဘယ်စာအုပ်ထဲတွင်မှ ကျွန်တော်တို့ မတွေ့ခဲ့ဘူးသေးသော “တော့ကာသာဖြင့်ရယ်ဘဲ” တွေ ထပ်တလဲလဲ တွေ့ရသည်။ “ဘဲ”နှင့် “အား” စာလုံးတွေ ကို အများကြီးသုံးသည်။ “ကို”ဆိုတာ သူမသုံးတတ်သလောက်။ ဥပမာ – အထက်၌ အမဲစာလုံးဖြင့် ကျွန်တော် ပြထားသည်ကို ကြည့်ပါ။ သူသာဆိုလျင် (“ဘဲ”နှင့် “အား” စာလုံးတွေအား အများကြီးသုံးသည်) ဟု ရေးပေ လိမ့်မည်။ သူစာတွေသည် ဝက်နင်းတွေများလှသည်။ ထောင့်ထောင့်အောင့်အောင့် ရှိလှသည်။ ထို့ကြောင့် ဤစာအုပ်ကို ဆရာကြီးအား ကျွန်တော်ကြာကြာပင် ဖတ်မပြလိုက်ရပါ။ ဆယ့်လေးငါးမျက်နှာလောက်ဖြင့် ဆရာကြီးမှာ သည်းမခံနိုင်တော့ဘဲ

“ဟေ့ကောင် တော်တော့ကွာ၊ တော်တော့ နားကလောလှတယ်”

ဟု ကျွန်တော့်ကို အော်ငေါက်ပါတော့သည်။

သို့သော် ထိုခေတ် ထိုအခါက ဘုန်းမောင်တယောက်ထဲရယ် သည် လူငယ်တို့၏ အသဲစွဲ။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဂျပန်ခေတ်၌ ကျွန်တော်တို့ မြန်မာပြည်တွင် စာပေအလျှင်ပြတ်နေရာမှ စစ်ကြီးအပြီး ဝေါကနဲ ပေါ်လာသော ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်ထဲရယ်သည် ထိုစဉ်က ဝတ္ထုဖတ်ရမှန်း သိစ လူငယ်ပိုင်းနှင့် တန်းတိုးခြင်းဖြစ်ပေတော့သည်။

ထိုအချိန်က ဗန်းမော်တင်အောင်၏ စာပေသြဇာ မည်မျှသက်ရောက်သွားပါသနည်း။ ဤ ဘုန်းမောင် တယောက်ထဲရယ် ဝတ္ထုထဲက ဇတ်လိုက်သည် “ဘုန်းနိုင်” ဖြစ်လေရာ၊ ဟော .. ယခု နာမည်ကြီး စာရေးဆရာ “တက္ကသိုလ်ဘုန်းနိုင်” သည် ဤနာမည်ယူကြောင်း ဝန်ခံပေသည်။

သို့သော် ထိုစဉ်က ဗန်းမော်တင်အောင်၏ အရေးအသားကို ကျွန်တော်တို့အရွယ် စာဖတ်သက် တော်တော်ရင့်နေသူများ အနေနှင့်ကား မကြိုက်၊ မနှစ်သက်ကြပါ။ ဆရာကြီးပြောသလို “နားကလော” လှပါ သည်။ ထို့ကြောင့် ဗန်းမော်တင်အောင်လည်း နာမည်ကြီးစာရေးဆရာ၊ သော်တာဆွေလည်း နာမည်ရ စာရေးဆရာ၊ နှစ်ယောက်သား ရင်ဘောင်တန်းမိကြသောအခါ ကျွန်တော်သည သူ့အရေးအသာကို သရော် သော စာတွေ ကျွန်တော့်ဝတ္ထုတွေများထဲ၌ တော်တော်များများ ရေးခဲ့ဘူးပါသည်။ သူ့စာအရေးအသားတွင် “ဘဲ” တွေ “အား” တွေ များလွန်းအားကြီး၍ သူ့ကို “ဘဲကျီးကန်းကြီး” ဟု ကျွန်တော်က ကင်ပွန်းတပ်ခဲ့ဘူး သည်။

ဤသို့ ကျွန်တော်ရေးသားရာတွင် ကျွန်တော်က မုန်းတီးစိတ်၊ မလိုတမာစိတ် လုံးဝမရှိခဲ့ပါ။ ကျွန်တော် ကလည်း သူ့ကို မနာကြည်းစေရန် ဟာသဖြင့် သရော်ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျွန်တော်၏ “ဖြူဝါပူစီ” ဝတ္ထုတွင် အပျိုကလေးနှစ်ယောက် အိမ်ပေါ်တွင် စာဖတ်နေကြစဉ် အိမ်အောက်က အောင်နက်က ဆောင့်ကြောင့်ထိုင်ကာ ပါးစပ်ကြီးပြဲ၍ သွားရည် တမြားမြားကျနေသည်။ ထိုစဉ် ဂုတ်ကျားရောက်လာလျက် …

“ဟေ့ အောင်နက်ရ၊ မင်းက သွားရည်တမြားမြားနဲ့ ဘာတွေ သဘောကျနေတာလဲကွ”

မေးတော့၊ အောင်နက်က …

“ရှီး … နားထောင်စမ်း၊ ကျီးကန်းသံတွေလို တအားအားနဲ့ ဘဲတွေ အများကြီး ကြားရတယ်ကွ၊ ဧကန္တ ငါ့အိမ်သားတွေဟာ နက်ဖန်ခါ ဘဲသားဟင်း ဝယ်ချက်တော့မယ် ထင်တယ်ကွ။ ဒီတော့ ငါဘဲသား အရိုးအရင်း စားရတော့မယ်ကွ”

ဟုပြောသဖြင့် ဂုတ်ကြားက ခေတ္တမျှနားစွင့်၍ထောင်ပြီးနောက် ရယ်မောလျက်။

“ဘယ်ကလာပြီး ကျီးကန်းသံနဲ့ ဘဲသားဝယ်ချက်မှာ ဟုတ်မလဲကွ၊ အဲဒါ နှုတ်ခမ်းနီ ပါးနီလေးတွေရဲ့ အသဲစွဲ ဗန်းမော်တင်အောင်ရဲ့ ဝတ္ထုကို ကောင်မလေးတွေက တယောက် တယောက် ဖတ်ပြနေတာကွ”

ကျွန်တော်ရေးတာက ဒါမျိုးတွေဘဲ ဖြစ်သည်။ စင်စစ် ဗန်းမော်တင်အောင်သည် လူပုဂ္ဂိုလ်အနေ အားဖြင့် အင်မတန် သဘောသကာယကောင်းမွန်သူဖြစ်ရကား သူ့ကို ကျွန်တော် ဘယ်လိုပင်ရေးရေး၊ ဘယ်တော့မှ စိတ်ဆိုးသူမဟုတ်သည့်ပြင် ဖဆပလခေတ်၌ သူသည် သူ့ထုံးစံအတိုင်း ထောင်ထဲသို့ နှစ်ပေါင်း များစွာ သွားရောက်နေထိုင်ခဲ့ပြီး ပြန်ထွက်လာသောအခါ ကျွန်တော်အား ပြောဘူး၏။

“ကိုဆွေ … ခင်ဗျား ကျွန်တော့်ကို သရော်စာတွေရေးခဲ့တာမှန်တယ်ဗျ။ ကျွန်တော် အခု ထောင်ထဲ ရောက်သွားတော့မှမြန်မာစာတွေကို တော်တော်များများ ဖတ်ရှုလေ့လာခွင့် ရခဲ့တယ်။ ဟုတ်တယ်ဗျ။ ကျွန်တော့စာ အရေးအသားတွေဟာ အများကြီး ညံ့ဖျင်းခဲ့တယ်။ အခု ကျွန်တော် ပြင်တော့မယ်”

ဟုတ်ပါသည်။ နောက်ပိုင်း၌ သူ့အရေးအသားသည် အတော်ကောင်းမွန်လာပါသည်။

ကျွန်တော်၏ စိတ်သဘောမှာလည်း တစုံတယောက်အကြောင်းကို ရေးလျှင် ထိုသူကို ချစ်ခင်လို့သာ ဖြစ်၏။ ဗန်းမော်တင်အောင်၏ အရေးအသားနောက်လိုက်၍ ဝါကျတွေ ချို့ယွင်းနေခဲ့သော တက္ကသိုလ်ဘုန်းနိုင် ကိုလည်း မြဝတီမဂ္ဂဇင်းတွင် ဆောင်းပါးတပုဒ်ဖြင့် သူ့ဝတ္ထုတွေ ကျွန်တော်ဝေဖန်ခဲ့ဘူးသည်။ ဘုန်းနိုင်လည်း နှစ်သက်လက်ခံ၍ ဝီစကီတပုလင်းဖြင့်ပင် လာ၍ ကန်တော့ခဲ့ပါ၏။ ထိုနောက် သူ၏ ဝါကျတွေလည်း လှပ၍ လာခဲ့ပေတော့သည်။

စင်စစ် စာပေအနုပညာ၌ အဘယ်မှာလျှင် “ပြီးပြည့်စုံပြီ” ရှိပါအံ့နည်း။ တစုံတယောက်သည် တခုခု၌ ချို့ယွင်းချက်ရှိမည်သာ။ ကျွန်တော့်မှာလည်း ရှိပါလိမ့်မည်။ ကျွန်တော်၏ ချို့ယွင်းချက်ကို ပြသပြုပြင်ပေးမည် ဆိုပါက ကျွန်တော်သည် ဝမ်းသာအားရ လက်ခံဘို့ အသင့်ပင်။

ဗန်းမော်တင်အောင်သည် စာပေအရာ၌လည်းကောင်း၊ သူယုံကြည်သော နိုင်ငံရေးရာ၌လည်းကောင်း၊ မည်သို့ပင် ရှိလင့်ကစား လူပုဂ္ဂိုလ်အနေအားဖြင့်ကား အင်မတန်ချစ်စရာကောင်းသူဖြစ်၏။ စိတ်နှလုံး သိမ်မွေ့ နူးညံ့၏။ မည်သူနှင့်မဆို ပြုံးရွှင်ဖော်ရွှေစွာ နေတတ်သူဖြစ်၏။

သူသည် သေရည်သေရက် သောက်စားခြင်း၊ လောင်းကစားခြင်းနှင့် အခြားအပျော်အပါးတွင် လုံးဝ ကင်းရှင်းသူဖြစ်၏။ ဖော်ပြခဲ့သည့်အတိုင်း သူ၏ဘဝကို စာပေနှင့် နိုင်ငံရေးတွင်သာ မြုပ်နှံထားသူ ဖြစ်၏။ သို့နှင့် သူ အသက် ၅၀ ကျော်သည့်အပိုင်း ရောက်သည်၌ ကျန်းမာရေး ချို့ယွင်းလာခဲ့သည်။ ကုသရန် ခဲယဉ်းသော ကင်ဆာရောဂါ စွဲကပ်ခဲ့သည်။

ကျွန်တော်၏ ယခု စာအစ၌ ဖော်ပြခဲ့သောအချိန်မှာ သူ့ကျန်းမာရေးသည် လွန်စွာ ချို့ယွင်းခဲ့၍ ဘတ်စ်ကားတွင် တိုးလျှိုးတွယ်ကပ်စီးနိုင်သော အခြေပင် မရှိတော့ပါ။ ထို့ကြောင့် သူသွားလိုသည့် ဟံသာဝတီ လမ်းသို့ လွယ်ကူစွာ သွားရောက်နိုင်သော နည်းလမ်းကို ကျွန်တော် စဉ်းစားမိသဖြင့် သူ့အား ၁၂ ကားမှတ်တိုင် မှ အနော်ရထာ လမ်းတလျှောက် အရှေ့ဘက်သို့ ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။

လေဟာပြင်ဈေးထောင့် ရောက်သည်၌ ရွှေတိဂုံဘုရားလမ်းကို ဖြတ်၍ ဆေးရုံကြီးဝင်းထဲ သူ့ကို ခေါ်ခဲ့သည်၌ သူက …

“ဟေ့လူ ကျွန်တော်တို့ အခု ဘယ်သွားမလို့လဲ”

“ခင်ဗျား သွားချင်တဲ့ ဟံသာဝတီလမ်းကို ရောက်အောင်လဗျာ၊ ဟောဒီမှာ ကြည့်လိုက်စမ်း၊ အဲဒီ ကားကြီးကားငယ်အသွယ်သွယ်တွေဟာ ကြံတော သုဿန်ကို မသာပို့သွားကြမှာချည်းဘဲ၊ ခင်ဗျား ကြိုက်တဲ့ ကား တက်စီးသွား”

ရုတ်တရက် သူ့မျက်နှာ ကြောင်အမ်းအမ်းဖြစ်လျက် …

“ဟာ … ဖြစ်ပါ့မလားဗျ”

“ဘာဖြစ်လို့ မဖြစ်ရမှာလဲ၊ ဒီမသာ တို့ချည်းပို့မယ်၊ မင်းမပို့ရဘူးလို့ ဘယ်သူကမှ မတားဘူး။ ဘာမှ မစိုးရိမ်နဲ့၊ ကျွန်တော်လဲ ခင်ဗျားနဲ့အတူ လိုက်ခဲ့မှာဘဲ။ အစဦးတော့ နံပါတ် ၉ စီး အိမ်ပြန်တော့မလို့ဘဲ။ ခုတော့ ခင်ဗျားနဲ့ ကြုံတာနဲ့ ကျွန်တော်လဲ ကြံတောလိုက်ပြီး နောက်နာနတ်တောဖြတ်ပြီး ပြည်လမ်းရိပ်သာက အမကြီးခင်မျိုးချစ် အိမ် သွားမယ်။ ခင်ဗျားကတော့ ဟံသာဝတီလမ်း သွားပေရော့”

ဒီတော့မှ သူ့မျက်နှာ ပြုံးရွှင်လာကာ..

“ဟုတ်ဗျာ”

“ဒါနဲ့ ခဏနေအုံး၊ ဒီကားအုပ်စု ကြံတော မဟုတ်ဘဲ တာမွေသုဿန်ဖြစ်နေမှာလဲ စိုးရသေးတယ်၊ ကျွန်တော်သွားစုံစမ်းလိုက်အုံးမယ်”

ဆိုပြီး ဘတ်စ်ကားဒရိုင်ဘာတယောက်ထံ သွားမေးလိုက်ရသည်။

“ဟုတ်တယ်ဗျို့၊ ကြံတောဘဲ၊ လာ … လာ၊ လူချောင်တဲ့ကား တက်စီးရုံဘဲ၊ အား.. အား နေအုံးဗျို့၊ အလောင်းက အသုဘယာဉ်ပေါ်တင်သေးတာ မဟုတ်ဘူး။ အချိန်ရှိသေးတယ်။ ပရိုက်ဗိတ်ဆလွန်းကား စီးရ အောင် ကျွန်တော့်အသိကားများ လာမလားကြည့်လိုက်အုံးမယ်”

ဆိုပြီး ကျွန်တော်မျက်စိကစားလိုက်တော့ အဆင်သင့်ပင် ကျွန်တော်မိတ်ဆွေ ဆရာဝန်လင်မယား သူတို့ ချက်ပလက်ကား ကြီးကြီးရှည်ရှည်ကြီး လင်မယားနှစ်ယောက်ထဲ ရှေ့ခန်းထိုင်လာတာ မြင်တော့ ကျွန်တော် ဗန်းမော်တင်အောင်အား လက်ဆွဲခေါ်သွားလျက်…

“ဟဲလို ဒေါက်တာ၊ ခင်ဗျားတို့ ဒီဒေါ်မြဇင်မသာ ပို့ရအောင်ဘဲလား”

ဘတ်စ်ကားနံရံပေါ်မှာ ဒေါ်မြဇင် အသက်(၇၅)နှစ် ဆိုသည်ကို ကျွန်တော်က ဖတ်ပြီးသား။ ဆရာဝန် ကလည်း…

“ဟုတ်တယ်ဆရာ၊ ဆရာတို့ကော”

“ဒီအဖွားကြီး ကျွန်တော်တို့နဲ့ အင်မတန် ခင်တာ ခင်ဗျာ”

“ဆရာတို့ ကားပါလား”

“မပါဘူး၊ ကြုံရာကားနဲ့ လိုက်မလို့ဘဲ”

“ဒါဖြင့် လာဆရာ၊ ကျွန်တော်တို့က နှစ်ယောက်ထဲရှိတာဘဲ”

ဟု ဆိုပြီး သူ့ကားနောက်တံခါးဖွင့်ပေးလေတော့ ကျွန်တော်တို့မှာ အကြီးအကျယ်ငြိမ်ကျသွား လေသတည်း။ ချက်ပလက် ဘဲလ်အဲယား ကားကြီးဗျ။

ထိုဆရာဝန်အား ကျွန်တော်က ဗန်းမော်တင်အောင်ကို မိတ်ဆက်ပေးလိုက်တော့ ဆရာဝန်ကလည်း စာဖတ်သမားဖြစ်လေရာ..

“ဟာ … ကျွန်တော်တို့ ငယ်ငယ်က ဆရာရဲ့ “ဘုန်းမောင်တယောက်ထဲရယ်” ကို အသဲစွဲပေါ့ဆရာ”

ဤဆရာဝန်လည်း ယခု တက္ကသိုလ်ကျောင်းဆရာကြီးဖြစ်နေသော တက္ကသိုလ်ဘုန်းနိုင်၏ အရွယ် ပေတည်း။ စင်စစ် ဗန်းမော်တင်အောင်၏ စာဖတ်ပရိသတ်ဖြစ်လျှင် ဘုန်းမောင်တယောက်ထဲကို ရှေ့ ဦးစွာ သတိရရမည်။ နောက် ကွန်ဗင့်ကျောင်းသူ ဂါဝန်ပြာမလေးဆီက မုန့်ဘိုးတောင်းစားသော ပါမောက္ခ။ သူအင်္ဂလိပ်စာ သင်ပေးသော ကျောင်းသားလေးတွေထံမှ “ပေါ့ကက်မန်းနီး” တောင်းလေ့ရှိသော ဒေါက်တာ အုန်းကျော်၊ တော၏ သမီးပျို၊ ဆန့်ကျင်ဘက်၏ သမီးပျို၊ “ကျွန်တော်ကဘာတတ်နိုင်တော့ဦးမည်နည်း” ဟူသော ဗန်းမော်တင်အောင်ဝတ္ထုထဲက ဇတ်လိုက်၏ ညည်းညူသံ။

ကျွန်တော်တို့ ချက်ပလက်ကားကြီးပေါ်ရောက်ပြီး မကြာမီမှာပင် ဒေါ်မြဇင်၏ အသုဘယာဉ်သည် ဆေးရုံကြီးဝင်းထဲမှ ထွက်ပြီဖြစ်၍ ကားတွေ တသီတသန်းကြီး လိုက်ကြလေရာ ကျွန်တော်တို့ကားလည်း ငြိမ့်ညောင်းစွာပင် များစွာသော ကားယာဉ်ကြော၌ မျောလေပြီ။

ဤကားကြီးက ကိုယ်ထည်ရှည်လျားလှသဖြင့် ဆရာဝန်လင်မယားနှင့် ကျွန်တော်တို့သည် တော်တော် လှမ်းနေ၏။ သည်လို ကားမောင်းနေစဉ်မှာ စကားခပ်တိုးတိုး ပြောလျှင် ရှေ့နှင့်နောက် မကြားနိုင်။ ထို့ကြောင့် ကျွန်တော်က ဗန်းမော်တင်အောင်အား ပညာပေး၏။

“နောက်မှတ်ထား၊ တာမွေသွားချင်တယ်ဆိုရင် နေ့လယ် (၁၂)နာရီကျော် မသာချချိန်တွေမှာ ဒီဆေးရုံ ဝင်းထဲကိုသာ လာခဲ့၊ အသုဘပို့တဲ့ ကားတွေဟာ မပြတ်ရှိနေတာဘဲ။ ကားလဲ မကြပ်ဘူး၊ ပိုက်ဆံလဲ တပြားမှ မပေးရဘူး”

သူသည် ကျွန်တော့်လက်ကို ဖျစ်ညှစ်လျက်…

“ခင်ဗျား ပြောတာ ဟုတ်တယ်ဗျာ”

“ဒါတင် မကသေးဘူး။ ဒီမသာ ဘယ်နေ့ရက်လည်ဆွမ်းသွပ်မလဲဆိုတာ မေးထားပြီး သွားလဲ စားနိုင်သေးတယ်ဗျ။ ဒီလို ပရိုက်ဗိတ်ကားများများနဲ့ လူချမ်းသာပုံပေါ်တဲ့ မသာကို သတိထား၊ ဒန်ပေါက်နဲ့ အိုက်စ်ကရင်တောင် စားရတတ်တယ်ဗျ”

ဗန်းမော်တင်အောင်သည် ရယ်မောလျက် …

“နှိပ်လိုက်လေဗျာ … ခင်ဗျားအကြံ”

“အဲဒါ ခင်ဗျားအတွက် ပြောနေတာ၊ အခု ခင်ဗျားဆေးရုံက ဆင်းစ၊ နာလန်ထမှာ အစားကောင်း အသောက်ကောင်း လိုနေတယ်မဟုတ်လား။ ဒါကို ဘိုင်ကျလို့ “ကျွန်တော်က ဘာတတ်နိုင်တော့ဦးမည်နည်း” တွေ ဘာတွေ ညည်းမနေနဲ့၊ အဲဒီမသာမျိုးတွေသာ ရှာကြံစား၊ နေ့တိုင်း မနက်စာတနပ်တော့ အိုကေဘဲ၊ နေ့စဉ် သတင်းစာတွေမှာ နာရေး ကြော်ငြာတွေ ဖတ်ဗျာ၊ ဘယ်မသာ ဘယ်လောက်ချမ်းသာတယ်၊ ဘယ်နေ့ ရက်လည် ဆွမ်းသွပ်မယ် ဆိုတာ သိနိုင်တာဘဲ။ ဖိတ်စာနဲ့တကွ ကြွပါဆိုတာ ဘယ်မသာမှ မရှိဘူး။ ကျုပ်တို့ စာရေးဆရာတွေ စာပေ ဆုပေးပွဲမှာသာ ရှိတာဗျ”

ဗန်းမော်တင်အောင်သည် သဘောကျစွာ ရယ်မောလျက်ရှိ၏။ ကိုတင်အောင်၏ ပင်ကိုယ်စရိုက်မှာ သည်လို ရယ်စရာ မောစရာမျိုးတွင် သူများနှင့် စကားပြိုင်ပြောလေ့မရှိ။ ဆိတ်ငြိမ်စွာသာ နားထောင် နေတတ် သူဖြစ်သည်။ ကျွန်တော် စကားပြောနေစဉ် ပြုံးရွှင်လျက်ရှိ၍ ကျွန်တော်စကားပြတ်လျှင် သူ့မျက်နှာညှိုးငယ် သွားတတ်သည်ကို ကျွန်တော်သတိထားမိသည်။ ထိုစဉ်မှာ သူ၏ ကျန်းမာရေးသည်လည်းကောင်း၊ စာရေးဆရာ မကျန်းမာတော့ ငွေရေးကြေးရေးသည်လည်းကောင်း ချို့တဲ့လျက်ရှိမည်ကို အထူးစဉ်းစားပြီး မျက်နှာ မရွှင်လမ်း နိုင်ဖြင်းဖြစ်ပေသည်။ ဒါကို ကျွန်တော်က တွေးတောမိလေတော့ ကျွန်တော့ သူငယ်ချင်းအတွက် ရယ်မောစရာ ဖြစ်အောင် ကြိုးစားရပါသည်။

ကျွန်တော်တို့ မသာပို့ကားများသည် ဘုရားလမ်းမှဦးဝိစာရလမ်းချိုး၊ နဝရတ်ရိပ်သာရောက်တော့ ကျွန်တော် ခေတ္တစကားပြတ်ခဲ့ပြီးနောက် ဟံသာဝတီအဝိုင်းနားရောက်တော့မှကျွန်တော်ပြောစရာ တွေ့ပြန်ပါ သည်။ ကြံတောသုဿန်နှင့် ပတ်သက်သော ကာရန်တွေ စဉ်းစားမိ၍ ..

