Wednesday, 8 April 2020

ပိတောက်နှင့်ကြိုပါမည်မာရီယာ ( ဒုတိယပိုင်း )

#ပိတောက်နှင့်ကြိုပါမည်မာရီယာ

( ဒုတိယပိုင်း )

#တက္ကသိုလ်ဘုန်းနိုင်

                                ( ၃ )

 မုန်တိုင်းထန်သော ဂျပန်တော်လှန်ရေးကာလအပြီး အင်္ဂလိပ်ပြန်ဝင်လာသောခါ စောခိုင်၏အဖေ အိုင်စီအက်စ်ကြီး သူ့ဘုရင်ခံနှင့်အတူ မြန်မာပြည်ရောက်လာသည်။ ခင်မြလွင်၏အဖေလည်း ပြန်လာ၏။ ခင်မြလွင်မူ ပါမလာတော့ ... ။

 အိန္ဒိယ၌ရှိစဉ် အမေရိကန်စစ်တပ်မှ ဆရာဝန်တဦးနှင့် လက်ထပ်သွားသည်ဟုဆို၏။ စစ်အပြီး၌ ကလေးတယောက်ပင် ရခဲ့ပြီဟု ကြားရသည်။

တပ်မတော်မှထွက်စ ငတ်တလှည့် ပြတ်တလှည့်နှင့် နိုင်ငံရေးကို အချိန်ပြည့်လုပ်နေသော ကိုစောခိုင်အတွက် ထိုသတင်းကို ကြားရသောအခါ မတုန်လှုပ်သည့်တိုင်အောင် စိတ်မှာထိခိုက်ခဲ့ရသည်။

စောခိုင်အဖေက မြို့ဝန်ထောက်ကြီး၊ ခင်မြလွင်အဖေက ငွေတိုက်ဝန်ထောက် ဘဝများကတည်းက ခင်မြလွင်နှင့် စောခိုင်သည် အိမ်နီးနားချင်း ကစားဖော် ကစားဖက်ဖြစ်ခဲ့သည်။

နှစ်ဖက် ဖခင်များ ရာထူးကြီးရချိန်တွင် သူတို့လည်း ကောလိပ်ရောက်ချိန်၌ ခင်မြလွင်နှင့် စောခိုင်သည် ချစ်သူများ ဘဝသို့ ကူးပြောင်းခဲ့သည်။ နှစ်ဘက်လူကြီးများကလည်း သဘောတူသဖြင့် သူတို့ဘဝများသည် ဘေးလူအားကျလောက်အောင် သာယာဖြောင့်ဖြူးခဲ့ကြသည်။ 

သို့သော် ... ဤ သာယာသောဘဝများသည် စစ်ကာလ ပိတောက်ပင်ရိပ်၌ နိဂုံးချုပ်ခဲ့ရသည်။

လွတ်လပ်ရေးခေတ်ဦး၌ အမွေပြတ်သားဖြစ်ခဲ့သော စောခိုင်သည် မိဘများထံ ပြန်မကပ်နိုင်ခဲ့၊ တက္ကသိုလ်သို့လည်း မရောက်ခဲ့၊ ခင်မြလွင်၏သတင်းကိုလည်း ထပ်မကြားရ။

လွတ်လပ်ရေးရသောအခါ စောခိုင်၏အဖေနှင့် ခင်မြလွင်၏အဖေသည် မြန်မာအစိုးရလက်အောက်၌ မလုပ်လိုဟု ဆိုကာ လျော်ကြေးယူ၍ အငြိမ်းစားသွားကြသည်။

စောခိုင်က နိုင်ငံရေးနယ်ပယ်မှ စာပေနယ်ပယ်သို့ ကူးခဲ့သည်။ မဂ္ဂဇင်းကြီးတစောင်၏ တာဝန်ခံအယ်ဒီတာအဖြစ် အသက်မွေးခဲ့ရသည်။

ရှည်လျားသောနှစ်များသည် တစတစဖြင့် ကုန်လွန်လာသည်။ ။ အချိန်ဆိုသည်မှာလည်း ရင်မှဝေဒနာကို ဖုံးလွှမ်း ကုစားတတ်သည်။

စောခိုင်သည် ဖြစ်ပျက်သမျှကို တသ အမှတ်ရ၍မူ မနေခဲ့၊ သို့ရာတွင် ပိတောက်ပန်းများလှိုင်လှိုင်ပွင့်ချိန်၌ ပိတောက် တစ္ဆေသည် သူ့ကိုခြောက်လှန့်တတ်သည်။ အနှစ်နှစ်ဆယ်ကျော်လေသည်အထိ ခြောက်လှန့်တတ်သည်။

ထိုအတောအတွင်း ကျွမ်းကျင်သူများလဲလှယ်ရေး အစီအစဉ်ဖြင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို လေ့လာရန် စောခိုင် (သို့) ဦးစောခိုင်သည် အမေရိကန်ပြည်သို့ ရောက်လာခဲ့လေသည်။

တနွေဦး၌ ဘတ်ကနဲလ်ပွဲတော်သို့ တက်မိခဲ့ရာမှ မာရီယာနှင့် ဆုံတွေ့ရ၏။

ဘတ်ကနဲလ်ပွဲတော်မှာ လူးဝစ်ဗီးလ်မြို့ရှိ ဘတ်ကနဲလ်တက္ကသိုလ်နှင့် မြန်မာသံရုံးတို့ ပူးတွဲကျင်းပသော ချစ်ကြည်ရေး ပွဲတော်ပင်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်လောက်က အမေရိကန်ပြည် ဘတ်ကနဲလ်တက္ကသိုလ်သို့ ပထမဦးစွာ ရောက်လာသော မြန်မာပညာတော်သင်တဦးကို ဂုဏ်ပြု၍ ကျင်းပသော ပွဲတော်ဖြစ်၏။

ဤပွဲတော်သို့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းရှိ မြန်မာမှန်သမျှကို ဖိတ်သည်။ ယဉ်ကျေးမှုခြင်း ဖလှယ်ကြသည်။ တပြည်နှင့်တပြည်အကြောင်း ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
ဦးစောခိုင်က ဘတ်ကနဲလ်တက္ကသိုလ် ပတ်ဝန်းကျင်ကို နှစ်သက်သည်။

မတ်လဖြစ်၍ တောင်ကုန်းတို့ထက် ဝက်သစ်ချပင်များ ရွက်သစ်မပေါ်သေး၊ နှင်းငွေမှုန်ရီရီတွင် အရိုးကျဲကျဲနှင့် ရပ်တည်နေကြသည်။

ဥဩသံသာရှိလျှင် မြန်မာပြည်၏ နွေဦးနှင့်တူလှပေမည်။ ဘတ်ကနဲလ်ပွဲတော် ဒုတိယနေ့ ညစာထမင်းစားပွဲတွင် မြန်မာသံအမတ်ကြီးက ဦးဆောင်၍ ဟောပြောပွဲလုပ်သည်။ ဟောပြောပွဲအပြီး၌ တက္ကသိုလ်အားကစားရုံကြီးတွင် အမေရိကန် မြန်မာ နှစ်နိုင်ငံကျောင်းသားများက မိမိတို့ရိုးရာ တေးသီချင်းများဖြင့် အပြန်အလှန် ဖျော်ဖြေကြသည်။

