#ပိတောက်နှင့်ကြိုပါမည်မာရီယာ
#တက္ကသိုလ်ဘုန်းနိုင်
( ၁ )
နွေဦးပေါက် ရာသီတော်ဖြစ်သည်။
ဝါရှင်တန်မြို့ ဂရေးဟောင်း ကားဂိတ်မှ ခန့်ညားမွန်ရည်သော မြန်မာတဦးထွက်လာ၍ တက္ကစီတစီးကိုခေါ်သည်။သူ၏လက်တဖက်တွင် ခရီးဆောင်အိတ်တလုံးပါ၍ အခြားလက်တဖက်တွင် အနက်ရောင်သားမွေး အပေါ်ဝတ်အင်္ကျီကို ပိုက်ထား၏။ သူသည် တက္ကစီပေါ်တက်ထိုင်ပြီးနောက် ...
"အာရ်လမ်း နံပါတ် ၉ဝဝကို မောင်းကွာ ...”ဟု ဒရိုင်ဘာအား ညွှန်ကြားသည်။
ဒရိုင်ဘာသည် ကားကို ကျင်လည်စွာကွေ့၍ မောင်းထွက်လာသည်။ လမ်းမကြီးပေါ်ရောက်သောအခါ မြန်မာအား တချက်ပြန်လှန်ကြည့်ပြီး စကားဆိုသည်။ ။
“ ခင်ဗျား ... မြောက်ပိုင်းက လာတယ်ထင်တယ်”
မြန်မာသည် ဆောင်းတွင်းဝတ် သိုးမွေးဝတ်စုံထူ အညိုကိုဝတ်ထားသည့်အပြင် လက်တွင်း၌လည်း အပေါ်ဝတ်အင်္ကျီပါသဖြင့် ဒရိုင်ဘာက မေးခြင်းဖြစ်သည်။
“ သိပ် မြောက်ဖက်က မဟုတ်ပါဘူးကွာ ... ငါက နယူးယောက်မြို့ ကတင် လာတာပါ "
" အိုး ... နယူးယောက်မှာ အေးတုန်းလား ...”
“ အေးတုန်းပဲကွယ် ... နှင်းတွေတောင် မပျော်သေးဘူး "
ဒရိုင်ဘာက စကားဆက်မပြောတော့ဘဲ ကားကို ဆက်မောင်းသည်။ ဝါရှင်တန်မှာ အတော်ပူနေပြီဖြစ်၍ဆောင်းဝတ်စုံကြောင့် သူ့၌ချွေးထွက်နေသည်။ တောက်ပသောနေရောင်ကြောင့် တမြို့လုံးမှာ ကြည်လင်သာယာနေ၏။
ကားသည် အာရ်လမ်း တိုက်တလုံးရှေ့၌ရပ်လိုက်သည်။ မြန်မာက ဒရိုင်ဘာကို ငွေထုတ်ပေးလိုက်ပြီး သေတ္တာကိုဆွဲလျက် တိုက်ပေါ်တက်ခဲ့၏။
ဒုတိယထပ် အခန်းတခုရှေ့ရောက်သော် လူခေါ်ခလုတ်ကိုနှိပ်သည်။ မရှေးမနှောင်းပင် အတွင်းမှ အခြားမြန်မာ လူငယ်တဦးပေါ်လာသည်။
“ဟာ ... ဦးစောခိုင်ကြီး၊ ခင်ဗျား ... အကြောင်းမကြား ဘာမကြားနဲ့ ... ကျွန်တော်က ခင်ဗျား ဒီနှစ်
မလာတော့ဘူးထင်တာ ..."
ဦးစောခိုင်က ပြုံးသည်။ သို့ရာတွင် သူ့အပြုံးမှာ နွမ်းနွမ်းနယ်နယ်ရှိလှသည်။
“ အေးဗျာ . ကိုစိုးမြင့်၊ ကျွန်တော်က ပထမ မလာတော့ဘူးလို့ ….. ဒါပေမယ့် ...”
ဦးစောခိုင်သည် စကားကိုအဆုံးမသတ်ဘဲ ပစ္စည်းများကိုချလျက် ဆိုဖာတလုံးထက် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ကိုစိုးမြင့်သည် မြန်မာဝတ်စုံကို မီးပူတိုက်ရင်းဖြစ်၏။ ဦးစောခိုင် ဝင်လာစဉ် ပိတ်ထားသော မီးပူခလုတ်ကို ပြန်ဖွင့်၍ တိုက်ပုံဖြူကို ဖြန့်နေရာမှ အဆုံးမသတ်သော ဦးစောခိုင်စကားကြောင့် မော့ကြည့်သည်။
“ ဒါပေမယ့် ဘာဖြစ်သလဲ၊ သင်္ကြန်နီးတော့ မနေနိုင်ဘူးမဟုတ်လား ... ဟားဟား ..."