“ဒီမှာဗျ ကိုတင်အောင်”

သူ့မျက်နှာသည် အမှုမဲ့ အမှတ်မဲ့ ငေးကြောင် ကြောင်နေရာမှ …

“အမှန်ပြောရမှာဖြင့် ကြံတောက သုဿန်ဗျ”

သူက ကျွန်တော် ဘာရည်ရွယ်သည်ကို မသိသေးပဲ…

“ဟုတ်တာပေါ့ဗျ”

“မြုပ်နှံတာက လူသေများဗျ။ အပူတွေ ပွားတာက မသာ့ရှင်၊ ကျမလင် ဆိုတာက သူ့မယား”

ဒီတော့မှ ကျွန်တော်ရယ်စရာ ပြောပြီကို သူသိလာ၍ သူ့မျက်နှာ ပြုံးရွှင်လာပါသည်။ ကျွန်တော်က ဆက်လက်၍

“ကျမလင်ဆိုတာက သူ့မယား၊ မုသားဆိုတာက မဟုတ်တာအပြော၊ သမုဒ္ဒရာမျောတာက ဆင်သေနဲ့ ကျီးကန်း၊ ဟင်… လင်သေလို့ မပြီးစတမ်းဆိုရင်ဖြင့် မုဆိုးမချည်းပေါ့ဗျ။ ကျုပ်တို့ဂိုးရမယ့် ခရီးလမ်းကလဲ ဒါဘဲ။ အနှေးနဲ့ အမြန်ဆိုတော့ အတွေးနဲ့ ကြံလိုက်ရင် ဒီမှာ ကိုတင်အောင်ရေ.. ခင်ဗျားတို့ သျှင်ဥက္ကဋ္ဌ က လူသေရင် ဘာဖြစ်သတဲ့ဗျ”

ဒီတော့မှ သူရွှင်ပြီး စကားတလုံးထွက်လာ၏။

“လူသေ လူဖြစ်သတဲ့ဗျာ”

“အဲဒါ မသေချာဘူး၊ ပြာဖြစ်တာကတော့ မသာအစစ်ပဲဗျို့၊ အခုကြည့်ပါလား ဒေါ်မြဇင် မသာ မီးသင်္ဂြိုလ် တဲ့ စက်ရှေ့မှာရပ်ပြီး”

မှန်ပါသည်။ ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ မိတ်ဆွေကြီး ဗန်းမော်တင်အောင်လည်း ၁၉၇၈ ခု အောက်တိုဘာလ (၂၃) ရက်နေ့တွင် သေဆုံး၍၊ ထိုလ (၂၇) ရက်နေ့၌ ဤကြံတောသုဿန်မှာပဲ ပြာဖြစ်သွား ပါပြီတည်း။


linnthant at Saturday, October 27, 2012


( News And Library ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါတယ်)

စည်းကြိုးနှင့် ကြက်တောင် (ထင်လင်း)

စည်းကြိုးနှင့် ကြက်တောင် 


""""""""""""""""""""""""""""""""""""


ထင်လင်း


ကျွန်တော့် ဘဝလမ်းကြောင်းဟာ မိန်းမကြောင့်မို့ အပြောင်းကြီး ပြောင်းလဲခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော့် ဘဝလမ်းကြောင်းက မိန်းမသာ ဝင်မနှောင့်ရင် အင်မတန် ဖြောင့်ဖြူးခဲ့ ပြီးသားပါ။ 


ဩော် ဒါကို အခုမှ ပြောရသလားလို့ အပြစ်တင်ရင်လည်း ခံရမှာပါပဲ။ ပြောတော့လည်း ပြောရဦးမှာပါပဲ။ လူ့သမိုင်းစဉ် တစ်လျှောက်မှာ မိန်းမကြောင့် ဘဝတစ်ခုလုံး ပျက်ခဲ့ကြရတဲ့ သာဓကတွေ ကလည်း အများကြီးပါပဲ။ ကျွန်တော်တို့လို အနုစားကလေးတွေ ကိုတော့ ထားလိုက်ပါ။ အရင့်မာ အလောင်းတော်ကြီး များတောင်မှ မိန်းမ အဖျက်အဆီးနှင့် မကင်းနိုင်ခဲ့ကြပါဘူး။ ဟိမန္တာတော ဒဏ္ဍကဟိရညတောင်မှာ မင်းခြောက်ဆက် တိုင်အောင် ဘယ်သူမှ ဖမ်းလို့ မမိနိုင်တဲ့ ဘုရားအလောင်း ရွှေဥဒေါင်းမင်းတောင်မှ ဥဒေါင်းပျိုနှင့် မျှားပြီး ဖမ်းတော့ သတိလွတ်ကင်းပြီး မုဆိုးထောင်တဲ့ ညွှတ်ကွင်းမှာ အမိခံလိုက်ရ သေးတာပဲ။ 


ဟုတ်ပါတယ်။ ကျွန်တော် ဒါကို ငယ်ငယ်ကတည်းက ကြားဖူးနားဝ ရှိပါတယ်။ ဒါပေမယ့် ကြားဖူးနားဝက ကြားဖူးနားဝ ပါပဲ။ 


ဘုန်းကြီးကျောင်းမှာ ခပ်ငယ်ငယ်က တစ်ခါ၊ နောက် အင်္ဂလိပ် ကျောင်းသွားနေရာက ခဏထွက်ပြီး ကိုရင်ဝတ်တော့ တစ်ခါ ကျွန်တော် လောကုတ္တရာ စာပေတွေ သင်ရတော့ “ဒီကိုရင် တယ် ဉာဏ်ကောင်းတယ်” ဆိုတဲ့နာမည် ရခဲ့ပါတယ်။ 


အခြေခံ ဗုဒ္ဓသာသနာလို့ ခေါ်နိုင်တဲ့ မင်္ဂလသုတ်၊ ပရိတ်ကြီးသင်ရိုးကို တခြားကိုရင်တွေ တစ်ဝါတွင်းလုံး ကျက်မှတ်တာတောင် ထစ်တီးထစ်အပဲ ဆိုနိုင်ကြတာ။ ကျွန်တော်ကတော့ ဆယ်ရက်လောက်နှင့် အားလုံး မြင်းကောင်း စိုင်းသလို အလွတ် ရွတ်ဆိုပြနိုင်တယ် ဆိုတော့ ကျွန်တော့်ကို စာတက်ပေးတဲ့ ဦးပဉ္စင်းကြီးကရော ဆရာတော်ကြီးကပါ “ဒီကိုရင် ဉာဏ်ကောင်းတယ်။ လောကုတ္တ စာတွေဘက်သာ လိုက်လိုက်ရရင် တကယ့် အကျော်အမော် ဖြစ်မှာပဲ” လို့ အမိန့်ရှိကြပါတယ်။ အဲသလို အချီးမွမ်းခံရလို့ ကျွန်တော် ဘဝင်မြင့် မသွားခဲ့ဘူး။ ဒါကလေးလောက်နှင့်တော့ မချီးမွမ်းလောက်သေးပါဘူး ထင်ပါတယ် လို့တောင် အောက်မေ့ခဲ့မိပါတယ်။ 


သို့ပေမယ့် ဆရာတော်ကြီး ကိုယ်တိုင်က အဲသလို ချီးမွမ်းတယ် ဆိုရင်ပဲ ရွာထဲမှာတော့ နာမည်က ကြီးသွားခဲ့ပါတယ်။ 


ဒီလို ဉာဏ်ကောင်းတဲ့ ကိုရင်မျိုးကို ပဉ္စင်းတက်ပေးဖို့ သိပ်လိုလားနေကြတဲ့ ဒါယကာ ဒါယိကာမတွေက ကျွန်တော့်ကို ပဉ္စင်းလောင်းလို့ သတ်မှတ်ပြီး မမှိတ်မသုန် စောင့်ကြည့် နေကြတဲ့ လူတွေနှင့် “ကိုရင်၊ လူမထွက်နှင့်နော်။ စာ ကြိုးစားသင်” လို့ တိုက်တွန်းသူတွေကလည်း မနည်းပါဘူး။ 


အဲဒီ အထိကတော့ ဟုတ်လို့ပါပဲ။ လူတွေက အဲသလို ချီးမွမ်းကြတဲ့ စကားတွေကို အမေကြားတော့ အားရဝမ်းသာ ကျွန်တော် သင်္ကန်းဝတ်နေတဲ့ ကျောင်းကို ရှစ်ရက်သီတင်း၊ လပြည့်လကွယ် ဆွမ်းအုပ် ပို့ပို့ပြီး ဥပုသ်စောင့်ရင်း- 


“အမေ့သား ရဟန်းဖြစ်ရင် အမေ လူဖြစ်ရကျိုး နပ်ပြီ။ သားကို မွေးရကျိုး နပ်ပြီ။ အမေ သေပျော်ပြီ” လို့ ခဏခဏ ပြောတယ်။ 


ဒါပေမယ့် ခင်ဗျာ။ 


ကျွန်တော့်ကို လူတွေက ချီးမွမ်းကြတယ် ဆိုတာက တကယ်တော့ သူများတကာတွေ တလည်လည်နှင့် အခုခေတ် ကလေးတွေ ဆယ်တန်း ကျသလို တဖုတ်ဖုတ် လန်လန်ကျနေကြတဲ့ နာမည်ကျော် ဓဇဂ်သုတ်ကို ကျွန်တော်က နှစ်ရက်သုံးရက် ကျက်ပြီး အထစ်အငေါ့ မရှိ ပြန်နိုင်တာနှင့် ဦးပဉ္စင်းကြီးက- 


“ဟာ၊ ကိုရင် ရလွယ်လှချည်လား။ မြန်လှချည်လား။ အလျင်က ကျက်ဖူးသလား” လို့တောင် မေးယူရတာကို အကြောင်းပြုပြီး လူတွေကလည်း “ဟို အင်္ဂလိပ်ကျောင်းသား ကိုရင်ကလေးဟာ ဓဇဂ်သုတ်ကိုတောင် သုံးရက်နှင့် ပြန်နိုင်သတဲ့။ အခြား ကိုရင်တွေ ဆိုရင် ဒီ ဓဇဂ်သုတ်က မတက်နိုင်လို့ လူကိုဖျက် အရက် ရှင်ကိုဖျက် ဓဇဂ်လို့တောင် ဆိုကြရတာ” ဆိုတဲ့သတင်း ပျံ့နှံ့သွားခဲ့တာဟာ လူအတော်များများအဖို့ တအံ့တဩ ကိစ္စပေမယ့် ကျွန်တော်ကတော့ ဒီလို မထင်ပါဘူး။


ဓဇဂ်သုတ်ဟာ တခြားပရိတ်တွေထက် အမှတ်ရ အရွတ်ရ ခက်ပေမယ့် သူ့ဟာက ပရိတ် တစ်သုတ်လုံးမှာ “ဓဇဂ္ဂ ဥလ္လော ကေယျာထ” တွေ၊ “ဥလ္လောကယတံ” တွေ၊ “ဒေဝါ ရာဇဿဓဇဂ္ဂ” တွေက များပြီး ချာလည်ပတ်လည် လိုက်နေလို့ အမှတ်အသား ခက်ပြီး လည်နေကြတာ။ သူ့ အမှတ်အသားကလေးနှင့် သူ ကျက်ရင် ဘာမှ ခက်တာ မဟုတ်ပါဘူး။


ကျွန်တော် အမေ့ကို စိတ်ချမ်းသာ စေချင်ပါတယ်။ အားတက် စေချင်ပါတယ်။ လူဖြစ်ရကျိုး နပ်စေချင်ပါတယ်။ သေတဲ့အခါ အမေ့ကို ရဟန်းမယ်တော် ဆိုတဲ့ ဂုဏ်နှင့် သင်္ဂြိုဟ်စေချင်ပါတယ်။ 


ဒါပေမယ့် တကယ်တမ်းကျတော့ ရဟန်းဘောင်မှာ နေပြီး လောကုတ္တရာ စာပေပရိယတ္တိတွေကို လိုက်စားဖို့ စိတ်ကူးရတာ တယ်ပြီး မပီသလှပါဘူး။ 


အဲသလိုပဲ မပီမသ စိတ်ကူးရင်း မင်္ဂလသုတ်၊ ပရိတ်ကြီး၊ ရတနာရွှေချိုင့် နမက္ကာရ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊  လောကနီတိ စတဲ့ အခြေခံတွေ အပြီးမှာ ကျွန်တော် သဒ္ဒါနှင့် သင်္ဂြိုဟ်ကို တစ်ပြိုင်တည်းလိုလို တက်ခဲ့ရပါတယ်။ 


ဒီကျတော့ ကျက်ရမှတ်ရတာ ပရိတ်ကြီးတို့တုန်းကလောက် မလွယ်တော့ပေမယ့် စာမှန်မှန် တက်ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးကတော့-


“ကိုရင် ဉာဏ်ကောင်းတယ်။ ကြိုးစား သင်။ လှေပြေးတုန်း ကုန်းလှော်ထား။ ပိဋကတ်သုံးပုံ ဆိုတာ သမုဒ္ဒရာကြီးလို သင်လို့ ကုန်နိုင်တာ မဟုတ်ဘူး။ ငယ်ငယ်က ဖိကြိုးစားထားမှ တော်ကာကြမယ်”လို့ အမိန့်ရှိပါတယ်။ 


သင်္ဂြိုဟ်စိတ်ပိုင်း၊ စေတသိက်ပိုင်းလောက် ကုန်တော့ ကျွန်တော်ဟာ လောကုတ္တရာ စာပေဘက်ကို အတော် စိတ်ရောက်လာပါတယ်။ ဘုရားဟောတဲ့ တရားတွေဟာ အင်မတန် နက်နဲပါလား၊ ကျယ်ဝန်းပါလား၊ ထူးခြားပါလားလို့ အံ့ဩမိလာပါတယ်။ 


ဦးပဉ္စင်းကြီးကလည်း ကျွန်တော့်ကို ဂရုတစိုက် ဖိဖိစီးစီး စာချပေးပြီး ချီးမြှင့်တော်မူပါတယ်။ 


အဲသည်အချိန်တွေမှာ ကျွန်တော့်လှေဟာ အပြေးဆုံးအချိန်ပေါ့။ ဒါပေမယ့် ခင်ဗျာ။ ကျွန်တော့်မှာ ဦးပဉ္စင်းကြီး အမိန့်ရှိသလို လှေပြေးတုန်း ကုန်းလှော်ထားရမည့် အချိန်မှာ လှေပြေးတုန်း တက်ကျိုး ဆိုတာမျိုးနှင့် ကြုံရပါတော့တယ်။ 


ကျွန်တော် လောကုတ္တရာ အာရုံကို ပီပီသသကြီး မဖမ်းမိခင်ပဲ လောကီအာရုံများရဲ့ ကြားဖြတ်ဆွဲဆောင်မှုကို ခံလိုက်ရပါတယ်။ 


အဲဒါကတော့ ဖြောင့်ဖြူးနေတဲ့ ကျွန်တော့်ဘဝ တစ်ခုလုံးကို ဖျက်ဆီးမည့် မိန်းမဆိုတဲ့ အာရုံပါပဲ ခင်ဗျာ။ 


တကယ် ကျွန်တော်ဟာ အဲသည်တုန်းက အတော့်ကို ငယ်သေးတယ်။ တစ်ဆယ့်လေး ငါး ခြောက်နှစ်သား ဆိုတော့ ပဉ္စင်းဖြစ်ဖို့က သုံး လေးနှစ်လောက် လိုသေးတော့ ခပ်အေးအေး နေတုန်းမှာပဲ ကြားဖြတ် လောကီအာရုံကြောင့် အပူငွေ့က ဝင်လာပါတော့တယ်။ 


အဲ၊ ဥပုသ်နေ့ တစ်နေ့မှာ ကျွန်တော် ဆွမ်းမစားခင် ရေချိုးဖို့ သွားနေကျအတိုင်း ကျောင်းနှင့် မလှမ်းမကမ်းမှာ ရှိတဲ့ ရေတွင်းဆီကို အသွား လမ်းဘေးက အပွင့်တွေနှင့် ဝေနေတဲ့ ပုန်းညက်ပင်ကြီးရဲ့ အောက်မှာ ဒါယိကာမကလေး တစ်ယောက်ကို တွေ့လိုက်ရတယ်။


သူ့ကို ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ရွာထဲကလည်း မဟုတ်ပါဘူး။ လှတော့ အတော်လှတယ်လို့ ထင်ပါတယ်။ ခပ်ငယ်ငယ်ပဲ။ 


ဆံရစ် ဆံတောက်ကလေးနှင့် မျက်နှာ မသွယ်တသွယ် မျက်နှာ ဝိုင်းဝိုင်း။ 


ကျွန်တော့်ရဲ့ ပထမ စိတ်ကူးကတော့ သူ့ကို မမြင်ယောင် ဆောင်ပြီး ရေတွင်းကို အရောက်သွားဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော် သူ့အနား ဖြတ်လျှောက်သွားတော့ သူက ခပ်တိုးတိုး လေသံနှင့် “ကိုရင်” လို့ လှမ်းခေါ်တယ်။ ကျွန်တော့် ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားပြီး ခြေလှမ်းတွေလည်း တုန်သွားတယ် ထင်ပါတယ်။ 


“ပုန်းညက်ပန်း ခူးပေးမလားဟင်” 


သူ့အသံကလေးက ဆည်းလည်းသံလို လွင်နေတယ်။ ချိုနေတယ်။ 


တကယ်တော့ ကျွန်တော်က ဒီအချိန်မှာ သိပ်အားတာ မဟုတ်ဘူး။ ဒီက ရေချိုးပြီးရင် ဆွမ်းစားကျောင်းမှာ ကပ္ပိယကြီးနှင့် ဆွမ်းပွဲ ကူပြင်ရမယ်။ ဆရာတော်ကို ဆွမ်းကပ်ရဦးမယ်။ ဝေယျာဝစ္စ လုပ်စရာတွေနှင့်။ 


သို့ပေမယ့် ဘယ်လို ဘယ်လို ဖြစ်သွားတယ်တော့ မသိဘူး။ ကျွန်တော်ဟာ အပေါ်ရုံ သင်္ကန်းကို ခွာချပြီး အနီးအနားက ဝါးလုံး တန်းပေါ် တင်၊ သင်းပိုင်ကို တိုတို ပြင်ဝတ်လိုက်ပြီး ပုန်းညက်ပင်ပေါ်ကို မျောက်ကလေး တစ်ကောင်လို တက်ခဲ့မိတယ်။ 


ပြီးတော့ ကိုင်းဖျားကိုင်းနားဆီမှ အခိုင်အခိုင်ပွင့်ပြီး မွှေးနေတဲ့ ပုန်းညက်ပန်းတွေကို အခိုင်ရင်းက အကိုင်းပါ အသာအယာ ချိုး။ အောက်ပစ်ချရင်း ပုန်းညက်ပန်း ဆိုတာ ကြွေလွယ်လို့ ခါးက ခါးပန်းကြိုးကို ဖြုတ်ပြီး ပန်းခိုင်တွေကို ချည်။ ပခုံးမှာ အသာ ရွရွကလေး လွယ်။ ပြီးတော့ ယောက်ျားဘသား မျောက်ကလေးလို ပြန်ဆင်း။ အောက်ဆုံး အကိုင်းကျတော့ လက်နှစ်ဖက်နှင့် ခိုပြီး ဖုတ်ဆို သူ့အနား ခုန်ချခဲ့တယ်။ 


ဒီကျောင်းထဲက သစ်ပင်တွေ ဆိုတာက ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခွေးရူးလိုက်တမ်း ကစားနေကျမို့ ဒီလို အောက်ကိုင်း ခိုပြီး ခုန်ချတာမျိုးက လှလှပပကို ဖြစ်တယ်။ 


ကျွန်တော် အဲသလို သူ့အနား ဖုတ်ခနဲ မတ်တတ်ကျလာတာကို သူက လန့်ပြီး လက်နှင့် လှမ်းထိန်းလိုက်တော့ ကျွန်တော့် ပခုံးကို သူ့လက်ကလေးက လာထိတယ်။ ကျွန်တော်က တစ်ခါ ခါးပန်းကြိုးကို ဖြည်ပြီး ပန်းခိုင် တစ်ပွေ့ကြီး သူ့ကို အပေးမှာ သူက လက်နှစ်ဖက်နှင့် ဆီးပွေ့တော့ သူ့ လက်နှစ်ဖက်ဟာ ကျွန်တော့် လက်တွေပေါ်ကို လာပြီး အုပ်မိပြန်တယ်။ 


