Friday, 30 August 2019

ဒါကတော့ ဒါပါပဲ - မင်းလူ

ဒါကတော့ ဒါပါပဲ

""""""""""""""""""""""""""""

မင်းလူ

တချို့ပြကွက်တွေကို မကြည့်ရဲသဖြင့် မသိမသာ မျက်လွှာချထား လိုက်သည်။ မျက်နှာလွှဲ နေလို့တော့ မဖြစ်။ သူငယ်ချင်းတွေက ဝိုင်းဟား ကြလိမ့်မည်။ သူသည် ကတုန်ကယင်ကြီး ဖြစ်နေသည်။ ဒါမျိုး သူတစ်ခါမျှ မကြည့်ဖူးသေးချေ။ 
သူသည် အတွေ့အကြုံ လုံးဝမရှိသူ အရိုင်းသက်သက်လေးတော့ မဟုတ်။ လူပျိုပေါက်ကလေးလည်း မဟုတ်။ အိမ်ထောင်သက် သုံးနှစ်ရှိ၍ သားတစ်ယောက်၏ အဖေပင် ဖြစ်နေခဲ့သူ။ သို့ရာတွင် ခုလို ကြည့်နေရတာမျိုးတွေတော့ တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးပါ။
ခိုးကြောင်ခိုးဝှက် ကြည့်ကြရခြင်း ဖြစ်သဖြင့် အခန်းတံခါးရော၊ ပြတင်းပေါက်တွေပါ ပိတ်ထားရသည်။ ထို့ကြောင့် အခန်းထဲမှာ လှောင်အိုက်နေသည်။ ဆေးလိပ်မီးခိုးတွေကြောင့်လည်း အသက်ရှူရတာ မွန်းကျပ်နေ၏။ ချွေးတွေပြန်ပြီး ငြီးစီစီကြီး ဖြစ်နေသည်။ 
အပြင်ထွက်နေချင်သည့် စိတ်ပင် ဖြစ်လာသည်။ ထွက်တော့ မထွက်ဖြစ်။ တစ္ဆေအခြောက် ခံရသူလိုပင် ကြည့်လည်း မကြည့်ရဲ၊ မကြည့်ဘဲလည်း မနေနိုင်ချေ။ ကြည့်မိပြန်တော့လည်း ရင်တွေပူပြီး ဖျပ်ခနဲ မျက်လွှာချမိ၏။ 
ကျန်သူငယ်ချင်းတွေကတော့ မင်းသား မင်းသမီး နှစ်ပါးသွား အကကို ကြည့်နေရသလို ခပ်အေးအေးပင်။ စီးကရက် ဖွာသူ ဖွာ၊ စကား ပြောသူ ပြော။ တချို့ ပြကွက်များကို ကြည့်ရင်း အချင်းချင်း နောက်ပြောင်သူက ပြောင်နှင့် မထူးခြားသလို ရှိနေကြသည်။ 
ဗီဒီယိုတိပ်ခွေ ရုပ်ရှင်က ပြီးဆုံးသွားသည်။ မျိုးမင်းမြင့်က ... 
“သိပ် မကောင်းလှ ပါဘူးကွာ၊ ငါက ထူးထူးဆန်းဆန်း ကလေးများ ကြည့်ရမလားလို့” 
ဟု ပြောရာ တင်အောင်လင်းက ... 
“မင်းကိုယ်တိုင် မင်းသားလုပ်ပြီး ရိုက်တဲ့အခါကျမှ အထူးဆန်းဆုံး လုပ်ပြပေတော့” 
တစ်ယောက်တစ်ပေါက် ပြောဆို နောက်ပြောင် နေကြသည်။ ဘာမျှ ထူးခြားမှု ရှိကြဟန် မတူ။ သူတစ်ယောက်သာ ခုထိ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး ကြောင်တောင်တောင် ဖြစ်နေသည်။ 
“ဟေ့ကောင် ဖိုးအောင်၊ ဘာဖြစ်နေတာလဲ၊ ကြောင်တောင်တောင်နဲ့” 
မျိုးမင်းမြင့်က သူ့ကိုမေးသည်။ 
“ဟင့်အင်း ... ဘာမှ မဖြစ်ပါဘူး” 
“ဒီကောင်က တစ်ခါမှ မကြည့်ဖူးဘူးလို့ ပြောတယ်ကွ၊ ခုအတိုင်း ဆိုရင်တော့ ဟုတ်ပုံ ရပါတယ်၊ ဒီကောင် ဖြစ်နေပုံ ကြည့်ပါလား” 
“ဟာကွာ” 
“ဖိုးအောင်ရာ၊ ရန်ကုန်မှာ နေပြီး ဒီလောက် တုံးရသလားဟ” 
“ကဲပါကွာ ... သွားကြရအောင်” 
“ဘယ်သွားကြဦးမလို့လဲ” 
ဖိုးအောင်က မေးလိုက်သည်။ အေးညွန့်ဦးက ... 
“မျက်စိ ညောင်းပြီ၊ လူလည်း ညောင်းပြီ၊ တစ်ခုခု သွားစားကြမယ်”
“အစားချည်းပဲလား” 
မျိုးမင်းမြင့်က ဝင်မေးရာ ... 
“မင်း ရောက်နေမှတော့ အရည် မပါရင် ဘယ်ဖြစ်မလဲ၊ ထမင်းတွေ နင်ကုန်မှာပေါ့” 
* * *
တက္ကသိုလ်မှာတုန်းက တစ်ဆောင်တည်း အတူတူ နေခဲ့ကြသော သူငယ်ချင်းတွေ ပြန်ဆုံကြခြင်း ဖြစ်သည်။ အဆောင်မှာ မျိုးမင်းမြင့်နှင့် အေးညွန့်ဦးတို့က တစ်ခန်း၊ ဖိုးအောင်နှင့် တင်မောင်လင်းတို့က တစ်ခန်း နေခဲ့ကြသည်။ အခန်းချင်းက ကပ်လျက်ဖြစ်သဖြင့် သူတို့လေးယောက် တွဲမိခဲ့ကြသည်။ 
တွဲမိကြသည် ဆိုသော်လည်း စရိုက်ချင်း လုံးဝ တူကြသည်တော့ မဟုတ်။ ဖိုးအောင်က လူအေး။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန် ကြည့်တတ်သူ။ စာမေးပွဲနီးလျှင် သူ့မှတ်စုတွေကိုပင် အားလုံးက အားကိုးကြရသည်။ 
ကျန်သုံးယောက်ကတော့ လူပျော်လူနောက်တွေချည်း ဖြစ်သည်။ တင်မောင်လင်းက နည်းနည်း သောက်ပြီးလျှင် အူမြူး လာတတ်သည်။ သီချင်းအော်ဆိုပြီး ကတတ်သည်။ အေးညွန့်ဦးက လည်လည်ပတ်ပတ် ရှိသည်။ သူငယ်ချင်းတွေ ငွေပြတ်နေပြီ ဆိုလျှင် အခန်းတကာ လှည့်ချေးတာတို့၊ ပေါင်တာနှံတာ၊ ရောင်းတာဝယ်တာတို့ ကျွမ်းကျင်သည်။ တစ်ခါတလေ ပိုက်ဆံ တစ်ပြားမျှ မရှိဘဲ ဖဲဝိုင်းမှာ ဝင်ထိုင်ချင် ထိုင်တတ်သည်။ လက်ပတ်နာရီကို ရှေ့မှာချပြီး တန်ဖိုးဖြတ်၍ ကစားသည်။ သူက ဖဲလိမ်နည်းတွေ တတ်သဖြင့် ဘယ်တော့မှ မရှုံး။ ဤနည်းဖြင့် သူငယ်ချင်းတွေ သုံးစွဲဖို့ ရှာကြံပေးတတ်၏။ 
မျိုးမင်းမြင့်ကတော့ ဟိုစပ်စပ် ဒီစပ်စပ်သမား။ နေရာတကာမှာ ဝင်ပါတတ်သည်။ လောင်းတာစားတာလည်း ဝါသနာပါသည်။ ဘောလုံးလည်း ကန်သည်။ ပန်းချီသင်တန်းလည်း တက်သည်။ ရည်းစားလည်း များသည်။ 
ဖိုးအောင်သည် ရိုးရိုးအေးအေး ဖြစ်သော်လည်း အားနာတတ်သူဖြစ်၍ သူငယ်ချင်းတွေ ခေါ်လျှင် ကန့်လန့်ကန့်လန့်နှင့် ပါသွားတတ်သည်။ တင်မောင်လင်းက ပေါက်ကရ သီချင်းတွေဆိုပြီး မိန်းကလေး အဆောင်ရှေ့မှာ သွားကလျှင်လည်း ရှက်ရှက်နှင့်ပင် လိုက်ရသည်။ မျိုးမင်းမြင့်က သူ့ရည်းစား တစ်ယောက်ယောက်ကို သွားစောင့်ဖို့ အဖော်ခေါ်လျှင်လည်း ပါသွားတတ်သည်။ 
တစ်ခါကလည်း အေးညွန့်ဦးက တခြားအဆောင် တစ်ဆောင်မှာ ဝိုင်းရှိသည်ဆိုပြီး အဖော်ခေါ်သဖြင့် လိုက်သွားသည်။ ဝိုင်းကောင်းနေတုန်း ဆရာတွေက သတင်းရသဖြင့် ဝင်ဖမ်းရာ တစ်ပြုံလုံးမိသည်။ ဖိုးအောင်လည်း မဆီမဆိုင် ပါသွားသည်။ ဆရာကြီးကို ခြေသလုံး ဖက်မတတ် ဝိုင်းတောင်းပန်သဖြင့် ကျောင်းထုတ် မခံရဘဲ အပြင်းအထန် သတိပေးခံလိုက်ရသည်။ 
ဘွဲ့ရပြီးသောအခါ အသီးသီး လုပ်ငန်းခွင် ဝင်ကြရသည်။ မျိုးမင်းမြင့်က သူ့မြို့ကို ပြန်သွားသည်။ ကျန်သုံးယောက်က ရန်ကုန်မှာပင် ကုပ်ကပ်နေပြီး အလုပ်ရှာကြသည်။ 
သူတို့ထဲမှာ အအေးဆုံး၊ အရိုးဆုံးဆိုသော ဖိုးအောင်က အရင်ဆုံး မိန်းမ ရသွားသည်။ တင်မောင်လင်းကလည်း လွန်ခဲ့သောနှစ်က လက်ထပ်လိုက်သည်။ အေးညွန့်ဦးနှင့် မျိုးမင်းမြင့်တို့ကတော့ အိမ်ထောင် မပြုကြသေး။ 
ရန်ကုန်မှာ ကျန်ခဲ့သော သုံးယောက်သည် ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်လာကြသဖြင့် ကျောင်းမှာတုန်းကလို မတွဲဖြစ်ကြတော့။ တစ်ခါတစ်ရံမှသာ ဆုံဖြစ်တော့သည်။ 
ထိုအချိန်မျိုးတွင် မျိုးမင်းမြင့် ရန်ကုန်ကို လာလည်သည်။ သူငယ်ချင်းတွေ ပြန်ဆုံကြသည်။ မျိုးမင်းမြင့်က ... 
“ငါ ရန်ကုန်ရောက်တုန်း ပျော်စရာလေးတွေ ရှာရအောင်” 
ဟု ဆိုသည်။ 
တင်မောင်လင်းနှင့် အေးညွန့်ဦးတို့က သဘောတူသည်။ ဖိုးအောင်ကလည်း ထုံးစံအတိုင်း အားနာပါးနာနှင့် ပါလာသည်။ 
ပထမဆုံး ဗီဒီယို ကြည့်ကြသည်။ အေးညွန့်ဦးက မျိုးမင်းမြင့် ကြည့်ချင်နေသော တိပ်ခွေကို မရရအောင် လိုက်ရှာပြီး ပြရသည်။ 
ပြီးတော့မှ စားကြ သောက်ကြဖို့ ထွက်လာခဲ့ကြလေသည်။ 
* * *
စားသောက်ဆိုင် တစ်ခုမှာ ထိုင်သည်။ စားကြ သောက်ကြသည်။ နှစ်နှင့်ချီအောင် ကွဲနေကြသော သူငယ်ချင်းများ ပြန်ဆုံခြင်း ဖြစ်သဖြင့် တော်တော် ပျော်ကြသည်။ 
စကားတွေလည်း အများကြီး ပြောကြသည်။ အေးအေးဆေးဆေးသမား ဖိုးအောင်တောင် တော်တော် သောက်ဖြစ်သွားသည်။ သူသည် တစ်ခါတလေမှသာ သောက်လေ့ရှိသူ ဖြစ်သည်။ သောက်လျှင်လည်း သူငယ်ချင်းတွေ ကျေနပ်အောင် စတိသဘော၊ တစ်ခွက်ထက် မပိုချေ။ ဒီနေ့တော့ သူလည်း နည်းနည်း နှုတ်သွက်အာသွက် ဖြစ်လာသည်။ 
“ကျောင်းမှာတုန်းက အဆောင်ရှေ့မှာ သီချင်းသွားဆိုတာကို သတိရတယ်ကွာ” 
ဟု တင်မောင်လင်းက ပြောသည်။ မျိုးမင်းမြင့်က ... 
“ဟေ့ကောင် ... ဒီအရွယ်ကြီး ရောက်မှတော့ လမ်းလယ်ကောင်မှာ သီချင်းဆိုပြီး ကမနေနဲ့ဦးနော်” 
“ငါ ဒီလောက် မပေါတော့ပါဘူးကွ” 
“အေး ... ဒီကောင်က ခုမူးရင် မကတော့ဘူး၊ သူ့ယောက္ခမ သူ့ကို အထင်သေးတဲ့ အကြောင်း ပြောပြောပြီး ငိုလိမ့်မယ်” 
“ဟာ ... တစ်ခါလေး လုပ်မိပါတယ်၊ ပြောလို့မဆုံးတော့ဘူး” 
* * *
စားသောက်ဆိုင်ထဲက ထွက်လာတော့ အားလုံး မှန်နေကြပြီ။ ဖိုးအောင်သည် အရမ်းမူးနေတာ မဟုတ်သည့်တိုင် ပုံမှန်အတိုင်း မဟုတ်တာတော့ သေချာသည်။ ခေါင်းထဲက ရီတီတီနှင့် အူမြူးသလိုလို ဘာလိုလို ဖြစ်နေသည်။ 
“ကဲ ... ဘယ်နှစ်နာရီ ထိုးပြီလဲ” 
“ရှစ်နာရီ” 
“ဟင် ... အစောကြီး ရှိသေးတယ်” 
“ကမ်းနားမှာ သွားထိုင်ပြီး စကားပြောကြမလား” 
“တစ်ချိန်လုံး စကားတွေ ပြောခဲ့ကြပြီးပြီပဲ၊ ခု လက်တွေ့ လုပ်ရမယ့်အချိန် ရောက်လာပြီ” 
“မင်းဘာလုပ်ချင်လို့လဲ” 
မျိုးမင်းမြင့်က လက်ဟန်ခြေဟန်ဖြင့် လုပ်ပြသည်။ 
“ဟာကွာ ... ဒါတော့ မလုပ်ပါနဲ့၊ မကောင်းပါဘူး” 
ဟု ဖိုးအောင်က ကန့်ကွက်သည်။ 
“အံမာ ... မင်းက မိန်းမရှိတဲ့ကောင် ဆိုတော့ ဒီစကား ပြောမှာပေါ့၊ ငါ့မှာ ရန်ကုန် လာတုန်းလေး အားရအောင် ပျော်ရတာ၊ နယ်မှာဆိုရင် ဘာမှရှိတာ မဟုတ်ဘူး” 
ကျန်နှစ်ယောက်က မျိုးမင်းမြင့် အကြံကို လက်ခံသည်။ ဖိုးအောင်လည်း ထပ်မငြင်းတော့ဘဲ သဘောတူလိုက်၏။ 
* * *
ပန်းခြံဘက်သို့ လျှောက်လာကြသည်။ ပန်းခြံထဲမှာ အပန်းဖြေ နေကြသူတွေ၊ လမ်းလျှောက် နေကြသူတွေ၊ ထိုင်စကားပြော နေကြသူတွေ၊ တချို့လည်း ဟန်ရေးပြပြီး လမ်းသလား နေကြသည်။ အေးညွန့်ဦးက တစ်ယောက်ကို ညွှန်ပြသည်။ 
“ဘယ်လို သဘောရသလဲ” 
“မဆိုးပါဘူး ... မေးကြည့်လေ” 
အေးညွန့်ဦးက ဘေးချင်း ယှဉ်မိအောင် လိုက်လျှောက်သွားပြီး မေးသည်။ 
“ဘယ်လိုလဲ” 
“ဒီလိုပဲ” 
သူတို့ တိုးတိုး တိုးတိုး ပြောကြသည်။ ခဏကြာတော့ အေးညွန့်ဦး ပြန်လာသည်။
“အလကားပါကွာ၊ ငါတို့ကို အချဉ်တွေ မှတ်လို့ ဈေးကို နင်းကန် အော်နေတယ်၊ နေကြဦး ... နည်းနည်း ထပ်ကြိုးစား လိုက်ဦးမယ်” 
အေးညွန့်ဦး ထွက်သွားပြန်သည်။ ခဏအကြာမှာ ပြန်ရောက်လာပြီး ... 
“အနားကပ် ကြည့်တော့မှ မစွံပါဘူးကွာ” 
ထိုစဉ်မှာ ဖိုးအောင်က တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ဗာဒံပင်အောက်မှာ ရပ်နေသော တစ်ယောက်။ ခပ်လှမ်းလှမ်း ဓာတ်တိုင်မှ မာကျူရီ မီးရောင်က သစ်ပင်ရိပ်ကို ကွက်တိကွက်ကျား တိုးဝင်နေသဖြင့် သူ့ကို မြင်သာရုံလောက် ရှိသည်။ 
သူ့ကိုယ်နေဟန်က ပြေပြစ် တောင့်တင်းသည်။ အရပ်အမောင်း ကောင်းသည်။ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း ဆွဲဆောင်မှုရှိမှာ သေချာသည်။ 
ဖိုးအောင် ငေးကြည့်နေမိသည်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။ 
“ဟေ့ကောင်တွေ ... ဟိုမှာကွ” 
ဟု ပြောလိုက်သည်။ ပြီးတော့မှ သူ ဘာဖြစ်လို့ ညွှန်ပြလိုက်မိပါလိမ့်ဟု တွေးမိပြန်သည်။ စိတ်ပါသလိုလို ဖြစ်လာသည့် အတွက်လည်း သူ့ကိုယ်သူ အံ့ဩနေသည်။ 
မျိုးမင်းမြင့်ဆီက လေချွန်သံတစ်ချက် ထွက်ပေါ်လာသည်။ 
“ဟာ ... သားနားတယ်ဟေ့” 
“ငါသွားမယ်” 
ဟု ဖိုးအောင်က အလိုလို ပြောမိသည်။ 
“ဟာ ... မင်း ဘယ်လို ဖြစ်တာလဲ” 
တင်မောင်လင်းက ပြောနေတုန်း ဖိုးအောင် ထွက်လာခဲ့သည်။ ဗာဒံပင် အောက်က မိန်းကလေးက ဖိုးအောင် လာနေသည်ကို မြင်သဖြင့် ကိုယ်နေကိုယ်ဟန်ကို ပို၍ ကြည့်ကောင်းအောင် လုပ်လိုက်ပြီးမှ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။ 
ဖိုးအောင် အနားမှာ သွားကပ်ပြီး ... 
“ဘယ်လိုလဲ” 
“ဒီလိုပဲ” 
“ဘယ်သွားမလို့လဲ” 
“ဟိုနား ဒီနားပေါ့” 
“လမ်းကြုံတယ် လိုက်မလား” 
“ဘယ်ကိုလဲ” 
“တစ်နေရာရာပေါ့” 
အမျိုးသမီးက စဉ်းစားသလို လုပ်နေသည်။ အနီးကပ် ကြည့်တော့မှ သူ့ရုပ်ရည်သည် ထင်ထားသည်ထက် ပို၍ စွဲမက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဖိုးအောင် ရင်တွေ ခုန်လာ၏။ အမျိုးသမီးကို စိုက်ကြည့်နေမိသည်။ 
“အို ... လူကို ဘယ်လို ကြည့်နေတာလဲ” 
ဖိုးအောင် ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားသည်။ ချက်ချင်း သတိရလိုက်သည်။ ဘာမျှ ထပ်မပြောတော့ဘဲ ချာခနဲ လှည့်ထွက်လာခဲ့သည်။ 
“ဘယ်လိုလဲကွ ... မင်း တကယ်ရဲပါလား၊ မင်း ဒီလောက် လာလိမ့်မယ်လို့ ထင်တောင် မထင်ဘူး” 
ဟု သူငယ်ချင်းတွေက ဝိုင်းပြောကြသည်။ သူလည်း သူ့ကိုယ်သူ အံ့ဩမိသည်။ သူက ခေါင်းခါပြီး ... 
“ပြန်ကြရအောင်ကွာ၊ ဘာမှ ဆက်လုပ် မနေပါနဲ့တော့” 
“ဟာကွာ ... ဘယ်လို ဖြစ်တာလဲ” 
“မင်းတို့ နေချင်နေခဲ့ကွာ၊ ငါပြန်တော့မယ်” 
ဟု ပြောပြီး လှည့်ထွက် လာခဲ့သည်။ သူငယ်ချင်းတွေက ... 
“ဟာ ... ဟေ့ကောင်၊ ဘာဖြစ်တာလဲ” 
ပြောတာကိုတောင် လှည့်မကြည့်တော့။ 
* * *
အိမ်ကို ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်တွေ တင်းကျပ်နေသည်။ ခုလို တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။ အရက်သောက်တာ များသွားလို့များလား။ တစ်ချက်တစ်ချက်တွင် ဗာဒံပင်အောက်က အမျိုးသမီး၏ ကိုယ်နေဟန်ကို ဖျတ်ခနဲ မြင်ယောင်မိသေးသည်။ သူသည် အတင်းကြိုးစား၍ မြင်ကွင်းထဲက မောင်းထုတ်ပစ်လိုက်သည်။ 
အိမ်ပြန်ရောက်သည် အထိ ကတုန်ကယင်ကြီး ဖြစ်နေရတုန်းပင်။ ရီဝေဝေ ဖြစ်နေတာလည်း မပျောက်တော့။ သူ့စိတ်တွေ ပုံမှန် မဟုတ်တော့ဘူး ဆိုတာ သူ့ကိုယ်သူ သိသည်။ 
အိမ်ပေါက်ဝမှာ ခဏရပ်သည်။ စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီးမှ တံခါး ခေါက်လိုက်သည်။ တံခါးဖွင့်သည်။ တံခါးပေါက်ဝတွင် သူ့မိန်းမ ရပ်နေသည်။ အိမ်ရှေ့မီးမှိန်မှိန်တွင် သူ့မိန်းမ၏ မျက်နှာကို ခပ်မှုန်မှုန် မြင်နေရသည်။ သူသည် မိန်းမကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူ့ရင်တွေ ပြင်းထန်စွာ ခုန်လာသည်။ 
သူ့မိန်းမက ... 
“ဘာဖြစ်နေသလဲ” 
ဟု မေးသည်။ 
“ဘာဖြစ်လို့လဲ” 
ဟု သူက ပြန်မေးသည်။ သူ့အသံတွေက မမှန်။ 
“မောင့်မျက်လုံးတွေက တစ်မျိုးကြီးပဲ” 
သူက ဘာမျှ ပြန်မပြောဘဲ သူ့မိန်းမ၏ လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ 
---------
မင်းလူ
ချယ်ရီ၊ ဇန်နဝါရီ၊ ၁၉၈၇။

.
(အလင်းရောင် ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်ခင်ဗျား။)

ရေအိမ် """"""""""""""""" နေဝင်းမြင့်

ရေအိမ်

"""""""""""""""""

နေဝင်းမြင့်

(၁)
ဝုန်းခနဲ ထပျံသော ယင်ကောင် မည်းမည်းစိမ်းစိမ်း အုပ်စုကြီးကို အဝေးကပင် လှမ်းမြင်နေရသည်။ စင်စစ် ရေအိမ်ဟုဆိုသော်လည်း ရေတစ်စက်တလေမျှပင် ရှိသည်မဟုတ်။ ပိုးလောက်တို့ တဖွားဖွားဖြင့် ခြေချစရာမရှိအောင် အမြဲတမ်း ညစ်ပတ်ပေရေနေတတ်သော သည်ရေအိမ်ကလေးကို တစ်ခါက ‘ရေလောင်းအိမ်သာ’ ဟု ခေါ်ဝေါ်ခဲ့ကြဖူးသည် ဆိုခြင်းကမူ ယခုအခါ အိပ်မက်အဖြစ်သာ ကျန်ရစ် တည်ရှိနေတော့သည်။

(၂)
သည်တန်းလျားခန်းတွေကလည်း ဆောက်ခါစ၊ သည်ရေအိမ်ကလေး ကလည်း ဆောက်ခါစ။ အဲ့သည်တုန်းကတော့ ခပ်ဝေးဝေး ရေစက် တစ်ခုမှ တစ်လက်မ ရေပိုက်တစ်ချောင်းကို သွယ်ယူကာ ရေအိမ်ဟူသောအမည်နှင့် လိုက်လျောညီထွေစွာ ရေတွေ တဝေါဝေါ ကျနေစေ ခဲ့ဖူးသည်။ သည်တုန်းက လူတွေကလည်း များလှသည် မဟုတ်သေး။ စုစုပေါင်းမှ အိမ်ထောင်စုခြောက်စု၊ လူဦးရေအားဖြင့် နှစ်ဆယ် လောက် ရှိမည်။ နှစ်လုံးတွဲ ရေအိမ်ကလေးသည် အသစ်တုန်းကတော့ သူ့ဝန်နှင့်သူ့အား မျှတနေခဲ့သည် ဆိုပါတော့။ ခပ်မြင့်မြင့် အုတ်ရိုးစီ အင်္ဂတေအုတ်ခုံပေါ်မှာ သွပ်ပြားမြောင်းကြဲ ထူထူကြီးတွေ ကာရံထားသည်။ အမိုးကလည်း သွပ်ပြားထူထူကြီးတွေပါပဲ။ တံခါးတွေကတော့ ကျွန်းသားတွေကို ထောင်ကွေးကာ သွပ်ပြားဂိတ်ထူထူ တစ်ချပ်လုံးကို ရိုက်ကပ်ထားသည်။

ပြီးတော့ ရေအိမ်ထဲမှာ နှစ်ခန်းကို တစ်လုံးနှုန်းဖြင့် မီးလုံးလေး တစ်လုံးကိုလည်း တပ်ဆင်ပေးထားသည်။ (သွပ်ပြားကို မီးလုံးတစ်လုံးစာ ဖြတ်တောက်၍ အခန်းအလယ်က တပ်ထားသဖြင့် နှစ်ခန်းစလုံးလင်းသည်) ရေအိမ်၏နောက်မှာ ကပ်လျက်က ‘စံပရိတ်တင့်’ ဟု ခေါ်သော သီးခြားရေစစ်ကန်တစ်လုံး ရှိသည်။ သည်ကန်ကရေနှင့် အညစ်အကြေးကို တစ်ကန့်စီ စစ်ထုတ်ပေးသည်။ ရေစစ်ကန်၏ အမိုးတွေကို အုတ်ကြွပ်ဖြင့် မိုးထားသဖြင့် မိုးရေနှင့် အမှိုက်သရိုက်များ ရုတ်တရက် မဝင်နိုင်ပါ။ ရေပိုက်ခေါင်းမှ တဝေါဝေါ ကျနေသော ရေက ရေအိမ်ကြွေခွက်ထဲကို အစဉ်မပြတ် ကျနေတတ်သဖြင့် အသုံးပြုနေစဉ်ရော၊ အသုံးပြုပြီးအချိန်ရော အမြဲ သန့်ရှင်းနေတတ်သည်။ တန်းလျားခန်းကလေးမှာ နေသူတွေက တစ်ခါတစ်ရံ မနက်ပိုင်းကလေးလောက်မှာသာ တစ်ယောက်နှင့်တစ်ယောက် စောင့်ဆိုင်းနေရ တတ်သော်လည်း အများအားဖြင့် အဆင်ပြေသည်သာ ဖြစ်လေသည်။

ရေအိမ်ကိုရော ရေစစ်ကန်ကိုပါ ရင်ဆို့ခန့်မြင့်သော ငါးပတ်လည် သစ်သားတိုင်များဖြင့် စနစ်တကျ ကာရံထားသည်။ တင်းတင်းရင်းရင်း ဆွဲကာထားသော သံဆူးကြိုးတွေကြောင့် ရေအိမ်ကလေးနှင့် သီးသန့် ရေအိမ်လေးလို ဖြစ်နေသည်။