ဤဖျော်ဖြေပွဲ၌ စာရေးဆရာ အယ်ဒီတာဖြစ်သူ ဦးစောခိုင်ကို ဇွတ်အတင်း ပွဲတောင်းကြသည်။ ရိုနယ်လ်ချန်ထွန်းက စန္ဒယားတီးသည်။ ဦးစောခိုင်က မြန်မာကျောင်းသားတို့ကိုယ်စား သူစပ်ခဲ့သော သီချင်းတပုဒ်ကို ဆိုသည်။

“ မုတ်သုန်လေ တောင်ကမြူးခိုက်၊ နွေဦးရော်ရွက် မြေမှာသက်တဲ့၊ မောင်တို့ပြည်ရွာ စခန်းရောက်ရင်၊ မင်းလွင် မြူခိုး တိမ်ခိုးတွေယှက်၊ တောင်တော်စေတီထက်တွင်၊ မယ်တို့ဆီမှန်း လွမ်းရမည်ပင်၊ ဆောင်းရွက်ကြွေဆဲ တပြည်သူရွှေစင်၊ မောင့်ရဲ့ သခင် ငယ်ကမကျွမ်းတဲ့ ... တကျွန်းသခင် ” 

ပရိသတ်ကြီးက ငြိမ်နေသည်။ သီဆိုသူ ဦးစောခိုင်က ဤသီချင်းကို အမေရိကန်ရောက် ကျောင်းသားများအတွက်ဟု သီဆိုနေရာမှ ကိုယ်ပိုင်ခံစားမှုများဝင်လာသည်။

“ ခရီးနှင်လေလွင့် ... တိမ်ဦးနှယ်၊ လူ့ဘဝ ကွန်းရိပ်တခွင်၊ တဝင် ညိုဝါခြောက်တော့၊ စိုးနှောင့်ဗျာပါဝင် မပူပန်စေချင်၊ မိုးရောက်ပြန်က သစ်ဦး ဓမ္မတာပင် ” 

“ အိပ်မက်ပမာလေလား ...၊ တသက်မှာခြားပြီလို့ မငိုနဲ့ခင်၊ ချစ်ရင်မဝေး ... မမုန်းရင် နီးကြသမို့၊ မငိုညည်းနဲ့လေ တပြည်စံ ခင်ရေ၊ အဏ္ဏဝါမှန်းသွင် ... သံသရာတဆုံး ... မမုန်းနိုင်တဲ့ မေတ္တာရေစင် ...”

သီချင်းအပြီး လက်ခုပ်သံများ တဖြောင်းဖြောင်းပေါ်နေစဉ် ဦးစောခိုင်သည် စင်မြင့်မှဆင်းလာသည်။ ပညာရေးမှူး ဦးဘမြင့်က သူ့ကို လက်ဆွဲနှုတ်ဆက် ချီးကျူးသည်။

“ ဦးစောခိုင် ဒီမှာ တကယ်ပဲ လွမ်းစရာကျန်ခဲ့သလားဗျ...”

သူက ရယ်မောရင် ပရိသတ်အစွန်သို့ လျှောက်လာခဲ့သည်။ ထိုစဉ် တစုံတယောက်က သူ့လက်မောင်းကို ဆွဲကိုင်  ရပ်စေသည်။ 

“ ဪ ... ရှီလာ ...”

 ရှီလာသည် နယူးယောက်မြို့ မြန်မာကောင်စစ်ဝန်တဦး၏ သမီးဖြစ်သည်။

“ အန်ကယ့်သီချင်းက သိပ်ကောင်းတာပဲ၊ ရှီလော့သူငယ်ချင်း မာရီယာက မိတ်ဖွဲ့ပေးပါဆိုလို့၊ မာရီယာ ...ဒါ အန်ကယ်ဦးစောခိုင် ...”

ဦးစောခိုင်က မာရီယာကို လက်ကမ်းပေးသည်။ တပြိုင်နက် သူ့မျက်လုံးများက မာရီယာ၏မျက်နှာလေးဆီသို့ ရောက်သွားသည်။

ထိုခဏ၌ ဦးစောခိုင် အသက်ရှူများရပ်သွားသည်။
မျက်တောင်များက ရှည်သမျှ ကော့ပျံနေ၏။ မျက်တောင်နှင့်မျက်ခုံးတို့၏ နက်မှောင်ခြင်းမှာ ဖြူဖွေးသော အသားကြောင့် ပိုမိုထင်ရှားသကဲ့သို့ ပြာလျှမ်းသောမျက်သားမှ မျက်ဆံနက်ကလေးသည် ပိုမိုတောက်ပနေသည်။ ဆံပင်များ ကလည်း ခွေခွေနွယ်နွယ်နှင့် ဖြူစင်သော နဖူး၊ ပါးပြင်၊ လည်တိုင်တို့ကို ဆန့်ကျင် တပ်စပ်လျက် ပေါ်လွင်တင့်တယ်နေသည်။ အနောက်နိုင်ငံသူတို့၏အသားမှာ ဖြူစင်သော်လည်း ညက်ညောခြင်းမရှိတတ်၊ ယခု ဦးစောခိုင်ရှေ့မှ ကလေးမ၏ ဖြူသော အသားတို့မှာ ချောမွတ်စင်ကြယ်ရုံမက ရှိမ်းရှိမ်းလဲ့နေသည်။
အဝါနုရောင်ကိုယ်ကပ်အင်္ကျီထက် စိမ်းပြာနု သိုးမွေးအပါးစား ဆွယ်တာပွပွလေးကို လွှမ်းထားသည်။ စကတ်မှာ အဝါခံတွင် ချောကလက်ရောင်၊ စကော့တလန်ဆင် ကွက်ကျဲဖြစ်၍ သေးသွယ်သောခါးမှ မဖားလွန်းမပွလွန်း အချိုးကျကျ ဆင်းသက်ကာရှိနေသည်။

ဤသို့လျှင် စက္ကန့်ပိုင်းအတွင်း ဦးစောခိုင်သည် မာရီယာ၏ တကိုယ်လုံးအလှကို သတိပြုမိသည်။ သတိပြုမိခိုက်ပင် တစုံတခုသော အမှတ်ရခြင်းကလည်း ရင်တွင်း၌ မသိမသာနိုးကြားလာ၏။

ဦးစောခိုင် ငိုင်နေခိုက် မာရီယာသည် ပြုံးရင်း လက်ကမ်းပေးသည်။ ပြုံးစဉ် သွားညီညီ ရှည်ရှည်များနှင့်အတူ မျက်လုံးလေများကလည်း တဖျတ်ဖျတ် ဝင်းလဲ့နေသည်ကို ဦးစောခိုင်တွေ့ရသည်။

ဦးစောခိုင်က သူ့လက်ကလေးကို တုန့်ပြန်ကမ်းယူရင်း လှုပ်ကာ နှုတ်ဆက်ရခိုက် မာရီယာက စကားဆိုသည်။

“ တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ်ဦးစောခိုင် မာရီယာ ဒီလိုခေါ်တာ စိတ်မဆိုးဘူးနော် "

ဦးစောခိုင်မျက်လုံးများ အံ့သြရပြန်သည်။ ချောမောသော မာရီယာသည် မြန်မာစကားနှင့် ပြေပြေပြစ်ပြစ် ပြောနေလေသည်။

“အို အို ... စိတ်မဆိုးပါဘူး၊ အန်ကယ့်အရွယ်က ဦးလေးအရွယ်ပဲ၊ ဦးလေအရွယ်ကို အန်ကယ်ခေါ်တာ ဘာလို့စိတ်ဆိုးရမလဲ ...”