ကိုစိုးမြင့်က ရွှင်ရွှင်သောသောရှိသမျှ ဦးစောခိုင်က မကြည်လင် ကိုစိုးမြင့်ကိုပြန်ပြောသော သူ့အသံမှာလည်း ခြောက်ကပ်နေ၏။
" ကျွန်တော် သင်္ကြန်ပွဲလာတာ မဟုတ်ဘူး၊ ဒီနေ့သင်္ကြန်ပွဲလည်း ကျွန်တော်မတက်ဘူး ”
ကိုစိုးမြင့်သည် ဦးစောခိုင်ကို အံသြသွားသည်။ သင်္ကြန်ဟူသည် မြန်မာမှန်သမျှကို သွေးထဲသားထဲမှကြွအောင် ရွှင်စေ မြူးစေသော ရိုးရာပွဲကြီးဖြစ်သည်။ နိုင်ငံခြားရောက် မြန်မာတို့၌ လွမ်းစရာ အနန္တရှိသည့်အနက် သင်္ကြန်သည် ထိပ်မှ
ပါ၏။ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးအုံးစိန်သည် သံရုံး၌ နှစ်စဉ် သင်္ကြန်ပွဲ ကျင်းပပေးမြဲဖြစ်သည်။ ဤပွဲ၌ မုန့်ဟင်းခါး ကောင်းကောင်း စားရသည်။ ပတ္တလားတီးတတ်သူကတီး၍ သီချင်းဆိုတတ်သူကဆိုသည်။ ကုလသမဂ္ဂ မြန်မာအဖွဲ့မှ
ကိုသိန်းဟန်လို ကတတ်သူက ကကြသည်။ ပွဲတွင် မြန်မာအချင်းချင်းသာမက တက်ရောက်လာသော နိုင်ငံခြားမိတ်ဆွေများကိုပါ ရေလောင်းသည်။ ရေလောင်းသည် ဆိုသော်လည်း ရွှဲရွှဲစိုအောင် ဗွမ်းကနဲ အားရပါးရ လောင်းကြသည်တော့မဟုတ်၊
စတိသဘောသာဖြစ်သည်။
ဤစတိသင်္ကြန်ပွဲကိုပင် စိတ်တွင်း၌ပုံကြီးချဲ့၍ အဟုတ်တကယ်ပျော်ကြရသည်။ ဝါရှင်တန်နှင့် လက်လှမ်းမီရာတဝိုက်မှ မြန်မာမှန်သမျှ မပျက်မကွက် လာကြမြဲဖြစ်သည်။
ထို့ကြောင့် ဦးစောခိုင်က သင်္ကြန်ပွဲကို မတက်လိုဆိုသောအခါ ကိုစိုးမြင့်အတွက် အထူးအဆန်းဖြစ်လျက် အံ့ဩမိခြင်း ဖြစ်လေသည်။
“ ဘယ်လိုလဲ ဦးစောခိုင် ... ခင်ဗျားကြီး တကယ် သင်္ကြန်ပွဲမတက်ဘူးလား”
“ မတက်ပါဘူးဗျာ"
“နို့... ဘာလို့ ခင်ဗျား ဒီလာလဲ...”
ဦးစောခိုင်၌ ရုတ်တရက်ဖြေစရာမရှိ။ မိမိကိုယ်၌လည်း မလာအပ် မလာထိုက်တော့ပြီဖြစ်သော ဤဝါရှင်တန်မြို့သို့ ဘာ့ကြောင့် လာခဲ့ရသည်ကို မသိ။
“ ဒါကို ကျွန်တော် မသိဘူး ကိုစိုးမြင့် ...”
ကိုစိုးမြင့်သည် စိတ်ပင်ပန်းသွားပုံရသည်။ ဝါရှင်တန်မြို့ ပူနေဆဲ မီးပူထိုးရ၍ ချွေးထွက်နေစဉ် ဦးစောခိုင်ကိုမြင်ရသည်မှာ စိတ်အိုက်စရာဖြစ်နေ၏။ ကိုစိုးမြင့်သည် ရေခဲသေတ္တာကိုဖွင့်၍ ဘဒ်ဝိုင်ဇာတံဆိပ် ဘီယာသံဘူးနှစ်လုံးကို
ထုတ်ယူဖောက်ပြီး တလုံးကို ဦးစောခိုင်ကိုပေးသည်။ တလုံးကို သူသောက်၏။
ကိုစိုးမြင့်မှာ ငယ်ရွယ်သေးသူဖြစ်သည်။ သံယောဇဉ်ဟူ၍လည်း မြန်မာပြည်၌ ကျန်ရစ်သူ မိခင်အိုကြီးသာရှိသည်။သံရုံးအမှုထမ်းအဖြစ် နိုင်ငံခြားရေးတာဝန်ကိုလေ့လာနေဆဲ ဘဝကိုလည်း ပျော်ပျော်ကြီး လေ့လာနေသူဖြစ်သည်။ လုပ်စရာရှိ
လုပ်သည်။ ပျော်စရာရှိပျော်သည်။ စဉ်းစားစရာရှိလျှင် လေးလေးနက်နက် စဉ်းစားတတ်သည်။
ယခု သူ့ရှေ့မှ ဦးစောနိုင်သည် စဉ်းစားစရာဖြစ်နေသည်။ ကိုစိုးမြင့်သည် ဘီယာသောက်ရင်း တွေးတောနေရာမှ ရုတ်တရက် သတိရဟန်ပြောသည်။
“ ဟာ ... ခုမှသတိရတယ်၊ မနက်က မာရီယာ ဖုန်းဆက်တယ်၊ ခင်ဗျားလာဦးမလားတဲ့ ..."
