.
#မုန်တိုင်းရဲ့ကျောရိုး
( ဇာတ်သိမ်း)
#မေငြိမ်း
နောက်ပိုင်းကျတော့ ရှင့်သတင်းတွေ ပိုစိပ်လာတယ်။ တပည့်မတွေနဲ့တောင် တွဲနေသတဲ့။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဖြစ်ပြီး ပျက်စီးနေတဲ့ မိန်းမတွေဆီမှာလည်း အိပ်သတဲ့။ ကျမ ရှင့်ကို ရွံလာတယ်။ ရှင့်သတင်းအားလုံးကို နားပိတ်နေလိုက်တော့တယ်။
နားပိတ်နေခဲ့တာ အကြာကြီးကြာပြီးမှ နားပိတ်ဆန့်ကျင်နေလို့ မရတော့လောက်အောင် ကျယ်လောင်တဲ့ သတင်းတစ်ခု ကျမ ကြားရတယ်။ ရှင် အခု ကောင်မလေး တစ်ယောက်တည်းနဲ့ပဲ တွဲတော့တယ်တဲ့။ အဲဒီ မိန်းကလေးနဲ့ တွဲနေခဲ့တာ ခြောက်လကျော်လောက် ရှိပြီတဲ့။
ကျမ နည်းနည်း အံ့သြသွားတယ်။ ဘာလို့ဆို ဘယ်သူနဲ့မဆို ရှင်အကြာဆုံးတွဲတာ တစ်လပဲ မဟုတ်လား။ ကျမ အဲဒီမိန်းကလေးကို မြင်ဖူးအောင် ကြည့်ခဲ့တယ်။ ကြားရ အောင် စုံစမ်းခဲ့တယ်။ “ဖြူလဲ့ကျော်”တဲ့။
တကယ်လည်း ဖြူဖြူလဲ့လဲ့ကလေး။ ခါးလောက်ရှည်တဲ့ ဆံပင်ညိုညိုတွေနဲ့၊ လှပါတယ်။ ဒါပေမဲ့ ကျမထက် သာနိုင်တာတော့ မရှိပါဘူး။ သူက ငယ်ဂုဏ်သာတယ်ဆိုတောင် ကျမက ပကာသနဂုဏ်၊ သမ္ဘာဂုဏ် သာတာပဲ မဟုတ်လား။ ပြီးတော့ ငယ်လှတယ်တော့ မဟုတ်ပါဘူး။ နှစ်ဆယ့်တစ်၊ နှစ်ဆယ့်နှစ်လောက်ပါပဲ၊ သူနဲ့ရှင် တော်တော်တွဲနေကြတယ်တဲ့။ ရှင်တို့တွဲနေကြတာ ကိုးလကျော်ကြာသွားတဲ့ အချိန်မှာတော့ ကျမ စောင့်ကြည့် နေလို့ မရတော့ဘူး။ ပတ်၀န်းကျင်က ကျမကို လှုံ့ဆော်လာတယ်။ ပတ်၀န်းကျင်ရဲ့ အသံတွေထဲမှာ ထရီဇာ့ကို သနားတဲ့ အသံတွေပါလာရင်တော့ ကျမ စိတ်ထဲမှာ အနာကျင်ရဆုံးပါပဲ။ ကျမ မာနက ကျမကို ပြန်သရော် တယ်။ အရင်အခြေအနေလို ကိုဝေလင်း၊ ကျော်ကျော်တို့ကို ခုတုံးလုပ်ပြီး ရှင့်ကို ပညာပြနေခဲ့တဲ့ ထရီဇာ ဆိုရင်တော့ ခုချိန်မှာ ထရီဇာလည်း အဆိုးပေါ့။ ခုတော့ ထရီဇာကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေလေတော့ လူတွေက ရှင့်အဆိုးသက်သက်ပေါ့။
ရှင့်ကိုယှဉ်ပြိုင်တာမဟုတ်ပါဘူး ကိုအောင်ရဲ။ ကျမကိုယ်ကျမ ရှင့်ထက် ပို ချစ်တယ် ထင်တာမို့ ကျမ အနိုင်ယူ ရပါမယ်။ ကျမ ရှင့်ကို ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
“ကိုအောင် ခုတွဲနေတဲ့ ဖြူလဲ့ကျော်ကို ဖြတ်လိုက်ပါ၊ ထရီဇာလည်း သည်းမခံနိုင်ဘူး၊ ပတ်၀န်းကျင်မှာ ထရီဇာ သိက္ခာကျပါတယ်”
ရှင်က ကျမကို တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်တယ်။ ကျမ အံ့သြသွားတယ်။ ရှင် ကျမကို ဒေါသနဲ့ တုံ့ပြန်မယ် ထင်ထားတာကိုး။
“ကိုယ်လည်း ထရီဇာကိုပြောဖို့ပါပဲ။ အခြေအနေကြည့်နေတာ… ကိုယ် ဖြူလဲ့ကို လက်ထပ်ဖို့အထိ ရည်ရွယ် ပါတယ်။ အဲဒါ .. ထရီဇာနဲ့… ကွာရှင်းဖို့...”