“ ဒါပေမယ့် အန်ကယ့်ရုပ်ရည်က ဦးလေးအရွယ်တော့ မရှိသေးဘူး၊ သူတို့က အန်ကယ့်ဂုဏ်ထူးတွေကိုပြောလို့သာ မာရီယာက ဦးလေးပမာ ဆက်ဆံရတာ၊ မာရီယာ့ဘာသာဆိုရင် ကိုစောခိုင်လို့ ခေါ်မိမှာပဲ၊ အဲဒီလိုဆိုရင်ရော.. အန်ကယ် စိတ်ဆိုးဦးမှာလား ...”

မာရီယာက ရယ်သွမ်းသွေးရင်း ပြောသဖြင့် ဦးစောခိုင်သည် လှိုက်လှိုက်လှဲလှဲ ရယ်မောမိသည်။

ထိုစဉ် စန္ဒယားခုံဘေးမှ ပညာရေးမှူး သံမှူးနှင့် ဦးဘမြင့်၏ လှမ်းခေါ်သံကြားရသည်။

“ ဟော ... ကျွန်မကိုခေါ်နေပြီ အန်ကယ်၊ မာရီယာ ခဏနေကြဦးနော် ... သီချင်းသွားဆိုပေးဦးမယ် "

ဦးစောခိုင်နှင့် မာရီယာကို မိတ်ဖွဲ့ပေးသော မြန်မာသူငယ်မသည် စန္ဒယားခုံဆီပြေးသည်။

စင်မြင့်ထက်၌ ဦးဘမြင့်၏ သမီးငယ်သုံးဦးသည် ထိုင်မသိမ်းအဝတ်ကိုယ်စီနှင့် အသင့်ရှိနေသည်။ ရိုနယ်က စန္ဒယားတီးပေးသောအခါ ကလေးမလေးများက ကဗျာလွတ်အက ကကြသည်။ လက်ခုပ်သံများက တဖြောင်းဖြောင်းတည်း။ ထို့နောက်
မြန်မာမိန်းမပျိုတစုက သီချင်းဝိုင်းဆိုပေးခိုက် ဦးဘမြင့်၏သမီးချောသုံးဦးက သွက်လက်သောကကြိုးဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ညီညီညာညာ အသုံးတော်ခံနေကြပြီ။

ဦးစောခိုင်၏ဘေးမှ မာရီယာသည် ခြေဖျားကလေးတထောက်ထောက်၊ ရှည်သွယ်သော လည်တံလေးတဆန့်ဆန့်ဖြင့် သူတို့ကနေကြသည်ကိုကြည့်ရင်း လက်ခုပ်လည်းတီးပေးသည်။

“ အန်ကယ် ... သူတို့ကသလို မာရီယာ ကချင်လိုက်တာ၊ သူတို့လက်ကလေးတွေကြည့်စမ်း ကော့ကော့လေးတွေ၊ Oh! it's wonderful..."

မာရီယာသည် ဆွေ့ဆွေ့ခုန်ရင်း လက်ခုပ်တီးသည်။
ဦးစောခိုင်သည် မာရီယာကို ပဟေဠိပမာ ကြည့်မိသည်။

လှပသော အမေရိကန်မလေးတဦး၊ သို့ရာတွင် မြန်မာ စကားကို ပီသစွာပြောနေသည်။ ဤသည်မှာ ထူးလျက်နှင့်မဆန်း ဖြစ်ပါ၏။ ဘတ်ကနဲလ်တွင် မြန်မာလိုပီသစွာ ပြောနိုင်ရုံမက မြန်မာလို ကဗျာရွတ်တတ်သော အမေရိကန် ကျောင်းသူ
ကျောင်းသားများကို တွေ့ရတတ်သည်။

" မာရီယာ ဒီအကမျိုးသင်ရင် ခဏနဲ့ တတ်မှာပါပဲ၊ မာရီယာက ဗမာစကားတောင် ပီပီသသ မှန်မှန်ကန်ကန် ပြောတတ်နေပြီပဲ စကားဆိုတာ အကထက်ခက်တယ် ”

ဦးစောခိုင် ဤသို့ မှတ်ချက်ချသည်ကို မာရီယာသည် မျက်လုံးလေးအပြူးသားနှင့် လှည့်ကြည့်သည်။ ခဏတွင် ဘာကြောင့်မှန်းမသိ မာရီယာ၏မျက်နှာကလေး၌ ထူးဆန်းသောအပြုံးကလေး ပေါ်လာ၏။

“ မာရီယာ ဗမာစကား ကောင်းကောင်းပြောတတ်တာကို အန်ကယ် အံဩသလား ...”

“ သိပ်တော့ မအံ့ဩမိဘူး မာရီယာ၊ ချီးမွမ်းတော့ ချီးမွမ်းမိတယ်”

မာရီယာက နှစ်ခြိုက်စွာပြုံးသည်။

“ သိပ် မချီးမွမ်းနဲ့ အန်ကယ်၊ မာရီယာက ဗမာစကား ကောင်းကောင်းပြောတတ်မှာပေါ့၊ မာရီယာမှာ ဗမာသွေးတဝက်ပါတယ် ...”

ဦးစောခိုင်မှာ “  ဪ ”ဟု တခွန်းသာပြောနိုင်ပြီး လူကဲခတ်ညံ့သော မိမိကိုယ်ကို အပြစ်တင်မိသည်။
မာရီယာကသာ မကျေနပ်ဟန်နှင့် ရင်လေးကော့၍ သူ့မျက်နှာလေးကို ဟိုဘက်သည်ဘက် လှည့်ပြရင်း မေးသည်။

"မာရီယော့ကို ဗမာသွေးပါမှန်း မသိရလောက်အောင် မာရီယာမှာ အရှေ့တိုင်းသွင်ပြင် နည်းနည်းမှ မပါဘူးလားဟင် ... အန်ကယ် ”

မာရီယာက ကိုယ်ဟန်ပြမယ်လေးကဲ့သို့ မျက်နှာသွင်ပြင်ကို ရှထောင့်အမျိုးမျိုးမှပြနေရင်း မေးသည်။ မေးဟန်၌လည်း မခံချင်သည့် စိတ်ဓာတ်ကလေး တစွန်းတစ ပြနေ၏။

