Saturday, 1 August 2020

ခွေးသရဲ #နုနုရည် ( အင်းဝ )

#ခွေးသရဲ

#နုနုရည် ( အင်းဝ )

ကျွန်မ ခွေးစကား ပြောမလို့ မဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ များပြားလှတဲ့ ခွေးအုပ်ကြီးနဲ့အတူ “ခွေးသရဲ” ဆိုတာ မကြာသေးမီကပဲ အမှန်တကယ် ပေါ်ပေါက်ခဲ့လို့ပါ။

                                 * * * * *

ကျွန်မတို့ တိုက် (၄) မှာ ခွေးငယ်ကလေးတွေ များလှပေမယ့်၊ ကလေးငယ်လေးတွေကတော့ နည်းပါတယ်။ အခန်းပေါင်း နှစ်ဆယ့်လေးခန်း ရှိတဲ့ တစ်တိုက်လုံးမှာမှ ငါးယောက်ပဲ ရှိတယ်။ ယောကျ်ားလေး နှစ်ယောက်နဲ့ မိန်းကလေးသုံးယောက်။ အသက်အကြီးဆုံးက ငါးနှစ်ပဲ ရှိဦးမယ်။ အသက်အငယ်ဆုံးက သုံးနှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့။ မောင်စွမ်းပြည့်တဲ့။ မောင်ရှင်းသန့်တဲ့၊ မြတ်ပန်းပွင့်သော်တဲ့၊ မဒေးတဲ့၊ ခန့်ခန့်တဲ့။ ဒီဟာလေး ငါးယောက်ထဲက အသက်အကြီးဆုံး သုံးယောက်ဟာ ကလေးမြေးငယ် မရှိတဲ့ ကျွန်မတို့ အခန်းမှာ အမြဲ စတည်းချတတ်တယ်။ မောင်စွမ်းပြည့်ရယ်၊ သော်သော်ရယ်၊ မဒေးရယ်ပေါ့။ ကစားကြ၊ ရန်ဖြစ်ကြ၊ ငိုယိုကြပေါ့။ ကျွန်မက ဖျန်ဖြေရ၊ ရေတိုက်ရ၊ မုန့်ကျွေးရပေါ့။

 သူတို့ သုံးယောက်ထဲမှာ (မိန်းကလေးတွေက စကားမကြွယ်ရဘဲ) စကားအကြွယ်ဆုံးနဲ့ အမေးအမြန်းအထူဆုံးက အောက်နှုတ်ခမ်း အလယ်တည့်တည့်မှာ မှဲ့နက်နဲ့ မောင်စွမ်းပြည့်ပဲ။ ဒီကောင်က ကျွန်မတို့ ဒီတိုက်ရောက်ခါစ၊ သူ့ကိုယ်ဝန်ကြီးနဲ့ကတည်းက မြင်တွေ့နေရပြီး ကျွန်မတို့ မျက်စိအောက်မှာ မွေးဖွားကြီးပြင်းလာတဲ့ဟာလေး ဆိုတော့ ကျွန်မတို့ကို ပိုရင်းနှီးတယ်။ ဒီကောင်က ချစ်စရာလည်း ကောင်းတော့ အသက်လေးဆယ်ကျော်မှ ကံပေါ်တဲ့ သူ့မိဘတွေ၊ ဦးမျိုးသန့်နဲ့ တီတီစီဆရာမ ဒေါ်ရွှေအိတို့ သည်းသည်းလှုပ် ချစ်သလိုပဲ အားလုံးက ဝိုင်းချစ်ကြတယ်။ ကျွန်မတို့ နှစ်ယောက်ကိုတော့ သူက ရိုက်စားပဲ။ အမေးအမြန်းကလည်း ထူသလား မမေးနဲ့။ သူမေးလွန်းလို့ သူ့အဖေက စိတ်မရှည်တော့ စိတ်ရှည်လက်ရှည် ဖြေတဲ့ သူ့ဘဘတိုး (ကျွန်မတို့ နှစ်ယောက်ကို ဒီတိုက်မှာ ရှိတဲ့ ကလေးအားလုံးနဲ့ သူတို့ မိဘတွေက “ဘဘတိုးနဲ့ အန်တီနု” တဲ့) ကိုပဲ မေးခွန်းပေါင်းများစွာ မေးလေ့ရှိတယ်။ မေးခွန်းတော်တော် များများကတော့ ယောကျ်ားလေးတွေ စိတ်ဝင်စားတတ်တဲ့ သေနတ်တို့၊ ဓါးတို့၊ သိုင်းတို့ အကြောင်းပေါ့။ အထူးသဖြင့် ဒီကောင့် အသက်နဲ့အမျှ မြဝတီ တရုတ်သိုင်းကားများနဲ့ အတူတကွ ကြီးပြင်းလာတာဆိုတော့ သိုင်းဟာ သူ့ဖေးဘရိတ်ပဲ။ အလကားနေရင်း ခုန်ပျံနေတာပဲ။
တစ်ခါကျတော့ သူ့ဘဘတိုးကို မေးတယ်။

 “ဘဘတိုး သားတို့ တိုက်အပေါ်ဆုံးကနေ အောက်ဆုံးကို သိုင်းကားတွေထဲကလို ခုန်ချင်တယ်။ သားခြေထောက် ကျိုးမှာလား” တဲ့။ 

“ဟာ ကျိုးတာပေါ့ကွ” လို့ သူ့ဘဘတိုးက အမြန်ဖြေရတယ်။ ဒီကောင် ဘယ်ကျေနပ်မလဲ။ ဇာတ်လမ်းက ဆက်တော့တာပေါ့။

“သိုင်းကားတွေထဲမှာကျတော့ ဘာလို့ မကျိုးလဲ။ သားတို့ တိုက်ထက်တောင် မြင့်သေးတယ်”

“ဟာ… သူတို့က ကိုယ်ဖော့သိုင်း တတ်တယ်ကွ။ မင်းကမှ မတတ်ဘဲ”

“ဒါဖြင့် သားကို သင်ပေးပေါ့။ ဘဘတိုး သင်ပေးပေါ့။ ဘဘတိုး သင်ပေး”

“ဘဘတိုးက မတတ်ဘူးကွ၊ မင်းကြီးတော့မှ ဆရာနဲ့ အပ်ပေးမယ်လေကွာ”

“ဒါဆိုရင် သားကို ဆေးထိုးပေးပေါ့။ ခြေထောက် မကျိုးအောင်လေ။ သားအဖေလို ဆေးမျိုး ဘဘတိုး ထိုးတတ်လား”

“ဘာဆေးလဲကွ မင်းက”

“သားဖေကြီးရဲ့ လက်မောင်းမှာ ရှိတယ်လေ။ အရုပ်လေးတွေလေ။ အဲဒါ သားဖေကြီးကို သေနတ်နဲ့ ပစ်ရင်တောင် ဖေကြီးက မသေဘူးတဲ့။ ဓါးနဲ့ထိုးရင်လည်း မသေဘူးတဲ့။ အဲဒီဆေး ဘဘတိုး ထိုးတတ်လား ”

“အေး.. အေး ထိုးတတ်တယ်။ မင်းကြီးလာတော့ ထိုးပေးမယ်ကွာ.. ဟုတ်လား”

“ဟင့်အင်း ဟင့်အင်း အခုထိုးပေးပါ။ ဘဘတိုး အခု”

“ဟာ မင်းကလည်း ဆေးဆိုတာ ဒီအတိုင်း ထိုးလို့ မရဘူးကွ။ ကန်တော့ပွဲနဲ့ ထိုးမှ စွမ်းတာ။ မင်းမှာ ကန်တော့ပွဲဖိုး ပိုက်ဆံရှိလို့လား”

“အောင်မာ ဘဘတိုးကလည်း သားမှာ ပိုက်ဆံရှိတာပေါ့။ မုန့်ဖိုးတွေ အများကြီးရှိတယ်”

“အေး… အဲလိုဆိုရင် ထိုးပေးမယ်။ ဘဘတိုးဆေးက မင်းအဖေထက် စွမ်းတယ်သိလား။ မင်း အဲဒီဆေးထိုးပြီးတာနဲ့ မင်းနဲ့ သော်သော်နဲ့ ရန်ဖြစ်တယ် ဆိုပါစို့ကွာ။ သော်သော်က မင်းကို ရိုက်မလို့ လက်ရွယ်လိုက်တာနဲ့၊ မင်းက လက်ညှိုးထိုးပြီး “အာ၊ဒိ၊ပု” “ပု၊ ဒိ၊ အာ” လို့ ဆိုလိုက်ရင် သော်သော်က ရိုက်လို့ မရတော့ဘူး။ လေထဲမှာ လက်ကြီးက ဟောဒီလိုကြီး ရပ်နေရော”

“တကယ်လား ဘဘတိုး”

“တကယ်ပေါ့ကွ၊ မင်းအဖေတို့၊ အမေတို့ မင်းကျူရှင် ဆရာမတို့ ရိုက်မလို့ ဒုတ်နဲ့ မင်းကို ရွယ်လိုက်တာနဲ့ မင်းက အာဒိပု၊ ပုဒိအာ ဆိုလိုက်ရင် သူတို့ရဲ့ ဒုတ်ကြီးက ရိုက်လို့ မရတော့ဘဲ လေထဲမှာ ဟောဒီလိုကြီး ရပ်နေရော”

“ဟာ… ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”

ဒီနေရာ အရောက်မှာ မောင်စွမ်းပြည့်ဟာ တကယ့်ကို ဟတ်ထိသွားပြီး အလွန်တရာ သဘောကျ ရွှင်မြူးစွာနဲ့ ခုန်ပေါက်တောင် ကလိုက်သေးတယ်။ ပြီးတော့မှ သူ့ဘဘတိုးကို “ခုထိုးပေး၊ ခုထိုးပေး” လုပ်တော့တာပေါ့။ ဘဘတိုးမှာ ဘယ်လို ရှောင်ရှားရလဲဆိုတော့ ကန်တော့ပွဲ ပစ္စည်းစုံမှ ထိုးလို့ရမယ်ဆိုတဲ့ နည်းနဲ့ပေါ့။ ကန်တော့ပွဲထဲမှာ အရေးကြီးဆုံး ပစ္စည်းက ဘာလဲဆိုတော့ ကလေး ဘယ်လိုမှ မတတ်နိုင်တဲ့ ဘလက်လေဘယ် ဝီစကီအကြီးတစ်လုံးတဲ့လေ။ “မင်း မုန့်ဖိုးတွေ စုဦးကွာ” ဆိုတော့ ဒီကောင့်မှာ မချင့်မရဲနဲ့ “သား မုန့်ဖိုးတွေ စုပြီးရင် ထိုးပေးရမယ်နော်” ဆိုပြီး ငြိမ်ရတော့တာပေါ့။

ဒါပေမယ့် အာ၊ဒိ၊ပု၊ပု၊ဒိ၊အာ ထိုးဆေးကို ဒီကောင့်စိတ်ထဲမှာ ဘယ်လောက် စွဲလန်းနေလဲဆိုတော့ ဆို၊က၊ရေး၊တီး ပြိုင်ပွဲချိန် တစ်ညသားမှာ မဟာဇနက ဇာတ်တော်ကြီးကို ကျွန်မတို့ သွားကြည့်ကြတော့ ဝါသနာပါတဲ့ သူ့အမေနဲ့ သူနဲ့ သားအမိနှစ်ယောက် လိုက်လာကြတယ်။ ပွဲမစခင်မှာတော့ အမျိုးသား ဇာတ်ရုံကြီးထဲမှာ ဒီကောင်တအား ပျော်မြူးတတ်ကြွနေတာပေါ့။ ပွဲလည်း စရော၊ ဒီကောင် ဆယ့်ငါးမိနစ်တောင် မခံဘူး။ စိတ်ညစ်တွန့်လိမ် လာတော့တာပဲ။ ငါးနှစ်သားနဲ့ နောက်ပိုင်းဇာတ်တွေ့ကြတော့တာကိုး။

 ခဏနေတော့ ကျွန်မနားကပ်ပြီး ကိုယ်တော်ချောလေးက စိတ်ပျက်လက်ပျက် ဘယ်လိုများ ညည်းညူလိုက်တယ် မှတ်လဲ။ “သူတို့ကဗျာ စကားပြောရင် ဘာဖြစ်လို့ ငို ငို ပြောကြတာလဲဗျာ” တဲ့။ ကဲ… ကျွန်မမှာ ရှင်းပြလို့လည်း မဖြစ်နဲ့ နောက်တစ်ခန်းကျ သင်္ဘောကြီးလာမှာကွ။ လေမုန်တိုင်းတွေလည်း လာလိမ့်မယ်။ ကြည့်၊ ကြည့် လိမ္မာတယ်” ပဲ လုပ်ရတော့တာပေါ့။ ဒီကောင်ခမျာမှာတော့ အာလူးကြော်ထုတ်တွေ၊ မုန့်ထုတ်တွေကို တကြွပ်ကြွပ် ဖောက်စား၊ စိတ်ညစ်တွန့်လိမ်နေရာက ဇနကမင်းသား၊ သူ့မယ်တော်နဲ့ ကုန်ရောင်း ကုန်ဝယ်ထွက်ခါနီး ခွင့်ပန်နှုတ်ဆက် ငိုယိုကြပြီး မယ်တော့ကို ကန်တော့ပြီးအထွက် “သား” “သား” ဆိုပြီး လိုက်ရင်း လက်ကို ဆန့်တန်းလိုက်တာကို (Freeze) ဖမ်းပြီး ရုပ်သေလည်း လုပ်လိုက်ရော မောင်စွမ်းပြည့်ဟာ မုန့်ထုတ်ကို လွှတ်ချပြီး အားရပါးရ ထအော်တော့တာပဲ။

“ဟာ… ဟိုမှာ ကြည့် အန်တီနု၊ သူ့သားက သူ့အမေကို “အာဒိပု ပုဒိအာ” လုပ်လိုက်တော့ သူ့အမေကြီး လက်ကြီးတန်းလန်းနဲ့ ရပ်သွားပြီ။ မိုက်တယ်ဟေ့”

အသံကြီးကလည်း အကျယ်ကြီးပဲ။ ကျွန်မတို့မယ် ရယ်လိုက်ရတာလည်း မပြောနဲ့။ သူ့မှာလည်း နောက်ရက်တွေထိ ပြောလို့ မဆုံးတော့ဘူး။ ဒီကောင်က စကားကြွယ်ကြွယ်နဲ့ ပုံပြောတာကလည်း ဝါသနာ အလွန်ပါတာကိုး။ ဒီအရွယ်ဆိုတော့ ပုံနားထောင်ရမယ်ဆိုရင်လည်း ကြိုက်မှကြိုက်။ ကျွန်မကိုကျတော့ သူက မေးခွန်း သိပ်မမေးဘူး။ ပုံပဲတွင်တွင် ပြောခိုင်းတော့တာပဲ။ ကျွန်မ ပြောပြတဲ့ ပုံပြင်တွေနဲ့ သူပြောပြတဲ့ ပုံပြင်တွေဟာ လုံးဝမတူဘူး။ ဆန့်ကျင်ခြားနားကြပြီး တစ္ဆေသရဲပုံပြင်တောင်မှ သူက “စက်ရုပ်သရဲ” တဲ့။ “ပါဝါရိန်းဂျား” ဆိုတာကတော့ ဒီကောင့်ပါးစပ်ဖျားက ဘယ်တော့မှ မချတဲ့နာမည်ပေါ့။

တစ်ညနေ၊ မိုးချုပ်စပြုတဲ့ နေဝင်ရီတရော အချိန်လေးမှာတော့ ကျွန်မတို့ အခန်းတံခါးကို တဘုံးဘုံးထုနှက်၊ အော်ဟစ်သံတွေနဲ့ အတူ ကျွန်မတံခါး ဖွင့်လိုက်တာနဲ့ တစ်ဟုန်ထိုး ပြေးဝင်လာတဲ့ လူကြီးလူကောင်းလေး သုံးယောက်ဟာ ကြောက်လန့်နေတဲ့ အသံတုန်လေးတွေနဲ့ “ခွေးသရဲ… ခွေးသရဲ” တဲ့။ မောင်စွမ်းပြည့်ရယ်၊ သော်သော်ရယ်၊ မဒေးရယ်လေ။ ကျွန်မကိုလည်း အားကိုးတကြီး ဝိုင်းဖက်တွယ်ထားလိုက်တာမှ။

“ဘာလဲကွ၊ ဖယ်စမ်းပါဦး၊ အန်တီနုကို ပြောစမ်းပါ။ ဘာဖြစ်တာလဲ”

“ခွေးသရဲ အန်တီနုရဲ့၊ သားတို့ တွေ့ခဲ့တယ်”

“ဟုတ်တယ်။ ခွေးသရဲ သော်တို့ တိုက်အောက်မှာ…”

“ဟုတ်တယ်၊ မီးကြောက်တယ်”

