Monday, 20 April 2020

စွန့်စားခန်းနှင့်အချစ်ဇာတ်လမ်းတစ်ပုဒ် #မြသန်းတင့်

#စွန့်စားခန်းနှင့်အချစ်ဇာတ်လမ်းတစ်ပုဒ်

#မြသန်းတင့်

“အိမ်အလုပ်ကလေး ဘာလေးလည်း လုပ်ပါဦး” ဟု အမေက ပြောပြီး သူ့အိတ်ကပ်ထဲသို့ နှိုက်နေပါသည်။

“ရော့ ပိုက်ဆံယူသွားပြီး ပဲလှော်သုပ် နည်းနည်း သွားဝယ်ချည် စမ်း၊ လမ်းလည်း ကောင်းကောင်းသွားနော်။ ကားကိုလည်း ကြည့်ရှောင်”

ကျွန်တော်သည် ခုံဖိနပ်ကို စီးကာ ပန်းကန်ယူပြီး သီချင်း ကလေး တအေးအေးဖြင့် ထွက်လာခဲ့ပါသည်။ ပဲလှော်ဆိုင်တွင် လူတွေ ပြည့်ကျပ်နေသဖြင့် ကျွန်တော်သည် အတော်ကြာအောင် စောင့်ရပါ သည်။

“ ပဲလှော် တစ်ကျပ်ဖိုးပေးပါ” 

ဟု ကျွန်တော်က အသံစူးစူးဖြင့် ပြောပါသည်။ 

“ ပဲလှော်လား၊ ပဲလှော်သုပ်လား” 

ကျွန်တော်က မဖြေသည့်အခါတွင် ဆိုင်ရှင်က စိတ်ဆိုးဆိုးဖြင့် ...

“ဖယ်၊ ဖယ်၊ ဈေးဝယ်သူ လာနေတယ်”

 ကျွန်တော်သည် လူထူထူရှေ့တွင် အဟောက်ခံရသည့်အခါတွင် ရှက်ရှက်ဖြင့် အိမ်ပြန်လာပါသည်။

“ဟင် . ဘာမှလည်း မပါပါလား။ ဘာလဲ လမ်းမှာ ပဲလှော် တွေ အကုန်ဖိတ်လာသလား။ ဒါမှမဟုတ်ရင်လည်း ပိုက်ဆံပျောက်ခဲ့ပြီ လား၊ တော်တော်ခက်တဲ့ ကောင်လေးပဲ”

အမေက မြည်တွန်ပါသည်။

“အမေက ဘာမှန်းမှ မသိဘဲဗျ၊ ပဲလှော်လား၊ ပဲလှော်သုပ်လား၊ ပဲကြော်လားဆိုတာ ပြောမှ မပြောလိုက်တာ”

“ဟဲ့ကောင်လေးရဲ့၊ နင်မနက်တိုင်း စားနေတာ မသိဘူးလား” 

“ဘယ်သိမလဲ အမေရ”

 “တော်တော် အသုံးမကျတဲ့ကောင်လေး၊ သွား ၊ ပဲလှော်သုပ်လို့ပြော”

ကျွန်တော်သည် ဈေးဆိုင်သို့ ပြန်လာပြီး ပြောသည်။ ဆိုင်ရှင်က စိတ်မရှည်ဟန်ဖြင့်မျက်မှောင်ကုတ်သည်။

“ဘာဆီနဲ့ သုတ်တဲ့ ပဲလှော်လဲ။ မြေပဲဆီနဲ့ သုတ်တာလား။ သံလွင်ဆီနဲ့ သုတ်တာလား။ သစ်ကြားဆီနဲ့ သုတ်တာလား”

ကျွန်တော် ဘာမျှ မဖြေနိုင်ပြန်ပါ။

 “နောက်မှာ ဈေးဝယ်လာနေတယ်ကွ၊ ဖယ်ပေးလိုက်ပါ”

ကျွန်တော် ဒေါပွပြီး ပြန်လာသည်။ အမေက အံ့အားသင့်နေ သည်။

“ဟောတော့၊ ဘာမှလည်း မပါပါလား။ ဘယ်မှာလဲ ပဲလှော်"

“မြေပဲဆီနဲ့ သုတ်တာလား၊ သံလွင်ဆီနဲ့ သုတ်တာလား၊ သစ် ကြားဆီနဲ့ သုတ်တာလား။ အမေက ဘာမှ သေသေချာချာ မပြောလိုက် ဘဲဗျ” 

ဟု ကျွန်တော် စိတ်ဆိုးမာန်ဆိုးနှင့် ပြောသည်။

“ဟဲ့ .. ပဲလှော်သုပ်လို့ ပြောလိုက်ရင် မြေပဲဆီနဲ့ သုတ်တာ ပေါ့ဟဲ့”

“ ဒါတော့ ကျွန်တော် ဘယ်သိမလဲဗျ”

“နင် တော်တော် အသုံးမကျတဲ့ ကောင်လေး၊ ဆိုင်ရှင်ကလည်း ဒီလောက်မှ နားမလည်ဘူးတဲ့လားတော်၊ သွား ပြောချေ။ မြေပဲဆီနဲ့ သုတ်တာလို့”

“ရှက်တယ်ဗျာ”

ကျွန်တော်သည် အိမ်မှ ခပ်သုတ်သုတ် ထွက်လာခဲ့ကာ ဆိုင် ထဲသို့ မရောက်ခင်ကတည်းက “မြေပဲဆီနဲ့ သုပ်တဲ့ ပဲလှော်သုပ်တဲ့ ဦးလေးရေ” ဟု အော်ပြောသည်။

“ပိုက်ဆံကို ခုံပေါ်မှာထား” 

ဟုဆိုကာ ဆိုင်ရှင်သည် ပဲလှော်ပုံ ကို နှိုက်နေသည်။

ကျွန်တော်သည် အိတ်ထဲသို့ နှိုက်ကြည့်သည်။ သို့ရာတွင် ကျွန် တော်အိတ်ထဲတွင် ပိုက်ဆံကို ရှာမတွေ့တော့။ အင်္ကျီအိတ်ကပ်ကို အတွင်း အပြင် လှန်ရှာသည့်တိုင် ပိုက်ဆံဆို၍ အရိပ်အရောင်မျှ မမြင်ရ။ ဆိုင်ရှင် က ပဲလှော်ကို ဇွန်းကြီးဖြင့် ခပ်နေရာမှ ပြန်ချလိုက်သည်။

“ဘာလဲ၊ ပိုက်ဆံကျကျန်ရစ်ခဲ့ပြီလား။ ဘာမှ စိတ်မချရပါ ကလားကွ”

“မပျောက်ပါဘူးဗျ၊ စောစောကတင် ရှိသေးတာပဲ”

 ဟု ကျွန် တော်က အောက်သို့ ငုံ့ရှာရင်း ပြောသည်။

“ကဲ .. ကဲ ဈေးဝယ်တွေ လာတယ်ကွာ။ သူများကို အနှောင့် အယှက် မပေးပါနဲ့”

ကျွန်တော်သည် ဟာလာဟင်းလင်းဖြစ်နေသော ပန်းကန်ဖြင့် အိမ်သို့ ပြန်လာခဲ့ရပြန်သည်။

“ဟောတော့ ဘာဖြစ်လာပြန်တာလဲ” 

“ပိုက်ဆံ”

 “ပိုက်ဆံ ဘာဖြစ်တာလဲ”

 “ကျွန်တော် အိတ်ထဲမှာ ပိုက်ဆံမှ ပါမသွားတာ”

 “ဘာဝယ်စားပစ်လိုက်ပြန်ပြီလဲ”

 “ဘုရားစူးရပါစေ့ဗျာ၊ ဘာမှ ဝယ်မစားပါဘူး”

 “ဒါဖြင့် ဘယ်မှာ ပျောက်ကျန်ရစ်ခဲ့တာလဲ ဟဲ့” 

“ ဒါတော့ ဘယ်သိမလဲ အမေရ”

 “နင် ဘာမှ ဝယ်မစားဘူးဆို ဘုရားစူး”

 “ဘုရားစူးရစေ့ရဲ့” 

“နင့် အိတ်ကပ်က ပေါက်နေလို့လား” 

“မပေါက်ပါဘူး”

 “အရင်အခေါက်တွေတုန်းက ဆိုင်ရှင်ကိုများ ပေးခဲ့သလားမှမသိတာ”

“မပြောတတ်ဘူး။ ဟုတ်ချင် ဟုတ်မလား မသိဘူး”

 “နင့်ဟာ ဘာမှ စိတ်မချရပါလား ဟင်” 

“ဆာတယ်ဗျာ”

အမေက ရင်ကိုထုသည်။

“သေပါတော့ဟယ်။ ကဲ . ကဲ နင့်ကို နောက်ထပ် ပိုက်ဆံ ပေးလိုက်မယ်။ ဒါပေမယ့် နင့်စုဗူးထဲက ထုတ်ပေးမယ်။ ဒီတစ်ခါ ဘာမှ မပါဘဲ ပြန်လာရင် သေပြီသာမှတ်”

ကျွန်တော်သည် ဆာလှပြီဖြစ်သဖြင့် ဆိုင်သို့ အပြေးထွက်လာ ခဲ့ပါသည်။ ဆိုင်နားရောက်ကာနီး လမ်းထောင့် အရောက်တွင် ဆိုင်ရှေ့မှာ ဟေးလားဝါးလား အော်ဟစ်နေကြသည့် ကလေးတစ်သိုက်၏ အသံကို ကြားရသည်။ ကျွန်တော်သည် ခြေလှမ်းတုံ့သွားကာ သူတို့ဆီသို့ စိတ် ရောက်သွားသည်။ သူတို့အနားသို့ သွားကြည့်ချင်သေးသည်။

 ကျွန် တော်သည် လူအုပ်ထဲသို့ တိုးဝှေ့ဝင်လာခဲ့ရာ ကျွန်တော့်ကို ကြည့်နေ သော မျက်လှည့်ဆရာကို တွေ့ရသည်။ ကျွန်တော်သည် အဆာပျောက် သွားကာ မျက်လှည့်ပွဲကို ဝင်ကြည့်နေလိုက်သည်။

 ကျွန်တော်သည် ဦး ထုပ်ထဲမှ ကြက်ဥတွေ၊ ယုန်တွေ ထွက်လာသည်ကို ကြည့်၍ သဘောကျ နေသည်။ ကြိုးကနေ မြွေဖြစ်သွားပုံကို ကြည့်၍ အရာအားလုံးကို မေ့နေ သည်။ မျက်လှည့်ဆရာက ကလေးတွေဆီက ပိုက်ဆံကောက်သည့်အခါ တွင် ကျွန်တော်သည် နောက်သို့ ဆုတ်လိုက်ရင်း “ကျွန်တော့်မှာ ပိုက်ဆံ မပါဘူးဗျ” ဟု ပြောသည်။

မျက်လှည့်ဆရာက ကျွန်တော့်ကို လိုက်သဖြင့် ကျွန်တော်သည် ချာခနဲ လှည့်ကာ ဈေးဆိုင်ဆီသို့ ပြေးလာခဲ့သည်။

“ ဦးလေး၊ မြေပဲဆီနဲ့ ပဲလှော်သုပ် တစ်ကျပ်ဖိုးပေးပါ”

ဆိုင်ရှင်က တုတ်တုတ်မျှ မလှုပ်ဘဲ ကျွန်တော့်ကို ကြည့်နေ သဖြင့် ကျွန်တော်က နောက်တစ်ခါ ထပ်ပြောသည်။

“ပေး... ပေး၊ ပန်းကန်ပေး” 

ဟု သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောပါသည်။ 

“ပန်းကန်တဲ့၊ ပန်းကန် ဘယ်ကျန်နေရစ်ပါလိမ့်။ မျက်လှည့် ဆရာ လိုက်တုန်းက ကျကျန်ရစ်ခဲ့သလား။ မျက်လှည့်ဆရာပဲ ယူထား လိုက်သလား ကျွန်တော် မသိတော့”

“ကောင်လေးက ရူးသလိုလို ပေါသလိုလိုနဲ့”

ကျွန်တော်သည် ပြန်လှည့်လာကာ ပန်းကန်ကို လိုက်ရှာသည်။ မျက်လှည့်ဆရာမှာ စောစောက နေရာတွင် မရှိတော့။ သို့ရာတွင် လမ်း ကြားကလေးတစ်ခုထဲမှ ကလေးတွေအော်သံကို ကြားသဖြင့် ကျွန်တော် သည် မျက်လှည့်ပွဲသို့ လိုက်လာခဲ့သည်။

 မျက်လှည့်ဆရာသည် ကျွန်တော့်ကို မြင်သွားပြီး အော်သည်။

“ဟေ့ကောင်လေး၊ မျက်လှည့်ကြည့်ခ ဘယ်မလဲ၊ နာချင်ပြီ လား”

“ကျွန်တော့် ပန်းကန်ရော” 

“ဘယ်ကပန်းကန်လဲ”

 “ကျွန်တော့်ပန်းကန် ပြန်ပေးပါဗျ”

စိတ်ညစ်နေရသည့်အထဲတွင် အသံတစ်ခုကို ကြားလိုက်ရပြန် သည်။

“ကဲ .. ကဲ လာကြည့်ကြနော်၊ လာကြည့်ကြ”

နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် ချောင်းကြည့် ပေါက်မှ ကြည့်ရသော အရိပ်ပြပွဲတစ်ခုကို တွေ့ရသည်။ ကလေးတွေက အရိပ်ပြပွဲဆီသို့ သွားကာ အလှည့်ကျ ကြည့်ရန် စောင့်နေကြသည်။ အရိပ်ပြပွဲပြသူက အထဲတွင် ပါသည့် အကြောင်းအရာများကို ပြောပြနေ သည်။

“အဲဒါက လူစွမ်းကောင်း မင်းသားကလေးက အချောဆုံး ဇေ နာမင်းသမီးကလေးကို ကယ်ဆယ်နေတဲ့ပုံကွယ့်”

ကျွန်တော်သည် မျက်ရည်များကို သုတ်လိုက်ပြီး အရိပ်ပြပွဲ ပြနေသည့် သေတ္တာကလေးကို ကြည့်နေမိသည်။ ကျွန်တော့်စိတ်ထဲတွင် မျက်လှည့်ဆရာကို လည်းကောင်း၊ ပန်းကန်ကိုလည်းကောင်း သတိမရ
တော့ပါ။ ကျွန်တော်သည် လက်ထဲတွင် ရှိသည့် ပိုက်ဆံကို အရိပ်ပြပွဲပြ သူကို လှမ်းပေးလိုက်ပြီး သေတ္တာပေါက်ကလေးထဲသို့ ချောင်းကြည့် လိုက်ပါသည်။ 

ကျွန်တော့်ဘေးက အပေါက်တွင် ကောင်မလေးတစ် ယောက်လည်း ရပ်ကြည့်နေပါသည်။ ပြပွဲပြီး၍ သတိရလာသည့်အခါ တွင် ကျွန်တော့်တွင် ပိုက်ဆံရော၊ ပန်းကန်ရော၊ မရှိတော့သည်ကို ကျွန်
တော် သတိရလိုက်ပါသည်။ မျက်လှည့်ဆရာကိုလည်း အရိပ်အရောင်မျှ မမြင်ရတော့ပါ။ သို့ရာတွင် ထိုအရာများသည် ကျွန်တော့်စိတ်ထဲတွင် အရေးမကြီးတော့ပြီ။

 ကျွန်တော်သည် အရိပ်ပြပွဲမှ စွန့်စားခန်း၊ အချစ်နှင့် ရဲရင့်မှုတွေကို မြင်ပြီး အကြီးအကျယ် သဘောကျနေပါသည်။ ကျွန်တော် သည် ဗိုက်ဆာသည်ကိုလည်း မေ့သွားပါပြီ။ အိမ်ပြန်ရောက်လျှင် အမေ ဆူပူကြိမ်းမောင်းမည်ကိုလည်း မေ့သွားပါပြီ။

 ကျွန်တော်သည် နောက်သို့ အနည်းငယ်ဆုတ်ပြီး ထွက်ပြေးလာခဲ့ပါသည်။ တစ်ခါက ငွေတိုက်နှင့် စော်ဘွား၏ ရုံးလုပ်ခဲ့သည့် အုတ်တံတိုင်းကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး အရိပ်ပြပွဲထဲက စွန့်စားခန်းများကိုသာ စဉ်းစားနေပါသည်။

 ကျွန်တော်သည် ရုပ်ရှင်ထဲက လူဆိုးကြီးကိုလည်းကောင်း၊ ဇေနာ မင်း သမီးကလေး ကိုလည်းကောင်း၊ လူဆိုးကြီး ကိုလည်းကောင်း သတိရနေ ပါသည်။ ထိုမျှမက ပါးစပ်ကရော ကိုယ်ခန္ဓာကရော ရုပ်ရှင်ထဲက စကား တွေကို ပြောပြီး ဟန်အမူအရာတွေ လုပ်နေမိပါသည်။

“ဟေ့ကောင်၊ မပြေးနဲ့ကွ။ ကိုင်း မှတ်ကရောကွာ” ဟု ဆိုကာ လေထဲတွင် လှံပစ်သည့်ပုံမျိုး လုပ်နေပါသည်။

“ပြီးတော့ ဇေနာမင်းသမီးလေးကို မြင်းပေါ်မှာတင်ပြီး မြင်းကို ဒုန်းစိုင်း သွားတယ်နော်”

ကျွန်တော့် နောက်မှ ချိုသာသည့် အသံကလေးတစ်သံကို ကြားလိုက်ရပါသည်။ 

နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် အရိပ်ပြပွဲတုန်းက ကျွန်တော့်ဘေးက အပေါက်တွင် ရပ်ကြည့်နေသည့် ကောင်မလေးကို တွေ့ရပါသည်။ ကောင်မလေးမှာ ညစ်ပတ်သည့် အဝတ်အစားများကို ဝတ်ထားပြီး ဆေးရောင်ခြယ်ထားသည့် ခုံဖိနပ်ကို စီးထားပါသည်။ သူ သည် သူ့ကျစ်ဆံမြီးကလေးများကို လက်ဖြင့် ဖွနေပါသည်။ လက်တစ် ဖက်တွင်မူ သကြားလုံးများကို ကိုင်ထားပြီး ပါးစပ်ထဲတွင်လည်း မြုံနေ ပါသည်။ ကျွန်တော်တို့သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့် လိုက်မိကြပါသည်။ ကျွန်တော်မှာ ကောင်မလေးကို တော်တော် သဘော ကျသွားပါပြီ။

“တို့ ဒီနားမှာ ခဏထိုင်ရအောင်လေ” 

ဟု ကျွန်တော်က ပြောပါသည်။ 

သူကလည်း ထိုင်ချင်နေဟန် တူပါသည်။ ကျွန်တော်သည် သူ့လက်ကို ဆွဲကာ ပြိုပျက်နေသည့် မြို့ရိုးကြီးမုခ်ဦးအောက်က လှေ ကားထစ်ပေါ်သို့ တက်လာခဲ့ပါသည်။ ထိုလှေကားထစ်များမှာလည်း ပြိုပျက်နေကြပါပြီ။ ထိပ်ဆုံးကို ရောက်သည့်အခါတွင် မိုးကုတ်စက်ဝိုင်း နှင့် ပြအိုးများကို မြင်ရပါသည်။

ကျွန်တော်တို့ နှစ်ယောက်သည် စကားမပြောမိကြဘဲ အတူ ထိုင်နေမိကြပါသည်။ ပြောစရာစကားလည်း ရှာမတွေ့ပါ။ ကျွန်တော့် စိတ်ထဲတွင်မူ ထူးဆန်းသည့် ခံစားချက်တစ်မျိုး ပေါ်နေပါသည်။ သူ့မျက် နှာနှင့် ကပ်လိုက်သည့်အခါတွင် မြေသင်းနံ့နှင့် ရောနေသည့် သူ့ဆံပင်မှ မွှေးပျံ့သော အနံ့ကို ရှုလိုက်ရပါသည်။ ထို့နောက် သကြားလုံးနံ့ သင်းသော အနံ့ကို ရပါသည်။ 

ကျွန်တော်သည် ပါးကလေးကိုရော နမ်းလိုက် ပါသည်။ ကျွန်တော်က နမ်းသည့်အခါ သူ ငြိမ်နေပါသည်။ နမ်းပြီးသည့် အခါတွင် သူသည် သကြားလုံး ဆက်စုပ်နေပါသည်။ နောက်ဆုံးတွင် သူက ပြန်ရန် ပြောပါသည်။ ကျွန်တော်က သူ့လက်ကို ဆွဲပြီး တားပါ သည်။

“နေပါဦးဟာ၊ မသွားပါနဲ့ဦး”

 “ဟင့်အင်း၊ သွားတော့မယ်” 

“ဘယ်ကို သွားမှာလဲ” ဟု ကျွန်တော်က စိတ်တိုတိုဖြင့် မေး သည်။ 

“ဝမ်းဆွဲသည်ဆီကို”

 သူက အိမ်တစ်အိမ်ကို လက်ညှိုးထိုးပြသည်။

 “ဘာလို့ သွားမှာလဲ”

 “မြန်မြန်လာခဲ့ပါလို့ သွားခေါ်မလို့”

“အမေ ဗိုက်နာနေလို့၊ အိမ်မှာ အော်နေတယ်။ အမေက ဝမ်း ဆွဲသည်ကြီးကို မြန်မြန်ခေါ်ခဲ့လို့ ခိုင်းလိုက်လို့”

“ဝမ်းဆွဲသည်ကြီးကို ခေါ်ပြီးရင် ပြန်လာမှာ၊ ဟုတ်လား”

သူက ခေါင်းညိတ်ပြသည်။ သူက သူ့အမေ ခိုင်းလိုက်သည့် အလုပ်ကို ပြောသည့်အခါတွင် ကျွန်တော်သည် အမေခိုင်းလိုက်သည့် အလုပ်ကို အမှတ်ရကာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ကျွန်တော် က အရေးရှိလျှင် အသုံးပြုလေ့ရှိသော လက်နက်ကို သုံးပါသည်။ 

ကျွန်တော်သည် အသံထွက်အောင် ငို၍ပြန်လာပါသည်။ ကျွန်တော့် ငိုသံကို ကြားလျှင် အမေသည် ထွက်လာပြီး အကျိုးအကြောင်း မေးမည် ထင်ပါ သည်။

သို့ရာတွင် အမေထွက် မလာပါ။ ကျွန်တော်သည် အိမ်ထဲသို့ လိုက်ရှာပါသည်။ အမေမှာ မီးဖိုထဲတွင်လည်း မရှိပါ။ အမေဘယ်သွား နေသနည်း။ ဘယ်အချိန် ပြန်လာမည်နည်း။ အိမ်တွင် ကျွန်တော် တစ် ယောက်တည်း ယောင်တောင်တောင် ဖြစ်နေပါသည်။ 

ထိုစဉ် အကြံ တစ်ခု ကျွန်တော်ရပါသည်။ ကျွန်တော်သည် ပန်းကန်တစ်ချပ်ကိုကောက်ယူကာ ကျွန်တော့် စုဗူးထဲမှ ငွေတစ်ကျပ်ကို ယူပြီး ပဲဆိုင်သို့ ထွက်လာခဲ့ပါသည်။ ဆိုင်ရှင်မှာ ခုံတန်းလျားတစ်ခုပေါ်တွင် နဖူးပေါ် လက်တင်ပြီး အိပ်ပျော်နေပါသည်။ ပဲလှော်ထည့်ထားသည့် ဗူးများလည်းမရှိတော့ပါ။
 လည်ပင်းရှည်ရှည်နှင့် ဆီပုလင်းများမှာလည်း စင်ပေါ် ပြန် ရောက်နေကြပါပြီ။ ကျောက်ဖြူသား ခင်းထားသည့် စားပွဲမှာလည်း ဆေး ကြောထားပါသည်။ 

“ ဦးလေး၊ ဦးလေး” ဟု ကျွန်တော်က ခပ်တိုးတိုး ခေါ်ပါသည်။

သူက ဟောက်နေသဖြင့် ကျွန်တော်က သူ့ပခုံးကို အသာတို့ ပါသည်။ ဆိုင်ရှင်သည် လက်ကို အလန့်တကြား မြှောက်လိုက်ပြီး နီရဲ နေသော မျက်လုံးများကို ဖွင့်၍ ကျွန်တော့်ကို ကြည့်ပါသည်။

“ဘာလာလုပ်ပြန်တာလဲကွ” 

ကျွန်တော့်ကို မှတ်မိသွားသဖြင့် ခပ်ထန်ထန် မေးပါသည်။

 “မြေပဲဆီနဲ့ ပဲလှော်သုတ် တစ်ကျပ်ဖိုး ပေးပါ”

 “ဘာ”

“ကျွန်တော့်မှာ ပန်းကန်လည်း ပါပါတယ်။ ပိုက်ဆံလည်း ပါပါတယ်”

“ဟေ့ကောင်လေး၊ သွား သွား။ လာရှုပ်မနေနဲ့။ ငါ ကောက် ရိုက်မိလိမ့်မယ်”