“ ဆောရီး မာရီယာ၊ အန်ကယ် မသေချာသေးလို့ မပြောတာပါ၊ မာရီယာ့မှာ အရှေ့တိုင်းသွင်ပြင်တွေရှိပါတယ် ” 

မာရီယာက ဤအဖြေနှင့်မကျေနပ်။ 

“ အဲဒါတွေက ဘာတွေလဲ ” 

ခက်ချေပြီ၊ ဦးစောခိုင်မှာ အဖြေရကျပ်နေသည်။

 “ ပြောလေ ... အန်ကယ် ”

 ဦးစောခိုင်က သက်ပြင်းမသိမသာ ရှိုက်ပြုံး၍ဖြေရသည်။ 

“ ခက်တာပဲ၊ အန်ကယ် မြင်တော့မြင်တယ် ... ဘယ်လိုပြောရမှန်းမသိဘူး ” 

“ အန်ကယ်က ... မြင်တာပဲပြောပေါ့ ” 

ဦးစောခိုင်သည် ဒုတိယမ္ပိ သက်ပြင်းရှိုက်ပြီး မထူးပြီမို့ အမှန်အတိုင်း ပြောချလိုက်သည်။ 

“ အန်ကယ် ပထမဆုံးမြင်တာက မာရီယာဟာ တခြား အမေရိကန်မလေးတွေထက် ပိုလှတယ် ”

 “ အို ... အန်ကယ် ”

“ တကယ်ပဲ မာရီယာ ... မာရီယာ အသားလေးတွေက ဖြူရုံသာမဘူး၊ ချောပြီးညက်နေတယ်။ ဆံပင်တွေကလည်း သူတို့လို နီတီတီ၊ ဝါကြောင်ကြောင် မဟုတ်ဘဲ ပိတုန်းရောင်လို နက်မှောင်နေတယ်၊ မာရီယာ မေးရိုးကျပုံက သိမ်သိမ်မွေ့မွေ့နဲ့ ပြေပြေပြစ်ပြစ်ရှိတယ်၊ ကျေနပ်ပြီလား မာရီယာ ...”

ကျေနပ်သွားသော မာရီယာက အသံလေးထွက်အောင် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး ...

“ သိပ်ကျေးဇူးတင်တယ် အန်ကယ်၊ အန်ကယ်ပြောသလိုဆိုရင် မာရီယာက သိပ်ချောနေတာပေါ့ ...”ဟု ဆိုသဖြင့် ဦးစောခိုင် ရော၍ ရယ်မောရသည်။ ။

ထိုစဉ် ကပွဲပြီး၍ မြန်မာကျောင်းသားများက ခြင်းလုံးခတ်ပြမည်ဖြစ်သဖြင့် နေရာချပေးရာ လူသူရွေ့လျား ရှပ်ထွေးလျက် မာရီယာနှင့် ဦးစောခိုင် စကားစပြတ်သွားကြသည်။

ခြင်းခတ်မည့် မြန်မာကျောင်းသားများက သူတို့၏ဝတ်စုံများကိုချွတ်ကြ၍ ဘောင်းဘီတို၊ စွပ်ကျယ်အင်္ကျီများဖြင့် အဆင်သင့်ရှိနေကြသည်။ 

“ ခြင်းကို ဒီလိုပဲခတ်သလား ” 

အနီးရှိ မာရီယာက မေးသည်။

“ တကယ် မြန်မာပြည်မှာ ခတ်ကြရင် ခါးတောင်းကြိုက်ပြီး ခတ်ကြတာပဲ မာရီယာ၊ ထိုးကွင်းနဲ့ဆို ကြည့်ကောင်းတယ်၊ အပေါ်ပိုင်းမှာလည်း အင်္ကျီချွတ်ထားရင် ကြွက်သားဆိုင်တွေလှုပ်ရှားတော့ သိပ်အမြင်လှတယ်၊ သျှောင်တစောင်းနဲ့ဆိုရင် သူတို့လှုပ်ရှားပုံက အနုပညာပိုမြောက်တယ်”

 ဦးစောခိုင်က ရှင်းပြနေခိုက် ခြင်းပွဲစသည်။

ကျောင်းသားများဖြစ်၍ ပထမတန်း ခြင်းသမားများတော့မဟုတ်။ သို့ရာတွင် ခြင်းကို အတန်ကြာမြေမကျအောင် ခတ်နိုင်ကြသည်။ ဤမျှပင် အမေရိကန်ပရိသတ်သည် တအံ့တဩ ရင်သပ်ရှုမော သဘောကျကြသည်။

“ အဲဒီကစားနည်းရဲ့ အခြေခံမူက ဘာလဲ အန်ကယ် "

 မာရီယာက စပ်စပ်စုစုမေးသည်။ 

“ ဒီကစားနည်းရဲ့ အခြေခံမူက ဆိုရှယ်လစ်ဇင်ပဲ (Socialism) ...”

 “ ဘယ်လို အန်ကယ်၊ ဆိုရှယ်လင်ဇင် ...”

“ ဟုတ်တယ် မာရီယာ၊ ဒီကစားနည်းမှာ ငါနိုင်ပြီး သူရှုံးပါစေဆိုတဲ့ သဘောမပါဘူး။ ခြင်းလုံးမြေမကျမှုကို ရည်ရွယ်ချက်တရပ်အဖြစ် သဘောထား၊ ဒီရည်ရွယ်ချက်အောင်အောင် အများစုပေါင်းပြီး တဦးကိုတဦး ဖေးမကူညီတဲ့ ဆိုရှယ်လစ်ကစားနည်းတခုပဲ ...”

မာရီယာ၏ မျက်လုံးဝန်းဝန်းများ ချာကနဲလည်သွားသည်။ ဘာ့ကြောင့် ချာချာလည်ရသည်ကိုလည်း ဦးစောခိုင် သိသည်။ ကွန်မြူနစ်ထမင်းလုံးတစ္ဆေ အခြောက်ခံနေရသော အမေရိကန်ပြည်၌ ဆိုရှယ်လစ်ဟူသော စကားလုံးသည်ပင် ကြက်သီးထစရာ ဖြစ်နေ၏။

မာရီယာ စကားရှည်ခွင့်မရ။ အားကျသော ဘေးမှ အမေရိကန်မိတ်ဆွေများကပါ ဝင်ခတ်သဖြင့် စည်စည်ပင်ပင် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာသကဲ့သို့ ပရိသတ်မှာလည်း လှုပ်ရှားတက်ကြွလာကြသည်။

ခြင်းဝိုင်းအပြီး၌ သူတို့ယဉ်ကျေးမှုထုံးစံအတိုင်း ကပွဲစသည်။ အိမ်ရှင် ဘတ်ကနဲလ်ကျောင်းသူများနှင့် မြန်မာ ကျောင်းသားများ၊ ဘတ်ကနဲလ် ကျောင်းသားများနှင့် မြန်မာကျောင်းသူအမျိုးသမီးများ။ 

 လူငယ်တို့သာများသဖြင့် လူငယ်ကြိုက်ခေတ်စားသော လက်တင်အမေရိကန်ခေါ် တောင်အမေရိကတိုက်မှ သွက်လက်သော ချာချာချာ အစပြုသည့် ကကြိုးများဖြင့် စကြသည်။ ။