သုံးယောက်သား ငိုမဲ့မဲ့လေးတွေနဲ့၊ တကယ့်ကို ကြောက်နေလိုက်တာများ ယောကျ်ားဘသားကြီး မောင်စွမ်းပြည့်တောင် မျက်ရည်တွေ ဝိုင်းလို့။ မဖြစ်တော့ဘူး။ မေးစမ်းမှုပြုပြီး ချော့မော့နှစ်သိမ့်တဲ့ အလုပ်ကို လုပ်ရတော့မယ်။

“ကဲ… ခွေးသရဲကို ဘယ်မှာတွေ့လာလဲ။ ပြောပါဦး”

“သားတို့ တိုက်အောက်က၊ သစ်ပင်တွေ ကြားထဲမှာ… ခွေးသရဲက ဘယ်လိုပုံစံရှိလဲ… ကဲ”

“ဟို … ခွေးသရဲက အသားမည်းတယ်၊ မျက်လုံးပြူးတယ်၊ အစွယ်ကြီးတွေလည်း ပါတယ်။ သားတို့ကို ကိုက်မလို့ လိုက်တယ်”

“ဟုတ်တယ်… ကြောက်ဖို့ ကောင်းတယ်…”

“အဲဒါ ခွေးသရဲ မဟုတ်ဘူးကွ။ ဒီတိုက်မှာ သားတို့ မမြင်ဘူးတဲ့ ခွေးအမည်းတစ်ကောင် ဖြစ်မှာပါ။ နောက်ကို ခွေတွေနားကို သွားမဆော့နဲ့ ဟုတ်ပြီလား”

“ဟင့်အင်း… အန်တီနုကလည်း ခွေးအစစ်မဟုတ်ဘူး။ ခွေးသရဲ၊ သူက ခွေးအစစ်တွေကြားထဲမှာ ရောနေတော့ သူက ခွေးသရဲ”

“မဟုတ်ပါဘူးကွ၊ သားတို့ စိတ်ထင်တာပါ။ ကဲ ဒါဖြင့်လာ၊ အန်တီနုကို လိုက်ပြ ဘယ်နားမှာလဲ”

“ဟင့်အင်း သားတို့ မလိုက်ရဲဘူး၊ အန်တီနုဘာသာ သွားကြည့်၊ တိုက်အောက်မှာ”

ပြောရင်းဆိုရင်း မဒေးက ဝါးခနဲ ငိုချလိုက်တော့ မဖြစ်ချေတော့ဘူး။ ချော့မော့ပြီး သုံးကောင်စလုံး သူတို့ မိဘတွေဆီ ပြန်ပို့လိုက်ရတယ်။ သူတို့ မိဘတွေလည်း ရယ်မော ချော့မော့ကြပေါ့။ ဒါပေမဲ့ နောက်တစ်နေ့ မနက်ကတော့ မောင်စွမ်းပြည့်အမေ တီချယ်အိက “အန်တီနုရေ စွမ်းပြည့်တော့ဖျားနေပြီ။ ခွေးသရဲ၊ ခွေးသရဲနဲ့ ညက လန့်အော်တယ်” တဲ့။ လူကြီးတွေ ဦးနှောက်ခြောက်ကြတော့တာပေါ့။

 တကယ်တော့ ဒီကလေးသုံးကောင်ဟာ ဒီလောက်ကြောက်တတ်တဲ့ ကလေးတွေမှ မဟုတ်ဘဲ။ ဘယ်လို ခွေးမျိုးကိုများ မြင်ခဲ့လို့ပါလိမ့်ပေါ့။ နေဝင်ရီတရောအချိန် တိုက်အောက်ထပ် သူတို့ပြောတဲ့ သစ်ပင်တွေကြားမျာ ကြည့်တော့လည်း ခွေးအနက်၊ ခွေးအမည်းဆိုလို့ တစ်ကောင်မှ မတွေ့၊ တိုက်အောက်ကို လုံး၀ မဆင်းရဲတော့ဘဲ၊ သူတို့တွေဆီကနေ “ခွေးသရဲ” ဆိုတာ တခြားတိုက်တွေက ကလေးတွေဆီပါ ပျံ့နှံ့ ကူးစက်သွားပြီး နေဝင်ရီတရော ကလေးတွေ ကစားပွဲတွေ သိမ်းတာနဲ့ “ခွေးသရဲ၊ ခွေးသရဲ” ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ချောက်လှန့်သံတွေ တိုက်တွေကြားမှာ ထွက်ပေါ်လာတတ်တယ်။

ဒီလိုနဲ့ တစ်ခုသော နေဝင်ရီတရော အချိန်မှာတော့ သူ့ဘဘတိုး စိတ်ဓါတ်မြှင့်တင်ပေးလိုက်တဲ့ “အာ၊ဒိ၊ပု၊ ပု၊ဒိ၊အာ” အားကိုးနဲ့ တိုက်အောက်ဆင်းဆော့တဲ့ မောင်စွမ်းပြည့်တစ်ယောက် “ခွေးသရဲ၊ ခွေးသရဲ” ဆိုတဲ့ အသံကုန် အော်သံနဲ့အတူ ကျွန်မတို့ အခန်းထဲကို ဒရောသောပါး ဝင်ပြေးလာပြန်ပါလေရော။ “သား.. ဘယ်မှာလဲ ဘယ်မှာလဲ” ဆိုတော့ ငှက်ပျောပင်တွေ ကြားထဲမှာ ဆိုပြီး ငိုပါလေရော။ ဒီကောင့်ကို သူ့ဘဘတိုး လက်ထဲထားပြီး တိုက်အောက်ကို ကျွန်မ ကပျာကရာ ပြေးဆင်းလာခဲ့တယ်။ ကျွန်မတို့ တိုက်ရှေ့မှာ သစ်ပင်အုပ်တွေထဲကို ကျွန်မ တိုးဝင်ခဲ့တယ်။ မောင်စွမ်းပြည့် ပြောတဲ့ ငှက်ပျောပင်အုပ်နား ကျွန်မ အရောက်မှာတော့ “ဂဲ” ခနဲ ကြားလိုက်ရတဲ့ ခွေးမာန်ဖီသံတစ်သံ၊ ပြောက်တိပြောက်ကျား တိုးဝင်နေတဲ့ မီးရောင်တွေ ကြားမှာ ခွေးအနက်ရောင်ကို ကျွန်မရှာပေမယ့် ဘယ်လိုမှ မတွေ့ရဘဲ၊ ငှက်ပျောပင်အုပ်ကြားမှာ ကျွန်မ လှမ်းတွေ့ရတာက ပေါက်နေတာ ရက်တော်တော်ကြာပြီ ဖြစ်တဲ့ အညိုရောင် ခွေးသားအုပ်မ မိသားစုနဲ့၊ တခြားခွေးတွေ။ မာန်ဖီချင်သေးတဲ့ ခွေးသားအုပ်မကို လေချွန်၊ လက်ဖျောက်တီး ချော့မော့ရင်း ကျွန်မ အနားတိုးကပ် ကြည့်လိုက်တော့ တွေ့ပါပြီ။ လူကြီးကိုတောင်မှ ထိတ်ခနဲ ဖြစ်သွားစေတဲ့ “ခွေးသရဲ”နဲ့ ကျွန်မ ရင်ဆိုင်လို့ တွေ့ကြပါပြီ။ ခွေးညိုမရဲ့ နို့ကို ခွေးပေါက်လေးတွေနဲ့အတူ လုယက်တိုးဝှေ့ စို့နေတဲ့၊ ညစ်ထေး မည်းမှောင်လှတဲ့ အသားအရေနဲ့ လူမျက်နှာလေးတစ်ခုကို ကျွန်မ မယုံနိုင်သလို ကြည့်နေမိပါတယ်။

တကယ်တော့ “ခွေးသရဲ” ဟာ မောင်စွမ်းပြည့်တို့ထက် နှစ်နှစ်လောက်ပဲ ကြီးမယ့် လူမမယ်၊ ကလေးငယ်လေး တစ်ယောက်ပါ။

                                  * * * * *

“သားက ဘယ်မှာ နေတာလဲ”

“ဒီအုတ်နံရံကြီးရဲ့ ဟိုးဘက် အဝေးကြီးမှာ”

“သားမှာ အဖေတို့ အမေတို့ ရှိလား”

“အဖေရှိတယ်၊ အမေမရှိဘူး။ သေသွားပြီ”

“အော်.. သားမှာ ညီအစ်ကို မောင်နှမတွေရော ရှိလား”

“ရှိတယ်”

“ရှိရင် သားက သူတို့နဲ့ ကစားလို့ရတာပဲ။ ခွေးတွေနဲ့ အကြာကြီး မကစားရဘူးနော်။ နေမကောင်း ဖြစ်တတ်တယ်”

“ခွေးတွေက ကျွန်တော့်ကို ချစ်တယ်။ လူတွေက ကျွန်တော်နဲ့ မကစားဘူး”

“ပြီးတော့ ခွေးရဲ့ နို့ကိုလည်း မစို့ရဘူး သိလား”

“ကျွန်တော့်အမေရဲ့ နို့ကိုမှ မစို့ရပဲ”

ငှက်ပျောပင်ကြားက ဆွဲထုတ်ပြီး ကျွန်မတို့ လူကြီးတွေ မေးသမျှ မေးခွန်းတွေကို ကလေးကတော့ အေးအေးလေး ဖြေသွားခဲ့ပါတယ်။ ကျွန်မတို့မှာသာ ဆက်မမေးနိုင်ကြတော့ဘဲ မုန့်ကျွေးရမလို၊ ရေတိုက်ရမလို ဖြစ်ကုန်ကြတုန်း နှုတ်သွက်လျှာသွက် မောင်စွမ်းပြည့်က သူသိချင်တဲ့ မေးခွန်းကို ဝင်မေးတယ်။ “ကိုကြီး နာမည် ဘယ်သူလဲ” တဲ့။ အားလုံး သူ့ကို ဝိုင်းကြည့်ကြတယ်။ သူကတော့ မောင်စွမ်းပြည့်ကိုပဲ ပြုံးစိစိကြည့်လို့။ “ခွေးသရဲ”တဲ့လေ။ ကြည့်စမ်း၊ ဒီနာမည်ကို သူသိနေတာပဲ။ မောင်စွမ်းပြည့် တစ်ယောက်ကတော့ သူ့အမေ ရင်ခွင်ထဲ တိုးဝင်ပုလို့။ ကျွန်မတို့ အားလုံး ရယ်မောကြရင်း အဲဒီနေ့ကစလို့ သူကလေးဟာ ကျွန်မတို့ တိုက်တွေကြားမှာ “ခွေးသရဲ” လို့ပဲ အမည်တွင်တော့တယ်။

“ကလေးက Isolation ဖြစ်နေတာ။ သူ့ကို ဂရုစိုက်မယ့်သူ၊ အရေးတယူ လုပ်တဲ့သူ မရှိတော့ အထီးကျန် ဖြစ်နေတာ၊ ဒီအရွယ်တွေမှာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံနိုင်ဖို့ ရွယ်တူ ကစားဖော် စကားပြောဖော် ပြောဖက် သူငယ်ချင်းလိုတယ်။ ရွယ်တူ အုပ်စုလေးတွေ ကစားကြ၊ စကားပြောကြ၊ နေထိုင်ကြရင်းနဲ့မှ စည်းကမ်းဆိုတာကို အလိုလို နားလည်လိုက်နာ သဘောပေါက်လာကြတာကိုး။ ဒီကလေးမှာ သူ့ကို ဘယ်သူကမှ အရေးတယူ မဆက်ဆံတော့ ခွေးတွေနဲ့ သွားနေတော့တာပေါ့။ ခွေးတွေနဲ့ ကစားမယ်၊ စကားပြောမယ်၊ သူ့အတွက် ကြာရင် ဘယ်ကောင်းမလဲ။ ကိုယ်တို့အားလုံး ဝိုင်းပြီး မေတ္တာပေးနိုင်ရင် အရေးတယူ လုပ်ပေးနိုင်ရင် မဆိုးပါဘူး”

မောင်စွမ်းပြည့်တို့ရဲ့ ဘဘတိုးကတော့ သူ့ရဲ့ဆိုက်ကိုလိုဂျီ ရှုထောင့်ကနေ သုံးသပ်ရှုမြင်ပြီး သူတတ်နိုင်သမျှ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။

ခွေးသရဲလေးနဲ့ မောင်စွမ်းပြည့်တို့အဖွဲ့ ရင်းနှီးအောင် စကားပြောခိုင်းတာမျိုး၊ သူ့ကို အရေးတယူ မုန့်ကျွေးတာမျိုးတို့ပေါ့။ တခြားသူတွေ တော်တော်များများကလည်း မုန့်ကျွေးကြ၊ အဝတ်အစားလေးတွေ ပေးကြနဲ့ ဖြည်းဖြည်းချင်း ခွေးသရဲလေးက ကျွန်မတို့တစ်တွေကို ဘယ်လို တုန့်ပြန်လာတယ်မှတ်လဲ။

သူ့ကို ခုချိန်ထိ ရွံ့တွန့်တွန့် ဖြစ်နေသေးတဲ့ မောင်စွမ်းပြည့်တို့ ကလေးအုပ်စုကို တစ်မနက်မှာ အံ့သြဖွယ်ရာ သူတည်ဆောက်ထားတဲ့ ကစားစရာ ကားအဝေးပြေး စခန်းလေးကို ခေါ်ပြရှာတယ်။ မောင်စွမ်းပြည့်တို့တွေ အံ့သြသဘောကျ ပျော်ရွှင်သွားစေတဲ့ ကားအဝေးပြေးစခန်းလေးကို ခွေးသရဲလေးက အမှိုက်ပုံထဲက ရေသန့်ဗူးဟောင်းတွေနဲ့ လုပ်လို့၊ လမ်းတွေကို အစီအရီ သပ်သပ်ရပ်ရပ်၊ စက္ကူအဝိုင်းအတွန့်လေးတွေ ချိုးထားတဲ့ လေရဟတ်လေး တစ်ခုတောင် ပါသေးတယ်။ သူ့ရဲ့ ဉာဏ်ကောင်းမှုကို ကျွန်မတို့ တအံ့တသြ တွေ့ကြရတာပါပဲ။ ချက်ချင်း မောင်စွမ်းပြည့်တို့ အဖွဲ့က “ကိုကြီးခွေးသရဲ” ဖြစ်သွားကြတော့တယ်။

ကျွန်မတို့ လူကြီးတွေကို ခွေးသရဲလေး တုန့်ပြန်ပုံကတော့ တိုက်ပေါ်ကနေ အမှိုက်သွားပစ်ဖို့ ဆင်းလာတဲ့ဆရာ၊ ဆရာမတွေရဲ့ လက်ထဲက အမှိုက်ခြင်း၊ အမှိုက်အိတ်တွေကို အတင်းဆွဲယူပြီး အမှိုက်ပုံမှာ သွားပစ်ပေးတော့တာပဲ။ တဖြည်းဖြည်းနဲ့ ခွေးသရဲလေးကို တိုက်ရဲ့ တရားဝင် အမှိုက်ပစ်သမားလေးအဖြစ် သတ်မှတ်ကြရပြီး သူအမှိုက်တစ်ခါ ပစ်ပေးတိုင်း မုန့်ဖိုးနှစ်ဆယ်၊ ငါးဆယ်ထိ ပေးကြတယ်။ သူ့အတွက် မုန့်တို့၊ ဟင်းတို့၊ ထမင်းတို့လည်း ချန်ထားကြတယ်။ ခွေးတွေကိုတော့ သူက ချစ်ခင်နေမြဲ၊ ခွေးတွေကလည်း အံ့သြဖို့ကောင်းအောင် သူ့ကို ချစ်ကြတာများ။ သူ့နောက်ကို တကောက်ကောက် လိုက်နေတဲ့ ခွေးအုပ်တစ်အုပ် အမြဲတမ်းရှိတယ်။ အမှိုက်ပစ်ဖို့ တစ်ခန်းဝင် တစ်ခန်းထွက် သူလာပြီဆိုရင် သူ့နောက်မှာ “ရန်လုံ” ဆိုတဲ့ အင်မတန် ကြီးမားထွားကျိုင်းတဲ့ ခွေးကြီးတစ်ကောင်က အမြဲ ပါလာတတ်တယ်။ သူ့ကို စောင့်ရှောက်ပြီး လိုက်လာသလိုပဲ။ သူကလည်း သူ စားရသမျှတွေကို ဝေမျှပေးလို့။ ကျွန်မတို့မှာ သူ့ကို တကြည့်ကြည့်နဲ့ အကဲခတ်ရင်း၊ မောင်စွမ်းပြည့်တို့အတွက် သူလုပ်ပေးတဲ့ ကစားစရာ တီထွင်ဉာဏ်တွေက တဖြည်းဖြည်း ပိုကောင်းလာတာကို သဘောကျရင်း နောက်နှစ်နှစ်လောက်နေရင် ကျွန်မတို့နားက ကားဝပ်ရှော့မှာ ခွေးသရဲလေးကို အလုပ်သင်အဖြစ် အပ်ပေးမယ်လို့ တိုင်ပင်ထားကြတယ်။

“ကကြီး… လိုက်ဆိုလေကွာ.. ကိုကြီးခွေးသရဲကလဲ”

“ကကြီး….”