ကျမရင်ထဲ မီးတောင်တစ်ခု ပေါက်ကွဲသွားတယ်။ တကယ်ပဲ ပူပြင်း လောင်မြိုက်သွားတယ်။ ရှင်က ဖြူလဲ့ကျော် ကို ကျမထက် မက်မောတယ်လား။ ဒါဆို ကျမက ဖြူလဲ့ကျော်ကို ရှုံးရမယ်ပေါ့။ ခေါင်းထဲမှာ ဦးနှောက်က အလုပ်လုပ်လွန်းနေတယ်။ ကျမ ရှင့်ကို လှလှပပ ပြုံးပြလိုက်တယ်။
“ဘယ်ဖြစ်မလဲ ကိုအောင်ရဲရယ်၊ ကျမက လူ့အရိုသေတန် တစ်ခုလပ် အဖြစ်ခံရမယ်လား၊ ဘာမဟုတ်တဲ့ မိန်းမငယ် တစ်ယောက်အတွက် ရှင့်ဘေးက ကျမရဲ့ နေရာကို ဖယ်ပေးရမယ်လား၊ ကျမ ကွာရှင်းခွင့် မပေးနိုင် ပါဘူး”
လေသံအေးနဲ့ တုံ့ပြန်လိုက်တယ်။ ရှင့်ဒေါသမျက်လုံးတွေကို ခဏ တွေ့လိုက်ရတယ်၊ ပြီးတော့ ထုံးစံအတိုင်း ရှင်ထွက်သွားတယ်။
+++++
ကျမရှေ့မှာ ဖြူလဲ့ကျော် ထိုင်နေတယ်။ သူ့ကို တစ်ခုခုသောက်ပါလို့ပြောပေမဲ့ သူ မသောက်ဘူး။ “မမ ပြောစရာရှိတာ ပြောပါ” တဲ့။ ကျမကလည်း ပြောလိုက်ပါတယ်။
“ကိုယ် ဘာပြောမယ် ဆိုတာ မင်းသိပြီးသား ဖြစ်မှာပါ”
ထူးထူးခြားခြားပဲ ကောင်မလေးက တုန်လှုပ်မနေဘူး သိလား… ကိုအောင်ရဲ။ ပြီးတော့ ကျမကို ပြန်ပြောတယ် ။
“သိတာတော့သိပါတယ် မမ၊ ဒါပေမဲ့ စကားလုံးအတိအကျနဲ့တော့ ဘယ်သိပါ့မလဲ၊ လေသံချင်း၊ ပြောတဲ့ အဓိပ္ပါယ်ချင်း ကွာနိုင်ပါတယ်” တဲ့။
လေသံတိုးတိုးလေးက ပြတ်သားနေတယ်။ ကျမရင်ထဲမှာ ခုန်သွားသလိုပဲ သိလား.. ကိုအောင်ရဲ။ ကျမ ပြောရ တော့တယ်။
“ကိုအောင်ရဲနဲ့ မင်းကိစ္စ ပြီးဆုံးပစ်လိုက်ဖို့ပါပဲ”
သူ့မျက်နှာကလေးက ပိုတည်သွားတယ်။ မျက်ရည်ကြည်တွေ ဝေ့လာတယ်။ မျက်လုံးတွေက တောက်ပ လာတယ်။
“ဆရာက မေတ္တာငတ်နေတယ်၊ ဖြူလဲ့ကလည်း မေတ္တာငတ်နေတယ်၊ ဖြူလဲ့တို့နှစ်ယောက် ရိုးရိုးကလေးပဲ တွေ့ကြပါတယ်။ ဖြူလဲ့က ဆရာ့တပည့်မဟုတ်ဘူးဆိုတာလည်း မမ သိပြီး ဖြစ်မှာပါ၊ ဆရာအလုပ်လုပ်တဲ့ လူမို့ရော၊ မမရှေ့မှာမို့ရော ဆရာလို့ သုံးတာပါ၊ ဖြူလဲ့က သူ့ကို ကိုကိုလို့ခေါ်ပါတယ် မမ”
ကျမ မငိုဖူးသေးဘူး ကိုအောင်ရဲ။ ဒါပေမဲ့ ဆို့နစ်ဖူးတယ်။ ခံစားတတ်တယ်။ ရှင်သိတယ်မဟုတ်လား… ကျမရဲ့ အနုသန္ဓေကို။ အခု ကျမ သိပ် စိတ်လှုပ်ရှားသွားတယ်။ “ထရီဇာ့ နာမည်ကလေးက သိပ်အေးတာ၊ အေးအေးဦးဆိုတဲ့ နာမည်ကလေးကို စိတ်၀င်စားခဲ့တာ။ ဒါပေမဲ့ ထရီဇာကိုယ်တိုင်က ‘အေး’လို့ ပြင်ပြောမှ ကိုယ်လည်း ပြောလို့ ကောင်းမှာပေါ့၊ ပြီးတော့ ကိုယ့်ကိုလည်း ‘ကိုကို’လို့ခေါ်လေ၊ ဒါမှမဟုတ် ‘မောင်’လို့ပဲ ဖြစ်ဖြစ်ပေါ့”တဲ့။ ရှင်ပြောခဲ့ဖူးတဲ့စကားကို သတိရတယ်။ “ရှက်လို့ပါ ကိုအောင်”လို့ ကျမတုံ့ပြန်တော့ “ကိုအောင်..လို့ကတော့ ဘယ်သူမဆို လူတိုင်းက ကိုယ့်ကို ခေါ်တာပဲ၊ အေးက ကိုယ့်ရဲ့ သာမန်လူမှ မဟုတ်ဘဲ” ဆိုတော့ ကျမ တော်တော်အားယူပြီး ‘ဒါလင်’လို့ ခေါ်ဖြစ်ခဲ့တာလေ။ ကျမက သိပ်ချစ်တယ်လို့ ပြောရမှာကိုတောင် ရှက်လို့ ဒီနေ့ထိ ပြောမှ မပြောဖြစ်ခဲ့တာပဲ။