ဦးစောခိုင်က မသိမသာ နောက်ဆုတ်၍ပြေးရှာသည်။ သို့ရာတွင် မာရီယာက သူ့အပါးမှမခွာ။
ဦးစောခိုင်သည် အခက်ခဲဆုံးအခြေအနေတရပ်ကို ရင်ဆိုင်မိပြီဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်မိသည်။ ဦးစောခိုင် အနေဖြင့် အနောက်နိုင်ငံကပွဲဆိုလျှင် မျက်စိမှိတ် အယူသည်း၍ ပွတ်သဘင်ဟု တဖက်သတ်ရှတ်ချတတ်သူမျိုး မဟုတ်။ သူ့စရိုက် သူ့ယဉ်ကျေးမှုနှင့်ဆိုသော် သူ့တို့ရိုးရာဓလေ့ဖြစ်သဖြင့် ဘာမှ ကန့်ကွက်ဖွယ်မရှိ၊ ခက်သည်မှာ ဦးစောခိုင်သည် မကတတ်၊ ကတတ်အောင်လည်း သင်ချင်စိတ်မရှိ၍ မသင်ခဲ့ပေ။

သူတို့ ယဉ်ကျေးမှုအရ ယောက်ျားနှင့်မိန်းမ ခင်မင်ပြီးလျှင် ယောက်ျားက မိန်းမကို ခွင့်တောင်း၍ ကပွဲ၌ ဝင်နွှဲရသည်။ ဤမျှ အလိုက်မသိတတ်သော် အလွန်ရိုင်းရာကျသည်။ မိမိက မကတတ်၍ မကခြင်းဖြစ်သော်လည်း သူတို့အမျိုးသမီးများက အထင်လွဲတတ်သည်။ ဤဂွကျမှုကို ဦးစောခိုင်သည် အကြိမ်ကြိမ်ကြုံခဲ့ရဖူးပြီ။

ဦးစောခိုင်က မာရီယာကို လှမ်းကြည့်သည်။ ယောက်ျားပျို တဦးပြီးတဦး မာရီယာကို ကရန် လာခွင့်တောင်းကြသည်။ မာရီယာက ပြုံးချိုယဉ်ကျေးစွာဖြင့် ငြင်းပယ်တိုင်း သူတို့က ဦးစောခိုင်ကို သတိပြုလှမ်းကြည့်ပြီး တောင်းပန်ဟန် ကိုယ်ကိုယ်ယို့၍ ထွက်သွားကြသည်။

မာရီယာက လှည့်ကြည့်သည်နှင့်ဆုံ၍ ဦးစောခိုင်သည် အားနာစွာပြုံးရင်း ရိုးသားစွာပြော၏။

 “ မာရီယာ ... အဖော်ရှိရင် ဝင်ကပါ၊ အန်ကယ့်ကို အားမနာပါနဲ့ ..." 

 “ အန်ကယ်ကော ...”

“ မာရီယာတို့ယဉ်ကျေးမှုကို အန်ကယ်နားလည်ပါတယ် ... အန်ကယ့်ကို ရိုင်းတယ်မထင်ပါနဲ့၊ အန်ကယ် ကတတ်ရင် သိပ်ကချင်ပါတယ်၊ ဒါပေမယ့် အန်ကယ် မကတတ်ဘူး မာရီယာ ...”

မာရီယာက နားလည်သက်ညှာစွာပြုံးသည်။

 “ အန်ကယ် မကတတ်ဘူးဆိုတာ မာရီယာ ယုံပါတယ်၊ မာရီယာလည်း ဒီည မကချင်ပါဘူး၊ နည်းနည်း ငြီးစီစီဖြစ်နေတယ် ”

“ ဟုတ်ရဲ့လား မာရီယာ ... အန်ကယ်လည်း ခေါင်းနည်းနည်း ကိုက်နေတယ်၊ အန်ကယ်က လူများများထဲ မနေတတ်ဘူး”

“ ဒါဖြင့် အန်ကယ်၊ အပြင်ထွက်လမ်းလျှောက်ကြမလား ...” 

ဤအကြိမ်တွင်မူ ဦးစောခိုင် မငြင်းသာ မငြင်းနိုင်တော့ .....။

 “ ကောင်းသားပဲ မာရီယာ ” 

ဦးစောခိုင်နှင့် မာရီယာသည် အားကစားရုံကြီးမှ ထွက်လာခဲ့ကြသည်။ အပြင်ဘက်၌ လသာနေသည်။ မတ်လဖြစ်သော်လည်း သူတို့ပြည်၌ နှင်းမှုန်တို့ ဝေဆဲတည်း။

ဘတ်ကနဲလ် တက္ကသိုလ်မှာ ကုန်းမြင့်တောင်ပူစာလေးများထက်တွင် ဆောက်ထားသည်။ တောင်ကုန်းလေးများကို ကွေ့ပတ်လျက်ပြေးနေသော လမ်းကလေးများရှိသည်။
လရောင်ပက်သော မြေပြင်၌ ညိုမွဲသောရွက်အိုတို့ ဖုံးလွှမ်းနေသည်။ ဦးစောခိုင်နှင့် မာရီယာသည် တိတ်ဆိတ်စွာ လျှောက်လာကြသဖြင့် သူတို့၏ဖိနပ်သံများသာ ပေါ်ထွက်နေသည်။

ဦးစောခိုင်၏ရင်၌မူ ဘာကြောင့် ဤကလေးမသည် ပျော်ရွှင်စွာသော ကပွဲကိုစွန့်ခွာကာ ဆိတ်သုဉ်းသော မိမိနောက် လိုက်ပါလာသလဲဟု မေးခွန်းပေါ်နေသည်။

နှစ်ဦးသားသည် ဘုရားရှိခိုးကျောင်းအနီးတွင် ရပ်လိုက်ကြသည်။ လမ်းဘေး သွေ့ခြောက်နေသော မြက်ခင်းထက် အတူထိုင်ကြသည်။ ။
ဝက်သစ်ချပင်ကြီးများသည် အရွက်မဲ့၍ အရိုးကျဲကျဲနှင့် လရောင်တွင် မားမားမတ်မတ် အစီအရီ ရပ်နေကြသည်။ ရာသီမှာ အနည်းငယ်အေးသော်လည်း နေသာထိုင်သာရှိသည်။
သန့်ရှင်းလတ်ဆတ်သောလေကို ရှရသဖြင့် ဦးစောခိုင်မှာ လန်းဆန်းလာသည်။ မာရီယာက စ၍ စကားဆိုသည်။ 

“ အန်ကယ် ... သိပ်ငြိမ်တာပဲ၊ ဘာတွေစိတ်ကူးလာလဲ ”

ထိုအခါမှ ဦးစောခိုင်သည် လူမှုမချေငံသော သူ့အဖြစ်ကို သတိရသည်။

“ တောင်းပန်ပါတယ် မာရီယာ ... ဒါပေမယ့် အန်ကယ် အတွေးနက်သွားမိတာကတော့ အမှန်ပါပဲ၊ အန်ကယ် နေရတဲ့ဘဝကိုသိရင် မာရီယာ ခွင့်လွှတ်နိုင်မှာပါပဲ ...”

