Tuesday, 30 July 2019

#ကုမ္ဘဏ်ကြီး ( ဇာတ်သိမ်း)

#ကုမ္ဘဏ်ကြီး


( ဇာတ်သိမ်း)


#ခင်ခင်ထူး


 ( ၄ )


အထက်နှောတော သူကြီးက လှေခုတ်ဖို့ မင်္ဂလာသစ် အရှာခိုင်း တာရော၊ လှေခုတ် လက်သမား ဦးလှမောင်နဲ့ ဘုန်းကြီး ကျောင်းထဲမှာ လှေခုတ် နေကြပြီ ဆိုတာကြားတော့ အောက်နှောတော သူကြီး ကိုယ်တိုင်က နေမဖြစ်တော့သလို ရွာကလည်း လှုပ်စိလှုပ်စိ ဖြစ်လာပါရော။ သူကြီးက ပျင်းကြော ဆွဲနေတာ အရေး မကြီးဘူး။ တစ်ဖက်ရွာက လှေခုတ်နေပြီ ဆိုတာတောင် မလှုပ်တာကို သဘော မတွေ့ကြဘူး။ အခိုင် မလှပေမယ့် အဖီးလှရ မှာပေါ့။ သူကြီး မလှုပ်ပေသိ ရွာက လှုပ်ရမှာပေါ့။ ဘယ့်နှယ် ရွာချင်းယှဉ်တော့ တစ်ရေလျော့ ရပြီ။ သူကြီးချင်းယှဉ်တော့ “ဇ” ညံ့ရာကျရပြီ။“သူကြီးနှယ်၊ အထက် နှောတောက တိုးနယားတောင် လောင်းထောင်ပျဉ်ကပ် လုပ်ကုန်ပြီ။


သူကြီးဟာ ဘယ်မှာတုံး လှေက၊ ကျုပ်တို့ရွာတော့ ခွေးလုံးလုံး ဖြစ်ရုံပါကော သူကြီးရဲ့” အောက်နှောတော သူကြီး ဦးလွန်းဘော်က သည်စကားလည်း ကြားရော နှုတ်ခမ်းမွေးကြီး တွေတောင် ထောင်သွားသလား မှတ်ရတယ်။ သူ့အိမ်က သူရင်းငှား ဘချစ်ကတောင် မလေးစားတော့ဘူး ဆိုတော့ သူကြီးလည်း မနေသာတော့ဘူး။ ရွာက လူကြီးတွေ ခေါ်ပြီး တိုင်ပင်ရပြီ။ တော်သလင်း လှေပြိုင်ပွဲ အထက်နှောတောက ၀င်နွှဲတော့မယ် ဆိုမှတော့ အောက်နှောတော ကလည်း မ၀င်လို့ မကောင်းတော့ဘူး။ အထက်နှောတောက စကျင်း ရှစ်လံ၊ သုံးကျိပ်နှစ်တက် ဆိုတော့ အောက်နှောတောကလည်း သည့်ထက်လျော့လို့ မဖြစ်တော့ဘူး။ အနားရွာက ပြိုင်လှေတွေ ထက်လည်း သာမှကောင်းတော့ မယ်ပေါ့လေ။ ပေကုန်းက နတ်ကလေး၊ ရေကျော်က မြကျောက်၊ မြေနီကျင်းက စိန်နားပန်၊ မြစ်အရှေ့ဘက် ရရှည်က ဇော်ဂျီ၊ ရရှည် မြောက်ရွာက ရန်သိမ်း၊ ထိန်ပင်က မကန်း၊ ချောင်းစောက်က မိုးကြိုး။


သည်ရွာသည် လှေတွေထက်တော့ နောက်ခုတ်လှေက ကောင်းရတော့ မပေါ့။ ရွာကထည့်ကြတဲ့ ငွေနဲ့ သူကြီးထည့်တဲ့ ငွေစုထုပ်ပြီး သူရင်းငှား ဘချစ်နဲ့ သစ်ရော လက်သမားပါ ရှိမယ့်နေရာ ကို သတင်းကြားနဲ့ ဂရုန်းဂရင်း လိုက်ကြတယ်။ ကျောက်မြောင်း နယ်ထဲက ရွာတစ်ရွာမှာ လှေတည် လက်သမား ဦးထီးကျော်ဆို တာ အင်မတန် ကောင်းတယ် ကြားလို့ ကျောက်မြောင်းဘက် လိုက်ကြတယ်။ ရွာရောက်တော့ လက်သမား ဆရာကြီးက မရှိတော့ဘူး။ တမြန်နှစ်က ဆုံးရှာပြီ ဆိုတဲ့ သတင်းပဲ ရခဲ့တယ်။ ဒါနဲ့ ဦးထီးကျော်မိန်းမ ညွှန်လိုက်တဲ့ လက်သမားတော် ဦးမှတ်စုနောက် ဆက်လိုက်ပြန်ရော။ ဦးမှတ်စုတော့ တွေ့ပါရဲ့၊ အသက်ကြီးလို့ မလုပ်နိုင် တော့ဘူး။ ဆိုပြန်တော့ သူ့ လက်ထောက်နေတဲ့ မြင်းခြံနယ် သိမ်ရွာကို လိုက်တယ်။ ဦးမှတ်စုရဲ့တပည့် ဦးလူ ကလေးနဲ့ တွေ့တော့လည်း အဆင်မပြေ ပြန်ဘူး။ သူက ပြိုင်လှေ မတည်ဖူးဘူး။ ချင်းတွင်း လက်ခေါ်တဲ့ လောင်းကိုယ်ကြီးတွေ၊ “တပါ” ကြီး တွေလောက် တည်ခဲ့ဖူးတာပဲ ရှိတာပါ ဖြစ်ကရော။ ပြိုင် လှေထဲတော့ မြင်းမူက ကိုဘကျောက် နာမည်ရ လှတယ်။ လူကလည်း လုပ်နိုင် ကိုင်နိုင်တုန်း အရွယ်ပါဆိုတော့ သူကြီးလည်း ရက်ကုန် လူပန်း၊ ငွေကုန်သံပြာ ဖြစ်လာတာနဲ့ ရွာပြန်တစ်ထောက် နားကြဦးစို့ရဲ့ ဖြစ်ကရော။


အတူ ပါလာတဲ့ သူရင်းငှား ဘချစ်က မထူးတော့ပါဘူး သူကြီးရာ မြင်းမူတော့ ၀င်ကြ ရအောင်ပါ ဆိုတော့ သူကြီးလည်း လိုက်လာခဲ့တယ်။ မြင်းမူနယ်က လှေသမား၊ ဖောင်သမား အလွန် ထွက်တာကို သူကြီးသိတယ်။ ဒါပေမဲ့ မြင်းမူ ရောက်တော့ ကိုဘကျောက် ဆိုတာ မြို့ပေါ်မှာ ရှိတာ မဟုတ်ဘူး။ အနောက်ထိုထို သွားရင် ကြက်သငို ဆိုတဲ့ရွာ ရှိတယ်။ အဲသည်ကို လိုက်ကြပါ ဖြစ်ပြန်ရော။


 “မင်းအမေကလွှား၊ သည်တစ်သက် လှေလက်သမား ရှာသာနဲ့ ဘ၀တစ်ဝက် ကုန်ရ ထင်ပါရဲ့ကွာ၊ ငါ့ဟာငါ ပြန်မယ်လုပ်သာ အဟုတ်။ မင်းလုပ်သာနဲ့ လက်စမသိမ်း နိုင်ဘူး”


သူကြီးက သူရင်းငှား ဘချစ်ကို ငေါက်တော့ ဘချစ်က ပြန်ချော့တယ်။


“သူကြီးနှယ်၊ မြင်းမူ ထိုထို ရောက်ခါမှ ကြက်သငို မလိုက်ရင် မိုက်ရာ ကျတော့မှာပေါ့ဗျာ။ ရွာမှာ ခုထိ လှေမခုတ် ရသေးဘူး။ ကျုပ်က အနေသာ ကြီးရယ်။ သူကြီးကို ရွာက ပြောမှာစိုးသာ။ လှေခုတ်ရမှာနဲ့၊ တက်ကျင့်ရမှာနဲ့ ရက်က မရှိတော့ဘူး”


“သည်နှစ် မပြိုင်ရုံပေါ့ ဘချစ်ရာ၊ လှေပြိုင်သာ မိဆိုင် ဖဆိုင်ရိုးရာ ကိစ္စမဟုတ် ပါဘူး။ မင်းဟာက”


“မိဆိုင် ဖဆိုင်ထက် အရေးကြီးတော့ မပေါ့ သူကြီးရာ။ ရွာရယ်လို့ တည်သာပဲ နှစ်မှ မနည်းတော့ ဘဲဟာ။ ရွာပိုင် လှေမရှိတော့ ကျုပ်တို့ရွာကို မုဆိုးမ ရွာလို့ ပြောနေကြသာ ကျုပ်ကရှက်သာ”


“အောင်မာကွာ၊ အပြောဖူးညို၊ အဆိုကိုပု။ ရှက်ရင်လည်း ပုဆိုးခြုံနေကွာ”


 “သူကြီးက ပုဆိုးခြုံရမှာ၊ ကျုပ်က အနေသာကြီးရယ်” 


“ကိုင်းပါကွာ၊ ကြက်သငိုရွာ လိုက်ချင် လိုက်ပါတော့။ ခွေးသား၊ အေး၊ မင်းယောက်ဖ လှေခုတ် လက်သမား တွေ့ချင်တွေ့၊ မတွေ့ရင် မင်းကို လှေလုပ်စီးပြီး ပြန်မှာကွနော” 


သည်လိုနဲ့ လှည်းငှား ပြီးလာကြတော့ ကြက်သငိုမှာ လှေခုတ်ဆရာ ကိုဘကျောက်နဲ့ တွေ့ကြတယ်။ ကိုဘကျောက်က ရုပ်ကခပ်ကြမ်း ကြမ်းထဲကပါ။ မျက်နှာမှာ အပိမ့်အပိမ့် တွေနဲ့။ နဖူးက မောက်မောက်၊ နှာရောင်က ကောက်ကောက်၊ ဖြူတစ်ဝက်၊ မည်းတစ်ဝက် နှုတ်ခမ်းမွေး ကြမ်းကြမ်းကြီးနဲ့ ဆိုတော့ လက်သမား ဆရာတောင် ဟုတ်ရဲ့လားလို့ တွေးမိကြတယ်။


ကိုဘကျောက် ဆိုပေမယ့် အသက်က ငါးဆယ်တော်တော် ကျော်လောက်ပါပြီ။ ၀ိုင်းထဲမှာ စပ်လက်စ လှေတစ်စင်း ရှိပေသိ လက်စ မသတ်ရသေးဘူး။ တပည့် နှစ်ယောက်လည်း တွေ့တယ်။ မယားက မိဘရပ်ထံ ပြန်နေသတဲ့။ သူကြီးနဲ့ ဘချစ်က အကျိုးအကြောင်း ပြောပြတော့ ကိုဘကျောက်က ဆေးလိပ်ဖွာရင်း နားထောင်တယ်။ သူကြီးနဲ့ ဘချစ်ကလည်း ကြက်သငိုက ပြန်မဖြစ်တော့ ကိုဘကျောက် လှေရုံထဲ အိပ်ဖို့ ရှိတော့တာပါ။ ကိုဘကျောက် ကလည်း မနက်မှ ပြန်ကြပါလို့ တားရှာပါရဲ့။


“တစ်ခုတော့ ရှိသယ် သူကြီးရ၊ ကျုပ်ကလည်း တပါလှေ၊ နှောလှေကြီးတွေ လောက်စပ်သာဗျ။ ပြိုင်လှေ ရယ်လို့ အရင်ကတော့ ခုတ်ပါရဲ့။ အခု မခုတ်တော့ဘူး။ သူများရွာ သွားပြီး လိုက်မလုပ်နိုင်တော့ ပါဘူးဗျာ။ ကျုပ်က ပန်းနာရောဂါ ရှိတော့ တပည့်နှစ်ယောက် အားကိုး နေရသာပဲ” 


“ကြက်သငိုက လှေခုတ်ဆရာ ကိုဘကျောက် ကောင်းလှဆိုလို့ အဝေးကြီးက လာသာပါကွာ။ မင်းက မခုတ်တော့ဘူး ဆိုတော့ ခက်သားပဲ။ ရွာပြန် မလှချက်တော့။ ကိုင်း- ဘချစ်၊ ညလည်း အိပ်မနေ နဲ့တော့။ လှည်းတစ်စီး ငှားပြီး မြင်းမူဆိပ် ပြန်အိပ်ကြစို့”


သူရင်းငှား ဘချစ်ကတော့ ဘာမှ မပြောနိုင်တော့ ပါဘူး။ ပြိုင်လှေခုတ်တဲ့ လက်သမား ဆရာ သည်လောက်ရှား ရသလားရယ်လို့ မခံချင်တာလည်း ပါတယ်။ သူကြီး ပြောသလို ရွာပြန်ဖို့တောင် ခပ်ခက်ခက်ကိုး။ လှေခုတ်ဆရာ ကိုဘကျောက်က ချောင်းတွေဆိုး၊ သလိပ်တွေ အန်ပြီးတော့မှ အသံ မျှဉ်းမျှဉ်းနဲ့ တစီစီပြောလေရဲ့။ သည်စကား ကိုတော့ သူကြီးရော သူရင်းငှား ဘချစ်ပါ စိတ်ဝင်စားသွား ကြတယ်။


 “ကျုပ်မှာ ပြိုင်လှေတစ်စင်း ၀ယ်ထားသာ တော့ရှိသယ်။ ကျုပ်တို့ ခုတ်တဲ့လှေတော့ မဟုတ်ဘူး။ လက်ရာကို သဘောကျလို့ နမူနာယူ ချင်သာနဲ့ ၀ယ်ထားလိုက်သာ။ ကျုပ်တို့ရွာ မြစ်ကမ်းပါးမှာ တစ်ရက်က လှေကြီးတစ်စင်း ဆိုက်သာကိုး သူကြီးရဲ့။ ကြာတော့ ကြာပါပြီ။ လှေကြီးပေါ်က လင်မယားက သူတို့လှေနဲ့ တွဲလာတဲ့ ပြိုင်လှေတစ်စင်း ပြန်ရောင်းချင်လို့ ဆိုတော့ ကျုပ်က ရေဆိပ် ဆင်းကြည့်သယ်။ အခု ကျုပ်ပြမယ့် လှေပါပဲ။ ကျုပ်လည်း လှေတွေ ကိုင်ခဲ့ပေါင်း များပါပြီ။ သည်လောက် လက်ရာ ဆန်းတဲ့လှေ မတွေ့ဖူးခဲ့ဘူး။ ဈေးကလည်း တော်သာနဲ့ ၀ယ်ယူထား လိုက်သာ ကျုပ်မိန်းမက အောင့်တော့သာပဲ သူကြီးရေ”


“ပြိုင်လှေက အသင့် လှော်ရုံလား၊ လွန်းတင်ရဦး မှာလား။ အထေးလွတ်ကဲ့ လားကွာ။ နေစမ်းပါဦး။ဘယ်နှလံ ဘယ်နှတက် ပြောပါဦး”


 သူကြီးက စိတ်ဝင်စားပြီ။ လှေခုတ် ဆရာငှားမယ်။ လှေခုတ် ဆရာနဲ့ သစ်ကောင်းဝယ်မယ်။ ရွာမှာပဲ ခုတ်မယ်လို့ တွက်လာကြတာ။ အခုဟာက ပြိုင်လှေ စပ်ပြီးသားတောင် ရမယ်ဆိုတော့ လှေကြီး တစ်စင်းနဲ့ မြစ်ရိုးတွဲပြန် ရုံပေါ့။ ရေကန်အသင့် ကြာအသင့် ဟန်ကျလိုက် လေပေါ့။


“ရှစ်လံနဲ့ နှစ်တောင် စကျင်းရှိသယ်၊ ဗြက်ကနှစ်တောင် မိုက်လျော့၊ ပန်းကန်ပျဉ် သုံးကျိပ်ကျော် သဗျာ၊ တက်တွေလည်း အချောင်း လေးဆယ် ပါသေးသာပါ။ ဦးပိုင်းမှာ ကနုတ်တွေ၊ ရှမ်းပန်းတွေ ပါတဲ့အပြင် အင်မတန် လက်ရာမြောက်တဲ့ ကု မ္ဘဏ် ရုပ်တစ်ရုပ်တောင် ပါသေးသာ။ လှေဆိုသာ ကော့နေသာများ နှီးစ ရေထဲချထား တာသာ ကြည့်တော့။ ကြိမ်ဆယ် ချောင်းကို ကျစ်ထားတဲ့ ရွတ်တောင် တပ်ပြီးသားဗျာ။ ကြိမ်ရွတ်တော့ လဲချင် လဲလိုက်ပေါ့။ နှစ်ကလည်း ကြာပြီ ကိုးဗျ”


“အသားတွေ ကကော ကောင်းသေးရဲ့ လားကွာ”


“ဟာ- ကျုပ်က ရေနံသုတ်ပြီး သက်ငယ်တဲနဲ့ ထားသာပါဗျ။ လိုက်ကြည့်လေ”


“ကြည့်သာတော့ ဟုတ်ပါပြီ။ ကျုပ်စိတ်ထဲ မရှင်းသာလေး မေးစမ်းပါရစီ။ ကုန်လှေကြီးတွေ၊ လောင်းလှေတွေ၊ တပါတွေသာ အပ်သူက အပ်လို့ လှေလက် သမားက စပ်လို့သာ ရှိပါသယ်။ ပြိုင်လှေကြီး တစ်စင်း စိတ်ကူးရလို့ ခုတ်ရောင်း လိုက်ဦးမှ ဆိုသာမျိုးတော့ ဘယ်ရှိပါ့မလဲ မောင်ဘကျောက်ရဲ့။ အခု မင်းပြောပုံတော့ လှေကြီးတစ်စင်းက ပြိုင်လှေ တွဲလာပြီး ချိုချိုချောင်ချောင် ရောင်းသွားသယ်ဆိုသာ ဟုတ်ပါ့မလား။ လှေရွာ တစ်ရွာရွာက ခိုးလာတဲ့ ပြိုင်လှေများလား လက်သမားဆရာ”


ကိုဘကျောက်က သူကြီးကို တော်တော်ထူတဲ့ သူကြီးပါလာ ဆိုတဲ့ မျက်နှာနဲ့ ကြည့်တယ်။ ပြိုင်လှေ တစ်စင်း လိုချင်သခိုက် ပြိုင်လှေတစ်စင်း လက်တင်ရ နေတာကို တောင်တောင်အီအီ တွေးရပါ့ မလားပေါ့။ ဒါပေသိ သူကြီး မေးတာလည်း မေးထိုက်တယ်။ ပြိုင်လှေဆိုတာ အပ်သူက အပ်ထည်အပ်မှ ခုတ်ရတာလည်း အမှန်ပဲ။ စကျင်း ဘယ်နှလံ၊ ဗြက်ဘယ်နှလံ၊ ဘယ်အရွယ် ဘယ်အစား ကျကျနန မေး မြန်းပြီးမှ လှေလက် သမားက ခုတ်ရတာလည်း ဟုတ်တယ်။ ပြိုင်လှေတစ်စင်း ရောင်းစရာ ရှိတယ်ဆိုတာ ဖြစ်ဖို့ အင်မတန် ခဲယဉ်းတာ မဟုတ်လား။


“သူကြီးမလဲ ရိုးလွန်းပါ့ ကောဗျာ။ မြစ်နား ရွာတစ်ရွာမှာ မြစ်စောင်းမေးတင် ထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ကမ်းပြိုရာက ရေခရောဗျာ။ ကျောင်းအောက်ထားတဲ့ ပြိုင်လှေကြီး ကမ်းပါးအပြို မြစ်ထဲကျ ရောဗျာ။ လှေဆိုတော့ ပက်လက်ကျကျ၊ မှောက်ခုံကျကျ ရေစီးနဲ့ အစုန်မျော သာပဲဗျ။ ဒါကို ကျုပ်ပြောတဲ့ လှေလင်မယားက မြစ်တစ်နေရာမှာ တွေ့လို့ တွဲယူလာပြီး ကျုပ်ကို ရောင်းသဗျာ။ ကိုင်း- မဖြစ်နိုင်ဘူးလား။ သည်ပြိုင် လှေကျုပ်လက်ထဲ ရောက်သာပဲ နှစ်ကြာလှ ပေါ့ဟာ”


ဒါကိုတော့ သူကြီးက လက်ခံတယ်။ ဒါ ဖြစ်နိုင်တယ်။ သို့ပေမဲ့ တစ်နေ့ လှေပိုင်ရွာက မသိနိုင် ဘူးလား။ ကိုဘကျောက်က မသိနိုင်ဘူးတဲ့။ သိရင်လည်း ရေအဆုံးပဲတဲ့။ ကျုပ်လက်ထဲ ရောက်နေတဲ့ ကာလ တစ်လျှောက်လုံး ဘယ်ရွာကမှ လှေပျောက်ရှာသံ မကြားခဲ့ဖူး ဘူးတဲ့။ စိတ်ချ လက်ချသာ ယူတော့တဲ့။


သူကြီးနဲ့ဘချစ် လှေရုံ လုပ်ထားတဲ့ အိမ်ကြီးနောက် သွားကြည့်ကြတော့ ဟုတ်ပေသားပဲ။ လှလိုက်တဲ့ ပြိုင်လှေကြီး။ ဦးပိုင်းမှာ မျက်လုံးနှစ်လုံး ပါပြီးသား။ ရင်ပုံဦးမှာ သံပြားတွေ ကပ်ပြီးသား။ ရေခွဲကောင်း လိုက်မယ့်ဖြစ်ခြင်း။ ကိုဘကျောက် ပြောသလို ရွတ်တန်းကြိုးလဲ လိုက်ရင်ပြီးပြီ။ လှေဦးက ကုမ္ဘဏ်ရုပ် ဆိုတာတော့ သူကြီးက နားမလည်နိုင် ဖြစ်နေတယ်။ ကိုဘကျောက်က အလှဆင်ထား သာပါတဲ့။ မဖြုတ်ပါနဲ့တဲ့။ ဈေးပြောပါ ဆိုတော့ ၀ယ်ရင်းက နှစ်သောင်း၊ သုံးသောင်းရရင် ထမ်းသာ သွားတော့တဲ့။ ဘချစ်ကလည်း ကြိုက်ပါရဲ့။ ဒါပေမဲ့ သူကြီးကို တစ်နေရာ ခေါ်ပြီးတိုင်ပင်တယ်။ စိတ်ထဲ စနိုးစနောင့် ရှိလို့ပါ။


“သူကြီး၊ ကုမ္ဘဏ်ရုပ် ဆိုသာ ပြိုင်လှေမှာ ပါကောင်း လို့လားဗျာ။ ကျုပ်တစ်ခု သတိရသယ်။ ရွာက နတ်ကတော် မကြိုးကြာ အိပ်မက်နဲ့ တူနေသာကော သူကြီးရဲ့။ လှေကြီးတစ်စင်း ရွာဆိပ်လာ ဆိုက်တော့ ပြိုင်လှေတစ်စင်း တွဲလို့ဆိုသာလေ။ လှေဦးမှာ မျက်လုံးကြီးနှစ်လုံး ပါသာလည်း တူနေပြီကော သူကြီးရဲ့”


ဘချစ်ပြောတာ ဟုတ်နေလေတော့ သူကြီးလည်း ဝေခွဲရ ခက်နေလေရဲ့။ ကိုဘကျောက်က လှေမပြေးရင်ပြော၊ ပြိုင်လို့ မနိုင်ရင်ပြော၊ ငွေနှစ်ဆ ပြန်လျော်မယ်လို့ အာမခံ ပြန်ရော။ သည်စကား ကိုတော့ သူကြီး မခံနိုင်တော့ ပါဘူး။ အချိန်ရတုန်း ငွေတစ်ဝက် ချေခဲ့တယ်။ ကိုဘကျောက်က ရွာအရောက် လှေတစ်စင်းစင်းနဲ့ တွဲပို့ရမယ်။ ရွာရောက်ရင် ကျန်ငွေချေမယ် ဖြစ်ကရော။ သူကြီးလည်း အာစေး ထည့်ခံထား ရသူလို လှေလက်လွတ်မှာကို စိုးနေသလိုပဲ။


“စိတ်ချသာ ပြန်ရောဗျို့။ အလွန်ဆုံး ဖိန်းသဘက်ခါ သူကြီးရွာ ရောက်အောင် လှေတွဲနဲ့ ပို့လိုက်မယ်။ ဆီးသာ ကြိုကြရော့၊ လှေနာမည်လည်း မှတ်သွားကြဦးဗျ”


သူကြီးနဲ့ သူရင်းငှား ဘချစ်တို့လည်း ၀မ်းသာ အားရပြန်ခဲ့ ကြတယ်။ မြင်းမူရောက်တော့ မိုးကြီး တော်တော်ချုပ်ပါပြီ။ ဆိပ်ကမ်းမှာပဲ ထမင်းစားကြပြီး ကြက်အိပ်ကြက်နိုးနဲ့ မိုးလင်းကြရ တော့တယ်။ မိုးလင်းမှ ကူးတို့ကြုံနဲ့လိုက်၊ ရွာရောက်တော့ ဆရာတော့်ကျောင်း တန်းသွားပြီး အကျိုးအကြောင်း လျှောက်ကြတယ်။ ရွာသူ ရွာသားတွေ ကလည်း မောင်းမထုရဘဲ လာလိုက်ကြတာ ကျောင်းကျိုး ခမန်းပေါ့။ ဆရာတော်က “လှေနာမည်က ဘာတဲ့တုံး သူကြီးရဲ့” ဆိုတော့ သူကြီးက ဖြေတယ်။ “ကု မ္ဘဏ်ကြီး ...တဲ့ ဘုရား”


 ( ၅ )


အထက်နှောတော ရွာက တိုးနယား ဆိုတဲ့ ပြိုင် လှေကြီး ကောင်းလှကြောင်း မြစ်နား ရွာတွေမှာ သတင်း ကြီးသလိုပဲ အောက်နှောတော ရွာက ကု မ္ဘဏ်ကြီးကလည်း လူပြောသူပြော များတဲ့ ပြိုင်လှေပါပဲ။ တိုးနယားက မင်္ဂလာသစ်နဲ့ ခုတ်ယူတာ ဆိုတော့ ရွာ့စိတ်တိုင်းကျပေါ့။ ကု မ္ဘဏ်ကြီး ကတော့ ရှိနှင့်ပြီးသား ပြိုင်လှေ။ သည်ရွာက လှေနှစ်စင်းကို အနားရွာတွေက တကန်တက မဟုတ်ရင်တောင် ခရီးကြုံ ၀င်ကြည့် ကြတာများလည်း ရှိတယ်။ ဘာပဲပြောပြော လှေသစ်တွေ ဆိုတော့ လှေပြိုင်ပွဲ အတွေ့ အကြုံရှိတဲ့ ရွာတွေက သည်လှေ နှစ်စင်းကို ပြိုင်ဘက်ရယ်လို့ အထင်မကြီး ကြပါဘူး။ နှစ်ရွာ့ တစ်ရွာ ရှိခဲ့ကြတုန်းက အတူလှော်ခဲ့ ကြတဲ့ လှေလှော်သားတွေ ကလည်း ရွာမှ နှစ်ခြမ်းကွဲမှတော့ လှေသားလည်း ကွဲပြီပေါ့။ သည်တော့ လှေအသစ်၊ လှေလှော်တက် ကျင့်ရမယ့် လှေသားတွေက လည်းအသစ် ဖြစ်ရပြီ။ အသစ်ဖွဲ့စည်းရပြီပေါ့။


ပြိုင်လှေရယ်လို့ ကိုယ်စီ ရှိကြပြီဆိုတော့ အထက်နှောတောရော အောက်နှောတောပါ တက်ရေးကျင့် ကြရပြီ။ လှေတွေ ရေချိန်ကိုက် ကြရပြီ။ ရေချိန်ကိုက်တယ် ဆိုတာက လှေဦးစပ် ၀မ်းပျဉ်မှာ ကျပ်လုံးလောက် အပေါက်ဖောက်ပြီး ရေသွင်းရတယ်။ တက်လှော်သားတွေ ထိုင်မယ့် ပန်းကန်ပျဉ် ရေထိပြီဆိုရင် ဦးဖျားပဲ့ဖျား ဦးရေသောက် ပဲ့ရေသောက် မှတ်ပြီး ရေပြန်ထုတ် အပေါက် ပြန်ပိတ်ရတယ်။ တက်သား တွေထိုင် ကြပြီဆိုတော့လည်း ရေချိန် ကိုက်အောင် ထိုင်ရပြီး လိုတော့ တက်သားတိုး၊ ပိုတော့ တက်သားနုတ်။