“အမြဲတမ်း ‘ကိုကို’လို့ ရည်ညွှန်းပြောနေကျမို့၊ မှားပြောမိရင် မမ ထရီဇာမကြိုက်မှာစိုးလို့ ကြိုပြောထားတာပါ။ ဖြစ်နိုင်ရင် ဖြူလဲ့နဲ့ ကိုကို့အကြောင်း တော်တော်များများ ပြောပြချင် ပါတယ်။ ဘာလို့ဆို မမထရီဇာဟာ ဖြူလဲ့လေးစားတဲ့ သဘောကျတဲ့ အတုယူချင်ခဲ့တဲ့ ဆရာမတစ်ယောက် ဖြစ်နေလို့ပါပဲ”
ကျမ ခေါင်းညိတ်ပြလိုက်တော့မှ သူ စကားဆက်ပါတယ်။
“ကိုကိုက သိပ်နုနယ်ပါတယ်မမ၊ သူ့ကဗျာတွေကို ဖြူလဲ့ သိပ်ကြိုက်ခဲ့တာပါ။ မမ ကဗျာတွေကိုလည်း ဖြူလဲ့ သိပ်ကြိုက်ပါတယ်၊ မမတို့နှစ်ယောက်ဟာ ဖြူလဲ့အတွက် အိပ်မက်တစ်ခုပါပဲ။ အဲဒီအ်ိပ်မက်ကလေးကို ဖြူလဲ့ ထိုင်ကြည့်နေခဲ့တာ မမ လက်ခံလား မသိဘူး။ အဖြစ်အပျက်က ကိုယ့်အဖြစ်အပျက်ပေမဲ့၊ ဘေးလူကသာ ပိုမြင်နိုင်တယ် ဆိုတာကို၊ ဒါပေမဲ့ အဲဒီဘေးလူက အတ္တတော့ ကင်းရမှာပေါ့လေ။ ဖြူလဲ့ တစ်ခုတော့ မှားခဲ့တယ်၊ မမနဲ့တော့ နီးစပ်အောင် မကြိုးစားခဲ့တာ တစ်ခုပေါ့။ မမရဲ့ အရှိန်အဝါကို ဖြူလဲ့လန့်နေခဲ့တာကြောင့်ပါပဲ။ ဖြူလဲ့ ကိုကိုနဲ့ အနီးစပ်ခံခဲ့တာပါ၊ ကိုကို မိန်းကလေးတွေ၊ ပြီးတော့ ခပ်ပေါ့ပေါ့ မိန်းကလေးတွေနဲ့ပေါ့လေ၊ သိပ်တွဲလွန်းလာတာနဲ့ ကိုကို့ကို ဖြူလဲ့ ငြိတွယ်ဖို့ ကြိုးစားခဲ့တာ။ ချစ်သူအဖြစ် မရည်ရွယ်ခဲ့ဘူး မမ၊ မိန်းကလေး တစ်ယောက်ရဲ့ စိတ်သဘောကို နားလည်အောင် ပြောပြ၊ နေပြဖို့သာ ရည်ရွယ်ခဲ့တာပါ။ ဖြူလဲ့ မမကို ကဗျာတွေကတဆင့် နားလည်တယ်လို့ ထင်ခဲ့တာကိုး”
ကျမ ငြိမ်ပြီး နားထောင်နေမိတယ်။ သူကလည်း စိတ်ပါလက်ပါပဲ ပြောပြတယ်။ ကျမကို ရှင်နားလည်အောင် သူကြိုးစားရှင်းပြခဲ့တယ် ဆိုတဲ့အကြောင်းတွေပေါ့။ ဒါပေမဲ့ ရှင်က လက်မခံခဲ့ဘူး ဆိုတာရောပေါ့။
“နောက်ဆုံးတော့ မမရယ်၊ စိတ်လေနေတဲ့ ကိုကို့ကို ထိန်းပေးရင်း ကိုကိုက ဖြူလဲ့ကို သိပ်တွယ်တာလာတယ်၊ ဖြူလဲ့လည်း ကိုကို့ကို ချစ်သွားတယ်။ ကိုကိုနဲ့ ဖြူလဲ့ ဘ၀ထဲမှာတော့ မာနမရှိပါဘူး မမ”