သူ့မျက်နှာဟာ ကျွန်တော့် မျက်နှာနှင့် တစ်ပေသာသာလောက် ရောက်လာတယ်။ သူက ကျေးဇူးတင်တယ်တွေ ဘာတွေ ပြောမနေဘဲ သူ့မျက်လုံးဝိုင်းကြီးတွေနှင့် ကျွန်တော့် မျက်နှာဆီကို တည့်တည့်တစ်ချက် လှမ်းကြည့်ပြီး ပြုံးလိုက်တယ်။ 


တကယ့် လျှပ်တစ်ပြက် တစ်ခဏကလေးပါပဲ။ ဒါပေမယ့် ကျွန်တော့်အဖို့ အဲဒါဟာ တစ်ဘဝလုံးပါပဲ။ 


အဲဒီမိန်းကလေးကို အဲဒီနေရာမှာ အဲဒီနေ့က တွေ့ရတာဟာ ပထမဆုံး အကြိမ်နှင့် နောက်ဆုံး အကြိမ်ပါပဲ။ သူ ဘယ်သူဘယ်ဝါ၊ ဘယ်မြို့ဘယ်ရွာက ဘယ်သူနှင့် ပါလာတယ် ဆိုတာ မသိလိုက်ရပါဘူး။ 


ကျွန်တော်ဟာ သူ့မျက်နှာကလေးနှင့် မျက်လုံးဝိုင်းကြီးတွေကို ရက်ပေါင်း အတော်ကြာအောင် တရစ်ဝဲဝဲ မြင်နေပြီး ညည အိပ်လို့ မပျော်နိုင်ဘဲ သူ့အကြောင်း တောင်တွေးမြောက်တွေး မပီမသ တွေးနေခဲ့ပေမယ့် ဒီအကြောင်း ကျွန်တော် ဘယ်သူ့မှ မပြောဖြစ်ခဲ့ပါဘူး။ 


ဥပုသ်နေ့၊ ဥပုသ်နေ့တွေမှာ ဆွမ်းမစားခင် ရေချိုးသွားရင်း ပုန်းညက်ပင်နား ရောက်ရင် တစ်နေရာရာ အကွယ်က သူထွက်လာပြီး “ကိုရင်” လို့များ ခပ်တိုးတိုး ခေါ်လိုက်လေမည်လားလို့ မျှော်တလင့်လင့်နှင့် သတိထားပြီး သွားနေမိတာက လွဲလို့ ကျွန်တော့် စိတ်ထဲမှာ ရှိနေတာတွေကို ဘယ်သူမှ အသိ မခံခဲ့ပါဘူး။ 


သူ့အကြောင်းချည်း တွေးတွေးနေမိတဲ့ ရက်ပိုင်းကဆိုရင် သူ့ကို သတိရတိုင်း ကျွန်တော် ငိုချင်တယ်။ သူ ဘယ်မှာနေတယ် ဆိုတာများ သိခဲ့ရရင် ကျွန်တော် မိုးအဆုံး မြေအဆုံး လိုက်ရလိုက်ရ လိုက်သွား မိမလား မပြောတတ်ဘူး။ စာကျက်လို့ ဆိုတာကတော့ နည်းနည်းမှ မကောင်းတော့ပါဘူး။ 


“ပကိဏ်းပိုင်း ရောက်တော့ စာတွေ နည်းနည်းများ ပိုရှုပ်လာသလား မသိဘူး။ တော်တော်နှင့် မမှတ်မိနိုင်ဘူး ဘုရာ့” 


“ပကိဏ်းပိုင်းက မရှုပ်ပါဘူးလေ။ သူ့ဟာနှင့်သူ မှတ်ရတာ ရှေးကဟာတွေ လိုပါပဲ။ ကိုရင့်စိတ်က ရှုပ်နေတာ နေမှာပါ။ ကဲ ဆို။ ပဉ္စဝီသ ပရိတ္တမှိ၊ ဆစိတ္တာနိ၊ မဟဂ္ဂတေ၊ ဧကဝိသတိ ဝေါဟာရေ” 


“ပဉ္စဝီသ၊ နှစ်ဆယ့်ငါးပါးသော စိတ်တို့သည်။ ပရိတ္တမှိ ပရိတ္တမှိဧဝ၊ ကာမအာရုံ၌သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဆစိတ္တာနိ၊ ခြောက်ပါးသော စိတ်တို့သည်။ မဟဂ္ဂတေ မဟဂ္ဂတေ မဟဂ္ဂုတ်။ အာရုံ၌သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧကဝိသတိ၊ နှစ်ဆယ့်တစ်ပါးသော”  


ဟုတ်ပါတယ် ခင်ဗျာ။ 


ကျွန်တော့် စိတ်တွေဟာ ရှုပ်နေပြီး တဒင်္ဂကလေး ထိတွေ့ လှုပ်ယမ်းခဲ့ရတဲ့ မိန်းကလေး အာရုံမှာသာ တရစ်ဝဲဝဲ ရှိနေခဲ့ဟန် တူပါတယ်။ 


စာလိုက်ရတာ စာအံရတာ စိတ်မဖြောင့်တော့ဘူး ဆိုမှတော့ အလွယ်ကလေးကိုပဲ တော်တော်နှင့် ခေါင်းထဲ မရောက်နိုင်ဘူး။ စာတက်ရတာ ဝန်လေးလာချင်တယ်။ ဦးပဉ္စင်းကြီးကတောင် “ဟ ဒီကိုရင် ဘယ်လို ဖြစ်နေလဲ” လို့ အံ့ဩယူရတယ်။ 


ကျွန်တော်ကလည်း ကျွန်တော်ပဲ။ 


ရွာထဲ ဆွမ်းခံသွားရင်လည်း ဆရာသမား ဆုံးမထားသလို ဩက္ခိတ္တစက္ခုနှင့် မျက်လွှာချပြီး မသွားနိုင်ဘူး။ လူသံမို့ ကြားရင် အထူးသဖြင့် မိန်းကလေး အသံမို့ ကြားလိုက်ရရင် ကျီးကန်းတောင်းမှောက် ကြည့်မိ ရှာမိတော့တာပဲ။ ကျွန်တော့်မှာ အသိခေါက်ခက် အဝင်နက် ဆိုသလို ဖြစ်နေပါတော့တယ်။ 


သီတင်းဝါလ ကျွတ်ပြီး အတော်ကြာအောင် ကျွန်တော် ချီတုံ ချတုံနှင့် စာဝါလည်း အခါရက်က နားလက်စ ဆက်နားနေလို့ အရှိန်ပျက်။ အဖေက “ကိုရင် လူထွက်ချင် ထွက်။ ရှေ့နှစ် အင်္ဂလိပ်ကျောင်း ပြန်တက်မှာဖြင့် နောက်မကျစေနှင့်” လို့ လာပြီး သတိပေးသွားတယ်။ 


ကျွန်တော်လည်း ဘာရယ်လို့ မဟုတ်ဘူး။ စိတ်တွေကလည်း လေနေတာမို့ အတော်ပဲ။ အဲသည်နှစ်က နွေဦးပေါက်မှာ ဦးပဉ္စင်းကြီးကိုရော ဆရာတော်ဘုရားကိုပါ “တပည့်တော်ကို လူထွက်ခွင့် ပြုပါတော့ဘုရား” လို့ သွားလျှောက် လိုက်ရတယ်။ 


ဆရာတော်ကရော ဦးပဉ္စင်းကြီးကပါ- 


“လူ့ဘောင်ဆိုတာ အင်မတန်မှ ရှုပ်ထွေးပြီး အင်မတန်မှ ဒုက္ခတွေ များတယ်။ အေးချမ်းတဲ့လမ်း လိုက်ပါလား” ဆိုပြီး တရားပြ နားချ။ မထွက်အောင် တားကြပါတယ်။ 


ကျွန်တော်က လောကီစာကို ဆယ်တန်းလောက် အောင်အောင် သင်ပါရစေဟု ဆိုပြီး လျှောက်တော့ ဆရာတော်ကြီးကတော့ သတ္တဝါတစ်ခု ကံတစ်ခု ဆိုပြီး ထွက်ခွင့်ပြုပေမယ့်၊ ဦးပဉ္စင်းကြီးကတော့ တယ်ပြီး ခွင့်ပြုချင်ပုံ မရဘူး။ “ကိုရင် နော်။ လောကီမှာ ဒုက္ခတွေ့လာမှ သာသနာ့ဘောင် ဝင်လာချင်လို့ မလွယ်ဘူး” လို့ ပြောနေပါသေးတယ်။ 


* * * 


ဒီလိုနှင့်ပဲ ကျွန်တော် ခေါင်းတုံးကလေး မည်းစမှာ အင်္ဂလိပ်ကျောင်း ပြန်ရောက်ခဲ့တယ်။ 


အဲဒါဟာ ကျွန်တော့်ရဲ့ဘဝ အဆင်းလမ်းပါပဲ။ နေခြည်ကလေးကလည်း လင်းလို့။ မြက်ခင်းကလေးတွေကလည်း စိမ်းလို့။ အနိမ့်ပိုင်းက အဝေးတစ်နေရာဆီမှာ ရေကြည်စမ်းကလေးကလည်း နေခြည်မှာ တလက်လက် စီးလို့။ ကျွန်တော် တောင်ဆင်းလမ်းမှာ သီချင်းတကြော်ကြော်နှင့် ပျော်ပျော်ကြီး ဆင်းပြေးခဲ့ပါတယ်။ 


ကျွန်တော့် ဘဝလမ်း တစ်လျှောက်မှာလည်း ပုန်းညက်၊ စကား၊ ချရား၊ စံပယ် အပင်တွေကလည်း ပွင့်တချို့ ငုံတချို့ မွှေးလို့ ကြိုင်လို့ လှလို့။ 


မျက်လုံးဝိုင်းကလေးတွေ၊ ဆံရစ် ဆံတောက်ကလေးတွေ၊ စည်းကြိုးနှင့် ကြက်တောင်ကလေးတွေ၊ ဗျာဆံဝိုက် ဗျာဆံခါ မနိမ့်မမြင့် အခန့်အသင့်ကလေးတွေကလည်း ပေါပါဘိနှင့်။ ကျွန်တော် ပျော်ခဲ့ပါတယ်။ 


သူတို့နှင့် ကြုံတဲ့အခါ ယောက်ျားဘသား လုပ်ပြပြီး ပန်းတက် ခူးပေးရတာကလည်း အမော။ 


ဒါပေမယ့် သိပ်ပျော်ပါတယ်။ 


ကျောင်းက ဦးပဉ္စင်းကြီး သင်ပေးလိုက်တဲ့ စာတွေကိုလည်း မအံတော့ဘူး။ အကြောင်းသင့်ရင် သင့်သလို တိုးတိုးတစ်လှည့် ကျယ်ကျယ်တစ်ခါ သီချင်းချည်း ဆိုနေတော့ ဦးပဉ္စင်းကြီး သင်ပေးလိုက်တဲ့ စာတွေဟာ ကျောင်းကိုပဲ ပြန်သွားကြဟန် တူပါတယ်။ 


အဲသလို သီချင်းတကြော်ကြော်နှင့် ကျွန်တော် ပြေးဆင်းခဲ့တဲ့ လမ်းမှာ စိတ်တူကိုယ်တူ ချစ်စရာ ခင်စရာ မာတုဂါမကလေး တစ်ယောက်ကို တွေ့ရပါတယ်။ 


ကျွန်တော်က ရှင်လူထွက်၊ သူက ဆယ်ကျော်သက်။ စည်းကြိုးနှင့် ကြက်တောင် အဲသည့်အရွယ်က စပြီး သည်ကလေးမနှင့် နီးနီးကပ်ကပ် ထိတွေ့ဖို့ အခြေအနေ ပေးလာတဲ့ အချိန်မှာတော့ ကျွန်တော့် ဘဝတစ်ခုလုံးဟာ အိပ်မက် မက်နေသလိုပါပဲ။ ညဉ့်တာကြီးကလည်း ဘယ်လောက် ရှည်ခဲ့မှန်းတောင် မသိတော့ဘူး။ စိတ်ညစ်စရာတွေ ရင်ခုန်စရာတွေရော၊ ဘဝင်တုန်စရာတွေရော အမျိုးစုံပါပဲ။ ဇာတ်ကနေရ သလိုလိုလည်း ဆိုနိုင်ပါရဲ့။ 


ကျွန်တော် ငိုတစ်ခါ ရယ်တစ်လှည့် အိပ်မက် မက်နေရာက တစ်ချိန်မှာတော့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မမှတ်မိအောင် ဖြစ်လို့ မှန်ထဲမှာ မနည်း ရုပ်ဖမ်းယူရပါတယ်။ ဆံပင်တွေကလည်း ဖြူလို့၊ သွားတွေကလည်း ကျိုးလို့၊ ပါးရေ နားရေတွေကလည်း တွန့်စပြုနေပြီလေ။ 


ကျွန်တော်သွားရာ နောက်က တကောက်ကောက် ပါလာခဲ့ပြီး ကျွန်တော်နှင့်အတူ သီချင်းတွေ ဆိုလိုက်၊ ငိုလိုက် ရယ်လိုက်နှင့် လောကဓံ အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့တဲ့ စည်းကြိုးနှင့် ကြက်တောင်မကလေးဟာလည်း ကျွန်တော့်လိုပဲ သွားကျိုးပါးကျိုးနှင့် ဆံပင်တွေ ကြိုးကြားဖြူစ ပြုနေပြီ ဖြစ်တဲ့ အမယ်အိုကလေး။ 


အလို ဘုရား ဘုရား၊ ဒါ အိပ်မက် မက်နေတာလား။ အိပ်မက် မက်နေရာက လန့်နိုး လာတာလား။ 


ကြည့်ပါဦးလေ။ 


သူကလည်း သူငယ်ငယ်က သင်ခဲ့အံခဲ့ရတဲ့ ပရိတ်တို့၊ ဓမ္မစကြာတို့၊ ပဌာန်းတို့ကို တတွတ်တွတ် ရွတ်လို့။ အိပ်မက်ဆိုးကြောင့် အန္တရာယ် ကင်းအောင် ဘေးရှင်းအောင် ထင်ပါရဲ့။ 


ကျွန်တော်ကလည်း ကျွန်တော် ကိုရင်ဘဝက သင်အံခဲ့ရတဲ့ စာတွေကို သွားကျိုးပါးကျိုးနှင့် ရွတ်လို့ ဟောလို့။ အနိစ္စသံ၊ ဒုက္ခသံ၊ အနတ္တသံတွေ နှောပြီး မြည်တမ်းရင်း လာလမ်းကို ပြန်မျှော် ကြည့်နေမိပါတယ်။ 


ကျွန်တော်တို့ သီချင်းတကြော်ကြော်နှင့် ပျော်ပျော်ပါးပါး တစ်ယောက်ခါး တစ်ယောက်ဖက်၊ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး လှိမ့်ဆင်းလာခဲ့ကြတဲ့ ကန်စောင်းကြီးကို ထိပ်ရောက်အောင် ပြန်တက်ရမယ် ဆိုရင် အို အမြင့်ကြီးပါလား။ ကုန်းထိပ်ဆီက စေတီ ဖွေးဖွေးကလေးကိုတောင် ခပ်ရေးရေးပဲ မြင်ရတော့တယ်။ ဪ၊ မျက်စိကလည်း မှုန်လို့ဝါးလို့ ပါလား။ 


အဲဒီ ကုန်းထိပ်က စေတီဖြူဖြူကလေးဆီ ရောက်အောင် ဆိုရင် ဒီအသက် ဒီအရွယ် ဒီအမောမျိုးနှင့် တက်မှ တက်နိုင်ပါတော့မလား။ 


အင်း၊ ဓဇဂ်သုတ်ကို သုံးရက်နှင့်အရ ကျက်မှ ကျက်နိုင်ပါတော့မလား။ 


ရဟန်းဘောင် ဝင်ချင်တယ် ဆိုရင်ကော။ ရဟန်း ဒါယကာ၊ ရဟန်းအစ်မတွေက လိုလိုလားလား ရှိကြပါတော့မလား။ 


ကဲ- စည်းကြိုးနှင့် ကြက်တောင်မကလေးရေ။ အိပ်မက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ထိပ် မရောက်ရင်သာ ရှိရမယ်။ ရောက်သလောက် အင်အားကလေးနှင့် တက်လိုက်ကြဦးစို့ကွယ်။ ငါ့ခါးကိုသာ မြဲမြဲ ဆွဲပြီး လိုက်ခဲ့ပေတော့။ အေး၊ လမ်းမှာ ခြေချော်ပြီး ပြန်လိမ့်ကျ မသွားအောင်တော့ သတိထားကွယ့်။ သတိကိုတော့ မလွတ်စေနှင့်နော်။ တို့ငယ်ငယ်ကတော့ အပျော်သဘောလို ပြေးဆင်း လှိမ့်ချခဲ့ကြတာပဲ။ ဒါပေမယ့် အခုနေ ဒီတောင်စောင်းအတိုင်းများ လိမ့်ပြီး ကျရင်ကတော့ ငယ်ငယ်တုန်းကလို ပျော်စရာ တစ်မျိုးများ ဖြစ်လာ မလားလို့တော့ မမျှော်လင့်လေနှင့်ကွယ်။ မမျှော်လင့်လေနှင့်။ မဖြစ်တော့ဘူး။


------------------


ထင်လင်း 


(လယ်တောမှအပြန် နှင့် လက်ရွေးစင်ဝတ္ထုများ)


(မြန်မာဝတ္ထုတိုများပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်)

Monday, 29 October 2018

ခွေးချော်လဲအိမ်

ခွေးချော်လဲအိမ် 


♥♥♥♥♥


သုမောင်


ကျွန်တော်သည် ကျွန်တော့် အိမ်ကလေးကို အလွန် မြတ်နိုးပါသည်။ Home Sweet Home ဆိုသည့် စကား ကိုယ့်အိမ် ကိုယ့်ရာဟာ အချိုမြိန်ဆုံး ဆိုတာ ကမ္ဘာသုံး စကားသုံးမို့ ထပ်ပြောရတာ အားနာပါသည်။ 


နော့ပေတည့် ယခုပြောမည့် ကျွန်တော် အိမ်အကြောင်းမှာ တစ်မျိုးတစ်မည် ရှုထောင့်မို့ ပြုံးချင့်စဖွယ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် ကျွန်တော့် အိမ်အကြောင်း အက်ဆေး ၃ ပုဒ်လောက် ရေးဖူးပါသည်။ ပထမ အပုဒ်က ကျွန်တော့် အိမ်သည် စာရေးဆရာ အိမ်စစ်စစ် ဖြစ်ကြောင်း ဖြစ်ပါသည်။ ပြန်၍ နှူးရပါမူ ထိုအိမ်ဆောက်သော ကာလမှာ ၁၉၈၀ ဖြစ်သောကြောင့် ဆိုရှယ်လစ် ခေတ်ဖြစ်သဖြင့် လူသုံးကုန် ပစ္စည်းများ ပြည်သူ့ဆိုင်မှာ ၀ယ်ရပါသည်။ 

အပြင် မှောင်ခိုမှာက ၁၀ဆလောက် ဈေးကြီးသည်။ ကျွန်တော်ကလည်း သမီးဦး ကိုယ်ဝန်ရှိပြီ သိရသည်နှင့် အိမ်ကို အုတ်မြစ် စချသည်။နောင်မှ တဖြည်းဖြည်းချင်း ရောက်ရား ဟု သဘော ထားသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော့်မှာ စာပေ(လုံး ချင်း)၊ ဂီတ၊ ရုပ်ရှင်တွင် အောင်မြင်ကျော် ကြားနေသူ ဖြစ်သော်လည်း “ကျားကြီး ခြေရာကြီး”ဆိုသလို ၀င်ငွေထွက်ငွေ မျှနေသည်။ စုစု ဆောင်းဆောင်းလည်း ၀ါသနာမပါ၊ ပါသော ၀ါသနာကလည်း မော်တော်ကား ဖြစ်သဖြင့် ရသမျှ ကားအသစ် ၀ယ်စီးပစ်မိသည်။ မချွင်းမချန် အပြစ် ဖို့ရပါမူ အရက်သေစာ အသောက် ကျူးတာလည်းပါသည်။ 


ဒါလေးများ ဟု မထင်ပါနှင့်။ တလောက ဇနီးသည် အေးဘုံ တွက်ပြမှ သောက်သက်ရှည်ခဲ့သော ကျွန်တော့် ယမကာဖိုးမှာ ထိုစဉ်က နောက်ဆုံးပေါ် ကား နှစ်စီးစာရှိသည်။ ဆိုကြပါစို့။ နော တဖြည်းဖြည်းချင်း ဆောက်ယူမည်။ အိမ် အုတ်မြစ် ချသည်။ ကံကောင်းချင်တော့ ထိုစဉ်က “စာပေ ဟောပြောပွဲ”များက လက်မ လည်အောင် ပြောခဲ့ရလေရာ ထုံးစံ အတိုင်း တိုက်ပုံ အင်္ကျီစ၊ ပုဆိုး၊ စက်ရုံ ထွက်ပစ္စည်း၊ ဒေသထွက် အစား အသောက် စသဖြင့် လက်ဆောင်ရပါ သည်။ ထိုတွင် ဌာနဆိုင်ရာ စက်ရုံများက လက်ဆောင် ပေးရာတွင် သူရို့စက်ရုံ ထွက်ပစ္စည်းများ အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ပါမစ်များပါ လက်ဆောင်ပေး တတ်ပါသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ဘိလပ်မြေစက်ရုံ၊ အိမ်မိုးကျောက်ပြား စက်ရုံ၊ ကော်ဇောစက်ရုံ၊ အုတ်စက်ရုံ၊ ပရိဘောဂ စက်ရုံ စသဖြင့် အိမ်ဆောက် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများမှာ ဟောပြောခွင့် ရခဲ့ပါသည်။ 