‘သန့်ရှင်းပါ’ ၊ ‘ရေကိုသာသုံးပါ’ ၊ ‘သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး’ ၊ ‘သန့်ရှင်းမှုဖြင့် ဂုဏ်ယူတတ်ပါစေ’ ၊ ‘တုတ်နှင့်စက္ကူ မသုံးရ’ စသည့် စသည့် စာတမ်းတွေကိုလည်း ရေအိမ်ဝမှာ ဆွဲချိတ်ထားသေးသည်။ ရေအိမ်ကို မဝင်ခင်မှာ သည်စာတန်းတွေကို အရင်တွေ့ ရမည် ဖြစ်သည်။ ရေအိမ်ထဲမှာ အကန့်လေးတစ်ကန့် ရှိသေးသည်။ အင်္ဂတေအကန့်ကလေး ဖြစ်သဖြင့် ရေကန်ကလေးလို ဖြစ်နေသည်။ ရေပိုက်မှကျသော ရေတွေက သည်ကန်ကလေးထဲကို အရင်ကျကာ ပိုလျှံသောရေတွေကမှ ရေအိမ်ကြွေခွက်ထဲကို အဆက်မပြတ် ကျနေခြင်းဖြစ်သဖြင့် ရေအိမ်ကြွေခွက်သည် အညစ်အကြေးများ တင်မနေတော့ဘဲ အမြဲ သန့်ရှင်းနေတတ်သည်။ သို့သော် အသုံးပြုသူ၏ ကိုယ်ကာယ သန့်ရှင်းရေးအတွက်ကိုမူ သည်ရေကန်ကလေးထဲက ရေကိုသုံးရသည်။ တချို့က သည်ရေကန်ထဲကရေနှင့် မသန့်စင် ချင်ကြ။ စက္ကူကို သုံးချင်ကြသည်။ ဤသို့ဖြင့် ရေအုပ်စုနှင့် စက္ကူအုပ်စုဟူ၍ အုပ်စုကြီးနှစ်ခု ကွဲလာသည်။ တချို့က သတင်းစာစက္ကူ၊ တချို့က မဂ္ဂဇင်းဟောင်းများ၊ တချို့က ဘိလပ်မြေစက္ကူလို မာဆတ်ဆတ်စက္ကူ စသည်ဖြင့် စက္ကူအမျိုးမျိုးကို သုံးစွဲကြသည်။

ထိုအခါ ပြဿနာနှစ်ခု ရှိလာတော့သည်။ တစ်ခုမှာ စက္ကူအုပ်စု၏ အသုံးပြုပြီး စက္ကူများ ထားသိုရန်နေရာကိစ္စ ဖြစ်လေသည်။

တချို့ကတော့ အသုံးပြုပြီးစက္ကူများကို ရေအိမ်အမိုးနှင့် နောက်ဘက် သွပ်ပြားအကာကြားက လက်ငါးလုံးခန့် ဟနေသော လေဝင်ပေါက် မှ အနောက်ဘက် ရေစစ်ကန် အုပ်ကြွပ်အမိုးပေါ် ပစ်ချတတ်၏။

တချို့ကတော့ ရေအိမ်တွင်း ကြွေခွက်ဘေးက အုတ်အကန့်ကလေး၏ ဘောင်ပေါ်မှာ မသိမသာ တင်ထားခဲ့တာလည်း ရှိ၏။

တချို့တလေက ထိုသုံးပြီးစက္ကူကို ရေအိမ်အပြင်ဘက်သို့ မရွံမရှာ ကိုင်လာကာ ရေအိမ်လမ်းဘေးတွေမှာ ပစ်ချခဲ့တာလည်းရှိသည်။ ထိုအခါ အညစ်အကြေးတွေ ပေကျံနေသော စက္ကူမျိုးစုံက ရေစစ်ကန် အမိုးတွေပေါ်မှာ၊ ရေကန်ကလေးဘေးမှာ၊ လူသွားလမ်းတွေ ပေါ်မှာ တစ်စစီ ပြန့်ကျဲနေတော့သည်။ ထိုအခါ တန်းလျားခန်းကလေးက ရေသုံးသူဘက်က အသံထွက်လာတော့သည်။

စက္ကူမသုံးရ၊ ရေကိုသာသုံးစွဲရေး၊ စည်းကမ်းမဲ့ စက္ကူသုံးသူများ ရှာဖွေပညာပေးရေးတွေ လုပ်လာရတော့သည်။ (ထိုအခါမျိုးတွင် ကျွန်တော့်ကို လာခေါ်တတ်ကြသည်)

“ဒီလိုဗျာ၊ ရေအိမ်ရဲ့ သဘောသဘာဝကိုက ရေလောင်းစနစ်နဲ့ လုပ်ထားတာ မဟုတ်လား၊ စက္ကူနဲ့ဆိုတော့ ရေအိမ်ရဲ့ သဘာဝနဲ့ ဘယ်လိုမှကို မကိုက်နိုင်တော့ဘူးလေ၊ နောက် ဆိုးတာက စက္ကူတွေ ထင်တိုင်း ပစ်ချနေတာ တွေ့နေရတယ်၊ ဘယ်သူတွေလဲ ဆိုတာတော့ ကိုယ့်ဟာကိုယ်တော့ သိမှာပေါ့လေ၊ အဲဒါ ရေကို သုံးကြဖို့တော့လိုမယ်”

မည်သို့ပင်ဖြစ်စေ စက္ကူမသုံးရေး အစည်းအဝေးအပြီးမှာ စက္ကူတွေ ခါတိုင်းလိုပင် ပြန့်ကျဲနေတတ်မြဲ ဖြစ်သည်။ နောက်ထပ် စက္ကူ ပြဿနာ တစ်ခုကတော့ အသုံးပြုပြီး စက္ကူကို ရေအိမ်ကြွေခွက်ထဲကို ချထားခဲ့ခြင်းဖြစ်သည်။

‘ဝီလ်ဆင်နှင့် သားများကုမ္ပဏီ’ ဟု တံဆိပ်ထိုးထားသော တိုင်းခြားဖြစ် ရေအိမ်ကြွေခွက်၏ အညစ်အကြေးဆင်းရာ အပေါက်မှာ ကျယ်လှသည် မဟုတ်ချေ။

ပြီးတော့ အပေါက်ကလည်း တစ်ဖြောင့်တည်း မဟုတ်။ အတွင်းမှာ တစ်ဆစ်ချိုး အခွေအကောက်ဖြစ်သည်။ ထိုအခါ နူးပွလွယ်သော စက္ကူအမျိုးအစားက အကြောင်းမဟုတ်သော်လည်း ဘိလပ်မြေအိတ်ခွံလို မာခေါက်ခေါက် ပျင်းတွဲတွဲ စက္ကူမျိုးကျတော့ ကြွေခွက်အဝကို ဆို့ပိတ်လိုက်သလို ဖြစ်နေတတ်သည်။ တဝေါဝေါ ကျနေသည့် ရေကလည်း သည်စက္ကူတွေ သွားနိုင်လောက်အောင် ဆွဲခေါ်မသွားနိုင်။ ထိုအခါ အညစ်အကြေးတွေ ဆို့ပိတ်နေကာ ညစ်ပတ်သထက် ညစ်ပတ်လာတော့သည်။

ဘာပဲဖြစ်ဖြစ် အဲသည်တုန်းကတော့ ရေအိမ်ကလည်း ကောင်းနေသေးသည်။ ရေလည်း ရှိသေးသည်။ အသုံးပြုသူကလည်း နည်းပါး သေးသည်။ သည်တော့ အဆင်ပြေနေသေးသည်လို့ပဲ ပြောနိုင်သေးသည်။

အဘယ်ကြောင့်ဆိုသော် ရေအုပ်စုကြီးက စက္ကူအုပ်စုကြီးကို လွှမ်းမိုးနေသေးလို့ပဲ ဖြစ်သည်။

(၃)
နှစ်ကလေး တော်တော်ရလာတော့ နောက်ထပ် တန်းလျားခန်း သုံးခန်းလောက် တိုးလာသည်။ တန်းလျားသုံးခု တိုးလာသဖြင့် လူဦးရေ ကလည်း သုံးဆလောက် များလာသည်။

နောက်ထပ် ဆောက်လုပ်သော တန်းလျားခန်းတွေအတွက် ရေအိမ်တွေက တော်တော်ဝေးဝေးမှာ ဆောက်ပေးခြင်း၊ မီးနှင့်ရေ မတပ်ဆင် ရသေးခြင်းတို့ကြောင့် အသုံးပြုသူ မရှိသလောက်ပင်။

တချို့တလေက ထိုရေအိမ်များဆီသို့ သွားတတ်သော်လည်း အများစုကမူ သည်ရေအိမ်ဟောင်းကလေး ဆီကိုပဲ လာကြသည်။ နောက် တစ်ခုက ခပ်ဝေးဝေးမှာ ချောက်ချီးချောက်ချက် ရောင်းသော ဈေးဆိုင်တန်းကလေးက သည်တန်းလျားတွေနားကို ရုတ်တရက်ကြီး ပြောင်းရွှေ့လာရခြင်း ဖြစ်သည်။ ဈေးဆိုင်တန်းကလေး ဆိုသော်လည်း ဈေးငယ်လေး တစ်ဈေးစာလောက် ရှိသဖြင့် သည်နေရာကလေး ပိုမိုစည်ကားလာသည်။ အနားမှာ မြို့ပတ်ဘူတာရုံကလေးကလည်း ရှိသဖြင့် ခရီးသည် တချို့ကလည်း သည်နေရာမှ ရှိနေတတ်သည်။

ဤသို့ဖြင့် လူတွေအားလုံး၏ ကြိုတင်တွက်ဆမထားသော အညစ်အကြေးစွန့်ခြင်းကိစ္စသည် သည်ရေအိမ်ကလေးဆီသို့ ဦးတည်ကာ မမျှော်လင့်ဘဲ ရောက်ရှိလာလေသည်။ ဤသို့ဖြင့် သည်ရေအိမ်ကလေးသည် တန်းလျားခန်း အိမ်သာလည်းဖြစ်၊ ဈေးအိမ်သာလည်း ဖြစ်ကာ ခရီးသည်များ၏ ဘူတာအိမ်သာလည်း ဖြစ်သွားရတော့သည်။

အဆိုးဆုံးကတော့ ဈေးလေးရောက်ရှိလာခြင်းပင် ဖြစ်လေသည်။ မနက်မိုးမလင်းခင် ရောက်နေတတ်သော ဈေးသည်များသည် မနက် မိုးလင်းတာနှင့် သည်ရေအိမ်ကလေးမှာ လုယက်တိုးဝင် အသုံးပြုကြသည်။

လူဦးရေများလာသော တန်းလျားခန်းက လူတွေကလည်း မနက် မနက် သည်ရေအိမ်ကလေးရှေ့မှာ တိုးတိုးဝှေ့ဝှေ့။ တန်းစီစောင့် နေရသော လူတွေကိုကြည့်ကာ တချို့ကလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသည်။ တချို့ကတော့လည်း တွန့်လိမ် ရှုံ့တွနေသော မျက်နှာတွေနှင့် ရေအိမ်ကလေးက ဆင်းလာမည့်သူကို မျှော်လင့်တကြီး စောင့်ဆိုင်းနေတတ်သည်။

တစ်ခါကတော့ နှုတ်လျှာကြမ်းကြမ်း ဈေးသည် မိန်းမတစ်ဦးနှင့် တန်းလျားခန်းက မိန်းမတို့ ရေအိမ်သို့ အရင်ရောက်ခြင်း၊ မရောက်ခြင်း ထက် ရေအိမ်နှင့် သက်ဆိုင်ခြင်း၊ မသက်ဆိုင်ခြင်းကသာ အဓိကကျသည်ဟု ယူဆကာ ရေအိမ်ကို လုဝင်သည်။

ထိုအခါ နံနက်စောစော ‘ဖေ’ ချင်း မိုးမွှန်အောင် ဆဲရေးတိုင်းထွာခြင်း Jazz တေးသွားများ ဝေစီသွားတော့သည်။ တစ်ခါကတော့ ရေအိမ် ပေါ်မှာ လိုအပ်သည်ထက် ပိုမိုကြာမြင့်သည်ဟုဆိုကာ တံခါး အတင်းဆွဲဖွင့်မှု ဖြစ်ပွားခဲ့သေးသည်။

ရေအိမ်ရှေ့မှာ ဖြစ်ပွားခဲ့သော အသေးအဖွဲ အမှုကလေးများမှာ မှတ်တမ်းမှတ်ရာ မရှိသော်လည်း မနည်းလှတော့ချေ။

(၄)
အဆိုးဆုံးက ရေအိမ်ကိုသွယ်ထားသော ရေပိုက်တစ်ချောင်းလုံး ညဘက်မှာ လူခိုးခံရခြင်း ဖြစ်သည်။ ရေပေးနေသည့်ရေစက်မှ ရေအိမ် အထိ အတန်ငယ် ရှည်လျားသော သံပိုက်ကို ဖြတ်တောက်ကာ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။

ခါတိုင်း ရေတွေ တဝေါဝေါ ကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားတော့သည်။ တချို့ကလည်း ရေပိုက် ပြန်လည် တပ်ဆင်နိုင်ဖို့ ကျွန်တော့်ကို တာဝန်ပေးလာသည်။

“ဘာပဲဖြစ်ဖြစ် ရေမရှိလို့တော့ မဖြစ်တော့ဘူးထင်တယ်၊ ရေပိုက် ပြန်ဝယ်ပြီးတပ်ဖို့”
“ရေပိုက်၊ ဘယ်သူက ဝယ်ရမှာလဲ”
“ကျုပ်တို့ပဲ ဝယ်ရမှာပေါ့ဗျ၊ ဘယ်သူက ဝယ်ရဦးမှာလဲ၊ ကျုပ်တို့ တန်းလျားနဲ့ ဆိုင်တာပဲ”
“ဘာ … တန်းလျားလိုင်း အိမ်သာရမှာလဲ၊ ဘုံအိမ်သာ ဖြစ်သွားပြီရှင့်၊ ဈေးအိမ်သာဖြစ်သွားပြီ သိရဲ့လား၊ ဈေးသည်တွေပဲ သွားကောက်”
“ဒီလိုလေဗျာ ရေ … ”
“အို…မထည့်နိုင်ပါဘူး၊ ရေမရှိလည်း ရတာပဲ၊ တစ်ပြားမှ လာမကောက်နဲ့၊ မထည့်နိုင်ဘူး၊ လာကောက်တဲ့လူ ခွေးပြောသလို ပြောပစ် လိုက်မယ်”

ဤသို့ဖြင့် ရေပိုက်လည်း မဝယ်ဖြစ်တော့ပါ။ ရေအိမ်က မီးလုံး မရှိတာလည်း နှစ်နှင့်ချီပြီး ကြာပြီ။ တံခါးချပ်တွေ၊ လက်ကိုင်ကွင်းတွေ မရှိတော့တာလည်း ကြာပြီ။ ပတ်ပတ်လည် ကာထားသော သွပ်ပြားအောက်ခြေတွေလည်း ဆွေးမြည့်ပြတ်ထွက်ကုန်ပြီ။ အဆိုးဆုံးက ရေအိမ်အနောက်ဘက် သွပ်ပြားမှာ နှစ်ပေ ပတ်လည်ခန့်ဝိုက်၍ ပြုတ်ကျနေခြင်းဖြစ်သည်။

ရေအိမ်ထဲမှာ လူထိုင်နေတာကို တော်တော်ဝေးဝေးက တွေ့နိုင်သည်။ (အောက်ခြေက အင်္ဂတေ အုတ်ခုံအကာတန်းလေး ရှိသဖြင့် လူအောက်ပိုင်းကိုတော့ မမြင်ရပါ။) သွပ်ပြားပေါက်ကို စိတ်လိုလက်ရ ဖာမည့် ထေးမည့်သူလည်း မရှိ။ ပတ္တာတစ်ဖက် ပြုတ်နေသော ရေအိမ်တံခါးအောက်ခြေ၊ သွပ်ပြားကလည်း လူတစ်ယောက် ဝင်နိုင်လောက်အောင် ဆွေးမြည့်ပေါက်ပြဲနေသည်။ ဒါကိုတော့ တစ်ယောက်က ဝါးထရံ အပိုင်းအစတစ်ခုကို ရေအိမ်ထဲ ထည့်ပေးထားခြင်းဖြင့် ရှေ့ပိုင်း လုံခြုံမှုကို ရနေစေသည်။

ဒါပေမယ့် သည်ဝါးထရံ အပိုင်းကလေးကလည်း တစ်ပတ်လားပဲ ခံသည်။ ရေအိမ်မှာ သန့်ရှင်းရေးသုံး ကိရိယာများအဖြစ် တစ်ချောင်းချိုး၊ နှစ်ချောင်းချိုးဖို့ အတော်ပဲ ဖြစ်သွားသည်။ ရေအိမ်ကလေးဘေးမှာ သုံးပြီးစ ဝါးထရံစတွေ ပြန့်ကျဲနေလေသည်။

ထိုအခါ နောက်ထပ် ဝါးထရံ ရောက်မလာတော့ဘဲ ရေအိမ်တွင်းသို့ လေနှင့် အလင်းရောင် လုံလောက်စွာ ရရှိနေလေသည်။

(၅)
ရေအိမ်ပတ်လည်မှာ ကာရံထားသော ငါးပတ်လည် သစ်သားတိုင်များနှင့် သွပ်ဆူးကြိုးများ ယိုင်နဲ့ ပြုတ်ထွက်သွားခြင်းမှာလည်း ရေအိမ်ကလေး၏ ဂုဏ်သရေကို ပိုမို နိမ့်ကျသွားစေလေသည်။

ရေစစ်ကန်အဖုံး အုတ်ကြွပ်တန်းတွေ ဆွေးမြည့်ကာ ရေစစ်ကန်ထဲသို့ ပြုတ်ကျကုန်သည်။ အုတ်ကြွပ်တန်းတွေ ပြုတ်ကျတော့ အုတ်ကြွပ် တွေလည်း ကွဲကုန်တော့သည်။ ထိုအခါ ရေစစ်ကန်ထဲက ရေနှင့် အညစ်အကြေးများကို မျက်စိတစ်ဆုံး မြင်နေရသည်။ နှစ်ချို့ အညစ် အကြေးများ၏ ပုပ်အက်နံစော်သော အနံ့အသက်က သည်နားတစ်ဝိုက်မှာ အမြဲလိုလို ဝေ့ဝဲနေသည်။

အဆီးအတားမဲ့ ရေစစ်ကန်ဟောင်းထဲသို့ ပတ်ဝန်းကျင်က ခွေးငယ်များ၊ ကြက်များ၊ ဝက်များ ကျသည်ကလည်း အကြိမ်ကြိမ်။ အဆိုးတကာ့ အဆိုးဆုံးမှာ ခါတိုင်း ရေတွေကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားသဖြင့် အညစ်အကြေးများ ပြည့်လျှံလာခြင်း ဖြစ်သည်။

တချို့က ကိုယ့်အိမ်က ရေတစ်ပုံး ဆွဲလာကာ ဆေးကြောသုတ်သင်သည်။ ထိုအခါ ခဏကလေး သန့်ရှင်းသွားသော်လည်း အများစု ကြီးက ရေပါလာသည် မဟုတ်ချေ။ ထိုအခါ အညစ်အကြေးတွေက ပိုမိုပြည့်လျှံကာ ညစ်ပတ် ပေပွနေလေသည်။

ရေအိမ်ကလေးထဲမှ အညစ်အကြေးတွေက ကြွေခွက်ထဲမှာတင် မဟုတ်တော့ဘဲ အုတ်ရေကန်ကလေးထဲမှာပါ ပြည့်သိပ်သွားသည်။ သည်ရေအိမ်ကလေး၏ မှောင်မည်း တိတ်ဆိတ်မှုကို အကာအကွယ်ယူကာ အသုံးချသူများလည်း ရှိလာသည်။

တစ်ခါက ညဘက်မှာဖြစ်သည်။ မီးရောင်လည်း မရှိသဖြင့် ရေအိမ်ကလေး ပတ်ဝန်ကျင်မှာ မှောင်မည်းနေသည်။ (ညဘက်တွင် ရေအိမ်က ခြေချစရာမရှိအောင် ညစ်ပတ်ခြင်း၊ မီးမရှိခြင်း၊ သရဲခြောက်သည် သတင်းကြီးခြင်းတို့ကြောင့် အသုံးပြုသူ နည်းပါးသည်။) ကျွန်တော် ရောက်သွားချိန်မှာ ပကတိ တိတ်ဆိတ်နေသည်။ ဆိုးရွားပြင်းထန်သော အနံ့အသက်များကို ရှူရှိုက်ကာ ရေအိမ်တံခါးဆီသို့ ချဉ်းကပ်မိချိန်၌ ဝုန်းခနဲ လူတွေ ထပြေးသောအသံကို ကြားလိုက်ရသည်။

ရုတ်တရက် လန့်ဖျပ်သွားကာ လက်နှိပ်ဓာတ်မီးနှင့် လိုက်ထိုးကြည့်တော့ လူသုံးယောက်လောက်ဟုသာ ခန့်မှန်းနိုင်သည်။ အံ့ဩခြင်း ကြီးစွာ ပြန်လာရသော်လည်း တစ်ညလုံး စဉ်းစား၍မရ။

နောက်တစ်နေ့မနက် ဈေးတန်းကလေးမှဖြတ်ကာ ထွက်လာချိန်တွင် အမျိုးသမီးငယ်တစ်ဦး ပြေးလိုက်လာသည်။ ထိုမိန်းကလေးကို သည်ဈေးတန်းကလေးမှာ တွေ့နေကြဖြစ်သော်လည်း ကျွန်တော်နှင့် မရင်းနှီးပါ။

သူမ၏ ထူအမ်းသော နှုတ်ခမ်းတွေကို လိမ်တွန့်လိုက်ကာ ပြောသည်။

“အစ်ကိုဟာလေ တော်တော်ဆိုးတယ်”
“ဗျာ … ဘာဖြစ်လို့လဲ”
“ဘာရမှာလဲ၊ အစ်ကိုလည်း ဝါသနာပါတာ မဟုတ်ဘဲနဲ့ သူများကို လိုက်နှောင့်ယှက်တာလေ”
“ကျွန်တော် နှောင့်ယှက်တယ်၊ ဘာပါလိမ့်”
“ညကလေ အစ်ကို မဟုတ်လား၊ လာချောင်းတာ”
“ချောင်းတယ်၊ ဘယ်မှာလဲ၊ ဘာကိုမှ လာမချောင်းရပါလား”
“အိမ်သာမှာလေ၊ အဲသလို မလုပ်ပါနဲ့ အစ်ကိုရယ်၊ ကျွန်မမှာ အဲဒါစီးပွားရေး အစ်ကိုရဲ့”

ကျွန်တော် အံ့ဩသွားသည်။ သူမကို သည်အခြေအနေမျိုးနှင့် တွေ့ရလို့မဟုတ်။ သည်ရေအိမ်ကလေး၏ ကံကြမ္မာကိုသာ ဖြစ်လေသည်။

သည်နောက်ပိုင်း ရေအိမ်ကလေး၏ အခြေအနေမှာ ပို၍ပင် ဆိုးလာတော့သည်။ ရေအိမ်ကြွေခွက်ကို လုံးဝမမြင်ရတော့လောက်အောင် အညစ်အကြေးတွေ ပြည့်လျှံညစ်ပတ်နေသည်။ အသုံးပြုသူတွေက ရေအိမ်သန့်ရှင်းသွားဖို့ စိတ်မကူးတော့ဘဲ ကြွေခွက်ခြေနင်းပေါ် အုတ်ခဲနှစ်လုံးတင်ကာ အသုံးပြုသည်။ အညစ်အကြေးတွေက အုတ်ခဲလောက်မြင့်လာတော့ နောက်ထပ် အုတ်ခဲတစ်လုံးစီ ထပ်တင် သည်။ ဤသို့ဖြင့် အုတ်ခဲတွေ မြင့်သထက် မြင့်လာသည်။

ဆွေးပြီး ပြတ်ကျနေသော အနောက်ဖက်သွပ်ပြားက နေရောင်တွေ ဝင်နေတတ်ကာ တံခါးအပေါက်ကြီးဘက်က လေတွေ တဟူးဟူး တိုးဝင်သည်။ အသုံးပြုသူက သုံးလေးထပ်မြင့်နေသော အုတ်ခဲတွေပေါ်မှာ ဟန်ချက်ညီညီ ထိုင်ရင်းက ပြုတ်ထွက်နေသော တံခါးချပ် ကိုလည်း ထိန်းထားရသေးသည်။

ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လက်စွမ်းပြထားသော ညစ်ညမ်းရုပ်ပုံတွေကတော့ မမြင်ချင်အဆုံး ဖြစ်လေသည်။ သည်ရပ်ကွက်ကလေးထဲမှာ လူ၏ခန္ဓာဗေဒကို ကျွမ်းကျင်သော ပန်းချီဆရာ တစ်ဦးတလေ ရှိနေသည်မှာ သေချာနေသည်။

ခဲတံ၊ ဘောလ်ပင်၊ နီပြာတံတွေနှင့် ရေးထားသော ညစ်ညမ်းစာတွေကတော့ ဘယ်ဘက်လှည့်လို့မှ မလွတ်နိုင်။ အုတ်ကန်ကလေး ထဲမှာတော့ အညစ်အကြေးစတွေ ပေပွနေသည်။ တုတ်စတွေပြည့်နှက်နေသည်။ တုတ်စတွေကလည်း အရွယ်အမျိုးမျိုး။ လက်ညှိုး လောက်၊ လက်မလောက်၊ တချို့က တံမြက်စည်းရိုးတံတွေ၊ ဝါးခြမ်းပြားကြီးကြီးတွေလည်း ပါသေးသည်။

ကွမ်းယာထုပ်သည့် စက္ကူစလောက်ကလေးတွေကို ဘယ်လိုအသုံးချသလဲဟု မသိရသော်လည်း စက္ကူတွေကလည်း အရွယ်အမျိုးမျိုး ရှိနေသည်။ ဗာဒံရွက်၊ ဗျိုင်းချေးရွက်နှင့် သန့်စင်သူ၊ အုတ်ခဲထက်ပိုင်းကျိုးနှင့် သန့်စင်သူ အစုံအစုံ။

“ကျွန်မတို့ ကုသိုလ်ယူကြရအောင်၊ မောင်က ရေဆွဲပေး၊ ကျွန်မက ဆေးချမယ်”

ဇနီးသည်က နှာခေါင်းကို အဝတ်စတစ်စစည်းရင်း ကျွန်တော့်ကို ခေါ်ဖူးသည်။ ခပ်လှမ်းလှမ်း ရေဘုံဘိုင်ကလေးမှ ရေပုံးပေါင်းများစွာခပ်၍ တဝုန်းဝုန်း လောင်းချသန့်ရှင်းတော့မှ ပြောင်စင်သွားသည်။

ရေလောင်းသန့်စင်ပြီး ရေအိမ်မှ ထွက်လိုက်သည့်အခါ အပြင်မှာ မိန်းမတစ်ယောက် ရှိနေသည်။ စိတ်မရှည်စွာ စောင့်ဆိုင်းနေရဟန်ဖြင့် မျက်နှာတစ်ခုလုံး တင်းမာနေသည်။ သူမလက်ထဲမှာတော့ သစ်ကိုင်းစကလေး နှစ်စ။

တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ရေအိမ်ကလေး ပြန်လည် ညစ်ပတ်သွားပြန်သည်။

(၆)
အခုတော့ အင်္ဂတေအုတ်ခဲတွေလည်း ပဲ့ကျကာ အုတ်ပေါက်တွေပေါ်နေပြီ။ တံခါးရွက်တွေ ပြုတ်ကျကုန်ပြီ။ (စာရွက်ပေါ်က သန့်ရှင်းပါ၊ သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး စာတန်းကလေးတွေလည်း မရှိတော့ပါ)

ရေစစ်ကန်ထဲကို မိုးရေတွေဝင်ထားသဖြင့် အညစ်အကြေးရေတွေ အပြင်ကို လျှံထွက်နေတာလည်း ရှိသည်။ ပတ်ပတ်လည် သွပ်ပြား အဟကြီးက ကျယ်သထက် ကျယ်လာကာ ကြွေခွက်ခြေနင်းပေါ်က အုတ်ခဲတွေလည်း မြင့်သထက် မြင့်လာပြန်ပြီ။

စက္ကူစတွေက ရေအိမ်ကလေးဘေးမှာ ဖွေးဖွေးလှုပ်နေကာ တချို့ကလေးငယ်တွေက ရေအိမ်ဘေး လမ်းတစ်လျှောက်မှာ အညစ် အကြေး စွန့်နေကြပြီ။

ဝုန်းခနဲ ထပျံတတ်သော ယင်ကောင် မည်းမည်းစိမ်းစိမ်းကြီးတွေကို လှမ်း၍မြင်နေရ၏။ ဆွေးမြည့်နေသော သစ်သားနှင့် အင်္ဂတေက တွဲစပ်မှု မရှိတော့ဘဲ အဟတွေကြားမှာ ပိုးလောက်တွေ တလွန့်လွန့် တွယ်တက်နေသည်။

အကောင်းဆုံးက သည်ရေအိမ်ကလေးကို တွန်းလှဲဖြိုဖျက်လိုက်ဖို့ပင် ဖြစ်သော်လည်း ဈေးကလေးကလူတွေ၊ တန်းလျားခန်းတွေက လူတွေ၊ တစ်ခါတစ်ခါ ဘူတာရုံက လမ်းကြုံခရီးသည်တွေက သည်ရေအိမ်ကလေးကို အသုံးချနေကြဆဲ ဖြစ်လေသည်။

နေဝင်းမြင့်

လိုတရ web page မှ ကူးယူပါသည်။pageအား ကျေးဇူးတင်ပါသည်ခင်ဗျား။ .