ဦးစောခိုင် သိသိသာသာ တုန်လှုပ်သွားသည်။
“ ဗျာ ... မာရီယာ ဖုန်းဆက်တယ်၊ ခင်ဗျား ဘယ်လိုဖြေလိုက်သလဲ ...”
“ ကျွန်တော်က ကောင်မလေးကို နောက်ချင်တာနဲ့၊ အေး ... လာလိမ့်မယ်၊ နင့်အန်ကယ် လာလိမ့်မယ်၊ ဒီနေ့ နေ့ခင်းရောက်မယ်လို့ ပြောလိုက်တယ်၊ အခု ... ခင်ဗျား တကယ်ရောက်နေတယ် "
ဦးစောခိုင် ငိုင်ကျသွားသည်။ သူ့ကိုယ်သူ အစက စိတ်ကိုနိုင်သူ ထင်ခဲ့သည်။ ပြဿနာတရပ်ကို လေးလေးနက်နက် ဆုံးဖြတ်နိုင်သူဟု ယုံခဲ့သည်။ ယခု မိမိဘဝသည် မြီးကောင်ပေါက်အရွယ် လူငယ်တဦးနှင့် ဘာထူးတော့ပါသနည်း။ အချစ်ဆိုသည် အရွယ်နှင့် ပညာတို့ကို လွှမ်းမိုးကြိုးဆွဲနိုင်လွန်းစွတကား ...။
ဦးစောခိုင် ငိုင်နေခိုက် ကိုစိုးမြင့်သည် သူ့ပခုံးကိုကိုင်၍ စကားဆိုသည်။
" ဦးစောခိုင်ကြီး ... ခင်ဗျား ကျွန်တော့်ကို စိတ်မဆိုးနဲ့၊ ကျွန်တော် ပြောစရာတခုရှိတယ် ... "
“ ဘာပြောစရာရှိလဲ ... ပြောပါဗျာ "
“ ခင်ဗျားတက်လာတော့ ကျွန်တော် တမင်အံ့ဩချင်ယောင်ဆောင်နေတာ၊ ခင်ဗျား ဒီကိုလာတာ ညကတည်းက ကိုသိန်းဟန်ဆီက ဖုန်းမက်ဆေ့ချ်ရပြီးပြီ၊ ဒါ့ကြောင့်လည်း ခင်ဗျားလာမယ်လို့ မာရီယာကို ကျွန်တော်ပြောလိုက်တာပဲ၊တော်တော်ကြာဆို မာရီယာ ဒီကိုရောက်လာတော့မယ် "
ဦးစောခိုင်က ကိုစိုးမြင့်ကို မော်ကြည့်သည်။ ကိုစိုးမြင့်၏ မျက်လုံးများက ကိုယ်ချင်းစာနာမှုနှင့် ကရုဏာတရားတို့ဖြင့် ပြည့်နေ၏။
“ပြီးတော့ ... မာရီယာ့အမေ ဒေါ်ခင်မြလွင်ကလဲ ကျွန်တော့်ကို ခင်ဗျားလာမလား မေးသေးတယ် သူ့ကိုတော့ ခင်ဗျား မြန်မာပြည်ပြန်တော့မှာမို့ အလုပ်များပြီး မလာအားဘူးလို့ ကျွန်တော် ဖြေလိုက်တယ် "
“ ခင်ဗျား ဘာလို့ ဒီလိုဖြေလိုက်ရသလဲ ”
ဤအကြိမ်တွင် ကိုစိုးမြင့် ချက်ချင်းမဖြေ။ သူ့၌ဖြေစရာရှိသည်။ သို့ရာတွင် သူသည် မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းသကဲ့သို့ သူတပါးဂုဏ်သိက္ခာကိုလည်း ရိုသေလေးစားသူ လူငယ်တဦးဖြစ်သည်။ တပါးသူ၏ ကိုယ်ရေးကိုယ်တာကိစ္စထဲ၌
ဝင်ရှုပ်တတ်သူလည်း မဟုတ်။ ယခု ဖြေစရာရှိ၍ ဖြေသည်ထား၊ စပ်ကြားက ဝင်နှောင့်ရာကျမည်စိုးသည်။
ထို့ကြောင့် ကိုစိုးမြင့်သည် အတန်ကြာစဉ်းစားနေပြီးမှ စကားကို သတိထား၍ပြောသည်။
“ကျွန်တော် သူများအတွင်းရေးမှာ ဝင်စွက်ဖက်တဲ့သူ မဟုတ်ဘူး၊ ဒါပေမယ့် ... ခုတော့ မာရီယာကို သနားတယ်။ပြီးတော့ ခင်ဗျားရင်ထဲမှာ ဘယ်လိုဖြစ်နေတာလဲ ကျွန်တော်ရိပ်မိပြီး ကျွန်တော် သိသမျှတော့ ပြောပြချင်တယ် "
“ ပြောပါလေ ... ပြောပါ "
“ ဒီက ဗမာအသိုက်အဝန်းထဲမှာ ခင်ဗျားနဲ့ ဒေါ်ခင်မြလွင်ရဲ့ ရှေးက အဖြစ်အပျက်ကို သိသင့်သမျှ သိတဲ့လူတွေရှိတယ်။ ဒါပေမယ့် ... ကျွန်တော်ပြောချင်တာ သူတို့ပြောတဲ့အကြောင်း မဟုတ်ဘူး မာရီယာအကြောင်း ..”