ထိုအခါ စောစောက ပြောသလို အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ရတော့သည်။ အခြားစာရေး ဆရာများတော့ ထိုပါမစ်များ မည်သို့ အသုံးချသည် မသိ။ ကျွန်တော် အဖို့ရာ ကား အုတ်မြစ် ချရာက တမံ သလင်းခင်း၊ နံဘေးအုတ်စီ၊ ထုတ်ယောက်ဒိုင်း မြားတပ်၊ ကျောက်ပြားမိုး၊ စားပွဲကု လားထိုင်ပြင်ဆင်၊ ကော်ဇောခင်း စသည် ဖြင့် တဖြည်းဖြည်းချင်း အစိုးရဈေးဖြင့် အိမ်တစ်လုံး ဖြစ်သွားပါတော့သည်။ အပြင်ဈေးထက် ၁၀ ဆ သက်သာပါတော့သည်။ အလီလီရသမျှ ပစ္စည်းကို သုံးရသဖြင့် အိမ်ပုံစံတော့ ခေတ်မမီပေ။ သို့သော် အခန်းများကို ရသည့်ပစ္စည်း ပေါ်မီပြီး ဖွဲ့ရပြုရသဖြင့် နေလို့ထိုင် လို့ကောင်းသော အိမ်တစ်လုံးတော့ ဖြစ်သွားပါသည်။ ကျွန်တော့် ဗီဇကလည်း ရိုးရာမပျက် မော်ဒန် ဆန်သဖြင့် ကျွန်တော့်အိမ်မှာ အင်္ဂလိပ်ခေတ် အရာရှိ ဘန်ဂလိုနှင့် အလိုလို တူသွားပါသည်။ ဘာပဲဖြစ်ဖြစ် စာပေ ဟောပြောရာမှ ရသော ပစ္စည်းများဖြင့် ဆောက်သဖြင့် “စာရေး ဆရာအိမ်”ဟု ကျွန်တော့်ဘာသာ ခံတွင်းတွေ့ ပီတိဝေ့ပါသည်။


စကားမစပ် ကျေးဇူး ဆပ်ရပါမူ ကျွန်တော့် အိမ်အောက်ထပ်မှာ ကာရံထားသော အုတ်များမှာ ထိုစဉ်က သမိုင်း အုတ်စက်ရုံမှာ အမှု ထမ်းနေသော ပိန်ပိန် မည်းမည်း စာသရဲ၊ စက်ရုံစာပေပွဲများ အတွက် ရဲရဲဝံ့ဝံ့ တာဝန်ခံသူ လူငယ် တစ်ယောက်၏ ကျေးဇူးဖြစ်ပါသည်။ သူက ပါမစ်ပေးလို့ ကျွန်တော့်အိမ် အောက်ထပ် အုတ်ပတ်ကား ဖြစ်ရသည်။ အကောင်းစား စက်အုတ်များမို့ လှပ တင့်တယ်ပါသည်။ ထိုမည်းမည်း ပိန်ပိန် စာသူငယ်လေးကား ခုနှယ်ခါ အမျိုးသား စာပေဆု သာမက စာပေဆု မျိုးစုံရ ခေတ်ပေါ် ဂန္ထ၀င် စာရေးဆရာကြီး နေ၀င်းမြင့် ဖြစ်ပါသည်။ 


ထို့ကြောင့် ကျွန်တော့်မှာ အောက်ထပ်နေတိုင်း သူ့ သတိရ၏။ ဧည့်သည် ဧည့်ခံတိုင်း သူ့ကျေးဇူး အမှတ်ရ၏။ ကုန်ကုန် ပြောကြကြေး၊ အိမ်သာ တက်လျှင်ပင် သူ့ဆီ လှမ်း မေတ္တာပို့ရပါသည်။ ထို ကျွန်တော့် အိမ်ကလေးသည် ခုနှယ်ခါ ကျွန်တော်နှင့် သဏ္ဌာန် တူနေပေပြီ။ အိမ်ရှင်နှင့်အိမ် လိုက်ဖက်ညီပါ ပေသည်။ ကျွန်တော်က ယခု အချိန်ထိ အိုသော်လည်း ရုပ်ရှင် ရိုက်ရဆဲ၊ သီချင်း ဆိုနိုင်ဆဲ၊ စာရေး ပိုတောင်ကောင်းဆဲ။ ထို့နည်းတူ ကျွန်တော့်အိမ်သည် အိုမင်း လာသော်လည်း ပို၍ တင့်တယ်လာပါ သည်။ ရှေးဟောင်းဘန်ဂလိုပုံစံမို့ ဟောင်းလေကောင်းလေဆိုသလို ဖြစ် နေ၏။ တောဘုန်းကြီး ကျောင်းကဲ့သို့ ကျက်သရေ ရှိပြီး လူနေလို့ ကောင်းသော သဘော ဆောင်နေ၏။ ခေတ်သုံးစကား “အင်းတိတ်”ဟုဆိုရပါမည်။ စက်အုတ်၊ ကျွန်းသစ်များ သုံးထားသောကြောင့် ကြာလေ အဆီတက်ပြီး တန်ဖိုးတက်လေ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော့်အိမ်လေးကို ကျွန်တော် ချစ်ပါသည်။ 


သည်ကနေ့ မော်တော် ကားလောကတွင် ဈေးအကြီးမားဆုံးမှာ ဇိမ်ခံကား (မာစီဒီးကဲ့သို့) မဟုတ်တော့ ပါ။ဘက်စုံသုံးခေါ် ပွဲလည်းတိုး၊ တောခရီး ကြမ်းလည်းနှင်၊ ပါဂျရိုး ကဲ့ သို့ ကားမျိုးဖြစ်နေပါပြီ။ ကျွန်တော့် အိမ်လည်း ဤသို့ သာလျှင်တည်း။ အဖိုး တန်လို့တော့ မဟုတ်။ ရသည့် ပစ္စည်းပေါ် မူတည်ပြီး လိုရမည်ရ စိတ်ကူးတည့် သလို တစ်ဆင့်ချင်း အခန်း ဖွဲ့ရသော ကြောင့် ခုနှယ်ခါတွင် ဘုရားခန်း သီးသန့်၊ ဧည့်ခန်းသီးသန့် အပြင် ယာယီ ဘက်စုံသုံး ဧည့်ခန်းပါထား ရှိနိုင်နေတော့ သည်။ ယာယီဘက်စုံသုံး ဧည့်ခန်းဆို၍ ထည်ထည်ဝါ၀ါတော့ မဟုတ်၊ သူငယ်ချင်း အရက်သမားများ လာလျှင် အဆင်ပြေရန်၊ မီးဖိုဆောင်နှင့် အိမ်သာ ရေချိုးခန်းကြားမှာ အရတည်ကာရံ ထားခြင်းသာ ဖြစ်၏။ ဟုတ်ပါ့။ ထိုသို့ ရှိသဖြင့် သောက်စားဖို့ အမြည်းလည်း မီးဖိုခန်းလှမ်းဆွဲ၊ အော့ချင် အန်ချင်သေး ပေါက်ချင်လည်း အိမ်သာထဲ ပြေးရုံသာ။


ထိုသို့ ဘက်စုံသုံး ကျွန်တော့်အိမ် ကလေးမှာ ခုနှယ်ခါ မော်ဒန်သဘော ဈာန်လျှောခဲ့ ရလေပြီ။ အကြောင်းကား ဖိုးသောကြာ လူလူသူသူ ဖြစ်လာလို့ ငွေယားလေး ပေါ်တော့ သားက အိမ်ပြင် ဆောက်ချင်သတဲ့။ ပထမသူက အိမ် တစ်ခုလုံးဖြိုပြီး ပြန်ဆောက်ချင်တာ ဖြစ်သည်။ ကျွန်တော်က ကိုယ့်အိမ် ရာဇ၀င်ကိုယ် သိသောကြောင့် လက်ဖျားနှင့်မျှ အတို့မခံကြောင်း အမိန့်ထုတ် ရသည်။ ထိုအခါ သူက အိမ်ပြင်မည် လုပ်သည်။ အပေါ်ထပ် ပျဉ်ထောင်ကို အုတ်ပတ်ကား တက်ချင်သည်။ ဒါလည်း ကျွန်တော်က လက်မခံပါ။ ကျွန်တော်က ရိုးရာနှင့် မော်ဒန်ကို ပေါင်း စပ်ချင်သည်။ ပျဉ်ထောင်အုတ်ခံပဲ ကြိုက်သည်။ နောက်ဆုံး ဖိုးသောကြာက တစ်အိမ်လုံး ဆေးအသစ် သုတ်မည် ဖြစ်ပါတော့သည်။ ဒါတော့ လက်ခံ နိုင်စရာ ရှိသည်။ နော့ပေတည့် ကျွန်တော့် မူလရွေးချယ်မှု အတိုင်း သုတ်လက်စ အရောင်သာ ထပ်သုတ်ဟု ပြောရသည်။


ကျွန်တော်က အရောင်ရွေးသည်။ ဧည့်ခန်းဆို ခပ်မှိုင်းမှိုင်း။ အိပ်ခန်းဆို လင်းလင်းချင်းချင်း၊ အိမ်သာကိုတော့ သန့်သန့်ပြန့်ပြန့်...စသည်။ သားကလည်း အဖေ့ သဘောကျ လုပ်ပေးရှာသည်။ ဆေးအကောင်းစား တွေ သုတ်သည်။ ကျွန်တော်က ကွန်က ရစ် မကြိုက်ပေ။ ထိုကြောင့် အုတ်ကွက် သာဖော်သည်။ အုတ်ကွက် ဖော်ရာ၌လည်း ညီညီညာညာ မဟုတ်။ ဖြစ်သလို ဖြစ်သည်။ ပြီးမှ ကျွန်တော်က မြန်မာဖြစ် ဘားနစ်တွေ ပြောင်နေအောင်သုတ် ထားသည်။ ဒါလည်း သားက ဘားနစ် အကောင်းစားတွေ ၀ယ်ပြီး ထပ်သုတ်သည်။ ပရိဘောဂတွေကလည်း ဟောင်းနေပြီး သူက အသစ် လဲချင်သော်လည်း သူ့အမေ အေးဘုံနှင့် လက်ထက်ပွားမို့ ကော်ပတ်တိုက်ပြီး အကောင်းစား ပေါလစ်သာ ပြန်တင်ခွင့်ပေးသည်။


သည်မှာတင် ပြဿနာ ပေါ်တော့သည်။ ပေါလစ် အကောင်းစား ပြဿနာ ဖြစ်သည်။ သားသည် ပရိဘောဂများ သာ မက အိမ်ရှိ သစ်သား၊နံရံ၊ ပရိဘောဂ၊ ခွေးခြေက အစ ပေါလစ် တင်တော့သည်။ ထို့ထက်ကား နှစ်ပေါင်း သုံးဆယ်လောက် အသား သေနေပြီဖြစ်သော အပေါ်ထပ် ကြမ်းခင်းကိုပါ ကော်ပတ်စား ပေါလစ် အကောင်းစား သုတ်ပါတော့သည်။


အပေါ်ထပ်မှာက အိပ်ချိန်သာ တက်ကြပြုကြတာ ဖြစ်သော်လည်း TV ကြည့်ချိန်တော့ အပေါ် တက်ကြသည်။ စကားမစပ် ပြောရလျှင် ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင် ရှိသည်။ ကျွန်တော် ခဏခဏ ရေးဖူးသော လမ်းဘေးက ခွေးကြီး ရန်လုံကား သေလေပြီ။ သူ ရှိတုန်းကလည်း အိမ်ထဲ ၀င်ခွင့်မရပါ။ သူသည် အိမ်နှင့် ပတ်သက်လို့ ကျွန်တော် စာရေးသော ဆင်ဝင်အောက် ကုလား ထိုင်နားမှာ ရစ်သီခွင့်၊ အိပ်စက်ခွင့် ရရှာသည်။ တလောကတော့ ၈ လကြာ ဒုလ္လဘ ရဟန်းခံရာမှ လူပြန်အထွက် ဆရာတော် စွန့်လိုက်သော အိမ်တွင်းမွေး မွေးစုတ်ဖွားမလေး တစ်ကောင် ပါလာသည်။ 


ဘုန်းကြီးလက်ပေါ် ကြီးလာခဲ့ရ တာရော၊ သူ့ဗီဇကိုကလည်း အိမ်တွင်း နေမို့ လူစကားနားလည်သလိုရှိသည်။ လူမိသားစုများကဲ့သို့ အိမ်ထဲ သွားလာ နေထိုင်ခွင့် ရှိသည်။ စောစောကပြော သလို ဘုန်းကြီး၏ ခွေးဖြစ်သောကြောင့် လူတွေနဲ့ နီးစပ်ပြီး ပရောပရီရှိသည်။ ဆိုကြပါစို့။ တစ်အိမ်လုံး၏ အချစ်တော် ဖြစ်နေသည်။ 


ခွေးဆိုလျှင် အိမ်စောင့်ဖို့ လောက်သာ တန်ဖိုး ထားတတ်သော အေးဘုံ ပင်လျှင် ခွေးလေး အရောဝင်ရာ ဖင်တက်ခေါင်းတက် ခံရတော့သည်။ ထိုအခါမျိုးမှာလည်း အေးဘုံက စိတ်မဆိုးပေ။ ကျေနပ်၍ပင် နေတော့သည်။ ဟုတ်ပါ့၊ သူဟင်းချက်လျှင် အနားမှာ နေသည်။ သူ စာဖတ်လျှင် အနားမှာထိုင် သည်။ ညအိပ်လျှင် အေးဘုံအောက် တည့်တည့် ခုတင် ခြေရင်းမှာ အိပ်သည်။ အောင်မယ် သူ နေ့လယ်တစ် ရေးတစ်မော အိပ်လျှင်တောင် ခွေးက ခုတင်အောက် ၀င်ပြီး အေးဘုံနှင့် အပြိုင် အိပ်သည်။


ဆိုလိုတာက အေးဘုံ အချစ်တော် ဖြစ်နေပေပြီ။ လူ့သဘာဝကား လစ်လျှင် လစ်သလို ပြတတ်ပါသည်။ ကျွန်တော့် စာတွေ အဖတ်များသော ပရိသတ်သည် အေးဘုံကို သိနေရုံမက သူ့စရိုက် သဘာဝကိုပင် သဘောပေါက် နေလောက်ပါပြီ။ ဆိုကြပါစို့။ ဣနြေ္ဒကြီးသည်၊ စိတ်ဓာတ် မာကျောသည်၊ စကား ပြောပြတ်သည် စသဖြင့် လူရိုသေ ရှင်ရို သေဟု မတန်မရာ ၀ိသေသ ပြုရပါလိမ့်မည်။


သို့သော် တစ်နေ့တွင် အဘွားကြီးသည် လူအလစ် အပေါ်ထပ်မှာ ထိုခွေးနှင့် ဆော့ကစားတော့သည်။ လိုက်တမ်း ပြေးတမ်းလို ကစားတာဖြစ်သည်။ ထိုအခါ သူ့သားတော်မောင်၏ လောကွတ် ချော်မှုက သူ့ရောခွေးပါ ချော်တော ငေါ့စေတော့သည်။ ၀ုန်းဒိုင်း အသံကြားလို့ သမီးကြီးက ပြေးတက်ကြည့်တော့ ဣနြေ္ဒရှင် ဒေါ်အေးဘုံကြီး ကြမ်းပြင် ပေါ်မှာ ပိုးလိုးပက်လက်။ ခွေးကတော့ ချော်လဲသော်လည်း ပြန်ထ ပြေးနေပြီ။ အေးဘုံက ရုတ်တရက် မထနိုင်တော့ပေ။ သမီးက တွဲထူရတော့သည်။ ထိုအချိန်က ကျွန်တော် အိမ်မှာ မရှိပေ။ ညနေ ထမင်းစားဖို့ အေးဘုံကို စားပွဲ ပြင်ခိုင်းတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။ မေးတော့လည်း ယောင်ဝါးဝါး ဖြေပေမယ့် မျက်နှာက မချိုမချဉ် စပ်ဖြီး ဖြီးရယ်။ အသက်ကြီးမှ ကလေးကလား ဖြစ်ရတာ ရှက်နေပုံရသည်။ သမီးရည်း စားဘ၀ကပင် ရှက်ဟန်မပြ၊ ရိုးအအ သည် မိန်းမ၊ ခုမှ။


ဒီမှာတင် ကျွန်တော်သည် ဖိုးသောကြာ ပြုသမျှ နုခဲ့ရသော ကျွန်တော့် အိမ်သစ်လွင် သွားရခြင်းကို တုံ့ပြန်ဖို့ အပြစ်ဖွဲ့ရတော့သည်။ ကျွန်တော်သည် ဆိုင်သည် မဆိုင် သည်အပထားလို့ စာရေးဆရာ စကား ပြောတော့မည်။ ဒဿန ပါအောင်လည်း ရှာကြံ လေးနက်ကြရသည်။ “ဟေ့ ဖိုးသောကြာ မှတ်ထားကွ။ ပြောင်စေချင်လို့ ပေါလစ်တင်တိုင်း မကောင်းဘူး။ “ပြင်လွန်းရင် ဖင်ချွန်း” တဲ့။ သက်ကြီးစကား ရှိတယ်။ ခုဟာက မင့်အမေ ဖင်ပွန်းရပြီး အဲ မလိုအပ်ဘဲ ပေါလစ် အတင်လွန်သွားတော့ ခွေး တောင် ချော်လဲတယ်မှတ်” 


--------------------


သုမောင်


(ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)


Friday, February 4, 2011


(ယဉ်သင်းအိ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။).

ကျွန်တော်၏ အချစ်ဦး

ကျွန်တော်၏ အချစ်ဦး။


♥♥♥♥♥♥♥


သိန်းဖေမြင့်


၁၉၂၇ - ၂၈ ခုနှစ်လောက်က ဖြစ်လေသည်။ ကျွန်တော်သည် ဘုတလင် ဆရာဥာဏ်ကျောင်းမှ နေပြီး၊ မုံရွာမြို့ နေရှင်နယ်ကျောင်း (အမျိုးသားကျောင်း) သို့ပြောင်းနေရ၏။ ဗာနက်ကူလာခေါ်  မြန်မာသက်သက် ကျောင်းမှ နေပြီး အင်္ဂလိုဗာနက်ကူလာခေါ် အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ကျောင်းသို့ ပြောင်းရခြင်းဖြစ်သည်။ မြန်မာ ၄ တန်းအောင်ပြီး ကတည်းက အင်္ဂလိပ်စာကို အနည်းအကျဉ်း အလွတ်သင်ထားသဖြင့်၊ နေရှင်နယ်ကျောင်းက ကျွန်တော့်ကို စတုတ္တဆင့် (4 th Form) တွင် လက်ခံလေသည်။ (နေရှင်နယ်ကျောင်း စတုတ္တဆင့်သည် အခြားကျောင်း ပဉ္စမတန်းနှင့် ညီမျှကြောင်း သတ်မှတ်ထားကြသည်။)...(ကျွန်တော်၏ အချစ်ဦး၊စာမျက်နှာ ၅၉)


(မှတ်ချက်။..။ ဦးသိန်းဖေမြင့်သည် ၁၉၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်ဖွားဖြစ်သဖြင့် ၁၉၂၇ - ၂၈ ခုနှစ်တွင် သူသည် အသက် ၁၃ နှစ် အရွယ်ဝန်းကျင်ခန့် ဖြစ်သည်။)


ညိုမြနှင့် ကခဲ့ရသော ပြဇာတ်တစ်ပုဒ်


ကျွန်တော်တို့ ကျောင်းနေချိန်တွင် မုံရွာမြို့ ဗုဒ္ဓါဘာသာ အထက်တန်းကျောင်းသည် စန်းပွင့်ချိန်ဖြစ်၏။ စာဘက်မှာ ထူးချွန်ရုံသာမက အားကစားဘက်တွင်လည်း ထူးချွန်နေလေသည်။ မုံရွာဘော်လုံးပြိုင်ပွဲတွင် ကျွန်တော်တို့ ကျောင်းအသင်းက ရှေ့တန်းရောက်နေ၏။ ချင်းစော်ဘွားသား ဟောင်ချင်ပေါ၊ ကမ်ချင်သန်းတို့ ညီအစ်ကိုနှင့်သူတို့ ၀မ်းကွဲအစ်ကို ဟောင်ယာချင်ပေါတို့သည် အထက်တန်းအရောက်တွင် ကျွန်တော်တို့ကျောင်းသို့ ပြောင်းလာခဲ့ကြပြီး ကျောင်းမှာ ရှိရင်းစွဲဖြစ်သော ကိုဖြိုး၊ ကိုအောင်ဖြိုး၊ ကိုနီ စသော နာမည်ကြီး ဘောသမားများကို အားဖြည့်ခဲ့ကြလေ၏။

ထိုအချိန်တွင် ကျွန်တော်တို့ကျောင်းသည် ကျောင်းကပွဲလည်း ကျင်းပရာ ပန်တျာအနုပညာတွင်လည်း ထင်ရှားသွားပြန်လေသည်။ ကျောင်းအပွဲတွင် ပါဝင်သော အစီအစဉ်များအနက် အစီအစဉ် ၃ ခုကိုသာ ကျွန်တော် မှတ်မိတော့၏။

တခုမှာ ကာယ လေ့ကျင့်ခန်း အလှပြဖြစ်၏။ နောက်ခံတေးဂီတနှင့် ပြခြင်းဖြစ်၍ လွန်စွာလှပြီး မြိုင်ဆိုင်သည်။ ယင်းနောက်ခံ တေးဂီတမှာ စစ်တပ်ဘင်တီးဝိုင်းမှ ဂီတသံကို အခြေခံထားခြင်း ဖြစ်သည်။ တင်ဆက်သူမှာ ဦးဂုဏ်ဘန် ဖြစ်လေသည်။

အခြား ဦးဂုဏ်ဘန် မဟုတ်ပါ။ ယနေ့ ကျော်ကြားနေသော မြန်မာပညာရှိ ဦးဂုဏ်ဘန်ပင် ဖြစ်ပါသည်။ ထိုစဉ်က သူသည် ဘီဘီတီစီမှာ စာရေးကြီးလုပ်နေ၏။ သို့သော် သူသည် ၀ါသနာစုံလှသည်။ အင်္ဂလိပ် မြန်မာ တေးဂီတ၊ ဇာတ်၊ ရုပ်သေး၊ စာပေ၊ ခြင်းလုံး၊ ကာယလေ့ကျင့်ခန်း စသည်ဖြင့်။ ပေါင်းသင်းဆက်ဆံရေး ကောင်းလှသဖြင့် (ထိုစဉ်က မပျောက်ကွယ်သေးသော) ကာလသားခေါင်းသဖွယ် အများ၏ လေးစားခြင်းကို ခံရသူ ဖြစ်လေသည်။ သူသည် ကျောင်းဆရာ မဟုတ်ပါ။ သူ့အဖေ ဦးသိုင်းသည်ဗုဒ္ဓါဘာသာ အထက်တန်းကျောင်း၏ အုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သဖြင့် ဦးဂုဏ်ဘန်သည် ဗုဒ္ဓါဘာသာကျောင်းနှင့် ကျောင်းဆရာ တစ်ဦးသဖွယ် ရင်းနှီးခြင်းဖြစ်ပါ၏။