#နာရီပြင်ဆရာ၏အိမ်နီးချင်း #ဂျူး

#နာရီပြင်ဆရာ၏အိမ်နီးချင်း

#ဂျူး

သာမန်အားဖြင့်ဆိုလျှင်တော့ နာရီတလုံးကို သူ မမုန်းတတ်ပါ။ သို့သော် ဤကိစ္စမှာ တော့ လွန်လွန်းသည်။
သူ ဤအိမ်သို့ ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်း ကပ်လျက်ဖြစ်သော ကြောင့် ဝမ်းသာ ကျေနပ်ခဲ့၏။ သူ့မှာ မကြာခဏ ပျက်တတ်သော စားပွဲတင်နာရီတလုံး ရှိသောကြောင့် ဖြစ်သည်။ နောက်ပြီး နာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သဘောကျ သောကြောင့် ဖြစ်သည်။ နာရီပြင်ဆရာသည် ဘဝတွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်း မှတပါး မည်သည့်အလုပ်မျှ မလုပ်သူဖြစ်လိမ့်မည်။

သူရောက်သွားတိုင်း နာရီတခုခုကို ကိုင်တွယ်ပြင်ဆင်လျက်သား သို့မဟုတ် သားရေဖုံး ဘာသာရေး စာအုပ်တခုခု ကို ဖတ်လျက်သား တွေ့ရသည်။ 

နာရီပြင်ဆရာက ပြဿနာ မဖြစ်ပါ။ သူ့ နာရီများကသာ ပြဿနာ ဖြစ်နေ၏။နာရီပြင်ဆရာ၏ အိမ်တွင် စားပွဲတင်နာရီမျိုးစုံ၊ တိုင်ကပ်နာရီမျိုးစုံ ရှိသည်မှာ သဘာဝ ကျသော ဖြစ်ရပ် တခုဟု သူလက်ခံသည်။ သို့သော် သူ့အိမ်နှင့် နာရီပြင်ဆရာအိမ်မှာ ခြံစည်းရိုး တလွှာသာခြားလျက် ဟိုဘက် သည်ဘက်ကပ်နေ သည်က ဘယ်လိုမျှ ပြင်ဆင်၍မရသော တည်ရှိမှုတခု ဖြစ်၏။ ထိုတည်ရှိမှုကြောင့် ဖြစ်ပေါ်လာသော သူ့ဒုက္ခမှာ သူအိပ်ရေး ပျက်ခြင်းပင် ဖြစ်သည်။

ဟိုဘက်အိမ်က နာရီများသည် သူ့ကို အကြီးအကျယ်တော့ အနှောင့်အယှက်မပေးကြ။ သို့သော် နာရီသံ မျိုးစုံကြားနေရခြင်းသည် နှစ်သုံးဆယ်ကျော် ဒုက္ခပေးခဲ့သော (သူ့မိန်းမ၏) ဟောက်သံထက်ပင် နှောင့်ယှက် လေ့ရှိသည်။ ထရံတချပ်စီသာ ကာရံထားသောကြောင့် ဟိုဘက် အိမ်မှနာရီသံများသည် သူ့အိမ်ထဲသို့ အဆီးအတားမရှိ ဝင်ရောက်လာ၏။ရောက်ခါစတုန်းကဆိုလျှင် လေးငါးညခန့် အိပ်ရာမှ နိုးနိုးလာတတ်၏။ နာရီများသည် တပြိုင်နက်ထည်း မမြည်ကြပဲ တမိနစ် သို့မဟုတ် မိနစ်ဝက်ခြားပြီး မြည်ကြသဖြင့် နာရီခုနစ်လုံး ရှစ်လုံး၏ ဆက်တိုက်မြည်သံမှာ အသံရှည်ကြီး ဖြစ်နေတာ့သည်။ သူဥာဏ်မီ သလောက် စဉ်းစားကြည့်သမျှတော့ နာရီတွေအချိန်မှန်လျှင်၊ ပြိုင်တူ မြည်ကြလျှင် အကြားအာရုံကို ခဏပဲ နှောင့်ယှက် ပေလိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ သူ ဆွေးနွေးကြည့်ဖူးသည်။

'ခင်ဗျားနာရီတွေက ပြင်လက်စမို့နဲ့တူတယ်၊ မိနစ်နည်းနည်းခြားပြီးထိုးကြတယ်ဗျ၊ ဒါဟာ နာရီမမှန်တဲ့ သဘော မဟုတ်လား၊ တကယ်လို့ စံတော်ချိန်နဲ့သာ ကိုက်ညီရင်....'
ထိုအခါ နာရီပြင်ဆရာက ကလေးတယောက်ကို စိတ်ရှည်လက်ရှည် ရှင်းပြတော့မည့် မျက်နှာပေးဖြင့် ပြုံး၏။
'မဟုတ်သေးဘူးဗျ၊ ကျုပ်အနေနဲ့ ဘယ်နာရီက ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ သိဖို့လိုတယ်၊ ကျုပ်က နာရီတွေရဲ့ ထိုးသံကို ခွဲခြားပြီးသိတယ်၊ အသံအနှေးအမြန် အတိုး အကျယ်ရော နာရီအချိန်မှန် မမှန်ကိုရော အမြဲစောင့်ကြည့်ရတာကိုး၊ ဒီတော့ နာရီတွေကို တမင် အချိန်ခြားပြီး တိုက်ထားတယ်လေ၊ ဒါမှ ကျုပ် ထိုင်ရာက ထမကြည့်ပဲ ဘယ်နာရီက သံပတ်နည်းနေပြီလဲ၊ ဘယ်နာရီက ဆံခြည်မကောင်းဘူးလဲ၊ ဘယ်နာရီက ထိုးစက်မကောင်း ဘူးလဲ ခွဲခြားပြီး သိရမှာပေါ့'
သေလိုက်ပါတော့ကွာ၊ ဘယ်လောက် ယထာဘူတကျသော နှောင့်ယှက်မှု တခုပါလိမ့်။ သူ ရယ်မောလျက် လက်ခံခဲ့ရသည်။နောက်ပိုင်း လအနည်းငယ်မှာတော့ နာရီသံများနှင့် နေသားတကျ ဖြစ်သွားလေတော့ သည်။

နာရီသံများသည် သူ့အတွက် သာယာသော အိပ်ရာဝင် ဂီတသံစဉ် များလို ဖြစ်လာ သည်။ လေတိုက်ခတ်မှု နှုန်းကိုလိုက်၍ နာရီသံ အတိုး အကျယ် ပြောင်းလဲလာသောအခါ ထိုအသံများသည် သူ့အတွက် နားထောင် ၍ ချိုမြသောဂီတသံဖြစ်လာ၏။နာရီပြင်ဆရာနှင့် အိမ်နီးချင်းဖြစ်ရခြင်းကြောင့် ရရှိလာသောဒုက္ခထဲတွင် နာရီပြင်ဖို့ လူကြုံပေးခံရခြင်းလည်း ပါဝင်၏။

လက်ပတ်နာရီလို၊ စားပွဲတင်နာရီလို ဝန်မကျယ်လှသော နာရီမျိုးဆိုလျင် ပြဿနာမဖြစ် သော်လည်း တိုင်ကပ်နာရီလို ကြီးကြီးမားမား ဝန်ထုပ် ဝန်ပိုးမျိုးကျတော့သူ့အနေနှင့် ကူညီဖို့ တော်တော်စဉ်းစားရသည်။ သိပ်မရင်းနှီးသူများဆိုလျင်တော့ အကြောင်းပြချက်တခုခုပေးကာ ခပ်ပြုံး ပြုံးငြင်းဆန်နိုင်၏။ သို့သော် အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေဆိုလျင် သူအားနာပါးနာ လက်ခံ၍ လူကြုံပေးပစ္စည်းကို သယ်ယူ လာရတော့သည်။(ကံအကြောင်း မလှစွာပင် ဤ နာရီပြင်ဆရာသည် ဤမြို့ပေါ်တွင် တိုင်ကပ်နာရီများကို ပြန်လည်ပြင်ဆင်ခြင်း၊ ရောင်းဝယ်ခြင်း တို့၌ အပိုင်နိုင် အကျွမ်းကျင်ဆုံး ဖြစ်နေပေသည်။)
သူ နောက်ဆုံး သယ်ပေးခဲ့သည်မှာ အလွန်စိတ်ညစ်ညူးဖွယ်ကောင်းသော တိုင်ကပ် နာရီတလုံး ဖြစ်သည်။ (ဤနာရီ၏နောက်တွင် မည်သည့် နာရီကိုမျှ လူကြုံအဖြစ် မသယ်ရဲ တော့ပေ။)

ထိုနေ့က သူ သယ်ခဲ့သောနာရီကြီးမှာ အတော်ကြီး၏။ သူ့စိတ် အထင်တော့ နာရီ၏ အရှည်မှာ နှစ်ပေ ခွဲလောက်ရှိမည်။ (တကယ်တော့ နာရီကြီးသည် သုံးပေနီးပါး ရှိ၏။) နာရီ မျက်နှာပြင် ဒိုင်ခွက်က အဝိုင်းကြီး၊ ဒိုင်ခွက်၏ ဘေးဘောင်ကို ရှစ်နားညီ ဗဟုဂံပုံစံ ဖြစ်အောင် သစ်သားပြား ကွပ်ထားသည်။ ဂဏန်းကွက်များ မှာ ရောမဂဏန်းများ ဖြစ်သည်။ လက်တံ အရှည်နှင့် လက်တံ အတို(မိနစ်လက်တံနှင့် နာရီလက်တံ)မှာ ဗဟိုမှပြုတ်ကျနေပြီး နာရီ ဒိုင်ခွက်နှင့် မှန်၏အကြားတွင် နာရီလှုပ်ရှားတိုင်း တဂျောက်ဂျောက်မြည်အောင် နေရာရွေ့လျား လျက် ရှိကြသည်။ နာရီအိမ်ကတော့ ချိန်သီးအိမ်အထိ တဆက်တည်းလေးထောင့် အရှည် ကြီး ဖြစ်နေသည်။ အနှစ်နှစ်အလလ မပြုပြင် မမွမ်းမံဘဲထားပုံမျိုးဖြင့် နာရီအိမ် သစ်သားအရောင်မှာ ခပ်မွဲမွဲဖြစ်ပြီး ဖုန်တက်နေသေး၏။

ဤ ကြီးမားလှသော နာရီကိုးရိုးကားရားကြီးကို လူကြုံပေးလိုက်သော မိတ်ဆွေအား သူ ကျိတ်၍ ကျိန်ဆဲမိ လိုက်သည်မှာ အိမ်ပြန်ရာလမ်း၏ ခရီးတဝက်၌ ဖြစ်သည်။ ဂုန်လျှော်အိတ် အဖြူဖြင့် သေသေသပ်သပ် ထုပ်ပိုးချည်နှောင်ပေးလိုက်သော နာရီကြီးသည် လူအရှုပ်ဆုံး နေရာ ဖြစ်သော ရုပ်ရှင်ရုံရှေ့ရောက်သော် အသံကျယ်လောင်စွာ ထိုးတော့သည်။

ပထမတော့ မျှော်လင့်မထားသော အနီးကပ် အသံကြီးကြောင့် သူလန့်ဖျပ်သွား၏။ သို့သော် ပထဆုံးအသံ မပျောက်မီပင် ဤနာရီကြီးမှ ဖြစ်ရမည်ဟု သူသိလိုက်သည်။ အသံကြီးက ကြီးမားကျယ်လောင်လှ၏။ ထို့အပြင် အက်ကွဲကွဲကြီးဖြစ်သည်။ ထိုအချိန်မှာ ညနေ ၅ နာရီမခွဲမီ ၁ဝ မိနစ် အလိုခန့်ဖြစ်သည်။ ဘယ်လို နာရီအမျိုးအစားမျှ အသံမ မြည်သင့်သည့်အချိန် ဖြစ်သည်။ ထို့ကြောင့်လည်း သူအံ့သြတုန်လှုပ်သွားခြင်း ဖြစ်၏။ သို့သော် ဤနာရီကြီး ပျက်နေပေသည်။

လက်ဖက်ရည်ဆိုင်မှလူများ၊ ရုပ်ရှင်ရုံရှေ့မှ လူများ၏ စိတ်ဝင်တစား အကြည့်တို့ကြောင့် သူ့မျက်နှာ ပူနွေးကာ ရှက်ရွံ့ သွားမိလေသည်။ သူဆွဲလာသော လက်ကိုင်ကွင်းတပ် ဂုန်လျှော် အိတ် အဖြူကြီးထဲတွင် ဤနာရီကြီးပါမှန်း မသိသူတို့အဖို့မူ ဤအသံသည် ထူးဆန်းအံ့သြ ဖွယ်ရာ ဖြစ်နေ၏။ ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူခြေတလှမ်းလှမ်းတိုင်း နာရီကြီးက ဒုံကနဲ အသံမြည်နေခြင်းပင်ဖြစ်၏။ သူချွေးပြန်လာ ကာ ယောင်မှားစွာ ခြေလှမ်းရပ်တန့်လိုက်၏။ ထို အချိန်တွင် ခုနှစ်ချက်ခန့် ကျယ်လောင်စွာအော်မြည် ပြီးသော နာရီသံသည် ရပ်တန့်သွားသည်။

'အင်း....ဒါဟာ ငါ့ခြေလှမ်း လှုပ်ရှားမှုကြောင့် အထဲကစက်တွေ ကပြောင်းကပြန် ဖြစ် သွားတာများလား' ဟု သူ ပထမဆုံးအကြိမ် ကြောင်တောင်တောင် တွေးမိသွား၏။ ရှေ့ဆက် ပြီးလှမ်းလိုက်လျှင် ဒါကြီးက ထပ်ပြီး မြည်ဦးမလား။ထိုအချိန်တွင် သူ ခြေတလှမ်းလှမ်းဖို့ တော်တော်စဉ်းစားယူရ၏။ လူအားလုံး သူ့အား ဝိုင်းကြည့်နေသည်ဟူသော မလုံမလဲအတွေးဖြင့် သူ စိတ်ကျဉ်းကျပ်လျှက် ရှိသည်။

အိုကွာ.....ငါခြေလှမ်းလှမ်းလို့ နာရီမြည်တော့ရော ဘာဖြစ်သေးလဲ။ နာရီတလုံးဟာ သူမြည်ချင်တဲ့အချိန်မှာ အသံမြည်ခွင့်ရှိတာပဲ။ ညနေ ၅ နာရီပေမယ့် ခုနှစ်ချက်ထိုးတော့ ဘာဖြစ်သေးလဲ။ ရှစ်ချက်ထိုးတော့ရော ဘာဖြစ်သေးလဲ။ အခုလို ရပ်လိုက်တာကမှ လူတွေအတွက် စိတ်ဝင်စားစရာဖြစ်နေဦးမယ်။
သူ အားတင်း၍ ခြေလှမ်း စတင်လှမ်းသည်။ထိုအချိန်မှာပင် ဒုံကနဲကျယ်လောင်သော ထိုးသံပေါ်လာ၏။ သူ ထူပူ တုန်လှုပ်သွားကာ ခြေလှမ်းတုန့်ကနဲ ရပ်ပစ်လိုက်၏။ ထိုအချိန်မှာပင် နာရီသံကလည်း ရပ်သွား ပြန်လေသည်။ နောက်ထပ်ခြေလှမ်းလျှင် မြည်ဦးမလား မသိ။ မဖြစ်ဘူး။ ဒီနာရီသံရပ်သွားအောင် လုပ်ဖို့ တနည်းနည်းတော့ရှိရမယ်။

သူသည် သက်မဲ့နာရီတလုံးကို လှည့်ဖြားရန် အကြံရသွား၏။ ထို့နောက် ဂုန်လျှော် အိတ်ကိုဖွင့်ကာ အထဲမှ ဧရာမနာရီကြီးကို ခဲခဲယဉ်းယဉ်း ထုတ်ယူလိုက်၏။ ထို့နောက်နာရီ၏ ချိန်သီးအိမ်က အပေါ်ရောက်ပြီး နာရီ မျက်နှာပြင်ဝိုင်းက အောက်ရောက်သွားအောင် နာရီကိုဇောက်ထိုး ထည့်ပစ်လိုက်၏။ အထဲမှာ ထည့်ထားသော ကြေးချိန်သီးအပြားဝိုင်းကြီး ၏ လှုပ်ခတ်တိုက်ခတ်သံခဏကြားရပြီးနောက် အသံငြိမ်သွား သည်။ကိုင်း.....ဒီအထဲက စက်တွေပြောင်းပြန်ဖြစ်ကုန်ပြီ။ ဒါကြီးလည်း အသံ မြည်တော့မှာ မဟုတ်ဘူး။
သူသည် ဇောက်ထိုးဆွဲထားသော နာရီကြီးကိုငုံ့မကြည့်ရဲဘဲ ခြေလှမ်းကို စတင်လှမ်း လိုက်လေသည်။ သူလေးငါးလှမ်းခန့် လှမ်းလိုက်ပြီးချိန်မှာပင် ကျယ်လောင်သောမြည်သံသည် ဆက်တိုက် ပေါ်လာလေ တော့သည်။  သူ့မျက်နှာ ရှုံ့မဲ့သွားပြီးနောက် တယောက်တည်း ရှက်ရယ် ရယ် မိတော့၏။

ထိုနာရီကပေးသောဒုက္ခသည် ဤအချိန် ကတည်းက စတင်ခဲ့ပေသည်။ သူသည် ပင်စင်ယူပြီးကတည်းက နံနက် ၇ နာရီမှ ညနေ ၅နာရီ အထိ မြို့ထဲက စည်ပင်သာယာဈေးကြီးတွင် ကုန်ခြောက်ဆိုင် သွားဖွင့်ရောင်း နေသူ ဖြစ်သောကြောင့် ဤနာရီသည်သူ့အား ညကျမှ ဒုက္ခပေးလေသည်။

အခြား နာရီပေါင်းများစွာ၏ မြည်သံထိုးသံနှင့် သူရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော်လည်း ဤ နာရီကြီး၏ အသံ ကိုတော့ သူဘယ်လိုမှ သည်းညည်း ခံ၍မရ။ နာရီပြင်ဆရာနှင့် အိမ်နီးချင်း ဖြစ်ပြီးကတည်းက နာရီပေါင်း များစွာ၏ ထိုးသံကို သူကြားဖူးလှပြီ။ ဤနာရီလောက် အောက်ကလိအာသံမျိုး တခါမှမကြားဖူးပေ။

နာရီပြင်ဆရာ၏ အိမ်ရှိ အချို့နာရီများသည် ဒင်.....ဒင် ဟုအသံမြည်၏။ အချို့က ဒေါင်.....ဒေါင်ဟု အသံမြည်၏။ တချို့က တိန်....တိန် ဟုအသံ ခပ်သေးသေး မြည်၏။ သံစုံနာရီ များလည်းရှိသည်။ ဂီတသံလို အသံ အနိမ့်အမြင့်ဖြင့် တော်တော် နားထောင်ကောင်းလှသည်။ သို့သော် ဤနာရီကျတော့ ဒုံခနဲ အသံမြည်၏။ မြည်ပုံကလည်းတမျိုး။ ဒုံဟူသော အသံ၏နောက်တွင် ဂျရစ် ဂျရစ် ဟူသောတုန်သံတခု ပါသေး၏။ သူတော့ ဤနာရီသံကြားလျင် သွားကျိန်းလှသည်။ ဘယ်နိုင်ငံကများ ဤနာရီမျိုး တီထွင် လိုက်ပါလိမ့်။ အသံကတော့ တော်တော်မာန်ထန်ပြီး ကျယ်လောင်သည်။ တော်ရုံသွေးကြောင်သူဆိုလျင် တိတ်ဆိတ်သော ညမှာ ထိုအသံကြောင့် နှလုံးတုန် ရင်ခုန်သွားနိုင်၏။

သူသည် ဤနာရီကြီးကို နာရီပြင်ဆရာအား ကိုယ်စားအပ်ပေးပြီးသည့်နောက် တပတ်တိတိ ဘယ်လိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ချေ။
••••

တညနေမှာ သူ၏ သစ်ပင်များ ရေလောင်းပေါင်းမြက်သင်ချိန်ကို ဖျက်၍ နာရီပြင် ဆရာ၏အိမ်သို့ သူ ကူးသွားလိုက်၏။သူ့အား အသံဖြင့်နှိပ်စက်နေသေးသော သူမှတ်မိနေသည့် နာရီကြီးမှာ အားလုံးထဲတွင် အကြီးဆုံး၊ နံရံတွင်မားမားကြီး ချိတ်လျက်ရှိ၏။ နာရီအိမ် သစ်သားမှာ အညိုရင့်ရောင် ဆေးသုတ်ထားပြီး ဒိုင်ခွက်ကလည်း ဖြူဖွေးကာ သစ်လွင်တောက်ပနေ၏။ အင်း.... ဒါကြီးကို ပြင်ဆင် မွမ်းမံပြီး ပြီပေါ့။
'နေကောင်းရဲ့လားဗျ'

နာရီပြင်ဆရာသည် သူ့ကိုတွေ့တိုင်း နေကောင်းရဲ့လားဟု ပဋိသန္ဓာရစကားဖြင့် နှုတ်ဆက်လေ့ရှိသော်လည်း ဤအိမ်ပြောင်းပြီးမှ သူတခါမျှ မဖျားနာဖူးမှန်း နာရီပြင်ဆရာ သိပါသည်။

'ကောင်းပါတယ်ဗျာ'

ည အိပ်မပျော်တာတခုပဲ ဟု သူဆက်ပြောချင်သေးသော်လည်း ပြောမထွက်ပေ။ သူက ဟိုဘက်အိမ်ကနေ အိပ်ရေးပျက်နေရလျှင် နာရီပြင်ဆရာအဖို့ မည်သို့ရှိမည်နည်းဟု ကိုယ်ချင်းစာလိုက်သောကြောင့် ဖြစ်သည်။
'ဟိုနာရီကြီးက အသံတော်တော်ကျယ်တယ်နော်' ဟု သူ စကား စလိုက်သောအခါ နာရီပြင်ဆရာက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ခေါင်းညိတ်၏။

'အေးဗျ၊ ခင်ဗျားသယ်လာတဲ့ နာရီကြီးလေ၊ သူ့ထိုးစက် သံချောင်းတွေက တော်တော် သန်ပြီး တုတ်တယ်ဗျ၊ အသံမာတာပေါ့ဗျာ'
'အဲဒါ ဘယ်နိုင်ငံက လုပ်တာလဲ'

နာရီများကို သိတ်စိတ်မဝင်စားသူ သူ့ထံမှ ဤမေးခွန်းကို ကြားရသောအခါ နာရီပြင်ဆရာက မျက်ခုံးပင့်ကြည့်ကာ သဘောကျသွားဟန် တူပါသည်။

'အမေရိကန်ပေါ့ဗျာ'

အံ့သြစရာပါပဲ။ သူသည် အမေရိကန်ပြည်ထောင်စုကို ယခင်က အလွန် အထင်ကြီး ခဲ့သည်။ ယခုတော့ တိုင်ကပ်နာရီတလုံးကြောင့် အမေရိကန် နာမည်ပျက်ရပေတော့မည်။ အင်းလေ...... နှစ်ပေါင်းများစွာ ကြာပြီး နောက် ဤနာရီသည် နဂိုက ပစ္စည်းချည်း မည်သို့ဖြစ် နိုင်မည်နည်း။ မြန်မာပြည်တွင်ပြုလုပ်ဖန်တီး   ပြင်ဆင် ထည့်သွင်းသောပစ္စည်းရော မဖြစ်နိုင် ဘူးလား။

'စက်သောမ (Set Thomas) အမျိုးအစားဗျ၊ သိပ်ကောင်း တယ်၊ ခိုင်တယ်၊ ဟိုတုန်းက နာမည်ကြီးပေါ့ဗျာ၊ ရွှေဈေး အစိတ်တုန်းက ငါးဆယ်ပေးရတဲ့ နာရီအမျိုးအစားဗျ'

ဤ နာရီပြင်ဆရာ၏အကျင့်မှာ သူ့နာရီများ (သို့မဟုတ်) သူကိုင်တွယ် ပြင်ဆင်ရသော နာရီများကို တန်ဖိုးပြောပြတိုင်း ယခင်နှစ်ပေါင်းများစွာက ရွှေတကျပ်သား ဈေးဖြင့်နှိုင်းယှဉ် လေ့ရှိသည်။

'ဟောဟို ခင်ဗျားနောက်က နာရီကိုကြည့်၊ အဲဒါ ဂျာမဏီနိုင်ငံက လုပ်တာ'သူ့နောက်လှည့်ကြည့်လိုက်တော့  သူ့နောက်နံရံမှာ မင်းဂွတ်သီးရောင် ဖျော့ဖျော့နုနု လေးထောင့်နာရီတလုံးကို မြင်ရသည်။

'သိပ် အသံသာတဲ့ နာရီ၊ ကျုပ်ကိုင်ဖူးသမျှ သံစုံနာရီတွေထဲမှာတော့ အကောင်းဆုံးပဲ'
နာရီဒိုင်ခွက် မျက်နှာပြင်မှာ ငွေရောင်ဖြစ်ပြီး မောင်ကိုနှင့်ညီများဟု ခံ့ထည်သော မြန်မာစာလုံး ပါသည်။
'မောင်ကို ဟုတ်လား၊ ဂျာမဏီဆိုဗျ'

'အေးလေ၊ ဒါက မြန်မာနိုင်ငံရောက်မှရေးတဲ့ နာမည်ဖြစ်မှာပေါ့၊ ဂျာမဏီကုမ္ပဏီနဲ့ ဆက်သွယ်ပေးတဲ့ မြန်မာကုမ္ပဏီနာမည် ဖြစ်ချင်ဖြစ် မယ်လေ၊ တကယ်တော့ ဒီနာရီရဲ့ စက်မှာ ဂျာမဏီလို့ရေးထားတာပဲ'
သူ သိပ်နှစ်သက်သော သံစုံတီးခတ်မှုမှာ ဤနာရီမှဖြစ်လိမ့်မည်ဟု သူမှန်းဆကြည့်မိ၏။ ချိန်သီးအိမ်၏ ရှေ့မှန်က ထုကောင်းပြီး ရှေးက ကြည့်မှန်ပြုလုပ်သော နိုင်ငံခြားမှန် အမျိုး အစားဟု ထင်သည်။ အထဲက ချိန်သီးမှာ သတ္တုရောင်လက်နေပြီး ဖြည်းလေးစွာ လွှဲယမ်းနေ၏။

'ဒီကောင်က ၁၅ မိနစ်တခါထိုးတာလေ'
သေချာသည်။ သူအနှစ်သက်ဆုံးနာရီမှာ ဤနာရီဖြစ်ပေသည်။
'ဘယ်သူ့နာရီလဲဗျ'
'ကျုပ်ဝယ်ထားလိုက်တာဗျ၊ နှစ်နှစ် ရှိပြီ၊ ကိုးရာနဲ့ဝယ်ထား လိုက်တာ'

သူအံ့သြသွား၏။ ပုံစံခပ်ဟောင်းဟောင်း ရှေးတိုင်ကပ်နာရီတလုံး။ ကိုးရာတန်ဘိုးရှိမှန်း သူမသိခဲ့ပေ။

'ဈေးများလှချည်လား'

ထိုအခါနာရီပြင်ဆရာက သဘောကျစွာရယ်၏။

'အဲဒီနာရီကို နှစ်ထောင်နဲ့ လာဝယ်တဲ့သူရှိတယ်၊ ကျုပ်မရောင်းဘူး၊ သံစုံနာရီချင်းယှဉ် ရင်လည်း သူကသာတယ်၊ ဒီကောင့်အသံက ခုခေတ် ဂျပန်သံစုံနာရီထိုးသံတွေလို ကလက် တက်တက် မဟုတ်ဘူး၊ ခံ့ညားတယ်'

သူတအံ့တသြပြုံးမိသည်။

'ခုချိန်ထိ နှစ်နှစ်ရှိပြီ၊ တခါမှ ပြန်မပြင်ရသေးဘူး၊ သူ့ထိုးစက်ချောင်းတွေက ကြေးချောင်း တွေလေ၊ သံချောင်းမဟုတ်ဘူး၊ သံချေးမတက်ဘူး၊ အက်သံမပါဘူး လိုဏ်သံပေါက်ပြီး ကြည်လင်နေတယ်၊ ရွှေဈေးအစိတ်တုန်းက တရာ့အစိတ်ပေးရတဲ့ နာရီပဲဥစ္စာ၊ ခင်ဗျားစဉ်းစား ကြည့်လေ.... အခု ရွှေဈေးနဲ့များ တွက်ကြည့်လိုက်စမ်းပါဦး၊ ဘယ်လောက်အဖိုးတန်သလဲဆို တာ'

ဤလူသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လာသော စက်မှုသိပ္ပံ ပညာကို ထည့်တွက်ဟန်မတူပေ။
ဤကိစ္စထက်အရေးကြီးသည်မှာ အသံကျယ်လောင်လွန်းလှသောအမေရိကန်နာရီကြီး၏ပြဿနာဖြစ်သည်။
'အဲဒီ အမေရိကန်ကြီးကော ပြင်ပြီးသွားပြီလား၊ ပြန်ယူရင်တော့ သူ့ဟာသူ လာယူပါစေ ဗျာ၊ ကျွန်တော် အဲဒါကြီးနဲ့ နောက်တကြိမ် လမ်းမှာ ဒုက္ခမရောက်ချင်ဘူး'

ထိုအခါ နာရီပြင်ဆရာက ပြုံး၏။

'ကျုပ် အဲဒီနာရီကို ဝယ်လိုက်ပြီဗျ၊ ပြင်ခ မတတ်နိုင်လို့ ငွေလဲလို နေလို့ဆိုပြီး တနေ့ကပဲ ကျုပ်ကို အပြီးရောင်းသွားတယ်လေ၊ ကြည့်စမ်းပါဦးဗျာ.... ဘယ်လောက် ကြီးမားခံ့ညား လိုက်သလဲလို့'
'မြတ်စွာဘုရား'

လက်စသတ်တော့ ဤနာရီသံ၏ ဒုက္ခကို သူတသက်လုံး ခံစားနေရတော့မှာပါလား၊ သူလုံးဝစကားမပြောနိုင်ပဲ ငိုင်ကျသွားတော့သည်။

ထိုအချိန်မှစ၍ ဤအမေရိကန်နာရီကြီးသည် သူ့အား ညစဉ် အနှောင့်အယှက်ပေး လေသည်။ ဒီအသံကြီးနဲ့ နာရီပြင်ဆရာ ဘယ့်နှယ့် လုပ်ပြီး အိပ်ပျော်ပါလိမ့်မလဲ။ အင်းလေ... သူက ၇ဝ ကျော် အဘိုးကြီးပဲ၊ နားလေးနေတာလဲ ဖြစ်နိုင်တာပေါ့။ ဤနာရီသံကတော့ သူတို့ တရပ်ကွက်လုံး နာရီထကြည့်စရာမလိုအောင် အသံမြည်လှသည်။ မန္တလေးမြို့တော်ခန်းမမှ နာရီထိုးသံလို သာယာသောဂီတသံ ဆိုလျှင်တော့ ပြောစရာမရှိပါ။ ယခုတော့ အက်ကွဲသံကြီး ဒုံကနဲမြည်ပြီးတိုင်း နောက်ဆက်တွဲ ဂျရစ် ဂျရစ် အသံကြီးမှာ သူ့အား သွားကျိန်းစေပေသည်။

ရက်မှလသို့ ချဉ်းကပ်လာသည့်တိုင်အောင် သူ့အား ဤနာရီက အနှောင့်အယှက် ပေးဆဲ။ သူအိပ်ရေးမဝပဲ နိုးလာရပေါင်း များလာသောအခါသူ မလှုပ်ရှားချင်သလိုလို၊ ညောင်းညာနာကျင်သလိုလို၊ မူးဝေနောက် ကျိသလိုလို ဖြစ်လာသည်။ မကြာခဏ ဆေးခန်း သွားပြပြီး ဆေးထိုးခံရသည်။

'အဲဒီ နာရီကြီးကို ခင်ဗျားပြန်ရောင်းမယ်ရော စိတ်ကူးသေးလား'

'ဟာ..... ရောင်းမှာပေါ့ဗျာ၊ ကျုပ်အတွက် ဟောဟို သံစုံနာရီ ရှိနေရင် ပြီးရော'

သို့သော် ဤမျှ ကြီးမားလေးလံသော ပုံစံခပ်တုံးတုံး နာရီကြီးကို အသံမကြားရဘဲနဲ့ တောင် ဝယ်ချင်သူရှိမှာ ဟုတ်ဟု သူလောင်းရဲသည်။သူထင်သည့်အတိုင်းပင် ဤနာရီကြီးသည် နာရီပြင်ဆရာ၏ အိမ်တွင် မားမားကြီး ချိတ်ထားခံရဆဲ၊ ညစဉ် ဝတ္တရားအဖြစ် သူ့အား လေးလံသော စောင်ခြုံထဲအထိ အသံကြောင် ကြီးဖြင့် နှောင့်ယှက်ဆဲသာဖြစ်သည်။ ကြာတော့ နာရီကြီးကို သူ ခါးခါးသီးသီး မုန်းတီးလာသည်။နေစမ်းပါဦး၊ ဤကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းရန်နည်း တခုခုတော့ ရှိရမှာပေါ့။ အကောင်းဆုံးနည်းမှာ ဤနာရီကြီးကို ရိုက်ခွဲဖျက်ဆီးပစ်ဖို့ပဲ သူစိတ်ပေါက်ပေါက်ဖြင့် တွေးမိ သေးသည်။

ထိုးစက်သံချောင်းတွေက သန်မာပြီးတုတ်တယ်ဆိုပဲ၊ အဲဒါတွေကို ပျော့တဲ့သံချောင်း ခပ်သေးသေးဖြင့် လဲခိုင်းရလျှင် ကောင်းမည်။ သို့သော် ဤကိစ္စသည် သူ့အဖို့တော့ သူများ ကိုယ်ရေးကိုယ်တာထဲ ဝင်စွက်ခြင်းသာဖြစ်သည်။ ဒါဟာ သူ့နာရီမှ မဟုတ်ဘဲ။သို့မဟုတ် သံချောင်းကို လာထုသော (ကြေးသတ္တုဖြင့်ပြုလုပ်သည့်) တူကလေးကို အသံသိပ်မကျယ်အောင်လုပ်တဲ့နည်း ရှိချင်ရှိမှာပေါ့။ ဥပမာ-တူကလေးကို သင်္ဘော ဆေးသုတ်ခြင်း၊ သို့မဟုတ် စက္ကူပတ်ခြင်း၊ ထို့နောက် သူ့အတွေးသူ သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ မဟုတ်သေးပါဘူးလေ။

တိုင်ကပ်နာရီတလုံးမှာ စက်နှစ်မျိုးပါမှန်း သူသိသည်။ နာရီသွားသောစက်၊ နာရီထိုးသောစက်ဟူ၍ ဖြစ်သည်။ နာရီကို သံပတ်ပေးလျှင် နာရီပြင်ဆရာသည် ဒိုင်ခွက် အောက်မှ အပေါက်နှစ်ပေါက်ထဲသို့ သော့တံဖြင့် ထိုးသွင်းလှည့်ယူ၍ သံပတ်ပေးတာ မြင်ဖူးသည်။ ထိုးစက်သံပတ်ကုန်လျှင် နာရီသံ ကြားရတော့မှာမဟုတ်ဘူး။ ဤအချက်က သေချာသည်။ သူပျော်ရွှင်သွား၏။ သို့သော်.....
နောက်ဆုံးတွင် သူသည် တခုတည်းသော နည်းလမ်းကိုသာ စဉ်းစား၍ ရ၏။

'ခင်ဗျားနာရီကို ဘယ်လောက်ရရင် ရောင်းမလဲဗျ..... ဟင်'
နာရီပြင်ဆရာက သူ့ကိုတအံ့တသြမော့ကြည့်ကာ
'ခင်ဗျား လိုချင်လို့လား' ဟုမေးသည်။
'အေးဗျာ'
သူ့အသံမှာ အားနည်းလှသည်ကို နာရီပြင်ဆရာက ဂရုထားမိဟန် မတူပါ။ အားရပါးရ ပြုံးရယ်လျှက် လက်ဖဝါးနှစ်ဖက်ကို ကျေနပ်စွာပွတ်သပ်ကာ ခေါင်းတဆတ်ဆတ်ညိတ် လေသည်။

'ခင်ဗျားယူရင်တော့ လျှော့ပေးမှာပေါ့ဗျာ၊ နှစ်ရာ့ငါးဆယ်ပဲ ပေးပါ'

တော်ပါသေးရဲ့၊ ရွှေဈေးအကြောင်းမပြောပေလို့။ သူစိတ်သက်သာရာ ရသွားသည်။ ငွေနှစ်ရာ့ငါးဆယ်မှာ နောက်ထပ်ဆေးခန်း ၅ ခါ သွားရလျှင် ကုန်မှာပဲ။ ဤနာရီကို ဝယ်ယူလိုက် ခြင်းအားဖြင့် ဆေးခန်းသွားရမည့် ဒုက္ခမှ လွတ်မြောက်လျှင် သူ့အတွက်တော့ ကျေနပ်နှစ်သိမ့် ဖွယ်ရာ ဖြစ်ပေသည်။

'ခင်ဗျား အိမ်နံရံမှာ ကျုပ်လိုက်ပြီး ချိတ်ပေးပါ့မယ်၊ တခါတလေ နာရီတွေက ချိတ်ပုံ ဟန်မကျရင် မသွားချင်ဘူးဗျ၊ ဒေါင်လိုက်တည့်တည့် မဟုတ်ပဲ နည်းနည်းစောင်းသွားရင် စက်မမှန်ချင်ဘူး'
ကျေးဇူးကြီးမားလှပါသည်။ သို့သော်ဤကိစ္စမှာ သူ့အတွက် အရေး မကြီးလှပါ။

'ထိုးစက်သံပတ်က ဘယ်ဥစ္စာလဲဗျ'
'ဟောဒီဘက်က ဟာပေါ့၊ ခင်ဗျား တခါသံပတ်ပေးထားပြီးရင် တပတ်လောက်အနည်းဆုံးမေ့ထားလို့ရတယ်၊ သူ့သံပတ်က အော်ရီဂျင်နယ်တွေ၊ အက်ရာဆက်ရာ ဘာမှမရှိ ဘူး၊ သန်သလားမမေးနဲ့'
  
နာရီပြင်ဆရာသည် သံပတ်ပေးပုံ ပေးနည်းကအစ အသေအချာ ပြသသွား၏။သူသည် နာရီသံပတ်ကို ဂရုတစိုက်ပေး၏။ ထိုသို့ သံပတ်ပေးရာတွင် သွားစက်သံပတ် ကိုသာ ပေးလျက် ထိုးစက်သံပတ်ကို အမြဲတမ်း ချန်လှပ်ခဲ့သည်။ ထို့ကြောင့် နာရီသည် လုံးဝ မထိုးတော့ချေ။ ဤသို့ဖြင့် နာရီကို ဝယ်ယူပြီး တပတ်အကြာတွင် သူ သက်တောင့်သက်သာ အိပ်ပျော်သွား သောအကျင့်ကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ဘဝတွင် သူမုန်းတီးသော အရာဝတ္ထုတခုကို အပိုင်ဝယ်ယူ ပစ်လိုက်ခြင်းမှာ ဤတကြိမ်သာ ရှိသေးသည်။

-----------
ဂျူး

(ယဉ်သင်းအိဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်ခင်ဗျား။) 


Thursday, 29 August 2019

#စိတ်ငြိထုံး #ဝေ(စီးပွားရေးတက္ကသိုလ်)

#စိတ်ငြိထုံး

#ဝေ(စီးပွားရေးတက္ကသိုလ်)

   
    ခုတစ်လော ကိုယ့်ကိုလာငြိသည့် ကြိုးမဟုတ်သော်လည်း သူတို့အချင်းချင်းငြိနေသည့် ကြိုးတွေကို ဖြည်နေရတာနဲ့တင် စိတ်တွေ ကသိကအောက်ဖြစ်လှသည်။ ဒါမျိုးက အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) လုပ်ငန်းတစ်ခုခုမှာ ကိုယ်က အုပ်ချုပ်သူဖြစ်နေသည့်အခါ ကြုံရတတ်သော ကိစ္စမျိုးမို့ ဆန်းတော့လည်းမဆန်းလှပါ။

    တစ်ယောက်နှင့်တစ်ယောက်ကြားက နိစ္စဓူဝလုပ်ဆောင်ချက်တွေ အတိုင်းဆိုလျှင်တော့ လုပ်ငန်းစီးဆင်းမှုက ပုံမှန် ချောမွတ်အောင် စီမံထားပြီးသားပါ။ တစ်နည်းပြောရရင် အောင်မြင်စွာလည်ပတ်လက်စ လုပ်ငန်းတစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ချက်ကြိုးတွေ ဟန်ချက်ညီညီရှိပြီးသားပဲ ဆိုပါစို့။

    စက်ယန္တရားတွေမှာဆိုရင်တော့ အတိုင်အဖောက်ညီညီ လည်ပတ်နိုင်နေပြီဆိုရင် စက်ဆီလေး ပုံမှန်ထည့်၊ ကြံ့ခိုင်ရေးလေး ဂရုတစိုက်စောင့်ကြည့်စစ်ဆေး၊ လိုအပ်တာလေးတချို့ ညှိချိန်ပေးမည်ဆိုလို့ကတော့ ဒုက္ခကြီးကြီးမားမား မပေးလှဘဲ သက်တမ်းကာလ ခံနိုင်သမျှ အဆင်ပြေပြေလည်ပတ်နေမည်ပါပဲ။

    သို့ပေမဲ့ ဒီဥပမာကတော့ စက်တွေကိုး။ သက်မဲ့တွေမို့ ခံစားချက်လည်း မရှိနိုင်ကြပေ။

    တကယ်တမ်း ခံစားမှုကိုယ်စီရှိကြသည့် သက်ရှိလူတွေမှာတော့ ပုံမှန်လည်ပတ်နေရာကနေ သူတို့၏စိတ်တွေက အခန့်မသင့်တိုင်း ကြိုးခဏခဏငြိချင်လေတော့၏။ စိတ်တွေတင်ငြိလို့ လုပ်ငန်းမထိခိုက်လျှင်တော့ ကိစ္စမရှိလှသေးပါ။ ငြိကာစကြိုးတွေက ပုံမှန်လည်ပတ်မှုကို ထစ်ငေါ့စေလောက်အောင် အဖုအထုံးမကြီးတတ်သေး။ ခက်သည်က အဲသည်စိတ်ငြိထုံးကို သေးတုန်းမှာ မဖြည်နိုင်ခဲ့လျှင် တဖြေးဖြေးကြီးလာပြီဆိုသည်နှင့် လုပ်ငန်းလည်ပတ်မှုကို ထိခိုက်လာတတ်ပါသည်။

    မတစ်ထောင်သားသမီးတွေ ဆိုသည်မှာလည်း စိတ်ရောင်စုံနှင့် စရိုက်ပေါင်းစုံမဟုတ်လား။ ကိုယ့်အလုပ်မှာကတော့ မတစ်ထောင်မဟုတ်ဘဲ မရှစ်ယောက်သားသမီးတင်ပါ။ သို့ပေမဲ့ လူနှစ်ယောက်ထဲတောင် ကာလကြာမြင့်အောင် သင့်တင့်ဖို့က လွယ်ကူလှသည်မဟုတ်။ နေ့နေ့ညည အတူအိပ်၊ အတူစား၊ အတူအလုပ်တွဲလုပ်ရသည့် လူရှစ်ယောက်၏ စိတ်ငြိထုံးတွေက ကာလရှည်ကြာလာသည်နှင့်အမျှ ဘယ်လောက်များ သပွတ်အူလိုက်နေမလဲဆိုတာ စဉ်းစားရင်းတောင် မွန်းကျပ်ရ၏။

    သည့်ပြင် မရှိတာထက် မသိတာခက် ဆိုသလို မရှိလို့ အလုပ်လာလုပ်နေရသူ ဘ၀တူချင်း၊ တစ်ယောက်နှင့်တစ်ယောက် စာနာရိုင်းပင်းရမည်ဆိုသော အသိတွေမရှိကြလို့ ပိုခက်နေရသည်သာ။

    အားလုံးထဲမှာ အခက်ဆုံးကတော့ သူများအပေါ်မှာ လွှမ်းမိုးချင်သည့်စိတ်ပါပဲ။ ကျွန်မ ပထမဦးဆုံးရင်ဆိုင်ရသည့် ပြဿနာကလည်း သည်ဟာပါပဲ။ ကျွန်မအလုပ်ထဲမှာ အားအကိုးရဆုံး၊ လုပ်သက်အရင့်ဆုံးတစ်ယောက်က အလုပ်ကိစ္စမှာ တော်သလောက်၊ အလုပ်ရှင်အပေါ်မှာ သစ္စာရှိသလောက်၊ သူတို့အချင်းချင်းကျတော့ လွှမ်းမိုးချင်စိတ် အလွန်များသူဖြစ်နေသည်။   

    ကျွန်မအလုပ်မှာ ကျန်သူတွေကလည်း သူ့ထက်ငယ်သူတွေဆိုပေမဲ့ သူတို့နေရာနှင့်သူတို့ အသုံးဝင်ကြသည့် သူတွေချည်းပါပဲ။ အလုပ်တစ်ခုမှာ ခေါင်းဆောင်လုပ်သူ တစ်ယောက်တည်း တော်နေရုံနှင့်လည်း မပြီးသေးပါ။

    သို့ပေမဲ့ သူကလည်း အလုပ်အပေါ်မှာ အလွန်သစ္စာရှိပြီး တော်လည်းတော်၊ အလုပ်လည်း ဘာမဆို မငြီးမငြူလုပ်နိုင်တော့ အလုပ်ရှင်တွေအပေါ်မှာလည်း သူ့လွှမ်းမိုးမှုက အထိုက်အသင့်တော့ ရှိလာပါသည်။ အထူးသဖြင့် အလုပ်သမားရယ်လို့ သူ့ကိုယ်သူ နှိမ့်ချပြီးဖြစ်သလို ပြီးကပစ်မလုပ်တတ်သည့် သူ့စိတ်ဓာတ်ကလေးက သူ၏နေရာကို တောက်ပြောင်ခိုင်မြဲစေသော အရာဆိုတာ ကျွန်မ သတိထားမိပါ၏။ သည်အလုပ်ကို သူ့ကိုယ်ပိုင်အလုပ်လို တန်ဖိုးတထား ဂရုစိုက်တတ်သည့်စိတ်နှင့် လုပ်ငန်းတိုးတက်ရေးကို သူ့စီးပွားရေးလို အရေးတကြီး ကြပ်မတ်တတ်သည့်အကျင့်တွေကလည်း သူ့တန်ဖိုးတွေဖြစ်လာရသည်။

    သို့ပေမဲ့ ဖြစ်ချင်တော့ သူကြပ်မတ်ရသည့်ကိစ္စတွေမှာ သူက အနေအထိုင်ပိပိပြားပြားနှင့် စည်းကမ်းလည်းရှိသူမို့ လိုက်နာဖို့မခဲယဉ်းသော်လည်း တခြားသူတွေအတွက်က အနေကျဉ်းကျပ်စေပါသည်။

    တစ်ခါတစ်ရံ ကျွန်မတို့မှာ ကိုယ်ကိုယ်တိုင်ထုတ်ထားသည့် စည်းကမ်းဆိုသော်လည်း ကလေးတွေ ဆိုးဆိုးရွားရွားမဟုတ်ဘဲ အနည်းအကျဉ်း ဖောက်ဖျက်တာလိုမျိုးကို မမြင်ချင်၊ မသိချင်ယောင်ဆောင်ပေးရသော အခါမျိုးလေးတွေ ရှိတတ်၏။

    ကျွန်မအလုပ်မှာ လာရောက်နေထိုင်ပြီး လုပ်ကိုင်သူတွေက အများအားဖြင့် ငယ်ရွယ်သူတွေ၊ ပညာအပြည့်အစုံ မသင်ခဲ့ရသူတွေ၊ မိဘ၏ဆိုဆုံးမမှု အပြည့်အ၀မရခဲ့သူတွေ၊ သူတို့ကျင်လည်ခဲ့သော ပတ်ဝန်းကျင်ကိုယ်၌က စာရိတ္တလွတ်နေသူတွေ၊ သည်လိုကလေးတွေ များသည်။ ပညာမတတ်သူတွေလည်း လုပ်နိုင်သည့်အလုပ်မျိုးမို့ ပညာမတတ်သူတွေ ရောက်လာတာ မဆန်းလှပေ။ ဆန်းနေသည်က သူတို့ကလေးတွေမှာ ပါလာသည့် အကျင့်စရိုက်ဆိုးတွေဖြစ်သည်။

    တစ်ခါတစ်ရံ ကိုယ့်လုပ်ငန်းနှင့် မည်သို့မျှအံမ၀င်ဘဲ ပြုပြင်ဖို့မလွယ်၊ အရိုးစွဲနေသည့် အကျင့်ဆိုးပါလာသူဆိုလျှင် အလုပ်ဝင်ပြီးမှ ပြန်လွှတ်ရသည်မျိုးပင် ကြုံခဲ့ရဖူး၏။ ကျွန်မတို့အလုပ်က အိမ်မှာအတူနေ၊ အတူစား၊ အိမ်မှာပင် ညသိပ်ရမည့်လူများမို့ အလုပ်မခန့်ခင်ကတည်းက လူတော့ နည်းနည်းရွေးရပါသည်။ စကတည်းက စင်းလုံးချောမရနိုင်တာ သိပြီးသားမို့ ပြင်ရန်လွယ်မည့် အပေါ်ယံအကျင့်ဆိုးလောက်ကိုတော့ ချေးများနေ၍မရပါ။ အရိုးစွဲနေသည့် အကျင့်ဆိုးမျိုးကိုသာ သတိထားရှောင်ရှားရသည့်အခါ ငြင်းပယ်ရသူတွေသည် အသက်ကြီးသူတွေသာ အများစုဖြစ်နေတတ်တော့သည်။

    သည်နေရာမှာ ကလေးတွေက ပိုပြီးပြင်ရလွယ်သည်မှာ ကျွန်မတို့အတွေ့အကြုံအရ သိလာရ၏။ သူတို့လေးတွေက တံငါနားနီး တံငါ ဆိုသလို အော်ဟစ်ဆဲဆိုတတ်ကြသည်ကား မှန်၏။ ကျွန်မတို့ဆီရောက်လာတော့ မည်သူမျှ ဆဲဆိုရင့်သီးသူတစ်ယောက်မှ မရှိသောအခါ သူတို့တွေလည်း အလိုလိုရှိန်ကာ တော်တန်ရုံ မဆဲရဲကြတော့။

    တစ်ခါတစ်ရံ အချင်းချင်းအခန့်မသင့်သည့်အခါ အကျင့်ဆိုးက ခေါင်းပြူလာပြီး ဆဲမိသည်နှင့် ကျွန်မတို့ကလည်း 

    “ မင်းကို အန်တီစိတ်ဆိုးရင် ဆဲသလား။ ဦးရော ဆဲတာမြင်ဖူးလား။ ဒီကလူတွေ အချင်းချင်းရော ဆဲဆိုနေကြတာ မြင်ဖူးလား။ မင်းကိုလည်း ဘယ်သူမှမဆဲသလို၊ မင်းကလည်း ဘယ်သူ့ကိုမှ မဆဲပါနဲ့။ ကိုယ်က အကျင့်စာရိတ္တကောင်းကောင်းနဲ့ အနေမှန်ရင် မျက်လုံးနဲ့တစ်ချက် စိုက်ကြည့်ရင်တောင် ဆဲတာထက်နာတယ်။ မယုံရင်စမ်းကြည့်...” ဟု သူတို့ကို အမြဲဆုံးမရ၏။

    သည်လိုပြောပြီးလျှင်တော့ ကလေးတွေက အမှန်တကယ် ပြုပြင်လာကြသည်ကို တွေ့ရပါသည်။

    သို့ပေမဲ့ တစ်ခါက အသက်ခပ်ကြီးကြီးတစ်ယောက်ကို အလုပ်မှာခန့်မိတော့ သူက ကွမ်းစားချင်တာ တစ်မျိုး၊ ဆေးလိပ် ခိုးသောက်တတ်တာ တစ်မျိုး၊ လုပ်ဖော်ကိုင်ဖက် သူ့ထက်အငယ်တွေကို ပြန်ပြန်ခိုင်းနေတာက တစ်မျိုး၊ အဆဲအဆိုလေးက တစ်မျိုးနှင့်
    အင်မတန် ပြင်ရလည်းခက်လှသည်။

    ကျွန်မတို့က ပြောလိုက်ပြန်လျှင်လည်း အသက်က သူကပင်ကြီးနေသေးတော့ မနာခံချင်သလို အင်တင်တင်နှင့် ခေါင်းမညိတ်၊ ခေါင်းမခါ။ အလုပ်မှာ ချထားသည့် စည်းကမ်းများကိုလည်း ကျွန်မတို့က သူ့တစ်ယောက်တည်းကို ကွက်ပြီး လျှော့မပေးနိုင်။

    အဲသည်ကတည်းက နောက်ပိုင်းဆို အသက်ကြီးပြီး လူ့ကျင့်ဝတ်မလိုက်နာဘဲ ဘ၀တစ်လျှောက်လုံး နေချင်သလိုနေလာသည့်
သူမျိုးတွေကို အလုပ်မခန့်ဖြစ်တော့။ ကျွန်မအယူအဆက အလုပ်ခန့်ပြီးလျှင်လည်း ကိုယ်မကြိုက်တာနှင့် ထုတ်မပစ်ချင်ပါ။ တစ်စုံတစ်ယောက်ကို အလုပ်ထုတ်ပစ်ရသည့်ကိစ္စမှာ အလွန်အားနာစရာကောင်းလှသည့်အပြင် သူ့စိတ်ဓာတ်ကို ချိုးနှိမ်ရာလည်း ရောက်သဖြင့် ကျွန်မ ဘယ်တော့မဆို မလုပ်ချင်ဆုံးအလုပ်သာ။

    သို့ကြောင့် ကျွန်မတို့အလုပ်ထဲမှာ လူငယ်ကလေးတွေသာ ပိုပြီးခန့်ဖြစ်ခဲ့တော့၏။

    သည်လို လူငယ်တွေကို ဦးဆောင်ရသည့် ကျွန်မတို့လက်ရုံးသဖွယ် စိတ်ချရသူက ကျွန်မတို့နှင့် မိသားစုသဖွယ် လုပ်သက် ရင့်လာသောအခါ...။ သူကိုယ်တိုင်ကလည်း အလုပ်ရှင်တစ်ပိုင်းလို ဖြစ်လာသောအခါ..။ လက်အောက်မှ ကလေးများနှင့် သူတို့၏စိတ်ငြိထုံးက ရှုပ်ထွေးပွေလီလာလေသောအခါ..။ သူမကြောင့် အလုပ်မှ ထွက်ခွာသူတွေ များလာသောအခါ...။ထိုစိတ်ငြိထုံးကို ဖြေရှင်းနိုင်ရန် ကျွန်မ အလေးထား စဉ်းစားရတော့သည်။

    လက်တွေ့တွင်မူ တင်းမာသော သူမကို ပျော့ပျောင်းအောင်လုပ်ရသည်မှာ လွယ်တော့မလွယ်လှပါ။ ပထမဦးဆုံး သူမ၏ ကောင်းကွက်ကလေးတွေကို အရင်ချီးမွမ်းပေးပြီးမှ ပြုပြင်သင့်သည့်အချက်လေးတွေကို ထောက်ညွှန်ပြရ၏။

    ဟုတ်သည်လေ။ လူဆိုသည်က အကောင်းအဆိုး ဒွန်တွဲနေတတ်စမြဲ။ သည်အထဲကမှ ကောင်းသည့်ချီးမွမ်းသံသာ ခံယူလိုကြပြီး ကဲ့ရဲ့စကားကိုတော့ မကြားလိုသူချည်းသာ မဟုတ်လား။ သည်လို ကောင်းကွက်လေး အရင် အသိအမှတ်အပြုခံရ၍ စိတ်နှလုံး နူးညံ့လာချိန်မျိုးမှာမှ ပြုပြင်ဖို့အကြံပေးသည့် မကောင်းသောအချက်ကိုလည်း လက်ခံဖို့ အဆင်သင့်ဖြစ်ပေလိမ့်မည်။

    သည်လိုပင် တစ်ဖက်ကိုလည်း သူမ၏ သူတို့အပေါ် ကောင်းခဲ့သည့်အချက်များကို ပြန်ဖော်ထုတ်သတိရစေပြီးမှ သည်တစ်ခါ မကျေနပ်စရာအချက်လေးကိုဖြင့် ခွင့်မလွှတ်နိုင်စရာ မရှိကြောင်း ဖြေသိမ့်ရပြန်၏။

    သည်လိုနှင့် ငြိနေသည့်အထုံးပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ၊ စိတ်ရှုပ်ထွေးမှုများစွာကို ဖြေလျှော့နိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှု ချောမွေ့ရန် ကြိုးစားရင်း ကာလအတော်ကြာလာခဲ့ပါသည်။