ကိုစိုးမြင့်က စကားကို ခေတ္တဆိုင်းလိုက်သည်။ ဦးစောခိုင်က ငြိမ်နားထောင်နေသည်။
“ မာရီယာဟာ အမေရိကန်သွေးတဝက်နှောပေမယ့် အင်မတန် မြန်မာဆန်ချင်တဲ့ ကလေးမပဲ၊ ပြောသံကြားတာနဲ့လွမ်းနေရတဲ့ မြန်မာပြည်ပေါ် ခင်ဗျားနဲ့တွေ့ပြီးမှ သူ ပိုပြီး သံယောဇဉ်ကြီးနေရှာတယ် ...”
“ ဒါကို ကျွန်တော်သိပါတယ် ...”
“ သိရက်နဲ့ဆိုရင်တော့ ခင်ဗျား သိပ်စိမ်းကားရာကျနေတယ် "
“ဗျာ... ကျွန်တော် ဘယ်လိုစိမ်းကားသလဲ "
“ ဒါတော့ ခင်ဗျားက ပိုသိမှာပေါ့ ဦးစောခိုင်၊ ကျွန်တော်နားလည်ထားတာက အရင်က မာရီယာဟာ ငိုတတ်တဲ့ မိန်းကလေးမဟုတ်ဘူး၊ အခု မျက်ရည်ကျတတ်နေပြီ ...”
ဦးစောခိုင်သည် ခေါင်းငုံ့၍ ဘီယာသံဘူးကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ဘာမျှမဝေဖန်
“ မာရီယာပြောတဲ့ စကားတွေဟာ သနားဖို့ကောင်းတယ်၊ အန်ကယ်စောခိုင်ဟာ ပညာနဲ့အရွယ်မှာ မြင့်မားနေပေမယ့် အတိတ်က လွတ်လွတ်ကျွတ်ကျွတ် ရုန်းမထွက်နိုင်သေးဘူးတဲ့၊ ပြီးတော့ မာရီယာကိုတော့ လှပတဲ့ ပိတောက်ပန်း ပုံပြင်တွေပြောပြပြီး သူကိုယ်တိုင်ကတော့ ပိတောက်တစ္ဆေ အချောက်ခံနေရတယ်တဲ့ …..”
ဦးစောခိုင်က အံကြိတ်ထားသည် ... ကိုစိုးမြင့်ကသာ ဆက်၏။
“ ဒီစကားတွေရဲ့ အဓိပ္ပါယ် အပြည့်အစုံကို ကျွန်တော်နားမလည်ဘူး။ ဒါပေမယ့် ဒီနေ့ မာရီယာ လာလိမ့်မယ်၊ခင်ဗျား ဘယ်မှထွက်မသွားနဲ့ဗျာ၊ ခဏဖြစ်ဖြစ် အတွေ့ခံလိုက်ပါဦး"
ကိုစိုးမြင့်သည် ဘီယာကို ကုန်အောင်မော့လျက် မီးပူဆက်ထိုးသည်။ ။
ဦးစောခိုင်က ပြတင်းဆီ ထွက်လာခဲ့သည်။ နွေဦးပေါက်ရာသီ၌ အစစ သစ်လွင်နေသော ဝါရှင်တန်မြို့သည် အလွန်လှပသည်။ သံတမန်များ နေထိုင်ရာရပ်ကွက်ဖြစ်၍လည်း အထူးသန့်စင်တင့်တယ်သည်။ ပတ်ဝန်းကျင်ရှိ မေပယ်၊ ဝက်သစ်ချတို့
ရွက်သစ်များဝေ၍ စိမ်းစိုနေသည်။ ပင်စုံနှင့် ခြံတိုင်းမှ ပွင့်ဦးအားလုံးကိုလွန်၍ ချယ်ရီတို့ ထိန်ထိန်ချယ်နေသည်။ ဝါရှင်တန်ချယ်ရီတို့ ဧပြီလကျမှ ပင်လုံးကျွတ်အောင်ပွင့်သည်။ ဤအချိန်၌ မြန်မာ့မြေတွင် ပိတောက်တွေလည်း ရွှေရည်လူးနေပြီ။
ဦးစောခိုင်၏ မျက်လုံးများတွင် ရွက်သစ်ဝေသော ဝါရှင်တန်ရှုခင်းသည် ပျောက်သွားသည်။ နှောင်းရွက်ကျန်ကို ကုန်စင်အောင် ချွေလှန်နေသော စစ်ကိုင်း၏ နွေရှုခင်းကပေါ်လာသည်။ ချယ်ရီတို့ပင် မှေးမှိန်၍ ပိတောက်က ထိန်ထိန်ဝါလာသည်။
မာရီယာ ပြောသကဲ့သို့ ပိတောက်တစ္ဆေ အခြောက်ခံနေရမှန်းကိုမူ ဦးစောခိုင် အသိအမှတ်ပြုမိလေသည်။
( ၂ )
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် နွေဦးည၏ပန်းချီသည် မှုန်ရီမှုန်ဝါးနိုင်သည်။ မြူကြောင့် ငွေလရောင်သည် ပြာလွင်လွင်ဖြစ်နေ၏။ ပိတောက်နံ့တွေကလည်း ကြိုင်နေသည်။
စစ်ကိုင်းတိုင်း ကမ်းနားလမ်း၊ တိုင်းမင်းကြီး၏အိမ် အနောက်ဘက် ခြံစပ်ပိတောက်ပင်အောက်၌ နုထွားပျိုလွင်သော လူငယ်တဦးသည် ရင်တထိတ်ထိတ်ဖြင့် တစုံတယောက်ကို စောင့်စားနေ၏။ အလွန်ဝေးကွာသောအရပ်မှ ပေါက်ကွဲသံများ
လွင့်လာနေသည်။ ပေါက်ကွဲသံပေါ်တိုင်း ကောင်းကင်ပြင်ကိုနီရဲလာစေသည့် မီးလျှံများကိုပါ တွေ့ရသည်။ လူငယ်သည် ပိတောက်ပင်ရိပ် အမှောင်၌ ကိုယ်ကို ဝှက်နိုင်သမျှဝှက်ရင်း ခြံတွင်းဆီ မျှော်မျှော်ကြည့်သည်။
မကြာမီ သစ်ရွက်ကြွေသံနှင့်ရော၍ ဖော့နင်းလာသော ခြေသံလေးပေါ်လာသည်။ ခြံထောင့် ဆီမှ ဖြူဖွေးကျော့ရှင်းသည့် မိန်းမပျိုတဦးသည် ပိတောက်ပင်ဆီ တရွေ့ရွေ့လာနေပါ၏။
“ လွင် "
ယောက်ျားပျိုက အသံတိုးတိုးပြ၍ သစ်ပင်ရိပ်မှထွက်ကာ ကိုယ်ရောင်ပြသည်။
“ မောင် ...”