နောက်အစီအစဉ် တစ်ခုမှာ လူဖြူနှင့် နီဂရိုးတွဲဆိုရသော သီချင်းတစ်ပုဒ်ဖြစ်၏။ ဘာအဓိပ္ပါယ်ရှိသည်ဟု မသိရသည့် တာရာရာဘွန်ဒရီးန်ဟူသော အသံကိုသာ သတိရတော့သည်။ သိန်းတင် (ညိုမြ) က မျက်နှာဖြူလုပ်ပြီး ကျွန်တော်က နီဂရိုးလုပ်ရသည်။ တယောက်က မျက်နှာကို ပေါင်ဒါ ဖွေးနေအောင် လိမ်းရပြီး တယောက်က အိုးမဲ သုတ်ထားရသည်။

ကျွန်တော် မှတ်မိသော တတိယ အစီအစဉ်မှာ အော်ပရာပြဇာတ် အတိုကလေးဖြစ်၏။ ပါဠိနာမည် ပေးထားသော တခုသောပြည်တွင် တယောက်သော ဘုရင် စိုးစံလေ၏။ ထိုဘုရင်သည် ရူးပေါပေါဖြစ်၏။ (ကာမဂုဏ်နှင့် ပတ်သက်ပြီး ဥမ္မတ္တက ဖြစ်နေ၏။) ဘုရင်ရူးကြီးကို ပါဠိဘွဲ့တွေ ပေးထားသော သက်တော်ရှည် နန်းရင်းဝန်ကြီးက ထိန်းကျောင်းနေရ၏။ အချင်းချင်း လွန်စွာကြင်နာသော ဇနီးမောင်နှံတတွဲ (မင်းသားနှင့် မင်းသမီး) ရှိလေရာ ၊ ဘုရင်ရူးကြီးက မင်းသမီးကို အတင်းလုယူလေသည်။ ဘုရင်ရူးကြီးသည် မယားကို လုယူရုံမက မင်းသားကို နှိပ်စက်သေးသည်။

ဘုရင်က ဤသို့ မတရားမှု ပြုသည်ကို နန်းရင်းဝန်က ဖြောင်းဖျတားမြစ်သော်လည်း မရ။ နောက်ဆုံးတွင် ဘုရင်ရူးကြီး ဒုက္ခရောက်ရလေသည်။

သိန်းတင် (ညိုမြ) က ဘုရင်ရူးလုပ်ပြီး ကျွန်တော်က နန်းရင်းဝန်လုပ်ရသည်။ တင်မြဆိုသော ချောင်းဦးသားက မင်းသားအဖြစ်ဖြင့်၎င်း၊ ချစ်ချစ်ဆိုသော မိန်းမရှာတဦးက မင်းသမီး အဖြစ်ဖြင့်၎င်း ကပြကြလေသည်။ (ချစ်ချစ်သည် ယခုခေတ် မိန်းမရှာမျိုး မဟုတ်ပါ။)

ဤပြဇာတ်ကို ကျွန်တော် ရေးခဲ့ပါသည်။ ဇာတ်လမ်းဇာတ်ကွက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဖန်တီးထားပြီး ဇာတ်စာ ဇာတ်စကားအချို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးထားသောကြောင့် ကျွန်တော်ရေးသော ပြဇာတ်ဟု ခေါ်လိုက်ရခြင်း ဖြစ်ပါသည်။ သို့သော် အများစုမှာ သူများရေးထားသော စာများဖြစ်ပါသည်။ ထိုမှ ဇာတ်စာယူ၊ ဤမှ ဇာတ်စကားယူ၊ ဟိုထဲက နှစ်ပါးသွား သီချင်းယူ၊ သည်ထဲက ငိုချင်းယူ၊ အမျိုးမျိုးယူပြီး ထည့်ထားခြင်းသာ များပါ၏။

နန်းရင်းဝန်က ဘုရင်ရူးကို ထိန်းကျောင်းသည် ဆိုရာဝယ် သူတို့ နှစ်ယောက်ထဲရှိလျှင် ထိန်းကျောင်းရခြင်းဖြစ်၏။ ထိုအချိန်မှာ နန်းရင်းဝန်က အပေါ်စီးရပြီး ဘုရင်က နန်းရင်းဝန်၏ စကားကို နားထောင်ပါသည်။ ရိုက်လျှင်ပင် ခံပါသည်။ လူများရှေ့တွင်ကား နန်းရင်းဝန်သည် ဘုရင့်နောက်က လိုက်ပြီး ဘုရင်ကို အရိုအသေပေးရသည်။ ဘုရင်က နောက်လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် နန်းရင်းဝန်က ဒူးထောက်ကာ လက်အုပ်ချီရလေသည်။ သိန်းတင်က ခဏခဏ လှည့်ကြည့်သည်။ ကျွန်တော်က ခဏခဏ ဒူးထောက်ပြီး လက်အုပ်ချီရသည်။ ထိုအခါ ပရိသတ်က တ၀ါးဝါး ရယ်ကြလေသည်။ ပြဇာတ်မှာ ဟာသလွှမ်းသော ပြဇာတ်ဖြစ်သည်။

မကြာမီက ဤပြဇာတ်အကြောင်း သိန်းတင် (ညိုမြ) နှင့် ကျွန်တော် အတိတ်ဆောင်ကြသောအခါ ဇာတ်စာတပုဒ်သာ သတိရကြတော့သည်။ ထိုဇာတ်စာကို ကျွန်တော်က တ၀က်တပျက်သာရပြီး သိန်းတင်ကတော့ အားလုံးရသေးသည်။ ကျွန်တော်တို့ အမှတ်ရကြသေးသော ဇာတ်စာမှာ ပေါင်ရင်းသီး ဆိုင်းဆင့်ဖြစ်၏။ သိန်းတင်ကတော့ ကျွန်တော်ရေးသောစာအဖြစ်ဖြင့် မှတ်မိနေခဲ့ပါသည်ဟု ဆို၏။ ကျွန်တော် ကိုယ်တိုင်ကမူ ကိုယ်တိုင်ဉာဏ်ဖြင့် ရေးသည်ဟု မထင်ပါ။ ဘယ်က ကူးယူထည့်ထားသလဲလို့လဲ မပြောတတ်ပါ။  ပေါင်ရင်းသီး ဇာတ်စာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

"ရေးဘိတ်, ထားဝယ်, တနင်းဆွယ်၊ ကျယ်သည့်လေးမြို့၊ ဒူရင်းသီးအမည်၊ ရွှေဘွဲ့ချီ၊ ဒီအသီးကိုတော့ လူကြီး လူငယ်၊ ကြိုက်တတ်ပါသည်။

နို့ - ဆရာရယ်၊ ဒူးရင်းသီးသာရှိ၊ ပေါင်ရင်းသီး မရှိဘူးလားလို့ စောဒက တက်စရာ ရှိသကိုးဗျ။

ပေါင်ရင်းသီးရှိကြောင်း ကောင်းကောင်းကြီး ပြောခဲ့တော့မယ်။ အကြီး တကျပ်၊ အလတ် ငါးမူး၊ အထူးသည့်ပြင်၊ သေးလည်းတမတ်၊ ကြိုက်တတ်လျှင် ၀ယ်လို့ သုံးကြတော့။ .......ပွဲတော်သူ ဇင်ဂမုန်းတို့ရဲ့ ၀တ်လာတဲ့ ပိုးထမီကို၊ ကိုယ်မသီ ဗလာကျင်းပါလို့၊ လူပျိုမောင် အီလို့ငြင်းတဲ့အောင်...........ကိုင်းအမ.....ပေါင်ရင်းသီးပြ"

ပရိသတ် တော်တော်နှင့် အရယ်မရပ်သော ဇာတ်ဖြစ်ပါ၏။ ဤဆိုင်းဆင့်နှင့် ဤဟာသသည် ဦးပုညရေးသော ကောသလပြဇာတ်မှ မောင်အောင်လံ၏ ဆိုင်းဆံနှင့်၎င်း၊ ဦးစိန်ကတုံးဇာတ်အဖွဲ့မှ လူရွှင်တော် ဦးရွှေအ၏ နတ်ပျက်ဆိုင်းဆင့်နှင့်၎င်း၊ စဉ်လာမပျက် ရှေ့သွားနောက်လိုက် ညီပါသည်။ ကြံကြံဖန်ဖန် အကြမ်းကို အနုလုပ်နိုင်ခြင်းသည်ပင် အစဉ်အလာ ဟာသတရပ် ဖြစ်ခဲ့ပါ၏။

ကျွန်တော်သည် ဝတ္ထုတပုဒ် ရေပြီးခဲ့ပြီ။ ပြဇာတ်တပုဒ်လည်း ရေးပြီးပြန်ပြီ။ ဝတ္ထုကား  မဂ္ဂဇင်းတွင် ပါသည် မပါသည် မသိ။ မပါဖို့က များသည်။ ပြဇာတ်မှာမူ စင်တင်ခဲ့ရသော ပြဇာတ်ဖြစ်သည်။ တ၀ါးဝါးနှင့် လူကြိုက်များပြီး စွန်သွားသော ပြဇာတ်လည်း ဖြစ်ပါ၏။ ဤကား ကျွန်တော်၏ စာရေးဆရာ အလုပ်သင်ဘ၀ အစ ဖြစ်ပါ၏။


---------------------------


Wednesday, July 16, 2014


 (Budalin Family ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။)

"ပဲ" နဲ့ "ဘဲ"


=======


ဗမာစကားပြောရာမှာပဲဖြစ်ဖြစ် ရေးရာမှာပဲဖြစ်ဖြစ် တော်တော်လေးမှားတတ်ကြတဲ့ အသုံးက နောက်ဆက်ပစ္စည်း "ပဲ" နဲ့ "ဘဲ" အသုံးပါ။ ဘယ်နေရာမှာ "ပဲ" ကို သုံးပြီး ဘယ်နေရာမှာ "ဘဲ" ကို သုံးမလဲ ဆိုတာကို မခွဲတတ်တဲ့သူတွေ တော်တော်များများရှိပါတယ်။


ပုံသေနည်းသုံးပြီးခွဲလို့ အခွဲမှားတာလည်း ရှိပါတယ်။ ရှေ့က "မ" ပါရင် "ဘဲ"၊ ရှေ့က "မ" မပါရင် "ပဲ"လို့ ပုံသေနည်းသုံးပြီးမှတ်ကြတဲ့နည်းဟာ အမြဲတမ်း မမှန်ပါဘူး။


အဲဒီပုံသေနည်းကိုပဲ တချို့က သံပေါက်ကလေးလုပ်ပြီးတောင် မှတ်တတ်ကြပါသေးတယ်။


"မ" ရဲ့နောက်မှာ


ကြိယာ


လိုက်ပါနောက်က "ဘဲ" တဲ့။


သံပေါက်ကလေးက ကောင်းပါရဲ့။ ဒါပေမဲ့ ခြွင်းချက်ရှိနေတာခက်တယ်။ ဒီတော့ ပုံသေနည်းသုံးပြီး အသေမမှတ်ပါနဲ့။ အဓိပ္ပာယ်ကို သိအောင်လုပ်ပြီး အဓိပ္ပာယ်နဲ့ ခွဲခြားမှတ်သားပါ။ ပုံသေမှတ်တာ အန္တရာယ်များပါတယ်။


"ပဲ"နဲ့ "ဘဲ" အရောရောအထွေးထွေးဖြစ်ခဲ့ဖူး


ဒီနေ့ခေတ်မှာ "ပဲ"နဲ့ "ဘဲ" ခွဲသုံးနေတဲ့စကားလုံးတွေအားလုံးကို တချိန်တုန်းက အားလုံး "ပဲ" ချည်းပဲ နေရာမရွေး အဓိပ္ပာယ်မရွေး သုံးခဲ့ကြဖူးပါတယ်။ နောက်တချိန်မှာတော့ အဲဒီနှစ်မျိုးစလုံးကို "ဘဲ" ချည်းပဲ နေရာမရွေး အဓိပ္ပာယ်မရွေးသုံးတဲ့အချိန်လည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့နှစ်လုံးဟာ အနက်အဓိပ္ပာယ်ချင်းက လုံးဝမတူတဲ့ နောက်ဆက်စကားလုံးနှစ်လုံးပါ။ အဲဒါကြောင့် အနက်ရော၊ အဓိပ္ပာယ်ရော မတူတဲ့ အဲဒီနှစ်လုံးကို ခွဲသုံးဖို့ မြန်မာစာအဖွဲ့က ၁၉၈၆ ခုနှစ် ပြဋ္ဌာန်းတဲ့ သတ်ပုံကျမ်းမှာစပြီး ခွဲခြားပြဋ္ဌာန်းခဲ့တယ်လို့ မြန်မာစာအဖွဲ့က ဆရာကြီး ဒေါက်တာ ဦးထွန်းတင့်ကပြောပါတယ်။


နောက်ဆက်ပစ္စည်း "ပဲ" ရဲ့ အဓိပ္ပာယ်


"ပဲ" ရဲ့ အဓိပ္ပာယ်က "ပက်" တို့ "ပင်" တို့နဲ့ အတူတူပါပဲလို့ ဆရာကြီး ဦးထွန်းတင့်ကပြောပါတယ်။ "ပက်" အသုံးက တိမ်ကောသွားပါပြီ။ ရှေးခတ်က ပျို့၊ ကဗျာတွေမှာပဲ တွေ့ရပါတယ်။ "ပင်" ကတော့ အခုထိသုံးနေတုန်းပါ။ "ပင်" ကို အရေးစကားပြေမှာသုံးပြီး "ပဲ" ကို အပြောစကားပြေမှာ သုံးကြပါတယ်။ "ပဲ"နဲ့ "ပင်" က အဓိပ္ပာယ်ချင်းတူတဲ့အတွက် "ပင်" သုံးတဲ့နေရာမှာ "ပဲ" ကိုအစားထိုးကြည့်ရင် အဆင်ပြေညီညွတ်ပါတယ်။


ဥပမာတချို့ပြပါမယ်။


သူကတော့ အဲသလိုပြောတာပဲ။


သူကထိုသို့ပြောသည်ပင်။


အဲဒါကတော့ လူတယောက်ပါပဲ။


ထိုသူသည် လူတယောက်ပင်။


ဟိုဟာကတော့ နတ်တပါးပါပဲ။


ထိုသူကား နတ်တပါးပင်။


မင်းဘယ်လိုတားတား သူကတော့ လုပ်မှာပဲ။


သင်မည်သို့တားစေကာမူ သူကတော့ လာမည်ပင်။


အတူတူပဲလို့ထင်တာပဲ။


အတူတူပင်ဟုသာ ထင်မိသည်ပင်။


စိတ်မှာစွဲသူပဲထင်မိတယ်။


စိတ်တွင်စွဲနေသောကြောင့် သူဟုသာပင်ထင်မိသည်။


ကျွန်တော်လည်း ဒါကိုပဲပြောနေတာ။


ကျွန်တော်လည်း ထိုအရာကိုပင်ပြောနေခြင်းဖြစ်သည်။


ပြောပဲပြောနိုင်လွန်းတယ်။ အိပ်ပဲအိပ်နိုင်လွန်းတယ်။


ပြောပင်ပြောနိုင်လွန်းသည်။ အိပ်ပင်အိပ်နိုင်လွန်းသည်။


အဲဒီတော့ "ပင်" နဲ့ အစားထိုးကြည့်လို့ အဆင်ပြေရင် "ပဲ" ကိုသုံးနိုင်တယ်လို့ မှတ်ချင်မှတ်နိုင်ပါတယ်။


"ပဲ"၊ "ပင်"၊ "ပက်"တို့ရဲ့ အဓိပ္ပာယ်ကတော့ စင်စစ် အမှန်စင်စစ် ဆိုတာနဲ့ အတူတူပဲလို့ ဆရာကြီး ဦးထွန်းတင့်ကပြောပါတယ်။ လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ ဆိုရင် လူစင်စစ်ဖြစ်တယ်၊ နတ်စင်စစ်ဖြစ်တယ်၊ ဗြဟ္မာစင်စစ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်လို့ ဆိုပါတယ်။ စကားပြောလို့အသံထွက်တဲ့အခါ အသံပြောင်းထုံးစနစ်အရ နေရာကိုလိုက်ပြီး တခါတလေပဲလို့အသံထွက်ပြီး တခါတလေဘဲလို့ အသံထွက်ပါတယ်။ ဘယ်လိုပဲအသံထွက်ထွက် ရင်းမြစ်ကိုအဓိကထားပြီး "ပဲ" လို့သာ စာလုံးပေါင်းဖို့ မြန်မာစာအဖွဲ့ကဆုံးဖြတ်ခဲ့တယ်လို့ ဆရာကြီးဦးထွန်းတင့်က ပြောပါတယ်။


နောက်ဆက်ပစ္စည်း "ဘဲ" ရဲ့အဓိပ္ပာယ်


အလင်္ကာပုလဲပန်းမှာ ကျွန်တော်တို့ မကြာခဏဆွေးနွေးခဲ့ဖူးသလိုပါပဲ။ မြန်မာစကားစစ်စစ်ဆိုရင် တတိယအက္ခရာ၊ စတုတ္ထအက္ခရာတို့မှာ ဘယ်တော့မှ အနက်အဓိပ္ပာယ် မရှိပါဘူး။ ပထမအက္ခရာ၊ ဒုတိယအက္ခရာတွေမှာသာ အဓိပ္ပာယ် ရှိပါတယ်။ ဆိုလိုတာက ပထမအက္ခရာတွေဖြစ်ကြတဲ့ က၊ခ၊ စ၊ဆ၊ တ၊ထ၊ ပ၊ ဖတို့မှာပဲ မြန်မာစကားတွေရဲ့ အနက်ရင်းရှိပါတယ်။ ဂ၊ဃ၊ဇ၊ဈ၊ဒ၊ဓ၊ဗ၊ဘ တို့မှာ မြန်မာစကားစစ်စစ်ရဲ့ အနက်မရှိပါဘူး။ အဲဒီစကားလုံးတွေဟာ ပါဠိ၊ သက္ကတ အတွက်သာ အသုံးပြုတာဖြစ်ပါတယ်။


ဒါ့ကြောင့် "ဘဲ" ဆိုတဲ့စကားလုံးမှာလည်း အနက်မရှိပါဘူး။ သူ့ရဲ့အနက်ရင်းက "ဖဲ" ဖြစ်တယ်လို့ ဆရာကြီးဒေါက်တာဦးထွန်းတင့်ကဆိုပါတယ်။ အသံထွက်ကလည်း နေရာကိုလိုက်ပြီး တခါတလေ "ဖဲ" လို့အသံထွက်ပြီး တခါတလေ "ဘဲ" လို့အသံထွက်ပါတယ်။ မကြိုက်ဖဲနဲ့စားနေတယ်ဆိုရင် "ဖဲ"လို့ အသံထွက်ပါတယ်။ မသိဘဲနဲ့ ပြောနေတယ်ဆိုတဲ့ နေရာမှာတော့ "ဘဲ" လို့အသံထွက်ပါတယ်။ နေရာကို လိုက်ပြီး အသံထွက်ပြောင်းတာပါ။ အနက်ရင်းက "ဖဲ" ပါ။


"အဲဒီဖဲက ဘာအဓိပ္ပာယ်ရှိသလဲဆိုတော့ မြန်မာစကားဟာ တက်ကျသံ ဘာသာစကားဖြစ်တာနဲ့ အညီ ဖဲ၊ ဖယ်၊ ဖဲ့ သုံးလုံးစလုံး အနက်တူပါတယ်။ ဒီဂရီ အပျော့အပြင်းသာကွာပါတယ်။ ဖဲ့တယ်ဆိုတာ ဖဲ့ထုတ်ပစ်လိုက်တာ၊ အပြင်ရောက်အောင်လုပ်ပစ်လိုက်တာ၊ ဘေးရောက်အောင်လုပ်ပစ်လိုက်တာပါပဲ။ ဖယ်တယ်ဆိုတာလည်း အပြင်ရောက်အောင်လုပ်ပစ်လိုက်တာ၊ ရွှေ့ပစ်လိုက်တာပါပဲ။ ဖဲတယ်ဆိုတာလည်း အလားတူအဓိပ္ပာယ်ထွက်တယ်" လို့ ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။ ရှောင်ဖယ်တယ်၊ ဖဲကြဉ်တယ်ဆိုတာတွေဟာ အဓိပ္ပာယ် အတူတူပါပဲ လို့လည်း ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။


ဥပမာအားဖြင့် ဒံပေါက်မစားဘဲ (ဖဲ) သွေးတိုးနေတယ် လို့ပြောတယ်ဆိုပါစို့။ အဲဒီမစားဘဲ (ဖဲ) ရဲ့ အဓိပ္ပာယ်ဟာ ဘာနဲ့တူသလဲဆိုတော့ ဒံပေါက်စားခြင်းမှရှောင်ဖယ်လျက်၊ ဒံပေါက်စားခြင်းမှဖဲကြဉ်လျက်၊ ဒံပေါက်ကို မစားမူ၍ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။


အဲဒီတော့ "ဖဲ" အဓိပ္ပာယ်၊ "ဖယ်"အဓိပ္ပာယ်ထွက်မှ "ဘဲ" ဆိုတဲ့စကားလုံးကို သုံးတာဖြစ် ပါတယ်။


စကားလုံးအစားထိုးကြည့်မယ်ဆိုရင် ဒံပေါက်မစားဘဲ သွေးတိုးတယ် ဆိုတာဟာ ဒံပေါက်စားခြင်းမှာ ရှောင်ဖယ်လျက် သွေးတိုးတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒံပေါက်စားခြင်းကို ဖဲကြဉ်လျက် သွေးတိုးတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒံပေါက်ကို မစားမူ၍ သွေးတိုးတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။


အဲသလို စကားလုံးတွေကို ချရေးပြီး နည်းနည်းစဉ်းစားကြည့်ပါမယ်။


မသိဘဲ ပြောနေတယ်။


မကြိုက်ဘဲ စားလိုက်တယ်။


မချစ်ဘဲ လက်ထပ်လိုက်ရတယ်။


နားမလည်ဘဲ လျှောက်ရေးနေတယ်။


အသံမကောင်းဘဲ သီချင်းဆိုတယ်။


မပြုံးဘဲ ဝါးလုံးကွဲရယ်တယ်။


အဲဒီစကားလုံးတွေအားလုံးဟာ ဖဲကြဉ်တဲ့ အဓိပ္ပာယ် ထွက်ပါတယ်။ ဒါ့ကြောင့် ဘဲ လို့စာလုံးပေါင်းပါတယ်။ ဒီနမူနာတွေကို ကြည့်ရင် "မ" ပါရင် "ဘဲ" သုံးရမယ်ဆိုတဲ့ ပုံသေနည်းဟာ မှန်နေပါတယ်။ ဒါပေမယ့် နေရာတိုင်း မမှန်ပါဘူး။