ကျွန်တော်က ရပ်မြဲ ရပ်နေသည့်အခါ သူသည် ကျွန်တော့်ကို ခပ်ပြင်းပြင်း တွန်းပစ်လိုက်ပါသည်။ ကျွန်တော်သည် ပက်လက်လန် ကျသွားပါသည်။ ကျွန်တော်သည် ငိုချင်စိတ်ကို အနိုင်နိုင် ချုပ်တည်းပြီး လဲရာမှ ထပါသည်။ လက်တစ်ဖက် တစ်ချက်စီတွင်လည်း ပန်းကန်ပြား နှင့် ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသည်။ ကျွန်တော်သည် သူ့ကို ပြန်၍ မိုက်ကြည့်ကြည့်နေပါသည်။ ကျွန်တော် ပြန်‌ပြေး မည်ဟု စိတ်ကူးမိပါသေးသည်။ သို့ရာတွင် လူစွမ်းကောင်းလို သတ္တိမျိုး မွေးရ မည်ဆိုသည့် စိတ်ကလေး ဖြစ်ပေါ်လာသဖြင့် ခပ်တည်တည် ရပ်နေပါ သည်။

 ထို့နောက် လက်ထဲတွင် ကိုင်ထားသည့် ပန်းကန်ဖြင့် တအား ပစ်ပေါက်လိုက်ပါသည်။ ပန်းကန်သည် လေထဲတွင် ဝွီးခနဲ အော်မြည် ပျံသန်းကာ သူ့ခေါင်းကြီးကို သွားမှန်ပါသည်။

ထို့နောက် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် လှည့် ပြေးခဲ့ပါသည်။ ပြေးလာရင်းလည်း ကျွန်တော့် စိတ်ထဲတွင် လူစွမ်း
ကောင်းက လူကြမ်းကြီး သတ်ခဲ့သလို သူ့ကို အသေသတ်ခဲ့ပြီဟု ထင်နေ ပါသည်။ ကျွန်တော်သည် မြို့ရိုးဟောင်းကြီးနား ရောက်သည့်အထိ အား ကုန် ပြေးလာခဲ့ပါသည်။

 မြို့ရိုးနား ရောက်သည့်အခါတွင်မှ မောကြီးပန်းကြီးဖြင့် နောက်ကို လှည့်ကြည့်ပါသည်။ သို့ရာတွင် နောက်မှ မည်သူမျှ လိုက်လာသည်ကို မမြင်ရပါ။

 ကျွန်တော်သည် ထိုအခါကျမှ ရပ်ပြီး အမောဖြေနိုင်ပါသည်။ အမောဖြေရင်း ဒုတိယပန်းကန်တစ်လုံး ဆုံးခဲ့ သည့်ကိစ္စကို မည်သို့ဖြေရှင်းမည် နည်းဟု စဉ်းစားနေပါသည်။ အိမ်သို့ တိုက်ရိုက်မပြန်ရန် ကျွန်တော့်ကို တစ်စုံတစ်ခုက သတိပေးနေပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဘာမျှ မစဉ်းစားတော့ဘဲ ခြေဦးတည့်ရာလျှောက်သွားနေပါသည်။

 ပြန်လာလျှင် ကျွန်တော့်ကို အမေ ရိုက်မည် မုချ။ အရိုက်ခံရမည့်အတူတူ နောက်မှ အရိုက်ခံရအောင် အချိန်ရွှေ့ထား လိုက်ချင်သည်။ ကျွန်တော့်လက်ထဲတွင် ပိုက်ဆံတော့ ရှိသေးသည်။ အရိုက်မခံရခင် ပိုက်ဆံကလေးတော့ သုံးလိုက်ချင်သေးသည်။ နောင်မှ ဖြစ်လိုရာ ဖြစ်စေတော့။

သို့ရာတွင် မျက်လှည့်ဆရာကော ဘယ်ရောက်သွားပြီနည်း။ အရိပ်ပြပွဲကော ဘယ်ရောက်သွားပြီနည်း။ ကျွန်တော် သူတို့ကို လိုက်ရှာ သည်။ သို့ရာတွင် ရှာမတွေ့ပါ။

လိုက်ရှာ၍ မတွေ့သည့်အခါတွင် မောမောဖြင့် ကျွန်တော်သည် ကောင်မလေးနှင့် ချိန်းထားသည့် မြို့ရိုးပျက်နားက လှေကားကြီးပေါ်သို့ တက်လာခဲ့ပါသည်။ ကျွန်တော်သည် ချိုချဉ်နံ့သင်းနေသော ကောင်မလေးကို နမ်းရန် စောင့်နေပါသည်။ ကောင်မလေးသည် ကျွန်တော့်ကို စွဲအောင် လုပ်သွားပြီဟု ထင်ပါသည်။ ထိုအတွေ့မျိုးကို ကျွန်တော် တစ် ခါမျှ မတွေ့ဖူးသေးပါ။

ကျွန်တော် ထိုင်စောင့်နေ၍ အတန်ကြာသည့်အခါတွင် ကျွန် တော့် နောက်နားဆီမှ တီးတိုး စကားပြောသံများကို ကျွန်တော် ကြား လိုက်ရပါသည်။

 ကျွန်တော်သည် လှေကားကြီးထိပ်သို့ တက်လာပြီး တစ်ဖက်သို့ ကြည့်လိုက်ပါသည်။ မြို့ရိုးအောက်ခြေတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထိုင်နေကြပါသည်။ တီးတိုး စကားပြောသံများမှာ သူတို့ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ အမျိုး သားမှာ လူလေလူလွင့် တစ်ယောက်နှင့် တူပြီး အမျိုးသမီးမှာ သိုးများကို ကျောင်းသည့် ဂျစ်ပစီမ တစ်ယောက်နှင့် တူပါသည်။ 

သူတို့လည်း ကျွန် တော်တို့ နှစ်ယောက်လို ချိန်းတွေ့ခြင်း ဖြစ်သည် ထင်ပါသည်။ ကျွန် တော်သည် သူတို့နှစ်ယောက်ကို ချောင်းကြည့်ရင်း စိတ်လှုပ်ရှားနေပါ သည်။ ပျော်လည်း ပျော်၊ ကြောက်လည်းကြောက် ဖြစ်နေပါသည်။ သူတို့ နှစ်ယောက်သည် ထထိုင်ကာ တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ ငူငူကြီးတွေ ထိုင်နေကြပါသည်။

အတန်ကြာသည့်အခါတွင် အမျိုးသားက စ၍ စကားပြောပါ သည်။

“ပိုက်ဆံပေးဦး” 

“ရှင့်မှာ ပိုက်ဆံချည်းပဲ တောင်းနေတာပဲ”

 “နင်က အလကား ကောင်မ” 

အမျိုးသားက တံတွေးကို ပစ်ခနဲ ထွေးလိုက်သည်။

 “နင်ကော သူခိုး”

အမျိုးသားက အမျိုးသမီးပါးကို ခပ်ပြင်းပြင်း လက်ပြန် ရိုက် လိုက်ပါသည်။ အမျိုးသမီးက မြေကြီးတစ်ဆုပ်ကို ကောက်ပြီး သူ့မျက် နှာကို ပက်လိုက်ပါသည်။ အမျိုးသားက အမျိုးသမီး၏ လည်ပင်းကို ထညှစ်ပါသည်။ အမျိုးသမီးက အတင်းရုန်းပါသည်။ အမျိုးသမီးက အော်သော်လည်း အသံမထွက်လာပါ။ မျက်လုံးကြီးတွေ ပြူးပြီး ခြေ ထောက်က မြေကြီးပေါ်မှာ လွတ်နေပါသည်။

 ကျွန်တော် ကြောက်ကြောက်ဖြင့် ကြည့်နေပါသည်။ အမျိုးသမီး၏ နှာခေါင်းမှ သွေးတွေ စီးကျလာပါသည်။ ကျွန်တော်သည် ထလှမ်းအော်ပါသည်။ အမျိုးသား က မော့မကြည့်မီ ကျွန်တော်သည် မြို့ရိုးပျက်ပေါ်မှ ခုန်ဆင်းကာ ခြေဦး တည့်ရာသို့ တအားစွတ်ပြေးလာခဲ့ပါသည်။ ကျွန်တော် အသက်ကိုမျှ မရှူနိုင်ဘဲ စွတ်ပြေးလာခဲ့ရာ နောက်ဆုံး သတိရ၍ ကြည့်လိုက်သည့် အခါတွင် အမိုးခုံးခုံးကြီးတွေ ရှိသည့် လမ်းဆုံလမ်းခွတစ်ခုသို့ ရောက် နေသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးပါ။

| ကျွန်တော်နေသည့် ရပ်ကွက်ပင်လျှင် ဘယ်နားရောက်နေ သည်ကို ကျွန်တော် မသိပါ။ လမ်းဘေး တစ်ဖက်တစ်ချက်တွင် မျက် မမြင် သူတောင်းစားတွေ တစာစာတောင်းနေကြပါသည်။ အရပ်လေး မျက်နှာမှလာသော လမ်းသွားလမ်းလာများသည် ဘယ်သူ့ကိုမျှ ဂရု မစိုက်နိုင်ဘဲ ကိုယ့်ကိစ္စနှင့် ကိုယ် ခပ်သုတ်သုတ် သွားနေကြပါသည်။ ကျွန်တော်သည် မျက်စေ့လည်နေပါသည်။ အိမ်ကို ဘယ်လို ပြန်ရမည် ဆိုသည်ကိုပင် မသိတော့ပါ။ လမ်းသွားလမ်းလာ တစ်ယောက်ယောက် ကို မေးရမည်လားဟု စိတ်ကူးမိပါသေးသည်။ ယခုနေ ပဲလှော်ဆိုင်ရှင် လို လူမျိုး၊ မြို့ရိုးပျက်ကြီးနားက လူလေလူလွင့် လူမျိုးနှင့် သွားတွေ့လျှင် မည်သို့ လုပ်မည်နည်။ ဘုရားသိကြားမ၍ ကျွန်တော့်ကို လိုက်ရှာနေသည့် အမေနှင့် သွားတွေ့လျှင် မည်မျှ ကောင်းမည်နည်း။

 သို့မဟုတ် ကျွန်တော် မှတ်မိသည့် အဆောက်အအုံတစ်ခုခု၊ နေရာတစ်ခုခု၊ အမှတ် အသားတစ်ခုခုကို တွေ့သည်အထိ လျှောက်သွားရမည်လော။
ကျွန်တော်သည် ပြတ်ပြတ်သားသား၊ မြန်မြန်ဆန်ဆန် ဆုံး ဖြတ်ရတော့မည် ဖြစ်ပါသည်။ အချိန်မရှိတော့။

နေ့တာသည် ကုန်ဆုံးလျက်ရှိကာ လျှို့ဝှက်ဆန်းကျယ်သည့် အမှောင်ထုသည် သက်ဆင်းလာတော့မည်။

--------------

မြသန်းတင့်

(အီဂျစ်အမျိုးသား စာရေးဆရာကြီး Nagaib Mahoruz ၏ The Conjurer Made Off with the Dish oŘ Osaqwa )

(ရင်ခွင်သစ်၊ ဇွန်၊ ၁၉၉၃)

#Typing_crd_ZawOo

ဝေး #မိုးမိုး ( အင်းလျား )

#ဝေး

#မိုးမိုး ( အင်းလျား )

ချို့အပေါ် ထားရှိတဲ့ သံသယအတွေးတွေကို ရေခြား မြေခြားအထိ ယူမသွားပါနဲ့လား ဆရာရယ်။

                                  * * * * *

ချို့ အမှားတွေပါပဲ။

ချို့ မိုက်မဲမှုတွေပါ။

ချို့ တွေဝေမှုတွေပါ။

ဆရာရဲ့ မေတ္တာစေတနာ၊ ကြိုးမျှင်လေးတွေကို အချုပ်အနှောင်ကွန်ယက်ကြီးလို့ ယူဆခဲ့တယ်။ ဆရာ့ရဲ့ စိုးရိမ်ဟန့်တားမှုကိုလဲ သံမဏိ‌ ဘောင်ကြီးလို့ မြင်ခဲ့မိတယ်။ ဒါကြောင့် အချုပ်အနှောင် ကွန်ယက်
ထဲက အလွတ်ရုန်းထွက်ခဲ့တယ်။ သံမဏိဘောင်အတွင်းကလည်း ပြေးထွက်ခဲ့မိတယ်။

ဒီအချိန်မှာ မေတ္တာ စေတနာ ထုထည်ကြီးကို ရင်မှာပိုက်ပြီး တအံ့တသြ ငေးမော ကျန်ရစ်ခဲ့တဲ့ ဆရာ့ကို လျစ်လျူရှုခဲ့ပြီလေ။

ဆရာ့ကို ချို မသိသလို။ ချို့ကိုလည်း ဆရာ နားမလည်ခဲ့တာလား။တက္ကသိုလ်က မြေနီလမ်း လှလှကလေးတွေကို ညနေ သာသာယာယာ
အချိန်မျိုးမှာ ခြေလက်ဆန့်ရင်း အပျင်းပြေ လမ်း‌လျှောက် ချင်တယ်ဆရာ။ဆရာပြောသလို အသံမထွက် မလှုပ်မယှက် ထိုင်နေရတဲ့ စာကြည့်ခန်းထဲမှာ စိတ်ကို ထိန်းချုပ်ရင်း ဒြပ်စင်တွေ ဒြပ်ပေါင်းတွေ အကြောင်းကိုချည်း လေ့လာ ဆည်းပူး မနေချင်ဘူးဆရာ။

အင်းယား‌ရေပြင်ရဲ့ အလှကို ငေးပြီးတော့ ရေစပ်မှာ ခြေချလို့ ဆော့ကစားချင်တယ်။ မမြင်နိုင်စွမ်းတဲ့ လေထုထဲက အရာတွေကို တပင်တပန်း
စမ်းသပ် ရှာ‌ဖွေ မနေ ချင်ပါဘူး ဆရာရယ်။

ဆရာက ပြောတယ်။

စိတ်ကူးယဉ်ကမ္ဘာထဲမှာချည်း ချို့ကို ရှိမနေ‌စေ ချင်ဘူး၊ တကယ့် လက်တွေ့ဘဝထဲမှာ ချို့ကို ရှိစေချင်တယ်တဲ့။

ချိုကတော့လေ ...၊

လာစမ်းပါ ဆရာရယ်။ ဆရာ့ လက်တွေ့ စမ်းသပ်ခန်းထဲက ဖန်ပြွန်တွေ၊ ဖန်အိုးတွေ၊ အရောင်တွေ၊ အနံ့၊ အရသာတွေ ခဏထားခဲ့စမ်းပါ။
”ဒီမှာ ပန်းပွင့် ၊ ဒီမှာ လိပ်ပြာလေးတွေ၊ သဘာ၀ရဲ့
အလှအပတွေကို ခံစားလှည့်စမ်းပါလို့ "ဆွဲခေါ်ပြချင်စမ်းတယ်။

ဖြစ်ချင်တာတွေက ဆန့်ကျင်နေပါကလား ဆရာ။

ဒါပေမဲ့ ဆရာရယ်။ ဒါဟာ ဆရာနဲ့ ချို ဝေးခဲ့ကြရတဲ့ အဓိကအကြောင်းချက် မဟုတ်ခဲ့ပါဘူး ဆရာ။

                                * * * * *

ပျော်စရာ ကောင်းတဲ့ နေ့တစ်နေ့ပါ ဆရာ။ ဘာသာရပ်အလိုက်ဖွဲ့စည်းထားတဲ့ အသင်းအသီးသီးတွေ ၊ အသင်းသားအချင်းချင်း ရင်းနှီးမှုရရှိရေး၊စာသင်ခန်းရဲ့ ပြင်ပ ပတ်ဝန်းကျင်ကို လေ့လာသုံးသပ်ရေးပေါ့ ဆရာရယ်။

သံလျင်မြို့ဟာ လေ့လာ ရေး ဦးတည်ရာပါ။
ပါဒကြီးဘုရားဟာ လေ့လာရေးခရီး တစ်ထောက်နားရာပါ။ကျောက်တန်း ရေလယ်ဘုရားကတော့ စုစုဝေးဝေး  အေးအေး ဆေးဆေး
တပျော်တပါး ဘုရားဖူးကြရာ နေရာပေါ့။

သံလျင်ခရီးက အပြန်မှာ ဆရာ့ဟန်၊ ဆရာ့အပြုံးတွေနဲ့ ဆရာအကြည့်တွေးက ချို့‌နေရာ ရတနာအဆောင်အထိ လိုက်လို့ နူတ်ဆက်ကြလေရဲ့။

ချိုရယ် ဆရာရယ်လို့ အသိအမှတ်ပြုမိကြပြီလေ။

                                * * * * *

အဲဒီနှစ်က ချို စာမေးပွဲအောင်တယ်။

                                * * * * *

ကြည်နူးစရာကောင်းတဲ့ နေ့တစ်နေ့ပါ ဆရာ။

အဆောင်မှာ စားသောက်ရတာ ကြာလာတော့လဲ အပြင်ထွက် စားကြရတာ အရသာရှိတယ်ပေါ့။ နမ်းဆင်း ဟိုတယ်က ဟင်းခွက်တွေရဲ့
အရသာဟာ ဆရာ့ စေတနာကြောင့်လား၊ ချို့ အပြုံး‌ကြောင့်လား ချိုမြနေတာတော့ အမှန်ပါလေ။

ရင်းနှီးမှုရဲ့ တိုးတက်လာခြင်း အထိမ်းအမှတ် ဆိုပါတော့။ ဌာနဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ဆရာ ထက်ထက်မြက်မြက်ရှိပုံကို ချို သဘောကျတယ်။ ကျောင်းသူတစ်ယောက်အနေနဲ့ ချို တက်တက်ကြွကြွ ပါဝင်လှုပ်ရှားကာကို ဆရာက ချီးကျူးတယ်။

                               * * * * *

ချို

ဆရာ့ဆီလာခဲ့ဦး။

                   ဆရာ

                                * * * * *

“ချို ဘယ်လိုဖြစ်တာလဲ"

" ချို ဘာဖြစ်လို့ လဲ ဆရာ”

“ချို ပြီးခဲ့တဲ့ တက်စ်မှာ အမှတ်တွေ သိပ်နည်းပါလား”

“ဆရာရယ်၊ အရေးတကြီး စာရေးတော့ ဘာများလဲလို့၊ အမှတ်စာရင်း ချိုသိပြီးပါပြီ ဆရာရဲ့"

အေးဆေးတဲ့ ချို့ အမှုအရာဟာ အရေးတကြီးဖြစ်နေတဲ့ ဆရာဟန်ကို ပိုပြီး လေးနက်သွားစေတယ်။

" ပေါ့ပေါ့ဆဆ နိုင်လှချည်လား ချို ၊ ဒီပုံအတိုင်းဆိုရင် စာမေးပွဲကျနိုင်တယ်"

"စာမေးပွဲအောင်ဖို့ ချိုတို့ ကျောင်းနေကြတာလား ဆရာ”

“‌ အော် ချိုရယ်၊ စာမေးပွဲအောင်မှ သိချင်တဲ့ အရာတွေကို နောက်တစ်ဆင့် တိုးတက် သိမြင်အောင် ရှေ့တိုးနိုင်မယ် မဟုတ်လားကွယ်"

သည့်နောက်တော့ ဆရာဟာ ချို့ကို ဆုံးမစကားတွေ၊ ဖျောင်းဖျစကားတွေ တိုက်တွန်းမှုတွေနဲ့ပဲ အမြဲလို သတိပေးနေတော့တယ်။  ဆရာ့ အပြောအရဆိုရင် ချို ကြိုးစားရမယ်။ အတန်းတွေ အောင်မြင်ရမယ်၊ ဘွဲ့တွေ ရရမယ်။

ချိုက ဆရာ့ကို " မိုးကျော်သူ ' လို့ပဲ ဆိုမိတယ်။ ဆရာဖြစ်စေချင်တာတွေ ချို လိုက်လုပ်နေရမှာလား၊ လွတ်လပ်မှုကို ထိပါးလာမှာစိုးတယ်။
ချိုက ငှက်ကလေးလို လွတ်လွတ်လပ်လပ် ပျံသန်းနေချင်တယ်။

တားဆီးလေလေ ရုန်းထွက်ချင်‌လေ ။
မနာခံမှန်း သိလေလေ ချုပ်ချယ်ချင်လေ ။
ချိုနဲ့ ဆရာရဲ့ ရင်တွင်း ပဋိပက္ခလေးတွေပါပဲ။
ဒီပဋိပက္ခကလဲ ဆရာ့ကို ချို ရှောင်ပြေးမိခဲ့တဲ့ အဓိကအကြောင်းတော့ မဟုတ်ခဲ့ဘူး ။

                                 * * * * *

"စနေနေ့ည‌နေက လှည်းတန်းဈေးမှာ ချို့ကို တွေ့လိုက်တယ်"

“ဟုတ်ပါတယ်ဆရာ၊ ချိုတို့ မုန့်ထွက်စားတာ"

"ချို့တို့"လို့ တမင်ထည့်ပြောလိုက်တာက ဝန်ခံလိုက်တာပါ။ ချိုနဲ့ ကိုကျော်လွင်ပါ။ဆရာ ချက်ချင်း ဣန္ဒြေဆည်လိုက်ပေမဲ့ ဆရာ့မျက်နှာ
ပျက်သွားတာ သိလိုက်ပါတယ်။

"စာမေးပွဲနီးပြီ မဟုတ်လား ချို ၊ ဒီလိုပဲ ခဏခဏ ထွက်သလား”

“ ချို စာကျက်ပါတယ် ဆရာရယ်” 

“ စာမေးပွဲ အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိရဲ့လား"

“ဒါတော့ ချိုဘယ်သိနိုင်မှာလဲ ဆရာရယ်”

ချိုက ပေါ့ပေါ့ဆဆ ပြောလေလေ ဆရာက ပြင်းပြင်းထန်ထန် သတိပေးသံပါ‌လေပါပဲ။ ဆရာ့ ဆုံးမစကားတွေက ချို့နားမှာ၊ လျှံကုန်ပြီ
ဆရာရဲ့၊ ချို ယောက်ျားမိတ်ဆွေတွေနဲ့ သွားလာတာကို သဝန်တိုစိတ်တစ်ခုနဲ့ ချို့ကို ဖိဆူနေတာလားလို့ပဲ မိုက်မိုက်မဲမဲ တွေးမိတယ်။ ပြီး သဝန်တိုရင်လဲ ကိုယ်တိုင်က ဂရုစိုက်ပါလား၊ ကြားလူ အဝင်မခံနဲ့ ပေါ့လို့ စိတ်ထဲက ပြောမိတယ်။

နောက်တော့ ဘယ်နေရာမှာ ချို့ကို ဘယ်သူနဲ့ တွေ့လိုက်တယ်ဆိုတာကို ဆရာ မပြောတော့ပါဘူး၊ ဆရာ့ရှေ့မှာတင် မျက်နှာချင်းဆိုင် တွေ့ပေါင်းက များလာပြီကိုး။

ဒီလိုနဲ့ပဲ နှစ်ဝက်ကျိုးလို့ ကျောင်းရက်ရှည် ပိတ်ခဲ့ပါပြီ။ ချိုနဲ့ ဆရာတို့ရဲ့ ဆက်ဆံရေးက စမ်းတဝါးဝါးပါပဲ။

ဒါပေမဲ့ ဆရာရေ
ခွဲခွာခြင်းက စကားပြောပါလေရောလား။

ဆရာ့ရဲ့ သိမ်မွေ့တဲ့ စာလေးတွေက ချို့အပေါ် သံယောဇဉ်ကြီးကြောင်းကို ပြတယ်။ ချို့ရဲ့ နွဲ့ပြောင်းတဲ့ စာတွေက ဆရာ့အပေါ်
တွယ်တာမိကြောင်းကို ဆိုကြတယ်။

ဒုတိယ နှစ်ဝက်ရဲ့ ကျောင်းပြန်အဖွင့်မှာတော့ ချိုဟာ ဆရာဖြစ်စေချင်သလို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်လို့ကတိပေး ပြီးသားဖြစ်ခဲ့
ရတယ်။

ချို ကြိုးစားတော့ ကြိုးစားခဲ့သားပဲ ဆရာရယ်။

ဆရာ့စည်းမျဉ်းက တင်းကျပ်လွန်းအားကြီးတော့ ချို သည်းမခံနိုင်ပါဘူး။ ဆရာက နေရာတကာ ပုံစံကြီးနဲ့ ထားချင်တယ်။ ဒီလိုနေ၊ ဒီလိုလုပ် ၊ ဒီဟာမလုပ်နဲ့ ဓာတုဗေဒ၊ ညီမျှခြင်းတွေထက် ဆရာ့သြဇာ၊ အဆုံးအမတွေကို မှတ်ရတော့ ပိုပင်ပန်းတယ်။

ချိုက နူးညံ့တယ် ဆရာ။
ဆရာ့စည်းကမ်းက တင်းမာလွန်းတယ်။

ဒါပေမဲ့ ဆရာရယ် ဆရာ့သြဇာအောက်က ချို လုံးဝ လွတ်အောင် ရုန်းမထွက်ခဲ့သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ချို့ နူးညံ့တဲ့နှလုံးသားက ဆရာ့ကို တွယ်တာမိ၊ ချစ်နေပြီကိုး။

ဒါနဲ့များ မိန်းကလေးရယ်။ မင်း ကိုယ်က ဘာကြောင့်များ ရှောင်သွားရတာလဲ၊ တည်ငြိမ်တဲ့ ဆရာ့ရင်ကို လှုပ်ရှားအောင် ဘာကြောင့် လုပ်
သွားရသလဲ။ သန့်စင်တဲ့ ဆရာ့စေတနာကို အညစ်အနွမ်းဖြစ်အောင် ဘာ့ကြောင့် မွှေနောက်သွားရသလဲလို့ ဆရာက ဆိုတော့မယ်။

                                * * * * *

“ညီမလေးရယ်။ စိုးရိမ်မိတယ်။ ညီမလေးရယ် စိုးရိမ်မိတယ်”