မိန်းမပျိုသည် အပြေးကလေးလာ၍ ဆီးကြိုလက်ကမ်းသော သူ့ရင်ခွင်တွင်းသို့ ကိုယ်ကလေးကို ပုံအပ် တိုးဝင်လိုက်သည်။
သူတို့နှစ်ဦး စစ်ကာလ၏ မျက်နှာငယ်သော ပိတောက်ပန်းတို့ကို သတိထားမိပုံမပေါ်။ ကြွေရွက်တို့အားလည်း အမှတ်ပြုမိဟန်မတူ။ ကြောက်မက်ဖွယ် မြည်ဟိန်းပေါက်ကွဲသံများကိုလည်း ဂရုစိုက်မိမည်မဟုတ်။
လည်ချင်းယှက်၍ အနမ်းချင်းဖလှယ်ကြသည်။ ပါးချင်းအပ်၍ နှုတ်ခမ်းချင်းထပ်ကြသည်။ လူချင်းပူး၍ ရင်ချင်းလည်း အပ်ထားကြသည်။ မိန်းမပျိုက သက်ပြင်းကို ပင်ပန်းစွာရှူ၍ သူ့ရင်ဘတ်ကို အသာအယာတွန်းသည်။
ယောက်ျားပျိုက မိန်းမပျို၏ပုခုံးများကို ဆွဲယူနှိမ်ချရင်း ပိတောက်ပင်ရိပ်၌ထိုင်လိုက်သည်။ မိန်းမပျိုကလည်း အလိုက်သင့် သူ့ရင်ခွင်ဝယ် ကိုယ်ကလေးကို မှီလှဲချလျက်ပါလာ၏။
သူက ရေငတ်သူ၏ ဆန္ဒပြင်းပြခြင်းမျိုးဖြင့် မိန်းမပျို၏နှုတ်ခမ်းများကို အငမ်းမရ စုပ်နမ်းသည်။ မိန်းမပျိုမှာ ဖိုလှိုက်၍ မောလာသည်။ နွမ်းနယ်သောလေသံနှင့် ချစ်သူကိုတောင်းပန်၏။
“ တော်တော့ အချစ်ရယ်၊ လွင် အသက်ရှူလို့မရတော့ဘူး ”
သူက စိတ်ကို ခက်ခဲစွာ ချိုးနှိမ်နှိပ်ကွပ်လိုက်ပြီး ...
“ လွင့်ကို မောင်သိပ်ချစ်တယ် အသက်ရယ်၊ ပြီးတော့ သိပ်အောက်မေ့ခဲ့ရတယ် ”ဟု အံကိုကြိတ်ဆိုသည်။
လွင်ဆိုသော မိန်းမပျိုက သူ့မျက်နှာကို မျက်လုံးလေးများမှေး၍ စိုက်ကြည့်နေသည်။ ထို့နောက် အေးချမ်းသိမ်မွေ့စွာ မေးသည်။
“လွင့်ကို တကယ်ပဲ သိပ်ချစ်သလား၊ ပြီးတော့ တကယ်ပဲ သိပ်အောက်မေ့နေတာပဲလား၊ ဟင် ... မောင် ...”
“ လွင် ဘာလို့မေးခွန်းတွေမေးနေရတာလဲ၊ မောင့်ကို မယုံတော့ဘူးလား ...”
“ မောင့်ကို ယုံပါတယ်လေ၊ ဒါပေမယ့် လွင်ကလဲ မေးပါရစေဦး ...”
“ မေးပါ လွင် ...”