“ အန်ကယ် ဘာဆိုလိုတာလဲ ” 

“ အန်ကယ်က နယူးယောက်မှာနေရတယ်၊ နယူးယောက်က သိပ်စိတ်ပျက်ဖို့ကောင်းတယ် ”

“ နယူးယောက်က စိတ်ပျက်ဖို့ကောင်းတယ်၊ လူများတွေကတော့ စိတ်ဝင်စားစရာဆိုပြီး တမင်တောင် သွားလည် ကြရတယ် ...”

“ နယူးယောက်ဟာ အင်မတန် စိတ်ဝင်စားစရာအကောင်းဆုံး၊ ကမ္ဘာပေါ်မှာ အံ့ဩစရာအကောင်းဆုံးမြို့ကြီးပါ မာရီယာ၊ နယူးယောက်ကို စိတ်ပျက်တယ်ဆိုတာ နယူးယောက်ကြောင့်မဟုတ်ပါဘူး ... အန်ကယ်ရဲ့ စိတ္တဗေဒ အခြေခံအရ ဖြစ်ပါလိမ့်မယ် ...”

မာရီယာသည် ဦးစောခိုင်ကို နားမလည်သယောင် မော်ကြည့်သည်။

“ အန်ကယ် ရှင်းပြပါမယ်၊ နယူးယောက်မြို့ကြီးက ကြီးလွန်းအားကြီးတယ်၊ အံ့ဩစရာတွေများလွန်းတော့ ဘာမှ အဆန်းမဟုတ်တော့ဘူး။ မိုးထိတိုက်ကြီးတွေက ခုလို ဆောင်းဆို မှိုင်းမှိုင်းညိုညိုကြီးတွေ၊ သစ်ပင်တောတောင်ကနည်းတယ်။ နှင်းပဲကျကျ၊ မုန်တိုင်းပဲလာလာ၊ ရှပ်ထွေးပြည့်ကျပ်နေတဲ့ကားတွေ၊ လူတွေ၊ ထိန်လင်းနေတဲ့ မီးရောင်တွေ၊ ဒါတွေဟာ ကြာတော့ ငြီးငွေ့စရာဖြစ်လာတယ်၊ အန်ကယ်က တောတောင်ရေမြေ လယ်ကွင်းတွေနဲ့ လွတ်လပ်တဲ့ သဘာဝကိုကြိုက်တယ် ”

“ ဘတ်ကနဲလ်ကိုရော ... အန်ကယ် ဘယ်လိုသဘောရသလဲ ”

“ ဘတ်ကနဲလ်ကိုရော လူးဝစ်ဗီးလ်ကိုရော အန်ကယ်သဘောကျတယ်၊ စိတ်ဟာ လွတ်လပ်တယ်၊ အသက်ရှူရတာ ချောင်တယ် ...”

မာရီယာသည် သဲ့သဲ့ရယ်သည်။

 “ နယူးယောက်ကတော့ အန်ကယ့်ကို စိတ်ဆိုးမှာပဲ ”

“ ဒီလိုဆို နယူးယောက်ကို အန်ကယ် တောင်းပန်ရမှာပဲ၊ အန်ကယ်က နယူးယောက်ရော၊ လန်ဒန်ရော၊ ရန်ကုန် မြို့ကြီးတွေဆို အကုန်မုန်းတယ်။ အန်ကယ့်ကို မြက်ခင်းတွေ၊ တောတွေ၊ လယ်ကွင်းတွေ၊ စမ်းချောင်းတွေ ပေးပါ။ အန်ကယ် ပျော်တယ် ...”

မာရီယာသည် ငွေဆည်းလည်းသံပမာရယ်ရင်း ပါရှန်းစာဆိုကြီး အိုမာခယမ်၏ ယူဘီးယက်ကဗျာမှ စာတပိုဒ်ကို ရွတ်သည်။

“ ပေါင်မုန့်တလုံး၊ ဝိုင်တခွက်၊ လင်္ကာတပုဒ်နဲ့ ချစ်သူတယောက်သာ ရှိပါစေ၊ တောတောင်ကန္တာရဟာ ပြည့်စုံ | လုံလောက်သော ကောင်းကင်ဘုံ ... ဒီလို ဆိုသလား အန်ကယ် ”

ဦးစောခိုင်သည် အမှတ်မထင် မချိပြုံးပြုံးမိသည်။

“ ချစ်သူတယောက်ဆိုတာတော့ ခြွင်းချက်အဖြစ် အန်ကယ်ထားရမယ်။ ချစ်သူဆိုတာကို မမျှော်လင့်ရဲသလို မမျှော်လင့်ချင်ဘူး ... မာရီယာ၊ တောတောင်ကန္တာရကိုတော့ အန်ကယ် ကောင်းကင်ဘုံလို့ထင်မိတယ် ”

မာရီယာ၏ မျက်နှာလေးမှာ တည်ကြည်သွားသည်။ လေးနက်သော အသံလေးဖြင့်မေး၏။

“ ချစ်သူဆိုတာကို မမျှော်လင့်ဘူးဆိုရင် ဒီလောကမှာ အန်ကယ်ဟာ ကံအဆိုးဆုံးလူတယောက်ဖြစ်သွားမှာပေါ့၊ ထားပါတော့လေ ... ဒါပေမယ့် အခုအန်ကယ်ပြောနေတာဟာ စောစောက အန်ကယ်ဆိုတဲ့သီချင်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် ”

“ ဘယ်လိုလဲ မာရီယာ ”

“ မာရီယာ စာသားအကုန် မမှတ်မိဘူး၊ ဘာတဲ့ အဲ... လူ့ဘဝဟာ တိမ်လိုပဲ မရေရာဘူး၊ နွေမှာခြောက်နေပေမယ့် မိုးရောက်ရင် စိမ်းလန်းမှာပဲ ဆိုတာလေ ... အန်ကယ် အဲဒီအပိုဒ် ပြန်ရွတ်ပြစမ်းပါ ”

“ အန်ကယ့်ကို ဘာလို့ ဒီဟာကို ပြန်ရွတ်ခိုင်းရတာလဲ ... မာရီယာ ”

“ မာရီယာ ဗမာသီချင်းတွေကို ပြန်လေ့လာနေတယ်၊ အန်ကယ့်သီချင်းကို မာရီယာ သိပ်ကြိုက်တယ်၊ ဒါ့ကြောင့်လဲ အန်ကယ်နဲ့သိရအောင် မိတ်ဖွဲ့တာပဲ ...”

