#အိုဇုန်း
#ခင်ခင်ထူး
( ၁ )
သည်ကျောင်းမှာ တာဝန်ကျခဲ့တာပင် ဘာလိုလိုနှင့် နှစ်နှစ်ကျော်လာခဲ့ပြီ။ သည်ကျောင်းကို မရောက်ခင်ကတော့ နယ်ကျောင်းတစ်ကျောင်းမှာ
တာဝန်ကျခဲ့သည်။ နယ်ကျောင်းမှာတုန်းကတော့ တာဝန်ကျရာ ရွာမှာပဲ နေခဲ့ရပါ၏။ အခု သည်ကျောင်းကို ပြောင်းရွှေ့ခွင့်ကျလာတော့ အိမ်မှာပဲ
နေပြီး ကျောင်းတက်နိုင်ခဲ့သည်။ မိအိုဖအိုများနှင့် အိုးမကွာ အိမ်မကွာ အတူနေရခြင်းအတွက် ကျွန်မ ဝမ်းသာရပါ၏။ မနက်ဘက် အမေက
ထမင်းတစ်အိုး ထ,ချက်သည်။ ဆွမ်းအတွက် သီးသန့်ခူးခပ်ကာ ကျွန်မဖို့ ထမင်းချိုင့် ထည့်ပေးထားသဖြင့် ကျောင်းသွားလျှင် အသင့်ယူသွားရုံ
ပင်။ ဟင်းကတော့ ကြုံသလို။ ညက ဟင်းကျန်ကို နွေးယူကာ ရှိသလို မနက်ကျမှ ခါတော်မှီ ကြက်ဥကို ခရမ်းချဉ်သီးနှင့် ပူပူလောလော မွှေရ လှိမ့်ရတာမျိုးလည်းရှိသည်။ ဟင်းမကျန်တော့လည်း ကျွန်မ မပူပါ။ကျောင်းနားက အသုပ်ဆိုင်က အသုတ်ကလေးတစ်ပွဲလောက် ဒါမှမဟုတ် အကြော်ကလေးနှစ်ခုလောက်ရှိလျှင် ကျွန်မ စားတတ်သည်။ ကျောင်းမှာ
တော့ သူငယ်ချင်း ဆရာမများနှင့် အတူတူ စားကြတာမို့ တစ်နပ်တလေ ဟင်းမပါလို့လည်း ကိစ္စမရှိ။ သူ့ထမင်းချိုင်၊ ကိုယ့်ထမင်းချိုင့်ဖွင့်ကာ
သူ့ဟင်း ကိုယ့်ဟင်း ဟင်းခွက်ပေါင်းစုံ။ ။
သည်နှစ် ကျွန်မ စတုတ္ထတန်း ကိုင်ရသည်။ ကျွန်မ တပည့်ကလေးတွေက ခိုင်းလောက် စေလောက် အရွယ်တွေဆိုတော့ တစ်ခါတစ်ရံ ကျောင်းဘေးက တစ်ခါပြင် ထမင်းဆိုင်တွေမှာ ဟင်းတစ်ပွဲ ဝယ်ခိုင်းတော့လည်း အဆင်ပြေသည်။ ကျွန်မ ပြောချင်တာက ထမင်းချိုင့်အတွက် ဟင်းကိစ္စကို ကျွန်မ ဘယ်တုန်းကမှ ပူပင်ကြောင့်ကြ မရှိခဲ့ဖူးတာကို ဖြစ်ပါ၏။
“ကနေ့တော့ အသားတုကလေး ကြော်ထားတယ်၊ အချဉ်ရည်ကလေးနဲ့ ထည့်ပေးလိုက်တယ် သမီး၊ လူတွေက အသားတု အသားတု ပြောကြလွန်းလို့ ဝယ်ကြော်ကြည့်တာ၊ ဟုတ်တော့ ဟုတ်သားနဲ့”
အမေက သူ့စကားနှင့်သူ ရယ်သည်။ ကျွန်မကလည်း အမေ့ကို ရယ်ချင်တာပါပဲ။ အမေ့ခမျာ အိုးသူကြီးတာဝန်ကို ထမ်းဆောင်ခဲ့ရသည့်
နှစ်ပေါင်း မနည်းတော့ပြီ။ တစ်နေ့တစ်နေ့ ဟင်းချက်ဖို့ စဉ်းစားရ၊ ဟင်းစပ်စပ်ရတာကပင် အမေ ခေါင်းခြောက်လောက်သည်။ ကျွန်မ ရယ်ချင်တာက အသားတုဆိုသည့် ဟင်းတစ်မျိုး အမေ တွေ့ရှိသွားပြီးနောက်ပိုင်း အသားတုကို ကြော်လိုက်၊ ခရမ်းချဉ်သီးကလေးနှင့် နှပ်လိုက်နှင့်
အကွက်တွေ့နေခြင်းကို ဖြစ်ပါ၏။
ကျွန်မအတွက် ထမင်းချိုင့်ကလေးထည့်ပြီး အမေက အိမ်ရှေ့စားပွဲမှာ တင်ထားတတ်သည်။ မနက်ခင်း ကျောင်းချိန်မီ ရေမိုးချိုး၊ ဖီးလိမ်းပြင်ဆင်ပြီး အဖေ့ကို နှုတ်ဆက်၊ အမေ ထည့်ပေးထားသည့် ထမင်းချိုင့်ကို စက်ဘီးခြင်းထဲထည့်၊ စက်ဘီးကလေးစီးပြီး ထွက်ခဲ့ရုံပင်။ အိမ်ကနေ တာရိုးပေါ်တက်ပြီး မြစ်ဆိပ်တာတောင်ကြီးအတိုင်း မြောက်ဘက်ကို နင်းရသည်။ ဂေါဝိန်ရောက်တော့ (၃၅) လမ်းအတိုင်း အရှေ့ဘက်ကို ချိုးရပါ၏။ သိပ်တော့လည်း စက်ဘီးမနင်းရပါ။ကျောင်းအနောက်ဘက် တံခါးမကြီးက စက်ဘီးတွန်းဝင်သည်နှင့် တပည့်