ကျမဟာ စားပွဲပေါ်မှာရှိတဲ့ စပတ်ကလင်ခွက်ထဲက ရေခဲတုံံးကလေးတွေလို အရည်ပျော်သွားချင်စိတ် ပေါ်မိ တယ်။ သူ့ရဲ့ နောက်ဆုံးစကားမှာ ကျမ ဒဏ်ရာရသွားသလား။ ရင်ထဲမှာ နာကျင်သွားတယ်။ သူ စကားပြောနေ တဲ့ တလျှောက်လုံး သူ့အပေါ် ကရုဏာရှိနေခဲ့တဲ့ ကျမရင်ထဲကို နောက်ဆုံးစကားက အမုန်းအနေနဲ့ ၀င်လာ တယ်။ ကျမ သူ့ကို စိမ်းစိမ်း ကြည့်ပစ်လိုက်တယ်။ သူကလည်း ကျမကို မျက်လုံးဝိုင်းတွေနဲ့ ပြန်ကြည့်နေတယ်။ သူ့မျက်လုံးတွေထဲမှာ အံ့သြရိပ်တွေ တွေ့တယ်။ ကျမကိုယ်ကျမ သတိမထားမိချိန်မှာပဲ ကျမ ဖြူလဲ့ကို စကားတွေ အများကြီး ပြောဖြစ်လိုက်တယ်။
“မိန်းမတစ်ယောက်မှာ သည်းခံနိုင်စွမ်း အတိုင်းအတာတစ်ခုတော့ ရှိတယ်၊ မင်းမှာလည်း ရှိမှာပါပဲ။ အဲဒီ အတိုင်းအတာဟာ အဲဒီမိန်းမရဲ့ ပိုင်ဆိုင်မှုရလဒ်အပေါ်မှာ မူတည်တယ်။ ပိုင်ဆိုင်မှု ပမာဏ များတဲ့ မိန်းမတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းအတိုင်းအတာဟာ သာမန် မိန်းမတစ်ယောက် ထက်တော့ နိမ့်မှာပဲ။ အင်မတန် လှတယ်၊ ထက်တယ်၊ ပြည့်စုံတယ်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်လောက်မာနကြီးမယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်ဆိုတာ အင်မတန်တော်ပါတယ်ဆိုတဲ့ ကိုအောင်ရဲ သိဖို့ကောင်းတယ်။ ပြီးတော့ မင်းလည်း သိဖို့ ကောင်းတယ်။ အထူးသဖြင့် ကိုယ့်လို မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ချင်တဲ့ ယောက်ျားတစ်ယောက်ဟာ ‘မာန’ ကိုတော့ ရင်ဆိုင်ရမယ် ဆိုတာကိုပေါ့၊ ကိုယ်ပြောချင်တာ၊ ဒါပါပဲ”
ကျမ လှည့်ထွက်လာခဲ့တယ်။ ထူးဆန်းစွာပဲ ဒီစကားဝိုင်းမှာ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ကို ဆုံးဖြတ် တတ်တဲ့ ကျမရဲ့ဗီဇကို ကျမ မေ့နေခဲ့တယ်။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ ကျမ ငိုတယ် ကိုအောင်ရဲ။ သည်းသည်းထန်ထန် ငိုတယ်၊ နားထဲမှာ “ဖြူလဲ့လည်း ကိုကို့ကို ချစ်သွားတယ်”ဆိုတဲ့ ဖြူလဲ့ကျော်ရဲ့ အသံက ပဲ့တင်ထပ်နေတယ်။ ငိုလို့အားရတော့မှ ကျမ ဘယ်သူမှ မကြားအောင် တိုးဖွဖွကလေး ပြောလိုက်တယ်။
“ကိုယ်ရှုံးပါတယ် ဖြူလဲ့ရယ်”....လို့။
(ဟုတ်တယ်လေ၊ ကျမ ရရမယ့် အချစ်ကို သူပိုင်ဆိုင်ရပြီဆိုကတည်းက ကျမ ရှုံးခဲ့တာ မဟုတ်လား။ ပြီးတော့ သူက မှားပါတယ်လို့ ၀န်မခံခဲ့ဘူးလေ)
+++++
နောက်နေ့မှာတော့ ရှင် ကျမဆီ လာခဲ့တယ်။ (တစ်အိမ်တည်း အတူနေပေမဲ့ မျက်နှာချင်းမဆိုင်ဖြစ်ကြဘူး မဟုတ်လား)ကျမကို တည့်တည့်ကြည့်ပြီး
“ခင်ဗျား ဖြူလဲ့ကို ဘာတွေပြောသလဲ”
“ဟင့်အင်း၊ ကျမပြောတဲ့အထဲမှာ မိုက်မိုက်ရိုင်းရိုင်း မပါဘူး၊ ပြီးတော့ သူက အများဆုံး ပြောတာ၊ စကားဝိုင်းကလည်း အေးအေးဆေးဆေးပဲ ပြီးသွားတာပါ”