“အနားမှာနေကွယ်။ ဆရာ့အနားမှာ နေပါကွယ်"

ဓာတုဗေဒဌာန ဆရာ့အခန်းထဲက ထွက်လာတိုင်း မကြားတကြား နောက်ပြောင်သီဆိုကြတဲ့ ကျောင်းသားကြီးတွေရဲ့ လှောင်သံတွေလေ ‌ ။

ချို ရှက်ပြီ ဆရာရယ်၊ ဒါကြောင့် ဆရာ့ဆီလာရမှာ ဝန်လေးနေပါတယ်။ ဆရာ့အခန်းထဲမှာ ဆရာမရှိတဲ့အချိန် သူငယ်ချင်းတွေနဲ့ အတူတူ စာ
လာကျက်ဖို့ကိုတောင် ချို မရဲတော့ဘူး။

စာကျက်ဖို့ဆိုရင် ကို နေရာ‌ရွေးလွန်းတဲ့ ချို၊ ရွက်ဝါလို စိတ်လွင့်ပါးလွယ်တဲ့ ချို၊ ဒီလိုဆိုပြန်တော့ ဆင်ခြေကန်စရာ၊ အကြောင်းတွေနဲ့ စာအုပ်ကို
မျက်နှာချင်း မဆိုင်ချင်ပြန်ဘူး။

ချို့ အခန်းထဲမှာဆိုရင်လဲ အိပ်ရာထဲမှာ အတွေးနယ်ကျယ်ပြီး စိတ်လေယဉ်စီးဖို့လောက်သာ ချို ဝါသနာပါခဲ့တာ။

အင်းယားကန်စောင်းမှာ အဖော်တစ်စုနဲ့ဆိုရင် သင်္ခန်းစားအကြောင်း၊စာအကြောင်းဆွေးနွေးဖို့ထက် ကဗျာအကြောင်း၊ လင်္ကာအကြောင်း ဝိုင်းဖွဲ့လောက်သာ ချို စိတ်ထက်သန်ခဲ့တာ။

ဒီတော့လဲ အပတ်စဉ် ကျူတိုရီရယ်တွေ ဖြေရမယ့်အခန်းကလဲ ချို ပြေးတတ်လာခဲ့ပြန်ပြီ။ ဓာတုဗေဒလက်တွေ့ခန်းထဲက ချို လစ်တတ်ခဲ့ပြီ။

ချို့တို့ လက်တွေ့ စမ်းသပ်ခန်းထဲမှာ ဆရာ လာသင်နေတယ်ဆိုတာကိုတောင် ချို မသိခဲ့လေတော့ ချို့ အဖြစ်ကို ဆရာမသိဘဲ ဘယ်နေပါ့မလဲ။

                              * * * * *

“ချို ဆရာ့စကားကို နားမထောင်ပါလားကွယ်”

ရှောင်နေတဲ့သူကိုမှ မတွေ့တွေ့အောင်ရှာပြီး ဆရာက ဆိုပြန်တယ်။စာအုပ်တွေကိုလဲ ဆရာက စစ်ဆေး‌လေရဲ့။ ကွက်လပ်တွေများနေတဲ့ ချို့
စာအုပ်တွေကို ကြည့်ပြီး ဆရာက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။ပြီးတော့ ချို့ကို ကြည့်တယ်။ သိပ် အထင်သေးတဲ့အကြည့်လို့ ချို ခံစားရတယ်။ဆရာ့အကြည့်ကို ချို ခံပြင်းမိတယ်။ ထပ်မံမိုက်မဲခြင်းလို့ ဆိုရမလား။ချို့ အပေါ် အထင်သေးတာကို ချို မခံချင်ဆုံးပဲ။

မာနခဲ တလွဲဆံပင်ကောင်းခဲ့တဲ့ ချို့။
နားလည်မှုအမှားနဲ့ မခွဲခြားတတ်ခဲ့တဲ့ ချို။
ကလေးငယ်အတွေးနဲ့ မရင့်ကျက်သေးတဲ့ ချို။
ဆရာ့ကို အထင်လွဲတယ်။ ။
ဆရာ့မေတ္တာကိုလဲ စော်ကားမိခဲ့တယ်။
သည်စာတွေမကျက်တော့ ဘာဖြစ်မှာလဲ။
သည်စာမေးပွဲတွေ မအောင်တော့ ဘာဖြစ်မှာလဲ။
သည်ဘွဲ့မရတော့ကော ဘာဖြစ်သွားမလဲ။

ဆရာကရော ဒါတွေ ဒါတွေရမှ ချို့ကို ခင်တွယ်မှာလား။ဒီလိုဆိုရင်တော့ ဆရာ့စေတနာကို ချို မယုံ။ ဆရာ့မေတ္တာကို ချိုမလေးစား…။
ဆရာ့သံယောဇဉ်ကို ချို လက်မခံချင်တော့ဘူးလေ။
ဒါပေမဲ့ဆရာ့ကို ရှောင်ပြေးခဲ့တာ မကျေနပ်မှုလေးတွေကြောင့်ချည်းပဲ မဟုတ်ခဲ့ပါဘူးလေ။

                               * * * * * 

ချို့ အရည်အချင်းကို ချို အထင်ကြီးတယ်။
ချို့ ဉာဏ်ရည်ကို အားကိုးတယ်။
ဒါကြောင့် ချို့ မာနကို ပျိုးခဲ့မိတယ်။
သည်စာမေးပွဲကို အောင်အောင်ဖြေမယ်။

ချို စာကျက်ပြီ။ လက်တွေ့ခန်းထဲ ပြန်ဝင်ပြီ။ ပျက်ကွက်ခဲ့တာတွေ ပြန်ကူးပြီ။ သူငယ်ချင်းတွေကို အားကိုးရတယ်။ နားမလည်တာတွေများလှ
တယ်။ ဓာတုဗေဒ ဆိုတာ အမေ့ခံတဲ့ဘာသာမျိုး မဟုတ်။ ပျက်ကွက်တာကို ခွင့်လွတ်တာမျိုး မဟုတ်။ ပစ်ပယ်တာကို သည်းခံတတ်တာမျိုး မဟုတ်။

အမြဲထိတွေ့ကိုင်တွယ်နေမှ ကျွမ်းကျင်တတ်တာမျိုး။ အစဉ်စူးစမ်းရှာဖွေနေနိုင်မှ ပိုင်နိုင်တတ်တာမျိုး။ တာ၀ရလေ့လာနေမှ လိုက်မီနိုင်တာမျိုး။

ချို ပင်ပန်းလှပြီ။ ခေါင်းတွေ ပူလာပြီ။ ဦးနှောက်တွေလဲဆူလာပြီ။ စာမေးပွဲကလည်း နီးလာပြီ။ ချို ဘယ်မှ မသွားဖြစ်ဘူး။ဘယ်ဧည့်သည်မှလဲ အတွေ့မခံတော့ဘူး၊ အစာကောင်းကောင်း မစား
နိုင်တော့ပါဘူး ဆရာရယ်။

ချို

မတွေ့တာကြာပြီ။

စာမေးပွဲအတွက် သိပ်ပင်ပန်းနေပြီလား။
နားမလည်တာတွေ ဆရာနဲ့ လာတိုင်ပင်ပါ။
ချို့ အတွက် ဆရာ စိတ်ပူတယ်။
သိပ်လဲ အပင်ပန်းမခံနဲ့။
ကျန်းမာရေးလဲ ဂရုစိုက်။

                                                     ဆရာ

ဟုတ်တယ်။

ဆရာ့ဆီလာဖို့ သတိရပေမဲ့ တမင် မလာဘဲ နေခဲ့တယ်။ နေခဲ့တယ်ဆိုရင် ပိုမှန်မှာပေါ့ ဆရာ။

ပြီးတော့ ဆရာကို ချို စိတ်ကောက်နေတယ်လေ။

                                * * * * *

စာမေးပွဲ ပထမရက်။ ။

ကျောင်းသားတိုင်း အားပါးတရ ဖြေကြတယ်။
ချိုတော့ အသင့်အတင့်ပါပဲ။
ဒါပေမဲ့ မ‌ကျ နိုင်ပါဘူးလေ။
ချို အားမလျှော့သေးပါဘူး။

                                * * * * *

ဒုတိယနေ့။

မဆိုးပါဘူး။ တော်တော်လေး ဖြေနိုင်တယ်။
ချို အားတက်လာပြီ။

                                 * * * * *

တတိယနေ့

သိပ်မရဘူး။
သူများတွေက လွယ်တယ် လွယ်တယ်နဲ့ အော်နေကြတယ်။
သိပ်စိတ်ညစ်တယ်။

                                  * * * * *

စတုတ္ထနေ့

ဘာတွေမှန်း မသိပါလား။
ဘာတွေ ရေးထားတာလဲ။ ဘာတွေလဲ။
ဘာတွေရေးချရမလဲ။ ဘာလုပ်ရမှာလဲ။

စာမေးပွဲခန်းထဲက ထွက်လာရမှာလား။ ဆက်ထိုင်နေရဦးမှာလား။ဘယ်အချိန်အထိ ထိုင်ရဦးမှာလဲ။ “‌ ဖြေခွင့်အချိန်တာ သုံးနာရီတဲ့" ကုန်ခဲလိုက်တာ။

                                * * * * *

စာမေးပွဲခန်းထဲက ထွက်လာပြီး အင်းယားကန်စပ်မှာ သွားထိုင်တယ်။ငေးမိ‌ငေးရာ တွေးမိတွေးရာ တွေးနေမိတယ်။ လေကလဲ အေးလိုက်တာ။
ချမ်းသလိုလိုပဲ။ အိပ်ရေးပျက်ခဲ့တဲ့ ညတွေကြောင့် ခေါင်းထဲမှာ ကိုက်ခဲနေတယ်။ စိတ်ပူပန်မှုကြောင့် ရင်တွေ တလှပ်လှပ် ခုန်လာတယ်။

အဲဒီညမှာ ချို့ ဖျားတယ်။

နောက်နေ့ မနက်မှာ စာမေးပွဲခန်းကို မဝင်နိုင်တော့ဘဲ ဆေးခန်းကိုပဲ ရောက်ခဲ့ရတယ်။ ဆေးခန်းကနေ ဆက်ဖြေရပါတယ်။ လာစောင့်တဲ့
ဆရာမက အကြင်နာနဲ့ ဖေးမပါရဲ့ ။ ဒါပေမဲ့ ချို့ခေါင်းထဲမှာ ဘာမှမသိ။ဘာမှမရှိ။ ဓာတုဗေဒဆိုတာ အရောင်စုံလား၊အနံ့ထုံသလား၊ ဆုပ်ကိုင်လို့
ရသလား၊ အငွေ့လား၊ အစိုင်အခဲလား၊ အို ရှုပ်ထွေးလိုက်တာ။ ပရိယာယ်များလိုက်တာ၊ မာယာကြွယ်လိုက်တာ။

၁၀၄ အောက် မလျော့တဲ့ အပူချိန်နဲ့ မူးနောက်ဆူ‌ ဝေနေတဲ့ ဦးနှောက်နဲ့ ဒီအရှုပ်အထွေးတွေကို ဘယ်လို ဖြေရှင်းရမလဲ။

သွား ။ ဘာမှ မတွေး ချင်ဘူး။ဘာမှ မရေးချင်ဘူး၊ သွားစမ်းပါ။အဝေးကြီးကို သွားကြစမ်းပါ။ ။

တစ်ယောက်တည်း နေပါရစေ။ အိပ်နေပါရစေ။

                                * * * * *

ဆေးခန်းရဲ့ ဧည့်သည်ချိန်မှာ ပထမဆုံး ရောက်လာတာက ဆရာ။ ဆရာပါလား။

ဆရာ ဘာများပြောချင်သေးလဲ။ ဘာများ ပြောနိုင်ဦးမှာလဲ။ ပြောလို့ကော ဘာတွေ အကြောင်းထူးလာမလဲ။ ဆရာပြောမှာတွေလဲ ချို နားမထောင်ဝံ့ဘူး။ မကြားဝံ့ဘူး ဆရာရယ်။ ဒီတစ်ခါတော့ ဆရာက အကြင်နာ အပြုံးနဲ့ ဆိုခဲ့တယ်။

“နေကောင်းအောင်သော နေပါကွယ်။ ဘာမှ မတွေးနဲ့” တဲ့။
ဘာမှ မတွေးနဲ့တဲ့။
ဘာမှလဲ မတွေးချင်တော့ပါဘူး ဆရာရယ်။

နောက်နေ့တွေမှာလဲ ချို့ နဖူးပေါ်မှာ ရေခဲအိတ်နဲ့ အပူချိန်လျော့အောင် သူနာပြုဆရာမတွေက ကြိုးစားတယ်။ အဖျားဒီဂရီက ဆရာမတွေကို
တော်လှန်တယ်။ စာမေးပွဲက ဝတ္တရားမပျက် ဆက်စစ်တယ်။ မေးခွန်းလွှာတွေက တာဝန်မပျက် ရောက်လာတယ်။

သတိရတာ ရ၊ မရတာ မရ။

ဖြေချင်တာ ဖြေ ၊ ရေးချင်ရာ ရေး။
မှန်ချင် မှန်။ မှားချင် မှား။

အောင်ရင် အောင်၊ မအောင်ချင် နေ။
ဘာမှ မတတ်နိုင် တော့ပါဘူး။

လူနာကြည့်ဖို့ ဧည့်လာချိန်က သုံးနာရီခွဲ။ အပြင်မှာ ဆရာရောက်နေတာက သုံးနာရီ မဆိုးသေး။ ဧည့်သည်ပြန်ချိန်က ခြောက်နာရီ။ နှင်ထုတ်မှ
ဆရာပြန်တော့ ခြောက်နာရီခွဲ။ ။

ဘေးလူတွေက အကဲခတ်တယ်။ သူငယ်ချင်းတွေက အဝေးကပဲ ကြည့်နေကြတယ်။ ပြီးတော့ သူတို့ မျက်နှာမှာ နောက်ပြုံးလေးတွေနဲ့။
ဆရာပြန်ရင် သူတို့လာပြီ။ စကြပြီ။ နောက်ကြပြီ။

နေမကောင်းလျက်နဲ့ ရယ်ရတယ်။ ဝမ်းနည်းလျက်နဲ့ ကြည်နူးရတယ်။ စိတ်ပျက်ရင်းက ပီတိဖြစ်ရပါတယ် ဆရာရယ်။

                             * * * * *

ကျောင်းပိတ်လို့ သူများတွေ အိမ်ပြန်ကြတော့ ချိုက အားနည်းနေသေးလို့ဆေးခန်းမှာ ကျန်ခဲ့တယ်။ အိမ်ပြန်ချင်လှပြီ။ လာပြုစုနေတဲ့ အမေ့ကိုလဲ
သနားလှပြီ။ ချို့ အမေက ဆရာ့ကို ခင်ပါတယ်။ ချို့ အစ်ကိုကလဲဆရာကို လေးစားပါတယ်။ သူတို့အားလုံး ချိုနဲ့ ဆရာ့ကို နားလည်နေကြပါပြီ။

ချိုတို့ မိသားစု အိမ်ပြန်တော့ ဆရာ စာမေးပွဲဖြေရင်း ကျန်ရစ်တယ်လေ။ မဟာသိပ္ပံအတွက်ပေါ့။ ချိုလဲ စိတ်ပူတတ်လာပါပြီ။ ဆရာဖြေမှ ဖြေနိုင်ဦးပါဦးမလား။ ဆရာ စာမကျက်နိုင်အောင် ချို နှောင့်ယှက်ခဲ့မိပြီထင်ပါရဲ့။ ခွင့်လွှတ်ပါတော့ ဆရာရယ်။ ချို့ကို ခွင့်လွှတ်ပါတော့။

ပြန်သာလာရတယ် ဆရာ့ကို လွမ်းလိုက်တာ။

                             * * * * *

ခွဲရတာက တစ်လခွဲ။ စာပို့သမား အိမ်ကိုဝင်ရတာက ရက် ၃ဝ လောက်။

အောင်စာရင်းထွက်ခါနီးလေ ဆရာ့ဆီက စာတွေ လာလေလေ။ချိုသိပါပြီ။ ဆရာ ချို့ကို သည်လောက်တောင်နှစ်သိမ့်နေတယ်။ ဖျောင်းဖျ
နေ တယ် ဆိုကတည်းက  စာမေးပွဲရဲ့ အဖြေကို ချိုသိပါပြီ။

ဆရာ စိတ်ပူတာက ချို ပြန်မလာမှာကိုပဲ မဟုတ်လား။

                             * * * * *

ထင်တဲ့အတိုင်းပဲလေ။ အဲဒီနှစ်က ချိုစာ‌မေးပွဲ ကျတယ်။

                             * * * * *

ကျောင်းဖွင့်ရက်မှာ ချို ပြန်လာခဲ့တယ်လေ ဆရာရယ်။

ဆရာမှာတဲ့အတိုင်း ကြိုကြိုတင်တင် ပြန်လာခဲ့ပါတယ်။ ချိုချစ်တဲ့ ရတနာအဆောင် ကိုတော့ ချို ဝင်မရတော့ဘူးလေ။ ချို့ကို လက်မခံတော့ဘူးတဲ့။

ချို နေရတဲ့ ဘော်ဒါလေးက အင်းယားကန်နားမှာလေ။ချိုပျော်ပါတယ်။

                               * * * * *

ချိုတယောက် ဘယ်လောက်များ ပျော်လိုက်သလဲ။

အဆောင်မှာနေတုန်းက အင်းယားက ခြောက်နာရီမထိုးခင် ခွဲရတယ်။ ခုတော့ အင်းယားရဲ့ ညအလှကို တဝကြီးကြည့်ပြီးမှ ပြန်လို့ရတယ်။

မနက် ကျောင်းတက်ရင်လဲ အင်းယားကန်ဘေးက လျှောက်ခဲ့ရလို့ ချို ကျေနပ်တာပါပဲ။ ဒါပေမဲ့ ဆရာက ချို့ကို မကျေနပ်ဘူး။ ချို့ကို ဆရာ
စိုးရိမ်ကြည့်နဲ့ အမြဲကြည့်တယ်။ ချို စာမေးပွဲကျမှာကို စိုးရိမ်တာလား။ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ကျောင်းအတူသွားတာကို စိုးရိမ်တာလား။
ဆရာက ချို့ကို ငှက်ကလေးတစ်ကောင်လို လှောင်ချိုင့်ထဲထည့်ပြီး အလှသက်သက်ထားဖို့ ရည်ရွယ်လေတော့သလား။ ဆရာကိုယ်တိုင်က ချို့ကို ဘာကြောင့် ပွင့်ပွင့်လင်းလင်း မဆက်ဆံတာလဲ။ ချို့ကို ပျော်အောင် ရွှင်အောင် ကြည်နူးအောင် ကိုယ်တိုင် ယုယ နှစ်သိမ့်မှု မပြုနိုင်တာ ဘာကြောင့်
လဲ။ အင်းယားကန်မှာ လျှောက်ရတာကို ချို ပျော်တယ်ဆရာ။ ဆရာကဘေးမှာ ဘာလို့လိုက်မလာနိုင်တာလဲ။ ချိုတော့ ဆရာလို ဣန္ဒြေကြီး
တစ်ခွဲသားနဲ့ မနေနိုင်ပါဘူး။

တခါတလေ အနံ့အသက်တွေ စူးရှလှောင်ပိတ်နေတဲ့ဓာတ်ခွဲခန်းထဲကနေ ထွက်ခဲ့ပါဦးလား ဆရာရယ်။

                                 * * * * *

“အစ်ကို ကြားတာ သိတာကို ဝတ္တရားအရ ပြောတာနော်၊ ငါ့ ညီမ စဉ်းစားဆုံးဖြတ်ပေါ့” တဲ့။ 

အစ်ကိုလေ။ ချို့ရဲ့ အစ်ကိုက ပြောလာတယ်။

ဆရာနဲ့ချိုတို့ရဲ့ ခင်မင်မှုအတိုင်းအတာကို ရိတ်စားသိထားတဲ့ အစ်ကိုက ပြောတာ ဆရာရယ်။

သူက ပြောတယ်ဆိုတာ ဆရာ့ကို ချိုဘယ်လိုလုပ် ပြောရမလဲ။မပြောချင်ဘူး ဆရာ။ ပြောမထွက်ဘူး။

ခက်တယ်၊ ခုမှ ခက်တယ်။

မပြောဘဲနဲ့ သိခဲ့ကြတဲ့အချစ်၊ မပြဘဲနဲ့ နားလည်ခဲ့တဲ့ မေတ္တာ၊ ချိုနဲ့ဆရာ့ကြားမှာ ထားရှိခဲ့တဲ့ သံယောဇဉ်၊

ဒါတွေရဲ့ နောက်ကွယ်မှာ ဆုံစည်းချင်တဲ့ ချိုနဲ့ ဆရာဆန္ဒ၊ ဆရာ့ကို ချို လွန်ဆွဲနေမိပေမဲ့ ဆရာ့ကို
ချစ်တယ်။

ဒါပေမဲ့ မဖြစ်နိုင်ဘူးတဲ့။

'ဆရာက မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူနိုင်အောင်ကျန်းမာရေးနဲ့ ပြည့်စုံသူ မဟုတ်ဘူး” တဲ့။

ဘယ်လောက်များ ရင့်သီးလိုက်သလဲ။
ချို ရှက်တယ်။ ဝမ်းလဲ နည်းတယ်။

ဆရာဟာ ချို့အပေါ် ကြင်နာပါတယ်။ မြတ်နိုးပါတယ် (ဆရာ့စာတွေအရ) ဆိုထားလျက်နဲ့ ချို့အပေါ် ဘာကြောင့် ပွင့်ပွင့်လင်းလင်း၊ယုယုယယ ကြင်နာမှုနဲ့ မပိုက်ထွေးသလဲ။

ဘာကြောင့် ဣန္ဒြေကြီးတစ်ခွဲသားနဲ့ ကလေးငယ်တစ်ယောက်လို သဘောထားခဲ့သလဲ။

မတွေးချင်ဘူး။
ဆွေးလဲ မဆွေးချင်ဘူး။
တွေ့လဲမတွေ့ချင်ဘူး။
ဆရာကိုလဲ မ‌တွေ့ချင်ဘူး။

                                  * * * * *

သစ်ရွက်လို လွင့်နေခဲ့တယ်။

သွားချင်ရာ သွားတယ်။ စားချင်ရာ စားတယ်။
တွဲချင်တဲ့သူနဲ့ တွဲတယ်။
ချိုနဲ့ ဆရာ မတွေ့တာလဲကြာပြီ။ ။
တွေ့ရင်လဲ နှုတ်မဆက်ကြတာ များပြီ။

နှုတ်ဆက်ဖြစ်ရင်လဲ မလွှဲမရှောင်သာရုံ။ တွေ့ပြန်ရင်လဲ မကြည့်မဖြစ်ရုံ။ ချို သိတယ်လေ။ ဆရာလဲ ချို့ကို အထင်လွဲနေတယ် မဟုတ်လား။
ချိုဟာ မျက်နှာများတဲ့ မိန်းကလေး။ ဆရာ့ကို စိတ်လှုပ်ရှားရုံသက်သက်။အရူးလုပ်တဲ့ မိန်းကလေး။ လှိုင်းပွက်လေးတွေလို ကမ်းပါးကို ထိတွေ့
ကစားရုံသက်သက် ဆရာ့စိတ်ကို နှောင့်ယှက်ခဲ့လေတယ်ပေါ့။

ဒါကြောင့် ဆရာလဲ ချို့ကို ရှောင်တတ်လာတာပေါ့။

                               * * * * *

ဘယ်လောက်များ ဆိုးလိုက်တဲ့ အဖြစ်လဲ။

ချို့ ခုံနံပါတ်မပါတဲ့ အောင်စာရင်းရဲ့ နောက်ကျောမှာ ဆရာ့ စေ့စပ်ကြောင်းလမ်း သတင်းကို ဖတ်ရတယ်။

ချို မယုံဘူး။မယုံချင်ဘူး။
ချို အံ့သြတယ်။ အံ့သြချင်တယ်။ ဝမ်းနည်းတယ်၊ ငိုချင်တယ်။ ငိုပစ်တယ်။ ဒီလိုဆိုတော့ ချိုသိတာ မှားတယ်ပေါ့ ။ ချို ထင်တာ လွဲတယ်ပေါ့။ ကြားခဲ့ရတာ မဟုတ်ဘူးပေါ့ ။ ဆရာ့ကို မလိုသူတွေက မမှန်သတင်း လွှင့်တယ်လို့ သိရပါတယ်။ ချို ဘာလုပ်ရမှာလဲ။ ဘာတွေများ လုပ်နိုင်ဦးမှာလဲ။

                                * * * * *

ဆရာ နိုင်ငံခြားကို သွားရမယ်တဲ့ ...။
ပြန်လာရင် လက်ထပ်မယ်တဲ့။
တက္ကသိုလ်ရဲ့ ပြင်ပတစ်နေရာကနေပြီး ဆရာ့သတင်းတွေ ကြားနေ ရပါတယ်။ ဆရာတော့ ချို့ အပေါ် အထင်လွဲမှားစိတ်တွေကို ရေခြား‌ မြေခြားထိ သယ်သွားတော့မယ် ထင်ပါရဲ့။ပြန်လာမှ ဆရာ့ လက်ထပ်ပွဲကြီးမှာ ဒီသံသယတွေကို မြေမြုတ်သင်္ဂြိုဟ် ပစ်မှာပေါ့နော်။