ကလေးတွေက ကျွန်မစက်ဘီးကို ဆီးယူကာ နေရာတကျ ထားပေးသည်။သော့ခတ်ပြီးတော့ လာပေးနေကျ၊ လက်ဆွဲခြင်းကို စားပွဲပေါ်တင်နေကျ။
ဒီလိုတပည့်တွေထဲမှာ “ဘိုနီ” က အသွက်ဆုံး။
( ၂ )
တစ်ကျောင်းလုံးက သူ့ကို “ဘိုနီ”လို့ ခေါ်နေကြသော်လည်း နာမည်ရင်းက ဘိုနီ မဟုတ်ပါ။ ကျောင်းခေါ်စာရင်းမှာတော့ မောင်ကျော်ဦး ဖြစ်သည်။ သို့သော် ဘယ်သူကမှ ကျော်ဦး မခေါ်ကြ။ ကျွန်မက Roll Call ခေါ်လို့ မောင်ကျော်ဦး ဆိုလျှင်ပင် တစ်ခါတလေ သူ့နာမည်သူ မေ့နေတတ်သည်။ ဘိုနီက ပိန်ပါးပါး မည်းခြောက်ခြောက် ဆိုသော်လည်း
အရပ်က ရှည်သည်။ ခေါင်းမှာ ဘယ်တော့မှ ဆီမရှိ။ အဝတ်အစားကလည်း ကျောင်းဝတ်စုံ ပီသရုံသာ။ သည်အဝတ်အစားနှင့်ပင် ဘောလုံးကန်သည်။ သည်အဝတ်အစားနှင့်ပင် ကျောင်းတက်သည်။ သည်အဝတ်အစားနှင့်ပင် ညဝတ်အိပ်ပုံလည်း ရပါ၏။ နောက်တစ်နေ့လည်း သည်အဝတ်
အစားကိုပင် ဝတ်လာတတ်သဖြင့် ကျွန်မ ဆူရပေါင်းများပြီး၊ နောက်တော့ ဘိုနီက မပြောင်း၊ ကျွန်မကပဲ စိတ်လျှော့လိုက်ရသည်။
“သန့်သန့်ရှင်းရှင်း နေမှပေါ့ ဘိုနီ၊ ဝတ်ကောင်းစားလှဝတ်ဖို့ မပြောပါဘူး၊ ဝတ်သမျှတော့ သန့်ရှင်းရမှာပေါ့။ မင်းအမေက လျှော်ဖွပ်မပေးရင်လည်း မင်းဟာမင်း လျှော်ဖွပ်ဝတ်ပါကွယ်”
ကျွန်မက တစ်ခါတစ်ခါ ဆုံးမသော်လည်း ခဏပင်။ ဆံပင်လည်း ညှပ်ချင်မှ ညှပ်သည်။ စာအုပ်၊ ခဲတံကအစ တစ်ခုမဟုတ်တစ်ခု မေ့ကျန်တာ ရှိသေးသည်။ စာအုပ်ကိုလည်း ရိုရိုသေသေ မကိုင်။ လွယ်အိတ်ထဲ
ရှာကြည့်လျှင်တော့ ကျောင်းနှင့် မဆိုင်တာတွေ ပါချင်ပါလာတတ်သည်။တစ်ခါတလေ စက်ဘီးပစ္စည်း တိုလီမုတ်စတွေ၊ တစ်ခါတလေတော့ ကျွန်မ မသိသော လျှပ်စစ်ပစ္စည်းလိုလို ရေဒီယိုပစ္စည်းလိုလို အမယ်ကလေးတွေ
“ဒါ ဘာတွေလဲ ဘိုနီ၊ ကျောင်းနဲ့ မဆိုင်တာတွေ ဘာကိစ္စ သယ်လာတာလဲ”
“စက်ဘီးပစ္စည်းတွေပါ ဆရာမ၊ ဒါက ကက်ဆက်က ပစ္စည်းတွေ၊အဖေ မှာတာ ဝယ်ထားတာ ဆရာမ၊ အဖေက စက်ဘီးလည်း ပြင်တယ်။ကက်ဆက်လည်းပြင်တယ်၊ ရေမော်တာတွေ ဘာတွေလည်း လိုက်ပြင်တာပဲ။ အဖေ လိုတာ ကျွန်တော် ဝယ်ပေးရတာ ဆရာမ”
သည်လိုဆိုတော့လည်း ကျွန်မ မပြောသာ။ ဘိုနီက ဖြစ်ကတတ်ဆန်း နေတတ်သော်လည်း သွက်လက်ချက်ချာသည်။ ကျောင်းဝေယျာဝစ္စကအစ
တော်ရုံကိစ္စလောက်တော့ ဘိုနီကို ခိုင်းရုံဖြင့် အဆင်ပြေသည်။ နားကလည်း နီးပါဘိသနှင့်။ ကျွန်မ စက်ဘီးဆိုလျှင် တိုနီကိုယ်တိုင် စီးသွားပြီး ပြင်လာသည့်အကြိမ် များလှပြီ။ ကျွန်မက မင်းအဖေ ပြင်ပေးတာလား ပြင်ခယူပါကွာဆိုလျှင် သူ ပြင်လာတာလို့ချည်းဖြေသည်။ ကျောင်းသားကိစ္စ၊
စာကိစ္စတွေမှာ လေးလံနှေးကွေးသလောက် ကျန်ကိစ္စတွေမှာ လူကြီးတစ်ယောက်လိုလည်လည်ဝယ်ဝယ် ချက်ချက်ချာချာ ရှိသူကလေးပင်။