ရှင်က ကျမကို စိုက်ကြည့်မြဲ ကြည့်နေခဲ့တယ်။ ပြီးတော့မှ “အင်း… ခင်ဗျား လိမ်တော့ မလိမ်တတ်ပါဘူးလေ”လို့ ရေရွတ်တယ်။ ရှင်မှတ်မိတယ် မဟုတ်လား။ ပြီးတော့ ရှင်ထွက်သွားတယ်။ နောက်မှ ကျမသိရတယ်။ အဲဒီနေ့မှာ ဖြူလဲ့က ရှင့်ကို ကျမကို နားလည်အောင် ကြိုးစားပါ… ပြီးတော့ သူ့ကို မေ့ပစ်လိုက်ပါတော့လို့ ပြောလိုက်တယ် တဲ့။
အဲဒီနောက်ပိုင်း ရှင်အိမ်ပြန်မလာတော့ဘဲ နေပြန်တယ်။ ကျမရင်ထဲမှာ အဲဒီ ကာလတွေတုန်းက စိတ်လှုပ်ရှား နေခဲ့တယ်။ ရှင်ပြန်လာခဲ့ရင် ကျမ ကွာရှင်းခွင့်ပေးလိုက်ရ ကောင်းမလား။ ဒါမှမဟုတ် ကျမဘက်ကို ပါအောင် ပြန်ခေါ်ယူရကောင်းမလား ဆိုတာမျိုးတွေ တွေးနေတယ်။ အတွေ့ဇာတ်ကားထဲက သီသီကို သတိရနေတတ် တယ်။ ကျမ စိတ်တွေ ငြိမ်၀ပ်နေသလိုလည်း ဖြစ်နေခဲ့တယ်။ ရှင် ကျမကို သဘောကျခဲ့တာပဲလေ လို့လည်း ကိုယ့်ဘာသာ အားပေးသလို တွေးနေမိပြန်တယ်။ အိမ်ထောင်ဦးဘ၀တုန်းက ရှင်နဲ့ ကျမ ဆက်ဆံရေး နွေးထွေးခဲ့ဖူးတာကို သတိရတယ်။ ရုတ်တရက် ကျမ တစ်ခု သွားတွေးမိတယ်။ နွေထွေးခဲ့ပေမဲ့ ပျော့ပျော့ ပျောင်းပျောင်းမှ ရှိခဲ့ရဲ့လားလို့။ ဖြူလဲ့ကို သတိရတယ်။ သူကလည်း ကျမကို ပညာပေးသွားခဲ့တာပဲ။
“ထမင်းလက်ဆုံစားရုံ၊ ဝါသနာပါရာ ဆွေးနွေးကြရုံနဲ့ အိမ်ထောင်သည်ဘ၀ ပြည့်စုံသွားတာမှ မဟုတ်ဘဲ မမ၊ ကိုကိုက ယုယတာ ကြိုက်တယ်၊ ယောက်ျားတိုင်း၊ ပြီးတော့ လူတိုင်းပါပဲ မမရယ်”တဲ့။
ဖြူလဲ့က လာ လာ ပြောနေသလိုပဲ။ ဟုတ်မှာပေါ့၊ ကဗျာအယူအဆတွေ နှစ်ယောက်ပြောကြရင်း တစ်ကြိမ်မှာ နှစ်ယောက် အယူအဆ တူသွားဖူးတုန်းက ကျမ ရှင့်ကိုလွှတ်ကနဲ နမ်းမိသွားတယ်။ ပြီးတော့ ရှက်တက်တက်နဲ့ “ဒါလင်က သိပ်တော်တာပဲကွယ်၊ အဲဒါတွေကို ထရီဇာသဘောကျခဲ့တာ သိလား”လို့ ပြောဖြစ်ခဲ့တာလေ၊ ရှင်မှတ်မိလား။ မှတ်မိမှာပါ။ အဲဒီတုန်းက ရှင်တောင် ကျမကို စူးစူးစိုက်စိုက်ကြည့်ရင်းနဲ့ “ကိုယ်ထရီဇာ့ကို ချစ်ပါတယ်ကွာ” လို့ ပြန်ပြောခဲ့တာလေ။ ရှင့်အသံတွေ တုန်ယင်လို့။ ကျမတောင် ရင်ထဲ နွေးထွေးသွားခဲ့ သေးတယ်။
သေချာတာကတော့ ကိုအောင်ရဲရယ်၊ သိက္ခာကြောင့်ပဲဖြစ်ဖြစ်၊ ဘ၀ကို မစွန့်ရဲလို့ပဲဖြစ်ဖြစ် ရှင်နဲ့ ကျမရဲ့ အိမ်ထောင်ရေးဘ၀ကိုတော့ မပြိုပျက်စေချင်တာ အမှန်ပါပဲ။ ကျမ ရှင့်ကို မျှော်စောင့်နေခဲ့တယ်။ မျှော်နေခဲ့တဲ့ နေ့ကလည်း ရောက်လာခဲ့တာပါပဲ။
+++++