 ချို့အတွက် စိတ်ကူးယဉ်ကမ္ဘာလည်း ပျက်ပါပြီ။
လက်တွေ့ကမ္ဘာကလည်း ချို ထွက်ပြေးခဲ့ရပြီ။ဒါပေမယ့် ဆရာရယ် ဖြေရှင်းတယ်ရယ် မဟုတ်သော်လည်း တောင်းပန်တယ်ရယ် မမည်သော်လည်း သိစေချင်တာ လေးတွေကိုတော့ ချို ရေးလိုက်ပါရစေ။ချို့ အပေါ် ထားရှိတဲ့ သံသယအတွေးတွေကို ရေခြားမြေခြားထိ ယူမသွားစေချင်လို့ပါပဲ ဆရာရယ်။

                            * * * * * 

လေဆိပ်ခန်းမက အေးမြပေမယ့် ချို့ ရင်တွေ ပူလောင်လှပါတယ်။

ချို ရှေ့လည်းမတိုးဝံ့။နောက်လည်း မဆုတ်မိပါဘူး။ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ငြိမ်သက်သက် ရပ်ကြည့်နေမိတယ်။ချို့ လက်ထဲမှာ ဆရာ့အတွက် လက်ဆောင်ပစ္စည်းတွေနဲ့ စာတစ်စောင် ပါခဲ့ပါတယ်။

ဒီအထဲမှာ ချို ရေးချင်တာတွေ ရေးထားတယ်။ဆရာ့ကို သိစေချင်တာတွေ ရေးထားတယ်။ဆရာ့နေရာ အဆောင်ကိုလည်း မလာဝံ့လို့ သိမ်းထားခဲ့တာ ကြာပါပြီ။ဒီနေ့ ဒီရက် ဒီအချိန်မှာတော့ ဆရာ မြန်မာပြည်က ခွာမယ်ဆိုတာ သူငယ်ချင်းတွေက သတင်းပို့လာကြတယ်။

ချို လေဆိပ်ကို ပြေးလာခဲ့ပါတယ်။

မိုက်မဲလိုက်တဲ့ ချို့အတွေး။ခေါင်းပါးလိုက်တဲ့ အသိဉာဏ်။ဆရာ့နားမှာ ဆရာ့ ဆွေမျိုးတော်တွေ ပြီးတော့ ဆရာ့ မိဘတွေ သဘောတူတဲ့ ဆရာ့ ဇနီးလောင်း သူတို့တွေက ဝိုင်းဝိုင်းလည်လို့ပေါ့။

ထုံးစံအတိုင်း ဆရာကတော့ ဣန္ဒြေရရပြုံးလို့ပါပဲ။ချို ဆရာ့နားကို မလာဝံ့ဘူး ဆရာရယ်။သည် တစ်သက်မှာတော့ ချို့ ဖြေရှင်းချက်ကို ဆရာ ဘယ်တော့မှ သိရတော့မှာ မဟုတ်ပါဘူး။

                             * * * * *

လေဆိပ်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေမိတာ ဘယ်လောက်ကြာပြီလဲ မသိ။လေယာဉ်တစ်စင်း ကောင်းကင်ကို ထိုးတက် ပျံဝဲသွားသံကို ကြားလိုက်ရတယ်။

-------------

မိုးမိုး( အင်းလျား)

( အချစ်ရွှေဘုံနိဒါန်း၊မတ်၊၁၉၈၀)

#Typing_crd_ZawOo_KoMoe

Saturday, 18 April 2020

နှင်းပြောင်းတဲ့နွေငယ်မှာလေ #နုနုရည် (အင်းဝ)

#နှင်းပြောင်းတဲ့နွေငယ်မှာလေ

#နုနုရည် (အင်းဝ)

မယ်ဇယ်ပင်တန်းပေါ်က ငှက်ကလေးတွေ၏ အိပ်တန်းထသံနှင့်အတူ မြဖူး လန့်နိုးလာသည်။ အိပ်မက်ထဲက အမောကြောင့် ရင်တွေ တဆတ်ဆတ်တုန်နေမိသော်လည်း သည်အချိန် မြဖူး မျက်လုံးပွင့်သည်နှင့် ငှက်ကလေးတွေ အသံနှင့်အတူ ရောပြီး ကြားနေကြ ဂန္ဓာရုံကျောင်း လေးနာရီတုံးခေါက်သံကို မကြားရတော့။ မိုးများ လင်းနေရော့လား ဆိုတဲ့ အပူက ရင်ထဲတိုးဝင်ကာ ကပျာကယာ ထထိုင်မိသည်။ အကျင့်ပါနေသော တံတောင်နှင့်လည်း ဘေးက တခေါခေါအသံပေးနေသည့် လင်တော်မောင်ကို တွက်လိုက်ရသေးသည်။ ဒါပေမယ့် ကိုရွှေပိုက်ထွေးတို့ကတော့ အဟောက်တောင် မပျက်။

ကိုယ်ပေါ်က စောင်တဝက်ကို ပိုက်ထွေးဘက် ဖယ်ချရင်း ကွပ်ပျစ်ခြေရင်းမှာ ညက တင်ထားသည့် ထဘီနှင့်အင်္ကျီကို မြဖူး လျှောက်စမ်းသည်။ သြော် ဒုက္ခပါပဲ။ ညက သေချာတင်ထားတာကို မတွေ့တော့ဘူး။ ဘေးဘီတွေကိုပါ စမ်းကြည့်လို့ မရတော့ ကွပ်ပျစ်အောက်များ ကျသွားလားဆိုပြီး မြဖူး ကုန်းစမ်းဖို့ ငုံလိုက်သည်နှင့် ဗိုက်ထဲက တမျိုးကြီး ဖြစ်သွားသည်။ ဘုရား၊ ဘုရား တော်ပါသေးရဲ့။ ငါ့နှယ် စျေးရောင်းသွားချင်တဲ့ လောဘဇောနဲ့ ခုနှစ်လဗိုက်ကို သတိမရနိုင်တော့ဘူး။ 

"ကိုပိုက်ထွေး... ကိုပိုက်ထွေး..."

ပိုက်ထွေးကတော့ တုတ်တုတ်တောင်မလှုပ်။ ငှက်ကလေးတွေအသံ ပိုဆူညံလာတာနှင့်အမျှ မြဖူး ပူပင်လာကာ တသက်လုံး မှောင်ခဲ့မြဲ သူ့ပတ်ဝန်းကျင် အမှောင်တိုက်ထဲသို့ ယောင်ယမ်းလို့တောင် ကြည့်မိသည်။ ဟင်းနော်..ဒီမမြင်ရတဲ့ မျက်လုံးကြောင်တွေက မိုးလင်းမလင်း ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ။ ပိန်းပိတ်စွာ မှောင်မြဲဖြစ်သော အမှောင်ကို မြဖူးကြည့်ရင်း ပိုက်ထွေးကို လှုပ်နှိုးဖို့ စမ်းနေမိဆဲမှာ လေးနာရီတုံးခေါက်သံတွေ အဆက်မပြတ် ဆူညံလာသည်။ အမယ်လေး တော်ပါသေးရဲ့။ ကိုယ့်ဘာသာ ကိုယ့်အိပ်မက်ကြောင့် အစောကြီး လန့်နိုးလာပြီးတော့ ပူလိုက်ရတာ။ ခုမှပဲ အိပ်မက်အမောကြောင့် တုန်နေသောရင်ကို သတိပြန်ရပြီး အိပ်ရာပေါ် ပြန်လှဲလိုက်ရသည်။ တုံးခေါက်သံတွေနှင့်အတူ သံစုံကျူးရင့်သော ဂန္ဓာရုံနာရီစင်က နာရီထိုးသံကို မျက်စိမှိတ်နားထောင်ရင်း မြဖူး အိပ်မက်ကို သတိရလာသည်။ ဟောဒီလိုပါပဲ။ အိပ်မက်ထဲမှာ နာရီထိုးသံနှင့် တုံးခေါက်သံတွေက ဆူညံနားကွဲမတတ်။ ဘယ်နှစ်ချက်ထိုးမှန်းမသိ၊ ဘယ်နှစ်နာရီမှန်းလဲ မသိဘဲ ပွက်လောရိုက်နေသော အသံတွေကြားမှာ ပိုက်ထွေးကြီးတော်နှင့် မြဖူးတို့ တအားအော်ပြီး ရန်ဖြစ်ကြရသည်။

ပိုက်ထွေးကြီးတော်က နေ့လယ်က လာသွားသည့် မျက်နှာကြီးအတိုင်း။ ပြောတာတွေလဲ အများကြီး။ ဒါပေမယ့် အိပ်မက်ထဲမှာတော့ စကားတွေက မပီဝိုးတဝါးဖြစ်နေသော မြဖူးကို ဒေါသဖြစ်စေသော စကားတခွန်းပဲ ပီလေသည်။ "ဟဲ့ ကောင်မရဲ့၊ မျက်မမြင်မရဲ့။ နင့်ကြောင့်မို့ ငါ့တူဟာ ကျောင်းထမင်း ကျောင်းဟင်းစားရမယ့် ဘဝ ရောက်ရတော့မှာ။ ငါတို့က ဆင်းရဲပေမယ့် နင်တို့လို ဂန္ဓာရုံထမင်းဟင်းစား ကြီးတာ မဟုတ်ဘူးဟေ့" ဆိုတဲ့ စကားကို မြဖူး နားထဲကမထွက်။ နေ့လယ်တုန်းကလဲ ဒီစကားတွေနဲ့ မြဖူး မျက်ရည်တောက်တောက် ကျခဲ့ရသည်။ ကိုယ့်ကိုလာပြီး ဆွဲလွဲလုပ်လိုက်ရင် ဗိုက်ထဲက ကလေး ဒုက္ခလေဆိုပြီး အောင့်ခံသမျှတွေကို အိပ်မက်ထဲမှာကျမှ မြဖူးကလဲ တအား အော်အော် ပြောပစ်လိုက်တာ။ အသံတွေကို ပြာလို့။ နိုးလာတော့ လူလည်း မောလို့။

တုံးခေါက်သံတွေက တဖြည်းဖြည်း စဲသွားပေမယ့် ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်နေတုန်းပင်။ ငှက်ကလေးတွေအသံကသာ ပိုပြီးညံစာလာသည်။ အင်း... မနက်ကိုးနာရီ ခေါက်တဲ့တုံးသာဆို ဒီလို ဘယ်ငြိမ်နေမလဲ။ တုံးခေါက်ပြီးတာနဲ့ ချိုင့်သံ၊ ပလုံးသံတွေနဲ့ လူတွေ ခပ်သုတ်သုတ်လာနေတဲ့ အသံ။ ငါးဆယ်၊ ခြောက်ဆယ်ထက် မနည်းရှိတဲ့ ခွေးအုပ်ကြီး ပြေးလာတဲ့အသံတွေနဲ့ ဆူညံလှုပ်ရှားနေမှာ။ သံဃာအပါးထောင်ချီရှိတဲ့ ဂန္ဓာရုံကျောင်းကြီးရဲ့ အမြဲတမ်းပေါများ ပိုလျှံနေတဲ့ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ၊ ထမင်းရည်တွေကို လူတွေက အိမ်ယူကြဖို့၊ ခွေးတွေက နေရာတွင်စားကြဖို့၊ ဂန္ဓာရုံကျောင်းကြီးရဲ့ စွန့်နေကျနေရာမှာ လူတွေနဲ့ခွေးတွေ ရောထွေးဆူညံပြီး အသက်ဝင်နေမှာ။ 

တကယ်တော့ ကိုးနာရီတုံးခေါက်သံဟာ မြဖူးအဖို့ မမေ့နိုင်တဲ့အသံ။ မြဖူးအဒေါ်၊ မြဖူးရဲ့ တဝမ်းကွဲမောင်၊ ညီမလေးတွေနဲ့ ရွာနီးချုပ်စပ်က တချို့လူတွေ။ များစွာသော ခွေးလေခွေးလွင့်တွေကို ညို့ငင်ခေါ်ယူတဲ့ အသံ။ ပြီးတော့ အနံနှင့်လျှာကိုသာ အားကိုးရသော မြဖူးအဖို့ လောဘကြီးပြီး မြဖူးအပေါ်မှာ အမြဲစွာတတ်တဲ့ ညီမဝမ်းကွဲမိပုတ် ရလာတတ်သည့် ဟင်းမျိုးစုံပေါင်းထားသော ဟင်းပေါင်းနံ့၊ စွန်တာနီ ပဲပြုတ်နံ့၊ ဘိုစားပဲပြုတ်နံ့၊ ပဲထောပတ်ပြုတ်နံ့၊ ခရမ်းချဉ်သီး ငါးပိချက်နံ့၊  ဝက်သားဟင်းလေး အနှစ်နံ့တို့ကို ဘယ်တော့မှ မမေ့နိုင်ပါ။

တဖြည်းဖြည်း ကျပ်တည်းပြီးရင်း ကျပ်တည်းလာသော မြဖူးတို့လို ဆင်းရဲသား လက်လုပ်လက်စား အတော်များများကို ထမင်းနပ်မှန်အောင် အထောက်အပံ့ပေးသော ကျောင်းတော်ကြီး၏ ကျေးဇူးကိုလည်း မြဖူး ကျေးဇူးမကန်းနိုင်ပါ။ 

ဒါပေမယ့် ဘာလို့မှန်းမသိ။ ဘေးပတ်ဝန်းကျင်က 
ကျောင်းထမင်းကျောင်းဟင်းစားတွေ ဆိုပြီး မေးငေါ့ခံရမှာ၊ ဝိုင်းပယ်ခံရမှာကိုတော့ မြဖူးရှက်သည်။ ကြောက်သည်။ အဒေါ်မုဆိုးမနှင့် ကလေးလေးယောက်။ လူပိုမြဖူးနဲ့ဆို ခြောက်ယောက်ရှိသော မိသားစုအဖို့ ညီမတယောက် ရက်ကန်းခတ်သည့် ဝင်ငွေနှင့် ဘယ်လိုမှ မစားလောက်လို့သာ။ နို့မို့များဖြင့် ဘယ်သူလုပ်ချင်ပါ့မလဲကွယ်။ အင်း....မြဖူးကိုတော့ ရှေးအတိတ်ကုသိုလ်ကံကြောင့် တွေ့ခဲ့ရတဲ့ လင်တော်မောင် ကိုပိုက်ထွေးက ကျောင်းထမင်းကျောင်းဟင်းကို မြဖူးဘယ်တော့မှ မစားစေရတဲ့။ ဆီနဲ့ဆားနဲ့ စားရ စားရ။ သူရှာကျွေးမတဲ့။ ပြောတော့သာ လွယ်တာ။ ဆီနဲ့ဆားဖိုး ရှာဖို့ကိုက ဘယ်လောက်ခက်ခဲလဲဆိုတာ မြဖူး သိပါသည်။ ခုပဲကြည့်။ သူပင်ပန်းပြီး တအားအိပ်ပျော်နေတာ။ သူ့ကြီးတော်ကလည်း ပြောသွားသေးတယ် မဟုတ်လား။ သူ့တူမှာ အလုပ်စုံလုပ်ရတာ လူရုပ်တောင် မပီတော့ဘူးတဲ့။ ဒါပေမဲ့ အဲ့ဒါ ညည်းကြောင့်၊ မြဖူးကြောင့်ဆိုတာကတော့ ဘာဆိုင်လို့လဲ။ သူ့တူဘာသာ မျက်မမြင်မကို ချစ်လှချည်ရဲ့ ဆိုပြီး အတင်းယူတာ။ သူ့တူကို ယူပါရှင်လို့ ဘယ်သူကမှ....

"မြဖူး... မြဖူး... ထတော့ဟ"

ပိုက်ထွေးက ထုံးစံအတိုင်း ကမူးရှုးထိုးနှင့် ထလိုက်သည်။

"အမယ်လေး၊ ကျွန်မက ရှင့်ကြီးတော် ကောင်းမှုနဲ့ ကြာလှပြီ၊ နိုးနေတာ..."

အိပ်မက်အရှိန်နဲ့ အငေါ်တူးသော မြဖူးကို ပိုက်ထွေးက ခပ်ကြောင်ကြောင်ကြည့်ရင်း တဟဲဟဲရယ်ကာ...

"ဘာတွေပြောနေတာလဲဟ။ ထ... ထ...မျက်နှာသစ်ရအောင်။ အဲ... စမ်းမနေနဲ့ဗျ။ နင့်အင်္ကျီနဲ့ထဘီကို ငါညက ကြွက်ရန်ကြောက်လို့ သေတ္တာထဲ ထည့်ထားတာ။ ပြီးတော့ ထုတ်ပေးမယ်။ လာဟာ... မြန်မြန်လုပ်။ နင့်သနပ်ခါးလည်း သွေးပေးရဦးမှာ။ ဒီမှာ ဖိနပ်က..."

စကားသံ တတွတ်တွတ်နှင့်အတူ မြဖူးလက်တွေကို 
ကြင်နာစွာ ဆွဲငင်ခေါ်ယူတော့လည်း မဆီမဆိုင် စူထားမိသော မြဖူးနှုတ်ခမ်းတွေ အလိုလိုပြေလျော့ကာ သူ့ကြီးတော် အိပ်မက်သည်လည်း လွင့်စဉ်ပျောက်ပျက် ရပြန်သည်။ 

* * *

"×× ထည့်ကာ ×× ထည့်ကာ ××ယကွင်းရယ် ×× ထမင်းတွေပုံ ×× ဟင်းတွေပုံ ×× ထည့်ကာ ×× ထည့်ကာ ×× ယကွင်းရယ်နဲ့ ×× ထမင်းတွေပုံ ×× ဟင်းတွေပုံ ×"

မယ်ဇယ်ပင်ရွက်ခတ်သံတွေကြားမှာ၊ နှင်းစက်ဖြောက်ဖြောက်သံလေးတွေကြားမှာ အချိုးမပြေသော ပိုက်ထွေးသီချင်းအော်ဆိုသော အသံ ပျံ့လွင့်နေသည်။ 

မြဖူးက ပိုက်ထွေး လက်တဖက်ကို ဆုပ်ကိုင်ထားပြီး လက်တဖက်က စမ်းလျှောက်သည့်တုတ်ကို ကိုင်ထားသည်။ လက်တဖက်က မြဖူးကိုဆွဲ၊ တဖက်က အကြော်ကြော်တဲ့ ပစ္စည်း၊ ပစ္စယတွေနှင့် လေးလှသော တောင်းကို ထိန်းပြီး ထမ်းထားရသည့်ကြားထဲက ပိုက်ထွေး သီချင်းဆိုနိုင်သေးသည်။ နေ့စဉ်နေ့တိုင်း အကြော်တဲသွားရာ လမ်းတလျှောက်လုံး ထပ်တလဲလဲဆိုတတ်သော သည်သီချင်းပိုဒ်လေးကို မြဖူးမှာ မရိုးနိုင်သလို သည်းခံနားထောင်ရမြဲ။

"ထည့်ကာ ×× ထည့်ကာ ×× ယကွင်းရယ်နဲ့ ×× ထမင်းတွေပုံ"

"သီချင်းကလည်း ဒီက မတက်တော့ဘူး။ ရှင့်ဥစ္စာက "

"ဟဲ... ဟဲ သီချင်းအော်ဆိုတာ အချမ်းပြေတယ်ဟ..."

ဟုတ်သားပဲလေ။ သူ့မှာမှ အနွေးထည် မရှိဘဲ။ ဗိုက်နှင့်မြဖူးက သူလူပျို ဘဝက အနွေးထည်ကို ယူဝတ်ရတာ၊ အကြော်ဖိုကျ မီးနဲ့ နွေးသွားတာပဲ ဆိုပြီး သူနေ,နေခဲ့တာ။ နှုတ်ဆိတ်ငြိမ်သက်သွားသော မြဖူးကို ပိုက်ထွေးက စောင်းကြည့်ရင်း...

"မြဖူး... နင့်ဗိုက်ထဲကဟာလေး... လှုပ်သေးလား"

"လှုပ်တာပေါ့။ ကျွန်မ ဘယ်တော့လောက်မှ မွေးမှာလဲ မသိဘူးနော်။ ဆောင်းကုန်မှ မွေးပါစေ။ ကိုယ့်မှာက စောင်တွေဘာတွေ လုံလောက်တာမဟုတ်ဘူး"

"ဟာ..နင်ကလဲ ဘယ်တော့မွေးနေ့။ စောင်မရှိဝယ်ရမှာပေါ့ဟ"

"ပါးစပ်ဝယ်ကတော့ လွယ်တာပေါ့ ကိုပိုက်ထွေးရယ်။ ရှင့်မှာ ပိုက်ဆံရှာရတာ လွယ်တာမဟုတ်။ မနက် အကြော်ရောင်းတော့လည်း ရှင်၊ ထမင်းချက်တော့လည်း ရှင်၊ နေ့ခင်းအလုပ်ကလည်း တမျိုး။ နေဦး... နေဦး။ နေ့ခင်းအလုပ်ဆိုလို့ ရှင် နေ့လယ်... နေ့လယ်မှာ ပလတ်စတစ်တွေ လိုက်ကောက်နေတယ်ဆို။ အိမ်ကြိုအိမ်ကြားတွေမှာတဲ့။ ရှက်စရာကြီးတဲ့"

"ဘယ်သူက‌ပြောတာတုံး"

"ကိုပိုက်ထွေးကြီးတော်ကပေါ့။ ဟိုတလောကတော့ ရှင် ရက်ကန်းသွားခတ်တယ်ဆိုပြီး ခုကျ ဘာဖြစ်လို့လဲ"

"ကြီးတော်ပြောတာတွေ စိတ်ထဲမထားစမ်းနဲ့ဟာ။ အလကား။ နင်ဘာမှမပူနဲ့။ ငါ့အလုပ်ကို ငါသိတယ်"

"ကိုပိုက်ထွေးသိတာက ကိစ္စမရှိဘူး။ အပြောခံရတော့ ကျွန်မခေါင်းချည်းပဲ။ ကိုပိုက်ထွေးကြီးတော်က သူ့တူက မိဘမရှိပေမယ့် ဆင်းရဲပေမယ့် လူပျို တုန်းက ဒီလိုမစုတ်ပြတ်ဘူးတဲ့။ နာရီနဲ့ဘာနဲ့တဲ့..။ ခုကျမှ ကျွန်မကြောင့်..."

မြဖူး ငိုသံ ပါစပြုလာသည်။

"မြဖူးကလဲဟာ။ စောစောစီးစီး။ ဟိုမှာ တောင်လေးလုံးက ဦးဇင်းဌေး ဆွမ်းခံထွက်လာပြီနော်။ ငါ တိုင်လိုက်ရမလား"

"တိုင်ပါ့လား..။ ကျွန်မကလည်း ပြန်တိုင်ပစ်မှာပေါ့..ဟင်း..။ ဘာဖြစ်ဖြစ် မိမြဖူးကြောင့်ချည်းပဲ။ မျက်မမြင်ဘာသာ မျက်မမြင်နေတာကို ဘယ်သူက အတင်းယူတာလဲ.."

ပိုက်ထွေးက ချော့မော့သံနှင့် တဟဲဟဲရယ်သည်။

"အတင်းယူမှာပေါ့ဟ..နင်က လှတာကိုး..နော်..မြဖူး၊ ငါ့မှာ မြင်ကတည်းက တခါတည်းကြိုက်ပြီး လိုက်လာရတာလေ။ အမယ်လေး...အဲ့ဒီတုန်းက ငါ့မှာလေ ပွဲမကြည့်နိုင်ဘူး။ ပွဲခင်းထဲက နင့်ဆီကိုပဲ လှမ်းလှမ်းကြည့်ရတာ အမော။ နင်ကလည်း ဘေးက မိန်းမကို လက်တို့တို့ပြီး မေးလိုက်တာ။ အားလပ်ချိန်က နင်တယောက်တည်း ဖျာပေါ်ကျန်ရစ်တော့ ဟန်ပြီဟ ဆိုပြီး နင့်နောက်လာထိုင်မှပဲ ငါ့မယ် သနားလိုက်ရတာ။ ဖျာပေါ် လက်ကလေးနဲ့ ဟိုစမ်းသည်စမ်းနဲ့ ကျွန်မ တဘက်လေး ဘယ်ရောက်သွားပါလိမ့်..တဲ့" ကျုပ်မယ် ဖျာစွန်းက တဘက်လေး လက်ထဲထည့်ပေးရင်း သနားပြီး တခါတည်းယူမယ်ဟ လို့... ဟားဟား...။ နော်.. မြဖူး။ အဲ... မှတ်မှတ်ရရ။ ဒီသီချင်း...ငါ... အဲ့ဒီပွဲက ရတာဗျ"

မျက်ရည်ဝိုင်းသော မျက်လုံးကြောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မသိမသာ ပျော့ပျောင်းလာသော မျက်နှာလေးကိုကြည့်ကာ ပိုက်ထွေး သက်ပြင်းချသည်။ သူကလေး တခါဖူးမျှ မမြင်တွေ့ဖူးတဲ့ အပြင်လောကကြီးရဲ့ ခါးသီးနေတဲ့ ဘဝအခက်အခဲတွေအကြောင်းကို မသိပါစေနဲ့တော့။ ဒီအကြောင်းလေးကိုပြောရင် မြဖူး စိတ်ပြေသဘောကျတတ်သလို ကိုယ်ကိုယ်တိုင်ကလည်း ပွဲခင်းမြင်ရရင် ကြည်နူးတတ်ခဲ့ပေမယ့် ခုချိန်မှာတော့ ဗလာပွဲတွေ့ရင် ထမင်းဖြစ်စေမယ့်၊ ပိုက်ဆံဖြစ်စေမယ့် ငွေစက္ကူ စုတ်လေးတွေ၊ ပလတ်စတစ်အိတ်လေးတွေကိုပဲ စိတ်ဝင်စားတော့တာကို မြဖူး မသိပါစေနဲ့တော့။

* * *

"တိတ်ပါတော့ မြဖူးရာ...ငါတောင်းပန်ပါတယ်"

"မတိတ်ဘူး..မတိတ်ဘူး။ ဒီကတော့... ဒီကတော့ တနေ့လယ်လုံး တညနေလုံး ပြောချင်လွန်းလို့ စောင့်လိုက်ရတာ ပြီးတော့ ပြီးတော့..."