ရေချိန်နဲ့ ညီပြီ ဆိုတော့မှ တက်သား ဘယ်နှယောက် တွက်ပြီး တစ်လှေ တစ်လှေ ရေချိန် ကိုက်ပြိုင်ကြရတာပါ။ ပြိုင်မယ့်လှေတိုင်း ရေချိန်ကိုက် ပြိုင်ကြရတယ်။ တက်ကျင့်တော့လည်း တစ်နေ့ သုံးလေးလား ကျင့်ကြရတာ ဆိုတော့ ဘုန်းကြီးတွေက ကျောင်းမှာပဲ ထမင်းကျွေး ထားကြတယ်။ တက်ကျင့်တော့လည်း လက်မောင်း ပြုတ်ထွက်မတတ် ကျင့်ကြ ရတာကိုး။ ကျင့်သားတစ်လ မရှိဘဲနဲ့ ပြိုင်မဖြစ်ဘူး။ ကိုယ့်ရွာပြိုင် လှေကိုယ် သေချာအောင် ရင်ကွဲခမန်း ကျင့်ကြလို့ အသားကျပြီ ဆိုတာနဲ့ ရွာက ငွေရှာကြပြီ။ လှေပွဲတွေ ရှိပြီဆိုလို့ ကတော့ မိန်းမ၊ ယောက်ျား၊ ကလေး၊ လူကြီး ဘယ်သူမှ အနှမြော မရှိကြဘူး။ လှေကဲခတ် ရတာကိုက ရင်ခုန်စရာ၊ ပျော်စရာကိုး။ 


“ကု မ္ဘဏ်ကြီး ပွဲပေးပြီတဲ့။ ဦး၊ လယ်၊ ပဲ့ ကန်တော့ ပွဲသုံးပွဲ။ အရက်၊ ကြက်ကြော် နဲ့ တင်ကြမြှောက်ကြ ပြီတဲ့ဗျ။ လှေသားတွေလည်း ဆေးတောင် ထိုးကြသတဲ့။ အောက်ပြည်က ဆေးဆရာ ပင့်ပြီး အင်းတွေ၊ စမတွေ ထိုးကြသယ် ပြောသာပဲ။ ပန်းဆွဲ ပါနောက်က ခေါင်သူကြီး၊ ကျကျနန သင်ပေးသာတဲ့ဗျ။ ပါနောက်က သစ္စာဖောက် သာပါဗျာ”


“ပါနောက် မပါသာနဲ့ တစ်ပန်းရှုံးရ ကောလားကွ။ မင်းနှယ်၊ ပက်ကျိ သွေးမရှိတဲ့ အတိုင်း၊ စမ မကလို့ စထီး ဖြစ်ဖြစ်ကွာ၊ လူဟုတ်မှ ဟုတ်သာပါ။ ငါတော့ သည်တစ် ပွဲကျရင် နပိုက်ချင်းထပ်မယ် စိတ်ကူးသယ်။ ကြွေတစ်လှည့် ကြက်တစ်ခုန်၊ ပေးရ တော့တစ်ကောင်၊ ရတော့ နှစ်ကောင်ကွာ။ ဘာရှိလိမ့် မတုံး”


“ငါတော့ ကိုယ့်ရွာလှေလည်း လှေပေါ့ကွာ အားပေး ရမှာပေါ့။ ရေကျော်လှေ မြကျောက်၊ ထိန်ပင်ကန်က မကန်း ထည့်လောင်းမကွာ”


“မင်းအရူးလား။ မကန်းက ဘယ်ဆွဲကွ။ လှေမက် နေသာနဲ့ တစ်လျားလျော့ ချင်နေသာ။ မိုက်ပါ့ကွာ”


လူနှစ်ယောက် ဆုံမိပြီ ဆိုတာနဲ့ လှေအကြောင်း၊ လောင်းကြေးအကြောင်း ပလုံစီ ထနေတော့ တာပါ။ လက်ရင်းကြေး၊ လက်ဖျားကြေး ငွေတွေသီးနေတဲ့ အချိန်ပေါ့။ လက်သိပ်ကြေးတွေ လည်းရှိတယ်။ လင်ကလောင်းရင် မယားက မြှောက်တောင် ပေးသေးတာပါ။ မယားက လှေရှုံးခဲ့ပြီ ဆိုတော့လည်း လင်က ဘယ့်နှယ်မှ မနေပါဘူး။


မယားကလည်း လင်ကို “တော့်၊ တော်ပြီလား။ ယူဦးလေ” လုပ်တော့တာပါ။ ဒိုင်လွတ် လောင်းကြေး တွေကလည်း မပြောနဲ့တော့။ ငွေချင်းထပ်တာ အားမရတော့ ရွှေချင်းထပ် ကြသေးတာပါ။ လှေပြိုင်ပွဲ နီးလေ ရုတ်ရုတ်သဲသဲ နိုင်လေ။ ကိုယ့်ရွာနဲ့ ကိုယ့်ပြိုင် လှေ၊ ကိုယ့်လှေသီချင်းနဲ့ ကိုယ့်ဝတ်စုံ မြစ်ထဲလှော်လာ ကြပြီ ဆိုကတည်းက သွေး ကြွနေကြပြီ။ လှေပွဲရက်က တစ်ခါတလေ လေး၊ ငါး ရက်ရှိတတ်တော့ ရွာတွေမှာ လူမကျန်တော့ သလောက်ပေါ့။ လှေပြိုင်မယ့် မြစ်ကမ်းပါးမှာ ရွာပေါင်းစုံက လူတွေ ကမ်းညွတ်အောင် ရောက်နေ ကြတာများ မြစ်ကမ်းပါး ကျိုးရော အောက်မေ့ ရတယ်။ လှေပြိုင်မယ့် နေရာက အောက်နှောတောနဲ့ရော အထက်နှောတော နဲ့ပါ နည်းနည်းတော့ လှမ်းတယ်။ ရွာတွေက လှေပွဲ ကျင်းပတဲ့ နေရာ အရောက် မြစ်ကမ်းပါး အတိုင်း လျှောက်ကြတာများ ပုရွက်ကြောင်း လိုက်လို့။


“အမျိုးသားများ အကျိုးပွားစရာ တိုးနယားမောင် လာပြီတစ်ခါ၊ လှေတကာမှာ ခေါင်မဟာ ကျက်သရေ မင်္ဂလာ ခညောင်းစရာ လှေတော်သားများက ပို့တဲ့မေတ္တာ ဘေးဘယာ ဝေးကွာ အေးပါစေကြောင်း သွန်းလောင်း ရေသီတာ”


 ပြိုင်လှေတွေက အားကျမခံ။ လှေသီချင်း ရွာသီချင်း တွေနဲ့။ အင်မတန် ပူပြင်းတဲ့ တော်သလင်းနေ ကျိုက်ကျိုက်ဆူထဲမှာ ယောက်ျားသား တွေဆိုတာ အင်္ကျီတောင် မကပ်နိုင်ဘူး။ မိန်းမတွေ ကလည်း ထဘီ တိုတိုပါအောင် ၀တ်ပြီး ကွေးနေအောင် ကကြလို့။


ကု မ္ဘဏ်ကြီး ကလည်း သီချင်းတ ဟိုဟို မောင်းသံ တဒူဒူနဲ့ ၀င်လာပါပြီ။


“အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း၊ အောင်ကြပါစေ ခင်ဗျာ သပြေပန်းနဲ့ ရေချမ်းကို လောင်း၊ စုန်ဆန်ခရီး မှာတဲ့ အကြောင်းပြု အခါခါ အိုလေး- ကု မ္ဘဏ်ကြီး ရဲ့ တောင်းဆု ပတ္ထနာ မေတ္တာရေမိုး သွန်းဖြိုး ကြပါစေ ခင်ဗျာ”


ပြောခဲ့သလိုပါပဲ။ မြစ်နားတန်း တစ်လျှောက်က ပြိုင်လှေတွေ အားလုံး လိုလိုက သည်နှစ်မှ ပြိုင်ကြတဲ့ တိုးနယား ကိုရော ကုမ္ဘဏ် ကြီးကိုပါ အိမ်ဖြည့်လောက် သဘောထား ခဲ့ကြတာပါ။ ဒါပေသိ ကုမဏ်ကြီးက တာလွှတ်ပါပြီ ဆိုကတည်း က ဒူးလေးပေါ် တင်ထားတဲ့ မြားတံလို ရိပ်ခနဲ ရိပ်ခနဲ နေအောင် ပြေးလိုက်တာ ပြိုင်သမျှ လှေတွေ လှေတစ် လျားစာ ပြတ်ကျန်ရစ်ခဲ့တာ ချည်းပဲ။ ကုမ္ဘဏ်ကြီးက ဇော်ဗလကို နိုင်တယ်။ မကန်းကို နိုင်တယ်။ နှစ်ရက်၊ နှစ်လားစီ ပြိုင်ကြတာမှာ နိုင်လိုက်တာပါ။ ကုမ္ဘဏ်ကြီး လှော်သားတွေက လက်မောင်း ရှံနီစည်း၊ ရင်ဝတ် ရှံနီစည်းတွေနဲ့ မာန်တကြွကြွ ပေါ့။ အောင်မောင်းသံ တဒူ ဒူက မြစ်ရေထဲ စီစီဝေလို့။ သို့ပေသော်လည်း နှစ်ရက် နိုင်ပြီး သုံးရက်မြောက်တဲ့နေ့ ကစလို့ ကုမ္ဘဏ်ကြီးကို ရွာ ကျောင်းအောက် ပြန်ထားဖို့ ဖြစ်လာခဲ့တယ်။


လှေပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲ မှာတော့ ချောင်းစောက်က ပြိုင်လှေ မိုးကြိုးက ပန်းဆွတ်သွား ခဲ့တယ်။ အောက်နှောတောရွာ ကတော့ ပထမ နှစ်ရက်မှာ ကိုယ့်ရွာကိုယ့်လှေ သဲကြီးခဲကြီး ပြိုင်ကြတာ ဆိုတော့ လောင်းကြေး နိုင်လိုက်ကြတာ ဘယ်နည်း လိမ့်မတုံး။ လှေပွဲသာ နိုင်လိုက်ကြတာပါ။ လှေပြိုင်ပွဲ ပထမနေ့က မြစ်ထဲမှာ လှေပြိုင် နေကြသခိုက် လူမကျန်တော့ သလောက် ခန်းခြောက်နေတဲ့ ရွာမှာ မီးလန့်လိုက်တာ ကံကောင်းလို့ တစ်ရွာလုံး မကူးတယ်။ ရွာမြောက်ပိုင်း တစ်ပိုင်းလုံး ကုန်ရောတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် လှေပွဲက လှေပွဲပဲလေ။ မီးလောင်ခါမှ လောင်ရော နောက်တစ်နေ့ မနက် လှေပွဲ ကမ်းပါးခြေကို လူကုန် ရောက်လာကြ တာပါပဲ။ ဒုတိယ နေ့မှာလည်း ကုမ္ဘဏ် ကြီးပဲ နိုင်တယ်။ လောင်းကြေးတွေ သိမ်းနေကြတုန်း မကောင်းသတင်း ရောက်လာပြန်တယ်။ ရွာတောင်ပိုင်း မီးလန့်လို့ ဆိုတဲ့ သတင်းပါ။ မီးနှစ်ကြိမ် လန့်ပြီဆိုတော့ ဆရာတော် ကြီးကပဲ မိန့်တော်မူတယ်။


ကုမ္ဘဏ်ကြီးကို ကုန်းပေါ် တင်ခဲ့ကြတော့တဲ့။ ဒါဟာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ဘူးတဲ့။ မင်းတို့လှေက ခိုက်လှေတဲ့။ သည်တော့မှ ရွာကလည်း သတိ ထားမိကြတယ်။ လှေကတော့ ပြိုင်တိုင်း နိုင်ပါရဲ့၊ ရွာမီးလန့်တာက ဘာသဘောတုံး။ သည်ပြိုင်လှေကို သူကြီးနဲ့ သူရင်းငှား ဘချစ်တို့ ဘယ်ကဘယ်လို ရလာတာလဲ။ လှေဦးမှာ သာရကာရုပ် မဟုတ်၊ ကြက်တူရွေးရုပ် မဟုတ်၊ သိကြားရုပ် နတ်ရုပ် မဟုတ်၊ ဘယ့်နှယ် ကုမ္ဘဏ်ရုပ် ဖြစ်ရတာလဲ။ ပွဲနိုင်ပေမယ့် ရွာကြေတဲ့လှေ ဘယ်ကများ တွေ့လာကြ ပါလိမ့်ပေါ့။ တချို့ကလည်း မကျေနပ်ကြဘူး။ လှေပွဲက သုံးရက် ကျန်သေးတော့ ကုမ္ဘဏ်ကြီးကို ပြိုင်စေချင်ကြတယ်။ ပြိုင်ရင်နိုင်မယ် ဆိုတာလည်း ယုံကြရဲ့။ “မြစ်ထဲက လှေနဲ့ ကုန်းပေါ်ကမီး ဘာမှ မဆိုင်ပါဘူးကွာ”လို့ အချင်းချင်း မကြားတကြား စကားတင်း ပြောကြ တာကလွဲလို့ ဆရာတော့်လည်း မလွန်ဆန် ၀ံ့ကြဘူး။


“ပိုက်ဆံများ မလိုချင် ပါနဲ့တော့ကွာ။ မင်းတို့ လှေပြိုင်ရင် နိုင်မှာမုချ။ ဒါပေသိ လှော်သားတွေ လှော်လို့ နိုင်သာ မဟုတ်ဘူး။ ကုမ္ဘဏ်က လှော်နေသာ၊ ကုမ္ဘဏ်ဆိုသာ ဘာအောက်မေ့လို့လဲ။ နတ်ဘီလူးဟ။ ငါအိပ်မက်ရလို့ ပြောသာ၊ ပြာကျ ကုန်လိမ့်မယ်”


ဆရာတော် မိန့်တော့မှ လှေတစ်ဇာတ် ငြိမ်းပြီးရ တော့တယ် ပြောပါတော့။


 ( ၆ )


နှစ်ကာလတွေလည်း ကြာပါပြီ။ လှေပြိုင်ပွဲ တွေလည်း မရှိတော့ပါဘူး။ ကျွဲ ထပ်၊ နွားထပ်၊ လှေထပ် လှည်းထပ်၊ မြေထပ်ယာထပ်၊ ရွှေထပ် ငွေထပ်ဆိုတဲ့ စိတ်ကြမ်းလက်ကြမ်း လောင်းကြေးတွေလည်း မရှိတော့ ဘူးပေါ့။ ကုမ္ဘဏ်ကြီး ပြိုင် လှေကထား။ လှေရွာတိုင်း လောင်းကြေးကြောင့် ခိုက်ခဲ့ကြတာ ပြောရင် ယုံစရာ မရှိဘူး။ ရွာတွေမှာ တစ်ခါက ပြိုင်လှေကြီးတွေ အနားရကြပြီ။ ကုမ္ဘဏ်ကြီးလည်း ကျောင်းအောက်မှာ မှောက်ခုံ ကြီးပါပဲ။ နှစ်ပွဲပြိုင် နှစ်ပွဲနိုင် ပြီးကတည်းက ကျောင်းအောက်မှာ တန်းခံပြီးမှောက် ထားလိုက်တာ ခုထိပဲ။ မြစ်နားရွာ တွေက ပြိုင်လှေတွေလည်း လှေပြိုင်ပွဲတွေ ခေတ်ထတုန်းက ပါသွားတာတွေ လည်းမနည်းဘူး။ တစ်ခါက ရွာ့ကျက်သရေ ဆိုတဲ့ ကျန်ကောင်းကျန်ရာ တွေလည်း တုံးလုံးနဲ့ ပက်လက် ဆိုတာလို မလှုပ်ကြ တော့ပါဘူး။ လှေဖြစ်ပြီး ရေနဲ့ မထိရတဲ့ ဘ၀တွေ ပေါ့လေ။


အောက်နှောတော သူကြီးလည်း မရှိတော့ ပါဘူး။ ဆရာတော်လည်း မရှိတော့ဘူး။ သူရင်းငှားကြီး ဦးဘချစ်တောင် အသက်ရရှာလို့ နေ့လားညလား ဖြစ်နေပါပြီ။ ဘုန်းကြီးကျောင်း ရောက်ကြတဲ့ လူ လတ်ပိုင်း တွေက ဦးဘချစ် နဲ့ကြုံရင် တစ်ခါက ကုမ္ဘဏ်ကြီး အကြောင်း မေးတတ်ကြတယ်။ 


“ကုမ္ဘဏ်ကြီး ၀ယ်တုန်းက အဘနဲ့ သူကြီးဦးလွန်းဘော် သွားဝယ်ကြသာပဲကွ။ ကြက်သငိုဆိုသာ တော်တော် ဝေးပါသကွာ။ ရောင်းလိုက် သူက ကိုဘကျောက်တဲ့။ အဲသည့် လှေခုတ်ဆရာ ၀ယ်ထားလိုက်တဲ့ လှေလို့ ပြောသာပဲ။ ခက်သာက ရေထဲချ တက်ကျင့်တော့လည်း မခိုက်ဘူး။ ပြိုင်မှခိုက်သာ ထူးဆန်းသယ် ”


" တချို့ကတော့ ကုမ္ဘဏ်ရုပ်ကြောင့်တဲ့၊ တချို့က ပြိုင်လှေကိုက သစ်မသန့် လို့တဲ့။ တချို့ကလည်း လှေသားတွေထိုးတဲ့ အင်းနဲ့ စမ တွေကို ကုမ္ဘဏ်ရုပ်က မကြိုက် လို့တဲ့။ ပြောတတ်ပေါင်ကွာ။ အဘတို့လည်း ဉာဏ်မမီပါဘူး။ ဆရာတော်ကတော့ ခိုက်လှေတဲ့”


သည်ဘက်ခေတ် အထိ ကုမ္ဘဏ်ကြီး ပြိုင်လှေက ကျောင်းအောက်မှာ မှောက်ခုံကြီး ရှိလျက်ပါပဲ။ လှေက မှောက်ခုံဆိုတော့ ကုမ္ဘဏ်ရုပ် ကလည်း ဇောက်ထိုးပေါ့။ ဆွေးတယ်လို့လည်း မရှိဘူး။ ကုမ္ဘဏ်ရုပ် လှေဦးက ပြုတ်ကျတယ် လို့လည်း မရှိဘူး။ မြဲလိုက်တာမှ။ အံ့သြစရာ။


(အမေ လှေသူကြီး ကတော်ရဲ့ လှေဘ၀တွေ ထဲက ဘ၀ အတွေ့အကြုံကို ၀တ္ထုဖွဲ့တာပါ။) 


------------


ခင်ခင်ထူး


[ အညတြဘိက္ခုပေ့ခ်ျမှကူးယူပါသည်။ပေ့ခ်ျအားကျေးဇူးတင်ပါသည်။]



#ကုမ္ဘဏ်ကြီး #ခင်ခင်ထူး

#ကုမ္ဘဏ်ကြီး


#ခင်ခင်ထူး


 ( ၁ )


မြစ်ကမ်းပါး ရွာတွေဖြစ်တဲ့ သည်နှစ်ရွာကို ရှေးက နှောတော ခေါ်ခဲ့ကြတာပါ။


နှောတော တစ်ရွာတည်း ရှိခဲ့ရာက ရွာလယ်ချောင်းကို မြစ်ရေ ၀င်တော့ ကမ်းပါးတွေ ချိုင့်ချိုင့် ပြိုလိုက်တာ ရွာလယ်မှာ ထူးပေါက် ချောင်းကြီး ပေါ်လာခဲ့တယ်။ သဘာဝက တူးလို့ ဖော်လို့ ဖြစ်ရတဲ့ ထူးပေါက် ချောင်းကြီးက နှစ်စဉ် မြစ်ရေ ၀င်ပြန်တော့ နှစ်ဖက်ကမ်း ပြိုရာက ရွာတောင်ခြမ်းက တောင်ဘက်တိုး၊ ရွာမြောက်ခြမ်းက မြောက်ဘက် ဆုတ် ဖြစ်ရရော။ မုန့်ပျားသလက် တစ်ချပ် အလယ်က ဆွဲဖဲ့ပြီး တစ်ခြမ်းစီကို ခပ်ဝေးဝေး လွှင့်ပစ် လိုက်သလို ရွာနှစ်ရွာ ခြားသွား လိုက်တာ ဇာစ်မြစ် မသိရင် တစ်ရွာစီ ထင်ကြဖို့ ရှိတာပါ။ ထင်လည်း ထင်ကြတာပါပဲ။


နောင်ခေတ်တွေမှာ မြစ်ရေက သူ့နဖူး သူကျော်တယ် တစ်နှစ်မှ မရှိခဲ့ လေတော့ တစ်ခါက ရွာနှစ်ခြမ်း ဖြန်းဖြန်းကွဲခဲ့ ရပုံဟာ နောက်ပေါက်တွေ အဖို့ရာ ဒဏ္ဍာရီတောင် ဖြစ်ရတယ် ပြောပါတော့။ တစ်ရွာတည်း တည်စဉ်က ရွာလယ်ချောင်း ဆိုတာ မြစ်ရေကြီးခါ မြစ်ရေ၀င်မှ ရေရှိတဲ့ ချောင်းပါ။ ရေမရှိတဲ့ အခါ ချောင်းက ချောင်းတိမ်ဆိုတော့ သည်လို ကူးခဲ့ကြတာပါပဲ။ ရေ၀င်ချိန် ဆိုရင်တော့ ၀ါးတံတား ထိုးပေါ့။ ထူးပေါက်ချောင်းကြီး ပေါ်လာတဲ့ အခါမှာတော့ ၀ါးတံတားလောက်နဲ့ မရတော့ဘူး။ ချောင်းတိမ် မဟုတ်တော့လို့ ချောင်းထဲက ဆင်းကူးချင် လို့လည်း မဖြစ်တော့ဘူး။


သည်တော့ နှစ်ရွာကူး ဖြစ်အောင် သစ်သား တံတားကြီး ထိုးရတယ်။ လှည်းပါ ကူးလို့ရအောင် ထိုးရတာ ဆိုတော့ တံတား တောင့်တောင့်ကြီးထိုး ရတာပါ။ တံတားကို နှောတော တံတားပဲ ခေါ်ကြတယ်။ တစ်ရွာတည်း တည်ရာက တစ်ရွာ့ နှစ်ရွာဖြစ်ရ၊ တစ်ကိုယ့် နှစ်စိတ်ဖြစ်ရတာ အကြောင်း မဟုတ်ပေသိ ရွာနာမည်တော့ ခွဲခေါ်ကြရပြီ။ အထက် နှောတောတဲ့။ အောက်နှောတောတဲ့။ ရွာဘေးက စီးနေတဲ့ မြစ်မကို မှီပြီး မြစ်အထက်ရွာ၊ မြစ်အောက်ရွာ ရယ်လို့ ဖြစ်လာတာပါ။ သည်အထိက ပြဿနာ မရှိဘူး။ ပြဿနာက ရွာဦး စေတီနဲ့ ဘုန်းကြီးကျောင်းက မြစ်အထက်က နှောတောမှာ ကျန်ရစ်ခဲ့တော့ အောက်နှော တောရွာက ရွာဦး စေတီတစ်ဆူ မတည်မဖြစ် ထတည်ရတယ်။ ကိုးတောင် ပြည့်စေတီ ကလေးပါ။


ဘုန်းကြီးကျောင်းလည်း သည်လိုပဲ ရွာကပဲ ဆောက်လှူကြတယ်။ ကိုယ့်ဘုရားနဲ့ ကိုယ့်ဘုန်းကြီး ကျောင်းတော့ဖြစ်ပြီ။ ပြည့်စုံပြီလား ဆိုတော့ မပြည့်စုံ သေးဘူး။ ရွာပိုင်ပြိုင်လှေ တစ်စင်းကလည်း ရှိရဦးမှာကိုး။ အရင်က နှောတောရွာမ ပြိုင်လှေကြီး “စိန်ဒုံး” ရယ်လို့ တစ်စင်းတည်း ရှိခဲ့တာပါ။ နှောတောပြိုင်လှေ ဆိုရင် စိန်ဒုံးပဲ။ စိန်ဒုံးက ရွာပိုင် လှေပဲ။ အခုတော့ ဘုန်းကြီး ကျောင်းအောက်ထားတဲ့ ပြိုင်လှေကြီး စိန်ဒုံးကို တစ်ခြမ်းစီ ဖြတ်ယူလို့လည်း မဖြစ်တော့ အောက်နှောတော ရွာက ပြိုင်လှေတစ်စင်း ရှိရတော့မယ်။ ပြိုင်လှေတစ်စင်း စပ်ရတာ သူ့ခေတ်သူ့အခါ မခက်ပါဘူး။ လုံးပတ်ကောင်းကောင်း၊ ပင်ရိုးဖြောင့်ဖြောင့် ကျွန်းပင်တစ်ပင်၊ နှစ်ပင်ရှာရင် ဖြစ်ပါရဲ့။


ဒါပေသိ စိန်ဒုံးဆိုတဲ့ ပြိုင်လှေနာမည် ကိုတော့ ခွဲလို့စိတ်လို့ မဖြစ်ဘူး။ စိန်ဒုံးဟာ မူလ နှောတောရဲ့ ဘုံအမှတ် တံဆိပ်၊ နှောတောရဲ့ ဘုံဂုဏ်သိက္ခာ အဖြစ် ရင်စူးရင်ချွန် တစ်သက်လုံး ရှိခဲ့ ကြသူတွေဟာ ရွာနှစ် ခြမ်းကွဲလို့ လှေစွဲလည်း နှစ်ခြမ်းကွဲတယ် အဖြစ် မခံချင်ဘူး။ ရွာဦး စေတီတည် ရတုန်းက တည်ပေါ့။ ရွာရှိမှတော့ ဘုရား စေတီ ကလေးနဲ့မှ တင့်တယ် ပေမပေါ့။ ဘယ့်နှယ်မှ မနေဘူး။ ဘုန်းကြီးကျောင်း တစ်ကျောင်း ရွာ့ကုသိုလ်ရယ်လို့ ဆောက်လှူ ရတုန်းကလည်း ဘာပြဿနာမှ မရှိဘူး။ ပြိုင်လှေကျမှ အခက် တွေ့ကြ ရပြီ။ အထက်နှောတော ကလည်း သူတို့ရွာမှာ ကျန်ရစ်ခဲ့တဲ့ ပြိုင်လှေ စိန်ဒုံးကို အပိုင် ယူလိုက်ကြပြီ။


အောက်နှော တောကလည်း စိန်ဒုံးပြိုင် လှေဟာ သူတို့နဲ့လည်း ဆိုင်ခဲ့ဖူး တယ်ဆိုတဲ့ အစွဲကလည်း မပြုတ်ကြ ဘူးကိုး။ ဒါဖြင့် စိန်ဒုံးကို နှစ်ရွာပိုင် ပြိုင်လှေအဖြစ် ထားကြ ပါလားဆို တော့လည်း နှစ်ရွာစလုံးက ဘ၀င်မကျ နိုင်ကြတာတွေ ဖြစ်လာတယ်။ လှေကြောင့် စိတ်ဝမ်းကွဲ ကြရသလို ရှိကြရပြီ ပြောပါတော့။ အထက် နှောတောသား တွေကတော့ သူတို့ရွာမှာ ငုတ်တုတ်ဆိုတော့ အပေါ်စီးကပေါ့။


“ဟ- စိန်ဒုံးကို ငါတို့က အပိုင် သိမ်းသာမှ မဟုတ်သာကွာ၊ ဘုန်းကြီးကျောင်း အောက် နဂိုရှိပြီး သားဟာကို မင်းတို့လို ချင်ရင် ဘုန်းကြီးကျောင်းပါ တူးရွှေ့ကြ လေကွာ။ မင်းတို့နှယ်-ငါတို့က စကားကတ်သာ မဟုတ်ပါဘူး။ နိယာမ ပြောသာပါ။ မင်းတို့လည်း ပြိုင်လှေ တစ်စင်းစပ်ကြပေါ့။ ဒါရှိသာပဲ”


သည်စကား ကြားတော့ အောက်နှောတော သားတွေက မခံချင်ကြဘူး။ စိန်ဒုံးပြိုင်လှေ သူတို့ရွာ ကျန်ရစ်ခဲ့တာနဲ့ပဲ စကားအရာ လူဝါးဝ ကြတယ်လို့ တွက်ကြတယ်။


“ငါတို့ကကော ဘယ်ရွာသား မို့လို့တုံးကွ၊ ဘိုးများဘွားများ လက်ထက် အဆက်ဆက် နှောတောနဲ့ စိန်ဒုံး ကိုယ့်ရွာနဲ့ ကိုယ့်လှေ တစ်သက်လုံး မက်စက်ခဲ့ကြသာ၊ နှစ်ရွာကွဲမှ မင်းတို့က မင်းတို့လှေ စုတ်စုတ်ကန်း ဖြစ်ရကောလား၊ နှောတောလို့ ပြောရင် စိန်ဒုံးပဲ၊ စိန်ဒုံးလို့ ပြောရင် နှောတောပဲ။ အခုမှ မင်းတို့က ဂဠုန်ပြည် ဂဠုန်ပဲ၊ နဂါးပြည် နဂါးပဲ မလုပ်ချင်စမ်း ပါနဲ့ကွာ”


“ကောင်းသာကတော့ စိန်ဒုံးပြိုင် လှေကြီးကို အထက် နှောတောခြောက်လ၊ အောက်နှောတော ခြောက်လ ထားချင်သာပဲကွာ၊ ငါတို့ရွာလည်း ဘုန်းကြီးကျောင်း ရှိပြီပဲဟာ”


“လွယ်မှတ်လို့ကွာ၊ ပြိုင်လှေများ မင်းတို့က ဆက်ရက်များ၊ ကျီးကန်းများ မှတ်လို့၊ ကောက်ခနဲ ထပျံဖြစ်သာမှ မဟုတ်သာ၊ လှေပြိုင်ပွဲတွေ ရှိလာတော့ ဘယ့်နှယ် လုပ်ပါ့မတုံး။ သူ့ရှိရင်းစွဲ နေရာဖာသာ နေစမ်းပါစီ”