“ လွင့်ကို မောင်တကယ်ချစ်တယ်ဆိုရင် ဘာလို့ လွင်နဲ့ဝေးမယ့်အလုပ်တွေ မောင်လျှောက်လုပ်နေရတာလဲ ”
သူ ခေတ္တငိုင်သွားသည်။ မျက်နှာလည်း တည်ငြိမ်သွားသကဲ့သို့ လွင့်ကိုဖက်ထားသော လက်များက အနည်းငယ် လျော့ကျသွားသည်။
သူ့ဆီမှ အဖြေမလာဘဲ တိတ်ဆိတ်သွားသောအခါ လွင်သည် သူ့ရင်ခွင်မှ ထိတ်လန့်တကြား လူးလဲထသည်။
“ မောင် ... ကိုစောခိုင် ”
သူကမထူး။
လွင်၏ ဖြူဖွေးနူးညံ့သော လက်ကလေးများသည် ကိုစောခိုင်၏မျက်နှာကို ယုယစွာပွေ့ယူသည်။ နူးညံ့သော လက်ဖဝါးများသည် သူ၏မျက်နှာမှ ကြမ်းတမ်းသော နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့၏ အတွေ့ကို ခံစားရမည်ထင်သည်။
“ မောင် ... လွင့်ကို စိတ်ဆိုးသွားပြန်ပါပြီ၊ ဒါပေမယ့် လွင် ထပ်ပြောပါရစေဦး၊ ချစ်တယ်ဆိုတာ ပိုင်ဆိုင်လိုမှုပဲ။ ပိုင်ဆိုင်လိုခြင်း ဆိုတာဟာလဲ နီးစပ်ခြင်းပဲ၊ ဒါပေမယ့် မောင်က လွင်နဲ့ဝေးအောင်ပြေးနေတယ် ...”
စောခိုင်က ငိုင်နေရာမှ လှုပ်ရှားလာသည်။ သူ့မျက်နှာသည်လည်း တည်ကြည်လျက် ခန့်ညားစွာပြုံးသည်။
“ ချစ်ရင် ပိုင်ဆိုင်နီးစပ်ချင်တယ်ဆိုတာ မှန်တယ်။ ဒါ့ကြောင့်လည်း အခက်အခဲတွေကြားထဲကစွန့်ပြီး မောင် ... လွင့်ကိုလာခေါ်တာ ...”
“ အို ... လွင့်ကိုလာခေါ်တာ၊ လွင်တို့က ဘယ်ကိုသွားရမှာလဲ ...”
“ လွင်နဲ့မောင်တို့က ဘယ်မှမသွားရဘူး ... ဒီမှာပဲနေမယ်၊ ဗမာ့မြေပေါ်မှာပဲနေမယ်၊ ဘယ်မှပြေးစရာမလိုဘူး ”
လွင်က သက်ပြင်းရှိုက်၏။
“ စစ်ဖြစ်နေတာ မပြေးလို့ဖြစ်မလား မောင်၊ မောင်ကရော ဘာလို့ လွင်တို့နဲ့အတူ မလိုက်နိုင်ရသလဲ ...”
“ ကိုယ့်မြေကိုစွန့်ပြီး သူများမြေဆီ မောင်က ဘာလို့လိုက်ရမလဲ ...”
“ မောင်က မောင့်မြေတော့မစွန့်ဘူး၊ လွင့်ကိုတော့ စွန့်မယ် ”
“ လွင့်ကိုမစွန့်နိုင်လို့ မောင်အခုလာခေါ်တာပေါ့ ...”
“ အို ... မောင်ရယ် ... လွင့်မိဘတွေကို လွင်စွန့်ရမလား ...”
“ မောင့်မိဘတွေတောင် မောင်စွန့်နိုင်သေးတာပဲ လွင် ”
လွင်သည် ဘာမျှစကားမပြန်၊ စောခိုင်၏လည်ပင်းများကို သူ့လည်ပင်းလေးနှင့်ပွတ်ရင်း စောခိုင်ကိုသာ တင်းအောင် ဖက်ထားသည်။ ရင်ချင်းကလည်း ပူးကပ်ထိတွေ့နေ၏။
ဥဩသံကို လွမ်းဆွတ်ဖွယ်ကြားကြရသည်။ လွင်သည် သူ့လက်ချောင်းနုနုကလေးများကို စောခိုင်၏ဆံပင်များကြား ထိုးသွင်းပွတ်ကစားရင်း ချော့မော့စွာ သွေးဆောင်သည်။
“ လွင်တို့နဲ့ပဲ အိန္ဒိယကို လိုက်ခဲ့ပါလား မောင်ရယ်၊ ဒီလိုဆိုရင် သားရွှေအိုးထမ်းလာသလိုပဲ လွင်နဲ့မောင်လည်း မခွဲရဘူး၊ ကိုယ့်မိဘတွေနဲ့လည်း မခွဲရဘူး ...၊ ဟိုကျရင် လွင်နဲ့မောင်လက်ထပ်ပြီး ကျောင်းဆက်နေကြတာပေါ့ ...”
စောခိုင်က လွင်ကို သူ့ရင်မှ တွန်းခွာသည်။ ချစ်သူ၏မျက်နှာလေးကို စေ့စေ့ကြည့်၍ ပြတ်သားစွာဆိုသည်။
“ တကိုယ်ကောင်းဆန်တဲ့ စိတ်ကူးယဉ်စကားတွေကို ရပ်လိုက်ပါ လွင်၊ မောင့်မှာ တာဝန်တွေနဲ့ အချိန်များများ မရဘူး၊ မောင်နဲ့ လွင် လိုက်မလား ... မလိုက်ဘူးလား ...”