မြဖူးက ထိန်းမရ သိမ်းမရ ငိုပြန်သည်။ ပိုက်ထွေးက ခေါင်းကိုသာ တဗျင်းဗျင်း ဆွဲကုတ်လိုက်မိသည်။

"ကဲ ဝမ်းသာပါတယ်လို့ နင့်ကို ငါမပြောဘူးလားဟာ နင်ကလဲ၊ ဟုတ်ပါ့မလားလို့တော့ စဉ်းစားရတာပေါ့ဟ၊ မွေးကတည်းက ဖြစ်တဲ့မျက်စိ ပြန်မြင်နိုင်တယ်ဆိုတော့"

"ဦးဇင်းဌေး ကိုယ်တိုင်က လာပြောတဲ့ဥစ္စာကို ရှင်မယုံရင် သွားမေးပါ့လား။ ဆရာတော်ဦးပညာကိုယ်တိုင် သွားမေးခဲ့တာပါ ဆိုနေမှ။ နာမည်ကျော်မျက်စိကုဆရာဝန်ကြီးတဲ့။ ဦးမောင်မောင်အေးတဲ့။ မည်းမည်းပုပု သဘောကောင်းတဲ့။ ကျွန်မမျက်စိက သုံးနှစ်သမီး၊ အမေဆုံးပြီးမှ ကွယ်တာဥစ္စာ။ ရတယ်တဲ့။ အားနည်းပြီး ဂရုမစိုက်နိုင်လို့ တဖြည်းဖြည်း ဖြစ်သွားတာတဲ့။ ဆေးရုံတက်ခွဲလိုက်ရင်..."

"တော်ပါတော့ မြဖူးရာ။ ငါ ဘယ်နှခါ နားထောင်ပြီးပြီလဲ။ စိတ်ချ နက်ဖြန်ကျ ငါ ဦးဇင်း သေချာသွားမေးပါ့မယ်။ ငါခု ထမင်း သိပ်ဆာနေပြီ လာဟာ"

"မလာဘူး"

မြဖူး မပြေနိုင်။ ဒီကတော့ မျှော်လိုက်ရတာ။ ဒီစကားကို ပြောချင်လွန်းလို့ စောင့်လိုက်ရတာကို၊ သူကတော့ မလှုပ်တလှုပ်၊ မပွင့်တပွင့်နဲ့။

"မြဖူး လာဟာ ငါဆာလှပြီ"

"လာလို့ဆို"

မြဖူး လက်မောင်းတွေကို ပိုက်ထွေး လာဆွဲခေါ်ပြန်သည်။ "မစားဘူး"လို့ အော်ရင်း ဒီတခါ မြဖူး တွန့်လိမ်လိုက်ချိန်မှာတော့ ထမင်းဆာနေသည့် ပိုက်ထွေး ဒေါသတွေ ပေါက်ကွဲသွားသည်။
"နေဟာ"ဆိုပြီး ပိုက်ထွေး ဆောင့်တွန်းလိုက်သော အရှိန်နှင့် ကွပ်ပျစ်ပေါ်မှာ မြဖူး ခွေခွေလေး။

"ကိုပိုက်ထွေး"

စူးစူးဝါးဝါး အော်ရင်း၊ ရှိုက်ငိုရင်း၊ ဒေါသနှင့် ပိုက်ထွေးကို ရန်ဖြစ်သတ်ပုတ်ချင်သလို လိုက်လံစမ်းရှာနေသော သူကလေးကို မြင်ရပြန်တော့ ပိုက်ထွေး သနား နာကျင်ရပြန်သည်။ အို... သူ့မှာ မွေးခါနီး၊ ဖွားခါနီးလေး။ မြဖူးအနားသို့ ပိုက်ထွေး ပြန်ကပ်ရင်း မြဖူးလက်တွေကို အသာဆွဲယူလိုက်သည်။ 

"မြဖူး... မြဖူး.... ငါ.. မှားသွားတယ်ဟာ.. နော်။ ငါ ဆာနေလို့ပါဟာ။ သိလား။ နင် ငါ့ကို ပြန်ရိုက်ချင်တယ် မဟုတ်လား။ ရိုက်လေ မြဖူး...ရိုက်. .." 

"ဒီမှာလေ...ငါ့ပါး.."

မြဖူး လက်တွေကို ပါးပေါ်သို့တင်ပေးနေသော သူ့အသံတုန်တုန်ရယ်။ သူ့ပါးရိုး ငေါငေါတွေရယ်။ ပြီးတော့....ပြီးတော့...သူပြင်ထားတဲ့ ထမင်းပွဲက (သူက မပြောပေမယ့်) အနံ့ယဉ်နေတဲ့ မြဖူးသိပ်သိတဲ့ ဂန္ဓာရုံဟင်းနံ့တွေရယ်က မြဖူးရဲ့ ဒေါသလက်တွေကို အလိုလိုပြေလျော့စေကာ တစုံတရာကို နားလည်နေသလို မြဖူး မျက်ရည်တွေ လိမ့်ကျရပြန်သည်။

* * * * *

မှိုင်းပျပျ မြူ မှုန်တွေက မီးခိုးငွေ့ငွေ့အူသော ပိုက်ထွေးတို့ အကြော်တဲလေးကို လွှမ်းခြုံစပြုလာပြီ။ ဖိနပ်မပါသော ပိုက်ထွေးခြေထောက်တွေမှာ ဖုန်တွေနှင့်ဖွေးနေသည်။ အကြော်ဗန်းနောက်က တဲတိုင်ကို မှီထိုင်သော မြဖူးရဲ့ မျက်လုံးကြောင်လေးများက တဲထဲဝင်လာသော ပိုက်ထွေးကို မျှော်လင့်တကြီး စောင့်ကြိုကြတယ်။ 

"ဦးဇင်းနဲ့ တွေ့ခဲ့လားဟင်"

"အေး... တွေ့တယ်၊ ပြောပါတယ်။ ဦးဇင်းက နင်ပြောသလိုပဲ ကုလို့ရတယ်တဲ့"

သည်မှာတင် စကားရပ်သွားသော ပိုက်ထွေးကို မြဖူးက စိတ်လှုပ်ရှားစွာ ခဏစောင့်နေပြီးမှ-

"ဦးဇင်းကိုလား"

မြဖူးရဲ့ မျက်လုံးကြောင်လေးတွေကိုကြည့်ပြီး ပိုက်ထွေး ခဏတွေဝေနေမိသေးတယ်။

"မကုတော့ပါဘူး ဘုရား လို့ ငါပြောခဲ့တယ်လေဟာ"

တမင်ပေါ့ပါးထားရတဲ့ ကိုယ့်အသံကို ငြိမ်သက် ညိုးကျသွားရှာသူလေး သိသွားမှာ ပိုက်ထွေး ကြောက်လှသည်။ ရန်မထောင် စိတ်မဆိုးရှာဘဲ မျက်ရည်လေးတွေသာ ဝဲတက်လာသော သူကလေးကိုပင် မုန်းတီးဖို့ကောင်းသော ခပ်ရွှင်ရွှင်လေသံနှင့်ဆက်ပြီး...

"ဘာပြုလို့ဆိုတာ မြဖူးသိလား"

မြဖူးက မဖြေပဲ ပိုက်ထွေး ပုခုံးကို ဆုပ်ကိုင်ကာ

"ကျွန်မကို ကုမပေးချင်လို့တော့ မဟုတ်ဘူး မဟုတ်လားဟင်"

မြဖူးရယ်။ ပိုက်ထွေး ရင်ထဲမှာ စူးနင့်သွားသည်။

"ဟင်လို့ ကိုပိုက်ထွေး။ ကုမပေးချင်လို့ မဟုတ်ဘူးနော်"

"မဟုတ်ပါဘူး မြဖူးရာ"

ပိုက်ထွေး ပုခုံးကို ဆုပ်ကိုင်ထားသော မြဖူးလက်တွေ ပိုပြီး တင်းကျပ်လာသည်။

"ဟို... ဟို... ပိုက်ဆံကြောင့် မဟုတ်လားဟင်"

အို... နှုတ်ခမ်းတွေကိုပဲ ပိုက်ထွေး ကိုက်ထားမိသည်။ သိပ်ကုချင်တာပေါ့ ဦးဇင်းရယ်။ သူ တခါမှ မမြင်ဖူးတဲ့ ယောက်ျားကို မြင်ချင်ရှာမှာ..။

မွေးလာမဲ့ သူ့ကလေးကို သူ မြင်ချင်ရှာမှာ။ တပည့်တော်... သိတာပေါ့ဘုရား... ဒါပေမယ့်...ဦးဇင်းရယ်။ ကျရာ အလုပ်လုပ်ရတဲ့ တပည့်တော်ဝင်ငွေနဲ့က။ ခုလေ သူ မစားချင်တဲ့။ သူရှက်တတ်တဲ့ ဂန္ဓာရုံ ထမင်းဟင်းတွေကို သူ မသိအောင် တပည့်တော် ညာကျွေးနေရပြီ။ အို... ဆေးရုံတက်ဖို့ ငွေရှာဖို့ ဆိုတာက၊ မြဖူးရယ်...  ဦးဇင်းရှေ့မှာ ရင်ဖွင့်ငိုပစ်ခဲ့တဲ့  ခါးသီးနာကျည်းစရာတွေကို မင်း ဘယ်တော့မှ မသိစေရပါဘူး။

"ဟင် လို့ ကိုပိုက်ထွေး ပိုက်ဆံကြောင့်မဟုတ်လား"

ပိုက်ထွေး သက်ပြင်းကို ရှိုက်ရပြန်သည်။ ပြီးတော့ အသံအက်အက်နှင့် ရယ်လိုက်ရသေးသည်။

"ပိုက်ဆံကြောင့် မဟုတ်ဘူးဟ သိရဲ့လား။ ငါက အရုပ်ဆိုးတယ်။ နင်က လှတယ်။ နင် မျက်စိမြင်သွားရင် ငါ့ကို ပစ်သွားမှာစိုးလို့ သိပြီလား..."

"အို"

ပျော့ပျောင်းသွားရှာတဲ့ မျက်နှာပြုံးမဲ့မဲ့လေးကို ပိုက်ထွေး မကြည့်ရက်ပါ။ ပခုံးပေါ်က လက်ကလေးတွေကို အသာဖယ်ချရင်း...

"ပြန်စို့နော် မြဖူး၊ နေတောင် မြင့်နေပြီ"

"နေဦးလေ"

"ဘာဖြစ်လို့"

ပိုက်ထွေးအမေး မဆုံးခင်မှာပင် နီးကပ်စွာ ကြားလိုက်ရသော တုံးခေါက်သံ။
ကိုးနာရီ တုံးခေါက်သံ...။ ပြီးတော့... တဟုန်တိုး ပြေးလာကြတဲ့ ခွေးတွေ။ ပိုက်ထွေး ရင်တွေ တဒိတ်ဒိတ်ခုန်လာဆဲ မြဖူးက ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည်။ 

"ကဲ... မကြားဘူးလား၊ ဒါ့ကြောင့် ကျွန်မပြောတာ။ တုံးခေါက်နေပြီလေ ကိုပိုက်ထွေးရဲ့။ ထမင်းဟင်း ယူပြီးမှ တခါတည်း ပြန်မယ်လေ"

"မြဖူး"

အထိတ်တလန့်ခေါ်တဲ့ ပိုက်ထွေးကို မြဖူးကတော့ ဂရုမစိုက်ပါ။ သူ့လက်တွေနှင့် ပိုက်ထွေးကို စမ်းရင်း...။

"တွဲလေ..ကိုပိုက်ထွေးရဲ့။ မြန်မြန် သွားကြရအောင်။ အမယ်..နောက်ကျရင် ပဲပြုတ်ပဲရတာနော် ဘာမှတ်လဲ"

မြဖူးလက်တွေကို တွဲခေါ်သော ပိုက်ထွေးလက်တွေက အေးစက်တုန်ယင်နေသည်။ သူ့လက်တွေကို မြဖူး တင်းနေအောင် ဆုပ်ထားရင်း တရွေ့ရွေ့စလျှောက်သည်။ 

ဟော...လူတွေ လာနေတဲ့ အသံ။ ခွေးတွေ မာန်ဖီသံ။ နေပူခံဘုရားက ဆည်းလည်းသံ။ ဒီကြားထဲမှာ အဆက်မပြတ် ပေါ်ထွက်နေသော တုံးခေါက်သံ။ နာရီသံတွေကလည်း တောင်သမန်တခွင်လုံး ပွက်ပွက်ညံအောင် ဆူပဲ ဆူနိုင်လွန်းလှပါသည်။    ။

--------------

နုနုရည် - အင်းဝ
(ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၆)

(ဆရာမ နုနုရည်(အင်းဝ)၏ နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်နှင့် အခြားဝတ္ထုတိုများ စာအုပ်မှ ပြန်လည်စာရိုက်ဖော်ပြပေးပါသည်။ သတ်ပုံသတ်ညွှန်း မှားယွင်းမှုရှိပါက တောင်းပန်အပ်ပါသည်။/Admin)

#myo_minn_soe
#PDFLL
#PDF_Links_And_Literature

PDF Links And Literature ပေ့ခ်ျမှကူးယူပါသည်။ပေခ်ျ့အား ကျေးဇူးတင်ပါသည်။


နေမထိပန်းကလေး_စွေးစွေးနီ #လင်္ကာရည်ကျော်

#နေမထိပန်းကလေး_စွေးစွေးနီ

#လင်္ကာရည်ကျော်

                                  (၁)

တော်တော်တော့ ဆန်းသည့် ပန်းပါပေ။

ဒေသခံတို့ကတော့ `ဇောက်ထိုးပန်း´ဟု ခေါ်ကြသည်။ မြေကြီးအထက် အမြင့်
တစ်တောင်ခန့်သာမြင့်သော အပင်ကလေးက ပန်းပွင့်မည့်အချိန်ကျလျှင် နေရောင်ကို
ကျောခိုင်းလျက် မြေကြီးဘက်သို့ ပြန်ငုပ်လျှိုးပြီးမှ ပွင့်သည်။ ထို့ကြောင့်လည်း`ဇောက်ထိုးပန်း´ဟု ခေါ်ကြခြင်းဖြစ်သည်။

သူ၏ ရုက္ခဗေဒအမည်မှန်က ဘယ်လိုခေါ်ပါသနည်း။ ဝေါဟာရကျမ်း တို့တွင်ရှိသော မြန်မာအမည်မှန်ကရော ဘာပါနည်း။

ဒါတွေကို သူ စိတ်မဝင်စား၊ စိတ်ဝင်စားစရာလည်း မလို။ သူက ရုက္ခဗေဒပညာရှင်တစ်ဦး မဟုတ်သလို မြန်မာစာပညာရှင်တစ်ဦးလည်း မဟုတ်။ လက်ရွေးစင်အားကစားသမားဟောင်းတစ်ဖြစ်လဲ အကောက်ခွန်အရာရှိငယ် တစ်ဦးသာ ဖြစ်သည်။
သူ့ဦးနှောက်ထဲတွင် ပန်းအမည်တို့ မရှိ။ ဘောလုံးကစားကွက်အမျိုးမျိုးနှင့် အကောက်ခွန်
ဥပဒေ အမျိုးမျိုးတို့သာ ရှိသည်။

သည်ပန်းနှင့်ပတ်သက်၍ သူတကယ်စိတ်ဝင်စားတာက ပန်း၏အရောင်ဖြစ်သည်။

ပန်းနုရောင် မရင့်တရင့်။

မြန်မာရုပ်ရှင်တစ်ကား၏ အမည်နှင့်ပင် တူသေးတော့။ ဒီနာမည်ကို ပေးသော ဇာတ်ညွှန်းရေးဆရာကို သူ မသိ။ ဒါရိုက်တာကတော့ အကယ်ဒီ မောင်ဝဏ္ဏဟု မှတ်မိသည်။ အမှတ်မိဆုံးကတော့ ကြော်ငြာရာတွင် အသုံးပြုသော သတင်းစာ၌
စာသားကလေး။

“ဖွင့်ဟ၍ ပြောဆိုအပ်သော မေတ္တာကို အနီရောင်၊ လျှို့ဝှက်ထားသော မေတ္တာကို အဖြူရောင်ဟု သတ်မှတ် ပါလျှင် ပန်းနုရောင် မရင့်တရင့်´ဟု ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် နှလုံးသားထဲကို နင့်ကနဲနေအောင် ဝင်သွားခဲ့ပေမယ့် ဒီစကား၏ အဓိပ္ပါယ်ကို မချစ်ဖူးသေးသော ဦးနှောက်က တစ်ခါမျှ နားမလည်ခဲ့ပါ။ဖွင့်ဟပြောဆိုဝံ့သော မေတ္တာတရားကို `သတ္တိ´ဟု ချီးမွမ်း ထားသည်လား၊လျှို့ဝှက်ထားသော မေတ္တာကို `ပိုင်ဆိုင်လိုစိတ်ကင်းခြင်း´ဟု အမွှမ်းတင်ထားသည်လား သေသေ ချာချာ သဘောမပေါက်။

ဆယ်စုနှစ်တစ်စုစာ ကြာမြင့်ပြီး ဒီဒေသကလေးကို တာဝန်ဖြင့် ရောက်လာခဲ့ပြီးမှ အကောက်ခွန်အရာရှိ ရိပ်သာဘေး ဟိုလျှောက်ဒီလျှောက် လျှောက်ကြည့်ရင်း ဒေသခံမိတ်ဆွေများက ချက်စား၍ရသည်ဟုဆိုကာ ရှင်းပြသော ဒီပန်းပင်ကလေးကို
တွေ့ကာမှ ဒီစကားလုံးကလေးတွေကို မှတ်မှတ်ရရ ပြန်သတိရနေမိသည်။

ပန်းပွင့်ကလေး၏အရောင်မှာ `ပန်းနုရောင် မရင့်တရင့် 'ပါပေ။

                                  ( ၂ )

`အမေ ထမင်းစားပြီးပြီလား”

“ပြီးပါပြီ သားရယ်၊ သားတို့ရော”

`ပြီးပြီ အမေ၊ ချမ်းလို့ ပဲနို့ လာသောက်တာ”

`နှစ်ခွက်ပေါ့နော့”

`ဟုတ်”

ရှမ်းဘာသာကို ကျွမ်းကျွမ်းကျင်ကျင် ပြောနေသော သူငယ်ချင်းဖြစ်သူနှင့် ပဲနို့ဆိုင်ရှင် အဒေါ်ကြီးကို အံ့သြစွာ လှမ်းကြည့်ရင်းကပင် အဒေါ်ကြီး၏ နောက်ကွယ်မှ မျက်လုံးကလေးတစ်စုံကို ဖျတ်ကနဲ သတိထားလိုက်မိသည်။

ဖြူနုသော မျက်နှာလေးပေါ်တွင် တောက်ပစူးရှသော မျက်လုံးတစ်စုံက ထင်းကနဲနေသည်။ အလွန်လှပသော ရှမ်းမကလေးတစ်ဦးပါလား။

`ညီမလေး ဒီနေ့ ကျောင်းသွားလား”

`မသွားဘူး အစ်ကို၊ ဒီနေ့ ဥပုသ်နေ့”

သူငယ်ချင်းနှင့် ရှမ်းမကလေးတို့ မြန်မာဘာသာနှင့်ပင် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။ သူငယ်ချင်းက မိမိ ပုခုံးကို ပုတ်၍ မိတ်ဆက်ပေးသည်။

`ကျန်တဲ့ကောင်တွေက ည ဒီမှာ ချမ်းရင် အရက်သောက်ကြတယ်။ ငါက အရက်မသောက်တော့ ဒီမှာ တစ်ယောက်တည်း ပဲနို့ လာလာသောက်ရင်းက
အမျိုးလိုဖြစ်နေပြီ။ ဒါက ဆိုင်ရှင်၊ ငါကတော့ အမေပဲ ခေါ်တယ်။ ဟိုဟာက အမေ့သမီး၊ငါတို့က အားငယ်လို့ ခေါ်တယ်၊ ဒါက ကျွန်တော် ငယ်ငယ်ကတည်းက သူငယ်ချင်း၊အကောက်ခွန်အရာရှိကလေးပဲပေါ့”

ချစ်စရာ မျက်နှာကလေးက ပြုံးပြသဖြင့် သူ့ဘက်လှည့်၍ ပြုံးပြမိသည်။

`အားငယ်က ဘယ်နှစ်တန်း ရောက်ပြီလဲ”

အားငယ်က မျက်နှာကလေးရဲအောင် ရယ်သည်။ သူငယ်ချင်းက သူ့ထိပ်ကို လှမ်းထုသည်။

`အားငယ်က ဘွဲ့ရပြီးပြီကွ၊ ၂၁ နှစ်။ အခု ကျောင်းသွားလားဆိုတာက သူကမူလတန်းပြ ဆရာမကလေးမို့ မေးတာ၊ ဆောရီး ညီမလေးရေ ဒီကောင် အဲသလိုကြောင်လို့ လူပျိုကြီးဖြစ်နေတာ”

ရှက်ရယ်သာ ရယ်နေလိုက်ရသည်။ အမှန်တကယ်လည်း အားငယ်၏ မျက်နှာကလေးက ဆယ်ကျော် သက်ဟု ထင်ရလောက်အောင် နပျိုပါသည်။

`သားအသစ် နာမည်က”

`သက်အောင်ပါ ခင်ဗျာ”

`မြန်မာ့လက်ရွေးစင် ဘောလုံးသမားကြီးပေါ့ ဟုတ်လား"

အားငယ်က ခပ်ရွှင်ရွှင်ကလေး ဝင်နောက်သည်။ ဒီတစ်ခါတော့ ပြုံးရသည်မှာ သူ့အလှည့်။

`ညီမလေးက ဘောလုံးသမားတွေကို သိတယ်ပေါ့”

"အားလုံးတော့လည်း ဘယ်သိမလဲ၊ သက်အောင်ကတော့ မြန်မာအသင်း ဗိုလ်စွဲတဲ့နှစ်က ဂိုးအများဆုံးသွင်း၊ ရုပ်လည်း အချောဆုံးဆိုတော့ မိန်းကလေးတွေက အသည်းစွဲ၊ ယောက်ျားလေးတွေက ဟီးရိုးထား၊ ဂျာနယ်တွေထဲ ခဏခဏ ဖတ်ရတော့ သိနေတာပေါ့။ အစ်ကိုက ရုပ်ပါ နည်းနည်းဆင်တယ်နော်၊ ဂျာနယ်ထဲက သက်အောင်
ပုံတွေနဲ့လေ”

သူငယ်ချင်းက ခွက်ထိုးခွက်လန်ရယ်သည်။

" ဖြစ်မှဖြစ်ရလေ ညီမလေးရယ်၊ ဂျာနယ်တွေထဲမှာ သက်အောင်က အကောက်ခွန် ဘောလုံးအသင်းက ဆိုတာ မမှတ်မိဘူးလား၊ အခု ညီမလေးရှေ့
ငုတ်တုတ်ထိုင်နေတာ လူတူ၊ နာမည်တူ မဟုတ်ဘူး၊ အဲဒီ သက်အောင် ကိုယ်တိုင်ပဲ”

ရှမ်းမကလေးမျက်နှာ ရဲကနဲဖြစ်သွားပါသည်။

                                  ( ၃ )

" အမေရေ ပိုက်ဆံ ထားခဲ့ပြီ "

လျှာလေးသံကို မနည်းထိန်းထားရသော လေသံဖြင့် မှောင်ထဲက စားပွဲဝိုင်းဆီမှ ရှမ်းဘာသာဖြင့် လှမ်းအော်သည်။

“ရတယ် သားတို့၊ ကျေးဇူးပဲ”

အမေက မှောင်ထဲက ဝိုင်းဘက် လျှောက်သွားချိန်တွင် သူတို့နှစ်ဦးက အားငယ်ရှေ့ ခုံတန်းရှည်ကလေးတွင် ဝင်ထိုင်ကြသည်။

" အားလုံးက အမေပဲ ခေါ်ကြတယ်နော်”

ခုတော့ သုံးလခန့်ကြာပြီမို့ သူလည်း ရှမ်းစကားတတ်စပြုနေပြီ။ သူငယ်ချင်းက ရယ်သည်။

“ငါ့ကောင်ကလည်း အပါ့ကွာ၊ ဒီတစ်ကြောလုံးမှာ အားငယ်က အလှဆုံး၊အလိမ္မာဆုံး၊ အဲဒါ လူတိုင်းက အားငယ်အမေရဲ့ သားဖြစ်ချင်နေတာ။ မင်းက အနီးဆုံးခုံမှာ ထိုင်ခွင့်ရရနေတော့ ဟိုထောင့်ခုံက အုပ်စုတွေ ဘာတွေ ဆိုတာ မရိပ်မိဘူးပေါ့လေ”

အားငယ်က ရှက်ပြုံးလေးနှင့် ခေါင်းငုံ့ထားသည်။

`မသိဘူးလေ၊ ဘာအုပ်စုတွေလဲ”