ကျမ စာဖတ်နေတုန်း ကားရပ်သံကြားလိုက်တယ်။ ရှင့်ကားရပ်သံမှန်း ကျမ မှတ်မိလိုက်တယ်။ ကျမ ပြင်ဆင် နေမိတယ်။ “ထရီဇာတို့ အေးအေးဆေးဆေး ဆွေးနွေးကြရအောင်လား ကိုအောင်” လို့ စကားစရင် ကောင်းမယ်လို့ တွေးတယ်။ အဲသည်တုန်း ရှင်အခန်းထဲ ၀င်လာတယ်။ ရှင့်မျက်နှာက တင်းမာမနေဘူး။ နောက်ပြီး ဒေါသရိပ်လည်း မတွေ့ရဘူး။ ကျမစိတ် နည်းနည်းပေါ့သွားတယ်။ အဲဒီအချိန်လေးမှာပဲ ရှင် စကားစ တယ်။
“ဖြူလဲ့နဲ့ ကိုယ် ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့ဘူး။ ဖြူလဲ့ ကိုယ့်ကို ငြင်းတယ်၊ ခင်ဗျား သဘောကျတယ် မဟုတ်လား”
ကျမ ခါးခါးသီးသီး ခေါင်းကို သွက်သွက်ခါနေမိတယ်။
“မဟုတ်ဘူး ကိုအောင်၊ မဟုတ်ဘူး ထရီဇာပြောမယ်”
လေသံကို ပျော့ပျောင်းအောင် ဂရုစိုက်ပြီး ကျမ စကားစလိုက်တယ်။
“တော်ပါ ထရီဇာ၊ ကျနော်စိတ်မ၀င်စားပါဘူး”
အင်မတန်ရိသဲ့သဲ့ နိုင်တဲ့အသံပါပဲ။ ကျမ စိတ်တိုသလိုဖြစ်သွားတယ်။ ဒါပေမဲ့ ကျမ ထိန်းတယ်။ နာကျင်တဲ့ရင်က ခုန်နေတယ်၊ မာနက ပြန်ပြီး ခေါင်းထောင်လာတယ်။
“ဖြူလဲ့ကို ပြန်ခေါ်ပါ၊ ကျမ ရှင့်ကို ကွာပေးမယ်”
ရင်ထဲမှာ သေသေချာချာကြီးကို လှိုက်ခုန်နေတယ်။ ရှင်က အော်ရယ်တယ်။ ဟားတိုက်ပြီးတော့ ရယ်တယ်။ ပြီးတော့…
“ဖြူလဲ့က ကလေးပေါက်စန မဟုတ်သလို ခင်ဗျားလိုပဲ မာနရှိတယ် မထရီဇာရဲ့ သိလား၊ အမှတ်သညာလည်း ကြီးတယ်”
ပြီးတော့ ဆက်ပြောပြန်တယ်။
“ဒါက ကျုပ်တို့အပိုင်းပါ၊ ခုလိုအပ်တာက ခင်ဗျား ကွာရှင်းလက်မှတ်ထိုးပေးမယ့်နေ့ကို ကျုပ် စောင့်နေတယ် ဆိုတာပဲ”
ကိုအောင်ရဲရယ်၊ ကျမ ဘယ်ဘက်ရင်အုံရဲ့ ဟိုးအထက် နက်နက်တစ်နေရာမှာ စူးကနဲ အောင့်သွားတယ်။ ခန္ဓာကိုယ်တောင် ယိုင်လဲတော့မလို ဖြစ်သွားတယ်၊ ရှင့်မျက်နှာ အေးစက်စက်က ကျမကို ခြောက်လှန့်လာ တယ်။
“စောင့်စရာမလိုပါဘူး၊ ခု ကွာဆိုလည်း ရပါတယ်”
လို့ ကျမ ပြန်ပြောတော့ ရှင့်မျက်လုံးတွေ တစ်မျိုး အရောင်တောက်လာတယ်။ ကျမ နားမလည်နိုင်တဲ့ အရောင်တွေပါပဲ။ ပြီးတော့ ကျမကို စိုက်ကြည့်ပြီး…
“ဖြူလဲ့နဲ့ ကျုပ်ပြတ်စဲကြရင် ကျုပ်ခင်ဗျားဘက် ပြန်ရောက်လာလိမ့်မယ်လို့ ခင်ဗျား ယူဆရင် မှားတာပဲ မထရီဇာ၊ ခင်ဗျားဘယ်နေရာမှာ ဘယ်လောက်တော်တော် ကျုပ်ကိုတော့ ခင်ဗျားတွက်ကိန်းချလို့ မရဘူးဆိုတာ ခင်ဗျား ခုလောက်ဆို သိလောက်ရောပေါ့၊ ခင်ဗျားကို ဦးစားပေးလက်စနဲ့ ဆက်ပြီး တစ်ခု ဦးစားပေးမယ်၊ ခင်ဗျား စဉ်းစားပါဦး၊ ပြီးလို့ ဆုံးဖြတ်နိုင်ပြီဆိုတာနဲ့ ကျုပ်ကို ခေါ်လိုက်ပါ၊ ကွာရှင်းစာချုပ်နဲ့ အတူ ကျုပ်လာခဲ့ မယ်”