လွင်က ကြေကွဲဝမ်းနည်းစွာဖြင့် သူ့ကိုပြန်ကြည့်သည်။ ထို့နောက် စိတ်ပျက်စွာ ခေါင်းကလေးကိုခါသည်။
“ လွင်ထင်ခဲ့တာ မမှားပါဘူး၊ မောင်က လွင့်ကိုရော၊ မောင့်မိဘတွေကိုရော မချစ်ပါဘူး၊ မောင်က မောင့်ရဲဘော် တွေကိုသာ ချစ်တာပါ...”
“ လွင်ပြောတာမှားတယ်၊ မောင့်မိဘတွေကိုရော လွင့်မိဘတွေကိုပါ မောင်ချစ်ပါတယ်။ ဒါပေမယ့် ... အိုင်စီအက်စ် ဆိုတဲ့ဘွဲ့နဲ့ အတွင်းဝန် တိုင်းမင်းကြီးဆိုတဲ့ ရာထူးကြီးတွေရထားရုံနဲ့ အင်္ဂလိပ်ကို မွေးသဖခင် ကျေးဇူးရှင်လို့ထင်နေတဲ့ သူတို့ကို မကြည်ညိုနိုင်ဘူး ... မှန်တယ် မောင့်ရဲဘော်တွေကို မောင်ချစ်တယ်၊ အဲဒါထက် မောင့်ကို မောင်ပိုချစ်တယ်၊ မောင်ချစ်တဲ့ မြေမှာ မောင့်ရဲဘော်တွေနဲ့ အတူနေရစ်ဖို့ မောင်ချစ်တဲ့လွင်ကို အခုလာခေါ်တာ ...”
လွင်၏မျက်နှာကလေးလည်း တည်ငြိမ်သွား၍ အသံလေးမှာလည်း မာလာသည်။
“ တော်တော့မောင် ... မောင့်နိုင်ငံရေးစကားတွေ လွင် နားမထောင်ပါရစေနဲ့တော့ ...”
“ မောင် နိုင်ငံရေးစကားတွေ ပြောနေတာမဟုတ်ဘူး၊ ဝတ္တရားနဲ့ သစ္စာကိုပြောနေတာ၊ လွင့်ကိုမောင် ခဏခဏ ပြောဖူးတဲ့ ဘုရားအလောင်း ကျေးမင်းနဲ့ ရေသဖန်းပင်ကြီးအကြောင်း မှတ်မိသေးလား ...”
“ လွင်မှတ်မိပါတယ် ... ဒါပေမယ့် ကျေးဇူးရှင်ကို မပစ်ခွာတဲ့ ကျေးမင်းကို စံနမူနာယူတယ်ဆိုတဲ့ မောင်က ဘာလို့ မောင့်မိဘအရင်းကိုတော့ စွန့်ခွာရသလဲ ”
စောခိုင်က ရယ်သည်။
“ မောင့်မိဘက မောင့်မြေလေ ... လွင်ပြောတဲ့ မောင့်အဖေ အတွင်းဝန်မင်းကတော့ သားအရင်းကို ဝရမ်းထုတ် စေခဲ့တယ်၊ လွင့်အဖေ တိုင်းမင်းကြီးက မောင့်ကိုဖမ်းဖို့ သူကိုယ်တိုင် ဦးစီးခဲ့တယ် ...”
“ ဒါကတော့ မောင့်ကို ခြေလွန်လက်လွန်မဖြစ်အောင် ထိန်းဖို့ပါ မောင် ”
“ တိုင်းပြည်လွတ်လပ်အောင်လုပ်တဲ့နေရာမှာ ခြေလွန်လက်လွန်ဆိုတာမရှိဘူး လွင်၊ ခြေလိုလက်လိုပဲရှိတယ် ”
လွင်သည် သူနှင့်ဖက်၍ စကားစစ်ထိုးတော့၊ လိုရင်းကိုသာမေးသည်။
“ မောင် အခုလာတာ လွင့်ကိုခေါ်ဖို့ဟုတ်လား ...”
“ ဟုတ်တယ်လွင် ...”
“ လွင်က မလိုက်ဘူးဆိုတော့ရော ...”
“ လွင်က မလိုက်ဆိုရင် လွင်နဲ့မောင် ထာဝစဉ်ခွဲကြဖို့ပဲ ...”
လွင်က ပြုံးသည်။ ပြုံးရင်းလည်း သူ့လက်ကို ဆွဲကိုင်လိုက်သည်။
“ မောင် ... လွင်နဲ့ ဘယ်တော့မှ မခွဲရဘူး၊ ခွဲလည်းမခွဲနိုင်ဘူး ”
“ လွင် ... ဘာပြောတာလဲ ”
“ မောင် ဒီညလာမှာကို မောင့်ဖေဖေသိတယ်၊ လွင့်ဖေဖေလည်း သိတယ်၊ လွင် ... သူတို့ကို အသိပေးထားတယ်၊ အခု သူတို့အားလုံး အဆင်သင့်ပဲ၊ လွင်အချက်ပေးလိုက်ရင် လာကြတော့မယ်၊ မောင် ဒီနေရာက ဘယ်မှမပြေးနိုင်ဘူး ”
သူ တုန်လှုပ်သွားသည်။ ကြားရသည်ကို မယုံဟန်၊ လွင့်ကိုယ်ကို လျှပ်၍မေးသည်။
“လွင် ... တကယ်ပြောတာလား၊ လွင့် ... မောင့်ကို သစ္စာဖောက်တယ် ...”