တစ်ရက်မှာတော့ ကျောင်းကို ကျွန်မ ခပ်စောစောကလေး ထွက်လာခဲ့သည်။ ဘိုနီကိုလည်း သူ့အိမ်က သံနှင့်တူယူခဲ့ပြီး ကျောင်းကို စောစောလာဖို့ မှာထားပါ၏။ ကျွန်မ စားပွဲတည့်တည့်က အခန်းမျက်နှာကြက် ကွာနေသောကြောင့် အပေါက်ကြီးဖြစ်နေရာ သည်အပေါက်ကို ဖာရန်အတွက်ဖြစ်သည်။
ကျွန်မ တာဝန်ကျသည့် စတုတ္ထတန်းအခန်းမှာ အစွန်ဘက်ကျသည်။ အခန်းက လေဝင်လေထွက် ကောင်းသော်လည်း ကျွန်မထိုင်သည့် တည့်တည့်နေရာက မျက်နှာကြက်ပြားတစ်ချပ်သာ
ကွာကျနေခြင်းဖြစ်ပါ၏။ ဒီအပေါက်မှတစ်ဆင့် အမိုးသွပ်ပြားနှင့် ထုတ်တန်း ဒိုင်းတန်းတွေကို မြင်နေရသည်။ သည်အပေါက်ကြီးဆီက ငှက်ချေးနံ့
တွေ “လှောက်' နေတတ်တာကိုတော့ ကျွန်မ မခံနိုင်။
တစ်ခါတလေ ငှက်မွေးတွေ လွင့်ကျလာတတ်သကဲ့သို့ အမှိုက်တွေပါ လွင့်ကျတာလည်းရှိသည်။ မိုးရွာသည့်အခါများဆိုလျှင် ငှက်ချေးရေစိုနံ့လို အနံ့က ခေါင်းပင်ကိုက်ရသည်။ ကျွန်မ အတန်းဝင်စက အထွေထွေလုပ်သား ဦးလေးမြကိုပြောပြတော့ ကတ်စက္ကူထူထူ တစ်ချပ်ဖြင့် ပိတ်ပေးရှာပါသည်။ မရပါ။ကတ်စက္ကူကြီး ကွာကျလာခဲ့သည်။ ဦးလေးမြက တစ်ခါ ပိတ်ပေးပြန်သည်။ တစ်ပတ်လေးပဲခံသည်။ ကွာကျပြန်၏။ သံမှိုကလေးများဖြင့်
သေသေသပ်သပ် ရိုက်ပေးခြင်းဖြစ်သော်လည်း အောက်ကို စက္ကူကြီးတစ်ချပ်လုံး ကွာမကျဘဲ တန်းလန်းကြီး ဖြစ်နေတာလည်း ကျွန်မ
စဉ်းစားလို့မရ။ ဒီတစ်ခါတော့ ဘိုနီကို အားကိုးရတော့မည်။
“ဒီမယ် ဘိုနီ၊ ဆရာမ စက္ကူ အထူကြီး ဝယ်လာခဲ့တယ်၊ မင်းယူလာတဲ့ သံတွေက ကြီးလွန်းနေတယ်ကွ၊ သံခပ်သေးသေး သွားရှာဦး၊မင်း လုပ်ရမှာက ဒီအပေါက်ကြီး ပိတ်ပေးရမှာ”
ဘိုနီက သဘောပေါက်သွားပုံဖြင့် အပြင်ထွက်သွားသည်။ ကျွန်မ စက်ဘီးသော့ကိုယူကာ စက်ဘီးနင်း ထွက်သွားသည်။ ပြန်လာတော့ သံမှိုကလေးတွေ ပါလာခဲ့၏။ ကျောင်းသားနှစ်ယောက် သုံးယောက်ခေါ်ပြီး ကျွန်မ စာရေးစားပွဲကို အပေါက်ကြီးဘက် ရွှေ့ကြသည်။ စားပွဲပေါ်ကို ကုလားထိုင်တစ်လုံးတင်သည်။ ကုလားထိုင်ပေါ် ဘိုနီ တက်လိုက်တော့
မျက်နှာကြက်ကို မီသွားသည်။ ကျွန်မ ပေးထားသည့် စက္ကူထူကို သေသေသပ်သပ် ရိုက်ကပ်ပေးသည်။ ကျွန်မ တပည့်ကလေး၏ လုပ်ပုံကိုင်ပုံကို
ကြည့်ရင်း ချီးကျူးလိုက်မိပါ၏။
“ဘိုနီက တော်တယ်ဟေ့၊ ဆရာမက ဦးလေးကို ခိုင်းရတာ အားနာလှပြီ၊ ငါ့တပည့် မုန့်ကျွေးရမယ်ကွာ”
ဘိုနီက သည်လောက်တော့ အပျော့ပေါ့ ဆရာမရယ်ဆိုသည့် မျက်နှာဖြင့် ကျွန်မကို ကြည့်နေသည်။ ဘာမှတော့ မပြောပါ။ သူ ယူလာသည့် တူတွေ သံတွေကို တစ်ခေါက်ပြန်ပို့ပြန်သည်။ သူ့အဖေ စက်ဘီးပြင်သည့် တူ ဆိုသဖြင့် ကျွန်မကိုယ်တိုင်က လွှတ်လိုက်ရခြင်းဖြစ်၏။