ဦးစောခိုင်သည် မယုံကြည်ဟန် မာရီယာကို ပြန်ကြည့်သည်။ ဤသည်ကို မာရီယာ ရိပ်မိသည်။

“ အန်ကယ် ... မာရီယာကို မယုံဘူးမဟုတ်လား၊ မာရီယာကို တခြားဗမာတွေကလဲ မယုံဘူး၊ သူတို့ယုံအောင်လဲ မာရီယာ ကြိုးစားနေတာ မဟုတ်ပါဘူး၊ မာရီယာက အဖြေရှာနေသူပါ ”

“ မာရီယာ ... ဘာကို အဖြေရှာနေတာလဲ ”

“ အဲဒါကို မာရီယာကိုယ်တိုင်လည်း မသိဘူးလေ၊ အန်ကယ်က တခြားလူတွေလိုမဟုတ်ဘဲ မြန်မာပြည်က စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာကြီးလို့သိရတော့ အန်ကယ့်ဆီက မာရီယာ အဖြေသိရမလား မျှော်လင့်မိတယ်”

မာရီယာ၏ပြောဟန်နှင့် မျက်နှာထား၌ လေးနက်တည်ကြည်မှုကို ဦးစောခိုင်မြင်ရသည်။

“ မာရီယာပြောတာတွေဟာ ရောယှက် ရှပ်ထွေးကုန်ပြီ၊ အစက မာရီယာဟာ အန်ကယ့်ကို သီချင်းပြန်ဆိုခိုင်းတာ မဟုတ်လား ...”

“ ဟုတ်တယ်လေ၊ ဒါနဲ့ဆက်သွယ်နေတာပဲ။ မာရီယာ ဒီနေ့ အမေရိကန်သီချင်းတွေ မကြိုက်ဘူး၊ အချစ်ကိုဖွဲ့ရင် တိုက်ရိုက်ဖွဲ့ကြတယ်၊ ငိုစရာရှိရင် ကွဲအောင် အော်တယ်။ အချစ်တို့၊ ငိုခြင်းတို့၊ ရယ်ခြင်းတို့ဆိုတာ ဘဝနဲ့မကင်းဘူး။ ဘဝနဲ့ မကင်းရင် ဟို ... ဗမာလို ဘယ်လိုခေါ်မလဲ၊ ဖီလိုဆိုဖီ ...”

“ယထာဘူတပညာ၊ သဘာဝတ္တဗေဒ၊ အဘိဓမ္မာ အမျိုးမျိုးခေါ်ကြတာဘဲ ... ထားပါလေ၊ တွေးခေါ်မြော်မြင်ရေး ဆိုရင် လုံလောက်ပါတယ် မာရီယာ ” 

“ အန်ကယ့်စကားတွေက ခက်တယ်၊ မာရီယော့မြန်မာစကားက ဒီလောက်မတတ်သေးဘူး၊ တွေးခေါ်... ဘာ | အဲ ... တွေးခေါ်မြော်မြင်ရေးဟုတ်လား၊ မာရီယော့စကားကို ပြန်ကောက်မယ်။ ဘဝနဲ့မကင်းရင် တွေးခေါ်မြော်မြင်ရေးနဲ့ မကင်းဘူးပေါ့၊ မာရီယာပြောတာမှန်တယ်နော် ...”

“ မှန်ပါတယ် မာရီယာ ”

 “ အဲ... တွေးခေါ်မြော်မြင်ရေးမှာ ... ဟိုဒင်း ဘာတဲ့ ...”

 မာရီယာသည် သူတတ်သမျှ မြန်မာစကားကို စဉ်းစားနေရှာသည်။

 “ အင်္ဂလိပ်လိုပဲပြောပါ မာရီယာ ... အန်ကယ် ဘာသာပြန်ပေးပါ့မယ် ”

 “ ဆင်ဘယ်လစ်ဇင်လေ (Sybolism) ...”

“ ဒီစကားကိုလည်း အတိအကျ ဘာသာပြန်ဖို့ခက်တယ် မာရီယာ၊ ယာယီ စကားပြောလို့ဖြစ်အောင် “ပမာတင်စား” ဆိုတဲ့စကား သုံးရအောင် ...”

“ ဟုတ်ပြီ ... ခုနက အန်ကယ့်သီချင်းမှာ တွေးခေါ်မြော်မြင်ရေးကို ပမာတင်စားထားတာ တွေ့ရတယ်၊ မာရီယာကို ပြန်ဆိုပြပါ...”

ဦးစောခိုင်သည် မာရီယာအပေါ် ကရုဏာသက်သွားသည်။ ထို့ကြောင့် ယခုအကြိမ်တွင်မူ မငြင်းသာတော့ဘဲ သံနေသံထားနှင့်ဆိုပြသည်။

“ ခရီးနှင်လေလွင့် ... တိမ်ဦးနှယ်၊ လူ့ဘဝ ကွန်းရိပ်တခွင်၊ တနွေဝင် ညိုဝါခြောက်တော့၊ စိုးနှောင့်ဗျာပါဝင် မပူပန်စေချင်၊ မိုးရောက်ပြန်က သစ်ဦး ဓမ္မတာပင် ” 

မာရီယာသည် မျက်တောင်များကိုကော့စင်း၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေသည်။ ဦးစောခိုင်က သီချင်းကို ရပ်သော် လှုပ်ရှားလာသည်။ 

“ အန်ကယ့်သီချင်း မဆုံးသေးဘူး ” 

လရောင်သည် ပိုထိန်လင်းလာ၏။ နှင်းမှုန်တို့သည် လရောင်၌ ခုန်ကနေကြသည်။

ရင်ဝယ် ဆွေးမြေ့ခြင်းလွှမ်းလာသော ဦးစောခိုင်က သီချင်းကို လှိုက်လှိုက်လှဲလှဲ ဆက်ဆိုသည်။ ဤအကြိမ်တွင်မူ မာရီယာအတွက်မဟုတ်၊ မည်သူ့အတွက်မှန်းလည်း သူမသိ။

“ အိပ်မက်ပမာလေလား ...၊ တသက်မှာခြားပြီလို့ မငိုနဲ့ခင်၊ ချစ်ရင်မဝေး ... မမုန်းရင် နီးကြသမို့၊ မငိုညည်းနဲ့လေ တပြည်စံ ခင်ရေ၊ အဏ္ဏဝါရှန်းသွင် ... သံသရာတဆုံး ... မမုန်းနိုင်တဲ့ မေတ္တာရေစင် ..."

သီချင်းအဆုံး၌ မာရီယာ၏ ဖြူနုသော လက်ကလေးများက သူ့လက်မောင်းများကို ဆုပ်ကိုင်ထားမှန်း ဦးစောခိုင် သတိပြုမိသည်။ ။
မာရီယာ့ မျက်လုံးလေးများ၌ မျက်ရည်တို့ ဝဲနေ၏။ ဦးစောခိုင်က ဣန္ဒြေဆောင်ကာ ဇွတ်ပြုံးယူရသည်။

 “ ဒါပဲ မာရီယာ၊ ကဲ ... ဘာတွေဆက်မေးဦးမလဲ ”

 မာရီယာက သူ့လက်မောင်းကို ဆုပ်ကိုင်ထားသည်ကို မလွှတ်ဘဲ ဆက်မေးသည်။

“ မေးမှာပဲ အန်ကယ်၊ အန်ကယ့်သီချင်းကို မာရီယာရင်ထဲမှာ ခံစားရတယ်၊ ဒီသီချင်းမှာ အဓိပ္ပါယ်ရှိသလား၊ | အဓိပ္ပါယ်ဆိုတာက ရည်ရွယ်ထားတာရှိသလား ...”