စကားလည်းအဆုံး လှည့်လည်း အထွက်ပါပဲ၊ ကျမထင်တယ်။ ကျမဟာ ရုပ်၀တ္ထု အနေနဲ့တောင် ရှိသေးရဲ့လားလို့။ အသွေးအသားတွေ တစစီ ပေါက်ကွဲကုန်သလိုပါပဲ။ ဘယ်သူ အထင်သေးတာကိုမှ မခံခဲ့ရဖူး သေးတဲ့ ကျမ၊ ခံမယ့်ခံရတော့ ကိုယ်တိုင်ရွေးချယ် ကြည်ဖြူခဲ့တဲ့ ယောက်ျားရဲ့ အထင်သေးတာကိုမှ ခံရတယ်လို့ ကျမ နာနာကျင်ကျင် တွေးတယ်။ ရှင် ခဏခဏပြောဖူးတဲ့ “မင်းက လူသာသေမယ်၊ မာနကျန်မယ့် မိန်းမပဲ” ဆိုတာကို ဖျတ်ကနဲ သတိအရမှာ ကားထဲရောက်သွားပြီဖြစ်တဲ့ ရှင့်ကို အော်ပြောဖြစ် လိုက်တယ်။
“ကိုအောင်ရဲ… စာချုပ်၀ယ်ခဲ့ပါ၊ ကျမတို့ ဒီကနေ့ပဲ ကွာရှင်းလိုက်တာပေါ့”
ရှင်တစ်ချက်ပြုံးတယ်။ သတိထားလိုက်မိရဲ့လား၊ ကျမကတော့ သတိထားလိုက်မိတယ်။ ရှင့်အပြုံးက မဲ့နေတာကိုး။
+++++
ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး ကျမ ရှင့်ကို စောင့်နေခဲ့တယ်။ ဘာကိုမှ မတွေးမိအောင် သိုးမွေးထိုးရင်း စိတ်လှုပ်ရှားမှုကို ထိန်းနေခဲ့တယ်။ ကားရပ်သံကြားတယ်၊ ရှင်၀င်လာတယ်၊ ကျမရဲ့ ရှေ့မှာ ထိုင်တယ်။ ကျမကို စိုက်ကြည့်နေတယ်ဆိုတာ ကျမ သိနေတယ်။ ကျမ မျက်လွှာလှန်ကြည့်လိုက်တယ်၊ ရှင့်နှုတ်ခမ်းတွေ လှုပ်သွားတယ်။
“တကယ် ဆုံးဖြတ်လိုက်ပြီလား ထရီဇာ”
ကျမ အံကြိတ်လိုက်တယ်။ ပြီး ခေါင်းညိတ်လိုက်တယ်။ ရှင်က စိုက်ကြည့်နေပြန်တယ်။ ကျမ မတ်တတ်ရပ် တယ်။ လှည့်ထွက်တယ်။ ကျမကားပေါ်အရောက်မှာ ရှင့်ကားဆီ လှမ်းကြည့်ဖြစ်တယ်။ ရှင့်မျက်နှာက ဖြူလျော် နေတယ်။ ကျမ ပြုံးမိတယ်။ ခုတော့လည်း တုန်လှုပ်နေပြန်ပြီလား ကိုအောင်ရဲရယ်လို့ တွေးပြီး ကားမောင်း ထွက်ဖြစ်ခဲ့တယ်။ ဒီတစ်ခါတော့ နှစ်ဖက်မိဘမပါ၊ သူငယ်ချင်းသက်သေမပါဘဲ ရှင်နဲ့ ကျမ နှစ်ဦးတည်း လက်မှတ်ထိုးရမှာပေါ့။
စားပွဲပေါ်ကို စာချုပ်တစ်စုံ ရောက်လာတယ်။ တရားသူကြီးရဲ့ မျက်လုံးတွေက မှုန်မှိုင်းနေသလိုပဲ။ ကျမ ဘောပင် ကိုင်တယ်။ လက်တွေတုန်နေတာ ပတ်၀န်းကျင် (အထူးသဖြင့် ရှင်)သတိထားမိသွားမှာ စိုးနေမိတယ်။ ရှင် တစ်စုံ ကောက်ယူတယ်။ လက်မှတ်ထိုးအပြီးမှာ ကျမကို လှမ်းပေးတယ်။ ရှင့်လက်ဖျားတွေကလည်း တုန်ယင် နေသလိုပဲ၊ ကျမ နည်းနည်း ကျေနပ်သွားတယ်။
+++++
ကားသော့ကို ဖြုတ်ပြီး အိမ်ထဲလှမ်းအ၀င်မှာ ရှင် ကျမလက်မောင်းကို လှမ်းကိုင်တယ်။ ကျမ ရှင့်ကို မော့ကြည့်မိတယ်။ ကျမမျက်လုံးတွေကတော့ မာနကြောင့် တောက်ပြောင် နေဦးမှာပါပဲ။ ရှင်ကပြောလာတယ်။
“မင်းဟာ သိပ်ကို ခေါင်းမာတာပဲနော်၊ ထရီဇာရယ် ယောက်ျားက ပစ်ချင်လောက်အောင် ဘာဖြစ်လို့ မာနကြီးချင်ရတာလဲ၊ ကိုယ်မင်းကို တကယ်ချစ်ခဲ့တာပါ”