“ မောင့်ကို လွင် သစ္စာမဖောက်ဘူး၊ ဒါပေမယ့် မောင် လွင့်တို့နဲ့ အတူလိုက်မှာက ဒီနည်းပဲရှိတယ် ”
ပြောပြောဆိုဆို လွင်သည် လက်ခုပ်တီးအချက်ပေးရန် ဟန်ပြင်၏။ သို့သော် သူက လျင်မြန်လှသည်။ လွင့်လက်များကို ချုပ်လိုက်သည်။ လွင် အံ့အားသင့်နေဆဲ ... ခါးကြားမှ ဝှက်ယူလာသော ခြောက်လုံးပြူးသေနတ်ကို ထုတ်၍ပြသည်။
“နားထောင်စမ်း လွင် ... မောင့်ရဲဘော်တွေကို သစ္စာမဖောက်နိုင်ဘူး၊ မိန်းမတယောက်အတွက်လဲ ကိုယ့်ပြည်ကို ကိုယ်မစွန့်နိုင်ဘူး ”
သူအသံသည် ခက်ထန်လာ၏။ သေနတ်ပြောင်းကိုလည်း ချစ်သူ၏ရင်အုံဆီသို့ တင်းကျပ်စွာ ထောက်ထားလိုက်၏။ လွင်သည် မမျှော်လင့်သော သူ့အမူအရာကြောင့် ထိတ်လန့်ချောက်ချားသွားရှာသည်။ ရင်အုံ၌ထောက်ထားသော အေးစက် မာကျောသည့် သေနတ်ပြောင်းကိုတလှည့်၊ တင်းမာသော သူ့မျက်နှာမှ မီးဝင်းဝင်းတောက်သော မျက်လုံများကိုတလှည့် ပါးစပ် အဟောင်းသားနှင့် ကြည့်နေမိသည်။
“ လွင် ... အခုပြောနေတာမှန်တယ်၊ မောင့်မှာ ချစ်သူလည်းမရှိဘူး၊ မိဘလည်း မရှိဘူး၊ မောင့်လမ်းစဉ်ကို နှောင့်ယှက်ရင် အားလုံး ရန်သူချည်းဘဲ ... ကြားလား ”
သူက နောက်တလှမ်းဆုတ်၍ သေနတ်ကိုမူ လွင့်အားချိန်ထားသည်။
လွင်၌ ထိတ်လန့်မှုတို့ ပြယ်ကုန်သည်။ ကြေကွဲဆို့နင့်ခြင်းက လွှမ်းလာ၍ စကားမဆိုနိုင်၊ မျက်လုံးတို့၌သာ မျက်ရည်များ ပြည့်လျှံလာသည်။
ဤသည်ကို မမှုဘဲ၊ သူကသာ ဆက်အမိန့်ပေးသည်။
“ မောင်သွားမယ် ... လွင်မလှုပ်ပါနဲ့၊ ဟိုဘက်မြစ်ဆိပ်မှာ မောင့်ရဲဘော်နှစ်ယောက်ပါသေးတယ်၊ ဘယ်သူတွေကိုမှ လိုက်မလာပါစေနဲ့၊ လိုက်လာရင် ဘယ်သူတွေပဲဖြစ်ဖြစ်၊ မောင်တို့ကျည်ဆန်တွေက အသင့်စောင့်နေမယ် ... ဒါပဲ ”
သူက လွင့်ကို သေနတ်နှင့်ချိန်ရင်း ပိတောက်ပင်ရိပ်မှ နောက်ဆုတ်၍ခွာလာသည်။ လရောင်ကြယ်ရောင်များက တောက်ပြောင်နေသည်။ ပိတောက်နံ့တွေလည်း သင်းနေ၏။
ပေါက်ကွဲမြည်ဟီးသံများကြားမှ ဥဩငှက်သည် လွမ်းဖွယ်နွေတေးကို ဆိုညည်းနေဆဲ ... ။
ပိတောက်ပင်ငုတ်တွင် လွင်သည် မျက်နှာကို လက်ဝါးနှင့်အုပ်ငိုရင်း မလှုပ်မယှက်ကျန်ရစ်သည်။ စောခိုင်အနေဖြင့် ခင်မြလွင်ကို ဤသို့သာ နောက်ဆုံးမြင်တွေ့ခဲ့ရလေသည်။
ဒုတိယပိုင်းဆက်ရန်
#Typing_crd_ZawOo
တက္ကသိုလ်ဘုန်းနိုင် ရေးတဲ့စာတွေကို မူရင်းသတ်ပုံအမှန်တွေကို တမင်တကာ လွဲအောင် မှားအောင်ပြင်ပြီး တင်ကြ၊ ထုတ်ဝေနေကြတဲ့ခေတ်မှာ ဒီစာကိုတင်ပြထားသူက အကုန်မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်။ သတ်ပုံပြင်သူတွေက အဲဒီစာဟာ တစ်ကသိုလ်ဘုန်းနိုင်ရေးတာပါလို့ ထည့်ရမယ်။
ReplyDelete