“ မာရီယာ ဘာကိုဆိုလိုသလဲ ” 

“ မာရီယာ ဆိုလိုတာ ရှင်းပါတယ် ထင်ပါတယ် ” 

မာရီယာဆိုလိုသည်မှာ ရှင်းမှန်းသိသည်။ ထို့ကြောင့်ပင် အမှန်ကို ဝန်မခံလိုသော ဦးစောခိုင်သည် လှီးလွှဲ၍ဖြေသည်။

“ အဓိပ္ပါယ်ရှိတာပေါ့ မာရီယာ၊ အခုဆိုရင် မြန်မာပြည်မှာ ရွက်ဝါတွေကြွေနေပြီ ... မြူတွေကလည်း ဆိုင်းနေပြီ၊ ဒီ ဘတ်ကနဲလ် ပတ်ဝန်းကျင်က မြန်မာပြည်ရဲ့နွေကို သတိရစေတယ်လေ။ ဒီဝက်သစ်ချပင်တွေ အရိုးကျဲကျဲဖြစ်နေပုံက မြန်မာပြည်နွေရဲ့ သစ်ပင်တွေလိုပဲ။ တခုတော့ရှိတယ် ... မြန်မာပြည်မှာ မကြာခင် ပိတောက်တွေပွင့်တော့မယ်၊ ပိတောက်ပွင့်တဲ့ မြန်မာပြည်ရဲ့ နွေကို အန်ကယ်လွမ်းတယ်။ ဒီ အလွမ်းစိတ်ကြောင့် ဒီသီချင်းကို စပ်ဆိုမိတာလားမသိဘူး။ အဓိပ္ပါယ်ကတော့ ဒီလောက်ပဲရှိတယ် မာရီယာ ...”

“ အဲဒီ ပိတောက်ဆိုတာက ဘက်တီတင်မောင်တို့၊ အေးအေးသင်းတို့ဆီက မာရီယာကြားဖူးတယ် ... အင်မတန် မြင့်မြတ်သလို လွမ်းဖို့ကောင်းတဲ့ ပန်းတမျိုးဆို ... အန်ကယ်။ ပိတောက်အကြောင်း မာရီယာကို ပြောပြမလား ”

ဦးစောခိုင်သည် မာရီယာလက်ကလေးကိုဆွဲကာ နေရာမှထသည်။

“ပိတောက်အကြောင်း အန်ကယ်ပြောပြရင် မိုးလင်းသွားလိမ့်မယ် မာရီယာ၊ ဒီတော့ အန်ကယ်တို့ ပြန်ကြရအောင်၊ နောက်မှ မာရီယာကို အန်ကယ် ပိတောက်အကြောင်း ပြောပြမယ် ” 

မာရီယာကလည်း နေရာမှထသည်။ 

“ အန်ကယ် ... အီစတာ ဟောလီးဒေးမှာ ဝါရှင်တန်ကိုလာမလား ... မာရီယာမျှော်နေမယ် ”

 “ အီစတာ ဟောလီးဒေးမှာ အန်ကယ် ဝါရှင်တန်ကိုလာဖို့မှန်းထားတယ် မာရီယာ ...”

 မာရီယာသည် ကလေးငယ်ပမာ ရွှင်မြူးသွား၏။

 “ အို ... ဆက်ဆက်လာနော် ... အန်ကယ့်ကို မာရီယာ မေးစရာတွေ အများကြီးရှိသေးတယ် ” 

မာရီယာက သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ရပ်နေသည်။ ထိုစဉ် သူက သတိရသည်။ 

“ နေပါဦး မာရီယာ ... မာရီယာက ဗမာသွေးတဝက်ပါတယ်ပြောတယ်၊ မာရီယာမိဘက ဘယ်သူတွေလဲ ”
“ ဟုတ်ပါရဲ့ မာရီယာ မပြောရသေးဘူး၊ မာရီယာ ဒက်ဒီက ဆရာဝန်တဦးပဲ ... ဒေါက်တာ စတက်ဟန်၊ မာရီယာ နာမည်အပြည့်အစုံက မာရီယာ စတက်ဟန်၊ မာရီယာမေမေကတော့ ...”

မာရီယာသည် ခေတ္တဆိုင်းသွားသည်။ ပြန်ပြောသောအသံ၌ ဝမ်းနည်းမှုလွှမ်းနေသည်။

“ မာရီယာမေမေက ဗမာတဦးပဲ၊ ဒါပေမယ့် သူက ဗမာတွေကို မုန်းတယ်၊ ဗမာတွေကလည်း သူနဲ့ သိပ်ပြီး အပေါင်းအသင်းမလုပ်ဘူး၊ ဒါပေမယ့် ... ဒက်ဒီကတော့ ဗမာတွေနဲ့ အရှေ့တိုင်းသားအားလုံးကို အထင်ကြီးပြီး လေးစားပါတယ် ” 

“ မာရီအမေနာမည်က ဒေါ်လွင် ... ဒေါ်ခင်မြလွင် ...”

 ဦးစောခိုင် ခေါင်းမှာ ချာချာလည်သွားသည်။ နှလုံးသွေးသည် ငယ်ထိပ်တက်ဆောင့်သည် ထင်မိ၏။ မိမိလက်ကိုကိုင်ရင်း အပြစ်ကင်းစွာ ရပ်နေသူကလေးကို ကြောင်ကြည့်နေမိသည်။

ပတ်ဝန်းကျင်၌ မြူပမာ နှင်းတို့ဝေနေသည်။ လကလည်း သာနေ၏။ အရိုးကျဲကျဲနှင့် ဝက်သစ်ချပင်တို့က ပိတောက် ပင်ရိပ်နှင့် တူလွန်းနေသည်။
ချောမောနုနယ်သော မာရီယာ၏မျက်နှာလေးကို ငေးနေစဉ် ဦးစောခိုင်သည် တွေ့စက ရင်၌ မသိမသာပေါ်ခဲ့သော တစုံတခုကို အမှတ်ရမိမှုအား နားလည်ပေပြီ။

ပိတောက်တစ္ဆေသည် မိမိအား ကောင်းကောင်း ခြောက်လှန့်ပေပြီတကား ...။ ။

တတိယပိုင်းဆက်ရန်

#Typing_crd_ZawOo

1 comment:

  1. တက္ကသိုလ်ဘုန်းနိုင် ရေးတဲ့စာတွေကို မူရင်းသတ်ပုံအမှန်တွေကို တမင်တကာ လွဲအောင် မှားအောင်ပြင်ပြီး တင်ကြ၊ ထုတ်ဝေနေကြတဲ့ခေတ်မှာ ဒီစာကိုတင်ပြထားသူက အကုန်မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်။ သတ်ပုံပြင်သူတွေက အဲဒီစာဟာ တစ်ကသိုလ်ဘုန်းနိုင်ရေးတာပါလို့ ထည့်ရမယ်။

    ReplyDelete