  * * * * *
                            
    တစ်ရက်သော် မိန်းကလေးဝန်ထမ်းထဲမှ လုပ်ရည်ကိုင်ရည်ရှိသော တစ်ယောက်က အိမ်ပြန်တော့မည်ဟု ပြောလာလေလျှင် ကျွမ်းကျင်ဝန်ထမ်း လူဟောင်းတွေကို တန်ဖိုးထားသော ကျွန်မအဖို့ အားယုတ်သလိုခံစားရတော့၏။

    သားသမီးတောင်မှ မိဘရင်ခွင်မှာ တစ်သက်လုံး ပိုက်ပွေ့ထား၍မရမှန်း ကျွန်မသိပါသည်။ သည့်ထက်ပိုပြီး ဒီလိုတစိမ်းတွေကို ကာလရှည်ကြာစွာ အတူလက်တွဲနေနိုင်စေဖို့ စည်းရုံးထားရန် ဘယ်လောက်ခက်ခဲသလဲဆိုတာကလည်း ကျွန်မအသိဆုံးပင်။

    ကြားထဲမှာ အချင်းချင်း ပြဿနာလေးတွေ ပေါင်းစုံ ဖြစ်ခဲ့ကြပေမဲ့ ကျွန်မကညှိနှိုင်းဆုံးမပေးပြီး ပြန်ပြေလည်ခဲ့ကြသည်သာ။   

    အထူးသဖြင့် “ ကိုယ့်မောင်နှမတွေထဲမှာလည်း ဒီလိုပဲ သဘောထား မတိုက်ဆိုင်သူတွေ ပါလာတတ်တာမို့ အချင်းချင်းခွင့်လွှတ်တတ်ဖို့...” ကိုသာ အဓိက တရားချရတာများ၏။

    ကျွန်မလည်း သူတို့လေးတွေ နားလည်အောင် တရားဟောရသည်မှာ တော်တော်လေး အာပေါက်ပါသည်။

    သို့ပေမဲ့ ဟောသလောက် စိတ်ဝင်တစား အားပေးနားထောင်လိုကြပြီး နားခံကြသည့်အတွက်တော့ အမောပြေရပြန်သည်။ ကလေးနှစ်ယောက် ရန်စောင်နေကြလို့ သူတို့နှစ်ယောက်ကို ဆုံးမစကားပြောလျှင် ကျန်လူတွေကပါ ၀ိုင်းလာကာ စိတ်လိုလက်ရ နားထောင်ချင်ကြသည်မှာ ကျွန်မထည့်ပြောပြတတ်သည့် ပုံတိုပတ်စများကြောင့်လားတော့ မသိပါ။ တစ်ခါတစ်လေတော့ သူတို့ ကလေးတွေကို သူတို့မိဘတွေက ဒီလို စိတ်ရှည်လက်ရှည် ဆိုဆုံးမမှုမျိုးပေးဖို့ အချိန်ရှိခဲ့ရှာမည်မဟုတ်ဟုလည်း သနားမိရသေး၏။

   သည်လိုပဲ အရင်ကလည်း တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုးကြတိုင်း၊ စောင်းကြမြောင်းကြတိုင်း၊ ပြန်မည်ဟု တကဲကဲ ပြောလာတိုင်း၊ သူတို့အချင်းချင်းကြား မုန်းစကိုတိုစေ၍ ချစ်စကိုရှည်စေရန် ကျွန်မ အမျိုးမျိုးကြိုးစားလာခဲ့တာ နှစ်တွေ ဒီလောက်ကြာလာခါမှ။ နောက်တစ်ခါ ဒီလို ထစ်ကနဲရှိ တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေတိုင်း ပြန်မည်ဟု မပြောအောင် ဆိုဆုံးမထားနိုင်ခဲ့ပါလျက်နှင့်...။ “ပြန်မည်” စကား မကြားရတာ အတော်ကြာခါမှ...။

   ခုတစ်ခါ ငြိရပြန်လေသော စိတ်ငြိထုံးက မည်သို့သောအကြောင်းအရာမို့နည်း ဟု စုံစမ်းလေသော်... မိန်းကလေးနှစ်ယေက်၏ အသည်းနှလုံးစစ်ပွဲ ဖြစ်နေလေတော့သည်။ ပြန်မည်ပြောသော မိန်းကလေးနှင့် ချစ်ကြိုက်နေသော အလုပ်ထဲမှ ကောင်ကလေးက အလုပ်ထဲမှပဲ သူ့ထက်အငယ် ကောင်မလေးကို စိတ်ပြောင်းလေသော ဇာတ်လမ်း။

    တစ်ခါတစ်ခါ ကျွန်မသည် ကိုယ့်ကိုကိုယ် အမေဘုတ်၏ချည်ခင်ကို ထိုင်ဖြည်နေရသူလို စိတ်ပျက်သနားလာမိတော့၏။
သို့ပေမဲ့ မတတ်နိုင်ပါ။ အကြောင်းရှိလို့ဖြင့် အကျိုးကပေါ်ခဲ့ပြီ။ သည်ဘ၀မှာ ပညာပြည့်စုံအောင်မသင်ခဲ့ရ၍ သံသရာခရီးတစ်လျှောက် ဝေးဝေးကို လှမ်းမျှော်နိုင်စွမ်းနည်းသူကို မြော်မြင်နိုင်သူက ဖေးမကာခေါ်ဆောင်ရမည်သာ။ ကျွန်မ ခေါင်းရှောင်၍မနေနိုင်ပြန်ပါ။

    ပထမဦးဆုံး “တကယ်ပင် သည်းမခံနိုင်လောက်အောင် ခံစားနေရပါက ပြန်ချင်ပြန်ပါ..”ဟု ကျွန်မက အရင်ခွင့်ပေးလိုက်ပါသည်။
    ပြီးမှ သူ့ကိစ္စကို ဖြစ်ကြောင်းကုန်စင် ပြောပြခိုင်းကာ သူ့စိတ်ကြိုက်ပြောသမျှ စိတ်ရှည်ရှည် နားထောင်ပေးရပါ၏။

သူ ကျေနပ်အောင် ပြောပြီးသွားကာမှ “ အန်တီပြောတာကိုလည်း ပြန်နားထောင်ပေးပြီး သေချာစဉ်းစားပါ..” ဟု ဆိုကာ ပထမဆုံး ကျွန်မ သူ့ကို ဘယ်လောက် တန်ဖိုးထားအားကိုးကြောင်း၊ တဒင်္ဂစိတ်ခံစားမှုကို ရှေ့တန်းမတင်ရန်၊ စိတ်ခံစားမှု အလှုပ်ရှား အပြင်းထန်ဆုံးအချိန်မှာ ဆုံးဖြတ်သည့် အဆုံးအဖြတ်များသည် အလွန်ပင်မှားတတ်ကြောင်း။

    အရာရာသည် အကြောင်းအကျိုး ဆက်စပ်ပြီးသာဖြစ်ကြသည်မို့ အတိတ်အတိတ်ဘ၀တွေက ကိုယ်မသိမမြင်နိုင်သည့် အကြောင်းတရားများကိုလည်း ဆင်ခြင်ရမှာဖြစ်ကြောင်း။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို ကိုယ့်ဝဋ်ကြွေး ကိုယ်ဆပ်ရသည်ချည်းသာမို့ သူများကို အပြစ်တင်ဖို့ထက် ကိုယ့်ကိုယ်ကို မြင်တတ်ဖို့သာလိုကြောင်း။

    တကယ်တော့ ကျွန်မကလေးတွေကို ကျွန်မ တန်ဖိုးထားချစ်ခင်လို့သာ အာပေါက်အောင် တရားဟောနေရခြင်းပါ။

      လူဦးရေနှင့် အလုပ်ခွင်ကောင်း မမျှသော ကျွန်မတို့နိုင်ငံမှာ အလုပ်လိုချင်သည့်သူတွေက မကြာခဏရောက်လာကာ အလုပ်တောင်းတတ်သည်ကို သူတို့လည်း အမြင်သားပင်။ သို့ပေမဲ့ ကျွန်မက နှစ်ရှည်လများ အတူနေလာသည့် သူတို့လေးတွေကို အလုပ်သမားလို့သဘောမထားရက်။ ဘ၀အဆက်ဆက်က တော်စပ်ခဲ့သော ကိုယ့်ဆွေမျိုးဥာတိတွေလို့သာ မြင်တတ်ခဲ့၏။

   သို့ကြောင့်လည်း သူတို့လေးတွေတင်သာမက သူတို့၏ မိဘမောင်ဘွားကအစ လိုအပ်သမျှ ငွေကြေး၊ ဆေးဝါးအလယ်၊ လူမှုကိစ္စလေးတွေအဆုံး နိုင်သလောက် ကူညီစောင့်ရှောက်ခဲ့ပါ၏။

   အပြန်အလှန်ကျေးဇူးတရားတွေကို ထောက်ချင့်၍လည်း သူတို့လေးတွေ လိမ္မာလို့၊ သူတို့လေးတွေ တော်ကြလို့၊ သူတို့လေးတွေ ကိုယ့်အပေါ်သိတတ်တာကအစ ကြည်နူးပီတိဖြစ်ရသည်မို့ အမှန်တကယ်လည်း တစ်ယောက်ကိုမျှ သည်အစုအဖွဲ့အိမ်သားများထဲမှ ထွက်မသွားစေလိုပါ။ လူအသစ် ဘယ်လောက်ထပ်ထည့်လို့ရရ၊ အဟောင်း၏တန်ဖိုးကို မျက်ကွယ်မပြုနိုင်ပါ။

   ထို့အတူ ကျွန်မတို့၏ စေတနာ၊မေတ္တာကိုလည်း သူတို့တွေက သေသေချာချာ နားလည်သဘောပေါက်ကြ၏။ မေတ္တာ ဆိုသည် ကလည်း ကြီးမားကျယ်ပြန့်သည့် အပြန်အလှန်သဘောရှိပေရာ ကျွန်မတို့အပေါ် သူတို့၏တွယ်တာသိတတ်မှုကလည်း အလုပ်သဘော အရ မဟုတ်ဘဲ စိတ်ရင်းစေတနာ အမှန်အတိုင်းဖြစ်ခဲ့သည်မှာ သူတို့၏ လုပ်သက်အချိန်ကာလတွေကပဲ သက်သေဖြစ်နေခဲ့ပြီလေ။

   သည်တော့ ဒီတစ်ခါ ပြဿနာကိုလည်း နောက်တစ်ပတ်လောက် အချိန်ဆိုင်းရန်၊ ကျွန်မတို့အလုပ်အတွက်လည်း ထည့်စဉ်းစားပြီး အချိန်ယူကာ အဖက်ဖက်ကချင့်ချိန်ပြီး ဆုံးဖြတ်ရန်၊ နှစ်သိမ့်ရ၏။ အမှန်တကယ်က သူ့ခံစားချက်တွေကို စိတ်ရှိလက်ရှိ သူပြောချင်သမျှ ကျွန်မကိုပြောပြရပြီးကတည်းက သူ့စိတ်က တစ်ဝက်လျော့နေခဲ့ပါပြီ။ ဒါကိုသိလို့လည်း သူရင်ဖွင့်သမျှ ကျွန်မ နားထောင်ပေးခဲ့ခြင်းပေါ့။ ကျွန်မက သူ့ကို တန်ဖိုးထားကြောင်း၊ လုပ်ဖော်ကိုင်ဖက်များကလည်း ခင်တွယ်ကြောင်း ပြောပြချိန်မှာတော့ သူအားငယ်ခဲ့ရသမျှကလည်း ဖြေသိမ့်စရာရကာ ကျေနပ်နေခဲ့ပြီ။ ကျွန်မက အကြောင်းအကျိုးဆက်စပ်ပြီး ဖြစ်သင့်တာတွေ ချင့်တွက်ပြတာကိုလည်း သူ သေသေချာချာ နားထောင်နေခဲ့၏။ ကျွန်မ စကားဆုံးတော့ သူ့စိတ်ကပြောင်းနေလေပြီ။ သို့ပေမဲ့ ကျွန်မက ချက်ချင်း ဆုံးဖြတ်ချက်ကိုမပြင်ခိုင်းပါ။ အချိန်ယူကာ ထပ်စဉ်းစားစေလိုက်ပါသည်။

   သေချာပါ၏။ သူ ကျွန်မတို့ကို ခွဲမသွားနိုင်ပါ။ ကျွန်မတို့က ငွေကြေးတစ်ခုတည်းဖြင့် ဆက်သွယ်ထားသော ဆက်ဆံရေးမဟုတ်။ နှလုံးသားချင်းပါ ရင်းနှီးတွယ်ငင်သည်မို့ သည်မျှနှင့် မပြတ်တောက်နိုင်ဘူးဆိုတာ ကျွန်မ သိနေခဲ့ပါသည်။

  * * * * *
                             
   ခု နောက်ပိုင်းမှာတော့ ကျွန်မတို့၏ သံသရာဆွေမျိုး ရှစ်ယောက်အုပ်စုကလေးသည် အချင်းချင်း အပေးအယူမျှကာ စိတ်ဆိုးလည်း ခဏသာ၊ ပြောကြဆိုကြနှင့် ပြီးတော့လည်း ပြီးပြီးပျောက်ပျောက် ငြိမ်းချမ်းရေးရနေကြ၏။

   ညတိုင်းလည်း အလုပ်သိမ်းလျှင် အက်ဖ်အမ်မှလာသော တရားတော်ကို စုဝေးနာယူကြကာ၊ တရားနာပြီးလျှင် ကျွန်မ၀ယ်ပေးထားသော ကိုရီးယားခွေတွေကြည့်ကြ၏။ တစ်ခါတရံ ရုပ်သံတွေမှလာသော ဇာတ်လမ်းတွဲတွေကို ကြည့်ကြ၏။ ယောကျာ်းလေးတွေကဂိမ်းဆော့၊ အမ်ပီဖိုးလေးကလိ၊ မိန်းကလေးတွေက မဂ္ဂဇင်းဂျာနယ်ဖတ်သူဖတ်နှင့်၊ သာသာယာယာရှိနေပါသည်။

   တစ်နေ့တစ်နေ့ ကိုယ့်စိတ်ကြိုက် စာဖတ်၊ ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်ခြင်းတွေသာ ပြောင်းသွားမည်။ ညစဉ်ဝတ်မပျက် တရားနာခြင်းကတော့ ဘယ်တော့မှ အပြတ်မခံကြ။ သူတို့လေးတွေ၏ အကျင့်ကောင်းကို ကျွန်မမှာ သာဓု အကြိမ်ကြိမ်ခေါ်မိရ၏။

   အမှန်တော့ အက်ဖ်အမ်နားထောင်ဖို့ ကက်ဆက်ဆစ်လုံး၊ ခွေကြည့်ဖို့ တီဗွီ၊အောက်စက်တစ်စုံ ပေးထားရုံနှင့်တော့ သည်လို ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု မထင်ပါနှင့်။

   ဟိုးအရင့်အရင် နှစ်တွေကတည်းက အလုပ်ပိတ်ရက် သင်္ကြန်နေ့များတိုင်း ကျွန်မတို့က ဒုလ္လဘ ကိုရင်စည်းချင်သူ ကောင်လေးတွေ၊ သီလရှင်ဝတ်ချင်သူ မိန်းကလေးတွေကို ဘုန်းကြီးကျောင်း အပို့အကြိုကအစ၊ သင်္ကန်းပရိက္ခရာ၊ ညနေအချိုရည်ဘူးက အဆုံး၊ အစစအရာရာ တာဝန်ယူကုသိုလ်ပြုပေးခဲ့၏။ တရားစခန်းပါတွဲဖွင့်ထားသည့် ဘုန်းကြီးကျောင်းကို ပို့ပေးခဲ့သည်မို့ သူတို့အားလုံး ၀ိပဿနာတရားပါ တစ်ပါတည်း အားထုတ်ဖူးခဲ့ကြသူများချည်းသာ။

   ကျွန်မတို့မိသားစုကလည်း အိမ်မှာ တရားခွေတွေဖွင့်ပြီး တရားနာနေကျ၊ ဥပုသ်သီတင်းဆောက်တည်နေကျ၊ ငါးပါးသီလကို အစဉ်မြဲအောင် ကြိုးစားစောင့်ထိန်းနေကျဆိုတော့ ကလေးတွေကိုလည်း ကျွန်မက အတင်းအကြပ် စေခိုင်းတာမျိုးမဟုတ်ဘဲ သူတို့ဖာသာသူတို့ တရားနာကျင့်ကို ပြုလုပ်လာကြခြင်းသာ။

   သည်တော့ စိတ်တွေက အရင်ကထက် ပိုပြီး ငြိမ်းချမ်းလာကာ၊ တစ်ဦးနှင့်တစ်ဦးလည်း တော်တန်ရုံ စိတ်မဆိုးကြတော့။ ရန်ဖြစ်လည်း ခဏတဖြုတ်နှင့် ပြေအေးလွယ်လာ၏။

   သေခြင်းတရားက အချိန်မရွေး ကိုယ့်အတွက် ရောက်လာနိုင်တာ၊ မေတ္တာတရားသည်သာ အကောင်းဆုံးအဆောင်ဆိုတာ၊ ဖြစ်ပြီးသမျှ ပျက်ရသည်ချည်းဆိုတာ၊ ဆရာတော်တွေကလည်း ညစဉ်ဟောပြောညွှန်ကြားနေလေပြီ။

   အမှန်တော့ အဟောချည်းသက်သက် နာကြားရုံနှင့်တော့ စိတ်ငြိထုံးက မပြေနိုင်ပါ။ ကိုယ်တိုင် လိုက်နာကျင့်ကြံနိုင်မှသာ အနာနှင့်ဆေး၊ ကွက်တိဖြစ်ပြီး စိတ်ငြိထုံးများလည်း ဒက်ထိ ပြေရတော့သည်သာ။
                               
------------
ဝေ(စီးပွားရေးတက္ကသိုလ်)
ကလျာမဂ္ဂဇင်း ( March, 2014)

[ ဆရာမဝေ ဘလော့ဂ်မှကူးယူပါသည်။ဆရာမအားကျေးဇူးတင်ပါသည်။]


#လင်းလုပါပြီ #ကြယ်နီ (ကိုတံငါ)

#လင်းလုပါပြီ

#ကြယ်နီ (ကိုတံငါ) 

မိုးကာ တစိမ့်စိမ့်နှင့် မစဲအောင်ရွာသွန်းနေ၏။
ဓနုဖြူမြို့ ခင်မကန်ကျောင်း ပရိဝုဏ်အတွင်းရှိ ကျောင်းတိုက်တစ်တိုက်၏ နံဘေးအုတ်ခုံ သံမံတလင်း ပေါ်တွင် ခင်ထားသော ဂုန်နီထက်၌ ထိုင်ရင်းကိုသံချောင်းသည် ဘယ်အချိန်ရှိပြီကို သိချင်နေ၏။ မိုးစိမ့်စိမ့် မို့ အေးရသည့်အထဲတွင် သံမံတလင်း၏ အထိအတွေ့မှာလည်း မခံရပ်နိုင်အောင် အေးလှပါ၏။ ကျောင်းတိုက် ၏ နံဘေး၌ ဖြစ်သော်လည်း ကျောင်းမှာ လေးဖက်ပတ်လည်ချထား၍ အပေါ်မှ သွပ်မိုးနှင့် ဖြစ် သဖြင့် မိုးယိုခြင်း၊ ပက်ခြင်းတော့ မရှိပါ။ သို့သော်အမြဲတမ်း အေးစိမ့်နေသော သံမံတလင်းပေါ်၌ အစဉ် သဖြင့် နေထိုင်အိပ်စက်ရခြင်းကတော့ ကျန်းမာရေးကို ပျက်ပြားစေသည်ဖြစ်၍ မသင့်လျော်လှပါ။

မသင့်လျော်လို့ကော ဘာကဘာတတ်နိုင်မှာတဲ့လဲ။ သူလိုတောမှာအိုးအိပ် စည်းစိမ်ကို စွန့်ပစ်ခဲ့ရပြီး မြို့ကို လက်လွတ် ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည် တစ်ဦးအဖို့ သည်လိုနေရာမျိုးမှာနေရသည်ပင် ကံကောင်း ထောက်မ လို့ဟု ဆိုရပေမည် မဟုတ်လား…..။

ဦးပဉ္စင်းတစ်ပါးသည် ကျောင်းတံခါးဝမှ ပြူထွက်လာ၏။ သူက ဦးပဉ္စင်းအား ‘ဘယ်နှနာရီ ထိုးပြီလဲ ဘုရား‘ ဟု လှမ်းမေး လိုက်ရာ၊ ဦးပဉ္စင်းသည် ကျောင်းထဲသို့က အတန်ကြာအောင် လှည့်ပြီးနောက် ‘၅နာရီထိုးပြီ‘ ဟုဖြေကြား လိုက်၏။

၅နာရီထိုးပြီတဲ့။ သူ့ရင်တွင်း၌ ပဲ့တင့်သံက ဟိန်းနေ၏။ ၅နာရီထိုးပြီ၊ ၅နာရီထိုးပြီ။ ဟိန်းနေသော ပဲ့တင်သံ၏ နောက်ဆက်တွဲ ကတော့တဒိတ်ဒိတ် ခုန်နေသော ရင်ခုန်သံ။ အမှန်ကတော့ ကျောင်းတက်ချိန် နောက်ကျ နေသဖြင့် ဆရာ၏ အရိုက်အနှက် ခံရမည်ကို တွေး၍ စိုးရွံနေသော ကျောင်းသားကလေး၏ ရန်ခုန်သ့မျိုး….။

‘ထမင်းက ခုထိ မနပ်သေးဘူးလားဟ….‘

သူသည် ထမင်းချက်နေသော ဇနီးသည်အား အသံမာမာနှင့် လှမ်းမေးလိုက်၏။ ၅နာရီထိုးပြီး ဖြစ်ပါလျက် ကင်းစခန်းသို့ မသွားနိုင်သေးခြင်းမှာ ထမင်းမစားရသေး၍ဖြစ်ရာ၊ ထမင်းချက် နောက်ကျသော ဇနီးသည် အား အလိုလို စိတ်တိုနေမိ၏။ သို့သော်ဘာကြောင့် ထမင်းချက်နောက်ကျရသည်ဆိုတာကို သိပြီးဖြစ်နေ သဖြင့် ဆက်လက်၍ စိတ်မဆိုးသာဘဲ ဖြစ်ရပြန်၏။

ချက်စရာ ဆန်မရှိသဖြင့် တစ်ညလုံး သူ့ဇနီးသည် ယော်ယက်ခတ်ပြေးလွှားကာ ဆန်ရရှိရေးကို လုံးပန်းပါ၏။ သို့သော် ဘယ်ကမှ မရရှိခဲ့။ ညနေလေးနာရီတွင် ကင်းခေါင်းက သူ့အားကင်းငှားစောင့်ခ ငွေတစ်ကျပ်ကို ပေးသွား၏။ သဘောမှာ မြို့ထဲရှိ ချောင်လည်သော အိမ်သို့ ကင်းလှည့်ကျရာ၊ ထိုသူများက မစောင့်လိုသဖြင့် ဆယ်အိမ်မှူး အား ငွေတစ်ကျပ်ပေး၍ လူငှားစေရာ ဆယ်အိမ်မှူးကမှ တစ်ဖန် သူ့အားအသပြာ တစ်ကျပ် ပေး၍ အငှားစောင့်ခိုင်းခြင်း ဖြစ်သည်။

သည်တစ်ကျပ်ဖြင့် ဆန်ကွဲနှစ်ပြည် ၀ယ်၍ ယနေ့ညစာအတွက် ဆန်ကွဲလေးလုံး ချက်ရသည်။ ဆန်နှင့် သူတို့ ခွဲခွာရေး လုပ်ထားသည်မှာ ကြာပြီ။ ဆန်ဈေးမှာ ငစိန်ဆန် တစ်ပြည်လျှင် ရှစ်ပဲဖြစ်နေ၍၊ ဆန်ကွဲမှာမူ ငါးပဲဖြစ်သဖြင့်‘‘မတတ်သာ ခပ်ခွာခွာ နေကြာဦးစို့ရဲ့၊ မုန်းလို့ဟုတ်ဘူး‘‘ ဆိုသကဲ့သို့ ဆန်ကို ခွဲခွာရေးလုပ်ကာ ဆန်ကွဲ ကို မိတ်ဖွဲ့ရရှာခြင်း ဖြစ်သည်။ အလျင်တုန်းကတော့ သူတို့မွေးမြူထားသော ၀က်များကို ကျိုခက်၍ ကျွေးသည့် ၀တ်စာအဖြစ်သာ သည်ဆန်ကွဲကို သူတို့ အသုံးပြူကြသည်။ အခုတော့ သူတို့ကိုယ်တိုင် စားနေ ရပြီ။ ဒါတောင်မှ တစ်ခါတစ်ရံ အလျဉ်မမီနိုင်။

ဒါကြောင့်သူ့ဇနီး ထမင်းချက် နောက်ကျသည်ကို သူ့မှာ စိတ်မဆိုးသာအောင် ဖြစ်ရသည်။ ငွေတစ်ကျပ်ကို ညနေ လေးနာရီထိုးမှ ရရှိသည်ဖြစ်ရာ သူ့ဇနီးသည် သူကင်းစောင့်အချိန်မီ သွားနိုင်ရန်အတွက် ဆန်ကွဲကို အမြန်ပင် ပြေးဝယ်၍ အမြန်ပင် ချက်ပါ၏။ သို့သော် ထင်းမှစ၍ အစစအရာရာ အဆင်သင့် ရှိသူများ မဟုတ် သဖြင့် မြန်သင့်သလောက် မမြန်နိုင်ဘဲ၊ ယခုညနေ၅နာရီ ထိုးသည်တိုင် ထမင်းမနပ်နိုင်သည်။

အတော်လေး ကြာသောအခါ သူ့ဇနီးသည် မီးလောင်သံပန်ကန်ပြားတစ်ချုပ်ထဲတွင် ဆန်ကွဲထမင်းကို ခူးထည့် ၍ တစ်ပဲဖိုးဝယ်လျှင် တစ်ပြုံတစ်ခေါင်းကြီးရသော ပဲနီလေးပြုတ်ကို အပေါ်မှအုပ်ကာ ဆား အနည်းငယ် ဖြူးပြီး သူ့ရှေ့သို့ လာချပေး၏။ သူသည်ဆန်ကွဲထမင်းနှင့် ပဲနီလေးပြုတ်၊ ဆားတို့ကို သမ သွားအောင် နယ်ဖတ်၍ ပလုပ်ပလောင်း စားလေသည်။

ကိုသံချောင်းကား ဓနုဖြူမြို့မှ ၅မိုင်ခန့်ဝေးသော အကြော်ရွာမှ လယ်သမားကြီးတစ်ဦးဖြစ်သည်။ ဖဆလအစိုးရ လက်ထက်တွင်လည်းကောင်း၊ ကေအေဒီအို ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု လက်ထက်တွင် လည်းကောင်း၊ ကေအင်ဒီအို လက်ထက်တွင် လည်းကောင်း လယ်ကို မပျက်မကွက် ဆက်လက်လုပ်ခဲ့သူ ဖြစ်သည်။

နတ်တော်လ စပါးရိတ်သိမ်းစ အပြုတွင် အစိုးရတပ်ပေါင်းစုံက ဓနုဖြူမြို့ရှိ ကေအင်ဒီအိုများအား တိုက်ထုတ်လိုက်ရာ ကေအင်အိုများသည် ဓနုဖြူ၊ ဟသာင်္တ ကားလမ်းတစ်လျှောက် အကြော်ရွာသို့ ဆုတ်ခွာ ခဲ့ပြီး ကြွက်မနိုင်ကျီ မီးနဲ့ရှို့တော့၏။ အကြော်ရွာ မီးဟုန်းဟုန်းတောက်နေစဉ် သူတို့အသက်လောက် မြတ်နိုးသော လယ်ကွင်းနှင့် ရိတ်သိမ်းဆဲ ကောက်လှိုင်းများအား စွန့်ပစ်ခဲ့ရ၍၊ အ၀တ်တစ်တည် ကိုယ်တစ်ခု ဖြင့် ဓနုဖြူသို့ လက်လွတ် တက်ပြေးခဲ့ရ၏။

မြို့သို့ရောက်သည့်နေ့မှစ၍ စပါးကူလီဘ၀ဖြစ် တစ်မျိုး၊ ရေထမ်းသမားဘ၀ဖြင့် တစ်ဖုံ၊ စစ်တပ်မှ ခွင့်ပြု ထားသော သစ်ပင်များကို လှဲကာပေါက်ခြမ်းလုပ်ရောင်း၍ တစ်နည်းဖြင့် လင်မယားနှစ်ယောက် အသက်နှင့် ရင်သွေးကလေး သုံးဦး၏ အသက်ဆက်ခဲ့ပြန်သည်။ နွေဦးအရောက်တွင် ရင်သွေးနှစ်ဦိးမှာ ကျောက်ရောဂါ ဖြင့် အသက်ပါသွား၍ တစ်ဦးက ဘာရောဂါဟု သူတို့အမည်မတပ်နိုင်သော ရောဂါဖြင့်သေခဲ့ပြန်သည်။ သူတို့ကား မငို၊ ငိုရန်လည်း သူတို့၌မျက်ရည် မရှိပါ။ ဟုတ်သည် သူတို့၌ငိုရလွန်း၍ မျက်ရည်များ ခန်းခြောက် နေပါပြီ။