ကျမ ရင်တစ်ချက် ခုန်သွားတယ်။ ရင်ခုန်သံကို ကျမ ထိန်းချင်တယ်။ ထရီဇာပဲ အလျှော့မပေးရပါဘူးလို့ တွေးပြီး ခံစားချက်ကို ပြောင်းယူတယ်။ ရှင်ပဲ ကျမကို မုန်းတယ်ဆိုတဲ့ စကားမျိုးတွေပြောခဲ့ပြီး ဘယ်လောက်မှ မကြာ ဘူး… ချစ်တယ်လို့ ပြောပြန်တယ်လို့ ကျမ တွေးယူတယ်။ အဲဒီအခါ ရယ်ပစ်ချင်လာဖို့ သတိရတယ်။ ရယ်စရာ ကောင်းတယ်လို့မှ မတွေးနိုင်ရင်လည်း ရှင့်ရဲ့အလှည့်အပတ်ထဲမှာ ကျမ ကျွံ၀င် သွားမှာ ကြောက်တယ်။
ရှင်က ကျမ ပခုံးကို ကိုင်ပြန်တယ်။ ပြီး တစ်ချက် ဖျစ်တယ်။ နောက် လှည့်ထွက်တယ်။ ကျမကို တစ်ချက် ပြန်လှည့်ကြည့်တယ်။ ကျမ သွေးခုန်နှုန်းတွေ မြန်လာတယ်။ လည်ချောင်းထဲမှာ တစုံတခု လာဆို့တယ်။ လက်တွေထဲမှာ အားယုတ်သွားတယ်။ တံခါးနံရံကို လက်နဲ့ အားပြုပြီး ပြုံးပြနိုင်အောင် ကြိုးစားတယ်။ ကျမ ပြုံးပြတာကို တွေ့မှ ရှင် တကယ် ကျောခိုင်းသွားတော့တယ်။
ကျမမျက်လုံးတွေ ဝါးလာသလိုပဲ။ လက်ထဲက ကွာရှင်းစာချုပ်က လေမတိုက်ပါဘဲ တဖျတ်ဖျတ် တုန်နေတယ်။ ခုတင်ဘေး စားပွဲပေါ်ကို စာချုပ် လှမ်းတင်လိုက်တယ်။ နှစ်ယောက်အိပ် ကုတင်ဆီ မျက်လုံးအရောက်မှာ ပါးပြင် နွေးကနဲ ဖြစ်သွားတယ်။ အမလေး… ကျမ မျက်ရည်ကျတယ်။ မငိုရဘူး… မငိုရဘူး၊ ထရီဇာဟာ ကိုယ်မမှားတဲ့ အဖြစ်အပျက်တစ်ခုအတွက် ဘယ်တော့မှ မျက်ရည်မကျရဘူး။
မျက်ခွံတွေကို လက်ဖဝါးနဲ့ ပွတ်သုတ်ပစ် လိုက်တယ်။ ခေါင်းကို ဆတ်ကနဲ့ မော့ပစ်တယ်။ မျက်တောင်တွေကို ခဏခဏ ခတ်ပြီး စိတ်ကို တင်းတယ်။ “ရှင်တို့ ယောက်ျားတွေဟာ သိပ်ကိုရယ်ရတာပဲ”လို့ တတွတ်တွတ်ရွတ်ရင်း မျက်ရည်ကို ထိန်းတယ်။ ခဏကြာ တော့ ဆောက်တည်ရာရပြီလို့ ယူဆတယ်။ အားပါးတရ အော်ရယ်နိုင်ရင် သိပ်ကောင်းမှာပဲလို့တွေးပြီး ရယ်ဖို့ ကြိုးစားတယ်။ မရဘူး။ ပြုံးကြည့်တယ်၊ ခါတိုင်းပြုံးနေကျ ထရီဇာရဲ့ နာမည်ကျော် ယုံကြည်ပြုံးလေ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလွန်းတဲ့ အပြုံးပေါ့။ ပြုံးပြီး စာချုပ်ကို ထပ်ကြည့်မိတယ်။ ‘အောင်ရဲ’တဲ့။ တဘက်မှာ ‘အေးအေးဦး’ ဘယ်ဘက်ရင်အုံထဲမှာ စူးကနဲ အောင့်တယ်။
မျက်လုံးအကြည့်မှာ… အေးအေးဦး… ဆိုတဲ့ စာလုံးတွေက မှုန်ဝါးသွား တယ်။
-------------
မေငြိမ်း
ဇူလိုင်လ၊ ၁၉၈၉-ခုနှစ်
မဂ္ဂဇင်း၀တ္ထုရှည် စ-ဆုံး
ရွှေအမြုတေ အတွဲ-၁၊ အမှတ်(၁)
Credit: ဆရာမ မေငြိမ်းရဲ့ Facebook Page
Friday, July 15, 2016
[ ရွှေမင်းသားဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂါအား ကျေးဇူးတင်ပါသည်။ ]