သို့သော်...။ ဒီတစ်ကြိမ်မှာလည်း နှစ်ပေပတ်လည် မျက်နှာကြက် စက္ကူချပ်ကြီးက ပြုတ်ပြန်လေသည်။ စက္ကူချပ်ကြီး ပြုတ်နေတာက အရေးမကြီးလှသော်လည်း ငှက်ချေးနံ့တွေ မွှန်နေတာကိုတော့ ကျွန်မ ခေါင်းခဲရပြန်ပါ၏။ ထိုအပေါက်ကို ပိတ်ခြင်းအားဖြင့် ကျွန်မက အကြိမ်ကြိမ် လုံခြုံဖို့ ကြိုးစားခဲ့သည်။ ကတ်စက္ကူကလည်း အကြိမ်ကြိမ်ပင်
ကွာကျနေတတ်မြဲဖြစ်သည်။
( ၃ )
ညနေဘက် သားအဖတစ်တွေ ဆုံကြတော့ အဖေ့ကို ကျွန်မ ဒီအကြောင်းတွေ ပြောပြဖြစ်ပါသည်။ အဖေက အပေါက်ကို မပိတ်နိုင်လျှင် ကျွန်မ စာရေးစားပွဲကို နေရာရွှေ့ဖို့ အကြံပေးပါသည်။ ကျွန်မ စဉ်းစား
ကြည့်သည်။ ကျွန်မ၏ စာသင်ခန်းကလေးမှာ ဝင်ပေါက်တစ်ပေါက်သာရှိသည်။ စာသင်ခန်းရှေ့တည့်တည့်မှာ ကျောက်သင်ပုန်း။ လက်ယာဘက်က
ဝင်ပေါက်ဆိုတော့ လက်ဝဲဘက်ထောင့်မှာ စားပွဲခုံ ထားရသည်။ လက်ယာဘက်ကို ရွှေ့ လျှင် ဝင်ပေါက်ပိတ်သွားသည်။ ကလေးတွေရဲ့ နောက်မှာ
ထားလျှင်ကော။ ကလေးတွေကရှေ့က ဆရာမက နောက်ကျောကဆိုတော့လည်း မဟန်လှပါ။ ကျွန်မက အခြေအနေကို ပြောပြတော့ အဖေက တစ်မျိုးစဉ်းစားသည်။ ။
“အဲသလိုဆိုရင် မျက်နှာကြက်က အပေါက်ကိုပဲ လုံအောင် လုပ်ရတော့မှာပေါ့။ ဒီလိုလုပ်၊ စက္ကူချပ်နဲ့ မပိတ်နဲ့တော့ အဖေ သစ်သားချောင်းတွေ တိုင်းဖြတ်ပေးလိုက်မယ်။ သမီး စည်းပြီးယူသွား။ ဟိုကျတော့ တစ်ယောက်ယောက်ကို သံရိုက်ခိုင်းလိုက်”
အဖေက အိမ်အောက်ဆင်းကာ သစ်သားပုံကိုဖွသည်။ နှစ်တစ်လက်မချောင်းကလေးတွေ ရွေးသည်။ ဘေးမှာ ပုံသည်။ ပေတံ တက်ယူကာ
နှစ်ပေသာသာ အချောင်းကလေးတွေတိုင်းကာ လွှတစ်ချောင်းနှင့်ဖြတ်သည်။ ဖြတ်ပြီးတော့ မြေပေါ်မှာ စီချကြည့်သည်။ လိုတော့ ထပ်ဖြတ်ပြန်သည်။ အဖေမှာ ချွေးတလုံးလုံး။
“ကိုင်း... ထမင်းစားကြစို့ဟေ့၊ သားအဖ ဘာများလုပ်ကြမလို့ပါလိမ့်”
အမေက လှမ်းငေါက်တော့မှ ကျွန်မတို့သားအဖ အမေ့ထမင်းဝိုင်း ဝင်ကြရပါသည်။ ကျွန်မတို့မိသားစုမှာ ကျွန်မ ဝင်ငွေသာရှိသဖြင့် အစစအရာရာ ချွေတာကြရပါသည်။ အမေ ချက်ကျွေးသမျှ မညည်းမညူ စားကြရသည်။ အမေ့ဟင်းတွေ ကြည့်လိုက်တော့ ဟင်းချိုတစ်ခွက်၊ငါးပိချက်တစ်ခွက်။ ပြီးတော့ အသားတုဟင်း။ ခုတစ်လော အမေ
အသားတု ဓာတ်စာကျနေပါ၏။ မကြာခဏ ချက်တတ်သည်။ အသားတု ဆိုသော်လည်း ခရမ်းချဉ်သီးနိုင်နိုင်ကလေး ချက်ထားသဖြင့် စားလို့တော့ ကောင်းပါသည်။
“အသားတုရယ်လို့ ဘယ်သူကများ ထွင်လိုက်တာလဲ မသိဘူး။အသားတု ပေါ်လာတော့ အသားစစ်တွေ နာတာပေါ့ကွာ”
အဖေက အသားတုဟင်း အချက်နာလှတာကို စ,ချင်သဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အမေက ဘာမှမပြောပါ။ ပြောသာ ပြောရတာပါ။အမေ့လက်ရာ အသားတုဟင်းက ကောင်းလှပါသည်။ ပြီးတော့ အမေ့ငါးပိကောင် နှပ်က နာမည်ကြီး။ အမေ့မောင် ဘုန်းတော်ကြီးကဆိုလျှင် အမေ့ကို ငါးပိကောင်နှပ် တကူးတက မှာတော်မူရှာပါ၏။ အမေက
မကြာခဏဆိုသလို ငါးရံ့လုံး ငါးပိကောင် နှပ်ပေးရပါ၏။ တစ်ခါတော့ အမေက မောင်ဘုန်းကြီးအတွက် အသားတုဟင်းတစ်ခွက် ထည့်ကပ်လိုက်