စိန်ဒုံးကို သူ့ရွာ ထားထိုက်တယ်၊ ကိုယ့်ရွာ ထားထိုက်တယ် ငြင်းကြ ခုံကြရာက နှောတောစိတ် တစ်စိတ်တည်း ရှိခဲ့ ကြသူတွေ စိတ်နှစ်ခြမ်းကွဲ လာကြတယ်။ နှစ်ရွာ ဆရာတော်များ အမှူးပြုပြီး နှစ်ရွာအစည်း အဝေး ခေါ်ရတဲ့ အထိ ဖြစ်လာရော ပြောပါတော့။ နှစ်ရွာ စိတ်ဝမ်း ကွဲသည်ထက် ကွဲလာမှာကို ဆရာတော် နှစ်ပါးကလည်း ကြောင့်ကြ တော်မူကြတယ်။ နှစ်ရွာ ကိုယ်စား လူကြီးတွေ ပြောကြဆိုကြ၊ ငြင်းကြခုံကြ တာတွေကို နားထောင်ကြည့် တော့လည်း စိန်ဒုံး ပြဿနာက မကျေလည်ဘူး။


သည်တော့နှောတော ရွာမကျောင်း ဆရာတော် ကပဲ ဆုံးဖြတ်ပေးတယ်။

“ကိုင်း ကိုင်း၊ မင်းတို့ ဟာက လှေကို အကြောင်းပြုပြီး တစ်ရွာ့ မျက်နှာတစ်ရွာ မကြည့်ချင် သာတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ညာထောင်ဘယ်လဲ ဥစ္စာမွဲဆို သာလို ဘယ်ဘက်မှ လိုက်လို့လည်း မကောင်းလေတော့ ဘုန်းကြီးတော့ သည်လို စဉ်းစားသယ်”


“မိန့်ပါဘုရား”


“နှောတော တစ်ရွာတည်း ရှိခဲ့တုန်း ကတော့ စိန်ဒုံး ပြိုင်လှေကြီးဟာ မူလအရင်းခံ နှောတောလှေ ပေါ့ကွာနော။ အခုတော့ နှစ်ရွာ ကွဲရတော့ ကြက်သွားရာ မြားပါသလို ဖြစ်ကရော့မယ်။ သည်တော့ စိန်ဒုံးကို နေမြဲအတိုင်း ကျောင်းအောက်မှာပဲ ထားလိုက်ကြတော့။”


အထက်နှော တောကလည်း ပြိုင်လှေ တစ်စင်းစပ်ကြ။ အောက်နှော တောကလည်း ပြိုင်လှေတစ် စင်းတည်ကြ၊ ကိုယ့်ရွာလှေ ကိုယ်နာမည် ပေးကြလကွာ” သည်လို ဆိုတော့လည်း နှစ်ရွာစလုံးက ကျေနပ် သွားကြတယ်။ သည်တော့ အထက်နှောတော ကလည်း လှေတစ်စင်း စပ်ဖို့ စဉ်းစားရပြီ။ အောက်နှောတော ကလည်း ပြိုင်လှေတစ်စင်း တည်ဖို့ တွက်ကြရပြီ။ ကိုယ့်ရွာနဲ့ ကိုယ့်လှေ၊ ကိုယ့်လှေနဲ့ ကိုယ့်နာမည် လုပ်ကြရုံပေါ့။


(၂ )


ဟိုတုန်း ဟိုခါက မြစ်နားတန်း ရွာတွေမှာ ပြိုင်လှေကြီးတွေ တစ်ခေတ်ထ ခဲ့တာလည်း အမှန်ပါ။ မြစ်နားတစ်လျှောက် ပြိုင်လှေ မပိုင်တဲ့ ရွာရယ်လို့ အရှားသား။ တစ်ရွာတစ်စင်း ရှိကြသလို ကိုယ့်ရွာလှေကိုယ် အင်မတန် မက်စက်ကြတယ်။ များသောအားဖြင့် ရွာဘုန်းကြီးကျောင်း အောက်မှာထားလေ့ ရှိကြတဲ့ ပြိုင်လှေကြီး တွေဟာ အခါရာသီ မဟုတ်သရွေ့ စန့်စန့်ကြီး ကျောခင်းနေတဲ့ ကင်းခြေများ တစ်ကောင်လို ရှိနေတာပါပဲ။ ဘုန်းကြီး ခရီးကြွရင် စီးလေ့ရှိတဲ့ လှည်းယာဉ် တစ်စင်းနဲ့ ပြိုင်လှေ တစ်စင်းဟာ ကျောင်းအောက်မှာ ရှိနေကျ။ ရေကြီးခါ သုံးတဲ့ ဆွမ်းခံလှေ ကလေး တစ်စင်းလည်း ရှိတတ်တာပါပဲ။ ဧရာဝတီမြစ် ရေတိုးပြီ ဆိုရင် ရွာထဲမှာ ဒူးလယ်ပေါင်လယ် ရေရှိတတ်တော့ ဆွမ်းခံလှေ ကလည်း မရှိလို့ မဖြစ်ဘူး။ မောင်ကျောင်းသားနဲ့ ကိုရင်တွေ ရွာ့အိမ်ပေါက်စေ့ လှေဦးတိုက် ဆွမ်းခံ ကြရတာကိုး။


ပြိုင်လှေကြီး တွေကတော့ မြင်းခြံနယ် မြစ်ရိုးတန်းမှာ တိုင်းပေါက်ပြည်ပေါက် တွေပေါ့။ ပြိုင်လှေကောင်း တစ်စင်းရှိတဲ့ ရွာကလည်း အလိုလို ရွာ့နာမည် ထွက်လာ တော့တာပဲ။ ပြိုင်လှေကချည်း ကောင်းလို့ မဖြစ်ဘူး။ လှေသားတွေ ကလည်း အတွေ့အကြုံကြီး ကြရတယ်။ သည်တော့ ပြိုင်လှေကောင်း ရှိတဲ့ ရွာနာမည် ထွက်တာ ရွာသား တွေအတွက် ဂုဏ်လုပ် စရာဆိုလည်း ဟုတ်တယ်။ သူ့လှေနဲ့ သူ့ရွာ အလောင်း အစားတွေ ကလည်း အလွန်ကောင်းကိုး။ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း လတွေမှာ မြစ်ရေက ဖောင်ဖောင်တိုး ပါပြီ။ ရေကြီးခါများ ရောက်ရင် လှေပွဲတွေ ဟိုကသည်က အသံတွေ ကြားကြရပါပြီ။


တော်သလင်းရေ ကမ်းဦးတိုက်မှာ လေမိုးကလည်း ငြိမ်ပြီ။ လှေရွာတွေ ကတော့ ခြိမ်းခြိမ်းသည်းသည်း ရှိကြသလောက် လှေစွဲကလည်း ကြီးကြတယ်။ တချို့ရွာတွေက ဘိုးစဉ်ဘောင်ဆက် ရှိခဲ့တဲ့ ရှေးလှေကြီး တွေနဲ့ပဲ ပြိုင်ကြတယ်။ ပြိုင်လှေအလျား ခုနစ်လံ၊ ရှစ်လံ၊ ကိုးလံရှိတဲ့ လှေကြီးတွေပေါ့။ လှော်သားကလည်း လှေပေါ်လိုက်လို့ မနည်းဘူး။ သူ့ရေချိန် နဲ့သူ။ လူနဲ့ပြောရင် တစ်ကျိပ်ခွန်၊ တစ်ကျိပ်ရှစ် ဆိုတာကနေ သုံးကျိပ်ခွန်၊ သုံးကျိပ်ရှစ် လှော်ကြတဲ့ လှေကြီးတွေ။ တချို့ ရွာတွေမှာ လေးကျိပ်လွန် လှေကြီးတွေတောင် ရှိတတ်တယ်။ လှေခုတ်ရွာက မာဃလှေ၊ ပန်းညိုက သိင်္ဃ၊ နဂါးပေါက်က သိန်းကြီး၊ မီးလောင်ကျွန်းက မှန်ကျား၊ ဧရွာက ရတနာ စိန်မြား၊ ဘောလုံးရွာက ပြေသိမ်း၊ လေးအိမ်တန်းက ဓူဝံ၊ ဆမိတ်ခုံက မြီးကား၊ ရေစကြိုနယ် ကျောက်ဖူးရွာက ကျားကြီး စသည်ဖြင့် ပြိုင်လှေတွေ ဆိုတာ စာရင်းချ မဖြစ်ဘူး။


“ကျုပ်တို့တော့ ကျောက်ဖူးက ကျားကြီးလို မောင်းဆိုင်း တင်တီးလို့ ရတဲ့ လှေဖြစ်ချင် သာပဲ၊ အသစ် ခုတ်ရမှတော့ ဂုဏ်မငယ်ချင်ဘူး။ စကျင်း ရှစ်လံလောက်၊ ၀မ်းကျ နှစ်တောင်မိုက်လျော့ လောက်နဲ့ တက်မရှင် လှေဆိုရင် ဘယ့်နှယ်တုံး”


“ပြိုင်လှေများတော့ ရှေးစကား ရှိသာကောကွ၊ ဦးမှာ ကြက်ရင်၊ ၀မ်းမှာ ၀က်ကျော၊ ပဲ့တော့ ဆန်ကောဆိုသာ။ ကြက်ရင်များလို ဘယ်တစ်ခြမ်း ညာတစ်ခြမ်းမောက် မောက်ကလေး သွားစုမှ ရေတိုက်အား ကောင်းသာ။ လှေဝမ်းမတော့ ၀က်ကျော ကုန်းလို အဟိုက် ရှပ်ရှပ်က လေးဖြစ်မှ ကောင်းသယ်။ ပဲ့ ကတော့ ဆန်ကောများလို ပြားနေမှ အထိုင်ငြိမ်သယ်။လှေခုတ်ဆရာ လှေစပ်ဆရာ ကောင်းမှ ဒါမျိုးဖြစ်သာ”


“ခတ်လူသာ ပဓာနပါ မောင်ရာ၊ စကျင်း ကိုးလံနဲ့ နှစ်တောင်ရှိတဲ့ လှေပင် ဖြစ်ပါဦးတော့ ရေချိန်ကိုက်ပြီး ပြိုင်ရသာကွာ။ လူသာ လိုရင်းပါ။ တက်မကိုင်ကောင်း၊ ဦးစီးကောင်း၊ တက်စီးကောင်းရင် မင်းရှိသာ ပုံအောတော့။ တက်စီးထဲတော့ ဟောသည်နား တစ်ဝိုက် သံဆော်သံတိုင် ကောင်းတဲ့ ကျောက်ခဲမီသူ မရှိဘူး။ တို့ ရွာက အဲသာလိုသာ”


“ရေချင်းတူ လို့ကတော့ နှစ်လား လုပ်မနေနဲ့၊ လားချင်း သေသာချတော့။ ရှုံးလည်းတစ်လား၊ နိုင်လည်းတစ်လား၊ လားချင်း ပြီးသာပဲ။ တောင်ရေ ခုနစ်တောင်လောက် ငေါက်ငေါက်ပါအောင် လှေရေသာ နှစ်လားဆိုတော့ ပန်းသယ်”


“တစ်လှေ့ တစ်လှေ သျှောင်တစ်ဖျား၊ ဦးတစ်တုံး စာထက် မပိုကြပါဘူးကွာ။ မုံးအ၀င် ပန်းဆွတ်တဲ့ ကောင်က အခရာပါ။ပန်းဆွတ်များ တော့ ငါကြည့်ဖူးလှပါပြီ။ သန်းကျော် မီတဲ့ကောင် မတွေ့ ဖူးသေးဘူး။ သည်ကောင် ပန်းချော်သယ် မရှိဘူး။ ပန်း ဆွဲရေကျ မရှိဖူးဘူး” လှေရွာတွေမှာ လူထူထူ စုမိရင် လှေစကားကြားရတာ များတယ်။


လှေပြိုင်ပွဲတွေနီး လာလေ လှေစကားတွေ ပိုကြားရလေ။ လှေတိုက်သံတွေ ညံလာလေ။ လှေတိုက် တယ်ဆိုတာက ဘယ်ရွာက ဘယ်လှေ၊ ဘယ်အတိုင်း အထွာ၊ ဘယ်လိုလူတွေလှော် တယ်၊ ဘယ်သူတွေက ဘယ် လိုတော်တယ်၊ ဘယ်လှေက တော့ ဗူးဖောက်ချင်တယ်၊ လှေပြိုင်တုန်း လှေချင်းကပ်ပြီး ညစ်ချင်တယ် စသည်ဖြင့် လှေတကာနဲ့ စပ်သမျှ ပါးစပ်နဲ့ အနိုင်ယူ ကြတာကို ပြောတာပါ။


“မင်း မနှစ်က မှတ်မိလား။ ငမောက်လှေက လှေပါး၊ ပတ္တမြားက လှေထူ၊ ပတ္တမြားက ယက်ဒဏ်ခံနိုင် တော့ ငမောက်နဲ့ ဇွတ်ကပ် သာ၊ ငမောက်က ယက်ဒဏ် လှိုင်းဒဏ် မခံနိုင်တော့ ပတ္တမြားနဲ့ ခွာလှော်တော့သာ”


“ပတ္တမြားက လှေထူသာ ဆိုသယ်။ တယ်ပြီး လူးသာကိုးကွ။ တက်မချိန်တတ် လို့ပေါ့။ လှေလှော်တဲ့ လှော်သားကလည်း သတ္တိရှိ မှကွ။ တချို့က လှေပေါ် ရောက်သာနဲ့ ဒူးများ တုန်နေတော့သာ”


ရွာအချင်းချင်း ပြောကြ ဆိုကြတဲ့ အထဲမှာ နှောတော လှေနှစ်စင်း အကြောင်းလည်း ပါလာရ ပြီပေါ့။ အထက်နှော တောက ပြိုင်လှေတစ်စင်း၊ အောက်နှောတောက ပြိုင်လှေတစ်စင်း ခုတ်ကြတော့ မလို့တဲ့ သတင်းက မောင်းမခတ် ရဘဲ ပြန့်နေပါပြီ။ ဆမိတ်ခုံ ဈေးလိုက်တဲ့ ဈေးဝယ်တွေက နှောတော နှစ်ရွာက လှေနှစ်စင်း အကြောင်း ကြားကြရာက ကိုယ့်ရွာကိုယ် ရောက်တဲ့အခါ သတင်း ဖောက်သည် ချကြတယ်။ အထက်နှောတောမှာ ကလေးတွေက ခေါင်းထဲရှိတာ ရွတ်ကြရာက တဘောင် ပေါ်နေသတဲ့။


“စကျင်းရှစ်လံ၊ ငှက်မြီးခံ၊ မြင်းပျံ ခြခြကွဲ” တဲ့။ စကျင်းဆိုတာ လှေအလျားကို ပြောတာပါ။ ငှက်မြီးခံ ဆိုတာက လှေပဲ့ပိုင်းက အခွက်ကလေးကို ခေါ်ကြတဲ့ အခေါ်ပေါ့။ အခွက်ကလေးရဲ့ အထက်နဲ့ အောက်မှာ စကရွက် (စကားရွက်) နဲ့ စကညှောင့် (စကားညှောင့်) ဆိုတာ ပါသေးတယ်။ စကျင်းရှစ်လံနဲ့ ငှက်မြီးခံပါတဲ့ လှေစပ်ရင် နတ်မြင်းပျံတောင် မခံနိုင် ဘူးပေါ့။ အထက် နှောတောမှာ သည်လို တဘောင်ပေါ်တယ် ဆိုတော့ အောက်နှောတော ကလည်း တဘောင် လိုလိုစပ်ပြီး သတင်းလွှင့် ပြန်တယ်။ နတ်ကတော် အိပ်မက် မက်တယ်ပေါ့လေ။


“အောက်နှောတောက နတ်ကတော် မကြိုးကြာ အိပ်မက်မက်သာတဲ့။ ညကြီးသန်းခေါင် အောက်နှောတော ရွာဆိပ်ကို ကုန်လှေတစ်စင်း လာကပ်သတဲ့။ လှေကြီးနောက်မှာ ပြိုင်လှေတစ်စင်း တွဲလို့တဲ့။ ပြိုင်လှေကြီးက စကျင်ကိုးလံလောက်၊ ၀မ်းဗြက် တစ်တောင့်ထွာလောက်နဲ့တဲ့တော်။ လှေဦးမှာ မျက်လုံးကြီး နှစ်လုံးကလည်း ပြူးပြူးပါလို့ အရောင်တွေတောင် ဖျိုးဖျိုးဖျင်းဖျင်း ထွက်နေသာတဲ့။ လှေပိုင်ရှင်က ပြိုင်လှေကို တွဲထားရာက ဖြုတ်ပြီး ရွာဆိပ်မှာပဲ ချည်ထားခဲ့သာတဲ့။ သည်လှေကို နတ်လှော်လှေ ခေါ်ကြသာတဲ့။ မကြိုးကြာက နိုးနိုးချင်း သည်အကြောင်း ရွာထဲ လျှောက်ပြောနေတော့သာတဲ့ တော်၊ ကိုင်း” ဟုတ်လေသလား၊ မဟုတ်လေ သလားတော့ မသိဘူးပေါ့။ သည်စကား ကလည်း လှေရွာတွေဘက် ထိုထိုပေါက် ရောက်သွားလိုက်တာ တချို့လည်း ယုံကြ၊ တချို့လည်း မယုံကြ ဘူးပေါ့လေ။


ဒါပေမဲ့ နှောတော နှစ်ရွာမှာ တကယ် ဖြစ်ခဲ့တာတော့ ရှိတယ်။ နှောတော တစ်ရွာတည်းတုန်းက နှောတောလှေ စိန်ဒုံးကို လှော်ကြတဲ့ လှော်သား တွေထဲမှာကိုပါ နောက်ဆိုတဲ့ လူက ပန်းဆွတ် အင်မတန် ကောင်းတယ်။ နှောတော နှစ်ရွာကွဲတော့ ကိုပါနောက်နဲ့ မကြောင်မ လင်မယားက အထက်နှောတောမှာ တစ်ဝမ်းတစ်ခါး လုပ်ကိုင်စားကြတယ်။ ကိုပါနောက်က ဖောင်သမား ဆိုတော့ သစ်ဖောင်တွေ နောက်လိုက်တဲ့အခါ လိုက်တယ်။ မကြောင်မက ရွာမှာပဲ ပဲရိတ် နှမ်းရိတ်ပေါ့။ သားသမီးကလည်း မရှိတော့ သည်လို နေကြတာပါပဲ။ ကိုပါနောက် ဖောင်လိုက်ပြန်လာလို့ နောက်ထပ် အလုပ်က မခေါ်မချင်း ရွာမှာပဲ လင်မယား နှစ်ယောက် အတူ နေကြတယ်။


ကိုပါ နောက် ပန်းဆွတ်ကောင်းမှန်း သိတော့ အောက်နှောတောက မကြောင်မ မိဘများက ငါ့သမီးနဲ့ ငါ့သမက်တို့နဲ့ အတူ လာနေလှည့် ခေါ်ပါရော။ မိဘက ခေါ်တော့ လင်မယား နှစ်ယောက် အောက်နှောတော မှာ နေဖြစ်ကြတယ် ပြောပါတော့။ ဒါပေမဲ့ သည်ကိစ္စဟာ ရိုးရိုးသားသား ကိစ္စ မဟုတ်ဘူး ဆိုတာ အထက်နှောတော သားတွေက သိတယ်။ ပန်းဆွတ်ကောင်းတဲ့ ပါနောက်ကို သက်သက် တစ်ဖက်လှည့်နဲ့ ခေါ်တာပေါ့လေ။ ပါနောက်ခမျာ မယား မျက်နှာကလည်းရှိ၊ ယောက္ခမတွေ ကလည်း တင်ကျွေးထားတာ ဆိုတော့ အောက်နှောတော နေရတာပါပဲ။ အထက်နှော တောသားတွေက ပါနောက်နဲ့ ကြောင်မကိုတို့ ရွာလာနေပါ။


တို့ကလည်း ကျွေးနိုင်ပါတယ် ဖြစ်ကရော။ သည်မှာတင် နှစ်ရွာ စကားများ ကြပြန်တယ်။ ကိုပါနောက် တို့ကတော့ မပြန်ပါဘူး။ ယောက္ခမထက် ဘယ်သူက ပိုပြီး သေချာဦးမှာတုံးပေါ့လေ။ သည်လိုသာ ဖြစ်နေတာပါ။ နှစ်ရွာစလုံး ပြိုင်လှေမရှိ ကြသေးဘူး။ လှေခုတ် လက်သမား ရှာကြတုန်း။ မင်္ဂလာသစ် ရှာကြတုန်း။


 ( ၃ )


အထက် နှောတောက လှေစပ်မယ့် ကျွန်းသစ် ကောင်းကောင်း ရှာဖို့အထက် မလည်ဘက် လူလွှတ်ရတော့ မှာဆိုတော့ သူကြီး ကိုမှန် ရောင်ကရွာသားထဲက တောင့်တောင့် နှစ်ယောက်၊ သုံးယောက် ရှာနှင့်ရတယ်။ လှေစပ်မယ့် သစ်က သစ်ကောင်း သစ်ညွန့် ဖြစ်ရတာ ဆိုတော့ သစ်အကြောင်း နားလည်တဲ့ ဦးကျားသိုး ကပဲ ပြောပြရတယ်။ “သစ်က အလုံးအထည် ကလည်းကောင်းမှ၊ သစ်က လည်းဖြောင့်မှ၊ အမျက်အဆန် ပျားထိုးပိုးထိုးကလည်းနည်းမှ မအိုးခြမ်းခွဲလို့ ကောင်းသာ။သစ်လုံးကြီးကို ထက်ခြမ်း ဟက်တက်ခွဲ ရသာ။ ဦးတုံး၊ ပဲ့တုံး နှစ်တုံးခုတ်နှင့် ရသယ်။ပြီးမှ ဧရာပြားပေါ် လောင်းထောင်ပြီး တကူစပ် တွဲယူရသယ်။ လှေသမားတွေ ထိုင်ဖို့ ပန်းကန်ထောက်တွေ ထည့်ရသယ်”


ဦးကျားသိုး ကလည်း တစ်ချိန်က လှေလှော်သား တစ်ယောက်ဆိုတော့ ပြိုင်လှေ အကြောင်းတော့ လာခဲ့ထဲကကိုး။ ပြိုင်လှေစပ်ပြီးရင် ဦးကနေ ပဲ့အထိ ကြိမ်ကျစ် ကြိုးတောင့်တောင့် ထည့်ရတာက အစဦးနဲ့ပဲ့ အလိုက်သင့် ကော့ကော့လေး နေအောင် ထိန်းပေးရတဲ့ ရွတ်လို့ခေါ်တဲ့ ကြိုးထည့်ရတာ အဆုံးပတ် မလုံးစုံ အကုန် နားလည်တယ်။ “ရေကျော်သစ်၊ ခွံဝှက် သစ်၊ အူနာသစ်၊ နွယ်ပတ်မီး ကျော်သစ်၊ သစ်ချောင်းကူး၊ သစ်လမ်းကူး၊ ဘီလူးကျော် နတ်ကျော် သစ်များတော့ သတိထားကြကွာ ငါ့တူများ၊ အရင်းအဖျား ကွာလွန်းတော့လည်း မကောင်းဘူး။ သစ်ဖို၊ သစ်မမှာ သစ်မ မဖြစ်စေနဲ့။ တောမီးလောင်လို့ ကျန်တဲ့ သစ်လည်း ဖြစ်နေဦးမယ်။ ခင်ပုပ်နား၊ လင်းတနား၊ ကျီးနား၊ စွန်နားများ ရှေးကလူကြီး မိဘများ ရှောင်ကြသာပဲကွ။ ၀ံလိုဝံလက်၊ တောကြက် စွန်ရဲများ အသိုက်ရှိတဲ့ သစ်ဆိုရင်တော့ ငါ့တူများ လက်ခမောင်း ခတ်တော့”


“ဘကြီးကျားပဲ သွားလိုက် ပါလားဗျာ။ စွန်သိုက်၊ ငှက်သိုက် အထိတော့ ဘယ်ကောင်က သိမှာတုံးဗျ။ ခွံဝှက် အူနာလည်း ဘယ့်နှယ်လုပ် သိမှာတုံး”


“ခွေးသားတွေရ၊ ငါ့ အသက် အရွယ်နဲ့ လိုက်မဖြစ်လို့ပေါ့ကွ။ မလည်ဘက်မယ် နားလည်တဲ့ သူတွေရှိ ပါသယ်။ သစ်လုံးရရင် သစ်ဆင်းရက် ရှိသယ်။ “အုန်းဆူးသက်” ခေါ်သယ်။ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ ကောင်းသယ်။ ခြပုန်းစွဲ၊ ခါချဉ်စွဲ၊ နကျယ်စွဲ၊ ပျားစွဲတော့ မင်းတို့ သိပါ သယ်ကွ။ မခက်ပါဘူး။သွားကတည်းက သစ်လုံးကို ပက်ဖို့ နံ့သာဖြူ၊ ကရမက်၊ ပန်းမ၊ ပန်းဥ၊ ဂမုန်း၊ ဖုံးမသိန်နဲ့ နှမ်းဆီကောင်းကောင်း ပါသွားပစီ၊ သစ်ခုတ်ရင် တောစောင့်နတ်၊ တောင်စောင့်နတ်များ တောင်းပန်ကြကွာ”


“ခက်ပါ့ကောဗျာ”


“သူကြီးရာ၊ မင်းကောင်တွေနဲ့ မဖြစ်ဘူး ထင်ပါရဲ့ကွာ။မသွားရ သေးဘူး တစ်လျား လျော့နေပြီ။ မင်းတို့ခေတ် ရောက်မှ တစ်ထစ်လျှော့တာ မောင်တို့ရေ။ရှေးက တနင်္ဂနွေ သားချည်း သွားရသာဗျား၊ အောင်ဓာတ် ရအောင်လို့၊ ပွဲတိုင်းနိုင် ပြိုင်တိုင်းလှတော့ မကောင်းဘူးလား”


“ဘကြီးကျားရာ၊ မြေတော်ဆိပ်မှာ သစ်ပုံကြီး ဟီးထလို့ ပါဗျာ။ မလည်ဘက် မသွားရပါဘူး”


“ဟာ- သည်ကောင်၊ ငါထထောင်း မိတော့မယ်” ရွာပိုင်လှေကြီး တစ်စင်း ခုတ်ကြမှာ ဆိုတော့ တစ်ရွာလုံးက ပျော်ကြတယ်။ တစ်ရွာလုံး ကလေးလူကြီး အုန်းအုန်း ကျွက်ကျွက်။ သစ်လုံး ပါလာရင် မြစ်ဆိပ်ဆင်းကြို ဖို့တောင် ရွာက စီစဉ်ကြ ပြီးပေါ့။ ကန်တော့ပွဲ သုံးပွဲနဲ့ ကြိုကြမှာကိုး။ မလည်ဘက်က သစ်လုံးကြီး တွဲပြီးပြန်လာ ကြတော့ ရွာဆိပ်မှာ ကမ်းညွတ်လို့။ ဘကြီးကျားက ပိတ်ဖြူကြီး ၀တ်လိုက်လို့။ သူကြီးက မြစ်ဆိပ်မှာ မောင်းဆင်ပြီး တဒူဒူထုလို့။ ဘကြီးကျားက သစ်တွဲ လာတဲ့လှေကို ဆီးမေးတယ်။

“မအူ၊ မိကျောင်း၊ သခွပ်၊ ညောင်၊ သပြေ၊ ဆီး၊ လက်ပံ၊ ကလော ကင်းရဲ့ လားကွဲ့”


“ကင်းပါ့ဗျား”


“တော်လည်း၊ ပုခက်လွှဲ ကင်းရဲ့လားကွဲ့”


“ကင်းပါ့ဗျား” 


“အောင်ဓာတ် ပါရဲ့လားကွဲ့”


“အောင်ကျော်တောင် ပါသေး”


“ခွေးမသားတွေ” 


အထက်နှောတောရွာက သစ်ကြိုသံတွေ မြစ်ရိုးမှာညံလို့။ ငမြာကြီးဘက်က လှေခုတ် လက်သမား ဦးလှမောင်နဲ့ တပည့်သုံး၊ လေးယောက်တောင် ရွာကို ကြိုရောက်နေကြပေါ့။ ရွာအားနဲ့ပဲ သစ်လုံးကြီးကို ဘုန်းကြီး ကျောင်းဝိုင်းထဲ ရောက်အောင် သယ်ခဲ့ကြတယ်။ ရွာက ကလေးတွေ အော်ကြတဲ့ တဘောင်ကို ယုံကြတော့ စကျင်းရှစ်လံ လှေခုတ်ဖို့ ဆုံးဖြတ်ပြီး ကြပါပြီ။ နာမည်တောင် ပေးပြီးကြပေါ့။ “တိုးနယား” တဲ့။


ဇာတ်သိမ်းဆက်ရန် 👇👇👇




Monday, 29 July 2019

#ကုန်ကြမ်း #ငွေဇင်ယော်ဦး(မိုးကုတ်)

#ကုန်ကြမ်း


#ငွေဇင်ယော်ဦး(မိုးကုတ်)