“ဟုတ်ပြီ… ခခွေး”

“ခခွေး”

“ကျယ်ကျယ်ဆိုနော် သားက ဆရာကြီးဗျ။ ဆရာကြီး ဦးစွမ်းပြည့်၊ တီတီကျောင်းက သိလား”

“ဟေ့ ငါက ဆရာမကြီး ဒေါ်သော်သော်။ ငါက တက္ကသိုလ်က ဆရာမ။ ငါ့အမေလိုပဲ။ ငါက ကိုကြီးခွေးသရဲကို အင်္ဂလိပ်စာ သင်ပေးမယ်။ အေလို့ ဆိုလေ။ လိုက်ဆိုလေ ကိုကြီးခွေးသရဲ”

“အေ”

“ဘီ”

“ဘီ”

“နေဦးဟာ ငါသင်ဦးမယ်။ ကိုကြီးခွေးသရဲ ကကြီး၊ ခခွေး ဆိုဦး”

ကျွန်မတို့ လူကြီးတွေ ကြည့်ပြီး ရယ်မောကြည်နူးရတဲ့ ဆရာ၊ ဆရာမ လုပ်တမ်းကစားရင်း သူတို့ ကိုကြီးခွေးသရဲကို စာသင်ပေးကြတဲ့ ကလေးများရဲ့ တစ်ခုသော တနင်္ဂနွေနေ့ နံနက်ခင်းရဲ့ အဖြစ်အပျက်လေး တစ်ခုကို ကျွန်မတို့တတွေ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပါဘူး။

အဲဒီနေ့ဟာ ကျွန်မတို့ဆီမှာ အလွန်တရာ များပြားနေတဲ့ ခွေးတွေကို စည်ပင်သာယာက အမဲလုံးနဲ့ သန့်ရှင်းရေးလုပ်တဲ့နေ့ ဖြစ်နေခဲ့ပါတယ်။ စည်ပင်သာယာကားကြီး ထိုးဆိုက်လာပြီး ဝန်ထမ်းတွေက ချောင်ကြို ချောင်ကြားက ခွေးသေတွေကို စုဆောင်းကောက်ယူပုံကြတဲ့ အချိန်မှာပဲ ဝိုင်းကြည့်နေကြတဲ့ လူတွေနဲ့ ကျွက်စီကျွက်စီလည်း ဖြစ်လာရော မောင်စွမ်းပြည့်တို့ ကလေးအုပ်စုကြီး ခွေးသရဲကို စာသင်နေရာက ကျွက်စီကျွက်စီ ဖြစ်တဲ့နေရာကို ပြေးကြတော့တယ်။

ပြေးလာတဲ့ ခွေးသရဲဟာ ခွေးသေပုံကြီးရဲ့ ရှေ့မှာ တုန့်ကနဲ ရပ်တန့်သွားပြီး မမှိတ်မသုံ ရပ်ကြည့်နေတာဟာ နည်းနည်းလေးတောင်မှ မလှုပ်ခဲ့ဘဲ သူလှုပ်လာတဲ့ အချိန်ဟာ ဘယ်အချိန်လည်းဆိုတော့ ခွေးသေပုံရဲ့ အောက်ဆုံးက ပေါ်လာတဲ့ သူ့ “ရန်လုံကြီး” ကို စည်ပင်သာယာ ဝန်ထမ်းတွေက ကားထဲဆွဲတင် ပစ်လိုက်တဲ့ အချိန်နဲ့ ကားတံခါးကို “ဂျိန်း” ကနဲ ပိတ်လိုက်တဲ့ အချိန်မှာပေါ့။

ခွေးသရဲဟာ အသံကုန် စူးစူးဝါးဝါး ဟစ်အော်လိုက်တယ်။ ပြီးတော့ ခုန်ပေါက်တယ်။ ပြီးတော့ ထွက်သွားတဲ့ ကားနောက်ကနေ ပြေးလိုက်တော့တာပဲ။ သူ့ပါးစပ်က တတွတ်တွတ် အော်သွားတာက… “ကျွန်တော့်အမျိုးတွေ သေသွားပြီ…၊ ကျွန်တော့် သူငယ်ချင်းတွေ သေသွားပြီ” တဲ့။

မမျှော်လင့်တဲ့ အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားတဲ့ ဒီအဖြစ်အပျက်လေးပြီးတဲ့ အချိန်ကစပြီး ခွေးသရဲလေးဟာ ပျောက်ချင်းမလှ ပျောက်လို့ ကျွန်မတို့ဆီကို ပေါ်မလာတော့ပါဘူး။

                                   * * * * *

နေ့လယ်တစ်နာရီတိတိ၊ အပြင်က ပြန်လာတဲ့ ကျွန်မတို့ ကားလေး တအိအိနဲ့ ကျွန်မတို့ရဲ့ ဆရာများ ရိပ်သာထဲကို ဝင်လာတဲ့ အချိန်ဟာ ထုံးစံအတိုင်း ငြိမ်သက်တိတ်ဆိတ်လို့။

ကားထဲက ပစ္စည်းပစ္စယတွေကို မနိုင်မနင်း သယ်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ ကျွန်မတို့ကား ဆိုက်တာနဲ့ မြင်တဲ့နေရာကနေ အပြေးလာကြိုတတ်တဲ့ ခွေးသရဲလေးကို ကျွန်မမယ် သတိရပြန်ရော။ ပစ္စည်းတွေကို သယ်ပေး၊ ကားတံခါးကိုလည်း သိပ်ပိတ်ချင်တာပဲ။

ခုဆိုရင် ခွေးသရဲလေး ပေါ်မလာတာ သုံးလေးလတောင် ရှိခဲ့ပါပြီ။ ညနေစောင်းရင် “ဒေါက်… ဒေါက်” ဆိုပြီး “အမှိုက်ရှိလား” လို့ စကားမပြောဘဲ အချက်ပေးတတ်တဲ့ ခွေးသရဲရဲ့ တံခါးဘောင် ခေါက်သံလေးကို ကျွန်မတို့ အားလုံး လွမ်းကြရပါတယ်။

မောင်စွမ်းပြည့်ဆို သူ့အမေကို ဂျေဒိုးနတ် မုန့်ဘူးနဲ့ ကျောင်းသားတွေ လာကန်တော့ပြီဆိုရင် “ကိုကြီး ခွေးသရဲအတွက်” ဆိုပြီး ချန်ရတာ အမော။ ကျွန်မလည်း လှည်းတန်းဈေးက ဦးထုပ်လေးတစ်လုံး ဝယ်ထားမိပါတယ်။ ပစ္စည်းတွေိကု ကျွန်မတို့နှစ်ယောက် မျှတသယ်ရင်း တိုက်ပေါ်ကို အတက်၊ လှေခါးတဆစ်ချိုး ထောင့်ကွေးလေးကို အရောက်မှာတော့….။

“ဟာ… ခွေးသရဲလေး”

ကျွန်မရဲ့ ဝမ်းသာအားရ လွှတ်ခနဲ အော်သံ၊ ကျွန်မခင်ပွန်းသည်ကလည်း “ဒီကောင် ပြန်လာပြီ” တဲ့။

ဒါပေမယ့် ခွေးသရဲဟာ ကျွန်မတို့ကို လုံး၀ မော့မကြည့်ပါဘူး။ မကြည့်အားဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်။ ခွေးသရဲဟာ အလုပ်တစ်ခုကို အလွန်တရာ အာရုံစိုက်ပြီး လုပ်နေလို့ပါ။ သူ့ဘေးမှာ သေချာနယ်ထားတဲ့ ရွှံ့ပုံကြီးတစ်ခု ရှိပါတယ်။ ရွှံ့ပုံကြီးဘေးမှာတော့ အလွန်လက်ရာမြောက်လှတဲ့ ရွှံ့ရုပ်လေးများစွာ၊ ဘာရုပ်လေးတွေလည်းလို့ မေးစရာလိုမယ် မထင်ပါဘူး။ ခွေးရုပ်ကလေးတွေပေါ့။ အရွယ်အစား အမျိုးမျိုးနဲ့ ခွေးရုပ်ပေါင်းများစွာ၊ တချို့ ရွှံ့ခြောက်စ၊ တချို့က စိုနေဆဲ။ အကြီးဆုံး ခွေးရုပ်ကလေး တစ်ရုပ်ကတော့ နားရွက်ဖားဖား၊ အမြီးကြီးကြီး သေချာပါတယ်။ ဒါ ခွေးသရဲရဲ့ “ရန်လုံကြီး” ပဲပေါ့။ သူ့လက်ထဲမှာလည်း လုပ်လက်စ ခွေးရုပ်လေးဟာ တဖြည်းဖြည်း ပီပြင်ထင်ရှားလာလို့၊ သူဘယ်လောက်များ စိတ်ဝင်စားနေလဲဆိုရင် မျက်နှာတစ်ခုလုံး ချွေးတွေတောင် သီးပြီး တတောက်တောက်ကျလို့။

“ခွေးသရဲ သား ဟေ့ကောင်”

သူ့လုပ်လက်စ ခွေးရုပ်လေး အပြီးသတ်တဲ့ အချိန်ကို စောင့်ပြီးမှ ကျွန်မ ခေါ်တာပါ။ ဒါပေမယ့် သူ ကျွန်မကို လုံး၀ မကြည့်ပါဘူး။

“ခွေးသရဲ မင်း ဘယ်လျှောက်သွားနေတာလဲကွာ ပြောပါဦး”

ကျွန်မ ခင်ပွန်းရဲ့ တရင်းတနှီး လေသံကိုလည်း သူက ဂရုမစိုက်ပါဘူး။ သူ ဂရုတစိုက် စူးစိုက်ကြည့်နေတာက သူ့ရှေ့က ခွေးရုပ်ကလေးတွေကိုပါ။ ရုတ်တရက် ခွေးသရဲဟာ ဝမ်းသာအားရ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။ ပြီးတော့ ခွေးလေးတွေကို သိမ်းကြုံးပွေ့ဖက်လို့။

“ကျွန်တော့အမျိုးတွေ ပြန်လာပြီ။ ကျွန်တော့ သူငယ်ချင်းတွေ မသေတော့ဘူး”

အော်ရင်း ဟစ်ရင်းကပဲ ခွေးသရဲဟာ သူ့ခွေးရုပ်လေးတွေကို အကြမ်းပတမ်း ချေမွ ဖျက်ဆီးလိုက်တော့တယ်။

“မလုပ်နဲ့လေ၊ ခွေးသရဲ မလုပ်နဲ့”

ခွေးသရဲဟာ ကျွန်မကို လုံး၀ ဂရုမစိုက်တော့ပါဘူး။ ခွေးရုပ်လေးတွေကိုသာ အငြိုးတကြီး ချေပွရိုက်ပုတ်ရင်း သူ… ငိုနေတာပါ။

မျက်စိမျက်နှာပျက်စွာနဲ့ ကျွန်မခင်ပွန်းကို အားကိုးတကြီး ကြည့်လိုက်မိတော့… ကလေးစိတ်ပညာ အထူးပြုနဲ့ ဘွဲ့ရ၊ သင်ကြားနေသူဟာ မျက်စိမျက်နှာ ပျက်စွာနဲ့ ကျွန်မကို ပြန်ကြည့်လို့။ ကျွန်မတို့ ဘယ်လိုလုပ်ရမှာလဲ။

---------------

နုနုရည်( အင်းဝ )

Friday, 25 November 2011

[ ဆရာမ နုနုရည်ဘလော့ဂ်မှ ကူးယူပါသည်။ဆရာမအား ကျေးဇူးတင်ပါသည်။ ]

ပြန်လည်မျှဝေပါသည်။

#ZawOo

အိုဇုန်း #ခင်ခင်ထူး

#အိုဇုန်း

#ခင်ခင်ထူး

                                    ( ၁ )

သည်ကျောင်းမှာ တာဝန်ကျခဲ့တာပင် ဘာလိုလိုနှင့် နှစ်နှစ်ကျော်လာခဲ့ပြီ။ သည်ကျောင်းကို မရောက်ခင်ကတော့ နယ်ကျောင်းတစ်ကျောင်းမှာ
တာဝန်ကျခဲ့သည်။ နယ်ကျောင်းမှာတုန်းကတော့ တာဝန်ကျရာ ရွာမှာပဲ နေခဲ့ရပါ၏။ အခု သည်ကျောင်းကို ပြောင်းရွှေ့ခွင့်ကျလာတော့ အိမ်မှာပဲ
နေပြီး ကျောင်းတက်နိုင်ခဲ့သည်။ မိအိုဖအိုများနှင့် အိုးမကွာ အိမ်မကွာ အတူနေရခြင်းအတွက် ကျွန်မ ဝမ်းသာရပါ၏။ မနက်ဘက် အမေက
ထမင်းတစ်အိုး ထ,ချက်သည်။ ဆွမ်းအတွက် သီးသန့်ခူးခပ်ကာ ကျွန်မဖို့ ထမင်းချိုင့် ထည့်ပေးထားသဖြင့် ကျောင်းသွားလျှင် အသင့်ယူသွားရုံ
ပင်။ ဟင်းကတော့ ကြုံသလို။ ညက ဟင်းကျန်ကို နွေးယူကာ ရှိသလို မနက်ကျမှ ခါတော်မှီ ကြက်ဥကို ခရမ်းချဉ်သီးနှင့် ပူပူလောလော မွှေရ လှိမ့်ရတာမျိုးလည်းရှိသည်။ ဟင်းမကျန်တော့လည်း ကျွန်မ မပူပါ။ကျောင်းနားက အသုပ်ဆိုင်က အသုတ်ကလေးတစ်ပွဲလောက် ဒါမှမဟုတ် အကြော်ကလေးနှစ်ခုလောက်ရှိလျှင် ကျွန်မ စားတတ်သည်။ ကျောင်းမှာ
တော့ သူငယ်ချင်း ဆရာမများနှင့် အတူတူ စားကြတာမို့ တစ်နပ်တလေ ဟင်းမပါလို့လည်း ကိစ္စမရှိ။ သူ့ထမင်းချိုင်၊ ကိုယ့်ထမင်းချိုင့်ဖွင့်ကာ
သူ့ဟင်း ကိုယ့်ဟင်း ဟင်းခွက်ပေါင်းစုံ။ ။

သည်နှစ် ကျွန်မ စတုတ္ထတန်း ကိုင်ရသည်။ ကျွန်မ တပည့်ကလေးတွေက ခိုင်းလောက် စေလောက် အရွယ်တွေဆိုတော့ တစ်ခါတစ်ရံ ကျောင်းဘေးက တစ်ခါပြင် ထမင်းဆိုင်တွေမှာ ဟင်းတစ်ပွဲ ဝယ်ခိုင်းတော့လည်း အဆင်ပြေသည်။ ကျွန်မ ပြောချင်တာက ထမင်းချိုင့်အတွက် ဟင်းကိစ္စကို ကျွန်မ ဘယ်တုန်းကမှ ပူပင်ကြောင့်ကြ မရှိခဲ့ဖူးတာကို ဖြစ်ပါ၏။

“ကနေ့တော့ အသားတုကလေး ကြော်ထားတယ်၊ အချဉ်ရည်ကလေးနဲ့ ထည့်ပေးလိုက်တယ် သမီး၊ လူတွေက အသားတု အသားတု ပြောကြလွန်းလို့ ဝယ်ကြော်ကြည့်တာ၊ ဟုတ်တော့ ဟုတ်သားနဲ့”

အမေက သူ့စကားနှင့်သူ ရယ်သည်။ ကျွန်မကလည်း အမေ့ကို ရယ်ချင်တာပါပဲ။ အမေ့ခမျာ အိုးသူကြီးတာဝန်ကို ထမ်းဆောင်ခဲ့ရသည့်
နှစ်‌ပေါင်း မနည်းတော့ပြီ။ တစ်နေ့တစ်နေ့ ဟင်းချက်ဖို့ စဉ်းစားရ၊ ဟင်းစပ်စပ်ရတာကပင် အမေ ခေါင်းခြောက်လောက်သည်။ ကျွန်မ ရယ်ချင်တာက အသားတုဆိုသည့် ဟင်းတစ်မျိုး အမေ တွေ့ရှိသွားပြီးနောက်ပိုင်း အသားတုကို ကြော်လိုက်၊ ခရမ်းချဉ်သီးကလေးနှင့် နှပ်လိုက်နှင့်
အကွက်တွေ့နေခြင်းကို ဖြစ်ပါ၏။ 