"မ" ပါတိုင်း "ဘဲ" သုံးလို့မမှန်နိုင်


"မ" ပါတိုင်း "ဘဲ" သုံးလို့ မမှန်နိုင်တဲ့ နမူနာဝါကျတချို့ကိုပြပါတယ်။


အဲဒီနေ့က မိုးရွာမှ မရွာပဲ။


အဲသလိုလုပ်မယ်ဆိုတာကို မင်းကပြောမှ ပြောမထားပဲ။


အဲဒီနေ့ကမီးမှမလာပဲ။


မင်းပြောသလိုဟုတ်မှမဟုတ်ပဲ။


ငါခိုင်းသလိုမှ မလုပ်ပဲ။


ကျွန်တော်က အဲသလိုမှထင်မထားပဲ။


အဲဒီဝါကျတွေအားလုံးမှာ "မ" ပါပါတယ်။ ဒါပေမယ့် "ပဲ" သုံးမှမှန်ပါမယ်။ "ဘဲ" သုံးရင်မှားပါတယ်။


ဘာ့ကြောင့်ပါလဲ။


ဆရာကြီးဦးထွန်းတင့်က ဒီလိုပြောပါတယ်။


"ဒီနေရာမှာ အဲဒီနေ့က မီးမှမလာပဲ ဆိုရာမှာ မီးမလာသည်မှာ စင်စစ်ဖြစ်တယ်လို့ ပြောချင်တာ။ နောက်ကပဲဟာ စင်စစ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပြောတာဗျ။ လေးနက်အောင်ပြောတာ။ ဒီနေရာမှာ ဖဲကြဉ်ခြင်းအဓိပ္ပာယ်မဟုတ်လို့ ဘဲ မသုံးတာပါ။ ပင်နဲ့ အစားထိုးကြည့်ရတာ ပိုအဆင်ပြေသလား ဖဲကြဉ်လျက် အစားထိုးရတာပိုအဆင်ပြေသလား အစားထိုးကြည့်ပါ။"


ဆရာကြီးဦးထွန်းတင့်ပြောသလို အစားထိုးကြည့်ပါမယ်။ ပထမ ပင် နဲ့ အစားထိုးကြည့်ပါမယ်။


အဲဒီနေ့က မိုးရွာမှ မရွာပဲ။


ထိုနေ့ကမိုးရွာမှ မရွာသည်ပင်။


အဲသလိုလုပ်မယ်ဆိုတာကို မင်းကပြောမှ ပြောမထားပဲ။


ထိုသို့လုပ်မည်ဆိုသည်ကို မင်းကပြောမှပြောမထားသည်ပင်။


အဲဒီနေ့ကမီးမှမလာပဲ။


ထိုနေ့မီးမှ မလာသည်ပင်။


မင်းပြောသလိုဟုတ်မှမဟုတ်ပဲ။


မင်းပြောသလိုဟုတ်မှမဟုတ်သည်ပင်။


ငါခိုင်းသလိုမှ မလုပ်ပဲ။


ငါခိုင်းသလိုမှ မလုပ်သည်ပင်။


ကျွန်တော်က အဲသလိုမှထင်မထားပဲ။


ကျွန်တော်က ထိုသို့ ထင်မှထင်မထားသည်ပင်။


အားလုံးကို ပင်နဲ့ အစားထိုးလို့ရပါတယ်။ ဖဲကြဉ်လျက်နဲ့ အစားထိုးကြည့်ရအောင်ပါ။


အဲဒီနေ့က မိုးရွာမှ မရွာပဲ။


ထိုနေ့က မိုးရွာသည်ကိုဖဲကြဉ်လျက်


အဲသလိုလုပ်မယ်ဆိုတာကို မင်းကပြောမှ ပြောမထားပဲ။


ထိုသို့လုပ်မည်ဆိုသည်ကို မင်းပြောသည်ကိုဖဲကြဉ်လျက်


အဲဒီနေ့ကမီးမှမလာပဲ။


ထိုနေ့ကမီးလာသည်ကိုဖဲကြည်လျက်


ဖဲသို့မဟုတ် ဘဲကို သုံးမယ်ဆိုရင် နောက်ဆက်တွဲတခုခုလိုပါတယ်။ အဲသလိုဖဲကြဉ်လိုက်တဲ့ အတွက် တခြားတခုခုဖြစ်သွားတယ်ဆိုတဲ့ အခြေအနေပြ စာပိုဒ်တခုခုဖြည့်စွက်ဖို့လိုနေပါတယ်။


တကယ်လို့ပုံသေနည်းသဘောမှတ်ထားမယ်ဆိုရင် "မ" ပါပေမယ့် ဝါကျအဆုံးမှာဖြစ်နေရင် "ဘဲ" မသုံးဘဲ "ပဲ"ကိုသာသုံးရမယ်လို့ မှတ်ထားရင် ရတန်ကောင်းပါတယ်။ ဒါပေမယ့် ပုံသေနည်းသုံးတာ အန္တရာယ်များပါတယ်။ ကျွန်တော်တို့သတိမထားမိတဲ့ ခြွင်းချက်တခုခု ကျန်နေရင် ပုံသေနည်းက မှားနေပါဦးမယ်။


အဓိပ္ပာယ်ကို အဓိကကြည့်ပါ


ဒီတော့ ပုံသေနည်းသုံးတာထက် အဓိပ္ပာယ်ကို ကြည့်ပြီးသုံးတာက မလွဲနိုင်တဲ့နည်းပါ။ အကယ်စင်စစ် အဓိပ္ပာယ်ထွက်ရင် "ပင်" နဲ့ အဓိပ္ပာယ်တူရင် "ပဲ" ကိုသုံးပါ။ ဖယ်တဲ့သဘောဖဲ့တဲ့သဘောဖဲတဲ့ သဘော အဓိပ္ပာယ်ထွက်ရင် "ဘဲ" ကိုသုံးပါ။ "မ - ဘဲ" အတွဲဖြစ်ပေမယ့် ဖဲကြဉ်တဲ့ အဓိပ္ပာယ်ထွက်မှ "ဘဲ" ကိုသုံးပါ။


လူတချို့အမှတ်အသားပြုတဲ့လင်္ကာလေးကိုတော့ နောက်ထပ်လင်္ကာတပိုဒ်နဲ့ ကျွန်တော်အခုလိုဖြည့်စွက်ချင်ပါတယ်။


"မ" ရဲ့နောက်မှာ


ကြိယာ


လိုက်ပါနောက်က "ဘဲ" ။


ခြွင်းချက်ရှိတာ


မမေ့ရာ


မင်းမှမလာပဲ။


မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဒေါက်တာဦးထွန်းတင့်


BBC News

Sunday, 28 October 2018

ဝမ်းမြောက်တဲ့ အောင်သံပေ ♥ ဆူးငှက်

ဝမ်းမြောက်တဲ့ အောင်သံပေ


♥♥♥♥♥♥♥♥♥


ဆူးငှက်


သီးတင်းကျွတ်သည်နှင့် အိမ်မှာ မင်္ဂလာဆောင် ဖိတ်စာများနှင့်အတူ  စေ့စပ်ကြောင်းလမ်းပွဲဖိတ်စာ အချို့လည်း တွေ့လာရ၏။


ရှေးက မန္တလေးမှာ ရပ်ကွက် ထဲ၊ လမ်းထဲ၊ ဝင်းထဲ၌ မဏ္ဍပ်များ နှင့် မင်္ဂလာဆောင်ကြသည်။ နောက်ပိုင်းတွင် မဏ္ဍပ်နှင့် မင်္ဂလာဆောင်ရာ၌ လမ်းပိတ်မိန့်၊ ပွဲမိန့် တောင်းခံရခြင်း စသည့်အခက် အခဲများနှင့် မိုးလေဝသစိတ်မချရ ခြင်း၊ မဏ္ဍပ်ငှားရမ်းဆောက်လုပ် သည့် စရိတ်စက ကြီးလေးခြင်း တို့ကြောင့် ခန်းမများနှင့် မင်္ဂလာ ဆောင်ကြသည့် ပုံစံများဆီ ပြောင်း လဲလာသည်။ သတို့သား၊ သတို့ သမီး မောင်နှံနှစ်ဖြာ စုလျားရစ် ပတ် ထိမ်းမြားသည့်ကိစ္စမှာ စေ့ စပ်ကြောင်းလမ်းပွဲက တစ်ကြိမ်၊ လက်ထပ်မင်္ဂလာ ဆွမ်းကျွေးက တစ်ကြိမ်၊ မင်္ဂလာဧည့်ခံပွဲက တစ် ကြိမ်၊ မင်္ဂလာညစာစားပွဲက တစ် ကြိမ် စသည်ဖြင့် ကျင်းပလာကြ သည်။ မင်္ဂလာ သတို့သမီး မိတ် ကပ်ကလည်း အနည်းဆုံး သိန်း ဂဏန်း.. ၊ ဝတ်စုံကလည်း အမျိုး မျိုး.. ။ ငှားရမ်းလည်း ဝတ်နိုင် သည်။ စေ့စပ်ပွဲဝတ်စုံ၊ လက်ထပ် ဆွမ်းကျွေးဝတ်စုံ၊ မင်္ဂလာဧည့်ခံ ဝတ်စုံ၊ ဒင်နာဝတ်စုံ.. ။ ပြီးတော့ လက်ဝတ်ရတနာ.. ။ ပြီးတော့ကားငှားရမ်းခ.. ။ ထားတော့.. ။ခေတ်အလိုက်လိုအပ်သည့် အဝတ်အစား အဆင်အယင်၊ အ ဆောင်အယောင်နှင့် ခန်းမနေရာများ ပြောင်းလဲသွားသည်က တော့.. ။


စေ့စပ်ကြောင်းလမ်းသည် က အရင်က အလွန်သိုသိပ်ယဉ် ကျေးသော မြန်မာမိသားစုပုံစံမျိုး၊ ကိုယ့်မျိုးကိုယ့်ဆွေနှင့်တင်မပြီး တော့.. ။ လူသူလေးပါး ခန်းမကြီး ထဲ ဖိတ်ကြားပြီး နှစ်ဖက်မိဘ၊ ဂုဏ်သရေရှိ လူကြီးစုံရာနှင့် အ ခမ်းအနားအစီအစဉ်ကြီးများနှင့် အတူ သတို့သားဘက်ကတင် သည့် ပစ္စည်းစာရင်း၊ တန်ဖိုး၊ မိဘ များလက်ဖွဲ့သည့် ပစ္စည်းစာရင်း တန်ဖိုးများကို စာချုပ်စာတမ်းနှင့် ရှေ့နေ ရှေ့ရပ်နှင့် အသိသက် သေနှင့် လက်မှတ်ရေးထိုးကာ သတို့သား၊ သတို့သမီးထံ အပ်နှံ သည့် ကိစ္စများအထိ ကြီးကျယ် ခမ်းနားလာ၏။ အရင်က မန္တလေး မူဆိုတာ ရှိသည်ကို ရှိသလောက် ထုတ်ဖော် ဝတ်စားပြတာမျိုး မဟုတ်။ သိုသိပ်သည်။ အနေကျုံ့ သည်။ ကျစ်လျစ်သည်။ ရှိတာ လည်း လူမသိစေ၊ မရှိတာလည်း လူမသိစေသည့် နေထိုင်မှုဖြစ် သည်။


အခုတော့ ရှိသူရော၊ မရှိသူ ရော သတို့သားဘက်က ကားတန်းရှည်ကြီးက သတို့သမီးထံ သွား ရောက်ပြီး သတို့သမီးဘက်က စောင့်ဆိုင်းနေသော ကားတန်း ရှည်ကြီးနှင့်အတူ ဟွန်းသံတညံညံ ဖြင့် မင်္ဂလာခန်းမဆီ စီတန်းလှည့် လည်ကြကုန်၏။ ဒီယဉ်ကျေးမှုက တော့ မန္တလေးမှာ ထွန်းကားနေ တာကြာပါပြီ။ ရှိသူတွေက ပြဿ နာမဟုတ်။ မရှိသူတွေကလည်း မင်္ဂလာဆောင်လျှင် ထိုအစဉ်အ လာကို လွန်ဆန်၍မရ။ အခကြေး ငွေနှင့် ငှားတန်သည့် ကားကို ငှား..၊ မနိုင်ရန်ကာ မိတ်ဆွေကား ပိုင်ရှင်များအား ဇွတ်အကူအညီ တောင်းတန်တောင်းနှင့် ကျေနပ်၊ မကျေနပ်ဖြစ်အောင် စီစဉ်ကြရ သည်။ သတို့သား၊ သတို့သမီး အိမ်က မင်္ဂလာခန်းမဆီ ကား တန်းကြီးနှင့် သွားရုံဆို ကိစ္စမရှိ..။ နောက်ပိုင်းဖြစ်လာနိုင်တာက ဒီကားတန်းကြီးနှင့် သတို့သား၊ သတို့သမီးက မန္တလေးတောင် ဘိုးဘိုးကြီးနန်းသို့ နတ်ပြသွားကြ ရဦးမည်ဆိုလျှင် ကားခ၊ ဆီဖိုးပို တက်လာဦးမည်။


တစ်ခုတော့ အစဉ်အလာ ဟောင်း၊ အစဉ်အလာကောင်းရှိ နေပါသေးသည်။ မင်္ဂလာခန်းမမှာ ရောက်သည်နှင့် ကျွေးမွေးဧည့်ခံ သော အစားအသောက်ကို အလျှံပယ်စားသောက်နိုင်သည်။ ကြိုက် သည့်အချိန် လက်ဖွဲ့ပြီး ပြန်နိုင်သည်။ သို့မဟုတ် တီးဝိုင်းက သီချင်းကောင်းလို့ ရေခဲမုန့် နောက်တစ်ပွဲထပ်မှာပြီး ကြိုက်သလောက်ထိုင်နိုင်သည်။ သတို့သား၊ သတို့သမီးရောက်လာ၊ အခမ်းအနားအစီအစဉ်ကြီးနှင့် အခါတော်ပေး၊ လက်စွပ်လဲ၊ ပန်းစည်းပေးပြီးမှ စားသောက်ကြ၊ ပြီးတာနှင့် ခန်းမအဝင်မှာ သတို့သား၊သတို့သမီးကို နှုတ်ဆက်ပြန်ဆိုသော ပုံစံကျ အလုပ်သဘောမရောက်သေး။ သို့သော် ကိုယ့်အစဉ်အလာကောင်းကို စွန့်ပြီး ထိုအစဉ်အလာကို ပုံတူကူးလုအံ့ဆဲဆဲတော့ ဖြစ်နေပေပြီ။ မန္တလေးမြို့ခံ လူကြီးလူကောင်းများ ကိုယ်တိုင်ကပင် ကိုယ့်အစဉ်အလာကောင်းမှာကို ထွေးထွေးပိုက်ပိုက်အမြင်ကျယ်ကျယ်ရှိဖို့လိုပါ၏။


မင်္ဂလာဧည့်ခံပွဲပြီးတော့ ဒင် နာတဲ့.. ။ သတို့သား၊ သတို့သမီး ကလည်း ဝတ်စုံပြောင်း.. ။ သောက်ကြ.. ၊ စားကြ.. ။ ဒါက တရုတ်တို့ အစဉ်အလာဖြစ်သည်။ ဒါကလည်း မန္တလေးမှု (ဝါ) မြန်မာ မှုမဟုတ်။ အခုတော့ မန္တလေးမှာ မင်္ဂလာဧည့်ခံပွဲအပြီး ဒင်နာဆို တာ အတော်ခေတ်စားလာ၏။ ကုန်လိုက်သည့်ငွေက သောက် သောက်လဲ.. ။


ရှေးက မန္တလေးမှာ မင်္ဂလာ ဆောင်ညမှာ ရပ်ကွက်တွင်း အငြိမ့်ခံသည်။ သို့မဟုတ် မြို့မ နှင့် အငြိမ့်ခန်းဖြင့် ရပ်ကွက်ကို ဧည့်ခံသည်။ ဤသို့ဖြင့် ကုန်ရကျိုးနပ်ခဲ့သည်။


မင်္ဂလာဆောင်များနှင့်ပတ် သက်၍ မန္တလေးမှာ အကောင်းဆုံးအမွေကို မန္တလေးသားကိုယ်တိုင် မန္တလေးသားသူဌေး မိသားစု အ တွက် မင်္ဂလာလက်ဖွဲ့အဖြစ်ပေးအပ်ခဲ့ဖူးပါသည်။ ပေးသူကလည်း


မန္တလေးသား၊ မန္တလေးသားအနုပညာကို တကယ်တန်ဖိုးရှိမှန်းသိ၊ ထုပ်ထုပ်ပိုက်ပိုက် လေ့လာလိုက်စားခဲ့သူ၊ လက်ခံသူကလည်း ဘိုးဘွားမိဘများကအစ မန္တလေးမှာ သူဌေးဘွဲ့ခံခဲ့ကြပြီး မြန်မာမှုကို တကယ်တန်ဖိုးရှိ တကယ်မွန်မြတ်သည်ဟု လေးနက်စွာခံယူပြီး လက်ခံထွန်းကားပြန့်ပွားစေသူ သူဌေး ပညာတတ် မိသားစု.. ။


 အင်းဝခေတ်ကတည်းက လက်ဖက်အရောင်းအဝယ်ကုန် သည်ကြီး ဦးရွှန်း၊ ဒေါ်မိန်းကလေး တို့က သားသမီးရှစ်ဦး မွေးဖွား သည်။ ဦးသာ၊ ရေတွင်းဒကာကြီး ဦးစိုး၊ ဟင်္သပြဒါးဦးကျော်၊ ဒေါ်ဆင်၊ဒေါ်ခင်၊ ဒေါ်သင်၊ ဦးလှိုင်၊ဦးသိန်း ..တဲ့။ ရေတွင်း ဒကာကြီး ဦးစိုးက ဒေါ်ပုနဲ့ အိမ်ထောင်ကျသည်။ မွေးဖွားသော သားသမီးတွေထဲက ဦးသန့်ဆိုသော စွယ်စုံအနုပညာရှင်ကြီးကား ဓားတန်း ဦးသန့်ဟူ၏။ ဘိုးစဉ်ဘောင်ဆက် ချမ်းသာခဲ့တော့ လေယာဉ်ပျံတောင် ကိုယ်ပိုင်ဝယ်စီးဖို့ ကြိုးစားခဲ့ကြသူတွေ.. ။


 ဓားတန်းဦးသန့်ကဒေါ်အေးမြင့်နဲ့ အိမ်ထောင်ကျပြီး မွေးဖွားလာသော သားသမီးတွေထဲက သမီးကြီး (အန်တီညွန့်) မင်္ဂလာဆောင်တော့ မန္တလေးသား အနုပညာရှင်ကြီး မြို့မငြိမ်းက မင်္ဂလာလက်ဖွဲ့ လိုက်တာက ‘‘မင်္ဂလာမောင်မယ်’’ ဆိုတဲ့သီချင်းဖြစ်သည်။


ကဲ.. ဘယ်လောက်မြန်မာ ဆန်လိုက်ပါသလဲ.. ။ ဘယ် လောက်အဖိုးတန်လိုက်ပါသလဲ..။


‘‘သံသာကမ်းတိုင်××× တူပြိုင်ကူးမယ်လေ ဆုထူးကို မောင်မယ်စုံချွေ××× ဟိုး.. ရှေးရေစက်ခိုင်မြဲလွဲမသွေ.. ဖူးစာဖက်နှင့် ချစ် သက်ဝေ××× ချစ်တဲ့ သက်ဝေ မောင့်အသည်းဆိုင် မယ်ပါပဲလေ ××× မယ့်အသည်းဆိုင် မောင်ပါပဲလေ××× စွဲမြဲတည်နေ.. ကမ္ဘာတိုင်အောင်လေ××× သူနိုင်ငါနိုင်သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မယ် လေ××× မိဘဝတ္တရား၊ ချီးမြှင့် အပ်သော အရွယ်ပေ××× လျောက်ပတ်တင့်တယ် ရွေးချယ်မျိုးနွယ်တူဆွေ××× သုဘဒြအခါ မင်္ဂလာရက်၌လေ××× စုလျား ရစ်ခွေဇောတိရသ်၊ ပတ္တမြား နိတုံ ရွှေ××× မင်္ဂလာ စုပေါင်းကျက်သရေရှိကြောင်း ဆုခြွေ××× လိုရာအဖြာဖြာ၊ အောင်ပါစေ မောင်မယ်တွေ××× မြို့မ အေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့ အောင်သံ ပေ××× အေးမြမြသာပေါ့၊ သာပေါ့ဆွေ××× မောင်ရှေ့ကိုတည့်တည့် လျှောက်မယ်လေ×× ×  မယ်လည်းတည့်တည့်လိုက် ကာ လျှောက်တယ်မောင်ရေ××× ဟောဟိုအရာ အဖြူပါပေ မြင် သလားမေ××× ဘော်သာခွာကြူ၊ ပုလဲဖြူ၊ မြင်သားပေါ့ သက် ဝေ××× ဘုရားသွားကျောင်း တက်၊ စိတ်တူ ကိုယ်တူ××× ကြည်ဖြူ မောင်မယ်ဆွေ××× မယ်ကား လယ်မြေ၊ မောင်ကား မိုးကောင်းရေ××× လောကီ အမြုတေ××× သီးပွင့်ဖြိုးဝေ၊ ရာသက်တိုင်လုံး၊ ရွှင်ပျော်နေ ××× ’’


  သူနိုင်ငါနိုင် ပြိုင်မှာက မောက်မာမှုမဟုတ်၊ ဂုဏ်တု ဂုဏ် ပြိုင်မဟုတ်၊ သူဖြူငါမည်းမဟုတ်၊ အတ္တမဟုတ်၊ ပလွှားမော်ကြွားမှု မဟုတ်.. ‘‘သစ္စာမဏ္ဍိုင် ချစ်ခြင်း’’ ကို ပြိုင်မတဲ့.. ။