သည်။ ဆွမ်းဟင်း လာယူသော ကျောင်းသားကိုလည်း အသားတုဟင်းဖြစ်ကြောင်း လျှောက်ခိုင်းလိုက်သည်။ သည်နောက်တော့ ဘကြီးဘုန်းကြီးခမျာ အမေ့ကို အသားတုဟင်း မှာတော်မူတော့သည်။ အမေ့ ဟင်းချက်က အဲသလောက် ကောင်းပါ၏။ ။
ကျွန်မတို့အိမ်မှာ ဟင်းချက်စရာ ပြတ်ပြီဆိုလျှင် အဖေက အသားတုကလေး ရှာကြပါဦးလို့ နောက်လေ့ရှိသည်။ အမေ ချက်တော့မှာကို
သိလို့ဖြစ်ကြပါသည်။
( ၄ )
နောက်တစ်နေ့မနက် ကျွန်မ ကျောင်းသွားတော့ သစ်သားချောင်းတွေ စည်းနှောင်ပြီး ကယ်ရီယာမှာ ညှပ်ယူသွားရသည်။ ကျောင်းရောက်တော့ ဘိုနိီ့ကို တူနှင့်သံ အယူခိုင်းကာ ဦးလေးမြနှင့်အတူ သစ်သားချောင်းကလေးတွေ စေ့နေအောင် ရိုက်ခိုင်းရပါ၏။ သည်တစ်ခါတော့ သေချာသွားပြီ။ စက္ကူလို ကွာမကျနိုင်တော့။ ခပ်စေ့စေ့ကလေး ရိုက်ထားတော့
အနံ့အသက်ရော အမှုန်အမျှင်ပါ မကျနိုင်တော့။ ဘိုနီ့ခမျာ ခက်ခက်ခဲခဲ ရိုက်ကပ်ရသဖြင့် တော်တော်ပင်ပန်းသွားပုံရပါ၏။
“မင်း အခန်းက တဒုန်းဒုန်း အသံတွေကြားလို့ ဘာတွေလုပ်နေတာလဲ”
ကျွန်မ အခန်းနှင့် ကပ်လျက်အခန်းက ဆရာမ ဒေါ်မြမူက လာမေးခြင်းဖြစ်သည်။ ကျွန်မက အကျိုးအကြောင်း ရှင်းပြလိုက်သည်။ ခဏနေ
တော့ ကျောင်းအုပ်ဆရာကြီး ရောက်လာပြန်၏။ ကျွန်မ ရှင်းပြရပြန်သည်။ဆရာမတွေ ထမင်းစုစားတော့လည်း ဒီအပေါက်ကြီး အကြောင်းကပင်
ပြောစရာ ဖြစ်ရတော့သည်။
“ကတ်စက္ကူနဲ့ကပ်တာ မရပါဘူးဟယ်၊ တော်ကြာရင်း၊ ကွာကျရင်း၊ တော်ကြာရင်း ကွာကျရင်း၊ အခုတော့ သစ်သားချောင်းနဲ့ ရိုက်ပိတ်လိုက်ပြီ။ ငှက်ချေးစော်တွေ နံလွန်းလို့ဟာ”
“ခိုတွေဟ၊ ငါ့အခန်းလည်း ဒီလိုပဲ၊ သစ်သားဇလီချောင်းကလေးတွေနဲ့ ပိတ်ထားပြီးသား၊ တစ်ခါတလေတော့ ငှက်ချေးတွေ ကျတတ်တယ်”
ဒီလိုနှင့် တစ်ပတ်လောက် ကြာသွားပြန်သည်။ ။
တစ်မနက်... ကျွန်မ ကျောင်းကိုရောက်တော့ သစ်သားချောင်းတွေ ပိတ်ရိုက်ထားသော နှစ်တစ်လက်မ ဇလီချောင်းတွေ အခြေပျက်နေကြသည်။ ဇလီချောင်းတွေကို တစ်ယောက်ယောက်က စိတ်ရှည်လက်ရှည် ခွာထားပုံရသည်။ ပြီးတော့ စိတ်ရှည်လက်ရှည် ပြန်ရိုက်ထားပုံမျိုး။ ဇလီ
ချောင်း တစ်ချောင်းဆိုလျှင် ပြုတ်ကျချင်ချင်။ မသေမသပ် ပြန်ကပ်ထားရာက သံချက်မမြဲဘဲ ဟ,နေခြင်းဖြစ်သည်။ ဒါကတော့ တစ်ယောက်ယောက်
၏ ပယောဂ ဖြစ်နေပြီ။ ဘာသဘောပါလိမ့်။ ဘာရည်ရွယ်ချက်ပါလိမ့်။
သည်အပေါက်ပေါ် လူတက်တာလား။ တက်သည်ပဲထားပါဦးတော့ ဘာအတွက် တက်ရတာလဲ။ တက်စရာလည်း အကြောင်းမမြင်။
အရင်က ကျွန်မ မကြာခဏ ကပ်ခဲ့သော စက္ကူချပ်တွေကလည်း သည်လိုပဲ မရိုးမသား ပဲစုတ်ခဲ့တာပဲ ဖြစ်ရမည်။ ကျွန်မမှာ စဉ်းစားလို့မရလေ စိတ်ထဲ မခံချိမခံသာ ဖြစ်ရလေ။ ကျွန်မ ခေါင်းပေါ်မှာ မျက်နှာကြက် တစ်ချပ်စာ အပေါက်တစ်ပေါက် ရှိနေသည်။ ဒါကို ကျွန်မ တတ်နိုင်သမျှ ပိတ်ဆို့ခဲ့သည်။ ပိတ်ဆို့သမျှ ကွာကျသည်။ ဒါမှမဟုတ် ခွာချသည်။ဒါကို ကျွန်မ နားမလည်နိုင်။ ဦးလေးမြလည်း မဟုတ်နိုင်ပါ။ တစ်ကျောင်းလုံးက အခန်းပေါက်စေ့ သော့တွေ ကိုင်ထားသူအဖို့ ဘာမျှမရှိသော