ကျွန်မအတွက် ထမင်းချိုင့်ကလေးထည့်ပြီး အမေက အိမ်ရှေ့စားပွဲမှာ တင်ထားတတ်သည်။ မနက်ခင်း ကျောင်းချိန်မီ ရေမိုးချိုး၊ ဖီးလိမ်းပြင်ဆင်ပြီး အဖေ့ကို နှုတ်ဆက်၊ အမေ ထည့်ပေးထားသည့် ထမင်းချိုင့်ကို စက်ဘီးခြင်းထဲထည့်၊ စက်ဘီးကလေးစီးပြီး ထွက်ခဲ့ရုံပင်။ အိမ်ကနေ တာရိုးပေါ်တက်ပြီး မြစ်ဆိပ်တာတောင်ကြီးအတိုင်း မြောက်ဘက်ကို နင်းရသည်။ ဂေါဝိန်ရောက်တော့ (၃၅) လမ်းအတိုင်း အရှေ့ဘက်ကို ချိုးရပါ၏။ သိပ်တော့လည်း စက်ဘီးမနင်းရပါ။ကျောင်းအနောက်ဘက် တံခါးမကြီးက စက်ဘီးတွန်းဝင်သည်နှင့် တပည့်
ကလေးတွေက ကျွန်မစက်ဘီးကို ဆီးယူကာ နေရာတကျ ထားပေးသည်။သော့ခတ်ပြီးတော့ လာပေးနေကျ၊ လက်ဆွဲခြင်းကို စားပွဲပေါ်တင်နေကျ။
ဒီလိုတပည့်တွေထဲမှာ “ဘိုနီ” က အသွက်ဆုံး။

                                   ( ၂ )

တစ်ကျောင်းလုံးက သူ့ကို “ဘိုနီ”လို့ ခေါ်နေကြသော်လည်း နာမည်ရင်းက ဘိုနီ မဟုတ်ပါ။ ကျောင်းခေါ်စာရင်းမှာတော့ မောင်ကျော်ဦး ဖြစ်သည်။ သို့သော် ဘယ်သူကမှ ကျော်ဦး မခေါ်ကြ။ ကျွန်မက Roll Call ခေါ်လို့ မောင်ကျော်ဦး ဆိုလျှင်ပင် တစ်ခါတလေ သူ့နာမည်သူ မေ့နေတတ်သည်။ ဘိုနီက ပိန်ပါးပါး မည်းခြောက်ခြောက် ဆိုသော်လည်း
အရပ်က ရှည်သည်။ ခေါင်းမှာ ဘယ်တော့မှ ဆီမရှိ။ အဝတ်အစားကလည်း ကျောင်းဝတ်စုံ ပီသရုံသာ။ သည်အဝတ်အစားနှင့်ပင် ဘောလုံးကန်သည်။ သည်အဝတ်အစားနှင့်ပင် ကျောင်းတက်သည်။ သည်အဝတ်အစားနှင့်ပင် ညဝတ်အိပ်ပုံလည်း ရပါ၏။ နောက်တစ်နေ့လည်း သည်အဝတ်
အစားကိုပင် ဝတ်လာတတ်သဖြင့် ကျွန်မ ဆူရပေါင်းများပြီး၊ နောက်တော့ ဘိုနီက မပြောင်း၊ ကျွန်မကပဲ စိတ်လျှော့လိုက်ရသည်။

“သန့်သန့်ရှင်းရှင်း နေမှပေါ့ ဘိုနီ၊ ဝတ်ကောင်းစားလှဝတ်ဖို့ မပြောပါဘူး၊ ဝတ်သမျှတော့ သန့်ရှင်းရမှာပေါ့။ မင်းအမေက လျှော်ဖွပ်မပေးရင်လည်း မင်းဟာမင်း လျှော်ဖွပ်ဝတ်ပါကွယ်”

ကျွန်မက တစ်ခါတစ်ခါ ဆုံးမသော်လည်း ခဏပင်။ ဆံပင်လည်း ညှပ်ချင်မှ ညှပ်သည်။ စာအုပ်၊ ခဲတံကအစ တစ်ခုမဟုတ်တစ်ခု မေ့ကျန်တာ ရှိသေးသည်။ စာအုပ်ကိုလည်း ရိုရိုသေသေ မကိုင်။ လွယ်အိတ်ထဲ
ရှာကြည့်လျှင်တော့ ကျောင်းနှင့် မဆိုင်တာတွေ ပါချင်ပါလာတတ်သည်။တစ်ခါတလေ စက်ဘီးပစ္စည်း တိုလီမုတ်စတွေ၊ တစ်ခါတလေတော့ ကျွန်မ မသိသော လျှပ်စစ်ပစ္စည်းလိုလို ရေဒီယိုပစ္စည်းလိုလို အမယ်ကလေးတွေ

“ဒါ ဘာတွေလဲ ဘိုနီ၊ ကျောင်းနဲ့ မဆိုင်တာတွေ ဘာကိစ္စ သယ်လာတာလဲ”

“စက်ဘီးပစ္စည်းတွေပါ ဆရာမ၊ ဒါက ကက်ဆက်က ပစ္စည်းတွေ၊အဖေ မှာတာ ဝယ်ထားတာ ဆရာမ၊ အဖေက စက်ဘီးလည်း ပြင်တယ်။ကက်ဆက်လည်းပြင်တယ်၊ ရေမော်တာတွေ ဘာတွေလည်း လိုက်ပြင်တာပဲ။ အဖေ လိုတာ ကျွန်တော် ဝယ်ပေးရတာ ဆရာမ”

သည်လိုဆိုတော့လည်း ကျွန်မ မပြောသာ။ ဘိုနီက ဖြစ်ကတတ်ဆန်း နေတတ်သော်လည်း သွက်လက်ချက်ချာသည်။ ကျောင်းဝေယျာဝစ္စကအစ
တော်ရုံကိစ္စလောက်တော့ ဘိုနီကို ခိုင်းရုံဖြင့် အဆင်ပြေသည်။ နားကလည်း နီးပါဘိသနှင့်။ ကျွန်မ စက်ဘီးဆိုလျှင် တိုနီကိုယ်တိုင် စီးသွားပြီး ပြင်လာသည့်အကြိမ် များလှပြီ။ ကျွန်မက မင်းအဖေ ပြင်ပေးတာလား ပြင်ခယူပါကွာဆိုလျှင် သူ ပြင်လာတာလို့ချည်းဖြေသည်။ ကျောင်းသားကိစ္စ၊
စာကိစ္စတွေမှာ လေးလံနှေးကွေးသလောက် ကျန်ကိစ္စတွေမှာ လူကြီးတစ်ယောက်လိုလည်လည်ဝယ်ဝယ် ချက်ချက်ချာချာ ရှိသူကလေးပင်။

တစ်ရက်မှာတော့ ကျောင်းကို ကျွန်မ ခပ်စောစောကလေး ထွက်လာခဲ့သည်။ ဘိုနီကိုလည်း သူ့အိမ်က သံနှင့်တူယူခဲ့ပြီး ကျောင်းကို စောစောလာဖို့ မှာထားပါ၏။ ကျွန်မ စားပွဲတည့်တည့်က အခန်းမျက်နှာကြက် ကွာနေသောကြောင့် အပေါက်ကြီးဖြစ်နေရာ သည်အပေါက်ကို ဖာရန်အတွက်ဖြစ်သည်။

 ကျွန်မ တာဝန်ကျသည့် စတုတ္ထတန်းအခန်းမှာ အစွန်ဘက်ကျသည်။ အခန်းက လေဝင်လေထွက် ကောင်းသော်လည်း ကျွန်မထိုင်သည့် တည့်တည့်နေရာက မျက်နှာကြက်ပြားတစ်ချပ်သာ
ကွာကျနေခြင်းဖြစ်ပါ၏။ ဒီအပေါက်မှတစ်ဆင့် အမိုးသွပ်ပြားနှင့် ထုတ်တန်း ဒိုင်းတန်းတွေကို မြင်နေရသည်။ သည်အပေါက်ကြီးဆီက ငှက်ချေးနံ့
တွေ “လှောက်' နေတတ်တာကိုတော့ ကျွန်မ မခံနိုင်။

 တစ်ခါတလေ ငှက်မွေးတွေ လွင့်ကျလာတတ်သကဲ့သို့ အမှိုက်တွေပါ လွင့်ကျတာလည်းရှိသည်။ မိုးရွာသည့်အခါများဆိုလျှင် ငှက်ချေးရေစိုနံ့လို အနံ့က ခေါင်းပင်ကိုက်ရသည်။ ကျွန်မ အတန်းဝင်စက အထွေထွေလုပ်သား ဦးလေးမြကိုပြောပြတော့ ကတ်စက္ကူထူထူ တစ်ချပ်ဖြင့် ပိတ်ပေးရှာပါသည်။ မရပါ။ကတ်စက္ကူကြီး ကွာကျလာခဲ့သည်။ ဦးလေးမြက တစ်ခါ ပိတ်ပေးပြန်သည်။ တစ်ပတ်လေးပဲခံသည်။ ကွာကျပြန်၏။ သံမှိုကလေးများဖြင့်
သေသေသပ်သပ် ရိုက်ပေးခြင်းဖြစ်သော်လည်း အောက်ကို စက္ကူကြီးတစ်ချပ်လုံး ကွာမကျဘဲ တန်းလန်းကြီး ဖြစ်နေတာလည်း ကျွန်မ
စဉ်းစားလို့မရ။ ဒီတစ်ခါတော့ ဘိုနီကို အားကိုးရတော့မည်။

“ဒီမယ် ဘိုနီ၊ ဆရာမ စက္ကူ အထူကြီး ဝယ်လာခဲ့တယ်၊ မင်းယူလာတဲ့ သံတွေက ကြီးလွန်းနေတယ်ကွ၊ သံခပ်သေးသေး သွားရှာဦး၊မင်း လုပ်ရမှာက ဒီအပေါက်ကြီး ပိတ်ပေးရမှာ”

ဘိုနီက သဘောပေါက်သွားပုံဖြင့် အပြင်ထွက်သွားသည်။ ကျွန်မ စက်ဘီးသော့ကိုယူကာ စက်ဘီးနင်း ထွက်သွားသည်။ ပြန်လာတော့ သံမှိုကလေးတွေ ပါလာခဲ့၏။ ကျောင်းသားနှစ်ယောက် သုံးယောက်ခေါ်ပြီး ကျွန်မ စာရေးစားပွဲကို အပေါက်ကြီးဘက် ရွှေ့ကြသည်။ စားပွဲပေါ်ကို ကုလားထိုင်တစ်လုံးတင်သည်။ ကုလားထိုင်ပေါ် ဘိုနီ တက်လိုက်တော့
မျက်နှာကြက်ကို မီသွားသည်။ ကျွန်မ ပေးထားသည့် စက္ကူထူကို သေသေသပ်သပ် ရိုက်ကပ်ပေးသည်။ ကျွန်မ တပည့်ကလေး၏ လုပ်ပုံကိုင်ပုံကို
ကြည့်ရင်း ချီးကျူးလိုက်မိပါ၏။

“ဘိုနီက တော်တယ်ဟေ့၊ ဆရာမက ဦးလေးကို ခိုင်းရတာ အားနာလှပြီ၊ ငါ့တပည့် မုန့်ကျွေးရမယ်ကွာ”

ဘိုနီက သည်လောက်တော့ အပျော့ပေါ့ ဆရာမရယ်ဆိုသည့် မျက်နှာဖြင့် ကျွန်မကို ကြည့်နေသည်။ ဘာမှတော့ မပြောပါ။ သူ ယူလာသည့် တူတွေ သံတွေကို တစ်ခေါက်ပြန်ပို့ပြန်သည်။ သူ့အဖေ စက်ဘီးပြင်သည့် တူ ဆိုသဖြင့် ကျွန်မကိုယ်တိုင်က လွှတ်လိုက်ရခြင်းဖြစ်၏။

သို့သော်...။ ဒီတစ်ကြိမ်မှာလည်း နှစ်ပေပတ်လည် မျက်နှာကြက် စက္ကူချပ်ကြီးက ပြုတ်ပြန်လေသည်။ စက္ကူချပ်ကြီး ပြုတ်နေတာက အရေးမကြီးလှသော်လည်း ငှက်ချေးနံ့တွေ မွှန်နေတာကိုတော့ ကျွန်မ ခေါင်းခဲရပြန်ပါ၏။ ထိုအပေါက်ကို ပိတ်ခြင်းအားဖြင့် ကျွန်မက အကြိမ်ကြိမ် လုံခြုံဖို့ ကြိုးစားခဲ့သည်။ ကတ်စက္ကူကလည်း အကြိမ်ကြိမ်ပင်
ကွာကျနေတတ်မြဲဖြစ်သည်။

                                    ( ၃ )

ညနေဘက် သားအဖတစ်တွေ ဆုံကြတော့ အဖေ့ကို ကျွန်မ ဒီအကြောင်းတွေ ပြောပြဖြစ်ပါသည်။ အဖေက အပေါက်ကို မပိတ်နိုင်လျှင် ကျွန်မ စာရေးစားပွဲကို နေရာရွှေ့ဖို့ အကြံပေးပါသည်။ ကျွန်မ စဉ်းစား
ကြည့်သည်။ ကျွန်မ၏ စာသင်ခန်းကလေးမှာ ဝင်ပေါက်တစ်ပေါက်သာရှိသည်။ စာသင်ခန်းရှေ့တည့်တည့်မှာ ကျောက်သင်ပုန်း။ လက်ယာဘက်က
ဝင်ပေါက်ဆိုတော့ လက်ဝဲဘက်ထောင့်မှာ စားပွဲခုံ ထားရသည်။ လက်ယာဘက်ကို ရွှေ့ လျှင် ဝင်ပေါက်ပိတ်သွားသည်။ ကလေးတွေရဲ့ နောက်မှာ
ထားလျှင်ကော။ ကလေးတွေကရှေ့က ဆရာမက နောက်ကျောကဆိုတော့လည်း မဟန်လှပါ။ ကျွန်မက အခြေအနေကို ပြောပြတော့ အဖေက တစ်မျိုးစဉ်းစားသည်။ ။

“အဲသလိုဆိုရင် မျက်နှာကြက်က အပေါက်ကိုပဲ လုံအောင် လုပ်ရတော့မှာပေါ့။ ဒီလိုလုပ်၊ စက္ကူချပ်နဲ့ မပိတ်နဲ့တော့ အဖေ သစ်သားချောင်းတွေ တိုင်းဖြတ်ပေးလိုက်မယ်။ သမီး စည်းပြီးယူသွား။ ဟိုကျတော့ တစ်ယောက်ယောက်ကို သံရိုက်ခိုင်းလိုက်”

အဖေက အိမ်အောက်ဆင်းကာ သစ်သားပုံကိုဖွသည်။ နှစ်တစ်လက်မချောင်းကလေးတွေ ရွေးသည်။ ဘေးမှာ ပုံသည်။ ပေတံ တက်ယူကာ
နှစ်ပေသာသာ အချောင်းကလေးတွေတိုင်းကာ လွှတစ်ချောင်းနှင့်ဖြတ်သည်။ ဖြတ်ပြီးတော့ မြေပေါ်မှာ စီချကြည့်သည်။ လိုတော့ ထပ်ဖြတ်ပြန်သည်။ အဖေမှာ ချွေးတလုံးလုံး။

“ကိုင်း... ထမင်းစားကြစို့ဟေ့၊ သားအဖ ဘာများလုပ်ကြမလို့ပါလိမ့်”

အမေက လှမ်းငေါက်တော့မှ ကျွန်မတို့သားအဖ အမေ့ထမင်းဝိုင်း ဝင်ကြရပါသည်။ ကျွန်မတို့မိသားစုမှာ ကျွန်မ ဝင်ငွေသာရှိသဖြင့် အစစအရာရာ ချွေတာကြရပါသည်။ အမေ ချက်ကျွေးသမျှ မညည်းမညူ စားကြရသည်။ အမေ့ဟင်းတွေ ကြည့်လိုက်တော့ ဟင်းချိုတစ်ခွက်၊ငါးပိချက်တစ်ခွက်။ ပြီးတော့ အသားတုဟင်း။ ခုတစ်လော အမေ
အသားတု ဓာတ်စာကျနေပါ၏။ မကြာခဏ ချက်တတ်သည်။ အသားတု ဆိုသော်လည်း ခရမ်းချဉ်သီးနိုင်နိုင်ကလေး ချက်ထားသဖြင့် စားလို့တော့ ကောင်းပါသည်။

“အသားတုရယ်လို့ ဘယ်သူကများ ထွင်လိုက်တာလဲ မသိဘူး။အသားတု ပေါ်လာတော့ အသားစစ်တွေ နာတာပေါ့ကွာ”

အဖေက အသားတုဟင်း အချက်နာလှတာကို စ,ချင်သဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အမေက ဘာမှမပြောပါ။ ပြောသာ ပြောရတာပါ။အမေ့လက်ရာ အသားတုဟင်းက ကောင်းလှပါသည်။ ပြီးတော့ အမေ့ငါးပိကောင် နှပ်က နာမည်ကြီး။ အမေ့မောင် ဘုန်းတော်ကြီးကဆိုလျှင် အမေ့ကို ငါးပိကောင်နှပ် တကူးတက မှာတော်မူရှာပါ၏။ အမေက
မကြာခဏဆိုသလို ငါးရံ့လုံး ငါးပိကောင် နှပ်ပေးရပါ၏။ တစ်ခါတော့ အမေက မောင်ဘုန်းကြီးအတွက် အသားတုဟင်းတစ်ခွက် ထည့်ကပ်လိုက်
သည်။ ဆွမ်းဟင်း လာယူသော ကျောင်းသားကိုလည်း အသားတုဟင်းဖြစ်ကြောင်း လျှောက်ခိုင်းလိုက်သည်။ သည်နောက်တော့ ဘကြီးဘုန်းကြီးခမျာ အမေ့ကို အသားတုဟင်း မှာတော်မူတော့သည်။ အမေ့ ဟင်းချက်က အဲသလောက် ကောင်းပါ၏။ ။