“ငါ့ညီမရေ အစ်မနဲ့ ခဏ လိုက်ခဲ့စမ်းပါ”


အစ်မ တစ်ယောက်လို ခင်မင်ရင်းနှီး ရသော မမ၀င်းက ကျွန်မ အိမ်ရောက်လာပြီး အဖော် ခေါ်ခြင်း ဖြစ်သည်။


သူက ကျွန်မတို့ လမ်းထဲမှာ မုန့်ဆိုင် ဖွင့်ထားသည်။


“ဘယ်လဲ မမ၀င်း”


“အကြွေး သွားတောင်းမလို့”


“ဟင်”


ကျွန်မ နည်းနည်း တွန့်သွားသည်။ ကျွန်မ ဘာဖြစ်သွားမှန်း သူကလည်း ရိပ်မိဟန်တူသည်။


 “ဩော် အဲဒီလို အော်ကျယ်ဟစ်ကျယ် ပြောဆိုပြီး တောင်းရမယ့် အကြွေးမျိုး မဟုတ်ပါဘူးဟယ်။ အဲဒီလိုမျိုးလည်း ငါမလုပ်ပါဘူးဟဲ့ နင်ကလည်း။ လာပေးမယ် ပြောပြီး ခုထိ ပေါ်မလာလို့ သူ့အိမ် အထိ သွားလိုက်ကြည့်ရုံတင်ပါ။ လာပါ အဖော် လိုက်ပေးစမ်းပါ။ ဒီမှာ တစ်ယောက်တည်း ဖြစ်နေလို့” 


“လိုက်သွားလေ။ ညည်းပဲ ကုန်ကြမ်း ရချင်တယ်ဆို” 


နံဘေးမှ အမေက အချွန်နှင့် ၀င်မသည်ကို အဟုတ်ထင်ပြီး မမ၀င်းကလည်း အားတက်သရော ထပ်ခေါ်သည်။


 “ဟုတ်တယ်ဟဲ့၊ ခုမှ သတိရတယ်။ ကြွေးရှင်နဲ့ ကြွေးယူသမား ဇာတ်လမ်းမျိုး နင်ရေးဖို့ ကုန်ကြမ်း ရတာပေါ့”


ကုန်ကြမ်း အသံကြားလိုက်ရ၍ ကျွန်မလည်း နည်းနည်း စိတ်ပါလေသည်။ ကျွန်မလို စာရေးချင်သူ တစ်ယောက် အဖို့ တစ်ခါတလေ အတွေ့အကြုံက ကိုယ့်ဆီ ရောက်လာတတ်တာ ရှိသလို တစ်ခါတလေ ကျတော့ အတွေ့အကြုံ ရှိရာ ကိုယ်က သွားရတာလည်း ရှိသည် မဟုတ်လား။ ပြီးလျှင် အခု အကြွေးသွားတောင်းမည့် သူကလည်း တခြားမဟုတ် ခင်မင်ပေါင်းသင်း လာကြတာ ကြာပြီမို့ မမ၀င်း တစ်ယောက် သူတစ်ဖက်သား အပေါ် အားနာတတ်တာ၊ သနားတတ်တာ ကျွန်မ သိသည်။ ဆိုင်သမားမို့သာ ကြွေးယူသူတွေ ရှိန်အောင်တမင် ဟန်ကိုယ့်ဖို့ လုပ်နေရပေမယ့် တကယ့် တကယ်၌ သူလည်း ခပ်အေးအေး သမားပဲ ဖြစ်သည်။ ခုပဲကြည့်လေ၊ တော်ရုံလူ ကိုယ့်ဘာသာ သွားမည့် ကိစ္စအား ကျွန်မကို အဖော်လာစပ်နေသည်။ အဖော်လိုတာထက် အကြွေး သွားတောင်းရာမှာ တစ်ယောက်တည်းထက် နှစ်ယောက်ဆို ပို၍ အရှိန်အဟန့် ဖြစ်အောင် ကျွန်မကို ခေါ်တာဖြစ်သည်။


“ထုံးစံအတိုင်း မုန့် အကြွေးပဲလား”


“အေးပေါ့ဟယ်”


မမ၀င်းက ညည်း ညည်းညူညူနှင့် ပြန်ဖြေ သည်။ ခုခေတ်မှာ ဆိုင်ဖွင့်စား ရသည်မှာလည်း တစ်ဒုက္ခပင်။ ကျောင်းဈေးတန်းမှ လွဲ၍ ကျန်ဆိုင် အတော်များများ အကြွေးကိစ္စ မဖြစ်မနေ ကြုံကြရသည်သာ။ မမ၀င်း၏ ဆိုင်က လက်လီလက်ကား ဖြန့်သည်မို့ ရပ်ကွက် အသီးသီးမှ အိမ်ဆိုင်သေးသေးလေး များကလည်း ဖောက်သည် လာလာယူကြသည်။ ထို ဖောက်သည်တွေထဲမှာ တချို့က ငွေလက်ငင်း ရှင်းသလို တချို့ဆိုင်တွေ ကျတော့လည်း အဟောင်းပေး အသစ်ယူလုပ် ကြပါသည်။ ခေတ်အခါ အရ မပေးလျှင်လည်း မဖြစ်တာမို့ မမ၀င်း၏ ဆိုင်လည်း ထိုစနစ် ကိုလက်ခံကျင့်သုံး နေရသည် သာ။


“အဟောင်းမှန်မှန် ပေးပြီး အသစ် ယူနေရင် ငါဘာမှ မပြောပါဘူးဟယ်။ ငါတို့တွေလည်း တကယ့်ပင်ရင်း ဆိုင်ကြီးတွေဆီက ဒီလိုပဲ အဟောင်းပေး အသစ်ယူ လည်ပတ် နေရတာမို့ နားလည်ပါတယ်။ ငါတို့ကမှ တစ်ခါတစ်ခါ ပင်ရင်းဆိုင် ကြီးတွေဆီ ငွေလွှဲရင် လေး ငါးသိန်း အောက်ထစ်ဆုံးပဲ။ ကိုယ်က ရေရှည်လုပ်စားမှာ ဆိုတော့ အတတ်နိုင်ဆုံး ကတိ မပျက်အောင် ကြိုးစားတယ်။ တစ်မျိုးမှ ငါးဆယ်တစ်ရာ မြတ်တာလေးတွေ စုပြီး ပေးရတာပဲ။ ဆိုင်သေး သမားတွေက ပုံမှန်မဆပ်ရင် ငါက ဘယ်ကငွေတွေ ရပြီး သူများကို ပြန်ပေးနိုင်မှာလဲ။ မဟုတ်ဘူးလား”


သူ့ဆိုင်သွားတိုင်း မမ၀င်းတစ်ယောက် သူ့ အခက်အခဲတွေကို ပြောဆို ရင်ဖွင့်ပြသည်ချည်းမို့ သူ့ဆိုင်မျိုး၏ ကြုံရသော သဘော သဘာဝတွေကို ကျွန်မလည်း သိနေသည်။ တချို့က ဒီလိုပဲ အဟောင်းပေး အသစ်ယူနှင့် ကတိတည်တော့ ဆက်ဆံ လာတာနှစ်နှင့် ချီလာသည်အထိ အဆင်ပြေသည်။ တချို့ကျ တော့လည်း အဟောင်းပုံမှန် မပေးဘဲ အသစ်တွေ ထပ် တလဲလဲ ယူကာ အကြွေးလည်း များလာရော ပေါ်မ လာကြတော့ပါ။ ဆိုင်လုံးလုံး ပြုတ်သွားသူ ရှိသလို၊ အကြွေး မပေးချင်တော့၍ လူလည်ကျပြီး တခြားဆိုင်ကို ဖောက်သည် ပြောင်းယူလိုက် တာလည်းရှိသည်။ တချို့ စိတ်ရင်းဓာတ်ခံ ကောင်းသူ တွေကျတော့လည်း ဆိုင်ပိတ် လိုက်ရပေမယ့် အဆင်ပြေ လျှင်ပြေသလို အကြွေးကို သတိတရ လာဖဲ့ဆပ်ကြတာ လည်းရှိပါသည်။ အပေါ်ယံ ကြည့်လျှင် ဆိုင်ကောင်တာ၌ အေးအေးဆေးဆေး ငွေထိုင် သိမ်းရုံလိုလိုနှင့် တကယ့် လက်တွေ့မှာ လူ့စိတ်အမျိုး မျိုးအကြောင်း သိရလေသော ခေါင်းရှုပ်စရာအလုပ်ပါပေ။


“ခါတိုင်း မမ၀င်း အကြွေးသွားတောင်းရင် ဘယ်သူ့ကို ခေါ်သွားတာလဲ”


“ဘယ်သူ့မှ မခေါ်ဘူး။ ငါဆိုင်ဖွင့်လာတာ လေးငါး နှစ်ရှိပြီ။ တစ်ခါမှ အကြွေး ကိုယ်တိုင် လိုက်မတောင်းဖူး ဘူး။ သူတို့ ဆိုင်သမားအချင်း ချင်း လူကြုံမှာတဲ့အခါ မှာ တယ်။ ငါ့ယောက်ျားသွား တောင်းခိုင်းတဲ့အခါ သွား တောင်းခိုင်းတယ်။ ငါ့ ကြောက်လို့သာသွားပေးတာ။ ခုတော့ ငါ့ဘာသာသွားကြည့် မလို့။ မတောင်းဘဲ နေရင်လည်း ပိုဆိုးတယ်ဟဲ့။ ဒီ တစ်ယောက်ဆို အဟောင်း မပေးဘဲ အသစ်ချည်းထပ် ထပ်ယူရင်း အကြွေး များလာတော့ ပေါ်မလာတော့ဘူး လေ။ အဲဒါ ဟိုတစ်ရက်က ဈေးထဲမှာ တွေ့တယ်။ အသား ငါးတန်းမှာ သိလား။ ဘယ်မလဲ အကြွေးဆိုတော့ ပျာပျာ သလဲနဲ့ ပေးမယ် အစ်မရဲ့ သတိရတယ်။ မလာအား သေးလို့ ကြာနေတာ။ ဒီနေ့ ညနေဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ဆက်ဆက် လာပေးမယ် နော် ဆိုပြီး ခုထိပေါ်လာဘူး။ တစ်ပတ်ကျော်သွားပြီ။ တခြားသူတွေဆီက စုံစမ်း ပြီးပြီ။ ငါ့ဆိုင်မှာ အကြွေးများ လို့ တခြားဆိုင်ပြောင်းယူနေ တာတဲ့။ အဲဒါ သူ့အိမ်ကို စုံစမ်းပြီး သွားတောင်းမလို့”


“အကြွေးက များလို့ လား”


“သုံးသောင် နီးနီးရှိ တယ်”


သိပ်ပြဿနာ မရှိ လောက်ပါဘူးလေဟု တွေးပြီး ကျွန်မလည်း မမ၀င်းနှင့် အတူ အဖော် လိုက်သွားပေး လိုက်ပါသည်။ ကြွေးယူထားသည့် မသောင်းစိန်တို့ ရပ်ကွက်လေးက တော်တော် ချောင်ကျသော အခြေခံ လူတန်းစား ရပ်ကွက်လေးဖြစ် သည်။ ကျောက်ကြမ်းခင်းသည့် လမ်းကျဉ်းလေးဖြစ် သည်ကတစ်ကြောင်း၊ အိမ် နေရာအတိအကျ မသိသည်က တစ်ကြောင်းမို့ လမ်းထိပ် ကွမ်းယာဆိုင်မှာ ဆိုင်ကယ်ကို ခဏ အပ်ခဲ့ကာ လမ်းထဲသို့ နှစ်ယောက်သား လမ်းလျှောက် ပြီး ၀င်လာလိုက်ကြသည်။


“ကြည့်ရတာ ဒီမိန်းမ ငါ့ကို တမင်သက်သက် မပေးချင်လို့ မပေးတာ ဖြစ်ရမယ်။ မပေးနိုင်တာတော့ မဖြစ်နိုင်ဘူး”


“ဘာဖြစ်လို့လဲ မမ၀င်း”


“ကလေးဒီလောက် ပေါများတဲ့ ရပ်ကွက် နင်မြင် ဖူးလို့လား။ မရောင်း ရစရာကို မရှိဘူး”


ကျွန်မ ရယ်မိသည်။ ဟုတ်သားပဲ၊ တစ်မိသားစုကို ကလေး ဘယ်နှယောက် လောက်နှုန်းနှင့် မွေးထားကြသည် မသိချေ။ ဒီလောက် ကျဉ်းသည့် ရပ်ကွက်လမ်း ကြားရှည်မျောမျော တစ်လျှောက် ကလေး အရွယ်စုံနှင့် ပြည့်နေ သည်။ ကျောင်းပိတ်ရက် ဖြစ်တာလည်း ပါပါလိမ့်မည်။ ကျွန်မတို့ သွားနေတာ နေ့ခင်း အချိန်ဖြစ်၍လား မသိ လူကြီးတော့ သိပ်မတွေ့ရပါ။ အလုပ် ကိုယ်စီနှင့် အပြင်ထွက် နေကြရသည် ထင်ပါသည်။


“မသောင်းစိန်ရဲ့ မုန့်ဆိုင်က ဘယ်နားမှာလဲ ကလေး”


နှပ်ချေး တွဲလွဲနှင့် ကလေး တစ်ယောက်က လမ်းကြား အဆုံး တစ်နေရာဆီ လက်ညှိုး ထိုးပြသဖြင့် နှစ်ယောက်သား ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားကြ သည်။ အိမ်က သွပ်မိုး ထရံကာ နှစ်ထပ်အိမ်လေး ဖြစ်ပြီး အိမ်နှင့် တစ်ဆက်တည်း ကွပ်ပျစ်လေး ထုတ်ပြီး အိမ်ဆိုင် တည်ထားသည်။ ကွမ်းယာ နှင့် ကလေးမုန့် အခြောက် အခြမ်းလေးတွေ တွဲရောင်းတာ ဖြစ်သည်။ မမျှော်လင့်ဘဲ သူ့ဆိုင်ပေါက်ဝ၌ ကျွန်မတို့ နှစ်ယောက်ကို ဘွားခနဲမြင် လိုက်ရသော မသောင်းစိန် သည် ရုတ်တရက် လန့်သွားဟန် ပါးစပ်ကြီး ဟနေပြီးမှ ကပျာကယာနှင့် ထလာသည်။


“သြော် လာလာအစ်မ။ ထင်တော့ ထင်သားပဲ၊ ငါ့ အစ်မ တစ်ယောက်တော့ ငါ့ကို မျှော်နေရှာတော့မှာလို့။ အားနာလိုက်တာ အစ်မရယ်၊ လာလာ အိမ်ပေါ်တက်ဦး။ ညီမလည်းလာ”


ချက်ချင်း အပြင်ထွက် လာကာ လက်ဆွဲမတတ် ခေါ် ရာနောက် မမ၀င်းယောင် တောင်ပေါင်တောင်နှင့် ပါသွား၍ ကျွန်မလည်း မျက်နှာ ပူပူနှင့်ပင် နောက်ကလိုက် တက်သွားရသည်။ ကြမ်း အပြည့်ခင်းထားသော အိမ်ထဲ မှာ မြင်မကောင်းအောင် ရှုပ်ပွ ခတ်နေလျက်ရှိသည်။ အ၀တ် တွေလည်း လျှော်ပြီး မခေါက်သိမ်း အားသေး၍ ပစ်ထားတာလား၊ ဒါမှ မဟုတ် အ၀တ်ပေတွေမလျှော် ဘဲ ပစ်ထားတာလားတော့ မသိ။ အိမ်ထောင့်တစ်နေရာ မှာ ပုံထားတာ နည်းသည့်အပုံ ကြီး မဟုတ်ပါ။ တစ်ဆက်တည်း ဖြစ်၍ တိုးလျှိုပေါက် မြင်နေရသော မီးဖိုချောင်ထဲ မှာလည်း စားပြီးသား ပန်းကန်တွေက စားပွဲပေါ်မှာ ဒီအတိုင်းစုပုံ ထပ်ထားကာ ယင်တလောင်း လောင်းအုံလို့။ တစ်ဝက်တစ်ပျက် ဖုံးထား သည့် ထမင်းအိုး ဖုံးပေါ်မှာလည်း ထမင်းစေ့တွေနှင့်။


ကြမ်းပေါ်မှာလည်းကြက်သွန် ခွံတွေမှန်းမသိ ကြွပ်ကြွပ် အိတ်တွေမှန်းမသိ ဟိုတစ်စ၊ ဒီတစ်စနှင့် ပွစာကျဲနေသည်။ သဲရှပ်နေသည့်ကြမ်းပေါ်ဝင် ထိုင်လိုက်ရုံရှိသေး၊ မသောင်း စိန်တစ်ယောက် မမ၀င်း၏ လက်ကိုဆွဲကာ ဖြစ်ကြောင်း ကုန်စင် သံစုံနှောပါတော့ သည်။


“အစ်မ ကျွန်မ အကြောင်း သိပါတယ်။ အစ်မရယ်။ ကျွန်မဘ၀မှာ ဘယ်သူ့ ကိုမှလည်း မလိမ်မညာဖူးပါ ဘူး။ သောင်းစိန်တဲ့ ရပ်ကွက်ထဲမှာ လိုက်မေးကြည့် နာမည် တစ်လုံးနဲ့ နေတာပါ။ အရင် တုန်းကတည်းက အစ်မ အကြွေး ကျွန်မ ပေးဖို့ရာပါ။ ဘုရားပေးပေး ကျမ်းပေးပေး သိလား။ ဒင်းရိုက်ခွဲကုန်လို့ အရင်း ပြုတ်သွားတော့ ဆိုင်ကို အစကနေ ပြန်ထူရတယ် လေ”


“ဟင် ဘယ်သူကလာ ရိုက်ခွဲတာတုံး”


“အိမ်က ဆန်ကုန်မြေ လေးကြီး မိုက်ကြီးပေါ့ အစ်မရယ်။ ဘယ်သူ ရှိရမှာလဲ။ ရှာကျွေးတာကို ပါးဖြဲနားဖြဲ ထိုင်စားပြီး အေးအေးဆေး ဆေးနေမယ် စိတ်မကူးဘူး။ အရက်လေး တမြမြ ဖြစ်လာရင် ကျွန်မကို နှိပ်စက်ချင် သေးတာ။ ကလေးတွေကို လည်း မယားပါ သားနဲ့ရတဲ့ ကလေးတွေလို ဖအေတန်မဲ့ ရိုက်ဟဲ့နှက်ဟဲ့ လက်သရမ်း ချင်သေးတာ။ ဒါတွေ လုပ်တာ ထားပါဦး၊ ကိုယ့်ကို ထမင်း ကျွေးနေတဲ့ အိမ်ဆိုင် လေးကိုတော့ ကျေးဇူးကန်းပြီး မဖျက်ဆီးသင့်ပါဘူး။ မလုပ်ကောင်းဘူးလေနော်။ မဟုတ်ဘူးလား အစ်မ”


“ဒါပေါ့”


ယောင်ယမ်း ခေါင်းညိတ် ထောက်ခံလိုက်ပြီးမှ မမ၀င်းက သူ့ကိုယ်သူ ဘာလာလုပ်မှန်း သတိရသွားပုံ ပေါ်သည်။ မျက်နှာထားကို ခပ်တင်းတင်း ဖြစ်အောင် ပြင် လိုက်ပြီး ကိုယ်ကိုလည်း ခပ်မတ်မတ် ပြင်ထိုင်သည်။ လူပိန်သလောက် စကားတရ စပ်ပြောနိုင်သော မသောင်းစိန်၏ လေကြောထဲ မျောနေ၍ အလုပ် မဖြစ်သေးဘူးဟု တွေးမိဟန်တူသည်။


“ဒါနဲ့..”


“နေဦး အစ်မရဲ့ ကျွန်မ ပြောပါရစေဦး။ ဒင်း ကျွန်မ အပေါ်ဘယ်လောက် ယုတ်မာ နှိပ်စက်ပုံတွေ ပြောပြချင် လွန်းလို့ပါ။ အစ်မပဲ စဉ်းစား ကြည့်။ လူရယ်လို့ဖြစ်လာရင် လူ့တာဝန် ဆိုတာရှိတယ်။ သူများတာဝန် မယူနိုင်ရင် တောင် ကိုယ့်တာဝန် ကိုယ်တော့ ယူသင့်တယ်လေ။ မဟုတ်ဘူးလား။ ခုတော့ သူများ သားသမီးကို ယူထားပြီး ရှာမကျွေးတဲ့ အပြင် ရိုက်လား ပုတ်လား လုပ်သေးတာ ကောင်းလား”


“အင်းပေါ့ ဒါနဲ့”


“အဲဒါပြောတာပေါ့ အစ်မရယ်။ သူနှိပ်စက်လိုက်လို့ ပထမ အကြိမ် ဆိုင်အရင်း ပြုတ်သွားတော့ ကျွန်မမှာ အစ်မကို မျက်နှာ ပျက်ရတယ်။ မျက်နှာလည်း ပူရ တယ်။ အားနာတယ်လေ။ ဟော့ဒီ သောင်းစိန်တို့က အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး။ အရှက်နဲ့ လူလုပ်တာ။ အဲဒါ ထပ်ယူပြန်ရင်လည်း ကြွေးဟောင်းနဲ့ ကြွေးသစ် ပေါင်းပြီး မပေးနိုင်တော့ အစ်မကို ဒုက္ခပေးရာကျ တယ်”


“ဒါကြောင့် ကျွန်မကို အကျိုး အကြောင်းလေးတောင် လာမပြောဘဲ ဆိုင်ပြောင်းယူ တယ်ပေါ့လေ”


မမ၀င်း စကားကြောင့် မသောင်းစိန် မျက်နှာ ကွက်ခနဲ ပျက်ပြီး အိုးတိုးအမ်းတမ်း ဖြစ်သွားပြီးမှ မျက်နှာထားကို ချက်ချင်းပြန်ပြင်သည်။


“ပြောဦးမယ်လေ အစ်မ ရယ်။ ကျွန်မ စကားဖြင့် မဆုံးသေးဘူး။ ဟိုတစ်လောက ဈေးထဲမှာ ဆုံတော့ အချိန် မရလို့ အဲဒီ ကိစ္စလေးပြောပြချင် တာ။ အခိုက်အတန့် အဆင် မပြေသေးလို့ အစ်မဆီ မလာတာပါ။ သူများဆီသွားယူ ပေမယ့် အမြဲယူဖို့ စိတ်ကူး မရှိ ပါဘူး။ ကိုယ့်အပေါ် ကောင်းခဲ့တဲ့ အစ်မဆီပဲ လာချင်တာပေါ့ မဟုတ်ဘူးလား။ အဆင် ပြေရင် ပိုက်ဆံလေး ဆပ်ပြီး အသစ်ပြန်လာယူမယ် ဆိုတဲ့ စိတ်ကူးနဲ့ ဖဲ့ဖဲ့စုထားတာ အစ်မရယ်။ တစ်ခါတည်း တော့ အကျေ မဆပ်နိုင်ဘူး ပေါ့လေ”


“အို တစ်ခါတည်း မဆပ်နိုင်လည်း တစ်ဝက်စီ ခွဲဆပ်ပေါ့ ရပါတယ်။ ကိစ္စ မရှိပါဘူး”


မမ၀င်း၏ အားတက် သရော စကားပင် မဆုံးသေး မသောင်းစိန်က မျက်နှာ ငယ်သွားသည်။


“အဲဒါကြောင့် အားနာတယ် ပြောတာပေါ့ အစ်မ ရယ်”


“ဟင် ဘာဖြစ်လို့လဲ”


“ဘာဖြစ်ရမှာလဲ။ အခု ကျွန်မမှာ စုထားတာ ငါးထောင် မပြောနဲ့။ ငါးရာ တောင်မရှိတော့လို့ပေါ့။ ဒင်းလေ ဒင်း”


ပြောရင်း ဒေါသထွက် လာဟန်ဖြင့် မသောင်းစိန် မျက်လုံးတွေ ပြူးလာသည်။


“ခုပြောရင် ချက်ချင်း အရေခွံ ပြေးဆုတ်ချင်တယ်။ ကျွန်မ ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံတွေ ယူပြီး ဘောလုံးပွဲလောင်း ရှုံးပစ်လိုက် တယ်လေ။ ပိုက်ဆံ ပျောက်တာကို သိသိချင်း ကျွန်မလည်း ဓားဆွဲပြီး သူ့လှည့်ပတ် ရှာတာပဲ”


ပြောရင်းဆိုရင်း သူ့ ပိုက်ဆံ သေတ္တာကို လက်သီးနှင့် “ဒုန်း”ခနဲ ထုထည့်လိုက် ၍ ကျွန်မနှင့် မမ၀င်းပင် ရုတ်တရက် လန့်ပြီး တုန်သွား ရသည်။


“သူကလည်း ကျွန်မ အကြောင်းသိတော့ တစ်ညလုံး ပြန်မလာဘူး။ ခုထိလည်း ပြန်မလာဘူး။ သူ့အမေ အိမ်မှာလည်း မရှိဘူး။ သူသွား တတ်တဲ့ နေရာတွေ လိုက်ရှာ တော့လည်း မရှိဘူး။ ကျွန်မကလည်း သဘောကောင်းရင် နှစ်ယောက် မရှိသလို ဒေါသ ထွက်ပြီဟေ့ ဆိုရင်လည်း သူများနဲ့ တူတာမဟုတ်ဘူး။ ကျွန်မကို မကျေနပ်ရင် ပါးကို ဘယ်ပြန်ညာပြန် လာရိုက် သွား ကျေနပ်တယ်။ ခုတော့ ချွေတာ စားသောက်ပြီး အကြွေးဆပ်ဖို့ စုထားတဲ့ငွေ ကိုမှ သိသိကြီးနဲ့ခိုးသွားတာ။ ဘောလုံးပွဲလောင်း ရှုံးပစ် လိုက်တာ။ တကယ်အသည်း နာတယ်အစ်မ ကျွန်မ ကျွန်မ...”