`အားလုံး အားငယ်ကို ပိုးတဲ့ကောင်တွေချည်းပဲဟေ့၊ စောစောက နှုတ်ဆက်သွားတဲ့ အုပ်စက လ.ဝ .က အုပ်စု၊ အရက်သောက်ပြီးတာတောင် ဝင်မအိပ်ဘဲ
အမူးပြေတဲ့အထိ စောင့်ပြီးမှ ပဲနို့လာသောက်ကြတာ၊ အရက်သမား အရက်သောက်ပြီးရင်
ဘယ်သူက ပဲနို့ကြိုက်မှာလဲ၊ အားငယ်ကို ကြိုက်လို့ လာနေကြတာ”

`အစ်ကိုကလည်း လျှောက်ပြောပြနေတာ၊ ရှက်စရာကြီး”

အားငယ်က တိုးတိုးဟန့်သည်။

အမေကတော့ မှောင်ထဲမှနေ၍ `သမီးရေ ခဏစောင့်ပေးထားဦး´ဟု အော်ကာ ပျဉ်ထောင်အိမ်ကလေးထဲသို့ ဝင်သွားသည်။

သူငယ်ချင်းက ခေါင်းငုံ့၍ တိုးတိုးဆက်ပြောသည်။

“ငါလည်း လျှာယားလို့ ဆက်ပြောပြရဦးမယ်၊ ဒီကောင်တွေ ဘာလို့ ထပြန်သွားလဲ ရိပ်မိလား”

`ဟင့်အင်း”

`တုံးပေါ့ကွာ၊ မင်း ရောက်လာလို့ကွ။ ဒီလောက်တုံးမှတော့ တို့လာတိုင်း ဒီဆိုင်ရှင်စားပွဲရှေ့က ခုံကလေး ဘာလို့ လွတ်နေလဲကော သိရဲ့လား”

`ဘာလို့လဲ”

`အားငယ်က ဘယ်သူ့မှ ပေးမထိုင်လို့ကွ”

`ဟာ အစ်ကိုက တအား စတာပဲ”

အားငယ်က ရှက်ကိုးရှက်ကန်း လက်သုတ်ပဝါနှင့်
ကောက်ပေါက်၍ အိမ်ထဲသို့ ပြေးဝင်သွားသည်။

                                  ( ၄ )

တွေ့ နေရသည့် အချိန်တိုင်းတွင် နွေးထွေးကြည်နူးစွာ ရင်ခုန်နေမိခြင်း၊မတွေ့ နေရသည့် အချိန်တိုင်း တွင်လည်း ပြေးသွားတွေ့ချင်စိတ်တို့ တစ်ချိန်လုံး
ဖြစ်ပေါ်နေခြင်း။

သူနှင့်ပတ်သက်၍ စည်းစားကြည့်မိတိုင်းတွင် စိတ်ညစ်ညူးစရာဟူ၍ တစ်ခုမျှပင်
ဖြစ်ပေါ်မလာဘဲ နှလုံးသား ထဲတွင် ချမ်းမြေ့၍နေခြင်း။

ဒါတွေကို အချစ်ဟု ဆိုရပါမည်ဆိုလျှင် သူ အားငယ်ကို ချစ်နေမိပြီဆိုသည်မှာ
အမှန်ပင်။

သို့သော် ဒါကရော ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။

သူ့မှာက ချစ်သူတစ်ယောက် ရှိနှင့်နေခဲ့ပြီလေ။ ရှိနေခဲ့ရုံမက သူတို့ စေ့စပ်ပင် ပြီးခဲ့လေပြီ။ ဒီတစ်ခေါက် ရန်ကုန်သို့ ပြန်လည်ပြောင်းရွှေ့ရပြီးလျှင် လက်ထပ်ကြရန်ပင် အားလုံး စီစဉ်ထားပြီးနေပြီ။

ချစ်သူတဲ့လား။

လှပသလောက် ချမ်းသာကြွယ်ဝသော မြမြနှင်းနှင့် သူ့ကို လက်ထပ်ပေးကြရန် စတင်ကြံစည်ခဲ့ကြသည် မှာတော့ မြမြနှင်း၏ မိဘများနှင့် မြမြနှင်း အဖေ၏
ကျေးဇူးမကင်းသည့် တပည့်ရင်းတစ်ဦးဖြစ်သူ မိမိ၏ဖခင်တို့ ဖြစ်သည်။

သို့ရာတွင် ငယ်စဉ်ကတည်းကလည်း ရင်းနှီးရင်းစွဲရှိနေခြင်း၊ တစ်ဦးကိုတစ်ဦးလည်း မျက်နှာချင်းဆိုင် မိခိုက်တွင်လည်းကောင်း၊ ကွယ်ရာတွင် တစ်ဆင့်ကြားဖြင့်သော်လည်းကောင်း၊ အပြစ်မြင်စရာ၊ ငြိုငြင်စရာတစ်ကွက်မှ ရှာမတွေ့ခဲ့ကြသည်က
တစ်ကြောင်း၊ ယောက်ျားလေး ၂၇-နှစ်နှင့် မိန်းကလေး ၂၅-နှစ် ဆိုသည့်အရွယ်တွေမှာ
သင့်တော်သူတွေ့က အိမ်ထောင်ပြုသင့်ပြီဟု ယူဆမိသည်က တစ်ကြောင်းတို့ကြောင့်
လိုလိုလားလား လက်ခံခဲ့ ကြသည်။ လက်ခံပြီး နောက်ပိုင်းတွင်လည်း တပူးတွဲတွဲ
သွားသွားလာလာရှိခဲ့ကြသည်။ `တကယ်ချစ်လို့လား၊ လူကြီးတွေ စီစဉ်လို့လက်ခံလိုက်တာလား´ဆိုသောစကားကိုပင် အပြန်အလှန်မေး၍ `တကယ်လည်းချစ်ပါတယ်´ဟု အပြန်အလှန် ဖြေဖြစ်ခဲ့ကြသည်။ ဒီတော့ ချစ်သူတွေပဲပေါ့။

ချစ်သူရှိပြီးသား ယောက်ျားလေးတစ်ဦးက နောက်ထပ် မိန်းကလေးတစ်ဦးကို ချစ်မိလို့ ရလို့လားဟု ကိုယ့်ကိုယ်ကို မေးသည်။ မချစ်သင့်သည်ကတော့ သေချာလှသည်။ရင်ထဲက ကြိတ်ချစ်ပြီး သိုဝှက်ထားရင်ကော အပြစ်က ကင်းပြီတဲ့လား။ ဒီလိုသာ ချစ်လို့ရနေကြေးဆိုလျှင်တော့ `ချစ်သူ´ဆိုတဲ့စကားက ဘာများ အဓိပ္ပါယ် ရှိမှာတဲ့လဲ။

လက်ထပ်ပြီးတာမှ မဟုတ်သေးတာဟု ကိုယ့်ကိုယ်ကိုတော့ ဖြေတွေးကလေး တွေးမိသည်။ ဒါကရော ဘယ်လောက်အရေးပါလို့လဲ။ တစ်မိသားနဲ့ တစ်မိသမီး`ချစ်ပါသည်´ဟု အပြန်အလှန် ပြောပြီးကြကာမှ စာချုပ် စာရွက်ကလေးတစ်ခုပေါ်တွင်
လက်မှတ် မထိုးရသေးရုံ၊ ကိုယ်ထိလက်ရောက် မကျူးလွန်မိကြရသေးရုံနှင့် တခြား
တစ်ဦးအပေါ်မှာ စိတ်ညွတ်ခွင့်က လွယ်လွယ်ရသွားရောတဲ့လား။

စိတ်ညွတ်ခွင့်။

ဟုတ်ပါရဲ့၊ ငါ သူ့ကို ချစ်နေတာရော ဟုတ်မှ ဟုတ်ရဲ့လား။ မိဝေးဖဝေး၊ချစ်သူဝေး၊ တစ်ဦးတည်း နေနေခိုက်မှာ ကိုယ့်အပေါ် ဂရုစိုက်တာလေးတွေ၊ ကြင်နာဟန် အငွေ့အသက်ရှိနေတာလေးတွေကို သာယာမိနေတာ များလာ။

သူကတော့ ငါ့ကို ချစ်နေဟန်တူပါရဲ့။ ဒါပေမယ့် ငါက သူ့အချစ်ကို ရယူဖို့ထိုက်တန်ရဲ့ လား။ ပြီးရင်လည်း ထားခဲ့ရမယ့်အတူတူ ခုကတည်းက ရှောင်နေလိုက်ရင် မကောင်းဘူးလား။

အို ငါ့ပါးစပ်က ဘာမှ ဖွင့်မပြောရင် ပြီးရောပေါ့။ သူလည်း မိန်းကလေးပဲဟာ။ ငါရှေ့မတိုးရင် သူလည်း ရင်ထဲက ခံစားချက်ကို ဖွင့်ဟခွင့်သာမှာ မဟုတ်ပါဘူး။

နောက်ဆုံးတော့လည်း ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ညနေခင်းကလေးများ ကွယ်ပျောက် သွားမည်ကို နှမြော နေမိပြန်လေသည်။

`အစ်ကို စားဖူးလားလို့ မေးနေတာလေ”

အားငယ်အသံကလေးကြောင့် လွင့်မျောနေသော အတွေးများ ရုတ်တရက် ရပ်တန့်သွားကြသည်။

“ဟင် ညီမလေး၊ ဘာကို မေးတာလဲ”

“တို့ဟူးနွေးလေ၊ စားဖူးလားလို့”

`ဟင့်အင်း၊ ကျွေးမလို့လား”

ရယ်၍ မေးလိုက်တော့ ချစ်စဖွယ်ပြုံး၍ ခေါင်းငြိမ့်ပြသည်။

`နက်ဖြန် အစ်ကိုအားလား”

`အားတယ်”

`ဟိုအစ်ကိုလည်း ခေါ်ခဲ့လေ၊ အားငယ် ညီမလေးနဲ့ မောင်လေးလည်း ခေါ်ခဲ့မယ်။ဈေးကြီးမှာ သွားစား ကြရအောင်”

ဖော်ရွေသလောက် ဣန္ဒြေကြီးသော မိန်းကလေးသည် သူနှင့် တစ်ခါမျှ နှစ်ယောက်တည်း သွားလာခြင်း မရှိပါ။

`အစ်ကို ပြောင်းခါနီး အမှတ်တရပေါ့”

မျက်လွှာချ၍ တိုးတိုးပြောလိုက်သော အသံကလေးကတော့ ရင်ထဲအထိ နင့်ကနဲ ဝင်ရောက်သွားပါသည်။

                               ( ၅ )

`သက်အောင်ရာ စိတ်ပူလိုက်ရတာကွာ”

တစ်ကိုယ်လုံး ပေကျံနေသော ရွှံ့မြေများကိုပင် မမှုဘဲ သူငယ်ချင်းက ပြေးဖက်၍ ကြိုဆိုသည်။ သူ့ကာကီရောင် ယူနီဖောင်းအသစ်ကလေး အပေအကျံနည်းစေရန် အားနာနာနှင့် တွန်းဖယ်ရသည်။

`ခုနစ်ရက်တည်း ကြာသွားတာပါကွာ၊ စိတ်ပူစရာလား”

`မှန်ကြည့်ပြီးမှပြော ဟေ့ကောင်၊ မင်းလည်း သရဲရုပ်ပေါက်နေပြီ။ ပြီးတော့ မင်းတို့ ပြန်ရောက်မယ့်ဟာကို တို့မှန်းပြီး ကြိုတာလည်း လေးရက်ရှိပြီ”

“ကြိုစရာလားကွာ၊ အချိန်တန် ကွန်ဗွိုင်နဲ့ ရောက်လာမယ့်ဟာကို”

“အောင်မာ ပြောလိုက်ရင်”

သူငယ်ချင်းက လေသံနှိမ့်၍

`အခု ညဆယ့်တစ်နာရီထိုးနေပြီ။ လာ မင်းနောက်မှ ရေချိုး၊ အားငယ်ဆီ သွားရအောင်”

`ဟ ဒီလောက်ရွဲနေတာကွာ၊ သူ့ဆိုင်လည်း ပိတ်တော့မှာ”

ဆိုင်ပိတ်မပိတ်တော့ မသိဘူး သူငယ်ချင်း၊ အားငယ် တစ်ညလုံး အိမ်ရှေ့ကွပ်ပျစ်ပေါ် ထွက်ထွက် ထိုင်နေတာ သုံးရက်ရှိပြီ။ မင်း တကယ်
ပြန်ရောက်လာကြောင်း သွားမျက်နှာပြဦး”

ရင်ထဲတွင် နင့်ကနဲ တစ်ချက် အသက်ရှူရန် မေ့သွားသည်။

                                   (၆)

မနက်ဖြန် ပြောင်းရမည့်ညသည် မစောင့်နေပါဘဲနှင့် အလန့်တကြား ရောက်ရှိလာခဲ့သည်။

ရေရာတိပသော သံယောဇဉ်စကား တစ်ဦးနှင့် တစ်ဦး တစ်ခွန်းမျှ မဆိုဖြစ်ပါဘဲနှင့်ပဲနို့ဆိုင်ကလေး ပိတ်သည် အထိ မပြန်ဖြစ်ဘဲ အဓိပ္ပါယ် ထူးထူးခြားခြား မသက်ရောက်သော စကားတစ်ခွန်းတစ်လေ ပြောလိုက်၊ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေလိုက်နှင့် ညသန်းခေါင် တိုင်ခဲ့သည်။

 သူငယ်ချင်း အကောက်ခွန်အရာရှိရော၊ အားငယ်၏ မောင်ငယ်နှင့် ညီမငယ်တို့ပါ အတူထိုင်နေကြ၍သာလျှင် ဣန္ဒြေမမဲ့ဘဲ ရှိတော့သည်။

အပြန်ခရီးတွင်တော့ မှောင်နေ၍ စိတ်မချဟုဆိုကာ မောင်နှမသုံးယောက်စလုံး အတူလိုက်ပို့ကြသည်။

အလိုက်ပဲ သိကြသလား၊ သူတို့နှစ်ဦး၏ ခြေလှမ်းများကပဲ နှေးကွေးလေးလံနေ၍လား မသိ၊ တစ်စတစ်စနှင့် နှစ်ဦးတည်း နောက်မှာ ကျန်လျက်
လမ်းလျှောက်လာဖြစ်ခဲ့ကြသည်။

တိတ်ဆိတ်ငြိမ်သက်လျက်။

လရောင်အောက်တွင် အသက်မဲ့လူနှစ်ဦးလို လျှောက်လာကြရာ၊ ရှေ့နားမှ သူငယ်ချင်းနှင့် မောင်ငယ်တို့ ခြေလှမ်းရပ်သံကြားမှ အကောက်ခွန် အရာရှိရိပ်သာ အပေါက်ဝ ရောက်ပြီမှန်း သတိထားမိတော့သည်။

“... မယ်နော်”

ပြောတုန်းကတော့ `သွားမယ်နော်´ဟူ၍ ဖြစ်သည်။ တကယ် ပါးစပ်က ထွက်လာတော့ လေသံကြားတွင် `သွား´တစ်လုံး တိမ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။
အားငယ်ကတော့ ခေါင်းလေးတစ်ချက် မသိမသာငြိမ့်၍ လက်ထဲတွင် ကိုင်ထားသော
အထုပ်ကလေးကို လှမ်းပေးသည်။

`ဘာလဲဟင်”

`ဓာတ်ပုံပေါင်ကလေးပါ၊ အစ်ကို့ဖို့”

ယောင်အအနှင့် လှမ်းယူလိုက်ရင်း လက်ချင်း မသိမသာ ထိမိသွားသည်။
အားငယ်က မသိချင်ယောင် ဆောင်၍ မောင်နှင့် ညီမတို့ဆီ လျှောက်သွားသည်။

အမှောင်ရိပ်ထဲတွင် မထင်မရှားသာ လှမ်းမြင်ရတော့သည့်နေရာရောက်မှ ဆံနွယ်ရှည်များ ဝဲပျံသွားအောင် တစ်ချက်လှည့်ကြည့်၍ ...

“ကြိုတင်လက်ဖွဲ့ ပေါ့ အစ်ကိုရယ်”

သူဘာပြန်ပြောရမှန်း မသိခင်မှာပင် မောင်နှမသုံးယောက်စလုံး မှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားကြ ပါသည်။

                                 ( ၇ )

လှပသော ဓာတ်ပုံပေါင်ကလေး အတွင်းတွင် စွေးစွေးနီသော ပန်းကလေးတစ်ပွင့်၏ ပုံကို ထည့်သွင်းထား ပါသည်။

တိမ်တိုက်များကို လေယာဉ်ပြတင်းပေါက်မှ ကြည့်လိုက်၊ လက်ထဲတွင်ကိုင်ထားသော ဓာတ်ပုံပေါင် ကလေးကို ငေးကြည့်လိုက်နှင့် သူ့နှလုံးသားတစ်ခုလုံး ဆွဲဆုပ်ထားသလို တင်းကျပ်၍နေပါသည်။

နာမည်ကျော် အားကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးသဖြင့် သူနှင့် မြမြနှင်းတို့ စေ့စပ်ခဲ့ကြသည့်အချိန် တုန်းက ဂျာနယ်တော်တော်များများတွင် ပါခဲ့ဖူးကြောင်းကိုရော၊နယ်စပ်မြို့ကလေးမှာ နေသူပေမယ့် အားငယ် စာအလွန်ဖတ်ကြောင်းကိုပါ သူ
မေ့လျော့နေခဲ့မိသည်ကို ယခုမှ နောင်တရနေမိသလိုလည်း ရှိနေသည်။

တော်သေးတာပေါ့။

သူ့အတွက် ငါခံစားမိတာတွေ ဖွင့်မပြောဖြစ်ခဲ့လို့ ဖွင့်များပြောမိရင် ငါ့ကို မရိုးသားတဲ့လူတစ်ယောက်လို့ တန်းအထင်သေးသွားမှာ။

သူက အစကတည်းက အားလုံး သိနေခဲ့တာပဲ။

ဟင်၊ ဒါဆိုရင် သူ ဘာဖြစ်လို့ ငါ့ကို ဒီလောက် နွေးနွေးထွေးထွေး ဆက်ဆံခဲ့တာပါလိမ့်။

တကယ်လို့များ သူက ငါ့ကို တကယ်ချစ်နေခဲ့တယ်ဆိုရင် ဘာဖြစ်လို့ ငါသိအောင် စကားလမ်းမကြောင်း ပေးခဲ့သလဲ။ ငါ့မှာ လက်ထပ်မယ့်သူ ရှိနေမှန်း သိနေလို့ အစကတည်းက ရှေ့မတိုးချင်ခဲ့ရင်လည်း ငါ့အပေါ် ဘာလို့ ဒီလောက် ကြင်နာပြခဲ့ရသလဲ။

ဒါမှမဟုတ်၊ ငါကပဲ ငါ့ကိုယ်ငါ အထင်ကြီးလွန်းနေတာလား။

သူက ငါ့ကို တကယ်မချစ်ဘဲ ရိုးရိုးခင်တာကို ငါက ယောက်ျားလေးပီပီ ပိုတွက်နေမိတာလား။

ငါ့ဟာငါ ခံစားနေရာတာကို သူလည်း ငါ့လို နေမှာပဲလို့များ ပိုပိုသာသာ စဉ်းစားနေခဲ့မိတာလား။

| သေချာတာကတော့ အားငယ်ကသာ ပွင့်ပွင့်လင်းလင်း လမ်းကြောင်းပေးခဲ့လျှင် နောင်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာအားလုံးကို ရင်ဆိုင်ဝံ့လောက်အောင် သူ့နှလုံးသားက ဒီမိန်းကလေးအပေါ် ညွတ်ပျောင်း လျက်သားရှိနေခဲ့သည် ဆိုသည့် အချက်ပင် ဖြစ်သည်။

ယောင်ဝါးဝါးအာရုံ၊ မှုန်ဝါးဝါးအတွေး၊ တုန်ယင်သောလက်များဖြင့် ဓာတ်ပုံပေါင်ကလေးကို ဖြုတ်ကြည့် မိသည်။

အပေါ်က အလှထည့်ထားသော ပန်းပွင့်နီနီပုံကလေး ပြုတ်သွားသောအခါ အောက်မှ ပလတ်စတစ်ကျောခွံ ပေါ်လာသည်။

ဘုရားရေ၊ မာကာပင် မင်ဖြင့် ကျောခွံအတွင်းဘက်တွင် ဘာများ ရေးထားပါလိမ့်။

'အစ်ကို့ကို ဘယ်လိုမှ မပြောသင့်မှန်း သိပေမယ့် အစ်ကို့ကို ညီမ သိပ်ချစ်တယ်ဆိုတာကိုတော့ ပြောပြဖူးချင်တယ်။ ဒီလို သိလိုက်ရလို့ အစ်ကို့ဘဝကို
ဘာအပြောင်းအလဲမှ အဖြစ်မခံပါနဲ့။ ဒီစာကိုလည်း ဖတ်ပြီးရင် ဖျက်ဆီးပစ်လိုက်ပါ။

သိပ်ချစ်တဲ့

အားငယ်

လေယာဉ်ကြီး လေထဲတွင် ချာလည်လည်သွားသလို ခံစားလိုက်ရပါတော့သည်။

                                  ( ၈ )

နယ်စပ်မြို့ ကလေးအကြောင်းကို မြမြနှင်း အပါအဝင် တစ်ပါးသူများအား သူ
မကြာခဏ ပြောပြဖူးသည်။ ပြောပြတိုင်းတွင် ပဲနို့ရည်ဆိုင်ကလေး၊ အလွန်လှပသော
ကျောင်းဆရာမကလေးနှင့် ဓာတ်ပုံပေါင်ကလေးတစ်ခု အကြောင်းကို ဘယ်တော့မှ
ထည့်ပြောပြလေ့မရှိ။

နေရောင်၏ မမြင်ကွယ်ရာသို့ လှည့်၍ တိတ်တခိုးပွင့်တတ်သော ပန်းကလေးများ
အကြောင်းကိုတော့ မကြာခဏ ပြောပြဖြစ်သည်။

တစ်ခုပဲရှိသည်။
ပန်းကလေးများ၏ အရောင်ကို သူ မမှတ်မိ။

စိတ်ထဲတွင်တော့ ရဲရင့်ခြင်း၏ စွေးစွေးနီသော အရောင်ကို ဆောင်သည်ဟု ထင်မိပါသည်။

----------------

လင်္ကာရည်ကျော်

( Family မဂ္ဂဇင်း ၊ ၂၀၀၆ )

#Typing_crd_ZawOo

Thursday, 16 April 2020

အော်လံဖိုးဗြော့ ( ဇာတ်သိမ်း )

#အော်လံဖိုးဗြော့

( ဇာတ်သိမ်း )

#မင်းလူ

နောက်တစ်နေ့တွင် ၁၂ နာရီ မထိုးခင်မှာပင် ငွေ တစ်ရာ့ရှစ်ဆယ်လောက်ရသဖြင့် ဦးဖိုးဗြော့ ကျေနပ်နေသည်။ “ဒီနေ့တော့ သုံးရာကျော်မှာပဲ” ဒါဆိုရင် “ဦးဖိုးဗြော့ စိတ်ကူး လေး ယဉ်နေစဉ် ဓာတ်ခဲတို့အုပ်စု ရောက်လာသည်။

“ဘကြီးဗြော့ အလှူငွေ တော်တော်ရရဲ့လား”

“အေး မဆိုးပါဘူးကွ၊ ဘာလဲ မင်းတို့ကော လှူကြ မလို့လား"

“လှူတော့ လှူချင်ပါတယ်ဗျာ။ အခုပဲ ဦးပတေးဆိုင် မှာ ပဲပလာတာ စားခဲ့လို့ ပိုက်ဆံကုန်ပြီဗျ။ ဒီလိုလုပ်ပါ။ ကျွန်တော်တို့ လုပ်အားလှူမယ်လေ”

“ဘယ်လိုကွ”

“ဒီလိုလေ ဘကြီးဗြော့ တစ်ယောက်တည်း အော်နေ တာထက် စာရင် ကျွန်တော်တို့က ငွေဖလားကို ကိုင်ပြီး လမ်း သွားလမ်းလာတွေကို လိုက်အလှူခံရင် ပိုရမှာပေါ့”

“အေး... ကောင်းသားပဲ”

ဓာတ်ခဲတို့ အုပ်စုက ငွေဖလားကြီးထဲကို ကျောက် စရစ်ခဲ သုံးလေးငါးလုံး ထည့်ပြီး “ဂလောက် ဂလောက်” မြည် အောင် လှုပ်ရင်း လမ်းသွားလမ်းလာတွေကို လိုက်နှိုးဆော် သည်။

“ကွင်းပိုင်ဘိုးဘိုးကြီး နတ်ကွန်းဆောက်ဖို့ အလှူခံပါ တယ်ခင်ဗျာ” 

 တချို့က ဆန္ဒအလျောက်အလှူငွေ ထည့်သွားကြ သည်။ တချို့ကတော့ သူတို့အုပ်စုကို လန့်သဖြင့် ထည့်ရခြင်း ဖြစ်၏။ ဓာတ်ခဲပြောသလို အလှူငွေ ပိုရတာတော့ မှန်သည်။ သို့ရာတွင် နေ့လယ်ပိုင်းရောက်တော့...