ကျွန်မတို့အိမ်မှာ ဟင်းချက်စရာ ပြတ်ပြီဆိုလျှင် အဖေက အသားတုကလေး ရှာကြပါဦးလို့ နောက်လေ့ရှိသည်။ အမေ ချက်တော့မှာကို
သိလို့ဖြစ်ကြပါသည်။

                                   ( ၄ )

နောက်တစ်နေ့မနက် ကျွန်မ ကျောင်းသွားတော့ သစ်သားချောင်းတွေ စည်းနှောင်ပြီး ကယ်ရီယာမှာ ညှပ်ယူသွားရသည်။ ကျောင်းရောက်တော့ ဘိုနိီ့ကို တူနှင့်သံ အယူခိုင်းကာ ဦးလေးမြနှင့်အတူ သစ်သားချောင်းကလေးတွေ စေ့နေအောင် ရိုက်ခိုင်းရပါ၏။ သည်တစ်ခါတော့ သေချာသွားပြီ။ စက္ကူလို ကွာမကျနိုင်တော့။ ခပ်စေ့စေ့ကလေး ရိုက်ထားတော့
အနံ့အသက်ရော အမှုန်အမျှင်ပါ မကျနိုင်တော့။ ဘိုနီ့ခမျာ ခက်ခက်ခဲခဲ ရိုက်ကပ်ရသဖြင့် တော်တော်ပင်ပန်းသွားပုံရပါ၏။

“မင်း အခန်းက တဒုန်းဒုန်း အသံတွေကြားလို့ ဘာတွေလုပ်နေတာလဲ”

ကျွန်မ အခန်းနှင့် ကပ်လျက်အခန်းက ဆရာမ ဒေါ်မြမူက လာမေးခြင်းဖြစ်သည်။ ကျွန်မက အကျိုးအကြောင်း ရှင်းပြလိုက်သည်။ ခဏနေ
တော့ ကျောင်းအုပ်ဆရာကြီး ရောက်လာပြန်၏။ ကျွန်မ ရှင်းပြရပြန်သည်။ဆရာမတွေ ထမင်းစုစားတော့လည်း ဒီအပေါက်ကြီး အကြောင်းကပင်
ပြောစရာ ဖြစ်ရတော့သည်။

“ကတ်စက္ကူနဲ့ကပ်တာ မရပါဘူးဟယ်၊ တော်ကြာရင်း၊ ကွာကျရင်း၊ တော်ကြာရင်း ကွာကျရင်း၊ အခုတော့ သစ်သားချောင်းနဲ့ ရိုက်ပိတ်လိုက်ပြီ။ ငှက်ချေးစော်တွေ နံလွန်းလို့ဟာ”

“ခိုတွေဟ၊ ငါ့အခန်းလည်း ဒီလိုပဲ၊ သစ်သားဇလီချောင်းကလေးတွေနဲ့ ပိတ်ထားပြီးသား၊ တစ်ခါတလေတော့ ငှက်ချေးတွေ ကျတတ်တယ်”

ဒီလိုနှင့် တစ်ပတ်လောက် ကြာသွားပြန်သည်။ ။

တစ်မနက်... ကျွန်မ ကျောင်းကိုရောက်တော့ သစ်သားချောင်းတွေ ပိတ်ရိုက်ထားသော နှစ်တစ်လက်မ ဇလီချောင်းတွေ အခြေပျက်နေကြသည်။ ဇလီချောင်းတွေကို တစ်ယောက်ယောက်က စိတ်ရှည်လက်ရှည် ခွာထားပုံရသည်။ ပြီးတော့ စိတ်ရှည်လက်ရှည် ပြန်ရိုက်ထားပုံမျိုး။ ဇလီ
ချောင်း တစ်ချောင်းဆိုလျှင် ပြုတ်ကျချင်ချင်။ မသေမသပ် ပြန်ကပ်ထားရာက သံချက်မမြဲဘဲ ဟ,နေခြင်းဖြစ်သည်။ ဒါကတော့ တစ်ယောက်ယောက်
၏ ပယောဂ ဖြစ်နေပြီ။ ဘာသဘောပါလိမ့်။ ဘာရည်ရွယ်ချက်ပါလိမ့်။

သည်အပေါက်ပေါ် လူတက်တာလား။ တက်သည်ပဲထားပါဦးတော့ ဘာအတွက် တက်ရတာလဲ။ တက်စရာလည်း အကြောင်းမမြင်။

အရင်က ကျွန်မ မကြာခဏ ကပ်ခဲ့သော စက္ကူချပ်တွေကလည်း သည်လိုပဲ မရိုးမသား ပဲစုတ်ခဲ့တာပဲ ဖြစ်ရမည်။ ကျွန်မမှာ စဉ်းစားလို့မရလေ စိတ်ထဲ မခံချိမခံသာ ဖြစ်ရလေ။ ကျွန်မ ခေါင်းပေါ်မှာ မျက်နှာကြက် တစ်ချပ်စာ အပေါက်တစ်ပေါက် ရှိနေသည်။ ဒါကို ကျွန်မ တတ်နိုင်သမျှ ပိတ်ဆို့ခဲ့သည်။ ပိတ်ဆို့သမျှ ကွာကျသည်။ ဒါမှမဟုတ် ခွာချသည်။ဒါကို ကျွန်မ နားမလည်နိုင်။ ဦးလေးမြလည်း မဟုတ်နိုင်ပါ။ တစ်ကျောင်းလုံးက အခန်းပေါက်စေ့ သော့တွေ ကိုင်ထားသူအဖို့ ဘာမျှမရှိသော
ကျွန်မ အခန်း မျက်နှာကြက်ကိုမှရွေးပြီး ခွာစရာအကြောင်းမရှိ။

 မနက်လင်းလျှင် အခန်းသော့တွေ လိုက်ဖွင့်သည်။ ဒီနေ့ ကျောင်းဆင်းလို့ ကျောင်းသားကုန်လျှင် အခန်းတွေအားလုံး သော့ပိတ်လိုက်ခြင်းကပဲ
ဦးလေးမြ အလုပ်ဖြစ်သည်။

“ကိုင်း... အားလုံး နားထောင်ကြစမ်း၊ ဟောဒီအပေါက်ကြီးက သစ်သားချောင်းတွေ ကွာနေတာ တွေ့လား”

ကျွန်မ လက်ထဲမှာ ကြိမ်ကလေးတစ်ချောင်းကိုင်ကာ မျက်နှာကို ခပ်တင်းတင်းထားရင်း ကျွန်မ အသံမြှင့်ကာ အော်နေမိခြင်းဖြစ်၏။တစ်တန်းလုံး ငြိမ်သွားကြသည်။ ကျွန်မ မျက်နှာကို တစ်တန်းလုံးက
ကြည့်နေကြပါ၏။ အတန်းထဲက ကလေးတွေကို ထင်စရာအကြောင်း တစ်စုံတစ်ရာ မရှိမှန်း ကျွန်မ သိပါသည်။ သို့သော် တစ်စွန်းတစ်စ သဲလွန်စကလေးမှ ရစေတော့သဘောဖြင့် ပြလိုက်ခြင်းဖြစ်သည်။ ကျွန်မ တပည့်ကလေးတွေ  တက်ခွာနိုင်ကြမှာ မဟုတ်တာကို သိသော်လည်း သူတို့ သိထားတာ ရှိနိုင်သည် မဟုတ်လား။

“ဆရာမ အပေါက်ကြီးကို ပိတ်တယ်၊တစ်ယောက်ယောက်က ခွာတယ်၊ ဘယ်သူခွာတာလဲ၊ မင်းတို့ သိကြသလား၊ သိရင် ပြောကြစမ်း”

အားလုံး ခေါင်းကလေးတွေ ငုံ့သွားကြသည်။ သူတို့လည်း နားမလည်နိုင်ကြပါဆိုသည့် မျက်နှာကလေးတွေ။ ဆရာမပဲ တက်ဖြုတ်ကြည့်ပါဦးဆိုသည့် မျက်နှာကလေးတွေ။ သူတကာ ကျောင်းတက်ချိန် တက်ကြ၊သူတကာ ကျောင်းဆင်းချိန် အိမ်ပြန်ကြရသူကလေးများအဖို့ ဒီအပေါက်ကိစ္စက ခေါင်းထဲမှာပင် ရှိကြပုံမပေါ်။ ကျွန်မကလည်း တစ်ခုခုများ သိရ
လေမလား မေးရခြင်းဖြစ်သော်လည်း ဘာမှတော့ မျှော်လင့်မထားခဲ့ပါ။ကျွန်မ တပည့်ကျော် ဘိုနီကတော့ ကျွန်မကို မကြည့်ပါ။ အပေါက်ကြီး
ကိုသာ မော့ကြည့်နေသည်။ ဒီတစ်ခါ ထပ်ပိတ်ရပြန်ဦးတော့မှာပါလားဆိုသည့် မျက်နှာ။ ။

“ဘိုနီ ... မင်း ဘာသိသလဲ ဆရာမကို ပြောစမ်း”

“ဘာမှမသိပါဘူး ဆရာမ”

ထုံးစံအတိုင်း ညှင်းသိုးသိုး အိပ်ချင်မူးတူးမျက်နှာဖြင့် ပြန်ဖြေသည်။ကျွန်မကို မကြည့်ဘဲ ဖြေခြင်းဖြစ်သည်။ တချို့ကလေးတွေက ကျွန်မကို
ကြည့်နေကြသည်။ တချို့ကလေးတွေက ဘိုနီကို ကြည့်နေကြသည်။ကျွန်မ စိတ်ထဲမှာ အနံ့တစ်ခု ရသလို ခံစားလိုက်ရ၏။ ငှက်ချေးနဲ့ မဟုတ်ပါ။ သံသယရနံ့ကလေးဖြစ်သည်။ ဘာမှတော့ မဟုတ်။ ကျွန်မ
စိတ်ထဲ အမှတ်တမဲ့ ဝင်လာသည့် လှိုင်းကလေးတစ်လှိုင်းသာဖြစ်သည်။

“ကိုင်း... မသိကြရင်လည်း ရှိပါစေတော့၊ ဘိုနီ မနက်ဖြန် တူနဲ့သံယူခဲ့ဦး၊ ဆရာမတို့ ပြန်ရိုက်ရအောင်”

“ဟုတ်ကဲ့ ဆရာမ”

ကျွန်မတို့ ဆရာမများ ထမင်းစားကြချိန်မှာတော့ ဒီအကြောင်းတွေ ကျွန်မ ပြောပြမိသည်။ သူတို့ခမျာလည်း သဘောထား မပေးနိုင်ကြ။သိပ်ကြီး အလေးအနက် ရှိကြပုံလည်းမပေါ်။ ကျွန်မမှာသာ ဒီကိစ္စက
အကြီးကြီး ဖြစ်နေသော်လည်း သူတို့အဖို့တော့ ရေးကြီးခွင်ကျယ် မရှိကြ။

မဖြူကဆိုလျှင် ‘နင်သာ အသားတုဟင်းတွေစားပြီး အူလည်လည်ဖြစ်နေတာ ထင်ပါရဲ့'လို့ပင် နောက်နေသေးသည်။ အမေ့ အသားတုဟင်းကြောင့်
ကျွန်မ ထမင်းချိုင့် မဖွင့်ခင်မှာပင် အသားတုနံ့ ရတယ်ဟေ့လို့ စ,တတ်ကြသည် မဟုတ်လား။ ပြောသာပြောရတာ။ မဖြူကလည်း ကြက်ဥနှင့်
ဘဲဥ ဆူလှယ်နှင့် ထည့်လာတတ်သူပင်၊ ခါတိုင်း ဟင်းဝယ်စားနေကျ မမသန်းကတော့ ကနေ့ ဟင်းတွေဘာတွေ ချက်ထည့်လာပါရောလား။

“ဒီနေ့တော့ နင်တို့ကို ဟင်းဆန်း ကျွေးရမယ်၊ ငါ အများကြီးထည့်လာတာ”

ချိုင့်ထဲမှာ ဟင်းတွေအပြည့်။ ငါးလို အတုံးကလေးတွေ ဆီနိုင်နိုင်နှင့် ချက်လာခြင်းဖြစ်သည်။ ဘာဟင်းလဲဆိုတော့ ငါးလိပ်ကျောက်သားတဲ့။ မမသန်းတို့ အမျိုးတွေ မြစ်ဝကျွန်းပေါ်ဘက်က လာလည်ကြလို့
ပါလာတာဟုဆိုသည်။ ကျွန်မကတော့ နာမည်သာ ကြားဖူးပြီး တစ်ခါမှ မစားဖူးသဖြင့် စားရမှာ မဝံ့။ မဖြူကတော့ ဗြောင်ဖွင့်မေးသည်။

.“မမသန်း... ငါးလိပ်ကျောက်သားက သွေးမတည့်ရင် သမင်ကွက် ထ,တတ်တယ်ဆို”

“ဘာလဲဟဲ့ သမင်ကွက်ဆိုတာ”

“ကြားဖူးတာပါ၊ ဟိုလေ... အရေပြားနာကို ပြောတာ”

“ကြံကြီးစည်ရာ... ငါဖြင့် တစ်သက်လုံး စားလာတာပါဟယ်"

“အံမယ်လေး... စားကောင်းတဲ့အသား စားတာပဲဟယ်၊ ဘာမှမဖြစ်ပါဘူး၊ သွေးမတည့်ရင် ဘာသားစားစား သမင်ကွက် ထ,ချင် ထ,တာပါပဲ"

မမြမှုက လိပ်ကျောက်သားဟင်းတစ်တုံး လှမ်းခပ်ရင်းက ဝင်ပြောလိုက်သည်။ ထိုမနက်က မမသန်း ကျေနပ်အောင် လိပ်ကျောက်သားတစ်တုံး စားပြခဲ့ရပါ၏။ သို့သော် ကျွန်မ ဝမ်းထဲ ကျသွားသော်လည်း
ရင်ထဲက လက်မခံဘဲ ရှိနေခဲ့သည်။ ကျောင်းပြန်တက်တော့ အဖြေကျော် လျက်ဆားဝယ်ကာ လျက်ရပါ၏။ ခေါင်းတွေပင် အုံခဲသလိုလို ခံစားနေ
ရသည်။ ဒီကြားထဲ ခိုချေးနံ့တွေက စာသင်ခန်းထဲ ဝေ့ခနဲ ရောက်လာပြန်တော့ အခန်းအပြင် ထွက်ခဲ့ရသည်။

                                 ( ၅ )

 သည်ကနေ့တော့ ကျွန်မတို့ ဆရာမတစ်တွေ ထမင်းချိုင့် မထည့်ခဲ့ကြပါ။ ဆရာကြီးအိမ်မှာ ဆွမ်းကျွေးရှိသဖြင့် ဆရာ၊ ဆရာမတွေအားလုံးကို
ဖိတ်ထား၍ ဖြစ်ပါသည်။ မူလတန်းကျောင်းကလေးဆိုတော့ ဆရာ၊ဆရာမ သိပ်များလှတာမဟုတ်။

 ကျောင်းကနေ၍ ဆရာအုပ်စုနှင့် ဆရာမအုပ်စုခွဲကာ ဆရာကြီးအိမ်က ဆွမ်းကျွေးကို သွားစားကြသည်။ ဆွမ်းကျွေးကပြန်တော့ ကျွန်မ အတန်းဘက် လျှောက်လာခဲ့သည်။ ကလေးတွေက အတန်းခုံတွေပေါ်မှာ ထမင်းချိုင့်ကလေးတွေဖွင့်ကာ ထမင်းစားနေကြဆဲဖြစ်၏။

“ဆရာမ စားပါဦး”

“စားကြပါကွယ်၊ ဘာဟင်းတွေနဲ့ စားကြတာလဲကွ”

ကလေးတွေ ထမင်းစားနေကြရာကိုသွားပြီး ကျွန်မ စပ်စုကြည့်မိပါ၏။ တချို့က ပဲပြုတ်၊ တချို့က ငါးကလေးဟင်း၊ တချို့က ဘယာကြော် တစ်ကွင်းနှစ်ကွင်း၊ တချို့ က ငါးပိချက်။ ဘိုနီကတော့ ကျွန်မကို
မကြည့်ဘဲ ခေါင်းကြီးတွင်တွင်ငုံကာ ထမင်းစားနေပါ၏။ ဘိုနီတို့ မိသားစုအကြောင်း ကျွန်မ သိထားသဖြင့် ဟင်းကောင်း မပါနိုင်ရှာမှာကို ကျွန်မ
သိပါသည်။ ဘိုနီက ထမင်းချိုင့်ကလေးကို အုပ်သလိုလို၊ ကာသလိုလို လုပ်နေရှာပါ၏။ ဘိုနီ မျက်နှာကလေးကလည်း ချေးညှော်တွေကြားက
ရဲလို့။ ဟင်းမကောင်းတာ ရှက်စရာမှတ်လို့ကွယ်...။