ကျွန်မ အခန်း မျက်နှာကြက်ကိုမှရွေးပြီး ခွာစရာအကြောင်းမရှိ။
မနက်လင်းလျှင် အခန်းသော့တွေ လိုက်ဖွင့်သည်။ ဒီနေ့ ကျောင်းဆင်းလို့ ကျောင်းသားကုန်လျှင် အခန်းတွေအားလုံး သော့ပိတ်လိုက်ခြင်းကပဲ
ဦးလေးမြ အလုပ်ဖြစ်သည်။
“ကိုင်း... အားလုံး နားထောင်ကြစမ်း၊ ဟောဒီအပေါက်ကြီးက သစ်သားချောင်းတွေ ကွာနေတာ တွေ့လား”
ကျွန်မ လက်ထဲမှာ ကြိမ်ကလေးတစ်ချောင်းကိုင်ကာ မျက်နှာကို ခပ်တင်းတင်းထားရင်း ကျွန်မ အသံမြှင့်ကာ အော်နေမိခြင်းဖြစ်၏။တစ်တန်းလုံး ငြိမ်သွားကြသည်။ ကျွန်မ မျက်နှာကို တစ်တန်းလုံးက
ကြည့်နေကြပါ၏။ အတန်းထဲက ကလေးတွေကို ထင်စရာအကြောင်း တစ်စုံတစ်ရာ မရှိမှန်း ကျွန်မ သိပါသည်။ သို့သော် တစ်စွန်းတစ်စ သဲလွန်စကလေးမှ ရစေတော့သဘောဖြင့် ပြလိုက်ခြင်းဖြစ်သည်။ ကျွန်မ တပည့်ကလေးတွေ တက်ခွာနိုင်ကြမှာ မဟုတ်တာကို သိသော်လည်း သူတို့ သိထားတာ ရှိနိုင်သည် မဟုတ်လား။
“ဆရာမ အပေါက်ကြီးကို ပိတ်တယ်၊တစ်ယောက်ယောက်က ခွာတယ်၊ ဘယ်သူခွာတာလဲ၊ မင်းတို့ သိကြသလား၊ သိရင် ပြောကြစမ်း”
အားလုံး ခေါင်းကလေးတွေ ငုံ့သွားကြသည်။ သူတို့လည်း နားမလည်နိုင်ကြပါဆိုသည့် မျက်နှာကလေးတွေ။ ဆရာမပဲ တက်ဖြုတ်ကြည့်ပါဦးဆိုသည့် မျက်နှာကလေးတွေ။ သူတကာ ကျောင်းတက်ချိန် တက်ကြ၊သူတကာ ကျောင်းဆင်းချိန် အိမ်ပြန်ကြရသူကလေးများအဖို့ ဒီအပေါက်ကိစ္စက ခေါင်းထဲမှာပင် ရှိကြပုံမပေါ်။ ကျွန်မကလည်း တစ်ခုခုများ သိရ
လေမလား မေးရခြင်းဖြစ်သော်လည်း ဘာမှတော့ မျှော်လင့်မထားခဲ့ပါ။ကျွန်မ တပည့်ကျော် ဘိုနီကတော့ ကျွန်မကို မကြည့်ပါ။ အပေါက်ကြီး
ကိုသာ မော့ကြည့်နေသည်။ ဒီတစ်ခါ ထပ်ပိတ်ရပြန်ဦးတော့မှာပါလားဆိုသည့် မျက်နှာ။ ။
“ဘိုနီ ... မင်း ဘာသိသလဲ ဆရာမကို ပြောစမ်း”
“ဘာမှမသိပါဘူး ဆရာမ”
ထုံးစံအတိုင်း ညှင်းသိုးသိုး အိပ်ချင်မူးတူးမျက်နှာဖြင့် ပြန်ဖြေသည်။ကျွန်မကို မကြည့်ဘဲ ဖြေခြင်းဖြစ်သည်။ တချို့ကလေးတွေက ကျွန်မကို
ကြည့်နေကြသည်။ တချို့ကလေးတွေက ဘိုနီကို ကြည့်နေကြသည်။ကျွန်မ စိတ်ထဲမှာ အနံ့တစ်ခု ရသလို ခံစားလိုက်ရ၏။ ငှက်ချေးနဲ့ မဟုတ်ပါ။ သံသယရနံ့ကလေးဖြစ်သည်။ ဘာမှတော့ မဟုတ်။ ကျွန်မ
စိတ်ထဲ အမှတ်တမဲ့ ဝင်လာသည့် လှိုင်းကလေးတစ်လှိုင်းသာဖြစ်သည်။
“ကိုင်း... မသိကြရင်လည်း ရှိပါစေတော့၊ ဘိုနီ မနက်ဖြန် တူနဲ့သံယူခဲ့ဦး၊ ဆရာမတို့ ပြန်ရိုက်ရအောင်”
“ဟုတ်ကဲ့ ဆရာမ”
ကျွန်မတို့ ဆရာမများ ထမင်းစားကြချိန်မှာတော့ ဒီအကြောင်းတွေ ကျွန်မ ပြောပြမိသည်။ သူတို့ခမျာလည်း သဘောထား မပေးနိုင်ကြ။သိပ်ကြီး အလေးအနက် ရှိကြပုံလည်းမပေါ်။ ကျွန်မမှာသာ ဒီကိစ္စက