သည်လိုနှင့် မိုးတွင်းသို့ ရောက်လာပြန်ပြီ။ စပါးအ၀ယ်မှာ စောစောကရပ်ဆိုင်းလိုက်ပြီးဖြစ်၍ စပါးကူလီ လည်း မထမ်းရတော့။ ရေထမ်းသမား ပေါများလှ၍ တစ်ကြောင်း၊ မိုးတွင်းဖြစ်၍ မိုးရေကို ခံယူ အသုံးပြုကြ သောကြောင့် တစ်ကြောင်း ရေလည်းမထမ်းရတော့။ ကေအင်ဒီအိုများက အားပြန်စု၍ မြို့ပြင်မှ တဒိုင်းဒိုင်း နှင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တစ်ကြောင်း၊ မိုးတွင်းရောက်လာ၍ တစ်ကြောင်း သစ်ပင်ကိုလှဲကာ ပေါက်ခြမ်း လည်း မလုပ်နိုင်တော့။ ဤသည်မှစ၍ သူတို့၏ တကယ့်ဒုက္ခကား စပေတော့သည်။

တစ်နေ့ လုပ်ခသည်ပင် တစ်နေ့အဖို့ အလျင်မမီသော သူတို့ကားငုတ်တုတ် ထိုင်နေရသည့် အခါ၌ ငတ်ကြ တော့၏။ ငတ်သည်ဆိုသော ဝေါဟာရမှာ ကြားရသူတို့အဖို့ သိပ်မလေးနက်သော်လည်း တကယ်ငတ်နေသူ အဖို့မှာကား အခံရခက်စရာ ကောင်းလှ၏။ သူတို့လယ်သမားတွေရဲ့ လုပ်အားကြောင့်ဖြစ်ထွန်းလာတဲ့ စပါး တွေကတော့ တောင်ပုံရာပုံပဲ ရှိပါသည်။ တက်ဈေးကိုမျှော်ပြီး သိုလှောင်ထားရာ စပါးကျီများထဲ၌လည်း မြင်နိုင် ပါသည်။ အစိုးရဂိုဒေါင်များ၌လည်း တွေ့နိုင်သည်။ နိုင်ငံခြားတင် သဘောင်္များ၌ အမြောက်အမြား။

ဒါပေမဲ့ သူတို့လယ်သမားတွေတော့ ငတ်နေပြီ။
ဒါကြောင့်ဖြစ်သလို ငွေကိုရှာရသည်။ လူတစ်ယောက်ဖြစ်နဲ့ လူအခွင့်အရေးကို ရအောင်တိုက်ဖို့ သူ အသက်ရှင် နေရဦးမည်။ သည်လိုတိုက်ရင်းနဲ့ သေရတာက သေရကျိုးနပ်သည်။ ဒါကြောင့်သူက တစ်ညလျှင် တစ်ကျပ်သော အသပြာငွေနှင့် ကင်းအငှားစောင့်ကာ သူတို့၏ အငတ်ပြဿနာကို ဖြေရှင်းရင်း သူက နည်း၍ကင်းငှားလိုက်မည့် ဒုက္ခသည်က များလွန်းလှသဖြင့် ညစဉ်ညတိုင်းမစောင့်ရသောကြောင့် ဆန်ကွဲ ထမင်း ကိုပင် နပ်ကျော်သည်က များပါ၏။

မိုးကားတဖွဲဖွဲရွာဆဲ…..။ ကိုသံချောင်းသည် ထမင်းစားပြီးပြီဖြစ်၍ လုံချည်ဟောင်းတစ်ထည်ကို ခေါင်းဆောင်း ကာ မိုးရွာထဲမှာပင် ကင်းခေါင်းအိမ်သို့ ထွက်လာခဲ့၏။ သတ်မှတ်ထားသော အချိန်မှာ ကျော်လွန် နေပြီဖြစ်၍ သူဒဏ်ခံရမည်မှာ သေချာသလောက် ဖြစ်နေသဖြင့် သူ့ရင်တွင်း၌ ဖိုနေ၏။ ကင်းခေါင်း အိမ် သို့ရောက်သောအခါ ကင်းခေါင်းက သူ့ကိုဆီး၍ အပြစ်ဆို၏။

‘ခင်ဗျားခုမှပဲ ပေါ်လာတော့တယ်၊ ကျုပ်တော့မစောင့်နိုင်လို့ တခြားကင်းငှားတွေကို တာဝန်ကျ စစ်သားဆီ သွားအပ် လိုက်ပြီ။ အဲဒါခင်ဗျား ကားဆိပ်ကို လိုက်သွားပေတော့‘

အဓိပ္ပာယ် ကတော့ ရှင်းနေပါပြီ။ ကင်းခေါင်းသည် သူတာဝန်ထားရသော ကင်းငှားများကို ကားဆိပ်ရှိ တာဝန်ကျ စစ်သားထံသို့ စာရင်းတကွသွားအပ်ရသည်။ ခုသူမရောက်ခင်ကင်းခေါင်းသည် ရောက်ရှိပြီး ကင်းငှား များကို သာသွားအပ်၍ သူ့တော့မရာက် သေးကြောင်း စစ်သားအားတိုင်ကြားခဲ့လိမ့်မည်။ သူသွား၍ သူ့အား ဘယ်လို ဒဏ်ပေးမည်ကို သူနားလည်ထားပါပြီ။ ဒါပေမဲ့ မသွာလို့တော့ မဖြစ်။ သွားရပေမည်။

‘ခင်ဗျားဘာဖြစ်လို့ နောက်ကျနေသလဲ‘ တာဝန်ကျ စစ်သားကလေးကသူ့အား ခပ်ထန်ထန်မေး၏။ သူသည် ညှိုးငယ်သော မျက်နှာနှင့် စစ်သားကလေးအား မော်ကြည်လိုက်ကာ‘ ထမင်းစားနောက်ကျနေလို့ပါ ဗိုလ်ကြီး ရယ်‘

‘ဘာဖြစ်လို့ ထမင်းစားနောက်ကျသလဲ၊ ၅နာရိထိုးအရောက်ရမယ်ဆိုတာ အသိသားနဲ့ ဘာဖြစ်လို့ အချိန်မီ ထမင်း မစားသလဲ‘

စစ်သားကလေးက အချက်ပိုင်ပိုင်နှင့် မေးနေ၏။ သူ့ မှာလည်း လုံလောက်သော အဖြေသည် ရှိပါသည်။ ဒါပေမဲ့ စစ်သားကလေး နားလည်အောင်တော့ သူစီကာ စဉ်ကာနှင့် ဖြေနိုင်စွမ်းရှိမည်မထင်။ တကယ် ဆိုတော့ စစ်သားကလေးသည် အသက်အရွယ် ငယ်ပါသေးသည်။ စစ်တိုက်ရင်း ကြီးပြင်း လာခဲ့ရသူ ဖြစ်ခြင်း ကြောင့် စစ်တိုက်ရာ၌ စိတ်ဝင်စားနေသဖြင့် သူတို့၏အခက်အခဲများကိုတော့ နားလည်မည်မဟုတ်ရှာ။ ဒါကြောင့် သူအချိန်မီ ထမင်းမစားနိုင်ခြင်း အကြောင်းရင်းကို ဖော်ထုတ်ရှင်းလင်း၍လည်း စစ်သားကလေးက ယုံချင်မှ ယုံမည်။ စစ်သားကလေး ယုံလောက်အောင်လည်း သူက စီကာပတ်ကုံး မပြောတတ်။ သူသည် စစ်သားကလေး ကိုသာပဲ ငေးကြည့်နေသည်။

‘ပြောလေ….ဘာကြောင့်အချိန်မီ ထမင်းမစားသလဲ‘

စစ်သားကလေးက အဖြေကို မရရှိသေးသဖြင့် နောက်တစ်ကြိမ်ထပ်၍ မေးပြန်၏။ သို့သော် သူ့အဖြေကား နတ္တိ။ သူသည် ညှိုးငယ်စွာပင် ခေါင်းငုံ့နေလိုက်ပါ၏။ သဘောမှာ ပေးသမျှ အပြစ်ဒဏ်ကို ခံယူပါတော့မည် ဟူသော အထိမ်းအမှတ်ကို ပြလိုက်ခြင်းပင်။

‘ကဲ…ခက်ဗျား ကို နောက်ကျတဲ့ အတွက် ဒဏ်ပေးရမယ်။ အခုအဲဒီက နေပြီးဟိုဘက် ဖြတ်လမ်းအရောက် ပြေးရမယ်၊ ရောက်လို့ရှိရင် ချက်ချက်ပြန်လှည့်ပြီး ပြန်ပြေးခဲ့ရမယ် ကြားလား။ ကိုင်း….ပြေးပေတော့‘

စစ်သား ကလေးက သူ့အားအမိန့်ချမှတ် လိုက်လေပြီ။
သူသည်တစ်ဖက်ဖြတ်လမ်းသို့ အရောက်ဒုန်းချ၍ ပြေးနေစဉ် မြို့သူမြို့သားများကား ၀ိုင်းကြည့်ကာ ရယ်မော နေ၏။ သညိလိုမြို့သူမြို့သားတွေရဲ့အကြည့်နဲ့ အပြုံးကို ခံယူလိုက်ရလို့ ရှက်သွားမိပေမဲ့ စစ်သားကလေးရဲ့ အမိန့် ကိုတော့ သွေဖယ်ခြင်းမပြုဘဲ ဆုံးခန်းရောက်အောင် ရိုသေစွာပဲ နာယူရှာပါသည်။ တစ်ဖက်ဖြတ်လမ်းမှ တစ်ဖန်ကားဆိပ်သို့ ပြန်လှည့် ပြေးခဲ့၍ စစ်သားကလေးရှေ့သို့ အရောက်တွင် တိခနဲ ရပ်လိုက် ကာ သူ့ရင်မှာမူ နိမ့်ချည်မြင့်ချည်ဖြင့် လှိုင်းထနေ၏။ ဒါကိုစစ်သားကလေးက ကရုဏမကင်းသော မျက်လုံး အစုံ ဖြင့် ကြည့်ရှုရင်း..

‘နောက်ဆိုရင် အချိန်ကို လေးစားပါဗျာ၊ ကျွန်တော်တို့ကလည်း နောက်ကိုအချိန်လေးစားပါစေတော့လို့ ဒီလို သာ ဒဏ်ပေးလိုက်ရတယ်၊ စိတ်ထဲကတော့ မကောင်းပါဘူးဗျာ‘

စစ်သား ကလေးက လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်၏။ မိုးဦးညမို့ ပတ်ဝန်းကျင်သည် မှောင်လို့သာ မည်းနေ လေသည်။
တစ်ဖွဲဖွဲမိုးကလေးတော့ဖြင့် စဲပဲ မစဲနိုင်သေး။ ကင်းတဲပေါ်မှ သက်ငယ်အမိုးပေါ်သို့ မိုးပေါက်များ တဖြောက် ဖြောက် ကျနေသံမှာ နားထောင်၍ ကောင်းသလိုလို။

ကိုသံချောင်း သည် မှောင်မည်းမည်း လဟာပြင်ကို စူးစိုက်ကြည့်ရင်း သူ့မွေးရပ်မြေ အကြော်ရွာနှင့် သူ လုပ်သော လယ်ကလေးကို လွမ်းဆွတ်လိုက်၏။ သူတို့ကင်းစောင့်သည့် နေရာနှင့် အကြော်ရွာမှာ လေးမိုင် သာသာ ခန့်သာ ဝေး၍သူလုပ်သော လယ်ကွင်းကလေးနှင့်မူ လေးမိုင်ပင် မဝေးချေ။ သည်လိုနီးနီးကလေး ဖြစ်ပါ သော်လည်း သူသွားရောက်ခြင်း မပြုနိုင်ဘဲ နီးလျက်နှင့်ဝေးနေရခြင်းကား အသည်းနာ ဖို့ ကောင်းလှသည်။ ခါတိုင်းနှစ်သည်အချိန်ဆိုလျှင် သူလယ်ထွန်ပြီ၊ ပျိုးကြဲပြီး ဖြစ်နေရုံမျှမက ပျိုးနုတ်၍ပင် ပြီးစီး နေကာ ကောက်စိုက်ရန်ပင် ပြင်ဆင်တော့မည်။

သူ့မျက်စိထဲ၌ စိမ်းလန်းသော စပါးပင်ကလေးများဖြင့် ပြည့်နေသည့် ပျိုးခင်းများသည် လည်းကောင်း၊ သူရိတ်သိမ်း ဆဲ စွန့်ပစ်ထားခဲ့ရသော ရွှေဝါရောင် ပြေးနေသည့် ကောက်လှိုင်းများသည် လည်းကောင်း တရစ်ဝဲ၀ဲ ပေါ်နေ၏။ လှိုင်းများနှင့် သူ့လယ်ကွင်းကလေးကို ပို၍ပင် လွမ်းဆွတ်တမ်းတ မိပါ၏။

ပြီးတော့သူနှင့် လုပ်ဖော်ကိုင်ဖက် ဆင်းရဲဖော် ဆင်းရဲဖက်ဖြစ်သည့် ခြံပေါက်နွားကြီးနှစ်ကောင်ကိုလည်း မနေနိုင် မထိုင်နိုင် ဖြစ်အောင်ပင် သတိရမိ၏။ တစ်ကောင်မှာ ဦးချိုက ကုပ်နေသောကြောင့်‘‘ချိုကုပ်‘‘ ဟုအမည်ပေးထား၍၊ တစ်ကောင်မှာမူ နဖူး၌ကြာကလေးပါသောကြောင့် ‘‘ကြာကွက်‘‘ ဟု အမည်ပေး ထား၏။ သူဓနုဖြူသို့ လက်လွတ်တက်ပြေးခဲ့ရစဉ်က သူ့နွားနှစ်ကောင်ကို ကေအင်ဒီအိုများ ဆွဲသွားသည်ကို မြင်ခဲ့ပါ၏။ ခုလောက်ဆိုရင် မိုက်ရိုင်းသော ကေအင်ဒီအိုများသည ရိက္ခာအတွက်ဟု ဆိုကာ သတ်စားပြီး ဖြစ်နေ တော့မည်။ ‘‘ချိုကုပ်‘‘နဲ့ ‘‘ကြာကွက်‘‘ တို့ရေ၊ အမျှ၊ အမျှ၊ အမျှကွယ်၊ ကောင်းရာသုဂတိ လားအောင် သာဓုခေါ် လိုက်ကြပေတော့ သားကြီးတို့ရဲ့။

သူသည် မျက်ရည်ကလေးများပင် လည်လာမိ၏။ ကျောက်ပေါက်၍ သေဆုံးသွားသော ရင်သွေး ကလေးများ ထက်ပင် သူနှင့် လုပ်ဖော်ကိုင်ဖက် ဆင်းရဲဖော်ဆင်းရဲဖက် ဖြစ်သည့်နွားကြီးနှစ်ကောင်ကို သူကပို၍ ခင်တွယ်၏။ ပို၍သတိရ၏။

တဖွဲဖွဲရွာနေကော မိုးကား စဲသွားလေပြီ။ မိုးစဲသွားသည်နှင့်အမျှ ခြင်များကလည်း ပိုကိုက်လာ၏။ ခြင်မှာလည်း ခြင်ရိုင်းကြီးတွေဖြစ်၍ အတင်းနား၊ အတင်းကိုက်သောကြောင့် သူတို့မှာ တဖျတ်ဖျတ် ရိုက်နေရ၏။ ပို၍ ဆိုးသည်ကား နားအနီး၌ တ၀ီဝီ လာအော်ခြင်းဖြစ်သည်။ သူ့ဘေးနားမှ စစ်သား ကလေး က ခြင်ကိုက်လွန်း၍ ဒေါသထွက်လာသည့်ပုံဖြင့် တောက်တစ်ချက် ခေါက်လိုက်ကာ 'ငါရိုးမ ခြင်တွေ'ဟု ဆဲလိုက်၏။

တစ်ချိန်တည်းပင် တုံ တုံ တုံဟူသော တုံးခေါက်သံကလေးကို ကြားလိုက်ရ၍ ကိုသံချောင်းသည် အသံလာရာဆီသို့ သူ့မျက်လုံးကို လွှတ်လိုက်၏။ သူတို့ကင်းတဲနှင့် နှစ်ဖာလုံခန့်ဝေးသော ၀ါးတန်းရှိ ကေအင်ဒီအိုကင်းမှ ခေါက်လိုက်သော တုံးခေါက်သံဖြစ်ကြောင်း အလိုလို သိလာ၏။ မီးရောင်မှာ တစ်နေရာတည်း၌ ရပ်မနေဘဲ ရွေ့လျားနေ၏။ ဒါကို ထောက်၍ ကေအင်ဒီအိုင်များသည် စားဖားများကို မီးအုပ် နှင့် လိုက်ရိုက်နေကြောင်း ထင်ရှားသည်။

'ခွေးမသားတွေ ... ဖားလိုက်ရိုက်နေတယ် ထင်ပါရဲ့၊ သေနတ်နဲ့ ထိုးပစ်လိုက်ရ ကားခနဲ ကျသွားတော့မယ်'

သူ့ဘေးနားမှ စစ်သားကလေးက သံချောင်းအား ပြောသလိုလိုနှင့် သူ့တစ်ကိုယ်တည်း ပြောဆိုလိုက်၏။ သေနတ် တစ်ကမ်း မီလောက်သော်လည်း ဒီအမြင်မျိုးမှာ ရိုးနေပြီဖြစ်သောကြောင့် ရွေ့လျားနေသော မီးရောင် ကလေး ကို စူးစိုက်ကြည့်ရင်း ကရင်အမျိုးသားများ အကြောင်းကို စဉ်းစားနေ၏။

ကရင်အမျိုးသားများ ဆိုရာ၌ သူတို့၏ ရွာနီးချုပ်စပ်မှ ကရင်အမျိုးသားကိုသာ ဆိုလိုရင်း ဖြစ်ပါသည်။ သူတို့သည် ရိုးသားသော လယ်သမားများဖြစ်ကြ၍ ထွန်တုံးတိုက်ပွဲ၊ သီးစားခ မပေးရေးတိုက်ပွဲ စသော မြေယာ တော်လှန်ရေး တိုက်ပွဲရပ်များတွင် မြန်မာ လယ်သမားများနှင့် လက်တွဲတိုက်ခိုက်လာကြသူများ ဖြစ်ကြသည်။ ဒီမိုကရေစီသစ် တော်လှန်ရေး၏ ရည်မှန်းချက်တွင် တစ်ခုအပါအ၀င်ဖြစ်သော လယ်သမား တို့၏ ဘ၀သစ်ဖန်တီးရေး တည်းဟူသော အကျိုးတူ ရည်မှန်းချက်အတွက် တိုက်ပွဲဝင် ရဲဘော်ရဲဘက် များအဖြစ် အချင်းချင်းနားလည်မှု ရှိထားကြသည်။ သို့ပါလျက် ယခုအခါတွင် သူတို့သည် အဘယ်ကြောင့် ကိုယ့်တပ် ကိုယ်နင်းကာ လယ်သမား အချင်းချင်း သတ်ဖြတ်လုယက်၍ အိုးအိမ်များကို မီးတိုက်ပစ် နေဘိသနည်း။

သည်အဖြေကို သူကား မဆွကပင် တွေ့ရှိထားပြီးဖြစ်သည်။ သူကား သာမာန်လယ်သမား တစ်ဦးမဟုတ်ဘဲ တိုက်ပွဲဝင်ခဲ့ဖူးသော လယ်သမားတစ်ဦး ဖြစ်ခြင်းကြောင့် မျက်မြင်ပြဿနာရပ်များ ကို အသင့်အတင့် ဝေဖန်ပိုင်ခြားနိုင်သူတစ်ဦးဖြစ်သည်။ ကေအင်ဒီအိုတို့၏ လှုပ်ရှားမှုသည် ကော်သူလေးပြည်နယ်ကို ဗန်းပြ ထားသော်လည်း၊ အဓိကရည်ရွယ်ချက်ကမူ တစ်နေ့တခြား ပြင်းထန်လာသော လူတန်းစားတိုက်ပွဲကို လူမျိုးရေးတိုက်ပွဲသို့ မြားဦးလှည့်ပေးရန်သာလျှင် ဖြစ်သည်ကို သူ့ခေါင်းဆောင်မှ တစ်ဆင့် သူက နားလည် ထားပြီး ဖြစ်နေပါသည်။

မြေမဲ့ယာမဲ့ လယ်သမားထုနှင့် အလုပ်သမားတို့သည် အောင်ပွဲများကို ဆက်ကာ ဆက်ကာ ရယူနေ၍၊ နယ်ချဲ့ အရင်းရှင်နှင့် မြေပိုင်ရှင်ကြီးများသည် ကျဆုံးအံ့ဆဲဆဲ ဖြစ်နေသောကြောင့် နယ်ချဲ့ အရင်းရှင်နှင့် ကရင် မြေပိုင်ရှင်ကြီး များ ပူပေါင်းကာ ထာဝစဉ် ငြိမ်းချမ်းရေး၊ ပြည်သူ့ဒီမိုကရေစီရေးအတွက် လက်တွဲ ချီတက် နေကြသော ကရင်-မြန်မာ လူထုကြီးအား သီးခြားနယ် မက်လုံးပေးပြီး လူမျိုးရေး မှိုင်းတိုက် လိုက်ခြင်း အားဖြင့် ပစ္စည်းမဲ့အရေးကို ကရင်-မြန်မာ အရေးအဖြစ် ပြောင်းလဲသွားအောင် မျက်လှည့် ပြလိုက်ခြင်း ဖြစ်သည်ကို သူ အမြင်မှန် မြင်ထားပါသည်။

ဤသို့နယ်ချဲ့အရင်းရှင်နှင့် ကရင်မြေပိုင်ရှင်ကြီးများ၏ လူမျိုးရေး မှိုင်းတိုက်လိုက်မှုကြောင့် ရိုးသားသော ကရင် လယ်သမား များသည် ကေအင်ဒီအိုတို့၏ လူမျိုးရေးမှိုင်းဝယ် နစ်မွန်းသွားကာ၊ လယ်သမားနှင့် မြေပိုင်ရှင်ဟူသော လူတန်းစားအမြင်မှ ကရင်-မြန်မာ ဟူသော လူတန်းစားအဖြစ် သို့ ကူးပြောင်းသွား၏။ သို့ကူးပြောင်း သွားသည်နှင့်အမျှ သူတို့၏ တိုက်ပွဲမှာလည်း မြေယာတော်လှန်ရေးမှသည် လူမျိုးရေး တိုက်ပွဲ သို့ အသွင်ပြောင်းသွားတော့၏။ သူတို့သာလျှင် မဟုတ်သေး။ မြန်မာအမျိုးသားများသည်လည်း ကေအင်ဒီအို တို့၏ လူမျိုးရေးမှိုင်းဝယ် ယောင်ကန်းကန်းဖြစ်သွားကာ၊ မူလရည်မှန်းချက်ကို ခေတ္တမျှ မေ့သွားကြ ပြီး ကရင်-မြန်မာ ဟူသော လူမျိုးရေးတိုက်ပွဲဘက်သို့ ဦးလှည့်သွားကြ၏။ ပို၍ ဆိုးသည်ကား ဖောက်ပြန် သော သတင်းစာဆရာများ၏ အမြင်တိုလှသော လူမျိုးရေးလှုံ့ဆော်မှု အရေးအသား များဖြစ်သည်။ ထို့ကြောင့် အခြေအနေမှာ ပိုဆိုးသွားရ၏။ သို့သော် ဘာပဲဖြစ်ဖြစ် နောက်ဆုံးတစ်နေ့တွင် မူကား ကိုယ့်ဘ၀ကိုယ် မေ့နေကြသော ကရင်-မြန်မာ လူထုကြီးသည် မိမိဘ၀မှန်ကို ပြန်လည်သိရှိပြီး၊ သူတို့၏ တိုက်ပွဲမှာလည်း လူမျိုးရေး တိုက်ပွဲမှသည် လူတန်းစားတိုက်ပွဲသို့ ပြန်၍ ဦးလှည့်လာမည်ကို သူ ယုံကြည် ထားပါ၏။

(၅)

မိုးသည် အတော်ကလေး ရွာချလိုက်ရ၍ ပင်ပန်းသွားဟန်ဖြင့် လုံးဝ အနားယူရပ်စဲသွားလေပြီ။ ပတ်ဝန်းကျင် တွင် ဖားအော်သံနှင့် ပုရစ်ကလေးများ အော်သံက ပြန်၍ မင်းမူလာသည်။ အချိန်ကား ခုနှစ်စင်ကြယ်ပြောင် အမြီးထောင် သည့် သန်းခေါင်သို့ပင် ရောက်နေပေပြီ။ ကိုသံချောင်ကား တစ်ချက် တစ်ချက်တွင် အိပ်ငိုက်နေ၏။

'ဟေ့ ဘယ်သူလဲ၊ ရပ်လိုက် ...'