“ဘိုနီ ဘာဟင်းလဲကွ”

“ကြွက်သား ဆရာမ”

“ကြွက်သား”

ကျွန်မအဖို့ ကြွက်သားဟင်းဆိုတာ အံ့သြခြင်း မဟုတ်သော်လည်း ဒီအချိန်မှာ ကြွက်သားလို ဟင်းတစ်ခွက် ချက်လာလိမ့်မည် မထင်ခဲ့။
ကျွန်မက သူ့ချိုင့်ကလေးကို ကြည့်လိုက်တော့ ခရမ်းချဉ်သီးအနှစ်များဖြင့် ရောကောသောကော ဖြစ်နေသည့် အသားတုံးကလေးတွေ မြင်နေရသည်။

ဘိုနီကတော့ ကြွက်သားလို့ ပြောလိုက်ရတာကို ရှက်နေပုံရပါသည်။ကျွန်မ ကိုယ်တိုင်က ကြွက်သား မစားသော်လည်း ကြွက်သား စားကြသူ ရွာက ဆွေမျိုးတွေကြားမှာ ကြီးပြင်းရသူဆိုတော့ ကြွက်သားသည်လည်း စားကောင်းသော အသားတစ်မျိုးဆိုတာ နားလည်ထားပါ၏။ ရွာမှာ
“လယ်ကြွက်”ကလည်း ပေါသည်မဟုတ်လား။

ကလေးတွေအပါးက ပြန်ထွက်လာကာ စားပွဲမှာ ကျွန်မတစ်ယောက်တည်း ထိုင်နေမိခဲ့သည်။ ကျွန်မ အပေါ်တည့်တည့်မှာ နှစ်ပေပတ်လည်
အပေါက်တစ်ပေါက်။ ကျွန်မအဖို့တော့ ကမ္ဘာ့ကောင်းကင်လေထုထဲမှာ တစ်စ တစ်စ ကျယ်ပြန့်လာသည်ဆိုသော အိုဇုန်းလွှာအပေါက်ကြီး တစ်
ပေါက်လို့ပင် ထင်နေမိခဲ့ရပါ၏။ ထိုအိုဇုန်းလွှာအပေါက်ကြီးကို ပိတ်ရဦးမှာပါလား။ ပိတ်ရင်ကော မြဲပါ့မလား။ တစ်ယောက်ယောက်က ဒီအပေါက်
ကြီးကို ဖွင့်နေဦးမှာလား။

                                   ( ၆ )

 နောက်တစ်နေ့မနက် ကျွန်မ ကျောင်းကို စောစောရောက်လာခဲ့သည်။ကျွန်မ တစ်ယောက်တည်း စားပွဲမှာထိုင်ရင်း မဂ္ဂဇင်းတစ်အုပ် ဖတ်နေခဲ့သည်။ အခန်းထဲ ပထမဆုံး ဝင်လာသူက ကျောင်းသူကလေးတစ်ယောက်။သူ့နေရာမှာ လွယ်အိတ်ကလေးချကာ ကျွန်မကို ပန်းကလေးတစ်ပွင့် လာပေးသည်။ ဖြူဆေးရီးယား နှင်းဆီနီကလေးတစ်ပွင့်။

“ဆရာမ မနေ့က ဘိုနီ စားတာ ကြွက်သား မဟုတ်ဘူး ဆရာမ၊သူ ဆရာမကိုညာတာ”

“ဟေ...”

“သမီးတို့က သူ့ရှေ့ မပြောရဲလို့၊ သူစားတာ ခိုသားတဲ့"

“ဪ...”.

ကျွန်မ နာကျင်စွာ ပြုံးလိုက်မိပါ၏။ ကျောင်းသူကလေးက ကျောင်းမုန့်ဈေးတန်းဘက် ထွက်သွားသည်။ ကျွန်မ တစ်ယောက်တည်း ကျန်ရစ်
ခဲ့ပါသည်။ ခဏနေပြီးမှ နှင်းဆီပွင့်ကလေးကို ကောက်ယူကာ ကော်ရစ်ဒါအတိုင်း အပြင်ဘက် လျှောက်လာခဲ့သည်။ ကျောင်းသူ ကျောင်းသားတွေ၊ဆရာ ဆရာမတွေ ကျောင်းဝဆီက ဝင်လာကြပြီ။ ကျောင်းကလေးလည်း လှုပ်လာခဲ့ပြီ။ ကျွန်မကတော့ အသားတုတွေ ပေါ်လာတော့ အသားစစ်
တွေ နာတာပေါ့ ဆိုသော အဖေဟာသကို ကြားယောင်ရင်း နာကျင်စွာ ပြုံးမိရပြန်သည်။ ညကျလျှင် ဒီအကြောင်းတွေ အဖေ့ကို ပြောပြရပါဦး
မည်။

--------------

ခင်ခင်ထူး

( Mandalay Icon မဂ္ဂဇင်း )
(၂၀၀၈) ခုနှစ်၊ မတ်လ။

#Typing_crd_ZawOo

ငှက်ဆိုး #နေဝင်းမြင့်

#ငှက်ဆိုး

#နေဝင်းမြင့်

                                   ( ၁ )

မည်းနက်ပြောင်ချောနေသော ကျောပြင်မှ ချွေးစီးကြောင်းများသည် မြစ်များ၊ ချောင်းများသဖွယ် စီးဆင်းနေဆဲ။ ကွန်ဗေယာ(ပစ္စည်း သယ်ဆောင်သော သားရေပတ္တာလိုင်း)ပေါ်မှ နှစ်လုံး တစ်တွဲ၊ သုံးလုံး
တစ်တွဲ ပြေးဝင်လာသော အုတ်စိမ်းများနှင့် အပြိုင် စည်းချက်ညီညီ လှမ်းလိုက်၊ ကုန်းယူလိုက်၊ အုတ်စိမ်းထပ်ပေါ် ဆီးတင်လိုက်နှင့် နာရီဝက်ခန့် ရှိပြီ။ ထို့ကြောင့်လည်း တစ်ကိုယ်လုံးမှ ချွေးစီးကြောင်းများက ကျောပြင်ထက်၌ လည်းကောင်၊ ဒူးနှင့် ဒူးခေါင်းခွက်၊ ခြေသလုံးသို့တိုင် ပျံ့စီးစိုရွဲလျက် ရှိသည်။ နဖူးဆီမှ မျက်လုံးအိမ်အတွင်းသို့ ဝင်
လာတတ်သော ချွေးကြောင်းများကိုမူ လျှပ်တစ်ပြက် သုတ်ပစ်ရသေးသည်။

ခါးအထက်ပိုင်း အင်္ကျီပင် မကပ်နိုင်။ ဗလာကျင်းထားသည်။အောက်ပိုင်းကမူ စစ်ဘောင်းဘီ ဟောင်းနွမ်းနွမ်း ဝတ်ထားရသည်။ပုဆိုးနှင့် အုတ်စီရသည်က သိပ်မကောင်းလှ။ ဘောင်းဘီတိုနှင့် လုပ်ရသည်က လွတ်လပ်သည်။ စစ်ဘောင်းဘီခါးရစ်၌ ချွေးတို့ အိုင်ရွဲနေသည်။ 

ထိုစဉ်မှာပင် အုတ်ညှစ်စက်ခေါင်းမှ ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာသည်။ အုတ်စိမ်းသယ် ကွန်ဗေယာ ရပ်ဆိုင်းသွားသည်။အုတ်ညှစ်စက်ခေါင်း အတွင်းသို့ တရစပ် ကျနေသော မြေတောင့်ချ ကွန်ဗေယာပါ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

သန်းညွန့်သည် ခါးကို အသာအယာ ဆန့်ထုတ်လိုက်သည်။ဖျိုးဖျိုးဖျင်းဖျင်း ဂျိုးဂျိုဂျွတ်ဂျွတ်ပင် မြည်သွားသည်။ ချက်ချင်း မဆန့်နိုင်သေး။ ပြန်ကုန်းလိုက်ရသည်။ နောက်တစ်ဖန် ခါးကို ဆန့်ထုတ်ရာ
တွင် မတ်မတ်ရပ်၍ ရပြီ။ သို့ရာတွင် ခပ်ဆိုင်းဆိုင်း ကိုင်ထားရသေးသည်။ လက်နှစ်ဖက်က ခါးကို ထောက်ဆိုင်းထားရသေးသည်။

"ဝှီး ... စီကောင်းရင် လုပ်ပြီ”

အုတ်စီဘက် ကပ္ပလီကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

ကပ္ပလီကား နာမည်ရင်း ရှိသေးသည်။ သို့သော် မေ့နေကြပြီ။ သည်မှာက ကပ္ပလီပဲ သိသည်။ မည်းချိတ်နေသော အသား၊ လိပ်ကောက်နေသော ဆံပင်တို့ကြောင့် ဖြစ်မည်။ သူသည်ပင်လျှင် ရွှေသွား လေး၊
ငါးချောင်း စိုက်ခဲ့ဖူးသဖြင့် ရွှေသွားသန်းညွန့်၊ အချို့က ရွှေသွား၊တချို့ကလည်း ပေါက်ခေါ၊ ရင်းနှီးသူများက ခေါကြီး စသည်ဖြင့် နာမည်တွင်နေသူ ဖြစ်သည်။

“ဘကြီးတင် ရပ်လိုက်တာဗျ။ ဘာဖြစ်တာလဲ မသိဘူး”

“အေးကွာ ၂၀၀ ပျော့ပျော့ ကျန်ခါမှ ဒီအတိုင်းဆို ဒီကနေ့ ၁၂ တွဲ ရဖို့ မလွယ်ဘူး ထင်တယ်”

“ပြောလို့တော့ မရဘူးဗျ၊ နောက်ပိုင်း ထွက်ချင် ထွက်လာမှာ”

“ထွက် ထွက်ပါဦးကွာ၊ မင်း‌မြေကြီးက ပြတ်တာနဲ့ စက်က ပျက်တာနဲ့” 

ကပ္ပလီ ဘာမျှ မပြောတော့။ သည်လို စက်ရပ်ချိန်ကလေးမှာ သူတို့ နားချိန် ရသည်။ အုတ်တင်တွဲထိပ်မှ အုတ်စိမ်းတုံးများဘေးတွင် တင်ထားသော နွားတံဆိပ် ဆေးလိပ်တိုကို လှမ်းယူသည်။

“ခေါကြီး ပေးဗျာ ... မီးခြစ်”

“မပါပါဘူးကွာ”

ကပ္ပလီက ဆေးလိပ် သောက်တော့ သူလည်း သောက်ချင်သည်။ အာတွေ၊ လျှာတွေ ယားလာသည်။ နွားဆေးလိပ်ကို ဒူးယားနှင့် မလဲနိုင်။ ခါတိုင်း ဆေးလိပ် တစ်မက်ဖိုး(နှစ်လိပ်)လောက်တော့ အေးသိုက်က ထည့်ပေးနေကျ။ သည်နေ့ ယူမလာနိုင်။ အေးသိုက်ပဲ မေ့သလား၊ ဆိုင်ကပဲ အကြွေး မပေးသလား မသိ။ အိတ်ကပ်ထဲမှာ ပါမလာမှန်း အလုပ်ထဲ ရောက်မှ သိသည်။ ကနေ့ သူ လယ် ကျသည်။ သည်မှာက ဦး၊ လယ်၊ ဘိတ် ဟူ၍ သုံးဆိုင်း ခွဲထား
သည်။ ညဂိုဏ်း၊ နေ့ဂိုဏ်းက တစ်လစီ။ ညဂိုဏ်း ဆိုတော့ မနက်ပိုင်း ရွာထဲ လျှောက်၊ ပူဖောင်း ရောင်းလို့ ရသည်။ နေ့ဘက်ကျလျှင် အလတ်ကောင် တင်ရွှေကြီးကို ရောင်းခိုင်းရသည်။ သည်တစ်ကောင်
က ကြီးကောင်ဝင်လာတော့ ပူဖောင်းလည်း မရောင်းချင်တော့။ ဘာပဲဖြစ်ဖြစ် ပူဖောင်းရောင်းခြင်း အမှုကိုကား လက်လွတ်မခံနိုင်။ တင်ရွှေ
ကြီး မလုပ်လျှင် အောက်ကအကောင် တိုးလွင် လုပ်လိမ့်မည်။ တိုးလွင်မလုပ်လျှင် သာရကို ခိုင်းရလိမ့်မည်။ ပူဖောင်းက ထက်ဝက် မြတ်သည်။ အတတ်ပညာ ပါသည်။ သူသည် ထန်းတပင်မှာ နေစဉ်က ကိုရင်ကြီး တစ်ပါးထံမှ သင်ယူခဲ့ရသည့် ပညာ ဖြစ်သည်။ ပန်းသီး၊မျောက်၊ ဘဲ၊ ရေနွေးအိုး၊ ပစ်တိုင်းထောင် စသည်ဖြင့် ကျွမ်းကျင်စွာ
လုပ်နိုင်သည်။

သားသမီးတွေကလည်း အများသား။ ခြောက်ယောက်။လောရှည်၊ သန်းအေး၊ တင်ရွှေကြီး ပြီးတော့ ရှားရှားပါးပါး သမီးလေး အထွေးဆုံးပဲဟု တွေးတွေးဆဆ ခင်ထွေးဟု မှည့်ခဲ့သည်။ သို့သော်
လည်း ခင်ထွေးနောက်မှ ထပ်တိုးလာသော တိုးလွင်အပြင် နောက်ထပ် သာသာထိုးထိုး ရခဲ့သော သာရသည် ကြီးလှပြီ။

“ကပ္ပလီ ပေးစမ်းကွာ တစ်ဖွာ၊ ခံတွင်းချဉ်လို့”

ကပ္ပလီက ချက်ချင်း မပေး။ လေး၊ ငါးဖွာ ရှိုက်၍ရှိုက်၍ ဖွာလိုက်သည်။ အားရပါးရလည်း ရှိုက်သွင်းလိုက်သည်။ နှာခေါင်း၊ပါးစပ်တို့မှ မီခိုးမှောင်မှောင် ထွက်တော့မှ လှမ်းပေးသည်။ တံဆိပ်
ပတ်ပင် မီးစွဲနေပြီ။ မတတ်နိုင်။ ဈေးများသည်၊ ချေးခါးသည် လုပ်နေလို့မရ။ တစ်ဖွာရရ နှစ်ဖွာရရ ရှိုက်ဖွာလိုက်သည်။ ကပ္ပလီ ကိုက်ထားသဖြင့် တစ်စစီ ဖွာထွက်နေသော ဆေးလိပ်ဖင်ကိုပင် မရွံနိုင်။
ရွံနေ၍ မရ။ သူဘာဝနှင့် သူတို့အကြောင်း စာနာစိတ်များ၊ ကိုယ်ချင်းစာစိတ်များ ရှိသည်။ ရွံစရာရယ် ဘာရယ် မရှိ။ 

သန်းညွန့် သားရေပတ္တာလိုင်းပေါ်သို့ ထိုင်ချလိုက်သည်။ စက်ရုံပင်မ ထွက်ပေါက်ဘက်မှ
လေတစ်ချက် သုတ်ခနဲ ဝင်လာသည်။ ချွေးစကလေးများ မခြောက်တခြောက်မို့ စိမ့်ခနဲ အေးသွားသည်။

 ထိုစဉ်မှာပင် ခေါင်းလောင်းသံ ကျယ်ကျယ်လောင်လောင်ကို ကြားရသည်။ မြေတောင့်သယ် ကွန်ဗေယာနှင့် အုတ်စိမ်းသယ် ကွန်ဗေယာများ စတင် လည်ပတ်သည်။အုတ်ဖြတ်စက်ကို ကျော်လွန်ကာ ပြေးဝင်လာသော အုတ်စိမ်းများက အတွဲလိုက် အစုလိုက် ဖြစ်သည်။ သောက်လက်စ နွားတံဆိပ် ဆေး
လိပ်တိုကို နောက်ဆုံး နှုတ်ဆက်ခြင်းအဖွာ အဖြစ် အားပါးတရ ရှိုက်သွင်းလိုက်သည်။ အာခေါင်ပင် စူးခနဲ ပူသွားသည်။ ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ပြီး အုတ်စိမ်း နှစ်လုံး ကောက်ကိုင်လိုက်သည်။ စီရ
သည့် နေရာနှင့် လူနှင့် မလွတ်ချင်တော့။ တွဲ ရွှေ့ ရဦးမည်။

“ကပ္ပလီ ဆင်းရွှေ့ကွာ၊ ကုတ် ဟိုဘက်မှာ သွားယူ"

ကပ္ပလီက အုတ်တင်တွဲပေါ်မှ လွှားခနဲ ခုန်ချလိုက်သည်။ကုတ် သွားယူပြီး ရထားလမ်းနှင့် အုတ်တင်တွဲဘီးကြားသို့ ထိုးသွင်းကာ လူအားနှင့် ဖိချလိုက်သည်။ ကုတ်သဘောအရ တွဲ ရွေ့သွားသည်။ ကုတ် ဆိုသည်မှာ နှစ်ကျပ်လုံးခန့် အလုံး ရှိ၍ ခြောက်ပေခန့် ရှည်လျားသော သံချောင်းကြီး တစ်ချောင်းသာ ဖြစ်သည်။