‘‘လျောက်ပတ်၊ တင့်တယ်၊ ရွေးချယ်၊ မျိုးနွယ်တူဆွေ.. ’’တဲ့။ ဒါက ဂုဏ်ဖြစ်သည်။ ဒါက တင့် တယ်မှု ဖြစ်သည်။ ဒါက အမွန် အမြတ်ဖြစ်သည်။


‘‘သုဘဒြ အခါ မင်္ဂလာရက် ၌လေ၊ စုလျားရစ်ခွေဇောတိရသ်၊ ပတ္တမြားနိတုံရွှေ.. မင်္ဂလာစုပေါင်း ကျက်သရေ.. ’’တဲ့။ ဒါကမှ တကယ့်မင်္ဂလာ။


မင်္ဂလာသတို့သား၊ သတို့ သမီး၏ ဘဝခရီးကလည်း စေ့စပ် ပွဲက ငွေသိန်းပေါင်းရာချီ စာချုပ် စာတမ်းမဟုတ်၊ ကားအစီးရေ၊တိုက်အလုံးရေ၊ စိန်ရတီများစွာ ရွှေပိဿာများစွာ မဟုတ်.. ။ သူတို့ဘဝခရီးက မောင်ရှေ့ကို တည့် တည့်လျှောက်မယ်လေ.. ။ မယ် လည်း တည့်တည့်လိုက်ကာ လျှောက်တယ် မောင်ရေ.. တဲ့။ ဟောဟို ဆရာအဖြူပါပေ မြင်သလားမေ.. ဆိုတော့ မယ်က ဖြူရုံသာဟုတ် အဖိုးထိုက်တန်သော ဘော်သာခွာကြူ ပုလဲဖြူမြင်သား ပေါ့ သက်ဝေတဲ့.. ။ မယ်ကား လယ်မြေ၊ မောင်ကား မိုးကောင်းရေ.. လောကီ အမြုတေသီးပွင့်ဖြိုးဝေတဲ့။


ကဲ.. ဘယ်လောက် အနှစ်သာရရှိ၊ တန်ဖိုးရှိ၊ အဓိပ္ပာယ်ရှိလှပါသလဲ။


ဒီမင်္ဂလာလက်ဖွဲ့က ဟိုး.. ရှေးယခင်ကတည်းက အစဉ်အ လာအရ မင်္ဂလာဆောင်တွေမှာ သီဆိုခဲ့တဲ့ ‘‘ချစ်စွာမေတ္တာ၊ အနှစ် တစ်ရာမပျက်၊ ပစ်မခွာရက် နောက်တစ်သွယ်၊ ရှစ်ကမ္ဘာအ ဆက်ရှောင် မဖယ်တယ်.. ၊ မောင်လယ် နှမလယ် အတူပေါင်း.. ’’ စတဲ့ ၈၀ ပေါ် တေးထပ်ကြီးတွေ။ ‘‘ဇမ္ဗူဒီပါ ဘွေလက်ျာတွင် ပညာ ပျံ့မွှေး၊ နိုင်ငံကျေးသို့၊ မနှေးလျှင် စွာ.. ’’ စတဲ့ ရတုကြီးတွေ၊ ‘‘အခါ တော်.. ပေးတာက၊ နတ်ရေးငယ် ရွှေစာ.. ၊ သွန်းဘိသိက်ငြာ.. ’’ စတဲ့ တေးကြီး၊ ဘွဲ့ကြီးတွေ နေ ရာမှာ ‘‘အသစ်’’ အဖြစ်ဂုဏ်ရှိရှိ လက်ခံနိုင်ခဲ့ကြသည်။ ထိုကဲ့သို့ သော အဟောင်းနေရာ အသစ် ဝင်လာမှုအပေါ် တန်ဖိုးရှိစွာ အ စားထိုးနိုင်ဖို့လိုသည်။ အသစ်ဟူ သည် အနုပညာမြောက်ပါမှ ဂန္ထဝင်မြောက်စွာ ရေရှည်တည်တံ့ မည်။ ဂန္ထဝင်ဟူသည် ကျောက် တိုင် ကျောက်ဆောင်.. ။ ရေစီး ကြောင်းတွင် မယိုင်လဲခဲ့။


--------------------


ဆူးငှက်


On  Thu, 2015-10-22 12:56Issue No.No.894 Thursday, October 22, 2015


( 7Day News Page မှ ကူးယူပါသည်။)

ကျန်းမာတော်မူပါစ’ ♥ ဂျူး

‘ကျန်းမာတော်မူပါစ’


♥♥♥♥♥♥♥


ဂျူး


အခုတလော ကျွန်မ နံနက်တိုင်းလိုလို လမ်းလျှောက်ရင်း သွားနေကျ ဈေးလေးတစ်ခုမှာ ဆည်မြောင်း ၀န်း နှင့်ကပ်လျက် ရပ်ကွက်ဈေးငယ်လေးဖြစ်သည်။ ကျွန်မတို့အနီးက အေ၀မ်းဈေးသည် အိမ်ရှေ့ တံခါးအ ထွက်မှ ဈေးတန်းအစအရောက်ထိ ခြေလှမ်းတစ်ထောင်သာ လှမ်းရ၏၊ အသွားအပြန်ဆိုတော့ ခြေလှမ်း နှစ် ထောင် ပေါ့။ နည်းသေးသည်။ ဆည်မြောင်းဝန်းနားက ဈေးကတော့ ဈေးအစရောက်သည်အထိဆိုလျှင် ခြေ လှမ်း ၂၇၀၀ လှမ်းရသည်။ အသွားအပြန်ဆိုလျှင် ၅၄၀၀ ပေါ့။ ဒါက သိပ်မဆိုးလှဘူးဟု ထင်သည်။ စွယ်တော် ဘုရားဝန်းအပြင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်မီးပွိုင့်ဘေးကနေ ပြည်လမ်းသို့ ပြန်လာလျှင် အိမ်အရောက် ခြေလှမ်း ၆၅၀၀ ဖြစ်သည်။ ထိုလမ်းကိုတော့ လမ်းလျှောက်တစ်လှည့် ပျက်တစ်လှည့်၊ မိုးတွင်း တွေမှာဆို ချော်လဲမှာစိုးသဖြင့် မသွားဖြစ်တော့ပေ။ အခုအခါ အလေ့အကျင့် ပျက်နေပြီ။ ထို့ကြောင့် ဆည် မြောင်းဈေး သွားလျှင် ခြေလှမ်း ၅၀၀၀ ကျော် ရသဖြင့် ထိုဈေးသို့သွားဖြစ်တာများပါသည်။

မကြာသေးမီက ထိုရပ်ကွက်ဈေး၊ ၀င်ပေါက်လေးနှင့် မျက်နှာချင်းဆိုင်မှာ ဆေးခန်းလေးတစ်ခု သေသေ သပ်သပ် တည်ဆောက်လိုက်သည်။ ဆည်မြောင်းဦးစီးဌာနသည် မူလငှားထားသည့် ဆေးခန်းနေရာကို ပြန်ယူ ပြီး အစအဆုံး ပြန်ပြင်လိုက်တာဖြစ်သည်။ မူလဆေးခန်းတုန်းကတော့ ဆေးခန်းလည်းဖြစ်၊ ကပ်လျက်မှာ ကုန်စုံ ဆိုင်၊ မုန့်ဆိုင်လေးလည်း ဖွင့်သည်ဟု မှတ်မိသည်။ လက်ဖက်ရည်ဆိုင်လေးလည်း ရှိသည်ထင်ပါရဲ့။အခု အခါ အရာရာသည် ပြောင်းလဲသွားပြီ။ ဆေးခန်းသည် ဆည်မြောင်းဝန်ထမ်းများအတွက် အခမဲ့ကုသပေးသော ဆေး ခန်း ဖြစ်သွားသည်။ ခြံဝန်းလေးနှင့် အဆောက်အဦလေးကလည်း တစ်ထပ်တိုက်လေး။ ဆည်မြောင်း၏ အ ရောင် ရေညှိရောင်နုနု၊ ဒေါနပန်းရောင်။ တည်ဆောက်ထားပုံလေးက သေသပ်လှပသည်မို့ ကျွန်မ ဈေးသွား လျှင် ထိုဆေးခန်း နေရာလေးကို အမြဲပင်ကြည့်မိသည်။ ယခုတော့ ထိုနေရာလေးမှာ အခမဲ့ ဆေးခန်းဖြစ် နေ တော့ ပိုတောင်စိတ်ဝင်စားမိလေသည်။ ဆည်မြောင်းရုံးသည် ကျွန်မ သိသလောက်တော့ နှစ်နေရာရှိသည်။ ရန်ကင်းမှာတစ်နေရာ၊ အခုနေရာ ရှစ်မိုင်ခွဲမှာ တစ်နေရာဖြစ်သည်။ ရန်ကင်းဆည်မြောင်းဝန်းမှာလည်း အခုလို ပင် ဆေးခန်းလေးရှိသည်ဟု ပြောသည်။ ဆရာဝန်သည် ရှစ်မိုင်ဆေးခန်းမှာ နှစ်ရက်၊ ရန်ကင်းဆေးခန်းမှာ နှစ်ရက် ထိုင်သည်ဟု သိရသည်။


ကျွန်မပြောချင်တာက ကိုယ့်ဝန်ထမ်းကို အခမဲ့ကုပေးသော ဆည်မြောင်းဆေးခန်းလေးကို မြင်ရသဖြင့် ကျွန်မ ကျေနပ်မိသည့်အကြောင်း ဖြစ်ပါသည်။ ၀န်ထမ်းဆိုတာက အနည်းနှင့်အများ ဆိုသလို လစာအကန့်အ သတ်တွေနှင့်မို့ လစာနှင့် လောက်ငအောင် သုံးစွဲရသည်က များမည်။ ဆေးခန်းတစ်ခါပြလျှင် ကုန်ကျမည့်စရိတ် က မနည်းလှပေ။ ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုး၊ အခြားသော ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်စသည် စစ်ဆေးမှုတွေနှင့် ဆိုလျှင် တော်ရုံတန်ရုံ အောက် ခြေ၀န်ထမ်းမှာ လခကုန်သွားနိုင်သည်။ အခမဲ့ ဆေးခန်းဆိုတော့ ၀န်ထမ်းတွေ ကုသမှုခံယူဖို့ တော်တော် အဆင်ပြေသည်။ ၀န်ထမ်းကို အခမဲ့ ကုသပေးပြီး ၀န်ထမ်း၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တို့ကို တစ်ဝက်ခကျခံရသည်ဟု ပြောသည်။ ဆည်မြောင်းဆေးခန်းလေးသည် အင်္ဂါနှင့် ကြာသပတေးနေ့တွေမှာ ဖွင့်တာမို့ ထိုနှစ်ရက်တွင် နံနက်တွေမှာ စည်ကားသည်ဟု ဆည်မြောင်း ၀န်ထမ်းအိမ်ရာမှာနေသော ကျွန်မ တို့ အဖွဲ့၏ စေတနာ့ဝန်ထမ်း တူမလေးက ပြောပါသည်။ သိပ်ကောင်းတာပဲ။ ၀န်ကြီးဌာနတိုင်းမှာ အဲဒီလို အခမဲ့ ဆေး ခန်းတွေရှိလား ကျွန်မတွေးမိသည်။ ကျွန်မက ၀န်ကြီးဌာနတွေ ၀န်ထမ်းတွေနှင့် အလှမ်းဝေးသဖြင့် ကိုယ့် အနီးအနား ကိုယ့်မျက်စိ ရှေ့မှာ ရှိနေသောအရာကိုပဲ မြင်မိတာဖြစ်မှာပါ။ ကျန်သည့် ၀န်ကြီးဌာနတွေလည်း အ ခုလိုပဲ ကိုယ့် ၀န်ကြီးဌာန၏၀န်ထမ်းတွေအတွက် အခမဲ့ ဆေးခန်း လုပ်ပေးမှာပါ။


မကြာခင်ကပဲ ကုန်းဇောင်းမှ ကျွန်မ ပြန်ခဲ့သည်။ ကုန်းဇောင်း အထက်တန်းကျောင်းက ဆရာကန် တော့ပွဲသို့ သွားခဲ့ခြင်းဖြစ်ပါသည်။ ကုန်းဇောင်းမှာ သည်တစ်ခေါက် အခမဲ့ ဇီဝိတဒါန ဆေးပေးခန်းနှစ်ခုကို တွေ့မြင်ခဲ့ရသည်။ တစ်ခုက မြစေတီဘုရားအထွက် သံကိုင်းလမ်းမှာ တွေ့ခဲ့ရသည့် စေတနာဆေးခန်း၊ နောက်တစ်ခုက မနီးမဝေးမှာရှိသည့် ရွှေပါရမီဆေးခန်း။ ရွှေပါရမီဆေးခန်း တိုက်အဆောက်အဦမှာ အပြီး သတ်နေပြီကို မြင်ရသည်။ ဆေးခန်းဖွင့်ပွဲ မကြာခင် ပြုလုပ်တော့မည်တဲ့။ စေတနာကတော့ အခုကိုပဲ ဆေး ကုသမှု စတင်နေပြီဖြစ်သည်။ နှစ်ခုလုံးမှာ သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ရပ်မိရပ်ဖများနှင့် စေတနာ့ ၀န်ထမ်းလူငယ်များက ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မြ၀တီမြို့တွင် လည်း ဆရာတော် ရှင်ဆန္ဒာဓိက၏ ဦးဆောင်မှု ဖြင့် ရွှေပါရမီ အခမဲ့ဆေးကုခန်းကို ဖွင့်လှစ်ခဲ့ပြီး ပြီဟု သိရပါသည်။

ကုန်းဇောင်းမြို့လေးတွင် တိုက်နယ် ဆေးရုံရှိသည်။ ကျန်းမာရေးဆေးပေးခန်း ရှိသည်။ ပစ်္ဆိမပရဟိတ လူမှုကူညီအသင်းရှိသည်။ သို့သော် တကယ်တန်း အရေးပေါ်ဖြစ်လာလျှင် အနီးဆုံး ဖြစ်သည့် ပွင့်ဖြူဆေးရုံက ရှစ်မိုင်ဝေးသေးသည်။ လမ်းပမ်းဆက်သွယ်ရေး အရင်ကထက် ကောင်း မွန်လာပြီဖြစ်သော်လည်း လူနာတင်ဖို့ ယာဉ်က လိုသေးသည်။ ငွေကျပ်ငါးသောင်းမှ တစ်သိန်း ထိပေးပြီး ငှားရသော်လည်း ယာဉ်က ရှာဖွေဖို့ အခက် အခဲ ရှိသည်။ ဆိုင်ကယ်တွေတော့ များတာ ပေါ့။ ကားကတော့ အလိုရှိတိုင်း ငှားလို့မရနိုင်။ ထို့ကြောင့် လူနာ တင်ယာဉ် လိုအပ်နေသည်။ အောက်ဆီဂျင်ဘူးတွေတော့ အလှူဒါနကြောင့် ရှိနေပါပြီ။ သို့သော် လူနာတင် ယာဉ်အတွက် စုဆောင်းနေသော ရန်ပုံငွေက မပြည့်သေးဘူးတဲ့။ ညံကန်ကျောင်းတိုက်က ဆရာတော် ဦးတေဇ ဦးဆောင်သည့် ပစ်္ဆိမပရဟိတအဖွဲ့၏ အခက်အခဲကို ကြားသိရသည်။


မြန်မာနိုင်ငံမှာ လိုအပ်ချက်အရ (အစိုးရ မဟုတ်သည့်၊ နိုင်ငံခြား အန်ဂျီအိုအဖွဲ့အစည်းကြီး တွေလည်း မဟုတ်သည့်) ဒေသခံ အခမဲ့ ဆေးကု ခန်းလေးများ ဟိုနေရာ ဒီနေရာမှာ အသီးသီး ပေါ်ပေါက်လာခဲ့သည်မှာ လေးငါးဆယ်နှစ်ရှိပြီဟု သတိထားမိသည်။ မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးကျောင်းမှာ အခမဲ့ဆေးခန်း လေး ရှိသည်။ အမရပူရက ဆေးခန်းလေး ဖွင့်လှစ်သည့် နေ့မှာလည်း တိုက်တိုက်ဆိုင်ဆိုင်ကျွန်မက မန္တလေး ရောက်နေခိုက်နှင့် ကြုံကြိုက်သဖြင့် သွားရောက်အားပေးနိုင်ခဲ့ပါသည်။ ကန်တက်ကုန်း ဘုန်းတော်ကြီးကျောင်း သို့ သွားစဉ်ကလည်း ကျွန်မ ဇီဝိတ ကုသိုလ်ဖြစ်ဆေးခန်းလေး အကြောင်း သိခဲ့ရသည်။ ဇီးကုန်းမြို့နယ် အင်း လယ်ကြီးရွာရှိ အင်းလယ်ကြီး ဘုန်းကြီး ကျောင်းမှာ ဖွင့်လှစ်ထားသော မေတ္တာလွင်ပြင် ဆိုသည့် ဇီဝိတအခမဲ့ ဆေးကုခန်းလေးကိုလည်း ဟောပြောပွဲသွားရင်း ရောက်ဖြစ်ခဲ့သည်။

ဆေးခန်းတွေကိုရောက်တိုင်း ကျွန်မ ဆေးခန်းထဲသို့ ၀င်ကြည့်ဖြစ်တာ များသည်။ စာရေးဆရာအဖြစ် သွားတာဖြစ်ပေမယ့် ဆရာဝန်စိတ်က ဘယ်လိုပေါ်လာမှန်းမသိ။ စူးစမ်းကြည့်ချင်လာမိသည်။ တချို့ဆေးခန်း တွေမှာ ဆရာဝန်ကို တွေ့ရသည်။ အများအားဖြင့်တော့ ဆရာဝန်မတွေ့ရသေးဘဲ ဆေးခန်းအကူ ၀န်ထမ်း များ ကိုသာ တွေ့ရသည်။ ဆရာမလေးတွေ မတွေ့ရ။ သူနာပြုဆရာမလေးတွေက ပိုတောင် ရှားပါးနေလေသလား။ ဆေးခန်းအကူ ၀န်ထမ်း လေးများကို တစ်ခါ တစ်ခါ ကျွန်မ မေးမိသည်။ ဘယ်နှတန်းအောင်ပြီးပြီလဲ။ ဘွဲ့ရပြီး သားလား။ ဆေးပညာနှင့်ပတ်သက်သည့် အခြား သင်တန်း တွေဘာတွေ တက်ထားသလား။ ကျွန်မတို့ဆီမှာ ပုဂ္ဂလိကသူနာပြုအကူသင်တန်းတို့၊ ဆေးဝါး ကျွမ်းကျင်သင်တန်းတို့ တလောဆီက တော်တော် ခေတ်စား လိုက်သည်။ ရွာက ကလေးတွေဆိုတော့ ဘာသင်တန်းမှ တက်ခွင့်မရသူလေးတွေလည်း ပါမည်။ ကိုယ့်ဆေး ခန်းအတွက် ကိုယ့်ဆရာဝန်က သင်တန်းဖွင့်ပေး၊ သင်ပေးတာကိုပဲ လေ့လာ၊ မှတ်သားရသူတွေ ဖြစ်ဖို့များတာပေါ့။

အများအားဖြင့်တော့ ထိုးဆေးထက် သောက်ဆေး၊ စားဆေးတွေကို ပိုပြီးအသုံးများတာ တွေ့ရသည်။ ထိုးဆေး၊ စားဆေး ဘယ်ဆေးတွေ ရှိသလဲ။ ဘယ်နိုင်ငံကလာတဲ့ ဆေးကို အသုံးပြု နေသလဲ။ အများစုက တ ရုတ်နိုင်ငံဖြစ်ဆေးတွေပဲ ဖြစ်မလား တွေးမိသည်။ ကျွန်မတို့ငယ်ငယ် ဆရာဝန်ဘ၀တုန်းကတော့ ဘီပီအိုင် ဆေး က သိပ်အစွမ်းထက်ပြီး ယိုးဒယားဆေးက အလယ် အလတ်ဖြစ်ကာ တရုတ်ဆေးက ဈေးချိုသည်။ ပင်နယ်ဆ လင်နှင့် စထရက်ပ်တိုမိုင်ဆင် ထိုးဆေး များကို ဘီပီအိုင်ကိုမှ သုံးကြသည်။ ဂျင်တာမိုင်စင် ဆေးကိုတော့ တ ရုတ် ဆေးကို သုံးကြသည်။ ဆေးပြား၊ ဆေးလုံးတွေကို ဘယ်လို ထည့်ပေး သလဲ။ ဆေးတွေကို လက်ဖြင့် ဒီအ တိုင်း ကိုင် ပေးသလား။ လက်ဖြင့် မထိအောင်၊ စားပွဲ ကြမ်းခင်းနှင့်လည်း မထိအောင် ဘူးခွက်လေးထဲ ပလတ် စတစ်ချောင်းလေးနှင့် (သို့မဟုတ်) ဇွန်းငယ်လေးဖြင့် အသာဆွဲယူပြီး ပလတ်စတစ် အိတ်ထဲ ထည့်ပေးလား။ ကျွန်မတို့၏လက်တွေက သိပ်မသန့်တတ်ဘူးလေ။ ဖုံတွေ ပေချင်ပေနေ မည်။ ချေးအထပ်ထပ် ဖြစ်ချင်ဖြစ် နေ မည်။ ထိုလက်ဖျားတို့ဖြင့် ဆေးပြား၊ ဆေးလုံးကို ထိသည့်အခါ ရွံစရာဖြစ်ချင်ဖြစ်မည်။

ဆရာကိုတာကတော့ ခဏခဏ ပြောဖူးသည်။ I trust my hands တဲ့။ သူက လက်မဆေးရသေးဘဲ လက်ဖြင့် ကိုင်တွယ် စားသောက်တာကို မရွံရှာဘူးတဲ့။ သူ့လက်ကို သူ ယုံကြည်သည်ဟု ဟာသပြောလေ့ ရှိ သည်။ ကျွန်မကတော့ နေရာတကာမှာ လက်ကို ဆပ်ပြာ ဖြင့် ဆေးချင်သူမို့ ရောဂါပိုးနှင့် ပတ်သက်လျှင် နည်း နည်းပိုသည်ဟု သိသူတွေက စွပ်စွဲလေ့ရှိ သည်။ ကိုတာ့စကားနှင့် ပြောရလျှင် ကျွန်မသည် ကျွန်မလက်ကို မယုံ သူပေါ့။ ဖေဖေ့သမီးမို့လား မသိ ကျွန်မ သူများလက်ကို ပို၍ပင် မယုံပါ။ ဖေဖေက တစ်ယောက်နှင့် တစ် ယောက် လက်ဆွဲ နှုတ်ဆက်သည့်အလေ့ကို မနှစ်သက်ကြောင်း ကျွန်မကို ဖွင့်ပြောဖူးသည်။ ကိုယ့်လက်ကို သူများ လက်နှင့် ထိကိုင်ခံရမှာ မသဒီသည့်သဘော ပါသည်။ မရွံကြဘူးလား မသိဘူး။ သူများလက်က ဘာ တွေကိုင်ထားမှန်း ဘယ်သိနိုင်မလဲ။ အိမ်သာ က ထွက်လာပြီး လက်ဆေးမထားရင်လည်း မသိနိုင်ဘူးဟု အ တည်ပြောဖူး၏။