ပြောရင်းတန်းလန်း မျက်ဖြူ လန်သွားကာ လက်သီးနှစ်ဖက် ကျစ်ကျစ်ပါအောင် ဆုပ်၍ အံကြီးကြိတ်ပြီး ပစ်လဲ ကျသွားသော မသောင်းစိန်ကြောင့် ကျွန်မနှင့် မမ၀င်း အလန့်တကြား ဖြစ်သွားကြ သည်။


“ဟဲ့ ဟဲ့ လုပ်ကြပါဦး။ လုပ်ပါဦး ငါ့ညီမရဲ့”


“သူ ဘာဖြစ်သွားတာ လဲ မမ၀င်း”


“တက်တာလေ အဲဒါ တက်သွားတာ။ အနီးအနားမှာ ဘယ်သူရှိလဲ အော်ပါဦး ဟဲ့။ ငါဘာမှ မလုပ်တတ် ဘူး”


“ဟင် ကျွန်တော်လည်း ဘာမှ မလုပ်တတ်ဘူးနော်”


ရှေ့ဘက်အိမ်တွေဆီ လှမ်းအသံပြုကြည့်တော့လည်း လူရိပ်လူယောင်ပင် မမြင်ရပါ။


“နင် ခဏနေခဲ့ဦးနော်။ ငါအိမ်နီးချင်းတွေ လိုက်ခေါ် ကြည့်ဦးမယ်။ ဆရာဝန်လည်း ခေါ်မှရမယ် ထင်တယ်”


ကျွန်မ၏ စကားပြန်ကို ပင်မစောင့်ဘဲ ထဘီတိုတိုဝတ် ကာ မမ၀င်းက အိမ်ပေါ်မှ အပြေးအလွှား ဆင်းသွား၍ လူမမာနှင့် ကျွန်မ နှစ်ယောက် တည်း ကျန်ရစ်ခဲ့သည်။ မျက်ဖြူကြီး လန်ကာ တံတွေး တစီစီနှင့် ခြေတွေလက်တွေ ကုပ်ပြီး တဂစ်ဂစ် တက်နေသော မသောင်းစိန်ကို ကြည့် ပြီး ကျွန်မသည် ထူပူနေကာ တုန်တုန်ယင်ယင်နှင့် ဘာလုပ် ပေး၍ လုပ်ပေးရမှန်း မသိဖြစ်နေ သည်။ တက်နေသူကို ခြေမ၊ လက်မ ချိုးပေးရသည်ဟု ကြားဖူးနားဝ ရှိနေပေမယ့် ထို အသိ ဆိုတာကလည်း စာအုပ် တွေထဲ၊ ရုပ်ရှင် ဗီဒီယိုတွေထဲ မှာတင် ကြည့်ဖူးဖတ်ဖူးရုံ အဆင့်မျှ ဆိုတော့ ကျွန်မ မလုပ် ပေးတတ်ပါ။ လုပ်လည်း မလုပ်ရဲ။ အမှန်အတိုင်း ပြောရလျှင် ဘယ်လိုပြုစု ကုသပေးရန် သိဖို့ နေနေသာ သာ၊ တဂစ်ဂစ်တ က်နေသည့် လူတစ်ယောက်ကို မြင်ဖူးတာ ပင် ကျွန်မဘ၀မှာ ဒါ ပထမ ဆုံးအကြိမ် ဖြစ်ပါသည်။ ချက်ချင်း ဆိုသလို မိန်းမ တချို့ နှင့် ကလေးတွေ တသီတ တန်းကြီး အိမ်ပေါ် တ၀ုန်းဝုန်း ပြေးတက်လာကြကာ တစ် ယောက်တစ်ပေါက်နှင့် ဆူညံ ကုန်တော့သည်။


“ဘယ်လို ဖြစ်သွားတာ လဲ”


မျက်နှာထား ဆိုးဆိုးနှင့် အမျိုးသမီးကြီးက ကျွန်မ လက်ထဲမှ မသောင်းစိန်ကို ပွေ့ထူရင်း ခပ်လောလောမေး သည်။


“မ မသိပါဘူး။ စကား ပြောနေရင်း အကောင်းကြီး ကနေ သူ့ဟာသူ ဖြစ်သွားတာ ပဲ”


မမျှော်လင့်ဘဲ ကြုံလိုက်ရသည့် အဖြစ်အပျက် အပေါ် လန့်ရလွန်း၍ ကျွန်မမှာ အသံ တွေပင်တုန်နေသည်။ ဒီကြား ထဲက ဘယ်က ပေါ်လာမှန်း မသိသော လေးငါးခြောက် နှစ်ဝန်းကျင် အရွယ်ကလေး နှစ်ယောက်က မသောင်းစိန် ကို “အမေ...”ဟု ငယ်သံပါ အောင် အော်ပြီးပြေးဖက် လိုက်တော့ မျက်စိတွေပါ ပြာ လာကုန်သည်။ ကလေး ပေါင်းသောင်းခြောက်ထောင် ကလည်း တဂစ်ဂစ် တက်နေ သော မသောင်းစိန်ကို တစ်လှည့်၊ နံဘေးမှာကြောင်စီစီ ထိုင်နေသည့် သူစိမ်းဖြစ်သူ ကျွန်မကို တစ်လှည့် ကြည့်နေ ကြသည်။ အမျိုးသမီး သုံး ယောက်ကတော့ မသောင်းစိန်ကို နှိပ်သူနှိပ်၊ ခြေမချိုး သူချိုး၊ ယပ်တောင်ခတ်သူ ခတ်ဖြင့် ၀ိုင်းဝန်း ပြုစုပေးနေ ကြသည်။ မမ၀င်းဆရာဝန် သွားခေါ်တာကလည်း ကြာလှသည်။ အကယ်၍ အခြေ အနေဟန် ပုံမရဘူး ဆိုပြီး ပြန် မလာလျှင်...။ ဘုရား... ဘုရား တက်ရင်းနှင့် သေသွား တာမျိုး အထိတော့ မဖြစ်နိုင် လောက်ဘူး ထင်ပါရဲ့။ မပြော ကောင်းမဆိုကောင်း မသောင်း စိန်သာ ခုနေတစ်ခုခုဖြစ်သွား လျှင် ကျွန်မကတော့ ဖြေရှင်း ရခက်ပြီ။ မထွက်စဖူး ဇောချွေးတွေပင် ပြန်ချင်လာ သည်။


“ဟော ဆရာဝန်လာ ပြီ”


ရှေ့မှ ဆေးအိတ်ကိုင်ပြီး ခပ်သုတ်သုတ် အိမ်ပေါ်တက် လာသည့် ဆရာဝန်နှင့် မမ၀င်းကို မြင်လိုက်ရမှ ကျွန်မ၀မ်းသာ အားတက်သွား သည်။ ဆရာဝန် အသံကြား၍ ပဲလား၊ သူ့ဘာသာသူ တကယ် သက်သာသွား၍လား မသိ ချက်ချင်းပဲ အတက် ရပ်သွားပြီး မသောင်းစိန်သတိ ပြန်လည်လာသည်။ ထတော့ မထိုင်သေး။ အင်းအင်းအဲအဲ ညည်းနေကာ မျက်လုံးကို ဖွင့်ကြည့်ရုံမျှ ကြည့်ပြီး “ရေ ရေ” ဟု ဆိုကာ ပြန်မှိတ်သွား သည်။ တစ်ယောက်က ရေ ပြေးခပ်၍ တိုက်ပေးသည်။ သတိ လည်လာပြီ ဆိုပေမယ့် ဆရာဝန် ပင့်ထား လက်စနှင့် စိတ်ချရအောင် မသောင်းစိန်ကို စမ်းသပ်ကြည့်ရသည်။ ဇာတ်ပေါင်းကတော့ မမ၀င်း နှင့် ကျွန်မ၏ ကြွေးတောင်း ခရီးက မအောင်မြင်သည့် အပြင် မသောင်းစိန် အတွက် ဆရာဝန် ပင့်ရသဖြင့် စမ်းသပ်ခနှင့် ခြေကြွခကိုပါ မမ၀င်း ၏ အိတ်ကပ်ထဲမှ စိုက်ရှင်း ပေးခဲ့ရသေးသည်။ တစ်ခါမှ မကြုံဖူးသည့် အတွေ့အကြုံကြောင့် အိမ်ပြန်လမ်းမှာ မမ၀င်း၏ “မသောင်းစိန် တက်သွားတာ တကယ်တော့ ဟုတ်မှာပါနော်”ဟူသော စကားကိုပင် ပြန်မပြောနိုင်။ အိမ်ပြန်ရောက်သည် အထိ ရင်တုန်ပန်းတုန် ဖြစ်နေမိဆဲ ဖြစ်သည်။


ထိုအဖြစ်အပျက်တွေ ဖြစ်ပွားပြီး ဆယ့်လေးငါး ရက်မျှကြာတော့ ကျွန်မအိမ် သို့ မမ၀င်း ထပ်ရောက်လာ သည်။


“ငါ့ညီမရေ အကြွေး သွားတောင်းမလို့”


“အမယ်လေး မလိုက် ပါရစေနဲ့တော့နော်”


သူ့စကားပင် မဆုံးသေး ကျွန်မ ခေါင်းတခါခါ လည်တခါခါ ထငြင်း၍ မမ၀င်းက “နင်ပဲ ကုန်ကြမ်း လိုချင်တယ် ဆို”ဟုပြောရင်း ရယ်သည်။ ကျွန်မကတော့ မရယ်နိုင်။ သူပြောသလို ၀တ္ထုရေးဖို့ ကုန်ကြမ်း ရလိုက်တာတော့ မှန်သည်။ သို့သော် ဒီကုန်ကြမ်းမျိုးက တစ်သက်မှာ တစ်ခါလောက်ပဲ ကောင်း သည်လေနော်။


----------------


ငွေဇင်ယော်ဦး၊မိုးကုတ်၊

(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)


[ ဆရာမငွေဇင်ယော်ဦးဘလော့ဂ်မှကူးယူပါသည်။ ဆရာမအားကျေးဇူးတင်ပါသည်။]





"#ဖန်ခွက်ထဲကရေတစ်ဝက်" #မစန္ဒာ

"#ဖန်ခွက်ထဲကရေတစ်ဝက်" 


#မစန္ဒာ


“တတ်များ တတ်နိုင်ရင်လေ...”


ထိုအတွေးလေးများကို ကိုဖြိုး အမြဲတွေးခဲ့ဖူးသည်။ ငယ်ငယ် တုန်းကတော့


“တတ်များတတ်နိုင်ရင်လေ-ချိုချဉ်တွေ ကိတ်မုန့်တွေနဲ့ အိမ် ဆောက်မှာ”


“တတ်များတတ်နိုင်ရင်လေ-အရမ်းအရိုက်ကြမ်းတဲ့ တီချယ် ဒေါ်စီစီထွေးကို ကျောင်းပြောင်းပစ်လိုက်မှာ”


“တတ်များတတ်နိုင်ရင်လေ၊ အဖေနဲ့အမေကို သူဌေးလိုထားမှာ”


စသည်စသည်ဖြင့် တွေးလေ့ရှိသည်။ ကိုးတန်းနှစ်တုန်းကတော့


“တတ်များတတ်နိုင်ရင် အော်ဂင်တစ်လုံး ချက်ချင်းဝယ်ပစ်လိုက်မှာ”  ဟု မကြာခဏ တွေးခဲ့မိသည်။


“တတ်များတတ်နိုင်ရင်လေ - အတန်းထဲမှာ အမြဲတမ်း ပထမရ နေအောင် စာတော်တဲ့သူဖြစ်ချင်လိုက်တာ” ဟူ၍တော့ တစ်ခါမျှ မတွေးခဲ့ဖူးချေ။


                  အဘယ်ကြောင့်ဆိုသော် ကြိုဖိးသည် ကိုယ်တိုင် စာသိပ်မတော် သော်လည်း သူ့ထက် စာတော်သူများကို မရှုစိမ့် မဖြစ်ဖူးသလို အားလည်း မကျသောကြောင့်ဖြစ်သည်။ သူ့အတွက်တော့ စာတော်ချင်လျှင် အလွယ်ကလေးပင် ဖြစ်သည်။ စာတော်ချင်လျှင် ဦးစွာပထမ စာကျက်ရမည် ဖြစ်သည်။ စာကျက်ရသောအလုပ်သည် ကိုဖြိး အပျင်းဆုံးအလုပ်ထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ဉာဏ်ကောင်းသူမို့ စာရလွယ်သည်။ သူ့ကိုယ်သူ စာရလွယ်မှန်း သိသောကြောင့်လည်း ပို၍ပျင်းခြင်း ဖြစ်လေမလား မသိ၊ကျက်စရာရှိသော စာများကို နောက်ဆုံးအချိန်ကပ်ပြီးမှ ရရုံလောက်သာဝတ္တရားကျေ ကျက်လေ့ရှိသောသူဖြစ်သည်။


                  ပျင်းတော့လည်း ပျင်းရိခြင်း၏ ရလဒ်ကို သူခံစားရသည်။ ဘယ်တုန်းကမှ အတော်စာရင်းမဝင်ခဲ့ဖူးချေ။ မတော်တော့လည်း သိပ်မညံ့တော့ အတန်းတင်စာမေးပွဲများကို ပွတ်ကာ သီကာ ကပ်၍ အောင်ရင်း ဆယ်တန်းအထိ ချောချောမောမော ရောက်လာသည်။


“ဆယ်တန်းဟာ သိပ်အရေးကြီးတယ်နော်၊ မင်းရဲ့ဘဝရဲ့ရှေ့ရေးကို ဆယ်တန်းက ဆုံးဖြတ်မှာပဲ”


ဖေဖေက တဖွဖွပြောသည်၊ အဖေက နိုင်ငံခြားသင်္ဘော သုံးနှစ်ခန့် လိုက်ဖူး၍ ကားတစ်စီးအဖတ်တင်ခဲ့သည်။ ထိုကားလေးကို အဖေကိုယ်တိုင် အငှားမောင်းရင်း တစ်မိသားစုလုံး၏စားဝတ်နေရေးကို ဖြေရှင်းပေးနေသည် ဖြစ်သည်။ သူကိုယ်တိုင် ဘွဲ့မရဖူးလေတော့ သားသမီးသုံးဦးလုံးကို မျှော်လင့် ချက် ကြီးကြီးထားသည်။ အထူးသဖြင့် သားကြီးဖြစ်သော ကိုဖြိုးကို ပိုပြီး မျှော်လင့်သည်။ ဆယ်တန်းအောင်လျှင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း တက်စေချင်နေမှန်း ကိုဖြိုးသိသည်။ ထို့ကြောင့် အမှတ်ကောင်းကောင်းလေးနှင့် အောင်စေရန် တစ်ချိန်လုံး တွန်းအားပေးနေခြင်း ဖြစ်လေသည်။


                    ခက်သည်က အဖေက တွန်းလေ၊ သူက ပျင်းလေဖြစ်နေခြင်းပင်၊ ဆယ်တန်း အရေးကြီးပါသည်ဆိုမှ သူက စာထဲတွင် ခါတိုင်းလောက်ပင် စိတ်ဝင်စား၍မရ။ အရွယ်အပြောင်း၊ သွေးအပြောင်း၊ စိတ်အပြောင်းမို့ စိတ် ဝင်စားမှုကလည်း ပြောင်းသည်။ အသံကလည်း ပြာတာတာ အက်တက်တက်နှင့် ဖြစ်လာသည့်အတွက် ခါတိုင်းလို သီချင်းအော်ဆိုလျှင်ပင် ကိုယ့် အသံကို နားဝင်မချိုချင်တော့၊ ညီမလေးမစိုးက သူစကားပြောလျှင် တစ်ခစ်ခစ်ရယ်ရင်း 

“ကြိုဖိုးကြီးအသံက ဩတောတော၊ အက်တက်တက်နဲ့ ဘယ်လိုကြီး ဖြစ်နေတာလဲ” ဟုပြောတတ်သည်။ 


            အဖေကတော့ အဲဒါ ဟော်မုန်းပြောင်းတာဟု ပြောသည်။ ဟော်မုန်းပြောင်းတာလား၊ စိတ်ပြောင်းတာလား၊ မျက်စိအမြင်ပြောင်းတာလား၊ ဘာပြောင်းတာမှန်းတော့မသိ သူ့မျက်စိထဲတွင် မြင်မြင်သမျှ ကောင်မလေးများသည် လှနေကြသည်။ စိတ်ကူးယဉ်စရာလည်းကောင်းနေကြသည်။


“ဒီအရွယ်ဟာ သစ်ရွက်လှုပ်တာတောင် ရယ်တတ်တဲ့ အရွယ်”


ဟု အမေကပြောသည်။ ကိုဖြိုးကတော့ မရယ်ချင်ပါ၊ မရယ်ချင်သည့် အပြင် လွမ်းနေသည်။ သစ်ရွက်လှုပ်လည်း လွမ်းသည်။ လေတိုက်လည်း လွမ်းသည်။ မည်သူ့ကိုလွမ်းရမှန်းမသိ၊ လွမ်းစရာလည်းမရှိပါဘဲနှင့် လွမ်းလွမ်းဆွေးဆွေးလေး ဖြစ်နေသည်။ သင်္ချာတွက်ရ၊ စာကျက်ရသည်ထက် အချစ်ဝတ္ထု အချစ်ကဗျာလေးများ ဖတ်ရသည်ကို ပိုပြီးပျော်မွေ့လာသည်။ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ငေးရင်း ကဗျာတို စာတိုလေးများရေးရင်း မရှိသေးသောချစ်သူ၊မကွဲရသေးသောချစ်သူကို ကြိုပီးကွဲကာ လွမ်းနေရသည်မှာ အရသာရှိလှသည်။


“တတ်များတတ်နိုင်ရင်လေ - အဲဒီကောင်မလေးရဲ့အချစ်ဦးဟာ ငါဖြစ်ချင်လိုက်တာ...”


                ကြိုဖိုး ပထမဆုံြးုကိုက်မိသည်က အင်္ဂလိပ်စာကျူရှင်မှ ကောင်မလေးဖြစ်သည်။ အင်္ကျီပန်းရောင်လေးများကို အလဲလဲဝတ်တတ်ပြီး ပန်းရောင် ဖဲစည်းကြိုးအမျိုးမျိုးစည်းတတ်သောကြောင့် သူ့ကို ကိုယ့်ဟာကိုယ် “ပင်ကီ”ဟု အမည်ပေးထားသည်။ ပင်ကီကတော့ သူ့ကို ဖုတ်လေသည့် ငါးပိ ရှိလေသည်ပင် မထင်၊ နောက်တော့ ဆယ်လူလာဖုန်းလေး ခါးတွင်ချိတ်ထားသော ကောင်လေးတစ်ယောက်က ကျူရှင် လာ၍ြုကိုသည်ကို တွေ့ရလေသည်။ ထိုကောင်လေးကို လှမ်းမြင်လိုက်တိုင်း တောက်တောက် ပပလေး ဖြစ်သွားသော ပင်ကီ၏မျက်လုံးလေးများကို ငေးကြည့်ရင်း ကြိုဖိုး၏ အသည်းလည်း လူမသိသူမသိ ဟက်တက်ကွဲခဲ့ရလေသည်။ အသည်းကွဲပြီဆိုတော့လည်း ပိုပြီးလွမ်းလို့ ကောင်းသွားလေသည်။


                  ဒုတိယအကြိမ်ြုကိုက်မိပြန်သည်ကတော့ လမ်းထိပ်မှ ကောင်မလေး ဖြစ်သည်။ အသားညိုစိမ့်စိမ့်နှင့် စံပယ်တင်မှဲ့လေးရှိသည်။ ကောင်မလေး အိမ်နားတွင် မုန့်ဟင်းခါးဆိုင်ရှိ၍ သူက မနက်တိုင်း မုန့်ဟင်းခါး သွားစားရသည်။ ထိုအချိန်တွင် ကောင်မလေးက စာအော်ကျက် နေတတ်သည်။


“တတ်များတတ်နိုင်ရင် အိမ်ချင်းကပ်ပြီး နေချင်လိုက်တာ”  ဟု သူက တောင့်တောင့်တတ တွေးမိပြန်သည်။ ကောင်မလေးနှင့်သာ အိမ် ချင်းကပ်လျက်နေရလျှင် အသံကျယ်ကြီးနှင့် တပြဲပြဲ အော်ကျက်သမျှ စာတွေကို ကြိုဖိုးတစ်ယောက် မကျက်ဘဲနှင့် အလွတ်ရလောက်သောကြောင့် ဖြစ်သည်။ ဒီကောင်မလေးကိုတော့ သူက “စံပယ်တင်” ဟု အမည်ပေးထားသည်။


“စာကျက်လည်းလာ၊ အိပ်လည်းလာ၊ နေရာတိုင်းမှာ သူ့မျက်နှာ”

ဟု သူက စာတိုလေးစပ်ထားတော့ သူငယ်ချင်းကျော်စိုးပိုင်က “မိုက်တယ်ကွ”  ဟု ချီးကျူးရင်း ကူးရေးသွားသည်။ သူလည်း အတော် အားတက် သွားသည်။


“ချစ်စံပယ်တင် မောင့်ရင်ခွင် အမြန်ဝင်ပါတော့...” ဟု ရေးပြီး ကာရန်မဆက်တတ်သောကြောင့် ဆက်မရေးရသေးသော သူ၏ကဗျာကို မူ သူ၏ညီတော်မောင် ရှစ်တန်းကျောင်းသား ကိုတိုးက -


“ချစ်စံပယ်တင်၊ မောင့်ရင်ခွင်၊ အမြန်ဝင်ပါတော့- အဟော့အဟော့- ဗျော့” ဟု ဆက်ရေးထားသောကြောင့် အကြီးအကျယ် ရန်ဖြစ်ရသည်။ သူက ထိုးမည်ကြိတ်မည်လုပ်နေတော့ အဖေလည်းသိသွားသည်။


“ငါက ပညာတတ်ဘွဲ့ရမဟုတ်ခဲ့ဘူး၊ ဒါပေမယ့် ငါ့သားသမီး တွေကိုတော့ အနည်းဆုံးဘွဲ့တစ်ခုစီတော့ ရစေရမယ်လို့ ငါဆုံးဖြတ်ထားတယ်။ မင်းတို့အတွက် ငါကုန်းရုန်းပြီးရှာနေတယ်။ ငါ့အတွက် ငါကွမ်းယာလေး တစ်ယာဝါးဖို့တောင် ငါချွေတာတယ်၊ အေး - ဒါပေမယ့် ပေးနေတဲ့ အချိန်မှာ မယူရင်တော့ မင်းတာဝန်နဲ့ မင်းပဲ၊ အဖေက ပင်ပန်းကြီးစွာနဲ့ တက္ကစီမောင်းနေတဲ့အချိန်မှာ မင်းက စာကို ကြိုးကြိုးစားစား မသင်ဘဲ ချစ်စံပယ်တင် မောင့်ရင်ခွင် အမြန်ဝင်စေချင်နေရင်တော့ ကမ်းနားမှာ ကူလီ သွားထမ်းပေတော့၊ မင်းအတွက် ငါရှာပေးနေတဲ့ ငွေဟာ ပညာသင်ဖို့၊ မယားတရူးဖို့ မဟုတ်ဘူး”

အဖေက ခပ်ကြမ်းကြမ်းပင် ပြောသည်၊ အမေကတော့ ကြိုဖိး ၏ ဆံပင်ကလေးများကို သပ်တင်ကာ “ဒီအရွယ်ဟာ ချစ်ရြုကိုက်ရ မိုက်ရမယ့် အရွယ်မဟုတ်သေးဘူး၊ လိမ္မာစမ်းပါသားရယ်” ဟု လေပျော့လေး နှင့် ပြောသည်။


“နှလုံးသားရှိလို့ ချစ်မိတာကို အမေက မိုက်တယ်လို့ ပြောတာ လား အမေ၊ ဒီလိုဆိုရင် ကျွန်တော့်ထက် အရင် မိုက်ခဲ့ကြတာက ကမ္ဘာဦး အစက အာဒံနဲ့ဧဝပါ” ဟု ကိုဖြိုးက စိတ်ထဲမှပြန်ပြောရင်း မျက်ရည်စို့စို့ ဝဲချင်နေသည်။ သူ အမှန်တကယ်ပြောချင်သည်က တစ်မျိုး ဖြစ်သော်လည်း အဖေနှင့် အမေကို အာခံသည် ဖြစ်မည် စိုးသောကြောင့် အာဒံနှင့်ဧဝကို ဆွဲထည့်လိုက်ခြင်းဖြစ်သည်။


      သို့သော် ဆွဲထည့်ပြီးကာမှ ပို၍ကဗျာဆန်ကာ ဂန္ထဝင်မြောက်သွားသည်ဟု ယူဆပြီး ကိုယ့်စကားကို ကိုယ်တော်တော်သဘောကျ သွားသည်။


“ငါ့သားက အကြီးဆုံး၊ သားရဲ့အောက်မှာ ညီလေးနဲ့ညီမလေး ရှိသေးတယ်၊ ငါ့သားက ရှေ့ကနေ ဖြောင့်ဖြောင့်သွားပါမှ သူတို့တွေ ဖြောင့်ဖြောင့်လိုက်မှာပေါ့ သားရယ်”  အမေက အချိုခံလေးနှင့် ဆုံးမသည်၊ ပြောမယ့်သာ ပြောနေသော်လည်း အငယ်နှစ်ယောက်က သူ့ထက် ပိုပြီး လိမ္မာနေကြောင်းကို အမေစိတ်ထဲက သိနေမည်ဟု တွေးမိတော့ ကိုဖြိုး၏စိတ်ထဲတွင်လည်း အီလည်လည် ခံစားရသည်။

             အဖေနှင့်တူတာလား၊ အမေနှင့်တူတာလားတော့မသိ ကိုတိုးရော၊ မစိုးရော သူ့လိုပင် ဥာဏ်ကောင်းကြသည်။ သူ့လို ဥာဏ်ကောင်းပြီး သူ့လို စာကျက်မပျင်းတော့ နှစ်ယောက်လုံး စာတော်ကြသည်။ ကိုတိုးက ရှစ်တန်း ကျောင်းသားပင်ဖြစ်သော်လည်း သူ့လို ရှစ်တန်းကျောင်းသား အချင်းချင်း ကို စာပြန်သင်ပေးနိုင်သည်။ ဆယ်တန်းအောင်လျှင် ( Study Guide) လုပ်မည်။ အဖေ့ကိုကူပြီး ဝင်ငွေရှာပေးမည်ဟုပြောလွန်း၍ ကိုဖြိုးက နားငြီးနေသည်၊ ပနာယူလွန်းသည်ဟူ၍လည်း ယူဆပြီး အမြင်ကတ်နေမိသည်။


                  ညီမလေးမစိုးကတော့ အတန်းပိုင်ဆရာမများ၏ အချစ်တော် ဖြစ်သည်။ အိမ်မှာလည်း အမေ့အသည်း ဖြစ်သည်။ ထမင်းချက်၊ အဝတ်လျှော်၊ ပန်းကန်ဆေး အမေလုပ်သမျှ သူကူလုပ်သည်။ အမေရေချိုးနေလျှင် သနပ်ခါး ပြေးသွေးတတ်သည်။ အိပ်ခါနီးလျှင် အဖေ့ကိုရော အမေ့ကိုပါနင်းပေး၊ နှိပ်ပေး၊ အကြောဖြေဆေးတွေ လိမ်းပေးနေကျ ဖြစ်သည်။ ထိုသို့အလိုက်သိလွန်း၍ အဖေက

“ခေတ်ပညာတတ်ကလေး”  ဟု ကျီစယ်ပြီး ခေါ်တတ်သည်။ သို့သော် ထိုပညာတတ်ကလေးက အမေ့ဆီမှမုန့်ဖိုးကိုလည်း ချွဲနွဲ့ပြီး တောင်းတတ်ပြန်ရာ ကိုဖြိုးက ကြည့်မရဘဲ အမြင်ကတ်ပြန်သည်။


“ချစ်စံပယ်တင်၊ မောင့်ရင်ခွင်” လုပ်ပြီးကတည်းက အဖေက သူ့ကို မျက်နှာထားတင်းတင်းနှင့်ကြည့်တတ်သည်ဟု ကိုဖြိုး ခံစားရသည်။ သူ၏ မှတ်စုစာအုပ်များကိုလည်း မကြာခဏလှန်လှောပြီး စစ်ဆေး တတ်သည်။ ဒီတော့လည်း ကဗျာတို၊ စာတိုလေးများကိုပင် လွတ်လွတ် လပ်လပ်ရေးခွင့် မရှိသောဘဝကို စိတ်နာရပြန်သည်။ သူ့ကို ခပ်တင်းတင်း ကြည့်တတ်သော အဖေ၏ မျက်လုံးများက အငယ်ကောင် ကိုတိုးနှင့်ကျတော့ ချိုပြီး ပျော့သွားတာကို သတိထားမိပြန်တော့ လုံးဝ မကျေနပ်။


             အပယ်ခံ လိုလို၊ အထီးကျန် လိုလို သတ်မှတ်ပြီး ကိုယ့်ကိုယ်ကို ပြန်သနားနေမိပြန်သည်။ ဒီတော့လည်း ပိုပြီး လွမ်းလွမ်းဆွေးဆွေး ဖြစ်လာသည်။ ဘယ်သူ့ကို လွမ်းမှန်းမသိ လွမ်းပြီး၊ ဘာကြောင့် ပူဆွေးမှန်းမသိ ပူဆွေးနေရသည် မို့ စာကို ကောင်းကောင်း မကျက်နိုင်၊ ကျက်သမျှစာလည်း ခေါင်းထဲမဝင်၊ ဝင်သမျှစာလည်း ခဏလေးနှင့်ပြန်ပြီးပျောက်ကွယ်နေသည်။ ဒီလိုနှင့်ပင် စံပယ်တင်လေးကိုလည်း ဖွင့်မပြောသာဘဲ မုန့်ဟင်းခါး တစ်နေ့ တစ်ခွက် မှန်မှန်စားရင်း စာမေးပွဲကြီး ဖြေရမည့်အချိန်ရောက်လာသည်။ ထင်ထား သည့်အတိုင်း မဖြေနိုင်ခဲ့ပေ။


“တတ်များတတ်နိုင်ရင်လေ၊ ဆယ်တန်းအောင်စာရင်းတွေ ဘယ်တော့မှ မထွက်အောင် တားထားချင်လိုက်တာ”


ပြီးခဲ့သော နွေတစ်နွေလုံး ကိုဖြိုး၏ခေါင်းထဲတွင် ထိုအတွေးကသာ စိုးမိုးနေသည်။


              မုန့်ဟင်းခါးစားရတာ အတန်ငယ်ငြီးငွေ့လာတော့ စံပယ်တင်ကလေးအပေါ်ကိုလည်း ယခင်ကလောက် မစွဲလမ်းချင်တော့ချေ။ အိမ်ရှေ့က တိုက်အပေါ်ထပ် ညာဘက်ခန်းက လေးတန်း ကျောင်းသားလေးဆီသို့ ကျူရှင်လာပြသည့် ဆရာမလေးကို သဘောကျနေမိပြန်သည်။ ဆရာမလေးက ပိန်ပိန်သွယ်သွယ် ခါးသေးသေးလေး ဖြစ်သည်။ ခါးလယ်အထိ ရှည်သော ပိုးသားလို ဆံပင်ပျော့ပျော့လေးများကို ဖဲပြား အညိုရောင်လေးနှင့် စုပြီး စည်းထားတတ်သည်မှအပ အခြယ်အသမရှိလှ။


                 ထိုနွေတစ်နွေလုံး သူ့စိတ်တွေ လေနေသည်။ မုန့်ဟင်းခါးသွား စားလိုက်၊ စံပယ်တင်လေးကို မျှော်ကြည့်လိုက်၊ အိမ်မှာနေရင်း သီချင်းဆိုလိုက်၊ ဆရာမလေးကို ငေးကြည့်လိုက်၊ အောင်စာရင်းထွက်မှာ ကြောက်လိုက်နှင့် အချိန်တွေ တရွေ့ရွေ့ကုန်လာသည်။ ဒီနေ့တော့ ကြားရပြီ။


“ဆယ်တန်း အောင်စာရင်းတွေထွက်ပြီ” တဲ့။


“မျက်စိလည်လမ်းမှားပြီး အောင်များအောင်သွားမလားမသိဘူး”


ဟု မရဲတရဲ မျှော်လင့်ချက်ထားမိသော နှစ်ဆယ်ရာခိုင်နှုန်းလောက်သည် မြေကြီးပေါ်သို့ ဘုန်းခနဲဘုန်းခနဲ ပြုတ်ကျသွားသည်။


“သွားပါပြီကွာ”


တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှစာမေးပွဲမကျဖူးသောကြောင့် ကျရှုံးရခြင်းသည် မည်မျှပူလောင်ခါးသက်သနည်း အခုမှလက်တွေ့ သိရသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး အညိုရောင်တိမ်တိုက်တွေ လွှမ်းပြီး အုံ့မှိုင်းညိုဆိုင်းလာသည်ဟု ထင်နေရသည်။ သူမကျေနပ်၊ ဘာကို မကျေနပ်မှန်း၊ ဘယ်သူ့ကို မကျေနပ်မှန်းတော့ မသိ။ သို့သော် မကျေနပ်မှုနှင့် အားငယ်စိတ်၊ ဝမ်းနည်းစိတ်တွေသာမက ဒေါသစိတ်တွေပါ ဆူဝေလာသည်။


                သူမော်ကြည့်နေသော အောင်စာရင်းစာရွက်ကြီးကို ဖြန်းခနဲ ဆွဲပြီး ဆုတ်ချေပစ်လိုက်ချင်သည်။ ပါးစပ်မှလည်း ရိုင်းရိုင်းစိုင်းစိုင်း၊ နှုတ်ထွက်ကြမ်းကြမ်းနှင့် ဆဲဆိုအော်ဟစ်ပစ်လိုက်ချင်သည်။

“မင်းကြောင့် ငါကျတာကွ” ဟု တစ်စုံတစ်ဦးကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ဒေါသချောင်းချောင်းလည်း ထွက်ပစ်လိုက်ချင်သည်။ သို့သော် လက်တွေ့တွင်မူ သူ့ခုံနံပါတ်ကို ကျော်လွှားသော အောင်စာရင်းကို မော်ကြည့်ရင်း မလှုပ်မရှက် ရပ်နေမိသည်။


“ဟေး - သုံးလုံးကွ”


သူ့ဘေးသို့ တိုးဝှေ့ဝင်ရောက်လာသော ကျောင်းသားတစ်ဦး က ဝမ်းသာအားရ ခုန်သည်။ ခုန်ရာမှ ပြန်အကျ သူ၏ခြေထောက်ကို ဖိကြိတ်ပြီး တက်နင်းသည်။


“မင်းကွာ...သောက်ရမ်းချည်းပဲ”


သူက ဆောင့်ပြီးတွန်းပစ်လိုက်တော့ ထိုကျောင်းသား ယိုင်သွားသည်။ သို့သော် စိတ်ဆိုးဖို့ သတိရဟန်မတူ၊ သူ၏လက်မောင်းကို လှမ်းကိုင်ရင်း ဝမ်းသာအားရရယ်နေသည်။ ထို့နောက် အလိုက်ကမ်းဆိုးမသိ-


“မင်းရော- ဒီဘယ်နှစ်လုံးလဲ” ဟု မေးလိုက်ချေသေးသည်။ သူက တစ်ချက်ဆဲလိုက်ပြီး သူ၏လက်ကို ဆောင့်ရုန်းလိုက်သည်။ ထို့နောက် နှုတ်ခမ်းဖိကိုက်ကာ ကမူးရှူးထိုး လှည့်ထွက်ခဲ့သည်။ တတ်များတတ်နိုင်လျှင် ထိုကျောင်းသားကို သေဒဏ်ပေးပစ် လိုက်ချင်သည်။


“ဟော”


သူနှင့် မျက်နှာချင်းဆိုင် လျှောက်လာသော စံပယ်တင်ကို တွေ့ရသည်။ မျက်နှာလေးညှိုးပြီး မျက်ရည်ရစ်ဝဲနေသည်။ ကိုဖြိုး၏ ရင်တွေ တဆတ်ဆတ်ခုန်သွားသည်။


“ဒါဆိုရင် - သူလဲ - သူလဲ”


ဟု တွေးရင်း သူအနား ခပ်သုတ်သုတ် လျှောက်သွားမိစဉ်


“သမီးက ဒီလေးခု မှန်းထားတာ မေမေရဲ့၊ အခုတော့ နှစ်ခုပဲ ပါတယ်” ဟု ဝမ်းနည်းပန်းနည်းပြောသောအသံကိုကြားရသည်၊ သူ့ဘေးမှ ပါလာသော သူ့အမေကြီးက


“မငိုပါနဲ့သမီးရယ်၊ ဂုဏ်ထူးနှစ်ခုလည်း မနည်းပါဘူး” ဟု ချော့ နေသည်။


“သေလိုက်ပါလား”


ကိုဖြိုးက သူ၏ချစ်လှစွာသော စံပယ်တင်ကို ကောင်းချီးပေးရင်း ချာခနဲ လှည့်လိုက်သည်။ စွဲလမ်းငြိတွယ်နေသော သံယောဇဉ်နှောင်ြုကိး ကလေးလည်း ထောက်ခနဲပြတ်ထွက်သွားသည်။ အောင်မြင်ပါလျက်နှင့် အမူပိုနေသူတွေကို မုန်းသည်။


“ကိုဖြိုးကြီး”


ကိုတိုးက ပြေးလာသည်။


“အောင်တယ်မဟုတ်လား”


“ကျတယ်”


ကိုတိုး၏မျက်နှာလေးက ညှိုးကျသွားသည်၊ သူ့ကို ငေးကြည့်ရင်း ညည်းညူသလို ပြောသည်။


“အဖေနဲ့အမေတော့ သနားပါတယ် စိတ်ညစ်ကြရတော့မယ်”


သူက တစ်ချက်ဆဲမိပြန်သည်။


“ငါက ကျတဲ့ကောင်ကွ၊ ငါက ပိုပြီး စိတ်ညစ်တာပေါ့”


သူက အော်တော့ ကိုတိုးကလည်း ပြန်အော်သည်။


“စိတ်မညစ်ချင်ရင် နဂိုကတည်းက ကြိုးစားပါလား” တဲ့။ ရှုံ့နေသော ကိုတိုး၏မျက်နှာကို ကြည့်ရင်း ကိုဖြိုးက ပိုပြီး စိတ်ညစ်ကာ ထူထူထိုင်းထိုင်း မှိုင်းမှိုင်းဝေဝေဖြစ်သွားသည်။ ကိုတိုးက သူ့အပေါ်တွင် နည်းနည်းမှ ကရုဏာသက်ပုံမရ၊ သူ၏မျက်နှာထားက


“မင်း အလကားကောင်၊ မိဘကိုတောင်မသနားတဲ့ကောင်၊ မညှာတဲ့ကောင် အချိန်တြွေုဖန်းခဲ့တဲ့အကောင်”


ဟု အသံတိတ်ပြောနေဟန်ရှိသည်ဟု တွေးရင်း ကိုဖြိုး၏ ရင်ထဲတွင် ချဉ်စုတ်စုတ် တူးတူးခါးခါးဖြစ်လာသည်။ တတ်များတတ်နိုင်လျှင် သူ့ကို ဘုကန်ကန်ကြည့်နေသော ကိုတိုး ကို အဝတ်ဖွပ်သလိုကိုင်ပြီး ဖွပ်ပစ်လိုက်ချင်သည်။


“အဖေတို့ အမေတို့ သနားဖို့ကောင်းတယ်ကွ”


“အေး သနားရင် သူတို့အနားမှာထိုင်ပြီး တစ်နေကုန်ချော့နေ ဟုတ်ပလား”


ကိုဖြိုးက ဘောက်ဆတ်ဆတ်ပြောရင်း လှည့်ထွက်လာသည်။ အိမ်ကိုလည်း မပြန်ချင်တော့၊ အဖေအမေနှင့်လည်း ရင်မဆိုင်ချင်တော့၊ သူငယ်ချင်းများနှင့်လည်း မတွေ့ချင်တော့။


“တစ်ခါတလေ စာမေးပွဲကျတာ အပြစ်လားကွ၊ ငါကျတဲ့သူ ပို တောင်မှ စိတ်ညစ်ရသေး၊ မနှစ်တုန်းက ရန်မျိုးအောင်လည်း ကျတာပဲ၊ ထွန်းထွန်းမင်းလည်း ကျတာပဲ၊ သူ့အမေက သူ့သားလေးစိတ်ညစ်မှာ စိုး လို့ ပိုက်ဆံအထပ်လိုက်ပေးပြီး ကာရာအိုကေ သွားဆိုခိုင်းတယ်တဲ့၊ ဒီနှစ် မအောင်ပေမယ့် နောက်နှစ်အောင်မှာပေါ့သားရယ်တဲ့၊ ဟွန်း ကွာပါ့ ကွာပါ့ ငါ့ဘဝနဲ့ များတော့ ကွာပါ့”  ဟု တွေးရင်း ကိုဖြိုးက သူ့ကိုယ်သူသနားကာ မျက်ရည်ကျသည်။


              ဈေးဘက်သို့ ယောင်ပေပေနှင့် ထွက်လာစဉ် ကျော်စိုးပိုင်နှင့် တွေ့ သည်။ သူလည်း ကျသည်ဟု ပြောသည်။ မျက်နှာမကောင်းသော်လည်း ရယ်ကျဲကျဲလုပ်နေသည်။ သူတို့နှစ်ယောက်ပေါင်းမိတော့ ခြေဦးက အရက် ဆိုင်ဘက်သို့ လှည့်ချင်ချင်ဖြစ်လာသည်။


“စိတ်ညစ်လို့ အရက်ကိုသောက်တယ်၊ အရက်သောက်တော့ စိတ်ပိုညစ်တယ်”


ခြေရင်းအိမ်က ဦးလေးဦးစိုးအောင် အရက်မူးတိုင်း ဆိုနေကျ သီချင်းက ခေါင်းထဲ အလိုလိုရောက်လာသည်။


“ဟင်း ဘာတဲ့ အကြောင်းရှာတော့ ခေါင်းမှာချာချာလည်တဲ့ ဟက် ဟက်”


ထိုနေ့ညက အတော်ကြီးကို မိုးချုပ်ခါမှ သူအိမ်သို့ ပြန်လာဖြစ်သည်။ လူကလည်း ယိုင်ထိုးယိုင်ထိုးနှင့် ခြေလှမ်းမမှန်ချင်၊ အဖေက အိမ် တံခါးဝတွင် ရပ်ရင်း သူ့ကိုမျှော်ကြည့်နေသည်။ ကိုဖြိုးသည် အဖေ့ကို တစ်သက်လုံး ကြောက်ခဲ့ရသူ ဖြစ်သည်၊ တစ်ခါတစ်ရံမှလည်း ပြန်လှန်ပြီး ခွန်းတုံ့ပြောဖူးသူ မဟုတ်ချေ။ 


                   သို့သော် လည်း သူ့ခေါင်းထဲတွင်ဝေနေသော အရက်ခိုးများက သူ့ကိုအတော်ကြီးကိုပြောင်းလွဲစေခဲ့လေသည်။ အခါတိုင်း ကြောက်နေကျ အဖေကိုပင် သိပ်မကြောက်တော့ချေ။ ကိုတိုးအပေါ်တွင် ချို၍ ပျော့ပြီး သူ့အပေါ်ကျတော့ မာပြီး တင်းသည်ဟု ယူဆထားသော နာကြည်းစိတ်က ခေါင်းပြူလာပြီးထိကပါး ရိကပါး ပြောချင်နေသည်။ ထို့ကြောင့် လက်နှစ်ဖက်ကို ရင်တွင်ယှက်ပြီး-


“ခမည်းတော် မင်းဘုရားက သားတော်မောင် အိမ်ရှေ့မင်းသား စာမေးပွဲကျတော်မူလို့ စိတ်ညစ်တော်မူပါသလား ဘုရား”


ဟု ဇာတ်ဟန်ပါပါနှင့် ငုံ့ကာပြောရင်း အိမ်ထဲသို့ သိုင်းကွက်နင်း ကာ လှမ်းဝင်လိုက်သည်။ အဖေကလည်း ဇာတ်ဟန်ပါပါဖြင့် သူ၏ နားရင်းကို ဆီးပြီးအုပ်ထည့်လိုက်သည့်အတွက် သူ့ခမျာ ဖိနပ်ချွတ်တွင် ခွေကနဲ ခေါက်ခနဲ ထိုးလဲသွားရသည်ကတော့ ဇာတ်ဟန်မပါလှချေ။

အမေက “အဖေကြီး၊ မလုပ်နဲ့၊ မလုပ်နဲ့” ဟု အော်ဟစ်တားဆီးနေသော်လည်း အဖေကတော့ ခွေလဲနေသော သူ့ကို ခြေထောက်နှင့်လှိမ့်ကန်နေသေးသည်။ ကိုဖြိုးက


“ရိုက်ပါ အဖေရဲ့၊ ကန်ပါ အဖေရဲ့၊ ကျွန်တော်က ညံ့ တဲ့ အကောင်ကိုး၊ ရှော်တဲ့အကောင်ကိုး၊ ကိုတိုးလို သားလိမ္မာလေးမှ မဟုတ်တာ၊ လူတော်လေးမှ မဟုတ်တာ ဟိုကောင်မလေး မစိုးလိုလည်း ကပ်ပါး ရပ်ပါးမှ မလုပ်တတ်တာ”  ဟု ပြန်ပြောရင်း ရှိုက်ကြီးတငင် ငိုသည်။ ထိုနောက် အန်သည်။


                   သူငိုတော့ အမေလည်း ငိုသည်။ မစိုးလည်း ငိုသည်။ အဖေက နံရံကို လက်သီးဖြင့် ထိုးသည်။ ကိုတိုးကတော့ သူ၏ အန်ဖတ်များကို ကျုံးရင်း မျက်နှာကြီးပုပ်သိုးနေသည်။ ချမ်းမြေ့သာယာစွာနေခဲ့ရသော ကိုဖြိုးတို့မိသားစုသည် ထိုအချိန် က စ၍ တရှိန်းရှိန်းပူသော အပူမီးများဟပ်ခဲ့ရလေသည်။


                   နောက်တစ်နေ့နံနက် ကိုဖြိုး အိပ်ရာမှနိုးတော့ ရှစ်နာရီထိုးနေပြီ ဖြစ်သည်။ ခေါင်းတွေလည်း တစ်အားကိုက်နေသည်။ အိပ်ရာဘေးမှ စားပွဲတင်နာရီ လေးကို လှမ်းကြည့်ရင်း


“အင်း ဒီအချိန်ဆိုရင် အဖေ ထွက်သွားလောက်ပါပြီ” ဟု တွေးမိသည်။ အိမ်မှာ အဖေ ရှိမနေဟူသော အတွေးက သူ့ ကို အတန်ငယ် စိတ်သက်သာရာရစေသည်။ တတ်များတတ်နိုင်လျှင် အဖေနှင့် ဘယ်တော့မှ မျက်နှာချင်း မဆိုင်တော့ဘဲ အဝေးသို့ ထွက်ပြေးလိုက်ချင်သည်။ ခဏနေတော့ အမေ၏ခြေသံကိုကြားရသည်၊ အမေက အခန်းဝ မှ ကဲကြည့်ရင်း


“နိုးပြီလား” ဟု မေးသည်။ သူက အမေ့ကို အားကိုးစွာ လှမ်းကြည့်ရင်း


“ခေါင်းကိုက်တယ် အမေ” ဟု အသံပျော့ပျော့နှင့်ပြောကာ မျက်ရည်ဝဲလာသည်။ အမေက မျက်မှောင်ကုတ်ရင်း 


“ကိုက်ရောပေါ့ဟယ်” ဟု ပြောပြီး သက်ပြင်းချသည်။


“မင်းအဖေ အရမ်းစိတ်မကောင်းဖြစ်နေတယ်”


“ကျွန်တော်စာမေးပွဲကျလို့လား”


“ကျတာထက် ပိုဆိုးတာက ဒီအရွယ်နဲ့ အရက်တွေ သောက်လာတာ”


“အမေရော စိတ်ဆိုးလား”


“ဆိုးတာပေါ့”


 အမေက ခပ်ပြတ်ပြတ်ပြောသည်။ ပြတင်းပေါက်မှ တိုးဝင်လာသော နေရောင်ခြည်က အမေ့မျက်နှာပေါ်တည့်တည့်ကျနေသည်။ အခုတလော အမေ ပင်ပန်းသည် ထင်သည်။ နားထင် နားရင်းတွေ ကျကာ မျက်ကွင်းနှစ်ဖက်ကလည်း သိသိသာသာညိုနေသည်။


“စိတ်ညစ်လွန်းလို့ပါ အမေရာ”


“အဲဒါကို စိတ်ဆိုးတာပေါ့” အမေ့အသံက မာနေသည်။


“လူ့လောကထဲရောက်ပြီး လူရယ်လို့ ဘဝကို စမိပြီဆိုရင် စိတ် ညစ်စရာဆိုတာတွေက အနည်းနှင့်အများ ရှိလာကြမှာပဲ၊ အဆင်မပြေတာ တွေ အခက်အခဲတွေလည်း တွေ့လာမှာပဲ၊ အဲဒီလို အဆင်မပြေတိုင်း စိတ်ညစ်ရတိုင်း အရှုံးနှင့်တွေ့တိုင်း အရက်ဆိုင်ပြေးပြီး အရက်သောက်နေရင် တစ်ကမ္ဘာလုံး ရှိရှိသမျှလူတွေ အကုန်လုံး အရက်သမားချည်းပဲ ဖြစ်ကုန်မှာပေါ့၊ စိတ်ညစ်လို့အရက်သောက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို အမေ အမုန်းဆုံးပဲ”


               သူ့ကို ချိုချိုပျော့ပျော့သာ ဆက်ဆံလေ့ရှိသော အမေက တင်းတင်း မာမာ ဖြစ်နေတော့ ကိုဖြိုးက တအံ့တဩဖြစ်သွားသည်။ အမေက စကားကို ရှည်ရှည်ပြောလေ့ရှိသူ မဟုတ်၊ စိတ်ဆိုးလေ့ရှိသူလည်း မဟုတ်၊ အခုတော့ သူ၏အမေသည် သူ့ကြောင့် စိတ်ဆိုးကာ စကားရှည်ရှည်ပြောနေပြီ ဖြစ်သည်။ ကိုဖြိုးသည် အမေ၏သောကမျက်နှာ ဒေါသမျက်လုံးများကို ငေးကြည့်ရင်း စိတ်တွေ ညှိုးချုံးသွားသည်။


“အမေ ငါ့ကိုစိတ်ပျက်သွားပြီလား မသိဘူး”


ရုတ်ချည်းပေါ်လာသောအတွေးက သူ၏နှလုံးသားကို စည်းချက် မှန်မှန် ထုနေသည်။ သူ့ကို အမေ စိတ်ပျက်သွားမှာကိုတော့ သူ အရမ်း ကြောက်သည်၊ အမေမှစိတ်ပျက်ပြီဆိုလျှင် သူ့တွင် အားကိုးရာမရှိ။


“စာမကြိုးစားဘဲ လေလေပေပေနေခဲ့လို့ စာမေးပွဲကျတာဘာမှ မဆန်းဘူး၊ မကြိုးစားတုန်းက မကြိုးစားဘဲ ကျမှစိတ်ညစ်နေတာ ယောကျာ်း အလုပ်မဟုတ်ဘူး ငါ့သားရဲ့၊ ကိုယ့်အပြစ်ကိုယ်သိလို့ ကြိုးစားချင်စိတ်ရှိ လာမယ်ဆိုရင် ပြန်ြုကိုးစား၊ ဒါပဲ ညီတွေ ညီမတွေကိုလည်း လှည့်ပြီး ရန်လုပ်စရာမလိုဘူး”


           အမေက အချက်ကျကျပြောသည်၊ အမေ့စကားတွေ မှန်မှန်းသိ သော်လည်း ကိုဖြိုး ချက်ချင်းခေါင်းညိတ်ပြီး ဝန်မခံချင်၊ သူ၏ထုံးစံအတိုင်း


“ငါ့ကိုမချစ်လို့၊ ငါ့ကိုနှိမ်ချင်လို့” ဟု လှီးလွှဲပြီး တွေးချင်နေသေးသည်။ 

                သို့သော်လည်း သူဘယ်လို တွေးတွေး အမေက သူ့ကိုချစ်ခင်ကြင်နာကြောင်း၊ ဘယ်တော့မှလည်း မနှိမ့် ချခဲ့ကြောင်းကိုလည်း အတွင်းစိတ်က အမှန်အတိုင်းသိနေပြန်သည်။ ကိုဖြိုးက ငေးကြည့်နေစဉ် အမေက စားပွဲစွန်းကို လက်တစ်ဖက် နှင့်ထောက်ကာ ဗိုက်ကို ကျန်လက်တစ်ဖက်နှင့်မသိမသာအုပ်ကိုင်ရင်း တကျွတ်ကျွတ်နှင့်စုတ်သပ်သည်။


“အမေ နေမကောင်းဘူးလား”


“အင်း မကောင်းဘူး”


“ဗိုက်နာလို့လား အမေ”


“အင်း ဒီနားက အောင့်သလိုလို၊ နာသလိုလိုနဲ့ဖြစ်နေတာကြာပြီ”

“ဆရာဝန် မပြဘူးလား”


“မပြပါဘူးကွယ်”


           အမေက သက်ပြင်းချသည်။ အမေ့မျက်နှာက လူမမာနှင့်တူနေ ကြောင်း အခုမှ ကိုဖြိုး သတိထားမိသည်။ အမေသည် တစ်အိမ်လုံး၏ ကျန်း မာရေးကို ကြောင့်ကြောင့်ကြကြနှင့် ဂရုတစိုက်ရှိလှသော်လည်း သူ့ကိုယ်သူကတော့ ဂရုမစိုက်ခဲ့ပေ။


“သား အဖေလည်း နံရံကိုလက်သီးနဲ့ထိုးထားတာ လက်ကြီးကို ယောင်ကိုင်းနေတာပဲ”


ကိုဖြိုးက အမေ့အကြည့်ကိုလွှဲကာ မျက်လွှာချထားလိုက်သည်။ အမေက သူ့ဗိုက်မှာနာနေသည်ထက် အဖေ့လက်ယောင်နေသည်ကို ပိုပြီး ပူပင်နေဟန်ရှိသည်။


“အမေက ဒီနေ့တော့ ကားထွက်မမောင်းစေချင်ဘူး၊ ဒါပေမဲ့ သူက တစ်နေ့မမောင်းရင် တစ်နေ့ဝင်ငွေလျော့မှာပေါ့တဲ့။ နောက်ပြီး ဒီနေ့ အိမ်မှာ ငါငုတ်တုတ်ရှိနေရင် ငါ့သားကြီး အနေခက်နေပါဦးမယ်တဲ့”


             အမေ့စကားကြောင့် ကိုဖြိုး၏မျက်နှာတစ်ပြင်လုံး ပူရှိန်းသွားသော် လည်း ရင်ထဲတွင် နွေးသွားသည်။ အဖေက သူအနေခက်မည်ကို စိုးရိမ်သည့် အတွက် ကျေနပ်သလိုလို၊ အားနာသလိုလို၊ ကြည်နူးသလိုလိုနှင့် သူ့စိတ်တွေ ပျော့ကျသွားသည်။


“မိသားစုဆိုတာ တစ်ယောက်ရဲ့ဂုဏ်က တစ်ယောက်ကို ဟပ်တယ်ကွ၊ အဖေတို့အမေတို့အတွက် ငါ့သားသမီးတွေ ဘယ်တော့မှ မျက်နှာ မငယ်စေရဘူး၊ အဲဒီလိုပဲ၊ သားတို့သမီးတို့အတွက်လည်း အဖေ ဂုဏ်ယူချင်တယ်” ဟု မကြာခဏပြောခဲ့သော အဖေ၏စကားကို ချက်ချင်းကြားယောင် လာသည်။


 အခုတော့ အဖေသည် သူ၏အပေါင်းအသင်းများကြားထဲတွင်

“ကိုဖြိုးလား မအောင်ပါဘူးဗျာ” ဟု ပြောနေရရှာပြီထင်သည်။

“အဖေ ထမင်းစားပြန်လာရင် ဘာလုပ်ရမလဲသား၊ ကိုယ့်ကိုယ်ကို သိတယ်မဟုတ်လား”


            အမေ၏အသံက မချိုသာ မပျော့ပျောင်းသေးသော်လည်း နူးညံ့ နေသည်။ ကိုဖြိုးက အမေ့ကို မော်ကြည့်ရင်း သူဘာလုပ်ရမည်နည်းဟု စဉ်းစားသည်။ မနေ့တုန်းက သူအရက်မူးလာရုံမျှမက အဖေ့ကို ထိကပါး ရိကပါးနှင့် မလေးမခန့်လုပ်ခဲ့သည်။ သူဘာလို့ ဒီလောက်တောင် လုပ်ရဲ ပြောရဲသွားသနည်း ကိုယ့်ကိုယ်ကိုပင် အံ့ဩနေမိသည်။


“အဖေကို အသေအချာကန်တော့ပြီး ပြန်တောင်းပန်လိုက်”


“ဟုတ်ကဲ့”


ကိုဖြိုးက ရစ်ဝဲလာသောမျက်ရည်များကို မျက်တောင်တဖျပ်ဖျပ် ခတ်ကာ ထိန်းရင်း ခေါင်းညိတ်သည်။ ဟုတ်သည် အဖေ့ကို သူကန်တော့ပြီး တောင်းပန်မည်။


“သားက အကြီးဆုံး ငါ့သား ဖြောင့်ဖြောင့်သွားမှ အငယ် နှစ်ယောက်လည်း ဖြောင့်ဖြောင့်လိုက်မှာပေါ့”


အမေက သူ၏ဆံပင်များကို သပ်တင်ကာ ပြောနေကျစကားကို ပြောသည်၊ ကိုဖြိုးက ဒီတစ်ခါ စိတ်ပါလက်ပါ ခေါင်းညိတ်သည်။

“သား ဒီနှစ်နှစ်မှာ တကယ့်ကို ကြိုးစားတော့မယ် အဖေ” ဟု ကတိ ပေးလိုက်လျှင် အဖေ၏ရင်ထဲတွင် အေးသွားလိမ့်မည်ထင်သည်။ ကိုဖြိုးအဖေ့ကို ကြောက်ကြောက်နှင့်မျှော်နေမိသော်လည်း အဖေ က ထမင်းစားပြန်မလာခဲ့ပေ။ အခါတိုင်းလည်း အိမ်နှင့်အလှမ်းဝေးသော နေရာရောက်နေပါက နံနက်စာကို ကြုံသလိုစားတတ်၍ အမေက ပူပူပင်ပင် မရှိလှချေ၊ သို့သော်


“မနေ့တုန်းက စိတ်မကောင်းဖြစ်ပြီး ဒီနေ့လည်း သိပ်နေမကောင်း လို့လားမသိဘူး၊ စိတ်ထဲမှာမရွှင်ဘူး လေးလေးလံလံကြီး”  ဟု ခပ်ညှိုးညှိုး ပြောသည်။


                 နံနက် ထမင်းစားပြန်မလာသည်ကို မပူသော်လည်း အခါတိုင်း ပြန်လာနေကျ ခြောက်နာရီကျော်သည်အထိ ပြန်မလာတော့ အမေက


“သားတို့အဖေ နောက်ကျလိုက်တာကွယ်” ဟု ပြောသည်။


 ကိုတိုးနှင့်မစိုးက အိမ်ရှေ့ထွက်ပြီး မျှော်နေကြသော်လည်း သူက အိမ်ရှေ့ခန်းထောင့်တွင် ခပ်ကုပ်ကုပ်ထိုင်ရင်း


“အဖေ ငါနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ ပြန်မလာသေးတာ များလား” ဟု တွေးရင်း ဝမ်းနည်းနေသည်၊ သူက

“သား နောင်တရပါပြီ အဖေ” ဟု ပြောလျှင် အဖေက

“နောက်မှ နှောင်းမှတတတ်လို့ နောင်တလို့ခေါ်တာ ငါ့သားရဲ့၊ ကုန်သွားတဲ့အချိန်ကို သားပြန်မရတော့ဘူး၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြင်ဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်” ဟု ပြောလေမလား အားပေးလေ မလားဟု မရေမရာတွေးနေမိစဉ် သူတို့အိမ်ရှေ့သို့ ရဲဝတ်စုံနှင့် လူနှစ်ဦး ရောက်လာသည်။


“ဒီအိမ်က ဦးကျော်အေး အိမ်ပါလားခင်ဗျား” ဟု မေးသံကိုကြားရသည်။

ထို့နောက်. . . ထို့နောက်။

ထို့နောက်တွင်တော့ အဖေ ကားချင်းတိုက်၍ ဆေးရုံရောက်နေကြောင်း သိလိုက်ရသည်။


“ဒဏ်ရာက ပြင်းတော့ အိမ်သားတွေ အမြန်လိုက်ခဲ့စေချင်ပါတယ် ခင်ဗျာ”


ဟူသော အသံက ဝေးသွားလိုက် နီးသွားလိုက်ဖြင့်နှင့် သူ၏နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူတို့လိုက်သွားတော့ သတိကင်းမဲ့နေသောအဖေကိုသာ တွေ့ရသည်။ အဖေသည် လုံးဝသတိပြန်လည်မလာတော့ဘဲ နောက်တစ်နေ့ နံနက် စောစောတွင် သူတို့အားလုံးကို ခွဲခွာသွားခဲ့လေသည်။


“သား၊ စာကြိုးစားတော့မယ် အဖေ” ဟူသောစကားကို 

အဖေ့နားနှင့်ဆတ်ဆတ်ကြားရအောင် မပြော နိုင်ခဲ့သဖြင့် ကိုဖြိုး၏ တစ်သက်တာလုံး ယူကျုံးမရ ဖြစ်ရတော့မည် ဖြစ်သည်။


              ကောင်းကင်မှ တိမ်တိုက်ဖြူဖြူများက အင်းလျားရေထဲတွင် အရိပ် ထင်နေ သည်။ ခဲလုံးလေးကို ပစ်ပေါက်လိုက်တော့ ငြိမ်နေသောတိမ်ရိပ်များသည် ပရမ်းပတာနှင့် လှုပ်ရှားသွားသည်။ ရေပြင်အောက်မှ ရေမှော်ပင် စိမ်းညှို့ ညှို့များက တိမ်ဆုပ်တိမ်ခဲများကို လက်တံရှည်နှင့် လှမ်းပြီး ဆုပ်ကိုင်တော့ မလို ယိမ်းခါနေသည်။ ရေထဲတွင် ရေမှော်ပင်နှင့်တိမ်ရိပ်များက ရောထွေး နွယ်ယှက်နေသည်။


“ဟော ...” 