“ဘကြီးဗြော့ နေက ပြင်းတော့ ပူတယ်ဗျာ။ တစ်ချိန် လုံး လှုပ်နေရတာ ရေတောင် ငတ်လာပြီး အအေးလေး ဘာ လေး ဝယ်တိုက်ပါလား”

“ဟေ”

ဦးဖိုးဗြော့ လန့်သွား၏။ သို့ရာတွင် ငြင်းလို့မဖြစ်။ ဒီကောင်တွေက စိတ်မထင်လျှင် မဟုတ်ကဟုတ်ကတွေ လုပ် တတ်သည်။ ဟိုတစ်နေ့ကပဲ သူတို့ ဘောလုံးကန်နေကျ နေရာမှာ လေးဘီးကားတစ်စင်း လာရပ်ထားပြီး ဒရိုင်ဘာက လက် ဖက်ရည်သွားသောက်နေသဖြင့် တာယာတွေ လျှော့ထား ခဲ့သေးသည်။ ခုလည်း အအေးမတိုက်လို့ ပြဿနာရှာမှာ ကြောက်ရသည်။ ထို့ကြောင့်...

“အေး.. အေး. . ရပါတယ်ကွာ”

“ဒါဆို ကျွန်တော်တို့ အအေးဆိုင်မှာ ဝင်သောက် သွားမယ်။ ပြီးမှ ဘကြီးဗြော့ ငွေ ရှင်းလိုက်နော်”

ဟု ပြောပြီး ထွက်သွားကြသည်။ သူတို့ ကူပြီး အလှူ ခံလို့ ရတာ ခုနစ်ဆယ်၊ သူတို့သောက်သွားသည့် အအေးသုံး ပုလင်းက ကိုးဆယ်ကျသဖြင့် နှစ်ဆယ်တောင် စိုက်လိုက်ရ သေးသည်။

                              * * * * *

“ဒီနေ့ ကျွန်တော်ဟောမယ့် တရားကတော့ အလှူ ပေးလို့ သူဌေး ဖြစ်တယ်ဆိုတဲ့ တရားပဲ ဖြစ်ပါတယ် ခင်ဗျာ”

ဦးဖိုးဗြော့က နိဒါန်းပျိုးသည်။ ထို့နောက် ကြာနီကန် ဆရာတော် ဟောကြားတော်မူခဲ့သော “မဟာဒုတ်တရားထဲက မှတ်မိသမျှကို အသံနေ အသံထားနှင့် ပြောလေတော့သည်။ သူက ဆွမ်းတင်နေကျ၊ လူဖြစ်သောကြောင့် အခက်အခဲတော့ သိပ်မရှိ။ တစ်ခါ တစ်ခါကျမှသာ လေဆက်ပြတ်ပြတ်သွား သဖြင့် အသံတိမ်ဝင်သွားတာတို့ အသံကြောင်သွားတတ်တာ တို့ ဖြစ်တတ်၏။ တစ်ခုတော့ ရှိသည်။ ပြောနေရင်း ရှေ့ဆက်ရမည့် စကား မေ့သွားတတ်ခြင်းပင် ဖြစ်၏။

“အဲ အဲ.. ခုန ပြောသလိုပေါ့ဗျာ။ ဟိုဒင်း မဟာဒုတ် ဟာဆိုရင် အဲသလို ဖြစ်ပြီး သကာလကျတော့”

ဆိုပြီး ပြောစရာ စကားရှာမရ သဖြင့် ပတ်ချာလည် နေတတ်၏။

ဦးကုလားနှင့် ဒေါ်ခင်တီတို့ကတော့ မဏ္ဍပ်နှင့် အနီး ဆုံးမို့ နားပူဒဏ် အများဆုံး ခံကြရ၏။ ဦးကုလားက

“အင်း ငါတို့ဟာ ဟိုဘဝက သူများအိမ်ဘေးနားမှာ ကားဘော်ဒီရုံဖွင့်ခဲ့ဖူးလို့ အခု ဝဋ်လည်တာလား မသိဘူး”

ဟု ငေါ့တော့တော့ ပြောသည်။ ဒေါ်ခင်တီက တော့...

“ရှင်က နားပူရင် ဘုန်းကြီးကျောင်းတို့ လက်ဖက်ရည် ဆိုင်တို့ ထွက်သွားလို့ ရသေးတယ်။ ကျုပ်မှာက ဘယ်မှ သွား လို့ မရဘူး။ ငုတ်တုတ်ခံနေရတာ။ ကြာတော့ခေါင်းတွေတောင် နောက်လာတယ်။ အသံ နည်းနည်း တိုးပေးဖို့ သွားပြောပါလား"

- “ဟာ ဒီလူကို ငါ အောက်ကျခံပြီး သွားမပြောချင်ပါ ဘူး”

“ရှင်နဲ့ ဦးဖိုးဗြော့နဲ့က အရင်က တရားဆွေးနွေးဖက် တွေပဲဟာ ကို"

“အရင်က ဟုတ်တယ်။ အခု မဟုတ်တော့ဘူး။ ဒီလူ က ပညတ်ပရမတ်လောက် ပြောတတ်တာနဲ့ သူ့ကိုယ်သူ ဓမ္မကထိကလောက် ထင်နေတာ။ ငါက သွားတောင်းပန်ရင် ရောင့်တက်လာလိမ့်မယ်”

ဆိုပြီး ပေခံနေ၏။

ဦးဖိုးဗြော့ကလည်း နတ်စင်ဆောက်လုပ်ဖို့အတွက် ဦးကုလားက အလှူငွေ မတည်ခြင်းမပြုဘဲ ရှောင်ထွက်သွားခဲ့ ခြင်းမှာ မိမိအပေါ် မကြည်လင်လို့ပဲဟု တွက်သည်။ ဒါတွင် မက အခု အလှူခံနေတာ တစ်ပတ်ပြည့်တော့မယ်။ ဦးကုလား အိမ်က တစ်ကျပ်တောင် လာမထည့်သေး။ သူ့သား ဓာတ်ခဲ ကလည်း လာကူသလို လုပ်ပြီး အအေး ညာသောက်သွားသေး သည်။ ဦးကုလားကပဲ တမင် ခုလို လုပ်ခိုင်းတာလားလို့တောင် ထင်စရာရှိ၏။ ခါတိုင်း အကြောင်းကိစ္စရှိလို့ အလှူခံရင် တစ် ရာ နှစ်ရာမှ တစ်ထောင်၊ နှစ်ထောင်ထိ လက်မနှေးဘဲ ထည့် တတ်သော ဦးကုလားသည် ဒီအခါကျမှ ဘာကြောင့် လက် - ပေါက်ကပ်နေရသလဲ။ စဉ်းစားစရာတွေ ရှိလာ၏။ ထို့ကြောင့် ဒီလူ့ကို နည်းနည်းတော့ ဆုံးမဦးမှပဲဆိုပြီး။

“လှူတယ်ဆိုရာမှာလည်း အမျိုးမျိုး ရှိပါတယ်။ စေတနာ၊ သဒ္ဓါတရားတစ်ခုထဲကို အရင်းပြုပြီး လှူတာက အမွန်မြတ်ဆုံးပါပဲ ခင်ဗျ။ မိမိအတွက် အကျိုးရှိရာရှိကြောင်း တစ်ခုခုကို မျှော်ကိုးပြီး လှူတာမျိုးကတော့ လောဘက တစ် စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုရပါလိမ့်မယ်”

 ဦးကုလားကလည်း သူ့ကို လှမ်းထေ့နေပြီဆိုတာ သိသည်။ ထို့ကြောင့် နားစွင့်နေလိုက်သည်။ ဦးဖိုးဗြော့ က ဆက်၍

“မရှိလို့ မလှူ မလှူလို့ မရှိဆိုတဲ့ စကားရှိပါတယ်။ တကယ် မရှိလို့ မလှူနိုင်တာဟာ ခွင့်လွှတ်နိုင်ပါသေးတယ်။ ရှိရက်နဲ့ မလှူရက် မဒါန်းရက်တာမျိုးကတော့ အဲ.. ဒါဟာ ငါ့ငွေ၊ ငါ့အိမ်၊ ငါ့ ရွှေငွေရတနာ၊ ငါပစ္စည်းဆိုတဲ့ ငါစွဲ မပြုတ် သေးလို့ပါပဲ”

ဦးကုလား အံကြိတ်လိုက်သည်။ ခင်ဗျား ကျုပ်ကို စောင်းပြောတာလားဆိုပြီး သွား ပြဿနာရှာလို့လည်း သဘာဝ မကျသဖြင့် အောင့်သက်သက်နှင့် ခံနေရ၏။ သို့ရာတွင် ဦးဖိုးဗြော့သည် မိမိလောက် စာဖတ်သူ မဟုတ်။ ထို့ကြောင့် သူပြော တဲ့ ဟောတဲ့ထဲမှာ အမှားတော့ ပါမှာပဲ။ ဒီတော့မှ ထောက်ပြပြီး ပညာပေးလိုက်ဦးမယ်လို့ တေးထားလိုက်၏။

                             * * * * *

ညနေတွင် မောင်ဝ အလုပ်က ပြန်လာသည်။ ဦးဖိုးဗြော့ မောင်ဝကို မြင်သောအခါ..

“ဟေ့.. မောင်ဝ အလှူလေး ဘာလေး ထည့်ဦးလေ ကွာ၊ မင်းနဲ့ ရွှေကြည်နဲ့ မြန်မြန်လက်ထပ်နိုင်အောင် မစဖို့ ကွင်းပိုင်ကြီးဆီမှာ ဆုတောင်းပေးမယ်”

“တော်စမ်းပါဗျာ၊ ဘယ်က ကွင်းပိုင်ကြီးလဲ။ကျွန်တော် မယုံပါဘူး”

“မင်း ပါးစပ်က စည်းမရှိ ကမ်းမရှိ လျှောက်မပြောနဲ့ ကွ။ ဒုက္ခ တွေ့ချင်လို့လား”

မောင်ဝ ရယ်လိုက်သည်။ 

 “ဘာဒုက္ခမှ မကြောက်ဘူး။ ဒီမှာ ဦးလေးဗြော့ရဲ့ ဦးလေးတို့ကသာ ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြတာ၊ ကျွန်တော် ဈေးဘက်က ပြန်လာတိုင်း ဒီနားမှာ အပေါ့သွားနေကြ၊ ဘာမှ မဖြစ်ခဲ့ဘူး။ အခု ဦးလေးက ဒီမှာ ရောက်နေလို့ အပေါ့တောင် ဘယ်နားသွားရမှန်း မသိဘူး” 

ဟုပြောပြီး ထွက်သွားသည်။ ဦးဖိုးဗြော့က..

“မင်း ဒါကြောင့် မွဲနေတာ”

ဟု မကြားတကြား လှမ်းပြောသည်။ မောင်ဝက ခပ် လှမ်းလှမ်းရောက်မှ တစ်ချက်လှမ်းကြည့်ပြီး လှမ်းအော်ပြော လိုက်သည်။

“ကျွန်တော်ကတော့ ဘုရားကလွဲရင် ဘာမှ မယုံဘူး"

မောင်ဝသည် ဒီလိုပဲ ဘုဆတ်ဆတ် ပြောတတ်သည်။ ဘာကိုမှလည်း ကြောက်တတ်သူမဟုတ်။ သူ လုပ်ချင်တာကို စွတ်ရွတ်လုပ်တတ်သည်။ သို့ရာတွင် စိတ်ကောင်းရှိသည်။
ခုလည်း ဘုန်းကြီးကျောင်းကို သွားခြင်း ဖြစ်၏။ ကျောင်းက သွပ်မိုးတွေက သိပ်မကောင်းလှတော့။ တချို့နေရာတွေ ဆွေးပြီး ဇကာပေါက် ဖြစ်နေသည်။ မိုးသိပ်သည်းလျှင် မိုးယိုလေ့ရှိ၏။ သူသည် ဈေးထဲက ပွဲညက်တွေ ဝယ်လာပြီး
ကျောင်းက သွပ်မိုးတွေကို တက်ဖားပေးဖို့ လာခဲ့ခြင်း ဖြစ်လေ ၏။

မောင်ကျော်လှကလေးကတော့ မောင်ဝလို့ မဟုတ်။ သူ့အဖေ ကျော်ကွန့်လို ရိုးလည်းရိုး၊ ကြောက်လည်းကြောက် တတ်သည်။ ဒါတွင်မက သူ အမေလှထုံကဲ့သို့လည်း အတတ. နိုင်သည်။  သူက ကျောင်းသွားကျောင်းပြန် အလှူခံမဏ္ဍပ်ရှေ့ မှ ဖြတ်သွားရ၏။ ဟိုတစ်ခါ ညောင်ပင်အောက်မှာ သေး ပေါက်မိသဖြင့် အကြီးအကျယ် ဖျားပြီးကတည်းက အတော် လန့်နေသည်။ ထို့ကြောင့် ကျောင်းမုန့်ဖိုးတစ်ဆယ်ကို အလှူ ငွေ ထည့်လိုက်လေသည်။ 

“သားလေး မောင်ကျော်လှကလည်း မုန့်ဖိုးငွေ မစား ရက်မသောက်ရက်ဘဲ လှူဒါန်းသွားပါတယ်ခင်ဗျာ”

ဦးဖိုးဗြော့က ညောင်ပင်ဖက် ဦးခိုက်ပြီး.. 

“သားလေး မောင်ကျော်လှကို စောင့်ရှောက်တော်
မှုပါ”
,
ဟု လှမ်းဆုတောင်းလိုက်ပြီးမှ

“အင်း.. ကလေးပင်ဖြစ်သော်ငြား သဒ္ဓါတရားထက်သန်လှပါပေတယ်”

ဦးဖိုးဗြော့က ရိုးရိုးပင်ပြောခြင်းဖြစ်သော်လည်း ဟိုနေ့ က စကားလက်စရှိသဖြင့် ဦးကုလားက ငါ့ကို ချိတ်ပြန်ပြီ။ ကလေးပေမယ့် သဒ္ဓါတရားရှိတယ်ဆိုတော့ လူကြီးက သဒ္ဓါ တရားမရှိဘူးလို့ ဆိုလိုတာလားဟု တွေးပြန်သည်။

နောက်တစ်နေ့ မနက် မောင်ကျော်လှ ကျောင်းသွား ဖို့ ထွက်လာတာ မြင်သောအခါ..

“ဟော မောင်ကျော်လှလေးပါလား”.

ဟု ဦးဖိုးဗြော့က နှုတ်ဆက်လိုက်၏။ မောင်ကျော်လှ စိတ်ထဲမှာ ဦးဖိုးဗြော့ နှုတ်ဆက်လိုက်တာကို ကွင်းပိုင်ကြီးတော့ ကြားသွားပြီဟု စိုးရိမ်ပြီး မုန့်ဖိုးတစ်ဆယ်ကို ထည့်သွား ပြန်၏။ ဦးဖိုးဗြော့ကလည်း
မနေ့ကလိုပင် ဆုတောင်းပေး သည်။ ပြီးတော့ ထိုအကြောင်းနှင့် ဆက်စပ်၍ သမီးကို ကျွန် အဖြစ်မှ ရွေးဖို့ ပင်ပင်ပန်းပန်း ရှာထားသည့် ငွေဖြင့် ရဟန္တာ
လောင်းလျာတစ်ပါးကို ဆွမ်းဝယ်ကပ်လိုက်သဖြင့် နောက်ဆုံး သူဌေးကြီးဖြစ်သွားပုံကို ပြောလေသည်။

နောက်တစ်နေ့ ကျတော့လည်း မောင်ကျော်လှ ကျောင်းသွားဖို့ လာတာမြင်လျှင်

“ဟော.. လာပါပြီခင်ဗျာ၊ ဒါနရှင်လေး မောင်ကျော်လှ"ဟု စကားခေါ်ရင်း နှုတ်ဆက်ပြန်သည်။ မောင်ကျော် လှလည်း ငွေတစ်ဆယ် ထည့်ရပြန်သည်။

ဒီလိုနဲ့ မောင်ကျော်လှလေးမှာ ကျောင်းတွင် မုန့်မစား ရဘဲ ဖြစ်နေရှာ၏။ နောက်တစ်ရက်ကျတော့လည်း လာနေကျ လမ်းအတိုင်း မလာတော့ဘဲ ဝါးရုံပင်တွေ ရှိသည့် လမ်းကြား ကလေးဘက်က သွားသည်။ ထိုလမ်းမှာ ကွေ့ကွေ့ကောက် ကောက် သွားပြီး ပိုဝေးသည်။ လူလည်းပြတ်သည်။ ပြီးတော့
တစ်နေရာအရောက်တွင် ဝါးရုံပင်တောနောက်မှ ခွေးနက်ကြီးတစ်ကောင် ထွက်လာပြီး လမ်းကို ပိတ်ရပ်နေ သည်။ မောင်ကျော်လှကိုလည်း စူးစူးရဲရဲကြည့်ပြီး မာန်ဖီနေ ၏။ မောင်ကျော်လှက တုန့်ခနဲ ရပ်သည်။ ထို့နောက် တဖြည်း ဖြည်းချင်း နောက်ဆုတ်သည်။ ခွေးနက်ကြီးကလည်း ရှေ့တိုး တိုးလာ၏။ မောင်ကျော်လှ တစ်စုံတစ်ခု တွေးမိပြီး ကြက်သီးတွေ ဖျင်းခနဲ ထသွား၏။ “ခွေးနက်ကြီး၊ ဟာ ဟုတ်ပါပြီ” အတွေးမဆုံးခင်မှာပင် ချာခနဲ လှည့်ပြေးသည်။ မီလုမီခင် ဖြစ် လာ၏။ တစ်ချက်လှမ်းဟပ်ကာ လွယ်အိတ်ကို ကိုက်မိသွား သည်။ မောင်ကျော်လှလည်း ဆောင့်ဆွဲခံလိုက်ရသလို ဟန် ချက်ပျက်ပြီး လဲကျသွားသည်။ ခွေးကြီးက ခုန်အုပ်ခါနီးဆဲဆဲ“ဂိန်ဂိန်”တစ်ချက်အော်ပြီး ဖင်ထိုင်ကျသွား၏။

 လွယ် အိတ်လည်း ပါးစပ်ထဲမှ လွတ်ထွက်သွားသည်။ တစ်ဆက်တည်းမှာ ပင် ခဲတစ်လုံးက နှာနုကို မှန်ပြန်၏။ ခွေးနက်ကြီးလည်း - တကိန်ကိန်အော်ရင်း ထွက်ပြေးသွားသည်။

“ဘာဖြစ်သွားသေးလဲကွ”

မောင်ဝက မောင်ကျော်လှကို ထူရင်းမေးသည်။

 “ဘာ ဘာမှ မဖြစ်ပါဘူး”

မောင်ကျော်လှ အသံတုန်တုန်နှင့် ဖြေသည်။အတော် ကြောက်လန့်နေပုံရ၏။ မျက်နှာမှာ သွေးရောင်မရှိ။ ရင်ဘတ် က နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်။

“မင်း ဘာဖြစ်လို့ ဒီလမ်းကြိုလမ်းကြားက လာရတာလဲ"

မောင်ဝက မေးသည်။ မောင်ကျော်လှက သူ့အခက် အခဲကို ပြောပြ၏။ မောင်ဝက ရယ်ပြီး..

“ဪ.. ဖြစ်မှဖြစ်ရလေကွာ၊ ကဲ..ကဲ မင်းကို ငါ ကျောင်းအထိ လိုက်ပို့မယ်”

မောင်ဝက မောင်ကျော်လှ ပခုံးကို ဖက်ပြီးခေါ်သွား သည်။ လမ်းမှာ မောင်ကျော်လှက သူ သံသယ ဖြစ်နေသော - ကိစ္စကို မေးသည်။

“ကျွန်တော် ဒီဘက်လမ်းက ရှောင်ပြီးလာတာကို ကွင်းပိုင်က သိသွားလို့ ခွေးနက်ကြီးနဲ့ လိုက်ခြောက်တာ လား မသိဘူးနော်”

“မဟုတ်တာကွာ၊ ဒီခွေးကြီးကို  သိပါတယ်။ ကိုစာ ကလေးအိမ်က ခွေးကြီးပါ”

“အဲဒီခွေးကိုပဲ စိတ်ညှို့ပြီး ရှူးတိုက်တာကော မဖြစ်နိုင် ဘူးလား”

 “ဒါဆိုလည်း ငါ ခဲနဲ့ထုတော့ ဘာလို့ တဂိန်ဂိန် အော်ပြီး ထွက်ပြေးရတာလဲ ကဲ”

“ဒါကတော့ ဦးမောင်ဝကို ကြောက်လို့ ဖြစ်မှာပေါ့”

“အဲဒါပဲပေါ့ကွ၊ သတ္တိရှိတဲ့ လူဆိုရင် ဘယ်သူခြောက် ခြောက် မကြောက်ရဘူးကွ။ မင်းလည်း သတ္တိရှိတဲ့စိတ် မွေးရ မယ်၊ ကြားလား”

မောင်ကျော်လှ ခေါင်းညိတ်သည်။ မောင်ဝကိုလည်း အားကျစိတ်ပေါ်လာသည်။

“ကျွန်တော်လည်း မကြောက်အောင် ကြိုးစားမယ်”

 “ဒီလိုမှပေါ့ကွ”

 “ဦးမောင်ဝ”

 “ဟေ”

“အဖေက ပြောတယ်။ သမ္ဗုဒ္ဓေဂါထာ ရွတ်ရင် သရဲ တွေ ကြောက်တယ်ဆို၊ နတ်တွေကတောင် ရှိခိုးရတယ်ဆို”

“ဟုတ်ရင် ဟုတ်မှာပေါ့ကွ၊ ဒါ ဘုရားစာပဲ”

မောင်ဝသည် ရုတ်တရက် စိတ်ကူးတစ်ခု ရသွား သဖြင့်...

“အေး. . ဟုတ်တယ်၊ ဒီလိုလုပ်ပါလား၊ နောက်နေ့ ကျောင်းသွားလို့ ညောင်ပင်ကြီးနားရောက်ရင် သမ္ဗုဒ္ဓေဂါထာ ကို စိတ်ထဲက ရွတ်သွား၊ ဦးဖိုးဗြော့ကြီး မင်းကို လှမ်းမခေါ်စေရဘူး”

နောက်နေ့ကျတော့ မောင်ကျော်လှသည် မောင်ဝမှာ ထားသည်အတိုင်း ဂါထာကို စိတ်ထဲကတွင်မက နှုတ်မှ တိုး တိုး အသံထွက်လောက်အောင် ရွတ်သွားသည်။ အလှူခံဌာန ရှေ့အရောက်မှာ မသိမသာ ငဲ့ကြည့်သည်။ ဦးဖိုးဗြော့သည် မောင်ကျော်လှကို မမြင်သလို မျက်နှာလွှဲနေတာ တွေ့လိုက်ရ ၏။ မောင်ကျော်လှသည် ကျေနပ်သဘောကျသွား၏။

အမှန်မှာ မောင်ဝက ဦးဖိုးဗြော့ကို မောင်ကျော်လှ၏ မုန့်ဖိုးကို အလှူမခံဖို့မောင်ကျော်လှလာလျှင် မမြင်ချင်ယောင်ဆောင်နေဖို့ လေသံမာမာဖြင့် မှာထားခဲ့သောကြောင့်ပင် ဖြစ် လေ၏။

                                * * * * *

ဆူညံညံနှင့် သွေးတိုးရောဂါ ဘယ်လို ဆက်စပ်မှု ရှိ သလဲ မသိ။ ဒေါ်ခင်တီသည် နေ့စဉ်နှင့်အမျှ မိုးလင်းက မိုးချုပ် ကြားနေရသော အလှူခံမဏ္ဍပ်မှ အသံများကြောင့် သွေးတွေ တိုးလေ၏။ အသံကျယ်တိုင်း ထိခိုက်တာတော့ ဟုတ်ချင်မှ ဟုတ်မည်။

 လွန်ခဲ့သော နွေတုန်းက ဘုန်းကြီးကျောင်းမှ ပဋ္ဌာန်း ရွတ်ခဲ့စဉ်တုန်းကဆိုလျှင် ငါးရက်တိုင်တိုင် ၂၄ နာရီလုံးလုံး ကြားနေခဲ့ရသည်။ ထိုစဉ်က ဘာမျှ စိတ်အနှောက်အယှက် မဖြစ်ရုံမက နှလုံးစိတ်အေးချမ်းမှုတောင် ရခဲ့သေးသည်၊ ည ဘက်တွင်လည်း ပဋ္ဌာန်းရွတ်ဆိုသံကို ကျယ်လောင်စွာ ကြားနေ ရသည့်တိုင် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်သည်။ ဒါတွင်မက မဟာ
ပဌာန်း ရွတ်ဆိုသံများ လွှမ်းခြုံရာနေရာတွင် မကောင်းမှု ဒုစရိုက်များ မဖြစ်နိုင်၊ လူဆိုး သူခိုးတို့ မကပ်နိုင်ဟု ယုံကြည်ပြီး ညဘက်တွင် လုံခြုံစွာ နေနိုင်ခဲ့သည်။

 အခုကျတော့ ဦးဖိုးဗြော့၏ အသံကတစ်လှည့်၊ သီချင်း ခွေအသံက တစ်လှည့် ကြားနေရသဖြင့် ခေါင်းတွေအုံ၊ ရင်တွေ တုန်၊ သွေးတွေတက်ပြီး ထမင်းလည်း မစားချင်၊ အားကုန်မော ပန်းပြီး အိပ်ရာထဲ ခွေလှဲနေရလေတော့သည်။ နေမကောင်း ရတဲ့ကြားထဲမှာ ဒီရက်ကျမှ ဦးဖိုးဗြော့က...