“ရပြီလား”

"အေး....တော်ပြီ"

သိပ်ရွှေ့လိုက်လို့ကလည်း မဖြစ်။ အုတ်စီရန် လူ ချောင်ချောင်ချိချိ နေရရုံသာ ရွှေ့ ရသည်။ သိပ်‌ရွေ့ လျှင်လည်း အဝေးကြီး လှမ်းယူနေရသည်။

“ကပ္ပလီရေ ... လေပေါင် မမီဘူး ထင်တယ်ကွ၊ အုတ်က ပျော့ပြီး ဖွာနေတယ်”

“အင်းဗျ၊ နေဦး”

ကပ္ပလီက ရွှံ့စ တစ်စကို ဖဲ့၍ စက်ထိန်းခန်းကိုင် ဘကြီးတင်မောင်ကို လှမ်းပစ်လိုက်သည်။ ဘကြီးတင်မောင် လှမ်းအကြည့်မှာ ကပ္ပလီက အုတ်စိမ်းတစ်လုံးကို ဖဲ့ပြ၊ လိမ်ပြ လုပ်ပြသည်။ လေပေါင်
မီရဲ့လား၊ ပျော့တယ်၊ စီရမှာလား၊ လက်လွှတ်လိုက်ရမှာလား စသည့်မေးခွန်းများ၏ သင်္ကေတ ဖြစ်သည်။ လွှတ်လိုက်ရမှာလား ဆိုသည်မှာ တွဲပေါ်သို့ မစီဘဲ ကွန်ဗေယာအတိုင်း ပါသွားစေ၍ အလေအလွင့် ဖြစ်စေသည့်သဘော။ လေပေါင် မမီသော အုတ်စိမ်းသည် တောက်လျှောက် ဒုက္ခပေးနိုင်သည်။ အခြောက်လှမ်းရုံထဲမှာ ပြိုနိုင်သည်။
မီးဖိုထဲမှာ ပြိုနိုင်သည်။ မီးဖိုထဲမှာ တွဲပြိုလျှင် သိပ်မလွယ်လှ။ ဘကြီးတင်မောင်က လေပေါင်ဂိတ်ကို ကြည့်သည်။ အုတ်ကို ကြည့်သည်။မီတာဒိုင်ခွက်များ၊ ညွှန်တန်များကို စစ်ဆေးသည်။ နောက် အုတ်
တစ်လုံးကို ယူ၍ ခါးချိုးကြည့်သည်။ နောက်မှ ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်ပြသည်။
 ဆက်လုပ်။

 ကပ္ပလီနှင့် ရွှေသွားက ဆက်စီသည်။ လှမ်းဆွဲလိုက်၊ စီလိုက်။ နောက်အဆိုင်းက မောင်စိန်နှင့်မောင်လှိုင်။ အုတ်တင်တွဲ အလွတ်တစ်စီးကို တွန်းလာနေသည်။ သူတို့စီရမည့်တွဲ ဖြစ်သည်။ အုတ်တင်လှည်း တစ်တွဲမှာ အုတ် နှစ်ထောင့်သုံးရာ၊ နှစ်ထောင့်ငါးရာ၊ နှစ်ထောင့်ရှစ်ရာ စသည်ဖြင့် ဝင်အောင် စီရသည်။ အင်္ဂလိပ်လို အခေါ်တော့ ရှိသည်။ သူတို့ မသိ။ အရေ
အတွက်သာ ပြော၊ သူတို့ လုပ်တတ်သည်။

သူတို့အလှည့် ပြီးတော့ ၉ နာရီခွဲပြီ။ ဘာပဲဖြစ်ဖြစ် ၁၂ နာရီ မထိုးခင် မြေသယ်ယာဉ်များ မပျက်ဖို့ လိုသည်။ မြေကြီးကလည်း ကောင်းပါမှ။ စက်ကလည်း မပျက်ပါမှ။ လျှပ်စစ် ဓာတ်အားကလည်း မချွတ်ယွင်းပါမှ။ ကနေ့ည ၁၂ တွဲ ရမည် မှန်းထား
သည်။ ၁၂ တွဲ ရလျှင် သူတို့ နောက်တစ်ကျော့ စီရဦးမှာ သေချာသည်။ သန်းညွန့်က စက်ရုံရှေ့ ထင်းရှူးပင်ကို ဝင်းပတ်ထားသော အုတ်ခုံဆီသို့ ထွက်လာခဲ့သည်။ အုတ်ခုံစောင်းမှာ ပတ်လက် လှဲချ
လိုက်သည်။ မြင့်မား ဝေးလွင့်သော ကောင်းကင်ကို ကြည့်ရင်း မူးဝေသလို ခံစားရသည်။ အုတ်ခုံနှင့် ကျောပြင် ထိတွေ့မှု ရသလို အေးမြစွာ ခံစားရသည်။ အသက်ကို ဖြည်းဖြည်းကလေးရင်း ရှူရင်း အမောဖြေနေလိုက်သည်။

“တောက် ... ဆေးလိပ်တစ်လိပ်လောက် သောက်လိုက်ရရင်၊ အို ... နေနှင့်ဦး မနက်ဖြန်ဆို ...”

သန်းညွန့်မျက်စိထဲတွင် ငွေတွေ အထပ်လိုက် တွေ့နေရသည်။ မနက်ဖြန်ဆို ငွေစုငွေချေး သမဝါယမအသင်းမှ ငွေထုတ်ပေးမည့်နေ့။ မိမိတို့ ကုန်ထုတ်ဌာနမှ ကိုယ်စားလှယ် ကိုခင်ရီက ကြော်ငြာသင်ပုန်းမှာ ကြေညာထားသည်။ သည်နှစ် သန်းအေး လှူ
ရမှာ၊ အေးသိုက် နားကပ် ရွေးရမှာ၊ ကုန်ဝယ်စာအုပ်လည်း ရွေးရဦးမယ်။ မတင်ရီ ပေးရမှာက အဲ ဘယ်လောက်မှန်း မသိ။အေးသိုက် မေးရဦးမည်။ အရင်းက ခုနစ်ရာ ဆိုလား ပြောတော့ပြောသည်။ ဒါက သူ သိသလောက်။ အတိုးနှင့်ဆို မတင်ရီကတော့ပြောသည်။ ဆပ်ပြီးတော့လည်း ပြန်ယူတာပေါ့။ ငွေရတုန်းတော့ မှန်မှန်ဆပ်ပေါ့ ဆိုလား။ အငယ်ကောင်တွေမှာလည်း အင်္ကျီ မရှိ။
အေးသိုက်ကလည်း ဘာ ဆိုလား ဝယ်ချင်သေးသတဲ့။ အရေးကြီးဆုံးသမီးခင်ထွေးမဖို့ ထဘီကလေး၊ ရှင်မီးကလေး ဝယ်ပေးမှ ဖြစ်မည်။ သူ့ပဲ အားကိုးရမည် ထင်သည်။ ဟိုကောင်တွေက မိန်းမယူပြီး ပြေးကြမှာ။

ဆေးလိပ်သောက်ချင်မှု ချဉ်ခြင်းသည် အတွေးထဲမှ ငွေစက္ကူများကို ဖြတ်ကျော်သွားသည်။ ဆေးလိပ် ထရှာမည် စိတ်ကူးကြည့်သေးသည်၊ မရ။ ညောင်းရိကိုက်ခဲနေသော ခန္ဓာကိုယ်ကို မသယ် မကြွချင်တော့။ မှေးခနဲ အိပ်ပျော်သွားသည်။ မီးဖိုကြီးဆီမှ မီးထိုးသံ တဝုန်းဝုန်းက ကျယ်လောင်စွာ ထွက်ပေါ်နေဆဲ။

                                    ( ၂ )

သန်းညွန့် ပြန်လာတော့ ၁၂ နာရီ ထိုးပြီးပြီ။ ညသည်
မှောင်မည်းလွန်းသည်။ စက်ရုံနှင့် သန်းညွန့် နေထိုင်ရာ အလုပ်သမားတန်းလျားနှင့်က ဝေးလှသည်တော့ မဟုတ်။ စက်ရုံဝင်းထဲမှာပင် ဖြစ်သည်။ မဝေး ဆိုသည့်တိုင် ၁၀ မိနစ်ခန့် လျှောက်ရသည်။ ကနေ့
ည သူတို့ ညဆိုင်းမှာ ၁၂ တွဲ မှန်းထားသော်လည်း ၁၀ တွဲသာ ရသည်။ မြေကြီး ပြတ်၍ ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့ နောက်ဆုံးတွဲကို မစီခဲ့ရ။ မစီခဲ့ရသည်ပင် ခပ်ကောင်းကောင်း။ အုတ်ခုံပေါ်
တွင် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည် မသိ။ ကပ္ပလီလာနှိုးမှ နိုးသည်။ ရင်ထဲမှာ ချမ်းစိမ့်နေသည်။ ကိုယ်တွေ လက်တွေ ကိုက်ခဲနေသည်။ မျက်လုံးတွေက ပူနေသည်။ ကပ္ပလီ ယူလာသော
အင်္ကျီကို ကပျာကသီ ကောက်စွပ်လိုက်ရသည်။

“ကပ္ပလီရေ ငါတော့ ဖျားချင်နေပြီကွာ”

“ဖျားမှာပေါ့၊ ခင်ဗျားက လေတိုးထဲ ချွေးတွေနဲ့ လာအိပ်နေတာကိုး”

ကပ္ပလီက ဇီးကုန်းဘက်ကို ပြန်သွားသည်။ ဇီးကုန်းလမ်းကမှောင်နှင့်မည်းမည်း။ကပ္ပလီနှင့် သူ ရထားလမ်းမှာ လမ်းခွဲသည်။ သူ တန်းလျား
ထဲ ရောက်တော့ အားလုံး အိပ်နေကြပြီ။

“အေးသိုက်ရေ …. အေးသိုက်”

တံခါးကို တဒုန်းဒုန်း ထုသံကြောင့် အေးသိုက် တံခါးဖွင့်သည်။ တံခါးအဖွင့်မှာတော့ တန်းစီ အိပ်နေကြပြီ ဖြစ်သော ကလေးများကို မြင်ရသည်။ မှိန်ယဲ့သော မီးလုံးရောင် နီကျင်ကျင်အောက်မှာ ပိုးတုံးလုံးကောင်လေးတွေနှင့်ပင် တူသေးတော့သည်။ ခြင်တွေက မည်း၍ သီးနေသည်။ အေးသိုက် တံခါး ဖွင့်ပေးရသော်လည်း အိပ်ချင်စိတ်က ပြေသေးဟန် မတူ။

“ကိုသန်းညွန့်ကြီး နောက်ကျလှချည်လား”

“မကျပါဘူးဟ၊ ငါ ဖျားလာတယ်၊ ရေနွေး ရှိသေးလား”

“ဘယ်ရှိပါ့မလဲ”

“အမိုးတို့ အိမ်မှာကော”

“အိပ်ရောပေါ့တော်၊ အားနာစရာ တော့်ဟာကလည်း”

“အိမ်မှာ ဆရာမကြီးအိမ်က ဝယ်ထားတာ ဘာရှိလဲ”

“ဘာဆေးမှကို မရှိတာ၊ နေဦး တော်က ဘာဖြစ်တာတုံး၊ဒီမှာ ခလောက်ကွန်ဒိုင် တစ်လုံးတော့ ရှိတယ်”

" ပေးဟာ "

အေးသိုက်က ထရံကြားမှ စက္ကူထုပ်ကို ယူလာသည်။ဆေးဖြူပြား တစ်ပြား ဖြစ်သည်။ ကိုဒါနင်။ သို့သော် ကိုဒါနင်လို့ မခေါ်တတ်။ ခလောက်ကွန်ဒိုင်ပဲ ခေါ်တတ်သည်။ ခလောက်ကွန်ဒိုင်ဆိုလျှင် သည်ဆေးမှန်း သန်းညွန့်ကလည်း နားလည်ထားသည်။ မမှားနိုင်။ မှားစရာ မရှိ။ သည်ဆေးကို သည်လို ခေါ်လာတာ ကလေးခြောက်ယောက် ရပြီ။ သန်းညွန့်က စောင်ပါးကလေးကို ခြုံလိုက်သည်။

“စောင် ထပ်ပေးပါဦးဟာ ... ချမ်းလိုက်တာ”

“နေဦး တင်ရွှေကြီးစောင် ယူပေးမယ်”

တင်ရွှေကြီးစောင် ဆိုပေသည့် တိုးလွင်နှင့် နှစ်ယောက်မှတစ်ထည်။ ချမ်း၍ ခြုံသည့်စောင် မဟုတ်။ ခြင်ကိုက်၍ ခြုံသည့်စောင်။ အေးသိုက်က သန်းညွန့်ခြေသလုံး မာခေါက်ခေါက်ကို နှိပ်
ပေးသည်။ ပေါင်ရင်းကို ကြိတ်နင်းပေးသည်။ ခဏကြာတော့ သန်းညွန့်မှေးခနဲ အိပ်ပျော်သွားသည်။ သန်းညွန့်ဘေးမှာ ဝင်ခွေရင်း အေးသိုက်
မှေးနေလိုက်သည်။ စူးခနဲ လန့်အော်လိုက်သော ညငှက်တစ်ကောင်၏ အော်သံက အေသိုက်အား လန့်နိုးစေသည်။

ငှက်ဆိုး။ ဖွဟဲ့၊ ဖွဖွ။

အေးသိုက်က ကြောက်လန့်တကြား မြည်တမ်းလိုက်သည်။အယောင်ယောင်အမှားမှားပင် သန်းညွန့်နဖူးကို စမ်းလိုက်သည်။ပူလိုက်တာ ချစ်ချစ်တောက်။ ဒညင်းကုန်းဘုန်းကြီးကျောင်းမှ တုံးမောင်းသံ ခပ်သဲ့သဲ့ကို ကြားရသည်။ ၄ နာရီ။ မိုးလင်းတော့
မည်။ စင်စစ် ငှက်ဆိုးကို သူမ မတွေ့ခဲ့ဖူး။ ငှက်ဆိုး ဘယ်လိုကောင်လဲ သူမ မသိ။ သို့သော် သည်ကောင် အော်လျှင် လူ သေတတ်သည်ဟူသော အစွဲအလမ်းက အရိုးခိုက်နေပြီ။ အထူးသဖြင့် လူနာ ရှိသည့်
အိမ်များက သည်ကောင်အော်သံ ကြားလျှင် အနည်းဆုံး ရင်ဖိုရ။မျက်လုံးပြူးရ၊ စိတ်မကောင်းဖြစ်ရနှင့် စိတ်ထိခိုက်ရသည်။ ခဏကလေး
မှေးလိုက်မိသည့် မိမိကိုယ်ကိုယ်ပင် အေးသိုက် အပြစ်တင်နေမိသည်။

ဘာပဲဖြစ်ဖြစ် သူမ ရင်ထဲမှာ ငိုချင်နေမိသည်ကား အမှန်။ ဂီခနဲ အော်လိုက်သော ငှက်ဆိုးသံက ကြီးစိုးနေသည်။ ခြင်တွေ ဝေ့ဝဲနေသော၊ချွေးသီးချွေးပေါက်များ သီးထနေသော သန်းညွန့်မျက်နှာကိုသာ ကြည့်နေမိသည်။ သာရအင်္ကျီကလေးနှင့် တယုတယ သုတ်ပေးလိုက်သည်။ အဖျားက မကျချင်။ အို ... မနက်ဖြန် ပိုက်ဆံ ရမှပဲ လမ်း
ဆုံက ဆေးခန်းမှာ ဆေးထိုးပေးရဦးမည်။ မသကာ နှစ်ရက်ပေါ့။ခွင့်လည်း သွားတောင်းရမည်။ ငွေစုငွေချေးပိုက်ဆံလည်း ငါပဲ သွားထုတ်ရမှာပေါ့။ အေးသိုက် အကွက်ချနေမိသည်။ မိုးလင်းတော့မည်။

နောက်ဖေးချောင်ကို ရေနွေးတည်ရန် ထလာခဲ့သည်။

                                ( ၃ )

ငွေစုငွေချေး သမဝါယမအသင်းက စုငွေချေးငွေများ ထုတ်ပေးနေပြီဆိုသည့်သတင်း ရောက်လာချိန်၌ သန်းညွန့် အဖျားကျသွားသည်။
အေးသိုက်ကို ကမန်းကတန်း လွှတ်သည်။ အေးသိုက်က ညနေစာကို အစောကြီးကတည်းက ချက်ထားသည်။ မည်း၍ ကြမ်းနေသော မျက်နှာ၌ သနပ်ခါးတွေ တင်း၍ ဖွေးနေသည်။ သန်းညွန့်ပင် သူ့မိန်းမမျက်နှာ ကြည့်၍ အဖျားတက်ချင်ချင် ဖြစ်သွားရသည်။