  ကိုဖြိုး ရေထဲသို့ စိုက်ကြည့်သည်။ လှုပ်ရှားနေသော တိမ်ရိပ် များကြားတွင် အဖေ၏အရိပ်ကို တွေ့ရသည်။ အဖေ၏မျက်နှာက ညှိုးနေ သည်။ သူ့ကိုလည်း အားမလိုအားမရနှင့် ကြည့်နေသည်။

“ကိုဖြိုး မင်းဒီမှာ ဘာလာလုပ်နေတာလဲ၊ မင်းအမေနားမှာ သွားနေလေ”  ဟု ပြောနေသည်။ ကိုဖြိုးက အဖေ့ကို တောင်းပန်သလို ကြည့်ရင်းက ခေါင်းခါသည်။


“အမေ့ကို ကျွန်တော်မကြည့်ရက်ဘူးအဖေ၊ အမေ ဝေဒနာခံနေရတာကို ကျွန်တော်မကြည့်ရက်ဘူး”


              ဆေးရုံခုတင်ပေါ်တွင် ပက်လက်ကလေးလဲလျောင်းရင်း ဝေဒနာ ခံစားနေရသော အမေ့ကို ကိုဖြိုး မကြည့်ရက်၊ စုတ်သပ်ညည်းညူသော အသံကိုလည်း မကြားရက်။ အဖေဆုံးပြီးတစ်လလောက်နေတော့ အမေဆေးရုံတင်ရသည်။ သားအိမ်ဘေးတွင် အလုံးတစ်လုံးကပ်နေသည်ဆို၍ ခွဲစိတ်ကုရသည်။ ဓာတ်ခွဲကြည့်တော့ ကင်ဆာဟုပြောသည်။ ဗိုက်ထဲတွင်လည်း ထိုကင်ဆာဆဲလ်များ ပျံ့နှံ့နေသည်ဟု ပြောသည်။ အဆုပ်ဆီသို့လည်း ဦးတည်သွားနေသေးသည်ဟု သိရသည်။


         ဂယက်လှိုင်းကလေးများ ကျဲသွားသောအခါ ရေပြင်သည် တငြိမ့်ငြိမ့် ဖြစ်နေသည်။ ယိမ်းနေသောတိမ်များက တဖြည်းဖြည်း ပြန်ငြိမ်လာ သောအခါ တိမ်ရိပ်ကြားတွင်ဖြစ်နေရသောအဖေ၏မျက်နှာသည် မှုန်ပြီး ပျောက်ကွယ်သွားသည်။


“အမေကတော့ ခွဲစိတ်ကုသပြီးပြီမို့ သူ့ရောဂါကို ပျောက်တော့ မယ်လို့ ထင်နေတယ် အဖေ၊ ကျွမ်းနေပြီဆိုတာကို မသိဘူး”


ကိုဖြိုးက ခဲလေးတစ်လုံး ထပ်ပြီး ပစ်ချလိုက်ပြန်သည်။ လှိုင်းထလာသော ဂယက်ထဲတွင် အဖေ့ကိုပြန်ပြီး တွေ့ရပြန်သည်၊ အဖေက သူ့ကို


“စာကြိုးစားရဲ့လား” ဟု မေးသည်။ ကိုဖြိုးက ခေါင်းခါသည်။


“ကျွန်တော် စာကျက်လို့လည်း မရဘူးအဖေ၊ အိမ်မှာ စီးပွားရေး လည်း မပြေလည်ဘူး၊ အဖေ့ကားလေးကိုလည်း ပြန်ပြီး မပြင်နိုင်လို့ အရှုံး ခံပြီး ရောင်းလိုက်ရတယ်။ အမေကလည်း နေမကောင်း၊ အသုံးမကျတဲ့ ကျွန်တော်ကလည်း ငွေမရှာနိုင်သေး၊ ဝင်ငွေကလည်း မရှိ၊ ရှိသမျှငွေလေး တွေလည်း တတိတိနဲ့ကုန်တာပဲ၊ အမေ့အတွက် ဆေးဖိုးကို အမေ့ဆြွဲုကိုး တွေ လက်ကောက်တွေ ရောင်းပြီး ရှာရတော့မယ်”


ကိုဖြိုးက စိတ်ထဲမှ ပြောပြနေမိသည်။ ခုနတုန်းက ဖြူဖွေး တောက် ပနေသော တိမ်ဆုပ်တိမ်ခဲကြီးများသည် လေတိုက်ရာဘက်သို့ တလွင့်လွင့် နှင့် လွင့်ပါးသွားသည်။ မိုးရိပ်မိုးသားများက တရိပ်ရိပ်နှင့်ပြေးဝင်လာပြီး ကောင်းကင်ပြင်သည် ရုတ်တရက် ချက်ချင်း ညိုမှိုင်းသွားသည်။


“အဲ့ဒါ ငါတို့ရဲ့ဘဝလိုပဲ၊ ကြည်လင်တောက်ပနေရာကနေပြီး အုံ့မှိုင်းသွားတာလေ”


                ကိုဖြိုးက ကောင်းကင်ကျယ်ကို မော့ကြည့်ရင်း ရီဝေအားငယ် လာသည်။ တိမ်မည်းတိမ်ညိုများသည် သူ့အပေါ်ကို ပြိုပီးဆင်းလာတော့ မယောင် တအိအိနိမ့်ကျလာသည်။ ထို့နောက် မိုးစက်မိုးပေါက်များသည် တဖျောက်ဖျောက်နှင့် ခုန်ဆင်းလာကြလေသည်။ ရေစက်ရေပေါက်များ ကျရာနေရာတွင် ရေပွက်လေးများ ထလာသည်။ ထိုရေပွက်ကလေးများ ကျဲရာမှ စိတ်လာတော့ မိုးသည်းသည်းရွာနေပြီ ဖြစ်သည်။ ရေထဲတွင် ရေစက်ကြောင့်ဖြစ်သော ဂယက်ဝိုင်းလေးများ ချာချာ လည်ကာ ဆက်နေသည်။ ရေထဲမှအဖေ၏မျက်နှာသည်လည်း ပေါ်ပေါက် လာလိုက် ဝေးဝါးပြီး ပျောက်သွားလိုက်နှင့်မို့ မနည်းအားစိုက်ပြီး ကြည့်နေ ရသည်။


“မိုးရွာပြီဆိုတော့လည်း ရှိသမျှလူတွေ ပြန်ပြေးကုန်ကြတော့တာ ပဲ၊ အခုမှပဲ လူရှင်းတော့တယ်”


စစ်ဂျာကင် အဟောင်းကြီး တစ်ထည်ဝတ်ထားသော လူကြီးတစ်ဦးက ကိုဖြိုး၏ဘေးတွင် ဝင်ထိုင်သည်။


“ငါ့တူလည်း ဦးလေးလိုပဲ၊ မိုးရြေုကိုက်တယ်ထင်တယ်နော်”


ကိုဖြိုးက အသာစောင်းကြည့်မိသော်လည်း ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ ခုအချိန်မှာတော့ သူက အတွေးကို အဖော်ပြုကာ တစ်ဦး တည်းသာ နေလိုသည်။ မည်သူနှင့်မျှလည်း စကားမပြောချင်ပေ။


“ဦးလေးတို့ ငယ်ငယ်တုန်းကတော့ မိုးရေထဲထွက်ရင် အမေက တယ်ပြီးဆူတာကိုး၊ ဒါကြောင့် ရှေ့တန်းရောက်တော့ မိုးရွာတိုင်း သတိရတယ်၊ တစ်ခါတလေ စစ်ချီရင်း စခန်းချရင်း မိုးရေထဲမှာ မိုးကာခြုံပီး ငုတ်တုတ်ထိုင်ပြီး အိပ်ရတဲ့အခါလည်း အိပ်ရတာပဲလေ”


ကိုဖြိုးက စကားမပြောချင်သော်လည်း စကားပြောချင်နေဟန်ရှိသော လူကြီးက မဆီမဆိုင်နှင့်သူ့အကြောင်းတွေကို ပြောပြနေသည်။


“တစ်ခါတလေ မိုးတစ်အားသည်းလို့ သက်သာမလားလို့ သစ်ပင်အောက် ခိုမိပြန်ရင်လည်း ပုရွက်ဆိတ်တွေ ခါချဉ်တွေကျလာပြန်ရော၊ တစ်ခါတုန်းကတော့ ခါချဉ်အုံ အထုပ်လိုက်တောင် ပြုတ်ကျလိုက်သေး အဟေး ဟေး”


သူဟာသူ ပြောပြီး သူ့ဟာသူ ရယ်နေသော်လည်း စိတ်ညစ်နေသော ကိုဖြိုးမှာ လိုက်၍ ပြုံးလိုစိတ်ပင် မရှိချေ။


“ သူစစ်တိုက်ဖူးတာကိုး” ဟုသာ

 ခပ်ပေါ့ပေါ့တွေးရင်း အသာထသွားရလျှင် ကောင်းမလား ဟု စဉ်းစားလိုက်မိသည်။ ဒီနေရာက ထလျှင် အမေ့ဆီသွားရတော့မည် ဟု တွေးမိတော့ မထဘဲ ဆက်ထိုင်နေမိပြန်သည်။ အမေ့နားတွင် နေ့ရောညပါ စောင့်နေသော မစိုးလည်း ကျောင်း ပျက်လှပြီ ဖြစ်သည်။

“ကိုတိုးကတော့ အမေ့ရွှေတွေ ကုန်သွားရင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင်” ဟု စိုးရိမ်ပူပန်စွာ မေးသည်။ 


            အမေ့ရွှေတွေဟုသာ ပြောနေရသော်လည်း ဆြွဲုကိုးနှစ်ကုံးနှင့် လက်ကောက်တစ်ရန်၊ ကျောက်နီ လက်စွပ်နှစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ ပတ္တမြားနားကပ်တစ်ရန်နှင့် ပုလဲ နားကပ်တစ်ရန်သာမို့ အမေ့အတွက် သုံးနေရသောဆေးဖိုးနှင့် ယှဉ်လျှင် ဘာမှ သိပ်မဖြစ်လောက်ပေ။ မစိုးကတော့ သူ၏ဆြွဲုကိုးနှင့်လက်ကောက်ရှိပါသေးသည်ဟု ပြောရှာသည်။


“ခုနေ ကော်ဖီပူပူလေးတစ်ခွက်လောက်သောက်လိုက်ရရင် သိပ်ကောင်းမှာပဲနော်”


လူကြီးက စကား စပြန်သည်။ အဲ့ဒီတော့မှ ကိုဖြိုးလည်း သူ့ဟာသူ ချမ်းနေကြောင်း သတိထားမိသည်။


“ကော်ဖီပူပူလေးတော့ မရှိဘူး၊ ကံကောင်းထောက်မလို့ ကော်ဖီ သကြားလုံးတော့ ရှိတယ် မောင်၊ ရော့ မင်းတစ်လုံး ငါတစ်လုံး”


လူကြီးက သကြားလုံးလေးတစ်ခု လှမ်းပေးသည်။ ကိုဖြိုးက မငြင်းမဆန်လှမ်းယူပြီး အခွံလေးခွာကာ ပါးစပ်ထဲထည့်လိုက်သည်။ ချိုမြမြ ခါးဆိမ့်ဆိမ့်ကော်ဖီအရသာက လျှာထဲတွင် ပျံ့ပြီး နှာခေါင်းထဲအထိ မွှေးလာသည်။ လူကြီးက သူပြောချင်ရာတွေကို သူ့ဟာသူ ဆက်ပြောနေ ပြန်သည်။


“တောနက်ထဲက ကျွတ်တွေက မြို့ပေါ်ရွာပေါ်က ကျွတ်တွေလို မြေကြီးပေါ်မှာ တင်နေတာ မဟုတ်ဘူး၊ သစ်ပင်ပေါ်တက်ပြီး လူပေါ်ကို ခုန်ခုန်ချတတ်တာ၊ တစ်ခုတုန်းက ဦးလေးရဲ့ သူငယ်ချင်းတစ်ယောက် ငှက်ဖျားနဲ့သတိလစ်သွားလို့ ထမ်းစင်နဲ့ပြန်ပြီးသယ်လာတာ ကျွတ်တွေက တဖြုတ်ဖြုတ်နဲ့ ခုန်ချလိုက်တာ ကိုယ့်ပေါ်မှာရော သူ့ပေါ်မှာရော ကျွတ်တွေ ချည်းပဲ၊ လက်မအားတော့ သူ့ကျွတ်လည်း မြုဖုတ်နိုင်၊ ကိုယ့်ကျွတ်လည်း မဖြုတ်နိုင်၊ စခန်းရောက်တော့မှ ဖြုတ်ကြရတယ်၊ သူ့ကိုယ်ပေါ်မှာ ကျွတ်ပေါင်း တစ်ရာကျော်တယ်၊ ထမ်းစင်တစ်ခုလုံးလည်း သွေးတွေနဲ့ ရွှဲနစ်လို့ စခန်းက ရဲဘော်တွေက ဒဏ်ရာကြီးကြီးရလာတယ်လို့ ထင်သွားကြ တာတဲ့”


သွေးတွေနဲ့ ရွှဲနစ်လို့ဟူသောစကားကို ကြားရတော့ ကိုဖြိုး ရင်ထဲ တဆတ်ဆတ်တုန်သွားသည်။ သွေးသံရဲရဲနှင့်သတိမေ့နေသော အဖေ့ကို သတိရသည်။


“ကျွန်တော့်အဖေလည်း သွေးတွေနဲ့ ရဲနေတာပဲ”


သူ့ကို စကားပြောရန် မရည်ရွယ်ပါဘဲ ကိုဖြိုးက အလိုလိုပြော မိသည်။


“ဘာဖြစ်တာလဲ”


“ကားတိုက်တာပါ ကားချင်းဆိုင်တိုက်မိတာ”


“ဘာဖြစ်သွားလဲ”


“သေတာပေါ့ သေသွားတာပေါ့”


“သြော်”


လူကြီးက ငြိမ်သွားသည်။ သူတို့နှစ်ဦးလုံး အင်းလျားကန်ရေပြင် သို့ ငေးကြည့်နေကြသည်။ ကြိုဖိးက အဖေ့ကိုပြန်လည်မြင်ယောင်ကာ ထို လူကြီးက သူတိုက်ခဲ့သောတိုက်ပွဲများကို ပြန်လည်မြင်ယောင်နေလိမ့်မည် ထင်သည်။


“အခု အမေလည်း ဆေးရုံမှာ”


“ဘာဖြစ်တာလဲ”


“ကင်ဆာတဲ့”


“မင်းတို့လည်း သေမင်းနဲ့စစ်တိုက်နေကြရတာပေါ့”


“ဒါပေမယ့် ရှုံးမှာ သေချာနေတဲ့စစ်ပွဲကြီးလေ”


ကိုဖြိုးက ဝမ်းနည်းပမ်းနည်းပြောရင်း မျက်ရည်သုတ်သည်။


“အဖေဆုံးကတည်းက ကျွန်တော်တို့ စီးပွားပျက်တာပဲ၊ ကား လေးကို အရှုံးခံပြီးရောင်းပြီး အဲဒီပိုက်ဆံနဲ့အမေ့ကို ဆေးကုတယ်။ ဒီကြားထဲလည်း အဲဒီပိုက်ဆံနဲ့ပဲ စားရတာပေါ့၊ အဲဒါ ကုန်ခါနီးပြီ၊ ကုန်ရင် အမေ့ ဆြွဲုကိးတွေ လက်ကောက်တွေ ရောင်းရမယ်၊ အဲဒါကုန်ရင် ဘာဆက်လုပ်ရမလဲ၊ ကျွန်တော်ကလည်း မနှစ်က ဆယ်တန်းကျသေးတယ်၊ ညီလေးက ကိုးတန်း ညီမလေးက ခုနစ်တန်း၊ မနှစ်တုန်းကသာ ကျွန်တော့်စိတ်တွေ မလေဘဲ စာကြိုးစားခဲ့ရင် ဆယ်တန်းအောင်ပြီးပြီ၊ အခုတော့”


“တော်ပါတော့ကွာ...” လူကြီးက ကိုဖြိုး၏ပခုံးကိုပုတ်ကာ နှစ်သိမ့်သည်။


“အဲဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ကံဆိုးလှပြီလို့ ထင်နေရင် မဟုတ်သေးဘူး ငါ့တူ၊ ဦးလေး မင်းကို ကြည့်နေတာကြာပြီ၊ အရမ်းကို စိတ်ပျက် ညှိုးနွမ်းနေပုံပေါက်နေလို့လာပြီး စကားပြောတာပါ”


သဲသဲမဲမဲ ရွာနေသောမိုးက တဖြည်းဖြည်း စဲသွားသည်။ ဖွဲဖွဲ ကျနေသေးသော်လည်း ပြန်ပြီး ကြည်လင်လာသည်။ မိုးရေတွေ ရွှဲနစ်နေ သော သူတို့ နှစ်ယောက်ကတော့ အင်းလျားရေပြင်ကို ဆက်လက်ပြီး ငေး ကြည့်နေကြသည်။


“မင်းတို့မှာ အဖေသေသွားပေမယ့် အမေရှိတယ်၊ နေမကောင်း တဲ့ အမေကို ကုစရာပိုက်ဆံလည်း ရှိသေးတယ်၊ ရောင်းစရာ ရွှေတိုရွှေစ တွေလည်း ရှိသေးတယ်၊ နေစရာအိမ်လည်း ရှိသေးတယ်လေ၊ အကောင်း ဖက်က မြင်တတ်ကြည့်တတ်ရင် ကောင်းတာတွေလည်း ရှိပါသေးတယ် ကွာ”


လူကြီး၏အသံက အေးဆေးတည်ငြိမ်လှသည်။ သူ့စကားကို နားထောင်ရင်း ကိုဖြိုး အံ့ဩသွားသည်။ သူတစ်ခါမျှ ဒီလို မတွေးခဲ့ဖူးချေ။


“အဖေမရှိတော့ဘူး၊ ဒုက္ခပါပဲကွာလို့ တွေးမိတဲ့အချိန်မှာ တော်သေးတာပေါ့ကွာ အမေရှိသေးတယ်လို့ ဆိုပြီး တွေးရင်လည်း ရသေးတယ် မဟုတ်လား၊ ရေတစ်ဝက်ပဲရှိနေတဲ့ ဖန်ခွက်ကို ကြည့်ရင် တစ်ယောက်က ရေတစ်ဝက်ပဲရှိတော့တယ်လို့ စိတ်ပျက်ညည်းညူပေမယ့် တစ်ခြား တစ်ယောက်ကတော့ ဟာ ရေတစ်ဝက်တောင် ကျန်နေသေးတယ်လို့ တွေးပြီး ဝမ်းသာနိုင်တာပဲ မဟုတ်လား”


ကိုဖြိုးက အင်းလျားရေပြင်ကိုငေးကြည့်ရင်း မှင်သက်မိသလို ဖြစ်နေသည်။ ဟော ရေပြင်တွင် အဖေ့အရိပ်ကို မြင်ယောင်မိပြန်သည်။ အဖေ ကပြုံးနေသည်၊


 “ဟုတ်တာပေါ့ သားရယ်”  ဟုပြောနေသည်။


“ဒီမှာကြည့်စမ်း ငါ့တူရ”


လူကြီးက သူ၏ဘောင်းဘီစနှစ်ဖက်ကို ဆွဲမ၍ ပြသည်။ နှစ်ဖက်လုံး ခြေအတုတွေ ဖြစ်နေ၍ ကိုဖြိုး၏ရင်ထဲတွင် လှိုက်ခနဲဖြစ်သွားသည်။ သူ့မှာ ခြေနှစ်ဖက်လုံး မရှိပါလား။


“ဦးလေးကို မသနားနဲ့ ငါ့တူ၊ ဦးလေးမှာ ခြေနှစ်ဖက်မရှိပေမယ့် လက်နှစ်ဖက်ရှိသေးတယ်၊ ဒီလက်နှစ်ဖက်ဟာ အလုပ်တွေ အများကြီးလုပ် နိုင်တယ်လေ”


            ကြံ့ခိုင်သန်စွမ်းသော သူ၏ လက်ချောင်းများသည် မိုးရွာပြီးစ နေရောင်ခြည်တွင် အရောင်တလက်လက် တောက်ပနေသည်ဟုပင် ကိုဖြိုး ထင်လိုက်မိသည်။ ထိုလက်ချောင်းများဖြင့် သူ၏ ပခုံးကို ညှစ်ကိုင်လိုက်တော့ မမြင်ရသောအင်အားများက 

ကိုဖြိုး၏ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။


“နောက်ဆုံးတစ်နေ့ မင်းတို့အမေ မရှိတော့ဘူး ဆိုရင်တောင် မင်းတို့ မောင်နှမသုံးယောက် တစ်စည်းတစ်လုံးနဲ့ ချစ်ချစ်ခင်ခင် ကျန်ခဲ့ကြမယ်။ ကျန်းကျန်းမာမာရှိကြတယ်၊ လွတ်လွတ်လပ်လပ် လှုပ်ရှား လုပ်ကိုင်စရာ လက်နှစ်ဖက်ကိုယ်စီရှိတယ်၊ ဒီမြေပေါ်မှာ မားမားမတ်မတ်ရပ်နိုင်တဲ့ ခြေနှစ်ဖက်လည်း ကိုယ်စီ ရှိကြတယ်လေ”


ကိုဖြိုး၏မျက်လုံးအစုံသည် မျက်ရည်တွေ ရစ်ဝဲနေရာမှ တဖြည်းဖြည်း အရောင်တောက်ပလာသည်။ ရင်ထဲတွင် နွေးပြီး အချမ်းလည်းပြေ သွားသည်။


“မင်းအမေက သေမင်းနဲ့ စစ်ခင်းနေတဲ့အချိန်မှာ မင်းက ဒီမှာ ထိုင်ပြီး ဘာလို့ငေးနေသလဲ ငါ့တူရယ်၊ မင်းက သူ့အနားမှာပဲ ရှိနေသင့်တယ် မဟုတ်လား။ မနိုင်မယ့်စစ် ရှုံးမယ့်စစ်ပေမယ့်လည်း အမေ့ကို ကူပြီး တိုက်ပေးရမယ်၊ ရတတ်သမျှအချိန်လေးမှာ အမေ့ကို စိတ်ချမ်းသာအောင် ဝေဒနာ သက်သာအောင်လည်း လုပ်ပေးနိုင်တယ်၊ ကုသိုလ်တွေလည်း အများကြီး ဆက်ပေးနိုင်တယ်၊ အမေ အသေဖြောင့်သွားအောင် ကတိတွေ လည်း ပေးလိုက်နိုင်တယ်လေ၊ မင်းရဲ့အမေအတွက် မင်းလုပ်ပေးနိုင်တာ တွေ အများကြီး ရှိပါတယ်”


“ကျေးဇူးတင်ပါတယ် ဦးလေး”


ကိုဖြိုးက နေရာမှ ဆတ်ခနဲထလိုက်သည်၊ သူက အမေ့ကို ဘာမှ မကူညီနိုင်ဘဲ လက်ပိုက်ကြည့်နေရသည်ဟု ယူဆထားခဲ့သည်။ ထိုလူကြီး ကတော့ သူတတ်နိုင်တာတွေ အများကြီးတဲ့၊ ဟုတ်သည် သူတတ်နိုင်တာ တွေ အများကြီး ရှိသည်၊ ရှိကိုရှိသည်။


“ကျွန်တော်သွားတော့မယ်”


“ဘယ်ကိုလဲ”


“အမေ့ဆီကို”


“ကောင်းတယ်”


ကိုဖြိုးက သူ၏လွယ်အိတ်ကလေးကိုဆွဲယူကာ ခပ်သွက်သွက် လျှောက်လိုက်သည်။ အမေက သူ့ကို မျှော်နေလောက်ပြီ ဖြစ်သည်။ အမေ့ ကို ချက်ချင်းလွမ်းလာသည်။ အမေ့ဘေးကို အခုချက်ချင်းရောက်သွားချင် သည်။ အရင်လို၍ ခပ်သွက်သွက်လျှောက်ကာမှ ဖိနပ်တစ်ဖက်က ဖတ်ခနဲ ပြတ်သွားသည်။


“ဟာ ဒီဖိနပ်”


ကိုဖြိုးက ဖိနပ်ကို စိတ်တိုတိုနှင့် ကန်ပစ်လိုက်မည် လုပ်ပြီးမှ

“ဟိုတစ်ဖက်ပြတ်ပေမယ့် ဒီတစ်ဖက်က အကောင်းကြီးပဲဟာကို ဟိုတစ်ဖက်ကို ပြန်ချုပ်လိုက်ရင် တစ်ရန်လုံးပြန်စီးလို့ရသေးတယ်” ဟု တွေးမိပြီး ကန်ချွတ်ထားသောတစ်ဖက်ကို ပြန်ကောက်သည်။


“ရော့...ရော့ ဒီမှာ ဦးလေးရဲ့အိတ်ထဲမှာကြွပ်ကြွပ်အိတ်တစ်လုံး ပါတယ်၊ ဖိနပ်ကို အဲဒါနဲ့ထည့်”


“ကျေးဇူးတင်ပါတယ် ဦးလေး”


ကိုဖြိုးက ကျေးဇူးတင်စွာ လှမ်းယူရင်း ဖိနပ်နှစ်ဖက်ကို ကြွှပ်ကြွပ်  အိတ်ထဲ ထည့်သည်။ ဆေးရုံကို ခြေဗလာနှင့် ရေတွေစိုရွှဲလျက် ရောက်လာသော သူ့ကိုမြင်လျှင် အမေက ဘာများပြောလေမည်မသိ။ ကိုဖြိုက လူကြီးကိုနှုတ်ဆက်ကာ ပြုံးပြသည်၊ ရင်ထဲတွင် တစိမ့်စိမ့် ကျေးဇူးတင်နေပြီး သူနှင့်လည်း ရင်းနှီးကျွမ်းဝင်သွားသလို ခံစားရသည်။


“ပြန်ချုပ်လိုက်ရင် အကောင်းပဲ ဦးလေးရဲ့၊ အကြာကြီးစီးလို့ ရဦးမှာ”


“ဟုတ်တာပေါ့ကွာ”


လူကြီးက အပြုံးနှင့်ထောက်ခံသည်၊ ထို့နောက် ဆက်၍


“အဲဒီလို ပြန်ကောင်းသွားမယ့် ဖိနပ်တစ်ရန်ကို အပြည့်အစုံ စီးပြီး မြေပေါ်မှာမတ်မတ်ရပ်နိုင်တဲ့ ခြေထောက်နှစ်ဖက်ကိုပိုင်ဆိုင်ထားရတာရော၊ ဘယ်လောက် ကံကောင်းလဲဆိုတာ စဉ်းစားမိရဲ့လား” ဟု လေးနက်သော အသံနှင့်ပြောသည်။


ကိုဖြိုးက ကြည်ကြည်လင်လင် ပြုံးရင်း ဖိနပ်မပါသော သူ၏ ခြေထောက်များကို ငုံ့ကြည့်မိသည်။ ထို့နောက် စတင်ပြီးလမ်းလျှောက်သည်။ လူကြီးက နောက်ဘက်မှ လှမ်းပြောသည်။


“ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင်ရှိတယ်နော်”


ကိုဖြိုက ခေါင်းညိတ်သည်။ ဟုတ်သည်၊ ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင် ရှိနေသည်‌။


-------------

မစန္ဒာ


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်မဂ္ဂဇင်း ၂၀ဝ၅ ခုနှစ်။


[ မစန္ဒာပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအားကျေးဇူးတင်ပါသည်။]




Sunday, 28 July 2019

#စိုးကြောက်မိပါသည် - #မိုးမိုး ( အင်းလျား)

#စိုးကြောက်မိပါသည် - 


#မိုးမိုး ( အင်းလျား) 


မန္တလေးကို မရောက်တာ ကြာခဲ့ပြီ။

          သူငယ်ချင်း အမွန်နှင့်လည်း မတွေ့ရသည်မှာ ကြာခဲ့လေပြီ။


          ကျွန်မထွက်လာရသော ခရီးသည် ရင်ခုန်စရာကောင်းလှသည့် နည်းတူ မန္တလေးမြို့ကို နောက်တစ်ကြိမ် အလည်အပတ် သွားရောက်ရမည့် အရေးသည်လည်း ကျွန်မအတွက် ရင်ခုန်စရာကောင်းလှပါသည်။ ပြီးတော့ သူငယ်ချင်း အမွန်နှင့် ပြန်လည်တွေ့ဆုံရမည့် အရေး သည်လည်း စိတ်ကြည်နူးစရာ ကောင်းလှသည်။