“သတ္တဝါဆိုတာ သေမျိုးချည်းကိုး ခင်ဗျ။ မွေးလာရင် တစ်နေ့ သေရမှာပဲ၊ မြန်မြန်လား၊ နှေးနှေးလားဆိုတာပဲ ကွာ တယ်။ ဟောကြည့် မကြာခင်မှာ နေ့တစ်နေ့ ကုန်ဆုံးပြီး ည အမှောင်ရောက်တော့မယ်။ သေဖို့ဖြင့် တစ်ရက် နီးလာပါ ပကောလို့ သတိတရား ရကြပါ။ မသေခင်မှာ ဒါနကုသိုလ်ကိုရ
အောင် ယူကြပါ။ ဒါကြောင့် ကျွန်တော် မောင်ဖိုး‌ဗြော့က နှိုး ဆော်လိုက်ချင်တာကတော့..
 “အဆင်းလှလည်း သေမှာပဲ
မမွဲခန်ဓာ
အနိစ္စ”
ဟူ၍ အသံနေ အသံထားနှင့် အော်လေသည်။ သူ သည် ဘာစိတ်ကူးပေါက်သလဲ မသိ။ နေ့စဉ်ဆိုတာ ပြောစရာတွေက ရှားပါးလားလို့ပဲလား၊ တခြားပြောရမှာ ပျင်းလို့ပဲလား မပြောတတ်။ တစ်နေ့လုံး ဒါကိုပဲ ထပ်ခါ ထပ်ခါ ပြောနေ၏။

ဦးကုလားမှာ ဒေါ်ခင်တီ သွေးတွေတက်ပြီး လဲနေ တုန်း ခုလို အော်နေသဖြင့် အတော်စိတ်ဆိုးသွားသည်။ ဒေါ် ခင်တီ ကြောက်နေမှာလည်း စိုးရိမ်ပြီး အလှူခံမဏ္ဍပ်ဆီသို့ ဒေါနှင့်မောနှင့် ချီတက်သွားပြီး..

“ဒီမှာ ကိုဖိုး‌ဗြော့ ၊ ခင်ဗျားဟာက လွန်လွန်းနေပြီး၊ ဟိုမှာ ကျုပ်မိန်းမက နေမကောင်းဖြစ်နေတာ။ ခင်ဗျားက တစ်နေ့လုံး သေမှာပဲဆိုတာချည်း အော်နေတယ်”

“ဒါ အမှန်တရားပဲလေ၊ ဘာလဲ ခင်ဗျားက အနိစ္စ - ဆိုတဲ့ မမြဲတဲ့ အသံကို မကြားရဲလို့လား”

“မဆိုင်ပါဘူး။ ဒါတွေ ကျုပ် သိပြီးသားပဲ။ အလှူခံ | တယ်ဆိုတာ သာသာယာယာ စိတ်ချမ်းသာစရာတွေပဲ ပြောရတယ်ဗျ။ ခင်ဗျားက တစ်နေ့ကုန် အနိဌာရုံတွေချည်း အော်နေ  တာပဲ”

ဦးဖိုးဗြော့က ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး..

“သေသေချာချာလည်း စဉ်းစားပါဦးလေ။ ကျုပ် | အော်တာ အဆင်းလှလည်း သေမှာပဲလို့ အော်တာ၊ ခင်ဗျား မိန်းမနဲ့ ဘာဆိုင်လို့လဲ”

ဦးကုလား မျက်နှာ တင်းခနဲ ဖြစ်သွား၏။ ဦးဖိုးဗြော့ ပြောပုံက ခင်ဗျားမိန်းမက အဆင်းလှလို့လားဟု ဆိုလိုရာ ရောက်သွားသောကြောင့် ဖြစ်၏။

“ဒါဆို ဥစ္စာရှိလည်း သေမှာပဲ ဆိုတာကကော”

 ဦးကုလားက ခပ်ထန်ထန် မေးလိုက်ရာ...

“လောကမှာ ဥစ္စာရှိတဲ့ လူတွေ အများကြီးပါဗျ။ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး”

“အင်း.. ဒါဆို အဆင်းလည်းမလှ၊ ဥစ္စာလည်းမရှိ ဦးနှောက်လည်း မရှိတဲ့ ခင်ဗျားလိုလူကတော့ ဆယ်ပြန်တောင် သေဖို့ကောင်းတဲ့ လူပဲ” 

ဦးကုလားက ဦးဖိုးဗြော့ကို လက်ညှိုးတထိုးထိုးပြော ပြီး ဆောင့်ကြီးအောင့်ကြီး လှည့်ထွက်သွားသည်။

 ဦးဖိုးဗြော့က မိုက်ကရိုဖုန်းကို ကောက်ကိုင်ပြီး၊ -

 “မာနထောင်လဲ၊ သေမှာပဲ၊ မမြဲခန္ဓာ အနိစ္စ"
ဟု လှမ်းအော်ပြန်လေ၏။ ခဏကြာတော့ ဦးကုလားဆီက အလုပ်သမားဖြစ် သော ဖိုးနီရောက်လာသည်။ ဒေါ်ခင်တီက ဦးကုလား မသိ အောင် လွှတ်လိုက်ခြင်းဖြစ်၏။ ဖိုးနီက..

“အဒေါ် အလှူငွေ ထည့်ခိုင်းလိုက်တယ်။ သူလည်း တော်တော်လေး နေမကောင်းလို့ပါတဲ့ အဲဒါ”

ဆိုပြီး ငွေနှစ်ရာ လာပေးလေ၏။

                                  * * * * *

ဦးဖိုး‌ဗြော့၏ အလှူခံရငွေမှာ တစ်နေ့ထက် တစ်နေ့ နည်းနည်းလာ၏။ ဒီလိုဖြစ်ရတာကလည်း သဘာဝကျသည်။ အလှူခံဌာန၏ ရှေ့မှ နေ့စဉ် ဖြတ်သွားဖြတ်လာပြုနေကြသူ များမှာ ရပ်ကွက်ထဲက လူတွေသာ များသည်။ ဒီလူတွေက လည်း နေ့စဉ် နေ့တိုင်းတော့ အလှူငွေ ဘယ်ထည့်နိုင်ပါ့မလဲ။ ထို့ကြောင့် တချို့နေ့တွေမှာ အသံချဲ့စက်ငှားခပေးဖို့ ကာမိအောင် မနည်း လုပ်နေရသည်။ ညနေစောင်းကာနီးထိ အသံ ချဲ့စက်ဖိုးတောင် မကိုက်သေးသည့် နေ့မျိုးတွေမှာတော့ ဦးဖိုးဗြော့ခမျာ...

“နေကလေးကလည်း တဖြည်းဖြည်းစောင်းလာပါပြီ ခင်ဗျာ၊ တစ်နေ့တာရဲ့ နောက်ဆုံးအချိန်လေးမှာ အလှူဒါနလေး ပြုကြမယ်ဆိုရင် တစ်နေကုန် အမှတ်တမဲ့ ပြုခဲ့တဲ့ အကုသိုလ်ကလေးများ ရှိခဲ့ရင် ချေဖျက်နိုင်ပါတယ်။ ညမှာ ကောင်းစွာ အိပ်စက်နိုင်ပါတယ်။ ညတိုင်းကြိမ်ကြိမ်စက် တော့ ထက်မြက်ပါတဲ့ အိပ်မက်ကိုမြင် ဆိုတာလို အိပ်မက် ကောင်းများမက်ပြီး အတိတ်ကောင်း၊ နိမိတ်ကောင်းများလည်း ကောက်ယူနိုင်ပါတယ်”ဟု ဈေးပေါင်ကျိုး ဈေးသည်၏ လေသံ ဖြင့် အော်နေသည်။ ရှေ့က ဖြတ်သွားသူတွေကိုလည်း လှမ်း လှမ်းနှုတ်ဆက်ရတာ အမော။

“ဟဲမသွေး၊ ဈေးရောင်းကောင်းရဲ့လား”

 “မဆိုးလှပါဘူး ဦးလေးဗြော့ရယ် ”

 “အေး အေး ကောင်းတယ်၊ ဒီငွေတွေဟာ ငါ စားဖို့၊ အိမ်ထောင်စားဖို့၊ ငါ့သား၊ ငါ့သမီးစားဖို့ဆိုတာမျိုးချည်းပဲ မစဉ်းစားနဲ့။ သံသရာအတွက်ကိုလည်း စဉ်းစား၊ ကိုယ်သေ တော့ ဒါမှသာလျှင် ကိုယ်နဲ့အတူပါမှာ”

ဟု နိမိတ်ပြစကားတွေ ပြောရသည်။ ဒါတောင်တချို့ က ဦးဖိုးဗြော့ စကားကို နားမလည်ချင်ယောင်ဆောင်နေ သည်။ တချို့လည်း ဦးဖိုးဗြော့ နှုတ်ဆက်လျှင်...

“အိမ်မှာ ထမင်းမချက်ရသေးလို့ ဦးလေးဗြော့ရေ ၊ ပြေးလိုက်ဦးမယ်”

ဆိုပြီး စကားအစ မခံဘဲ လစ်ပြေးသည်။ ဤသို့ဖြင့် အလှူခံမဏ္ဍပ်ရှေ့ရောက်လျှင် ခပ်သုတ်သုတ်လျှောက်သည့် အကျင့်တောင် ဖြစ်ကုန်ကြလေ၏။ ရပ်ကွက်လူကြီးတွေအနေ ဖြင့်လည်း သိပ်အားတက်သရောရှိလှတာ မဟုတ်။ ဘုံကထိန်
တို့၊ စာပြန်ပွဲတို့၊ ပဋ္ဌာန်းပွဲတို့အတွက်ဆိုလျှင်တော့ တစ်မျိုး။ . ခုဟာက ရိုးရာအစွဲအလမ်း ကိစ္စတစ်ခုသာဖြစ်သဖြင့် လုပ်ပိုင် ခွင့်ကို သုံးချင်ကြမှာ မဟုတ်။

ထိုအခြေအနေမှာပင် ဦးဖိုးဗြော့ ထံသို့ ကိုကြီးငွေ ရောက်လာလေသည်။ အမှန်တော့ သူသည် ပျင်းပျင်းရှိသဖြင့် ရေနွေးကြမ်းသောက်ရင်း ဦးဖိုးဗြော့ နှင့် စကားပြောဖို့လာခဲ့ခြင်း ဖြစ်၏။

“ဘယ်လိုလဲဗျို့၊ အဆင်ပြေရဲ့လား”

ကိုကြီးငွေက ဝင်ထိုင်ရင်း မေးသည်။

“မင်းလာတာနဲ့ အတော်ပဲကွ ကြီးငွေရ၊ ငါ မင်းကို အကူအညီတောင်းစရာရှိလို့”

ဆိုပြီး ခုရက်ပိုင်း အလှူခံရငွေ နည်းပါးနေသည့်အ ကြောင်း ပြောပြ၏။

“အဲဒါကွာ၊ မင်းလည်း နည်းနည်းပါးပါး နည်းလမ်း လေး ဘာလေး စဉ်းစားပေးစမ်းပါဦး၊ မင်းက ဦးနှောက်သုံး တတ်ပါတယ်"

ကိုကြီးငွေက မြှောက်ပေးရင် သဘောကျတတ်သည်။

 “အင်း... ကောင်းပြီလေ”
ဆိုပြီး အလှူဆိုတာ ဘာလဲ၊ အလှူခံတယ်ဆိုတာ | ဘယ်လို သဘောသဘာဝ ရှိသလဲဆိုတာတွေကို ပြန်ရှင်းပြနေသေး၏။ ဦးဖိုးဗြော့လည်း အကူအညီ တောင်းထားမိသဖြင့် “အင်း... ဟုတ်တာပေါ့၊ ဒါပေါ့” စသည်ဖြင့် စကားထောက် ရင်း သည်းခံ နားထောင်နေရသည်။ အမှန်တော့ ဘာလုပ်ရ မလဲဆိုတာ စဉ်းစားရင်း အချိန်ဆွဲနေခြင်းသာ ဖြစ်၏။ နောက် မှ မိုက်ကရိုဖုန်းကို လှမ်းမြင်ပြီး ညက ကြည့်ခဲ့ရသော မြဝတီ ရုပ်သံမှ လျှပ်တစ်ပြက်ရိုက်ချက်ကို သွားသတိရ၏။ ထိုအခါ အကြံတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။

“ခေတ်က ပြောင်းနေပြီ ဦးလေးဗြော့ရဲ့ ။ အလှူခံရာ မှာ ရှေးရိုးနည်း သုံးနေလို့ မရဘူး”

 ပြောရင်း မိုက်ကရိုဖုန်းကို ကောက်ကိုင်သည်။ တိုက် တိုက်ဆိုင်ဆိုင်ပင် မ‌ပွေး ရောက်လာပြီး အလှူငွေတစ်ဆယ် ထည့်သည်။ ကိုကြီးငွေက မတ်တတ်ရပ်လိုက်ပြီး...

“မပွေးအနေနဲ့ အခုလို လာရောက်လှူဒါန်းရတဲ့ ရည် ရွယ်ချက်ကလေး ပြောပြပါဦး”

ပြောရင်း မိုက်ကရိုဖုန်းကို မပွေးပါးစပ်နား ကပ် ပေးလိုက်၏။ 

“ကျွန်မ ညက အိပ်မက်လိုလို ဘာလိုလိုနဲ့ တစ် ယောက်ယောတ်က လာပြောတာကြားတယ်။ မပွေး ညည်း တစ်ခါပဲ လှူရသေးတယ်။ ဒါကြောင့် ထပ်လာလှူတာလေ အဲ”

မမပွးမှာ အစကတော့ ဘာမှန်းမသိဘဲ သူပြောချင် တာ ပြောသည်။ နောက်မှ မိုက်ကရိုဖုန်း သူ့ပါးစပ်နား တေ့ ထားသဖြင့် သူ့အသံက အော်လံမှတစ်ဆင့် အကျယ်ကြီးထွက် နေတာ သတိပြုမိပြီး အမ်းတမ်းတမ်း ဖြစ်သွား၏။

“အဲ.. အခုလို လှူလိုက်ရတဲ့အတွက် မပွေးရဲ့ စိတ် ထဲမှာ ဘယ်လို ခံစားရပါသလဲ”

ကိုကြီးငွေက ဆက်မေး၏။ မပွေးက အော်လံကြီးကို မော့ကြည့်ပြီး တုံ့ဆိုင်းဆိုင်းလုပ်နေသည်။

“ပြောပါ မပွေးရဲ့။ ဒါ ရှက်စရာမှ မဟုတ်တာ” ဟု တိုက်တွန်းတော့မှ

 “ဟုတ်ကဲ့ ပျော်ပါတယ်”

 ဟု အသံတိမ်နှင့် ပြောသည်။ သို့တိုင်အောင် ဦးဖိုးဗြော့က အသံခလုတ်ကို လှည့်ပြီး တင်လိုက်သဖြင့် အကျယ်ကြီး ဖြစ်သွား၏။ 

. ကိုကြီးငွေ စိတ်ကူးမှာ အောင်မြင်သည်ဟု ဆိုရမည်။ တချို့က ရှက်ပြီး ဘာမှ မပြောဘဲ တဟီးဟီး ရယ်နေသော် လည်း များသောအားဖြင့် တစ်ခုခုတော့ ပြောသွားကြတာ ချည်းဖြစ်၏။ တချို့ကလည်း ကိုယ်အသံကို လော်စပီကာမှ တစ်ရပ်ကွက်လုံး ကြားရသဖြင့် အသံစမ်းသည့်အနေဖြင့် လာ ရင်း အလှူငွေ ထည့်သွားကြသည်။ ပွကြီးကတော့ သူများလို ရှက်မနေဘဲ ပြောလိုက်တာမှ ငါးမိနစ်လောက် ကြာသဖြင့် စကားဖြတ်ပစ်ရသေးသည်။ ဘာပဲဖြစ်ဖြစ် ထိုနေ့က အလှူငွေ ရရှိမှု ပြန်တက်လာတာတော့ အမှန်ပဲ။

သို့ရာတွင် နောက်တစ်နေ့ကျတော့ ကိုကြီးငွေပေါ် မလာ။ မနေ့က အလှူခံမဏ္ဍပ်မှာ အချိန်ကုန်သွားသဖြင့် သူ့မိန်းမ မသီးခိုင်းသည့် ကိစ္စတစ်ခု မလုပ်ဖြစ်တော့ သူ့ အသံ ကြီးကို မသီးလည်း ကြားသဖြင့်..

“ရှင်က ကျုပ် ခိုင်းတာတော့ မလုပ်ဘဲ မဆိုင်တာတွေ လျှောက်လုပ်နေတယ်ပေါ့လေ ဟင်း”

အစချီ၍ မြည်တွန်ပြီး နောက်တစ်နေ့မှာ သွားခွင့် မပြုတော့။

ဦးဖိုးဗြော့သည် ကိုကြီးငွေကို မျှော်သော်လည်း ပေါ် မလာသဖြင့် အခက်တွေ့နေ၏၊ ဒီကြားထဲ တချို့က အသံစမ်းချင်သဖြင့် မဏ္ဍပ်နားမှာ ရစ်သီရစ်သီလုပ်ရင်း ..

“ကိုကြီးငွေ မလာဘူးလား”ဟု မေးကြသည်။ မလာ ကြောင်းပြောသောအခါ အသာလစ်ထွက်ကုန်ကြ၏။

ဦးဖိုးဗြော့လည်း မတတ်သာသဖြင့် သူ့ဘာသာ စမ်း လုပ်ကြည့်သည်။ ကံဆိုးချင်တော့ ခုကျမှ လှူမယ့်လူက ပေါ် မလာ။ အတော်လေးကြာမှ ဒေါ်ပို လျှောက်လာတာ မြင် သဖြင့်..

“လာစမ်းပါဦးဗျ။ အလှူငွေလေး ဘာလေး ထည့်ပါဦး "

ဒေါ်ပိုလည်း အင်တင်တင်လုပ်နေပြီးမှ

 “ဒီတစ်ပတ် ပေါက်အောင် ဆုတောင်းပေးနော်”ဟု ဆိုပြီး ငွေတစ်ဆယ်ကို လှမ်းပေးသည်။ ထိုအခါ ဦးဖိုးဗြော့လည်း မိုက်ကရိုဖုန်းကို ဒေါ်ပိုဘက် ထိုးပေးပြီး၊

“ဒေါ်ပိုအနေနဲ့ ခုလို ဘာကြောင့် အလှူငွေ ထည့်ရ တာလဲဆိုတာ သိပါရစေ”

ဟုမေးလိုက်သည်။ ဒေါ်ပိုလည်း အူကြောင်ကြောင် ဖြစ်နေရာမှ

“ဦးဖိုးဗြော့က လှမ်းခေါ်ပြီး ထည့်ခိုင်းတာကိုး”

ဒေါ်ပိုအသံမှာ အော်လံမှတစ်ဆင့် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့ကြောင့် နောက်ထပ် အင်တာဗျူးဖို့ စိတ်မကူးရဲတော့။

နေ့လယ်ပိုင်းမှာ ဖိုးနီရောက်လာသည်။

“ဘယ်လိုလဲ ဦးလေး‌ဗြော့ ။ ဒီနေ့ ကိုကြီးငွေ မလာဘူး လား”

“မလာဘူးကှ” 

“မသီးက မလွှတ်လို့နဲ့ တူတယ်”

 “အေးကွာ၊ ခက်တာပဲ”

“မခက်ပါဘူးဗျာ။ သူမရှိလည်း ကျွန်တော် ရှိပါတယ်။ ကိုကြီးငွေလောက်တော့ ကျွန်တော်လည်း လုပ်တတ်ပါတယ်”

“ဟေ့.. အေးကွာ၊ ငါ့ကို ကူစမ်းပါဦး”

ဦးဖိုးဗြော့က ငွေသောက်သောက်လဲ အကုန်အကျခံ ကြော်ငြာပြီးမှ ကုန်ပစ္စည်းရောင်းအား တက်မလာသော လုပ်ငန်းရှင်လို လေသံမျိုးဖြင့် အားကိုးတကြီး ပြောသည်။ ဖိုးနီ က ဝင်ထိုင်ပြီး မိုက်ကရိုဖုန်းကို လှမ်းယူသည်။ သူ့စိတ်ကူးက တစ်မျိုး။ မနေ့ညကပဲ လေးပွင့်ဆိုင်ခြေစမ်းပွဲကို ရုပ်မြင်သံကြား မှ တိုက်ရိုက်ကြည့်ရှုထားသဖြင့်... '

 “ဟုတ်ကဲ့ခင်ဗျာ ကောင်းကင်လေးကလည်း အုံပျပျ နဲ့ဆိုတော့ အလှူရှင်တို့ အကြိုက်ရာသီဥတုမျိုးပေါ့ခင်ဗျာ။ အခုဆိုရင် တောင်ဘက်ခြမ်း ညောင်ညိုပင်ရိပ်မှာ နေရာယူ ထားကတော့ ကျွန်တော် ဖိုးနီပဲ ဖြစ်တယ်ခင်ဗျ။ ဟော.. လာပါပြီခင်ဗျာ၊ စေတနာရှင်တစ်ယောက်ဟာ ဘယ်တောင်ပံ ကနေ လာနေပါပြီ။ လာနေပြီ၊ မဏ္ဍပ်ဧရိယာအစပ်ကို ရောက်
လာပြီခင်ဗျ။ နီးလာပြီ၊ ခြင်းတောင်းကိုချတယ်၊ ပိုက်ဆံအိတ်ကို ထုတ်တယ်၊ ဖွင့်တယ်၊ အသည်းတယားယား ရင်တဖိုဖိုပေါ့ခင် ဗျာ။ ဟော.. ထုတ်နေပြီ၊ ထုတ်နေပြီ၊ ငါးဆယ်တန် အဲ... မဟုတ်သေးဘူးခင်ဗျ။ ပြန်ထည့်တယ်၊ ပြန်ထုတ်တယ်၊ နှစ် ဆယ်တန်ခင်ဗျ။ ထည့်ပြီ၊ ထည့်ပြီ။ တန်းတန်းမတ်မတ်ကို ဝင် သွားပါတယ်ခင်ဗျာ။ ဒါကြောင့် ပိုက်ဆံနဲ့ ငွေဖထားမိတ်ဆွေ ဖြစ်သွားပြီပေါ့ခင်ဗျာ”

ဖိုးနီ၏ စိတ်ကူးကလည်း မဆိုးလှ။ သူ့ကြောင့် အလှူ ငွေ တစ်ရာနီးပါး အချိန် သိပ်မကြာခင်အတွင်း ထပ်ရလိုက် သည်။ သို့ရာတွင် ဖိုးနီမှာ ကြာကြာဆက်မပြောလိုက်ရ။

ကောင်းကင်တစ်ခုလုံး ရုတ်တရက် မိုးသားတွေ တက်လာပြီး သည်းကြီးမည်းကြီး ရွာချလိုက်သောကြောင့်ပင် ဖြစ်၏။

ဦးဖိုး‌‌ဗြော့၏ အလှူခံမဏ္ဍပ်မှာ အဖြစ်လောက် လုပ် ထားခြင်းဖြစ်၏။ အပေါ်က မိုးထားသော ပလတ်စတစ်စသည် လည်း ဈေးပေါသည့် အပါးစားဖြစ်၏။ ဝါးလုံးတန်းမှာ ချည် နှောင်ထားပုံကလည်း ခိုင်ခိုင်ခန့်ခန့်မဟုတ်။

မိုးရေတွေ ပလတ်စတစ်စပေါ်မှာစုပြီး အိုင်ထွန်းလာ သည်။ မိုးက ရေတော်တော်ပါသဖြင့် ပလတ်စတစ်စပေါ်မှာ စုပြီး လှောင်ထားသလို တဖြည်းဖြည်း အိုက်ကျလာသည်။ မိုးကလည်း မစဲဘဲ ရွာနေသည်။ ထိုအခါ နန်းကြိုးနှင့်ဖောက်ပြီး , ချည်ထားသော ပလတ်စတစ်၏ အစွန်းတစ်နေရာမှာ ရေ
အလေးချိန်ကို မခံနိုင်တော့ဘဲ ပြတ်ကျသွား၏။ ထိုအခါ အ ပေါ်မှ ရေထုသည် ဝေါခန် ဆင်းလာလေတော့သည်။

မိုးက ရက်ပေါင်း အတော်ကြာအောင် ဆက်တိုက် ရွာနေသည်။ ဦးဖိုးဗြော့ အလှူခံမဏ္ဍပ်မှာလည်း ဆက်မဖွင့်နိုင်တော့။ အလှူခံလို့ရတဲ့ ငွေကလည်း ဦးဖိုးဗြော့ အတွက် ဝန် - - ဆောင်စရိတ်ပေးရတာရယ်၊ ဓာတ်ခဲတို့အုပ်စု သုံးခါလောက်
လုပ် အားပေးပြီး အအေးပုလင်း ကိုးပုလင်းသောက်သွားတဲ့ စရိတ်ရယ်၊အမိုးပြုတ်ကျပြီး ရေတွေ ပြိုဆင်းလာတုန်းက ငှား ထားသော အမ်ပလီဖိုင်ယာပေါ် ကျပြီး ရှော့ဖြစ်ပျက်စီးသွားလို့ လျော်လိုက်ရတာရယ်ကို နုတ်လိုက်သောအခါ..
ကွင်းပိုင်ကြီးခမျာ ဈေးထဲရောင်းသော နှစ်ပေ လောက်သာ ကျယ်ပြီး သစ်ရိုင်းဖြင့် ပြုလုပ်ထားသည့် နတ်စင် ကလေးနှင့်ပင် ကျေနပ်လိုက်ရလေတော့သည်။

-----------------

မင်းလူ

#Typing_crd_ZawOo

( 15,April,2020 )