“နင် သွားတော့လေ၊ ပြန်လာရင် ဈေး ပြေးရဦးမှာ။
တောက်... ကနေ့မှ ဖျားတယ်ကွာ၊ ငါပါ ဈေးလိုက်ချင်တာ”

“ဟုတ်ပါ့တော် ... တော်နဲ့ ကျုပ် ဈေးမသွားရတာ ကြာပြီနော်”

တော်နဲ့ ကျုပ် ဈေးမသွားရတာ ကြာပြီ ဆိုသည့်စကားကို သန်းညွန့် ခံစားရသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကြာခဲ့ပြီ။

သူများတွေလို တစ်လမျိုး၊ ကိုးသီတင်းမျိုးစာ ဝယ်ထားနိုင်သည်မဟုတ်။ တန်းလျားထဲက အိမ်ဆိုင်ကလေးနှင့်ပင် ပြီးရတာ များသည်။ဆေးလိပ်၊ ဆီ၊ လက်ဖက်ခြောက်၊ ငရုတ်၊ ကြက်သွန်။ တစ်မတ်ဖိုး၊
ငါးမူးဖိုးအထိ ရသည်။ တစ်မတ်ဖိုး၊ ငါးမူးဖိုး ဝယ်လို့လည်း ရှက်စရာ မဟုတ်။ သူလို ကိုယ်လိုချည်း။

 အေးသိုက် ထွက်သွားတော့ သန်းညွန့် မှိန်း၍ ကျန်ရစ်ခဲ့သည်။ ကနေ့မှ လောရှည်နှင့် သန်းအေး
က လွဲလျှင် အားလုံး အိမ်ပေါ်မှာ ရှိနေသည်။
လောရှည်နှင့် သန်းအေးက ဘိလပ်မြေအိတ် သွားထမ်းကြသည်။ ၄ နာရီပင် ထိုးခါနီးပြီ။ အေးသိုက်က မလာသေး။ ခိုင်းလိုက် သည်အတိုင်းချည်း။ နှေးတုံ့နှေးကန်နှင့်။ ပိုက်ဆံကော ရေတတ်ရဲ့လား မသိ။ လမ်းမှာ ကျပျောက်နေမှဖြင့်။ လွှဲစာနှင့် ဆိုတော့လည်း ဟိုလက်မှတ် သည်လက်မှတ် ထိုးရတာ ကြာနေတတ်သည်လည်း ရှိသည်။ 

သန်းညွန့်က ရောက်တတ်ရာရာ တွေးပူနေခြင်းသာ ဖြစ်သည်။ အေးစက်နေသော ဖန်ကျရေနွေး တစ်ခွက်ကို ကောက်မော့လိုက်သည်။ အာသာပြေသည်ဟု မထင်။ လမ်းဘက်သို့သာ မျှော်နေမိသည်။ သူကိုယ်တိုင်လည်း သွားနိုင်သည် မဟုတ်။
စောင်ပိုင်းကို ခြုံ၍ ထိုင်နေရသည်။ ကိုယ်တွေ၊ လက်တွေက ကိုက်နေဆဲ။ တိုးလွင်နှင့် သာရကလည်း အမေ့ကို မျှော်သည်။ မုန့်စိမ်းပေါင်း
လား၊ မုန့်ကျွဲသည်းလား တစ်ခုခုတော့ ပါလာနိုင်သည်။ လခထုတ်သည့် ရက်များတွင် အဖေ ဝယ်လာနေကျ ဆိုတာ သူတို့ သိသည်။အခုလည်း လခထုတ်ရက် မဟုတ်သော်လည်း ပိုက်ဆံရမည့်နေ့ ဆို
တာ သူတို့ သိသည်။

ထိုစဉ် အေးသိုက်က အိမ်ပေါ် ပြေးတက်လာသည်။ အမောတကောမှ ချွေးတွေ၊ သံတွေနှင့် ဖြစ်သည်။ မျက်လုံးများက ပြူးဝိုင်းနေသည်။ တစ်ဖက်က အထုပ်တစ်ထုပ်ကို တဘက်ဟောင်းတစ်ခုနှင့်
ပိုက်ထားရင်း ပြေးတက်လာခြင်း ဖြစ်သည်။

“ကိုသန်းညွန့်ကြီး … ကိုသန်းညွန့်ကြီး”

အမေ ပြန်လာလျှင် မုန့်ပါလာမည် ဟူသော အသိဖြင့် မျှော်လင့်တကြီး စောင့်စားနေခဲ့သော တိုးလွင်နှင့် သာရတို့ပင် မုန့်ကို မေ့သွားသည်။ အော်ရင်း ပြေးတက်လာသော အမေ့ကို အထူးအဆန်းလို
သူတို့ ငေးကြည့်နေသည်။

“ဘာဖြစ်တာလဲဟ နှင့်ဟာကလည်း”

““မ .. မတင်ရီ ... နောက်က လိုက်လာလို့တော့”

“မတင်ရီ ... ဘာဖြစ်လို့လဲ”

“ပိုက်ဆံ အတင်းလုတယ်၊ ကျုပ်က ကိုသန်းညွန့်ကြီးနဲ့တွေ့မှ ယူပါ ဆိုတာ လူကြားထဲမှာ အတင်းလိုက်ပြီး တောင်းလို့”

“အခု ဘယ်မှာလဲ”

“နောက်မှာ ... ကျုပ်လည်း အတင်းပြေးလာခဲ့တယ်”

“နေပါဦး သူ့ ပိုက်ဆံက ဘယ်လောက် ပေး
ရမှာလဲ၊ ပေးစရာ ရှိရင် ပေးရမှာပေါ့၊ နင့်မှာ စာရင်း ရှိတယ် မဟုတ်လား”

“အို ... ကျုပ်တို့ ယူလာတာက ခုနစ်ရာထဲပါတော်၊
အခု သူ တောင်းတာက နှစ်ထောင်ကျော်တော့်”

“နှစ်ထောင်ကျော်တယ် ဟုတ်လား”

“အတိုးနဲ့ တွက်တာတဲ့”

သန်းညွန့် ငိုင်သွားသည်။ တိုးလွင်နှင့် သာရက အဖေ့ကို ကြည့်နေကြသည်။ ခင်ထွေးကမူ သနပ်ခါးထူထူကလေး လိမ်းထားရင်း အမေနှင့် ဈေးလိုက်ဖို့ ပြင်နေသည်။ ကနေ့ သူ့ဖို့ ထဘီ ဝယ်ရမည် မဟုတ်ပါလား။

                                   ( ၄ )

“မအေးသိုက် မအေးသိုက် ...မနည်းမီအောင်
လိုက်ရတယ်၊ တကတည်း ပြေးလိုက်တာ လုံးနေတာပဲ၊ ကိုသန်းညွန့်ရေ ရှင့်မိန်းမက ရှင့်ရှေ့မှာ ပေးမတဲ့၊ ဟင်း ... ဟင်း ..."

မတင်ရီက ပြောပြောဆိုဆို အိမ်ပေါ်တက်လိုက်လာသည်။ခေါင်းခါခါ၊ လည်ခါခါ လှုပ်ရှားမှုတိုင်း၌ နားကပ်ရောင်က လက်လက်ထနေသည်။ လက်တစ်ဖက်က သားရေအိတ် ညိုမှိုင်းမှိုင်းတစ်လုံး
ကို ကိုင်ထားသည်။ ပြီးမှ အခန်းပတ်လည်ကို ငဲ့ကြည့်သည်။

“တန်းလျားခန်းလေးတွေကလည်း ကျဉ်းလိုက်တာ အသက်ရှူလို့တောင် မဝဘူး၊ ဟို..ဘယ်သူ ရေတစ်ခွက်လောက် ပေးစမ်းပါကွယ်၊ အဲ...နေ..နေ"

သန်းညွန့် ရင်ထဲမှာ ကျဉ်ခနဲ ခံစားရသည်။ ရေတောင်းပြီးကာမှ နေပါစေတော့ ဆိုသည်ကို သူ ဘဝင်မကျ။ အေးသိုက်ကမူ ငွေထုပ်ကလေးကို သိမ်းကျစ်ထားသည်။ သန်းညွန့်ကိုပဲ ကြည့်
နေသည်။သန်းညွန့်လည်း နဖူးမှာ ချွေးသီးတွေ တစ်လုံးချင်း သီးထလာသည်။ ရင်ထဲမှာ တုန်ယင် မောဟိုက်နေသည်။

“ကဲ ဆိုပါဦးဗျာ”

မတင်ရီက အိတ်ထဲက စာရင်းစာရွက်ကို ထုတ်သည်။ စာရွက်ကို သန်းညွန့်ရှေ့ ချပြသည်။

“ကဲ .. စာရွက် ပြမနေနဲ့ဗျာ၊ ပြောသာ ပြောပါ"

“ဒီလိုလေ ကိုသန်းညွန့်ရဲ့၊ ရှင်တို့ ချေးတာ ခုနစ်ရာလေ၊နှစ်ဆယ်ကျပ်တိုး ဆိုတော့ တစ်လ တစ်ရာ့လေးဆယ်၊ ဆယ်လ ဆိုတော့ အတိုးကချည်း ထောင့်လေးရာ၊ တိုးရင်းပေါင်း နှစ်ထောင့်တစ်ရာလေ၊ဟင်း ... ဟင်း ... ဒါတောင် အတိုးအပေါ် အတိုး မဆင့်ပါဘူး၊ဟင် သူများဆို ဘယ်ရလိမ့်မတုံး”

“နှစ်ထောင့်တစ်ရာ …. ဟုတ်လား”

“ဟုတ်ပါတယ်ရှင်၊ တစ်ခုတော့ ရှိပါတယ်၊ ကျွန်မက
လည်း လုံးခနဲ ယူသွားတော့လည်း မကောင်းဘူး ဆိုတာ သိပါတယ်။လိုချင်သရွေ့ ပြန်ယူထားပေါ့၊ ကနေ့တော့ မယူနဲ့ဦးနော်၊ မနက်ဖြန် လာယူလှည့်၊ ငါးရာ ယူယူ၊တစ်ထောင် ယူယူ ၊ဒါက သပ်သပ် ရှင်း
သွားအောင် အရင်ငွေသာ အရင်ဆပ်လိုက်၊ ရုံးရှေ့မှာ ငွေထုတ်တုန်းက မအေးသိုက်နဲ့တောင် အချေအတင် ဖြစ်ရသေးတယ် လူကြားတာပေါ့”

“နှစ်ထောင့်တစ်ရာတော့ မပေးနိုင်ဘူးဗျာ၊ ကျွန်တော်တို့မှာလဲ ..."

“မပေးနိုင်လို့တော့ မရဘူး ကိုသန်းညွန့်၊ ဆယ်လတောင် စောင့်ခဲ့ရတာ၊ ခု ငွေတစ်ခါ ထုတ်မှ တစ်ခါ ငွေမြင်ရတာ၊ ကျုပ်က နောက်ထပ် ဘယ်ငွေကို မျှော်ပြီး စောင့်ရဦးမှာလဲ”

“ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့”

“ကိုင်း ... ဒါပေတွေ ဘာတွေ မဲ့မနေနဲ့၊ မိုးလည်း ချုပ်
တော့မယ်၊ မြန်မြန် လုပ်”

“မဟုတ်သေးပါဘူးဗျာ၊ ကျွန်တော် ရှင်းပါဦးမယ်၊ ကျွန်တော်လည်း နေကောင်းတာ မဟုတ်ဘူး၊ ဆေးဖိုးဝါးခ၊ ကလေးတွေ အဝတ်အစားဖိုး၊ နောက် သန်းအေးကို မြောက်ပိုင်းအလှူမှာ ထည့်ဖို့ ရှိသေး
တယ်ဗျာ၊ တောင်းပန်ပါတယ်”

““လူ ဆိုတာကတော့ လူ့ကိစ္စတွေနဲ့ချည်းပေါ့ရှင်၊ ဒါတွေသာ လိုက်နေရင် ဘယ်အလုပ်လုပ်လို့ ရတော့မလဲ၊ ဒါတွေ မပြောပါနဲ့၊ ကိုင်း ... မအေးသိုက် လုပ်ပါ”

အေးသိုက်က သန်းညွန့်ကို ကြည့်သည်။ မျက်ရိပ်ဝန်း၌ စိုစွတ်နေသည်။ အသံမထွက်ဘဲ ငိုနေသော ဇနီးသည်ကို မချိတင်ကဲ ကြည့်ရသည်ကိုက ဝေဒနာ။ သူသည်ပင်လျှင် ခံစားနေရသည်။ အကျဉ်းအကျပ်ထဲ ရောက်နေသည်။ စိတ်အစဉ်က ထွက်ပေါက် ပိတ်မိနေသော ကြွက်ကဲ့သို့ လူးလာဆန်ခတ် လှုပ်ရှားနေသည်။ 

သန်းညွန့် ငွေထုပ်ကို ယူလိုက်သည်။ ကလေးတွေက စူးစူးရဲရဲ ကြည့်နေကြသည်။ အဝတ်စကို ဖြေလိုက်တော့ စက္ကူတစ်ရွက်နှင့် ငွေစက္ကူများ။သန်းညွန့်က စာရွက်ကို ဖတ်ကြည့်လိုက်သည်။ ငွေပေးပြေစာ ဖြတ်ပိုင်း၊စာရွက်ထိပ်မှာ ၂ဝ ဆိုသော အင်္ဂလိပ်ဂဏန်းကို ထင်ထင်ရှားရှား ရေးထားသည်။ လ ၂ဝ ဖြတ်တောက်ရန် ဆိုသည့်သဘော။ နှစ်နှစ်နီးပါး။
သည် နှစ်နှစ်နီးပါးတွင် လစာကျန် အနည်းငယ်နှင့် ရုန်းရဦးမည်။

““မတင်ရီရယ် ကျုပ်သမီးကိုလည်း ကြည့်ပါဦးတော်၊တောင်းပန်တာပါ၊ အကုန်လုံးတော့ ယူမသွားပါနဲ့”

တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော အေးသိုက်က ဝင်ပြောသည်။ နေ့လယ်က လိမ်းထားသော သနပ်ခါးဖွေးဖွေး အလယ်တွင် ချွေးစီးကြောင်းများကြောင့် ကွက်ကျားရိုက်နေသည်။ လွင့်ခြောက်နေ
သော ဆံစများက ဖွာထွက်နေသည်။

“ကျုပ် ပြောပါပကော၊ မနက်ဖြန် လာပြန်ယူလှည့်လို့၊ရှင်တို့ အခုလို လက်ခက်ရင် ပေးရမှာတောင်...”

“မလုပ်ပါနဲ့တော်၊ မနက်ဖြန် ငွေတစ်ထောင် ပြန်ပေးပါဦး၊ရှိကြီးခိုးပါရဲ့”

သန်းညွန့်က ငွေ ၂၁၀၀ ကို ပေးလိုက်သည်။ တုန်ယင်နေသော လက်ချောင်းများက ငွေစက္ကူများကို စွန့်လွှတ်လိုဟန် မရှိ။အုတ်စိမ်းလို လေးလံသော ထုထည်ကို ကိုင်မ,ခဲ့သော လက်ချောင်း သန်သန်ကြီးများသည်ပင် ငွေစက္ကူ အနည်းငယ်ကို မနိုင်တော့သည့်ဟန် ယိမ်းခါနေသည်။

“ကျေးဇူးပါပဲရှင်၊ ရော့ ရော့ ကလေးတွေ
မုန့်ဖိုး”

မတင်ရီက တိုးလွင်နှင့် သာရကို တစ်ကျပ်စီ ပေးသည်။မည်သည့်နည်းနှင့် ရသည်ပင် ဖြစ်စေ ငွေတစ်ကျပ်စီ ရသဖြင့် မြူးတူးစွာ ပြေးဆင်းသွားသည်။

 မတင်ရီ ပြန်သွားတော့ နှစ်ဦးသား ငိုင်ကျန်
ရစ်သည်။ ငွေ လေးရာပဲ ကျန်တော့သည်။ နားကပ် ဝယ်ဖို့၊ ထဘီဝယ်ဖို့၊ စာအုပ် ရွေးဖို့၊ လှူဖို့ သည် ငွေလေးရာနှင့်။ ပြီးတော့ လပေါင်း ၂ဝ ထမင်းစားဖို့ ကျန်သေးသည်။

အေးသိုက်ကမူ ငိုနေဆဲ။ ထဘီစနှင့် မျက်ရည် သုတ်ဆဲ။သန်းညွန့်က ခေါင်းအုံး ညစ်ထေးထေးပေါ်သို့ ခေါင်းချလိုက်သည်။ထိုအခါမှ အေးသိုက် လူးလဲထသည်။ သူ့ယောက်ျား နေမကောင်းပါလား။ နဖူးကို စမ်းကြည့်လိုက်သည်။ ပူသည်။ မည်သို့ပင် ဖြစ်စေ
ခလောက်ကွန်ဒိုင် တစ်ပြားတော့ ဝယ်ထားရဦးမည်။ ညဘက် ငှက်ဆိုး လာချင်လည်း လာနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် သည်ညတော့ သူမ အိပ်လိမ့်မည် မဟုတ်။

---------------

နေဝင်းမြင့်

#Typing_crd_ZawOo