          ကျွန်မနှင့် အမွန်သည် ငယ်သူငယ်ချင်းများတော့ မဟုတ်။ သို့သော် ကျောင်းနေဖက် သူငယ်ချင်းများဟု ဆိုရမလား။ ကျွန်မတို့နှစ်ယောက်သည် ရန်ကုန်တက္ကသိုလ် ရတနာဆောင် မှာ အတူတူနေခဲ့ကြသည်။ အဓိကယူသည့် ဘာသာရပ်ချင်း မတူသော်လည်း တစ်ခန်းတည်း အတူနေခဲ့ရ၏။ မြို့နယ်အလိုက် အုပ်စုဖွဲ့၍ နေတတ်ခဲ့ကြသော ကျောင်းသူများထဲတွင် မြစ်ဝကျွန်းပေါ်သူ ကျွန်မနှင့် အညာသူ အမွန်သည် အလွန်ခင်မင်ခဲ့ကြ၏။


          ကျွန်မသည် အချို့မိန်းကလေးများလို ဒေသစွဲရှိသူ မဟုတ်ပေ။ ဘယ်နေရာရောက် ရောက် ကျွန်မပျော်တတ်သည်။ ခရီးသွားရခြင်းကို ကျွန်မနှစ်သက်သည်။ မရောက်ဖူးသည့် နေရာ၊ ဝေးလံသည့်နေရာကို သွားရရောက်ရမည်ဆိုလျှင် ကျွန်မပို၍ပျော်၏။ နွေရာသီ ကျောင်းပိတ်ရက်မှာ အများတကာ မိမိရပ်ဌာန်ပြန်ဖို့အရေး တွေး၍ ပျော်နေတတ်ချိန်မှာ ကျွန်မက ဘယ်သူငယ်ချင်းနှင့် ဘယ်မြို့ကို လိုက်သွားရလျှင် ကောင်းမှာပါလိမ့်ဟု ဇယားချ၍ နေမိလေသည်။ ကျွန်မ၏ ဖခင်ကလည်း သတင်းစာသမား တစ်ဦးဖြစ်၍ ခရီးသွားခြင်း၊ ဒေသန္တရ ဗဟုသုတ ရှာမှီးခြင်းကို ခွင့်ပြုလေသည်။


          အမွန်ကတော့ ကျွန်မကဲ့သို့မဟုတ်။ ဒေသစွဲမရှိသော်လည်း မိန်းကလေး ပီသသည်ဟု ဆိုရမည်။ အနေအထိုင် အသွားအလာ သိမ်မွေ့သည်။ စကားပြော ချိုသာသည်။ ၀တ်စား ဆင်ယင်ပုံက မြန်မာဆန်သည်။ အသားညိုစိမ့်စိမ့်နှင့် ချစ်စဖွယ်ကောင်း၏။ သူ့အိမ်အကြောင်း ပြောဆိုပုံ၊ သူ့အိမ်သားများကို လွမ်းလွမ်းတတရှိပုံကိုကြည့်၍ သူတို့မိသားစုသည် ယဉ်ကျေး သော၊ အဆင့်အတန်းမြင့်သော မြန်မာမိသားစုတစ်ခုဖြစ်မှန်း သိသာလှ၏။ အမွန်က နှုတ်မှ ဖွင့်ဟမပြောသော်လည်း အမွန်တို့ ဖေဖေသည် တည်ကြည်ရိုးသားသော အစိုးရ အမှုထမ်း တစ်ယောက် ဖြစ်မှန်းသိသာသည်။


          အသွင်မတူသော ကျွန်မတို့နှစ်ယောက် ရင်းနှီးခင်မင်စွာ ပေါင်းခဲ့ကြလေသည်။


          နွေရက်တစ်ရက်မှာ အမွန်သည် ကျွန်မမျှော်လင့်သည့်အတိုင်း မန္တလေးသို့ အလည်ခေါ် ၏။


          “မိဆွေ ဒီနှစ်ကော အိမ်ပြန်မှာလား”


          “မပြောတတ်သေးဘူး၊ အမေကတော့ ပြန်လာစေချင်တယ်၊ မိဆွေကတော့ အဖော် ကောင်းရင် တစ်နေရာသွားရ ကောင်းမလားလို့၊ တစ်ပတ်လောက်ပေါ့၊ ပြီးမှ အိမ်ပြန်ရမယ် လေ”


          အမွန်ပြုံးသည်။ ကျွန်မ မန္တလေးကို လိုက်ချင်မှန်း အမွန်သိသည်။


          “ဒီလိုဆို မန္တလေးကို လိုက်ခဲ့၊ မေမေ့ဆီက စာလာတယ်၊ သမီးသူငယ်ချင်းကိုလဲ အလည်ခေါ်ခဲ့ပါလားတဲ့”


          အမွန်တို့မေမေ ရန်ကုန်သို့လာစဉ် တစ်ခါမြင်ဖူးသည်။


          “ဟီး ဟီး ခေါ်မှ ခေါ်ပါ့မလားလို့”


          သည်သို့ဖြင့် ကျွန်မ မန္တလေးသို့ တစ်ခေါက် အလည်အပတ် ရောက်ခဲ့ဖူးခြင်း ဖြစ်၏။


+       +       +


ကျုပ်တို့ ရွှေမန္တလေး ချမ်းအေးပူအိုက် ဆိုသည့်အတိုင်း အိုက်လိုက် ပူလိုက်သည်မှာလည်း မပြောနှင့်။ သို့သော် ကျွန်မ ပျော်ပါသည်။ နာမည်ကြီးလှသော မန္တလေးမြို့ရိုးနှင့် ကျုံးကြီး၊ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်၊ စစ်ကိုင်းတောင် စသည်ဖြင့် နေရာအနှံ့ လည်ပစ် လိုက်သည်။ ရှေးမြန်မာမင်းများ ထီးစိုက်နန်းစိုက် မြို့တော်ကြီး၏ အရှိန်အ၀ါသည် ရင်ကို ပူနွေးနေစေပါသေးသည်။ ဈေးချိုနှင့် နှင့်နာရီစင်တစ်ဝိုက်သည်လည်း ကြက်ပျံမကျ စည်ကားဆဲ။ အထက်မြန်မာပြည်၏ အရောင်းအ၀ယ် အချက်အချာအဖြစ် စီးပွားရေး နယ်ပယ်ကလည်း ကျယ်ဝန်းလှသည်။ ခရီးသွားခြင်းကို ၀ါသနာပါသည့် အလုပ် တစ်ခုအဖြစ် အလေးထားသော ကျွန်မမှာ မန္တလေးကို ဗဟိုပြု၍ သွားချင်စရာ လာချင်စရာတွေ က များပြားလှသည်။ သို့သော် ကျွန်မှာ မန္တလေးမြို့တွင်းသို့ပင် အားရအောင် မလည်ပတ်နိုင် ခဲ့။ စားမေးပွဲပြီးသည့်ရက်မှာပင် ကျွန်မအမေ့ဆီက စာရခဲ့သည်။ သည်နွေမှာ မောင်ငယ်ကို ရှင်ပြုရမှာမို့ မန္တလေးမှာ ကြာကြာမနေဘဲ ပြန်လာခဲ့ဖို့အကြောင်း။


          အမွန်တို့မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင်နေဖို့လည်း အချိန်ပေးရသေးသည်။


          အမွန်တို့အိမ်လေးသည် အေးချမ်း၍ နေချင့်စဖွယ် ဖြစ်၏။ မိသားစု လေးယောက်ခန့် သာရှိသော အိမ်လေးမှာ အိမ်ထောင်ပရိဘောဂ ခပ်ရှင်းရှင်းနှင့် စိတ်လွတ်လပ်စေသည်။ လည်စရာ ပတ်စရာမရှိလျှင် စာဖတ်နိုင်သည်။ အမွန့်မေမေသည် လက်ရာကောင်းကောင်းနှင့် အညာဟင်းများကို ချက်ကျွေးသည်။ ထိုအချိန်မှစ၍ ကျွန်မ အညာဟင်းများကို ခံတွင်းတွေ့ခဲ့ သည်။ အမွန်တို့ ဖေဖေကလည်း ကျွန်မတို့ အဖေလို တဇွတ်ထိုးသမားကြီး မဟုတ်ဘဲ တည်ငြိမ်အေးဆေး၏။ အမွန်တို့အိမ်သို့ လည်ပတ်ခဲ့ရခြင်းသည် ကျွန်မအတွက် မမေ့နိုင်စရာ မှတ်တမ်းလေးတစ်ခု ဖြစ်ခဲ့ပါ၏။


          တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ မန္တလေးမြို့နှင့် အမွန်တို့ မိသားစုထံသို့ အေးအေး ဆေးဆေး လာရောက်ဦးမည်ဟု ကျွန်မရင်ထဲမှာ တေးသွားလိုက်ပါသည်။


          သို့သော် ထိုအချိန်မှစ၍ ကျွန်မဘ၀၏ လွတ်လပ်ခြင်းသည် ဆုံးခန်းတိုင်ခဲ့လေသည်။


+       +       +


ကျွန်မသည် ကျောင်းကိုပင် ပြီးဆုံးအောင် မတက်နိုင်ခဲ့ပေ။


          ဘ၀၏ အလှည့်အပြောင်းများသည် မထင်မှတ်ဘဲ ကျရောက်ခဲ့ချေသည်။


          အဖေသည် ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီး ထင်ရာစိုင်းတတ်ခဲ့သော ကျွန်မသည် လည်း တာဝန်ဝတ္တရားတွေဖြင့် ခြေချုပ်မိခဲ့သည်။ ရရာအလုပ်ကို ၀င်လုပ်ရင်း စားမေးပွဲကို ပြင်ပမှ ဆက်ဖြေသည်။ သူငယ်ချင်းများဆီသို့ စာသာရေးနိုင်ပြီး လူချင်းဝေးလာခဲ့ရ၏။ အမွန် တစ်ယောက်လည်း ကျွန်မဆီ စာတွေသာ တစ်စောင်ပြီးတစ်စောင် ရေးပို့နေခဲ့သည်။ လူတွေက တစ်စထက်တစ်စ ပို၍  ဝေးကွားသွားကြ၏။ အမွန်သည်  နောက်ဆုံးနှစ်ကို ဖြေဆိုပြီး မန္တလေး သို့ ပြန်သွားသည်။ မန္တလေးမှနေ၍ ကျွန်မဆီ စာနှစ်စောင်ခန့် ရေးသည်။ နောက်ဆုံး ကျောင်းဆရာမအလုပ် လုပ်နေသလိုလို သတင်းရသည်။ ကျွန်မလည်း ကိုယ့်ဘ၀နှင့်ကိုယ် နစ်နေသည်။ ခင်မင်ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသော ဘ၀များသည် ဟိုအဝေးကြီးမှာ ကျန်ရစ်ခဲ့ သလို ခံစားရ၏။


          ကျွန်မသည် အိမ်ထောင်ကျပြီး ရန်ကုန်မြို့ပေါ်မှာ အခြေကျခဲ့ပါသည်။ ထို့နောက် ရုံးအလုပ်တစ်ဖက် အိမ်မှုကိစ္စတစ်ဖက်ဖြင့် မြို့ပြ၏ လှုပ်ရှားမှုများကြားမှာ ရုန်းကန်နေရပြန် သည်။ ယခင်ကလို စိတ်လွတ်ကိုယ်လွတ် သွားလာလည်ပတ်ရခြင်းမျိုးမှာလည်း အိပ်မက် သဖွယ် ဖြစ်နေတော့သည်။ သူငယ်ချင်းများထံသို့လည်း လူကိုယ်တိုင် တွေ့ဖို့ဝေးစွ၊ စာလေး တစ်ကြောင်းပင် မရေးနိုင်ခဲ့။ ကျွန်မဘ၀တွင် မှတ်မှတ်ရရ အဖြစ်ဆုံးမှာ အမွန်သာဖြစ်သည်။ တစ်နေ့နေ့မှာတော့ အားလုံးကိုခေတ္တ ပစ်ထားခဲ့ပြီး အမွန့်ဆီကို သွားဦးမည်ဟု အားခဲထား သည်။


+       +       +


ယခု ရန်ကုန် မန္တလေး ရထားလမ်းပေါ်မှာ ကျွန်မရောက်နေ၏။     

  

          ကောင်းသောလာခြင်းတော့ ဟုတ်မည် မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်မ သည် လူကြီးတစ်ယောက်အနေဖြင့် အလွန်ကလေးဆန်သော အမှုကို ပြုခဲ့သောကြောင့် ဖြစ်သည်။ ကျွန်မသည် ဒေါသနှင့် တဇွတ်ထိုးအကျင့်ကို ပေါင်းစပ်ကာ တာဝန်ဝတ္တရားတွေ ကြားမှ ရုန်းကန်ထွက်ခဲ့ခြင်း ဖြစ်သည်။ အလုပ်တာဝန်နှင့် အိမ်ထောင်သည် ၀တ္တရားတွေကို ခေတ္တစွန့်ခွာခဲ့ခြင်းဖြစ်၏။ တဒင်္ဂ လွတ်မြောက်ခြင်းကို ရှာကြံမိခြင်းဖြစ်၏။


          ကျွန်မရှေ့ရှုရာအရပ်မှာ လွန်ခဲ့သော ဆယ်နှစ်ခန့် တစ်ကြိမ်သာရောက်ဖူးခဲ့သော မန္တလေးရွှေမြို့တော်ကြီးသို့၊ ကျောင်းနေစဉ်က အလွန်ရင်းနှီးချစ်ခင်ရသော သူငယ်ချင်း အမွန့်ဆီသို့။


          အမွန်ကတော့ ကျွန်မ၏ ကလေးဆန်သော လုပ်ရပ်ကို အပြစ်တင်လေမည်လား။ ကလေးတစ်ယောက်ရခါမှ စိတ်ဆိုးပြီး အိမ်ကထွက်လာသော ကျွန်မကို ငယ်စိတ် မပျောက် သေးဘူးဟူ၍ ရယ်မောလေမည်လား မသိပေ။ အမွန်နှင့် ပြန်တွေ့ရမည့် အရေးကို တွေးမိ သောအခါ အားလုံးကို မေ့သွားနိုင်ပြီး ကျွန်မပျော်သွားသည်။ အမွန်နှင့် တွေ့ပြီးလျှင်တော့ ရန်ကုန်ကိုပြန်ပြီး ဖုန်းဆက်မည်။ စိတ်မပူဖို့အကြောင်း။ ပြီးတော့ အမွန်နှင့် ငယ်ငယ်ကလို လည်ပတ်မည်။ မန္တလေးကို လျှောက်ကြည့်မည်။ စိတ်ပြေသွားတော့ အိမ်ကို ပြန်မည်။ ဤသည်မှာ ကျွန်မ၏ အစီအစဉ်ဖြစ်၏။


          အမွန်တစ်ယောက် အိမ်ထောင်များ ကျနေလေပြီလား။ ယခင်နေရာမှာကော ရှိသေး ရဲ့လား ။ အမွန့်ကို မတွေ့ရလျှင်လည်း ကိစ္စမရှိပါ။ ကျွန်မှာ အရေးရှိက သွားလာဆက်သွယ် နိုင်ရန် အခြား အသိမိတ်ဆွေများ၏ လိပ်စာများ ပါပါသည်။


          ကျွန်မ၏ တစ်သက်တာမှာ အစွန့်စားဆုံးဟု ဆိုနိုင်သော ခရီးသည် ရင်ခုန်စရာကောင်း လှ၏။ ထို့အတူ အမွန်နှင့်တွေ့ရမည့် အရေးသည်လည်းကောင်း၊ မန္တလေးကို နောက် တစ်ခေါက် လည်ပတ်ရမည့် အရေးသည်လည်းကောင်း ရင်ခုန်ဖွယ်ကောင်းလှပါသည်။


+       +       +


ရထားသည် အချိန်မှန်သည်ဆိုရမည်။ ည ၇ နာရီသာသာခန့်မှာ မန္တလေးဘူတာကြီးသို့ ဆိုက်ရောက်လေသည်။ ကျွန်မသည် က္ကုနြေ္ဒရရပင် ဘူတာတွင်းမှ ထွက်ခဲ့သည်။


          “ဒီမှာ မှတ်ပုံတင်လေး ပြပါခင်ဗျာ”


          ရုတ်တရက်တော့ လန့်သွားမိသည်။ နောက်မှ ကျွန်မနှင့် မသက်ဆိုင်။ ကားကီ ယူနီဖောင်းဝတ်တစ်ဦးက တရုတ်အမျိုးသားကြီး တစ်ယောက်ကို စစ်ဆေးနေခြင်း ဖြစ်၏။


          ဆိုက်ကားမျာ၊ မြင်းလှည်းများ၊ စက်ဘီးများဖြင့် ရှုပ်ထွေးနေသော မြို့၏ မြင်းကွင်းကို မှုန်းဝါးဝါးမြင်ရသည်။ မြင်းလှည်းတစ်စီးကို ခပ်တည်တည်ဖြင့် ငှားလိုက်သည်။


          မြို့ရိုးနှင့် ကျုံးကြီးကို မြင်လိုက်ရသဖြင့် ကျွန်မရင်သည် လှုပ်ရှားလာ၏။ သောကများကို မေ့ပျောက်ပြီး စွန့်စားသွားလာရခြင်း၏ ပျော်ရွှင်မှုကို စတင်ခံစားရသည်။ ရွှေမြို့တော်ကြီးကား စည်းကားသိုက်မြိုက်ဆဲ။ မှောင်ရီပျိုးစမှာပင် ဥဒဟို သွားလာလှုပ်ရှားဆဲ။ လူဦးရေ ပိုမိုတိုးတက် များပြားပြီး ရောင်းပန်းဝယ်တာ ပိုမိုဖွံ့ဖြိုးခဲ့သော အရိပ်နိမိတ်ကို မှန်းဆသိမြင်နိုင်သည်။ မီးလောင်ပြင်များ၊ လူနေထူထပ်သော လမ်းမကြီးများကို ဖြတ်သန်းလာခဲ့သည်။


          အမွန်နှင့် တွေ့ရမည်ကို တွေးပြီး ရင်ခုန်လာသည်။


          “ဘယ်ဘက်ကိုချိုး အဲ ဟုတ်ပြီ အဲဒီနားမှာ၊ အင်း ခဏနေဦး ဆင်းကြည့်လိုက်ဦးမယ်”


          ယခင်တစ်ခေါက်ရောက်ဖူးသော နေရာဝန်းကျင်သည် တစ်မျိုးတစ်ဖုံ ထူးခြားနေသည်။ လမ်းနံပါတ်၊ အိမ်နံပါတ်က မှားနိုင်စရာ မရှိ။ သို့သော် အငွေ့အသက်က လွဲမှားနေသည်။


          ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တိုက်ကြီး တစ်တိုက်ရှေ့မှာ ကျွန်မရပ်မိနေမိသည်။ အမွန်တို့အိမ်သည် ယခင်က သည်နေရာမှာပဲ ရှိသည်။ အိမ်များ ပြင်ဆောက်လိုက်လေပြီလား။ ကာလတွေကလည်း ကြာခဲ့ပြီပဲ။ အရာရာ ပြောင်းလဲတိုးတက်နေသည်ကို ကျွန်မမေ့ခဲ့သည်။


          သို့သော် စုံစမ်းကြည့်ဦးမှ ဖြစ်မည်။


          သပ်ရပ်သော ခြံဝင်းအတွင်းမှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေသော တိုက်ကြီးက စိတ်ကို ရွံ့စေသည်မှာတော့ အမှန်ပင်။ ထိုစဉ် လူရိပ်လူခြည်မြင်ရ၍ အားတက်သွားသည်။ ခြံဝင်း  တံခါးဝဆီသို့ လျှောက်လာနေသူသည် အမွန်များ ဖြစ်လေမလား။


          အနားရောက်တော့မှ အသားဖြူဖြူ မျက်နှာတစ်ခုကို မြင်လိုက်ရ၍ လုံးဝလွဲချော်နေပြီ ဆိုတာ သိလိုက်ရ၏။


          “ဒါ ဦးအောင်မှီရဲ့ အိမ်လားရှင်၊ သူ့သမီးက မလဲ့လဲ့မွန် ကျောင်းဆရာမ လုပ်တယ်”


          အမျိုးသမီးသည် ကျွန်မကို ခပ်ကြောင်ကြောင် ကြည့်နေသည်။ ခြံတံခါးကို မဖွင့်ပေ။


          “မဟုတ်ဘူး၊ မရှိဘူး”


          “အရင်ကတော့ ဒီနေရာမှာ နေလို့ပါ၊ သူတို့ဘယ်နေရာများ ပြောင်းသွားကြလဲ မသိဘူး”


          အမွန်တို့ အိမ်ရောင်းပြီး ပြောင်းသွားကြလေသလား။ သို့သော် ကျွန်မမေးခွန်းသည် ပို၍ပင် အူကြောင်ကြောင်နိုင်လှသည်ကို ချက်ချင်း သိလိုက်ပါသည်။


          “၀တို့ ဒီမှာ နေတာကြာပြီ”


          ဆက်မေးလျှင်လည်း ပို၍ ကြောင်နေမည်မို့ အသာလှည့်ထွက်ခဲ့သည်။ သည်လမ်းနှင့် သည်နေရာကတော့ အမှန်ပါပဲ။ သို့သော် ပတ်ဝန်းကျင်ကို ငဲ့စောင်းကြည့်လိုက်တော့ ပိုပြီး ပြတ်သားစွာ မြင်ရသည်။ အားလုံးသည် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီ။ ယခင်က တဲအချို့၊ သွပ်မိုးပျဉ်ထောင်အိမ် တချို့သာ ရှိခဲ့သော နေရာများတွင် ခေတ်မီသေသပ်သော တိုက်ကြီး များကား နေရာယူထားသည်။ ပြောင်းလဲမှုသည် ကွာခြားလွန်းလှသည်။ ပိပိရိရိလည်း ရှိလှသည်။


          “ကလေးမ ရှာတဲ့အိမ်က ဒီနေရာ ဟုတ်ရဲ့လား”


          မြင်းလှည်းသမားကြီးက ယောင်ချာချာဖြစ်နေသော ကျွန်မကို မသင်္ကာစွာမေးသည်။


          “ဟုတ်ပါတယ်ရှင်၊ သူတို့ ပြောင်းသွားကြလို့ပါ”


          ဟန်ကိုယ့်ဖို့လုပ်ကာ ပြောလိုက်ရ၏။


          “ခဏနော် ဦးလေး၊ ကျွန်မဘေးအိမ်ကို မေးကြည့်ပါရစေဦး”


          ယခင်က အမွန်တို့အိမ်နှင့် တစ်အိမ်ကျော်တွင် အမွန့်သူငယ်ချင်းမတစ်ယောက် ရှိသည် ကို သတိရသည်။ ဆက်ပြီး စူးစမ်းချင်သေးသဖြင့် တစ်အိမ်ကျော်ကို လှမ်းကြည့်မိသည်။ ထိုအိမ်သည်လည်း ယခင်အိမ်မျိုး မဟုတ်တော့။ အိမ်ရှေ့သွားရပ်ကြည့်တော့ လူကြီး တစ်ယောက် အိမ်ရှေ့မှာ ရပ်နေသည်ကို တွေ့ရသည်။ ကျွန်မကို မြင်သွားပြီး စူးစမ်းကူညီ လိုဟန်ဖြင့် လျှောက်လာသည်။


          “ဘယ်သူ့အိမ်ကို ရှာတာလဲ”


          မဟုတ်မှန်းတော့ သိသာသည်။ ၀၀၊ အသား ၀ါဝါ၊ ဘောင်းဘီရှည် ၀တ်ထားသော ထိုလူကြီးသည် အမွန့်သူငယ်ချင်းတို့ မိသားစုကို ကြားတောင်ကြားဖူးလိမ့်မည် မဟုတ်ပါ။


          “ကျွန်မ အသိအိမ်တစ်အိမ် ရှာတာ၊ ဦးအောင်မှီ၊ သူ့သမီးက ကျောင်းဆရာမ လဲ့လဲ့မွန်တဲ့”


          ဘာမျှမပြောဘဲ လှည့်ထွက်ခဲ့ရာ မကောင်းသဖြင့် ပြောမိပြောရာ ပြောလိုက်ရခြင်း ဖြစ်၏။ နားမလည်ဟန်ဖြင့် ဇဝေဇ၀ါ ဖြစ်နေရှာသော ထိုလူကြီးကို ကျောခိုင်းကာ ကျွန်မ ထွက်လာခဲ့ပါသည်။

          “ကဲ မန္တလေးဟိုတယ်ကိုသာ မောင်းပေတော့ ဦးလေးရေ”


          ညီမ၀မ်းကွဲတစ်ယောက် မန္တလေးဟိုတယ်မှာ လုပ်နေသည်ဟု သိထားရသည်။ သူ့ကို ဟိုတယ်မှာ မတွေ့လျှင် အိမ်ကို လိုက်သွားနိုင်သည်။ အမှောင်အောက်မှာ မြို့၏ အရှိန်အ၀ါ သည် ခံ့ခံ့ထည်ထည်ပင် ရှိနေသည်။ ကျွန်မရင်ထဲမှာ မတင်မကျဖြင့် ငေးမောဖြတ်သန်း လာရသည်။


          “ဟေး တင့်တင့်”


          တွေ့လိုသူကို အဆင်သင့်တွေ့ရသဖြင့် ရင်ထဲမှာ ပေါ့ပါးသည်။


          “မိဆွေ တစ်ယောက်တည်း ဘယ်လိုဖြစ်လာတာလဲ”


          “နောက်မှမေး တင့်တင့်၊ ကိုယ် ဒီမှာတည်းလို့ရမလား”


          “အမျိုးသမီး တစ်ယောက်တည်း တည်းလို့မရဘူး၊ တို့ဆယ်နာရီ အိမ်ပြန်ရမယ်၊ ဘာဖြစ်လာသလဲ ပြောစမ်းပါဦး”


          “နောက်မှပြောမယ်ကွာ၊ ဖုန်းဆက်လို့ မရဘူးလား”


          “ဘယ်ကိုလဲ”


          “ရန်ကုန်ကိုလေ”


          ကျွန်မ အိမ်ကထွက်လာသည့် ကိစ္စကတော့ ပြေလည်သွားပြီး ဖြစ်ပါသည်။ မန္တလေးမြို့ တွင် ခေတ္တခဏလည်ပတ်ဖို့နှင့် အမွန်နှင့် တွေ့ဖို့ကိစ္စသာ ကျန်ပါတော့သည်။


          “မိဆွေ တယ်သတ္တိကောင်းတာပဲ၊ ကျောင်းနေတုန်းက တစ်ခေါက်ရောက်ဖူးတဲ့ နေရာ ကိုများ စွန့်စားပြီး သွားရှာရတယ်လို့”


          “ဒါလောက်တော့ ပြောင်းလဲသွားမယ် မထင်လို့ပေါ့ကွာ၊ သူတို့နေရာက မီးဘေးလဲ လွတ်တယ်၊ မေးရင်ရမှာပဲ ထင်တယ်၊ ဒါပေမယ့် ကိုယ်မေးတာလဲ ကောင်းကောင်း နားလည်ကြပုံ မရတာနဲ့ ပြန်ပြေးခဲ့ရတယ်”


          တင့်တင့်သည် အမွန့်ကိုယ်စား ကျွန်မကို အလည်အပတ် လျှောက်ပြပါသည်။ ယခင်က တစ်ခေါက်လို ဘုရားကြီး၊ ဈေးချို၊ တောင်ပေါ်၊ စစ်ကိုင်း စသည်ဖြင့်။


          မန္တလေးမြို့ကား ယခင်ကလိုပင် ပြန်လည်စည်ကားစ၊ သိုက်မြိုက်စ ပြုနေပြီ။ လူတွေ လည်း ပျားပန်းခန်မျှ သွားလာလှုပ်ရှားနေကြသည်။ မျက်နှာစိမ်းများ ရောနှောနေသည်။ အိမ်များကလည်း အခိုင်သား အခံ့သား၊ ကားများမှာလည်း အကောင်းစား အပျံစား။ စားသောက်ဆိုင်ကြီးများကလည်း အပြိုင်အဆိုင်ဟည်းလို့။ တည်းခိုခန်းများ ဆိုသည်ကား မတွေ့ချင်မှအဆုံး ရှိလေ၏။ အရာရာသည် ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ရှုပ်ထွေး ရောယှက်နေ၏။ များမကြာမီ မီးလောင်ပြင်နေရာများတွင် တိုက်တာအဆောက်အအုံများ နေရာယူလာကြတော့မည်။


+       +       +


ကျွန်မသူငယ်ချင်း အမွန်တို့မိသားစု ရွှေမြို့တော်ကြီး၏ မည်သည့်နေရာတွင်များ တိမ်မြုပ် ပျောက်ကွယ်နေရှာပါလိမ့်။


-----------


မိုးမိုး ( အင်းလျား)


(သဘင်မဂ္ဂဇင်း ။       ။ ဒီဇင်ဘာ ၊ ၁၉၈၄)


by SarPayLawKa (စာပေလောက) on Friday, October 12, 2012 at 9:09am ·


[ လူဗိုလ်ဟူသည်ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]