ကျွန်မကလည်း အဲဒီအတိုင်းပဲပေါ့။ အံမယ် … လက်ကိုသာ ရေနှင့် ဆပ်ပြာနှင့် ဆေးပြီးမှ အစား အ သောက် စားချင်တာ ဖြစ်သော် လည်း တစ်ခါတစ်ခါ လမ်းဘေးမှာ အကြော် အလှော်လေးတွေကို ၀ယ်စား ဖြစ် တာ ပြန်စဉ်းစား မိတော့ ရယ်ချင်စရာ။ သူတို့ကြော်လှော်သူတွေ လက်ကို လက်အိတ်စွပ်တာ ဘယ်နှခါ တွေ့ဖူး လို့ လဲ။ အကြော်ကြော်ဖို့ မုန့်နှစ်ကိုများ လက်ဖြင့် ပယ်ပယ်နယ်နယ် အားရပါးရ နယ်နေလိုက်တာ။ မြင်ဖူးပါ လျက်နှင့် စားမိသွားသည့်အခါတွေ ရှိဖူးသည်။ ဆိုင်တွေမှာ အစားအသောက်စားလျှင် သူတို့ ချက်ပြုတ်ပြင်ဆင် တာ မြင်မှ မမြင်နိုင်ဘဲ။ ကိုတာပြောတာ အမှန်ပါပဲ။ ကျွန်မတို့ အခုလို ချေးများနေလို့ရော ဘာထူးမှာတုန်း။ သို့ သော် စိတ်ဆိုတာက အသိရခက်လေသည်။ ကျွန်မတို့က သန့်စင်သော သောက်ရေသုံးရေကို အလွယ်တကူ ရ နိုင်သည့်ဘ၀မှာ ကြီးပြင်းခဲ့သည့် ကံကောင်းသူ တွေမို့ကိုး။ တချို့ရွာတွေမှာ လက်ဆေးဖို့ နေနေသာသာ သောက် ရေတောင် တော်တော် ရှားပါးစွာ ခရီးဝေးသို့သွားခပ်မှ ရတာမျိုးတွေ ရှိသည်။ တချို့ရွာက မိုးရေ စု သော ကန်ကြီးများမှ ရေကို သောက်ကြသုံးကြရသည်။ တချို့ရွာတွေမှာ ရေသည် အနယ်များဖြင့် နောက်ကျိ လျက် ရှိသည်။ ရေကို အနယ်ထိုင်အောင် အချိန် ကြာကြာထားပြီး ထိုအပေါ်ရေကို သောက်ကြ၊ ချက်ပြုတ် ကြ ရသည်။ အော် … တကယ်တော့ ကျွန်မတို့နိုင်ငံသည် စာရင်းဇယားအရလည်း (၇၀) ရာခိုင်နှုန်းသော ပြည်သူလူ ထုသည်သာ သောက် သုံးရေကို ရရှိသည်ဆိုတာကိုး။ ကျန်သည့် သုံးဆယ်ရာခိုင်နှုန်းမှာ သန့်စင်သည့် သောက် ရေ သုံးရေကိုမရ။ ရွာလယ်ကန်ကြီးမှာ ကံကောင်း ထောက်မစွာ မိုးအကုန် ဆောင်းအကူး နွေအစ ကျန်ရစ် သည့် မစို့မပို့ရေကို ကျွဲတွေ၊ နွားတွေ နှင့်အတူ လူတွေပါ ရောပြီး သုံးနေကြရသည့် ဘ၀တွေ။ နွေရာသီမှာ ထို ကန်တွေက ရေခန်း တတ်သေး၏။ အဲဒီလို ရွာကလူတွေကို လက်ကို ဆပ်ပြာဖြင့် ရေစင်စင်ဆေးပြီးမှ အစား အ စာတို့၊ ဆေးလုံး၊ ဆေးပြားတို့ကို ကိုင်ပါဟု သွားပြောမိ လျှင် ဟားတိုက်ရယ်ကြမည်လားမသိ။ သွေးဖိအားတိုင်းသည့် ကိရိယာနှင့် နားကျပ်ကို သုံးတတ်ပြီး သွေးဖိအားတိုင်းပေးနိုင် လျှင်ကိုပဲ သွေး တိုးရောဂါကို စောစောစီးစီး ခြေရာ ကောက်မိမှာမို့ အနိမ့်ဆုံးအဆင့် ဇီဝိတအခမဲ့ ဆေးခန်းလေးတွေကတောင် ရပ်ရွာက ပြည်သူ လူထုအတွက် အားကိုးစရာကောင်းလှသည်။ ငှက်ဖျားဆေးရှိသည်။ ၀မ်းလျှောဝမ်းပျက်၊ အ ဆုတ်အအေးမိရောဂါများအတွက် ဆေးဝါးတွေ ရှိသည်။ ကျွန်မတို့နိုင်ငံက ကလေးငယ်လေးတွေ အသေအ ပျောက် အများဆုံးရောဂါတွေက ၀မ်းလျှောဝမ်းပျက်နှင့် အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်သည့် အဆုတ် ရော ဂါအဖျားတွေဖြစ်တာကိုး။

ကျွန်မ စာပေဟောပြောပွဲသွားရင်း၊ သာမန်ခရီးတွေသွားရင်း ကြုံရလေ့ရှိသော ဇီဝိတ အခမဲ့ ဆေးကုခန်းတို့ကို ပြန်စဉ်းစားကြည့်တော့ မနည်းလှပါ။


 ထိုဆေးခန်းလေးတွေကြောင့် ရွာသူရွာသားတွေ သာမန် အာဂန္တု အ ဖျား အနာနှင့် လေထိုးလေအောင့် သွေးတိုး ဆီးချိုလောက်တော့ မြို့သို့ တက်စရာမလိုတော့ပေ။ တကယ်တန်း ကြီး ကြီးမားမားဆိုလျှင်တော့ မြို့ဆေးခန်း ဆေးရုံသို့ သွားရမှာပဲ။ ထိုအခါ သွားရေးလာရေး က အရေးပါသော အ ခက်အခဲတစ်ခု ဖြစ်လာ ပြန်တာပေါ့။ မြန်မာနိုင်ငံသည် ပြည်မ ကွက်ကွက် လေးသာ လမ်းပန်းဆက်သွယ်ရေး ကောင်းသည် ဟု ဆိုရမည်။ ကျန်တိုင်းနှင့် ပြည်နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးက တော်တော်ခက်ခဲ သည်။ ဒါတောင် ပြည်မဖြစ်ပါလျက်နှင့် တချို့နယ် တွေမှာ လမ်းပန်းဆက်သွယ်ရေး တော်တော် ခက်ခဲသည်။ ရွာတွေဆီ သွားရသည့် တချို့လမ်း တွေသည် တော်တော်ဆိုး၏။ ဖုံတထောင်းထောင်း သဲတွေပို့နေသည့် လမ်း သည် လမ်းဖြစ်ရုံ မည်ကာမတ္တာပါပဲ။ အခုအခါ အရင်ကလို လှည်းတွေနွား တွေဖြင့် သွားစရာမလိုတော့တာက ပေါ များ လာသည့် တရုတ်ဆိုင်ကယ်တွေကြောင့်ပါ။ ဆိုင်ကယ်တွေ ပေါလာတော့လည်း လမ်းဆိုး သည့် နေရာ မှာ ဆိုင်ကယ်စီးသူတွေအတွက် အန္တရယ်ဖြစ်လာသည်။ တိုက်မိ၊ ခိုက်မိတာမျိုး မှောက်တာမျိုး ခဏခဏ ကြား ရ တွေ့ရသည်။ အရင်ကလို ရွာတွေဆီ ရောက်အောင် ထွန်စက် ဖြင့် သွားရတာမျိုးတွေ၊ ထော်လာဂျီဖြင့် သွားရ တာမျိုးတွေတော့ ဒီနှစ်ပိုင်းတွေမှာ ကျွန်မ မကြုံရ တော့ပေ။

ဆေးခန်းလေးမှာ ဆေးဝါးနှင့် ကျွမ်းကျင်သူမပြည့်စုံလို့ အနီးဆုံးဆေးရုံသို့ လူနာကို ပို့ရတော့မည်ဆိုလျှင် လူနာ တင်ဖို့ ယာဉ် အဆင်သင့် ရှိဖို့လိုသည်။ ထိုယာဉ်အတွက် ဆီဖြည့်စရာ စက်သုံးဆီအဆင်သင့်ရှိဖို့ လိုသည်။ တ ချို့ရွာတွေက မြို့နှင့် ဆယ်မိုင် ဆယ့်ငါးမိုင် ဝေးသည်။ ဆေးရုံသို့ အချိန်မီမရောက်နိုင်သဖြင့် လမ်းမှာတင် အသက်ဆုံးရှုံးသွားသည့် လူနာတွေ အကြောင်း အခုချိန်ထိ မကြာခဏ ကြားနေရဆဲ ဖြစ်သည်။ “ကျွန်မအမေက ဟောဒီလမ်းမှာ၊ ဟောဒီနေရာ နားမှာပဲ အသက်ဆုံးသွားတာ။ ညီမလေးကို မွေးဖို့ရာ ဒီမှာမမွေးနိုင်လို့ ထားဝယ် ဆေးရုံကို အသွားပေါ့” မနှစ်က ကျွန်မကို ပြောပြခဲ့သည့် ဒေသခံတူမလေးတစ်ယောက်၏ စကားမှာ နာကျင်ဖွယ်ရာဖြစ်သည်။ မြန်မာနိုင်ငံသည် တောကြီး မျက်မည်းထဲမှာ ကျန်ရစ်နေသေးသည်ဟု ခံစားရသည့် အဖြစ်အပျက်တွေ၊ အချိန်ကာလတွေ တော်တော်များတာပဲ။ ဇီဝိတ ဒါန အခမဲ့ဆေးခန်းလေးတွေမှာ သားဖွား ဆရာမလေးတွေလည်း ရှိနေလျှင် ဘယ်လောက် ကောင်းမလဲ။ သားဖွားဆေးခန်းလေးတွေလည်း များစွာ လိုအပ်နေတာပဲ။ ကျွန်မ ခဏခဏ စဉ်းစားမိသည်။ “ယောက်ျားဖောင်စီး၊ မိန်းမမီးနေ” ဆို သည့် ဟိုးရှေးရှေးက စကားပုံ အခုထိ သက်ဝင်နေဆဲ၊ မှန်ကန်နေဆဲပါလား။ မိခင် သေဆုံးနှုန်း သည် ၂၀၁၀ မှာ ၂၀၀ ဟူ၏။ အဓိပ္ပာယ်က ၂၀၁၀ ခုနှစ်အတွင်း မီးဖွားသည့်မိခင် တစ်သိန်းမှာ မိခင် ၂၀၀ သေဆုံးရသည်။ တချို့ စာရင်း တွေ မှာ တော့ ၂၂၅ ယောက်နှုန်းဟု ဆိုပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့-ယူနီဆက်ဖ်၏ စာရင်းဇယားတွေမှာ မြန်မာနိုင်ငံသည် အောက်ဆုံးနားမှာ ရှိနေဆဲ။ ငါးနှစ်အောက် ကလေးများ အာဟာရချို့တဲ့မှု ၂၃ ရာခိုင်နှုန်း။ ငါးနှစ်အောက် က လေး သေဆုံးနှုန်း ၁၉၇၀ တုန်းက ၁၇၁ တဲ့။ ၁၉၉၀ မှာ တော့ ၁၁၂ တဲ့။ ၂၀၀၀ ခုနှစ်မှာတော့ ၈၇ တဲ့။ ၂၀၁၀ ခုနှစ်မှာတော့ ၆၆ တဲ့။


ကလေးမီးဖွားစဉ် ကျွမ်းကျင်သည့် လက်သည် သို့မဟုတ် သူနာပြု တစ်ဦးဦးဖြင့် မီးဖွားနိုင်သူ ကိုယ်ဝန် ဆောင် မိခင်က အခုအခါ ၇၇ .၅ ရာခိုင်နှုန်းတဲ့။ ကျန်သည့် ၂၂ယောက်၊ ၂၃ ယောက်က ကျွမ်းကျင်သည့် လက်သည် ပင် မရှိဘဲ အိမ်မှာ ဖြစ်သလိုမွေးဖွားရသည်ဟု အဓိပ္ပာယ်ဖော်ကြည့်မိသည်။ အေးလေ။ တလော ဆီက ကျွန်မ ကြားလိုက်ရသည့် သာကေတက သားအိမ်ကွဲသွားသည်ဆိုသော ကိုယ်ဝန်ဆောင် မိခင်၏အဖြစ်ကိုပဲ စဉ်းစားကြည့်မိသည်။ သာကေတဆိုတာ ရန်ကုန်မြို့ပဲ။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်ပဲ။ ပြည်သူ့ဆေးရုံကြီး တွေသာမက ပုဂ္ဂလိကဆေးခန်းတွေ များစွာရှိနေသည့် မြို့ကြီးပါ။ လမ်းပန်း ဆက်သွယ်ရေး ကလည်း နိုင်ငံမှာ တော့ အကောင်းဆုံးနေရာပေါ့။ ဒီကြားထဲက ဘာမှ မဝေးလှသည့် နေရာသို့ သွားဖို့ မဖြစ်နိုင်လို့ အိမ်မှာပင် မကျွမ်းကျင်သည့်လက်သည်ဖြင့် မွေးဖွားရအောင် သူ့ကို ဘယ်အချက် တွေက တားဆီး ပိတ်ပင် ထားလို့လဲ။ ငွေက အဓိကဖြစ်မလား။ မသိနားမလည်မှုက ဒုတိယ ဖြစ်မလား။ ဘယ်မိခင်လောင်းက ဒီလို ဖြစ်ချင် မှာ လဲ။ ကျွမ်းကျင်သည့် သူနာပြုတွေ ဆရာဝန် တွေ၏ လက်ထဲသို့သာ မိမိနှင့်မိမိကလေး အသက်ကို ထည့်ချင်မှာပေါ့။ သို့သော် ဘာဖြစ်လို့ အဲဒီအဖြစ်တွေ ရှိရသလဲ။ မိခင်တစ်ယောက် ကျွမ်းကျင်သည့် သူနာပြုနှင့် မွေးဖွားခွင့်ရဖို့ ဖြစ်နိုင်ချေက ဒီလောက်တောင် နည်းပါးနေသလား။ ၂၂ ရာခိုင်နှုန်းကို နည်းပါသည်ဟု စောဒက တက် လျှင်တောင် အဲဒီ ၂၂ ရာခိုင်နှုန်း ထဲမှာ ရန်ကုန်မြို့တော်က မိခင်လောင်းတစ် ယောက် ပါဝင်သွားခဲ့ရသည့် အဖြစ်သည် မယုံနိုင်စရာပါ။


ဆေးပညာဗဟုသုတကို ပြည်သူတွေ သိအောင် ဖြန့်ဝေဖို့ လိုအပ်တာလည်း အံ့သြစရာ မဟုတ်။ ဆေး ပညာကျွမ်းကျင်သူတွေဟု ယူဆရသည့် လူမျိုးတွေမှာတောင် နက်နဲသော အသိပညာ လိုအပ်နေတာ တွေ လည်း ကြားဖူး မြင်ဖူးသည်။ နေ့တိုင်းတွေ့ကြုံနေရသော ပြင်ပလူနာဆေးခန်းတို့တွင် ဆရာဝန်သည် လူနာကို ဆေးပတ်လည်အောင် အချိန်မှန်မှန် စားဖို့ သေသေချာချာ ဂရုစိုက်မမှာနိုင်သူတွေကို တွေ့ရ၊ ကြားရဖူးသည်။ ပဋိဇီဝဆေးတို့သည် တချို့က အချိန်ကြာကြာ အာနိသင်ရှိပြီး တချို့က အချိန်အနည်းငယ်သာ အာနိသင် ရှိ သည်။ ဆေးအမျိုးအစားကိုလိုက်ပြီး တစ်နေ့လျှင် လေးကြိမ်စားမှ အာနိသင်ကောင်းတာတွေ ရှိသည်။ သုံး ကြိမ် လောက်ဆိုလျှင် အဆင်ပြေတာ မျိုး ရှိသည်။ တချို့ကတော့ တစ်နေ့နှစ်ကြိမ်မျှနှင့် လုံလောက်သည့် ဆေး တွေရှိသည်။ ဒီလို ဆေးမျိုးဆိုလျှင် ဆယ့်နှစ်နာရီကြာ အာနိသင် ရှိနေသည်မို့ ဆယ့်နှစ်နာရီကြာလျှင် နောက် တစ်လုံးသောက်ရမည်။ ထိုကဲ့သို့ စနစ်တကျ ဆေးသောက်တတ်အောင် ဆေးကို သုံးရက် သို့မဟုတ် လေးရက် သို့မဟုတ် ငါးရက် သောက် ဖြစ်အောင် စနစ်တကျ လေ့ကျင့်ညွှန်ကြား သည့်ဆရာဝန်တွေ ရှိသလို လူနာ နား လည် ပြီးသားပုံစံဖြင့် ခပ်ပေါ့ပေါ့ ဆေးညွှန်လိုက်သည့် ဆရာဝန်တွေလည်း ရှိသည်။ ဆေးကို စားလိုက် မစား လိုက်၊ ဖြတ်ချင်သည့်အချိန် ဖြတ်ချလိုက် ထပ်ခါထပ်ခါ ဖြစ်လာခဲ့လျှင် ထိုဆေးကို ထိုခန္ဓာကိုယ်က မတိုးတော့ သည့်အတွက် ဆေးပြီးသွား သည်ဟုခေါ်သော အဖြစ်မျိုးဖြစ်တတ်သည်။ ဒါကြောင့်လည်း ဒုတိယ မျိုးဆက် ဆေး ( Second generation drug) ၊ တတိယမျိုးဆက်ဆေး(Third generation drug) ဟု တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ အသုံးပြုရတာပဲ မဟုတ်လား။


အဆိုးဆုံးကတော့ တီဘီဆေး ယဉ်ပါးသွားသည့်အဖြစ်မျိုးပေါ့။ မြန်မာနိုင်ငံမှာ Multidrug Resistant TB (MDR TB)ခေါ်သော ဆေးမျိုးစုံကို ယဉ်ပါးသွားပြီးသည့် ကူကယ်ရာမဲ့ တီဘီရောဂါတွေ ပြန့်ပွားနေတာလည်း ကျွန်မတို့ အားလုံး အသိပါပဲ။ ကျွန်မတို့မြန်မာနိုင်ငံကို လာလည်လိုသည့် နိုင်ငံခြားသားတွေသည် အကြိုအဖြစ် အင်တာနက်မှ သတင်းတွေ၊ စာတွေ ရှာဖတ်ကြည့်လျှင် သူတို့ကို အားပေးတိုက်တွန်း သည့်စာတွေထက် သတိ ထားဖို့စာတွေကိုသာ ပိုအတွေ့ရများလိမ့်မည်။

မြန်မာနိုင်ငံမှာရှိသည့် လူဦးရေ သန်း ငါးဆယ်ကျော်သည် မြွေ၊ ခွေးရူးနှင့် အခြား အဆိပ်ရှိ တိရစ္ဆာန် များ၏ အကိုက်ကို ခံရဖို့ ရာနှုန်းများသည်ဟု ရေးထားသည်ကို ကျွန်မ ဖတ်လိုက်ရဖူးသည်။ ပုပ္ပါးက မျောက်လေး တွေကိုလည်း နိုင်ငံခြားသားတွေ ကြောက်ကြသည်။ မျောက်က ကုတ်လျှင်၊ ကိုက်လျှင် မျောက်မှ တစ်ဆင့် ခွေး ရူးရောဂါ၊ အိပ်ခ်ျအိုင်ဗွီရောဂါ ကအစ ဘာရောဂါတွေ ရနိုင်မှာလဲဟု စိုးရိမ်ပူပန် ကြသူတွေ ရှိသည်။ မြန်မာနိုင်ငံမှာ ခွေးပေါင်း သန်းနှင့်ချီပြီး ရှိသည့်အနက် ခွေးရူးကာကွယ်ဆေး ထိုးထားသည့်ခွေးမှာ ၁ ရာခိုင်နှုန်းသာ ရှိသည် ဟုဆိုသည်။ ခွေးရူးဆေး ၀ယ်လို့ရလျှင်လည်း ထိုဆေးသည် မီးမမှန်သည့်တိုင်းပြည်မှာ အအေးခန်းထဲ သိမ်းဆည်းထားဖို့ အခွင့်မရှိတာမို့ အာနိသင်ရှိမှ ရှိပါဦးမလား။ မြွေဆိပ်ဖြေဆေး ကလည်း မလုံလောက်။

“သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ရစေ ရမည်” ဟူသည့် ကမ္ဘာ့ ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ WHO ၏ ဆောင်ပုဒ် သည် မြန်မာနိုင်ငံအတွက်တော့ နောက်ထပ် ဘယ်နှနှစ်လောက် စောင့်ရဦးမည်လဲမသိ။


ချိုပြုံး၏ သီချင်းတစ်ပုဒ်ထဲက “ကျန်းမာ တော်မူပါစ လေလှိုင်းကြားက ခွန်းဆက်ပါရဲ့ အဆွေ” ဟူသည့် အစပိုဒ်ကို ကြားတိုင်း ကျွန်မ ပြေးမြင်ယောင်မိသည့် မျက်နှာတွေ များစွာရှိ သည်။ အဲဒီမျက်နှာတွေထဲမှာ ကျွန်မ ကိုယ်တိုင် လည်း ပါဝင်လေသည်။


--------------------


ဂျူး


ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ


linnthant at Tuesday, January 15, 2013


(News And Library ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါတယ်)