သည်အသံက တိတ်ဆိတ်သော ညသန်းခေါင်ယံ အသံကို ပဲ့တင်ရိုက်လိုက်သည်။ ကိုသံချောင်း၏ မျက်လုံး များသည်လည်း ရုတ်တရက်ပွင့်လာစဉ် သူ့ဘေးမှ စစ်သားကလေးက သေနတ်ဖြင့် လှမ်းချိန် ထားသည့် နေရာသို့ စူးစမ်းကြည့်ရှုလိုက်၏။သြော် မှောင်မည်းမည်းတွင် မသဲမကွဲ ရပ်နေသော လူတစ်ယောက် သဏ္ဍာန်။

'ရန်အောင်'

သူ့ဘေးမှ စစ်သားကလေး၏ အမေးကို မှုန်မွှားမွှားသဏ္ဍာန်က ပြန်ဖြေ၏။ သို့သော် သူ့ဖြေသံမှာ စစ်သံနှင့် ဒေါမာန်ပါပါဖြေလိုက်ခြင်း ဖြစ်သောကြောင့် သူတို့၏ လျှို့ဝှက်ထားသော အမှတ်အသားကို နားမလည် ထားသည့် ဘေးလူအဖို့ဆိုလျှင်မူ "ရောင်"ဟူ၍ ကြားလိုက်ရပေ သည်။

တစ်ဖက်ကင်းတဲမှ စစ်သားတစ်ဦးသည် ကင်းတဲဝ၌ရပ်ကာ 'ဗိုလ်လေးဘယ်မှာလဲ'ဟု မေးလိုက်၏။ ကိုသံချောင်း ၏ ဘေးနားမှ စစ်သားကလေးက 'အိပ်နေတယ်ကွ'ဟု ပြောလျက်၊ တစ်ဆက်တည်း 'ဘာလုပ် မလို့လည်း' ဟု ပြန်လှန်မေးခွန်း ထုတ်လိုက်၏။

'ကင်းတဲရှေ့နား တစ်ဖာလုံလောက်ဝေးတဲ့ ချုံပုတ်တွေဆီက ခွေးဟောင်သံ ကြားတယ်ကွ၊ ပထမ ငါလည်း အမှတ်မဲ့ပဲ နေလိုက်တယ်၊ နောက်ခွေးဟောင်သံ ၁၅ မိနစ်လောက်ကြာအောင် မရပ်ဘဲ စူးစူးဝါးဝါး ဟောင်နေလို က မသင်္ကာတာနဲ့ မီးကျည်ပစ်ပြီး ကြည့်ရအောင်လို့ ဗိုလ်လေးကို လာတိုက်ပင်တာ'

ထိုအချိန်တွင် "ဒိုင်း"ခနဲ မြည်ဟည်းသွားသော သေနတ်သံတစ်ချက် ထွက်ပေါ်လာကာ ကျည်ဆန်မှာ သူ့တို့ အထက်မှ 'ရွှီး'ခနဲ ဖြတ်ကျော်သွား၏။ တစ်ချိန်တည်းပင် လူတစ်ယောက် အော်ဟစ် ပြောနေသော အသံ ကို ကြားရ၍ သူတို့ နားစွင့်နေ၏။

'ဟေ့ သခင်နုရဲ့ ခွေးတွေ၊ လက်နက်ချပါတော့လား၊ နင်တို့ တောလည်း မဆင်းရဲဘဲနဲ့ မြို့ထဲတွင်ပိတ်ပြီး ငါးပိ ငံပြာရည်တောင် မစားရဘဲ ငတ်ပြတ်နေပြီ မဟုတ်လား'

အမှန်က ဒါလည်း မဆန်းတော့ပါ။ ၀ါးတန်းရှိ ကေအင်ဒီအိုများ ပျင်းပျင်းရှိလျှင် သည်လိုပင် ချောင်းမြောင်းလာရောက်ပစ်ခတ်ပြီး ဒီလိုပဲ ပြောနေကျဖြစ်ပါသည်။ ကိုသံချောင်း၏ ဘေးနားမှ စစ်သား ကလေး က မြေကတုတ်ကို အကာကွယ်ယူ၍ အသံကြားရာကို မှန်းပြီး 'ဒိုင်း ဒိုင်း'ဟု နှစ်ချက်ဆင့် တုံ့ပြန် လိုက်၏။

ဤသေနတ်သံကြောင့် ကင်းတဲတွင် အိပ်ပျော်နေသော ဗိုလ်လေးဆိုသူလည်း နိုးလာလေပြီ။ သူတို့က အကျိုး အကြောင်း ပြောပြလိုက်သည်နှင့် တစ်ပြိုင်နက် ဗိုလ်လေးသည် မီးကျည်ပစ်သော ခြောက်လုံးပြူး သေနတ်ပုံနှင့် ခပ်ဆင်ဆင်တူသည့် သေနတ်ကို ဆွဲထုတ်ကာ မီးကျည်ထည့်၍ အပေါ်သို့ မြှောက်ကာ ပစ်ဖောက် လိုက်၏။

"ဖောင်"ခနဲ မြည်ဟည်းသွားသော အသံနှင့်အတူ သူတို့ရှေ့နား တစ်ဝိုက်ဆီ တွင်လည်း လင်းထိန်နေ၏။ သူတို့ သည် မြေကတုတ် အကွယ်မှနေ၍ သူတို့ရှေ့တည့်တည့် အလင်းရောင်  လဟာပြင်နှင့် ချုံပုတ် ကလေး များပါမကျန် စေ့စေ့စပ်စပ် ရှာဖွေကြည့်ရှု ကြသော်လည်း မည်သည့်သတ္တ၀ါ တစ်ဦး တစ်ယောက် ကိုမျှ မတွေ့ရချေ။ ၅ မိနစ်ခန့် အကြာတွင် မီးကျည်သည် မှိန်သွားရာ ပတ်ဝန်းကျင်ကိုလည်း အမှောင် က ပြန်၍ မင်းမူလိုက်တော့သည်။

ကိုသံချောင်းကား သူ့အလှည့်ကုန်ဆုံးပြီဖြစ်သော်လည်း သည့်လောက်ခြင်ကိုက်လှသည့် အထဲတွင် အိပ်၍ ရမည်မဟုတ်သဖြင့် ငုတ်တုတ်ပင် ထိုင်နေ၏။ ဗိုလ်လေးဆိုသူလည်း ပြန်၍ မအိပ်တော့ဘဲ သူတို့ဘေးနား၌ ထိုင်ကာ စီးကရက်တစ်လိပ်ကို ထုတ်ယူပြီးနောက် မြေကတုတ် အကွယ်၌ မီးညှိသောက်ရှုနေ၏။

'ဦးကြီးကအရင် ဘယ်မှာ နေသလဲ'

ဗိုလ်လေးက ထိုင်နေရမှာ ပျင်းသည့်ဟန်ဖြင့် သူ့အား စကားစတင်ကာ မေးမြန်းလိုက်၏။

'အကြော်ရွာမှာ နေပါတယ်'

'အို.... နီးနီးလေးပါလား၊ ဦးကြီးတို့တော့ ကိုယ့်ရွာကိုယ် သိပ်ပြန်ချင်မှာပဲနော်၊ ကျွန်တော်တို့ကလည်း ဆင်းတိုက်ချင်ပါရဲ့၊ ဒါပေမဲ့ အထက်အမိန့်က မရတော့ ခက်တယ်၊ ဦးကြီးက လယ်သမား ထင်ပါရဲ့...'

'ဟုတ်ပါတယ် ဗိုလ်ကလေးရယ်၊ လယ်သမားပါပဲ၊ ကိုယ့်ရပ်ရွာ ပြန်ချင်တာတော့ မပြောနဲ့တော့ ဗိုလ်လေး ရယ်၊ ဒီမှာက အလုပ်မရှိ အကိုင်မရှိနဲ့ ဆန်ကွဲတောင်မှ နပ်မှန်အောင် မစားရတော့ ခက်သားပဲ'

'အေးဗျာ.. တောက ဒုက္ခသည်တွေရဲ့ အဖြစ်ဟာ အတော့ကို ဆိုးဝါးတယ်နော်၊ ဒါပေမဲ့ အားမငယ်ပါနဲ့ဗျာ၊ တပ်မတော် ထဲက အများစုဟာ ခင်ဗျားတို့လို လယ်သမား၊ ယာသမား၊ အလုပ်သမားတွေရဲ့ သားသမီး တွေမို့ တစ်နေ့တခြား ပြတ်သားလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးမှာ နောက်ဆုံးတစ်နေ့ ကျွန်တော် တို့ဟာ ခင်ဗျားတို့ဘက်ကသာ ရှိနေမယ်ဆိုတာ ယုံပါ။ မြန်မာ့နိုင်ငံရေးဟာ အရောရောအထွေးထွေးနဲ့ ရှုပ်ထွေး နေတယ် ဆိုပေမဲ့ အမှန်ကတော့ ပြည်သူအင်အားစုနဲ့ နယ်ချဲ့လက်ဝေခံ အင်အားစု ဒီနှစ်ခုပဲ ရှိပါတယ်၊ ဘယ်ဟာက ပြည်သူ့ဘက် တော်သား၊ ဘယ်ဟာက နယ်ချဲ့အရင်းရှင် နောက်လိုက်ဆိုတာလည်း တဖြည်းဖြည်း ပြတ်သားလာ ပါပြီ။ ခင်ဗျားတို့လည်း သိပ်မစောင့်ရတော့ပါဘူး။ ဟိုတုန်းက ရောကျော် ဆရာတွေ၊ လူ့ပဲပြားတွေဟာလည်း အခုအချိန်မှာ မရောနိုင်တော့ပါဘူး။ လမ်းနှစ်ခုက ရှင်းနေပါပြီ၊ ဘယ်သူ ဟာ ဘယ်လမ်း သွားနေတယ်ဆိုတာ ကျွန်တော် မြင်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ ခင်ဗျားတို့ ဘက်မှာသာ ရှိတယ်ဆိုတာသာ စိတ်ချထားပါ'

ပထမတော့ ဗိုလ်လေးသည် ခပ်အေးအေး ပြောနေရာမှ ပြောရင်းပြောရင်း စိတ်ပါလာသလိုလို သူ့အသံ မှာ ဒေါသကလေး ရောစွက်လာ၏။ စကားအဆုံးစီကရက်ကို ဖွာရှိုက် လိုက်ရာတွင် ရဲခနဲဖြစ်သွားသော စီးကရက် မီးရောင်ဖြင့် သူ၏ သွေးရောင်လျှမ်းနေသော မျက်နှာကိုလည်း ကိုသံချောင်းမြင်လိုက်ရ၏။ ဒါကို ထောက် ၍ ဗိုလ်လေးသည် ၀တ်ကျေဝတ်ကုံ ပြောလိုက်ခြင်း မဟုတ်ဘဲ သူ့ယုံကြည်ချက်ကို စိတ်ပါလက်ပါ ထုတ်ဖျော် လိုက်ခြင်း ဖြစ်ကြောင်း ရှင်းနေပါပြီ။

ကိုသံချောင်းကား စကားမပြန်နိုင်လောက်အောင်ပင် ၀မ်းသာလုံးဆို့နေ၏။ ကြည့်စမ်း ... သူ့ချစ်တဲ့ သားကလေးတွေဆီမှာ သူ့မျှော်လင့်ခဲ့တဲ့ သစ္စာတရားကို တွေ့နေရပါပြီကော။ လယ်သမား၊ ယာသမား၊ အလုပ်သမား တွေရဲ့ သား တပ်မတော်ဟာ တစ်နေ့တခြား ပြတ်သားလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့ နိုင်ငံရေး မှာ ပြည်သူ့ဘက်တော်သား အဖြစ်နဲ့သာ တည်ရှိ မယ်ဆိုတာ စိတ်ချထားပါတဲ့။ ကျဉ်းမြောင်း လှတဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့သား မဟုတ်တဲ့ ကျယ်ပြန့်တဲ့ ၉၀ ရာခိုင်နှုန်း လယ်သမား၊ အလုပ်သမား တွေရဲ့ သစ္စာရှိသော သားအဖြစ်ကိုသာ ခံယူပါ့မယ်တဲ့...။ အို.. လူကလေးရယ်။

သူသည် ၀မ်းသာလွန်းလို့ မျက်ရည်များပင် စို့လာရှာသည်။ နှစ်ပေါင်းများစွာက ကွဲကွာနေသော သားကြီး အား ရုတ်တရက် ပြန်တွေ့လိုက်ရသကဲ့သို့ သူမှာ ခံစားနေရသည်။ သူသည် ရိုးတွင်းချဉ်ဆီမှ စိမ့်တက် လာသော ပီတိဖြင့် ကြည်နူးနှစ်သိမ့်စွာ ကောင်းကင်ပြင်သို့ မော်ကြည့်လိုက်ပါ၏။ မိုးသားများ ကင်းစင် သွား၍ ကြည်လင်စ ပြုနေသော ကောင်းကင်ပြင်မှာတော့ ကြယ်နီသည် တလက်လက်နှင့် တွန်းတောက် နေပါပြီကော။

အား... ကြယ်နီ. ..။

တစ်နည်းအားဖြင့် မိုးသောက်ကြယ်။ သူ ထွက်ပေါ်လာလျှင် တမိုးသောက်လို့ အလင်းသို့ ရောက်မည့် အချိန်မှာ မဝေးတော့ကြောင်း စိတ်ချထားနိုင်ပါသည်။ အဝေးမှ ပျံ့လွင့်လာသော ကြက်ဦး တွန်သံ ကလေးနှင့် ဘုရားကျောင်းမှ အုန်းမောင်းခေါက်သံက သည်အယူအဆကို တိုး၍ ခိုင်မာစေသည်။ သြော်... ညဦးယံကွယ်ပျောက်လို့ အလင်းသို့ ရောက်လုပေါ့။ သို့သော် အလင်းရောင် ပေါ်ခါနီးမှာ အမှောင်ဆုံး ဖြစ်သော ဆိုတဲ့ စကားအရ လင်းလုခါနီး အချိန်မို့ အမှောင်ဆုံးကို ရင်ဆိုင်ရဦးမယ် ဆိုတာ ကိုတော့ ကိုသံချောင်း သိ မှ သိပါလေစ။

-----------

ကြယ်နီ ( ကိုတံငါ)

Wednesday,August,18,2010

[ ရွှေဇင်ဦး ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


Wednesday, 28 August 2019

#ကံစမ်းမဲ #ယဉ်ယဉ်နု ( မန္တလေး)

#ကံစမ်းမဲ 

#ယဉ်ယဉ်နု ( မန္တလေး) 

စုလှိုင် တဖွဲဖွဲရွာနေတဲ့ မိုးရေတွေကို ငေးရင်း စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ မိုးတစွတ်စွတ် ရွာနေသော ဒီလို ညမျိုးတွေကို စုလှိုင် မုန်းသည်။ တာဝန်ချိန်က ည ကိုးနာရီထိုးမှ ပြီးမည်မို့ နာရီကို လှမ်းကြည့်လိုက်တော့ ရှစ်နာရီ ကျော်ကျော်လေးတင် ရှိသေးတာမို့ လိမ်တွန့်ပျင်းရိစွာ အညောင်းဆန့်လိုက် မိသည်။ သူတို့ အဖွဲ့ခေါင်းဆောင် ကိုရေခဲကတော့ တစ်ဖက်စားပွဲမှာ အအေးတစ်ပုလင်းနှင့် ငြိမ့်နေသည်။ တစ်စားပွဲတည်း မျက်နှာချင်းဆိုင် ထိုင်နေသော လွင်လွင်နှင့် သက်မာကို ကြည့်ရတာ လည်း အိမ်ပြန်ချင်နေသည့် ပုံနှင့် ငြီးငွေ့ပင်ပန်းစွာ။ ဒါပေမဲ့ မတတ်နိုင်၊ ကိုယ် ရွေးချယ်ခဲ့သည့် လုပ်ငန်းပေပဲ။

ယောက်ျားသားတွေ အများအပြား ဖွာရှိုက်ကြသည့် စုလှိုင်တို့ ကုမ္ပဏီပိုင် ပစ္စည်းကို လူစည်ကားရာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ရောင်းအား မြှင့်တင်ရေး ဝန်ထမ်းဘဝနှင့် စုလှိုင် လုပ်သက်ကြာခဲ့ပြီ။ ကနေ့ စားသောက်ဆိုင်ထဲ အရောက် မိုးက သည်းလာ၍ ဘယ်လိုမှ ထပ်သွားစရာ မလိုတော့။ အနေအေးလွန်း၍ စုလှိုင်တို့က နာမည်ပြောင် ကိုရေခဲဟု ခေါ်သည့် အဖွဲ့ခေါင်းဆောင် ဆရာကလည်း ကုမ္ပဏီက လာကြိုမည့် ကားကို ဖုန်းဆက် ခေါ်ပြီးပြီ။ စုလှိုင် ငေးငေးငိုင်ငိုင်နှင့် မိုးရေတွေ မှန်ပြတင်း အပြင်ဘက်ကနေ စီးကျနေတာ ငေးကြည့်ရင်း ကိုးနာရီထိုးရန် စိတ်စော စောင့်မျှော်နေဆဲ။

“မိန်းမရေ၊ မင်း မောင့်ကို မချစ်ပါဘူးကွာ”

ဟု အသံပြဲကြီးနှင့် တစ်ဖက် ထောင့်စားပွဲက လှမ်းအော်လိုက်သံ ကြားတော့ စုလှိုင် အလန့်တကြား လှည့်ကြည့်မိ လိုက်သည်။ တစ်ဆက်တည်းမှာလည်း နှာခေါင်းလေးကို ရှုံ့လိုက်မိသည်။ စားပွဲမှာတော့ ဝရုန်းသုန်းကား ဖြစ်နေပြီ။ အရက်အမူး လွန်နေသည့် အရက်သမား တစ်ယောက်က ခေါင်းတယမ်းယမ်းနှင့် အော်ဟစ်နေသည်။ ကျန်သည့် အပေါင်းအသင်း လေးငါးယောက်ကလည်း မျက်နှာနီနီ ထူအန်းအန်းတွေနှင့်၊ မူးယစ်သံတွေနှင့် နှစ်သိမ့်ဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာ တွေ့နေရသည်။ ဒါပေမဲ့ လူကျဲပါးနေသည့် စားသောက်ဆိုင်ထဲမှာ စုလှိုင်တို့ လေးယောက်နှင့် ဒီဝိုင်း တစ်ဝိုင်းတည်း ရှိတော့ အော်သံဟစ်သံတွေက မကြားချင်မှ အဆုံး။

“မင်းတို့ ဘာသိလဲ။ မင်းတို့ ဘာသိလဲ။ ငါ့မိန်းမက ငါ့ကို မချစ်ဘူးကွ။ ဂရုလည်း မစိုက်ဘူး”

“ဟုတ်ပါဘူးကွာ။ ငါတို့ သိသလောက်တော့ မအေးဟာ အိမ်ထောင် တာဝန်လည်း ကျေပါတယ်”

“ဘာကျေတာလဲ။ ဘာမှ မကျေဘူး။ ဒီမှာ ဟေ့ကောင်၊ မိန်းမ တစ်ယောက်ဟာ ထမင်းချက်တတ်ရုံနဲ့ မပြီးဘူးကွ။ ယောက်ျား ဘာကြိုက်တတ်လဲ သိရမယ်။ ဘာမှ အသုံးမကျဘူး။ ငါ ဘာကြိုက်လဲ မသိဘူး။ မိန်းမရေ၊ မင်း ငါ့ကို မချစ်ပါဘူးကွာ”

မိုးသည်းလို့ စိတ်ပျက်နေတဲ့ စုလှိုင်တော့ သေသာ သေချင်တော့တာပဲ။ ဘယ်မှလည်း ထသွားလို့ မရတော့ အရက်မူးသမား စကားတွေ၊ ဗလုံးဗထွေး အော်ဟစ်နေကြတာတွေ သည်းခံပြီး နားထောင်နေရသည်။ ဆရာ ကိုရေခဲကလည်း အအေးပင် မသောက်နိုင်ဘဲ ငေးကြည့်နေတာကို လွင်လွင်နှင့် သက်မာတို့က လက်တို့ပြပြီး ရယ်နေကြသည်။

“မိန်းမ၊ မင်း မောင့်ကို မချစ်ပါဘူးကွာ”

အရက်သမားထုံးစံ ထပ်တလဲလဲ အော်နေတာ စုလှိုင် အတော် နားငြီးလာစဉ် သူ့လိုပဲ နားငြီးလာပုံရသော အရက်ဝိုင်းက သိပ်မူးသေးပုံ မရသည့် လူတစ်ယောက်က ထလာပြီး စုလှိုင်တို့ဆီ တည့်တည့်ကြီး လျှောက်လာသည်။ လွင်လွင်က ဖျတ်လတ်နိုးကြားစွာ ကုန်ပစ္စည်း ဂျပ်သေတ္တာကို ဖွင့်ပြီး ကုန်ပစ္စည်း တစ်ခုကို နှိုက်ယူရင်း-

“ကျွန်မတို့ ကုန်ပစ္စည်းကို အသုံးပြုပါရှင်”

ဆိုပြီး လက်ထဲကို ထိုးထည့် ပေးလိုက်သည်။ ထိုသူက လိုက်လိုက်လျောလျောနှင့် …

“ကံစမ်းမဲ ပါသလား ညီမ”

“ပါ ပါတယ်ရှင်၊ ဒီမှာ ဦးထုပ်နဲ့ တီရှပ်ပါ”

အလုပ်ကိစ္စ ဆိုတော့ စုလှိုင် မပျင်းတော့။ ဖျက်ခနဲ ထရပ်မိချိန်မှာ တစ်ဖက်စားပွဲက ကိုရေခဲလည်း ထလာသည်။ ထိုသူက အရက်ဝိုင်းဘက်သို့ လှည့်၍-

“ဟေ့ ... ကိုလတ်။ ဒီမှာ ငါ စိတ်ကူးတစ်ခုရလို့ ဒီကိုလာဟေ့”

ဟု လှမ်းခေါ်သည်။

“ဘာလဲကွ၊ ဘာလဲ” ဟု မေးသံ၊ ဒယီးဒယိုင် လျှောက်လာသော ခြေလှမ်းများနှင့် တစ်ပါတည်း ပါလာသော ချဉ်စူးစူး အနံ့ကြောင့် စုလှိုင် မသက်မသာ ဖြစ်နေစဉ် အရက်သမားက အနားရောက်လာသည်။ အမယ်လေး သူ့နောက်မှာ တစ်ဝိုင်းလုံး ထလာကြသည်။

“ဒီကုန်ပစ္စည်းကို ဝယ်ရင် ကံစမ်းမဲ နှိုက်ရမှာ။ တီရှပ်နဲ့ ဦးထုပ် ရမှာတဲ့ကွ”

“ဘာလဲ ဦးထုပ် ဟုတ်လား။ ဦးထုပ် ၊ ဦးထုပ် ဆိုရင် ငါ့သားက သိပ်ကြိုက်တာကွ”

“အေး … မင်း နှိုက်”

“ဟင် … ဘာလို့ နှိုက်ရမှာလဲ”

“ဒီလိုလေ ငါတို့လည်း နားငြီးလှပြီ။ ဦးထုပ်ပေါက်ရင် မင်းသားက မင်းကို ချစ်လို့။ တီရှပ်ပေါက်ရင် မအေးက မင်းကို ချစ်လို့”

“မချစ်ဘူး။ မချစ်ဘူး။ အေးက ငါ့ကို မချစ်ဘူး”

အရက်သမားက မမျှော်လင့်ဘဲ ဟီးတိုက် ငိုချလိုက်လို့ သူတို့အုပ်စု တစ်ခုလုံး အလုပ်ရှုပ်သွားကြသည်။ စုလှိုင်ခမျာ စိတ်ညစ်လှပြီ။ စားသောက်ဆိုင် နံရံက နာရီကို လှမ်းကြည့်မိတော့ ကိုးနာရီ ထိုးတော့မှာမို့ တီရှပ်က တစ်မဲတည်း ပါ၍ ပေါက်ရန် အလွန်ခက်ခဲတာ သတိရမိသည်။ စိတ်ချဉ်ချဉ် ရှိသည်နှင့် ဒီအရက်သမားကြီး မပေါက်ပါစေနဲ့တော်ဟု စိတ်ထဲက ဆုတောင်းမိသည်။

“နှိုက် …. နှိုက်”

ဆိုသည့် အသံတွေ ပြန်ပေါ်လာပြီး အရက်သမားက ကြုံရာမဲလိပ် တစ်လိပ်ကို နှိုက်ပြီး အနီးဆုံး စုလှိုင် လက်ထဲကို ထည့်လိုက်သည်။ စုလှိုင် မြန်မြန် ဖွင့်ကြည့်လိုက်ပြီး ပါးစပ် အဟောင်းသား ဟသွားသည်။ ကိုရေခဲက-

“စုလှိုင် ဘာပေါက်မဲလဲ ပေးစမ်း”

ဆိုပြီး ကံစမ်းမဲလိပ် ကလေးကို စုလှိုင် လက်ထဲက ဆွဲယူလိုက်ပြီး ဖြန့်ကြည့်လိုက်သည်။

“အံ့ဩစရာပါပဲ ခင်ဗျာ။ လူကြီးမင်းရဲ့ ကံစမ်းမဲက ဒီနေ့အဖို့ ပထမဆုံး တီရှပ်ကို ပေါက်သွားပါပြီ”

ဆိုပြီး မဲလိပ်ကို စုလှိုင်လက်ထဲ ထိုးထည့်လိုက်သည်။

“ဆရာ” ဆိုသည့် စုလှိုင် အသံ တိုးတိုးလေးက နစ်မြုပ်သွားသည်။ အော်ကြသည့် အထဲတွင် ဝိုင်းမှလူတွေတင်မက စားပွဲထိုး ကောင်လေးတွေရော၊ လွင်လွင်နှင့် သက်မာပါ ပါနေတာကို စုလှိုင် မျက်လုံး အဝိုင်းသားနှင့် ကြည့်နေရသည်။ ဆရာ ကိုရေခဲက ပုံးထဲက တီရှပ်ကို အရက်သမားကြီးကို ပေးလိုက်တာ။

“အေးက ငါ့ကို ချစ်နေတာပါလား။ ကံစမ်းမဲက သက်သေပဲ ကြည့်စမ်း၊ ဒါကို ငါ ဘာလို့ အရင်က မသိရတာလဲ”

ဆိုပြီး အရက်သမားကြီး တုန်တုန်ယင်ယင် ဖြစ်နေတာ။

သူ့အဖော်တွေက အိမ်ပြန် … အိမ်ပြန်၊ အေးဆီပြန် ဆိုပြီး တွန်းလွှတ်လို့ တီရှပ်ကလေးကို အမြတ်တနိုး ရင်မှာပိုက်ပြီး ဆိုင်ကယ်ကို မိုးရွာထဲမှာ စီးထွက်သွားတာ။

အဲဒါတွေ အားလုံးကို စုလှိုင် ကြက်သေသေပြီး ငေးမောကြည့်နေမိသည်။ အရက်ဝိုင်းလည်း လူစုကွဲပြီး ပြန်ကြပြီ။ စုလှိုင်တို့ကို ကိုးနာရီထိုးတော့ ကားလာကြို၍ လွင်လွင်တို့၊ သက်မာတို့ ကုန်ပစ္စည်းပုံးတွေ သယ်ပြီး ကားဆီ လျှောက်သွားကြသည် အထိ စုလှိုင် ငိုင်နေဆဲ။ မဲလိပ်ကလေးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ။ ဆရာ ကိုရေခဲကို စုလှိုင် အဓိပ္ပါယ်ပါပါ စိုက်ကြည့်တော့ ဆရာက သက်ပြင်းချသည်။

“ဒီလို ပြဿနာမျိုးနဲ့ ဆရာ့ အဖေနဲ့ အမေ ကွဲခဲ့ကြတာ၊ ဆရာက မိဘမဲ့ ဘဝနဲ့ အဒေါ်နဲ့ ကြီးရတယ်။ ကနေ့ ဟို အရက်သမားကြီးရဲ့ သားကလေးကို စာနာစိတ်နဲ့ ဆရာ ကောင်းမှုတစ်ခု ပြုလိုက်တာပါကွာ”

ဆရာ ကိုရေခဲ ရှေ့မှ ထွက်သွားတော့ စုလှိုင် နောက်မှ လိုက်လာပြီး ကားပေါ်တက်ခါနီး အခုထိလက်ထဲမှာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် ဗလာ ကံစမ်းမဲ စာရွက်ကလေးကို မိုးရေစီးကြောင်းထဲမှာ မျောပါသွားစေရန် သေသေချာချာ လုံးခြေလွှင့်ပစ် လိုက်ပါတော့သည်။

-----------
ယဉ်ယဉ်နု (မန္တလေး)
ရုပ်ရှင် အမြုတေ၊ ဇွန်၊ ၂၀၀၇။

Credit*-မြန်မာဝတ္ထုတိုများ

SUNDAY, NOVEMBER 25, 2018

[ ရွှေမင်းသားဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]

#အဝေရာတော #နေဝင်းမြင့်

#အဝေရာတော

#နေဝင်းမြင့်

ကျွန်တော်တို့ အိမ်ရှေ့လမ်းသည် လမ်းတိုကလေးဖြစ်၍ ထိုလမ်းတို၏ တောင်ဘက်တွင် နှစ်ကွက်တွဲ ခေါ်ကြ သည့် ခြံကျယ်ကြီးတစ်ခြံရှိသည်။ ရပ်ကွက်က ထိုခြံကို အဝေရာတောဟူ၍ လည်းကောင်း၊ ပေလေးဆယ် ခြောက်ဆယ်မြေကွက် နှစ်ကွက်စာရှိ၍ နှစ်ကွက်တွဲဟူ၍ လည်းကောင်း ခေါ်ကြသည်။ မြောက်ဘက် လမ်းတိုနှင့် တောင်ဘက်လမ်းရှည် နှစ်လမ်းကို ထိပ်ချင်းတိုက်ကျယ် ပြန့်သော ထိုခြံကြီးက လူသူ လေးပါးနေထိုင်ခဲ့သည်မရှိဘဲ ရပ်ကွက်အတွင်း၌ ပုဆစ်တုပ်ထိုင်နေသည့်နှယ်ရှိ၏။

ခြံ၏အရှေ့ဘက်တွင် ရုံးတစ်ရုံးရှိသည်။ အနောက်ဘက်မှာတော့ လူနေအိမ်တွေရှိသည်။ ထိုရုံနှင့် လူနေအိမ် တွေက ၀ါးထရံကွက် စည်းခြားထားသဖြင့် သပ်သပ်ရပ်ရပ်ရှိသော်ငြား တောင်ဘက်နှင့် မြောက်ဘက် မှာတော့ ကျွဲစည်း နွားတား မရှိ။ တစ်ခါက စည်းရိုးဟောင်းရှိတန်ရာသော်လည်း၊ ခုတော့ ရှေးမြို့ဟောင်း ရာ၏ မြို့ရိုးပြိုသကဲ့သို့ ရေးတေးတေးသာ ရှိတော့သည်။

ခြံ၏မြောက်ဘက်ကျကျ (ကျွန်တော်တို့လမ်းနှင့်နီးနီး)တွင် ဟောင်းမြင်းလှပြီဖြစ်သော အိမ်တစ်လုံးရှိ၏။ အိမ်၏ အလုံးအထည် မယွင်းသေးသော်လည်း ပုစဉ်းပျံဘယ်တိုင်ဖျား နားရပါ့မယ် ဆိုသကဲ့သို့ ပုစဉ်းနား လျှင်ပင် ပြီးတော့လေမလားထင်ရသည့် အိမ်ကလေးဖြစ်သည်။ ဆောက်ကာစတုန်းကတော့ သစ်ကောင်း ၀ါးကောင်း အိမ်ကောင်းရာကောင်းကလေး ဖြစ်ပုံရသည်။ ရေနံရည်ဝအော် သုတ်ထားသဖြင့် ပိုးပုရွက်တို့ မကျူးကျော် နိုင်ကြဘဲ အဝေရာတောကြီးအတွင်း ထီးထီးကြီး ရှိနေနိုင်ခြင်းဖြစ်၏။