အကြီးကြီး ဖြစ်နေသော်လည်း သူတို့အဖို့တော့ ရေးကြီးခွင်ကျယ် မရှိကြ။
မဖြူကဆိုလျှင် ‘နင်သာ အသားတုဟင်းတွေစားပြီး အူလည်လည်ဖြစ်နေတာ ထင်ပါရဲ့'လို့ပင် နောက်နေသေးသည်။ အမေ့ အသားတုဟင်းကြောင့်
ကျွန်မ ထမင်းချိုင့် မဖွင့်ခင်မှာပင် အသားတုနံ့ ရတယ်ဟေ့လို့ စ,တတ်ကြသည် မဟုတ်လား။ ပြောသာပြောရတာ။ မဖြူကလည်း ကြက်ဥနှင့်
ဘဲဥ ဆူလှယ်နှင့် ထည့်လာတတ်သူပင်၊ ခါတိုင်း ဟင်းဝယ်စားနေကျ မမသန်းကတော့ ကနေ့ ဟင်းတွေဘာတွေ ချက်ထည့်လာပါရောလား။
“ဒီနေ့တော့ နင်တို့ကို ဟင်းဆန်း ကျွေးရမယ်၊ ငါ အများကြီးထည့်လာတာ”
ချိုင့်ထဲမှာ ဟင်းတွေအပြည့်။ ငါးလို အတုံးကလေးတွေ ဆီနိုင်နိုင်နှင့် ချက်လာခြင်းဖြစ်သည်။ ဘာဟင်းလဲဆိုတော့ ငါးလိပ်ကျောက်သားတဲ့။ မမသန်းတို့ အမျိုးတွေ မြစ်ဝကျွန်းပေါ်ဘက်က လာလည်ကြလို့
ပါလာတာဟုဆိုသည်။ ကျွန်မကတော့ နာမည်သာ ကြားဖူးပြီး တစ်ခါမှ မစားဖူးသဖြင့် စားရမှာ မဝံ့။ မဖြူကတော့ ဗြောင်ဖွင့်မေးသည်။
.“မမသန်း... ငါးလိပ်ကျောက်သားက သွေးမတည့်ရင် သမင်ကွက် ထ,တတ်တယ်ဆို”
“ဘာလဲဟဲ့ သမင်ကွက်ဆိုတာ”
“ကြားဖူးတာပါ၊ ဟိုလေ... အရေပြားနာကို ပြောတာ”
“ကြံကြီးစည်ရာ... ငါဖြင့် တစ်သက်လုံး စားလာတာပါဟယ်"
“အံမယ်လေး... စားကောင်းတဲ့အသား စားတာပဲဟယ်၊ ဘာမှမဖြစ်ပါဘူး၊ သွေးမတည့်ရင် ဘာသားစားစား သမင်ကွက် ထ,ချင် ထ,တာပါပဲ"
မမြမှုက လိပ်ကျောက်သားဟင်းတစ်တုံး လှမ်းခပ်ရင်းက ဝင်ပြောလိုက်သည်။ ထိုမနက်က မမသန်း ကျေနပ်အောင် လိပ်ကျောက်သားတစ်တုံး စားပြခဲ့ရပါ၏။ သို့သော် ကျွန်မ ဝမ်းထဲ ကျသွားသော်လည်း
ရင်ထဲက လက်မခံဘဲ ရှိနေခဲ့သည်။ ကျောင်းပြန်တက်တော့ အဖြေကျော် လျက်ဆားဝယ်ကာ လျက်ရပါ၏။ ခေါင်းတွေပင် အုံခဲသလိုလို ခံစားနေ
ရသည်။ ဒီကြားထဲ ခိုချေးနံ့တွေက စာသင်ခန်းထဲ ဝေ့ခနဲ ရောက်လာပြန်တော့ အခန်းအပြင် ထွက်ခဲ့ရသည်။
( ၅ )
သည်ကနေ့တော့ ကျွန်မတို့ ဆရာမတစ်တွေ ထမင်းချိုင့် မထည့်ခဲ့ကြပါ။ ဆရာကြီးအိမ်မှာ ဆွမ်းကျွေးရှိသဖြင့် ဆရာ၊ ဆရာမတွေအားလုံးကို
ဖိတ်ထား၍ ဖြစ်ပါသည်။ မူလတန်းကျောင်းကလေးဆိုတော့ ဆရာ၊ဆရာမ သိပ်များလှတာမဟုတ်။
ကျောင်းကနေ၍ ဆရာအုပ်စုနှင့် ဆရာမအုပ်စုခွဲကာ ဆရာကြီးအိမ်က ဆွမ်းကျွေးကို သွားစားကြသည်။ ဆွမ်းကျွေးကပြန်တော့ ကျွန်မ အတန်းဘက် လျှောက်လာခဲ့သည်။ ကလေးတွေက အတန်းခုံတွေပေါ်မှာ ထမင်းချိုင့်ကလေးတွေဖွင့်ကာ ထမင်းစားနေကြဆဲဖြစ်၏။
“ဆရာမ စားပါဦး”
“စားကြပါကွယ်၊ ဘာဟင်းတွေနဲ့ စားကြတာလဲကွ”
ကလေးတွေ ထမင်းစားနေကြရာကိုသွားပြီး ကျွန်မ စပ်စုကြည့်မိပါ၏။ တချို့က ပဲပြုတ်၊ တချို့က ငါးကလေးဟင်း၊ တချို့က ဘယာကြော် တစ်ကွင်းနှစ်ကွင်း၊ တချို့ က ငါးပိချက်။ ဘိုနီကတော့ ကျွန်မကို