ခြံကြီးတစ်ခြံလုံး ပိတ်ပိတ်သည်းသည်း ပေါက်နေကြသော အဝေရာပင်များကြောင့် အဝေရာတော ခေါ်ကြ သကဲ့သို့ ထိုအိမ်ကိုလည်း အဝေရာအိမ်ဟု ခေါ်ကြပါ၏။ အိမ်ကကြီးလှတာတော့မဟုတ်။ ကပ်မိုးထရံကာ ဖြစ်၍ ထူးခြားသည့်အချက်မှာ တောင်လှည့်လား၊ မြောက်လှည့်လား မြေကြီး လက်ပုတ် မပြောနိုင် ကြခြင်း ဖြစ်သည်။
ကျုပ်တို့တွေ့ဖူးသလောက်တော့ တောင်ဘက်နဲ့မြောက်ဘက်မှာတော ဈေးဆိုင်တွေလို မတ်တတ် မြေစိုက် ကဲလားကြီးတွေလို တံခါးတွေဗျ။ တောင်ဘက်မှာ နှစ်ချပ်၊ မြောက်ဘက်မှာ နှစ်ချပ်ရှိသည်။ ကဲလား တံခါး လေးချပ် ကို ၀ါးလုံးလေးလုံးနဲ့ ထောက်လိုက်ရင် ဟာလာဟင်းလင်း ပွင့်သွားတာမျိုး။

သည်ရပ်ကွက်ကို ပန်းသုန်းပင်ပန္နက်စိုက်ကြပြီဆိုကတည်းက ရောက်နှင့်နေသော ကောက်ညှင်းပေါင်း သည်ကြီး ဒေါ်ရွှေက ပြောပြသဖြင့်သာ အနုမာနအားဖြင့် ဆု၍ သိကြရသည် ဖြစ်ရာ ကျွန်တော့် မျက်စိ ထဲတွင် ဆင်တင်းကုပ်ကိုသာ မြင်နေမိလေ၏။

ကျွန်တော်တို့မိသားစု မြို့သစ်ကို ရောက်လာစကတည်းက သည်ခြံကြီးမှာ လူသူ လေးပါး နေထိုင် ကြတာမျိုး မရှိခဲ့။ အိမ်ကလေးသည်လည်း လေးဖက်ချ အလုံပိတ် ငုတ်တုတ်အိပ်တ်သကဲ့သို့ရှိ၏။ အဝေရာ ပင်ကြီးတွေက ကြီးသည်ထက်ကြီးလာကြသည်။ တစ်နှစ်တစ်ခါ အစေ့ကျကြရာက ဖြစ်ရသော နောက်ပွားပင် တွေကလည်း သိပ်သည်းသည်ထက် သိပ်သည်း၊ မြင့်သည်ထက်မြင့် ရင့်သည်ထက် ရင့်ကြရာက အပင်ချင်း နေရောင်လုကြသည့်နှယ် ကောင်းကင် တိမ်ညွန့်ကိုပင် မီလုမီခင်။ တစ်နေရာတည်း ၌ သစ်ပင်တွေက ညွန့်ညွန့်ကြီး သန်ကြလှ၍ အိမ်ကလေးသည် ဟောင်းရာမှဆွေး၊ ဆွေးရာ မှ မြေ့၊ မြေ့ရာမှ ကြွေတော့မလို ရွရွကလေး တည်နေသည်ဖြစ်ရာ တစ်ခါက အားကြီးခဲ့ဖူးသော အကြောင်းသည် ပျောက်လုလုဖြစ်နေသည်။

"နေပါဦးပွဲစားကြီးရဲ့၊ သည်နှစ်ကွက်တွဲကြီးက ဘယ်သူပိုင်တာတုန်း ဘယ်သူမှလည်း ၀င်တာထွက်တာ မတွေ့ရပါလား"

ကျွန်တော်တို့အိမ်ကို အကြောင်းဟိတ်ပေါင်းစုံဖြင့် ရောက်လာကြကုန်သော လူသူတော်ကောင်း များစွာ တို့အနက် အိမ်မြေပွဲစား ဦးသာဂရလည်း တစ်ဦးပါသည်ဖြစ်၍ တစ်ရက်မှာတော့ မှတ်မှတ်ရရ မေးဖြစ် ပါသည်။

ဦးသာဂရသည်လည်း လူပုဂ္ဂိုလ်အားဖြင့် လွန်စွာ အထနှေးလှသူ မင်းသကျ(မင်းသားကျ)ဆိုသော်ငြား မြို့သစ် မြေပုံ နှင့် ပတ်သက်လျှင် သုံးခွက်တစ်ခွက်တင် အနှစ်ကျအောင် သောက်ဖူးသူဖြစ်၏။ အများတကာ အိမ်မြေ ပွဲစားတွေလို လက်ကိုင်ဖုန်း ခါးချိတ်မရှိ၊ တရုတ်ဆိုင်ကယ်မရှိ၊ မြေပုံမိတ္တူမဆောင်၊ မှင်ဂိုက် မကောင်းလှသူ ဆိုသော်လည်း မြို့သစ် ရွှေကြိုးသတ်နယ်အကွင်း မြေအရောင်အဆင်းနှင့်တကွ သိသူ ဖြစ်သည်။ သို့သော် သည်နှစ်ကွက်တွဲခြံနှင့် အိမ်အကြောင်းကိုတော့ အလီမရသော ကျောင်းသားကဲ့သို့ ၀ိုးဝိုးဝါးဝါး ရှိလေ၏။

"ကျုပ်ကဟောဟိုနားက မြေဖြူလို့ မြေပုဏ္ဏား၊ ဟောသည်နားက မြေနီလို့ မင်းမြေ၊ အဲဟိုနားက မြေမည်း လို့ မြေကျွန် စသည်ဖြင့် ပကတိမြေလည်း သိတယ်။ ကေသပံသုသလောက မြေလည်းသိတယ်။ လခြမ်းမြေ၊ အိုးကင်းမှောက်မြေ၊ စည်မျက်နှာမြေ၊ နဂါးကျစ်မြေစသည်ဖြင့် မြေမျက်နှာပြင်ကအစ သိပါရဲ့၏။ နို့ပေမယ့် ဟောသည်အိမ် နဲ့မြေကို မသိဘူးဗျာ။ ငယ်စာရင်းမကောက်နိုင်ဘူး ဖြစ်နေတယ်။

ပွဲစားကြီး ဦးသာဂရက အိမ်လွတ်ခြံလွတ်တွေ ရပ်ကွက်တကာ လိုက်ကြည့်တတ်သူဖြစ်၍ တစ်ရက် ကျွန်တော် တို့ လမ်းတွင်ရောက်သခိုက် ကျွန်တော်မေးကြည့်ခြင်းဖြစ်သည်။ ခင်ကာစက မေးထုးကြာပစ် နှုတ်ဆက်ကြ ရုံသာဖြစ်၍ နောက်တော့လည်း ထီးကောက်ကြီး ပခုံးချိတ်ရင်း ကျွန်တော်တို့အိမ်ကို ရောက်လာလေ့ ရှိသည်။ စာရေးဆရာတို့ကာ အလုပ်မည်မည်ရရ မရှိကြရှာသော လူအားများဟု မြင်ပုံ ရသဖြင့်လည်း ရောက်လာသည့်အခါတိုင်း မြစ်ကမ်းပါးခြေ၌ ကျောက်ချသော နှစ်ပင်တိုင်ရှေးလှေကြီးကဲ့သို့ ရှိလေသည်။

(၂)

တလောက မြေဈေး၊ အိမ်ဈေးတွေ လှုပ်လာသည့်အခါ ကျွန်တော်တို့ လမ်းတိုကလေးထဲမှာ ပွဲစားတို့ စီးလာကြသော တရုတ်ဆိုင်ကယ်တို့ ဒရိန်းပြကြသည့်နှယ် အုတ်အာသောင်းလာ ရှိလာကြသည်။ ပိုင်ရှင် မသိဘဲ အဝေရာတောကို ၀င်တိုးကြသည်။ ဂီလာနအိမ်ကလေးကို မျက်လုံးဖြဲ၊ နှုတ်ခမ်းဖြဲ သမားကြည့် ကြည့်ကြ ကုန်သည်။ မြောက်က၀င်၍ တောင်ကထွက်ကြ၏။ တောင်က၀င်၍ မြောက်ကထွက်ကြ၏။ ပါလာကြ သမျှသော လက်ကိုင်ဖုန်းများဖြင့် အဋ္ဌတိဒိသာ အရပ်ရှစ်မျက်နှာသို့ ဆက်ကြသည်။

အဝေရာတောကို စန္ဒကူးတောနှယ် တပ်မက်သော မျက်လုံးများဖြင့် အနုလုံပဋိလုံ အဖန်ဖန် စောဒနာ ကြသည် လည်းရှိ၏။ ပြိုလုလု အဝေရာအိမ်ကိုလည်း သစ်ထီးသစ်မ၊ သစ်ဘီလူး သစ်နပုန်း ရုန်းရုန်းရင်းရင်း ကိုင်တွယ် ကြည့်ရှု အစစ်အဆေးပြု၍ ကာလတန်ကြေး မှန်းကြလေ၏။

သည့်နောက်တော့ ပြန်လည်ငြိမ်သက်သွားပြန်သည်ဖြစ်၍ အဝေရာတောနှင့် အဝေရာအိမ်သည်လည်း လေသလိပ်၊ သည်းခြေသုံးပါးပေါက်သော တူလာသရောနာ ရောဂါသည်ကဲ့သို့ တစ်ဖန်ရှိပြန်လေသည်။

"အိမ်တို့၊ မြေတို့မှာလည်း ကမ္မဇိဒ္ဓိရှိတာကိုး။ စာရေးဆရာကြီးရဲ့၊ ကမ္မဇကံကြောင့်ဖြစ်သော ဣဒ္ဓိတန်ခိုး ဆိုတာကောခင်ဗျ။ ကမ္မဇနဲ့ ဣဒ္ဓိပေါင်းတော့ ကမ္မဇိဒ္ဓိဖြစ်တယ်။ ကြားဖူးတယ် မဟုတ်လား"

"ကမ္မဇလေ တော့ ကြားဖူးပါတယ် ပွဲစားကြီးရဲ့"

"စာရေးဆရာနှယ် ကမ္မဇလေက သားဖွားအံ့မူးမူး မိခင်များ သားဖွားနိုင်အောင် တွန်းကန်ပေးတဲ့ လေဟာ ကောဗျ။ သည်အိမ်နဲ့ သည်ခြံကတော့ စာရေးဆရာပြောသလို ကမ္မဇလေတွန်းတာတောင် ခေါင်းပြုမည့် ပုံမပေါ်ဘူးဗျို့ ကမ္မဇိဒ္ဓိတော့ ဝေးကရော"

ပွဲစားတကာသို့ လန်ကျလောက်အောင် ငြိမ်သက်ခဲ့သော အဝေရာအိမ်နှင့် အဝေရာခြံကြီး လှုပ်လာသည့် နေ့သည် ၀ါခေါင်လ၏ ရက်တစ်ရက်တွင်ဖြစ်လေသည်။ ပိတ်ဆည်းသောင်းသည်း မျက်မည်း တောကြီး နှယ်ဖြစ်နေသော အဝေရာတောကိုဖြတ်၍ အဝေရာအိမ်တွင်နေထိုင်ကြမည့် လင်မယား တစ်စုံ ရောက်လာ ၍ဖြစ်သည်။ ပိုင်ရှင်မည်သူမည်ဝါ မသိရသော်လည်း သူ့ခြံတွင်း၌ ပွဲစားတကာတို့ တောဆင် ၀ါးတောနင်း သလို နင်းနေကြတာကို ကြားသွားပုံရပါ၏။

သံသေတ္တာတစ်လုံး၊ စားအိုးစားခွက် တစ်ဂျုံအိတ်စာ လက်တွန်းလှည်းတစ်စီးနှင့် ရောက်လာကြသူ တောစောင့်နတ်လင်မယားလည်း အိမ်ကလေး၏ ကဲလားတံခါးတွေကို အဝေရာလေးကိုင်းဖြင့် ထောင်ကာ မြွေခြောက်ခြင်း၊ ကင်းခြောက်ခြင်း ဦးစွာလုပ်ကြရသည်။ အိမ်ငါးပေပတ်လည်လောက်ကို ရှင်းကြရ၏။ ဘုရားစင်ရိုက် လုပ်ကြရ၏။ လက်တွန်းလှည်းက အဝေရာတောထဲတွန်း မရသဖြင့် မြောက်ဘက် လမ်းပေါ်တွင် ထားရသည်။ ကျွန်တော့်အိမ်နှင့်နီးသဖြင့် မနက်ဘက် လှည်းထွက်တိုင်းကျွန်တော်နှင့် ဆုံသည်။ လှည်းက အာတာပူစီလှည်း။ အရောင်းဆိုးထားသည့် သကြားကို အပူပေးကာ မွတ်မွတ် လှည့်ခြင်း ဖြင့် အမျှင်အမျှင်ထသော မုန့်တစ်မျိုးသည် ကမ္ဘာလောကမှ မျိုးတုန်းသွားပြီ ထင်ခဲ့ရာမှ ပြန်ပေါ် လာ သဖြင့် ကျေးဇူးတင် ရသေးသည်။

"နေပါဦး ကိုအာတာပူစီရဲ့ ခင်ဗျားတို့ကို ခြံရှင်သူဌေးက ထားတာလား"

"မဟုတ်ပေါင်ဗျာ။ သူဌေးလက်ခွဲက ထားတာပါ။ မရှိလို့သာ လာနေရတယ်။ ဘယ်အချိန်မြွေဝင်လာမလဲ ကြည့်နေရတာပါ။ လက်စနဲ့ဆရာကြီးရယ် ဆရာကြီးကို ကျွန်တော့်မိန်းမအပ်ခဲ့ပါရစေ။ အထဲမှာရှိပါတယ်"

"အထဲမှာ ဘာလုပ်နေတာလဲ"

"သန်းဥစမ်းနေလေရဲ့"

အာတာပူစီသည် သူ့မယားမနက်တိုင်း အပ်သဖြင့်လည်း ကျွန်တော့်မှာ ကြားထဲက မိန်းမစိုးဖြစ်နေရသည်။ အာတာပူစီသည်။ လင်မယားလည်း သိပ်တော့မကြာလိုက်ပါ။ ဘယ်လိုက ဘယ်လိုဖြစ်သည်မသိ။ အဝေရာတော က စွန့်ခွာကြလေ၏။ ကိုအာတာပူစီမယား အပ်မသွားလို့တော်သေးရဲ့ အောက်မေ့ ရတော့ သည်။

(၃)

ကိုအာတာပူစီမယား ပြောင်းသွားပြီး တစ်လကျော်ကျော်လောက်မှာ ကုလားမိသားစု တစ်စု ထော်လာဂျီ တစ်စီးနှင့် ပြောင်းလာကြပြန်လေသည်။ ထမီလ်နာဒူးပြည်နယ် တစ်ပြည်နယ်လုံး ပြောင်းရွှေ့လာကြသလို ကြီးစွာသော အသံကိုပြု၍ ရောက်လာကြသူများမှာ ပင်မင်းမိသားစုဟု နောင်အခါ သိလာရသည်။ 

ဆင်တင်းကုပ်နှင့်တူသော တဲကလေးထဲမှာ မြွေပါးကင်းပါး ကြောက်စရာမရှိ၊ ကုလားကြီး လင်မယားနှင့် ကလေး ဒါဇင်ဝက်တို့ အချင်းချင်းအော်ကြ၊ ပြောကြသံတွေကြောင့် မြွေနားပင်းတို့ပင် ပြေးလောက်ပြီ။

အဝေရာပင်အချို့ကို အ၀တ်လှမ်းတန်းပြု၍ တစ်နေ့တစ်နေ့ လှမ်းထားသော အ၀တ်များကလည်း လေသိမ်းတိုင်းလှ ကိန္နရီကသည့်နှယ် ရှိကြလေ၏။ ဇီရာ၊ ကရဝေး၊ ဖာလာ၊ မာလာကျိကျူစသော ဟင်းခတ် အမွှေးအကြိုင် တို့ဖြင့် အဝေရာတောကို ညှော်တိုက်ကြသည်လည်းရှိ၏။ တစ်ခါတစ်ရံ လင်မယား နှစ်ယောက် လျှော်ဖွပ်ရင်း ထသတ်ကြလေရာ ကလေးဒါဇင်ဝက်က နှဲကြီးခရာ တစ်ယောက်လျှင် နှစ်လက်စီ တာဝန်ယူမှုတ်ကြသကဲ့သို့ ချောက်ချားဖွယ်ကောင်းလှသော တောအော်သံကို ပြုကြသည်လည်း လွန်ရော ကျွံရော နှစ်ရက်ခြားတစ်ခါဖြစ်သည်။

မူရင်းနေထိုင်ကြသူ ဌာနေကုလားလင်မယားထံသို့ အခါအားလျော်စွာ စုရုံလာကြသော အာဂန္တုကုလားများ ရောက်လာသည့် အခါ အဝေရာသီးခြောက်များပင် တဖျောဖျောကြွေကြသည်။ အထိ တောကြီးခါလေသည်။

တစ်ရက် မှာတော့ ကျွန်တော်တို့အိမ်ကို မုန့်တွေလာပို့သည်။

"အရာကြီး တို့သည်မှာရှိတာ ၀မ်းသာတယ်။ လူသံသူသံ ကြားရတာပေါ့"

"ကျွန်တော်တို့ပြောင်းတော့မှာ ပွဲစားက အိမ်အကြီးကြီးပြောတယ် တကယ်လာနေတော့ အိမ်က ကလေး တွေ နဲ့ မဆန့်ဘူး"

"အိမ်ရှင်က ငှားတာ မဟုတ်ဘူးလား"

"ပွဲစားလေ သည်ကောင်ညစ်ပတ်တယ်။ ဘာကောင်းသလဲ"

တကယ်လည်း ဒိုဘီမိသားစုနှင့်ဝေးရပြီ။

(၄)

နှစ်လမရှိတရှိမှာ ရောက်လာကြသူတွေကတော့ ဆေးဆိုးပန်းရိုက်သမားတွေ၊ ဆေးပုံးတွေ၊ ဆေးခွက်တွေ၊ ဂျတ်စက္ကူတွေက အရင်ရောက်လာကြခြင်းဖြစ်ပြီး လူတွေက နောက်မှ ရောက်လာကြခြင်းဖြစ်၏။ မိန်းမသား တွေက အဝေရာတောထဲမှာပဲ ချက်ကြ၊ ပြုတ်ကြပြီး ယောက်ျားသားတွေက စွပ်ကျယ်တွေ တံဆိပ်ရိုက်ကြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပုံတွေ ပိတ်စမှာ ရိုက်ကြသကဲ့သို့ ချီဂွေဗားရား ပုံ တွေကိုလည်း ရိုက်ကြပါ၏။ ပြည်ထောင်စုမြန်မာနိုင်ငံ တော်အလံ အရွယ်ရွယ် အစားစား ကလည်း အဝေရာ တောထဲမှာ နေ့ကြီးရက်ကြီးလို တလွင့်လွင့်ရှိကြသည်။

ကျွန်တော်ကတော့ ပျင်းလျှင် သူတို့အဖွဲ့အလုပ်လုပ်သည့် နေရာကို ရောက်သွားတတ်သည်။ ကျွန်တော် တို့လမ်းဘက်တွင် ခြံစည်းရိုးမရှိတော့ ၀င်ချင်ထွက်ချင်တိုင်း ၀င်ရုံထွက်ရုံ။

"အလံတွေ တော်တော်ရိုက်ရတယ်နော်"

"ပြည်ထောင်စုနေ့နီးပြီလေဆရာရဲ့။ ဆရာကြီးတစ်လက် ယူသွားပါလား၊ အိမ်မှာ ထူရတာပေါ့။ ဟေ့… ဆရာ့ ကို တစ်လက်ပေးစမ်း"

အလံဆိုတော့လည်း မငြင်းသာ။ တစ်ယောက်က တစ်တောလုံးရဲအောင် လှမ်းထားသော အလံတွေထဲက တစ်လက်သွား ဖြုတ်ပြီး ကျွန်တော့်ကိုပေးသည်။ ကျွန်တော့်အဖို့ ကျွန်တော့်အသက်နှင့်အမျှ အလံ မရှိဘဲ နေခဲ့သူဖြစ်ရာ အလံတစ်လက်ကို ရလိုက်သဖြင့် ၀မ်းသာရသည်။

 တံဆိပ်ရိုက်ပြီးသား ဂျပ်စက္ကူချပ် တွေကို အိမ်ကလေးထဲမှာ မိန်းမတွေ ထုပ်ပိုးနေကြသည်။ အချိုရည်တံဆိပ်၊ မန်ကျည်းဖျော်ရည် တံဆိပ်၊ ခေါက်ဆွဲခြောက်တံဆိပ်၊ ကြာဆံတံဆိပ်၊ လက်ဖက်ခြောက်တံဆိပ်၊ ကန်ုအမှာကိုလိုက်၍ အဝေရာတော သည် အလံတော်ဖြစ်လိုက်၊ အချိုရည်တောဖြစ်လိုက်၊ စွပ်ကျယ်တောဖြစ်လိုက် လှပင်လှသေးတော့။သူ့ကိုလည်း တပေါင်းရယ်မှ တန်ခူးမြေ မနူးခင် မရှိကြပြန်တော့။

(၅)

ခြောက်လလောက်ကြာတော့ အလုပ်သမားအဆိုင်းတစ်ဆိုင်း ပြောင်းလာကြသည်။ သံချောင်းတွေ၊ သံနန်း တွေ၊ သံချည်သံကွေး၊ ခုံတွေ၊ တွင်ခုံတွေပင် ပါသေးသည်။ သည်တစ်ခါ ရောက်လာကြသူများသည် အင်္ကျီပင် မ၀တ်ကြသော လူကြမ်းများဖြစ်၏။ အိမ်ပြတင်းကပ် သံပန်းကွက်မှသည်သူဌေးခြံတံခါး ကနုတ် ကွေး သည်အထိ လုပ်နိုင်ကြသူတွေ ဖြစ်သည်။

ကွမ်းတွေစားကြတာကလည်း စက်နှင့်ကြိတ်နေသလား မှတ်ရသည်။ ဆေးပေါ့လိပ်သောက်ကြတာ ကလည်း သစ်စက်ခေါင်းတိုင်သာ ကြည့်တော့။ တကယ်တမ်း တစ်လက နှစ်လကြာတော့ ရပ်ကွက်နား မခံသာ ကြတော့ပြီ။ လူနေရပ်ကွက်အတွင်း အမိန့်ရ စက်မှုန်ဇုန်ကြီးတည်ထားသလို မီးစက်သံ တချုန်းချုန်း၊ သံပြား ထုသံ တ၀ုန်းဝုန်း၊ သံချောင်းထုသံ၊ တွင်ခုံကြိတ်သံတွေသာမက အတိုင်းအထွာ အဆဲအရေးတွေ များလာ ခဲ့သည်။

အဆိုးဆုံးက မီးစက်ကြီးဖြစ်၏။ ရှေးခေတ်သဘောင်္တစ်စီးစီးက ဖြုတ်လာဟန်ရှိသော မီးစက်ကြီးမှာ အရောင်ပင် မပေါ်တော့။ စက်ခုတ်သံကတော့ တန်တစ်ရာကျ ဆန်စက်လည်သံလောက် ကျယ်သည်။ သည် စက်ကြီး နှိုးပြီဆိုလျှင် တောင်ဘက်လမ်း မြောက်ဘက်ကကို ရွှေ့ခိုင်းကြသည်။ မြောက်ဘက် လမ်းသူလမ်းသား တွေက တောင်ဘက်ရွှေ့ခိုင်းသည်။ ဤသို့ဖြင့် မီးစက်ကြီးခမျာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ရပ်တည်ရာမရနိုင်ဘဲ လူအုပ်ကြီးက ၀ိုင်းရိုက်သည့် ခွေးပမာ အော်ရင်းဟစ်ရင်း ပတ်ပြေး နေရလေသည်။
ဘယ်နှယ့်တုန်း သံပန်းဆရာရဲ့။ ခင်ဗျားဝမ်းရေးနဲ့ ကျွန်တော့် ပရိယေသန ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါပကော။ ခင်ဗျားက ဆူပွက်နေမှ ကုန်ချောကျသလို ကျွန်တော့်အလုပ်က ငြိမ်သက်နေမှ ကုန်ချော ကျနေတာလေဗျာ"

သံပန်းစက်မှုလုပ်ငန်းရှင် ကိုသန်းဖေခမျာ တပူပူတဆူဆူ ချွေးတစ်လုံး သံတစ်လုံး လုပ်ကိုင် နေကြသည့် ကြားက ၀မ်းမလှရသည့်ကြား ရပ်ကွက်က တဆူဆူတအောင့်အောင့် ဆိုတော့ ပရိတ်သံ ကြားရသော မြေဖုတ်ပြိတ္တာ ပမာ စကြ၀ဠာအပြင်ထွက်ဖို့ ကြံရလေပြီ။

"ကျွန်တော်လည်း ပြောင်းတော့မှာပါ ဆရာကြီးရယ်။ ခြံငှားခ၊ အိမ်ငှားခက ဈေးတက်ယူ တော့မယ် ဆိုတော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူး"

"ဘယ်သူကလည်း ပိုင်ရှင်ကလား"

"ပိုင်ရှင် ကို မသိဘူး ဆရာကြီးရဲ့။ သူ့တပည့်ပွဲစားတွေနဲ့ တွေ့ရတာ"

သူတို့ ပြောင်းသွားကြတော့ ကိုသန်းဖေ မလွမ်း၊ စက်အိုကြီးကို လွမ်းမိသည်။

(၆)

ဤသို့ဖြင့် ဆင်တင်းကုပ်နှင့်တူသော ကဲလားလေးဖက်ချ အိမ်ကလေးထဲကို ဘ၀ပေါင်းစုံ လူပေါင်းစုံ ရောက်လာခဲ့ ကြလေသည်။ စုတ်စုတ်ကန်းကန်း ပြန်ထွက်သွားကြရသည်။ ကျွန်တော် သိသလောက် ဘယ်သူ မှ အဆင်ပြေရသည်မရှိ။ ပင်ပန်းဆင်းရဲကြခြင်းသာ အဖတ်တင်ကြသည်။ 

ပဲနှစ်ပြန်ကြော် သမား တွေလည်း ပြေးဖူးပြီ။ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်သမားလည်း ပြေးဖူးပြီ။ လက်ဘက်ခြောက်သမားတွေလည်း ပြေးဖူးပြီ။ သည်အိမ်ကိုငှားကာ ကျူရှင်ပြခဲ့သော ကျူရှင်ဆရာသည်ပင် အူမခြောက်ခင် ပြေးခဲ့ရသည်။ ထူးဆန်း တာက အဝေရာတောကြီး ပြုန်းသွားခြင်းဖြစ်၏။ တစ်ဦးလာ တစ်ခါခုတ် ဆိုတော့ တောလည်း မခံသာပြီ။

တစ်ရက်မှာတော့ ပျောက်ချက်သားကောင်းနေသော ပွဲစားကြီး ဦးသာဂရ ချွေးတွေသံတွေနှင့် ရောက်လာသည်။ ရေတစ်ခွက် မက်ရေစက်ရေသောက်ပြီးမှ အသာထိုင်သည်။

"ဘယ်နှယ့်တုံးပွဲစားကြီးရဲ့၊ အဝေရာအိမ်လူမမြဲပါလား၊ ငယ်စာရင်းကောက်လို့ မရသေးဘူးလား"

"ကျုပ်အထင်တော့ အိမ်က သစ်နပုန်းသား၊ သစ်ဘီလူးသားနဲ့ ဆောက်ထားတာ နေမှာပါဗျာ"

"ပိုင်ရှင်က ဘယ်သူတုံး ပွဲစားကြီးရဲ့"

"ပိုင်ရှင်ကလည်း ဘာထူးမှာတုံး စာရေးဆရာကြီးရဲ့ လူ့နပုန်း၊ လူ့ဘီလူးနေမှာပေါ့။ ဥပဒ္ဒ၀ခေါ်တယ် စာရေး ဆရာရဲ့။ ဥပမာ…ကပ်၍ …ဒ၀ ပူလောင်တာကို ပြောတာ။ ဥပါဒ်ပေါ့လေ။ ကြောက်စရာ ကောင်း သဗျ နော်"

ပွဲစားကြီးပင် ငယ်စာရင်းကောက်နိုင်သေးပုံမပေါ်။ ခပ်ဝေ့ဝေ့သာဖြေလေ၏။ တောလည်းပြုန်းပြီ။ အိမ်လည်း ဆွေးပြီ။ ပိုင်ရှင်ကတော့ လက်လွှတ်မည့်ပုံမရှိ။ သည်တစ်ခါ ဘယ်သူတွေ ရောက်လာကြဦးမှာလဲ။ ရပ်ကွက် ကတော့ ပိုင်ရှင်ကို သိချင်ကြသဖြင့် ရှားလော့ဟုမ်းကိုပင် ငှားချင်နေကြသည်။

-----------
နေ၀င်းမြင့်
 (ပေဖူးလွှာမဂ္ဂဇင်း-၂၀၀၉၊ အောက်တိုဘာ) 

Thursday, 4 August 2016

[ အလင်းရောင် ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]