မကြည့်ဘဲ ခေါင်းကြီးတွင်တွင်ငုံကာ ထမင်းစားနေပါ၏။ ဘိုနီတို့ မိသားစုအကြောင်း ကျွန်မ သိထားသဖြင့် ဟင်းကောင်း မပါနိုင်ရှာမှာကို ကျွန်မ
သိပါသည်။ ဘိုနီက ထမင်းချိုင့်ကလေးကို အုပ်သလိုလို၊ ကာသလိုလို လုပ်နေရှာပါ၏။ ဘိုနီ မျက်နှာကလေးကလည်း ချေးညှော်တွေကြားက
ရဲလို့။ ဟင်းမကောင်းတာ ရှက်စရာမှတ်လို့ကွယ်...။
“ဘိုနီ ဘာဟင်းလဲကွ”
“ကြွက်သား ဆရာမ”
“ကြွက်သား”
ကျွန်မအဖို့ ကြွက်သားဟင်းဆိုတာ အံ့သြခြင်း မဟုတ်သော်လည်း ဒီအချိန်မှာ ကြွက်သားလို ဟင်းတစ်ခွက် ချက်လာလိမ့်မည် မထင်ခဲ့။
ကျွန်မက သူ့ချိုင့်ကလေးကို ကြည့်လိုက်တော့ ခရမ်းချဉ်သီးအနှစ်များဖြင့် ရောကောသောကော ဖြစ်နေသည့် အသားတုံးကလေးတွေ မြင်နေရသည်။
ဘိုနီကတော့ ကြွက်သားလို့ ပြောလိုက်ရတာကို ရှက်နေပုံရပါသည်။ကျွန်မ ကိုယ်တိုင်က ကြွက်သား မစားသော်လည်း ကြွက်သား စားကြသူ ရွာက ဆွေမျိုးတွေကြားမှာ ကြီးပြင်းရသူဆိုတော့ ကြွက်သားသည်လည်း စားကောင်းသော အသားတစ်မျိုးဆိုတာ နားလည်ထားပါ၏။ ရွာမှာ
“လယ်ကြွက်”ကလည်း ပေါသည်မဟုတ်လား။
ကလေးတွေအပါးက ပြန်ထွက်လာကာ စားပွဲမှာ ကျွန်မတစ်ယောက်တည်း ထိုင်နေမိခဲ့သည်။ ကျွန်မ အပေါ်တည့်တည့်မှာ နှစ်ပေပတ်လည်
အပေါက်တစ်ပေါက်။ ကျွန်မအဖို့တော့ ကမ္ဘာ့ကောင်းကင်လေထုထဲမှာ တစ်စ တစ်စ ကျယ်ပြန့်လာသည်ဆိုသော အိုဇုန်းလွှာအပေါက်ကြီး တစ်
ပေါက်လို့ပင် ထင်နေမိခဲ့ရပါ၏။ ထိုအိုဇုန်းလွှာအပေါက်ကြီးကို ပိတ်ရဦးမှာပါလား။ ပိတ်ရင်ကော မြဲပါ့မလား။ တစ်ယောက်ယောက်က ဒီအပေါက်
ကြီးကို ဖွင့်နေဦးမှာလား။
( ၆ )
နောက်တစ်နေ့မနက် ကျွန်မ ကျောင်းကို စောစောရောက်လာခဲ့သည်။ကျွန်မ တစ်ယောက်တည်း စားပွဲမှာထိုင်ရင်း မဂ္ဂဇင်းတစ်အုပ် ဖတ်နေခဲ့သည်။ အခန်းထဲ ပထမဆုံး ဝင်လာသူက ကျောင်းသူကလေးတစ်ယောက်။သူ့နေရာမှာ လွယ်အိတ်ကလေးချကာ ကျွန်မကို ပန်းကလေးတစ်ပွင့် လာပေးသည်။ ဖြူဆေးရီးယား နှင်းဆီနီကလေးတစ်ပွင့်။
“ဆရာမ မနေ့က ဘိုနီ စားတာ ကြွက်သား မဟုတ်ဘူး ဆရာမ၊သူ ဆရာမကိုညာတာ”
“ဟေ...”
“သမီးတို့က သူ့ရှေ့ မပြောရဲလို့၊ သူစားတာ ခိုသားတဲ့"
“ဪ...”.
ကျွန်မ နာကျင်စွာ ပြုံးလိုက်မိပါ၏။ ကျောင်းသူကလေးက ကျောင်းမုန့်ဈေးတန်းဘက် ထွက်သွားသည်။ ကျွန်မ တစ်ယောက်တည်း ကျန်ရစ်
ခဲ့ပါသည်။ ခဏနေပြီးမှ နှင်းဆီပွင့်ကလေးကို ကောက်ယူကာ ကော်ရစ်ဒါအတိုင်း အပြင်ဘက် လျှောက်လာခဲ့သည်။ ကျောင်းသူ ကျောင်းသားတွေ၊ဆရာ ဆရာမတွေ ကျောင်းဝဆီက ဝင်လာကြပြီ။ ကျောင်းကလေးလည်း လှုပ်လာခဲ့ပြီ။ ကျွန်မကတော့ အသားတုတွေ ပေါ်လာတော့ အသားစစ်
တွေ နာတာပေါ့ ဆိုသော အဖေဟာသကို ကြားယောင်ရင်း နာကျင်စွာ ပြုံးမိရပြန်သည်။ ညကျလျှင် ဒီအကြောင်းတွေ အဖေ့ကို ပြောပြရပါဦး
မည်။
--------------
ခင်ခင်ထူး
( Mandalay Icon မဂ္ဂဇင်း )
(၂၀၀၈) ခုနှစ်၊ မတ်လ။
#Typing_crd_ZawOo
No comments:
Post a Comment